← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

Chapter 676 မိုးကောင်းကင်မျက်လုံး

“ကျွန်တော်တို့ သခင်ကြီး ပြန်လာတာကို ဂုဏ်ပြုပါတယ်”

ထိုနှုတ်ဆက်သံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသဖြင့် လူတိုင်း နားအူသွားကြလေသည်။ မိမိတို့၏ မျက်စိရှေ့မှ မြင်ကွင်းသည် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်။

ထောင်သောင်းချီသော လူအများ ဂါဝရပြုနေသည့်မြင်ကွင်းက တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ကြက်သီးထဖွယ် ကောင်းလှသည်။

ထိုနှုတ်ဆက်သံ ပဲ့တင်ထပ်လာသည်နှင့် စစ်နတ်ဘုရား အိမ်တော်ပတ်လည်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။

အစောင့်များအားလုံးသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ချမ်းစိမ့်ကာ တုန်ယင်သွားကြသည်။ သူတို့၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာပြီး မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်လာသည်။

“သ … သခင်ကြီးတဲ့လား၊ သူ … သူက အရှင် စစ်နတ်ဘုရားပေါ့”

ဤသို့တွေးလိုက်မိပြီးနောက် အဘယ်ကြောင့် ဒါဇင်နှင့်ချီသော အစောင့်များက ယဲ့ဖန်အနားသို့ မကပ်နိုင်ခင် အော်သံကြောင့် လွင့်ထွက်ပြီး အပြင်းအထန် ဒဏ်ရာရသွားရသလဲဆိုသည်ကို အားလုံး နားလည်သွား ကြလေသည်။

*လတ်စသက်တော့ သူ ဖြစ်နေတာကိုး*

ထို့နောက် ဒါဇင်ကျော်သော အစောင့်များသည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ အလန့်တကြားဖြင့် မြေကြီးပေါ် ဒူးထောက်ဝပ်တွား၍ ချွေးပြန်နေကြသည်။ တစ်ဖက်တွင်မူ မိန်းမချောလေးများသည် အလွန် မှင်တက် အံ့အားသင့်နေကြသည်။

“အရှင် စစ်နတ်ဘုရား၊ သူ … သူက အရှင် စစ်နတ်ဘုရား ဖြစ်နေတာပေါ့”

သူမတို့၏ မျက်နှာများသည် စက္ကူစကဲ့သို့ ဖြူရော်သွားလေသည်။ ယခုအချိန်၌ သူမတို့သည် ကတုန်ကယင်ဖြင့် ချက်ချင်း ဒူးထောက်ချလိုက်သည်။ သူမတို့စိတ်ထဲတွင် လီဖန်းအား အလွန် ရွံရှာမိသလို သနားလည်း သနားမိနေသည်။ လူအများ၏အမြင်တွင် လီဖန်း၏ လိမ်လည်ထားသော စကားများက ဘူးပေါ်သလို ပေါ်နေပြီ ဖြစ်သည်။

ယခုအချိန်၌ လီဖန်းသည် အားအင်များ ကုန်ခမ်းသွားသကဲ့သို့ မြေကြီးပေါ် ဖင်ထိုင်ရက် လဲကျသွားသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဘာလို့ ဒီလောက် တိုက်ဆိုင်ရတာလဲ”

သူ အံ့အားသင့်နေသလို မယုံသင်္ကာလည်း ဖြစ်နေ၏။ ထိုစဉ် ဘေးပတ်လည်မှ အစောင့်များအားလုံးနှင့် ဖြတ်သွားဖြတ်လာများက မြေကြီးပေါ် ဒူးထောက်၍ ဝမ်းသာအားရ ဟစ်ကြွေးလာသည်။

“ပြိုင်ဘက်ကင်း စစ်နတ်ဘုရား”

“ပြိုင်ဘက်ကင်း စစ်နတ်ဘုရား”

“…”

ထိုကြွေးကြော်သံများသည် လျှပ်စီးကဲ့သို့ လီဖန်း၏ရင်ကို ထိမှန်သွားကာ ကြက်သီးထ၍ သေမတတ် ကြောက်ရွံ့လာသည်။

ထိုစဉ် ဆည်းလည်းသံကဲ့သို့ ကြည်လင်အေးမြသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ယဲ့ဖန်”

ထိုအသံနှင့်အတူ ကောင်းကင်မှနေ၍ လူသုံးယောက် ဆင်းလာသည်။ ထိုသူများသည် လင်းလန်၊ အန်းရှီနှင့် ပိုင်ယီတို့ပင်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိန်းမပျိုလေးသုံးယောက်တို့သည် ယဲ့ဖန်နားသို့ ရောက်ရှိလာကြသည်။

သူ၏ ဆံပင်အဖြူနှင့် နဖူးမှ အက်ရာတို့ကို ကြည့်ပြီး မိန်းမပျိုလေး သုံးယောက်တို့သည် စိတ်ထဲ၌ ဝမ်းနည်းကြေကွဲလာပြီး မျက်ရည်များက ဆည်ကျိုးသကဲ့သို့ စီးကျလာသည်။

“ယဲ့ဖန်၊ ရှင် … ရှင့်ဆီမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ”

လင်းလန်၏ ကျောက်စိမ်းကဲ့သို့ ဝင်းပသည့် လက်လေးများက တုန်ယင်နေသည်။ သူမသည် ယဲ့ဖန်၏ ဆံပင်အဖြူကို ကိုင်ကြည့်ပြီး သူမနှလုံးသားအား ဓားဖြင့်မွှန်းလိုက်သကဲ့သို့ ခံစားလိုက်မိသည်။

ဤအမျိုးသား ဘာမျှမပြောလျင်တောင်မှ ယဲ့ဖန်တစ်ယောက် သေရေးရှင်ရေး အခြေအနေ တစ်ခုပြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း သူမ သိနိုင်ပါသည်။

ဤသို့တွေးမိပြီးနောက် မြင့်မြတ်သော ဧကရီလင်းလန်သည် မနေနိုင်တော့ဘဲ ယဲ့ဖန်ကိုဖက်၍ ငိုလေတော့သည်။

“ကိစ္စမရှိပါဘူး”

ယဲ့ဖန်က ခပ်ဖွဖွပြုံး၍ လင်းလန်၏ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ ထိုသို့ပြုမူပြီးနောက် ယဲ့ဖန်က အလွန် အံ့အားသင့်နေသော လီဖန်းကို စူးစိုက်ကြည့်လိုက်သည်။

ထိုအကြည့်တစ်ချက်နှင့်တင် လီဖန်း လိပ်ပြာလွင့်မတတ် ကြောက်လန့်ကာ ကျင်ငယ်ရည်များ စီးကျသည်အထိ ဖြစ်လာရသည်။

သူသည် မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ရှေ့ ခေါင်းကိုငုံ့ကာ အသည်းအသန် တောင်းပန်လေတော့သည်။

