← Chapters

အခန်း (၃၉၄)

Vol. 39 Ch. 394

အခန်း (၃၉၄)

Vol. 39 Ch. 394

အမှောင်အိမ်ရှေ့မင်းသား၏ အကြည့်တို့သည် ယွင်ရှန်းဆီ၌သာ ဝဲနေပြီး သူ၏မျက်ဝန်းများမှာ အနည်းငယ်မျှ မှေးစင်းသွားသည်။

သူသည် ကျန့်လီ၏ နောက်ကွယ်တွင် ရပ်နေသော သိမ်မွေ့သန့်စင်သည့် မိန်းကလေးကို မြင်လိုက်ရချိန်တွင် သူမသည် အရင်က သူတွေ့ဖူးခဲ့သည့် ပုံစံနှင့် လုံးဝကွာခြားနေသော်လည်း... သူမ၏ မျက်နှာသွင်ပြင် အနေအထား၊ အထူးသဖြင့် ဘယ်တော့မှ မေ့ပျောက်နိုင်စရာမရှိသော တောက်ပလှသည့် ထိုမျက်ဝန်းအစုံ။

ဓားသွားကဲ့သို့ ထက်မြက်လှသော အမှောင်အိမ်ရှေ့မင်းသား၏ နှုတ်ခမ်းအစုံမှာ တင်းတင်းစေ့သွားပြီးနောက် ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားတော့သည်။ တစ်ခဏအတွင်းမှာပင် သူသည် ယွင်ရှန်း၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။

သူ၏ မျက်ဝန်းများအတွင်း၌ အံ့ဩမှင်သက်မှုနှင့် လောဘရိပ်တို့ တစ်ပြိုင်နက်တည်း ဖြတ်ပြေးသွားသည်။ သူ၏ နှလုံးသားမှာ ကြောင်လက်သည်းနှင့် အကုတ်ခံရသကဲ့သို့ ယားကျိကျိ ဖြစ်လာပြီး သူမအကြောင်းကို တွေးရုံမျှဖြင့်ပင် သူသည် အလွန်အမင်း စိတ်လှုပ်ရှားလာရသည်။

ထိုကဲ့သို့ ဗြောင်ကျကျ စိုက်ကြည့်ခံရခြင်းက ယွင်ရှန်းကို အတော်လေး နေရခက်စေသည်။ အမှောင်အိမ်ရှေ့မင်းသား၏ အကြည့်တို့မှာ သူမ၏ အဝတ်အစားများကို ဖယ်ခွာ၍ ကိုယ်လုံးတီးဖြစ်အောင် စိုက်ကြည့်နေသကဲ့သို့ ခံစားရသဖြင့် သူမအနေဖြင့် အရှက်တကွဲ ဖြစ်ရသည်ဟု ခံစားလိုက်ရသည်။

ယွင်ရှန်းသည် သူမ၏ နုနယ်သော မျက်နှာလေးကို ပင့်မကာ အမှောင်အိမ်ရှေ့မင်းသားအား ဒေါသတကြီး ပြန်လည်စိုက်ကြည့်လိုက်သည်။ သို့သော် အမှောင်အိမ်ရှေ့မင်းသား၏ မျက်လုံးထဲတွင်မူ ယွင်ရှန်း၏ ထိုအပြုအမူမှာ စိတ်ကောက်နေသည့်အလား ချစ်စဖွယ် ဖြစ်နေတော့သည်။ အကယ်၍ ဘေးပတ်ဝန်းကျင်၌ လူများသာ မရှိပါက သူသည် အားရပါးရပင် ရယ်မောမိတော့မည် ဖြစ်သည်။

ယန်အိမ်တော်က မြေးမလေးပဲ ဖြစ်ဖြစ် ယန်ယွင်ပဲ ဖြစ်ဖြစ်... ငါ တူကူးရှိုကတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ။

အမှောင်အိမ်ရှေ့မင်းသားက သူ၏ သားကောင်ကို ဗြောင်ကျကျ အကဲခတ်နေစဉ်မှာပင် မကျေနပ်မှုများ ပြည့်နှက်နေသည့် အကြည့်စူးစူး နှစ်ခုက သူ့ဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်လာသည်။

အမှောင်အိမ်ရှေ့မင်းသားသည် မျက်မှောင်ကြုတ်လျက် ထိုသူနှစ်ဦးကို သတိထားကြည့်လိုက်သည်။

