← Chapters

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

Chapter 688 အရူးအမူး သတ်ဖြတ်ခြင်း

ဝုန်း! ဝုန်း! ဝုန်း!

လက်ရှိအချိန်၌ ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ဆက်လက် ထွက်ပေါ်လျက် ရှိသည်။ သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများ ပြေးဝင်လာသည်နှင့် လေဟာနယ်သည် အက်ကွဲစပြုလာသည်။

ထိုလူငါးယောက်သည် ကြမ်းတမ်းသော သားရဲကောင်များကဲ့သို့ ခက်ထန်လှသဖြင့် သူတို့၏ အရှိန်အဝါကြောင့် နတ်ဆိုးများ တုန်လှုပ်သွားသည်။

“သန်မာတယ် ... တော်တော် သန်မာတာပဲ”

အန်းရှီ၏ မျက်နှာလေးက သုန်မှုန်နေလေသည်။ သူမက နတ်ဘုရား နောက်ဆုံးအဆင့်ကို လက်ချောင်း တစ်ချောင်းတည်းဖြင့် သတ်လိုက်နိုင်သော်လည်း နတ်ဘုရားအဆင့်နှင့် နတ်ဘုရား အရှင်သခင်အဆင့်ကြားမှ ကြီးမားသော ခြားနားချက်ကို သူမ နားလည်ပေသည်။

ထိုနတ်ဘုရား အရှင်သခင် ငါးယောက်ထဲမှ မည်သူမဆို သူမကို အသာလေး အနိုင်ယူနိုင်၏။ သူမသည်သာမက ဘေးနားမှ ပိုင်ယီ၊ မိစ္ဆာဝိညာဉ်ရိုင်း၊ ဝံပုလွေရိုင်း၊ အားဆန်နှင့် အခြားသူများ၏ မျက်နှာများသည်လည်း သုန်မှုန်နေကြသည်။ သူတို့၏ရင်ထဲမှ စိုးရိမ်စိတ်က ပိုပို၍ ပြင်းထန်လာ၏။

“သူတို့ကိုသတ်၊ အဲ့နတ်ဆိုးမျိုးနွယ်တွေကို သတ်ပစ်လိုက်”

ထိုအချိန်၌ လီဖန်းနှင့် အခြားသူများသည် စိတ်ထဲ၌ အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။ သူတို့သည် သွေးအဆိပ် အရှင်သခင်တို့က အမှောင်သခင်နှင့် ချီယန်တို့အား တစ်စစီ စုတ်ဖြဲလိုက်သည်ဟု မြင်ယောင်နေပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲနေသည်။ အားလုံး ဟားတိုက်ရယ်မောနေကြသည်။

“အရှုံးသမားတွေ၊ ငါတို့ လာပြီ”

သွေးအဆိပ် အရှင်သခင်က အသာပြုံးလိုက်ပြီး ရုတ်တရက် မရဏနတ်ဆိုးအား သတ်ဖြတ်ရန် ပြင်လာသည်။ ဤသည်ကိုကြည့်ပြီး မရဏနတ်ဆိုး၏ မျက်နှာပေါ်၌ ရူးသွပ်မှုများဖြင့် ပြည့်နှက်လာလေသည်။

“မင်းက ငါ့နတ်ဆိုးမျိုးနွယ်ကို သွေးရောင်လွှမ်းစေခဲ့တယ်၊ ဒီနေ့ ငါ မင်းအသက်နဲ့ သွေးကြွေးပြန်ဆပ်ခိုင်းမယ်”

ထို့နောက် မရဏနတ်ဆိုးသည် ရှေ့သို့ လှစ်ခနဲ ပြေးတက်သွားပြီး သွေးအဆိပ် အရှင်သခင်နှင့် တိုက်ခိုက် လေသည်။

ထိပ်သီးပုဂ္ဂိုလ်နှစ်ယောက် တိုက်ခိုက်နေသောကြောင့် မိုးကောင်းကင်မှ ပြင်းထန်သော ဖိအားတစ်ခု ဖြစ်ပေါ်နေသည်။ သူတို့နှစ်ယောက်သည် မုန်ယိုနေသော သားရဲကောင်များကဲ့သို့ တိုက်ခိုက်နေကြလေသည်။

ဤမြင်ကွင်းကြောင့် အမှောင်သခင်နှင့် ချီယန်တို့ အချင်းချင်း ပြန်ကြည့်၍ ပြုံးလိုက်ကြသည်။

“ငါ မင်းတို့နဲ့ ‌ဘေးချင်းယှဉ်ပြီး မတိုက်ခိုက်ရတာတောင် အတော်ကြာပြီ”

“သွားကြစို့ ငါ့ညီ၊ နတ်ဘုရားတွေကို တုန်လှုပ်သွားအောင် လုပ်ပြီး ကံဆိုးမိုးမှောင် ကျသွားအောင် လုပ်ရအောင်”

ထိုသို့ပြောပြီးနောက် နတ်ဆိုးဘုရင် နှစ်ယောက်သည် သားရဲကောင်များကဲ့သို့ ကျန်နတ်ဘုရား အရှင်သခ င်လေးယောက်အား တိုက်ခိုက်လေသည်။

အမှောင်သခင် နတ်ဆိုးဘုရင်သည် အမြွှာနတ်ဘုရား ညီနောင်နှင့် တိုက်ခိုက်နေပြီး ချီယန် နတ်ဆိုးဘုရင်သည် တစ္ဆေနတ်ဘုရားနှင့် ဝမ်ရှန်နတ်ဘုရားတို့ဖြင့် တိုက်ခိုက်နေသည်။

အချိန်တိုအတွင်းမှာပင် ထိပ်သီး သိုင်းပညာရှင် ရှစ်ယောက်တို့ အပြင်းအထန် တိုက်ခိုက်နေကြသည်။ သို့သော် တိုက်ပွဲစတင်လာသည်နှင့် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

မရဏနတ်ဆိုးသည် သွေးအဆိပ် အရှင်သခင်အား အရူးတစ်ယောက်ကဲ့သို့ တိုက်ခိုက်နေသည်။ သူ၏ လက်သည်းချက်တိုင်း၌ သွေးများ ပန်းထွက်လာသည်။ သူသည် မုန်းတီးစိတ်ကြောင့် အရူးအမူး တိုက်ခိုက်နေ၏။

“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”

သွေးအဆိပ် အရှင်သခင် အလွန် မှင်တက်သွားသည်။ လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ နတ်ဆိုးနတ်ဘုရားသည် ယခုလောက် အသန်မာပေ။

သို့သော် ယခုအချိန်၌ တစ်ဖက်လူ၏ အသွေးအသားများက နှစ်ထောင်ချီသော အနက်ရောင် သတ္တုခဲဖြင့် ပြုလုပ်ထားသကဲ့သို့ မာကျောလှသည်ဟု သူ ခံစားမိသည်။ တစ်ဖက်လူ၏ အရိုးများကလည်း နတ်ဘုရားတစ်ပါး၏ အရိုးကဲ့သို့ မာကြောနေသည်။