“အရှင် စစ်နတ်ဘုရား၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ၊ ဒီငယ်သား အသုံးမကျခဲ့သလို အမြင်လည်း မရှိခဲ့ပါဘူး၊ ကျေးဇူးပြုပြီး … အရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ကြောက်လန့် သွေးပျက်နေလေ၏။ ယခုအချိန်၌ လီဖန်းသည် သူ့ကိုယ်သူ ပါးဖြတ်ရိုက်ချင်နေပြီး သူ့လုပ်ရပ်အတွက် နောင်တရ၍မဆုံး ဖြစ်နေသည်။

သူ ဤကဲ့သို့ ဟန်ဆောင်ပြောဆိုရာမှ လူမိသွားလိမ့်မည်ဟု ထင်မထားမိချေ။ ပိုဆိုးသည်မှာ ယခုအကြိမ်၌ ကိုယ့်သေတွင်း ကိုယ်တူးမိခြင်းပင်။

*ခွင့်လွှတ်ရမယ် ဟုတ်လား*

ယဲ့ဖန် ပြုံးလိုက်သည်။

“အစောင့်တစ်ယောက်အနေနဲ့ အဆင့်အတန်းကို အသုံးချပြီး လူတွေကို အနိုင်ကျင့်တယ်၊ မင်းက အမြင်လည်း ကျဉ်းသေးတယ်၊ မင်း ဘာတွေလုပ်နေခဲ့တာလဲ”

ထိုစကားက လီဖန်း၏မျက်နှာအား သေမတတ် ဖြူရော်သွားစေပြီး တစ်ကိုယ်လုံး တောင့်တင်း၍ ကြောက်လန့်သွားစေသည်။

“ကမ္ဘာမြေပေါ်က လူသားမျိုးနွယ် ဖြစ်နေတာမို့ မင်းကို ငါ မသတ်ဘူး။ ဒါပေမဲ့ မင်း ကမ္ဘာပေါ်ကနေ ထွက်သွားရမယ်၊ အခုချိန်ကစပြီး မင်း ကမ္ဘာဂြိုဟ်ပေါ်ကို ခြေတစ်လှမ်းတောင် ချခွင့်မရှိဘူး”

“မဟုတ်ရင် မင်း သေရမယ် …”

ထို “သေရမယ်” ဟူသော စကားက မိုးခြိမ်းသံကဲ့သို့ လီဖန်အား ထိတ်လန့်သွားစေပြီး သွေးအန်၍ အရိုးများ ကျိုးကြေသွားစေသည်။

သွေးအန်၍ နေရာမှာတင် အပြင်းအထန် ဒဏ်ရာရသွားသော်လည်း သူ့မျက်နှာ၌ အလွန် ဝမ်းသာနေဟန်များ ပေါ်လွင်နေ၏။

*အသက်ရှင်သေးတယ်*

*ငါ မသေသေးဘူး*

ဤသို့တွေးပြီး လီဖန်းသည် ခေါင်းငုံ့၍ ယဲ့ဖန်အား ကျေးဇူးတင်စကား ပြောလိုက်သည်။

“အသက်ချမ်းသာပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်”

ယခုအချိန်၌ လီဖန်းသည် သေမင်းခံတွင်းဝမှ ထွက်လာနိုင်သကဲ့သို့ ခံစားလိုက်မိသည်။ သို့သော် သူ မသိလိုက်သည်က သူသာ ကမ္ဘာမြေပေါ်က လူသားမျိုးနွယ် မဟုတ်ပါက အထူးသဖြင့် စစ်နတ်ဘုရား အိမ်တော်ကို စောင့်ကြပ်နေသည့် အစောင့် မဟုတ်ပါက ယဲ့ဖန် သူ့ကို သတ်ပစ်နိုင်သည် ဟူသည့်အချက်ပင်။

ယဲ့ဖန်၏ စိတ်ထဲတွင် ကမ္ဘာမြေပေါ်မှ လူသားများကို နတ်ဆိုးမျိုးနွယ်များနှင့် တစ်တန်းတည်းထား၍ သူ၏မိသားစုအဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် လီဖန်း၏ပြစ်မှုသည် အလွန် ကြီးလေးသော အပြစ် မဟုတ်ပေ။

ယခုအချိန်၌ လီဖန်းသည် ဆက်တိုက်ကျေးဇူးတင်စကားဆို၍ ဒဏ်ရာရနေသော လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ သူ၏ကိုယ်ကို မနည်းသယ်၍ အလျင်အမြန် ထွက်သွားလေသည်။

ဤမြင်ကွင်းအား ယဲ့ဖန် အရေးမစိုက်ပေ။ သူ့အမြင်တွင် လီဖန်းသည် အရေးမပါသော အရာတစ်ခုသာ ဖြစ်ပြီး ထို့ထက်မပိုချေ။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်း၍ နတ်ဆိုးများနှင့်အတူ စစ်နတ်ဘုရား အိမ်တော်ထဲသို့ ဝင်သွားလိုက်သည်။

….

ယဲ့ဖန် ပြန်ရောက်လာသည့်သတင်းက ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ တစ်ကမ္ဘာလုံး ဝမ်းသာ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားပြီး သိုင်းပညာရှင်များက သုံးရက်သုံးညတိတိ ခရီးထွက်လာပြီး ယဲ့ဖန်နှင့် တွေ့ဆုံကာ စားသောက်ပွဲ ကျင်းပကြလေသည်။

လူတိုင်း စားသောက်၍ ပွဲလမ်းသဘင် ကျင်းပနေချိန်တွင် ယဲ့ဖန်က တောင်တစ်ခုပေါ်သို့ တိတ်ဆိတ်စွာ ထွက်သွားသည်။

“ကောင်လေးယဲ့၊ မင်း တကယ် ဆုံးဖြတ်ပြီးပြီလား”

ယခုအချိန်၌ ခေါင်းပြောင်ငှက်သည် ထည်ဝါနေပြီး ယဲ့ဖန်၏နဖူးမှ အက်ရာကိုကြည့်ပြီး စိုးရိမ်နေသော မျက်နှာဖြင့် မေးလာသည်။

“ကောင်းကင်မျက်လုံးက ဒဏ္ဍာရီလာ ကျင့်စဉ်သက်သက် တစ်ခုပဲ ဆိုတာ မင်းသိတယ်မလား၊ ငါ့မှာ အဲ့ကျင့်စဉ် ရှိပင်မယ့် အဲ့ဒါက ပျက်စီးနေပြီးတော့ မပြည့်စုံဘူး”

“မင်း ကောင်းကင်မျက်လုံးကို ဖွင့်ဖို့ အတင်း ကြိုးစားမယ်ဆိုရင် မင်း အန္တရာယ်များလာနိုင်တယ်”

ကောင်းကင်မျက်လုံး။ မှန်ပေသည်။ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးကြောင့် ယဲ့ဖန်၏ နဖူး၌ အက်ကွဲရာ ဖြစ်လာပြီးနောက် ထိုနေရာမှနေ၍ သူ ဆက်တိုက် ယားယံလာခဲ့သည်။