တစ်ဦးမှာ ညကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ပင် မှောင်မိုက်ခြင်းအတွင်း၌ ဖုံးကွယ်ထားသယောင် ရှိသည်။

အခြားတစ်ဦးမှာမူ ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်ကဲ့သို့ပင် လျစ်လျူရှု၍မရနိုင်သော တောက်ပမှုမျိုးကို ထုတ်လွှတ်နေသည်။

ထိုစဉ်မှာပင် ယန်ပါးဟိုက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

"ညီအစ်ကိုထျန်းက ဝိုင်သောက်ဖို့သက်သက် လာတာဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့... အမှောင်အိမ်ရှေ့မင်းသားနဲ့ မြို့စားမင်းရွှမ်တို့ကရော ဒီကို ရေသန့်တစ်ခွက်လောက် လာသောက်ရုံပဲလား"

အားလုံး၏ အကြည့်များသည် အမှောင်အိမ်ရှေ့မင်းသားဆီသို့ ရောက်ရှိသွားကြသည်။

ကျိုးပြည်ထောင်စုနှင့် ဟောက်ချင်တို့မှာ လက်ရှိတွင် စစ်ဖြစ်ပွားနေခြင်းမျိုး မရှိသော်လည်း အခြားနိုင်ငံတစ်ခု၏ အိမ်ရှေ့မင်းသားတစ်ဦးက ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မြို့တော်အတွင်းသို့ ရောက်ရှိလာခြင်းမှာ သတိထားစရာပင်။ သို့သော် အမှောင်အိမ်ရှေ့မင်းသားမှာမူ ခပ်အေးအေးပင် ပြုံးနေသည်။ သူ၏အပြုံးမှာ ချမ်းစိမ့်ဖွယ်ကောင်းသော အေးစက်မှုမျိုး ကိန်းအောင်းနေပြီး သူ၏အကြည့်တို့က ခန်းမအတွင်းရှိ လူအုပ်ကို ဝေ့ဝဲကြည့်ရှုရင်း ယွင်ရှန်းဆီသို့ တဖန် ရောက်ရှိသွားပြန်သည်။

ယန်ပါးဟို၏ မေးခွန်းကြောင့် အမျိုးသားသုံးဦးကြားမှ အကြည့်ချင်းဆုံနေမှုမှာ ပြတ်တောက်သွားရသည်။ ယန်ပါးဟိုသည်လည်း ထျန်းချွဲကျီနှင့်အတူ ပါလာသော လူငယ်မှာ ထူးခြားသည့် အဆင့်အတန်းရှိသူဖြစ်ကြောင်း သတိထားမိသော်လည်း ထိုသူမှာ အမှောင်အိမ်ရှေ့မင်းသား ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"စစ်သူကြီးဟောင်းကြီး စိုးရိမ်မနေပါနဲ့။ ကျွန်တော် တူကူးရှို့ ဒီနေ့ ယွီကျင်းကို လာရတဲ့ အကြောင်းရင်းကတော့ ပထမအနေနဲ့ စစ်သူကြီးရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ နယ်စပ်မှာရှိတဲ့ ခရမ်းရွှေ သတ္တုကြောကိစ္စအတွက်ပါ"

အမှောင်အိမ်ရှေ့မင်းသားက သူ၏အကြည့်ကို ရုပ်သိမ်းရင်း ပြောလိုက်သည်။

ဒီမိန်းကလေးရဲ့ ဘေးနားမှာ သူမကို ကာကွယ်ပေးချင်တဲ့ ပန်းထိန်းသိမ်းသူတွေ အတော်များသားပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါ အမှောင်အိမ်ရှေ့မင်းသား သဘောကျတဲ့သူကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အတင်းအဓမ္မနည်းကို သုံးရရင်တောင် ငါ လုယူမှာပဲ။

အင်အားကြီးသူကသာ အနိုင်ရစတမ်းဆိုသည့် တောရိုင်းဥပဒေသသည် အမှောင်အိမ်ရှေ့မင်းသား အနှစ်သက်ဆုံးသော စည်းမျဉ်းပင်။

ခရမ်းရွှေ သတ္တုကြော အကြောင်းကို ကြားလိုက်ရသောအခါ ယန်ပါးဟို၏ စိတ်ထဲတွင် သံသယများ ပိုမိုကြီးထွားလာတော့သည်။

