← Chapters

အခန်း (၇၀၉-၇၁၁)

Vol. 48 Ch. 709-711

အခန်း (၇၀၉-၇၁၁)

Vol. 48 Ch. 709-711

Chapter 709 လက်ဝါးတစ်ချက်က လုံလောက်ပါတယ်

ယဲ့ဖန်တစ်ယောက် သုံးဆယ့်နှစ်ပါးသော ရှေးဟောင်း နတ်ဘုရားများကို ဖိနှိပ်အနိုင်ယူနေချိန်တွင် ယင်ယန်လောက၏ အချို့သော ရှေးမိသားစုများ၌ ပွက်လောရိုက်လာသည်။

ဟွမ်မိသားစု။ ထိုမိသားစုသည် ရှေးခေတ် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က အလွန် ကြောက်စရာ ကောင်းခဲ့သော မျိုးနွယ်စု ဖြစ်ခဲ့သည်။

သို့သော် နတ်ဘုရားများ၏ စစ်ပွဲအပြီး၌ ဟွမ်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူက လူသား အရှင်သခင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စိတ်ဝိညာဉ်က ပိတ်နှောင်ခြင်း ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ဟွမ်မိသားစုသည် စိတ်ဓာတ်ကျကာ အားအင်ဆုတ်ယုတ်ခဲ့သည်။

သို့သော် ယင်ယန်လောက၌ နှစ်နှစ်သိန်းကြာသည်အထိ ယိုင်လဲမသွားဘဲ တည်ရှိနေခြင်းကြောင့် ဟွမ်မိသားစု၏ ကြောက်စရာကောင်းပုံကို ပြသနေသေးသည်။

ဟွမ်မိသားစု၏ သာမန်မိသားစုဝင်တစ်ယောက်ကပင် ငရဲဘုံကလူများထက် ပို၍ကြောက်စရာကောင်းသည်ဟု ဆိုနိုင်ပေသည်။

ဟွမ်ထျန်းပါ့၏ စိတ်ဝိညာဉ်က ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲမှ လွတ်မြောက်လာသည်နှင့် ယင်ယန်လောကရှိ ဟွမ်မိသားစု၏ ကျောင်းဆောင်၌ ရုတ်တရက် အလင်းတန်းများ ဖြာထွက်လာသည်။ ဤအဖြစ်ကိုမြင်ပြီး ဟွမ်မိသားစုမှ သိုင်းပညာရှင်များအားလုံး ပျော်ရွှင်သွားကြသည်။

“မြတ်စွာဘုရား၊ ဘိုးဘေး လွတ်မြောက်လာပြီပဲ”

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ငါတို့ ဟွမ်မိသားစု ပြန်ပြီး ဂုဏ်ကျက်သရေ ထွန်းတောက်တော့မှာပဲ”

“နှစ်နှစ်သိန်း ကြာခဲ့ပြီ၊ ငါတို့မိသားစုရဲ့ ဘိုးဘေး ချိပ်ပိတ်ခံထားရတာ နှစ်နှစ်သိန်းတောင် ကြာခဲ့ပြီ။ အခုတော့ သူ ပြန်လွတ်လာပြီ၊ ငါတို့မိသားစု ပြန်ဦးမော့ချိန်တန်ပြီကွ၊ ဟားဟားဟား …”

“…”

လက်ရှိအချိန်၌ ဟွမ်မိသားစု၏ ခေါင်းဆောင်မှစ၍ မျိုးနွယ်စုမှ လူများအားလုံး အလွန်အမင်း ဝမ်းသားနေကြသည်။

“ဟွမ်ကျီ အမိန့်နာခံပါ”

ထိုစဉ် ဟွမ်မိသားစုခေါင်းဆောင်၏ အမိန့်ပေးလိုက်သံကြောင့် များစွာသော ဟွမ်မိသားစုဝင်များထဲမှ လူငယ်လေး တစ်ယောက် ရှေ့ထွက်လာသည်။

ဟွမ်ကျီသည် ဟွမ်မိသားစု၏ လူငယ်များထဲတွင် အတော်ဆုံး နံပါတ်တစ် ပါရမီရှင် ဖြစ်လေသည်။ လက်ရှိအချိန်တွင် ထိုလူငယ်လေးသည် ဒူးတစ်ဖက်ထောက်လာသည်။

“ဟွမ်ကျီ ဒီမှာပါ”

ဤသည်ကိုကြည့်ပြီး ဟွမ်မိသားစု ခေါင်းဆောင်သာမက ဟွမ်မိသားစု အကြီးအကဲများကပါ ကျေနပ်သလို ခေါင်းညိတ်လာသည်။

သူတို့၏ နံပါတ်တစ် ပါရမီရှင်လေးသည် ထိတ်လန့်မှင်တက်စရာကောင်းသည့် အရည်အချင်းမျိုး ရှိသည်ဟု ဆိုရပေမည်။ အနာဂတ်တွင် သူ၏လက်ထဲ၌ ဟွမ်မိသားစု၏ ဂုဏ်ကျက်သရေက ပြန်လည်မြင့်တက်လာမည်မှာ အသေအချာပင်။

“ဟွမ်ကျီ၊ မင်း ဦးဆောင်ပြီး ငါတို့မိသားစုထဲက အတော်ဆုံး ကလေးဆယ်ယောက်ကို စုပြီးတော့ အောက်ငရဲဘုံက နတ်ဘုရားတို့ ကျဆုံးရာမြေကို သွား”

“ပြီးရင် လွတ်မြောက်လာတဲ့ ငါတို့ဘိုးဘေးကို သွားကြိုကြ”

ထိုစကားအဆုံး၌ ဟွမ်မိသားစု၏ မိသားစုဝင်များအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။ ဟွမ်မိသားစု၏ ဘိုးဘေးဖြစ်သူ ဟွမ်ထျန်းပါ့သည် မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်အခါက အသန်မာဆုံးသော နတ်ဘုရားများထဲမှ တစ်ပါးဖြစ်မှန်း အားလုံး သိထားသည်။

အကယ်၍ သူသာ ပြန်ရောက်လာပြီး သူ၏ယခင်ခွန်အားကို ပြန်လည်ပိုင်ဆိုင်လာပါ သူသည် ဟွမ်မိသားစုအား ယင်ယန်လောက၏ ထိပ်ဆုံးနေရာသို့ ရောက်အောင် သယ်ဆောင်ပေးနိုင်မည်မှာ အသေအချာပင်။

ဤသို့တွေးမိသည်နှင့် ဟွမ်ကျီနှင့် များစွာသော ဟွမ်မိသားစုဝင်များအားလုံး သွေးပွက်ပွက်ဆူလာသလို ခံစားမိလာသည်။

