အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
Chapter 679 အစ်ကိုကြီး ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်
သူမ ရင်ကွဲနာကျနေသည်။ ယခုအချိန်၌ ယဲ့ဖန်၏ ကြည့်မကောင်းသော မြင်ကွင်းကို မြင်ပြီး ဟွမ်အာတစ်ယောက် နှလုံးသားအား ဆွဲစုတ်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။ သူမ ရင်နာလွန်းရသဖြင့် ရူးမတတ် ဖြစ်သွားသည်။
ထို့နောက် အဖြူနှင့် အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး လက်တစ်ဖက်အသွင် ဖွဲ့စည်းသွားသည်။ မိုးကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည်ဟု ထင်ရသည့် ထိုလက်ဝါးက မိုးကြိုးနတ်ဘုရားအား အရှိန်ဖြင့် ရိုက်ထုတ်လိုက်လေသည်။
ဤအဖြစ်အပျက်က အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် မိုးကြိုးနတ်ဘုရားသည် တုံ့ပြန်ချိန်မရလိုက်ဘဲ ထိုလက်ဝါးချက်ကြောင့် လွင့်ထွက်သွားပြီး မြေကြီးပေါ် အရှိန်ဖြင့် ပြန်ပြုတ်ကျလာသည်။
မိုးကြိုးနတ်ဘုရား၏ကိုယ်မှ သွေးများ စီးကျလာ၏။ သူ၏ပုံစံသည် စုတ်ပြတ်၍ ကြည့်ရဆိုးနေသည်။ သို့သော် သူသည် သူ၏ဒဏ်ရာကို စဉ်းစားချိန် မရဘဲ ထိတ်လန့်၍ဒေါသထွက်နေသော အကြည့်များဖြင့် ဟွမ်အာကို လှမ်းကြည့်သည်။
“ကျိုထျန်းရွှမ်နွီ၊ မင်း … မင်း”
မိုးကြိုးနတ်ဘုရားသည် တစ်ခုခုပြောချင်နေသော်လည်း စကားအဆုံးထိ ပြောရန် အခွင့်မသာပေ။
ဒုန်း!
ဟွမ်အာ၏ လက်ဝါးတစ်ဖက်က သူ့ကို ထပ်မံ၍ ရိုက်နှက်လာသည်။
“ချီးတဲ့မှပဲ”
မိုးကြိုးနတ်ဘုရား အံ့ဩ၍ ဒေါသထွက်သွားသည်။ သူ့ကိုယ်မှ မိုးကြိုးလျှပ်စီးများ ဖြာထွက်နေသည်။ သူ၏ မိုးကြိုးနတ်ဘုရား လက်ချောင်းကလည်း တုန်ယင်နေပြီး ကောင်းကင်ယံ၌ လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူသည် ကျိုထျန်းရွှမ်နွီပေါ် နတ်ဘုရားမိုးကြိုး ပစ်ချလိုက်သည်။
ဂျိမ်း!
မိုးကြိုးနှင့် ဟွမ်အာ၏ လက်ဝါးတို့ တွေ့ဆုံသွားချိန်တွင် ရုတ်တရက် အက်ကွဲသံ ပဲ့တင်ထပ်လာပြီး မိုးကြိုးနတ်ဘုရား၏ နတ်ဘုရားမိုးကြိုး ပျက်စီးသွားလေသည်။
ထို့နောက် အဖြူနှင့် အနက်တို့ ရောယှက်နေသည့် လက်ဝါးသည် မိုးကြိုးနတ်ဘုရားပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။ ထို့နောက်တွင်မူ မဟာနတ်မင်းများနှင့် သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားရမည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
အားလုံး၏မျက်စိရှေ့မှာပင် ကျိုထျန်းရွှမ်နွီသည် ရူးသွပ်နေသကဲ့သို့ မိုးကြိုးနတ်ဘုရားအား ဆက်တိုက် ရိုက်နှက်နေ၏။
တစ်ချက်၊ နှစ်ချက်။ ရိုက်ချက်တိုင်း၌ အသေသတ်လိုသည့် အင်အားမျိုး ပါဝင်နေပြီး မိုးကြိုးနတ်ဘုရားသည် သွေးများအိုင်ထွန်းနေပြီး ဆက်တိုက် လွင့်ထွက်သွားသည်။ ထို့အတူ သူ၏လက်ဝါး ပြတ်ထွက်သွားသည်။ ထို့နောက် လက်မောင်းတစ်ခုလုံးပါ ပြတ်ထွက်သွားသည်။
သွေးများက နေရာအနှံ့ ပြန့်ကြဲနေပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေ၏။ နောက်ဆုံးတွင်မူ ရိုက်ချက်တစ်ချက် ထပ်မံ၍ ကျရောက်လာပြီးနောက် မိုးကြိုးနတ်ဘုရား ရင်ညွန့်ရိုး ကျိုးကြေသွားသည်။
ယခုအခါ၌ သူသည် ခွေးသေတစ်ကောင်ကဲ့သို့ မြေကြီးပေါ် လဲနေပြီး နောက်တစ်ခါ ပြန်ထမလာနိုင်တော့ပေ။
ဝေါ့!
မိုးကြိုးနတ်ဘုရား သွေးတစ်လုပ် အန်လိုက်မိသည်။ သူ အလွန် အရှက်ရနေ၏။ ကျိုထျန်းရွှမ်နွီက သူ့အား သိုင်းပညာရှင်များစွာရှေ့၌ ရိုက်နှက်လိုက်သဖြင့် မဟာနတ်မင်းတစ်ပါး ဖြစ်သည့်သူသည် မျက်နှာပြရန် ခက်ခဲသွားလေသည်။
သူ မေးခွန်းထုတ်ရန် ပြင်လိုက်ချိန်တွင် ဟွမ်အာ၏မျက်လုံး၌ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရသည်။ လူသတ်လိုသည့် အရိပ်အငွေ့များက များပြားလှပြီး အလွန် အေးစက်လွန်းသည်။
မိုးကြိုးနတ်ဘုရား နှုတ်ခမ်းတွန့်သွားပြီး လည်ချောင်းဝသို့ ရောက်နေသည့် မေးခွန်းအား အတင်းမျိုချ လိုက်ရသည်။ သူ တစ်ခွန်းမျှ ထပ်ပြောလိုက်ပါ ကျိုထျန်းရွှမ်နွီက ငရဲဘုံမှ တွားသွားသတ္တဝါကောင် အတွက်နှင့် သူ့ကို အသေသတ်လောက်သည် ဟူသည့် ခံစားချက်မျိုး ရနေသည်။
ယခုအချိန်၌ အစစ်အမှန် အပျိုစင် နန်းတော်ရှေ့၌ မည်သည့်အသံမှ မထွက်ဘဲ တိတ်ဆိတ်နေ၏။ သိုင်းပညာရှင်များ အားလုံးသည် နှလုံးပေါက်ကွဲတော့မတတ် ခုန်နေသည်ဟု ခံစားမိနေသည်။
ကျိုထျန်းရွှမ်နွီကိုကြည့်လိုက်ပြီးနောက် ယဲ့ဖန်၏ စိတ်ဝိညာဉ်ကို တစ်ချက်ကြည့်လိုက်ကာ အားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
ကျိုထျန်းရွှမ်နွီက ဘာကြောင့် ဤမျှဒေါသထွက်နေရသလဲဆိုတာကို အားလုံး ချက်ချင်း နားလည်သွားကြသည်။
*လတ်စသက်တော့ နတ်သမီးက အဲ့လူကြောင့် ဒေါသူပုန် ထနေတာကိုး*
ထိတ်လန့်ရူးသွပ်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကြောင့် အားလုံး ဇောချွေးပြန်နေကြသည်။
“ဒီကောင်လေးက ကျိုထျန်းရွှမ်နွီနဲ့ ဘယ်လိုပတ်သက်နေတာလဲ”
မဟာနတ်မင်းများစွာတို့က ယဲ့ဖန်အား အလန့်တကြား ကြည့်လိုက်မိကြသည်။ ထို့နောက် ကျိုထျန်းရွှမ်နွီ၏ သတို့သမီးဝတ်စုံကို သတိရသွားပြီး အားလုံး တုန်လှုပ်သွားလေသည်။
“သူက ကျိုထျန်းရွှမ်နွီ လက်ထပ်ချင်တဲ့သူလား”
ထိုသို့အတွေးမျိုးကို တွေးမိသည်နှင့် အားလုံး စိတ်ခံစားချက်ကို မချုပ်တည်းနိုင်တော့ချေ။ မဟာနတ်မင်းများက ယဲ့ဖန်အား ထိတ်လန့်အံ့ဩဟန်များဖြင့် ကြည့်လာသည်။
“ဟွမ်အာ …”
ထိုစဉ် ယဲ့ဖန်က သူမမျက်ဝန်းအား တည့်တည့်မတ်မတ် စူးစိုက်ကြည့်လာသည်။ ဤမိန်းမပျိုလေးသည် သူမ၏ မှတ်ဉာဏ်များ ပျောက်ကွယ်နေပြီး သူမ အရာအားလုံးကို မေ့နေသည့်အချိန်မှာတောင်မှ သူ့ကို ကာကွယ်နေသေးသည်။ ဤသည်ကြောင့် ယဲ့ဖန် စိတ်ထိခိုက်သွားပြီး ကြည်နူးမိသလို ခံစားလိုက်ရသည်။
ဒေါက်! ဒေါက်! ဒေါက်!
