← Chapters

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

Chapter 697 ရူးသွပ်နေသော နတ်ဆိုးများ

လက်ရှိအချိန်တွင် ကောင်းကင်ယံတစ်ခုလုံး တိတ်ဆိတ်နေ၏။ ယဲ့ဖန်၏ ထိုးနှက်ခြင်းကို ခံနေရသည့် မသေမျိုး ဟေးဒီးစ်က မွေးရာပါ စွမ်းအင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပြီး ယဲ့ဖန်အား ပေါက်ကွဲအောင်လုပ်၍ ဝါးမျိုလိုက်လိမ့်မည်ဟု သိုင်းပညာရှင်များအားလုံး ထင်မထားမိချေ။

မသေမျိုး ဟေးဒီးစ် ဝါးမျိုလိုက်သောနေရာ၌ မည်သည့်အရာမှ မရှိတော့ဘဲ ဗလာနတ္ထိ ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။ မည်သည့်လေဟာနယ်မျှ မရှိသလို အစိုင်အခဲ သတ္တုများလည်း မရှိတော့ဘဲ ဗလာနတ္ထိ အနေအထားဖြစ်နေ၏။

*ဒါက …*

လူတိုင်း အသက်ရှူရခက်လာသည်။ မွေးရာပါ စွမ်းအင်ဖြစ်သော အင်မော်တယ် သုတ်သင်ခြင်းသိုင်းကွက်က ဤမျှကြောက်စရာ ကောင်းလိမ့်မည်ဟု သူ ထင်မထားမိချေ။

အကယ်၍ သူသာ ယခုထက်မက ပို၍အစွမ်းထက်လာပါက စကြဝဠာကြီးတစ်ခုလုံးကိုပါ ဖောက်ခွဲ၍ ဝါးမျိုပစ်နိုင်မည်လား။ ထိုသို့တွေးမိပြီး အားလုံး ကြက်သီးထကာ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။

“ယဲ့ဖန်”

လင်းလန်၏ မျက်နှာလေးက စက္ကူစကဲ့သို့ ဖြူရော်သွားသည်။ ယဲ့ဖန် ဝါးမျိုခံလိုက်ရသည်ကို တွေ့လိုက်ရချိန်တွင် သူမ လုံးဝ ပြိုလဲသွားလေသည်။ သူမသည် မိုက်ခနဲ ဖြစ်သွားကာ ပစ်လဲကျသွားသည်။ ထို့အတူ အန်းရှီနှင့် ပိုင်ယီတို့သည်လည်း စိတ်ဝိညာဉ်များ စုပ်ယူခံလိုက်ရသကဲ့သို့ လဲကျသွားလေသည်။ သူတို့၏ လှပသော မျက်ဝန်းများမှ မျက်ရည်များ ဆက်တိုက်စီးကျနေသည်။

“မဟုတ်ဘူး၊ ဒါ … ဒါ အမှန်မဟုတ်ဘူး၊ အစ်ကိုကြီး ယဲ့ဖန်က ဝါးမျိုခံရရင်တောင်မှ အသက်ရှင်မှာပဲ”

အန်းရှီသည် ယဲ့ဖန်အ‌ပေါ် မျက်ကန်းယုံကြည်မှု ရှိလေသည်။ သူမသည် မျက်ရည်စများ တွဲခိုနေသော မျက်ဝန်းများဖြင့် ထူးဆန်းထွေလာတစ်ခု ဖြစ်ပေါ်လာမည်ကို စောင့်နေသကဲ့သို့ မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေလေသည်။

ဘေးရှိ ပိုင်ယီသည်လည်း ထပ်တူအံ့ဩနေ၏။

“ယဲ့ဖန်၊ ရှင်က နတ်ဘုရားတွေကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးတွေကို သုတ်သင်ခဲ့တာ၊ ကျွန်မအမြင်မှာတော့ ရှင်က အနန္တ တန်ခိုးရှင်ပဲ”

“ရှင် သေမှာမဟုတ်ဘူး၊ ရှင် ဘယ်တော့မှ သေမှာမဟုတ်ဘူး”

ပိုင်ယီသည် သူမနှလုံးသားအား ဓားနဲ့မွှမ်းခံရသကဲ့သို့ ခံစားမိနေသည်။ ဝမ်းနည်းစိတ်ကြောင့် သူမ ငိုကြွေး နေမိသည်။ သူတို့သည်သာမက နတ်ဆိုးများအားလုံးသည်လည်း မျက်နှာမည်းမှောင်နေကြသည်။ သို့သော် သူတို့ မငိုကြပေ။

သူတို့စိတ်ထဲ၌ ကျိတ်၍သာ စောင့်မျှော်နေမိသည်။ သူတို့၏နတ်ဘုရား ထွက်ပေါ်လာမည်ကိုသာ စောင့်နေမိသည်။ ငါးမိနစ်၊ ဆယ်မိနစ်၊ နာရီဝက်။

ထိုအချိန်တွင် မသေမျိုး ဟေးဒီးစ်သည် လေဟာနယ်၌ ငြိမ်သက်စွာထိုင်၍ အရူးအမူး မွမ်းမံနေသည်။ သန့်စင်သော စွမ်းအင်တစ်ခုအား ခန္ဓာကိုယ်တွင်းသို့ စုပ်ယူနေပြီး သူ၏အရှိန်အဝါက ပို၍သန်မာ ပြင်းထန် လာသည်။

နောက်ဆုံးတွင် မသေမျိုး ဟေးဒီးစ်က မျက်လုံးပြန်ဖွင့်၍ တစ်ချက်ဝေ့ကြည့်လိုက်သည်။ သွေးအဆိပ် အရှင်သခင်နှင့် အခြားသော နတ်ဘုရားစစ်သည်တော်များအပြင် လီဖန်းတို့အဖွဲ့သည်လည်း အလွန်အမင်း ဝမ်းသာသွားကြသည်။

*သန့်စင်တာ ပြီးတော့မှာပဲ*

မသေမျိုး ဟေးဒီးသည် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူထားသည့် အရာအားလုံးနီးပါးကို သန့်စင်၍ပြီးတော့မည်ကို နတ်ဘုရားများ သတိထားလိုက်မိသည်။ သူ၏ အရှိန်အဝါက ပို၍ကြောက်စရာကောင်းလာလေသည်။

“သေပြီ၊ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်က ဒီလိုမျိုး သေရတယ်လို့ကွာ၊ ဟားဟားဟား … ဟေးဒီးစ်ရဲ့ အရသာရှိတဲ့ စားစရာကို စားသလိုမျိုး အစားခံလိုက်ရလေရဲ့”