သို့သော် ယန်ပါးဟိုကတော့ တည်တည်ငြိမ်ငြိမ်ပင် "ဒီအဖိုးကြီးရဲ့ မွေးနေ့ကို ကိုယ်တိုင်လာရောက် ဂုဏ်ပြုပေးတဲ့အတွက် အိမ်ရှေ့မင်းသားကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းသားပြောနေတဲ့ ခရမ်းရွှေ သတ္တုကြောဆိုတာက ဘာကို ဆိုလိုတာလဲ"

မြေခွေးအိုကြီးကတော့ အခုထိ ဟန်ဆောင်နေတုန်းပဲ။

အမှောင်အိမ်ရှေ့မင်းသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း "စစ်သူကြီးဟောင်းကြီး... တစ်ခုခုကို ဖုံးကွယ်ထားဖို့ မလိုပါဘူး။ ကျိုးပြည်ထောင်စုရဲ့ အလိုရမ္မက်က မသေးလှဘူးပဲ။ အဲဒီ သတ္တုကြောဟာ မူလက နိုင်ငံသုံးခု အတူတူ တူးဖော်ဖို့ သဘောတူထားတာပါ။ အခုတော့ ကျိုးပြည်ထောင်စုကပဲ တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားတယ်။ ထန်းယွမ်က ဒီမတရားမှုကို သည်းခံနိုင်ပေမဲ့ ကျွန်တော်တို့ ဟောက်ချင်ကတော့ သည်းမခံနိုင်ဘူး"

ဤစကားကို ကြားလိုက်ရချိန်တွင် ခန်းမအတွင်းရှိ လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ဆူညံသွားပြန်သည်။ ခရမ်းရွှေ သတ္တုကြောကိစ္စသည် ထာဝရလျှို့ဝှက်ထား၍ ရမည့်အရာမဟုတ်မှန်း အားလုံးသိသော်လည်း ကျိုးပြည်ထောင်စုကပဲ အကုန်ရသွားသည်ဆိုသော အမှောင်

အိမ်ရှေ့မင်းသား၏ စွပ်စွဲချက်မှာ အခြေအမြစ် မရှိပေ။

အမှန်တကယ်တွင် သတ္တုကြောမှာ သုံးပုံပုံထားပြီး ငါးဆယ်ရာခိုင်နှုန်းကျော်မှာ လျှို့ဝှက်

ဆန်းပြားသူများ သို့မဟုတ် ယွင်ရှန်းတို့အဖွဲ့ လက်ထဲသို့ ရောက်ရှိနေခြင်းဖြစ်ကာ ကျန်ရှိသော ငါးဆယ်ရာခိုင်နှုန်းကိုသာ ကျိုးဧကရာဇ်နှင့် ဇူရန်တို့ သဘောတူညီချက်အရ ခွဲဝေယူထားကြခြင်းပင်။

"အိမ်ရှေ့မင်းသား တစ်ခုခု မှားယွင်းနေပုံပဲ။ ကျိုးပြည်ထောင်စုက ခရမ်းရွှေ သတ္တုရိုင်းအချို့ ရရှိခဲ့တာ မှန်ပေမဲ့ တစ်ဦးတည်း ရရှိခဲ့တာ မဟုတ်ပါဘူး။ မင်းသားအနေနဲ့ ထန်းယွမ်နိုင်ငံရဲ့ လှည့်ဖြားမှုကို ခံလိုက်ရတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက သတ္တုကြောရဲ့ ငါးဆယ်

ရာခိုင်နှုန်းကိုပဲ ရရှိခဲ့တာပါ"

ယန်ချန်းလန်က ရှေ့သို့တက်၍ အကျိုးအကြောင်း ရှင်းပြလိုက်သည်။

"စစ်သူကြီးယန်က ဘာလို့ အပြစ်ကင်းသလို လုပ်နေရတာလဲ လူအများရှေ့မှာ စကားကို ဝေ့လည်ကြောင်ပတ် လုပ်မနေပါနဲ့တော့။ ကျိုးပြည်ထောင်စုက တကယ့်ကို ကောက်ကျစ်တာပဲ။ အပေါ်ယံမှာတော့ ထန်းယွမ်က သတ္တုရိုင်း ငါးဆယ်ရာခိုင်နှုန်း ရသလိုလိုနဲ့ ကွယ်ရာမှာတော့ ခင်ဗျားတို့က စစ်တပ်လွှတ်ပြီး ထန်းယွမ်ရဲ့ မှော်သတ္တုချက်စက်ရုံကို သွေးချောင်းစီးအောင် တိုက်ခိုက်ခဲ့တယ်။ ထန်းယွမ်ခမျာမှာတော့ ဒီတစ်ကြိမ်မှာ မှော်ဆရာ တစ်ရာကျော် သေဆုံး၊ ဒဏ်ရာရ၊ ဒါမှမဟုတ် ပျောက်ဆုံးသွားရပြီး သတ္တုရိုင်းတွေလည်း အလုခံလိုက်ရတယ်။ ဒါကို ကျိုးပြည်ထောင်စုကလွဲရင် တခြားဘယ်သူက လုပ်နိုင်ဦးမှာလဲ"

