အခန်း (၆၉၁-၆၉၃)
Vol. 47 Ch. 691-693
Chapter 691 မသေမျိုး ဟေးဒီး လာနေပြီ
နတ်ဆိုးဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးမိပြီး သွေးအဆိပ် အရှင်သခင် ကြက်သီး တဖြန်းဖြန်းထ၍ ခေါင်းမွေးထောင်လာသည်။
ယခုအချိန်၌ ကြောက်လန့်ဖွယ်ကောင်းသော နတ်ဆိုးများနှင့် ရင်ဆိုင်နေရသဖြင့် နတ်ဘုရား အရှင်သခင်နှင့် နတ်ဘုရား စစ်သည်တော်များသာမက သစ္စာဖောက်များပါ ကြောက်လန့်၍ မျက်နှာပြာနှမ်းလာသည်။
*ဒီတစ်ခေါက်တော့ တကယ် သေရတော့မှာလား*
သွေးအဆိပ် အရှင်သခင်နှင့် လီဖန်းတို့အားလုံး မချိပြုံးပြုံးမိကာ စိတ်ထဲ၌ နောင်တတရားနှင့် မုန်းတီးစိတ်များဖြင့် ပြည့်နှက်လာသည်။
ကောင်းကင်တစ်ခုလုံး၌ ပြည့်နှက်နေသည့် နတ်ဆိုး အလောင်းကောင်ကျွန်များက အခြားသူများထံ ပြေးဝင်၍ သတ်ဖြတ်ကာ စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ကြသဖြင့် လူတိုင်း ကြောက်လန့်နေကြသည်။
ဂါး!
ထိုစဉ် ရှေးဟောင်းသားရဲကောင်တစ်ကောင် မာန်ဖီလိုက်သကဲ့သို့သော အသံမျိုး ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ နေမင်းသည် တုန်ခါသွားပြီး နေ့အလင်းရောင်သည်လည်း ချက်ချင်း မှောင်မိသွားလေသည်။
ထိုအော်သံက နေကို ဖျက်ဆီးနိုင်ပုံရသည်။ ထို့အတူ ထိုအော်သံကြောင့် နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံး သွေးအန်လာပြီး ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။
လူတိုင်း ထိတ်လန့်တကြားဖြင့် နေအဖွဲ့အစည်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြပြီးနောက် မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ခြောက်ခြားသွားကြသည်။
“အဲ့ … အဲ့ဒါ ဘာကြီးလဲ”
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကြောက်စရာကောင်းသော ပုံရိပ်တစ်ခုသည် ဂြိုဟ်တို့၏ အဖွဲ့အစည်းများကို ဖျက်ဆီး၍ နေအဖွဲ့အစည်းထဲသို့ ရုတ်တရက် ဆင်းလာသည်။
ထိုသတ္တဝါ၏ ခန္ဓာကိုယ်ကြီးသည် နေအဖွဲ့အစည်း၏ သုံးပုံတစ်ပုံနီးပါး ရှိသည်။ ထို့အတူ ချွန်ထက်သော တောင်ပံများနှင့် မျက်လုံးတစ်စုံက ဂြိုဟ်တစ်လုံးစာမျှ ရှိလေသည်။
၎င်း၏ချွန်ထက်သော လက်သည်းများက ကောင်းကင်ယံကိုပင် တစ်ချက်တည်းဖြင့် ဆွဲဖြဲနိုင်ပုံရသည်။ ၎င်းသည် ကမ္ဘာပေါ် ရောက်လာသည်နှင့် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ထရယ်လေသည်။
“ဟားဟားဟား … ငါ့အစာလေး၊ ဒီဘုရင်ကြီး လာပြီကွ”
ဤရယ်သံကြောင့် လူတိုင်း ခေါင်းထဲ စီခနဲ ဖြစ်သွားပြီး ကိုက်ခဲလာသည်။ ဂြိုဟ်များကို ဖြတ်သန်း၍ ရောက်လာသော ထိုသတ္တဝါကို သေချာမြင်လိုက်ရပြီးနောက် အားလုံး သွေးပျက်သွားလေသည်။
*မသေမျိုး ဟေးဒီးစ်ပါလား*
လူတိုင်း ထိတ်လန့်သွားကြသည်။ လောဝူကျိနှင့် အခြားသူများတောင်မှ ကြက်သီးထကာ ခေါင်းမွေးထောင် လာသည်။ ဤမသေမျိုး ဟေးဒီး၏ ကြီးမားသော ခန္ဓာကိုယ်အောက်၌ သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်သာသာမျှသာ ရှိတော့သည်ဟု ခံစားမိနေသည်။
“မသေမျိုးဟေးဒီးစ်၊ ဒီကြောက်စရာကောင်းတဲ့သူက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ”
လူတိုင်းသည် ကြောက်စရာကောင်းသည့် သတ္တဝါကို လှမ်းကြည့်နေပြီး စကြဝဠာကို တုန်လှုပ်စေခဲ့သည့် ဤသတ္တဝါကြီးက ကမ္ဘာဂြိုဟ်သို့ ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။
ထိုစဉ် ကမ္ဘာဂြိုဟ်ပေါ်ရှိ အားလုံး၏ အကြည့်ကို ခံစားမိပြီး မသေမျိုး ဟေးဒီးစ် မျက်မှောင်ကြုတ်သွားသည်။ ၎င်း၏ ရဲရဲတောက်နေသော မျက်လုံးများက အောက်ဘက်ရှိ လူများကို ငုံ့ကြည့်လာသည်။
“ဟမ် … လတ်စသက်တော့ ဒီမှာ စားကောင်းသောက်ဖွယ်တွေ အများကြီး ရှိနေတာကိုး”
“ဒီဘုရင်ကြီး အရင် အရသာခံရဦးမှာပေါ့”
ထိုသို့ပြောပြီးနောက် သူ၏ချွန်ထက်သော လက်သည်းများဖြင့် အောက်ဘက်ရှိ လူများကို ရုတ်တရက် လှမ်းရိုက်လိုက်သည်။ များစွာသော နတ်ဘုရားများ၏ ခန္ဓာကိုယ်များတွင် လက်သည်းများ ဖောက်ဝင်သွားသည်။
လက်တစ်ဖက်တည်းဖြင့် ထောင်ချီသော နတ်ဘုရားများကို ဖမ်းမိသွားပြီး မသေမျိုး ဟေးဒီးစ်က သူတို့အား သူ၏ ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။
ဂျွတ်! ဂျွတ်!
