အခန်း (၃၉၂)
Vol. 39 Ch. 392
"ငါ မေ့တော့မလို့ပဲ... ဒီနေ့ ရှာဝမ်ရွှီက မင်းကိုရှာဖို့ ဆေးခန်းကို ရောက်လာခဲ့တယ်။ နောက်ရက်အနည်းငယ်အတွင်း ကျင်းပမယ့် ယန်အိမ်တော် မွေးနေ့ပွဲကို မင်း မဖြစ်မနေ တက်ရောက်သင့်တယ်လို့ သူက အတင်းအကျပ် ပြောသွားသေးတယ်။ မင်းနဲ့ သူနဲ့က ဘယ်တုန်းက တွေ့ဖူးတာလဲ"
ယီပိုင်မင်းက ရှာဝမ်ရွှီ ရောက်လာသည့်အကြောင်းကို ယွင်ရှန်းအား ပြောပြလိုက်သည်။ သူ၏ စကားလုံးများထဲတွင် စူးစမ်းလိုသည့် အရိပ်အယောင်များ ပါဝင်နေသော်လည်း သူတို့နှစ်ဦးကြား ဖြစ်ပျက်ခဲ့သည့် အားပြိုင်မှုများနှင့် တစ်ဦးကိုတစ်ဦး အထင်သေးခဲ့ကြသည့် အကြောင်းအရာများကိုမူ သူမအား ထိန်ချန်ထားခဲ့သည်။
ရှာဝမ်ရွှီက ငါ့ကို ယန်အိမ်တော် မွေးနေ့ပွဲကို မဖြစ်မနေ တက်ခိုင်းတယ် ဟုတ်လား အဲဒီပွဲမှာ တစ်ခုခု အရေးကြီးတာတွေ ဖြစ်ပျက်တော့မှာမို့လို့လား
ယွင်ရှန်းသည် စောင်းတီးနေရင်း ထိုသတင်းကို ကြားလိုက်ရသဖြင့် သူမ၏ လက်အစုံမှာ တုန်ယင်သွားကာ စည်းချက်လွတ်သွားခဲ့သည်။ စူးရှလှသော စောင်းကြိုးများသည် ယွင်ရှန်း၏ ဖြူစင်နုနယ်သော လက်ချောင်းလေးများကို ရှတ်မိသွားပြီး ဒဏ်ရာရရှိစေခဲ့သည်။
ယီပိုင်မင်း၏ မျက်မှောင်များ အနည်းငယ် တင်းမာသွားပြီး ယွင်ရှန်း၏ လက်ချောင်းများကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ သူမ၏ လက်ချောင်းပေါ်မှ နီရဲသော သွေးစလေးမှာ သိသာစွာ ပေါ်ထွက်လာတော့သည်။ ယွင်ရှန်းက ဘာမှမဖြစ်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း သူမတွင် ရှင်နုန်ဆေးဘက်ဝင်လက်ပတ် ရှိသဖြင့် ဤမျှ ဒဏ်ရာအသေးအဖွဲမှာ စိုးရိမ်စရာမရှိပေ မည်သူကမှ ထင်မှတ်မထားသော အပြုအမူတစ်ခုကို ယီပိုင်မင်းက လုပ်ဆောင်လိုက်သည်။
နွေးထွေးပြီး စိုစွတ်သော အထိအတွေ့တစ်ခုက သူမ၏ လက်ထိပ်လေးဆီသို့ ရောက်ရှိလာသည် ယီပိုင်မင်း၏ နူးညံ့သော နှုတ်ခမ်းအစုံသည် သူမ၏ လက်ချောင်းပေါ်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ လျှာဖျားလေးဖြင့် သူမ၏ လက်ချောင်းပေါ်မှ ဒဏ်ရာကို လျက်ပေးနေသည်။
ထူးဆန်းသော ခံစားချက်တစ်ခုက ယွင်ရှန်း၏ နှလုံးသားအောက်ခြေမှ ပျံ့နှံ့လာခဲ့သည်။ ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်။
"ရှင်... ရှင် ဘာလုပ်တာလဲ"
ယွင်ရှန်းမှာ ရှက်လည်းရှက်၊ စိတ်လည်း လှုပ်ရှားသွားသဖြင့် အော်ဟစ်မိတော့သည်။
"မလှုပ်နဲ့... မယ်တော်ကြီး သက်ရှိထင်ရှား ရှိစဉ်တုန်းကလည်း ငါ့မှာ ဒဏ်ရာရရင် ဒီလိုပဲ ကုသပေးလေ့ရှိတယ်"
ယီပိုင်မင်းက ပြောကာ ယွင်ရှန်း၏ လက်ချောင်းပေါ်မှ သွေးစများကို စင်ကြယ်အောင် လျက်ပေးလိုက်သည်။
သူမ၏ သွေးစက်လေးများသည် မှော်သားရဲများ၏ သွေးညှီနံ့နှင့်မတူဘဲ သူမကိုယ်တိုင်ကဲ့သို့ပင် သင်းပျံ့နုနယ်သော ရနံ့လေးတစ်ခု ကိန်းအောင်းနေသယောင် ရှိသည်။ ၎င်းက ယီပိုင်မင်း၏ နှလုံးသားကို မသိမသာ လှုပ်ခတ်သွားစေသည်။
မယ်တော် ဧကရီလီအကြောင်းကို ပြောဆိုသောအခါမှသာ ယီပိုင်မင်း၏ အသံမှာ အနည်းငယ် တုန်ယင်သွားတော့သည်။ အဘယ်ကြောင့်မှန်းမသိသော်လည်း ယွင်ရှန်းသည် သူမ၏လက်ကို ပြန်လည်ဆွဲယူခြင်းမပြုခဲ့ပေ။ သူမ၏ အခြားလက်တစ်ဖက်မှာလည်း စိတ်ရိုင်းဝင်နေသည့် တောရဲတိရစ္ဆာန်လေးတစ်ကောင်ကို နှစ်သိမ့်ပေးနေသကဲ့သို့ ယီပိုင်မင်း၏ ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးနေမိသည်။
သူတို့နှစ်ဦးစလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသော်လည်း မည်သူကမှ နေရခက်ခြင်းမရှိပေ။ ယွင်ရှန်း၏ လက်ချောင်းပေါ်မှ သွေးများ တိတ်သွားသည့်အခါမှသာ ယီပိုင်မင်းသည် သူမ၏လက်ကို လွှတ်ပေးလိုက်တော့သည်။
ပြတ်တောက်သွားသော စောင်းကြိုးကို ကြည့်ရင်း ယွင်ရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူမ၏ မျက်ဝန်းများသည် တည်ငြိမ်နက်ရှိုင်းနေပြီး သာမန်ကိစ္စတစ်ခုကို ဆွေးနွေးနေသကဲ့သို့ ခပ်အေးအေးပင် ပြောလိုက်သည်။
"ကျွန်မ မသွားဘူး။ ရှင်ဆိုရင်ရော... မိသားစု စားပွဲသောက်ပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ နန်းတွင်းပွဲတွေကို ပြန်သွားရမှာကို ပျော်နိုင်ပါ့မလား"
ယီပိုင်မင်းအတွက် နန်းတော် ဆိုသည်မှာ ယွင်ရှန်းအတွက် ယန်အိမ်တော် ကဲ့သို့ပင်။ သူမအနေဖြင့် ထိုနေရာသို့ ပြန်သွားရန် ဝန်လေးနေမိသည်။ ထို့ကြောင့်လည်း ယွင်ရှန်းသည် ဆေးခန်းသို့ မသွားဘဲ သိုင်းပညာနန်းတော်ထဲ၌သာ ပုန်းအောင်းနေခြင်း ဖြစ်သည်။ ဦးလေးယန်နှင့် ဒုတိယဦးလေးတို့နှစ်ယောက်ကြားတွင် သူမ၏နားများမှာ နားပူနားဆာလုပ်ခြင်း ခံရလွန်းသဖြင့် အသားမာတောင် တက်တော့မည်ပင်။
"နန်းတော်ဆိုတာ လူတွေကို အရိုးမကျန်အောင် ဝါးမြိုပစ်တတ်တဲ့ နေရာမျိုးပါ။ ဒါပေမဲ့ ယန်အိမ်တော်ကတော့ အဲဒီလို မဟုတ်ပါဘူး။ အရင်ကဆိုရင်တော့ မင်း ယန်အိမ်တော်ကို ပြန်သွားဖို့ ငါလည်း အကြံပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီသတင်းစကားက ရှာဝမ်ရွှီဆီကလာတာဆိုတော့ အဓိပ္ပာယ်တစ်မျိုး ရှိလိမ့်မယ်။ စစ်သူကြီးယန် တစ်ခုခု ဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်"
ယီပိုင်မင်းသည် မှော်နန်းတော်အပေါ် ထားရှိသော သူ၏ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကို ခေတ္တဘေးဖယ်ထားလိုက်သည်။ ရှာဝမ်ရွှီ၏ ကောင်းကင်မြင်ကွင်းမှာ တကယ့်ကို ထိရောက်ကြောင်း သူ သိထားသည်။ ရှာဝမ်ရွှီကို သူ မနှစ်သက်သော်လည်း သူ၏ ပုဂ္ဂိုလ်ရေး အာဃာတကြောင့် ယွင်ရှန်းအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်လာမည့် အခြေအနေမျိုးကို ယီပိုင်မင်း အဖြစ်မခံနိုင်ပေ။
ယွင်ရှန်းအတွက်မူ ယန်အိမ်တော်သည် သူမ၏ ဇာစ်မြစ်ပင်။ ယွင်ရှန်းသည် များသောအားဖြင့် ခေါင်းမာတတ်သော်လည်း စိတ်ထားနုနယ်သူဖြစ်ကြောင်း ယီပိုင်မင်း ကောင်းစွာ နားလည်ထားသည်။ သူမ၏ စိတ်နေစိတ်ထားမှာ စစ်သူကြီးယန်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ သူမက ယန်အိမ်တော်ကို မနှစ်သက်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေသော်လည်း အရင်က တန်ယုကို ကူညီပေးခဲ့ပုံကို ကြည့်ခြင်းအားဖြင့် သူမ၏ နှလုံးသားထဲတွင် ယန်အိမ်တော်အတွက် ပေးထားသည့် နေရာမှာ ရှောင်စီးအန်း ဆေးခန်းထက်ပင် မနည်းနိုင်ကြောင်း သိသာလှသည်။
"ဆိုလိုတာက... စစ်သူကြီးယန်ရဲ့ ဒီတစ်ကြိမ် မွေးနေ့ပွဲမှာ မတော်တဆမှု တစ်ခုခု ဖြစ်နိုင်တယ်လို့ ရှင် ဆိုလိုတာလား"
ထိုစကားကို ကြားလိုက်ရသောအခါ ယွင်ရှန်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
"တစ်ခုခုဖြစ်လာမှ နောင်တရနေတာထက်စာရင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းပါတယ်။ မင်းအနေနဲ့ ယန်မိသားစုရဲ့ မျိုးဆက်တစ်ခုအနေနဲ့ မသွားချင်ဘူးဆိုရင်တောင် ဝူရွှမ်းဝူကျီခန်းမရဲ့ ကိုယ်စားလှယ်အမည်နဲ့ သွားလို့ရတာပဲ"
ယီပိုင်မင်းက သတိပေးလိုက်သည်။
စစ်သူကြီးယန်ပါးဟိုနှင့် ဝူရွှမ်းဝူကျီခန်းမတို့၏ ဆက်ဆံရေးမှာ သာမန်မဟုတ်ပေ။ နန်းတော်ဒုတိယအုပ်ချုပ်ရေးမှူး ကျန့်လီကိုယ်တိုင်မှာလည်း ယန်ပါးဟိုကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျန့်လီသည် ဤမွေးနေ့ပွဲသို့ မလွဲမသွေ တက်ရောက်မည်မှာ သေချာလှသည်။
ယွင်ရှန်းသည် ခေတ္တမျှ စဉ်းစားနေသော်လည်း ဝေခွဲမရဖြစ်နေဆဲပင်။
အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ရာ မကြာမီမှာပင် ယန်ပါးဟို၏ အသက် ၆၀ ပြည့်မွေးနေ့ပွဲကြီးသို့ ရောက်ရှိလာတော့သည်။ မွေးနေ့ပွဲကျင်းပသည့်နေ့တွင် ယန်အိမ်တော်တစ်ခုလုံးမှာ ပျော်ရွှင်စရာ အောင်ပွဲခံသံများဖြင့် ပြည့်နှက်နေသည်။
ယန်ပါးဟိုကိုယ်တိုင်မှာလည်း မွေးနေ့ရှင်နှင့် လိုက်ဖက်မည့် ဝတ်စုံသစ်ကို စောစီးစွာ ဝတ်ဆင်ထားသည်။ တစ်နှစ်ပတ်လုံး စစ်မြေပြင်တွင် သံချပ်ကာဝတ်စုံနှင့်သာ နေသားကျနေသူဖြစ်ရာ ယခုကဲ့သို့ သာမန်ဝတ်စုံဝတ်ထားရခြင်းကို သူက အတော်လေး နေရခက်နေပုံပင်။
သိုင်းသူရဲကောင်း စစ်သူကြီးကြီး၏ အသက် ၆၀ ပြည့်ပွဲဖြစ်သဖြင့် လာရောက်ဂါရဝပြု ဆုတောင်းပေးသူများမှာ မြစ်ရေအလား အဆက်မပြတ် စီးဝင်လာနေကြသည်။ သို့သော်လည်း ယန်ပါးဟို၏ စိတ်ထဲတွင်မူ သူ၏မြေးမလေး ယွင်ရှန်းတစ်ယောက် မိသားစုကို ပြန်လည်အသိအမှတ်ပြုရန် ရောက်လာမလားဆိုသည်ကိုသာ တိတ်တဆိတ် မျှော်လင့်နေမိသည်။
ယန်ချန်းလန်လည်း အမြန်ပြန်ရောက်လာခဲ့သော်လည်း သူသည် စစ်သူကြီးအိမ်တော်မှ ခွဲထွက်သွားခဲ့သူဖြစ်ရာ ဧည့်သည်တော်များကို အိမ်ရှင်အဖြစ် ထွက်၍ မကြိုဆိုပေ။ ထိုအစား ယန်ချန်းရွှယ်ကသာ အိမ်တော်၏ အိမ်ရှင်မနေရာကို ယူ၍ အရပ်မျက်နှာအသီးသီးမှ ဧည့်သည်တော်များကို ပြုံးရွှင်စွာ ကြိုဆိုနေတော့သည်။
"ဘာလို့ မင်းတစ်ယောက်တည်း ဖြစ်နေတာလဲ"
ယန်ချန်းလန် တစ်ဦးတည်း ရောက်လာသည်ကို မြင်သောအခါ ယန်ပါးဟိုမှာ မကျေမနပ်ဖြစ်သွားပြီး သူ၏မုတ်ဆိတ်မွှေးများ တလှုပ်လှုပ်ဖြင့် မေးမြန်းလိုက်သည်။
"အမဲလိုက်တပ်ဖွဲ့က ညီအစ်ကိုတွေကတော့ အပြင်မှာ ရှိနေကြပါတယ်။ လူတွေ အရမ်းများနေတော့ သူတို့က အတွင်းထဲထိ မဝင်ရဲကြဘူးတဲ့"
ယန်ချန်းလန်က ပြန်ဖြေသည်။
