အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
Chapter 682 မျက်လုံးတစ်ဖက် နတ်ဆိုးနှင့် ငရဲနတ်ဆိုး
ကမ္ဘာမြေပေါ်၌ ကမ္ဘာမြေသား သိုင်းပညာရှင်များအားလုံး စစ်နတ်ဘုရားအိမ်တော်သို့ ရောက်နေကြသည်။ ခန်းမ၏ ထိပ်ဆုံး၌ လင်းလန် ထိုင်နေသည်။ သူမ၏ပုလ္လင်အောက်၌ မရဏနတ်ဆိုး၊ ချီယန်နတ်ဆိုးဘုရင်နှင့် အမှောင်သခင် နတ်ဆိုးဘုရင်တို့ အတူတူ ထိုင်နေကြသည်။
အားလုံး၏မျက်နှာထားများက ဒေါသကြောင့် ခက်ထန်နေ၏။ သူတို့၏ အကြည့်များက ခန်းမထဲရှိ ထိပ်ပြောင်အားဆန်ထံ ကျရောက်နေသည်။
“အားဆန် ဒီသတင်းက အမှန်ပဲလား”
လင်းလန်က သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ သူ၏မေးခွန်းကြောင့် ထိပ်ပြောင်အားဆန်က ခပ်သွက်သွက် ခေါင်းညိတ်လေသည်။
“ဧကရီလင်းလန်ကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့ နဂါးငွေ့တန်း အင်ပါယာရဲ့ နယ်မြေကြီးထွားမှုကို ဘေးပတ်လည်က နတ်ဘုရားနယ်မြေတွေက လုံးဝ ဒေါသူပုန် ထနေကြပါတယ်”
“အဲ့ထဲကမှ သွေးအဆိပ် နတ်ဘုရားနယ်မြေက ဦးဆောင်ပြီးတော့ အခြား မဟာနတ်ဘုရား နယ်မြေလေးခုနဲ့ ပေါင်းတိုက်ဖို့ လာနေကြပါတယ်”
ထိုစကားများပြောနေချိန်တွင် ထိပ်ပြောင်အားဆန်၏ မျက်နှာထားက တင်းမာနေ၏။
“ပိုပြီး ထိတ်လန့်စရာကောင်းတာက အဲ့ထိပ်တန်း နတ်ဘုရားနယ်မြေ ငါးခုရဲ့ အရှင်သခင် တစ်ယောက်ချင်းစီက မိုနာဒို နတ်ဘုရားနယ်မြေထပ် ဆယ်ဆမက ပိုပြီးသန်မာနေတာပါပဲ”
“သူတို့ထဲကမှ နတ်ဆိုးသုတ်သင်ခြင်းစစ်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ နတ်ဘုရား ငါးပါး ပါနေပါတယ်”
ထိပ်ပြောင်အားဆန်၏ စကားကြောင့် မရဏနတ်ဆိုးနှင့် အခြားသူများအားလုံး သွေးပွက်ပွက် ဆူလာကြသည်။ သူတို့သည် နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲများကို ရင်ဆိုင်ခဲ့ဖူးပြီး နတ်ဘုရားမျိုးနွယ်၏ ရက်စက်မှုကို ပိုသိကြသည်။
အထူးသဖြင့် နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားအရှင်သခင်များက နတ်ဆိုးမျိုးနွယ်အား စိတ်ဒဏ်ရာ ရစေခဲ့သည်။ မရေတွက်နိုင်သော နတ်ဆိုးများသည် သူတို့လက်ထဲတွင် သေဆုံးခဲ့ရပြီး မရေတွက်နိုင်သော နတ်ဆိုးများက သူတို့၏ လက်ဖျား၌ အသတ်ခံခဲ့ရသည်။
မရဏနတ်ဆိုး၏မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်လာသည်။
“အားဆန်၊ နတ်ဘုရား ငါးပါးက ဘယ်သူတွေလဲ”
သူ့အမေးကြောင့် ထိပ်ပြောင်အားဆန်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
“မရဏနတ်ဆိုးခင်ဗျား၊ သူတို့ငါးယောက်ထဲက ခေါင်းဆောင်က သွေးအဆိပ်ဖြစ်ပြီးတော့ ကျန်လေးယောက်က အမြွှာနတ်ဘုရားတွေ ဖြစ်တဲ့ မိုရိုကိုနဲ့ မိုရိုဒါ နတ်ဘုရားညီနော်၊ တစ္ဆေနတ်ဘုရားနယ်မြေက တစ္ဆေနတ်ဘုရားနဲ့ နတ်ဘုရားဝမ်ရှန်တို့ပါ”
ထိုစကားကြောင့် မရဏနတ်ဆိး၏ မျက်လုံးများက ဒေါသစိတ်ကြောင့် ပို၍တောက်လောင်လာသည်။
“သွေးအဆိပ်၊ အမြွှာညီအစ်ကို၊ တစ္ဆေနဲ့ ဝမ်ရှန်တဲ့လား*
မရဏနတ်ဆိုး၏ အမူအရာကို သတိထားမိသွားသဖြင့် ဧကရီ လင်းလန်က အလျင်အမြန် လှမ်းမေးလိုက်သည်။
“မရဏနတ်ဆိုး၊ ရှင် အဲ့ငါးယောက်ကို သိသလား”
“သိတာပေါ့၊ သိပ်သိတာပေါ့”
မရဏနတ်ဆိုး၏မျက်လုံးများ သွေးမျက်ရည်များ စီးကျလာသည်။ မရဏနတ်ဆိုးသာမက ဘေးပတ်လည်ရှိ နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲနှင့် ကြုံခဲ့ဖူးပြီး အသက်ရှင်ကျန်ရစ်သည့် နတ်ဆိုးမျိုးနွယ်တိုင်း မျက်ရည်များ စီးကျလာသည်။
“အဲ့ငါးယောက်က နတ်ဘုရားမျိုးနွယ်ရဲ့ ဝါရင့်စစ်သည်တော်တွေပဲ”
“ငါးယောက်လုံးမှာ သာလွန်တဲ့ အင်အားတွေရှိတယ်။ နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ ဆင်နွှဲခဲ့တဲ့အချိန်တုန်းက ငါတို့ မဟာနတ်ဆိုးနတ်ဘုရား ခြောက်ယောက်ထဲက အစ်ကိုကြီးနှစ်ယောက် ဖြစ်တဲ့ မျက်လုံးတစ်လုံး နတ်ဆိုးနဲ့ ငရဲနတ်ဆိုးတို့က သူတို့ငါးယောက်ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်။ နှစ်ရာချီကျော်နေပြီဆိုတော့ သူတို့ သေသွားပြီလား ဒါမှမဟုတ် အသက်ရှင်နေသေးလားဆိုတာကို ငါ မသိဘူး”
*ဘယ်လို*
မရဏနတ်ဆိုး၏ စကားကြောင့် လင်းလန် မသိမသာ မျက်နှာပျက်သွားသည်။
*မျက်လုံးတစ်လုံး နတ်ဆိုး*
*ငရဲနတ်ဆိုး*
ထိုလူနှစ်ယောက်အကြောင်း ယဲ့ဖန် ကြိမ်ဖန်ပေါင်းများစွာ ပြောခဲ့ဖူးသည်ကို လင်းလန် ကြားခဲ့ရသည်။ ထိုသူတို့သည် နတ်ဆိုးအဖြစ် မွေးဖွားလာသည့် မွေးရာပါ နတ်ဆိုးများ ဖြစ်လေသည်။
