အခန်း (၃၉၇)
Vol. 39 Ch. 397
၃၉၇
ယွင်ရှန်းနှင့် ဦးလေးယန်တို့သည် စစ်သူကြီးအိမ်တော်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။
အိမ်တော်အတွင်း၌ မွေးနေ့စားပွဲသောက်ပွဲများကို သိမ်းဆည်းပြီးဖြစ်ကာ အစေခံများမှာ အုပ်စုငယ်လေးများခွဲ၍ ရင်ပြင်ကို သန့်ရှင်းရေးလုပ်နေကြသည်။ ယန်မိသားစုဝင်များကိုမူ မတွေ့ရတော့ပေ။ ဦးလေးယန်၏နောက်မှ လိုက်ပါရင်း ယွင်ရှန်းသည် အိမ်တော်၏ အတွင်းပိုင်းရှိ ယန်ပါးဟိုနေထိုင်ရာ ဝန်းထဲသို့ ရောက်ရှိလာခဲ့သည်။
စစ်သူကြီးအိမ်တော်မှာ အလွန်ကျယ်ဝန်းသော်လည်း မကြာသေးမီနှစ်များအတွင်း လူဦးရေကျဲပါးလာသဖြင့် သခင်လေးများနှင့် သခင်မလေးများ၏ ဝန်းများမှာ ခြောက်ကပ်ပြီး အထီးကျန်နေပုံပင်။ ယန်ပါးဟိုမှာ စစ်ဗိုလ်ချုပ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ရာ သူ၏နေအိမ်ဝန်းမှာ ရိုးရှင်းလှသော်လည်း မြင့်မားကျယ်ပြန့်သော ပါရာဆောသစ်ပင်ကြီးအချို့ကို စိုက်ပျိုးထားသည်။
ယွင်ရှန်း ဝန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ယန်ချန်းလန်က ယန်ပါးဟိုကို ဖျောင်းဖျနေသည့် အသံကို ကြားလိုက်ရသည်။
"ငါက ထျန်းချွဲကျီကို မနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား ဟွန်း... လွန်ခဲ့တဲ့ ရှစ်နှစ်ကလည်း သူငါ့ကို မယှဉ်နိုင်ခဲ့ဘူး။ အခု ရှစ်နှစ်အကြာမှာလည်း သူငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"
ယန်ပါးဟို၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
"ဦးလေးယန်... ဘာလို့ သူ့ကို ဒီခေါ်လာတာလဲ ဟွန်း... တစ်စုံတစ်ယောက်ကပဲ ဒီတစ်သက် ယန်အိမ်တော်ကို ခြေမနင်းတော့ဘူးလို့ ပြောခဲ့တာ မဟုတ်လား"
ယွင်ရှန်းနှင့် ဦးလေးယန်တို့ ဝင်လာသည်ကို မြင်သောအခါ ယန်ပါးဟို၏ အိုမင်းသော မျက်ဝန်းများတွင် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် မျက်နှာကို တစ်ဖက်သို့ အောင့်သက်သက်ဖြင့် လွှဲလိုက်ပြန်သည်။ သူ၏ အမူအရာမှာ သူငယ်ချင်းနှင့် ရန်ဖြစ်ထားသော ကလေးတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။
ဒီအဘိုးကြီးကတော့ အသက်ကြီးလေ ကလေးဆန်လေပါပဲလား။
ယွင်ရှန်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
"အဖိုးကြီး... ရှန့်အာက ဒီကိုရောက်နေပြီပဲ။ ဘာလို့ သူမ စိတ်မကောင်းဖြစ်မယ့် စကားတွေ ပြောနေရတာလဲ အကယ်၍ အဖိုးကြီးက သူမကို တကယ်ပဲ မောင်းထုတ်လိုက်ရင် ဒီညလည်း အိပ်မပျော်ဘဲ ဖြစ်နေဦးမှာကို ကျွန်တော် စိုးရိမ်မိတယ်"
