အခန်း (၇၀၆-၇၀၈)
Vol. 48 Ch. 706-708
Chapter 706 ရှေးဟောင်း နတ်ဘုရားလက်စွပ်များကို လိုက်ရှာခြင်း
ပိုင်ယီ ချန်ထားခဲ့သော စာရွက်မှနေ၍ နတ်ဘုရားတို့ ကျဆုံးရာမြေ၏ လျှို့ဝှက်ချက်ကို သိလိုက်ပြီးနောက် ယဲ့ဖန်သည် အရူးအမူး ရှာဖွေမှုတစ်ခုကို စတင်လေသည်။
….
ဥရောပတိုက်၏ လမ်းတစ်နေရာ၌ လက်စွပ်တစ်ကွင်းကို ဝတ်ထားသည့် လူဖြူအမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကို ချီပိုး၍ အလျင်စလို ထွက်ပြေးနေသည်။ ထိုအမျိုးသမီးသည် တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်လျက် ရှိသည်။ သူမမျက်နှာထားက ထိတ်လန့်၍ သွေးပျက်နေ၏။
သူမရင်ခွင်တွင်းမှ ကလေးလေးသည် နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ်မျှသာ ရှိသေးပြီး လက်ရှိအချိန်၌ အော်ဟစ်ငိုကြွေးနေသည်။
“အမေ၊ အမေ၊ ဘာလို့ အဲ့လူတွေက အဖေ့ကို သတ်ပစ်တာလဲ”
“ဘာလို့ သားတို့ကို သတ်တာလဲ”
ထိုကလေးလေးသည် ခြောက်ခြားနေပုံရသည်။ ကလေး၏ ခန္ဓာကိုယ်လေးက သွေးပျက်၍ တုန်ယင်နေသည်။ ကလေးငယ်၏ စကားကြောင့် လူဖြူအမျိုးသမီးက မျက်ရည်များကို သုတ်ကာ ကလေး၏ ခေါင်းလေးကို ပွတ်၍ ချော့မြူလေသည်။
“ကာတာ မငိုနဲ့၊ အဲ့လူတွေက ဓားပြတွေ”
“သူတို့က အမေတို့ မိသားစုပိုင် ပစ္စည်းတွေကို လုယက်တာ၊ မှတ်ထားပါ၊ သား အသက်ရှင်မှ ဖြစ်မယ်၊ သား သန်မာလာမှ ဖြစ်မယ်။ သား အရွယ်ရောက်လာရင် ကမ္ဘာဂြိုဟ်ရဲ့ စစ်နတ်ဘုရားနီးနီး သန်မာလာမှ ဖြစ်မယ်နော်”
*ကမ္ဘာဂြိုဟ်၏ စစ်နတ်ဘုရား*
ထိုစကားကြောင့် ကလေးငယ်၏ မျက်လုံးက လေးစားစိတ်များနှင့်အတူ လင်းလက်လာသည်။
“အမေ၊ အရှင် စစ်နတ်ဘုရားက ကျွန်တော်တို့ကို ကူညီမှာလား”
လူဖြူအမျိုးသမီးက လေးလံစွာ ခေါင်းခါပြလိုက်သည်။
“အရှင် စစ်နတ်ဘုရားက ကမ္ဘာကြီးကို ကာကွယ်နေရာတော့ အမေတို့ကို ကာကွယ်ဖို့ အချိန်မရှိဘူးလေ”
ထိုသို့ပြောပြီးနောက် လူဖြူအမျိုးသမီးသည် ပြေးလွှားနေရာမှ ဆတ်ခနဲ ရပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဒါဇင်မျှရှိသော လူဖြူအမျိုးသားများက သူတို့ရှေ့သို့ လှစ်ခနဲ ရောက်လာသောကြောင့်ပင်။
ထိုလူများအားလုံးသည် ဤနေရာတစ်ဝှက်၌ ကျက်စားသော ဓားပြများဖြစ်ပြီး ကြမ်းတမ်းခက်ထန်ကြသည်။ သူမအမျိုးသားကို သတ်လိုက်သည့်လူက ထိုသူတို့ပင် ဖြစ်သည်။ ထိုသူများကပင် သူမတို့၏ ပိုင်ဆိုင်မှုများကို လုယက်သွားသည်။
လူဖြူအမျိုးသမီး၏မျက်လုံး၌ မုန်းတီးဟန်များ ဖုံးလွှမ်းလာသည်။
“ဟီးဟီး … အလှလေး၊ မင်းက ဘယ်ကိုသွားချင်တာလဲ။ မင်းယောက်ျားလည်း သေသွားပြီကို၊ ငါတို့နောက် လိုက်ခဲ့ပါလား”
“ဟားဟားဟား … အဲ့မုဆိုးမလေးကို ကြည့်ပါဦးကွာ၊ တကယ် ဆွဲဆောင်မှုရှိတာပဲ”
“ဖမ်းကြမယ်ကွာ၊ ပြီးရင် အဲ့ကလေးကို အရင်သတ်ပြီး ဒီကောင်မလေးနဲ့ ပျော်ပါးကြတာပေါ့”
“…”
ယခုအချိန်၌ များစွာသော ဓားပြများသည် ညစ်ကျယ်ကျယ်ပြုံး၍ သားကောင်ထံ ချဉ်းကပ်လာသည့် ဝံပုလွေအုပ်သဖွယ် သားအမိထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။
လူဖြူအမျိုးသမီး ကြံရာမရ ဖြစ်နေသည်။ သူမတို့သားအမိကို ကာကွယ်ရန်အတွက် သူမယောက်ျား အသတ်ခံလိုက်ရသည်။ သူတို့ကို ကာကွယ်ရန်အတွက် သူမမျိုးနွယ်ဝင်များ အသတ်ခံခဲ့ရသည်။ ယခုအခါတွင်မူ သူမတို့ သားအမိ ဘဝက ဇာတ်သိမ်းရတော့မည်။
“ကလေးရေ၊ အမေ့ကို အပြစ်မတင်ပါနဲ့။ မင်းကို ဒီယုတ်မာတဲ့ အကောင်တွေလက်ထဲမှာ ရက်ရက်စက်စက် အသတ်ခံရတာထက်စာရင် အမေ့လက်နဲ့ပဲ သေစေချင်တယ်”
လူဖြူအမျိုးသမီးသည် အသံမထွက်အောင် ကျိတ်ငိုလျက် မျက်ရည်များ တတွေတွေ စီးကျလာသည်။ သူမတို့ သားအမိ သေရတော့မည်မှန်း သူမ သိနေသည်။ ထို့ကြောင့် သူမက ဓားမြှောင်တစ်လက်ကို ထုတ်၍ သူမကလေးကို ထိုးရန် ပြင်လိုက်သည်။
ထိုသို့သောအချိန်၌ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ငရဲမှထွက်ပေါ်လာသကဲ့သို့ ကျောချမ်းဖွယ် အသံ ထွက်ပေါ်လာသည်။
“ငါ့ကို လက်စွပ်ပေးရင် ငါ မင်းကို ကူညီတဲ့အနေနဲ့ သူတို့ကို သတ်ပေးမယ်”
*ဘယ်လို*