ဤနဖူးမှ အက်ရာက သူ၏ ကြီးမားသော ချို့ယွင်းချက် ဖြစ်လာနိုင်သည်ဟု ယဲ့ဖန် ခံစားမိနေသည်။ သူ ဤသည်ကို ပြန်ပြုပြင်ကုသခြင်း မပြုပါက တစ်နေ့၌ အကြီးအကျယ် ဒုက္ခရောက်လာပေလိမ့်မည်။

“ရှေးခေတ်စာအုပ်အရဆို ကောင်းကင်မျက်လုံးကို ဖွင့်လိုက်တာနဲ့ မင်း စကြဝဠာကြီးထဲကို မြင်နိုင်ပြီးတော့ ရှေးဦး မဟာတာအို သဘောတရားကို မြင်နိုင်လိမ့်မယ်”

ယဲ့ဖန်က လက်နောက်ပစ်လိုက်ပြီး သူ၏မျက်နှာထားက တည်ကြည်နေ၏။

“တကယ်လို့ စာအုပ်ထဲက ပြောထားတာတွေသာ အမှန်ဖြစ်နေမယ်ဆိုရင် အန္တရာယ်များလည်း ထိုက်တန်တယ်”

ယဲ့ဖန်၏ ခိုင်မာပြတ်သားသော အမူအရာကိုကြည့်ပြီး ခေါင်းပြောင်ငှက် မတတ်သာဘဲ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ သို့သော် သူ့မျက်လုံး၌ မျှော်လင့်နေသော အရိပ်အယောင်များ ပါဝင်နေသည်။

“ကောင်းကင်မျက်လုံးက ကောင်းကင်ဘုံကျင့်စဉ်ကနေ ဆင်းသက်လာတာ၊ ဟိုအရင်အချိန်က မဟာနတ္ထိ ရှေးဧကရာဇ်က ကောင်းကင်မျက်လုံးကို ဖွင့်ဖို့ကြိုးစားပြီး လောကကို မြင်ချင်ခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ နတ်ဘုရားအရိုးတွေက ဖွဲ့စည်းဖြစ်တည်ပြီးသားမို့ အဲ့အရိုးတွေကို ဖောက်ထွင်းနိုင်ဖို့ ခက်ခဲခဲ့တယ်၊ အဲ့ဒါကြောင့်ပဲ ကောင်းကင်မျက်လုံးကို မဖွင့်နိုင်ခဲ့ဘူး”

“ဒီကောင်းကင်မျက်လုံးကျင့်စဉ်က ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေကိုတောင် အကန့်အသတ်နဲ့ ဖြစ်စေခဲ့တာ၊ မင်းသာ တကယ် အောင်မြင်ခဲ့ရင် မဟာနတ္ထိ ရှေးဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်သလို ကောင်းကင်မျက်လုံးကို ဖွင့်နိုင်တဲ့ ပထမဆုံးသောလူ ဖြစ်လာမှာပဲ”

ထိုသို့ပြောပြီးနောက် ခေါင်းပြောင်ငှက်သည် တောင်ပံကို တဖျပ်ဖျပ် ခတ်လိုက်သည်။ ထိုစဉ် သူ၏နဖူးမှနေ၍ အလင်းလုံးတစ်ခု ထွက်လာလေသည်။ ထို့နောက် ယဲ့ဖန်၏ ရှေ့သို့ ရောက်လာသသည်။

ယဲ့ဖန်သည် အသိစိတ်ပင်လယ် လှုပ်ခါသွားသည်ကို ခံစားလိုက်မိပြီး သူ့ဦးနှောက်ထဲသို့ ကျင့်စဉ်တစ်ခု ဝင်ရောက်လာသည်။

“ဒါ … ဒါ ကောင်းကင်မျက်လုံးလား”

အသိစိတ်ပင်လယ်ထဲ၌ မျက်လုံးတစ်လုံး ပေါ်လာသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ ထိုမျက်လုံးသည် ရွှေအိုရောင် ဖြစ်ပြီး စကြဝဠာ ကောင်းကင်တာအို သဘောတရား မွေးဖွားလာသကဲ့သို့ အေးစက်၍ ခက်ထန်သော အရှိန်အဝါကို ပေးစွမ်းလာသည်။

အထူးသဖြင့် ယဲ့ဖန်က ထိုရွှေအိုရောင် မျက်လုံးကို လက်ချောင်းဖြင့် ဖျစ်လိုက်ချိန်တွင် ရုတ်တရက် ရင်သက်ရှုမောဖွယ် ကောင်းသော မြင်ကွင်းတစ်ခုက ယဲ့ဖန်ရှေ့ ပေါ်လာသည်။

“ဒါ … ဒါက”

သူ လောကကြီး၏ အပိုင်းအစတစ်ခုကို မြင်လိုက်ရသည်။ ဤလောကကို သူ ရှင်းလင်းစွာ ကြည့်နေချိန်တွင် ယဲ့ဖန်သည် တစ်ဒင်္ဂမျှ ကြက်သီးထမိသွားပြီး သူ မြင်လိုက်ရသည့် အရာအားလုံးကို မယုံနိုင်အောင် ဖြစ်နေလေသည်။

Chapter 677 ငရဲပြည်၊ ယန်ကျန်း

“ဒါ … ဒါ ဘာကြီးလဲ”

ယဲ့ဖန်သည် ရွှေအိုရောင် မျက်လုံးမှတစ်ဆင့် မြင်လိုက်ရသည့် မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်သွားသည်။

ဤသည်မှာ လောက၏ အပိုင်းအစတစ်ခု ဖြစ်သည်။ ဂြိုဟ်များ၊ ကြယ်တာရာများနှင့် ဖြစ်နေသည့် စကြဝဠာတစ်ခု မဟုတ်ဘဲ တိုက်ကြီးတစ်တိုက်သာ ဖြစ်သည်။ ထိုတိုက်ကြီးသည် တစ်ချက်ကြည့်ရုံနှင့် အဆုံးသတ်ကို မမြင်နိုင်ပေ။

ထိုနေရာရှိ တိုက်များသည် မိုးမျှော်တိုက်များကဲ့သို့ မြင့်မားပြီး တစ်ပင်ချင်းစီတိုင်းက နှစ်သောင်းကျော် တည်ရှိနေသည့် သစ်ပင်ကြီးများ ဖြစ်ပုံရပြီး လုံးပတ်က အိမ်တစ်လုံးစာမျှ ကြီးမားလေသည်။

ထိုသည်သာမကချေ၊ ခက်ထန်ကြမ်းကြုတ်သည့် သားရဲများကလည်း တောအုပ်ထဲ၌ သွားလာလှုပ်ရှား နေကြသည်။ ထိုသားကောင်တစ်ကောင်ချင်းစီသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သည့် မျိုးနွယ်များ ဖြစ်နေ၏။

တောအုပ်ထဲ၌ ချီလင်တစ်ကောင်က ဟစ်ကြွေးနေပြီး ကောင်းကင်ယံ၌ ဖီးနစ်ငှက်များက ပျံသန်းနေသလို ရွှေကျီးကန်းများက တဆာဆာ အော်နေသည်။