“အံ့ဩသွားလား”

မရဏနတ်ဆိုးက နှုတ်ခမ်းကိုတွန့်၍ လှောင်ပြုံး ပြုံးလိုက်သည်။ သွေးအဆိပ် အရှင်သခင် မသိသည့်အချက်မှာ မရဏ နတ်ဆိုးသည် မိစ္ဆာမျှော်စင်၌ ဖိနှိပ်ညှင်းဆဲ ခံခဲ့ရခြင်းပင်။ နှစ်ရာချီအတွင်း သူ၏ နတ်ဆိုးစိတ်ဝိညာဉ်နှင့် အရိုးတို့သည် ထိတ်လန့်စရာကောင်းသော အဆင့်တစ်ခုအထိ မွမ်းမံခံထားရလေသည်။

သူသည် မသေနိုင်သလို ဖျက်ဆီး၍လည်း မရနိုင်ပေ။ ထို့အပြင် ယဲ့ဖန်က နတ်ဘုရား သုံးပါး၏ အရေပြားနှင့် သွေးများကိုသုံး၍ သူ့အတွက် ခန္ဓာကိုယ် ပြန်ဖွဲ့စည်းပေးခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်က ကောင်းကင်ဘုံအဆင့် နတ်ဘုရား လက်နက်တစ်ခုသဖွယ် ဖြစ်နေသည်။

“မင်း ငါ့ညီအစ်ကိုတွေကို ကျွန်ပြုခဲ့တယ်”

မရဏနတ်ဆိုးသည် ထိုသို့အော်ဟစ်၍ သွေးအဆိပ် အရှင်သခင်ထံသို့ နတ်ဆိုးလက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဂျွတ်!

ထိုလက်သီးချက်အောက်၌ သွေးအဆိပ် အရှင်သခင်၏ ဓားရှည်သည် ချက်ချင်း အက်ကွဲ၍ ပျက်စီးသွားသည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။

“မင်း ငါ့မျိုးနွယ်ဝင်တွေကို သတ်ခဲ့တယ်”

နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ထိုလက်သီးချက်အား သွေးအဆိပ် အရှင်သခင် မရှောင်နိုင်တော့ချေ။

သူ၏လက်မောင်းတစ်ဖက်မှနေ၍ သွေးများ ပန်းထွက်လာပြီးနောက် ထိုလက်မောင်းတစ်ဖက်လုံး ပြတ်ထွက် သွားသည်။ သို့သော် ဤမျှနှင့် မပြီးသေးချေ။

မရဏနတ်ဆိုးက တစ်ခွန်းပြောလိုက်တိုင်း သူ၏လက်သီးချက်က သွေးအဆိပ် အရှင်သခင်ထံသို့ တစ်ခါ ကျရောက်လာသည်။

တစ်ချက်၊ ငါးချက်၊ ဆယ်ချက်။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သွေးအဆိပ် အရှင်သခင်၏ ကိုယ်ပေါ်မှ သွေးများ ဆက်တိုက် ပန်းထွက်လာလေသည်။

ထိတ်လန့်စရာကောင်းသော အဖြစ်ဆိုးကြောင့် နတ်ဘုရားများနှင့် ပုန်ကန်သူများအားလုံး တုန်လှုပ်သွားကြသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မရဏရဲ့ ခွန်အားက နတ်ဆိုးအရှင်သခင် ညီအစ်ကိုလေးယောက်နဲ့ ယှဉ်လို့ရနေပြီပဲ”

မရဏနတ်ဆိုးကိုကြည့်ပြီး ကောင်းကင်ထက်မှ မျက်လုံးတစ်လုံး နတ်ဆိုးနှင့် ငရဲနတ်ဆိုးတို့ အဆက်မပြတ် ငိုကြွေးမိသည်။

သူတို့ စိတ်လှုပ်ရှားနေကြသည်။ သူတို့ ပျော်ရွှင်နေကြသည်။ ယနေ့သည် သူတို့၏ အပျော်ရဆုံးနေ့ ဖြစ်သည်မှာ အသေအချာပင်။ ဝမ်းသာစိတ်ကြောင့် မျက်ရည်များ ကျလာသည်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ တစ်ဖက်ရှိ မြင်ကွင်းက ပို၍ အံ့ဩစရာ ကောင်းလေသည်။ ကမ္ဘာဂြိုဟ်ပေါ်၌ နှစ်ထောင်ပေါင်းများစွာ ချိပ်ပိတ်ခံထားရသည့် အမှောင်သခင် နတ်ဆိုးဘုရင်၏ ခွန်အားက ထိတ်လန့်စရာကောင်းသော့ အဆင့်တစ်ခုထိ ရောက်နေပြီ ဖြစ်သည်။

ယခုတိုက်ပွဲသည် သူ ချိပ်ပိတ်ခံထားရာမှ လွတ်မြောက်လာပြီးနောက်ပိုင်း တိုက်ခိုက်ရသည့် တိုက်ပွဲထဲ၌ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်လေသည်။

“သတ်၊ သတ်၊ သတ်”

သူ၏နတ်ဆိုးမျက်လုံးတစ်စုံက ရဲရဲနီနေသည်။ သူ၏တိုက်ခိုက်မှုတိုင်းက အမြွှာနတ်ဘုရား ညီနောင်အား သွေးအလိမ်းလိမ်း ဖြစ်သွားစေသည်။

“အား....”

အမြွှာ နတ်ဘုရားညီနောင် ရူးမတတ် ဖြစ်နေသည်။ သူတို့ တစ်ကိုယ်လုံး ဒဏ်ရာဗလပွနှင့် ခြောက်ခြားလာကြသည်။ အမြွှာ နတ်ဘုရားညီနောင်၏ မျက်လုံးထဲတွင် အမှောင်သခင် နတ်ဆိုးဘုရင်အား သေမင်းနတ်ဘုရားအဖြစ် မြင်ယောင်နေမိသည်။

တစ်ခါ တိုက်ခိုက်လာတိုင်း သတ်ဖြတ်လိုသည့် အငွေ့အသက်များက ထိတ်လန့်စရာကောင်းလောက်အောင် ထွက်ပေါ်လာ၏။

ထို့အပြင် ချီယန် နတ်ဆိုးဘုရင်သည်လည်း ကြောက်စရာကောင်းလှပေ၏။ ယခုအချိန်၌ သူ၏လက်ဖဝါးပေါ်မှ အနီရောင် မီးတောက်နှင့် အဖြူရောင် မီးတောက်တို့သည် ထိတ်လန့်ဖွယ် ရေခဲနဂါးနှင့် မီးနဂါး အဖြစ်သို့ ပြောင်းလဲသွားသည်။

မီးနဂါးသည် ၎င်းဖြတ်သွားသည့်နေရာတိုင်း၌ မီးလောင်ကျွမ်းစေပြီး ရေခဲနဂါးက အရာအားလုံးကို အေးခဲ သွားစေသည်။

