မုန်တိုင်းမလာခင် လေပြင်းများ
Vol. 9 Ch. 90
ထို့ကြောင့် ဒုတိယမင်းသားက လန်ဖေးအပေါ် စိတ်ပျက်မိသလို မျှော်လင့်ချက်များလည်း ရှိနေလေသည်။
သူက ရှေ့သို့ တိုးသွားသော်လည်း မျက်နှာပေါ်တွင်မူ ဘာခံစားချက်မျှ မရှိချေ။
လန်ဖေးက သူ၏ သည်လိုပုံစံကို မြင်နေကျ ဖြစ်သဖြင့် စိတ်ထဲတွင် သဘောမကျသော်လည်း အရှင်မင်းကြီး၏ ရှေ့တွင်တော့ ဟန်ဆောင်ပြရမည်သာ။
သူမက လက်လှမ်း၍ သူ၏ နဖူးကို စမ်းလိုက်ပြီးနောက် သူမ၏ နဖူးနှင့် ထပ်မံ ထိကပ်ကြည့်လိုက်လေသည်။
"တော်သေးတာပေါ့ အဖျားတော့ မရှိဘူး…သားတော်ရဲ့ ခန္ဓာကိုယ်က အပူဒဏ်ကို အကြောက်ဆုံးလေ အပြင်မှာ နေဒီလောက် ပူတာကို သားတော်က ခိုးထွက်သွားသေးတယ်… ချိုက်မားမားက သားတော် ပျောက်သွားတယ်လို့ ကြားတော့ စိုးရိမ်တကြီးနဲ့ မိခင်ဆီ လူလွှတ်ပြီး ရှာခိုင်းရတဲ့အထိပဲ"
ထို့နောက် အရှင်မင်းကြီးအား အနည်းငယ် အားနာသည့် လေသံဖြင့် လျှောက်တင်လိုက်လေသည်။
"အရှင်မင်းကြီး ချိုက်မားမားက ဒုတိယမင်းသားကို ငယ်ငယ်ကတည်းက ပြုစုလာခဲ့တဲ့ အစေခံဟောင်းပါ…ဒုတိယမင်းသား ခိုးထွက်သွားတော့ သူက ဘယ်သူ့ထက်မဆို ပိုပြီး စိုးရိမ်နေတာပါ… သုန်ကုန်းကုန်းဆီ သတင်းမပို့ရတာက အရှင်မင်းကြီး တိုင်းပြည်အရေး ဆောင်ရွက်နေတာကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ"
"ကျွန်တော်မျိုးမ သိသိချင်း ချက်ချင်းပဲ လူတွေလွှတ်ပြီး နေရာအနှံ့ ရှာခိုင်းလိုက်တာပါ"
ချိုက်မားမားမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလာတော့သည်။ လန်ဖေး၏ ထိုစကားက သူမကို သေတွင်းမှ ဆွဲထုတ်လိုက်သကဲ့သို့ပင်။
"ဟုတ်ပါတယ်… ဟုတ်ပါတယ်…လန်ဖေးမယ်မယ် ပြောတာ မှန်ပါတယ်…ဒီအစေခံက မယ်မယ့်ဘေးမှာ အချိန်အကြာကြီး အမှုထမ်းခဲ့တာဆိုတော့ ပြဿနာတစ်ခုခု ဖြစ်တာနဲ့ မယ်မယ့်ကိုပဲ ချက်ချင်း သတိရလိုက်မိလို့ပါ… အရှင်မင်းကြီး ဒီကိစ္စအတွက် ဒေါသထွက်တော်မမူပါနဲ့ ဒီအစေခံ နောက်တစ်ခါ အဲဒီလို မလုပ်ရဲတော့ပါဘူး"
ထိုနှစ်ယောက်သား၏ ဟန်ဆောင်မှုကို ကြည့်ရင်း ဒုတိယမင်းသား၏ ရင်ထဲတွင် လန်ဖေးအပေါ် ထားရှိခဲ့သော တစ်ခုတည်းသော မျှော်လင့်ချက်လေးပင် အမြစ်ပါမကျန် နုတ်ပစ်ခံလိုက်ရသလို ဖြစ်သွားတော့သည်။
သူက ခါးသီးစွာ ပြုံးလိုက်လေသည်။
ယခု လက်ရှိ သူ့ကိုယ်သူလည်း အလွန် အထင်သေးသွားမိသည်။
စိတ်ထဲတွင်လည်း ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် မေးခွန်းထုတ်နေမိသည်။ ဘာတွေများ မျှော်လင့်စရာ ရှိသေးလို့လဲ။ ဒီရလဒ်ကို အစကတည်းက သိထားပြီးသား မဟုတ်ဘူးလား။