တိမ်များကြားထဲ၌ တိမ်များကို ဝါးမျိုနိုင်လောက်သည်အထိ ကြီးမားသော အစစ်အမှန် နဂါးများ ရှိနေသည်။ ဤသို့ ပြိုင်ဘက်ကင်းလှသည့် ရှေးဟောင်းသားရဲများကိုကြည့်ပြီး ယဲ့ဖန် ကြက်သီးထလာသည်။

*ကြောက်စရာကောင်းလိုက်တဲ့ သားရဲတွေပါလား*

ထိုသားရဲကောင်များထဲမှ မည်သည့်အကောင်မဆို မကောင်းဆိုးဝါးမျိုးနွယ်၏ ထိပ်တန်းအကောင်များသာ ဖြစ်လေသည်။

ထို့အပြင် ထိုတိုက်ကြီးပေါ်မှ မြေဆွဲအားက ဤစကြဝဠာထဲက မြေဆွဲအားထက် ဆယ်ဆပိုများသည်ကို ယဲ့ဖန် သိလိုက်ရသည်။

ဤစကြဝဠာတွင် လေဟာနယ်၌ အခက်အခဲမရှိ သွားလာနိုင်သည်။ သို့ရာတွင် ဤတိုက်ကြီးပေါ်တွင်မူ လေဟာနယ် ဖိအားက နတ်ဘုရင်အဆင့် သိုင်းပညာရှင်ပင် တောင့်ခံရန် ခက်ခဲလောက်သည်။ ဤတိုက်ပေါ်သို့ ရောက်လာသည်နှင့် ပြင်းထန်သည့် လေဟာနယ် ဖိအားနှင့် ဖိနှိပ်ခံရပေမည်။

“အဲ့တောင်က …”

ယဲ့ဖန်သည် အနက်ရောင် တောင်တန်းကြီးကိုကြည့်ပြီး ထိုတောင်များမှ နတ်ဘုရင်အဆင့် သိုင်းပညာရှင်များ အားလုံး ဖျက်ဆီးရန် ခက်ခဲလှသည့် အနက်ရောင် ကျောက်တုံးများ ထွက်သည်ကို သိလိုက်ရသည်။ ထိုကျောက်တုံးတစ်တုံးကပင် နတ်ဘုရင်အဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ်ကို ကြေမွအောင် လုပ်နိုင်သည်။

ထိုစဉ် သိုင်းပညာရှင်တစ်ဖွဲ့က တောအုပ်ထဲ၌ သွားလာနေ၏။ ထိုလူများသည် သာမန် သိုင်းပညာရှင်များ ဖြစ်လောက်သည်ဟု ထင်ရသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါကြောင့် ယဲ့ဖန် ရင်တုန်သွားရသည်။ ထိုအဖွဲ့ထဲမှ မည်သူမဆိုက သူ၏အသက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။

“ဟမ်၊ စီနီယာအစ်ကိုကြီး၊ အောက်ကငရဲကနေ ကျွန်တော်တို့ကို ချောင်းကြည့်နေတဲ့ ခံစားချက်မျိုး ခံစားမိလား”

ထိုစဉ် လူငယ်လေးတစ်ယောက်က တောင့်ခနဲ ဖြစ်သွားပြီး မျက်မှောင်ကြုတ်၍ မြေကြီးကို ငုံ့ကြည့်လေသည်။ သူသည် မြေကြီးကိုဖောက်၍ ယဲ့ဖန်၏အကြည့်ကို ခံစားမိနေပုံရသည်။

ဤအဖြစ်ကြောင့် ယဲ့ဖန် အံ့ဩသွားရသည်။ ထိုစဉ် စီနီယာ အစ်ကိုကြီးဟူသည့်လူက အသာပြုံး၍ သိပ်အလေးမထားသလို ပြောလေသည်။

“ဂျူနီယာညီလေး၊ မင်း အတွေးလွန်နေပြီ၊ အောက်ကငရဲမှာက သေးငယ်တဲ့ အနက်ရောင် တွားသွားသတ္တဝါ အချို့ပဲ ရှိတာပါ၊ ကောင်းကင်မျက်လုံးကို မဖွင့်နိုင်သရွေ့ ငါတို့လောကကြီး တည်ရှိနေတာကို သိဖို့ မဖြစ်နိုင်ဘူး”

ထို့နောက် ထိုစီနီယာအစ်ကိုကြီးက လက်ကိုဝင့်၍ ဆက်ပြောလေသည်။

“သွားကြစို့၊ အဖွဲ့အစည်းအသီးသီးက နတ်ဘုရားတွေက ကျိုထျန်းရွှမ်နွီ နတ်ဘုရားမကို ဂါဝရပြုဖို့ စစ်မှန်သော အပျိုစင် နန်းတော်ကို ရောက်နေကြပြီ။ အဲ့ကိုသွားပြီး စောင့်ကြည့်ရအောင်”

(စကားချပ်။ ။ ကျိုထျန်းရွှမ်နွီ နတ်သမီးသည် ကောင်းကင်ဘုံ၏ အမြင့်ဆုံးကိုးလွှာမှ နတ်သမီးဖြစ်ပြီး တရုတ် ဒဏ္ဍာရီတွင် စစ်ပွဲ၊ အချစ်နှင့် အသက်ရှည်ခြင်းတို့ကို ကိုယ်စားပြုသည့် နတ်သမီးဖြစ်သည်။ သူမသည် ဖီးနစ်ငှက်ကို စီးနင်း၍ ထွက်ပေါ်လာတတ်သည်ဟုလည်း ဆိုကြသည်။)

*ကျိုထျန်းရွှမ်နွီ နတ်သမီးတဲ့လား*

ထိုစကားလုံးကြောင့် လူငယ်လေး မျက်ခုံးပင့်သွားပြီး အယူသန်ဟန်ဖြင့် ပြောလေသည်။

“အင်း … အဲ့နတ်သမီးက အောက်ကငရဲကနေ လာတယ်ဆိုတာက အံ့ဩစရာတော့ အကောင်းသားပဲ”

“ပြီးတော့ သူက မှတ်ဉာဏ်တွေလည်း ပျောက်နေတယ်”

“ဆရာ့စကားအရဆို အဖွဲ့အစည်း အသီးသီးက မဟာနတ်ဘုရားတွေက ဒီနတ်သမီးက ယန်ကျန်း နတ်ဘုရား ဝင်စားတယ်လို့ ယူဆနေကြတယ်တဲ့”

“ယန်ကျန်း နတ်ဘုရား” ဟူသည့် စကားကို ကြားလိုက်ရသောကြောင့် စီနီယာအစ်ကိုကြီးက ချက်ချင်း မျက်နှာပျက်သွားပြီး ထအော်လိုက်သည်။

“ဂျူနီယာညီလေး တားမြစ်ထားတဲ့ စကားလုံးကို ထုတ်မပြောရဘူးလေ၊ မဟုတ်ရင် ကောင်းကင်ဘုံက အပြစ်ပေးတာကို ခံရလိမ့်မယ်”