ယဲ့ဖန် အားနည်းသောသူတစ်ယောက်အဖြစ် ရှိနေခဲ့သည့်အချိန်တွင် ထိုနတ်ဆိုးအိုကြီး နှစ်ယောက်က သူ့အား အကြိမ်ပေါင်း မရေတွက်နိုင်လောက် စောင့်ရှောက်ခဲ့သည်။
ထို့အပြင် ထိုစဉ်အချိန်က နတ်ဘုရားတစ်ပါး၏ မျိုးဆက်က ဟွမ်အာ၏ လှပမှုကိုမြင်ပြီး ဟွမ်အာအား အပိုင်သိမ်းရန် ကြိုးစားခဲ့သည်။
သို့သော် ထိုသူသည် ယဲ့ဖန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ယဲ့ဖန်နှင့် ဟွမ်အာတို့သည် မျိုးနွယ်သုံးခု၏ ဝရမ်းစာရင်းထဲ ပါသွားပြီး သတ်မိန့်ထုတ်ခြင်း ခံလိုက်ရသည်။
နောက်ဆုံးတွင် သူတို့ အဖမ်းခံလိုက်ရသည်။ နတ်ဘုရား အရှင်သခင်က ယဲ့ဖန်အား အပ်ပေါင်းတစ်သန်းဖြင့် ထိုးစိုက်ဖမ်းချုပ်၍ မိုးကြိုးဒဏ်၊ ခန္ဓာကိုယ် နာကျင်မှုဒဏ်နှင့် စိတ်ဝိညာဉ် နှိပ်စက်ခြင်းဒဏ်တို့ကို ခံစားစေခဲ့သည်။ ဟွမ်အာကိုမူ ပိုးကောင်တစ်သောင်းရှိသော မျှော်စင်၌ ဖမ်းထားခဲ့သည်။ နေ့တိုင်းဆိုသလို အဆိပ်ပြင်း ပိုးကောင်များ၏ ကိုက်ခဲမှုကြောင့် သေလုမျောပါး ဒဏ်ရာအား ခံစားစေခဲ့လေသည်။
ထိုအချိန်ကဆိုလျင် ယဲ့ဖန်နှင့် ဟွမ်အာတို့သည် သူတို့ သေရတော့မည်ဟု တွေးခဲ့မိကြသည်။ ထိုစဉ် မျက်လုံးတစ်လုံး နတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့ အတူတူ ပူးပေါင်း၍ တောင်ထိပ်ပေါ် တက်လာခဲ့သည်။
သူတို့သည် နတ်ဘုရား၏ အစောင့်များကို ထပ်ခါထပ်ခါ အနိုင်ပိုင်း၍ တောင်ထိပ်ပေါ် တက်လာခဲ့လေသည်။ သူတို့သည် ရူးသွပ်နေဟန်ဖြင့် အော်ဟစ်ခဲ့ကြသည်။
နတ်ဆိုးမျိုးနွယ်၏ တက်သစ်စ ကြယ်ပွင့်လေးဖြစ်သော ယဲ့ဖန်အတွက် နတ်ဆိုးအိုကြီး နှစ်ယောက်က နတ်ဘုရားများကို သတ်ဖြတ်ပြီးရင် သတ်ဖြတ်ခဲ့သည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် နတ်ဘုရားကြောင့် သေရာပါ ဒဏ်ရာရသွားပြီး အရိုးများ နင်းခြေခံရကာ သေဆုံးလုမတတ် ဖြစ်ခဲ့သည်။
သူတို့နှစ်ယောက်သည် နတ်ဆိုးစိတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး နှစ်တစ်သောင်းကြာရှိသော အသက်ဓာတ် စွမ်းအင်ကို အသုံးချ၍ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်ကို ထုတ်ဖော်ပြီး ထိုနတ်ဘုရားအား ကြောက်လန့် အောင် ပြုလုပ်ကာ ယဲ့ဖန်နှင့် ဟွမ်အာတို့ကို ကယ်ခဲ့လေသည်။
ထိုအချိန်မှစ၍ ယဲ့ဖန်သည် နတ်ဆိုးတစ်ကောင် ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်။ အထူးသဖြင့် နတ်ဆိုးဧကရာဇ် ဖြစ်လာစေရမည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။
မျက်လုံးတစ်လုံး နတ်ဆိုးနှင့် ငရဲနတ်ဆိုးဟု အမည်တွင်သည့် နတ်ဆိုးအိုကြီးနှစ်ယောက်သည် ယဲ့ဖန်၏ ဆရာများ ဖြစ်သလို သူငယ်ချင်းလည်း ဖြစ်သည်ဟု ပြောရပေမည်။
ယဲ့ဖန် ကြီးပြင်းလာသည်ကို သူတို့ ကြည့်ရှုခဲ့သည်။ မျိုးနွယ်စုများကြား၌ သူ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပြီး နတ်ဆိုးမျိုးနွယ်ကို ဦးဆောင်၍ လောကက လှုပ်ခါစေခဲ့သည်ကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် နတ်ဆိုးသုတ်သင်ခြင်းစစ်ပွဲ၌ ရန်သူ့လက်ထဲ ကျရောက်ခဲ့သောကြောင့် မရဏနတ်ဆိုး မသိတော့ချေ။
ယခုအခါတွင် ရန်သူများက လက်တစ်ကမ်းအလိုသို့ ရောက်လာနေသဖြင့် မရဏနတ်ဆိုးနှင့် နတ်ဆိုးများအားလုံး သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာသည်။
“လက်စားချေရမယ်”
“လက်စားချေရမယ်”
“လက်စားချေရမယ်”
မရဏနတ်ဆိုး၊ အမှောင်သခင် နတ်ဆိုးဘုရင်၊ ချီယန်နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဘုရင်များ၊ မြေကမ္ဘာ နတ်ဆိုးနှင့် နတ်ဆိုးများအားလုံး ရူးမတတ် ကြွေးကြော်လာသည်။
သူတို့သည် သူတို့၏ရန်သူများအား အသက်ပင်ရင်း၍ သတ်ချင်စိတ် ရှိသည်။ သူတို့၏ အရှက်သိက္ခာအတွက် သွေးကြွေးဆပ်ချင်စိတ် ရှိကြလေသည်။
ယခုအချိန်တွင် မျက်စိရှေ့မှ ကြွေးကြော်သံတွေကြောင့် လင်းလန်၏မျက်နှာလေး၌ ခြိမ်းခြောက်နိုင်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
“ကောင်းတယ်”
“ဒီနေ့ ယဲ့ဖန်က သတိလစ်နေသေးတယ်၊ ဒီတော့ ငါတို့ ယဲ့ဖန်ကို ရန်သူ့ခေါင်း လက်ဆောင်ပေးသင့်တာပေါ့”
လင်းလန်၏ စကားများက နတ်ဆိုးများ၏ သွေးဆာမှုကို မီးစထိုးပေးလိုက်သလိုပင်။ တစ်ယောက်ပြီး တစ်ယောက် လူသတ်ချင်စိတ်များဖြင့် လက်သီးလက်မောင်း တန်း၍ ရူးမတတ် ကြွေးကြော်လာသည်။
….
