အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
Chapter 694 မင်းပါးစပ်က အာပုပ်စော်နံတယ်
*တိုက်ပွဲဆိုတဲ့ စကားလုံးတဲ့လား*
*မြေအောက်ကမ္ဘာ*
ယခုအချိန်၌ သွေးအဆိပ် အရှင်သခင်နှင့် နတ်ဘုရားများအားလုံး အလွန် မှင်တက်သွားကြသည်။ ထိုဒဏ္ဍာရီဇာတ်လမ်းကို လူတိုင်း ကြားဖူးကြသည်။
ထိုအချိန်၌ မြေအောက်ကမ္ဘာသည် မသေဆုံးနိုင်ဘဲ စကြဝဠာကြီးအား စိုးမိုးခဲ့သည်။ မသေမျိုး ဟေးဒီးစ်က မျိုးနွယ်တိုင်းကို သတ်ဖြတ်၍ သွေးချောင်းစီးစေခဲ့သည်။
နတ်ဘုရားမျိုးနွယ်များ၊ အင်မော်တယ် မျိုးနွယ်များ၊ နတ်ဆိုးမျိုးနွယ်များ၊ မကောင်းဆိုးဝါးမျိုးနွယ်များနှင့် တစ္ဆေမျိုးနွယ်များအားလုံး ခေါင်းပင်မမော့နိုင်ပေ။
သို့သော် ဟေးဒီးစ်မျိုးနွယ်များ အထွတ်အထိပ်နေရာသို့ ရောက်နေချိန်တွင် ထူးဆန်းသော လူတစ်ယောက် ပေါ်လာခဲ့သည်။ သူသည် တိုက်ပွဲ ဟူသည့် စကားလုံးကို ဟစ်အော်ခဲ့ပြီး မြေအောက်ကမ္ဘာတစ်ခုလုံးကို အမှုန့်ဖြစ်စေခဲ့သည်။ ထို့အတူ မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားလေသည်။
နောက်ဆုံးတွင် သူသည် အပြင်ဘက် လောကတစ်နေရာ၌ မသေမျိုးမျိုးနွယ်၏ အကူအညီဖြင့် ပြန်လည် မွေးဖွားခဲ့သည်။ သို့သော် သူ့အား လောကသခင် သုံးပါးက ဖိနှိပ်ခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာရကာ နှစ်တစ်သောင်းတိတိ အကျဉ်းချထားခံခဲ့ရလေသည်။
သို့သော် တိုက်ပွဲဟူသော စကားလုံးနှင့် မြေအောက်ကမ္ဘာကို ဖျက်ဆီးခဲ့ပြီး စကြဝဠာထဲ၌ နှစ်တစ်သောင်းကြာ ပျောက်ကွယ်နေသည့် ထူးဆန်းသော ပုဂ္ဂိုလ်က နတ်ဆိုးဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများ ထင်မထားမိချေ။
လက်ရှိအချိန်၌ လူတိုင်း ထိတ်လန့်နေကြလေသည်။ ဤသတင်းသာ စကြဝဠာတစ်ခုလုံးသို့ ပျံ့သွားပါက အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်မှန်း သူတို့ သိနေကြသည်။
သို့သော် မည်သူမျှ မသိလိုက်သည်မှာ နေအဖွဲ့အစည်း၏ အပြင်ဘက်၌ အမျိုးသမီးကြီးတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့က နေအဖွဲ့အစည်းအတွင်းမှ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခြင်းပင်။
ထိုသူနှစ်ယောက်သည် ဟင်းလင်းပြင်၌ ခံစားချက် မရှိသကဲ့သို့ တိတ်ဆိတ်စွာ ရပ်မြဲရပ်နေသည်။ သူတို့ထံမှ ထူးဆန်း၍ မယုံနိုင်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
မသေမျိုး ဟေးဒီးစ်က ယဲ့ဖန်က ကမ္ဘာမြေပေါ်မှနေ၍ ဆွဲယူလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာထားက အကြီးအကျယ် ပျက်ယွင်းသွားသည်။
“ဆရာ၊ ရှင် … ရှင် သွားမကယ်သေးဘူးလား”
“ထပ်စောင့်ကြည့်နေလို့ မဖြစ်ဘူး၊ ယဲ့ဖန်မှာ … အန္တရာယ်ရှိနေပြီ”
ထိုမိန်းမပျိုလေးသည် လှပ၍ စွဲမက်ဖွယ်ကောင်းလှသည်။ သူမ၏ ပုံပန်းသဏ္ဌာန်သည် မိခင်သဘာဝတရားကြီးက ဂရုတစိုက် ထွင်းထုထားသော အလှတရားလိုပင်။ သူမ၏ လှုပ်ရှားမှုတိုင်းနှင့် အပြုံးတိုင်းက သက်ရှိအရာတိုင်းကို ရင်သက်ရှုမော ဖြစ်သွားစေ၏။
ဤနေရာ၌ ယဲ့ဖန်သာ ရှိနေပါက သူမကို သူ ချက်ချင်း မှတ်မိလောက်သည်။ သူမသည်ကား ဖန့်ယင်းပင်။ သို့ရာတွင်မူ လက်ရှိအချိန်၌ ဖန့်ယင်း၏ လှပသော မျက်နှာလေးတွင် စိုးရိမ်စိတ်များ စွန်းထင်းနေ၏။ သူမနဖူးမှ ချွေးစေးများ စီးကျနေသည်။
သူမစကားကြောင့် အမျိုးသမီးက မျက်မှောင်ကြုတ်သွားပြီး ပင့်သက်ရှိုက်လိုက်သည်။
“အရူးမလေး၊ စိတ်အေးအေးထား၊ ငါ့သားက အဲ့လို သေးငယ်တဲ့ မသေမျိုးတစ်ယောက်ရဲ့ လက်ထဲမှာ သေမှာမဟုတ်ဘူး”
ယုံကြည်မှုရှိလွန်းသည်၊ သွေးနထင် ကြီးလွန်းလှသည်။ ထို့အတူ မသေမျိုး ဟေးဒီးစ်အား အလွန် အထင်သေး ပုံရသည်။
*ဘာ*
ထိုအမျိုးသမီး ဖြည်းဖြည်းချင်း ပြောလိုက်သောစကားများကို နားထောင်ပြီး ဖန့်ယင်း၏ မျက်နှာလေးက ဖြူရော်သွားလေသည်။
