← Chapters

အခန်း (၃၉၆)

Vol. 39 Ch. 396

အခန်း (၃၉၆)

Vol. 39 Ch. 396

"ဆရာကြီးထျန်းရဲ့ စကားက တကယ့်ကို မှန်ကန်လှပါတယ်။ အဲဒီတုန်းက စစ်ပွဲက နိုင်ငံသုံးခုစလုံးအတွက် ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်စေခဲ့တာပါ။ ဒီနေ့ခေတ်မှာ ဖုန်လိုင်နဲ့ ရှန်းကျူးနိုင်ငံတွေက တည်ငြိမ်အေးချမ်းနေချိန်မှာ ငါတို့နိုင်ငံသုံးခုကသာ ဒီလို ပဋိပက္ခတွေဖြစ်နေရင် တခြားသူတွေရဲ့ မလိုလားအပ်တဲ့ ချောင်းမြောင်းမှုကို ခံရပါလိမ့်မယ်"

ကျိုးဧကရာဇ်က သက်ပြင်းချရင်း ထောက်ခံလိုက်သည်။

တစ်ယောက်က အကြမ်းဖက်ပြီး ခြိမ်းခြောက် တစ်ယောက်က အနုနည်းနဲ့ စေ့စပ်... ဒီဟောကချင်က လူနှစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။

ယွင်ရှန်းသည် အရိပ်ထဲမှနေ၍ အခြေအနေကို အသာအယာ စောင့်ကြည့်နေမိသည်။ ရွှမ်ဝူကျိ၏ ညှိုးနွမ်းနေသော မျက်နှာပေါ်တွင် တစ်ပါးသူ ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့်အရိပ်အယောင်များကို သူမ လွတ်မသွားစေဘဲ သတိထားမိလိုက်သည်။

"ကျိုးဧကရာဇ်နဲ့ အမှောင်အိမ်ရှေ့မင်းသားတို့... လွန်ခဲ့တဲ့ ရှစ်နှစ်က နိုင်ငံသုံးခုကြား မပြတ်တိုက်ခိုက်နေခဲ့တဲ့ စစ်ပွဲတွေအပြီးမှာ ငြိမ်းချမ်းရေးစာချုပ်ကို ဘယ်လိုချုပ်ဆိုခဲ့လဲဆိုတာ မှတ်မိကြသေးရဲ့လား"

ထျန်းချွဲကျီက ယန်ပါးဟိုကို တစ်ချက်ဝေ့ကြည့်ရင်း စိန်ခေါ်သလို မေးခွန်းထုတ်လိုက်သည်။

လွန်ခဲ့သော ရှစ်နှစ်က နိုင်ငံသုံးခုကြား ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း အဆုံးအဖြတ်ပေးခဲ့သော တိုက်ပွဲမှာ စစ်တပ်အချင်းချင်း တိုက်ခိုက်ခြင်းမဟုတ်ဘဲ ကျိုးပြည်ထောင်စု၏ သိုင်းနတ်ဘုရား ယန်ပါးဟိုနှင့် ဟောက်ချင်၏ သိုင်းနတ်ဘုရား ထျန်းချွဲကျီတို့၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲမှာ တိုက်ကြီးတစ်ခုလုံးရှိ သိုင်းပညာရှင်များအကြား အထွတ်အထိပ်တိုက်ပွဲအဖြစ် တင်စားခံခဲ့ရပြီး နှစ်ဦးသား သရေကျခဲ့ခြင်းကြောင့် ရှစ်နှစ်တာ နယ်စပ်တည်ငြိမ်ရေးကို အာမခံပေးနိုင်သည့် ငြိမ်းချမ်းရေးစာချုပ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဒီလိုသမိုင်းဝင်ဖြစ်ရပ်ကို ဘယ်သူက မေ့နိုင်မှာလဲ။