တစ်ချိန်တည်းမှာပင် နဂါးငွေ့တန်း အင်ပါယာ၏ နယ်မြေအစွန်အဖျား၌ A အဆင့် ကမ္ဘာခြား စစ်သင်္ဘောများက လေဟာနယ်ကို ထိုးခွင်း၍ ရောက်လာသည်။
သွေးအဆိပ်၊ အမြွှာညီနောင်၊ တစ္ဆေ၊ ဝမ်ရှန်။
နတ်ဘုရားမျိုးနွယ်၏ အရှင်သခင်များကို ကိုယ်စားပြုသည့် အလံများ လွှင့်ထူလာသည့် စစ်သင်္ဘောများသည် နဂါးငွေ့တန်း အင်ပါယာထံသို့ အရှိန်ဖြင့် ဦးတည်လာနေသည်။
ထို့အပြင် ကမ္ဘာခြား စစ်သင်္ဘောများ၏ရှေ့၌ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် လူနှစ်ယောက်က ဒယီးဒယိုင်ဖြင့် သွားလာနေသည်။ သူတို့သည် စုတ်ပြတ်သပ်၍ အရေပြားများ အက်ကွဲ၍ အရိုးများ ကျိုးကြေနေလေသည်။ ရဲရဲနီသည့် သွေးစက်များကြောင့် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေ၏။
သူတို့ပုံစံက ရှက်ရွံ့၍ စိတ်ဓာတ်ကျနေပုံရသည်။ သို့သော် သူတို့၏ အဝတ်အစားများ စုတ်ပြတ်၍ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖြစ်နေသော်လည်း ထိုအဘိုးအိုနှစ်ယောက်၏ ရင်ဘတ်၌ အနက်ရောင် ဦးခေါင်းခွံ အမှတ်အသားက တောက်ပစွာ ရှိနေသည်။
သူတို့သည် ထိုအမှတ်အသားအား အဖိုးထိုက် ရတနာတစ်ပါးကဲ့သို့ နေ့တိုင်း သန့်စင်အောင် ထားရှိပုံရသည်။ ထိုအနက်ရောင် ဦးခွံပုံသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူတို့ကို ချုပ်နှောင်ထားသည့် သံကြိုးများအား စစ်သင်္ဘောများဖြင့် ချိတ်ဆက်ထားသည်။ ထို့ကြောင့် စစ်သင်္ဘောများသည် အလိုအလျောက် ရွေ့လျားနေခြင်း မဟုတ်ဘဲ ထိုအဘိုးအိုနှစ်ယောက်က ဆွဲ၍သွားနေရခြင်း ဖြစ်လေသည်။
ဖြောင်း!
ထိုစဉ် လေထဲမှနေ၍ အဘိုးအိုနှစ်ယောက်၏ ကျောပေါ်သို့ ကျာပွတ်ဖြင့် လှမ်းရိုက်လာသောကြောင့် သွေးများ ပန်းထွက်လာသည်။ ထိုအဘိုးအိုနှစ်ယောက်လုံး တုန်ယင်သွားသည်။
“မျက်လုံးတစ်လုံးနတ်ဆိုး၊ ငရဲနတ်ဆိုး၊ မင်းတို့ သောက်အဘိုးကြိးနှစ်ကောင် မြန်မြန်သွားစမ်း၊ မဟုတ်လို့ကတော့ ဒီသခင်ကြီးက မင်းတို့အရိုးတွေကို ချိုးပစ်လိုက်မယ်”
မာထန်သည့် အသံတစ်သံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ထိုအသံသည် ရှေ့ဆုံး၌ ရှိနေသည့် စစ်သင်္ဘောပေါ်မှ နတ်ဘုရား၏ အသံပင်။ ထိုသူကား သွေးအဆိပ်ပင်။ သွေးအဆိပ်နောက်၌ နတ်ဘုရား အမြွှာညီနောင်၊ တစ္ဆေနတ်ဘုရားနှင့် ဝမ်ရှန် နတ်ဘုရားတို့ ရှိနေသည်။
အားလုံးက နတ်ဆိုးအိုကြီးနှစ်ကောင်အား အထင်သေးလှောင်ပြောင်ဟန်ဖြင့် ကြည့်နေကြသည်။
“ဟဲဟဲ … လီဖန်း ပေးတဲ့သတင်းအရဆို နဂါးငွေ့တန်း အင်ပါယာက နတ်ဆိုးအင်ပါယာတဲ့”
“မျက်လုံးတစ်လုံးနတ်ဆိုး၊ ငရဲနတ်ဆိုး၊ မင်းတို့ မျိုးဆက်နတ်ဆိုးတွေက မင်းတို့လို မဟာနတ်ဆိုးနတ်ဘုရား နှစ်ပါးက ငါတို့စစ်သင်္ဘောရဲ့ အကျဉ်းသား ဖြစ်နေတာကို မြင်သွားရင် ဘယ်လိုဖြစ်သွားမလဲ မသိဘူး၊ ဟားဟားဟား”
နတ်ဘုရားငါးပါးက ဟက်ဟက်ပက်ပက် ရယ်ကြလေသည်။ သူ၏စကားကြောင့် မျက်လုံးတစ်လုံး နတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့၏ မျက်လုံး၌ ဝမ်းနည်းရိပ်များ ယှက်သန်းလာသည်။
သူတို့သည် အကျဉ်းသားများ ဖြစ်နေကြသည်။ သူတို့ သတ်သေရန် ကြိုးစားကြလေသည်။ သို့သော် သူတို့သည် တစ်စုံတစ်ယောက်ကြောင့် ထိုသို့အဆုံးစီရင်ရန် ဝန်လေးနေကြသည်။
“နှစ်တွေတောင် ရာချီနေပြီ၊ ရှောင်ယဲ့လေး မင်း … မင်း တကယ်ပဲ သေသွားပြီလား”
နတ်ဆိုးအိုကြီးနှစ်ကောင်၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ သူတို့ ထိုလူကို စောင့်မျှော် နေကြသည်။ ထိုသူအား သူတို့ နာနာကျင်ကျင်နှင့် စိတ်ဓာတ်ကျစွာ စောင့်ဆိုင်းနေကြ၏။
Chapter 683 သွေးစွန်းတိုက်ပွဲကြီး စတင်လေပြီ
ကမ္ဘာမြေပေါ်၌ နဂါးငွေ့တန်း သိုင်းပညာရှင်များအားလုံး ဝင့်ဝင့်ကြွားကြွား ရပ်နေကြသည်။ ထိုသူများထဲမှ ဖေးချမ်၊ သွေးစွန်းတစ္ဆေ၊ ဝံပုလွေရိုင်း၊ ထို့ပါယွင်နှင့် အခြားသူများမှလွဲ၍ ကျန်သူများအားလုံး စကြဝဠာထဲ၌ ခရီးမထွက်ဖူးချေ။
လင်းလန်၊ မရဏနတ်ဆိုး၊ ချီယန်၊ အမှောင်သခင်နှင့် ကျန်နတ်ဆိုးများ၊ မြေကမ္ဘာနတ်ဆိုးများနှင့် နတ်ဆိုးများ အားလုံး အတူတကွ ရပ်နေကြသည်။
နတ်ဆိုးမျိုးနွယ်များက များပြားလွန်းလှသဖြင့် ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသည်။ လူတိုင်းသည် တစ်စုံတစ်ရာကို စောင့်နေသကဲ့သို့ နေအဖွဲ့အစည်း၏ အဝေးတစ်နေရာအား စူးစိုက်ကြည့်နေသည်။