ထိုနဂါးနှစ်ကောင်က တစ္ဆေနတ်ဘုရားနှင့် ဝမ်ရှန်နတ်ဘုရားတို့အား မြွေတစ်ကောင်သဖွယ် ရစ်ပတ်သွားသည်။ သူတို့နှစ်ယောက်လုံး နောင်တရလာကြသည်။

မီးနဂါးက နတ်ဘုရားနှစ်ပါးအား မီးမြှိုက်နေပြီး ရေခဲနဂါးက အေးခဲအောင် ပြုလုပ်နေသည်။ ပူလိုက်၊ အေးလိုက် ခံစားချက်ကြောင့် သူတို့ သည်းခြေပျက်မတတ် အနေရခက်နေ၏။

ချီယန်နတ်ဆိုးဘုရင်၏ ရေခဲမီးသည် နတ်ဆိုး ရေခဲမီးလိုပင်။ တိုက်ခိုက်မှုတိုင်းက တစ္ဆေနတ်ဘုရားနှင့် ဝမ်ရှန်နတ်ဘုရားအား သေမတတ် ဒဏ်ရာရသွားစေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ရှန်နတ်ဘုရားသည် ချီယန်၏ မီးနဂါးကြောင့် အသား‌လောင်လာသည်။ အရေပြားက တဖြည်းဖြည်း အရည်ပျော်လာပြီး သွေးများ တစက်စက် စီးကျလာ၏။

“အား...”

ဝမ်ရှန်း နတ်ဘုရား ခြောက်ခြားနေသည်။ ဤသို့သော အဖြစ်ဆိုးမျိုးဖြင့် ကြုံနေရချိန်တွင် ချီယန် နတ်ဆိုးဘုရင်၏ လက်သီးချက်က သူ့ပေါ် ကျရောက်လာသဖြင့် ပေါက်ကွဲကာ သေဆုံးသွားလေသည်။ ထို့နောက် သူသည် လက်ပြန်ရိုက်ချက်ဖြင့် တစ္ဆေနတ်ဘုရားကို ရိုက်ချလိုက်သည်။ ထိုအခါ တစ္ဆေနတ်ဘုရား၏ အေးခဲနေသော ခန္ဓာကိုယ်သည် အက်ကွဲပျက်စီးသွားလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားနှစ်ပါးလုံး အသတ်ခံလိုက်ရလေသည်။ ဤမြင်ကွင်းက သေမင်း ရှေ့ပြေးနိမိတ်ကို ဖွင့်ချလိုက်သလိုပင်။

အမှောင်သခင် နတ်ဆိုးဘုရင်က အားပါးတရ ရယ်မော၍ လက်ကိုဆန့်ကာက အမြွှာ နတ်ဘုရားညီနောင်၏ ဦးခေါင်းကို ဖမ်းချုပ်လိုက်သည်။

နတ်ဘုရားညီနောင်ထဲမှ တစ်ယောက်၏ ဦးခေါင်းက စိစိညက်ညက် ကြေသွားလေသည်။ ထို့နောက် ကျန်အမြွှာ နတ်ဘုရား၏ဦးခေါင်းအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုအခါ ထိုနတ်ဘုရား၏ ဦးခေါင်းသည် ပုပ်သိုးနေသော ဖရဲသီးကဲ့သို့ အက်ကွဲသွားလေတော့သည်။

နတ်ဘုရား အရှင်သခင်နှစ်ယောက်လုံး နေရာမှာတင် သေဆုံးသွားလေသည်။ ဤမြင်ကွင်းကြောင့် သွေးအဆိပ် အရှင်သခင် သေမတတ် ထိတ်လန့်သွားသည်။ သူ စစ်သင်္ဘောထံ နောက်လှည့်ပြေးရန် ပြင်လိုက်သည်။

‌”သေလိုက်တော့”

ထိုစဉ် နတ်ဆိုးလက်တစ်ဖက်က သူ့နှလုံးသားအား ထိုးဖောက်လာသည်။ ထို့နောက် စုတ်ပြဲသံနှင့်အတူ နတ်ဆိုးလက်တစ်ဖက်က နတ်ဘုရား အရှင်သခင်တစ်ယောက်၏ နှလုံးသားအား ဆွဲထုတ်လိုက်လေသည်။

Chapter 689 ယုတ်မာသော လီဖန်း

နတ်ဘုရား အရှင်သခင်၏ ရဲရဲနီသော သွေးစက်များက ကောင်းကင်ထက်၌ လွင့်မျောနေသည်။ ကောင်းကင်ယံ၌ သွေးစက်များနှင့် အသားစများအပြင် အလောင်းများက နေရာအနှံ့ ရှိနေ၏။

သောင်းချီသော နတ်ဘုရား စစ်သည်တော်များနှင့် ပုန်ကန်သူများသည် နားဝေတိမ်တောင် ဖြစ်နေကြသည်။ လီဖန်းသည် မြေကြီးပေါ် ပစ်လဲကျသွားပြီး မျက်နှာ ပြာနှမ်းနေသည်။

“သေကုန်ပြီ၊ နတ်ဘုရားအရှင်သခင် ငါး … ငါးယောက်လုံး သေကုန်ပြီ၊ ဘယ်လိုလုပ် ဒီလောက် လွယ်ရတာလဲ”

လီဖန်း၏ နဖူးမှနေ၍ ဇောချွေးများ တဒီးဒီး စီးကျလာသည်။ သူ တအံ့တဩဖြစ်နေပြီး ယုံရခက်နေလေသည်။

*နတ်ဆိုးဘုရင် သုံးယောက်က နတ်ဘုရား အရှင်သခင် ငါးယောက်ကို သတ်လိုက်တယ်တဲ့လား*

ဤအဖြစ်က ပုန်ကန်သူများအား အကြီးအကျယ် နောင်တရသွားလေသည်။

“မြတ်စွာဘုရား၊ ဒီတစ်ခါတော့ ငါ လီဖန်းကြောင့် သေတော့မှာပဲ၊ နဂါးငွေ့တန်း အင်ပါယာက ဒီလောက် အင်အားကြီးမှန်း ငါ သိခဲ့ရင် ဘယ်လိုလုပ် သစ္စာဖောက်ရဲပါ့မလဲ”

“သွားပြီ၊ သွားပြီ”

“ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ၊ ဒီနတ်ဆိုးတွေအားလုံးက မိစ္ဆာကောင်တွေပါလား”

စက္ကန့်ပိုင်းလေးအတွင်းမှာပင် သစ္စာဖောက်များအားလုံး ရှက်ရွံ့နေကြသည်။ ရူးမတတ် ဖြစ်နေကြသည်။ ထိုစဉ် မိစ္ဆာတစ်ကောင်၏ အံ့ဩဒေါသထွက်နေသော အသံမျိုးကဲ့သို့ အသံတစ်သံ ထွက်လာသည်။

“ချီးပဲ၊ အဲ့ဒါတွေက ကိုယ်စားဝင်ခဲပေးတဲ့သူတွေကွ”

ဝှစ်! ဝှစ်! ဝှစ်!