ထို့နောက် ခေါင်းငုံ့ထားလိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ချေ။
သူ့စိတ်ထဲတွင်တော့ ခမည်းတော်က တာဝန်မဲ့သည့် အစေခံအိုကြီး တစ်ယောက်ကို အပြစ်ပေးလိမ့်မည်ဖြစ်သော်လည်း ကိုယ်ဝန်ရှိနေသူတစ်ယောက်ရှေ့တွင်လည်း အင်အားရှိသော ကိုယ်လုပ်တော် တစ်ပါးကိုတော့ ထိခိုက်အောင် လုပ်မည် မဟုတ်ဟု ထင်နေမိသည်။
ထို့ကြောင့် ကြက်ဥနှင့် ကျောက်ခဲကို ပေါက်သလို သေချာပေါက် ရှုံးနိမ့်မှာ အသေအချာပင်။
ဒါကြောင့် ဒီတိုင်းပဲ နှုတ်ဆိတ်နေလိုက်တော့သည်။
အရှင်မင်းကြီးက လန်ဖေးကို တစ်ချက် ကြည့်လိုက်ပြီး ထိုအကြည့်ထဲတွင် လန်ဖေး တစ်ခါမျှ မမြင်ဖူးသော စိတ်ပျက်မှုများ ပါဝင်နေလေသည်။
ထိုအကြည့်တစ်ချက်က လန်ဖေးကို ချက်ချင်း လန့်သွားစေသည်။
ငါ ဘာများ မှားပြောမိလို့လဲ...။
သူမ စိတ်ထဲတွင် အနည်းငယ် ပြာယာခတ်သွားသော်လည်း မျက်နှာပေါ်တွင်မူ ဘာမှမဖြစ်သလို ဟန်ဆောင်ထားရသည်။ သို့သော် ဘာစကားမှတော့ ဆက်မပြောရဲတော့ပေ။
တစ်ခဏချင်းမှာပင် အခန်းတစ်ခုလုံး လန်ဖေး မရောက်လာခင်ကလို တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
သို့သော် အပြင်ဘက်တွင် စောင့်နေသော ချိုးမင်ကတော့ မုန်တိုင်းမလာခင် လေပြင်းများ တိုက်ခတ်တော့မည့် အန္တရာယ်ကို ခံစားနေရလေသည်။
သူထင်ထားသည့်အတိုင်းပင် သိပ်မကြာခင်မှာပဲ သုန်ယွီကျုံးက တော်ဝင်သမားတော် နှစ်ဦးကို ခေါ်ပြီး မျက်နှာထား တင်းတင်းဖြင့် ပြန်ရောက်လာလေသည်။
လန်ဖေးကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သွားဟန်အနည်းငယ်ပေါ်သွားသော်လည်း ချက်ချင်း ပြန်လည် တည်ငြိမ်သွားလေသည်။
"ဒီအစေခံ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်…လန်ဖေးမယ်မယ့်ကို ဂါရဝပြုပါတယ်…"
"သုန်ကုန်းကုန်း အားနာစရာတွေ လုပ်နေပြန်ပါပြီ"
လန်ဖေးက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး သဘောကောင်းသည့် အမူအရာမျိုး ရှိသဖြင့် သည်လိုဖော်ရွတာကို မည်သူကမျှ အပြစ်မဆိုကြပေ။
ဂါရဝပြုပြီးနောက် သုန်ယွီကျုံးက တည့်တိုးပင် လျှောက်တင်လိုက်လေသည်။
"အရှင်မင်းကြီး ဒီအစေခံ တော်ဝင်သမားတော် နှစ်ဦးကို ခေါ်ပြီး ဒုတိယမင်းသားရဲ့ ခြံဝင်းနဲ့ ချိုက်မားမားတို့ နေတဲ့ အခန်းတွေကို သေချာ ရှာဖွေခဲ့ပြီး ပစ္စည်းတော်တော်များများ တွေ့ခဲ့ပါတယ်"
သူကပြောရင်းနှင့် ပစ္စည်းများကို ယူလာခိုင်းလိုက်လေသည်။
နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်းမြစ်၊ ပုလဲလုံးကြီးကြီးများ၊ လက်မောင်းအရွယ်အစားရှိ ကျောက်စိမ်းတောင်တန်း ရုပ်တု စသည်ဖြင့် ပစ္စည်း အရေအတွက် မများသော်လည်း တစ်ခုချင်းစီတိုင်းက အလွန် တန်ဖိုးကြီးလှပေသည်။
ထိုပစ္စည်းများကို မြင်သည်နှင့် ချိုက်မားမား ချက်ချင်း အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ ယခုေတာ့ သူ့မှာပါးစပ် ဆယ့်ရှစ်ပေါက် ရှိလျှင်တောင် ရှင်းပြနိုင်တော့မည် မဟုတ်ချေ။
လန်ဖေး၏ မျက်လုံးထဲတွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
အကောင်းတိုင်းရှိတဲ့ ရုပ်သေးရုပ်တစ်ရုပ် ဒီလိုနဲ့ပဲ ပျောက်ကွယ်သွားရတော့မှာလား...။
သုန်ယွီကျုံးက မျက်နှာသေဖြင့် ဆက်ပြောလိုက်လေသည်။
"ဒီပစ္စည်းတွေ အားလုံးက ချိုက်မားမားရဲ့ သေတ္တာထဲကနေ ရှာတွေ့ခဲ့တာပါ…ဒုတိယမင်းသားရဲ့ အိပ်ခန်းထဲမှာ သုံးထားတဲ့ ပစ္စည်းတွေ အားလုံးကတော့ သာမန် ပစ္စည်းတွေချည်းပါပဲ"
ထို့နောက် ကြမ်းပြင်ပေါ်ရှိ ချိုက်မားမားကို တစ်ချက် ကြည့်လိုက်ပြီး သူကိုယ်တိုင်ပင် အနည်းငယ် လွန်လွန်းသည်ဟု ထင်လိုက်မိသည်။
"အရှင်မင်းကြီး ဒုတိယမင်းသားရဲ့ အိပ်ခန်းထဲမှာ ရေတစ်ခွက်တောင် မတွေ့ခဲ့ရပါဘူး"
ဤစကားကို ကြားသည်နှင့် လူတိုင်းက ချိုက်မားမားမှာ တာဝန်ပျက်ကွက်မှုနှင့် ကိုယ့်သခင်၏ပစ္စည်းကို ပြန်ခိုးသည့် ပြစ်မှုများမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ကြသည်။
သာမန် အစေခံ တစ်ယောက်က ဒီလောက်တောင် အတင့်ရဲနေတာ နောက်ကွယ်မှာ မြှောက်ပင့်ပေးနေတဲ့ လူကြီးတစ်ယောက်များ ရှိနေမလား...။
ဤအကြောင်းကို တွေးမိသည်နှင့် လန်ဖေးလည်း သူမ၏ ဖောင်းကားနေသော ဗိုက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း ဒူးထောက်ချလိုက်လေသည်။
သူမက မက်မွန်ပန်းလေး မိုးစိုသလို ငိုယိုရင်း လျှောက်တင်လိုက်လေသည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးမမှာ အပြစ်ရှိပါတယ်… ချိုက်မားမားက ပုံမှန်ဆိုရင် ဒုတိယမင်းသားကို အရမ်း ဂရုတစိုက် ပြုစုတတ်တာပါ… အခုလို ဖြစ်သွားလိမ့်မယ်လို့... ဒါ ကျွန်တော်မျိုးမရဲ့ ပေါ့ဆမှုကြောင့် ဒုတိယမင်းသား ဒုက္ခရောက်ရတာပါ… အရှင်မင်းကြီး အပြစ်ပေးတော်မူပါ"
သူမက တာဝန်ကို ရှောင်လွှဲလိုက်တာ မဟုတ်သော်လည်း သည်လို ပြောလိုက်ခြင်းမှာ သူမ အသက်ရှင်ဖို့ လက်တစ်ဖက်ဖြတ်လိုက်သည်နှင့် အတူတူပင်။
ချိုက်မားမား ပါးစပ်ဟလိုက်သော်လည်း နန်းတော်အပြင်ဘက်တွင် လန်ဖေး မိသားစုကို မှီခိုနေရသော သူမ၏ မိသားစုဝင်များကို သတိရသွားသည်။