“သတင်းပို့ပါတယ်”
ထိုစဉ် နဂါးငွေ့တန်း သိုင်းပညာရှင်တစ်ယောက် အသည်းအသန်ပြေးလာပြီး လင်းလန်ရှေ့ရောက်သည်နှင့် ချက်ချင်း ဒူးတစ်ဖက် ထောက်လေသည်။
“ဧကရီခင်ဗျား၊ အသံဆက်သွယ်ရေး ကိရိယာကနေ ပေးပို့လာတဲ့ သတင်းအရ အဆင့်နှစ်အဆင့်ရှိတဲ့ အင်ပါယာ ခုနစ်ခု ပျက်စီးသွားပါပြီ”
ဤသည်မှာ အစသာ ရှိပေသေးသည်။ ထို့နောက် သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
“ဧကရီခင်ဗျား သွေးအဆိပ် အရှင်သခင်နဲ့ အခြားသူတွေက အဆင့်သုံး အင်ပါယာ ငါးခုကို ဖျက်ဆီးပြီး နေအဖွဲ့အစည်းထဲ ဝင်လာပါပြီ”
“ဧကရီခင်ဗျား၊ အဆင့်လေး အင်ပါယာသုံးခု ပျက်စီးသွားပါပြီ”
“ဧကရီခင်ဗျား အဆင့်ငါး အင်ပါယာ ပျက်စီးသွားပါပြီ”
သတင်းဆိုးများက ဆက်တိုက် ရောက်လာသည်။ သို့သော် လင်းလန်၏ လှပသော မျက်နှာလေးက တည်ငြိမ် ခက်ထန်နေသေးသည်။
သူမသည် နဂါးငွေ့တန်း အင်ပါယာထဲမှ အရှင်သခင်များနှင့် အင်ပါယာအားလုံး၏ ထိပ်သီး နတ်ဆိုးမျာအား ကမ္ဘာဂြိုဟ်သို့ ပြောင်းလာရန် အမိန့်ပေးထားပြီး ဖြစ်လေသည်။
ယခုအချိန်၌ အင်ပါယာများ ပျက်စီးသွားခြင်းက လုံးဝ ထင်မှတ်မထားသည့် အရာဖြစ်သည်။
“ကြည့်လိုက်၊ အဲ့ဒီ သောက်နတ်ဘုရားဆိုတဲ့ဟာတွေ ရောက်လာပြီ”
လင်းလန်၏ မျက်လုံးလေးများက အေးစက်၍ ခက်ထန်နေသည်။ အထူးသဖြင့် နောက်ဆုံးသော သိုင်းပညာရှင်တစ်ယောက်က သူမရှေ့ ဒူးထောက်၍ ပြောလာသောစကားပင်။
“ဧကရီခင်ဗျား၊ အရင် စစ်နတ်ဘုရားအိမ်တော်ရဲ့ အစောင့် လီဖန်းက ပုန်ကန်ပါတယ်၊ သူက နဂါးငွေ့တန်းက ပုန်ကန်သူတစ်ဖွဲ့ကို ဦးဆောင်ပြီးတော့ နတ်ဘုရားမျိုးနွယ် စစ်တပ်ဆီမှာ အညံ့ခံသွားပါတယ်”
“အခု နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင်က နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ရောက်နေပါပြီ”
ထိုစကားက နဂါးငွေ့တန်း သိုင်းပညာရှင်များ၏ ဒေါသအား မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်သွားသည်။
*လီဖန်း*
လူတိုင်းနီးပါး၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေသည်။ ယဲ့ဖန်က သူ့အသက်ကို ချမ်းသာပေးခဲ့သော်လည်း တစ်ဖက်လူက သနားညှာတာမှုအား မလိုမုန်းထားစိတ်နှင့် နဂါးငွေ့တန်းကို သစ္စာဖောက်ခြင်းဖြင့် ကျေးဇူးပြန် ဆပ်လိမ့်မည်ဟု အားလုံး ထင်မထားမိချေ။
*စောက်ရမ်းလွန်သွားပြီ*
အလွန် လူသတ်ချင်သည့် အငွေ့အသက်များက မိုးထိတိုင် ထိုးတက်သွားလေသည်။ လူတိုင်းသည် လီဖန်းအား တစ်စစီဖြစ်အောင် အရေခွံနွှာပစ်ရန် မစောင့်နိုင်တော့ချေ။
လင်းလန်က ပြုံးလိုက်သည်။
“သိပ်ကောင်းတယ်၊ အင်ပါယာက အတော်လေး ကြီးမားလာတော့ အမြဲ ပုန်းကွယ်နေတဲ့ အရာတွေ ရှိနေတာပဲ”
“အခု အဲ့ဒီအရာတွေက ထွက်လာပြီဆိုတော့ ဆွဲထုတ်ပြီး ရှင်းလိုက်ရုံပဲပေါ့”
ယခုအချိန်၌ လင်းလန်က တကယ်ကို ဧကရီတစ်ပါး၏ အသွင်အပြင်နှင့် တူနေသည်ကိုတော့ ဝန်ခံရပေမည်။ ကြောက်လန့်စိတ် မရှိသလို၊ အမြဲ အေးဆေးတည်ငြိမ်နေ၏။ ထိုစဉ် သူမက တစ်ဖက်လှည့်လိုက်ပြီး သူမနောက်ရှိ များစွာသော နတ်ဆိုးများကို လှမ်းကြည့်လိုက်သည်။
“ငါရဲ့နောက်လိုက် နတ်ဆိုးမျိုးနွယ်သားတို့၊ ငါ့ကမ္ဘာမြေသားတို့”
“အခု ငါတို့ကို သတ်ချင်တဲ့လူက နီးကပ်လာပြီ၊ ငါတို့ကို ဖျက်ဆီးချင်တဲ့ နတ်ဘုရား ရောက်လာတော့မယ်”
“ငါတို့ ဘာလုပ်သင့်လဲ”
လင်းလန်၏ စကားများက အလွန် အားပါလှသည်။ သူမစကားကို ကြားသည်နှင့် နတ်ဆိုးများနှင့် ကမ္ဘာမြေသား သိုင်းပညာရှင်များက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြွေးကြော်ကြလေသည်။
“သတ်ရမယ်”
“သတ်ရမယ်”
“သတ်ရမယ်”
ယခုအချိန်၌ “သတ်ရမယ်” ဟူသော စကားလုံးက နေအဖွဲ့အစည်းတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ ဂြိုဟ်များ တုန်ခါသွားပြီး အရာအားလုံး ကြောက်လန့်သွားစေသည်။
လင်းလန်၏ မျက်လုံးများသည် နှင်းကဲ့သို့ အေးစက်၍ ကျောချမ်းဖွယ် ကောင်းလှသည်။
“ငါတို့ နဂါးငွေ့တန်းက သစ္စာဖောက်ကိုရော”
“သတ်ရမယ်”
နတ်ဆိုးများအားလုံး စိတ်လှုပ်ရှားနေကြသည်။
“ငါတို့ နတ်ဆိုးညီအစ်ကိုတွေကို ကျွန်ပြုချင်တဲ့လူတွေကိုရော”
“သတ်ရမယ်”
“ငါတို့ရဲ့ အရှင်သခင်ကို သစ္စာဖောက် စော်ကားချင်တဲ့လူတွေကိုရော”
“သတ်ရမယ်၊ သတ်ရမယ်၊ သတ်ရမယ်”