သူ့စကားကြောင့် ဂျူနီယာညီလေးဆိုသူ တုန်လှုပ်သွားသည်။ ထို့နောက် ထိုသူနှစ်ယောက်က စကားပြော နေသည်ကို ရပ်၍ ရှေ့သို့ ဦးတည်၍ ထွက်ခွာသွားသည်။ ဤအဖြစ်ကြောင့် ယဲ့ဖန်၏ ထိတ်လန့်မှုက ပိုပို၍ များပြားလာသည်။

*ငရဲပြည်*

*ယန်ကျန်း*

*ကျိုထျန်းရွှမ်နွီ*

စကားလုံးတိုင်းက သူ့အား အလွန်တရာ ထိတ်လန့်သွားစေသည်။ ဤလောကက သူ ထင်ထားသည်ထက် ပို၍ခြောက်ခြားဖွယ်ကောင်းသည်ဟု သူ မသိမသာ ခံစားမိလာရသည်။

ထို့နောက် ယဲ့ဖန်သည် မြင်ကွင်းကို ပြန်ချိန်၍ ထိုသိုင်းပညာရှင်နှစ်ယောက်နောက်သို့လိုက်ပါ၍ ထိုလောကကို လျင်မြန်စွာ ကြည့်ရှုလေသည်။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။ သုံးရက်မြောက်နေ့ ကုန်ဆုံးသွားပြီးနောက် ထိုသိုင်းပညာရှင် နှစ်ယောက်သည် နတ်မင်းများရှိသော တောင်ခြေသို့ ရောက်လာသည်။

ထိုတောင်သည် အလွန်မြင့်မား၍ တိမ်တိုက်ထဲအထိ ထိုးဖောက်နေသည်။ ထိုနတ်မင်းတောင်၌ ပြိုင်ဘက်ကင်းသော သားရဲများ ရှိနေသည်။

ကြောက်စရာကောင်းသော အစစ်အမှန် နတ်ဘုရားများက တောင်ကို ရစ်ခွေထားသည်။ ဖီးနစ်ငှက်များက တောင်ပတ်လည်၌ ပျံသန်းနေသဖြင့် နတ်မင်းများ၏ စစ်မှန်သော အိမ်ဟု ထင်မှတ်ရသည်။

ယဲ့ဖန် သိုင်းပညာရှင်များစွာကို မြင်လိုက်ရသည်။ ထိုလူများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ယခုအခါတွင် ဂါဝရပြုရန် တက်လာနေသကဲ့သို့ တောင်ပေါ်သို့ ကျိုးကျိုးနွံနွံဖြင့် စိတ်အားထက်သန်စွာ တက်နေကြသည်။

အားလုံး တောင်ပေါ် ရောက်လာသည်နှင့် ခမ်းနားထည်ဝါသော ရွှေအို‌ရောင် နန်းတော်တစ်ခုကို တွေ့လိုက်ရသည်။

“ဘာလို့ ဒီနန်းတော်ထဲက အငွေ့အသက်က တအားရင်းနှီးနေရတာလဲ”

ယဲဖ့န်သည် မြေကြီးအောက်မှ ကြည့်နေရသောကြောင့် နန်းတော်အား ခက်ခက်ခဲခဲ ကြည့်နေရသည်။ ဤသို့သော ထိတ်လန့်ဖွယ်မြင်ကွင်းများကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။

ယခုအခါ၌ နန်းတော်ထဲတွင် သိုင်းပညာရှင်များစွာ ရောက်ရှိလာသည်နှင့်အတူ အသံတစ်သံ ထွက်ပေါ်လာသည်။

“နတ်မင်းတို့ ကြွချီလာပြီ”

ထိုအသံကြောင့် လူအုပ်ကြီးတစ်ခုလုံး ပွက်လောရိုက်သွားသည်။ သူတို့သည် နန်းတော်ကြီး၏ တံခါးဝကို လှမ်းကြည့်၍ နတ်ဘုရားများ ကြွလာသည်ကို စောင့်နေကြလေသည်။

ဒေါက်! ဒေါက်! ဒေါက်!

ခြေသံများကို ကြားလိုက်ရသည်နှင့် သိုင်းပညာရှင်များအားလုံး ပို၍စိတ်လှုပ်ရှားလာကြသည်။

“ကြည့်လိုက်၊ အဲ့ဒါ လေနတ်မင်းလေ၊ အောက်က ငရဲဘုံကို သူ့လက်ဝါးအောက်မှာ ထားပြီး လေဥပဒေသနဲ့ ထိန်းချုပ်တာပေါ့”

“နောက်တစ်ယောက်က မိုးနတ်မင်း၊ အောက်က ငရဲဘုံက မိုးရည်တွေက သူ့မျက်ရည်တွေတဲ့”

“ကြီးမြတ်တဲ့ မိုးကြိုးနတ်ဘုရား ရောက်လာပြီ၊ ပြီးခဲ့တဲ့ကာလတွေတုန်းက သူက အောက်ငရဲဘုံကို မိုးကြိုးကပ်ဘေးနဲ့ အပြစ်ပေးဖို့ တာဝန်ယူနေတုန်း ကောင်းကင်ဘုံ ဖြိုခွင်းသူကြောင့် လက်မောင်းတစ်ဖက် အဖြတ်ခံလိုက်ရတယ်လို့ ငါ ကြားခဲ့တယ်ကွ”

“….”

မိုးကြိုးနတ်ဘုရားကို မြင်လိုက်ချိန်တွင် ယဲ့ဖန် ကြက်သီးထသွားသည်။

*သူကိုး*

ခမ်းနားထည်ဝါသော နန်းတော်ထဲမှ ထွက်လာသော ရွှေအိုရောင်ပုံရိပ်ကိုမြင်ပြီး ယဲ့ဖန် အံ့ဩသွားသည်။

*လတ်စသက်တော့ ဒီလူက ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးကို ထိန်းချုပ်တဲ့ ရွှေအိုရောင် သတ္တဝါကိုး*

“သူက မိုးကြိုးနတ်ဘုရားမို့ ကိုးရောင်ခြယ် နတ်ဘုရားမိုးကြိုးနဲ့ မိုးကြိုးမုန်တိုင်းကို ထုတ်ဖော်နိုင်နေတာပဲ*

ယဲ့ဖန် ယခုမှ နားလည်သွားသည်။ ယဲ့ဖန်သည် ထိုနတ်ဘုရားကို သေချာကြည့်လိုက်သည်နှင့် မိုးကြိုးနတ်ဘုရား၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး စကြဝဠာထဲမှ ရွှေအိုရောင် သတ္တဝါနှင့် အရှိန်အဝါချင်း တူနေသည်ကို သတိထားမိသွားသည်။

ဤသည်က အုပ်ချုပ်သူ၏ ဖိအားတစ်မျိုးဟု ယဲ့ဖန် ခန့်မှန်းလိုက်မိသည်။ စကြဝဠာထဲ၌ မိုးကြိုးနတ်ဘုရားသည် စကြဝဠာ၏ ဥပဒေသဖြင့် ဖိနှိပ်ခံထားရသောကြောင့် သူ၏ခွန်အားက အကန့်အသတ်နှင့် ဖြစ်နေသည်။ ထို့ကြောင့်ပင် ယဲ့ဖန်က သူ၏လက်မောင်းတစ်ဖက်ကို ဖြတ်နိုင်သည့် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။