ကျိုထျန်းရွှမ်နွီသည် ညင်သာစွာ လှုပ်ရှားလာပြီး ယဲ့ဖန်ထံသို့ ဖြည်းညှင်းစွာ လှမ်းလာသည်။ သူမသည် ဒဏ်ရာအပြင်းအထန် ရထားသည့် ယဲ့ဖန်၏ စိတ်ဝိညာည် ခန္ဓာကိုယ်ကို ကြည့်ပြီး ရင်နာလာလေသည်။
ထို့နောက် မျက်ရည်များ စီးကျလာပြီး သူမသည် ယဲ့ဖန်ကို စိုက်ကြည့်ပြီး တုန်ယင်နေသော အသံဖြင့် မေးလာသည်။
“အစ်ကိုကြီး … ရှင်က တကယ်ပဲ ကျွန်မရဲ့ အစ်ကိုကြီးလား”
ထိုစကားသံ၌ ဝမ်းနည်းသံနှင့် ဇဝေဇဝါ ဖြစ်နေဟန်များ ပါဝင်နေသည်။ ဤသည်ကြောင့် ယဲ့ဖန် ပို၍ ရင်နာသွားလေသည်။
“အရူးမလေး၊ ငါလေ၊ ငါက … ယဲ့ဖန်လေ”
*ယဲဖ့န်*
ထိုစကားနှစ်ခွန်းက ဟွမ်အာ၏ အရိုးထဲအထိ အချိန်အတော်ကြာ ရိုက်နှိပ်ထားသည့် စကားလုံး ဖြစ်နေကာ သူမကိုယ်လေး တုန်ယင်သွားပြီး မျက်ရည်များက ဆက်တိုက်စီးကျလာသည်။
“ယဲ့ဖန် … အစ်ကိုကြီး”
သူမ၏မျက်လုံးလေးများက ဝေခွဲမရဟန်နှင့် အတိတ်ကို လွမ်းဆွတ်နေဟန်များဖြင့် ရီဝေလာသည်။
“ဒီနာမည်က တအားရင်းနှီးနေပင်မယ့် ဘာလို့ ငါ မမှတ်မိရတာလဲ”
ဟွမ်အာ၏ အသံ၌ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်နေသည်။ ထိုအခါ ယဲ့ဖန်က ပင့်သက်ရှိုက်၍ ပြန်ပြောလိုက်သည်။
“အရူးမလေး၊ မင်းမှတ်ဉာဏ်တွေက ငါ့ကိုယ်ထဲမှာလေ၊ ငါ့ခန္ဓာကိုယ်က ဒီလောကထဲကို ခြေချနိုင်တာနဲ့ မင်းရဲ့မှတ်ဉာဏ်တွေလည်း ပြန်ရလာလိမ့်မယ်”
သူ့စကားကြောင့် ဟွမ်အာ၏မျက်လုံးလေးများက တောက်ပလာသည်။
“တကယ်လား”
“တကယ်ပြောတာ”
ယဲ့ဖန်က အလေးအနက်ထား၍ ခေါင်းညိတ်ပြလိုက်သည်။ ဤလောကထဲသို့ ခြေချနိုင်ရန်အတွက် သူ ဘာမဆို လုပ်မည် ဖြစ်သည်။ သူအတွက် သူ ဘာမဆို လုပ်မည်။
ယဲ့ဖန်၏ အမူအရာကြောင့် ဟွမ်အာ ပြုံးလိုက်မိသည်။
*ပြုံးလိုက်တာလား*
ယခုအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များသည် တစ်လောကလုံး အေးချမ်းသွားသယောင် ခံစားလိုက် မိသည်။ နှစ်တစ်သောင်းကြာ ညှိုးနွမ်းနေသည့် အပင်မှ ပန်းလေးပွင့်လာသည်ဟု ထင်မိသွားသည်။
ဤလောကမှ သိုင်းပညာရှင်များအတွက်မူ ကျိုးထျန်းရွှမ်နွီ ပြုံးသည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။
“ကျွန်မ ရှင့်ကို ယုံတယ်”
ဟွမ်အာက ယဲ့ဖန်အား နှစ်လိုဖွယ်ကောင်းစွာ ပြုံး၍ ကြည့်နေသည်။ ကျိုထျန်းရွှမ်နွီက ရှေ့သို့ တိုးလာပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်မှ နားနားကပ်၍ တိုးညှင်းစွာ ပြောလိုက်သည်။
“အစ်ကိုကြီး ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်”
ထို့နောက် သူမက ယဲ့ဖန်၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်အား နှစ်နှစ်ကာကာ အနမ်းပေးလိုက်သည်။ ထိုစဉ် ဟွမ်အာ၏ နှုတ်ခမ်းမှတစ်ဆင့် မူလစွမ်းအင် ချီဓာတ်က သူ၏စိတ်ဝိညာဉ်ထဲသို့ ချက်ချင်း စီးဝင်လာသည်ကို ယဲ့ဖန် သေချာ ခံစားလိုက်ရသည်။
*ချီဓာတ်တစ်ခုက အဖြူ၊ တစ်ခုက အနက်ဖြစ်နေပါလား*
*လတ်စသက်တော့ ဒီမူလစွမ်းအင် ချီဓာတ်က ကမ္ဘာဦးချောက်နက်ရဲ့ မူလစွမ်းအင် ဖြစ်နေပါလား*
ယဲ့ဖန်သာမက ဘေးပတ်လည်မှ နတ်မင်းများနှင့် သိုင်းပညာရှင်များအားလုံး အဖြူနှင့် အနက်ရောင် ချီဓာတ်က ယဲ့ဖန်၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ကြသည်။