“မိသားစုခေါင်းဆောင် အမိန့်ကို နာခံပါ့မယ်”

“ဘိုးဘေးကို ဟွမ်ကျီ သေချာပေါက် ပြန်ခေါ်လာပြီး မျှော်လင့်ချက်တွေ ပြန်ရှင်သန်စေရပါမယ်”

ထိုသို့သောအချိန်၌ ဟွမ်မိသားစုသာမက ယင်ယန်လောကရှိ ရှေးမျိုးနွယ်စုများအားလုံး ထိတ်လန့်အံ့ဩ နေကြသည်။

ရှေးဟောင်း နတ်ဘုရားသုံးဆယ့်နှစ်ပါး၌ မျိုးနွယ်စုတစ်ခုစီ ရှိကြသည်။ ဤနှစ်နှစ်သိန်း ကာလတာအတွင်း ရှေးမျိုးနွယ်စု ရှစ်ခုက ပျက်စီးသွားသော်လည်း ကျန်မိသားစု နှစ်ဆယ့်လေးခုက ယခုထိ ပြိုင်ဘက်ကင်း နေသေးသည်။

ထိုမိသားစုတိုင်းက မိသားစုထဲရှိ အသန်မာဆုံးသော လူငယ်များကို စေလွှတ်လိုက်ကြသည်။ သူတို့အားလုံး၏ ဦးတည်ရာကား … ကမ္ဘာဂြိုဟ်ပင်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဂြိုဟ်ပေါ်၌ သုံးဆယ့်နှစ်ပါးသော ရှေးဟောင်းနတ်ဘုရားများသည် မျက်ရည်တဝဲဝဲနှင့် ဒူးထောက်ကာ အညံ့ခံကြောင်း သီချင်းဆိုနေရသည်။

သူတို့အားလုံးက ကောင်းကင်ကိုမော့ကြည့်နေပြီး သူတို့၏ မိသားစုဝင်များ တဖြည်းဖြည်း နီးလာနေသည်ကို ခံစားမိနေပုံရသည်။

“ကောင်လေး၊ မင်းကို ခဏလောက်တော့ မောက်မာခွင့် ပေးလိုက်မယ်။ ငါ့မိသားစုဝင်တွေ ရောက်လာတဲ့အချိန်ကျရင် မင်းကို ကံဆိုးမိုးမှောင်ကျအောင် လုပ်ပစ်မယ်ကွ”

ဟွမ်ထျန်းပါ့သည် သီချင်းဆိုရင်း ယဲ့ဖန်အား သရော်ပြုံးပြုံး၍ လှမ်းကြည့်နေသည်။ သူ၏မျိုးနွယ်ဝင်များ လှမ်းလာနေသည်ကို သူ ခံစားမိနေ၏။ ယင်ယန်လောကမှ ငရဲဘုံသို့ ဆင်းလာရန် သိပ်မကြာပေ။

နာရီဝက်ပင် မကြာလိုက်သောအချိန်၌ ကမ္ဘာဂြိုဟ်ပေါ်၌ မိုးခြိမ်းသံကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။

ကောင်းကင်ယံသည် ဆုတ်ဖြဲခံလိုက်ရဟန်တူပြီး ကြောက်စရာကောင်းသော တစ်စုံတစ်ခုက ကမ္ဘာဂြိုဟ်ပေါ်သို့ ဆင်းလာလေသည်။

ကမ္ဘာမြေသား သိုင်းပညာရှင်များ မှင်တက်သွားပြီး မော့ကြည့်လိုက်သောအခါ ကမ္ဘာ့အပြင်ဘက် အာကာသထဲ၌ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ ထိတ်လန့်ဖွယ် အရှိန်အဝါများ ပျံ့နှံ့နေ၏။

ဂျွတ်!

ထိုစဉ် အက်ကွဲသံနှင့်အတူ ထိုဟင်းလင်းပြင် အက်ကွဲကြောင်းသည် ကြေမွသွားပြီး နတ်ဘုရားကဲ့သို့သော ပုံရိပ်တစ်ခု ထွက်လာသည်။ ထို့နောက် တစ်ယောက်မှနေ၍ ငါးယောက်၊ ဆယ်ယောက်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လူဆယ့်တစ်ယောက် ထွက်ပေါ်လာ၏။

ထိုလူဆယ့်တစ်ယောက်သည် လူငယ်လေးများသာ ဖြစ်သည်။ သို့သော် သူတို့သည် ကမ္ဘာခြား ဧည့်သည်တော်များ ဖြစ်ဟန်တူပြီး ဤစကြဝဠာအား လွှမ်းမိုးနိုင်စွမ်း ရှိပုံပေါ်သည်။ တာအိုစွမ်းအင်များ ဆက်တိုက် ပျံ့လွင့်လာပြီး ဂြိုဟ်များစွာတို့ ပျက်စီးကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။

အထူးသဖြင့် ထိုလူဆယ့်တစ်ယောက်က ကမ္ဘာဂြိုဟ်ပေါ်သို့ ဆင်းလာချိန်တွင် ကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး အဝေးမှ နေရောင်ပင် မှိန်ဖျော့သွားလေသည်။

သားရဲဆယ့်တစ်ကောင်ကဲ့သို့သော အရှိန်အဝါကြောင့် ကမ္ဘာဂြိုဟ်ပေါ်မှ သိုင်းပညာရှင်များအားလုံး ကြက်သီးထကာ ခေါင်းမွေးထောင်လာကြသည်။

“ဒါ … ဒါ အထက်လောကက သိုင်းပညာရှင်တွေလား”

နတ်ဆိုးများအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ယင်ယန်လောကမှ လူများ၏ တည်ရှိမှုကြောင့် သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်တမျှ အားနည်းလွန်းသည်ဟု ခံစားမိလာသည်။

တစ်ဖက်လူ၏ အကြည့်ကပင် သူတို့အား ရင်တုန်လာစေသည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုက ဂြိုဟ်များကို ပေါက်ကွဲစေသည် မဟုတ်ပါတကား။ ဤသည်ကား အလွန် ကြောက်စရာကောင်းလှသည်၊

ဒေါက်! ဒေါက်! ဒေါက်!