လူဖြူအမျိုးသမီး မော့ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် သူမရှေ့သို့ ရောက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုအနက်ရောင် ဝတ်ရုံနှင့်လူထံမှ ခက်ထန်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။ ထိုသူသည် နတ်ဆိုးတစ်ကောင် ဝင်စားသလာဟု ထင်မှတ်ရသည်။ ထိုသူသည် ကြောက်စရာ ကောင်းလှပေသည်။
လူဖြူအမျိုးသမီးသည် မှင်တက်နေပြီးနောက် ချက်ချင်း လက်စွပ်ကို ချွတ်ပေးလိုက်သည်။ ဤအဖြစ်ကြောင့် ဒါဇင်ချီသော ဓားပြများ ချက်ချင်း မျက်နှာမည်းမှောင်သွားကြသည်။
“ကောင်လေး၊ မင်းကို သူများကိစ္စ ဝင်မပါဖို့ အကြံပေးလိုက်မယ်၊ မဟုတ်လို့ကတော့ ဒီဓားက မျက်လုံးမပါဘူး”
“ဠီးပဲ၊ ဒီအရူးက ဘယ်ကပေါ်လာတာလဲ၊ ဒီသခင်ကြီးရဲ့ ကိစ္စကို ဘယ်ကောင်က ဝင်ရှုပ်တာလဲ၊ သေချင်နေပြီပဲ”
“သူ့ကိုသတ်ကွာ၊ သူ့ကို နုတ်နုတ်စင်းပစ်လိုက်”
ရုတ်တရက် ဒါဇင်ချီသော ဓားပြများက ဓားကိုယ်စီထုတ်၍ အနက်ရောင်ဝတ်ရုံနှင့် လူထံသို့ ပြေးဝင် သွားကြသည်။ ဒါဇင်ချီသော သိုင်းပညာရှင်များ ပြိုင်တူ တက်လာကြသောအခါ လူသတ်လိုသော အရှိန်အဝါက အံ့အားသင့်စရာကောင်းလှသည်။
“သတိထား”
လူဖြူအမျိုးသမီး ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ သို့သော် အနက်ရောင်ဝတ်ရုံနှင့်လူက သူမအော်သံကို မကြားသလို ပြုမူနေ၏။ သူက လက်စွပ်ကိုယူ၍ တစ်ဖက်လှည့်သွားသည်။
တစ်လှမ်း၊ နှစ်လှမ်း။ သူသည် အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ ဓားပြများထံသို့ လျှောက်သွားလေသည်။ ထိုစဉ် လေတစ်ချက် တိုက်ခတ်လာပြီး အနက်ရောင်ဝတ်ရုံ လျှောကျသွားပြီး ဆံပင်အဖြူရောင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
ဤမြင်ကွင်းကြောင့် ထိုဓားပြများ ချက်ချင်း မှင်တက်သွားကြသည်။ သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်ထံမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး ဓားပြများ၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။
ဓားပြများ ထိတ်လန့်တကြား ထအော်လိုက်မိသည်။ လူဖြူသားအမိ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ဓားပြများအားလုံး တောင့်ခနဲ ဖြစ်သွားပြိးနောက် ပြာဖြစ်ကာ လေနှင့်အတူ လွင့်မျောပျောက်ကွယ်သွားသည်။
“သူ … သူက စစ်နတ်ဘုရားပဲ”
လူဖြူကလေးငယ်လေးသည် သူ၏ စံပြပုဂ္ဂိုလ်ကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာပျော်ရွှင်လာသည်။ လူဖြူ အမျိုးသမီး သတိပြန်ဝင်လာချိန်တွင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားလေတော့သည်။
သူသည် ကလေးနှင့်အတူ ကပျာကယာ ဒူးထောက်၍ ယဲ့ဖန်၏နောက်ကျောကို လှမ်းကြည့်၍ အကြိမ်ကြိမ် ဂါဝရပြုလေသည်။
“ကျွန်မတို့ကို ကယ်ပေးခဲ့တဲ့အတွက် အရှင် စစ်နတ်ဘုရားကို ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်ပါတယ် အရှင် စစ်နတ်ဘုရား”
သားအမိနှစ်ယောက်လုံး ယဲ့ဖန်ကို ကျေးဇူးတင်နေကြသည်။ ထိုစဉ် ရှေးဟောင်းစာအုပ်တစ်အုပ်က မြေကြီးပေါ် ကျလာသည်။
“ငါ နောက်ကျသွားလို့ စိတ်မကောင်းပါဘူး၊ ဒီစာအုပ်ကို နစ်နာကြေးအနေနဲ့ ပေးလိုက်မယ်”
ယဲ့ဖန်သည် ထိုသို့ပြောပြီးသည်နှင့် လှစ်ခနဲ ပျောက်ကွယ်သွားသည်။ ယဲ့ဖန် ထွက်သွားသည်ကို ကြည့်ပြီးနောက် လူဖြူအမျိုးသမီးသည် မြေကြီးပေါ်မှ ရှေးဟောင်းစာအုပ်ကို ကောက်ယူကြည့်ပြီး ငိုကြွေးလေတော့သည်။
“ကလေး မင်း မှတ်ထားနော်။ စစ်နတ်ဘုရားက အမေတို့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ”
“မင်း ကြီးလာရင် ဒီကျေးဇူးကို အသက်နဲ့ရင်းပြီး ပြန်ပေးဆပ်မှ ဖြစ်မယ်”
မိခင်ဖြစ်သူ၏ စကားကြောင့် ကလေးငယ်က ခေါင်းတဆတ်ဆိတ် ညိတ်ပြလေသည်။ သူ၏နုနယ်သော မျက်နှာလေးသည် လေးစားစိတ်များဖြ့် ပြည့်နှက်နေ၏။
….
ဥရောပ၏ သားရဲတောအုပ်သည် လူသားမျိုးနွယ်များအတွက် တားမြစ်နယ်မြေဖြစ်ပြီး သားရဲရိုင်းများ၏ နိဗ္ဗာန်ဘုံ ဖြစ်လေသည်။
ကျောက်တုံးကျောက်ဆောင်များက မြင့်မားစွာ တည်ရှိနေပြီး သားရဲများက ဟိုဟိုဒီဒီ သွားလာနေသည်။ တောအုပ်၏ နက်ရှိုင်းသော တစ်နေရာ၌ နတ်ဘုရင်အဆင့် သားရဲနှစ်ကောင်က အသည်းအသန် တိုက်ခိုက် နေကြသည်။
ထိုသားရဲနှစ်ကောင်ထံမှ ပျံ့လွင့်လာသော အရှိန်အဝါကြောင့် ကျန်သားရဲများအားလုံး အဝေးသို့ ရှောင်ပြေးသွားကြသည်။
ဂါး! ဂါး! ဂါး!
