အခန်း (၃၉၃)
Vol. 39 Ch. 393
ရုတ်တရက်ပင် ဟိန်းထွက်လာသော အသံတစ်သံကို ကြားလိုက်ရသည်။
"ဝူကျိ ကုန်သွယ်ရေးအဖွဲ့မှ နှစ်တစ်ထောင်သက်တမ်းရှိ နက်နဲသော နှင်းဂျင်ဆင်းကို မွေးနေ့လက်ဆောင်အဖြစ် ပေးပို့လာပါတယ်"
ဝူကျိ ကုန်သွယ်ရေးအဖွဲ့ ဟုတ်လား။
ယန်ပါးဟိုအနေဖြင့် သူတို့နှင့် မည်သည့်အချိန်တွင် အဆက်အသွယ် ရှိခဲ့သည်ကို စဉ်းစား၍ မရပေ။ သို့သော် လက်ဆောင်ပစ္စည်း များပြားနေခြင်းမှာ ငြင်းပယ်စရာကိစ္စမဟုတ်သဖြင့် လောလောဆယ် လက်ခံထားလိုက်ရုံသာ ရှိတော့သည်။ ဘေးနားရှိ အကြီးအကဲချန်၏ ရှုံ့မဲ့နေသော မျက်နှာထားကို ကြည့်ရင်း ယန်ပါးဟိုမှာ ကောင်းမွန်လှသော ဝိုင်အရက် ဆယ်အိုးခန့် သောက်လိုက်ရသည်ထက်ပင် ပို၍ စိတ်ကျေနပ်မှု ရနေတော့သည်။
"ဧည့်သည်တော် ရောက်ရှိလာပါပြီ။ မှော်နန်းတော်မှ စီမင်ရှား မွေးနေ့လက်ဆောင်နှင့်အတူ ကြွရောက်လာပါပြီ"
ရှာဝမ်ရွှီသည် စည်ကားလှသော စစ်သူကြီးအိမ်တော်အတွင်းသို့ ဝင်ရောက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ယွင်ရှန်းကို မတွေ့ရသဖြင့် သူ၏မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်။
ဧည့်သည်တော်များနှင့် လက်ဆောင်များမှာ လှိုင်းလုံးများပမာ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြသည်။ အိမ်တော်တံခါးဝတွင် ဧည့်သည်များ မပြတ်သော်လည်း ယန်ပါးဟိုမှာမူ သူ အမျှော်လင့်ဆုံးသော လူကို မတွေ့ရသေးပေ။ ပွဲစရန် နီးကပ်လာသည်နှင့်အမျှ သူသည် ပို၍ စိတ်မရှည် ဖြစ်လာတော့သည်။ အိမ်တော်အတွင်းသို့ ဝင်လာသမျှ ဧည့်သည်အသစ်တိုင်းကို သူ၏အိုမင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေပုံမှာ ထိုသူတို့က သူ၏သားကိုသတ်၊ ဇနီးကို လုယူထားသည့် ရန်သူကြီးများအလားပင်။ ထိတ်လန့်သွားကြသော ဧည့်သည်များမှာလည်း မျက်နှာလေးများ ပျက်လျက် ကျောထဲ စိမ့်တက်သွားကာ သူတို့နေရာတွင် အသာအယာ ဝင်ထိုင်နေကြရရှာသည်။
မွေးနေ့စားပွဲကြီး စတင်တော့မည့်အချိန်၌ အပြင်ဘက်တွင် ဧည့်သည်များမှာ ကျဲပါးသွားပြီဖြစ်သည်။ ယန်ပါးဟိုသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏နေရာတွင် ထိုင်ရန် ပြင်လိုက်စဉ်မှာပင် တံခါးစောင့်၏ အော်ဟစ်သံကို ထပ်မံကြားလိုက်ရပြန်သည်။
"ဝူရွှမ်းဝူကျီခန်းမမှ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တပည့်များ မွေးနေ့ပွဲ တက်ရောက်ရန် ရောက်ရှိလာပါပြီ"
ကျန့်လီသည် သိုင်းပညာနန်းတော်မှ တပည့်အချို့ကို ဦးဆောင်ကာ အားမာန်ပါပါ ဝင်ရောက်လာသည်။ ယန်ပါးဟိုသည် သူတို့ကို မြင်သည်နှင့် တစ်ပြိုင်နက် သူ၏အိုမင်းသော မျက်ဝန်းအစုံမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။
ယွင်ရှန်းက အဲဒီတပည့်တွေထဲမှာ ပါနေမလား။
ယန်ပါးဟို၏ နှလုံးသားထဲတွင် ဝမ်းသာအားရဖြစ်သွားကာ ဧည့်သည်များကို ကြိုဆိုရန် အမြန်ပြင်လိုက်သည်။ အရင်က ခံစားခဲ့ရသော စိတ်ပျက်မှုများမှာလည်း ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားတော့သည်။
ကျန့်လီ၏ နောက်ကွယ်တွင်မူ သူ၏ အချစ်တော်တပည့်များဖြစ်သည့် ဝူကျိ ပါရမီရှင် သုံးဦး ယီပိုင်မင်း၊ ပုကျိုရှောင်၊ ချန်ပိုင်တို့နှင့်အတူ ယွင်ရှန်းနှင့် အခြား အမျိုးသမီးတပည့်အချို့ ပါဝင်လာကြသည်။
ယန်ချန်းလန်သည် သူ၏တူမလေးကို မြင်သောအခါ အလွန်ဝမ်းသာသွားသော်လည်း ယန်ချန်းရွှယ်၏ မျက်နှာမှာမူ မှောင်မှောင်မည်းမည်း ဖြစ်နေဆဲပင်။
"စစ်သူကြီးဟောင်းကြီး... ကျန့်လီ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပေးပါဦး"
ထိုသို့ပြောကာ ကျန့်လီက ဂုဏ်ပြုလက်ဆောင်ကို ကမ်းပေးလိုက်သည်။
"ရောက်လာရင်ပဲ တော်လှပြီ ဘာလို့ လက်ဆောင်တွေ ယူလာနေသေးတာလဲ။ ငါတို့အားလုံးက မိသားစုတွေပဲ မိသားစုတွေ"
ယန်ပါးဟို၏ အိုမင်းသော မျက်နှာမှာ ဂန္ဓမာပန်းတစ်ပွင့်ပွင့်လာသကဲ့သို့ ပြုံးရွှင်သွားပြီး သူ၏ သံမဏိလက်ဝါးကြီးများဖြင့် ကျန့်လီ၏ ပုခုံးကို အားပါပါ ပုတ်လိုက်သည်။ သူ၏ မျက်လုံးများကမူ သူ၏မြေးမလေးကိုသာ မပြတ်ကြည့်နေတော့သည်။
ကျန့်လီခမျာမှာတော့ အားပါပါ အပုတ်ခံလိုက်ရသဖြင့် မျက်စိထဲ ကြယ်စင်များပင် မြင်သွားရပြီး မျက်နှာမှာ သနားစဖွယ် အမူအရာ ဖြစ်သွားရှာသည်။
ယွင်ရှန်းကမူ တစ်ဖက်သို့ လှည့်ကြည့်ကာ ဘာမှမသိသလို ဟန်ဆောင်နေသည်။ သူမသည် ယနေ့တွင် လာရန်၊ မလာရန် စိတ်ထဲ၌ များစွာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် ကျန့်လီ၏ တိုက်တွန်းမှုကြောင့်သာ မတတ်သာဘဲ လိုက်လာခဲ့ခြင်းပငအ။ ယွင်ရှန်းသည် ယန်ပါးဟို၏ ကျန်းမာရေးအတွက် စိုးရိမ်နေခဲ့သော်လည်း ယခုအခါ သူမကို မြင်သဖြင့် တက်ကြွရွှင်လန်းနေသော အဘိုးဖြစ်သူကို ကြည့်ရသည်မှာ အန္တရာယ်ရှိမည့်သူနှင့် လုံးဝ မတူပေ။
ယွင်ရှန်းမှာ ဝေခွဲမရဖြစ်သွားပြီး သူမ၏ လှပသော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ရှာဝမ်ရွှီထံမှ အမှန်တရားကို မေးမြန်းရန် ကြံရွယ်လိုက်စဉ် ရှာဝမ်ရွှီ၏ ကြင်နာသောအပြုံးနှင့် ဆုံတွေ့လိုက်ရသည်။ သို့သော်လည်း မည်သူကမှ ထင်မှတ်မထားဘဲ ယီပိုင်မင်းက သူမ၏ရှေ့တွင် မသိမသာ ဝင်ပိတ်ရပ်လိုက်ပြီး ရှာဝမ်ရွှီ၏ အကြည့်ကို လုံးဝ ကွယ်ပစ်လိုက်သည်။
ကျန့်လီနှင့် သူ၏တပည့်များမှာ သူတို့နေရာတွင် တစ်ဦးပြီးတစ်ဦး ဝင်ထိုင်လိုက်ကြသည်။ ယနေ့ စစ်သူကြီးအိမ်တော်၏ မွေးနေ့ပွဲကို အလွန်သေသပ်စွာ ပြင်ဆင်ထားပြီး မြို့ထဲမှ အကျော်ကြားဆုံး ကပြဖျော်ဖြေရေးအဖွဲ့ကိုပင် ခေါ်ယူကာ အိမ်ရှေ့ကွင်းပြင်၌ စင်မြင့်တစ်ခု ဆောက်လုပ်ထားသည်။
ဧည့်သည်တော်များ နေရာတကျ ရှိသွားပြီး အဖျော်ယမကာများ တည်ခင်းပြီးချိန်၌ ယန်ပါးဟိုသည် စားပွဲကြီးစတင်ရန် ကြေညာတော့မည့်ဆဲဆဲမှာပင်။
"ဧည့်သည်တော် ရောက်ရှိလာပါပြီ" ဟူသော ရှည်လျားလှသည့် ကြေညာသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
သို့သော်လည်း တံခါးစောင့်ဖြစ်သူမှာ အလျင်အမြန် ပြေးဝင်လာပြီး ဦးလေးယန်၏ နားနားသို့ ကပ်၍ တိုးညင်းစွာ ပြောကြားလိုက်သည်။
ထိုစကားကို နားထောင်ပြီးနောက်တွင်မူ ဦးလေးယန်၏ ပျော်ရွှင်မြူးထူးနေသော မျက်နှာထက်၌ ချက်ချင်းပင် လေးနက်တည်ကြည်မှုများ ဖုံးလွှမ်းသွားတော့သည်။ သူသည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ယန်ပါးဟိုထံသို့ လျှောက်လှမ်းသွားကာ စကားအနည်းငယ် ကပ်ပြောလိုက်ပြန်သည်။
ယွင်ရှန်းတစ်ယောက် ယန်ပါးဟို၏ မျက်နှာအမူအရာမှာလည်း ခဏချင်းအတွင်း၌ မှောင်မှောင်မည်းမည်း ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။
"ဟောက်ချင်ရဲ့ မင်းသားနဲ့ ထျန်းချွဲကျီက ဒီကို ဘာလာလုပ်တာလဲ"
ယန်ပါးဟိုက အသံကို နှိမ့်၍ ပြောဆိုလိုက်သော်လည်း အနားတွင် ထိုင်နေကြသူများမှာမူ အတိုင်းသား ကြားလိုက်ရသည်။ အောက်ဘက်စားပွဲများ၌ ထိုင်နေကြသည့် ယန်ချန်းလန်နှင့် အခြားသိုင်းသမားများသည်လည်း သောက်လက်စ ခွက်များကို ချထားလိုက်ကြပြီး လှုပ်ရှားမှုအားလုံး ရပ်တန့်သွားကြတော့သည်။
"ဟောက်ချင်ပြည်ထောင်စုရဲ့ မင်းသား ကြွရောက်လာပါပြီ"
ရုတ်တရက် အော်ဟစ်ကြေညာသံ ထွက်ပေါ်လာသည်။ ယန်အိမ်တော်တစ်ခုလုံးမှာ ပထမ၌ ဆူညံသွားပြီးနောက်တွင်မူ သေလောက်အောင် တိတ်ဆိတ်သွားတော့သည်။
ယန်အိမ်တော်က ဘယ်အချိန်ကစပြီး ဟောက်ချင်နဲ့ အဆက်အသွယ် ရှိသွားခဲ့တာလဲ။
စောစောက မျက်နှာပျက်နေသည့် အကြီးအကဲချန်မှာမူ ယန်ပါးဟိုအနေဖြင့် မည်သို့သော ပြဇာတ်ခင်းမည်ကို ကြည့်ရှုရန် ချက်ချင်းပင် စိတ်ဝင်တစား ဖြစ်လာတော့သည်။ ယန်အိမ်တော်၏ အစောင့်များမှာ ဘေးတစ်ဖက်တစ်ချက်၌ တန်းစီရပ်လိုက်ကြပြီးနောက် အရှိန်အဝါ ကြီးမားလှသော အမျိုးသားသုံးဦး ဝင်ရောက်လာကြသည်။
ဤသုံးဦးမှာ အသက်အရွယ် ကွာခြားကြသော်လည်း ဝူကျိတိုက်ကြီး၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားလှသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ အငယ်ဆုံးဖြစ်သော်လည်း မည်သူကမျှ သူ့ကို အထင်မသေးရဲကြပေ။
သူသည် ချီလင်ပုံစံပါရှိသည့် ခမ်းနားသော အနက်ရောင်ပိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး အိမ်အတွင်းမှ ထွက်ရန် အသင့်ဖြစ်နေသည့် ဓားတစ်လက်ကဲ့သို့ မတ်မတ်ရပ်နေသည်။ နဂါးတစ်ကောင်ကဲ့သို့ ကျက်သရေရှိပြီး ကျားတစ်ကောင်ကဲ့သို့ အားမာန်ပါသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသော သူ၏ မျက်ဝန်းနက်များသည် ညမှောင်မှောင်၌ပင် တောရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ တောက်ပနေကာ မီးတောက်အလား နီရဲနေသည့် ဆံနွယ်များမှာလည်း အရိုင်းဆန်လှသည်။ သူကား အခြားသူမဟုတ်ဘဲ ဟောက်ချင်၏ အမှောင်အိမ်ရှေ့မင်းသားပင်။
အလယ်၌ ပါလာသူမှာမူ တင့်တယ်လှသော အပြာရောင် ပညာရှိဝတ်ရုံကို ဝတ်ဆင်ထားသည်။ သို့သော် သူ၏ အောက်သို့ စိုက်ကျနေသည့် တြိဂံပုံစံ မျက်ဝန်းများထဲတွင်မူ ယုတ်မာကောက်ကျစ်သော အရိပ်အယောင်များ အစဉ်အမြဲ ဖြတ်ပြေးနေတတ်သည်။ သူကတော့ ရွှမ်ဝူကျိပင်။
ယန်ချန်းလန်၏ လက်သီးများမှာ တင်းတင်းဆုပ်ထားသဖြင့် အရိုးချင်းရိုက်သံများပင် ထွက်ပေါ်နေသည်။ သူ၏ အကြည့်တို့က အလယ်တွင်ရှိနေသော အမျိုးသားဆီ၌သာ စွဲမြဲနေတော့သည်။
နောက်ဆုံးမှ ဝင်ရောက်လာသူမှာ အသက်လေးဆယ်ကျော်အရွယ်၊ ကြွက်သားအမြောင်းမြောင်းဖြင့် သန်မာထွားကြိုင်းသော အမျိုးသားကြီးတစ်ဦးဖြစ်သည်။ သူ၏ ထိပ်ပြောင်ပြောင်နှင့် နဖူးပြင်ကျယ်ကြီးက ထူးခြားလှပြီး သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် အောက်ခြေရှိ ကြမ်းခင်းကျောက်ပြားများမှာ လက်မအနည်းငယ်ခန့် နစ်ဝင်သွားရသည်။
သူသည် နောက်ဆုံးမှ ဝင်လာသူဖြစ်သော်လည်း သူ၏ရောက်ရှိလာမှုက ဝိုင်းဖွဲ့ဆွေးနွေးသံများကို အကျယ်လောင်ဆုံး ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ပွဲတက်လာကြသော သိုင်းပညာရှင်များနှင့် စစ်ဗိုလ်ချုပ်များမှာ ထိုသူကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြတော့သည်။
သိုင်းပညာကို အလေးထားသော ကျိုးပြည်ထောင်စုတွင် သိုင်းသမားများ ဤမျှ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ဆိုလျှင် ထိုသူမှာ ထူးကဲသော သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်နေရပေမည်ပင်။
"ထျန်းချွဲကျီ... ဟုတ်ရဲ့လား။ ငါ မျက်စိမှားတာ မဟုတ်ဘူးမလား ဟောက်ချင်ပြည်ထောင်စုရဲ့ သိုင်းနတ်ဘုရားထျန်းချွဲကျီပဲ"
တစ်နေ့တည်းမှာပင် သိုင်းနတ်ဘုရား နှစ်ဦးကို မြင်တွေ့လိုက်ရခြင်းမှာ ပွဲတက်ရောက်လာသူများအတွက် မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခုပင်။
ထျန်းချွဲကျီ…
သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ယန်ပါးဟိုနှင့် သရေကျသည်အထိ တိုက်ခိုက်ခဲ့သူပင်။
ထိုတိုက်ပွဲကြောင့်ပင် နိုင်ငံသုံးခုကြား အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ဟုန်
မြို့တော်ရှိ ပရိယာယ်များမှာလည်း ပျက်ပြားသွားခဲ့ရသည်။
ဤအမျိုးသားသုံးဦးကို မြင်လိုက်ရချိန်တွင် ယွင်ရှန်း၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသည်။
ရှာဝမ်ရွှီ သတိပေးခဲ့တဲ့ ယန်အိမ်တော်က ကပ်ဘေးဆိုတာ... ဒါကို ပြောတာလား။ ယန်ပါးဟိုရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲမှာ ဟောက်ချင်ရဲ့ အိမ်ရှေ့မင်းသား၊ သိုင်းနတ်ဘုရား ထျန်းချွဲကျီနဲ့ သူ့ရဲ့ရန်ဘက် ရွှမ်ဝူကျိတို့ တစ်ချိန်တည်းမှာ ပေါ်လာတယ်ဆိုတာ ဘယ်လိုမှ သာမန်ကိစ္စ မဟုတ်နိုင်ဘူး။ ဒီပွဲက မွေးနေ့ပွဲ မဟုတ်တော့ဘဲ သွေးချောင်းစီးမယ့် စစ်တလင်း ဖြစ်သွားနိုင်တယ်။
"စစ်သူကြီးဟောင်းယန်... မတွေ့ရတာ ကြာပြီပဲ။ ကျန်းကျန်းမာမာ ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ခင်ဗျားရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲကို ဘာလို့ ထျန်းချွဲကျီကို အသိမပေးရတာလဲဗျာ ကျွန်တော်လည်း လာပြီး ဝိုင်တစ်ခွက်လောက် သောက်ချင်တာပေါ့"
ထိုဗလကြီးနှင့် အမျိုးသားမှာ ဟောင်းနွမ်းနေသော သူငယ်ချင်းဟောင်းတစ်ဦးကို တွေ့ရသကဲ့သို့ ယန်ပါးဟိုအား အားရပါးရ နှုတ်ဆက်လိုက်သည်။
"ညီအစ်ကိုထျန်းကတော့ နောက်ပြောင်တတ်တုန်းပဲ။ ယန်အိမ်တော်က ဝိုင်ဆိုတာ သာမန်အရည်တွေပါပဲ။ ခင်ဗျားကို ဒီလောက်အဝေးကြီးကနေ လာခိုင်းဖို့ ဘယ်အားနာပါ့မလဲ"
ယန်ပါးဟိုသည်လည်း လာသူများမှာ စေတနာကောင်းဖြင့် လာကြခြင်းမဟုတ်ကြောင်း ရိပ်မိသည်။ သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ပြုံး၍ စကားဆိုသော်လည်း သူ၏ မျက်ဝန်းများမှာမူ ကြောက်မက်ဖွယ် ကျားတစ်ကောင်ကဲ့သို့ ထက်မြက်နေတော့သည်။
ယန်ပါးဟိုနှင့် ထျန်းချွဲကျီတို့ စကားနာထိုးနေကြစဉ် အမှောင်အိမ်ရှေ့မင်းသား၏ စိတ်အာရုံမှာမူ လူတစ်ဦးကို ရှာဖွေနေခြင်း၌သာ ရှိနေသည်။ ဆင့်ခေါ်သူယန်ယွင်ဟု အမည်ရသော မိန်းကလေးမှာ ယန်မိသားစု၏ မြေးမလေးဖြစ်ကြောင်း သူ သိရှိထားပြီးဖြစ်သည်။ ကောင်းကင်မှော်ဆရာကြီး ယန်ချန်းဟိုင်ရဲ့ တစ်ဦးတည်းသော သမီးပေါ့။
ဒီနေ့လို ယန်ပါးဟိုရဲ့ မွေးနေ့ပွဲမှာ ယွင်ရှန်းမရှိဘဲ မနေပါဘူး။
ခန်းမအတွင်းရှိ ရေတွက်မကုန်နိုင်သော လူအုပ်ကြီးကြားတွင် အမှောင်အိမ်ရှေ့မင်းသား၏ အကြည့်တို့က တစ်နေရာတည်း၌သာ တန့်သွားတော့သည်။
သူမပဲ။