သူမ သေသွားရင်တောင် သည်ပြစ်မှုကို သူမ တစ်ယောက်တည်း ခံယူရမည်သာ။
ထို့ကြောင့် သူမက လန်ဖေးကို ဦးညွှတ်ပြီး အပြစ်ဝန်ခံသည့် လေသံဖြင့် ပြောလိုက်လေသည်။
"မယ်မယ် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့… ဒါတွေ အားလုံးက ဒီအစေခံ လောဘတက်ပြီး ဒုတိယမင်းသားအတွက် ပေးထားတဲ့ ဆုလာဘ်တွေကို ခိုးချင်စိတ် ပေါ်လာလို့ပါ…ဒီအစေခံရဲ့ အပြစ်တွေပါပဲ ဒီအစေခံ တစ်ယောက်တည်း တာဝန်ယူပါ့မယ်"
ထို့နောက် အရှင်မင်းကြီးဘက်သို့ လှည့်ကာ ဆက်တောင်းပန်လိုက်လေသည်။
"ဒီအစေခံ အမှားကြီး မှားမိသွားပါတယ်… အရှင်မင်းကြီးနဲ့ ဒုတိယမင်းသားရဲ့ ခွင့်လွှတ်မှုကို မမျှော်လင့်ရဲပါဘူး ဒါပေမဲ့ အိမ်က မိသားစုဝင်တွေက ဒီကိစ္စကို ဘာမှ မသိကြပါဘူး… ဒီအစေခံ အသေခံပြီး အပြစ်ကြေစေပါ့မယ် အရှင်မင်းကြီး အနေနဲ့ မိသားစုဝင်တွေကိုတော့ အပြစ်မပေးဖို့ တောင်းဆိုပါတယ်"
သူမက ပြောပြီးသည်နှင့် လန်ဖေးကို အဓိပ္ပါယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်လေသည်။
ထိုအကြည့်ထဲတွင် သားသမီးများကို အပ်နှံခဲ့သည့် အဓိပ္ပါယ် အပြည့်အဝ ပါဝင်နေလေသည်။
လန်ဖေးက သံသယအဝင်မခံရဖို့ မမြင်ချင်ယောင်သာ ဆောင်နေလိုက်သည်။
သို့သော် သူမဘေးရှိ ကျွေ့ယွင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ချိုက်မားမားလည်း ၎င်းကိုမြင်မှသာ စိတ်အေးသွားတော့သည်။
သူမက သူမ၏ ခေါင်းပေါ်မှ ဆံထိုးကို ဆွဲထုတ်ပြီး အံကြိတ်ကာ ကိုယ့်ရင်ဘတ်ကိုကိုယ် စိုက်ချလိုက်တော့သည်။
အခန်းထဲရှိ လူများ အားလုံး သူမ ဤမျှလောက် ပြတ်ပြတ်သားသား သေသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။
အားလုံး လန့်ဖြတ်သွားကြလေသည်။
အထူးသဖြင့် အသက်ငယ်သေးသော ဒုတိယမင်းသားမှာ နေရာတွင်ပင် ကြက်သေ သေသွားတော့သည်။
သူ ချိုက်မားမားကို အလွန် မုန်းတီးပြီး သူမကို သေစေချင်ခဲ့သည်မှာ မှန်သော်လည်း ဤသို့ မျက်စိရှေ့တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့် မြင်ကွင်းက ဒုတိယမင်းသား၏ နုနယ်သော စိတ်နှလုံးထဲတွင် ကြီးမားသော ဒဏ်ရာတစ်ခု ဖြစ်သွားစေခဲ့သည်။
သူက ရုတ်တရက် တက်လာပြီး ချက်ချင်း သတိလစ်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် အရှင်မင်းကြီးက သူနှင့် သိပ်မဝေးသော နေရာတွင် ရှိနေသဖြင့် သူ ကြမ်းပြင်ပေါ်သို့ လဲမကျခင်လေးမှာပင် သူ၏ ခေါင်းကို ဖမ်းထိန်းထားနိုင်ခဲ့သည်။ မဟုတ်လျှင် ကြမ်းပြင်အပေါ်ခပ်ပြင်းပြင်းကျသွားပြီး အခြေအနေ ပိုဆိုးသွားနိုင်၏။