တစ်ခဏအတွင်းမှာပင် လူငယ်ဆယ့်တစ်ယောက်လုံးက ကျန်းရှီမြို့၏ အပေါ်သို့ ရောက်လာသည်။ သူတို့သည် ကောင်းကင်မှနေ၍ ပုရွက်ဆိတ်တစ်အုပ်ကို ကြည့်သကဲ့သို့ ငုံ့ကြည့်လာသည်။

ရှေးဟောင်း နတ်ဘုရား သုံးဆယ့်နှစ်ပါးလုံး ဒူးထောက်၍ သီချင်းဆိုနေရသည်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး မျက်နှာမည်းမှောင်သွားသည်။

ထို့နောက် လူငယ်ဆယ့်တစ်ယောက်က ကောင်းကင်ယံမှနေ၍ ဒူးတစ်ဖက်ထောက်ကာ နှုတ်ဆက်လာသည်။

“ဟွမ်မိသားစုက ဟွမ်ကျီ ဦးဆောင်လာတဲ့ အသန်မာဆုံး လူငယ်ဆယ်ယောက်က ဘိုးဘေး ချိပ်ပိတ်ခံထားရာကနေ လွတ်မြောက်လာတာကို ကြိုဆိုပါတယ်”

*ဟွမ်မိသားစုလား*

ရှေးဟောင်း နတ်ဘုရားတိုင်းက ဟွမ်ထျန်းပါ့အား လေးစားအားကျဟန်ဖြင့် ဝိုင်းကြည့်လာကြသည်။ သူတို့စိတ်ထဲတွင် ဤဟွမ်မိသားစုမှ လူငယ်လေးများနှင့်ဆိုလျင် ဟွမ်ထျန်းပါ့သည် ဒုက္ခခံနေရာမှ လွတ်မြောက်နိုင်ပြီး သူသာ ဆန္ဒရှိပါက ကမ္ဘာဂြိုဟ်ကိုသာမက ဤစကြဝဠာကိုပါ အလွယ်တကူ ဖျက်ဆီး နိုင်သည်ဟု ထင်နေကြလေသည်။

“ဟားဟားဟား”

ဟွမ်ထျန်းပါ့၏ အပြုံးက ပို၍ပီပြင်လာပြီးနောက် အားပါးတရ ရယ်မောသံအဖြစ် ပြောင်းလဲသွားသည်။ သူသည် ကောင်းကင်ထက်မှ ဟွမ်ကျီနှင့် အခြားသူများကို မော့ကြည့်၍ စိတ်ကျေနပ်ဟန်ဖြင့် ထပ်ခါထပ်ခါ ခေါင်းညိတ်လေသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဟွမ်ထျန်းပါ့ဆိုတဲ့ ငါ့ရဲ့ သားနဲ့မြေးက တကယ်ကို နဂါးလေးတွေကို မွေးထားတာပဲ”

ထို့နောက် ဟွမ်ထျန်းပါ့က ယဲ့ဖန်ကို လှမ်းကြည့်၍ သွေးပျက်စရာကောင်းလောက်သည့် ရယ်သံဖြင့် ရယ်ကာ ပြောလေသည်။

“ကောင်လေး၊ မင်း မြင်လား၊ ယင်ယန်လောကက ငါ့မိသားစုကလေး ဆယ့်တစ်ယောက် ရောက်လာပြီ၊ မင်း ဒူးမထောက်ဘဲ ဘာလုပ်နေတာလဲ”

ဟွမ်ထျန်းပါ့၏ အပျော်က ဖော်ပြ၍ မရနိုင်ပေ။ သူသည် ဤရက်စက်သော ကောင်လေးအား သူ့မျိုးနွယ်မှ ကလေးများ အနိုင်ကျင့်၍ ဒူးထောက်လာအောင် လုပ်နေသည့်ပုံရိပ်များကို မြင်ယောင်လာသည်။

“ဟဲဟဲ … ကောင်လေး၊ အခု မင်း ငါ့ရှေ့ ဒူးထောက်မယ်ဆိုရင် ဒီဘိုးဘေးက မင်းကို အသက်ချမ်းသာပေးဖို့ စဉ်းစားကောင်း စဉ်းစားပေးမယ်”

ထိုသို့ပြောပြီး ဟွမ်ထျန်းပါ့က ယဲ့ဖန်အား အထင်သေး လှောင်ပြောင်သလို ကြည့်နေသည်။ သို့သော် သူ့စကားအဆုံး၌ လက်ဝါးတစ်ဖက်က သူ၏စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို ဖြတ်ရိုက်လေသည်။

ဂျွတ်!

ဟွမ်ထျန်းပါ့၏ စိတ်ဝိညာဉ် အက်ကွဲပျက်စီးသွားပြီး ပြန်၍ဖွဲ့စည်းလာချိန်တွင် ထိတ်လန့်ဒေါသထွက်နေသော အမူအရာဖြင့် ယဲ့ဖန်ကို ကြည့်လာသည်။

“သောက်မျိုးမစစ်ကောင်၊ မင်း လွန်နေပြီ၊ တကယ်ပဲ ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာလား”

ယဲ့ဖန်က အလွန် ရူးသွပ်လိမ့်မည်ဟု ထင်မထားသဖြင့် ဟွမ်ထျန်းပါ့ ထိတ်လန့်ဒေါသထွက်နေ၏။

“ကောင်လေး၊ မင်း အခုထိ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိသေးဘူးလား၊ ယင်ယန်လောကက လူတိုင်း မင်းရဲ့ ငရဲဘုံက သိုင်းပညာရှင်တိုင်းကို သတ်ပစ်နိုင်တယ်ဆိုတာကို ငါ မင်း သိအောင် ပြောပြလိုက်မယ်”

“ငါ့မျိုးဆက်တစ်ယောက်တည်းကတောင် မင်းတို့အားလုံးကို သတ်နိုင်တယ်၊ မင်း …”

ဟွမ်ထျန်းပါ့ ပြောရင်း ပိုဒေါသထွက်လာသည်။ သို့သော် သူ့စကားမဆုံးခင်၌ အေးတိအေးစက် အသံတစ်သံ ထွက်လာသည်။

“ဆယ့်တစ်ယောက်တည်းပဲကို၊ လက်ဝါးတစ်ချက်တည်းနဲ့တင် လုံလောက်တယ်”

ဟွမ်ထျန်းပါ့ ထိတ်လန့်တကြား ကြည့်နေချိန်မှာပင် ယဲ့ဖန်၏လက်တစ်ဖက်က ဧရာမ လက်ဝါးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုလက်ဝါးက ကောင်းကင်ထက်ရှိ ဟွမ်မိသားစုမှ လူငယ်ဆယ့်တစ်ယောက်ကို ရိုက်ချရန် ပြင်လာသည်။

Chapter 710 ဆယ့်တစ်ယောက်လုံး အညံ့ခံလိုက်ရလေပြီ

*ဘာ*

ယဲ့ဖန် ရုတ်တရက် ပြောလိုက်သည့်စကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ ယင်ယန်လောကမှ ရောက်လာသည့် ပါရမီရှင် ဆယ့်တစ်ယောက်က အအံ့ဩဆုံး ဖြစ်သည်။