အရိုးကျိုးသံများ၊ အသားများ ကိုက်ဖဲ့သံများနှင့်အတူ ငယ်သံပါအောင် အော်ဟစ်သံများပါ ထွက်ပေါ်နေသည်။ မသေမျိုးဟေးဒီးစ်၏ ပါးစပ်မှနေ၍ ရဲရဲနီသော သွေးများက မြစ်သဖွယ် စီးကျလာသည်။
လူတိုင်း ကြောက်လန့်သွားကြသည်။ ဤမသေမျိုး ဟေးဒီးသည် အလွန် ကြောက်စရာကောင်းသည့်အပြင် ရက်စက်မှုကလည်း ကမ်းကုန်ပင်။
ထိုစဉ် မသေမျိုး ဟေးဒီးက လူများကို ကိုက်ဖဲ့ရင်းနှင့် ကမ္ဘာပေါ်ရှိ လူများကို ငုံ့ကြည့်လာသည်။ သူ၏ အတောမသတ်နိုင်သော လောဘကို ပြသဟန်ဖြင့် နှုတ်ခမ်းကို သပ်လာသည်။
“ကျစ်ကျစ် ... ငါ အနံ့ရနေတယ်၊ မသေမျိုး ခန္ဓာကိုယ်ရဲ့ အနံ့ကို ငါ ရနေတယ်၊ ငါ့အစာလေး မင်း ပေါ်မလာသေးဘူးလား”
ထို့နောက် မသေမျိုး ဟေးဒီးစ်က လက်သည်းတစ်ဖက်ကို ဝင့်၍ ကမ္ဘာမြေပေါ်ရှိ တစ်စုံတစ်ရာကို လှမ်းဆွဲလေသည်။
မသေမျိုး ဟေးဒီးစ်၏ စကားကို ကြားပြီးနောက် မရဏနတ်ဆိုး၊ အမှောင်သခင်၊ ချီယန်နှင့် အခြားသူများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
*မသေမျိုး ခန္ဓာကိုယ်တဲ့လား*
*သူ ... လတ်စသက်တော့ သူက သခင်ကြီးအတွက် ရောက်လာတာပဲ*
ဤသည်ကိုတွေးမိပြီးနောက် နတ်ဆိုးများ မျက်နှာပြာနှမ်းသွားသည်။
“မြန်မြန်လုပ်၊ သူ့ကိုတားကြ”
“သူက ငါတို့သခင်ကြီးကို ထိခိုက်အောင် လုပ်ချင်နေတာ”
ထိုနတ်ဆိုးအဖွဲ့ အော်ပြောလိုက်ချိန်တွင်မှ ယဲ့ဖန် ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်လေးမျိုး၌ မသေမျိုး ခန္ဓာကိုယ် ပါဝင်နေသည်ကို လောဝူကျိနှင့် အခြားသူများ သတိရသွားသည်။
“သေစမ်း၊ မြန်မြန်လာကြ”
လောဝူကျိသည် အလောင်းကောင်ကျွန် ငါးထောင်ကို ဦးဆောင်၍ မသေမျိုး ဟေးဒီးစ်ထံ ပြေးဝင်၍ သည်းကြီးမည်းကြီး ပိတ်ဆို့လေသည်။
အရှင်သခင် ငါးယောက်နှင့် များစွာသော ဘုရင်အဆင့် သိုင်းပညာရှင်များသည် မသေမျိုး ဟေးဒီးစ်အား အပြင်းအထန် တိုက်ခိုက်ကြသည်။ ဤသို့ ကြောက်စရာကောင်းသည့် ပူးပေါင်းတိုက်ခိုက်မှုက ထိတ်လန့်ဖွယ် ကောင်းလှပြီး မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။
သို့သော် ထိုတိုက်ခိုက်မှုများသည် မသေမျိုး ဟေးဒီးစ်အတွက် အယားပြေရုံလောက်သာ ရှိသည်။ သူ့မျက်လုံးက လင်းလက်လာပြီး အထင်သေးသလို ပြုံးနေသည်။
“ပုရွက်ဆိတ် တစ်သိုက်ကများ၊ ဝေးဝေးသွားစမ်း”
ထိုစဉ် မသေမျိုးဟေးဒီးစ်က လက်ကိုခါ၍ ပုတ်ထုတ်လိုက်သည်။ ထိုအခါ လောဝူကျိနှင့် ငါးထောင်သော သိုင်းပညာရှင်များအားလုံးသည် ပုရွက်ဆိတ်များကဲ့သို့ လွင့်ထွက်သွားလေသည်။
အားလုံး သွေးအန်၍ အရိုးများ ကျိုးကြေကုန်သည်။ တစ်ချက်တည်းဖြင့် အားလုံး ထိခိုက်ဒဏ်ရာရကုန်ကြသည်။ ဤအဖြစ်ကိုကြည့်ပြီး သွေးအဆိပ် အရှင်သခင်နှင့် ပုန်ကန်သူများဖြစ်သည့် လီဖန်းတို့အဖွဲ့သားများ အလွန် စိတ်လှုပ်ရှားသွားကြသည်။
“ဟားဟားဟား ... ကောင်းတယ်၊ သိပ်ကောင်းတယ်”
သွေးအဆိပ် အရှင်သခင်နှင့် လီဖန်းတို့၏ မျက်နှာထက်တွင် ရူးသွပ်ဟန်နှင့် နိုင်လိုညှင်းဆဲ ပြုလိုဟန်များ ထင်ဟပ်နေသည်။ သူတို့ သေရတော့မည်ဟု ထင်နေချိန်တွင် အဖြစ်အပျက်က ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားမိချေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မသေမျိုး ဟေးဒီးစ်ရောက်လာပြီး လောဝူကျိနှင့် အခြားသူများ အပြင်းအထန် ဒဏ်ရာရသွားသည် မဟုတ်ပါတကား။
“သတ်၊ သူတို့အားလုံးကို သတ်ပစ်လိုက်၊ ယဲ့ဖန်ကို သတ်လိုက်၊ ဟားဟားဟား ...”
လီဖန်းက အားရဝမ်းသာဟန်ဖြင့် ရယ်နေသည်။ သူ့စိတ်ထဲမှ နောင်တတရားတို့သည်လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။
မသေမျိုး ဟေးဒီးစ်ကြောင့် နတ်ဆိုးများ ပေါက်ကွဲသေဆုံး၍ ယဲ့ဖန်တစ်ယောက် မသေမျိုး ဟေးဒီးစ်၏ ဝါးစားခြင်း ခံနေရပြီဟု သူ မြင်ယောင်နေကာ ဝမ်းသာပျော်ရွှင်နေ၏။
“မလုပ်နဲ့”
ထိုစဉ် မသေမျိုး ဟေးဒီးစ်၏ လက်တစ်ဖက်က ကမ္ဘာမြေပေါ် ကျလာပြီး တစ်စုံတစ်ရာကို ရိုက်ချလိုက်သည်။ ဤမြင်ကွင်းကြောင့် နတ်ဆိုးများ၏ မျက်နှာက ပြာနှမ်းသွားလေသည်။
ယဲ့ဖန်က ယခုထိ သတိလစ်နေသေးကြောင့် နတ်ဆိုးများ သိထားကြသည်။ အကယ်၍ ယခုအချိန်တွင် မသေမျိုး ဟေးဒီးစ်နှင့် သူ ရင်ဆိုင်ရပါက ပြန်လည်ခုခံနိုင်စွမ်း မရှိပေ။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ မသေမျိုးဟေးဒီးစ်၏ လက်တစ်ဖက်က တစ်စုံတစ်ရာကို ဆွဲယူနေသည်။
“ငါ့အစာလေး၊ ထွက်လာခဲ့စမ်း”
မသေမျိုး ဟေးဒီးစ်က သရော်ပြုံး ပြုံးနေ၏။ ထိုစဉ် သူ့အပြုံးက တောင့်ခနဲ ဖြစ်သွားပြီး ဆဲရေးတိုင်းထွာ မိသွားသည်။
“သေစမ်း”
ထို့နောက် သူက အလန့်တကြားဖြင့် လက်ပြန်ရုတ်လိုက်သည်။ ထို့နောက် နဂိုအတိုင်း ပြန်ရပ်နေပြီး ထိတ်လန့် ဒေါသထွက်ဟန်ဖြင့် ကြည့်နေသည်။
*ဟမ်*
ဤအဖြစ်ကြောင့် အားလုံး အံ့ဩသွားသည်။ ဘာဖြစ်သွားသလဲ သူတို့ မသိကြချေ။
“ဘာဖြစ်တာလဲ၊ မသေမျိုး ဟေးဒီးစ်တောင် ဒီအမူအရာမျိုး ဖြစ်နေတယ်၊ ဘယ် ... ဘယ်လိုဖြစ်တာလဲ”
သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများ၏ မျက်လုံးထဲတွင် မသေမျိုး ဟေးဒီးစ်သည် ဂြိုဟ်များကို လွှမ်းမိုးနိုင်သူ ဖြစ်သည်။ နတ်ဘုရားများကို ဖယ်ထားပါက သူသည် ပြိုင်ဘက်ကင်းလုနီးပါးပင်။
“ဘာကြီးလဲ၊ ဒီဘုရင်ကြီးရှေ့က ဖယ်စမ်း”
မသေမျိုး ဟေးဒီးစ် ထအော်လေသည်။ ထို့နောက် သူ၏ ခြောက်ခြားနေသော အကြည့်အောက်၌ ကမ္ဘာမြေပေါ်မှနေ၍ တိမ်မည်းများကဲသို့သော ပုရွက်ဆိတ်များက ကောင်းကင်ထက်သို့ ပျံတက်လာသည်။
Chapter 692 အဲ့ဒီလူနဲ့ မသေမျိုး မျိုးနွယ်တဲ့လား
ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်များက ပျံသန်း၍ ရောက်ရှိလာကြသည်။ ထိုပုရွက်ဆိတ်များကို မြင်သည်နှင့် သွေးအဆိပ် အရှင်သခင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားလေသည်။
“ဒါ … ဒါ ဝိညာဉ်စား ပုရွက်ဆိတ်ပဲ”
သွေးအဆိပ် အရှင်သခင်၏ နဖူးမှနေ၍ ချွေးစေးများ စီးကျလာသည်။
မျိုးနွယ်စုများအားလုံးမှ လူများစွာတို့ကို နှိပ်စက်ညှင်းပန်းခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးခဲ့သည့် ဝိညာဉ်စား ပုရွက်ဆိတ်များက ဤနေရာ၌ မည်သို့ ပြန်ပေါ်လာရသနည်း။
သေချာပြန်တွေးကြည့်မည်ဆိုလျင် ကမ္ဘာဂြိုဟ်ပေါ်၌ ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၊ နတ်သမီး ကိုယ်ပွားခန္ဓာကိုယ်၊ မဟာနတ်ဆိုးဘုရင် ရှစ်ယောက်၏ အမွေအနှစ်များ၊ သေဆုံးသွားရာမှ ပြန်ရှင်လာသည့် နတ်ဆိုးများအပြင် ဝိညာဉ်စား ပုရွက်ဆိတ်များပါ ရှိနေလေသည်။
ဤသည်က သွေးအဆိပ် အရှင်သခင်အား ကျင်ငယ်ရည် စီးကျမတတ် ကြောက်လန့်သွားစေသည်။
“ဒီနေရာက ဘယ်လိုနေရာလဲကွာ၊ ဘယ်လိုလုပ် ဒီလောက်များတဲ့ မကောင်းဆိုးဝါးတွေ ရှိနေရတာလဲ”
သွေးအဆိပ် အရှင်သခင်သာမက မသေမျိုး ဟေးဒီးစ်ပင် ခြောက်ခြားသွားပြီး နောက်လှည့်၍ ပြန်ပြေးရန် ပြင်လေသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ဘယ်လိုလုပ် ဝိညာဉ်စား ပုရွက်ဆိတ်တွေက ဒီရောက်နေတာလဲ”
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
မသေမျိုး ဟေးဒီးစ် အလွန် ထိတ်လန့်သွားသည်။ ထိုထောင်ချီသော ဝိညာဉ်စား ပုရွက်ဆိတ်က အရွယ်ရောက်သော အဆင့်သို့ မရောက်သေးသည်ကို သူ သတိထားမိသွားပြီးနောက် စိတ်အေးသွားပြီး နဖူးမှချွေးစေးများကို သုတ်လိုက်သည်။
“သားလောင်းအဆင့်တွေပဲမို့ တော်သေးတယ်၊ မဟုတ်လို့ကတော့ ဒီသခင်ကြီး သေချာပေါက် သေသွားလောက်တယ်”
မသေမျိုး ဟေးဒီးစ် ကျိတ်၍ သက်ပြင်းချလိုက်မိသည်။ သို့သော် ထိုဝိညာဉ်စား ပုရွက်ဆိတ်များကြားထဲမှ ခေါင်းပြောင်ငှက်တစ်ကောင်ကို မြင်ပြီးနောက် သူ၏ ကြီးမားသော ခန္ဓာကိုယ်က အကြီးအကျယ် တုန်လှုပ်သွားလေသည်။
“ခင်ဗျား … ခင်ဗျားကိုး”
ယခုအချိန်၌ မသေမျိုး ဟေးဒီးသည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ အံ့ဩသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားလေသည်။
“ဟားဟားဟား … အဆင်သင့်လိုက်လေ”
“ဘိုးဘေးကြီး နောက်ဆုံးတော့ ကျုပ်တို့ ဆုံပြီပဲ”
*ဘာ*
မသေမျိုး ဟေးဒီးစ်၏ စကားကိုကြားပြီး ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။
*ဘိုးဘေးတဲ့လား*
အားလုံး၏အကြည့်များက ခေါင်းပြောင်ငှက်ထံ ရောက်လာသည်။ အလွန့်ကို သာမန်ငှက် ဖြစ်ပုံပေါ်နေသည့် ခေါင်းပြောင်ငှက်က မသေမျိုး ဟေးဒီးစ်၏ ဘိုးဘေးဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ထိုအချိန်တွင် သွေးအဆိပ် အရှင်သခင်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေ၏။
“နောက်ထပ် မိစ္ဆာကောင်ပါလား၊ ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်နေရတာလဲ၊ ဒါတွေက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိတ်လန့်စရာများက တစ်ခုပြီးတစ်ခု ပေါ်လာသောကြောင့် သွေးအဆိပ် အရှင်သခင် သေလုမျောပါး ဖြစ်နေသည်။ ထို့အတူ ဘေးရှိ လီဖန်းသည်လည်း ကြောက်ချေးပါနေ၏။ ထိုခေါင်းပြောင်ငှက်က ယဲ့ဖန်၏ အိမ်မွေးတိရစ္ဆာန်လေးမှန်း သူ သိသည်။
ပုရွက်ဆိတ်တစ်ဖွဲ့က မသေမျိုး ဟေးဒီးစ်အား ခြောက်ခြားအောင် လုပ်နိုင်သလို ခေါင်းပြောင်ငှက်ကလည်း မသေမျိုး ဟေးဒီးစ်၏ ဘိုးဘေး ဖြစ်နေလေသည်။ ဤအဖြစ်ကြောင့် လီဖန်းသည် မြင်နေရသည့် အရာအားလုံးကို မယုံနိုင် ဖြစ်နေသည်။
“ကျန်းရှုံး၊ မင်း ဒီကို မလာခဲ့သင့်ဘူး”
ထိုအချိန်တွင် ခေါင်းပြောင်ငှက်က မသေမျိုး ဟေးဒီးအား သုန်မှုန်နေသော မျက်နှာထားဖြင့် စူးစိုက် ကြည့်နေသည်။
*ကျန်းရှုံးတဲ့လား*
ဤစကြဝဠာတစ်ခုလုံး၌ မသေမျိုး ဟေးဒီးစ်၏ အမည်ကို လူတိုင်း ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်း ဖြစ်လေသည်။
“ကျန်းရှုံး” ဟူသည့်စကားလုံးကိုကြားသည်နှင့် မသေမျိုး ဟေးဒီးတောင်မှ မသိမသာ မျက်မှောင်ကြုတ် သွားသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် မျိုးနွယ်စု၏ အမိန့်ကြောင့် ဤစကြဝဠာထဲသို့ လာရောက်၍ သူတို့မျိုးနွယ်၏ ဘိုးဘေးကို လိုက်ဖမ်းခဲ့ရသည်။ ယခုအချိန်ထိလည်း ဖမ်းနေရတုန်းပင်။ သူ၏ ကျန်းရှုံးဟူသော နာမည်ကိုပင် သူ မေ့လျော့သွားခဲ့ရသည်။
“ဟမ့်၊ ဘိုးဘေးကြီး ခင်ဗျား ပြောစရာ မလိုဘူး”
“ကျုပ် ခင်ဗျားကြောင့် လာတာ၊ ခင်ဗျားသာ သေသွားရင် ဒီဘုရင်ကြီးက မသေမျိုး မျိုးနွယ်စုဆီ မြန်မြန် ပြန်သွားလို့ ရပြီ၊ ကျုပ်က ဘာလို့ ဒီမှာ တစ်သက်လုံး နေရမှာလဲ”
မသေမျိုးဟေးဒီးသည် ခေါင်းပြောင်ငှက်အား အလွန် မုန်းတီးနေပုံရသည်။ ခေါင်းပြောင်ငှက်ကြောင့် သူ ဤစကြဝဠာသို့ လာခဲ့ရသည်။ ဤစကြဝဠာထဲ၌ သူ ပိတ်မိနေခဲ့ရခြင်းမှာ ခေါင်းပြောင်ငှက်ကြောင့်ပင်။ သူ၏ ကံဆိုးမှုအားလုံးက ခေါင်းပြောင်ငှက်ကြောင့် ဖြစ်လာသည်ဟု ပြော၍ရပေသည်။
သူ့စကားကြောင့် ခေါင်းပြောင်ငှက်၏ မျက်နှာက အလွန်အမင်း သုန်မှုန်သွားသည်။
“မသေမျိုး ဟုတ်လား၊ သူတို့ကို ငါ့မျိုးနွယ်ဝင်တွေလို့ ခေါ်ဖို့ မထိုက်တန်ဘူးကွ”
“အဲ့အချိန်တုန်းက အဲ့ဒီလူရဲ့ ကျွန်မိသားစုဝင်ဖြစ်တဲ့မင်းက သန်မာလာတာနဲ့ အဲ့လူရဲ့ မိဘမဲ့ကလေးကို ပြန်ပေးဆွဲခဲ့တယ်”
“မင်းတို့အားလုံး အရူးတွေပဲ၊ သူ မသေမျိုးမျိုးနွယ်ကို ဘယ်လောက် ကျေးဇူး ထောက်ထားခဲ့လဲ ဆိုတာကို မင်းတို့အားလုံး မေ့သွားပြီပဲ”
“အဲ့လူသာမရှိရင် ဘယ်လိုလုပ် မသေမျိုးမျိုးနွယ်ဆိုတာ ရှိလာမှာလဲ”
ခေါင်းပြောင်ငှက်၏ စကားများကို နားထောင်ပြီး ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။
*အဲ့ဒီလူ*
*မသေမျိုး*
ဤသည်က ရှေးဟောင်းလျှို့ဝှက်ချက် ဖြစ်ပြီး ယခုအခါမှ ပထမဆုံးအကြိမ် သိရခြင်း ဖြစ်လေသည်။ ထို့အပြင် လူတိုင်း အံ့ဩသွားရသည့် အချက်မှာ မသေမျိုး ဟေးဒီးက မသေမျိုး မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ပြီး မသေမျိုးများက ထိတ်လန့်ဖွယ်ကောင်းသော လူတစ်ယောက်၏ ကျွန်မိသားစုတင် ဖြစ်နေသည့် အချက်ပင်။
ယခုအချိန်၌ လူတိုင်းသည် မသေမျိုး မျိုးနွယ်ဝင်တို့၏ သခင်ကြီး ဖြစ်လာသည့် ထိုပုဂ္ဂိုလ်က မည်မျှကြောက်ဖို့ ကောင်းမည်နည်းဟု တွေးမိရင်း ကြက်သီးထလာသည်။
“ဟားဟားဟား ... အဘိုးကြီး၊ ခင်ဗျား တော်တော်အိုနေပြီပဲ”
မသေမျိုး ဟေးဒီးစ်၏ မျက်လုံးတွင် ရက်စက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေ၏။
“ဒီလောကမှာ အားနည်းတဲ့သူတွေက အားကြီးတဲ့သူတွေရဲ့ သားကောင်ပဲ”
“ကျုပ်က မသေမျိုးတစ်ယောက်လေ၊ ဘယ်လိုလုပ် အဲ့လူရဲ့ ကြင်နာမှုကို ရနိုင်မှာလဲ၊ အဲ့လူရဲ့ မိဘမဲ့ကလေးကို လိုက်ဖမ်းတော့ ဘာဖြစ်လဲ”
ထိုသို့ပြောနေချိန်တွင် မသေမျိုး ဟေးဒီးစ်၏ မျက်လုံးထဲမှ လောဘရိပ်နှင့် စိတ်အားထက်သန်နေမှုများက ပို၍ ပီပြင်လာသည်။
“အဲ့မိဘမဲ့ကလေးကို သတ်လိုက်ရင် ကျုပ်တို့ မသေမျိုးတွေ အဲ့လူရဲ့ အစစ်အမှန် အမွေအနှစ်ကို ရနိုင်ပြီ၊ ဒီလိုဆို ကျုပ်တို့ မျိုးနွယ်မှာ သိုင်းပညာရှင်တွေ တစ်ဟုန်ထိုး များလာမှာပဲ၊ အဲ့အခါကျရင် ယင်ယန်လောကကြီးကို ကျုပ်တို့ စိုးမိုးနိုင်ပြီ”
သူ့စကားကြောင့် လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ထို့နောက် စကြဝဠာကြီးက သူတို့ ထင်ထားသည်ထက် ပိုမိုနက်နဲရှုပ်ထွေးလှကြောင်း သတိထားမိသွားသည်။
ဤစကြဝဠာကြီးအပြင် ယင်ယန်လောကဟုခေါ်သည့် ထိတ်လန့်ဖွယ် လောကကြီးတစ်ခုလည်း ရှိပေသေးသည်။ ထိုလောကအပြင် ပိုပို၍ သာလွန်သည့် ကောင်းကင်ထက်က ကောင်းကင်ဘုံ တစ်ခု ရှိနေပုံ ရသည်။
စကြဝဠာကြီး၏ ကြောက်မက်ဖွယ်ကောင်းပုံကို အားလုံး ခံစားမိသည်။
ထိုအချိန်တွင် ခေါင်းပြောင်ငှက်၏ မျက်လုံး၌ စိတ်ပျက်ဟန်များဖြင့် ပြည့်နေသည်။
“နှစ်တွေ ဒီလောက်ကြာနေတော့ မင်းက အဲ့ဒီမသေမျိုးတွေလို လောဘမကြီးလောက်ဘူးလို့ ငါ ထင်ခဲ့မိတာ”
“အခုတော့ အတူတူပါပဲလား ... သေစမ်း”
“ဟမ့်”
မသေမျိုး ဟေးဒီးစ်က အေးတိအေးစက် ပျက်ရယ်ပြုလေသည်။ သူသည် ခေါင်းပြောင်ငှက်ကို လှမ်းကြည့်ပြီးနောက် ကမ္ဘာမြေကို ပြန်ကြည့်လိုက်သည်။
“ဘိုးဘေးကြီး ဒီကမ္ဘာဂြိုဟ်က ကျုပ်အတွက် ကောင်းချီးပေးတဲ့အရာဆိုတာကိုတော့ ကျုပ် ဝန်ခံရမှာပဲ၊ ဒီနေရာမှာ ကျုပ်အစာတင် မကဘဲ ကျုပ် သတ်ချင်နေတဲ့ ခင်ဗျားပါ ရှိနေတာပဲလေ”
“အဲ့တော့ အကုန်လုံးကို တစ်ခါတည်း ရှင်းလိုက်တာပေါ့”
ထို့နောက် မသေမျိုး ဟေးဒီးစ်သည် တစ်ချက်ကလေးမှ တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းပြောင်ငှက်အား လက်သည်းဖြင့် ပုတ်ထုတ်လိုက်သည်။
တစ်လောကလုံး အမှောင်ဖုံး၍ နေနှင့်လတို့ ပျောက်ကွယ်သွားသည်။ ယခုအချိန်၌ မသေမျိုး ဟေးဒီးစ် အားကုန်သုံးထားမှန်း သိသာလှသည်။
ဘေးပတ်လည်မှ လူများအားလုံး ထိုအင်အားကို ခံစားမိပြီး သူတို့ကိုယ်သူတို့ အားနည်းသလို ခံစားမိသွားကြသည်။ ထိုဖိအားအောက်၌ သိုင်းပညာရှင်များအားလုံး လွင့်ထွက်သွားပြီး အားလုံး အပြင်းအထန် ဒဏ်ရာရသွား ကြလေသည်။
“သေပေတော့”
ခေါင်းပြောင်ငှက်က ပြတ်သားသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။
“ငါ သေမယ်ဆိုရင်တောင်မှ မင်း ထင်သလို မဖြစ်စေရဘူးကွ”
ထို့နောက် ခေါင်းပြောင်ငှက်၏ နဖူးမှနေ၍ အနီရောင် အလင်းတန်းများ ဖြာထွက်လာက အင်မော်တယ် ဖီးနစ်ငှက်အသွင် ပုံပေါ်လာ၏။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ခေါင်းပြောင်ငှက်၏ ခန္ဓာကိုယ်က တစ်ဟုန်ထိုး ကြီးမားလာသည်။
မီတာတစ်ရာ၊ တစ်မိုင်၊ ဆယ်မိုင်၊ မိုင်တစ်ထောင်။
ကြီးထွားနှုန်းက အလွန် မြန်ဆန်လှသဖြင့် အံ့ဩစရာ ကောင်းလှသည်။ မျက်တောင်တစ်ခတ်အတွင်းမှနေ၍ ခေါင်းပြောင်ငှက်သည် ကမ္ဘာဂြိုဟ် အရွယ်အစားမျှ ရှိသည့် ဖီးနစ်ငှက်အသွင် ပြောင်းသွားလေ၏။
သို့ရာတွင်မူ သူသည် မသေမျိုး ဟေးဒီးစ်ရှေ့၌ သေးငယ်နေဆဲပင်။ သူတို့နှစ်ယောက်က ချွန်ထက်သော လက်သည်းများဖြင့် ကုတ်ဖဲ့ တိုက်ခိုက်ကြလေသည်။
Chapter 693 တိုက်ပွဲ ဟူသော စကားလုံးကို တီထွင်ခဲ့သူ
ဝုန်း!
မသေမျိုး ဟေးဒီးစ်နှင့် ဖီးနစ်ငှက်တို့သည် လက်သည်းများဖြင့် တိုက်ခိုက်နေကြသည်။ ထိုတိုက်ခိုက်မှုအောက်၌ နေတစ်ခုလုံး တုန်ယင်သွားသည်။ ကောင်းကင်ယံသည်လည်း ဖန်ခွက်ကဲ့သို့ ချက်ချင်း အက်ကွဲသွားသည်။
ခေါင်းပြောင်ငှက်သည် တိုက်ခိုက်မှုတစ်ခုကြောင့် လွင့်ထွက်သွားလေသည်။ သူ၏ ချွန်ထက်သော လက်သည်းများ ပဲ့သွားပြီး ထိုချွန်ထက်သော လက်သည်းများမှနေ၍ ရဲရဲနီသော သွေးများ စီးကျလာသည်။
*တစ်ချက်တည်းနဲ့ ဒဏ်ရာရသွားတာတဲ့လား*
ဝီ!
ထိုစဉ် များစွာသော ဝိညာဉ်စား ပုရွက်ဆိတ်များက ဝီခနဲ ပျံသန်း၍ မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်ကို ချက်ချင်း ကိုက်ဖဲ့ကြလေသည်။
ဂျွတ်! ဂျွတ်!
သူတို့သည် ချွန်ထက်သော အစွယ်များကိုဟ၍ ကိုက်ဖဲ့လိုက်သောအခါ ဘယ်သောအခါမှ မပေါက်ပြဲဖူးသည့် မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်မှနေ၍ အသားများပဲ့ပြီး သွေးများ စိမ့်ထွက်လာသည်။
“ဘာ”
မသေမျိုး ဟေးဒီးစ်က ထိတ်လန့်ဒေါသထွက်ဟန်ဖြင့် ထအော်မိသွားသည်။
“သားလောင်းအဆင့်ပဲ ရှိတဲ့ ဝိညာဉ်စားပုရွက်ဆိတ်တွေက ဘယ်လိုလုပ် ငါ့ကို ထိခိုက်အောင် လုပ်နိုင်ရတာလဲ”
သူ ထိတ်လန့်တကြား ပြောလိုက်ပြီးနောက် အနီရောင် အလင်းတန်းတစ်ခုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး အနီရောင် တောင်ပံက သူ့ကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ သူ၏တောင်ပံက အလွန် မာကြောလှသည်။
တောင်ပံဖြန့်၍ ဖုံးလိုက်သည်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ခန္ဓာကိုယ် အက်ကွဲလုနီးပါး ဖြစ်သွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ အတုံးအရုံး ပြုတ်ကျသွားသော်လည်း ပြန်၍တွန်းလှန်ရန် ပြင်လာသည်။
ထိုစဉ် ခေါင်းပြောင်ငှက်က တောင်ပံဖြန့်၍ ပြန်တိုက်ခိုက်လေသည်။ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျက် ရှိသည်။
ယခုအချိန်၌ လူတိုင်း ထိတ်လန့်နေကြသည်။ ဤခေါင်းပြောင်ငှက်က အလွန် သန်မာလွန်းပြီး မသေမျိုး ဖီးနစ်ငှက်အသွင် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားမိချေ။
သူ၏တိုက်ခိုက်မှုတိုင်းကြောင့် မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာစေသည်။ ထို့အတူ ဝိညာဉ်စား ပုရွက်ဆိတ်များကပါ ဝိုင်း၍ တိုက်ခိုက်နေသောကြောင့် မသေမျိုး ဟေးဒီးစ်၏ ကိုယ်၌ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မသေမျိုး ဟေးဒီးစ်၏ကိုယ်ပေါ်၌ ဒဏ်ရာများက ကြက်ခြေခတ်သဖွယ် ရှုပ်ယှက်ခက်နေလေသည်။
ဤအဖြစ်ကြောင့် သွေးအဆိပ် အရှင်သခင်နှင့် လီဖန်းတို့ အဖွဲ့များ ထိတ်လန့်နေကြသည်။ သူတို့သာ ဝိညာဉ်စား ပုရွက်ဆိတ်များနှင့် ခေါင်းပြောင်ငှက်တို့ဖြင့် တိုက်ခိုက်ရပါက သူတို့ ထွက်ပင်မပြေးနိုင်ဘဲ အသက်မရှင် နိုင်လောက်ဟု ခံစားမိသွားကြသည်။
“မသေမျိုး ဟေးဒီးစ် သူတို့ကို သေချာပေါက် သတ်ပစ်မှဖြစ်မယ်၊ သူတို့အားလုံးကို သတ်ပစ်ရမယ်၊ ဘာမှကျန်ခဲ့လို့ မဖြစ်ဘူး”
လီဖန်း ရင်တဒုန်းဒုန်း ခုန်နေပြီး အလွန် စိုးရိမ်ကာ ခေါင်းနပမ်းကြီးနေ၏။
လက်ရှိအချိန်၌ မသေမျိုး ဟေးဒီးစ် ဒေါသူပုန်ထနေသည်။ သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာများဖြင့် ပြည့်နေသော်လည်း သူ၏ခန္ဓာကိုယ်ကြီးအတွက် အသေးစား ဒဏ်ရာများသာ ဖြစ်လေသည်။
“ဘိုးဘေးကြီး၊ ခင်ဗျားက အားနည်းလွန်းတယ်၊ ခင်ဗျားက အားနည်းလွန်းလို့ ကျုပ် ခင်ဗျားကို လက်တစ်ဖက်တည်းနဲ့ ညှစ်သတ်လို့ရတယ်”
မသေမျိုး ဟေးဒီးစ်က ထိုသို့ကြုံးဝါးပြီးနောက် လက်ကိုဆုပ်၍ ခေါင်းပြောင်ငှက်အား ထိုးနှက်လိုက်သည်။
ဒုန်း!
မသေမျိုး ဖီးနစ်ငှက်သည် ရုတ်တရက် ထအော်မိသွားပြီးနောက် ခေါင်းပြောင်ငှက်အသွင် ပြန်ပြောင်းသွားပြီး လွင့်ထွက်သွားလေသည်။ သူသည် သွေးအလိမ်းလိမ်းနှင့် အရိုးများ ကျိုးကြေ၍ ကမ္ဘာပေါ် ပြန်ပြုတ်ကျလာသည်။
သူ ပြန်ရုန်းထသော်လည်း ပြင်းထန်လှသည့် ဒဏ်ရာများကြောင့် သူ ပြန်ထရန် ခက်ခဲနေ၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပြန်သေးသွားပြီး ခေါင်းပြောင်ငှက်အဖြစ် ပြန်ပြောင်းသွားသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များက ဤအဖြစ်ကိုမြင်သည်နှင့် အရူးအမူးဖြစ်ကာ ပိုမို၍ ကိုက်ဖြတ်လာကြသည်။ သူတို့သည် မသေမျိုး ဟေးဒီးစ်၏ တောင်ပံများကိုကိုက်ဖြတ်၍ ခန္ဓာကိုယ် အတွင်းသားကို ကိုက်ဖြတ်ရန် ကြိုးစားကြလေသည်။
“ဖယ်စမ်းကွာ”
မသေမျိုး ဟေးဒီးစ်က ခန္ဓာကိုယ်ကို လှုပ်၍ ပုတ်ချလိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် သန်မာသော်လည်း ငယ်ရွယ်နေသေးသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် အရွယ်မရောက်သေးသောကြောင့် မသေမျိုး ဟေးဒီးစ်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိဘဲ အပြင်းအထန် ဒဏ်ရာရသွားကြသည်။
လက်ရှိအချိန်တွင် ခေါင်းပြောင်ငှက်သည် ပြင်းထန်သော ဒဏ်ရာများကြောင့် သေလုမျောပါးဖြစ်ကာ မလှုပ်နိုင် ဖြစ်နေသည်။ ထို့အပြင် ဝိညာဉ်စား ပုရွက်ဆိတ်များကလည်း မလှုပ်နိုင် ဖြစ်နေလေ၏။
ဤအဖြစ်ကြောင့် နတ်ဆိုးများ စိတ်ဓာတ်ကျ၍ နတ်ဘုရားမျိုးနွယ်များ အားတက်လာကြသည်။
“မသေမျိုး မျိုးနွယ် အသက်ရှည်ပါစေ၊ အရှင် ဟေးဒီး အသက်ရှည်ပါစေ”
သွေးအဆိပ် အရှင်သခင်၊ လီဖန်း၊ အသက်ရှင်ကျန်ရစ်သည့် နတ်ဘုရား စစ်သည်တော်များနှင့် သစ္စာဖောက်အဖွဲ့များ အားလုံး စိတ်လှုပ်ရှားနေကြသည်။
*ကမ္ဘာဂြိုဟ်က ဘယ်လောက် အင်အားကြီးနိုင်မှာလဲ*
*မသေမျိုး ဟေးဒီးစ်ရဲ့ အင်အားကို သူတို့ ဘယ်လို ခုခံနိုင်မှာလဲ*
ယခုအချိန်၌ လီဖန်းသည် မသေမျိုး ဟေးဒီး ဒေါသတကြီးဖြင့် ကမ္ဘာမြေပေါ်မှ ယဲ့ဖန်ကို လှမ်းဖမ်း၍ တစ်စစီ ဆုတ်ဖြဲနေသည်ကို မြင်ယောင်နေကာ အလွန် စိတ်လှုပ်ရှားနေ၏။
“ဟားဟားဟား …”
မသေမျိုးဟေးဒီးစ်က ဟားတိုက်ရယ်မောလေသည်။ သူသည် ခေါင်းပြောင်ငှက်အား အလွန် အထင်သေးဟန်ဖြင့် စိုက်ကြည့်နေ၏။
“ဘိုးဘေးကြီး ခင်ဗျားက အိုပြီးတော့ အသုံးမကျတော့ဘူး”
“စိတ်မပူပါနဲ့၊ ကျုပ် အစာကို ဝါးစားပြီးတာကို စောင့်နေ၊ ကျုပ် ခင်ဗျားကို မသေမျိုး မျိုးနွယ်ဆီ ပြန်ခေါ်သွားပြီးတော့ ခင်ဗျားကို သေတာထက် ပိုဆိုးတဲ့ဘဝရောက်အောင် လုပ်ပေးမယ်၊ ဟားဟားဟား …”
မသေမျိုး ဟေးဒီးစ်၏ မောက်မာသော စကားကြောင့် ခေါင်းပြောင်ငှက်နှင့် နတ်ဆိုးများအားလုံး သေမတတ် ဖြူရော်သွားသည်။
*သွားပြီ*
*ဒီတစ်ခါတော့ လုံးဝ ပွဲသိမ်းပြီပဲ*
ထူးဆန်းသော ခေါင်းပြောင်ငှက်တောင်မှ မသေမျိုး ဟေးဒီးစ်၏ ပြိုင်ဘက် မဟုတ်ဘဲ ယဲ့ဖန်အား ဝါးစားမည့် ဘေးမှ မတားနိုင်ပေ။
“မလုပ်နဲ့”
မသေမျိုး ဟေးဒီးစ်၏ လက်သည်းများက ကမ္ဘာမြေပေါ်ရှိ တစ်စုံတစ်ရာကို လှမ်းယူနေသည်ကိုမြင်ပြီး လင်းလန်၊ အန်းရှီ၊ ပိုင်ယီနှင့် နတ်ဆိုးများအားလုံး သေမတတ် ထိတ်လန့်သွားကြသည်။
“သခင်ကြီး”
ယခုအချိန်၌ နတ်ဆိုးများအားလုံး သည်းခြေပျက်မတတ် ဖြစ်နေကြလေသည်။ သူတို့ ကြည့်နေစဉ်မှာပင် ချွန်ထက်သော လက်သည်းများက လေထုကို ထိုးခွင်း၍ ကျန်းရှီမြို့ရှိရာ အရပ်သို့ ကျလာပြီး တစ်စုံတစ်ရာကို ဖမ်းယူလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချွန်ထက်သော လက်သည်းများက ကမ္ဘာမြေပေါ်ရှိ တစ်စုံတစ်ရာကို ရိုက်ချလိုက်သည်။ ကျန်းရှီမြို့ရှိ စစ်နတ်ဘုရားအိမ်တော် ပြိုလဲသွားသည်ကို နတ်ဆိုးများ တွေ့လိုက်ရသည်။
ကြီးမားသော စစ်နတ်ဘုရားအိမ်တော်ကြီးသည် မသေမျိုး ဟေးဒီးစ်၏ လက်သည်းအောက်၌ သေးငယ်သော ကစားစရာ အရုပ်ကဲ့သို့ ပျက်စီးသွားလေသည်။
မသေမျိုး ဟေးဒီးစ် လက်ပြန်ရုတ်လိုက်သောအခါ တစ်စုံတစ်ယောက် ပါလာသည်ကို တွေ့လိုက်ရသည်။ ထိုသူက ဆံပင်အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများ မှိတ်နေသည်။ ထိုသူကား ယဲ့ဖန်ပင်။
“သခင်ကြီး”
“ယဲ့ဖန်”
လင်းလန်နှင့် အခြားသူများသည် ကြံရာမရဖြစ်ကာ စိုးရိမ်တကြီး အော်လိုက်မိသည်။ သူတို့၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ ခေါင်းပြောင်ငှက်တောင်မှ နောင်တရနေလေသည်။ သူသည် မကြည့်ရက်ဟန်ဖြင့် မျက်လုံးမှိတ်ထားမိသည်။
“ငယဲ့လေး၊ ဒီဘိုးဘေး မင်းကို အကြွေးတင်နေပြီ၊ အဲ့ဒီလူကို အကြွေးတင်နေပြီ”
ခေါင်းပြောင်ငှက်၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာလေသည်။ သူ ဤကောင်လေးကို အဆုံးထိ မကာကွယ်နိုင်ခဲ့ပေ။
တစ်ဖက်တွင်မူ ယဲ့ဖန်ကိုမြင်သည်နှင့် သွေးအဆိပ် အရှင်သခင်က သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ တုန်လှုပ်သွားလေသည်။
“သူကိုး၊ တကယ်ကို … နတ်ဆိုးဧကရာဇ်ပဲ”
သွေးအဆိပ် အရှင်သခင် ကြောက်လန့်ကာ တုန်လှုပ်နေသည်။ အကယ်၍ ဤနေရာ၌ နတ်ဆိုးဧကရာဇ် ရှိနေသည်ကို သူ ကြိုသိခဲ့ပါက သူ အသတ်ခံရမည်ဆိုလျင်တောင်မှ ဤသို့ လာရဲမည်မဟုတ်ပါ။
“မသေမျိုး ဟေးဒီးစ် ရှိနေလို့ တော်သေးတယ်၊ မဟုတ်လို့ကတော့ အကျိုးဆက်တွေက မတွေးရဲစရာပဲ”
သွေးအဆိပ် အရှင်သခင် ကျိတ်၍ သက်ပြင်းချမိသည်။ ဘေးရှိ လီဖန်းမှာမူ အလွန် စိတ်လှုပ်ရှားနေ၏။
“ဟားဟားဟား … စစ်နတ်ဘုရား၊ ဒီနေ့ ခင်ဗျားတောင်မှ သေရလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး”
မသေမျိုး ဟေးဒီးစ်က ယဲ့ဖန်က ကိုက်စားနေသည်ကို သူ မြင်ယောင်ရင်း ပျော်ရွှင်ကျေနပ်နေ၏။
ထိုစဉ် ထိတ်လန့်တကြား ထအော်လိုက်သံကြောင့် သူ ရယ်နေရာမှ ရပ်သွားလေသည်။ ဘေးဘီကို လှည့်ကြည့်လိုက်သောအခါ မသေမျိုး ဟေးဒီးစ်က ထိတ်လန့်နေသည့် အမူအရာမျိုး ဖြစ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။
ယဲ့ဖန်က မသေမျိုး ဟေးဒီးစ်အတွက် အိပ်မက်ဆိုး ဖြစ်သကဲ့သို့ ကြောက်လန့်နေသည်ကို အားလုံး တွေ့လိုက်ရသည်။
“မင်းကိုး”
ယဲ့ဖန်ကို မြင်သည်နှင့် မသေမျိုး ဟေးဒီးစ် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ကြက်သီးမွေးညင်း ထသွားလေသည်။
“မင်းကိုး၊ ချီးပဲ … အဲ့အချိန်တုန်းက တိုက်ပွဲဆိုတဲ့ စကားလုံးနဲ့ ငါ့မြေအောက်ကမ္ဘာကို ဖျက်ဆီးပြီး ငါ့ခန္ဓာကိုယ်ကို တစ်စစီဖြစ်အောင် လုပ်ခဲ့တဲ့ လူက မင်း ဖြစ်နေတာကိုး”
မသေမျိုး ဟေးဒီးစ်၏ မျက်လုံး၌ ကြောက်လန့်စိတ်နှင့် အမုန်းတရားစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ့စကားများက ဘေးပတ်လည်မှ လူများအားလုံးကို မှင်တက်သွားစေသည်။