ထျန်းချွဲကျီသည် ဤအချက်ကို အခွင့်ကောင်းယူကာ စစ်သည်တော် နှစ်သိန်းပါဝင်မည့် စစ်ပွဲအစား လူနှစ်ဦးချင်း ထိပ်တိုက်ယှဉ်ပြိုင်မှုကို အဆိုပြုလိုက်ခြင်း ဖြစ်သည်။ ကျိုးဧကရာဇ်အနေဖြင့်လည်း ဤအဆိုပြုချက်ကို လက်မခံဘဲ မနေနိုင်ပေ။ ၎င်းကို ကြားသောအခါ ယန်ပါးဟိုပင်လျှင် သက်ပြင်းအသာချလိုက်မိသည်။

ဒါဆို ဒီမြေခွေးအိုကြီးက လာပြီး ရန်စတာပေါ့... လွန်ခဲ့တဲ့ ရှစ်နှစ်ကလို ငါနဲ့အဆင့်တူတုန်းပဲလို့ သူက ထင်နေတုန်းလား။

ယန်ပါးဟိုသည် အမှန်တရားကို ကောင်းစွာ သိရှိထားသည်။ လွန်ခဲ့သော ရှစ်နှစ်က သူ၏ အဆင့်မှာ ထျန်းချွဲကျီထက် မနိမ့်ပါးရုံသာမက သူ၏ ဒုတိယသား ယန်ချန်းလန်ကို ကယ်တင်

ရန်အတွက် သူ၏ တိုက်ခိုက်ရေးစွမ်းအင်အမြောက်အမြားကို အသုံးပြုခဲ့ရသောကြောင့်သာ သရေကျခဲ့ခြင်းပင်။

"တိုက်ချင်တယ်ဆိုရင်လည်း တိုက်ရတာပေါ့... ထျန်းချွဲကျီ ငါက မင်းကို ကြောက်နေမယ်လို့ ထင်နေတာလား"

သို့သော် ယန်ပါးဟို၏ လက်ခံလိုက်သော စကားကြောင့် ခန်းမအတွင်းရှိ လူအချို့၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။

ယန်ချန်းရွှယ်၏ ခြေလက်များမှာ ရေခဲကဲ့သို့ အေးစက်သွားတော့သည်။ သွေးစွန်းသောလကဂိုဏ်းတွင် သူမ၏ဖခင် ဤမျှကြာအောင် အဆိပ်မိနေခဲ့ခြင်းမှာ ယခုကဲ့သို့သော အခြေအနေမျိုးအတွက် ဖြစ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ဦးလေးယန်၏ မျက်နှာတွင်လည်း မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပနေသည်။ စစ်သူကြီးဟောင်းကြီး၏ သိုင်းပညာအဆင့်အတန်းက မကြာသေးမီကမှ ပြောင်းလဲသွားခဲ့သည်ကို သူတစ်ဦးတည်းသာ သတိပြုမိထားခြင်းပင်။

သူသည် စစ်သူကြီးကို သတိပေးရန် ပြင်လိုက်သော်လည်း ယန်ပါးဟိုကမူ စိတ်လှုပ်ရှားစွာဖြင့် စိန်ခေါ်မှုကို လက်ခံပြီးနေပြီ ဖြစ်သည်။

ဒါကြောင့်ကိုး...

ရှာဝမ်ရွှီက တွေးတောရင်း ဖြစ်လာတော့မည့် သိုင်းနတ်ဘုရားတိုက်ပွဲကြောင့် သူ၏နှလုံးသားမှာ တုန်လှုပ်သွားရသည်။