*ဒီကောင် ရူးနေတာလား*

*ငရဲဘုံကလူက သူ့ကိုယ်သူ ယင်ယန်လောကက လူတွေကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“အရူး၊ မင်း သိပ်မကြာခင် ယင်ယန်လောကနဲ့ ငရဲဘုံကြားက ခြားနားချက်ကို သိလာလိမ့်မယ်”

ဟွမ်ထျန်းပါ့က အလွန် ရက်စက်ခက်ထန်သော အကြည့်များဖြင့် ကြုံးဝါးလိုက်သည်။ သူသည် ယဲ့ဖန် ကံဆိုးမိုးမှောင်ကျ၍ သွေးသံတရဲရဲနှင့် ဘဝအဆုံးသတ်သွားဟန်ကို မြင်ယောင်နေလေ၏။

သူသည်သာမက သူ့ဘေးနားမှ ကျန်ရှေးဟောင်း နတ်ဘုရား သုံးဆယ့်တစ်ပါးတို့သည်လည်း လှောင်ရယ် နေကြသည်။

လောကနှစ်ခုသည် အတော့်ကို ကွာခြားလွန်းသည်။ ယင်ယန်လောကနှင့် ငရဲဘုံသည် မိုးနှင့်မြေလို ကွာခြား လွန်းလှသည်။

ယင်ယန်လောကသည် ရှေးလောကနှင့် ဆင်တူလှပြီး ထိုလောကမှာ လူများ၏ အမြင်တွင် ငရဲဘုံသည် အလွဣ် အားနည်းလှပေသည်။

ငရဲဘုံသည် အလွန်သေးငယ်လှပြီး ပုရွက်ဆိတ်များ၏ လောကဟုပင် မှတ်ယူထားကြသည်။ ဤလောကမှ ထိပ်တန်းတစ်နေရာသို့ ရောက်နေသောသူတောင်မှ ယင်ယန်လောကကို ရောက်လာလျင် တွားသွားသတ္တဝါ အဆင့်မျှသာ ရှိသည်။

“သေချင်နေတာပဲ”

ယဲ့ဖန်က လက်ကိုမြှောက်၍ သူတို့ကို လှမ်းရိုက်လာသည်ကိုမြင်ပြီး ဟွမ်ကျီ အပါအဝင် ဟွမ်မိသားစုမှ လူငယ်ဆယ့်တစ်ယောက်လုံး ဒေါကန်သွားကြသည်။

“ငရဲဘုံက ပုရွက်ဆိတ်က မိုးကောင်းကင်နဲ့ မြေကြီးရဲ့ ခြားနားချက်ကို မသိဘူးပဲ၊ ဒီလိုဆိုမှတော့ မင်း … သေလိုက်တော့”

ဟွမ်ကျီ၏မျက်လုံးသည် ရက်စက်မှုများဖြင့် ဝင်းလက်နေ၏။ ယင်ယန်လောက၌ မိသားစု၏ ပါရမီရှင် ဖြစ်သောသူသည် သူ့ကိုယ်သူ နတ်ဘုရားတစ်ပါးသဖွယ် လေးစားမှုခံယူထိုက်သူဟု မှတ်ထင်ထားသည်။

ယခုအခါတွင် ငရဲဘုံမှ မလောက်လေးမလောက်စားကောင်က သူ့အား စိန်လာခေါ်ရဲသဖြင့် သူ ပညာပြချင် လာသည်။

“သေစမ်းကွာ”

ဟွမ်ကျီက လက်သီးကိုဆုပ်၍ အောက်ဘက်မှ ထိုးတက်လာသော ဧရာမ လက်ဝါးတစ်ဖက်ကို ထိုးနှက်လိုက်သည်။ သူ၏လက်သီးချက်၌ ဥပဒေသများ ပါဝင်နေသည်။ ထိုလက်သီးချက်သည် စကြဝဠာ တစ်ခုလုံးကို ကျိုးကြေပျက်စီးသွားအောင် လုပ်နိုင်သည်ဟု ထင်မှတ်ရလေ၏။

ဂျွတ်!

ထိုလက်သီးချက်ကြောင့် ယဲ့ဖန်၏ ဧရာမလက်ဝါးပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထင်ဟပ်လာပြီး တစ်ခဏအတွင်း၌ အက်ကွဲသွားမယောင် ဖြစ်လာသည်။

ဒေါင်!

ထိုစဉ် ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသဖြင့် ကောင်းကင်ယံရှိ ဟွမ်မိသားစုမှ လူငယ်ပါရမီရှင်များနှင့် အခြားသူများအားလုံး ရုတ်တရက် အေးခဲသွားသည်။

နတ်ဘုရား စိတ်ဝိညာဉ်များ အေးခဲ၍ ခန္ဓာကိုယ်များ တောင့်တင်းသွားကာ လူတိုင်း၏ အတွေးထဲ၌ မည်သည့်အရာမှ ပေါ်မလာတော့ချေ။

ထိုအခါ ယဲ့ဖန်၏ ဧရာမ လက်ဝါးတစ်ဖက် ကျရောက်လာသည်။ သူသည် ဆောင်းဦးရာသီ၌ သစ်ရွက်ခြောက်များကို ကောက်ယူရှင်းလင်းသကဲ့သို့ ဧရာမလက်ဝါးကြီးဖြင့် ဟွမ်ကျီ အပါအဝင် ပါရမီရှင် ဆယ့်တစ်ယောက်လုံးကို ဖမ်းယူလိုက်ကာ အားဖြင့် ဖျစ်ညှစ်လိုက်သည်။

ဂျွတ်! ဂျွတ်!

အရိုးကျိုးသံနှင့်အတူ အသားများ လွင့်စဉ်ထွက်လာသည်။ ထိုဧရာမလက်ဝါးထဲမှ အလန့်တကြား အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“ဘယ်လိုဖြစ်တာလဲ”

“ငါ့ခန္ဓာကိုယ် ကျိုးကြေသွားပြီ၊ ခွေးမသား၊ ခွေးမသား”

“ဘယ်လိုဖြစ်သွားတာလဲ၊ အဲ့ခေါင်းလောင်းသံက ဘယ်လိုလုပ် ငါတို့စိတ်ဝိညာဉ်ကို အေးခဲအောင် လုပ်နိုင်တာလဲ”

“ငါ မယုံဘူးကွ”

“…”

ထိုလက်ကြီးအတွင်းမှ အလန့်တကြားအော်သံ၊ ကြုံးဝါးသံများက အတောမသတ်နိုင်လောက်အောင် ထွက်ပေါ်နေ၏။