သွေးအဆိပ် အရှင်သခင်သည် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေသည်။ လီဖန်း၏မျက်နှာတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

“သေတာ ကောင်းတယ်၊ သူ သေမှ ငါတို့ အသက်ရှင်နိုင်မှာ”

ယခုမှ လီဖန်း၏ ရင်ထဲမှ အလုံးကြီး ကျသွားပြီး နတ်ဘုရား စစ်သည်တော် အဖွဲ့ထဲမှနေ၍ ဆက်တိုက် လက်ခုပ်ဩဘာ ပေးနေသည်။

နတ်ဆိုးများမှာမူ အလွန်အမင်း ရူးသွပ်သွားကြလေသည်။ သူတို့ မယုံချင်သော်လည်း မျက်စိရှေ့မှ အဖြစ်က နတ်ဆိုးဧကရာဇ် အပြီးတိုင် ကျဆုံးသွားပြီး ပြန်မရှင်နိုင်တော့ဟု ပြသနေ၏။

“သခင်ကြီး၊ ဒီချီယန်က နှစ်ထောင်ချီပြီး သေဆုံးခဲ့ရတာပါ၊ ဒါပေမဲ့ သခင်ကြီးကပဲ ကျွန်တော့်ကို တစ်နေကုန် ဆံပင် အဖြူခံပြီး ပြန်အသက်သွင်းခဲ့တာ”

“သခင်ကြီး သေမှတော့ ချီယန်က ဘယ်လိုလုပ် တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့နိုင်မှာလဲ”

ထို့နောက် ချီယန်နတ်ဆိုးဘုရင်သည် ရူးသွပ်နေသော အကြည့်များဖြင့် ခေါင်းမော့လာသည်။ အရိုးပျော့ဆေးကြောင့် သူ ဖိနှိပ်ခံထားရတာတောင်မှ သူသည် နတ်ဆိုးစိတ်ဝိညာဉ်အား လောင်ကျွမ်းအောင် ပြုလုပ်နေ၏။ သူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ချင်နေသည်။

ဤသည်မှာ အစသာရှိပေသေးသည်။ မရဏနတ်ဆိုးသည်လည်း ဝမ်းနည်းသော အကြည့်ဖြင့် ရေရွတ်လာသည်။

“သခင်ကြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျွန်တော့်ဇနီးနဲ့ ကလေးတွေ ဖျက်ဆီးခံခဲ့ရသလို ကျွန်တော့်မိသားစု တစ်ခုလုံး သုတ်သင်ခံခဲ့ရတယ်။ အဲ့အချိန်တုန်းက ကျွန်တော်က ရှင်လျက်နဲ့ သေနေသလိုပါပဲ”

“ကျွန်တော့်ကို ဘဝအသစ်ပေးခဲ့တဲ့သူက သခင်ကြီးပါ၊ သခင်ကြီးကပဲ ကျွန်တော့်ကို နတ်ဆိုးမျိုးနွယ်ဆီ ခေါ်လာပြီး အသက်ပြန်ရှင်စေခဲ့တယ်”

“ဒီနေ့ ကျွန်တော် သခင်ကြီးနဲ့အတူ အဖော်ပြုပြီး လိုက်သေပါ့မယ်၊ ပြီးမှ ငရဲဘုံကို ထိန်းချုပ်ကြတာပေါ့”

မရဏနတ်ဆိုး၏ ကိုယ်မှနေ၍ ထိတ်လန့်ဖွယ် အဖျက်စွမ်းအင်များ ပျံ့နှံ့လာသည်။ သူတို့သာမက မျက်လုံးတစ်လုံး နတ်ဆိုး၊ ငရဲနတ်ဆိုး၊ အမှောင်သခင် နတ်ဆိုးဘုရင်၊ မိစ္ဆာဝိညာဉ်ရိုင်းနှင့် ထိပ်ပြောင်အားဆန် စသည့် နတ်ဆိုးများ အားလုံး ရူးသွပ်လာကြသည်။ သူတို့ထံမှ ထွက်ပေါ်လာသော မရဏ အငွေ့အသက်များက ခြောက်ခြားဖွယ် ကောင်းလှသည်။

“ရှင်လည်း အတူတူ”

“သေလည်း အတူတူ သေကြမယ်”

နတ်ဆိုးများအားလုံးက ကြောက်ခမန်းလိလိ ကြွေးကြော်လာကြသည်။ သူတို့သည် နတ်ဆိုးစိတ်ဝိညာဉ်အား လောင်ကျွမ်းစေပြီး မိမိကိုယ်ကိုယ် ဖောက်ခွဲ၍ အခြားသူများကို သတ်ချင်နေကြလေသည်။

ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်နှင့်အတူ မသေမျိုး ဟေးဒီးစ်ထံသို့ အရူးအမူး ပြေးဝင်သွားကြသည်။ ကောင်းကင်ယံ၌ မိမိကိုယ်ကိုယ် သေလူဟု သတ်မှတ်ထားသည့် နတ်ဆိုးများဖြင့် ပြည့်နှက်လာသည်။

ဤမြင်ကွင်းကြောင့် နတ်ဘုရား စစ်သည်တော်များ အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ နတ်ဆိုးများက ဤမျှ ရူးသွပ်ကြလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ များပြားလှသည့် နတ်ဆိုးများက သေပွဲဝင်ရန် ဆုံးဖြတ်ချက်ချ၍ ပြေးဝင်လာကြသည်ကို ကြည့်ပြီး သွေးအဆိပ်အရှင်၊ လီဖန်းနှင့် အခြားသူများအားလုံး ကြက်သီးထ သွားကြသည်။

“အရူး၊ သူတို့အားလုံးက အရူးတွေပဲ”

လက်ရှိအချိန်၌ နတ်ဘုရား စစ်သည်တော်များအားလုံးသည် သရဲသဘက်ကို တွေ့လိုက်ရဟန်ဖြင့် အဝေးတစ်နေရာသို့ ထွက်ပြေးကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဤမျှများပြားသော နတ်ဆိုးများအားလုံး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပါက နေအဖွဲ့အစည်းတစ်ခုလုံး ဖျက်ဆီးခံရပြီး အမှုန့်ဖြစ်သွားမည်ကို သူ သိနေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် နေအဖွဲ့အစည်း အပြင်ဘက်၌ ဖန့်ယင်း၏ ခန္ဓာကိုယ်လေးက ယိမ်းယိုင်သွားပြီး မျက်ရည်များ စီးကျလာသည်။ သူမအတွေးထဲ၌ ယဲ့ဖန်၏ပုံရိပ်များသာ နေရာယူနေသည်။ သူ၏ရယ်မောဟန်၊ သူ၏ နတ်ဆိုးဆန်တတ်ပုံ၊ သူ၏ ရက်စက်တတ်ဟန်။ ယဲ့ဖန်၏ ပုံရိပ်အားလုံးက ဖန့်ယင်း၏နှလုံးသားလေးကို တိုက်စားနေ၏။