ထိုနတ်ဘုရင်အဆင့် သားရဲနှစ်ကောင်သည် လက်စွပ်တစ်ကွင်းအတွက် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ထိုလက်စွပ်ထံမှ မကောင်းဆိုးဝါးစွမ်းအင်လှိုင်းများ ထွက်ပေါ်နေပြီး ထိုစွမ်းအင်လှိုင်းများက နတ်ဘုရင်အဆင့် သားရဲများကို ဆွဲဆောင်နေကြခြင်း ဖြစ်သည်။
ထိုစဉ် ခြေသံထွက်လာသဖြင့် နတ်ဘုရင်အဆင့် သားရဲများ တိုက်ခိုက်နေရာမှ မသိမသာ အံ့ဩသွားသည်။ သူတို့သည် တိုက်ခိုက်သည်ကို ရပ်၍ ဘေးဘီကို ဝေ့ကြည်လေသည်။
ထို့နောက် လူသားတစ်ယောက် လှမ်းလာနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုအဖြစ်ကြောင့် တောအုပ်တွင်းရှိ စောင့်ကြည့်နေသော အခြားသားရဲများအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
ဤနေရာသည် သားရဲများအားလုံး ရှိသော တောအုပ်နက်ဖြစ်ပြီး လူသားမျိုးနွယ်များ၏ တားမြစ်နေရာ ဖြစ်သည်။ ထို့နောက်တွင်မူ ထိုလူသားထံသို့ သားရဲရိုင်းများ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်သွားကြလေသည်။ ထိုသားရဲများ ပြေးထွက်လာပြီးနောက် နတ်ဘုရင်အဆင့် သားရဲနှစ်ကောင် ဒူးထောက်နေသည်ကို တွေ့လိုက်ရသဖြင့် ခြောက်ခြားသွားကြသည်။ ထို့အတူ ထိုသားရဲနှစ်ကောင်က ထိတ်လန့်ဖွယ်ကောင်းအောင် နှုတ်ဆက်လာသည်။
“သိင်္ဂဿမြင်းဘုရင်က စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“ဖုဒီမိုက စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
နတ်ဘုရင်အဆင့် သားရဲနှစ်ကောင်၏ နှုတ်ဆက်သံကြောင့် တောအုပ်ထဲရှိ သားရဲများအားလုံး ရူးမတတ် ဖြစ်သွားကြသည်။
*စစ်နတ်ဘုရားလား*
သားရဲများအားလုံးသည် အနက်ရောင်ဝတ်ရုံနှင့် လူကို စိုက်ကြည့်လိုက်မိကြသည်။ ထို့နောက် ထိုအနက်ရောင် ဝတ်ရုံအောက်၌ အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော လူတစ်ယောက် ရှိနေသည်ကို တွေ့သွားပြီး သားရဲများအားလုံး ခြောက်ခြားသွားလေသည်။
သားရဲများအားလုံး ဒီရေလှိုင်းအလား ပြေးလား၍ နှုတ်ဆက်ကြလေသည်။
“သားရဲများက စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“သားရဲများက စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“…”
ထိုနှုတ်ဆက်သံကြောင့် တောအုပ်ကြီးတစ်ခုလုံး တုန်ခါသွားသည်။ သို့သော် ယဲ့ဖန်က သူတို့ကို အရေးမလုပ်ပေ။ သူသည် နတ်ဘုရင်အဆင့် သားရဲနှစ်ကောင်နားသို့ လျှောက်သွားပြီးနောက် လက်စွပ်ကို ကောက်ယူ၍ လှည့်ထွက်သွားသည်။
ထို့နောက် မကောင်းဆိုးဝါးမျိုးနွယ်၏ လျှို့ဝှက်သိုင်းကျမ်းနှစ်ခုကို ပစ်ပေးကာ ပြန်ထွက်သွားလေသည်။ ဤမြင်ကွင်းကြောင့် သားရဲများအားလုံး ပွက်လောရိုက်သွားသည်။ ရှေ့ဆုံးမှ နတ်ဘုရင်အဆင့် သားရဲ နှစ်ကောင်က ဝမ်းသာအားရ ကြွေးကြော်လေသည်။
“စစ်နတ်ဘုရား”
“စစ်နတ်ဘုရား”
“စစ်နတ်ဘုရား”
Chapter 707 ဒူးထောက်ပြီး အညံ့ခံကြောင်း သီချင်းဆို
လက်ရှိအချိန်၌ ကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ကြီးမြတ်သော စစ်နတ်ဘုရားက ကမ္ဘာအရပ်ရပ်တိုင်း၌ ပေါ်လာနေသည်။ လက်စွပ်တိုင်းကို သူ ယူဆောင်သွားသည်။ ထို့အတူ သိုင်းကျမ်းတစ်ခုကို ပြန်ထားခဲ့ပေးသည်။
နေ့တစ်ဝက်အတွင်းမှာပင် ယဲ့ဖန်သည် ကောင်းကင်မျက်လုံးဖြင့် ရှေးဟောင်း နတ်ဘုရား လက်စွပ် သုံးဆယ့်နှစ်ကွင်းကို စုဆောင်းနိုင်ခဲ့သည်။
စစ်နတ်ဘုရား၏ အိမ်တော်၌ နတ်ဆိုးနတ်ဘုရားများ ဖြစ်သော မရဏနတ်ဆိုး၊ မျက်လုံးတစ်လုံး နတ်ဆိုး၊ ငရဲနတ်ဆိုး၊ နတ်ဆိုးဘုရင်များဖြစ်သော အမှောင်သခင်နှင့် ချီယန်တို့အပြင် နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်များ ဖြစ်သော မိစ္ဆာ ဝိညာဉ်ရိုင်း၊ ဝံပုလွေရိုင်းနှင့် အားဆန်တို့ပါ ရောက်ရှိနေကြသည်။
လူတိုင်းသည် သုံးဆယ့်နှစ်ကွင်းသော ရှေးဟောင်း နတ်ဘုရား လက်စွပ်များကို ကြည့်ပြီး ထိတ်လန့်နေ ကြလေသည်။
“သခင်ကြီး၊ ရှေးဟောင်း နတ်ဘုရားတွေအားလုံး ဒီထဲမှာ ချိပ်ပိတ်ခံထားရတာလား”
မရဏနတ်ဆိုးနှင့် အခြားသူများအားလုံး မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ ထိုအခါ ယဲ့ဖန်က ခေါင်းညိတ်ပြပြီးနောက် လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ ကြွေပုလင်းတစ်လုံး ပေါ်လာသည်။ ထို့နောက် သူသည် ရှေးဟောင်း လက်စွပ်တစ်ကွင်းကို ကောက်ယူ၍ လက်စွပ်တွင်းသို့ နတ်ဆိုးချီဓာတ်များ ထည့်သွင်းလိုက်သည်။
ဂျွတ်!