ကမ္ဘာတုန်လှုပ်စေသည့် ဟစ်ကြွေးသံများက နတ်ဆိုးများနှင့် ကမ္ဘာမြေသား သိုင်းပညာရှင်များ၏ သွေးအား ပွက်ပွက်ဆူသွားစေသည်။
လူတိုင်း၏ မျက်လုံးများက ရဲရဲနီနေပြီး သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသလို ကမ္ဘာပေါ်ရှိ နတ်ဆိုးများကို သတ်ဖြတ်ပါက စကြဝဠာကြီးအား တုန်လှုပ်သွားအောင် ပြုလုပ်၍ နတ်ဘုရားများ ကျဆုံးသွားအောင် ပြုလုပ်ချင် နေလေသည်။
ထိုစဉ် ထိတ်လန့်ဖွယ် ကမ္ဘာခြား စစ်သင်္ဘောများက လေဟာနယ်ကို ထိုးခွင်း၍ နေအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်လာကြသည်။
စစ်သင်္ဘောများ၏ ရှေ့၌ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် အဘိုးအိုကြီးနှစ်ယောက်က ဖြည်းညှင်းစွာ လှမ်းလာနေသည်။ ကျာပွတ်ရိုက်ချက်က သူတို့ပေါ် အရှိန်ဖြင့် ကျရောက်လာသောကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး သွေးများ ပန်းထွက်လာသည်။
သို့သော် ထိုအဘိုးအိုနှစ်ယောက်ကိုမြင်သည်နှင့် မရဏနတ်ဆိုးအပါအဝင် နတ်ဆိုးများအားလုံး တုန်လှုပ် သွားကြသည်။
“မျက်လုံးတစ်လုံး နတ်ဆိုး”
မရဏနတ်ဆိုး မယုံကြည်နိုင် ဖြစ်နေသည်။ ထိုနတ်ဆိုးအိုကြီး နှစ်ယောက်သည် သွေးအဆိပ်နှင့် အခြားသူများ၏ အကျဉ်းသား ဖြစ်နေသည်ကိုကြည့်ပြီး အံ့အားသင့်နေရသည်။
တောက်! တောက်!
မရဏနတ်ဆိုးနှင့် သန်းချီသော နတ်ဆိုးများ၏ မျက်လုံးများမှနေ၍ သွေးမျက်ရည်များ စီးကျလာသည်။ အားလုံး၏ ရင်ထဲ၌ လူသတ်ချင်စိတ်များက အတောမသတ်လောက်အောင် ပေါက်ဖွားလာလေသည်။
မရဏနတ်ဆိုး၏ အော်ခေါ်လိုက်သံကြောင့် မရဏနတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့ တုန်ယင်သွားလေသည်။ သူတို့ နားကြားမှားသည်ဟု ထင်မှတ်မိသွားသည်။
နတ်ဆိုးအိုကြီး နှစ်ကောင် ခေါင်းငဲ့၍ ကြည့်လိုက်သောအခါ မရဏနတ်ဆိုး၊ အမှောင်သခင်၊ ချီယန်နှင့် သောင်းချီသော နတ်ဆိုးများကိုမြင်ပြီး တုန်လှုပ်သွားသည်။
“မင်းက မရဏနတ်ဆိုးလား၊ ဒါ … ဒါ အိပ်မက်မက်နေတာလား”
“ချီယန်၊ အမှောင်သခင်၊ မင်း … မင်းတို့ မသေပါလား”
နတ်ဆိုးအိုကြီး နှစ်ယောက်လုံးသည် ဝန်ကိုထမ်း၍ ထိုသူကို စောင့်မျှော်နေခဲ့သည်။ သို့သော် ထိုစဉ်အခါက ညီနောင်သဖွယ် ရှိနေသည့် ညီအစ်ကိုများနှင့် ပြန်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားမိပေ။
နတ်ဆိုးအိုကြီးနှစ်ကောင်၏ အဖြစ်ဆိုးကိုကြည့်ပြီး မရဏနတ်ဆိုးက စကားဆက်ပြောရန် ပြင်လိုက်သည်။ ထိုစဉ် မောက်မာသော ပုံစံရှိသည့် လူတစ်ယောက်က ရုတ်တရက် ရှေ့ထွက်လာ၏။
“ဟားဟားဟား … လင်းလန်၊ အမှောင်သခင်၊ ချီယန်၊ မင်းတို့ ဒူးမထောက်သေးဘူးလား၊ မင်းတို့ ဘယ်အချိန်အထိ အသက်ရှင်နေမယ်လို့ ထင်နေတာလဲ”
ထိုသူကား လီဖန်းပင်။ လအနည်းငယ်အတွင်း ထိုသူက နတ်ဘုရင်အဆင့် ရောက်နေလေသည်။ ယခုအချိန်၌ သူသည် လင်းလန်အား မကျေမနပ်နှင့် စိုက်ကြည့်၍ သွေးဆာဟန် ပြုံးလိုက်သည်။
“ဟဲဟဲ … ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်း မထင်ထားဘူးမလား၊ အဲ့အချိန်တုန်းက ယဲ့မျိုးရိုးနဲ့ကောင်က ငါ့ကို ကမ္ဘာပေါ်ကနေ နှင်ထုတ်ခဲ့တယ်၊ အဲ့တော့ ငါ သူ့ကို အလောင်းတောင် မကျန်စေဘဲ သေခိုင်းမယ်ကွ”
“စိတ်သာချ၊ နတ်ဘုရားငါးပါးက မင်းတို့ကို သတ်တာကို စောင့်နေလိုက်၊ ငါ မျိုးရိုးနာမည်ယဲ့နဲ့ကောင်ကို သေလမ်းကို လိုက်ပို့ပေးမယ်ကွ၊ ဟားဟားဟား …”
လီဖန်း၏ မျက်နှာထားက အလွန့်ကို ကျက်သရေယုတ်လှပေသည်။ ဤသည်ကြောင့် လင်းလန်နှင့် အခြားသူများ အားလုံး ဒေါသထွက်သွားလေသည်။
သို့သော် ထိုအချိန်၌ စစ်သင်္ဘောများ လူရိပ်များ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရား ငါးပါး ဦးဆောင်သော စစ်သည်တော်များ ထွက်လာလေသည်။
မရဏနတ်ဆိုး၊ အမှောင်သခင်နှင့် အခြားနတ်ဆိုးများကို ကြည့်ပြီး သွေးအဆိပ် အရှင်သခင်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်းများ ထွက်ပေါ်လာသည်။
“ဟမ့်၊ ငါ ထင်ထားတဲ့အတိုင်းပဲ နတ်ဆိုးပေါက်စ အဖွဲ့လေး ရှိနေတာကိုး၊ ဒါပေမဲ့ ဒီလို ငါးကြီးတွေလည်း ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
“ကျစ်ကျစ် … မရဏ၊ အမှောင်သခင်၊ ချီယန်၊ မင်းတို့ အသက်ရှင်နေသေးတာ ကောင်းတယ်၊ ဒီသခင်ကြီးအတွက် နတ်ဆိုးအကျဉ်းသားတွေ ပိုရလာတောပေါ့၊ ဟားဟားဟား …”