အမှောင်အိမ်ရှေ့မင်းသားက ပြင်းပြင်းထန်ထန် အခိုင်အမာ ပြောလိုက်သည်။

သူသည် ဤသတင်းကို သိရှိလိုက်ရချိန်တွင် အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။ ကျိုးပြည်ထောင်စုနှင့် ထန်းယွမ်တို့သည် သူ၏ မျက်စိအောက်တွင်ပင် ခရမ်းရွှေ သတ္တုကြောကို တူးဖော်ရဲကြပြီး သူကတော့ ဘာမှမသိခဲ့ရပေ။

"လုယူခံရတယ် ဟုတ်လား"

ယွင်ရှန်းကိုယ်တိုင်ပင် လုံးဝ အံ့အားသင့်သွားရသည်။ ဤကိစ္စ၏ နောက်ကွယ်တွင် ဤကဲ့သို့သော အလှည့်အပြောင်းမျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထန်းယွမ်၏ စက်ရုံကို ဝင်ရောက်စီးနင်းပြီး သတ္တုရိုင်းတွေကို လုယူနိုင်လောက်အောင် အင်အားကြီးမားသူက ဘယ်သူဖြစ်နိုင်မလဲ

"ဒါဆိုရင် အိမ်ရှေ့မင်းသား... ဒီနေ့ ဒီကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

မွေးနေ့ပွဲပင် မစတင်ရသေးမီမှာပင် အမှောင်အိမ်ရှေ့မင်းသားနှင့် အဖွဲ့သားများကြောင့် ပျော်ရွှင်စရာ ကောင်းသော ပတ်ဝန်းကျင်မှာ ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်။ ဟောက်ချင်၏ သိုင်းနတ်ဘုရားကို ကျောထောက်နောက်ခံပြုကာ တီဟုန်မြို့မြို့စားလေးနှင့်အတူ ရောက်လာသော အမှောင်အိမ်ရှေ့မင်းသားသည် ယခုအကြိမ်တွင် အပြည့်အဝ ယုံကြည်မှုရှိနေပုံပင်။

ယန်အိမ်တော်အတွင်းရှိ လေထုမှာ တင်းမာလာတော့သည်။ တော်ဝင်ကိုယ်လုပ်တော်ကြီး ဝမ်ရန်သည် မျက်မှောင်ကြုတ်လျက် ဤသတင်းကို နန်းတော်သို့ ချက်ချင်း အကြောင်းကြားရန် သူမ၏ နောက်လိုက်များကို တိုးတိုးတိတ်တိတ် အမိန့်ပေးလိုက်သည်။

"ရိုးရိုးလေးပါပဲ။ ကျွန်တော် ဒီနေ့လာတာက ခရမ်းရွှေ သတ္တုကြောအတွက်ပဲ။ အဲဒီသတ္တုကြောက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲပဲ ရောက်သွားရောက်သွား ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော့်မှာ အခြေအနေတစ်ရပ်ပဲ ရှိတယ်... ကျိုးပြည်ထောင်စု ရရှိထားတဲ့ ခရမ်းရွှေ သတ္တုရိုင်းတွေရဲ့ တစ်ဝက်ကို ကျွန်တော် လိုချင်တယ်"

အမှောင်အိမ်ရှေ့မင်းသားက ပြတ်သားစွာ ကြေညာလိုက်သည်။

ယန်ပါးဟိုက လေးနက်သော အသံဖြင့် "အိမ်ရှေ့မင်းသား... ခင်ဗျား တောင်းဆိုတာက မဖြစ်နိုင်တာကို တောင်းဆိုနေတာပဲ။ အကယ်၍ ကျိုးပြည်ထောင်စုက ငြင်းပယ်ခဲ့ရင်ရော"