တစ်စုံတစ်ခု အက်ကွဲသွားသကဲ့သို့ အက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လက်စွပ်တွင်းမှ အနက်ရောင် အငွေ့များ ထွက်လာလေသည်။
ထိုအနက်ရောင် အငွေ့သည် ပြင်းထန်သော အဆိပ်ကဲ့သို့ ခြောက်ခြားဖွယ် ကောင်းလှပြီး လူတိုင်းအား ခိုက်ခိုက်တုန်သွားစေသည်။
“ဒါ ရှေးဟောင်း နတ်ဘုရားတွေရဲ့ အဆိပ်ပဲ၊ ဒီလောကကမှာ ဒီအဆိပ်ကို မဖြေနိုင်မှာကို ငါ စိုးရိမ်မိတယ်”
ယဲ့ဖန်က ထိပ်တန်းရတနာတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ အသာပြုံးလိုက်သည်။ ထို့နောက် သူက ကြွေပုလင်းကို အသာလှုပ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကြွေပုလင်းထံမှ အားကောင်းသော ဆွဲငင်အားတစ်ခု ပျံ့နှံ့လာပြီး ရှေးဟောင်း နတ်ဘုရားအဆိပ်ကို စုပ်ယူသွားလေသည်။
ထို့နောက်တွင်မူ ရှေးဟောင်း နတ်ဘုရားလက်စွပ်က ဘာမှမရှိသကဲ့သို့ ငြိမ်သက်နေသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က သရော်ပြုံး ပြုံးလိုက်သည်။
“အဘိုးကြီး ခင်ဗျား အခု ထွက်မလာရင် ကျုပ် ခင်ဗျားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်မယ်”
ယဲ့ဖန်၏ စကားက မီးစညှိပေးလိုက်သလို ဖြစ်သွားပုံရသည်။ ရုတ်တရက် ရှေးဟောင်း နတ်ဘုရား လက်စွပ်ထဲမှ စိတ်ဝိညာဉ် အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အရပ်ရှည်၍ ကျက်သရေ ရှိသော အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
“ရဲတင်းလိုက်တဲ့ ပုရွက်ဆိတ်တွေ”
ထိုအဘိုးအိုသည် သရဖူကို ဆောင်းထားပြီး တရုတ်ရိုးရာ ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အရှိန်အဝါက တစ်သက်လုံး လေးစားကြည်ညိုနေရသကဲ့သို့ ဖိအားပြင်းလှသည်။ ထိုအဘိုးအိုသည် ယဲ့ဖန်အား ခက်ထန်စွာ စူးစိုက်ကြည့်နေ၏။
“ငရဲဘုံက ပုရွက်ဆိတ်တစ်အုပ်ကများ ဒီဘုရင်ကြီးကို ခြိမ်းခြောက်ရဲတယ်လား၊ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“မင်းသိလား၊ ငါက ရှေးခေတ် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က ဟွမ်မိသားစုရဲ့ ဘိုးဘေး ဟွမ်ထျန်းပါ့”
“ကောင်လေး၊ မင်း ဒူးထောက်ပြီး ငါ့ကို မင်းသခင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ငါ မင်းကို ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး စကြဝဠာကြီးရဲ့ အထွတ်အထိပ် နေရာကို တက်လှမ်းနိုင်အောင် ကူညီပေးမယ်”
“အဲ့လိုမလုပ်ဘူးဆိုရင် ငါ မင်းကို နေရာမှာတင် သတ်ပစ်မယ်”
အဘိုးအို၏ စိတ်ဝိညာဉ်က ခြောက်ခြားဖွယ် ကောင်းလှသည်။ သူ၏စကားကြောင့် ဘေးပတ်လည်မှ နတ်ဆိုးများ အားလုံး မျက်နှာပျက်သွားကြလေည်။
ထိုအဘိုးအိုသည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်အခါက နတ်ဘုရားဖြစ်ပြီး နှစ်သောင်းချီကြာ မသေနိုင်၊ မဖျက်ဆီးနိုင်ဘဲ အသက်ရှင်ကျန်ရစ်သူ ဖြစ်နေ၏။ ထို့ကြောင့်ပင် လူတိုင်း ကြောက်လန့်နေကြသည်။
အကယ်၍ သာမန်လူများသာ ဤသို့သော ခြောက်ခြားဖွယ် ပုဂ္ဂိုလ်၏ စောင့်ရှောက်မူကို ရပါက သူတို့သည် မိုးကောင်းကင်အထိ ထိုးတက်သွားပြီး စကြဝဠာ၏ အထွတ်အထိပ်၌ ရပ်တည်နိုင်ပေမည်။
“ပြောလို့ပြီးပြီလား”
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် ဟွမ်ထျန်းပါ့ မှင်တက်သွားပြီး တွေဝေသွားသည်။ ယဲ့ဖန်က သူ့အား ဤသို့ ပြောလာလိမ့်မည်ဟု သူ ထင်မထားမိချေ။ ယဲ့ဖန်က ထိုအဘိုးအိုအား သရော်ဟန်ဖြင့် စိုက်ကြည့်၍ ထီမထင်သလို ပြုံးလိုက်သည်။
“ပြောလို့ပြီးပြီဆိုရင် ဒူးထောက်ပြီး အညံ့ခံကြောင်း သီချင်းဆို”
ယဲ့ဖန်၏စကားကြောင့် နတ်ဆိုးနတ်ဘုရား သုံးပါး၊ နတ်ဆိုးဘုရင် နှစ်ပါးနှင့် ဘေးပတ်လည်မှ နတ်ဆိုးများအားလုံး ချွေးပြန်လာသည်။
လွှမ်းမိုးချုပ်ခြယ်နိုင်လွန်းသည်။ သူတို့၏ သခင်ကြီး အမြဲတမ်း အထက်စီးမှ ပြောဆိုလေ့ရှိသည်။ သို့သော် တစ်ဖက်လူက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က နတ်ဘုရားဖြစ်နေသည်။ နှစ်နှစ်သိန်းတိတိ ချိပ်ပိတ်ခံထားရသည် ဆိုလျင်တောင်မှ တစ်ဖက်လူ၏ မသေဆုံးနိုင်ပုံနှင့် ဖျက်ဆီးမရပုံတို့က ထိုသူ မည်မျှ အင်အားကြီးကြောင်း ပြသနေ၏။
သာမန်လူများဆိုလျင် ဒူးထောက်သည် မဆိုထားနှင့် ပြားပြားပင်ဝပ်နေလောက်သည်။ သို့ရာတွင် ယဲ့ဖန်က တစ်ဖက်လူအား ဒူးထောက်၍ အညံခံကြောင်း သီချင်းဆိုခိုင်းနေ၏။