“ရှင် သေသွားပြီလား”

ဖန့်ယင်း ဝမ်းနည်းစွာ ရေရွတ်လိုက်ပြီး မျက်ရည်များ စီးကျနေပြီးနောက် ခေါင်းမော့ကာ မီးဝင်းဝင်း တောက်နေသော အကြည့်များဖြင့် မသေမျိုး ဟေးဒီးကို လှမ်းကြည့်လိုက်သည်။

“ဒီလိုဆိုလည်း သေကြတာပေါ့”

ထိုသို့ပြောပြီးနောက် ဖန့်ယင်း၏ ခန္ဓာကိုယ်မှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသည့် စွမ်းအင်များ ပျံ့နှံ့လာသည်။ သူမက ဖျတ်ခနဲ လှုပ်ရှား၍ မသေမျိုး ဟေးဒီးစ်ထံ ပြေးဝင်ရန် ပြင်လေသည်။

“အရူးမလေး၊ နင် ဘာလုပ်တာလဲ”

အမျိုးသမီး ထိတ်လန့်သွားပြီး လက်ကိုတစ်ချက်လှုပ်ကာ ဖန့်ယင်းကို တားလိုက်သည်။ ထိုအခါ ဖန့်ယင်းရှေ့မှ လေဟာနယ်သည် လှောင်ချိုင့်သဖွယ် ဖြစ်ကာ ဖန့်ယင်းအား ချုပ်နှောင်သွားသောကြောင့် သူမ မလှုပ်နိုင်တော့ပေ။

“ဆရာ၊ ကျွန်မကို လွှတ်ပါ၊ ကျွန်မ သူနဲ့အတူ လိုက်သေမယ်”

ဖန့်ယင်း အသည်းအသန် အော်ဟစ်လိုက်သည်။ သူမ၏မျက်ရည်စများက အမျိုးသမီးကြီးအား အလွန် တုန်လှုပ်သွားစေသည်။

“မင်း တော်တော် စိတ်လိုက်မာန်ပါ လုပ်တာပဲ၊ သူ သေပြီလို့ မင်း တကယ် ထင်နေတာလား”

*ဘယ်လို*

အမျိုးသမီး၏စကားကြောင့် ဖန့်ယင်း တုန်လှုပ်သွားသည်။

“ဆရာ၊ ရှင် … ရှင် ပြောချင်တာက ယဲ့ဖန် … မသေဘူးလို့ ပြောချင်တာလား”

သွေးမြူခိုးများအားလုံးကို သန့်စင်နေသော မသေမျိုး ဟေးဒီးစ်ကို ဖန့်ယင်း လှမ်းကြည့်လိုက်မိသည်။ ထိုစဉ် အမျိုးသမီးကြီးက သရော်ပြုံးပြုံး၍ နေအဖွဲ့အစည်းကို လက်ညှိုးထိုးပြလိုက်သည်။

“ကြည့်လိုက်”

သူမစကားကြောင့် ဖန့်ယင်းက ကမ္ဘာဂြိုဟ်အား အလျင်အမြန် လှမ်းကြည့်လိုက်သည်။ ထိုအခါ များစွာသော နတ်ဆိုးများက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းဖြင့် မသေမျိုး ဟေးဒီးစ်ထံသို့ ပြေးဝင်လာကြသည်ကို သူမ တွေ့လိုက်ရသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ လက်ရှိအချိန်၌ နတ်ဆိုးများအားလုံးက မသေမျိုး ဟေးဒီးစ်ထံ ပြေးဝင်လာနေကြသည်။ ထိတ်လန့်ဖွယ် မရဏအငွေ့အသက်များကြောင့် မသေမျိုး ဟေးဒီးစ် မျက်နှာပျက်သွားသည်။

“ပုရွက်ဆိတ်တစ်သိုက်ကများ … ငါ့ကို ဒီလိုလာစမ်းရဲတယ်လား”

ထို့နောက် မသေမျိုး ဟေးဒီးစ်က ပြေးဝင်လာသည့် နတ်ဆိုးများအားလုံးကို ပုတ်ထုတ်လိုက်သည်။

Chapter 698 ငါ အမိန့်ပေးမိလို့လား

ကြီးမားလှသော မသေမျိုး ဟေးဒီးစ်၏ လက်သည်းများက ကောင်းကင်အား ဖုံးအုပ်လုနီးပါး ဖြစ်သွားလေသည်။ အကယ်၍ ထိုလက်သည်းသာ ကျရောက်လာပါက နတ်ဆိုးများအားလုံး တစ်ချက်တည်းဖြင့် အသားပြား ဖြစ်သွားလောက်သည်။

ဤမြင်ကွင်းကို မြင်သော်လည်း နတ်ဆိုးများအားလုံးက ကြောက်လန့်ခြင်း သို့မဟုတ် သွေးပျက်ခြင်း အမူအရာမျိုး မပြသပေ။ ထိုသို့ဖြစ်မည့်အစား သူတို့၏ ရူးသွပ်မှုများက ပို၍ပြင်းထန်လာသည်။

နတ်ဆိုးများအားလုံးသည် မျက်လုံးကိုမှိတ်၍ ရင်ဘတ်ပေါ် လက်တစ်ဖက်တင်ကာ အရူးအမူး ကြွေးကြော်လိုက်သည်။

“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”

“သခင်ကြီး၊ ကျွန်တော်တို့ လိုက်လာပါပြီ”

နတ်ဆိုးများ၏ ကြွေးကြော်သံကြောင့် အခြားသူများ ထိတ်လန့်သွားကြသည်။ မရဏ အငွေ့အသက်များက မရပ်တန့်သွားပေ။ ထိုကြွေးကြော်သံနှင့်အတူ နတ်ဆိုးအားလုံး၏ ခန္ဓာကိုယ်မှ အဖျက်စွမ်းအင်များ ပျံ့နှံ့လာသည်။

ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စတင်လေပြီ။

နတ်ဆိုးများအားလုံးထံမှ ပြင်းထန်သည့် အဖျက်စွမ်းအင်များ ထွက်ပေါ်လာပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး နေအဖွဲ့အစည်း တစ်ခုလုံးအား ဖျက်ဆီးလုနီးပါး ဖြစ်သွားလေသည်။

ထိုစဉ် ခပ်ဖျော့ဖျော့ အသံတစ်သံက မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိ ထွက်ပေါ်လာသည်။

“ငါ မင်းတို့ကို သေခိုင်းလို့လား”

ထိုအသံသည် မကျယ်လောင်သော်လည်း ထူးဆန်းစွာပင် နတ်ဆိုးများအားလုံး၏ နားစည်သို့ ပဲ့တင်ရိုက် သွားသည်။ ထိုအသံကို ကြားလိုက်သည်နှင့် နတ်ဆိုးများအားလုံး တုန်လှုပ်သွားကြသည်။

“ဒီအသံက …”

နတ်ဆိုးများအားလုံးထံမှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းစွမ်းအင်များက ရုတ်ချည်း ရပ်တန့်သွားပြီး အားလုံး မယုံနိုင်ဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

အားလုံး ကြည့်နေစဉ်မှာပင် မသေမျိုး ဟေးဒီးစ်၏ လက်သည်းတစ်နေရာ၌ ရောင်ကိုင်းလာပြီး ထိုရောင်ကိုင်းမှုက ပိုပို၍ ကြီးမားလာသည်။

နောက်ဆုံးတွင် မသေမျိုး ဟေးဒီးစ်၏ လက်သည်းတစ်ခုလုံး ပေါက်ကွဲသွားသည်။ ကောင်းကင်မှ သွေးစက်များက မိုးစက်သဖွယ် စီးကျလာပြီး အသားစများပါ လွင့်စဉ်လာသည်။

ပေါက်ကွဲသွားသော နေရာမှ သွေးစက်များနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော လူတစ်ယောက် ထွက်လာသည်။ ထိုသူကား ယဲ့ဖန်ပင် ဖြစ်လေသည်။

“အား….”

မသေမျိုး ဟေးဒီးစ် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ၏ လက်သည်းတစ်ဖက်လုံး ပေါက်ကွဲ သွားသောကြောင့် တစ်ကိုယ်လုံး နာကျင်ကာ တုန်လှုပ်မိနေသည်။ သို့သော် သူသည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေသည်။

“မင်း … ဘာလို့ မင်း မသေတာလဲ၊ ဒီဘုရင်ကြီးက မင်းကို သေချာပေါက် သန့်စင်တဲ့စွမ်းအင်အဖြစ် သန့်စင်ပြီး စုပ်ယူလိုက်ပြီလေ၊ မင်းက ဘာလို့ မသေတာလဲ”

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ယခုအချိန်၌ မသေမျိုး ဟေးဒီးစ် စဉ်းစားရခက်နေသည်။ သူသည်သာမက ခေါင်းပြောင်ငှက်ပါ မှင်တက်နေ၏။ မသေမျိုး မျိုးနွယ်၏ ဘိုးဘေးဖြစ်သောကြောင့် မသေမျိုး သုတ်သင်ခြင်း သိုင်းကွက်အကြောင်းကို သူ အသိဆုံး ဖြစ်သည်။

မည်သို့သော ထူးဆန်း၍ လွှမ်းမိုးနိုင်သော ခန္ဓာကိုယ်မျိုးမဆို မသေမျိုး သုတ်သင်ခြင်း သိုင်းကွက်၏ ဖိနှိပ်ခြင်းကို ခံရသည်ပင်။ ထို့အပြင် ဝါးမျိုခံလိုက်ရပြီးနောက် ကိုယ်တွင်းရှိ မွေးရာပါစွမ်းအင်က ဖိနှိပ်လိုက်သဖြင့် ပြန်ရုန်းထွက်နိုင်ချေ မရှိပေ။ သန့်စင်ခံလိုက်ရသည်နှင့် အပြီးတိုင် သုတ်သင်ခံရလေသည်။

သို့သော် ယခုအခေါက်သည် မသေမျိုး သုတ်သင်ခြင်းသိုင်းကွက်၏ သမိုင်းတွင် ပထမဆုံး အသက်ရှင်သည့်သူ ဖြစ်လေသည်။

“ဒါနဲ့ … အဲ့မြူခိုးတွေက ဘာတွေလဲ”

ထိုစဉ် ယဲ့ဖန်ပတ်လည်၌ အဖြူနှင့် အနက်ရောင် မြူခိုးများ ဝေ့နေသည်ကို ခေါင်းပြောင်ငှက် သတိထား မိသွားသည်။ ခေါင်းပြောင်ငှက် မျက်လုံးကိုစင်း၍ သေချာ စိုက်ကြည့်လိုက်မိပြီးနောက် အံ့ဩ၍ မယုံနိုင်ဟန်များ ထင်ဟပ်လာသည်။

“ကမ္ဘာဦးချောက်နက်ရဲ့ မူလစွမ်းအင်၊ ဒါ … ကမ္ဘာဦးချောက်နက်ရဲ့ မူလစွမ်းအင်ပဲ”

ခေါင်းပြောင်ငှက် အံ့ဩသွားရသလို မသေမျိုး ဟေးဒီးစ်သည်လည်း မှင်တက်သွားပြီး နတ်ဘုရားများအားလုံး နားဝေတိမ်တောင် ဖြစ်သွားလေသည်။

*ကမ္ဘာဦးချောက်နက်*

ထိုစကားလုံးနှစ်လုံးက စကြဝဠာကြီး၏ ကြီးမားသော ကြောက်စရာတစ်ခု ဖြစ်လေသည်။ ဥပမာ ပြောရမည်ဆိုလျင် ကမ္ဘာဦး အုပ်ချုပ်သူက ဟွမ်အာအား ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျအောင် ပြုလုပ်ခဲ့သည်။ ထိုမကောင်းဆိုးဝါးအိုကြီးသည် လောကသခင် သုံးပါးထက် သာလွန်သည်မှာ အသေအချာပင်။

နောက်ထပ် ဥပမာသည်ကား ဟွမ်အာပင်။ ကမ္ဘာဦးချောက်နက်ထဲ ကျသွားပြီးနောက် ဟွမ်အာသည် ကမ္ဘာဦး ချောက်နက် အမွေအနှစ်ကို ရရှိခဲ့ပြီး သူမ၏ခွန်အားက အတိုင်းအတာတစ်ခုထိ ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်သွားခဲ့သည်။