အားလုံး၏ အကြည့်အောက်၌ ကောင်းကင်ယံရှိ နတ်ဘုရား အရှင်သခင်များ၏ အလောင်းများသည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မှော်စာရွက် အပိုင်းအစအဖြစ်သို့ ပြောင်းလဲသွားလေသည်။

*ဒါက …*

လူတိုင်း မှင်တက်သွားသည်။

ဒေါက်! ဒေါက်! ဒေါက်!

ထိုသို့သောအချိန်၌ စစ်သင်္ဘောထံမှ ခြေသံများ ပဲ့တင်ထွက်လာပြီး လူငါးယောက်က ဖြည်းဖြည်းချင်း ထွက်လာသည်။ ထိုသူတို့သည် ယခုလေးတင် အသတ်ခံလိုက်ရသည့် သွေးအဆိပ် အရှင်သခင်တို့ ငါးယောက် ဖြစ်သည်။ အစောပိုင်းက သူတို့ သေသွားခြင်း မဟုတ်ဘဲ အစားထိုးပုံရိပ်များသာ ဖြစ်လေသည်။

“ကောင်းတယ်၊ သိပ်တော်နေတဲ့ နတ်ဆိုးအဖွဲ့တွေပေါ့လေ”

သွေးအဆိပ် အရှင်သခင်နှင့် ကျန်နတ်ဘုရား အရှင်သခင်များ၏ မျက်နှာများက သုန်မှုန်နေသည်။ သူတို့အတွက် စွန့်စားရန် မကြောက်သော်လည်း နတ်ဆိုးများ၏ အစစ်အမှန် ခွန်အားကို စမ်းသပ်ချင်သောကြောင့် ကိုယ်ပွားများကိုသာ သုံး၍ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအဖြစ်က သူတို့ကို အံ့အားသင့်စေခဲ့သည်။

မရဏနတ်ဆိုး၊ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် ချီယန် နတ်ဆိုးဘုရင်တို့သည် သူတို့ ခေါင်းမွေးထောင် သွားစေသည်အထိ ကြောက်လန့်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်နေလေသည်။

သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်လာချင် သွေးအဆိပ် အရှင်သခင်တို့ ငါးယောက်တောင်မှ သေချာပေါက် သေဆုံးရပေလိမ့်မည်။

ထိုသို့တွေးမိပြီးနောက် သွေးအဆိပ် အရှင်သခင်၏ မျက်နှာ၌ ကြောက်လန့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် ချက်ချင်း လီဖန်းကို လှမ်းကြည့်၍ မခိုးမခန့်ပြုံးလိုက်ပြီးနောက် မရဏနတ်ဆိုးအား လှမ်းပြောလိုက်သည်။

“မရဏ မင်းတို့ကောင်တွေက တကယ် သန်မာတယ်ဆိုတာကိုတော့ ငါ ဝန်ခံတယ်၊ ငါတို့ငါးယောက်တောင်မှ မင်းတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ခဲ့ဘူး”

“ဒါပေမဲ့ မင်းတို့နိုင်မယ်လို့ မင်း ထင်နေလား”

နတ်ဘုရား အရှင်သခင် ငါးယောက်လုံးက ထီမထင်သလို ပြုံးနေကြသည်။

“မှားတယ်”

“မင်းတို့ သေရမှာ၊ ပြီးတော့ အသေဆိုးနဲ့ကို သေရမှာ”

*ဘာ*

ထိုစကားကြောင့် မရဏနတ်ဆိုးသာမက နတ်ဆိုးများအားလုံး မျက်နှာပျက်ယွင်းသွားကြသည်။

*သူတို့ဘက်မှ တစ်ခြားဝှက်ဖဲ ရှိနေသေးတာလား*

ယခုအချိန်၌ နတ်ဆိုးများ မျက်မှောင်ကြုတ်၍ တွေးတောနေကြသည်။ ထိုစဉ် အနက်ရောင် မြူခိုးတစ်ခုက နတ်ဆိုးများအားလုံးကို လွှမ်းခြုံလာသည်။ ထိုအနက်ရောင် မြူခိုး၌ စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေပုံရသည်။

ထိုမြူခိုးသည် လေထဲ ပျံ့နှံ့သွားပြီးသည်နှင့် မရဏနတ်ဆိုးနှင့် အခြားသူများ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

“သေစမ်း”

ဤအဖြစ်ကြောင့် အားလုံး သတိလက်လွတ် ဖြစ်သွားကြသည်။ အသန်မာဆုံး တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားသည့် မရဏနတ်ဆိုး၊ အမှောင်သခင် နတ်ဆိုးဘုရင်၊ ချီယန်၊ အန်းရှီနှင့် မိစ္ဆာဝိညာဉ်ရိုင်းတို့သည် ထိုအနက်ရောင် မြူခိုးက သူတို့၏ အသားနှင့် အရိုးများကို တိုက်စားလာသည်ဟု တစ်ပြိုင်နက်တည်း ခံစားမိလာသည်။ သူတို့သည် ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များကို အလျင်အမြန် လည်ပတ်ကြည့်လိုက်သည်။

“အရိုးပျော့ဆေးပါလား၊ ယုတ်မာတယ်”

မရဏနတ်ဆိုး မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး သူ့မျက်နှာက ဖြူရော်နေသည်။ အရိုးပျော့ဆေး အကြောင်းကို သူ အသိဆုံးဖြစ်သည်။ ယခင်အချိန်တုန်းက နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲများ၌ နတ်ဘုရားမျိုးနွယ်များသည် အရိုးပျော့ဆေးကို အသုံးပြုခဲ့သဖြင့် မရေတွက်နိုင်သော နတ်ဆိုးများ သေဆုံးခဲ့ရသည်။

သို့သော် နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ်က ဧကရာဇ်၏ နှလုံးသားမှ သွေးကိုသုံး၍ အရိုးပျော့ဆေးအား မဟာ နတ်ဆိုးအရည်အဖြစ် မွမ်းမံ သန့်စင်ခဲ့သဖြင့် နတ်ဆိုးမျိုးနွယ်များအားလုံး ညတွင်းချင်း အဆင့်တက်ကာ နတ်ဘုရားများကို သတ်ဖြတ်၍ သွေးချောင်းစီးစေခဲ့သည်။

ထိုအချိန်မှစ၍ နတ်ဘုရားမျိုးနွယ်သည် အရိုးပျော့ဆေးက ထပ်မသုံးရဲတော့ချေ။ သို့သော် သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများက ဤသို့သော နည်းလမ်းမျိုးကို ပြန်သုံးလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။

ယခုအချိန်၌ နတ်ဆိုးမျိုးနွယ်ဝင်များ တစ်ယောက်ပြီးတစ်ယောက် အားအင်ကုန်ခမ်း၍ ပစ်လဲကျသွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သန်းချီသော နတ်ဆိုးများအားလုံး ထိခိုက်သွားကြသည်။ ထိုသည်သာမက နတ်ဆိုးများထံမှ ဒေါသထွက်နေသော အသံ ထွက်ပေါ်လာသည်။