သွေးအဆိပ် အရှင်သခင်၏ ရယ်သံ၌ ရူးသွပ်ဟန်နှင့် ခြယ်လှယ်လိုဟန်များ ထင်ဟပ်နေသည်။ သူ့စကားကြောင့် မရဏနတ်ဆိုးနှင့် အခြားသူများ၏ မျက်နှာထားများက သုန်မှုန်သွားလေသည်။
“ဒါပေမဲ့ မင်းနဲ့ အခြားသူတွေကို ငါကိုယ်တိုင် စီရင်ဖို့ မတန်ဘူး”
သွေးအဆိပ် အရှင်သခင်က ရယ်၍ လက်ကိုဝှေ့ယမ်းလိုက်သည်။
“တစ္ဆေငါးကောင်”
ရုတ်တရက် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်ငါးယောက် ရှေ့ထွက်လာပြီး အခြားသူများက ဦးညွှတ်၍ အရိုအသေ ပေးလာကြသည်။
“အောက်ကကောင်တွေကိုကြည့်”
“သွား၊ မင်းတို့ငါးယောက်က ဟိုငါးကြီးတွေကို ဖမ်းပြီး သူ့တို့ကို ရှင်ရက်နဲ့ သေအောင်လုပ်လိုက်၊ ပြီးမှ ဒီသခင်ကြီးရဲ့ အကျဉ်းသားအဖြစ် ထားရမယ်”
သွေးအဆိပ် အရှင်သခင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။ သူ့စကားကြောင့် တစ္ဆေငါးကောင်က ရုတ်တရက် လှောင်ပြုံးပြုံး၍ ရှေ့တိုးသွားသည်။
ထိုငါးယောက်၏ ခွန်အားသည် အလွန် ကြောက်စရာကောင်းလှသည်။ တစ်ယောက်ချင်းစီက နတ်ဘုရား နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သူတို့ငါးယောက် အတူတူ ရှေ့တက်လာချိန်တွင် လေဟာနယ်သည် တုန်ယင်အက်ကွဲလာမယောင် ဖြစ်လာလေသည်။ ဤသည်ကိုကြည့်ပြီး အမှောင်သခင် နတ်ဆိုးဘုရင်နှင့် ချီယန်နတ်ဆိုးဘုရင်တို့က ရှေ့တက်ရန် ပြင်လိုက်သည်။
“ကြက်တစ်ကောင်ကို သတ်ဖို့ဆို ဓားတစ်လက်နဲ့တင် ဖြစ်ပါတယ်၊ အရှင်နတ်ဆိုးတို့ ဒီနတ်ဆိုးမျိုးနွယ် ခွေးမသားတွေကို ကျွန်တော့်တာဝန်သာ ထားလိုက်ပါ”
မိုးခြိမ်းသံကဲ့သို့သော အသံထွက်ပေါ်လာပြီးနောက် လူရိပ်တစ်ခုက နတ်ဆိုးအားလုံး၏ ရှေ့သို့ ထွက်လာသည်။
Chapter 684 နတ်ဆိုးကြေးခွံ သံချပ်ကာ
ဝှစ်! ဝှစ်! ဝှစ်!
ထိုစကားသံအဆုံး၌ သောင်းချီသော နတ်ဆိုးများထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။ ထိုသူများကို ဦးဆောင်လာသည့်သူမှာ ရေခဲတမျှ အေးစက်ခက်ထန်နေ၏။
ထိုသူကား မိစ္ဆာဝိညာဉ်ရိုင်းပင်၊ ဒုတိယလူကား အရပ်ရှည်ရှည်နှင့် ဝံပုလွေရိုင်းဖြစ်ပြီး၊ တတိယမြောက်လူမှာ ခက်ထန်သည့် ထိပ်ပြောင်အားဆန်ပင်။
ထိုသန်မာသည့် လူသုံးယောက်၏နောက်မှနေ၍ မိန်းမပျိုနှစ်ယောက် ထွက်လာသည်။ ထိုသူနှစ်ယောက်တို့မှာ အန်းရှီနှင့် ပိုင်ယီပင် ဖြစ်လေသည်။
ရှေ့သို့ထွက်လာသည့် လူငါးယောက်ကိုမြင်ပြီးနောက် လီဖန်းနှင့် အခြားသူများအပြင် သောင်းချီသော နတ်ဘုရား စစ်တပ်နှင့် နတ်ဘုရား အရှင်သခင် ငါးယောက်တို့က ဟားတိုက်ရယ်မောကြလေသည်။
*နတ်ဘုရင် အထွတ်အထိပ်အဆင့်လေးတွေပါလား*
ထိုလူငါးယောက်လုံးသည် နတ်ဘုရင် အထွတ်အထိပ်အဆင့်များဖြစ်ပြီး နတ်ဘုရား တစ်ပိုင်းအဆင့် ရောက်နေသူ တစ်ယောက်တောင်မှ မပါဝင်ချေ။
ဤနတ်ဘုရင် အထွတ်အထိပ်အဆင့် ငါးယောက်က နတ်ဘုရား နောက်ဆုံးအဆင့် ရောက်နေသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်ငါးယောက်ကို တိုက်ခိုက်မည်ဆိုခြင်းက အလွန်အမင်း စိတ်ကူးယဉ်နေခြင်းသာ ဖြစ်လေသည်။
“ဟားဟားဟား …”
သွေးအဆိပ် အရှင်သခင်က ခွက်ထိုးခွက်လန် ရယ်မောပြီးနောက် လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်လာသည်။
“မရဏနတ်ဆိုးအိုကြီး၊ မင်းရဲ့ နတ်ဆိုးမျိုးနွယ်က တကယ်ကို အထီးကျန်စရာ ကောင်းနေတာပဲ၊ မင်းတို့ဆီကနေ နတ်ဘုရင် အဆင့်လေးတွေပဲ ထွက်လာပါလား”
“ပြီးတော့ မိန်းမနှစ်ယောက်ပါ ပါနေသေးတယ်၊ မင်း သူတို့ကို ကိုယ့်သေတွင်း ကိုယ်တူးအောင် သွားခိုင်းတာလား”
တစ္ဆေငါးကောင်ဟု ခေါ်တွင်သည့် သိုင်းပညာရှင်များ၏ ခွန်အားကို သွေးအဆိပ် အရှင်သခင် အသိဆုံး ဖြစ်လေသည်။
ထိုငါးယောက်ထဲမှ တစ်ယောက်ချင်းစီသည် နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲများစွာတို့၌ ပါဝင်ဖူးသည့် တိုက်ပွဲ အတွေ့အကြုံ ရင့်သန်သည့် လူများ ဖြစ်လေသည်။
နတ်ဘုရင်အဆင့် သိုင်းပညာရှင် ငါးယောက်က နတ်ဘုရား နောက်ဆုံးအဆင့် သိုင်းပညာရှင် ငါးယောက်ကို သတ်မည်ဆိုပါက အနောက်ဘက်မှ နေထွက်လာမှသာ ဖြစ်နိုင်ပေမည်။ သို့မဟုတ်ပါက ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်ပေ။
သွေးအဆိပ် အရှင်သခင်သာမက လီဖန်းသည်လည်း ပြုံးလိုက်မိသည်။ သူ၏အမူအရာက အနိုင်ကျင့် စော်ကားချင်ပုံ ပေါ်နေပြီး လင်းလန်အား သရော်စကား ပြောလိုက်သည်။
“ကျုပ်ပြောပါတယ် ဧကရီရာ၊ ခင်ဗျား သေမှာပါလို့၊ အဲ့လောက်ကြီး ကြိုးစားမနေစမ်းပါနဲ့”