လန်ဖေးလည်း ထိုမြင်ကွင်းကို မြင်သောအခါ လန့်သွားဟန် ဆောင်လိုက်ပြီး ဗိုက်ကို ကိုင်ပြီး နာကျင်ကြောင်း အော်ဟစ်နေတော့သည်။
ချက်ချင်းပင် ချီချင်းဆောင် တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။ ကံကောင်းသည်မှာ တော်ဝင်သမားတော်များ အသင့် ရှိနေသဖြင့် ချက်ချင်း ကုသပေးနိုင်ခဲ့သည်။
လန်ဖေးမှာ ကိုယ်ဝန်ရှိနေသဖြင့် ယခုအချိန်တွင် အိပ်ရာပေါ်၌ လှဲလျောင်းနေ၍ မဖြစ်ပေ။ ထို့ကြောင့် သုန်ယွီကျုံးက ကျွေ့ယွင်နှင့် ကျွေ့ယွဲ့တို့ကို ကူညီတွဲပေးစေပြီး သူမကို လက်ဝဲခန်းသို့ အရင် ခေါ်သွားခိုင်းလိုက်သည်။
တော်ဝင်သမားတော်ချန် လည်း အခြေအနေကို စစ်ဆေးရန် အနောက်မှ လိုက်သွားလေသည်။
သူမက ကိုယ်ဝန် ရှစ်လ ရှိနေပြီဖြစ်ရာ အကယ်၍ ဒီကိစ္စကြောင့် လမစေ့ဘဲ မီးတွင်းဝင်သွားမည်ဆိုလျှင် အလွန် အန္တရာယ်များလှပေသည်။ ထို့ကြောင့် မည်သူမျှ အချိန်မဆွဲရဲကြချေ။
တစ်ဖက်တွင် အရှင်မင်းကြီးက ဒုတိယမင်းသားကို ပွေ့ချီလိုက်ပြီး ပြတင်းပေါက်အနီးရှိ ကုတင်ပေါ်တွင် ချထားပေးလိုက်ပြီး တော်ဝင်သမားတော်သို့ ကို ချက်ချင်း ခေါ်လိုက်လေသည်။
အလွန် စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
"ဒုတိယမင်းသား ဘယ်လိုနေသေးလဲ"
တော်ဝင်သမားတော်သို့ က စကားမပြောသေးဘဲ အသက်ရှူမှန်မှန်ထားကာ သွေးခုန်နှုန်းကို စမ်းသပ်နေလေသည်။
၎င်းကို မြင်သောအခါ အရှင်မင်းကြီးလည်း ပါးစပ် ပိတ်ထားလိုက်သည်။
ကြမ်းပြင်ပေါ်တွင် သွေးများ အိုင်ထွန်းနေသော ချိုက်မားမားကို ကြည့်ရင်း သူ့မျက်လုံးထဲရှိ ရွံရှာမုန်းတီးမှုများက ပို၍ ထင်ရှားလာတော့သည်။
"ကြောင်ကြည့်မနေကြနဲ့လေ သူ့အလောင်းကို အပြင်ဆွဲထုတ်ပြီး ခွေးကျွေးလိုက်… တကယ်လို့ ဒုတိယမင်းသားသာ တစ်ခုခု ဖြစ်သွားရင် သူ့မိသားစု တစ်ခုလုံးကို အသေခံခိုင်းမယ်…"
"ဟုတ်ကဲ့ပါ"
အရှင်မင်းကြီး အလွန်အမင်း ဒေါသထွက်နေသဖြင့် မည်သူမျှ အနားသို့ မကပ်ရဲကြပေ။ သူတို့ပါရောပြီး အပြစ်ပေးခံရမည်ကို စိုးရိမ်နေကြသည်။
ဘေးတွင် စမ်းသပ်နေသော တော်ဝင်သမားတော်သို့ လည်း မျက်မှောင်ကြုတ်သွားလေသည်။ ထို့နောက် အရှင်မင်းကြီးအား လျှောက်တင်လိုက်လေသည်။
"အရှင်မင်းကြီး ဒုတိယမင်းသား သတိလစ်သွားတာက ရုတ်တရက် ဒေါသထွက်သွားလို့ ဖြစ်တာပါ…ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ကျွန်တော်မျိုး အပ်စိုက်ကုသလိုက်ရင် သက်သာသွားပါလိမ့်မယ် ဒါပေမဲ့..."