“မင်းကိုး”

နတ်ဆိုးများအားလုံး နောက်ကိုလှည့်ကြည့်လိုက်ပြီးနောက် စိတ်ဆိုးဒေါသထွက်နေရသည်။ အားလုံး၏ အနောက်၌ စစ်နတ်ဘုရား အိမ်တော်၏ အစောင့်တစ်ယောက်က ပုလင်းလေးတစ်ပုလင်းကို ကိုင်ထားသည်။ ထို့အပြင် ထိုပုလင်းထဲမှနေ၍ အရိုးပျော့ဆေးမှုန့်များ ထွက်ကျလာနေသည်။

စစ်နတ်ဘုရား အိမ်တော်မှ ထိုအစောင့်က သူ့ကို အားလုံး တွေ့သွားသည်နှင့် သစ္စာဖောက်အဖွဲ့ထဲသို့ အပြေးဝင်သွားပြီး လီဖန်းအနောက်၌ ဝင်ပုန်းလေသည်။

“ဟားဟားဟား …”

လီဖန်းက အလွန်ဂုဏ်ယူဟန်ဖြင့် ဟားတိုက်ရယ်မောလေသည်။ သူသည် ရယ်မောလျက်နှင့် လင်းလန်တို့ကို ပြောလိုက်သည်။

“ဧကရီနဲ့ နတ်ဆိုးဘုရင်တို့၊ ကျုပ် တကယ် စိတ်မကောင်းပါဘူး၊ ကျုပ်ညီအစ်ကိုက နတ်ဘုရားတွေနဲ့ ပူးပေါင်းပြီးတော့ ပုန်ကန်သူအဖွဲ့ထဲ ဝင်ပြီးသားဗျ”

“ပြီးတော့ ဒီနေ့ ခင်ဗျားတို့ခေါင်းတွေက ကျုပ်တို့နန်းတက်မယ့် အထိမ်းအမှတ် လက်ဆောင်ပေါ့”

*ဘာ*

ထိုစကားကြောင့် လင်းလန်နှင့် မရဏနတ်ဆိုးတို့ မျက်နှာပျက်သွားသည်။ သူတို့ အံ့ဩဒေါသထွက်နေပြီး ထိုသစ္စာဖောက်အဖွဲ့ကို သတ်ချင်နေကြသည်။ သို့သော် သူတို့ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များက တိုက်စားခံ နေရသဖြင့် ဟန်ချက်ညီအောင် လုပ်ရန်ပင် ခက်ခဲနေ၏။

ကုန်းပေါ်ရောက်နေသည့် ငါးများကဲ့သို့ ဖြစ်နေပြီး မတိုက်ခိုက်နိုင်တော့ပေ။

“ဘာလဲ၊ ခင်ဗျားတို့က ဒေါသထွက်နေတာလား”

လီဖန်းက ဒေါသထွက်နေသော နတ်ဆိုးများကိုကြည့်ပြီး သရော်ပြုံးပြုံးကာ မထိတထိ ထပ်ပြောလေသည်။

“ချစ်ရပါသော ဧကရီနဲ့ နတ်ဆိုးဘုရင်တို့၊ ခင်ဗျားတို့ စိတ်အေးလက်အေးနဲ့ သေလို့ရပြီ”

“အခုကစပြီး ကမ္ဘာဂြိုဟ်ကို ကျုပ် အုပ်ချုပ်တော့မှာ၊ ဟားဟားဟား …”

ထိုသို့ပြောပြီး လီဖန်းက ဝမ်းသာအားရ ရယ်မောလေသည်။ သူ စိတ်အားထက်သန်၍နေသည်။ သူကဲ့သို့သော ငေးငယ်သည့် စစ်နတ်ဘုရားအိမ်တော် အစောင့်က တိုက်ပွဲအား ပြောင်းပြန်ဖြစ်အောင် ပြုလုပ်နိုင်သည့်သူ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မထားမည်နည်း။

ဤသည်က လီဖန်းက အလွန် စိတ်လှုပ်ရှားသွားစေသည်။ ထို့အတူ သူ၏စကားများက နဂါးငွေ့တန်း အင်ပါယာ၏ သိုင်းပညာရှင်များအားလုံးကို မကျေမနပ် ဖြစ်သွားစေလေသည်။

“ကောင်းတယ်၊ လီဖန်း မင်း သိပ်တော်တယ်”

ထိုစဉ် သွေးအဆိပ် အရှင်သခင်က ကျေနပ်နေဟန်ဖြင့် ခေါင်းညိတ်၍ လီဖန်းကို ပြောလိုက်သည်။

“စိတ်မပူနဲ့၊ မင်း နတ်ဆိုးမျိုးနွယ်က လက်ကျန်ကောင်တွေကို ဖမ်းနိုင်တာနဲ့၊ မင်းက နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ် ဖြစ်လာလိမ့်မယ်၊ အခုကစပြီး မင်းက လူတွေကို စိုးမိုးနိုင်တော့မယ်”

ထိုစကားကြောင့် လီဖန်း ပို၍ဝမ်းသာသွားသည်။ ထို့နောက် သွေးအဆိပ်အရှင်သခင်ရှေ့၌ ဒူးတစ်ဖက်ထောက်၍ တလေးတစား ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ နတ်ဘုရားအရှင်သခင်များ၊ ဒီလီဖန်းက နတ်ဘုရားမျိုးနွယ်ကို သေတဲ့အထိ ဦးညွှတ်လေးစားသွားပါ့မယ်”

လီဖန်း၏စကားနှင့် မျက်နှာပေးတို့ကိုကြည့်ပြီး နတ်ဆိုးများအားလုံး မုန်းတီးစွာဖြင့် အံကိုကြိတ်ကာ အရှက်မရှိသော ထိုလူယုတ်မာကောင်ကို နုတ်နုတ်စင်းချင်နေကြလေသည်။

“လီဖန်း၊ သွား … အဲ့မိန်းမတွေကို အရင်သတ်လိုက်၊ သူတို့ကို သတ်ပြီး မင်းရဲ့ အရှက်သိက္ခာကို ပြန်အဖတ်ဆယ်ခဲ့”

သွေးအဆိပ် အရှင်သခင်က အသာပြုံးနေသည်။ သူ့စကားများက လီဖန်းအား အလွန် ပျော်ရွှင်သွားစေသည်။

“ကျေးဇူးတင်ပါတယ် နတ်ဘုရားအရှင်သခင်ခင်ဗျား”

ထိုသို့ပြောပြီး လီဖန်းက မတ်တပ်ပြန်ရပ်၍ လက်ကိုလှုပ်ခါလိုက်သည်။ ထိုအခါ သူ့လက်ထဲ၌ နတ်ဘုရား ဓားရှည်တစ်လက် ပေါ်လာသည်။ သူသည် ဓားကိုကိုင်ဆွဲ၍ လင်းလန်နှင့် အခြားသူများထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။