“သူတို့ထဲက တစ်ချို့က ယဲ့ဖန်ရဲ့ သေအတူ ရှင်အတူ ညီအစ်ကိုတွေ၊ တစ်ချို့ကကျတော့ ယဲ့ဖန်ရဲ့ လူယုံတွေ၊ ခင်ဗျား တကယ်ပဲ သူတို့ သေမှာကို ထိုင်ကြည့်ရက်တာလား”
ယခုအချိန်၌ သစ္စာဖောက်များနှင့် နတ်ဘုရား စစ်သည်တော်တိုင်းက အထင်သေး လှောင်ပြောင်ဟန်ဖြင့် ကြည့်နေကြသည်။
အားလုံး၏စိတ်ထဲတွင် ဤတိုက်ပွဲ၌ အားချင်းမမျှဟု ထင်ထားကြသည်။ ထို့အပြင် တိုက်ခိုက်ရန် အမျိုးသမီး နှစ်ယောက်ကိုပါ စေလွှတ်လိုက်သဖြင့် ပို၍ ပွဲကျနေကြလေသည်။
ထိုစဉ် ထိပ်ပြောင်အားဆန်က တစ္ဆေငါးကောင်ဟု ခေါ်ဆိုသည့် သိုင်းပညာရှင်များထဲမှ တစ်ယောက်ကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
“သုံးကွက်ပဲ”
*ဘာ*
ထိုစကားကြောင့် သစ္စာဖောက်များနှင့် နတ်ဘုရား စစ်သည်တော်များအားလုံး မှင်တက်သွားသည်။ အထူးသဖြင့် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ ဒေါသူပုန် ထသွားလေသည်။
*သုံးကွက်တည်းတဲ့လား*
*ဒီကောင်က နည်းလမ်းသုံးခုနဲ့ ငါ့ကို အနိုင်ယူနိုင်တယ်လို့ ပြောနေတာလား*
*ဒါ မောက်မာလွန်းတာပဲ*
“ကောင်းပြီလေ၊ သိပ်တော်တဲ့ ကတုံးပေါ့၊ မင်း ငါ့ကို နည်းလမ်းသုံးခုနဲ့ ဘယ်လို အနိုင်ယူမလဲ ဆိုတာကို ဒီနတ်ဘုရား ကြည့်ချင်သေးတယ်”
ထိုနတ်ဘုရား၏ မျက်လုံး၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုအခါ အားဆန်က ခေါင်းခါလိုက်ပြီး ပို၍အေးစက် ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး၊ ကျုပ်ပြောတာက သုံးကွက်အတွင်း ခင်ဗျားကို သတ်မယ်လို့ ပြောတာ”
အားဆန်၏စကားက လူတိုင်းကို ပွက်လောရိုက်သွားစေသည်။ သစ္စာဖောက်များသာမက နတ်ဘုရား စစ်သည်တော်များပင် ဤမျှမောက်မာသည့် လူမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ မောက်မာလွန်းပေ၏။ ဤသို့သော ထိတ်လန့်မှုမှာ အစသာ ရှိပေသေးသည်။ ဝံပုလွေရိုင်းကလည်း အခြားနတ်ဘုရားတစ်ပါးကို စိုက်ကြည့်၍ ပြောလာသည်။
“နှစ်ကွက်အတွင်း ခင်ဗျားကို သတ်ပြမယ်”
မိစ္ဆာဝိညာဉ်ရိုင်းက တတိယမြောက် နတ်ဘုရားကို စိုက်ကြည့်၍ ပြောလိုက်သည်။
“တစ်ကွက်နဲ့တင် လုံလောက်တယ်”
ထိုစဉ် ပိုင်ယီက မျက်မှောင်ကြုတ်၍ အေးတိအေးစက် ပြောလိုက်သည်။
“သိုင်းကွက် တစ်ဝက်လောက်နဲ့တင် သတ်လို့ရတယ်”
လေးယောက်လုံး၏ မောက်မာသော စကားများကြောင့် တစ္ဆေငါးကောင် နတ်ဘုရားများထဲမှ လေးယောက်သည် အဆုတ်ကွဲမတတ် ဒေါသူပုန် ထလာသည်။ အားလုံးသည် အသက်ကို ပြင်းပြင်းရှူနေပြီး မျက်လုံးများက မီးဝင်းဝင်းတောက်နေ၏။
ကြောက်စရာကောင်းသော နတ်ဘုရားများဟု အမည်တွင်သောကြောင့် သူတို့ကို မြင်သည့် မည်သူမဆို ကြောက်လန့်တကြားဖြင့် တုန်ယင်နေတတ်သည်။
ယခုအခါတွင် လေးစားခံရသော နတ်ဘုရားလေးပါးက နတ်ဘုရင်အဆင့် လေးယောက်၏ အထင်သေးခြင်း ခံလိုက်ရသောကြောင့် အလွန် မုန်းတီးမိသွားသည်။
သို့သော် ထိုမျှနှင့် မပြီးသေးဘဲ အန်းရှီက နောက်ဆုံး နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်ကို စိုက်ကြည့်၍ လက်တစ်ချောင်း ထောင်ပြကာ အေးတိအေးစက် ပြောလေသည်။
“လက်တစ်ချောင်း လှုပ်လိုက်ရုံနဲ့တင် ရပြီ”
လက်ရှိအချိန်တွင် တိုက်ပွဲမြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ နတ်ဘုရား အရှင်သခင် ငါးယောက်နှင့် သောင်းချီသော နတ်ဘုရား စစ်သည်တော်များသည် ဤကမ္ဘာဂြိုဟ်မှ ပုရွက်ဆိတ်လိုလူများက ဤမျှ ရူးသွပ် လိမ့်မည်ဟု ထင်မထားကြချေ။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
သွေးအဆိပ် အရှင်သခင် စိတ်အနှောင့်အယှက် ဖြစ်နေ၏။ သူ၏ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စူးရဲသည့် မျက်လုံးများက အန်းရှီတို့ငါးယောက်ကို စူးစိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
“ဒီလူငယ်တစ်ဖွဲ့က တကယ်ကို မဆင်မခြင် ပြုမူတာပဲ၊ ဒီလိုဆိုမှတော့ တစ္ဆေငါးကောင် နတ်ဘုရားတွေက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးမှာပေါ့”
“အရှင့် အမိန့်အတိုင်းပါ”
ထိုစဉ် တစ္ဆေငါးကောင် နတ်ဘုရားငါးပါးက ကျယ်လောင်စွာ ပြန်ပြောလာသည်။ ထို့နောက် ဘာကိုမျှမပြောတော့ဘဲ အန်းရှီတို့ ငါးယောက်အား ဒေါသတကြီး ကြည့်လာသည်။
“သေပေတော့”