သူတို့၏ စိတ်ဝိညာဉ်များ အေးခဲ၍ ခန္ဓာကိုယ်များ တောင့်တင်းသွားချိန်တွင် အရိုးများ အချိုးခံလိုက်ရသည်။ ထို့ကြောင့်ပင် ယဲ့ဖန်၏ ဧရာမလက်တွင်းမှ ရဲရဲနီသော သွေးစက်များက မြစ်သဖွယ် စီးကျလာသည်။

ပါရမီရှင် ဆယ့်တစ်ယောက်ကို ဖမ်းချုပ်ထားသော ဧရာမလက်ကြီးသည် တဖြည်းဖြည်း အောက်သို့နိမ့်ကျလာပြီး ကျန်းရှီမြို့၏ စစ်နတ်ဘုရား အိမ်ပေါ်သို့ ရောက်လာသည်။ ထို့နောက် ရုတ်တရက် လက်ကို ဖြေချလိုက်သဖြင့် ဖျစ်ညှစ်ခံထားရသည့် သွေးသံတရဲရဲနှင့် လူဆယ့်တစ်ယောက်တို့သည် စစ်နတ်ဘုရား အိမ်တော်၏ ခြံဝန်းထဲသို့ ပြုတ်ကျလာသည်။

လက်ရှိအချိန်၌ စစ်နတ်ဘုရားအိမ်တော်ထဲတွင် အရာအားလုံး တိတ်ဆိတ်နေသည်။ သုံးဆယ့်နှစ်ပါးသော နတ်ဘုရား စိတ်ဝိညာဉ်များအားလုံး မှင်တက်နေကြသည်။

သူတို့သည် အရိုးကျိုး၍ တစ်ကိုယ်လုံး ဒဏ်ရာဗလပွဖြစ်နေသော ဟွမ်ကျီနှင့် အခြားလူငယ်များကို ကြည့်ပြီး လိပ်ပြာလွင့်မတတ် တုန်လှုပ်သွားကြသည်။

ရှေးဟောင်း နတ်ဘုရားတိုင်းသည် ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေကြသည်။ အထူးသဖြင့် ဟွမ်ထျန်းပါ့ပင်။ သူ့မျက်နှာပေါ်မှ သရော်ဟန်နှင့် ဝမ်းသာ ပျော်ရွှင်နေဟန်များအားလုံး ပျောက်ကွယ် သွားသည်။ ထိုအမူအရာများအစား ထိတ်လန့်ကြောက်ရွံ့ဟန်များက အစားထိုး ဝင်ရောက်လာသည်။

ဟွမ်ထျန်းပါ့သည် အံ့အားသင့်နေပြီးနောက် မြေကြီးပေါ် လဲကျသွားသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တစ်ချက်တည်းပဲ၊ တစ်ချက်တည်းနဲ့ … ယင်ယန်လောကက ငါ့ဟွမ်မိသားစုရဲ့ လူငယ်ဆယ့်တစ်ယောက်ကို အနိုင်ပိုင်းလိုက်နိုင်တာလား”

“မဖြစ်နိုင်ဘူး၊ ဒါ … ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဟွမ်ထျန်းပါ့သည် အိပ်မက်မက်နေသည်ဟုသာ ခံစားမိသည်။ ယခုအချိန်ထိ သူသည် မြင်လိုက်ရသည့် အရာအားလုံးကို မယုံနိုင်သေးပင်။

ထိုစဉ် ဘုရင်မကျစ်ဝေ့သည် ဟွမ်မိသားစုမှ လူငယ်များ၏ အဖြစ်ဆိုးပုံကို မကြည့်ဘဲ ယဲ့ဖန်ကိုသာ စူးစိုက်ကြည့်နေပြီး ကတုန်ကယင် ဖြစ်လာ၏။

“အဲ့ခေါင်းလောင်းက … အဲ့ဒါ ကောင်းကင်ခွင်းခေါင်းလောင်းပဲ”

*ဘာ*

ဘုရင်မကျစ်ဝေ့၏ စကားအဆုံး၌ ကျန်ရှေးဟောင်းနတ်ဘုရား သုံးဆယ့်တစ်ပါးလုံး တုန်လှုပ်သွားကြသည်.

*ဒါ ကောင်းကင်ခွင်းခေါင်းလောင်းလား*

ရှေးဟောင်း နတ်ဘုရားတိုင်း အစောပိုင်းက အဖြစ်အပျက်ကို ပြန်တွေးမိလိုက်သည်။ အစောပိုင်းက ခေါင်းလောင်းသံထွက်လာသည်နှင့် သူတို့သည်လည်း စိတ်ဝိညာဉ်များ အေးခဲကာ သတိလွတ်သွားခဲ့သည်။

“ဟုတ်တယ်၊ နတ်ဘုရားစိတ်ဝိညာဉ်ကို အေးခဲအောင် လုပ်လိုက်တာ၊ ဒါ … ဒါ တကယ်ကို ကောင်းကင်ခွင်း ခေါင်းလောင်းရဲ့ နတ်ဘုရားစွမ်းရည်ပဲ”

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး။ ကောင်းကင်ခွင်းခေါင်းလောင်းက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်တုန်းက အဲ့လူဆီမှာ ရှိနေခဲ့တာလေ၊ ပြီးတော့ ယင်ယန်လောကကို ရောက်သွားတာ၊ အဲ့ဒါက ဘယ်လိုလုပ် ဒီနေရာမှာ ရောက်နေရမှာလဲ။ လုံးဝ မဖြစ်နိုင်ဘူး”

“ဟုတ်တယ်၊ ဒီမိုးမြေလောကကြီးရဲ့ သုံးလောကဘုံထဲမှာ အဲ့လူတစ်ယောက်ပဲ ကောင်းကင်ခွင်းခေါင်းလောင်းကို သုံးနိုင်တာ။ ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး”

“…”

ချက်ချင်းဆိုသလိုပင် ရှေးဟောင်းနတ်ဘုရားများကြား၌ ပွက်လောရိုက်လာသည်။ အားလုံးက ယဲ့ဖန်အား ခြောက်ခြားစွာ ကြည့်လာကြသည်။

*သေမင်းနတ်ဆိုးဆုဒြာ*

*ကောင်းကင်ခွင်းခေါင်းလောင်း*

ထိုအရာများအားလုံးက ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ပါးလုံးကို မှင်တက်သွားစေခဲ့သည်။ အားလုံး၏ အတွေးထဲသို့ မဖြစ်နိုင်သော အတွေးတစ်ခု ဝင်ရောက်လာသည်။ သို့သော် သူတို့ ယဲ့ဖန်ကို ပိုစောင့်ကြည့်မိလေ ပိုအံ့ဩရလေ ဖြစ်လာသည်။