“ဒါပေမဲ့ ဆရာ မသေမျိုး ဟေးဒီးစ်က တအားကြောက်ဖို့ကောင်းတယ်လေ”
*ကြောက်စရာကောင်းတယ်တဲ့လား*
အမျိုးသမီးကြီးက အသာပြုံးလိုက်သည်။
“စိတ်ချ၊ ငါ့သားက သူ့ထက် ပိုကြောက်စရာကောင်းတယ်”
ထိုစကားကြောင့် ဖန့်ယင်း၏မျက်နှာလေးက ပို၍ပျက်ယွင်းသွားလေသည်။ အကယ်၍ ယဲ့ဖန်သာ သတိရနေပါက ယဲ့ဖန်၏ ထူးခြားမှုနှင့် ရက်စက်မှုတို့ကြောင့် အသက်ဘေးမှ လွတ်နိုင်သည်ဟု ဖန့်ယင်း ယုံကြည်ပါသည်။
သို့သော် ယခုအချိန်၌ ယဲ့ဖန်က သတိလစ်နေ၏။ ထို့ကြောင့် ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့် အမျိုးသမီးကြီးက အလွန် ယုံကြည်မှုရှိနေသေးမှန်း ဖန့်ယင်း နားမလည်နိုင်ပေ။
“ယဲ့ဖန် ဒုက္ခရောက်ပြီဆိုတာနဲ့ ငါ သေရမယ်ဆိုရင်တောင်မှ သူ့ကိုကယ်မယ်”
ထိုသို့တွေးပြီးနောက် ဖန့်ယင်း စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေသည်။ သူမ၏ မျက်လုံးတစ်စုံက စူးရှနေပြီး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေသည်။
ထိုစဉ် မသေမျိုး ဟေးဒီးစ်ထံမှ အော်သံ ထွက်လာသည်။ သူ၏မျက်နှာ၌ အလွန် ကြောက်လန့်၍ မုန်းတီးစိတ်များ စွန်းထင်းနေသည်။ သတိလစ်နေသော ယဲ့ဖန်ကို ကြည့်ပြီး သတ်ဖြတ်ချင်စိတ်များက တစ်ဟုန်ထိုး တိုးပွားလာသည်။
“ငါ့အစာလေးက ရန်သူ ဖြစ်နေတာပါလား”
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
မသေမျိုး ဟေးဒီး၏ မျက်လုံးများက ခက်ထန်ကြမ်းကြုတ်လာသည်။
“ဒီဘုရင်ကြီးက မင်းကို အစိမ်းလိုက် ဝါးစားပစ်မယ်ကွ”
ထို့နောက် သူသည် ချွန်ထက်သော လက်သည်းများဖြင့် ယဲ့ဖန်၏ခန္ဓာကိုယ်ကို ကိုင်၍ ပါးစပ်ထဲ ပစ်ထည့်လိုက် လေသည်။
ဤမြင်ကွင်းကြောင့် လင်းလန်နှင့် နတ်ဆိုးများအားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
*စားလိုက်တာပါလား*
သူတို့အားလုံး စိတ်ဝိညာဉ် ပျောက်ကွယ်သွားသကဲ့သို့ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားကြသည်။
*သေသွားပြီကွ*
တစ်ဖက်တွင်မူ လီဖန်းနှင့် အခြားသူများအားလုံး ဝမ်းသာအားရ ဖြစ်နေကြသည်။
“ဟားဟားဟား … မင်းက ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ် ဖြစ်နေရင်တောင်မှ ဘာဖြစ်လဲ၊ နောက်ဆုံးတော့ သေရမှာပဲကို”
သွေးအဆိပ် အရှင်သခင်၏ မျက်လုံး၌ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ ထို့အတူ လီဖန်းသည်လည်း အလွန်အမင်း ဝမ်းသာနေလေသည်။
“သေလိုက်စမ်း၊ နတ်ဆိုးဧကရာဇ် နှုတ်ဆက်ပါတယ်၊ မဟုတ်ဘူး၊ ဘယ်တော့မှ ပြန်ရှင်မလာပါနဲ့တော့၊ ဟားဟားဟား …”
လီဖန်း၏အပြုံးက ပိုပို၍ ပီပြင်လာသည်။ သူသည် မသေမျိုး ဟေးဒီးစ်၏ အစွယ်များက ယဲ့ဖန်၏ နတ်ဆိုး ခန္ဓာကိုယ်အား ကိုက်ဖြတ်ရန် နီးလာသည်ကို သေချာကြည့်နေသည်။
ဂျွတ်!
အရိုးကျိုးသံကြောင့် လီဖန်း အလွန်အမင်း ဝမ်းသာသွားသည်။ သို့သော် မသေမျိုး ဟေးဒီးစ်က တုန်ယင်၍ တောင့်ခနဲ ဖြစ်သွားသည်ကိုမြင်ပြီး သူ့အပြုံးက အေးခဲသွားလေသည်။ ထို့နောက် မသေမျိုး ဟေးဒီးစ်က အလန့်တကြားဖြင့် ပါးစပ်ပြန်ဟလိုက်သည်။ ထိုအခါ သွားတစ်ချောင်း ကျွတ်ထွက်လာသည်။
မသေမျိုး ဟေးဒီးစ်၏ ကြီးမားလှသော ပါးစပ်ထဲမှ သွားတစ်ချောင်း ကျွတ်ထွက်လာသည်ကိုမြင်ပြီး အားလုံး မှင်တက်သွားကြသည်။
ကိုက်စားခံရမည့်အစား ယဲ့ဖန်က မသေမျိုး ဟေးဒီးစ်အား သွားကျွတ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုသို့သောအချိန်၌ အခြားသူများသာမက မသေမျိုး ဟေးဒီးစ်ပါ နားဝေတိမ်တောင် ဖြစ်နေသည်။ သူသည် ကျွတ်သွားသော သွားကိုယူကြည့်၍ ထိုသွားပေါ်မှ အက်ရာများနှင့် သွေးစများကို ကြည့်ပြီး ရူးမတတ် ဖြစ်သွားလေသည်။
“မင်းကို မကိုက်နိုင်ဘူးဆိုတာကို ဒီဘုရင်ကြီး မယုံဘူးကွ”
ထိုသို့ပြောပြီး မသေမျိုး ဟေးဒီးစ်က ပါးစပ်ကိုပြန်ဟ၍ ယဲ့ဖန်အား ခြေထောက်တစ်ဖက်မှ ကိုင်ဆွဲ၍ ပါးစပ်ထဲ ထည့်ကာ ကိုက်လိုက်ပြန်သည်။
ဂျွတ်!