ယန်ပါးဟိုမှာ သူ၏မုတ်ဆိတ်ကို ခါယမ်းကာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။ သူတို့စကားပြောနေစဉ်မှာပင် တံခါးစောင့်ဖြစ်သူ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။"ဧည့်သည်တော်များ ရောက်ရှိလာပါပြီ။ အကြီးအကဲချန်နှင့် မိသားစုဝင်များ ရောက်ရှိလာပါပြီ"
ထိုအသံကို ကြားသည်နှင့် ယန်ပါးဟို၏ မျက်နှာမှာ ပို၍ပင် မှောင်မှောင်မည်းမည်း ဖြစ်သွားတော့သည်။
"လာသင့်တဲ့သူက မလာဘဲ မလာသင့်တဲ့သူတွေက ရောက်လာကြပြန်ပြီ"
သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သို့သော်လည်း အကြီးအကဲချန်မှာမူ ဝမ်းသာအားရ ဂုဏ်ပြုသည့် မျက်နှာပေးဖြင့် "စစ်သူကြီးယန်... ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်။ ဒီလက်ဆောင်အနည်းငယ်က ကျွန်တော့်ရဲ့ လေးစားမှုကို အပြည့်အဝ မဖော်ပြနိုင်ပေမဲ့ လက်ခံပေးပါဦး" ဟု ပြောကာ ဝင်ရောက်လာသည်။
အကြီးအကဲချန်၏ နောက်ကွယ်တွင်မူ သူ၏ သားစဉ်မြေးဆက်တစ်သိုက်လုံး ပါဝင်လာကြရာ ထိုသူများထဲတွင် အထက်မြက်ဆုံးမှာ နောင်တစ်ချိန်တွင် အိမ်ရှေ့မင်းသမီးဖြစ်လာမည့် ချန်လျန်လျန်ပင်။
ငါက ဒီမှာ မွေးနေ့ပွဲကျင်းပနေတာကို မင်းက မင်းရဲ့ သားမြေးတစ်သိုက်လုံးကို အုပ်စုလိုက်ကြီး ခေါ်လာတယ်ပေါ့... မင်း ဘာကို ဆိုလိုချင်တာလဲ။
ယန်ပါးဟိုသည် ဤမြင်ကွင်းကို ကြည့်ရင်း ဒေါသများ တလိပ်လိပ် တက်လာတော့သည်။
အကြီးအကဲချန်သည် ဂုဏ်ပြုစကားများ ပြောကြားပြီးနောက် ဟိုဟိုဒီဒီ ကြည့်ရှုရင်း ဟန်ဆောင်မေးမြန်းလိုက်သည်မှာ "ဟင်... ဧကရာဇ်မင်းမြတ်ကို မတွေ့ပါလား။ မိဖုရားခေါင်ကြီးလည်း ကြွမလာဘူးလား ကြည့်ရတာ အိမ်ရှေ့မင်းသားတောင် ရောက်မလာသေးဘူး ထင်တယ်"
အဆင့်မြင့် အရာရှိကြီးတစ်ဦး၏ မွေးနေ့ပွဲတွင် ကျိုးဧကရာဇ်ကိုယ်တိုင် ကြွရောက်ခြင်းမရှိဘဲ နန်းတွင်းမှ မိန်းမစိုးတစ်ဦးမှတစ်ဆင့် လက်ဆောင်သာ ပေးပို့လိုက်ခြင်းမှာ တန်ယု၏ ကိစ္စကြောင့် ယန်မိသားစုအပေါ် သက်ရောက်မှုမှာ မသေးလှကြောင်း သိသာနေသည်။
ယန်ပါးဟို၏ မျက်နှာမှာ ညှိုးနွမ်းသွားပြီး ဒေါသများ ပေါက်ကွဲထွက်တော့မည့်ဆဲဆဲမှာပင် တံခါးစောင့်၏ ကြေညာသံကို ရုတ်တရက် ကြားလိုက်ရပြန်သည်။
"ဧည့်သည်တော်များ ရောက်ရှိလာပါပြီ။ တော်ဝင်ကိုယ်လုပ်တော်ကြီး ဝမ်ရန်ကြွရောက်လာပါပြီ"
နန်းတွင်းက ကိုယ်လုပ်တော်ကြီးလား။