ယန်ချန်းလန်မှာလည်း အသက်ကြီးလာလေ ပို၍ ကလေးဆန်လာသော ဖခင်ဖြစ်သူ၏ အပြုအမူကို ကြည့်ကာ ဝေခွဲမရ ဖြစ်နေရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ကို ကယ်တင်စဉ်ကပင် ယန်ပါးဟိုသည် သူ၏ ကျင့်စဉ်အဆင့်များကို ထိခိုက်ခဲ့ရသဖြင့် သိုင်းနယ်ပယ်တွင် ရှေ့ဆက်တိုးရန် ခက်ခဲနေခဲ့ကြောင်း ယွင်ရှန်းထံမှ သူ ကြားသိထားပြီးဖြစ်သည်။
စောစောက သူသည် ထျန်းချွဲကျီကို သေချာစွာ အကဲခတ်ခဲ့ရာ ထိုသူ၏ မျက်လုံးများမှာ တောက်ပနေပြီး အားအင်များ ပြည့်ဝနေသည်ကို တွေ့ခဲ့ရသည်။ ထျန်းချွဲကျီမှာ ယန်ပါးဟို
ထက် ဆယ်စုနှစ်တစ်ခုကျော်မျှ ငယ်ရွယ်ရုံသာမက ဟောက်ချင်တော်ဝင်မိသားစု၏ အထူးစောင့်ရှောက်မှုကို ခံရသူဖြစ်ရာ သူ၏ ကျင့်စဉ်အဆင့်မှာ အဆက်မပြတ် တိုးတက်နေခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် ဤနှစ်ဦး၏ တိုက်ပွဲရလဒ်မှာ အလွန်ပင် စိုးရိမ်စရာ ကောင်းနေတော့သည်။
"ကျွန်မ ဒီတစ်သက် ယန်အိမ်တော်ကို ခြေမနင်းဘူးလို့ ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ယန်မိသားစုဝင် တစ်ယောက်အနေနဲ့ ပြောတာပါ။ ဒီနေ့တော့ ကျွန်မက ဆရာဝန်တစ်ယောက် အနေနဲ့ လာတာ။ စစ်သူကြီးဟောင်းကြီးက မကြာခင်မှာ ခရမ်းရွှေ သတ္တုကြော အရေးအတွက် ကျိုးပြည်ထောင်စု ကိုယ်စားပြုပြီး သိုင်းနတ်ဘုရား ပြိုင်ပွဲဝင်ရတော့မယ် မဟုတ်လား။ အလုပ်ရှုပ်ပေမဲ့လည်း... ကျွန်မကပဲ သဘောထားကြီးစွာနဲ့ ကျန်းမာရေး စစ်ဆေးပေးပါ့မယ်"
ယွင်ရှန်းသည် ယန်ပါးဟိုနှင့် ဆက်ဆံနေရသည်မှာ ကြာပြီဖြစ်သဖြင့် အဘိုးကြီး၏ စောင်းမြောင်းပြောဆိုတတ်သော လျှာစွမ်းနှင့် ရန်စမှုများကို အသားကျနေပြီ ဖြစ်သည်။
"ဘာကျန်းမာရေး စစ်ဆေးတာလဲ ငါ စစ်ပွဲတွေ တိုက်ခဲ့တာ မင်း ထမင်းစားခဲ့တဲ့ အကြိမ်ရေထက်တောင် ပိုဦးမယ်။ အဲဒီတုန်းက ဘယ်တုန်းကမှ ဆရာဝန်နဲ့ စစ်ဆေးဖို့ မလိုခဲ့ဘူး။ ငါက အဲလောက်အထိ နုနယ်တဲ့သူ မဟုတ်ဘူး"
ယန်ပါးဟိုက ရင်ဘတ်ကို ပုတ်ကာ မကျေမချမ်း ပြန်ပြောလိုက်သည်။
"စစ်ဆေးတာကို ငြင်းနေတာကြည့်ရင်... ရလဒ်ထွက်လာလို့ အရှက်ကွဲမှာ ကြောက်ပြီး အိုမင်းမစွမ်းဖြစ်နေတဲ့ ရောဂါတွေကို ဖုံးကွယ်ထားချင်လို့လားပဲ"
ယွင်ရှန်းက ထိထိမိမိ ပြန်လည်တုံ့ပြန်လိုက်သောအခါ ထုံးစံအတိုင်းပင် ယန်ပါးဟိုမှာ ဒေါသတကြီး ဖြစ်သွားတော့သည်။
"ဘယ်သူက အိုမင်းမစွမ်း ဖြစ်နေလို့လဲ ငါက တစ်နပ်ကို ထမင်းသုံးပန်းကန် အပြည့် စားနိုင်သေးတယ်။ ကဲ... စစ်ဆေးချင်ရင် စစ်ဆေးကွာ။ ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ"
ယန်ပါးဟိုက ပြောကာ မတ်မတ်ထိုင်လျက် အစစ်ဆေးခံရန် ပြင်လိုက်သည်။ ယွင်ရှန်းသည် ရှေ့သို့တိုးကာ စစ်ဆေးမှုများကို စတင်လိုက်သော်လည်း ပုံမှန်စစ်ဆေးမှုများအရ ထူးခြားသောအချက်ကို ရှာမတွေ့ပေ။
"ဘယ်လိုလဲ ငါ့ခန္ဓာကိုယ်က အကောင်းကြီးပါကွာ။ ထျန်းချွဲကျီကို လက်သီးတစ်ချက်တည်းနဲ့ မသန်မစွမ်းဖြစ်အောင် လုပ်ပစ်လို့ရတယ်။ ငါ့မွေးနေ့ပွဲမှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့။ ဒီတစ်ခါတော့ ဟောက်ချင်နဲ့ ထန်းယွမ်တို့ နှစ်နိုင်ငံလုံးကို အရှုံးကြီး ရှုံးသွားစေရမယ်"
ယန်ပါးဟိုက ဂုဏ်ယူဝင့်ကြွားစွာ ကြုံးဝါးလိုက်သည်။
"စစ်ဆေးတာ မပြီးသေးဘူး ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ကျေနပ်မနေနဲ့ဦး"
ယွင်ရှန်းက စိတ်ပျက်လက်ပျက်ဆိုကာ ယန်ပါးဟို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ အကယ်၍ ခန္ဓာကိုယ်မှာ ဘာမှမဖြစ်ဘူးဆိုလျှင် ဘာကြောင့် စီမင်ရှားက သွေးထွက်သံယိုဖြစ်မယ့် နိမိတ်ကို မြင်ခဲ့တာလဲ။
သူမ၏ မျက်မှောင်လေးများ အနည်းငယ် တွန့်သွားပြီးနောက် သူမ၏ ကျောက်စိမ်းရိုးတွင်းခြင်ဆီ ကျင့်စဉ်စွမ်းအင်များကို ယန်ပါးဟို၏ ခန္ဓာကိုယ်အတွင်းသို့ တိုးတိတ်စွာ စီးဝင်စေလိုက်သည်။ ဤကျင့်စဉ်သည် တာအိုကျင့်စဉ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကို နူးညံ့ပျော့ပြောင်းစေကာ အာရုံခံစားမှုကို အလွန်ပင် ထက်မြက်စေသည်။
ယန်ပါးဟို၏ ကျင့်စဉ်အဆင့်မှာ အလွန်နက်ရှိုင်းလှသဖြင့် ယွင်ရှန်း၏ စွမ်းအင်များ ဝင်လာသည်နှင့် သူ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ သို့သော် ထူးဆန်းသည်မှာ ထိုစွမ်းအင်သည် ယန်ပါးဟို၏ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေသဖြင့် သူ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကပင် လမ်းဖယ်ပေးလိုက်ခြင်းပင်။
ယွင်ရှန်း၏ စွမ်းအင်များသည် ယန်ပါးဟို၏ ကြွက်သားများ၊ သွေးကြောများနှင့် ဒန်ထျန်အထိ စီးဆင်းသွားပြီးနောက် ရုတ်တရက် ယွင်ရှန်း၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားကာ အပ်နှင့် အထိုးခံလိုက်ရသကဲ့သို့ သူမ၏ လက်ချောင်းများကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်တော့သည်။
ယန်ပါးဟို၏ ခန္ဓာကိုယ်အတွင်း၌...