“ဟဲဟဲ … ဧကရီ၊ ကံကြမ္မာက တစ်ပတ်ပြန်လည်လာလိမ့်မယ်လို့ ထင်မထားဘူးမလား၊ အဲ့လူက ကျုပ်ကို ကမ္ဘာပေါ်ကနေ နှင်ထုတ်လိုက်တာက သူ့ဘဝမှာ အကြီးဆုံး အမှားပဲ”

“ကျုပ် ခင်ဗျားကို ခေါင်းဖြတ်ပြီး သူ့ကို လက်ဆောင်ပေးလိုက်မယ်”

“သူ ရူးသွားတာကို ကျုပ် မြင်ချင်တယ်၊ သူ သေသွားတာထက် အဲ့လိုဖြစ်သွားတာကို ပိုကြိုက်တယ်”

လီဖန်း၏စကားများက အလွန် စဉ်းလဲကောက်ကျစ်လွန်း၏။ သူ၏ခြေလှမ်းများက လင်းလန်ထံသို့ နီးကပ်လာသည်။ ဤအဖြစ်ကြောင့် နတ်ဆိုးများအားလုံး ရူးမတတ် ဖြစ်သွားကြသည်။

သေဘေးနှင့် ကြုံနေရသော်လည်း လင်းလန်၏အကြည့်များကမူ အေးစက်နေ၏။

“သေလိုက်တော့”

ထိုသို့ကြုံးဝါးသံနှင့်အတူ လီဖန်းက လက်ကိုဝင့်၍ လင်းလန်၏ဦးခေါင်းအား နတ်ဘုရားဓားရှည်ဖြင့် ခုတ်ချလိုက်သည်။ ထိုဓားချက်သည် ပြင်းထန်လွန်းလှသည်။

“ရပ်လိုက်”

ထိုစဉ် အော်သံ တစ်သံထွက်လာသည်။ ထိုအော်သံက ထိတ်လန့်ဖွယ် အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီဖန်းနှင့် နတ်ဘုရား ဓားရှည်အား လွင့်ထွက်သွားစေသည်။ နတ်ဘုရားဓားရှည် ကျိုးပဲ့သွားပြီး လီဖန်းသည်လည်း အလန့်တကြားဖြင့် လွင့်ထွက်သွားသည်။

ထိုသည်သာမကသေးချေ။ လူတိုင်းအတွက် ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

Chapter 690 သူ့ကြောင့်ကိုး

နတ်ဘုရား အရှင်သခင်ငါးယောက်နှင့် သောင်းချီသော နတ်ဘုရား စစ်သည်တော်များ၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကောင်းကင်ထက်ရှိ လေဟာနယ်က ထပ်ခါထပ်ခါ အက်ကွဲလာသည်ကို တွေ့လိုက်ရလေသည်။

ရုတ်တရက် အခြား ကမ္ဘာခြား စစ်သင်္ဘောတစ်စီး ရောက်ရှိလာသည်။ တစ်စီး၊ ဆယ်စီး၊ အစီးတစ်ရာ။ ကောင်းကင်ယံ၌ ကမ္ဘာခြား စစ်သင်္ဘောများဖြင့် ပြည့်နှက်သွားလေသည်။

“ဒါက …”

ထိုစစ်သင်္ဘောများပေါ်မှ အလံများကိုမြင်ပြီး နတ်ဘုရား အရှင်သခင် ငါးယောက်လုံး ချက်ချင်း မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

“နတ်ဘုရားမျိုးနွယ်က လောဝူကျိ”

“အင်မော်တယ်မျိုးနွယ်က သခင်လေး ရွှမ်ယွမ်”

“မကောင်းဆိုးဝါးမျိုးနွယ်က ကိုးမြီးမြေခွေးမလေး”

“….”

စစ်သင်္ဘော တစ်စီးချင်းစီ၏ ခေါင်းပိုင်း၌ မျိုးနွယ်သုံးခု၏ အမည်များကို လွှင့်ထူထားပြီး ထိုအမည်များက မျိုးနွယ်သုံးခုမှ နံပါတ်တစ် ပါရမီရှင် သုံးယောက်ကို ရည်ညွှန်းနေသည်။

ထို့အပြင် စစ်သင်္ဘောပေါ်မှ လူရိပ်များကိုမြင်ပြီးနောက် နတ်ဘုရား အရှင်သခင် ငါးယောက်လုံး စိတ်အေးသွားကြသည်။

“စိတ်မပူကြနဲ့၊ ဒါ ငါတို့ဘက်ကလူတွေ”

ထိုစကားကြောင့် သောင်းချီသော နတ်ဘုရား စစ်သည်တော်များနှင့် သစ္စာဖောက်အဖွဲ့များ စိတ်အေးသွား ကြလေသည်။

သို့သော် ထိုအဖြစ်က ဤမျှနှင့် မရပ်သေးပေ။ စစ်သင်္ဘောပေါ်မှ ဆင်းလာသည့် လူများကို မြင်ပြီး သူတို့၏ အရှိန်အဝါကို ခံစားမိသွားပြီးနောက် အားလုံး မှင်တက်သွားလေသည်။

နတ်ဘုရားမျိုးနွယ်မှ လောဝူကျိက နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် လေးယောက်ကို ဦးဆောင်၍ ထွက်လာသည်။ ကျန်နတ်ဘုရားမျိုးနွယ် ပါရမီရှင်များက များစွာသော နတ်ဘုရားအဆင့်များနှင့် နတ်ဘုရင်အဆင့်များကို ဦးဆောင်လာသည်။

အင်မော်တယ်မျိုးနွယ်မှ သခင်လေး ရွှမ်ယွမ်က အင်မော်တယ် အရှင်သခင်များကို ဦးဆောင်လာသည်။ ထို့အပြင် အင်မော်တယ်ဘုရင်အဆင့်များလည်း များစွာ ပါဝင်နေသည်။

မကောင်းဆိုးဝါး မျိုးနွယ်မှ ကိုးမြီးမြေခွေးမလေးသည် မကောင်းဆိုးဝါး အရှင်သခင်နှစ်ယောက်နှင့် မကောင်းဆိုးဝါး ဘုရင်အဆင့်များကို ဦးဆောင်လာလေသည်။

ထိုလူများအဖွဲ့၌ အားအနည်းဆုံးသောသူက ဘုရင်အဆင့် ဖြစ်နေသည်ကို သောင်းပေါင်းများစွာသော နတ်ဘုရား စစ်သည်တော်များနှင့် သစ္စာဖောက်များအဖွဲ့တို့ တွေ့လိုက်ကြရသည်။

ထိုအဖွဲ့၌ လူပေါင်း ငါးထောင်မက ရှိနေ၏။ ဤမြင်ကွင်းကိုကြည့်ပြီး နတ်ဘုရား အရှင်သခင် ငါးယောက်လုံး ထိတ်လန့်သွားကြသည်။

သွေးအဆိပ် အရှင်သခင်တို့ ငါးယောက်သည် နည်းနည်းလေးမှ မထီမဲ့မြင် မပြုရဲသဖြင့် သူတို့ထံ အပြေးသွား၍ ယဉ်ကျေးစွာ ပြောလိုက်သည်။