ယင်ယန်လောကမှာတောင်မှ မဟာနတ်မင်းများပင် သူမအား ကျိုထျန်းရွှမ်နွီ နတ်သမီးအဖြစ် သတ်မှတ် ထားကြသည်။

ယဲ့ဖန်၏ကိုယ်တွင်းမှ ကမ္ဘာဦးချောက်နက် စွမ်းအင်သည် သူ ယင်ယန်လောကထဲသို့ စိတ်ဝိညာဉ်ဖြင့် ရောက်သွားခဲ့စဉ်က ဟွမ်အာ လက်ဆောင်ပေးလိုက်သည့် စွမ်းအင် ဖြစ်လေသည်။

ဤကမ္ဘာဦးချောက်နက် စွမ်းအင်က သူ့အသက်ကို ကယ်လိုက်လိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိချေ။

“သောက်အစာလေး၊ မင်း အသက်ရှင်မယ်လို့ ငါ မယုံဘူးကွ”

မသေမျိုး ဟေးဒီးစ်၏ မျက်လုံးများက သွေးကဲ့သို့ ရဲရဲနီနေသည်။ ထိုအချိန်တွင် သူ၏ကိုယ်တွင်းမှ အနီရောင် အလင်းတန်းများ ဖြာထွက်လာပြန်သည်။ သူသည် ပါးစပ်ကိုဟ၍ မသေမျိုး သုတ်သင်ခြင်း သိုင်းကွက်အား ထပ်အသုံးပြုချင်နေ၏။

ဤအဖြစ်ကိုမြင်ပြီး ယဲ့ဖန်က ရက်စက်စွာ ပြုံးလိုက်ပြီး ကိုယ်တွင်းမှ ထိတ်လန့်ဖွယ် အရှိန်အဝါအား စုစည်းလိုက်သည်။ သွေးကြောများမှနေ၍ သွေးကြောဆုံမှတ်သို့၊ ထိုမှတစ်ဆင့် လည်ချောင်းဝသို့ စုစည်းလိုက်သည်။ ထို့နောက် စကားတစ်ခွန်းကို အော်ဟစ်လိုက်သည်။

“တိုက်ပွဲ”

ထိုတိုက်ပွဲဟူသည့် စကားလုံးမှနေ၍ ပြင်းထန်သည့် အသံလှိုင်းများ ပျံ့လွင့်လာသည်။ ဤမြင်ကွင်းက ကမ္ဘာပျက်တော့လေမလား ထင်မှတ်ရသည်။

နေအဖွဲ့အစည်းမှတစ်ဆင့် ပျံ့လွင့်သွားပြီးနောက် ဂြိုဟ်များ ပေါက်ကွဲ၍ ဥက္ကာခဲများ လွင့်ပျံသွားသည်။ ထိုအသံလှိုင်းက အရာအားလုံးကို ရှင်းလင်းပစ်နိုင်ပုံရသည်။

“သောက်တိုက်ပွဲဆိုတဲ့ စကားလုံး”

မသေမျိုး ဟေးဒီးစ် ကြက်သီးထသွားသည်။ ထိုအချိန်က သူသည် တိုက်ပွဲဟူသော စကားလုံးကြောင့် သေသွားခဲ့ရသည်။ ထို့ကြောင့် ထို ထူးဆန်းသည့် အသံလှိုင်းပါဝင်သော နတ်ဘုရားသိုင်းကွက်အား သူ ပို၍ကြောက်လန့်လေသည်။

သူ အော်ထုတ်တော့မည့် အသံလှိုင်းသည်လည်း ရုတ်တရက် ပြတ်တောက်သွားပြီး တောင်ပံများလည်း တုန်ခါသွားသည်။ ထို့နောက် သူသည် ထိုအသံလှိုင်းကြောင့် ဘေးသို့ ရှောင်တိမ်းရန် ပြင်လိုက်သည်။

မသေမျိုး ဟေးဒီးစ်က လျင်မြန်သော်လည်း သူ၏တောင်ပံတစ်ဖက်သည် ထိုတိုက်ပွဲဟူသည့် အသံလှိုင်းနှင့် ထိခိုက်မိသွားသည်။ ထိုတောင်ပံသည် တိုက်ပွဲဟူသည့် အသံလှိုင်းအောက်၌ ဆွေးမြည့်နေသော သစ်သားစကဲ့သို့ ပျက်စီးကာ အမှုန့်ဖြစ်သွားလေသည်။

“အား…”

မသေမျိုး ဟေးဒီးစ်သည် အလွန် အံ့ဩဒေါသထွက်သွားပြီး ငယ်သံပါအောင် အော်ဟစ်လိုက်မိသည်။ သို့သော် ဤသည်မှာ အစသာရှိပေသေးသည်။

ယဲ့ဖန်သည် မသေမျိုး ဟေးဒီးစ်အား တစ်ချက်တည်းဖြင့် တိုက်ခိုက်ပြီးသည်နှင့် လှစ်ခနဲ ပျောက်ကွယ် သွားပြီးနောက် မသေမျိုး ဟေးဒီးစ်ရှေ့၌ ပြန်ပေါ်လာသည်။

မသေမျိုး ဟေးဒီးစ် ဒေါသူပုန် ထသွားလေသည်။ ထို့နောက် သူသည် သူ၏မွေးရာပါ စွမ်းအင်ကို ဒုတိယအကြိမ် ထုတ်သုံးရန် ပြင်လိုက်သည်။

“ပေါက်ကွဲစမ်း”

ထိုစဉ် ယဲ့ဖန်က ကျယ်လောင်စွာ အော်ဟစ်လာသည်။ ထိုအော်သံနှင့်အတူ ကောင်းကင်ခွင်း ခေါင်းလောင်းသံပါ ပဲ့တင်ထပ်၍ ထွက်ပေါ်လာလေသည်။

မသေမျိုး ဟေးဒီးစ်သည် သူ၏စိတ်ဝိညာဉ်ပါ တုန်ခါသွားပြီး အသိစိတ် လွတ်သွားသလို ခံစားလိုက်မိသည်။ မွေးရာပါ စွမ်းအင်သည်လည်း ချက်ချင်း ရပ်တန့်သွားလေသည်။ ထိုအချိန်တွင် ယဲ့ဖန်၏ လက်သီးချက်က သူ့ပေါ် ရောက်ရှိလာသည်။