ကျိုထျန်းရွှမ်နွီက ယဲ့ဖန်ကို ဤမျှတန်ဖိုးထားလိမ့်မည်ဟု ထင်မထားမိသဖြင့် အားလုံး ခြောက်ခြားသွားကြသည်။ သူမ မှတ်ဉာဏ်များ ပျောက်ဆုံးနေတာတောင်မှ သူမ၏ နတ်ဘုရား မူလစွမ်းအင်အား သူ့ထံ ခွဲပေးချင်စိတ် ရှိနေလေသည်။
ထိုအချိန်တွင် လေနတ်မင်းက ဝမ်းသာအားရ ရယ်မော၍ ရှေ့သို့ထွက်လာသည်။
“ညီငယ်လေး၊ ငါ မင်းရဲ့စိတ်ဝိညာဉ်ကနေ လေအငွေ့အသက်ကို ရနေတယ်၊ ပြောရရင် လေနိယာမပေါ့”
“ကြည့်ရတာ မင်းက ငါနဲ့ ဆက်နွယ်မှုတစ်ခု ရှိနေမယ်ထင်တယ်၊ ဒီလိုဆိုမှတော့ …”
ထိုသို့ပြောပြီး လေနတ်မင်းက သူ့နဖူးအား လက်ဖြင့် အနည်းငယ် ဖဲ့လိုက်သည်။ ထိုအခါ အပိုင်းအစတစ်ခု ထွက်ပေါ်လာလေသည်။
“ဒီလေဥပဒေသကို မင်းအတွက် လက်ဆောင်ပေးလိုက်မယ်”
ဤအဖြစ်ကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ မဟာနတ်မင်းများအတွက် ဥပဒေသ အပိုင်းအစသည် သူတို့၏ အသက်သွေးကြော ဖြစ်သည်။ သို့သော် ယခုအခါတွင် လေနတ်မင်းက အပိုင်းအစ တစ်ခု ထုတ်ပေးသဖြင့် သူ ယဲ့ဖန်ကို မည်မျှ အလေးထားသယောင် ပြသနေ၏။ လေနတ်မင်းက ကျိုထျန်းရွှမ်နွီအား မျက်နှာလုပ်ချင်၍ ဟန်လုပ်နေခြင်းဖြစ်ကြောင်း အားလုံး သိနေသည်။
ထို့နောက် ဘေးနားမှ မဟာနတ်မင်းများကလည်း ရှေ့ထွက်လာသည်။
“ကောင်လေး၊ မင်းက တော်တော် ထက်မြက်တာပဲ၊ ရော့ ဒီမှာ နတ်မင်း မိုးခေါင်းလောင်း၊ ဒီခေါင်းလောင်း မြည်လာရင် မိုးရွာလာပြီး မိုးစက်တွေက ရန်သူတွေကို သတ်ဖြတ်ပေးလိမ့်မယ်”
“ကောင်လေး၊ မင်းစိတ်ဝိညာဉ်ထဲမှာ ငရဲမီး ရှိနေတာပဲ၊ ငါက မီးနတ်ဘုရားပဲ၊ မင်းရဲ့ငရဲမီးနဲ့ ပေါင်းစပ်နိုင်ဖို့အတွက် ငါ မင်းကို မရဏဘုံမီးကို လက်ဆောင်ပေးမယ်”
“…”
ယခုအချိန်၌ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်တွင် မဟာနတ်မင်း တစ်ယောက်ပြီးတစ်ယောက်က အဖိုးတန် ရတနာများကို လက်ဆောင်ပေးနေကြသည်။
ဤသည်ကြောင့် မိုးကြိုးနတ်ဘုရား ပို၍သွေးအန်မိသွားသည်။ ထို့နောက် ယဲ့ဖန်အား ပို၍မကျေမချမ်းဖြစ်ပြီး မုန်းတီးသော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
Chapter 680 ရူးသွပ်သော ယဲ့ဖန်
ကမ္ဘာဦးချောက်နက်ရဲ့ မူလစွမ်းအင်၊ မိုးနတ်မင်း ခေါင်းလောင်း၊ မရဏမီးလျှံ၊ လေ ဥပဒေသ အပိုင်းအစ။
…
လက်ရှိအချိန်၌ မဟာနတ်မင်း တစ်ပါးပြီးတစ်ပါးက ရတနာများကို ထုတ်ပြေးနေကြသည်။ ထိုမဟာနတ်မင်းများ အားလုံး၏ မျက်နှာထက်၌ နာမည်ကောင်းရချင်နေဟန်များ ထင်ဟပ်နေသည်။
ဤအဖြစ်ကြောင့် ဘေးပတ်လည်ရှိ သိုင်းပညာရှင်များအားလုံးသည်လည်း ပွက်လောရိုက်သွားလေသည်။
*အဖိုးတန် ရတနာတွေပါလား*
ယဲ့ဖန်လက်ထဲမှ ရတနာများကို ကြည့်ပြီး လူတိုင်း ရင်တဒိတ်ဒိတ်ခုန်လာကြသည်။ ဤအရာများသည် မဟာနတ်မင်းများ၏ အဖိုးတန် ရတနာများဖြစ်သဖြင့် ထုတ်လိုက်သည့် ရတနာတိုင်းက ယင်ယန်လောကကြီးအား ထိတ်လန့်သွားစေသည်။
“စီနီယာအစ်ကိုကြီး၊ မြန်မြန်လုပ်၊ ဆရာ့ရဲ့ ရတနာကို ထုတ်လိုက်၊ ကျွန်တော်တို့ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး”
“ညီမလေး၊ မင်းအဖေ ပေးလိုက်တဲ့ စိတ်ဝိညာဉ် ဖမ်းချုပ်ခြင်း ခေါင်းလောင်းကို ပေးလိုက်ရင်ရော၊ အခုအချိန်မှ လက်ဆောင်မပေးလိုက်ရင် ငါတို့ ဘယ်လိုလုပ် မျက်နှာရမလဲ”
“အဖေ၊ အဖေ့မှာ ကျိုထျန်းရွှမ်နွီအတွက် ရတနာတစ်ခုမှ မရှိဘူးလား၊ အခု ဟိုလူကိုသာ လက်ဆောင် ပေးလိုက်မယ်ဆိုရင် ကျိုထျန်းရွှမ်နွီက သမီးတို့ကို အမြင်ပြောင်းသွားမှာ”
….