ယွင်ရှန်း၏ မျက်နှာအမူအရာမှာ တစ်ခဏမျှသာ ပျက်သွားခြင်းဖြစ်သော်လည်း အခန်းထဲရှိ ကျန်လူသုံးဦး၏ အကြည့်ကိုမူ မလွတ်သွားခဲ့ပေ။
ယန်ချန်းလန်သည် ယွင်ရှန်း၏ စိတ်နေစိတ်ထားကို ကောင်းစွာသိသည်။ သူမသည် အမြဲတမ်း တည်ငြိမ်သူဖြစ်ပြီး အရင်တစ်ခေါက် သူမကိုယ်တိုင်၏ လက်ဒဏ်ရာကို ကုသစဉ်ကပင် မျက်တောင်တစ်ချက် မခတ်ခဲ့သူဖြစ်သည်။ သို့သော် ယခုမူ သူမ၏ မျက်နှာမှာ သွေးဆုတ်သွားသယောင် ဖြစ်သွားခဲ့သည်။
"ရှန့်အာ... ဘယ်လိုလဲ"
ယန်ချန်းလန်က အလောတကြီး မေးလိုက်သည်။
"ကောင်မလေး... ဟန်ဆောင်မနေနဲ့။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ ဒီအဖိုးကြီးက ခံနိုင်ရည်ရှိပါတယ်"
ယန်ပါးဟိုကလည်း သူမ၏ အမူအရာကို သတိထားမိသွားသည်။
"ဒီပွဲက ဆက်တိုက်လို့ မရဘူး"
ယွင်ရှန်းသည် ယန်ပါးဟိုကဲ့သို့သော လူမျိုးရှေ့တွင် ဝေ့လည်ကြောင်ပတ် လုပ်နေ၍ မရမှန်း သိသဖြင့် တည့်တည့်ပင် ပြောချလိုက်သည်။
"ဘာလို့ တိုက်လို့မရမှာလဲ ငါ့ကိုယ်ထဲမှာ ဘာမှမဖြစ်ဘူးလေ"
ယန်ပါးဟိုမှာ သူမ၏ ဆေးပညာစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ မကြုံဖူးပါက ချက်ချင်းပင် ထထွက်သွားမိလောက်သည်။
"ခန္ဓာကိုယ်ကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တိုက်ပွဲဝင်ဖို့တော့ မဖြစ်နိုင်ဘူး။ တခြားသူနဲ့ဆိုရင်တော့ ကိစ္စမရှိပေမဲ့ ပြိုင်ဘက်က ထျန်းချွဲကျီဆိုရင်တော့ တစ်မျိုးပေါ့"
ယွင်ရှန်းက မျက်မှောင်ကြုတ်လျက် "စစ်သူကြီးဟောင်းကြီး...ရဲ့ သွေးတွေထဲမှာ တစ်ခုခုမှားနေတယ်။ စစ်သူကြီးဟောင်းအနေနဲ့ သားရဲသွေး ရူးသွပ်ခြင်းအဆင့်ကို နောက်တစ်ကြိမ် ထပ်ပြီး အသုံးမပြုနိုင်တော့ဘူး"
သားရဲသွေး ရူးသွပ်ခြင်းဆိုသည်မှာ သိုင်းပညာရှင်တစ်ဦး၏ အောင်းအိုင်နေသော စွမ်းပကားများကို အစွမ်းကုန် ထုတ်ဖော်နိုင်သည့် နောက်ဆုံးနည်းလမ်း ဖြစ်သည်။
သိုင်းပညာရှင်များသည် မှော်ဆရာများကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော မှော်ပညာများ သို့မဟုတ် ဆင့်ခေါ်သားရဲများ မရှိကြပေ။ သူတို့၏ တစ်ခုတည်းသော အားသာချက်မှာ သိုင်းနယ်ပယ်အတွင်း အဆင့်တက်စဉ် သားရဲသွေး ပေါင်းစပ်ခြင်းအကြိမ်ကြိမ် ပြုလုပ်ရာမှ ရရှိလာသော သန်မာထွားကျိုင်းသည့် ခန္ဓာကိုယ်ပင်။