ထိုလက်သီးချက်၌ ကမ္ဘာဦးချောက်နက်၏ စွမ်းအင်များ ပါဝင်နေသည်။ ထိုလက်သီးချက်၌ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအင်များ ပါဝင်နေလေသည်။

မသေမျိုး ဟေးဒီးစ်၏ ကိုယ်ပေါ်သို့ ယဲ့ဖန်၏ လက်သီးချက် ကျရောက်လာပြီးနောက် မသေမျိုး ဟေးဒီးစ် ပေါက်ကွဲသွားပြီး သွေးများ ထွက်လာသည်။

ကမ္ဘာဦးချောက်နက် စွမ်းအင်က ခြောက်ခြားဖွယ်ကောင်းလှပြီး လက်သီးချက် တစ်ချက်တည်းဖြင့် မသေမျိုး ဟေးဒီးစ်အား အမှောက်သိပ်နိုင်လေသည်။

လီဖန်း၊ သွေးအဆိပ် အရှင်သခင်နှင့် အခြားသူများအားလုံး နားဝေတိမ်တောင် ဖြစ်နေသည်။ ယဲ့ဖန်၏ လက်သီးချက်က မည်မျှ ပြင်းထန်လှသောကြောင့် မသေမျိုး ဟေးဒီးစ် ပေါက်ကွဲသွားရသလဲဆိုသည်ကို မတွေးတတ်ကြတော့ပေ။

မသေမျိုး ဟေးဒီးစ်၏ သွေးစက်များက လျင်မြန်စွာ ဖွဲ့စည်းလာသောကြောင့် အချိန်တိုလေးအတွင်းမှာပင် ကြီးမားသော လူတစ်ယောက်အဖြစ် ပြန်လည်အသက်ဝင်လာသည်။ သို့သော် ယခင်ကထက် အနည်းငယ် အရွယ်အစား သေသွားသည်။ သူ၏မျက်နှာက ဖြူရော်၍ သွေးပျက်နေဟန် ပေါ်နေ၏။

“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်းမှာ ကောင်းကင်ခွင်း ခေါင်းလောင်း ရှိနေတယ်၊ ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မသေမျိုး ဟေးဒီးစ်သည် သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်ခြောက်ခြားနေသည်။

Chapter 699 မင်း ကံဆိုးမိုးမှောင်ကျမှာကို မကြောက်ဘူးလား

မသေမျိုး ဟေးဒီးစ်သာမက ခေါင်းပြောင်ငှက်သည်လည်း ခေါင်းလောင်းသံကို ကြားသည်နှင့် တုန်ယင်သွားသည်။ သူသည် မဟာနတ္ထိ ရှေးဧကရာဇ် အထွတ်အထိပ် ရောက်နေခဲ့သောခေတ်အခါကို ပြန်ရောက်သွားပြီး ထိုလူထံသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

ထိုခေါင်းလောင်းသည် ထိုလူကို ကိုယ်စားပြုလေသည်။ အစောပိုင်းအချိန်၌ သူသည် ထိုလူနောက်သို့ လိုက်ပါ အမှုထမ်းခဲ့ပြီး ပို၍ကြောက်စရာကောင်းသော လောကတစ်ခုသို့ အတူတူ သွားရောက်ခဲ့သည်။

သို့ရာတွင် ထိုခေါင်းလောင်းက ယဲ့ဖန်၏လက်ထဲသို့ မည်သို့မည်ပုံ ရောက်နေရသနည်း။ အံ့ဩစရာ ကောင်းလိုက်ပါဘိ။

“မဟုတ်ဘူး … မဟုတ်ဘူး၊ မင်းက အဲ့လူရဲ့ ကောင်းကင်ခွင်း ခေါင်းလောင်းကို သုံးနိုင်နေတာလား”

“မင်း … မင်းက ဘယ်သူလဲ”

မသေမျိုး ဟေးဒီးစ် ခြောက်ခြားသွားသည်။ သူ့မျက်နှာ၌ ထိတ်လန့်ခြောက်ခြားဟန်များ စွန်းထင်းနေလေသည်။ ထိုစကားကြောင့် ယဲ့ဖန် မသိမသာ မျက်နှာပျက်သွားသည်။

ကောင်းကင်ခွင်းခေါင်းလောင်း၌ အခြားဇာစ်မြစ်တစ်ခု ရှိမှန်း သူ ခပ်ရေးရေးမျှ သိသော်လည်း ထိုဇာစ်မြစ်က မသေမျိုး ဟေးဒီးစ်အား ကြက်သီးထ၍ အလွန် ကြောက်လန့်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပေ။

“ငါလား”

“မင်းကို သတ်မယ့်သူလေ”

ယဲ့ဖန်၌ ထိုအကြောင်းကို သေချာတွေးချိန် မရှိသောကြောင့် နှုတ်ခမ်းကိုတွန့်၍ မခိုးမခန့် ပြုံးလိုက်သည်။ ထို့နောက် ကမ္ဘာဦး ချောက်နက် စွမ်းအင်များ ပါဝင်နေသော လက်သီးဖြင့် မသေမျိုး ဟေးဒီးစ်အား ထပ်မံ၍ ထိုးနှက်လိုက်သည်။

ယဲ့ဖန်၏လက်သီး၌ ပါဝင်သော ကမ္ဘာဦးချောက်နက် စွမ်းအင်များက ကြောက်ခမန်းလိလိပင်။

ဆက်လက်ဖြစ်ပေါ်လာသည့် မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က ကြောက်စရာ ကောင်းသော သားရဲတစ်ကောင်ကဲ့သို့ မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်အား ထပ်ခါထပ်ခါ ထိုးနှက်နေသည်။ မသေမျိုး ဟေးဒီးစ်က အကြိမ်ကြိမ် ပေါက်ကွဲသွားလေသည်။

လူတိုင်း၏အမြင်တွင် ဤအဖြစ်က တစ်ဖက်သက် ဖိနှိပ်ခြင်းပင်။ ဆယ်ချက်၊ အချက်တစ်ရာ၊ အချက်တစ်ထောင်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ယဲ့ဖန်က မသေမျိုး ဟေးဒီးစ်အား အချက်တစ်ထောင်မျှ ထိုးနှက်ပြီးနေသည်။

ထိုထိုးနှက်ချက်ကြောင့် မသေမျိုး ဟေးဒီးစ်သည် ပေါက်ကွဲ၍ ပြန်ရှင်လာတိုင်း ခန္ဓာကိုယ် အရွယ်အစားက သေးငယ်သထက် သေးငယ်လာသည်။