သူ၏ခန္ဓာကိုယ်ကြီးတစ်ခုလုံး ထပ်မံ၍ တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးများ ခက်ထန်သွားသည်။ သူ ပါးစပ်ဟလိုက်သောအခါ သွားများ တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ထွက်လာသည်။ ထို့အတူ သွေးစက်များကလည်း ပါးစပ်ထဲမှ စီးကျလာ၏။
ဤမြင်ကွင်းကြောင့် လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။
*ကျိုုးသွားတယ်လား*
*မသေမျိုး ဟေးဒီးစ်ရဲ့ သွားအားလုံးက ကျိုးသွားတာလား*
*မယုံနိုင်စရာပဲ*
မသေမျိုး ဟေးဒီးစ်တောင်မှ သရဲသဘက်နှင့် ကြုံလိုက်ရသကဲ့သို့ ထိတ်လန့်နေသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
ထိုစဉ် ယဲ့ဖန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာပြီး သတိရလာလေသည်။ သူသည် မျက်လုံးပွင့်လာသည်နှင့် မသေမျိုး ဟေးဒီးစ်ကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဘေးဘီကို ဝေ့ကြည့်၍ မသိမသာ အံ့ဩသွားပုံ ရသည်။ ထို့နောက်တွင်မူ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ရွံသလို ပြောလာသည်။
“ဟေ့၊ အရူးကောင်ကြီး၊ မင်းပါးစပ်က အာပုပ်စော် နံ့တယ်”
*အာပုပ်စော်နံတယ် ဟုတ်လား*
ယဲ့ဖန်၏စကားကြောင့် အားလုံး မှင်တက်သွားသည်။ ခေါင်းပြောင်ငှက်သည်လည်း နားဝေတိမ်တောင် ဖြစ်သွားလေသည်။ နတ်ဆိုးများလည်း ထိတ်လန့်သွားကြသည်။ သွေးအဆိပ် အရှင်သခင်၊ လီဖန်းနှင့် အခြားသူများတောင်မှ သရဲသဘက်အား တွေ့လိုက်ရသကဲ့သို့ ခြောက်ခြားသွားကြလေ၏။
*မင်းက အာပုပ်စော် နံတယ်*
ယဲ့ဖန်၏ စကားကို ကြားပြီးသည်နှင့် မသေမျိုး ဟေးဒီးစ် သွေးအန်ချင်လာသည်။
*ဒီမျိုးမစစ်ကောင်ကြောင့် ငါ့သွားအားလုံး ကျိုးသွားတာတောင်မှ ဒင်းက ငါ့ကို အာပုပ်စော် နံတယ်လို့ ပြောတယ်ပေါ့လေ*
*ဘယ်လိုတောင်*
မသေမျိုး ဟေးဒီး မျက်မှောင်ကြုတ်သွားသည်။
“သောက်အဆာလေး၊ ဒီဘုရင်ကြီးက မင်းကို အရှင်လတ်လတ် စုတ်ဖြဲပစ်မယ်ကွ”
ထိုသို့ ဟစ်ကြွေးပြီးနောက် မသေမျိုး ဟေးဒီးစ်သည် နောက်လက်တစ်ဖက်ဖြင့် ယဲ့ဖန်၏ ကိုယ်အပေါ်ပိုင်းကို ချုပ်ကိုင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးဖြင့် ယဲ့ဖန်၏ ခန္ဓာကိုယ်အား ဆွဲဖြဲလိုက်လေသည်။ ထိုအခါ သွေးများ ပန်းထွက်လာလေသည်။
Chapter 695 ဟေးဒီးစ်အား ထိုးနှက်ခြင်း
ကောင်းကင်မှနေ၍ ရဲရဲနီသော သွေးများ စီးကျလာသည်။ မသေမျိုး ဟေးဒီးစ်၏ လက်နှစ်ဖက်ဖြင့် ဆွဲဖြဲလိုက်သောကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ် နှစ်ခြမ်း ကွဲထွက်သွားသည်။
မျက်စိရှေ့မှ မြင်ကွင်းကြောင့် နတ်ဆိုးများအားလုံး မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကြသည်။
“ယဲ့ဖန်”
“သခင်ကြီး”
ယခုလေးတင် သတိရလာသည့် ယဲ့ဖန်တစ်ယောက် ဆွဲဖြဲခံလိုက်ရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ယခုအချိန်၌ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့နေကြသည်။ တစ်ဖက်ရှိ သွေးအဆိပ်နှင့် လီဖန်းတို့မှာမူ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြလေသည်။
“သူ သေသွားပြီလား၊ နောက်ဆုံးတော့ အဲ့မျိုးမစစ်ကောင် သေသွားပြီပဲ”
နဖူးမှ ဇောချွေးများကို လီဖန်း သုတ်လိုက်သည်။ ယဲ့ဖန် သတိလစ်နေချိန်တွင်ပင် မသေမျိုး ဟေးဒီးစ်၏ သွားများကို ကျွတ်ထွက်သွားအောင် လုပ်နိုင်ပြီးနောက် သတိရလာသဖြင့် သူ အမှန်တကယ် ထိတ်လန့်သွားခဲ့ရသည်။