မဟာနတ်မင်းများသာမက သိုင်းပညာရှင်များ အားလုံးသည်လည်း ဆူညံပွက်လောရိုက်နေသည်။ ကျိုထျန်းရွှမ်နွီ၏ အဆင့်အတန်းကို သူတို့အားလုံး သိထားကြသည်။ သူတို့ ဤနန်းတော်သို့ လာရသည့် အကြောင်းရင်းသည်လည်း အဖိုးတန်လက်ဆောင်များ ပြင်ဆင်၍ပေးအပ်ရန် ဖြစ်လေသည်။
ယခုအခါတွင် ကျိုထျန်းရွှမ်နွီကို လက်ဆောင်ပေးရန် မလိုတော့ဘဲ ယဲ့ဖန်ကို လက်ဆောင်များ ထုတ်ပေးလိုက်ခြင်းက ကျိုထျန်းရွှမ်နွီ၏ အထင်ကြီးမှုကို ရရှိရန် ပို၍လွယ်ကူကြောင်း အားလုံး သိလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် နန်းတော်ရှေ့သည် ရတနာများ ပေးအပ်ရာ နေရာကြီး ဖြစ်နေ၏။ သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်က မျက်နှာရရန်အတွက် သူတို့၏ ရတနာများကို ထုတ်၍ ယဲ့ဖန်လက်ထဲသို့ ထည့်ပေးနေကြသည်။
“ညီငယ်လေး၊ ဒါက ငါ့တုကူးမိသားစုရဲ့ လွန်းပြန်ယာဉ်ပဲ၊
“ဒီကညီလေး ဒီဓားရှည်ကို ကောင်းကင်ခွင်းဓားလို့ ခေါ်တယ်၊ ဒီဓားချက်တစ်ချက်နဲ့ဆိုရင် အောက်ငရဲဘုံက နတ်ဘုရားနယ်မြေတစ်ခုလုံးကို သတ်ပစ်လို့ ရတယ်”
“ပြီးတော့ ဒီမှာ ငါ မင်းကို အရိုးဆေး လက်ဆောင်ပေးမယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ”
“…”
ယခုအချိန်၌ ယဲ့ဖန်၏ ခြေလက်၊ လည်ပင်းနှင့် ခါးတို့တွင် ရတနာများဖြင့် ပြည့်နှက်နေ၏။ ပစ္စည်းပေါင်း ထောင်ချီ၍ ရှိနေသောကြောင့် ယဲ့ဖန်သည် ရတနာပစ္စည်းများ ထားရာ နေရာတစ်ခုသဖွယ် ဖြစ်နေလေသည်။ ထိုရတနာများ၏ အရည်အသွေးနှင့် အဖိုးထိုက်တန်မှုတို့ကြောင့် မဟာနတ်မင်းများတောင်မှ အားကျမိရသည်။
ဝေါ့!
ဤမြင်ကွင်းကြောင့် မိုးကြိုးနတ်ဘုရား သွေးအန်မိသည်။ သူ မုန်းတီးသည်။ သူ၏ရင်ထဲအသည်းထဲမှနေ၍ ယဲ့ဖန်အား အမှန်တကယ် မုန်းမိသည်။
ယဲ့ဖန်ကြောင့် သူ့လက်မောင်းတစ်ဖက် ပြတ်ခဲ့ရသည်။ ယဲ့ဖန်ကြောင့်ပင် သူ အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ပို၍ခံရခက်သည်မှာ သူ၏မိတ်ဆွေဟောင်းများက သူတို့၏ ရတနာများကို သူ၏ရန်သူထံ လိုလိုလားလား ပေးနေခြင်းပင်။
ဤအဖြစ်ကြောင့် မိုးကြိုးနတ်ဘုရား ရူးမတတ် ဖြစ်နေသည်။ သို့သော် ဤအဖြစ်က ထိုမျှနှင့် မရပ်သေးပေ။ ယဲ့ဖန်က ခပ်ပြုံးပြုံးဖြင့် ရတနာအားလုံးကို လက်ခံလေသည်။ ထို့နောက် သူက အစွမ်းအထက်ဆုံး ရတနာများကို ထုတ်ယူ၍ မဟာနတ်မင်းအချို့ကို ပြန်မေးလိုက်သည်။
“ဒီမိုးနတ်မင်း ခေါင်းလောင်းက တကယ် တီးလိုက်တာနဲ့ မိုးရွာပြီး လူတွေသေမှာလား”
သူ့အမေးကြောင့် မိုးနတ်မင်းက ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။
“မြေကြီးလက်ခတ်မလွဲပေါ့ကွာ”
ယဲ့ဖန်က ခပ်ဖွဖွပြုံး၍ ကျေနပ်သလို ခေါင်းညိတ်လိုက်ပြီး မီးနတ်ဘုရားကို လှမ်းကြည့်လေသည်။
“ဒီမရဏမီးလျှံက တကယ်ပဲ မိုးကောင်းကင်ကို လောင်ကျွမ်းစေပြီးတော့ အရာအားလုံးကို ဖျက်ဆီးစေ နိုင်တာလား”
“အမှန်ပဲ”
မီးနတ်ဘုရားက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် ယဲ့ဖန်က လေနတ်မင်းကို လှမ်းကြည့်၍ မေးပြန်သည်။
“ဒီလေဥပဒေသက တကယ်ပဲ ကျုပ်ကို မီတာထောင်ချီတဲ့ အကွာအဝေးအတွင်းက အရာအားလုံးကို သတ်နိုင်အောင် လုပ်ပေးမှာလား”
“ဒီကောင်းကင်ခွင်းဓားက တကယ်ပဲ နတ်ဘုရားနယ်မြေကို ဖျက်ဆီးနိုင်ပြီးတော့ ရန်သူကို သတ်နိုင်မှာလား”
ထိုစကားကြောင့် လေနတ်မင်းနှင့် သိုင်းပညာရှင်တို့ အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့အတည်ပြုပြီးနောက် ယဲ့ဖန်က ရယ်လေသည်။
ရယ်သံက နတ်ဆိုးတစ်ကောင်၏ ရယ်သံနှင့် တူနေလေ၏။ ဤမြင်ကွင်းကြောင့် မဟာနတ်မင်းများအားလုံး ဇဝေဇဝါ ဖြစ်သွားပြီး ဘာကြောင့် သည်လူက လိုက်မေးနေရသလဲဆိုတာကို နားမလည်ကြချေ။
သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့်မြင်ကွင်းကြောင့် အားလုံး နားလည်သွားရသော်လည်း နားဝေတိမ်တောင် ဖြစ်သွားကြလေသည်။
“ဒီလိုဆိုမှတော့ ကျုပ် လုပ်စရာ တစ်ခုပဲ ရှိတော့တယ်”
ယဲ့ဖန်၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး မိုးကြိုးနတ်ဘုရားထံသို့ မိုးနတ်မင်း ခေါင်းလောင်း တီးလိုက်သည်။
ကောင်းကင်၌ ရုတ်တရက် တိမ်မည်းများဖြင့် ပြည့်နှက်လာပြီး အနက်ရောင် နတ်ဘုရားမိုးစက်များက မိုးကြိုးနတ်ဘုရားပေါ်သို့ ကျဆင်းလာသည်။
ထိုသည်သာမကသေးဘဲ ယဲ့ဖန်က လက်ဝါးတစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ အပူရှိန်ပြင်းလှသည့် မရဏမီးလျှံက မိုးကြိုးနတ်ဘုရားအား လွှမ်းခြုံသွားသည်။
ယဲ့ဖန်သည် လေဥပဒေသ အပိုင်းအစကို သုံး၍ လေပြင်းကဲ့သို့ မိုးကြိုးနတ်ဘုရားထံ ပြေးဝင်ကာ ကောင်းကင်ခွင်းဓားကို ဝင့်၍ ခုတ်ပိုင်းချလိုက်သည်။
ဤသို့ ဆက်တိုက်တိုက်ခိုက်မှုက အားလုံးကို ခြောက်ခြားသွားစေသည်။ ယဲ့ဖန်က လူတိုင်း ပေးလိုက်သည့် ရတနာများကို အသုံးချ၍ မိုးကြိုးနတ်ဘုရားကို တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြချေ။
“အား…”
မိုးကြိုးနတ်ဘုရား ထိတ်လန့်သွားသည်။ နတ်ဘုရား မိုးစက်များက သူ၏ရွှေအိုရောင် အရေပြားကို တိုက်စားနေသည်။ မရဏမီးလျှံက သူ၏အရိုးစုအား လောင်မြှိုက်နေ၏။ ထို့အပြင် ကောင်းကင်ခွင်းဓားဖြင့် ခုတ်ပိုင်းခံရသောကြောင့် သူ သွေးအန်မိပြန်သည်။ သူ ရူးမတတ် ဒေါသထွက်သွားလေသည်။
“ကောင်းကင်ဖြိုခွင်းသူ၊ မင်း … မင်းကများ ငါ့ကို တိုက်ခိုက်ရဲတယ်လား”
ယဲ့ဖန်၏ ရက်စက်ကြမ်းကြုတ်မှုက ဤမျှအထိ ပြင်းထန်လွန်းလိမ့်မည်ဟု မိုးကြိုးနတ်ဘုရား တစ်ခါမှ တွေးထင်မထားမိပေ။
ဤနေရာရှိ မည်သည့် သိုင်းပညာရှင်မဆို သတ်ပစ်လိုက်နိုင်သည့် ထူးခြားသော စိတ်ဝိညာဉ် ခန္ဓာကိုယ်ရှိသော အားနည်းသည့် ပုရွက်ဆိတ်လိုအကောင်က အတင့်ရဲခြယ်လှယ်စွာဖြင့် သူ့ကဲ့သို့ မြင့်မြတ်သော နတ်မင်းအား တိုက်ခိုက်ရဲလိမ့်မည်ဟု ထင်မထားမိပါ။
ဤသည်က မိုးကြိုးနတ်ဘုရားအား မျက်နှာပျက်သွားစေသည်။ လေနတ်မင်း၊ မိုးနတ်မင်းနှင့် မီးနတ်ဘုရားတို့ အံ့အားသင့်နေကြသည်။ အားလုံး မျက်နှာမည်းမှောင်နေကြလေသည်။
*သေစမ်း*
*ဒီကောင်လေးက အရူးပဲ*
ဟွမ်အာတောင်မှ အော်ရယ်မိမည်စိုး၍ ပါးစပ်လေးကို လက်ဖြင့်အုပ်နေရလေသည်။ သို့သော် မည်သူကမျှ ဝင်မတားကြချေ။
ရွှစ်!