အားလုံး အထိတ်တလန့်ဖြင့် ကြည့်နေစဉ်မှာပင် မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ် အရွယ်အစားသည် နေအဖွဲ့အစည်း၏ သုံးပုံမှနေ၍ နေအဖွဲ့အစည်း၏ ငါးပုံတစ်ပုံ အရွယ်အစားနှင့် ဆယ်ပုံပုံတစ်ပုံ အရွယ်အစားသို့၊ ထိုမှနေ၍ တစ်ရာပုံတစ်ပုံ အရွယ်အစားသို့ ပြောင်းလဲသွားသည်။

နောက်ဆုံးတွင်မူ ယဲ့ဖန်၏ ထပ်မံထိုးနှက်လိုက်သော လက်သီးချက်အောက်၌ မသေမျိုး ဟေးဒီးစ်သည် ဂြိုဟ်တစ်လုံးစာ အရွယ်အစားမျှသာ ရှိတော့သည်။

ဤမြင်ကွင်းကြောင့် လူတိုင်း လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။ ပုရွက်ဆိတ်မျှသာ ရှိသော ယဲ့ဖန်သည် ဆင်တစ်ကောင်ကဲ့သို့ ကြီးမားသော မသေမျိုး ဟေးဒီးစ်အား အကြိမ်ကြိမ် ထိုးနှက်နေ၏။

မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီးနောက် ပြန်လည်ရှင်သန်လာချိန်တွင် ဥက္ကာခဲ အရွယ်အစားမျှသာ ရှိတော့သည်။ ထို့နောက် ထပ်မံကျရောက်လာသည့် လက်သီးချက်ကြောင့် နောက်တစ်ကြိမ် ပေါက်ကွဲသွားပြီး သာမန်လူအရွယ်အစားမျှသာ ရှိတော့သည်။

“ငါ့ မသေမျိုး မူလစွမ်းအင်တွေ”

မသေမျိုး ဟေးဒီးစ်သည် မျက်နှာပြာနှမ်း၍ အံ့ဩဒေါသထွက်နေ၏။ သူ၏ မသေမျိုး ခန္ဓာကိုယ်က ပြန်လည် ရှင်သန်လာတိုင်း မသေမျိုး မူလစွမ်းအင်ကို အတိုင်းအတာတစ်ခုထိ သုံးစွဲလေသည်။ မသေမျိုး ခန္ဓာကိုယ်သည် တကယ်တမ်းတွင် မသေဆုံးနိုင်သော အရာတစ်ခု မဟုတ်ပေ။

လက်ရှိအချိန်၌ မသေမျိုး ဟေးဒီးစ်သည် အလွန်အမင်း အားနည်းလျက်ရှိသည်။ သူသည် နဖူးမှ ချွေးတဒီးဒီး စီးကျနေပြီး ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့်နေ၏။ ထို့နောက် တစ်ဖက်လှည့်၍ ထွက်ပြေးလေတော့သည်။

*ထွက် … ထွက်ပြေးတာလား*

ဤသည်ကိုမြင်ပြီး လီဖန်းနှင့် သွေးအဆိပ် အရှင်သခင်တို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အင်အားကြီးသော မသေမျိုး ဟေးဒီးစ်က ဤသို့ ရှုံးနိမ့်၍ ထွက်ပြေးရလိမ့်မည်ဟု သူတို့ ထင်မထားမိကြပေ။

*ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ*

*မြန်မြန်၊ မြန်မြန်၊ မြန်မြန်ပြေးရမယ်*

ယခုအချိန်၌ မသေမျိုး ဟေးဒီးစ်သည် သူ မျက်နှာပျက်ရမည်ကို အရေးမလုပ်နိုင်တော့ချေ။ သူ ထွက်သာပြေးချင်နေသည်။ ခက်ထန်ကြမ်းတမ်းလှသည့် မိစ္ဆာကောင်လက်မှ သူ လွတ်အောင်ပြေးချင်နေသည်။

ကောင်းကင်ခွင်း ခေါင်းလောင်း ပြန်လည်ပေါ်ထွက်လာသည့် သတင်းအား မသေမျိုးမျိုးနွယ်ထံ မြန်မြန်ပြန် သတင်းပို့မှ ဖြစ်ပေမည်။

“မြတ်စွာဘုရား၊ ကောင်းကင်ခွင်းခေါင်းလောင်း ပြန်ပေါ်လာပြီဆိုတော့ အဲ့လူက အထက်ကို တက်သွားပြီ မဟုတ်ဘူးလား”

“မဟုတ်ရင် ငါ့အစာက ဘယ်လိုလုပ် ဒီကောင်းကင်ခွင်းခေါင်းလောင်းကို ထိန်းချုပ်နိုင်တာလဲ”

မသေမျိုး ဟေးဒီးစ်၏ မျက်နှာတွင် အလွန်တရာ ကြောက်လန့်နေဟန်များ ထင်ဟပ်နေ၏။ ထို့နောက် သူသည် တောင်ပံကိုဖြန့်၍ အသည်းအသန် ပျံသန်းထွက်ပြေးလေသည်။

“မင်း အဆင်ပြေရဲ့လား”

ထိုစဉ် သူ့ကျောနောက်မှ စကားသံ ထွက်ပေါ်လာသဖြင့် မသေမျိုး ဟေးဒီးစ် ချွေးပြန်ကာ ခေါင်းမွေးထောင်၍ ကြက်သီးမွေးညင်း ထသွားသည်။ သူ၏အရှိန်သည် ဤစကြဝဠာ၌ ထိပ်တန်းဟု ခေါ်တွင်နိုင်သည်။

ထို့အပြင် သူ၏တောင်ပံများ ပြန်ထွက်လာချိန်တွင် သူ၏အရှိန်က ပို၍မြန်ဆန်လာသည်။ သို့သော် ထင်မှတ်မထားဘဲ ယဲ့ဖန်က ပို၍မြန်နေ၏။ သူ့နောက်မှ လေပွေတစ်ခု လိုက်လာသည်ဟု ထင်မှဝ်မှားရသည်။

“မကောင်းတော့ဘူး”

သူ့နောက်ကျောမှ စွမ်းအင်ကို ခံစားမိပြီး မသေမျိုး ဟေးဒီးစ် ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားလေသည်။ သို့သော် သူ မြန်သည်ထက် ယဲ့ဖန်က ပိုမြန်နေ၏။

ဝှစ်!

ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် မသေမျိုး ဟေးဒီးထံမှ သွေးများ ပန်းထွက်လာသည်။ ထို့အတူ သူ့ခန္ဓာကိုယ်သည်လည်း နှစ်ပိုင်းကွဲသွားလေသည်။

မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ် ပြန်ဆက်သွားချိန်တွင် သူ၏ အရွယ်အစားက ပိုသေးလာပြီး ကလေးတစ်ယောက်၏ အရွယ်အစား ဖြစ်သွားသည်။

ထိုအခါ မသေမျိုး ဟေးဒီးစ်သည် သူ့ခန္ဓာကိုယ်က အကြိမ်တစ်ထောင်မျှ‌ ပေါက်ကွဲခဲ့သဖြင့် သူ၏မသေမျိုး စွမ်းအင်က ကုန်ခမ်းခါနီးလာသည်ကို သတိထားလိုက်မိသည်။ ဤသို့ ဆက်ဖြစ်နေပါက သူ သေသွားပေလိမ့်မည်။

“ရပ်လိုက်”

မသေမျိုး ဟေးဒီးစ်က ယဲ့ဖန်အား ကြောက်လန့်တကြား အော်ပြောလိုက်သည်။ သူ့မျက်နှာပေါ်၌ ကြောက်လန့်စိတ်များ အထင်းသား ပေါ်လွင်နေ၏။

“ကောင်လေး၊ ငါ ရှုံးတာ ငါ ဝန်ခံတယ်၊ ဒါပေမဲ့ မင်း ငါ့ကို သတ်လို့မရနိုင်ဘူး”

သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သို့သော် ခဏအကြာ၌ ယဲ့ဖန်က မထီပြုံး ပြုံးလာသည်။

“ဘာလို့ မင်းကို သတ်လို့မရတာလဲ”

“မင်း ငါ့ကို သတ်လိုက်တာနဲ့ မင်း ကံဆိုးမှာပဲ”

မသေမျိုး ဟေးဒီးစ်က ရူးသွပ်သော အကြည့်များဖြင့် ကြည့်လာသည်။

“ငါက မသေမျိုး မျိုးနွယ်ကဆိုတာ မင်း သိတယ်မလား၊ ဒီစကြဝဠာကြီးထဲမှာ နတ်ဘုရား စောင့်ရှောက်မှုဆိုတာ ရှိတယ်ကွ”

“ဒီဘုရင်ကြီး ဒဏ်ရာရရင် နတ်ဘုရားက ဂရုမစိုက်လောက်ဘူး၊ ဒီဘုရင်ကြီး အကျဉ်းကျလည်း နတ်ဘုရားက အရေးမလုပ်လောက်ဘူး”

“ဒါပေမဲ့ ဒီဘုရင်ကြီး အသတ်ခံရလို့ကတော့ နတ်ဘုရားတွေက ဂရုမစိုက်ဘဲ နေမှာမဟုတ်ဘူး”

ထိုစကားကြောင့် သွေးအဆိပ် အရှင်သခင်၊ လီဖန်းနှင့် အခြားသူများအားလုံး မျှော်လင့်ချက်တစ်ခု ပေါ်လာသယောင် ခံစားမိသည်။

*ဝှက်ဖဲ ရှိနေတာပါလား*

*လတ်စသက်တော့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားအပြင် မသေမျိုး ဟေးဒီးစ်မှာ သူ့ကို ကာကွယ်ပေးနိုင်တဲ့ ဝှက်ဖဲတစ်ခု ရှိနေတာကိုး*

ယဲ့ဖန် တန့်ခနဲ ဖြစ်သွားသည်ကို မြင်ပြီး မသေမျိုး ဟေးဒီးစ် စိတ်အေးသွားသည်။ ယဲ့ဖန်ကို သူ လန့်အောင် လုပ်နိုင်ပြီဟု ထင်သွားလေသည်။

“ငါ မင်းကို ပြောလိုက်မယ်၊ အဲ့နတ်ဘုရားက အထက်လောကက နတ်မင်းပဲ”

“သူက ဒီစကြဝဠာကြီးကို အုပ်ချုပ်ဖို့ တာဝန်ယူထားရတာ၊ မင်း ငါ့ကို သတ်ရဲတယ်ဆိုရင် ကံကြမ္မာဆိုး ကျလာပြီး မင်း သေသွားလိမ့်မယ်၊ မင်းနောက်မှ ရှိနေတဲ့ လူအားလုံးလည်း သေသွားလိမ့်မယ်”

မသေမျိုး ဟေးဒီးစ်၏ စကားကြောင့် နတ်ဘုရားမျိုးနွယ်များအားလုံး ထိတ်လန့်သွားကြသည်။

*အပေါ်လောကက နတ်မင်း*

*ဒီစကြဝဠာကို တာဝန်ယူထားရတဲ့လူ*

ထိုစကားများကြောင့် အခြားသူများ ခြောက်ခြားသွားလေသည်။ မသေမျိုး ဟေးဒီးစ် လိမ်နေခြင်း မဟုတ်မှန်း သိနေသောကြောင့် နတ်ဆိုးများအားလုံး မျက်နှာသုန်မှုန်သွားသည်။

“နတ်မင်းတဲ့လား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အရေးမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်သည်။

“စိတ်မကောင်းစရာပဲ၊ ဘာလို့လဲဆိုတော့ ငါက နတ်မင်းတွေရဲ့ သေမင်းပဲ”

မသေမျိုး ဟေးဒီးစ် ပြန်မပြောနိုင်ခင်မှာပင် ရွှေရောင် အလင်းတန်းတစ်ခုက သူ့ပေါ် ကျရောက်လာ၏။ သွေးများပန်းထွက်လာပြီးနောက် မသေမျိုး ဟေးဒီးစ်၏ ခန္ဓာကိုယ်က နှစ်ပိုင်းကွဲသွားပြန်သည်။

သူ၏ခန္ဓာကိုယ် ပြန်ဆက်လာချိန်တွင် သူ့ပုံစံက လူပုလေးပုံ ဖြစ်နေသည်။ ပုံစံက ပုတုတုနှင့် အားနည်းလွန်း လှသည်။

“ခွေးမသား၊ မင်း ငါ့ကို သတ်ရဲတယ်လား၊ မင်း ကံဆိုးမိုးမှောင်ကျမှာကို မကြောက်ဘူးလား၊ မင်းမျိုးနွယ် ထိခိုက်မှာကို မကြောက်ဘူးလား”

မသေမျိုး ဟေးဒီးက ယဲ့ဖန်ကို အလန့်တကြား အော်ပြောလိုက်သည်။

All Chapters