သို့သော် လက်ရှိအချိန်၌ ယဲ့ဖန်သည် ဘေးပတ်လည်မှ လူအားလုံး၏ ထိတ်လန့်နေဟန်များကို အရေးမလုပ်ချေ။ ထို့နောက် သူ လက်တစ်ဖက်ကိုလှုပ်လိုက်သောအခါ နတ်ဘုရား လှောင်အိမ်များ ထွက်ပေါ်လာပြီး ယင်ယန်လောကမှ ပါရမီရှင် ဆယ့်တစ်ယောက်အား ချုပ်နှောင်သွားလေသည်။

ထို့နောက် သူက စကားစလိုက်သည်။

“ဒူးထောက်ပြီး အညံ့ခံကြောင်း သီချင်းဆို”

ထိုစကားအဆုံး၌ သီချင်းစာသားက ပါရမီရှင် ဆယ့်နှစ်ယောက်၏ အတွေးထဲသို့ ဝင်ရောက်သွားသည်။ ထိုအဖြစ်ကြောင့် ရှေးဟောင်း နတ်ဘုရားများ မချိပြုံး ပြုံးလိုက်မိသည်။ ထို့အတူ ဟွမ်ကျီအပါအဝင် ပါရမီရှင်များ အားလုံး မျက်နှာပြာနှမ်းသွားကြသည်။

*အလှောင်ခံရတာပဲ*

ယင်ယန်လောက၌ ပါရမီရှင်များဖြစ်သော သူတို့သည် ငရဲဘုံသို့ ဆင်းလာသည်နှင့် လက်ဝါးတစ်ချက်တည်းဖြင့် အနိုင်ယူခံရလိမ့်မည်ဟု ထင်မထားမိချေ။ ထို့အပြင် သူတို့ကဲ့သို့ နတ်ဘုရားများအတွက် သီးသန့်ပြင်ထားသော သီချင်းကိုလည်း အတင်းအကြပ် ဆိုခိုင်းခံနေရသည်။ ဤသည်မှာ အရှက်ခွဲခံရခြင်းပင်။

လက်ရှိအချိန်၌ ဟွမ်ကျီနှင့် ကျန်ပါရမီရှင်များသည် ပါးစပ်လှုပ်ကာ ကျိန်ဆဲရန် ပြင်လိုက်သည်။ ထိုစဉ် ယဲ့ဖန်ထံမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာသည်။ ထို့အတူ ငရဲမီးပါ ထွက်ပေါ်လာလေ၏။

ထို့နောက်တွင်မူ ယဲ့ဖန်၏နဖူး၌ အက်ရာထင်လာပြီး ကောင်းကင်မျက်လုံး ပွင့်လာကာ သွေးနီရောင် အလင်းများ ဖြာကျလာ၏။

ဤသို့ကြောက်စရာကောင်းလှသည့် မြင်ကွင်းကြောင့် ယင်ယန်လောကမှ ရောက်လာသည့် ပါရမီရှင်များအားလုံး ကြက်သီးထကာ ကျောချမ်းသွားကြသည်။ ထိုအရာထဲမှ မည်သည့်အရာမဆိုက သူတို့အားလုံးကို သတ်ပစ်နိုင်သည်ဟု ခံစားမိနေသည်။

တောက်! တောက်!

ဟွမ်ကျီနှင့် အခြားပါရမီရှင်များ၏နဖူးမှ ချွေးစေးများ တဒီးဒီး ကျဆင်းလာသည်။ ထိုအချိန်တွင် သုံးဆယ့်နှစ်ပါးသော ရှေးဟောင်းနတ်ဘုရားများ၏ သီချင်းဆိုသံကို ကြားလိုက်ရသည်။

“မင်းရဲ့ အနိုင်ယူတာကို ခံလိုက်ရတယ်၊ မင်းဝှက်ထားတဲ့ အဆိပ်ကိုလည်း သောက်လိုက်ရတယ်၊ ငါ့အကြံတွေအားလုံး သဲထဲရေသွန်ဖြစ်ကုန်ပြီး ငါ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ အမုန်းတရားအားလုံး ခဝါကျသွားတယ်”

ထိုမြင်ကွင်းကြောင့် ယင်ယန်လောကမှ ရောက်လာသည့် ပါရမီရှင်ဆယ့်တစ်ယောက်လုံး မှင်တက်အံ့အားသင့် သွားကြလေသည်။ နောက်ဆုံးတွင် သူတို့သည်လည်း မတတ်သာဘဲ အတွေးထဲ ဝင်ရောက်လာသည့် အညံ့ခံကြောင်း သီချင်းကို ဒူးထောက်၍ သီဆိုလိုက်ရတော့သည်။

Chapter 711 အားလုံး တက်!

ဂျွတ်!

ကမ္ဘာဂြိုဟ်၏ ကောင်းကင်ယံ၌ အက်သံများ ထွက်ပေါ်လာပြီးနောက် အက်ရာများ ထင်ဟပ်လာသည်။ အက်ရာ တစ်ခုချင်းစီမှ မြို့တံတိုင်းကို ချိုးဖျက်တော့မည့် ရှေးဟောင်းသားရဲများကဲ့သို့သော လူအုပ်များစွာ ရှိနေသည်။ ကျောချမ်းဖွယ်ကောင်းလှပေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး၌ အက်ရာများဖြင့် ပြည့်နှက်နေ၏။ ထိုအက်ရာများမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ထိတ်လန့်ဖွယ်ကောင်းလှသည်။

“မြတ်စွာဘုရား၊ သူတို့က အထက်လောကက လူတွေလား၊ သူတို့ အရှိန်အဝါတွေက တော်တော်‌ ကြောက်စရာ ကောင်းတာပဲ”

“ဒါ … အဲ့လူတွေက ကောင်းကင်ယံကိုဖောက်ပြီး စကြဝဠာကို လှုပ်ခါသွားအောင် လုပ်နိုင်တဲ့အထိ သန်မာလှချည်လား”

“…”

ထိုသို့သောအချိန်၌ ကမ္ဘာဂြိုဟ်တစ်ခုလုံးရှိ သာမန်လူများ၊ သိုင်းပညာရှင်များနှင့် နတ်ဆိုးများအားလုံး ထိတ်လန့်နေကြသည်။ လူတိုင်းသည် ထိုထိတ်လန့်ဖွယ် အရှိန်အဝါအောက်၌ ပုရွက်ဆိတ်ကဲ့သို့ အားနည်းလှသည်ဟု ခံစားမိနေသည်။

ထိုစဉ် အက်ရာများထဲမှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ ထွက်လာသည်။ ကမ္ဘာတစ်ခုလုံးသည် ဆက်တိုက် တုန်ယင်လာပြီး ပြင်းထန်လှသည့် ဖိအားအောက်၌ ပေါက်ကွဲမတတ် ဖြစ်လာသည်။ ကမ္ဘာပျက်တော့မည့်အလား တောင်တန်းများ ပြိုကျ၍ ပင်လယ်ရေများ လှုပ်ခါ၍ မြည်ဟည်းလာသည်။