ကျိုးဧကရာဇ်သည် သတ္တုရိုင်းတစ်ဝက်ကို ပေးအပ်ရန် လုံးဝ သဘောတူမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ကျိုးနိုင်ငံတော် ဘဏ္ဍာတိုက်ထဲတွင် ရှိသမျှမှာ အားလုံးပေါင်းမှ ထိုမျှသာ ရှိသောကြောင့် ဖြစ်သည်။ အကယ်၍ အားလုံးကို အမှောင်အိမ်ရှေ့မင်းသားအား ပေးလိုက်ရပါက ကျိုးပြည်ထောင်စု၏ ကြိုးပမ်းအားထုတ်မှုများမှာ အလကား ဖြစ်သွားမည်ပင်။ ဤသတင်း ပေါက်ကြားသွားပါက ကျိုးပြည်ထောင်စု၏ သိက္ခာမှာလည်း မြေစာပင် ဖြစ်သွားပေလိမ့်မည်။

"ငြင်းမယ် ဟုတ်လား ဟဲဟဲ... စစ်သူကြီးယန်က မွေးနေ့ပွဲ ပြီးတာနဲ့ စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ချက်ချင်း ချီတက်ချင်လို့လား လွန်ခဲ့တဲ့ ရှစ်နှစ်က ဟောက်ချင်နဲ့ ထန်းယွမ်တို့ မဟာမိတ် ဖွဲ့နိုင်ခဲ့ရင်... နောက်ထပ် ရှစ်နှစ်အကြာမှာရော ဘာလို့ မဟာမိတ် ထပ်မဖွဲ့နိုင်ရမှာလဲ"

အမှောင်အိမ်ရှေ့မင်းသား၏ စကားလုံးများထဲတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်တော့မည့် ခြိမ်းခြောက်မှုများ ပါဝင်နေသည်။

အမှောင်အိမ်ရှေ့မင်းသားက ထန်းယွမ်နိုင်ငံနဲ့ ကြိုတင်ပူးပေါင်းထားကြောင်း ဘယ်သူက ထင်ထားမှာလဲ။

ခန့်မှန်းချက်သာ မမှားပါက ယခုအချိန်တွင် နှစ်နိုင်ငံစစ်တပ်များမှာ နယ်စပ်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

အမြဲတမ်း တည်ငြိမ်လှသော ယန်ပါးဟိုပင်လျှင် ယခုအခါ ချွေးစေးများ ထွက်လာတော့သည်။ နှစ်ပေါင်းများစွာအတွင်း ယန်အိမ်တော်၏ စစ်အင်အားမှာ ဝေယွမ်နယ်စားကြီး၏ လက်ထဲသို့ တဖြည်းဖြည်း ရောက်ရှိသွားခဲ့ပြီး ယခုအခါ ကျိုးပြည်ထောင်စု၏ နယ်စပ်ဒေသများကို နီရန်ယီက ထိန်းချုပ်ထားသည်။ အကယ်၍ အမှောင်အိမ်ရှေ့မင်းသား ပြောသည်မှာ အမှန်ဆိုလျှင် ကျိုးပြည်ထောင်စု၏ လက်ရှိ အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ် ကောင်းနေပြီ ဖြစ်သည်။

ယန်ပါးဟိုအနေဖြင့် စစ်တပ်ကို ဦးဆောင်၍ တောင်ဘက်သို့ ဆင်းလိုလျှင်ပင် အချိန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

"ဒါက အလွန်အရေးကြီးတဲ့ ကိစ္စပဲ။ အဖိုးကြီးတစ်ယောက်အနေနဲ့ ငါ့သဘောနဲ့ငါ မဆုံးဖြတ်နိုင်ဘူး။ အမှောင်အိမ်ရှေ့မင်းသား ခဏလောက် စောင့်ပေးပါ။ ငါ အခုချက်ချင်း ဧကရာဇ်မင်းမြတ်ဆီကို လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်မယ်"

ယန်ပါးဟိုက အလွန်အမင်း စိုးရိမ်တကြီး ပြောလိုက်သည်။

ယန်ပါးဟို စကားအဆုံးမှာပင် အပြင်ဘက်မှ စူးရှပြီး ရှည်လျားလှသော အော်ဟစ်ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။

"ဧကရာဇ်မင်းမြတ် ကြွရောက်လာပါပြီ"

All Chapters