“သခင်လေး လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်၊ ကိုးမြီးမြေခွေးမလေးနဲ့ အရှင်သခင်တို့”

“အားလုံး ဒီရောက်လာတာပဲ၊ ကျုပ်တို့ အခုလေးတင် နတ်ဆိုးမျိုးနွယ်က လက်ကျန်ကောင်တွေကို ဖမ်းမိသွားတာ”

“ဒီကောင်တွေကို နတ်ဘုရားဆီ အားလုံး ခေါ်သွားတာက ပိုကောင်းမယ်ထင်တယ်၊ ဘယ်လိုလဲ”

ယခုအချိန်တွင် လောဝူကျိနှင့် အခြားသူများက အာဏာကို လုယူချင်၍ ရောက်လာသည်ဟု တွေးမိနေကြသည်။ သို့သော် ထိုသို့လုပ်ပါကလည်း သူတို့ ဂရုစိုက်မည် မဟုတ်ပါ။

သို့သော် သူ့စကားအဆုံး၌ ကောင်းကင်ယံ၌ တိတ်ဆိတ်သွားသည်။ သောင်းချီသော နတ်ဘုရား စစ်သည်တော်များနှင့် ပုန်ကန်သူအဖွဲ့တို့သည် သေမင်းနတ်ဘုရားကို စိုက်ကြည့်မိနေသကဲ့သို့ အရိုးကွဲမတတ် ချမ်းစိမ့်ကာ တုန်ယင်သွားကြသည်။

“နတ်ဆိုးမျိုးနွယ်က လက်ကျန်ကောင်တွေလား”

ထိုစကားကြောင့် လောဝူကျိက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

“တော်လိုက်တဲ့ သွေးအဆိပ်၊ တော်လိုက်တဲ့ နတ်ဘုရားအဖွဲ့”

ထိုသို့ပြောပြီးနောက် လောဝူကျိ၊ သခင်လေး ရွှမ်ယွမ်နှင့် ကိုးမြီးမြေခွေးမလေးတို့သည် မျိုးနွယ် အရှင်သခင်များနှင့် ဘုရင်အဆင့်များကို ဦးဆောင်၍ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်။

ထို့နောက် ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ ဦးညွှတ်ဂါဝရပြုလာကြသည်။ ထို့အတူ သူတို့၏ နဖူးပေါ်၌ အနက်ရောင် မှော်စာလုံးတစ်လုံး ထွက်ပေါ်လာသည်။

“လောဝူကျိက အလောင်းကောင်ကျွန် ငါးထောင်ကို ဦးဆောင်ပြီး သခင်ကြီးဆီ ရောက်လာပါပြီ”

“နတ်ဆိုးမျိုးနွယ်က မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”

ထိုဟစ်ကြွေးသံအဆုံး၌ နတ်ဘုရား အရှင်သခင် ငါးယောက်၊ သောင်းချီသော နတ်ဘုရား စစ်သည်တော်များနှင့် ပုန်ကန်သူများအဖွဲ့တို့အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

“ဘာ၊ ငါ … ငါ နားကြားမှာတာလား၊ နတ်ဆိုးအလောင်းကောင်ကျွန်တဲ့လား၊ လောဝူကျိက သူ့ကိုယ်သူ နတ်ဆိုး အလောင်းကောင်ကျွန်လို့ သုံးလိုက်တာလား”

“မြတ်စွာဘုရား၊ ရူးချင်စရာပဲ၊ လူငါးထောင်နဲ့ မျိုးနွယ်သုံးခုက ပါရမီရှင်သုံးယောက်က ဘယ်လိုလုပ် အလောင်းကောင်ကျွန် ဖြစ်လာပြီးတော့ နတ်ဆိုးတွေကို အရိုအသေ ပေးနေတာလဲ”

“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ စိတ်ထင်နေတာ၊ အရာအားလုံးက မှားနေတာ”

သတိပြန်ဝင်လာပြီးနောက် ကောင်းကင်ယံ၌ ဆူညံပွက်လောရိုက်သံများဖြင့် ပြည့်နှက်နေသည်။ အားလုံး၏ မျက်နှာ၌ ထိတ်လန့်၍ မယုံနိုင်ဟန်များ စွန်းထင်းနေ၏။

မျိုးနွယ်သုံးခုမှ ပါရမီရှင်များက အရှင်သခင်အဆင့်များနှင့် ဘုရင်အဆင့်များကို ဦးဆောင်လာပြီး သူတို့၏ အစစ်အမှန် နတ်ဘုရားကို တွေ့လိုက်ရသကဲ့သို့ ကမ္ဘာဂြိုဟ်ပေါ်မှ တစ်စုံတစ်ရာကို ဦးညွှတ်နေသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူတို့သာမက မရဏနတ်ဆိုး၊ အမှောင်သခင်နှင့် ချီယန်တို့အပြင် အခြားနတ်ဆိုးများသည်လည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ ယဲ့ဖန်က များစွာသော လူများကို အလောင်းကောင်ကျွန်အဖြစ် သိမ်းပိုက်ထားသည်ကို ယခုအခါတွင်မှ သူတို့ သိလိုက်ရသည်။

“လောဝူကျိ၊ မင်း ဘာလုပ်နေတာလဲ”

သွေးအဆိပ် အရှင်သခင် ရုတ်တရက် မျက်နှာပျက်သွားပြီး လောဝူကျိအား အသည်းအသန် လှမ်းအော်လိုက်သည်။ သူ့စကားအဆုံး၌ လောဝူကျိက ခနဲ့ပြုံး ပြုံးလာသည်.

“ဘာလုပ်တာလဲ ဟုတ်လား”

“မင်းကို သတ်ဖို့ပေါ့”

ထိုသို့ပြောပြီးနောက် လောဝူကျိက လက်မြှောက်၍ ငါးထောင်သောလူတို့အား အော်ပြောလိုက်သည်။

“သခင်ကြီးအတွက် နတ်ဘုရားတွေရဲ့ သွေးနဲ့ ယဇ်ပူဇော်မယ်”

ထိုစကားအဆုံး၌ ငါးထောင်သော သိုင်းပညာရှင်တို့သည် ချက်ချင်း အဖွဲ့လိုက် လှုပ်ရှားလာကြသည်။ ကောင်းကင်၌ ပြင်းထန်သော တိုက်ခိုက်သံများ ပဲ့တင်ထပ်နေသည်။ လောဝူကျိ ဦးဆောင်သော နတ်ဆိုး အလောင်းကောင်ကျွန် ငါးထောင်တို့သည် သွေးအဆိပ်နှင့် အခြားသူများအား အရူးအမူး သတ်ဖြတ်ကြလေသည်။

ရွှစ်! ရွှစ်! ရွှစ်!