ဤလောကတွင်မူ မိုးကြိုးနတ်ဘုရားသည် သူ၏ကြောက်စရာကောင်းသော ခွန်အားကို အပြည့်အဝ ထုတ်ဖော် သုံးနိုင်ပေမည်။ သူသာ ယဲ့ဖန်ကို သတိထားမိသွားပါက ယဲ့ဖန် သေချာပေါက် သေရလိမ့်မည်။

ယအခုအချိန်၌ မိုးကြိုးနတ်ဘုရား၏ မျက်နှာထားက အလွန် သုန်မှုန်နေသည်။ မျက်စိကျိမ်းလောက်စရာ ရွှေအိုရောင် အလင်းများက ဆက်တိုက် ဖြာထွက်နေပြီး သူ၏ပြတ်သွားသော လက်မောင်းကြောင့် ရန်လိုနေပုံရသည်။

“ကျိုထျန်းရွှမ်နွီ နတ်သမီး ကြွလာပါပြီ”

ထိုစဉ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး သိုင်းပညာရှင်များအားလုံးနှင့် မဟာနတ်မင်းများအားလုံး ငြိမ်ကျသွားသည်။ သူတို့သည် အသက်ကိုအောင့်၍ နန်းတော်ဝသို့ လှမ်းကြည့်ကြသည်။ အားလုံး၏ အကြည့်အောက်မှာပင် မီးလျှံများနှင့် ပုံရိပ်တစ်ခုက နန်းတော်ထဲမှ ထွက်လာသည်။

ဤနတ်သမီးသည် အနီရောင် သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ အသားအရေက ကြည်လင်ဝင်းပ၍ မျက်လုံးများက တောက်ပလှသည်။ သူမ၏ ပုံပန်းသဏ္ဌာန်က သဘာဝတရားကြီးက ဂရုတစိုက် ထုလုပ်ထားသော အနုပညာလက်ရာလေအလား အလွန်အမင်း ပြီးပြည့်စုံလှပေသည်။

ရင်သပ်ရှုမောဖွယ်ကောင်းသော အလှလေးပင်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အားလုံး၏ နှလုံးသားကို နင်းခြေလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် သိုင်းပညာရှင်များအားလုံးနှင့် မဟာနတ်မင်းများအားလုံး နှလုံးခုန် မြန်လာသည်။

အထူးသဖြင့် ယဲ့ဖန်ပင်။ သတို့သမီးဝတ်စုံနှင့် ကျိုထျန်းရွှမ်နွီကို မြင်လိုက်ရချိန်တွင် သူသည် မယုံနိုင်ဟန်ဖြင့် တစ်ကိုယ်လုံး ယိမ်းထိုးမတတ် တုန်လှုပ်သွားရသည်။

“ဟွမ် … ဟွမ်အာ”

Chapter 678 ဒေါသထွက်နေသော ဟွမ်အာ

“မင်းတို့ ကြားဖူးကြလား၊ ကမ္ဘာဦး ချောက်နက်ထဲမှာ ကျိုထျန်းရွှမ်နွီ နတ်သမီး မျောလွင့်နေတုန်းက ယင်ယန်လောကကို သုံးရက်သုံးညတိတိ လှုပ်ခါသွားစေခဲ့တယ်ဆိုတာလေ”

“အဲ့အချိန်တုန်းက ကမ္ဘာဦးချောက်နက်နဲ့ နီးတဲ့နေရာမှာ ငါ ရှိနေခဲ့လို့ အဲ့အဖြစ်ကို ငါ့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရတာ။ နတ်ဘုရား တော်တော်များများက သူ့ကို ငရဲကနေ ထွက်လာတဲ့ စဉ်းလဲတဲ့သတ္တဝါလို့ တွေးပြီး သူ့ကို သတ်ချင်ခဲ့ကြတယ်၊ ဒါပေမဲ့ ကျိုထျန်းရွှမ်နွီ နတ်သမီးကပဲ ထိပ်သီးတစ်ရာကို သတ်ပစ်လိုက်တာ။ သူ ကမ္ဘာဦး ချောက်နက်ထဲ ကျသွားတဲ့အချိန် ကမ္ဘာဦးချောက်နက်ရဲ့ မူလစွမ်းအင်ကို ရလိုက်တယ်လို့ ကောလဟလ ထွက်နေတာ။ သူရဲ့ခွန်အားက ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်နေပြီ”

“ငါလည်း အဲ့ဒါ ကြားဖူးတယ်၊ ယင်ယန်လောကကြီးက အဲ့စစ်ပွဲမှာ အုတ်အော်သောင်းနင်း ဖြစ်သွားတယ်လေ။ ဒါပေမဲ့ ကျိုထျန်းရွှမ်နွီနတ်သမီးက ဘာလို့ သတို့သမီးဝတ်စုံကို အမြဲဝတ်ထားတာလဲ၊ သူ တစ်ယောက်ယောက်နဲ့ လက်ထပ်ချင်လို့လား”

“ဟုတ်တာပေါ့ကွာ၊ ဘယ်လိုယောကျ်ားမျိုးက ဒီလောက် ကံကောင်းပြီးတော့ ကျိုထျန်းရွှမ်နွီ နတ်သမီးရဲ့ နှလုံးသားကို အပိုင်သိမ်းလိုက်နိုင်တာလဲဆိုတာကို ငါ မသိဘူး”

...

ယခုအချိန်၌ ကျိုထျန်းရွှမ်နွီ နတ်သမီး ပေါ်ထွက်လာပြီးနောက် သိုင်းပညာရှင် တစ်ဖွဲ့လုံး ပွက်လောရိုက်သွားသည်။ ထိုဆူညံပွက်လောရိုက်နေသည့် စကားသံများက ယဲ့ဖန်ကို ပိုမို၍ထိတ်လန့်သွားစေသည်။

*ကမ္ဘာဦး ချောက်နက်တဲ့လား*

ပထမဆုံးအနေဖြင့် သူသည် ကမ္ဘာဦး ချောက်နက်ထဲ ကျသွားခဲ့သည်၊ သို့သော် ကမ္ဘာမြေပေါ်၌ ပြန်လည် မွေးဖွားခဲ့သည်။ ဟွမ်အာသည်လည်း ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျခဲ့သလို ဤလောကထဲသို့ လွင့်မျောလာခဲ့လေသည်။

“ကမ္ဘာဦး ချောက်နက်ထဲမှာ ဘာလျှို့ဝှက်ချက်တွေများ ပုန်းကွယ်နေတာလဲ”

ယဲ့ဖန် မျက်ခုံးလှုပ်နေသည်။ ကမ္ဘာဦးချောက်နက်၊ ဤလောကနှင့် ကမ္ဘာမြေကြား၌ ထူးဆန်းသော ဆက်နွယ်မှုတစ်ချို့ ရှိနေလိမ့်မည်ဟု သူ မသိမသာ ခံစားနေရသည်။