ယခုအခါတွင် ယဲ့ဖန်က အရှင်လတ်လတ် ဆွဲဖြဲခံလိုက်ရသဖြင့် သူ အလွန် စိတ်အေးသွားရသည်။ ဘေးရှိ သွေးအဆိပ်သည်လည်း သရော်ပြုံး ပြုံးနေသည်။
“နတ်ဆိုးဧကရာဇ်က ပြန်မွေးဖွားလာပင်မယ့် အခုတော့ ဒီလို ဇာတ်သိမ်းသွားရတာပဲလေ”
ယခင်က သွေးအဆိပ်သည် ယဲ့ဖန်၏ နာမည်ကြားရုံဖြင့်ပင် ကြောက်လန့်ခဲ့သည်။ ယခု ပြန်လည်မွေးဖွားလာသော နတ်ဆိုးဧကရာဇ် ဆွဲဖြဲခံလိုက်ရချိန်မှသာ သူ စိတ်ဒုံးဒုံးချသွားနိုင်တော့သည်။ လက်ရှိ နတ်ဆိုးဧကရာဇ်က အားနည်း၍ သွေးပျက်နေသည်ကို သူ မြင်ခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် သူတို့ တစ်ဖက်ပြန်လှည့်ကြည့်လိုက်ချိန်တွင် သွေးအဆိပ်နှင့် လီဖန်းတို့၏ လှောင်ပြုံးများ ပျောက်ကွယ်သွားလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အစောပိုင်းက သူတို့ ရယ်မောနေခဲ့ကြသော်လည်း ယခုအချိန်တွင် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေကြသည်။
မသေမျိုး ဟေးဒီးစ်၏ လက်ထဲ၌ ရှိနေသည်မှာ ယဲ့ဖန်၏ ခန္ဓာကိုယ် နှစ်ပိုင်း မဟုတ်ဘဲ ယဲ့ဖန် နှစ်ယောက် ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
*မသေမျိုး ခန္ဓာကိုယ်ပဲ*
ထိုအခါတွင်မှ သွေးအဆိပ်နှင့် လီဖန်းတို့ ယဲ့ဖန် ပိုင်ဆိုင်ထားသော ထိပ်တန်းခန္ဓာကိုယ်ကို အမှန်ရသွားပြီး ရင်လေးလာကြသည်။
“အရူးကောင်ကြီး မင်း သေချင်နေတာပဲ”
ထိုစဉ် သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်ကိုယ်ပွားတစ်ခုမှ ဆန်းကြယ်ရေခဲ ချီဓာတ်များ ထွက်ပေါ်လာပြီး ရေခဲထုများက မသေမျိုး ဟေးဒီးစ်၏ လက်တစ်ဖက်ကို ချက်ချင်း ဖုံးအုပ်သွားသည်။
ကျန်ယဲ့ဖန်ကိုယ်ပွား၏ ကိုယ်မှနေ၍ ထိပ်တန်း အဆိပ်ငွေ့များ ထွက်ပေါ်လာပြီး မသေမျိုး ဟေးဒီးစ်၏ လက်တစ်ဖက်ကို ဖုံးလွှမ်းသွားသည်။
“ကျိုးပဲ့စမ်း”
ယဲ့ဖန်၏ အော်သံနှင့်အတူ ရေခဲများကြောင့် အေးခဲသွားသည့် မသေမျိုး ဟေးဒီးစ်၏ လက်သည်း၌ ရေခဲအက်ရာများ ပေါ်လာပြီး ချက်ချင်း ကျိုးပဲ့ပျက်စီးသွားသည်။
အဆိပ်ငွေ့များဖြင့် ဖုံးလွှမ်းခံလိုက်ရသည့် မသေမျိုး ဟေးဒီးစ်၏ ညာလက်သည်းမှာမူ ချက်ချင်း ပုပ်သိုးဆွေးမြည့်ကာ သွေးစက်များက ကောင်းကင်ယံမှ စီးကျလာသည်။
*ဘာ*
မသေမျိုး ဟေးဒီးစ် ထိတ်လန့်သွားပြီးနောက် လက်များဆုံးရှုံးလိုက်ရသဖြင့် ဒေါသူပုန် ထလာသည်။
“ချီးပဲ၊ ငါ့လက်”
သူ၏လက်နှစ်ဖက်တွင် တစ်ဖက်က ကျိုးပဲ့သွားပြီး ကျန်တစ်ဖက်က ဆွေးမြည့်သွားသည်ကို သူ တွေ့လိုက်ရသလို ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ တုန်လှုပ်သွားရသည်။
“ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်”
“ထိပ်တန်း အဆိပ် ခန္ဓာကိုယ်”
“ပြီးတော့ … မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်”
“မင်း … မင်းမှာ ထိပ်တန်း ခန္ဓာကိုယ် လေးမျိုး ရှိနေတာပဲ”
ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိပြီးနောက် မသေမျိုး ဟေးဒီးစ်သည် မယုံသင်္ကာ ဖြစ်သွားလေတော့သည်။ သူ သိထားသည့်အတိုင်းဆိုလျင် လူတစ်ယောက်၌ ထိပ်တန်း ခန္ဓာကိုယ် တစ်မျိုးသာ ပေါ်လာနိုင်သည်။
*ဘယ်လိုလုပ် လူတစ်ယောက်တည်းမှာ ထိပ်တန်းခန္ဓာကိုယ် အမျိုးအစား အများကြီး ရှိနေရတာလဲ*