ယွင်ရှန်းသည် ယန်ပါးဟို၏ ခန္ဓာကိုယ်ကို စစ်ဆေးစဉ်တွင် လွန်ခဲ့သော လအနည်းငယ်ကထက်ပင် ကျန်းမာရေး ပိုကောင်းလာသည်ကို တွေ့ရသည်။ ၎င်းမှာ အရက်ရှောင်လိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော် သူမ၏ ကျောက်စိမ်းရိုးတွင်းခြင်ဆီ ကျင့်စဉ် ကိုသုံး၍ အနက်ရှိုင်းဆုံး စစ်ဆေးလိုက်သောအခါမှ သွေးအတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေကို ရှာတွေ့လိုက်ခြင်းပင်။
ယန်ပါးဟို၏ သွေးများသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဖြစ်စေ၊ ကျောက်စိမ်းရိုးတွင်းခြင်ဆီ စွမ်းအားဖြစ်စေနှင့် ထိတွေ့လိုက်သည်နှင့် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လျှံတက်လာသော မြစ်ရေကဲ့သို့ ပြင်းထန်စွာ တုံ့ပြန်နေကြောင်း သူမ ခံစားလိုက်ရသည်။
ဤအခြေအနေမျိုးတွင် ယန်ပါးဟိုသာ သူ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်အားလုံးကို စုစည်းထုတ်ဖော်ပြီး ဒဏ်ရာတစ်စုံတစ်ရာ ရရှိသွားခဲ့ပါက သူ၏ သွေးများက ပြောင်းပြန်စီးဆင်းသွားပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်အပြင်ဘက်သို့ ပေါက်ထွက်လာနိုင်သည်။
ယန်ချန်းလန်နှင့် ဦးလေးယန်တို့မှာ အလွန်အံ့အားသင့်သွားကြသည်။
"မင်း ဘာကို ဆိုလိုတာလဲ ကောင်မလေး ငါ့သွေးတွေမှာ ဘာဖြစ်နေလို့လဲ"
ယန်ပါးဟိုသည် သိုင်းနတ်ဘုရားတစ်ဦးဖြစ်ပြီး သူ၏ သိုင်းနယ်ပယ်တွင် အဆင့်တက်တိုင်း သားရဲသွေး ပေါင်းစပ်မှုများကို ပြုလုပ်ခဲ့ရသည်။ သူ၏ နောက်ဆုံးပေါင်းစပ်မှုမှာ စစ်သူကြီးအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ၎င်း၏သွေးကို ပေါင်းစပ်ကာ သိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။
အကယ်၍ သားရဲသွေး ရူးသွပ်ခြင်းကို အသုံးမပြုနိုင်တော့ပါက ယန်ပါးဟိုအတွက် ဤတိုက်ပွဲမှာ စတင်ကတည်းက ရှုံးနိမ့်နေပြီဟု ပြောနိုင်သည်။