ထိုငါးယောက်ထဲမှ အလျင်မြန်ဆုံးဖြစ်သည့် သိုင်းပညာရှင် တစ်ယောက်က ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး နတ်ဘုရား ဓားတစ်လက်ကိုဆွဲ၍ ပြေးတက်လာသည်။ ထို့နောက် ထိုဓားကိုဝင့်၍ ထိပ်ပြောင်အားဆန်၏ လည်ပင်းကို ခုတ်ပိုင်းလေသည်။
ထိုဓားရောင်အောက်၌ လေဟာနယ်သည် စက္ကူစတစ်စကဲ့သို့ အက်ကွဲသွားလေသည်။ ထို့အတူ မရဏ အငွေ့အသက်များက ထိပ်ပြောင်အားဆန်အား လွှမ်းခြုံလာသည်။
သို့သော် ထိပ်ပြောင်အားဆန်က အထင်သေးသလိုသာ ကြည့်နေသည်။ သူက လက်ကိုလှုပ်၍ နတ်ဘုရား ဓားချက်အား သံမဏိလက်သီးဖြင့် ပြန်ထိုးနှက်လိုက်သည်။
“သေချင်တာပဲ”
ထိုနတ်ဘုရားက ရုတ်တရက် လှောင်ပြောင်လိုက်သည်။ သူ၏ နတ်ဘုရားဓားသည် နတ်ဘုရင်အဆင့်အား ဟင်းသီးဟင်းရွက်များကို ခုတ်ပိုင်းသကဲ့သို့ ခုတ်ပိုင်းနိုင်သည်။
ထို့ကြောင့် ဓားချက်ကို လက်သီးဖြင့် ပြန်ခုခံလိုသည့်လူသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်သီးတစ်လုံးနှင့် ဓားတစ်လက်တို့ ပြင်းထန်စွာ တွေ့ဆုံသွားကြသည်။ ထိုအချိန်တွင် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်၏ အပြုံးက ပို၍ပီပြင်လာသည်။
သူသည် ပုံမှန်ဖြစ်နေကြအတိုင်း အားဆန်၏ လက်သီး ပြတ်ထွက်သွားပြီး အော်ဟစ်သံ ထွက်လာလိမ့်မည်ဟု ထင်လိုက်မိသည်။
ဂျွတ်!
သို့သော် အက်သံ ထွက်ပေါ်လာသောကြောင့် သူ၏အပြုံးက ချက်ချင်း အေးခဲသွားသည်။ ထိပ်ပြောင်အားဆန်၏ လက်သီးပေါ်၌ နဂါးကြေးခွံကဲ့သို့သော သံချပ်ကာကို တွေ့လိုက်ရသည်။ ထိုသံချပ်ကာက နတ်ဘုရားဓားနှင့် ပြင်းထန်စွာ တွေ့ဆုံသွားချိန်တွင် နတ်ဘုရားဓားသည် စက္ကူကဲ့သို့ ကြေမွသွားသည်။
ထို့အတူ ကြက်သီးထဖွယ် အသံတစ်သံလည်း ထွက်ပေါ်လာသည်။
“မင်းဓားကို လက်သီးတစ်ချက်တည်းနဲ့ ချေမွပစ်မယ်”
ထို့နောက် ထိပ်ပြောင်အားဆန်၏ ထိုးနှက်သည့် လမ်းကြောင်းက ပြောင်းလဲသွားပြီး နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
“နတ်ဆိုး ကြေးခွံသံချပ်ကာပါလား”
“သေစမ်း”
ယခုအချိန်၌ ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် ခေါင်းမွေးထောင်နေလေ၏။ နတ်ဆိုးဧကရာဇ်၏ ဂုဏ်ကျက်သရေထဲမှ တစ်ခုဖြစ်သည့် နတ်ဆိုး ကြေးခွံသံချပ်ကာ။ ထိုအရာအား ဤသို့ နိမ့်ကျသော နတ်ဘုရင်အဆင့်၌ တွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။
ယခုအချိန်၌ သူသည် မရဏအငွေ့အသက်များက သူ့ကို လွှမ်းခြုံလာသကဲ့သို့ ခံစားမိပြီး တစ်ကိုယ်လုံး တုန်လှုပ် ခြောက်ခြားကာ လက်ဖြင့် ခုခံရန် ပြင်လိုက်သည်။
ဒုန်း!
ထို့နောက် ထိပ်ပြောင် အားဆန်၏ နတ်ဆိုး ကြေးခွံ သံချပ်ကာက ဆွေးမြည့်နေသော သစ်သားကို ချိုးလိုက်သကဲ့သို့ ထိုနတ်ဘုရား၏ လက်မောင်းကို ချိုးလိုက်လေသည်။
“ဒုတိယမြောက် လက်သီးချက်မှာ မင်းကို ရိုက်ချိုးပစ်မယ်”
ထိုအသံအဆုံး၌ တတိယမြောက် လက်သီးချက်က ထိုနတ်ဘုရား၏ ခေါင်းပေါ် အရှိန်ဖြင့် ကျရောက်လာသည်။
“သုံးချက်မြောက်မှာ မင်းအသက်ကို နုတ်ယူပစ်မယ်”
“မလုပ်နဲ့”
ထိုနတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် ခြောက်ခြားသွားသည်။ သူ့လက်မောင်းတစ်ဖက် ပျက်စီးသွားသည်နှင့် သူ ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် အချိန်နှောင်းသွားလေ၏။ နတ်ဆိုး ကြေးခွံ သံချပ်ကာက ရုတ်တရက် သူ့မျက်လုံးထဲသို့ ထိုးဖောက်သွားလေသည်။ ထို့နောက် သူ၏ဦးခေါင်းတစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားသည်။
ဤမြင်ကွင်းကြောင့် နတ်ဘုရား အရှင်သခင် ငါးပါးနှင့် ထောင်သောင်းချီသော နတ်ဘုရားများ အလွန်အမင်း မှင်တက်သွားကြသည်။
*သုံးချက်တည်းပါလား*
နတ်ဘုရင် အထွတ်အထိပ်အဆင့်က သူ့ထက် အဆင့်လေးခု သာလွန်သော နတ်ဘုရား နောက်ဆုံးအဆင့် သိုင်းပညာရှင် တစ်ယောက်ကို သုံးချက်တည်းဖြင့် သတ်နိုင်လိုက်သည်တဲ့လား။ အံ့ဩစရာ ကောင်းလှပါဘိ။
ပန်းထွက်လာသည့် သွေးများနှင့် ထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် ထောင်သောင်းချီသော စစ်သည်တော်များ ကျောချမ်းသွားကြသည်။
သို့သော် အိပ်မက်ဆိုးကား ယခုမှ စတင်မည် ဖြစ်သည်။ ကျန်နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် လေးယောက်၏ တိုက်ပွဲကို ကြည့်လိုက်ပြီးနောက် အားလုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြလေသည်။