ကောင်းကင်ယံ၌ လူရိပ်များစွာ ထွက်ပေါ်လာနေ၏။ ဆယ်ယောက်မှ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ ကြောက်စရာကောင်းသော လူပေါင်း ထောင်ချီ၍ ထွက်ပေါ်လာသည်။ ထိုသူများအားလုံး ရှေးဟောင်းသားရဲအုပ် များကဲ့သို့ ကျောချမ်းဖွယ် ကောင်းလှသည်။

“ဟားဟားဟား … အဲ့ဒါ ငါ့ခုန်းမိသားစုက သားနဲ့မြေးပဲ၊ လူအယောက် ငါးဆယ်ကျော်တာပဲ၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”

“ဟမ့် … ငါ ဒီကိုရောက်နေတော့ ငါ့သွေးမျိုးဆက်ကလည်း ဒီကိုလာတာပေါ့၊ ဒီဘိုးဘေး တော်တော် စိတ်အေးသွားပြီ”

“နှစ်နှစ်သိန်း ကြာပြီးတဲ့နောက်မှ ငါ့မျိုးဆက်တွေကို ပြန်တွေ့ရမယ်လို့ ငါ ထင်မထားမိဘူး။ ငါ တော်တော်လေး အံ့ဩမိတယ်”

“…”

လက်ရှိအချိန်၌ ယင်ယန်လောကမှ သိုင်းပညာရှင်များစွာတို့ ထွက်လာသည်ကို ကြည့်ပြီး ရှေးဟောင်း နတ်ဘုရား သုံးဆယ့်နှစ်ပါးလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ မိသားစု သုံးဆယ့်နှစ်ခုသည် နှစ်နှစ်သိန်းအတွင်း ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် မိသားစု နှစ်ဆယ့်လေးခုသာ ကျန်ရှိတော့ပြီး ဟွမ်မိသားစု အပါအဝင် ကျန်ရှိနေသည့် ရှေးဟောင်း မိသားစု နှစ်ဆယ့်သုံးခုလုံးမှ လူများအားလုံး ရောက်လာကြလေသည်။

ထိုမိသားစုများမှ ကမ္ဘာဂြိုဟ်သို့ ရောက်လာသည့်လူတိုင်းသည် မိသားစုတစ်ခုချင်းစီ၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ဟွမ်ကျီထက် ဆယ်ဆမက ပိုသန်မာကြသည်။

ကောင်းကင်ယံ၌ ထောင်ချီသော လူများစွာတို့ဖြင့် ပြည့်နှက်နေသောကြောင့် လူတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။ ကောင်းကင်ယံရှိ ထောင်ချီသော ပါရမီရှင်များ၏ အရှိန်အဝါများကို ခံစားမိပြီးနောက် မြေပြင်ပေါ်ရှိ ရှေးဟောင်း နတ်ဘုရားများက အချင်းချင်း ပြောဆိုလာသည်။

“ဟိုခက်ထန်တဲ့ကောင်လေးက ကောင်းကင်ခွင်းခေါင်းလောင်းကို သုံးပြီး ဟွမ်မိသားစုက ဆယ့်တစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ ရှေးဟောင်းမိသားစုတွေက ထောင်ချီတဲ့လူတွေကို သူ ဘယ်လိုယှဉ်မှာလဲ”

“ဟုတ်တယ်၊ သူက လူဒါဇင်ကို တစ်ခါတည်း အနိုင်ယူနိုင်ပင်မယ့် ထောင်ချီတဲ့ လူတွေနဲ့ဆို သူ အဝိုင်းခံရပြီး ရှုံးမှာပဲ”

“အဲ့အရူးတော့ သေပြီပဲ၊ သူ ခဏလေးအတွင်း ဖိနှိပ်ခံရမှာပဲ။ အဲ့အခါကျရင် ဒီဘိုးဘေးက သူ့ကို အရေခွံ နွှာပစ်မယ်”

“…”

လက်ရှိအချိန်တွင် ရှေးဟောင်းနတ်ဘုရားများက ရက်စက်ခက်ထန်စွာ ပြောဆိုနေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် မိုးကောင်းကင်ကို ဆန့်ကျင်နိုင်သောသူ ဖြစ်သော်လည်း ယခုတစ်ခေါက်တွင်တော့ သေချာပေါက် ရှုံးလိမ့်မည်ဟု ထင်နေကြသည်။

“ငရဲဘုံက ပုရွက်ဆိတ်တွေ ငါတို့ဘိုးဘေးတွေကို လွှတ်ပေးစမ်း၊ မဟုတ်လို့ကတော့ နတ်ဘုရားတို့ ကျဆုံးရာမြေက မင်းတို့ရဲ့ သင်္ချိုင်းမြေ ဖြစ်သွားမယ်”

ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့အသံ ထွက်ပေါ်လာ၏။ ယင်ယန်လောကမှ ထောင်ချီသော ပါရမီရှင်များထံမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သူတို့ ရောက်လာသည်နှင့် သူတို့၏ဘိုးဘေးများက ငရဲဘုံမှ ပုရွက်ဆိတ်များ၏ အနိုင်ယူခြင်း ခံထားရသည်ကို တွေ့လိုက်ရလိမ့်မည်ဟု ထင်မထားမိပေ။

ရှက်ဖွယ်ကောင်းလိုက်လေခြင်း။ ဤမြင်ကွင်းက ယင်ယန်လောကမှ ပါရမီရှင်များ၏ လူသတ်ချင်စိတ်ကို ပွက်ပွက်ဆူလာစေသည်။

ယဲ့ဖန်တစ်ယောက်တည်းသာ ထရယ်လေသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ဒီတစ်ခါ ထောင်ချီတဲ့ အကျဉ်းသားတွေ ထပ်ရလာပြန်ပြီ။ ဒီတစ်ခါတော့ ပိုက်ဆံအချီကြီးရတော့မယ် ထင်တယ်”

ယဲ့ဖန်က ထီမထင်စွာ ပြုံးလိုက်သည်။ သူ့စကားကြောင့် ကောင်းကင်ယံရှိ ယင်ယန်လောကမှ ထောင်ချီသော ပါရမီရှင်များ ဒေါပွသွားသည်။

“နိမ့်ကျတဲ့ပုရွက်ဆိတ်ကများ ငါတို့ဘိုးဘေးတွေကို လှောင်ပြောင်ရဲတာလား၊ နောင်တမရဘဲ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

ထောင်ချီသော ပါရမီရှင်များ ရူးမတတ် ဖြစ်လာကြသည်။ ယင်ယန်လောကမှ ပါရမီရှင်တိုင်းသည် သူတို့၏လက်နက်များကို ထုတ်ကာ ကိုယ်ကိုမတ်၍ အောက်ရှိ ကမ္ဘာမြေထံ တစ်ဟုန်ထိုး ဆင်းလာပြီး အသည်းအသန် တိုက်ခိုက်ကြလေသည်။ ထိုထောင်ချီသော ပါရမီရှင်များသည် အစောပိုင်းက ဟွမ်ကျီတို့ ဆယ့်တစ်ယောက်ထက် ပို၍ သန်မာသည်။

ဝုန်း!