မိုးကြိုးနတ်ဘုရားထံမှ သွေးများ ပန်းထွက်လာသည်။ အသားမီးလောင်သည့်အနံ့၊ အသားကို အက်ဆစ်ကဲ့သို့သော မိုးရေများက တိုက်စားနေမှုတို့ကြောင့် မိုးကြိုးနတ်ဘုရား သေမတတ် နာကျင်နေရသည်။ သူ ဒေါသလည်း ထွက်မိနေသည်။
ယဲ့ဖန်က ဤမျှ စဉ်းလဲလိမ့်မည်ဟု သူ ထင်မထားမိချေ။ သူ အပြင်းအထန် ဒဏ်ရာရထားချိန်၌ တစ်ဖက်လူက အဖိုးတန် ရတနာများကို အသုံးချ၍ တိုက်ခိုက်လာ၏။
*ဒီမျိုးမစစ်ကောင်က သာမန်အသိစိတ်နဲ့ မလုပ်ရဲတာတွေကို လုပ်ရဲတဲ့အထိ တော်တော်လေး ထူးခြားတာပဲ*
သို့သော် ဒေါသထွက်နေခြင်းက အထောက်အကူ မဖြစ်ပေ။ ယခင်က မိုးကြိုးနတ်ဘုရားသည် ဟွမ်အာကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ထို့အပြင် ယခု တန်ဖိုးကြီး ရတနာများ၏ တိုက်ခိုက်မှုအောက်၌ သူ၏ ဒဏ်ရာများက ပို၍ပြင်းထန်လာကာ သွေးများဖြင့် ရွှဲနစ်လာ၏။
“မျိုးမစစ်ကောင်လေး၊ ဒီနတ်ဘုရားက မင်းကို ဆုတ်ဖြဲပစ်မယ်ကွ”
မိုးကြိုးနတ်ဘုရားက အတောမသတ်နိုင်သော ဒေါသစိတ်နှင့်အတူ နတ်ဘုရားစွမ်းအင်များကို လည်ပတ်စေပြီး ယဲ့ဖန်အား အားကုန်သုံး၍ ထိုးနှက်လိုက်သည်။ သို့သော် ယဲ့ဖန်က မကြောက်ပေ။
“ခင်ဗျားကလား”
ယဲ့ဖန်က ကွာခြားချက်ကို လျစ်လျူရှု၍ မိုးကြိုးနတ်ဘုရားအား ကောင်းကင်ခွင်းဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
ကောင်းကင်ယံ၌ တန်ဖိုးကြီး ရတနာများဖြင့် ပြည့်နှက်နေပြီး တောင်ထိပ်ပေါ်၌ လေတဟူးဟူး တိုက်ခတ် နေလေသည်။ ထိုရတနာများ၏ ပြင်းထန်လှသည့် အရှိန်အဝါက လောကကြီးကို ဖျက်ဆီးတော့မည်ဟု ထင်မှတ်ရသည်။
မိုးကြိုးနတ်ဘုရား၏ လက်သီးချက်က ပျက်စီးသွားပြီး မိုးကြိုးနတ်ဘုရားသည်လည်း လွင့်ထွက်သွားလေသည်။ ထို့အတူ များပြားလှသည့် ရတနာများက သူ့အား တိုက်ခိုက်လာသောကြောင့် သွေးများ ပန်းထွက်လာ၏။
ထို့နောက် သူသည် မြေကြီးပေါ် လဲကျကာ သွေးများက နေရာအနှံ့သို့ စီးသွားလေသည်။ သူ ဘယ်သောအခါမှ ပြန်မတိုက်နိုင်တော့ချေ။
မြင့်မြတ်သော မိုးကြိုးနတ်ဘုရားက သွေးအိုင်ထဲ လဲကျသွားသည်ကိုမြင်ပြီး ယဲ့ဖန်၏ ရက်စက် ကြမ်းကြုတ်မှု အပေါ် အားလုံး ထိတ်လန့်သွားကြသည်။ သို့သော် ယဲ့ဖန်က သူတို့ကို အရေးမစိုက်ပေ။
သူသည် ကောင်းကင်ခွင်းဓားကို ဝင့်၍ မိုးကြိုးနတ်ဘုရားကို ခုတ်ပိုင်းလိုက်သည်။ ထိုအခါ နတ်ဘုရားသွေးစက်များ စဉ်ထွက်လာပြီး မိုးကြိုးနတ်ဘုရား၏ ပေါင်တစ်ဖက် အဖြတ်ခံလိုက်ရသည်။
ထိုအခါတွင်မှ ယဲ့ဖန်က ရတနာများကို သိမ်းဆည်း၍ ရွှေအိုရောင် ပေါင်တစ်ဖက်ကို ကောက်ယူကာ အသာပြုံးလိုက်သည်။
“လူသတ်ချင်တဲ့စိတ်လေး ဆက်မွေးထားလိုက်ဦး၊ ကျုပ် ခင်ဗျားကို ထပ်တွေ့ချင်သေးတယ်”
“ခင်ဗျားဒဏ်ရာကိုလည်း ဂရုစိုက်ဦး။ ကျုပ် ခင်ဗျားကို သွေးနဲ့ရေချိုးပေးဖို့ စောင့်နေမယ်”
ထို့သို့ပြောပြီးနောက် ယဲ့ဖန်က မဟာနတ်မင်းများနှင့် သိုင်းပညာရှင်များအား လက်ပြ၍ တက်ကြွထက်သန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အားလုံးပဲ၊ ခင်ဗျားတို့က သိပ်ရက်ရောတာပဲဗျာ”
ထို့နောက် သူသည် ဟွမ်အာအား စူးစူးနစ်နစ် စိုက်ကြည့်လိုက်သည်။
“ကောင်မလေး ငါ့ကို စောင့်နေ”
ထို့နောက် စိတ်ဝိညာဉ် ခန္ဓာကိုယ်က တဖြည်းဖြည်း အရောင်မှိန်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထိုအခါတွင်မှ မဟာနတ်မင်းများနှင့် သိုင်းပညာရှင်များသည် သွေးသံတရဲရဲနှင့် ဖြစ်နေသော လက်တစ်ဖက်၊ ခြေတစ်ဖက်သာ ရှိတော့သည့် မိုးကြိုးနတ်ဘုရားကိုကြည့်ပြီး နဖူးမှ ချွေးများ စီးကျလာသည်။
*အရူးကောင်*
*ယဲ့ဖန်*
ဤနာမည်က သိုင်းပညာရှင်များအားလုံး၏ စိတ်ထဲတွင် မှတ်ကျောက်ထင်သွားပြီး သူတို့ လုံးဝ ရန်မစသင့်သည့် ပုဂ္ဂိုလ်တစ်ယောက်ဟု သတ်မှတ်လိုက်ကြလေသည်။