ထိုသို့သောအချိန်၌ နတ်ဆိုးများအားလုံးသည် ဟွမ်ထျန်းပါ့အား သနားသောအကြည့်များဖြင့် ကြည့်နေကြသည်။ ဤအဖြစ်က လက်မခံနိုင်စရာကောင်းမှန်း သူတို့ သိနေသည်။
“ဒီကောင် … ဒီကောင်”
အဘိုးအို ဟွမ်ထျန်းပါ့သည် မျက်ခုံးတလှုပ်လှုပ်နှင့် ဒေါသထွက်နေလေ၏။ ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်သောသူသည် ဤသို့ မောက်မာတတ်သည့် ယဲ့ဖန်လိုလူမျိုးနှင့် တစ်ခါမှ မတွေ့ဖူးချေ။
အထူးသဖြင့် တစ်ဖက်လူက သူ့အား အရှင်သခင်ဟုပင် မသတ်မှတ်ဘဲ မလေးမစား ပြုမူနေ၏။
*မင်းက ငါ့ကို ဘယ်လိုလုပ် ဒူးထောက်ပြီး အညံ့ခံကြောင်း သီချင်းဆိုခိုင်းနေရတာလဲ*
*ငါ မင်းကို ထကန်မိတော့မယ်*
လက်ရှိအချိန်တွင် ဟွမ်ထျန်းပါ့သည် ဒေါသူပုန်ထ၍နေ၏။ ထိုစဉ် ယဲ့ဖန်က စကားစလာသည်။
“ဘာလဲ၊ မဆိုနိုင်ဘူးလား၊ ဒါဆိုလည်း ကျုပ် ခင်ဗျားကို ရိုက်နှက်ပြီး သီချင်းဆိုလာအောင် လုပ်ရတာပေါ့”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်၏နဖူးသည် ရုတ်တရက် ပွင့်ထွက်လာပြီးနောက် ကောင်းကင်မျက်လုံး ထွက်ပေါ်လာကာ ဟွမ်ထျန်းပါ့၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပေါ်သို့ သွေးနီရောင် အလင်းများ ဖြာကျလာသည်။
ထိုသွေးနီရောင် အလင်းသည် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်ပုံရပြီး ဟွမ်ထျန်းပါ့၏ ကိုယ်ပေါ် အလင်းများ ကျလာသည်နှင့် အနက်ရောင် မီးခိုးများ တလူလူ ထလာသည်။
“အား … ကောင်းကင်မျက်လုံး, မင်း … မင်း ကောင်းကင်မျက်လုံးကို တကယ် ဖွင့်လိုက်နိုင်တာပဲ”
ဟွမ်ထျန်းပါ့ အလွန်မှင်တက်သွားသည်။ သူ့ကိုယ်ပေါ် သွေးနီရောင် အလင်းများ ကျလာသည်နှင့် သူ၏စိတ်ဝိညာဉ်သည် ထိခိုက်ဒဏ်ရာရကာ တုန်ယင်လာသည်။ သူ၏စိတ်ဝိညာဉ် အချိန်မရွေး သုတ်သင်ခံရမည်ဟု ထင်မှတ်ရလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မဟာနတ္ထိ ရှေးဧကရာဇ်တောင်မှ ကောင်းကင်မျက်လုံးကို မဖွင့်နိုင်ခဲ့ဘူး။ မင်းလို ကမ္ဘာမြေက ပုရွက်ဆိတ်လိုကောင်လေးက ဘယ်လိုလုပ် ဖွင့်နိုင်ရတာလဲ”
ဟွမ်ထျန်းပါ့သည် ယခုအချိန်ထိ မယုံသင်္ကာ ဖြစ်နေသေးသည်။ သို့သော် ယဲ့ဖန်၏ မျက်လုံးများက အေးစက်၍ ခက်ထန်နေ၏။
ဟွမ်ထျန်းပါ့ပေါ် ကျရောက်နေသည့် သွေးနီရောင် အလင်းက ပို၍ပြင်းထန်လာသည်။ ရုတ်တရက် ဟွမ်ထျန်းပါ့ တုန်ယင်သွားပြီး သူ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခု လောင်ကျွမ်းသွားသည်။
“ရပ်လိုက်၊ အရူးကောင်၊ ငါ ဆိုမယ်၊ ငါ အဲ့သီချင်းဆိုမယ်”
ဟွမ်ထျန်းပါ့ အလွန် ကြောက်ရွံ့နေ၏။ သူသည် ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်သော်ငြားလည်း အသွေးအသားက သုတ်သင်ခံထားရပြီး စိတ်ဝိညာဉ်ကလည်း နှစ်နှစ်သိန်းကြာ ချိပ်ပိတ်ခံထားရသည်။
ကောင်းကင်မျက်လုံး၏ စွမ်းအားကို သူ မည်သို့ ခုခံနိုင်မည်နည်း။ ယခုအချိန်တွင် ဟွမ်ထျန်းပါ့၏ မျက်နှာ၌ ဒေါသရိပ်များ စွန်းထင်းနေသေးသည်။
“ဒါပေမဲ့ ဒီသခင်ကြီး … သီချင်းကိုမသိဘူး”
*မသိဘူးလား *
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်ကွေး၍ ဟွမ်ထျန်းပါ့အား လက်ညှိုးထိုးလိုက်သည်။
ဝှစ်!
ကမ္ဘာမြေမှ သီချင်းတစ်ပုဒ်က ဟွမ်ထျန်းပါ့၏ စိတ်ဝိညာဉ်တွင်း၌ ချက်ချင်း ပေါ်လာသည်။ သို့သော် ထိုသီချင်း၏ စာသားကို ဖတ်ပြီးသွားသည်နှင့် ဟွမ်ထျန်းပါ့၏ မျက်နှာက ချက်ချင်း ပြာနှမ်းလာလေသည်။
“ဘာလဲ၊ နောင်တရနေတလား”
ယဲ့ဖန်က သူ့အမူအရာကိုကြည့်ပြီး ပြုံးလိုက်သည်။ ထိုအပြုံးကြောင့် ဟွမ်ထျန်းပါ့ တုန်ယင်သွားသည်။ သူသည် မတတ်သာဘဲ ကြမ်းပြင်ပေါ် ဒူးထောက်၍ ပါးစပ်ကိုလှုပ်ကာ သီချင်းစဆိုလိုက်ရသည်။
“ပြန်ဆုတ်နိုင်မယ့် လမ်းကြောင်းတွေအားလုံး ဖြတ်တောက်ခံလိုက်ရပြီး မင်း အနိုင်ယူတာကို ခံလိုက်ရတယ်။ ငါ့စိတ်က သန်မာပင်မယ့် ဆုံးဖြတ်ချက်က ဝေဝါးနေတယ်”
နတ်ဆိုးများ ချွေးပြန်နေသည်။ အားလုံး နှုတ်ခမ်းတလှုပ်လှုပ်နှင့် ဟားတိုက်ရယ်မောလုနီးပါး ဖြစ်နေကြသည်။ ရှေးခေတ်အခါက နတ်ဘုရားတစ်ပါးက ယခု ဒူးထောက်၍ အညံ့ခံကြောင်း သီချင်းဆိုနေရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
နတ်ဆိုးများ၏ ယဲ့ဖန်အပေါ် လေးစားကြည်ညိုစိတ်က ဒီရေအလား တိုးတက်လာသည်။ ထိုမျှနှင့် မကျေနပ်သေးဘဲ ယဲ့ဖန်က ပြုံး၍ ဆက်ပြောလိုက်သည်။
“နောက်တစ်ယောက်”
….