ထိုစဉ် ညင်သာသော ခြေသံတစ်ချို့ ထပ်မံ၍ ထွက်ပေါ်လာသဖြင့် ယဲ့ဖန် လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ဟွမ်အာ၏ လှပသော မျက်ဝန်း၌ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရသည်။ သူမက ဘုရင်မတစ်ပါးကဲ့သို့ အရာအားလုံးကို ငုံ့ကြည့်နေသည်။

ထိုအခါ ဘေးပတ်လည်မှ သိုင်းပညာရှင် အဖွဲ့များအားလုံးက ဟွမ်အာရှေ့၌ ဒူးထောက်၍ ဦးညွှတ်ကာ နှုတ်ဆက်

“ကျိုထျန်းရွှမ်နွီ နတ်သမီးကို နှုတ်ခွန်းဆက်သပါတယ်”

“ကျိုထျန်းရွှမ်နွီ နတ်သမီးကို နှုတ်ခွန်းဆက်သပါတယ်”

“....”

နှုတ်ဆက်သံက ကြက်သီးထဖွယ် ကောင်းလှသည်။ သိုင်းပညာရှင်များအားလုံးက ဟွမ်အာအား သူတို့၏ နတ်ဘုရားသဖွဘ် သတ်မှတ်ထားဟန်ဖြင့် ဦးညွှတ် ဂါဝရပြုပြီး အရူးအမူး နှုတ်ဆက်ကြလေသည်။ သို့သော် ဟွမ်အာ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေ၏။

“ဘာလို့ ငါ ရင်းနှီးနေသလို ခံစားရတာလဲ”

ဟွမ်အာ၏ နှုတ်ခမ်းဖျားမှ စကားသံ ခပ်ဖျော့ဖျော့ ထွက်လာသည်။ သူမ၏ မျက်လုံးများက ထိုနေရာတစ်ခုလုံးကို ဝေ့ကြည့်နေသည်။ တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသည်။

သူမ မှတ်ဉာဏ်ထဲမှ အချစ်စစ်တစ်ခုကို ပြန်သတိရနေသည်။

“ရင်းနှီးလွန်းလိုက်တာ၊ အရိုးထဲအသားထဲကနေ မှတ်မိနေသလိုပဲ”

ဟွမ်အာ တီးတိုးရေရွတ်နေ၏။ သူမ၏ မျက်နှာလေး၌ စိုးရိမ်စိတ်များ စွန်းထင်းနေပြီး မျက်လုံးများဖြင့် စိုစွတ်ကာ နီရဲနေသည်။

နောက်ဆုံးတွင် သူသည် ယဲ့ဖန်နှင့် အကြည့်ချင်းဆုံသွားပြီး မျက်ရည်များ စီးကျလာသည်။

တောက်! တောက်!

“အစ်ကိုကြီး …”

ထိုစကားလေးက မသိစိတ်မှနေ၍ အလိုအလျောက် ခေါ်လိုက်မိခြင်း ဖြစ်လေသည်။

“ဘာလို့လဲ၊ ဘာလို့ ကျွန်မက အစ်ကိုကြီးလို့ ခေါ်နေရတာလဲ၊ ရှင် … ရှင်က ဘယ်သူလဲ”

ဟွမ်အာ၏ လှပသောမျက်ဝန်းများက ယဲ့ဖန်၏ စိတ်ဝိညာဉ်ကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ သူ၏မျက်လုံးကို တည့်တည့်မတ်မတ် စူးစိုက်ကြည့်နေသည်။ ဟွမ်အာ၏ ထိတ်လန့်၍ ဇဝေဇဝါ ဖြစ်နေသော အမူအရာက ယဲ့ဖန်အား ရင်ကျိုးစေသည်။

“ဟွမ်အာ … ငါလေ”

ယဲ့ဖန် စကားပြောရန် ပြင်လိုက်ချိန်တွင် စိတ်ဝိညာဉ်တစ်ခုက ရွှေရောင်မျက်လုံးကိုဖောက်၍ သူ့ကို မြင်လိုက်သည်ကို တွေ့လိုက်ရသည်။

ဤမြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားသည်။

*ငိုနေတာလား*

သူတို့ထဲမှ လူအများစုသည် ကျိုထျန်းရွှမ်နွီ နတ်သမီးက လက်ချောင်းတစ်ချောင်းတည်းဖြင့် ထိပ်သီး သိုင်းပညာရှင် တစ်ရာကို သတ်ခဲ့ခြင်းအား မြင်ဖူးကြသည်။ သူမသည် အေးစက်၍ အကြင်နာတရား ကင်းမဲ့သည်။

သို့သော် ဤသို့သော နတ်သမီးက တကယ် ငိုလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူမ၏ မှင်တက်နေသော အမူအရာနှင့် ဇဝေဇဝါဖြစ်နေသော မျက်နှာက ချစ်ရသောသူကို မြင်ရသော်လည်း မမှတ်မိသောကြောင့် ဝမ်းနည်းကြေကွဲနေဟန်နှင့် ဆင်တူနေ၏။

“သေစမ်း၊ အဲ့ဒီပုရွက်ဆိတ်လိုကောင်တွေက ဘယ်မလဲ”

မိုးကြိုးနတ်ဘုရားက ပထမဆုံး တုံ့ပြန်လာသည်။ သူသည် တစ်ဖက်တည်း ကျန်ရစ်သော လက်ဖြင့် ယဲ့ဖန် ရှိနေသော နေရာသို့ ရိုက်ချလိုက်သည်။

ထိုအခါ လေဟာနယ် အက်ကွဲသွားပြီး လျှပ်စီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမိုးကြိုးလျှပ်စီးက ယဲ့ဖန်၏ စိတ်ဝိညာဉ်ထံသို့ ပြေးဝင်လာ၏။ ရွှေရောင်မျက်လုံးကိုဖြတ်၍ ကြည့်နေသော စိတ်ဝိညာဉ်က ထင်းခနဲ ပေါ်လာသည်။ ထို့နောက် ထိုစိတ်ဝိညာဉ်၏ ပုံရိပ်အား ရှင်းလင်းစွာ တွေ့လိုက်ရသည်။

ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် မိုးကြိုးနတ်ဘုရားက လည်ဆံမွေးထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဒေါသူပုန် ထသွားလေသည်။

“ကောင်းကင်ဘုံ ဖြိုခွင်းသူ၊ လတ်စသက်တော့ မင်း ဖြစ်နေတာကိုး”

မိုးကြိုးနတ်ဘုရားသည် သူ့အား လက်တစ်ဖက် ဖြတ်ခဲ့သည့် အောက်ငရဲဘုံမှ တွားသွားသတ္တဝါက ယင်ယန်လောကထဲသို့ စိတ်ဝိညာဉ်ဖြင့် ရောက်လာလိမ့်မည်ဟု ထင်မထားမိသဖြင့် အံကြိတ်မိသွားသည်။

သူ့စကားကြောင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး ဆူညံပွက်လောရိုက်သွားသည်။