Chapter 681 ကြောက်စရာကောင်းသော လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်
ကမ္ဘာဂြိုဟ်ပေါ်၌ ခေါင်းပြောင်ငှက်က စိုးရိမ်တကြီး အော်ဟစ်လိုက်သောကြောင့် အမှောင်သခင် နတ်ဆိုးဘုရင်၊ ချီယန် နတ်ဆိုးဘုရင်၊ ဧကရီလင်းလန်နှင့် အခြားသူများအားလုံး တောင်ပေါ်သို့ ပြေးလာကြသည်။
အားလုံး အလောတကြီးနှင့် ဝေ့ကြည့်လိုက်ပြီးနောက် ယဲ့ဖန်၏နဖူးမှ သွေးများ ပိုပို စီးကျလာသည်ကို တွေ့လိုက်ရသည်။
ဤသို့ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကြောင့် အားလုံး ရင်တုန်သွားကြသည်။
“သခင်ကြီးက ဘာလို့ သတိရမလာသေးတာလဲ၊ သခင်ကြီးရဲ့ စိတ်ဝိညာဉ်က အန္တရာယ်ထဲ ရောက်နေတာလား”
အမှောင်သခင် နတ်ဆိုးဘုရင် စိုးရိမ်စွာဖြင့် ချွေးပြန်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာရှင် တစ်ယောက်၏ စိတ်ဝိညာဉ်က အထိမခံနိုင်သော အရေးပါလှသည့် အရာတစ်ခုဖြစ်ကြောင်း သူ သိနေသောကြောင့်ပင်။
စိတ်ဝိညာဉ်သာ သုတ်သင်ခံလိုက်ရပါက လူတစ်ယောက်သည် ကျိန်းသေပေါက် သေဆုံးသွားပြီး ပြန်လည်ဝင်စားခြင်း ပြုနိုင်ရန် ဖြစ်နိုင်ခြေ မရှိတော့ချေ။
“ယဲ့ဖန်”
လင်းလန်၊ အန်းရှီ၊ ပိုင်ယီနှင့် အခြားသူများ၏ မျက်နှာလေးများသည် စက္ကူစကဲ့သို့ ဖြူရော်၍ စိုးရိမ်စိတ်ကြောင့် မျက်ရည်များက မိုးစက်သဖွယ် ကျဆင်းလာသည်။
တစ်နာရီ၊ သုံးနာရီ၊ ငါးနာရီ။ ဤသို့ အလွန်အမင်း စိတ်ဆင်းရဲစွာဖြင့် စောင့်နေချိန်တွင် ယဲ့ဖန်ထံမှ သတိရလာမည့် အရိပ်အယောင်မျိုး ပြသမလာချေ။ ထိုအစား သူ၏နဖူးမှ သွေးများက ပို၍စိမ့်ထွက်လာသည်။
ဝေါ့!
နောက်ဆုံးတွင် သွေးအန်လာပြီးနောက် ညည်းတွားလာကာ သတိပြန်လစ်သွားသည်။ သူ၏စိတ်ဝိညာဉ်သည် ယင်ယန်လောကထဲ၌ မိုးကြိုးနတ်ဘုရား၏ နတ်ဘုရားမိုးကြိုးကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့သည်။
ထို့အပြင် မရဏမီးလျှံနှင့် လေဥပဒေသတို့ကို အတင်းထုတ်သုံးခဲ့ခြင်းက သူ့အား ပို၍ ဒဏ်ရာပြင်းသွားစေသည်။ ထို့ကြောင့် စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်သည်နှင့် ယဲ့ဖန် သတိလွတ်သွားခြင်း ဖြစ်လေသည်။
“သခင်ကြီး”
“ယဲ့ဖန်”
အားလုံး အော်ဟစ်ရင်း အပြေးလာ၍ ယဲ့ဖန်ကို ပွေ့ထားလိုက်ကြသည်။ ယဲ့ဖန်၏နဖူးမှ သွေးများ ဆက်တိုက် စီးကျလာသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့နောက် ထိုသွေးများမှနေ၍ ရဲရဲနီနေသော မျက်လုံးတစ်လုံးအဖြစ် ဖြည်းညှင်းစွာ ပြောင်းလဲသွားလေသည်။
“ဒါ … ဒါ ကောင်းကင်မျက်လုံးပဲ”
ခေါင်းပြောင်ငှက် မှင်တက်သွားပြီးနောက် ဝမ်းသာသွားသလို စိုးရိမ်စိတ်လည်း ဖြစ်လာလေသည်။
“စိတ်မပူနဲ့တော့၊ ကောင်လေးယဲ့က စိတ်ဝိညာဉ်မှာ ဒဏ်ရာရသွားပင်မယ့် ကောင်းကင်မျက်လုံးကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းနိုင်လိုက်ပြီ။ ဒီခရီးစဉ်က ဒဏ်ရာနဲ့ ယှဉ်လိုက်ရင် သူ တော်တော်လေး အကျိုးအမြတ် ရလိုက်တာပဲ”
ခေါင်းပြောင်ငှက်၏ မျက်လုံး၌ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ စွန်းထင်နေသည်။ ယဲ့ဖန်သည် ရှေးခေတ်အချိန်မှစ၍ ယခုအချိန်အထိ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်နိုင်သည့် ပထမဆုံးသောသူပင်။
သူ့စကားကြောင့် ဘေးနားမှ လူများ မသိမသာ မှင်တက်သွားသည်။ ထို့နောက် ယဲ့ဖန်၏ အရှိန်အဝါက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်ကို ခံစားမိပြီး အားလုံး စိတ်အေးသွားရသည်။
ယဲ့ဖန်၌ အသက်အန္တရာယ် မရှိတော့ဘဲ ခြောက်ခြားဖွယ်ကောင်းသည့် ဆင့်ကဲပြောင်းလဲမှုကို ကျော်ဖြတ်နေရ သောကြောင့် အချိန်လိုအပ်နေခြင်းသာ ဖြစ်သည်ကို သိသွားလေသည်။
….