ဤကိုယ်လုပ်တော်ကြီး ဝမ်ရန်သည် မိဖုရားခေါင်ကြီးပြီးလျှင် ကျိုးဧကရာဇ်၏ အချစ်ဆုံးဖြစ်ပြီး သားတော်များကိုပါ ဖွားမြင်ပေးထားနိုင်သူဖြစ်သည်။ သူ၏မိသားစုမှာ ယွီကျင်းမြို့တွင် မင်းစိုးရာဇာမျိုးနွယ် ဖြစ်သော်လည်း ကိုယ်လုပ်တော်ကြီးသည် များသောအားဖြင့် လူသိမခံဘဲ နေတတ်သူဖြစ်ရာ ယခုကဲ့သို့ ယန်အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခြင်းမှာ အလွန်ပင် ရှားပါးလှသော ကိစ္စတစ်ခု ဖြစ်နေသည်။
"စစ်သူကြီးဟောင်းကြီးရဲ့ မွေးနေ့ပွဲအတွက် ကျွန်မက တောင်ပင်လယ်က ထွက်တဲ့ ကျောက်စိမ်းသန္တာပင်ကို အထူးလက်ဆောင်အဖြစ် ယူဆောင်လာခဲ့ပါတယ်"
ဆွဲဆောင်မှုရှိသော အလှပိုင်ရှင် ကိုယ်လုပ်တော်ကြီး ဝမ်ရန်က ပြောလိုက်သည်။ သူမ၏ ရုပ်ရည်မှာ ဝမ်ရန်ရွှီနှင့် ခုနစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်းခန့် တူညီလှသည်။
တကယ်တော့ သူမ လာရောက်ရခြင်းမှာ သူမ၏ မောင်ဖြစ်သူ ဝမ်ရန်ရွှီကြောင့်ပင်။ သူမ၏ ပြဿနာရှာတတ်သော မောင်ဖြစ်သူက “ ယန်မိသားစုက ယွင်ရှန်းက သူ့ကို အများကြီး ကူညီပေးခဲ့ဖူးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ယန်မိသားစုကို ကူညီပေးပါ” ဟု အရင်ကတည်းက တောင်းဆိုထားခဲ့ဖူးသောကြောင့်ပင်။
ဧကရာဇ်နှင့် မိဖုရားတို့ ရောက်မလာသော်လည်း တော်ဝင်ကိုယ်လုပ်တော်ကြီးတစ်ဦး ရောက်ရှိလာခြင်းက ယန်ပါးဟိုအတွက် မျက်နှာပန်းလှစေခဲ့သည်။ အကြီးအကဲချန်က နှာခေါင်းရှုံ့လိုက်သော်လည်း ယန်ပါးဟိုမှာမူ သူ၏ကျောကို ပို၍ မတ်မတ်ဆန့်လိုက်တော့သည်။
ကိုယ်လုပ်တော်ကြီး ဝမ်ရန်ကို အိမ်တော်အတွင်းသို့ ဖိတ်ခေါ်ပြီးသည်နှင့် နောက်ထပ် ကြေညာသံတစ်ခု ထွက်ပေါ်လာပြန်သည်။
"ဂုဏ်ပြုလက်ဆောင်များ ရောက်ရှိလာပါပြီ။ ယွီကျင်းမြို့ အမဲလိုက်စစ်သည်တော်များ မဟာမိတ်အဖွဲ့မှ မွေးနေ့လက်ဆောင် ပေးပို့လာပါတယ်"
ဤလက်ဆောင်မှာ ယန်ချန်းလန်နှင့် ယန်ယွင်တို့၏ ဆက်နွှယ်မှုကြောင့် ရောက်ရှိလာခြင်းပင်။
အမဲလိုက်စစ်သည်တော်များ မဟာမိတ်အဖွဲ့ကပါ ယန်မိသားစုနဲ့ ပတ်သက်နေတာလား။
လာရောက်ကြသည့် ဧည့်သည်တော်များမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြတော့သည်။ ယိမ်းယိုင်နေပြီဟု သတင်းထွက်နေသော စစ်သူကြီးအိမ်တော်၏ နောက်ကွယ်တွင် ဤမျှ တောင့်တင်းသော အဆက်အသွယ်များ ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ကြပေ။