*ကောင်းကင်ဘုံ ဖြိုခွင်းသူတဲ့လား*

ချက်ချင်းဆိုသလိုပင် အားလုံးက မိုးကြိုးနတ်ဘုရား၏ ပြတ်သွားသော လက်မောင်းနေရာကို လှမ်းကြည့် မိကြသည်။ မိုးကြိုးနတ်ဘုရားသည် ငရဲဘုံမှ ကောင်းကင်ဘုံ ဖြိုခွင်းသူကြောင့် လက်မောင်းတစ်ဖက် ပြတ်ခဲ့ရကြောင်း သူတို့လည်း သတင်းကြားခဲ့ဖူးသည်။

*ဘယ်လိုလုပ် သူ … သူ ဖြစ်နေတာလဲ*

မိုးကြိုးနတ်ဘုရား၏ စကားကို နားလည်သွားပြီးနောက် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

လူတိုင်းသည် ငရဲဘုံမှ တွားသွားသတ္တဝါများက စိတ်ဝိညာဉ်ဖြင့် ဤလောကသို့ ရောက်လာနိုင်မည်ဟု မယုံကြည်ထားကြသဖြင့် ယခု မယုံသင်္ကာ ဖြစ်နေလေသည်။

“ကောင်းပြီလေ၊ အောက်ငရဲဘုံကကောင်၊ ငါ့စွမ်းအားကို စကြဝဠာကြီးရဲ့ ဥပဒေက ချုပ်နှောင်ထားလို့ မင်း ငါ့လက်မောင်းတစ်ဖက်ကို ဖြတ်နိုင်ခဲ့တာ”

“အခု ဒီနတ်ဘုရားက မင်းရဲ့စိတ်ဝိညာဉ်ကို သုတ်သင်ပစ်မယ်ကွ”

မိုးကြိုးနတ်ဘုရားက ဤသို့ကြုံးဝါးပြိးနောက် ယဲ့ဖန်၏ စိတ်ဝိညာဉ်အား လက်ညှိုးဖြင့် ထိုးလိုက်သည်။

“မိုးကြိုးနတ်ဘုရား လက်ချောင်း”

ဤမိုးကြိုးနတ်ဘုရားလက်ချောင်းသည် ကောင်းကင်ဘုံ ကိုးလွှာလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လေဟာနယ်တစ်ခုလုံးက မိုးကြိုးလက်ချောင်းအသွင် ပြောင်းလဲ သွားပြီး ယဲ့ဖန်၏စိတ်ဝိညာဉ်ရှိရာသို့ အရှိန်ဖြင့် ကျရောက်လာသည်။

ဝှစ်!

ယဲ့ဖန်၏ စိတ်ဝိညာဉ်မှနေ၍ အစိမ်းရောင် မီးခိုးတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုမိုးကြိုးလျှပ်စီးကြောင့် သူ၏ စိတ်ဝိညာဉ် သုတ်သင်ခံလိုက်ရသည်ဟု ခံစားလိုက်မိသည်။ ထိုပြင်းထန်လှသည့် ဒဏ်ရာကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ် တုန်ယင်သွားသည်။

မိုးကြိုးနတ်ဘုရားက လက်ချောင်းတစ်ချောင်းတည်းဖြင့် သူ့ကို သတ်နိုင်စွမ်းရှိကြောင်း ယဲ့ဖန် သိပါသည်။ သို့သော် တစ်ဖက်လူက ထိုသို့မလုပ်ဘဲ သူ့အား ငရဲကျသကဲ့သို့သော နာကျင်မှုအား ဖြည်းဖြည်းချင်း ခံစားစေပြီး ဝေဒနာဆိုးဖြင့် သေစေချင်နေသည်။

သူ၏စိတ်ဝိညာဉ်သာမက ကမ္ဘာပေါ်ရှိ ယဲ့ဖန်၏ နဖူးမှနေ၍ သွေးများစီးကျလာသည်။ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က ဆက်သွယ်မှုရှိသောကြောင့် စိတ်ဝိညာဉ် တိုက်ခိုက်ခံရသည်နှင့် ယဲ့ဖန်၏ကိုယ်တွင်းရှိ အသိစိတ် ပင်လယ် သည်လည်း အပြင်းအထန် ထိခိုက်သွားရသည်။

“သွားပြီ၊ ကောင်လေးယဲ့၊ စိတ်ဝိညာဉ် ချိတ်ဆက်မှုကို ဖြတ်လိုက်၊ မဟုတ်ရင် မင်း အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်”

ခေါင်းပြောင်ငှက်သည် ထူပူ၍ အမွေးများ ထောင်လာသည်။ သူသည် ယဲ့ဖန်၏ တုန်ယင်သွားသော ခန္ဓာကိုယ်နှင့် နဖူးမှသွေးများ စီးကျလာသည်ကိုမြင်ပြီး စိုးရိမ်ပူပန်လာသည်။

လက်ရှိအချိန်၌ သေမင်းက ယဲ့ဖန်အား ဖြည်းဖြည်းချင်း လှိုက်စားနေသည်။ ယဲ့ဖန်၏ စိတ်ဝိညာဉ်ရော ခန္ဓာကိုယ်ပါ အပြင်းအထန် ဝေဒနာ ခံစားနေရသော်လည်း သူ၏မျက်လုံးများက ဟွမ်အာကို ကြည့်နေဆဲပင်။

“ဟွမ်အာ၊ မင်းက ငါ့ရဲ့ဟွမ်အာ”

ထိုစိတ်ဝိညာဉ်ထံမှ အော်ပြောလိုက်သံကြောင့် ဟွမ်အာ၏ ကိုယ်လေးက တုန်ယင်သွားသည်။

“ဟွမ်အာ၊ ငါ … ငါက ဟွမ်အာလား”

တမ်းတခြင်း၊ ချစ်ခြင်းမေတ္တာ။

ယခုအချိန်၌ ဟွမ်အာသည် ယဲ့ဖန်၏ စိတ်ဝိညာဉ်ကိုကြည့်ပြီး သူမ နှစ်ပေါင်းများစွာ စောင့်မျှော်နေရသည့်၊ နှစ်ပေါင်းများစွာ လွမ်းဆွတ်နေရသည့်လူကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုစဉ် ယဲ့ဖန်၏ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားတော့မည်ပုံ ပေါ်လာလေသည်။

“မလုပ်နဲ့”

ဟွမ်အာ၏ ရင်ထဲ၌ ရင်ကွဲမတတ် နာကျင်ရသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာပြီး သူမ ရူးမတတ် ဖြစ်သွားရသည်။

“ရပ်လိုက်”

အေးစက်စက် စကားသံနှင့်အတူ ဟွမ်အာ၏ကိုယ်မှနေ၍ အဖြူနှင့် အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး ထိုမြူခိုးများက လက်တစ်ဖက် အသွင်အဖြစ် ပြောင်းလဲသွားကာ မိုးကြိုးနတ်ဘုရားအား ရိုက်ထုတ်လိုက်သည်။

All Chapters