အမှောင်အိမ်ရှေ့မင်းသားနှင့် ရွှမ်ဝူကျိတို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ရွှမ်ဝူကျိက ရှေ့သို့တစ်လှမ်းတက်ကာ "ကြီးကျယ်ခမ်းနားတဲ့ သိုင်းနတ်ဘုရားနှစ်ဦးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို မျက်မြင်တွေ့ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ဒီကနေ့ပွဲကို တီဟုန်မြို့က ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရင်ရော ဘယ်လိုလဲ စစ်သူကြီးယန်ကလည်း ကန့်ကွက်စရာမရှိဘူးဆိုတော့... ဒီလိုပဲ ဆုံးဖြတ်လိုက်ကြရအောင်။ နောက် ၁၀ ရက်အကြာမှာ စစ်သူကြီးယန်နဲ့ ထျန်းချွဲကျီတို့ ကျိုးနန်းတော်ထဲမှာ သိုင်းနတ်ဘုရားတိုက်ပွဲ ဆင်နွှဲရမယ်။ အကယ်၍ ဟောက်ချင်က နိုင်ရင် ကျိုးပြည်ထောင်စုက ခရမ်းရွှေ သတ္တုရိုင်းတွေကို ဘာစကားမှမဆိုဘဲ လွှဲပြောင်းပေးရမယ်။ အကယ်၍ ကျိုးပြည်ထောင်စုက နိုင်ရင်တော့ ဟောက်ချင်အနေနဲ့ သတ္တုကြောကိစ္စကို နောက်ထပ် ဘယ်တော့မှ မမေးမြန်းရတော့ဘူး"

ကျိုးဧကရာဇ်နှင့် အမှောင်အိမ်ရှေ့မင်းသားတို့မှာလည်း ဤဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ရန်မရှိကြပေ။ သို့ဖြင့် ယန်ပါးဟို၏ အသက် (၆၀) ပြည့် မွေးနေ့ပွဲသည် သိုင်းနတ်ဘုရားများ၏ အထွတ်အထိပ်တိုက်ပွဲ ဖြစ်လာတော့မည့် သတင်းနှင့်အတူ ပြီးဆုံးသွားခဲ့ရသည်။ ဧည့်သည်များမှာ တီးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး မနက်မိုးလင်းသည်နှင့် ဤသတင်းမှာ ကျိုးမြို့တော်တစ်ခုလုံးကို လှုပ်ခတ်သွားစေမည်မှာ သေချာလှသည်။

"ဝန်ကြီးယန်... ကျိုးပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာဟာ အခုတော့ ခင်ဗျားရဲ့ ပုခုံးပေါ်မှာပဲ ရှိပါတော့တယ်။ နန်းတွင်းမှာ အရေးကြီးကိစ္စတွေ ရှိနေတာကြောင့် ငါကိုယ်တော် ချက်ချင်းပြန်ရတော့မယ်။ ဒါကတော့ ခင်ဗျားရဲ့ ခွန်အားတွေ ပြန်လည်ပြည့်ဖြိုးဖို့အတွက် နှစ်ပေါင်း (၅၀၀) သက်တမ်းရှိတဲ့ သွေးဂျင်ဆင်းပါ"

ဧကရာဇ်သည် စိတ်ပူပေးဟန်ဆောင်ကာ ယန်ပါးဟိုအား လက်ဆောင်ပေးအပ်လိုက်သည်။ တစ်ခဏချင်းမှာပင် ယန်အိမ်တော်ကို လျစ်လျူရှုထားရာမှ ယခုကဲ့သို့ အလွန်အမင်း စိတ်ပူပြနေခြင်းမှာ ကျိုးဧကရာဇ်၏ ကောက်ကျစ်ပြီး အရေခြုံတတ်သော သဘောသဘာဝကို ပေါ်လွင်စေသည်။

ယွင်ရှန်းကမူ ဘေးမှရပ်ကြည့်ရင်း စိတ်ထဲမှ လှောင်ပြုံးပြုံးနေမိသည်။ ကျိုးဧကရာဇ်မှာ ယီပိုင်မင်းထက်ပင် ပို၍ လှည့်ဖြားတတ်ပြီး နှုတ်ခမ်းဖျားမှာ ပျားသကာ ဆမ်းထားသော်လည်း နှလုံးသားထဲတွင်မူ ဓားတစ်လက်ကို ဝှက်ထားသူ ဖြစ်သည်။

အကယ်၍ အဘိုးသာ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ရင်...