သူသည်သာမက ဘေးပတ်လည်မှ လူများအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ သွေးအဆိပ်ဆိုလျင် မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေ၏။
“ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်မှာ ထိပ်တန်းခန္ဓာကိုယ် လေးမျိုး ရှိနေတာပါလား၊ ဒါက …”
သွေးအဆိပ် နဖူးမှ ချွေးများ စီးကျလာပြန်သည်။
*မိစ္ဆာကောင်ပဲ*
သူ့အမြင်တွင် ယဲ့ဖန်သည် ကြောက်စရာကောင်းသော မိစ္ဆာတစ်ကောင်သာ ဖြစ်လေသည်။ သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။
ယဲ့ဖန်သည် ခေါင်းပြောင်ငှက် သွေးအလိမ်းလိမ်း ဖြစ်နေပြီး ဝိညာဉ်စား ပုရွက်ဆိတ်များ မလှုပ်နိုင် ဖြစ်နေသည်ကို မြင်လိုက်ရသလို အပြင်းအထန် ဒဏ်ရာရထားသည့် နတ်ဆိုး အလောင်းကောင်များနှင့် နတ်ဆိုးများ အားလုံးကို မြင်ပြီး လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်လာလေ၏။
“တော်တော်ဟုတ်တဲ့ မသေမျိုး ဟေးဒီးစ်ပါလား”
“ငါ မင်းကို တစ်ခါ သတ်ခဲ့ပြီးပြီ၊ အခု မင်းကို နောက်တစ်ကြိမ် ပြန်သတ်ပြမယ်”
ခက်ထန်သော အသံနှင့်အတူ ယဲ့ဖန်သည် ခန္ဓာကိုယ်အား ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး လေအသွင်ကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ လေနိယာမကြောင့် သူသည် မိုင်ထောင်ပေါင်းများစွာသို့ လှစ်ခနဲ သွားလာနိုင်နေ၏။
“မကောင်းတော့ဘူး”
မသေမျိုး ဟေးဒီးစ် မျက်ခုံးလှုပ်လာသည်။ မျက်စိရှေ့မှ ယဲ့ဖန်သည် သတိလစ်နေချိန်၌ အလွန် အားနည်းသော်လည်း သူ သတိရလာချိန်မှစ၍ မရဏ အငွေ့အသက်များကို ခံစားမိနေသည်။
မသေမျိုး ဟေးဒီးစ်သည် တုံ့ဆိုင်းမနေဘဲ တောင်ပံများကိုဖြန့်၍ ရှောင်တိမ်းရန် ပြင်လိုက်သည်။ ထိုစဉ် သေးငယ်သော လူရိပ်တစ်ခုက သူ့ရှေ့ လှစ်ခနဲ ပေါ်လာသည်။
ထိုသူကား ယဲ့ဖန်ပင်။ အားလုံး ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် ယဲ့ဖန်၏ လက်သီးချက်က မသေမျိုး ဟေးဒီးစ်၏ ပခုံးပေါ် ကျရောက်လာသည်။
နတ်ဆိုးများသာမက ဘေးပတ်လည်ရှိ နတ်ဘုရားများပါ မှင်တက်သွားကြသည်။ မျက်စိရှေ့မှ မြင်ကွင်းသည် အလွန် မယုံနိုင်စရာကောင်းလှသည်။
ယဲ့ဖန်သည် သာမန်လူ အရွယ်အစားမျှသာ ရှိပြီး မသေမျိုး ဟေးဒီးစ်မှာမူ နေအဖွဲ့အစည်း၏ သုံးပုံတစ်ပုံ အရွယ်အစားမျှ ရှိသော လူ့ဘီလူးကြီး ဖြစ်သည်။
ယဲ့ဖန်သည် တစ်ဖက်လူ၏ ဆံပင်အရွယ်အစားမျှပင် မရှိချေ။ သို့သော် ယခုအချိန်၌ သူက အလွန် ထွားကြိုင်းသော လူ့ဘီလူးအား လက်သီးဖြင့် ထိုးချင်နေ၏။ ဤသည်မှာ ရူးချင်စရာ ကောင်းလှသည်။
“အရူးပဲ၊ သူ့ခန္ဓာကိုယ်လေးနဲ့ လူ့ဘီလူးကောင်ကို ထိုးနှက်ချင်နေတယ်”
ယဲ့ဖန်၏ ထူးမခြားနားသော လက်သီးချက်က မသေမျိုး ဟေးဒီးစ်ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ မယုံပေ။
သို့သော် ထိုလက်သီးချက်ကြောင့် မသေမျိုး ဟေးဒီးစ်သည် သေဘေးနှင့် ကြုံတွေ့ရသကဲ့သို့ ခေါင်းမွေး ထောင်နေ၏။
“မကောင်းတော့ဘူး”
သူ ရှောင်ချင်သော်လည်း သူ၏ခန္ဓာကိုယ်ကြီးက ရှောင်တိမ်းရခက်နေသည်။ ယဲ့ဖန်၏ လက်သီးချက်က မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်အား ထိုးနှက်မိသွားသည်။ ထို့နောက် ထိုလက်သီးချက်မှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါများ လွင့်ပျံလာ၏။
အချိန်နိယာမ၊ လေနိယာမ၊ မီးနိယာမ။
….
နိယာမတစ်ခုချင်းစီတိုင်းက မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွားပြီး သူ၏ပခုံး ထိခိုက်ဒဏ်ရာရကာ သွေးများ ပန်းထွက်လာသည်။
အရွယ်အစား ကြီးမားသော မသေမျိုး ဟေးဒီးစ်သည် သာမန် လက်သီးချက်လေးကြောင့် နေအဖွဲ့အစည်း အပြင်ဘက်သို့ လွင့်ထွက်လုနီးပါး ဖြစ်သွားရသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း မှင်တက်အံ့ဩသွားကြသည်။ ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို အနိုင်ယူလိုက်နိုင်သကဲ့သို့ပင်။ ဤထူးဆန်းလှသော အဖြစ်ကြောင့် လူတိုင်း ယုံရခက်နေကြ၏။
အထူးသဖြင့် မသေမျိုး ဟေးဒီးစ်ပင်။ သူသည် မျက်ခုံး တလှုပ်လှုပ် ဖြစ်နေသည်။ ပြင်းထန်လှသည့် ဖိအားကြောင့် သူ၏ ပခုံးတစ်ခုလုံး ပေါက်ကွဲပျက်စီးလုနီးပါး ဖြစ်သွားရကာ သွေးအလိမ်းလိမ်း ဖြစ်နေသည်။
“ခွေးမသား၊ မင်းမှာ … ဘယ်လိုလုပ် နိယာမတွေ အများကြီး ရှိနေတာလဲ”
မသေမျိုး ဟေးဒီးစ်သည် မျက်စိရှေ့မှ အရာအားလုံးကို လက်မခံနိုင် ဖြစ်နေသည်။ လောကသခင်များတောင်မှ ဤမျှ နိယာမများကို ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ယဲ့ဖန်က သူ၏ ထိတ်လန့်မှုကို အရေးမလုပ်ပေ။
သူသည် လှစ်ခနဲ လှုပ်ရှား၍ မသေမျိုး ဟေးဒီးစ်အား ထပ်ခါထပ်ခါ ထိုးနှက်လေသည်။ ကောင်းကင်၌ အသားစများနှင့် သွေးစက်များ လွင့်စဉ်လာသည်။
တဖြည်းဖြည်းနှင့် မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်သည် နတ်ဘုရား အလင်းတော် အမြောက်ဖြင့် ပစ်ခတ်ခံရသကဲ့သို့ ထိခိုက်ဒဏ်ရာရလာသည်။
ပခုံးရိုး ကျိုးသွားသည်။ ထို့နောက် အရိုးများ ကျိုးကြေလာသည်။ ဒူးဆစ်ရိုး ကျိုးလာသည်။ ထို့အပြင် တံတောင်ဆစ်ပါ ကျိုးလာလေ၏။
သူ၏ခန္ဓာကိုယ်သည် အပေါ်အောက် စုံချည်ဆန်ချက် ထိုးနှက်ခံနေရသည်။ ဤအဖြစ်က ပုရွက်ဆိတ် တစ်ကောင်က နဂါးတစ်ကောင်ကို ရိုက်နှက်နေသည်ဟုတောင် ထင်မှတ်မှားရလေ၏။
Chapter 696 မသေမျိုး သုတ်သင်ခြင်းသိုင်းကွက်
လက်ရှိအချိန်၌ အားလုံးသည် ကောင်းကင်ယံကို မော့ကြည့်ပြီး ထိတ်လန့်အံ့ဩနေကြသည်။ မသေမျိုး ဟေးဒီးစ်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းနေသော သူက မသေမျိုးဟေးဒီးစ်အား ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖိနှိပ်နိုင်လိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။
မသေမျိုး ဟေးဒီးစ်၏ ကြီးမားသော ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာနေသည်ကို လူတိုင်း တွေ့မြင်နေရသည်။
ရဲရဲနီနေသော သွေးစက်များနှင့် ကျိုးပဲ့ပျက်စီးသွားသော အရိုးစများက ကောင်းကင်ယံ၌ ဆက်တိုက် လွင့်မျောနေ၏။
ယဲ့ဖန်၏ လက်သီးချက်မှနေ၍ အချိန်နိယာမ၊ လေနိယာမ၊ မီးနိယာမနှင့် မိုးကြိုးလျှပ်စီးများ ဆက်တိုက် ထွက်ပေါ်နေသည်။ သူ့ထံမှ ထွက်ပေါ်လာသည့် နိယာမတိုင်းသည် ထိပ်တန်း ရတနာဟု သတ်မှတ်၍ရပေသည်။
သို့သော် ထိပ်တန်း ရတနာဟု သတ်မှတ်ထားသည့် နိယာမသုံးခုလုံးက လူတစ်ယောက်၏ လက်ထဲမှ ထွက်ပေါ်နေလေ၏။
“ချီးပဲ၊ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ၊ ဒါ … ဒါက လက်မခံနိုင်စရာ ကောင်းလွန်းတယ်”
သွေးအဆိပ်သည် ကြောက်လန့်တကြားဖြင့် တုန်ယင်နေပြီး သူ့မျက်လုံးတွင်လည်း ကြောက်စိတ်များဖြင့် ဖုံးလွှမ်းနေ၏။ ထို့အတူ လီဖန်းသည်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့် နေသည်။
“မသေမျိုး ဟေးဒီးစ်တောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူးလား”
လက်ရှိအချိန်၌ လီဖန်းသည် ကြက်သီးတဖြန်းဖြန်း ထနေ၏။ ခေါင်းပြောင်ငှက်တောင်မှ မှင်တက်သွားလေသည်။
“ဒီကောင်လေးယဲ့ ကောင်းကင်မျက်လုံး ဖွင့်ရင်းကနေ ဘာတွေရလာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ’
ယခင်ယဲ့ဖန်က ဤမျှမသန်မာမှန်း ခေါင်းပြောင်ငှက် သိလေသည်။ သို့သော် သူ့ထံမှ ထွက်ပေါ်လာသည့် နိယာမများက မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ထိုစဉ် ယဲ့ဖန်က နောက်ထပ် လက်သီးတစ်လုံးအား မသေမျိုး ဟေးဒီးစ်၏ ရင်ဘတ်သို့ ပစ်သွင်းလိုက်သည်။
ဂျွတ်! ဂျွတ်!
နိယာမစွမ်းအင်များကြောင့် သူ၏ခန္ဓာကိုယ်ကြီး ယိမ်းထိုးသွားသည်။ သူ့တစ်ကိုယ်လုံးသည် ပေါက်ထွက် သွားသော သဲအိတ်သဖွယ် နေအဖွဲ့အစည်း၏ အစွန်းထိ လွင့်ထွက်သွားလေသည်။ သူ၏ခန္ဓာကိုယ် တစ်ဝက်မျှတောင်မှ နေအဖွဲ့အစည်းအပြင်ဘက်သို့ ရောက်သွားသည်။
ဝေါ့!
မသေမျိုး ဟေးဒီးစ် သွေးအန်မိသွားသည်။ ယခင်က လူအများကို လွှမ်းမိုးခဲ့သောသူသည် ယခုအချိန်၌ ရေနစ်နေသော ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသောကြောင့် နာကျည်း၍ ဒေါသမီးတောက်လောင်နေ၏။
“သိပ်တော်တယ်၊ ငါ့စားစရာလေး မင်း သိပ်တော်တယ်၊ မင်းက တော်တော် အံ့ဩအောင် လုပ်နိုင်တာပဲ”
မသေမျိုး ဟေးဒီးစ်သည် ခေါင်းမော့ကြည့်၍ ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်သည်။ သို့သော် သူက ကြောက်စရာကောင်းသည့် အသံမျိုးဖြင့် ရယ်မောနေသည်။
သူ၏ရှုံးနိမ့်မှုကြောင့် အရှက်ရရာမှ ဒေါသစိတ်များက အစားထိုး နေရာယူလာပြီး အလွန် အရသာရှိသော ဟင်းလျာကို ကြည့်နေသကဲ့သို့ ယဲ့ဖန်အား ပို၍ မီးဝင်းဝင်းတောက်ကာ လောဘတက်သော အကြည့်များဖြင့် ကြည့်လာသည်။
“ထိပ်တန်း ခန္ဓာကိုယ်လေးမျိုး၊ လေ၊ မီး၊ အချိန်နဲ့ မိုးကြိုးနိယာမတွေ”
“ကျစ်ကျစ် … မင်းကို သန့်စင်တဲ့အချိန်ကျရင် ငါ ဘယ်လောက်ကောင်းတဲ့ စွမ်းအင်တွေ ရလာမလဲဆိုတာကို တကယ် သိချင်နေပြီ”
*ဘာ*
ထိုစကားကြောင့် လူတိုင်း မှင်တက်သွားသည်။ ဤသို့ ထိုးနှက်ခံထားရပြီးနောက် မသေမျိုး ဟေးဒီးစ်က အလွန် ယုံကြည်မှုရှိဟန်ဖြင့် ထိုသို့သောစကားမျိုး ပြောရဲလိမ့်မည်ဟု ထင်မထားမိကြချေ။
*ယဲ့ဖန်ကို စားကိုစားပစ်မှဖြစ်မယ်*
“သူ တကယ်ပဲ မွေးရာပါ စွမ်းအင်ကို သုံးတော့မလို့လား”
ထိုစဉ် ခေါင်းပြောင်ငှက် မျက်ခုံးလှုပ်လာသည်။ ထို့အတူ မသေမျိုး ဟေးဒီးစ်၏ ကိုယ်မှနေ၍ အနီရောင် အလင်းတန်းများ ဖြာထွက်လာသည်ကို တွေ့လိုက်ရသဖြင့် သူ အကြီးအကျယ် မျက်နှာပျက်သွားပြီး ယဲ့ဖန်အား ထိတ်လန့်တကြား အော်ဟစ် သတိပေးလိုက်သည်။
“ကောင်လေးယဲ့၊ ဝေးဝေးပြေးတော့”
*ဟမ်*
ခေါင်းပြောင်ငှက်၏ အော်သံ၌ ထိတ်လန့်ကြောက်ရွံ့ဟန်များ ဖုံးလွှမ်းနေ၏။ မကောင်းသော ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာတော့မည်ဟု ထင်မှတ်ရသည်။ ယဲ့ဖန်တောင်မှ မသိမသာ မျက်မှောင်ကြုတ်သွားသည်။
ထိုစဉ် မသေမျိုး ဟေးဒီးစ်က ပြုံးရယ်လိုက်သောကြောင့် လူတိုင်း ခေါင်းမွေးထောင်သွားကြသည်။
“ပြေးတော့ ဟုတ်လား”
“ဟားဟားဟား … ဒီဘုရင်ကြီးက နှစ်တစ်သောင်းကြာ အကျဉ်းကျနေခဲ့ပြီးတော့ သွေးစွမ်းအင်ပေါင်းများစွာကို အသုံးချပြီးမှ မွေးရာပါစွမ်းအင်ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်နိုင်ခဲ့တာ”
“အဲ့အစွမ်းနဲ့ဆို မသေတဲ့သူ ဘယ်သူရှိလို့လဲ”
ထိုအသံနှင့်အတူ အနီရောင် အလင်းတန်းများက ပို၍ ဖြာဖွက်လာသည်။ မသေမျိုး ဟေးဒီးစ်၏ အကြည့်၌ စိတ်လှုပ်ရှား ရူးသွပ်ဟန်များ ထင်ဟပ်နေသည်။
“မသေမျိုး သုတ်သင်ခြင်း သိုင်းကွက်”
ထိုအသံနှင့်အတူ မသေမျိုး ဟေးဒီးစ်က ရုတ်တရက် ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်ပြီး ထိတ်လန့်ဖွယ် အသံလှိုင်းများကို ထုတ်ဖောက်လိုက်သည်။
ထိုအသံနှင့် ငှက်တေးသံနှင့် ဆင်တူသည်။ သို့သော် ထိုအသံလှိုင်းနှင့် ထိတွေ့မိသွားသည့် လေဟာနယ်က အမှုန့်ဖြစ်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ ဟာရီကိန်းမုန်တိုင်းက အရာအားလုံးကို ဖျက်ဆီး သွားသလိုပင်။
“အား….”