ယဲ့ဖန် သတိလစ်၍ ကျင့်ကြံနေသလို အချိန်သည်လည်း တဖြည်းဖြည်း ကုန်လွန်လာပြီး မျက်စိတစ်မှိတ် အတွင်း၌ သုံးလ ကုန်သွားလေ၏။
သို့သော် ဤမျှအချိန်အတွင်း ယဲ့ဖန်မှ နိုးလာမည့် လက္ခဏာမျိုး ပြသမလာချေ။ ကမ္ဘာဂြိုဟ်ပေါ်၌ အတင်းအဖျင်း တစ်ခုက နေရာတကာသို့ ပျံ့နှံ့လျက် ရှိသည်။
“သတင်းထူးဟေ့၊ စစ်နတ်ဘုရားက ဒဏ်ရာ အပြင်းအထန် ရထားပြီးတော့ အသက်အန္တရာယ် ဖြစ်နေတယ်တဲ့”
“စစ်နတ်ဘုရားက ကြောက်စရာကောင်းတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံရင်း ရုတ်တရက် သတိလစ်သွားပြီးတော့ ပြန်သတိရမလာတော့ဘူးတဲ့”
“ဧကရီက စစ်နတ်ဘုရားရဲ့ သတင်းအားလုံးကို ပိတ်ဆို့ထားဖို့ အမိန့်ပေးထားတယ်ဆိုတော့ ဒီကိစ္စမှာ လျှို့ဝှက်ချက်တစ်ခု ရှိကိုရှိလိမ့်မယ်”
“…”
ယဲ့ဖန် ပြန်မပေါ်လာလေ ကောလာဟလများက ကမ္ဘာအနှံ့ ဆက်တိုက်ပျံ့နှံ့နေ၏။ တစ်ချိန်တည်းမှာပင် လကမ္ဘာပေါ်ရှိ လူသားအခြေစိုက်စခန်း၏ အခန်းတစ်ခန်းအတွင်း၌ လူငယ်တစ်ယောက် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အစောင့်တစ်ယောက်အား အလောတကြီး မေးနေသည်။
“မင်း ဘာပြောလိုက်တာလဲ၊ အဲ့ယဲ့ဖန်က တကယ် သေလုမျောပါး ဖြစ်နေတာလား”
ထိုလူငယ်လေးသည် စစ်နတ်ဘုရား အိမ်တော်မှ အစောင့်ဖြစ်ခဲ့ဖူးသော လီဖန်းပင်။ ကမ္ဘာမြေပေါ်မှ နှင်ထုတ်ခံထားရပြီးနောက် သူ နှစ်လတာ ထွက်သွားခဲ့သည်။ ပြီးခဲ့သည့်လကမှ သူ အသည်းအသန် ပြန်လာပြီး လကမ္ဘာပေါ်ရှိ လူသားအခြေစိုက်စခန်း၌ လာနေခြင်း ဖြစ်လေသည်။
ထိုနှစ်လအတွင်း လီဖန်း ဘယ်သွားနေခဲ့လဲဆိုတာကို မည်သူမျှ မသိသလို၊ မည်သူနှင့် တွေ့ခဲ့သလဲ ဆိုသည်ကိုလည်း မသိကြပေ။
လူတိုင်း သိထားသည်မှာ ဤလပိုင်းအတွင်း လီဖန်းသည် ကြောက်မက်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ပုံရပြီး နတ်ဧကရာဇ်အဆင့်မှ နတ်ဘုရင်အဆင့်သို့ အဆင့်တက်သွားသည့် အချက်ပင်။
ထို့အပြင် သူ၏ ကမ္ဘာမြေပေါ် အညှိုးထားမှုကလည်း အလွန် ပြင်းထန်လေသည်။ သူ့စိတ်ထဲတွင် သူသည် ကမ္ဘာမြေသား တစ်ယောက် ဖြစ်ပြီး ယဲ့ဖန်၊ လင်းလန်နှင့် အခြားသူများသည် သူ့အား ကမ္ဘာမြေပေါ်မှ နှင်ထုတ်နိုင်သည့် အရည်အချင်းမရှိဟု သတ်မှတ်ထားသည်။
လီဖန်း၏ အမေးကြောင့် အစောင့်က တိုးတိုးလေး ကပ်ပြောလေသည်။
“အစ်ကိုဖန်း ဒီသတင်းက တကယ် အမှန်ပါ၊ ပြီးခဲ့တဲ့ သုံးလတုန်းက စစ်နတ်ဘုရားကို ဧကရီ ပြန်ခေါ်လာတုန်းက စစ်နတ်ဘုရား နဖူးကနေ သွေးတွေထွက်ပြီး သတိလစ်နေတာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာပါ”
“အခု သတင်းတွေကို ပိတ်ဆို့ထားတယ်၊ စစ်နတ်ဘုရား သေလုမျောပါး ဖြစ်နေပြီလို့ သတ်မှတ်လို့ ရတယ်”
ထိုစကားက လီဖန်းအား အလွန် ပျော်မြူးသွားစေသည်။
“ဟားဟားဟား … ဝဋ်လည်တာပဲကွ၊ အဲ့ဒါ ဒီသခင်ကြီးကို ကမ္ဘာမြေပေါ်ကနေ အဲ့ကောင် နှင်ထုတ်ခဲ့လို့ ဝဋ်လည်တာ”
လီဖန်း၏ မျက်နှာ၌ မကျေမနပ် ဖြစ်နေဟန်များဖြင့် ပြည့်နှက်နေသည်။ သူ့မျက်လုံးများက မီးဝင်းဝင်း တောက်နေပြီး တစ်စုံတစ်ရာကို တွေးတောနေပုံရသည်။
“မင်း ကမ္ဘာဂြိုဟ်ဆီ ပြန်သွားပြီး စစ်နတ်ဘုရား အိမ်တော်ကို စောင့်ကြည့်နေ၊ တစ်ခုခု သတင်းထူးတာနဲ့ ငါ့ကို ပြန်သတင်းပို့”
လီဖန်း၏စကား၌ အဓိပ္ပာယ်များစွာ ပါဝင်နေသောကြောင့် ထိုအစောင့် အံ့ဩသွားသည်။
“အစ်ကိုဖန်း၊ ခင်ဗျား ဘာလုပ်ချင်နေတာလဲ၊ စစ်နတ်ဘုရားက ကမ္ဘာဂြိုဟ်က လူသားမျိုးနွယ်တွေရဲ့ ကျေးဇူးရှင်လေ၊ ကမ္ဘာမြေသားအားလုံးရဲ့ စိတ်ထဲက လေးစားရတဲ့ သူရဲကောင်းပဲ”
“မင်း … မင်း လျှောက်ပြဿနာ မရှာသင့်ဘူး”
ထိုအစောင့် စိုးရိမ်ပူပန်သွားသည်။
“စိတ်ချစမ်းပါ၊ ငါတို့က ညီအစ်ကိုတွေပဲကို၊ ငါ မင်းကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်မှာလဲ”
ထိုသို့ပြောနေချိန်၌ လီဖန်းက သွေးဆာဟန် ပြုံးလိုက်သည်။
“ငါ မင်းကို အမှန်အတိုင်း ပြောမယ်ကွာ၊ ငါ ကမ္ဘာဂြိဟ်ကနေ ထွက်သွားတုန်းက သွေးအဆိပ် နတ်ဘုရား နယ်မြေကို ရောက်သွားတာ၊ ငါ သွေးအဆိပ် အရှင်သခင်ကို ကမ္ဘာဂြိုဟ်ပေါ်က နတ်ဆိုးမျိုးနွယ်အကြောင်း ပြောပြလိုက်သေးတယ်”