ဤအတွေးမှာ ယွင်ရှန်းသာမက ယန်အိမ်တော်ရှိ လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်နေသည့်

အရာပင်။ ယန်ချန်းလန်မှာ နှုတ်ဆိတ်နေပြီး ယန်ချန်းရွှယ်ကမူ နေမကောင်းဘူးဟု အကြောင်းပြကာ ဧည့်သည်များကိုပင် မနှုတ်ဆက်ဘဲ အရင်ဆုံး ထွက်ခွာသွားခဲ့သည်။

ကျန့်လီနှင့် အခြားသူများကို အိမ်တော်တံခါးဝအထိ လိုက်ပါပို့ဆောင်ပေးပြီးနောက် ဦးလေးယန်သည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ယွင်ရှန်းကို လှမ်း၍ တားလိုက်သည်။ "သခင်မလေးယန်... ခဏလောက် စောင့်ပါဦး ဒီအဖိုးကြီး သခင်မလေးနဲ့ ဆွေးနွေးစရာလေး တစ်ခုရှိလို့ပါ"

ယွင်ရှန်းက ဘေးသို့ ခေတ္တဖယ်ပေးလိုက်ရာ ဦးလေးယန်က အလွန်စိုးရိမ်ပူပန်နေသော မျက်နှာပေးဖြင့် "သခင်မလေး... သခင်ကြီးကို ဖျောင်းဖျပေးပါဦး သူ ထျန်းချွဲကျီနဲ့ လုံးဝ ထိပ်တိုက်မတွေ့သင့်ဘူး"

"ဦးလေးယန်... ဘာလို့ အဲဒီလို ပြောတာလဲ စစ်သူကြီးယန်က ထျန်းချွဲကျီကို မနိုင်ဘူးလို့ ထင်လို့လား အသက်အရွယ်ကြောင့် ကျင့်စဉ်အဆင့် အနည်းငယ် ကျဆင်းသွားနိုင်တယ်ဆိုပေမဲ့ သိုင်းနယ်ပယ်မှာ သူ့ရဲ့အဆင့်အတန်းက ထျန်းချွဲကျီထက် မြင့်နေတုန်းပဲ မဟုတ်လား"

ယွင်ရှန်းသည် ဦးလေးယန်၏ အမူအရာကို ကြည့်ပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။

ယနေ့ပွဲတွင် ယန်ပါးဟိုသည် အရက် လုံးဝမသောက်ဘဲ ရှောင်ကြဉ်နေသည်ကို သူမ သတိထားမိသည်။ အကယ်၍ သူမ၏ အရင်က ညွှန်ကြားချက်အတိုင်းသာဆိုလျှင် ကျန်းမာရေးမှာ ဤမျှအထိ ရုတ်တရက် ဆိုးရွားသွားစရာ အကြောင်းမရှိပေ။

"သခင်မလေးယန်... နောက်ဆုံးတစ်ခေါက် သခင်မလေး စမ်းသပ်ပေးပြီးကတည်းက ဒီအဖိုးကြီး သခင်ကြီးကို အနီးကပ် စောင့်ကြည့်ခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်က သခင်ကြီးနဲ့ သိုင်းကျင့်တဲ့အခါ သူ့ရဲ့ ချီစွမ်းအင်တွေ အားနည်းနေတာကို ကျွန်တော် သတိပြုမိတယ်။ သခင်ကြီးရဲ့ ကျန်းမာရေးမှာ ဘာတွေ မှားယွင်းနေလဲဆိုတာ သခင်မလေး နောက်တစ်ခေါက်လောက် စမ်းသပ်ပေးလို့ ရမလား"

မူလက ဦးလေးယန်သည် ဤကိစ္စကို ထုတ်မပြောရန် ကြံရွယ်ထားသော်လည်း ယခုကဲ့သို့ သိုင်းနတ်ဘုရား တိုက်ပွဲဝင်ရတော့မည်ဆိုလျှင် ယန်ပါးဟို၏ အင်အားမှာ အလွန်ပင် စိုးရိမ်စရာ ဖြစ်နေပြီ ဖြစ်သည်။

"ကျွန်မ စမ်းသပ်ပေးချင်ရင်တောင်... စစ်သူကြီးဟောင်းကြီးက အစစ်ဆေးခံချင်ပါ့မလား"

ယွင်ရှန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"နတ်ဆေးဆရာမလေးယန်.."