ထိုအသံလှိုင်းကြောင့် နတ်ဘုရားစစ်သည်တော်များ သေလုမျောပါး ဖြစ်သွားကြသည်။ ထိုအသံလှိုင်း ပျံ့နှံ့သွားသည့် နေရာတိုင်း၌ လူတိုင်း နာနာကျင်ကျင် ခံစားရကာ သူတို့ခန္ဓာကိုယ်များ ပေါက်ကွဲ၍ တစ်စစီ ဖြစ်သွားလေသည်။
အရိုးစနှင့် အသားများ မကျန်ရစ်တော့ဘဲ သွေးစက်များသာ ကျန်ရစ်ခဲ့လေသည်။ ကျန်သော သိုင်းပညာရှင်များသည်လည်း အသည်းအသန် ထွက်ပြေးကြလေသည်။
ယဲ့ဖန်တောင်မှ မျက်နှာပျက်သွားရသည်။ ကြောက်စရာကောင်းသော မရဏ အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာသကဲ့သို့ ခံစားလိုက်မိသည်။ သူ ရှောင်တိမ်းချင်သော်လည်း နောက်ကျသွားလေသည်။
“သခင်ကြီး၊ မဖြစ်ဘူး …”
နတ်ဆိုးများ၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ယဲ့ဖန်၏ အရေပြားများ စုတ်ပြဲ၍ အရိုးများ ကျိုးကြေကုန်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝုန်းဟူသော အသံနှင့်အတူ တစ်ကိုယ်လုံး ပေါက်ကွဲသွားလေသည်။ သွေးစက်များက ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ထို့အပြင် ယဲ့ဖန်သည် မသေမျိုး ခန္ဓာကိုယ်အစွမ်းဖြင့် သွေးများမှနေ၍ လူအဖြစ် ပြန်ဖွဲ့စည်းရန် ပြင်လိုက်ချိန်တွင် ဟားတိုက်ရယ်မောသံ ထွက်ပေါ်လာ၏။
“ငါ့အဆာလေး မင်းက အရမ်းတုံးတာပဲ”
“ငါ့မျိုးနွယ်ရဲ့ မွေးရာပါ စွမ်းအင်ဖြစ်တဲ့ မသေမျိုး သုတ်သင်ခြင်း သိုင်းကွက်က အရာအားလုံးကို ဖျက်ဆီးဖိနှိပ်နိုင်တယ်ကွ”
“မင်းရဲ့ မသေမျိုး ခန္ဓာကိုယ်က မသေမျိုးမျိုးနွယ်ရဲ့ မွေးရာပါ စွမ်းအင်အောက်မှာ အသုံးမဝင်ဘူးကွ”
*ဘာ*
ထိုစကားကြောင့် သွေးစက်များ ဖြစ်နေသည့် ယဲ့ဖန် တုန်လှုပ်သွားပြီး ဘေးပတ်လည်မှ နတ်ဆိုးများသည်လည်း ထိတ်လန့်ကာ မျက်နှာဖြူရော်သွားသည်။ မသေမျိုး ခန္ဓာကိုယ်က ဖိနှိပ်ခံထားရလျင် ယဲ့ဖန်က လူအဖြစ် ပြန်ဖွဲ့စည်းနိုင်မှာ မဟုတ်ပေ။
ထိုစဉ် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ငါ စုပ်ယူတာ ခံလိုက်စမ်း”
မသေမျိုး ဟေးဒီးစ်က ပါးစပ်ကို ခပ်ကျယ်ကျယ်ဟ၍ ဆွဲငင်အားတစ်ခုကို ထုတ်ဖော်လိုက်သည်။ မသေမျိုး သုတ်သင်ခြင်းသိုင်းကွက်ကြောင့် ပျက်စီးသွားသော အပိုင်းအစများ၊ နတ်ဘုရား စစ်သည်တော်များ၏ သွေးစက်များနှင့် ယဲ့ဖန်၏ သွေးစက်များသည် ထိုဆွဲငင်အား၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
အရာအားလုံး မသေမျိုးစွမ်းအင်၏ စုပ်ယူခြင်း ခံနေရသည်။ ထို့နောက် ယဲ့ဖန်၏ သွေးစက်များကိုပါ စုပ်ယူပြီးနောက် မသေမျိုး ဟေးဒီးစ်သည် ပါးစပ်ပြန်ပိတ်၍ မျိုချလိုက်သည်။ အရာအားလုံးကို စုပ်ယူ၍ ပြီးသွားလေသည်။
အရာအားလုံးကို သူ၏ကိုယ်တွင်းသို့ စုပ်ယူပြီးသဖြင့် သန့်စင်ခြင်းလုပ်ငန်းအား စတင်လိုက်သည်။ ဤမြင်ကွင်းကြောင့် ခေါင်းပြောင်ငှက်သည် စိတ်ဝိညာဉ်ကိုပါ ဆုံးရှုံးလိုက်ရသကဲ့သို့ ဘုံးဘုံးလဲသွားသည်။
မသေမျိုးမျိုးနွယ်၏ ဘိုးဘေးဖြစ်သောကြောင့် မွေးရာပါစွမ်းအင်၏ ကြောက်စရာကောင်းပုံကို သူ သိထားသည်။ ရှေးခေတ်အခါ သူ အစွမ်းမကြီးခင်အချိန်ကဆိုလျင် သူသည် မသေမျိုးမျိုးနွယ်၏ မွေးရာပါ စွမ်းအင်ကို အသုံးချ၍ ရန်သူများကို သတ်ဖြတ်ခဲ့ပြီး တစ်ယောက်ချင်းစီကို ဝါးမျိုခဲ့သည်။ ထို့နောက် ထိုစွမ်းအင်များကို သန့်စင်ပြီး ရှေးခေတ်ကာလအား တစ်ချီတည်းဖြင့် လွှမ်းမိုးခဲ့လေသည်။
သို့သော် သူ၏ကျင့်ကြံခြင်းအဆင့် ထိုးစိုက်ကျသွားပြီးနောက် မွေးရာပါစွမ်းအင်အား အချိန်အတော်ကြာ အသုံးမပြုနိုင်တော့ချေ။
သို့သော် မသေမျိုး ဟေးဒီးစ်က မွေးရာပါစွမ်းအင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ မထင်ခဲ့မိသလို ယဲ့ဖန်ကိုပါ ဝါးမျိုနိုင်လိမ့်မည်ဟု ထင်မထားမိချေ။ တစ်ကြိမ် မျိုချခံလိုက်ရပါက ပြန်အသက်မရှင်နိုင်တော့ပေ။
“ဒီလိုနဲ့ အဆုံးသတ်သွားပြီလား”
ခေါင်းပြောင်ငှက်၏ မျက်နှာ၌ အလွန်တရာ ဝမ်းနည်းနေဟန်များ ထင်ဟပ်နေသည်။ ယဲ့ဖန်၏သွေးစက်များက မသေမျိုး ဟေးဒီးစ်၏ သန့်စင်ခြင်း ခံနေရပြီဟု မြင်ယောင်ပြီး အလွန် စိတ်ဓာတ်ကျသွားလေသည်။