“ရက်နည်းနည်းလောက် ကြာပြီးရင် သွေးအဆိပ် အရှင်သခင်က အခြားအရှင်သခင်နဲ့ အစည်းအဝေးလုပ်ပြီးတော့ စစ်တပ်ကို ဦးဆောင်ပြီး နဂါးငွေ့တန်းကို လာလိမ့်မယ်”
“အဲ့အခါကျရင် ကမ္ဘာဂြိုဟ်ပေါ်က နတ်ဆိုးအားလုံး သေသွားလိမ့်မယ်၊ ယဲ့ဖန်ဆို ပိုပြီးတောင်မှ သေရလိမ့်မယ်”
*ဘာ*
သူ့စကားကြောင့် အစောင့်ဖြစ်သူ အံ့ဩသွားသည်။ ကမ္ဘာမြေပေါ်တွင် နတ်ဆိုးမျိုးနွယ်က အရေးပါသည်ကို ကမ္ဘာပေါ်ရှိ လူသားများအားလုံး သိထားကြသည့် အရာဖြစ်သည်။ ထို့အပြင် မည်သူကမျှ နတ်ဆိုးမျိုးနွယ်ကို သစ္စာဖောက်ချင်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာမြေသားများနှင့် နတ်ဆိုးများသည် ကျင့်ကြံသည့် ချီခြင်းတူပြီး မိသားစုသဖွယ် ဆက်နွယ်နေထိုင်ကြသောကြောင့်ပင်။
လီဖန်းမှလွဲ၍ ကျန်လူများက ထိုသို့သောစိတ်ဓာတ် ရှိကြသည်။
“အစ်ကိုဖန်း၊ ခင်ဗျား …”
ထိုအစောင့်သည် ယခင်က လီဖန်းနှင့် မိတ်ဆွေကောင်းများ ဖြစ်သည်။ ထို့ကြောင့် သူက ယဲ့ဖန် ဒဏ်ရာ အပြင်းအထန် ရနေသည့်သတင်းကို ပြောပြခြင်း ဖြစ်သည်။ ဤသို့ပြောပြခြင်းမှာလည်း လီဖန်း ကမ္ဘာပေါ်သို့ ပြန်လာနိုင်သည့် အခွင့်အရေးရအောင်သာ ပြောခြင်း ဖြစ်လေသည်။
သို့သော် လီဖန်းက သွေးအဆိပ် နတ်ဘုရားနယ်မြေနှင့် ဆက်သွယ်၍ နဂါးငွေ့တန်း အင်ပါယာက လူတိုင်းကို ရောင်းစားလိမ့်မည်ဟု သူ ထင်မထားမိပါ။
*ဒါက …*
ယခုအချိန်၌ ထိုအစောင့် ချွေးပြန်နေသည်။ ထိုအစောင့်၏ စိတ်ကို သိနေဟန်ဖြင့် လီဖန်းက ပြုံး၍ပြောလိုက်သည်။
“ညီလေး မင်း ကြောက်စရာမလိုဘူး၊ သွေးအဆိပ် အရှင်သခင်က ကမ္ဘာပေါ်က နတ်ဆိုးမျိုးနွယ်ကိုပဲ စိတ်ဝင်စားတာ”
“သူက နတ်ဆိုးမျိုးနွယ်က ကျန်ရှိနေတဲ့ နတ်ဆိုးအားလုံးကို ဖမ်းသွားမယ်လို့ ကတိပေးထားတယ်၊ ပြီးတော့ ငါ့ကို နဂါးငွေ့တန်း အင်ပါယာရဲ့ အရှင်သခင်အဖြစ် ထားမယ်လို့တောင် ကတိပေးသေးတယ်”
*ဘာ*
ထိုစကားကြောင့် အစောင့်က အံ့အားသင့်သွားသည်။ လီဖန်း၏ ရည်ရွယ်ချက်က ဤမျှကြီးမားနေလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။
လီဖန်းက ကမ္ဘာဂြိုဟ်ပေါ်သို့ ပြန်လာရန်အတွက် သွေးအဆိပ် အရှင်သခင်၏ အင်အားကို ငှားရုံသာမက နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ်နေရာကိုပါ ရယူချင်နေသေးသည်။
အစောင့်က ကြောက်နေသည်ကိုမြင်ပြီး လီဖန်း အသာပြုံးလိုက်သည်။
“ညီလေး၊ ငါ အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာတာနဲ့ ငါ မင်းကို အင်ပါယာထဲက နယ်မြေတစ်ခုရဲ့ ဘုရင်အဖြစ် ထားမယ်ကွာ၊ ငါတို့ညီအစ်ကိုတွေ နဂါးငွေ့တန်းကို အုပ်ချုပ်ပြီး ယဲ့ဖန်နဲ့ လင်းလန် အုပ်ချုပ်တုန်းကထက် အဆတစ်ရာ ပိုသန်မာအောင် လုပ်ကြမယ်”
“ကမ္ဘာမြေပေါ်က သိုင်းပညာရှင်တစ်ယောက်အနေနဲ့ မင်း တကယ်ပဲ ယဲ့မိသားစုက တရားမဝင်ကလေးဆီမှာ အညံ့ခံနေချင်တာလား”
လီဖန်း၏ စကားများ၌ သွေးဆောင်နေသည့် မက်လုံးများ ပါဝင်နေသည်။
အင်ပါယာထဲက ဘုရင်။ ဤစကားလုံးကို ကြားသည်နှင့် အစောင့်၏မျက်နှာတွင် လောဘရိပ်များ စွန်းထင်း လာသည်။ အချိန်အတော်ကြာ တွေးနေပြီးနောက် အစောင့်က ပြတ်ပြတ်သားသား ခေါင်းညိတ်လာသည်။
“ကောင်းပြီလေ၊ ငါ ကတိပေးတယ်”
သူ့စကားကြောင့် လီဖန်း၏အပြုံးက ပို၍ပီပြင်လာသည်။ ထို့နောက် သူသည် လက်ကိုလှုပ်၍ အနက်ရောင် ပုလင်းလေးတစ်ခုကို ထုတ်လိုက်ပြီး စဉ်းလဲစွာ ပြုံးလေသည်။
“သိပ်မှန်တယ်၊ ငါ့ညီ … ဒီဆေးကို အရိုးပျော့အဆိပ်လို့ ခေါ်တယ်”
“ဒါကို လေထဲမှာ ဖြူးချလိုက်တာနဲ့ ရောဂါတစ်ခုလို ဖြစ်သွားပြီးတော့ အင်မော်တယ်ဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် တိုက်ခိုက်ဖို့ ခက်ခဲသွားလိမ့်မယ်”
“သွေးအဆိပ် အရှင်သခင် ဒီရောက်လာတာကို စောင့်နေလိုက်၊ စစ်ပွဲစတာနဲ့ မင်း ဒီဆေးမှုန့်ကို ဖြူးလိုက်။ အဲ့အခါကျရင် သောက်နတ်ဆိုးအားလုံး သူတို့ရဲ့ တိုက်ပွဲဝင်ခွန်အားအားလုံး ဆုံးရှုံးသွားလိမ့်မယ်”
“ဒီလိုဆို ငါတို့ တစ်ချက်တည်းနဲ့ အားလုံးကိုနိုင်ပြီ”
*ဒါပဲလေ*
လီဖန်း၏ ချွေးပြန်စေလောက်သော နားထောင်ပြီးနောက် အစောင့်ဖြစ်သူက ပြုံးလိုက်ကာ အနက်ရောင် ပုလင်းလေးကို လှမ်းယူလိုက်သည်။