ကမ္ဘာမြေတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး တောင်တန်းများ ပြိုကျလာသည်။

မီတာငါးသောင်း၊ မီတာတစ်သောင်း၊ မီတာတစ်ထောင်။

ယင်ယန်လောကမှ ပါရမီရှင်များ တဖြည်းဖြည်းနီးကပ်လာသည်နှင့် ကမ္ဘာမြေပေါ်ရှိ အရာအားလုံး သေလူများ ဖြစ်သွားပေမည်။ ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ပါးက အပြုံးကြီး ပြုံးနေကြသည်။ ထိုပါရမီရှင်များ၏ တိုက်ကွက်တစ်ကွက်တည်းနှင့်တင် ငရဲဘုံမှ ပုရွက်ဆိတ်များအားလုံးကို သတ်ပစ်နိုင်မှန်း သူတို့ သိနေကြသည်။

သူတို့ကို အံ့ဩစေသည့်အချက်မှာ ယဲ့ဖန်သာမက ဘေးပတ်လည်မှ နတ်ဆိုးများအားလုံး ကြောက်ရွံ့ဟန် ပြမနေခြင်းပင်။ သူတို့သည် ကြောက်လန့်ရမည့်အစား မုဆိုးတစ်သိုက်က သားကောင်ကို ကြည့်နေသကဲ့သို့ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

“အဆင်သင့်ပဲလား”

ယဲ့ဖန်က တစ်ဘက်လှည့်၍ ဝံပုလွေရိုင်းအား ပြုံးကာမေးလိုက်သည်။ သူ့စကားကြောင့် ဝံပုလွေရိုင်းက လက်ကိုမြှောက်၍ ဟစ်အော်လိုက်သည်။

“အားလုံး တက်!”

“အားလုံး တက်!”

“အားလုံး တက်!”

နတ်ဆိုးများ၏ အော်ဟစ်သံကြောင့် ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ယောက်လုံး မှင်တက်သွားကြသည်။ သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ထိုနတ်ဆိုးများက အလွန်တည်ငြိမ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

“အရူးတစ်သိုက်က ကပ်ဘေးကို တားဖို့ကြိုးစားနေတာပါလား၊ တစ်ဖက်လူရဲ့ အရည်အချင်းကို အထင်သေးတယ် ပေါ့လေ၊ တော်တော်တုံးတာပဲ”

ဒေါင်! ဒေါင်! ဒေါင်!

ထိုစဉ် ခေါင်းလောင်းသံများက အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုခေါင်းလောင်းသံကြောင့် ရှေးဟောင်း နတ်ဘုရား သုံးဆယ့်နှစ်ပါးလုံး မှင်တက်၍ နေရာမှာတင် ကြက်သေ သေသွားကြသည်။ ခေါင်းလောင်းသံကို ကြားသည်နှင့် မီတာတစ်ထောင် အဝေးမှ ပါရမီရှင်များ တောင့်ခနဲ ဖြစ်သွားကြသည်။ သူတို့အားလုံး လေထဲမှာတင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားသည်။

မကြာခင်မှာပင် သူတို့၏ အိပ်မက်ဆိုး စတင်လာသည်။

“သတ်”

ယဲ့ဖန်က ကျယ်လောင်စွာ အော်လိုက်သည်နှင့် နတ်ဆိုးများက ပြိုင်တူလှုပ်ရှား၍ လက်နက်များ ထုတ်ကာ ကောင်းကင်ယံရှိ ယင်ယန်လောကမှ ပါရမီရှင်များထံသို့ ပြေးဝင်သွားကြသည်။

နတ်ဆိုးအားလုံး၏ လက်နက်များသည် ယင်ယန်လောကမှ ယဲ့ဖန် လက်ဆောင်ရလာသည့် လက်နက်များ ဖြစ်လေသည်။ ယင်ယန်လောကမှ လူများက ကျိုထျန်းရွှမ်နွီ၏ မျက်နှာသာပေးမှုကို ရယူလို၍ ထိပ်တန်းရတနာများကို လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။

အစပိုင်း၌ ယဲ့ဖန်သည် ထိုရတနာများကိုသုံး၍ မိုးကြိုးနတ်ဘုရားကိုတောင်မှ ခြေထောက်တစ်ဖက် ဖြတ်လိုက်သေးသည်။ ယခုအခါတွင် ယင်ယန်လောကမှ ထိပ်တန်းရတနာများက ကောင်းကင်ယံတွင် တလက်လက် တောက်၍ တောက်ပစွာ ထွက်ပေါ်နေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလက်နက်များဖြင့် သတိလွတ်နေသော ပါရမီရှင်များကို တိုက်ခိုက် လာသည်။

“မလုပ်နဲ့”

ပါရမီရှင်များ သတိပြန်ဝင်လာသော်လည်း နောက်ကျသွားချေပြီ။ ထိပ်တန်းရတနာများက သူတို့၏ကိုယ်ပေါ်သို့ ကျရောက်လာလေတော့သည်။

ကောင်းကင်ယံ၌ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သွေးစက်များက မိုးစက်သဖွယ် စီးကျလာသည်။ ထိုမြင်ကွင်းကြောင့် ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ပါးလုံး တုန်လှုပ်သွားကြသည်။

သူတို့၏မျိုးဆက်များက ယင်ယန်လောကမှ ထိပ်တန်းရတနာများကြောင့် ဒဏ်ရာရသွားသည်ကို သူတို့ မြင်နေကြသည်။ အရိုးများ ကျိုးကြေ၍ အသားများ ဆုတ်ပြဲကုန်သည်။ ပါရမီရှင်များအားလုံး ကောင်းကင်မှနေ၍ ခွေးသေကောင်များကဲ့သို့ တဖြုတ်ဖြုတ် ပြုတ်ကျလာ၏။

ယခုအခါတွင် ထိုသူများအားလုံးသည် ပြင်းထန်လှသည့် သေလုမျောပါး ဒဏ်ရာဒဏ်ချက်များဖြင့် ကမ္ဘာမြေပြင် ပေါ်သို့ ပြုတ်ကျလာကြလေသည်။

All Chapters