ဤသည်မှာ တစ်ဖက်သတ် ဖိနှိပ်ခြင်းပင်။ အရှင်သခင် ကိုးယောက်၊ နှစ်ရာကျော်သော ပါရမီရှင်များနှင့် ထောင်ချီသော နတ်ဘုရားအဆင့်များနှင့် နတ်ဘုရင်အဆင့်များတို့က သွေးအဆိပ် အရှင်သခင် အပါအဝင် အရှင်သခင် ငါးယောက်၊ သောင်းချီသော နတ်ဘုရားစစ်သည်တော်များနှင့် သစ္စာဖောက်အဖွဲ့များအား အညှာအတာ မရှိ သတ်နေကြလေသည်။

သောင်းချီသော နတ်ဘုရား စစ်သည်တော်များ၏ အရေအတွက်က လျင်မြန်စွာ ကျဆင်းလာသည်။ နတ်ဆိုး အလောင်းကောင်ကျွန်များ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် နတ်ဘုရား စစ်သည်တော်များ အမှုန့် ဖြစ်သွားကြသည်။

သောင်းကျော်နေရာမှ ရှစ်သောင်း၊ ငါးသောင်း၊ သုံးသောင်းအထိ လျော့ကျလာသည်။ ယခုအချိန်၌ ကောင်းကင်ယံတွင် နတ်ဘုရားတို့၏ သွေးများက ပင်လယ်ကဲ့သို့ ဝေဝေဖြာနေ၏။

အလောင်းများက အတုံးအရုံး ပြုတ်ကျလာပြီး သွေးများ ဆက်တိုက် စီးကျလာသည်။ ဤမြင်ကွင်းကြောင့် လီဖန်းနှင့် ပုန်ကန်သူများအားလုံး ထိတ်လန့်သွားကြသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“အလောင်းကောင်တွေလား၊ ဒီလူတွေအားလုံးက ယဲ့ဖန် သိမ်းပိုက်ထားတဲ့ အလောင်းကောင်ကျွန်တွေလား”

ယခုအချိန်၌ လီဖန်းနှင့် သစ္စာဖောက်သူများအားလုံး ရင်တဒိတ်ဒိတ် ခုန်လာကြပြီး နဖူးမှ ချွေးစေးများ စီးကျလာသည်။ အထူးသဖြင့် သွေးအဆိပ် အရှင်သခင်တို့ ငါးယောက်လုံး ဖိနှိပ်ခံနေရပြီး သေလုမျောပါး ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် လီဖန်းနှင့် အခြားသူများအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။

“မလုပ်နဲ့”

ထိုစဉ် ကြောက်လန့်တကြား ထအော်လိုက်သံ ထွက်ပေါ်လာသည်။ အမြွှာနတ်ဘုရား ညီနောင်တို့သည် အရေပြားများ စုတ်ပြတ်၍ ခြေလက်များ ကျိုးကြေကာ ဆက်တိုက် နောက်ဆုတ်နေရသည်။

ထိုစဉ် အရှင်သခင် ကိုးယောက်က ဝိုင်းတန်းတိုက်ခိုက်သောကြောင့် အမြွှာညီနောင် နှစ်ယောက်လုံး ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ သူတို့၏ အသားစများ၊ သွေးစက်များနှင့် အရိုးများက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။

နတ်ဘုရား စိတ်ဝိညာဉ်ပါ သုတ်သင်ခံလိုက်ရသဖြင့် အပြီးတိုင် သေဆုံးသွားကြလေသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ ထို့နောက်တွင်မူ ဝမ်ရှန် နတ်ဘုရား၊ တစ္ဆေနတ်ဘုရားတို့အားလုံး ထိတ်လန့်တကြားဖြင့် လေလွင့်ခွေးတစ်ကောင်ကဲ့သို့ အသေဆိုးဖြင့် သေဆုံးသွားကြသည်။

သွေးအဆိပ် အရှင်သခင်တစ်ယောက်တည်းသာ လမ်းဘေးခွေးကဲ့သို့ ထွက်ပြေးနေ၏။ ဤအဖြစ်က လီဖန်းနှင့် သစ္စာဖောက်သူတိုင်းအား အကြီးအကျယ် နောင်တရသွားစေသည်။ ယှဉ်နိုင်သူမရှိသည့် နတ်ဘုရားများက ဆိုးဆိုးရွားရွား သေဆုံးသွားပြီး သောင်းချီသော စစ်သည်တော်များလည်း အသတ်ခံရလိမ့်မည်ဟု ထင်မှတ် မထားမိကြပေ။

ထိုစဉ် သွေးအဆိပ်အား အရှင်သခင် ကိုးယောက်က ချက်ချင်း ဝိုင်းထားလိုက်ကြသဖြင့် ပြေးပေါက် ပိတ်သွားလေသည်။

သွေးအဆိပ် အရှင်သခင်သည် အသက်ကို အမောတကော ရှူနေသည်။ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေပြီး သူ့မျက်နှာ၌ ခြောက်ခြားဟန်များ ပေါ်လွင်နေ၏။

“လောဝူကျိ၊ မင်း … မင်း နတ်ဆိုးမျိုးနွယ်အဖြစ် ခံယူလိုက်ပြီပဲ၊ နတ်ဘုရားသာ ဒါကို သိသွားလို့ကတော့ မင်း ဘာဒဏ်ရာမှတောင် မရလိုက်ဘဲ သေသွားလိမ့်မယ်ကွ”

သူ့စကာားကြောင့် လောဝူကျိက အော်ရယ်လေသည်။

“အဲ့တော့ ဘာဖြစ်လဲ”

“ငါက အလောင်းကောင်လေ၊ ငါက အသက်ရှင်နေတာလည်း ဟုတ်သလို၊ သေတယ်ပြောရင်လည်း ရတယ်၊ ငါ့အတွက် ဘာမှမဖြစ်ဘူး”

*ဘာ*

သူ့စကားကြောင့် သွေးအဆိပ် အရှင်သခင် ထိတ်လန့်သွားသည်။ နတ်ဘုရားမ၏ ပထမသားတော်က ဤအတိုင်းအတာထိ ကျွန်ပြုခံရလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မထားမိပေ။

*သခင်ကြီးလို့ ပြောခဲ့တာလား*

*ဒါဆို … နတ်ဆိုးဧကရာဇ်ကို ပြောချင်နေတာလား*

ထိုအခါတွင်မှ သွေးအဆိပ် အရှင်သခင် နားလည်သွားသည်။ မရဏနတ်ဆိုး၊ အမှောင်သခင်နှင့် ချီယန်တို့ ပြန် အသက်ရှင်လာရသလဲ ဆိုသည့် အကြောင်းရင်းနှင့် ကမ္ဘာမြေသား နတ်ဆိုးမျိုးနွယ်များက နတ်ဆိုးဘုရင်၏ အမွေအနှစ်များကို ရရှိနေသလဲ ဆိုတာကို သူ နားလည်သွားလေတော့သည်။

*လတ်စသက်တော့ … သူ့ကြောင့်ကိုး*

စာစဉ် ၄၆ ဤတွင် ပြီးပါပြီ။

All Chapters