လက်ရှိအချိန်သည် ရှေးဟောင်း နတ်ဘုရားများ၏ စိတ်ဝိညာဉ်အတွက် အိပ်မက်ဆိုးပင် ဖြစ်လေသည်။ ချိပ်ပိတ်ခံထားရမှ လွတ်မြောက်လာသည့် ရှေးဟောင်း နတ်ဘုရားတိုင်း ပြန်၍အညံ့ခံလာရသည်။
မကြာခင်မှာပင် စစ်နတ်ဘုရား အိမ်တော်၏ ခြံဝန်းတွင်း၌ ရှေးဟောင်း နတ်ဘုရား သုံးဆယ့်တစ်ပါး၏ စိတ်ဝိညာည်များဖြင့် ပြည့်နှက်လာလေသည်။ သူတို့သည် “ငါ မင်း အနိုင်ယူတာကို ခံလိုက်ရတယ်” ဟူသည့် သီချင်းစာသားက ခါးသီးစွာ သီဆိုနေရသည်။ ရှေးဟောင်း နတ်ဘုရားများ ထိုသီချင်းကို သီဆိုပြီးသွားကြသည်။
နောက်ဆုံးတွင် အားလုံး၏ အကြည့်များက နောက်ဆုံးသော ရှေးဟောင်းလက်စွပ်ပေါ် ကျရောက်လာသည်။
ဝုန်း!
ပြင်းထန်သော အသံနှင့်အတူ ထိုရှေးဟောင်းလက်စွပ်တွင်းမှ ဘုရင်မတစ်ပါး ထွက်လာလေသည်။
Chapter 708 မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ
ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲမှ ထိုဘုရင်မ ထွက်ပေါ်လာသည်နှင့် မိုးကောင်ကင်နှင့် မြေကြီးတို့အား ဖိနှိပ်နိုင်သော ဖိအားတစ်ခုက ချက်ချင်း ပျံ့လွင့်လာသည်။
စစ်တ်ဘုရားအိမ်တော်၏ ကြမ်းခင်းများ ဆက်တိုက် အက်ကွဲသွားသလို နံရံကျောက်သားများလည်း ပြိုကျလာသည်။
သုံးဆယ့်တစ်ပါးသော ရှေးဟောင်းနတ်ဘုရားများတောင်မှ ကင်းမြီးကောက်ကို ရှောင်သကဲ့သို့ ရှောင်ရှား ကြသည်။ ရှေးဟောင်း နတ်ဘုရားများတောင် ထိတ်လန့်နေပုံထောက်လျင် ထိုဘုရင်မသည် အလွန့်ကို ကြောက်စရာကောင်းမည့် ပုံပင်။
“လွတ်လပ်ပြီ၊ နှစ်နှစ်သိန်း ကြာအောင် ပိတ်လှောင်ခံထားရပြီးတော့မှ ဒီဘုရင်မ ပြန်လွတ်မြောက်ပြီပဲ”
ထိုဘုရင်မထံမှ စကားသံ ထွက်ပေါ်လာသည်။ သူမသည် ကောင်းကင်ကိုမော့ကြည့်ကာ အလွန် မုန်းတီး၍ သတ်ဖြတ်လိုဟန်ဖြင့် ကြိမ်းဝါးလေသည်။
“လူသားအရှင်သခင်၊ ဒီဘုရင်မ အထွတ်အထိပ်ပြန်ရောက်လာပြီး နင့်အသက်ကို နုတ်ယူမယ့်အချိန်ကို စောင့်နေလိုက်”
ဘဝမြင့်၍ အထက်စီးဆန်လွန်းသည်။ ထိုအမျိုးသမီးသည် ဘုရင်မဖြစ်ရန် မွေးဖွားလာပုံရပြီး သူမ၏ မြင့်မြတ်ထည်ဝါသော အရှိန်အဝါက နတ်ဆိုးများအား တုန်ယင်သွားစေသည်။
“အထက်က ကောင်းကင်ဘုံနဲ့ အောက်ဘုံက ကမ္ဘာမြေတို့ ကျစ်ဝေ့ဆိုတဲ့ ဒီဘုရင်မ ပြန်လာပြီဟေ့”
“ယင်ယန်လောကက ငါ့ကို ဦးညွှတ်လာအောင် လုပ်ပြီးတော့ ငရဲဘုံကို လှုပ်ခေတ်သွားအောင် ငါ လုပ်ပြမယ်”
“ငါ့နောက်ကို လိုက်အမှုမထမ်းတဲ့ အရာအားလုံးကို ဖျက်ဆီးပစ်မယ်”
ထိုဘုရင်မ၏ အသံသည် အလွန်ကျယ်လောင်လှသဖြင့် ကမ္ဘာမြေတစ်ခုလုံးသို့ ပဲ့တင်ထပ်လုနီးပါး ဖြစ်သွားသည်။ မိုးခြိမ်းသံကဲ့သို့သော သူမ၏ကြုံးဝါးသံကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားလေသည်။
*ဘုရင်မကျစ်ဝေ့*
ထိုစကားလုံးကို ကြားသည်နှင့် ရှေးဟောင်း နတ်ဘုရားများအားလုံး တုန်ယင်သွားပြီး မြေကြီးပေါ် လဲကျသွားသည်။ သူတို့၌ ဘုရင်မကျစ်ဝေ့ကို မော်ကြည့်ရဲသည့် သတ္တိမရှိပေ။
ဖြန်း!
ထိုစဉ် လက်ကြီးတစ်ဖက်က ဘုရင်မကျစ်ဝေ့၏ စိတ်ဝိညာဉ်ကို ဖြန်းခနဲ သွားရိုက်လေသည်။ ဤမြင်ကွင်းကြောင့် ရှေးဟောင်းနတ်ဘုရားများအားလုံး ကြောက်လန့်သွားကြသည်။
*ယဲ့ဖန်*
*ယဲ့ဖန်ပါပဲလား*
သူတို့အားလုံး ကိုယ့်မျက်လုံး ကိုယ်ပွတ်၍ မျက်စိရှေ့၌ မြင်နေရသည့်အရာကို မယုံသင်္ကာ ဖြစ်နေ၏။
ရှေးဟောင်းနတ်ဘုရားများသည် ယဲ့ဖန်၏ လက်ကိုကြည့်လိုက် ဘုရင်မ ကျစ်ဝေ့၏ အက်ကွဲပျက်စီးသွားသော စိတ်ဝိညာဉ်ကို ကြည့်လိုက်နှင့် နားဝေတိမ်တောင် ဖြစ်နေကြသည်။
ထိုဘုရင်မက ရှေးခေတ် မဟာနတ္ထိ ရှေးဧကရာဇ်ကာလက တိုက်ပွဲနတ်ဘုရားမ ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။ လူသား အရှင်သခင်သာ မွေးဖွားမလာပါက ယနေ့ခေတ် စကြဝဠာကို ကြီးစိုးထားမည့်သူက ဘုရင်မ ကျစ်ဝေ့ပင်။
ထိုအမျိုးသမီးသည် နတ်ဘုရားများကို သတ်ဖြတ်ကာ သွေးချောင်းစီးစေခဲ့သူ ဖြစ်လေသည်။ သို့သော် တစ်ဟုန်ထိုး မြင့်တက်လာသော လူသားအရှင်သခင်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
နှစ်နှစ်သိန်း ကြာသွားခဲ့ပြီးတာတောင်မှ ရှေးခေတ်နတ်ဘုရားများအားလုံး သူမအား ကြောက်ရွံ့ရိုသေ နေကြသေးသည်။
*အရူး*
*ဒီကောင် ဘယ်လိုတောင် ရူးတာလဲ*
ရှေးခေတ်နတ်ဘုရားများအားလုံး ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ထို့အတူ ဘုရင်မ ကျစ်ဝေ့သည် ဒေါသူပုန် ထသွားလေသည်။
သူမ၏ နတ်ဘုရား စိတ်ဝိညာဉ် အနည်းငယ် အက်ကွဲပျက်စီးသွားပြီးနောက် ချက်ချင်း လူပုံစံ ပြန်ဖွဲ့စည်း၍ ဟစ်အော် လေတော့သည်။
“သောက်ပုရွက်ဆိတ်လိုကောင်၊ နင်ကများ ငါ့နတ်ဘုရား စိတ်ဝိညာဉ်ကို ဖျက်ဆီးရဲတာလဲ”
“ဒီဘုရင်မက နင့်ကို နင်းချေပစ်မယ် …”
သူမအသံ၌ ဒေါသရိပ်များ အတောမသတ်အောင် ပါဝင်နေပြီး ကြောက်စရာကောင်းလှသည်။ သူမ စကားမဆုံးသေးခင်မှာပင် ယဲ့ဖန်၏ လက်တစ်ဖက်က သူမကို ထပ်ရိုက်လာပြန်၏။
ကျစ်ဝေ့၏ နတ်ဘုရားစိတ်ဝိညာဉ်က ထပ်ပေါက်ကွဲသွားပြီး စိတ်ဝိညာဉ်အလင်းတန်းအဖြစ် မျောလွင့်သွားသည်။ ထိုသည်သာမက ယဲ့ဖန်၏ အေးတိအေးစက် အသံပါ ပဲ့တင်ထပ်လာသည်။
‘ပြောလို့ပြီးပြီလား”
“ပြီးရင်လည်း ဒူးထောက်ပြီး အညံ့ခံကြောင်း သီချင်းဆို”
ရှေးခေတ် နတ်ဘုရားများ မှင်တက်သွားကြသည်။ သူတို့ ဒူးထောက်နေရတာတောင်မှ တစ်ဖက်လူက ရှေးခေတ်အခါက ဒုတိယ အင်အားအကြီးဆုံးသူအား ဒူးထောက်၍ အညံ့ခံကြောင်း သီချင်းဆိုခိုင်း လောက်သည်အထိ မောက်မာနေလေ၏။
ရှေးခေတ်နတ်ဘုရားများအားလုံး ချွေးပြန်လာသည်။ ထို့နောက် ကျစ်ဝေ့၏ စိတ်ဝိညာဉ် အလင်းတန်းမှ လူသတ်လိုသော အငွေ့အသက်များကို ရှေးခေတ် နတ်ဘုရားများအားလုံး ခံစားမိလိုက်ကြသည်။ ဘုရင်မ ကျစ်ဝေ့ ဒေါသထွက်နေမှန်း သိသာလှပေသည်။
“ပုရွက်ဆိတ်လိုကောင် သေချင်နေတာပဲ”
ထိုအသံနှင့်အတူ ဘုရင်မ ကျစ်ဝေ့သည် ခန္ဓာကိုယ်အသွင် ဖွဲ့စည်းပြီးသည်နှင့် ယဲ့ဖန်အား လက်တစ်ဖက်ဖြင့် လှမ်းရိုက်လေသည်။
သူမ၏ စိတ်ဝိညာဉ်က နှစ်နှစ်သိန်းကြာ ပိတ်လှောင်ခံထားရသော်လည်း ယခုထိ ကြောက်စရာ ကောင်းနေသေးသည်။ လေဟာနယ်များ အက်ကွဲ၍ မြေကြီးများ ချိုင့်ဝင်လာသည်။ ထိုလက်ဝါး တစ်ချက်တည်းနှင့်ပင် ကမ္ဘာမြေအား ဖျက်ဆီးနိုင်ပုံရသည်။ သို့သော် သူမ ယဲ့ဖန်နှင့် လာဆုံရသည်က စိတ်မကောင်းစရာပင်။
“တုံးလိုက်တာ”
ယဲ့ဖန်က ထိုသို့ပြောပြီး ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သဖြင့် အနီရောင် အလင်းများ ဖြာကျလာသည်။ ထိုသွေးနီရောင် အလင်းတန်းများက ဘုရင်မ ကျစ်ဝေ့၏ စိတ်ဝိညာဉ်ကို ထိုးဖောက်သွားသည်။ သို့သော် ယဲ့ဖန်က သူမ ထအော်သည်ကို မစောင့်ဘဲ လက်ဝါးတစ်ဖက်ကို လှုပ်လိုက်သည်။
ထိုအခါ ငရဲမီးနှင့် မရဏမီးလျှံတို့ကို ပေါင်းစပ်ထားသည့် မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ထိုမီးတောက်၏ မီးရှိန်ဖြင့်ပင် ဘုရင်မ ကျစ်ဝေ့ ကျောချမ်းသွားသည်။
သူမ၏ စိတ်ဝိညာဉ် ပေါက်ကွဲသွားပြီး ဘုရင်မ ကျစ်ဝေ့သည် စိတ်ဝိညာဉ် ဖျက်ဆီးခံရလုမတတ် နာကျင် လာရသည်။ ထိုမျှနှင့် မပြီးသေးဘဲ ယဲ့ဖန်၏ လက်ဝါးထဲမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး ဘုရင်မ ကျစ်ဝေ့၏ စိတ်ဝိညာဉ်ကို ရစ်ပတ်၍ အရူးအမူး သန့်စင်လေသည်။
“ဘာ”
“ဒါ … ဒါ နတ်ဆိုးချီမျှင်စုပဲ၊ မင်း … မင်းက သေမင်းနတ်ဆိုးဆုဒြာကို သုံးနိုင်တာလား”
သူမအသံက တုန်ယင်အက်ကွဲ၍ သွေးပျက်သကဲ့သို့ ဖြစ်နေ၏။ သူမစကားထဲမှ သေမင်းနတ်ဆိုးဆုဒြာ ဟူသည့် စကားလုံးကြောင့် ကျန်ရှေးဟောင်း နတ်ဘုရား သုံးဆယ့်တစ်ပါးလုံး ခေါင်းမွေးထောင်သွားကြသည်။
“နတ်ဆိုးချီမျှင်စု … သေမင်းနတ်ဆိုးဆုဒြာက အဲ့ဒီလူ ပိုင်တာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ပြန်ပေါ်လာတာလဲ”
“မြတ်စွာဘုရား၊ သူက သေမင်းနတ်ဆိုးဆုဒြာကို သုံးနိုင်တယ်ဆိုတော့ သူက ဘယ်သူလဲ”
“…”
လက်ရှိအချိန်၌ ရှေးဟောင်း နတ်ဘုရားများ၏ စိတ်ထဲ၌ သံသယများ ထွက်ပေါ်လာသည်။ ရှေးဟောင်း နတ်ဘုရားတိုင်းက ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေကြလေသည်။
ဘုရင်မ ကျစ်ဝေ့တောင်မှ အရှုံးပေးလိုက်ရသည်။
“ရပ်၊ ရပ်၊ ငါ ရှုံးတယ်လို့ ဝန်ခံတယ်”
သူမသာ အချိန်ပိုင်းမျှ နောက်ကျသွားပါက ဤအရူး၏ အပြီးတိုင် သန့်စင်ခြင်း ခံရလောက်ပြီဟု တွေးမိသွားသည်။ တစ်ဖက်လူက သူမအား အတည်သတ်မည့်ပုံ ပေါ်နေ၏။
ကောင်းကင်မျက်လုံး၏ သွေးနီရောင်အလင်းသာမက ငရဲမီးနှင့် မရဏမီးလျှံတို့ ပေါင်းစပ်ထားသည့် မီးတောက်ပါ ပျောက်ကွယ်သွားလေသည်။ ထိုအခါတွင်မူ ဘုရင်မကျစ်ဝေ့၏ စိတ်ဝိညာဉ်က မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။
သူမ၏စိတ်ဝိညာဉ်က မီးသင့်ရာများနှင့်အတူ အက်ရာထင်နေပြီး မောပန်း၍နေသည်။ သူမ၌ အတိတ်က ဂုဏ်ရှိန် များလည်း မရှိတော့ပေ။ ထို့အပြင် သူမသည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။
“ကောင် … ကောင်လေး၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
*အမ်*
ယဲ့ဖန်က တန့်ခနဲဖြစ်သွားပြီးနောက် ခေါင်းခါ၍ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး၊ ကျုပ် စိတ်ဝိညာဉ်ပဲ ရှိတဲ့ အဘွားကြီးတွေကို စိတ်မဝင်စားဘူး”
အခြားသူများအားလုံး မှင်တက်သွားပြီးနောက် ဟားတိုက်ရယ်မောနေကြလေသည်။ နတ်ဆိုးများသည် နောက်ပြန် လန်ကျမတတ် ခွက်ထိုးခွက်လန် ရယ်နေကြသည်။ ရှေးဟောင်း နတ်ဘုရား သုံးဆယ့် တစ်ပါးသည်လည်း အသံမထွက်အောင် ကျိတ်ရယ်နေရသောကြောင့် မျက်နှာထားက မချိုမချဉ် ဖြစ်နေသည်။
ဘုရင်မကျစ်ဝေ့ လက်စားပြန်ချေမည်ကိုသာ မကြောက်ပါက သူတို့သည်လည်း ဝါးလုံးကွဲမတတ် အော်ရယ်မိမှာပင်။
မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်အခါက မာနကြီးသော ဘုရင်မဖြစ်သူ၊ နတ်ဘုရားများ၏ လေးစားခြင်း ခံရပြီး များစွာသော အမျိုးသားထုကြီး၏ ရင်ထဲမှ နတ်သမီးလေး ဖြစ်ခဲ့ဖူးသည့် ဘုရင်မကျစ်ဝေ့က လူငယ်လေး တစ်ယောက်ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟူသည့် မေးခွန်းမျိုး ထုတ်မေးလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သို့ရာတွင်လည်း တစ်ဖက်လူ၏ ပိုးစက်ပက်စက် ငြင်းဆန်ခြင်းကို ခံလိုက်ရလေသည်။
ဤသည်ကိုသာ ယင်လန်လောကက သိသွားပါက အော်ရယ်သွားမိကြလောက်သည်။ ယခုအချိန်၌ ဘုရင်မကျစ်ဝေ့၏ မျက်နှာက ပြာနှမ်းနေသည်။ သူမသည် အလွန် ဒေါသထွက်နေသောကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ ယဲ့ဖန်အား လက်ညှိုးထိုး၍ ပြောစရာစကား ဆွံ့အနေသည်။
နောက်ဆုံးတွင် သူမက စိတ်လျှော့၍ ပြန်ပြောလိုက်သည်။
“နင်က တော်တော် အရှက်မရှိတဲ့လူပဲ”
ဖြန်း!
ဘုရင်မကျစ်ဝေ့၏ စကားအဆုံး၌ လက်တစ်ဖက်က သူမ၏ စိတ်ဝိညာဉ်ကို ထပ်ရိုက်လာပြန်သည်။ သူမစိတ်ဝိညာဉ် ပေါက်ကွဲသွားပြီး ပြန်စုစည်လားချိန်တွင် ယဲ့ဖန်၏ အေးတိအေးစက် စကားသံ ထွက်ပေါ်လာ၏။
“ဒူးထောက်ပြီး အညံ့ခံကြောင်း သီချင်းဆို၊ မဟုတ်လို့ကတော့ သေလိုက်တော့”
သူ့စကားကြောင့် ဘုရင်မကျစ်ဝေ့ ချွေးပြန်လာသည်။ ဤမျှရက်စက်တတ်သော လူမျိုးကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူသည် နှိုင်းယှဉ်စရာစကား ရှာမတွေ့လောက်သည်အထိ ရက်စက်လွန်းသော ယောက်ျား တစ်ယောက်ပင်။
ထို့နောက်တွင်မူ ယဲ့ဖန်က “အညံ့ခံကြောင်း” သီချင်းကို ဘုရင်မကျစ်ဝေ့၏ စိတ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ မြင့်မြတ်သော ဘုရင်မသည် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ဒူးထောက်ရုံသာ တတ်နိုင်လေတော့သည်။
“ငါ နင့်ရဲ့ ဒီလိုအနိုင်ယူတာမျိုး ခံလိုက်ရတယ် …”