အခြားသူများနှင့်အတူ ထွက်ခွာသွားပြီဖြစ်သော ရှာဝမ်ရွှီသည် ပြန်ရောက်ရှိလာပြီး "စစ်သူကြီးဟောင်းကြီးကို စမ်းသပ်ပေးသင့်ပါတယ်။ ကျွန်တော် သူု့အတွက် နိမိတ်ဖတ်ကြည့်တဲ့အခါ မကြာခင်မှာ သွေးထွက်သံယို ဘေးဒုက္ခ နဲ့ ကြုံတွေ့ရနိုင်တာကို မြင်နေရတယ်"

"ဂုဏ်သရေရှိ ကံကြမ္မာရှင်လေး... ဘယ်လိုလုပ်ပြီး..."

ဘေးနားရှိ ယွီကျိနှင့် ယွီမိုတို့မှာ မျက်နှာပျက်သွားကြသည်။ ကံကြမ္မာရှင်တစ်ဦးအနေဖြင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းမှာ ကိုယ်ကိုကိုယ် ထိခိုက်စေနိုင်သည့် ကိစ္စဖြစ်သောကြောင့်ပင်။

"နင်ပဲလား အခုမှ မှတ်မိတော့တယ်။ ငါတို့ မြင်းလှည်းကို ခိုးသွားတဲ့ ကောင်မလေးပဲ အမလေး... နင်နဲ့တွေ့တိုင်း ဘာမှ ကောင်းတာမဖြစ်ဘူး။ အရင်တစ်ခေါက်ကလည်း..."

ယွီကျိသည် ယွင်ရှန်းကို သေချာကြည့်ပြီးနောက် လွန်ခဲ့သော နှစ်နှစ်ကျော်က ဆုံခဲ့သည့် မှော်ဆရာမလေးဖြစ်ကြောင်း သိသွားကာ အံ့အားသင့်သွားသည်။

နှစ်နှစ်အတွင်း သူမ၏ ရုပ်ရည်မှာ သိသိသာသာ ပြောင်းလဲသွားရုံသာမက သူမ၏ စွမ်းအားမှာလည်း ယခင်က သာမန်မှော်ဆရာမလေးဘဝမှ ယခုအခါ မှော်ဆရာကြီးအဆင့်သို့ ရောက်ရှိနေခြင်းက မှော်နန်းတော်မှ လူများအတွက်ပင် အံ့ဩစရာ ဖြစ်နေတော့သည်။

"ယွီကျိ... ပါးစပ်ပိတ်ထားစမ်း"

ရှာဝမ်ရွှီက ပြတ်ပြတ်သားသား ပြောလိုက်သည်။ ရှာဝမ်ရွှီ ဒေါသထွက်သည်ကို ခဲခဲယဉ်းယဉ်း မြင်ဖူးသော ယွီကျိမှာ ယွင်ရှန်းကို ပို၍ပင် မုန်းတီးသွားတော့သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီမင်ရှား။ ရှင်ပေးတဲ့ ကျေးဇူးကို ကျွန်မ မှတ်ထားပါ့မယ်"

ယွင်ရှန်းသည် ရှာဝမ်ရွှီ၏ စကားကြောင့် ယန်ပါးဟို၏ ကျန်းမာရေးတွင် အမှန်တကယ်ပင် ဖုံးကွယ်ထားသော အန္တရာယ်များ ရှိနေကြောင်း သဘောပေါက်သွားပြီး သူမအနေဖြင့် အဘိုးဖြစ်သူကို သေချာစွာ စမ်းသပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters