← Chapters

အခန်း (၃၉၀)

Vol. 39 Ch. 390

အခန်း (၃၉၀)

Vol. 39 Ch. 390

ယန်ချန်းရွှယ်သည် ထိုမြင်ကွင်းကို ကြည့်ရှုပြီးနောက် သိသိသာသာပင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သို့သော် ရှာဝမ်ရွှီကမူ တစ်ခုခု အကြီးအကျယ် မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။

"အဖေ... အဖေတို့ အေးအေးဆေးဆေး စကားပြောကြပါဦး။ ရွှယ်ရွှယ်ကတော့ မွေးနေ့ပွဲအတွက် လိုအပ်တာတွေ သွားပြင်ဆင်လိုက်ပါဦးမယ်"

ထိုသို့ပြောကာ ယန်ချန်းရွှယ်သည် ရှာဝမ်ရွှီကို အရိုအသေပြု၍ အစေခံမလေးနှင့်အတူ ထွက်ခွာသွားသည်။

ရှာဝမ်ရွှီသည် ထွက်ခွာသွားသော ယန်ချန်းရွှယ်၏ နောက်ကျောကို ကြည့်နေရင်း သူမ၏မျက်ဝန်းများအတွင်းမှ ဖုံးကွယ်၍မရသော အပြစ်ရှိစိတ်ကိုလည်း လွတ်သွားခြင်းမရှိပေ။

"စစ်သူကြီးဟောင်းကြီး... ဒီရက်ပိုင်းအတွင်း ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲ"

ရှာဝမ်ရွှီသည် သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သာမန်ကာလျှံကာပင် မေးမြန်းလိုက်သည်။

"သန်သန်မာမာပါပဲဗျာ။ စီမင်က မှော်ပညာမှာပဲ ကျွမ်းကျင်တာ နှမြောဖို့ကောင်းတယ်။ မဟုတ်ရင် ကျွန်တော်တို့နှစ်ယောက် အားရပါးရ သိုင်းကစားကြည့်လို့ ရတာပေါ့"

ယန်ပါးဟိုက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

ရှာဝမ်ရွှီသည် အချိန်အနည်းငယ်ကြာအောင် စကားစမြည် ပြောဆိုပြီးနောက် ယွီကျီ၊ ယွီမော့တို့နှင့်အတူ ယန်အိမ်တော်မှ ထွက်ခွာလာခဲ့သည်။ ယန်အိမ်တော်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှာဝမ်ရွှီသည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

"စီမင်... ကျွန်တော်တို့ အိမ်တော်ကိုပဲ တိုက်ရိုက်ပြန်ကြမလား"

ယွီကျီနှင့် ယွီမော့ ညီအစ်ကိုနှစ်ဦးသည် ရထားလုံးပေါ်သို့ တက်ရင်း မေးမြန်းလိုက်ကြသည်။

"ပြန်ကြတာပေါ့"

ရှာဝမ်ရွှီက ပြန်ဖြေလိုက်သော်လည်း သူ၏စိတ်ထဲတွင်မူ စောစောက ယန်ချန်းရွှယ်၏ မသင်္ကာဖွယ် အပြုအမူများကသာ အဆက်မပြတ် နေရာယူနေတော့သည်။

ရထားလုံးမှာ အနည်းငယ်မျှသာ ခရီးပေါက်သေးသော်လည်း ရှာဝမ်ရွှီက ရုတ်တရက် ရပ်တန့်

ခိုင်းလိုက်ပြီး "အိမ်တော်ကို အလျင်စလို မပြန်နဲ့ဦး။ ရှောင်စီးအန်းဆီကို အရင်သွားကြမယ်" ဟု အမိန့်ပေးလိုက်သည်။

ယနေ့၌ စီမင်၏ အမူအရာမှာ ပုံမှန်မဟုတ်ကြောင်း သတိပြုမိကြသည့် ယွီကျီနှင့် ယွီမော့တို့မှာလည်း ထပ်မံမေးမြန်းခြင်းမပြုဝံ့ဘဲ ရထားလုံးကို ရှောင်စီးအန်း ဆေးခန်းရှေ့၌ ရပ်လိုက်ကြသည်။ သို့သော် ဆေးခန်းအတွင်းသို့ ဝင်သွားချိန်တွင်မူ သူသည် ယွင်ရှန်းကို မတွေ့ရှိခဲ့ရပေ။

"ရှင်က... စီမင်လား"

လင်းယောင်အာသည် ဆေးခန်းအတွင်းသို့ ရုတ်တရက် ရောက်ရှိလာသော မသိကျွမ်းသည့် ဧည့်သည်များနှင့် သူတို့ကို ဦးဆောင်လာသည့် ထူးကဲလှပသော အမျိုးသားကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ကျွန်တော့်ကို ကျိမော့လို့ပဲ ခေါ်နိုင်ပါတယ်"

ရှာဝမ်ရွှီက ခေါင်းငြိမ့်ပြလိုက်သည်။

ကျိမော့…

ယွီကျီနှင့် ယွီမော့တို့မှာ ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ကျိဟူသော မျိုးရိုးအမည်ကို စီမင် မပြောဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအမည်မှာ သူ၏ မိခင်ဘက်မှ မျိုးရိုးအမည်ဖြစ်ပြီး ကလေးဘဝကတည်းက မှော်နန်းတော်သို့ ပို့ဆောင်ခြင်း ခံခဲ့ရပြီးနောက်ပိုင်း စီမင်သည် သူ၏ ဇာစ်မြစ်ကို ပြင်ပလူများအား တစ်ခါမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ ယွီကျီနှင့် ယွီမော့တို့မှာလည်း တိုက်ဆိုင်မှုတစ်ခုကြောင့်သာ ကျိမော့ဆိုသည်မှာ စီမင်၏ အမည်ရင်းဖြစ်ကြောင်း သိခဲ့ကြရခြင်း ဖြစ်သည်။

စီမင်က ဘာလို့ သူ့ရဲ့ ဒီလောက်အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို ဒီသာမန်ဆေးခန်းလေးက လူတွေကို အလွယ်တကူ ပြောပြလိုက်ရတာလဲ။ သူက တကယ်ပဲ လူမှားပြီး ယုံကြည်မိသွားတာလား... ဒါမှမဟုတ် ဒီဆေးခန်းကလူတွေက သူထင်သလို သာမန်လူတွေ မဟုတ်တာကို သူ ကြိုသိနေလို့လား။

"ရှင်က နတ်ဆေးဆရာမ ယွင်ရှန်းကို လာရှာတာမလား သူမ ဒီမှာမရှိဘူး။ ဝူရွှမ်းဝူကျိ နန်းတော်ကို သွားတယ်"

လင်းယောင်အာသည် ကျိမော့၏ စစ်မှန်သော ရုပ်ရည်သွင်ပြင်ကြောင့် အတော်လေး နေရခက်နေပုံရပြီး သူမအနေဖြင့် ကျိမော့၏ အရင်က သာမန်ရုပ်ရည်ကိုသာ ပို၍ သဘောကျနေမိသည်။

ဒီမှာမရှိဘူးလား...

ရှာဝမ်ရွှီ၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားပြီး သူ၏မျက်နှာတွင် သိသာလှသော စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်လာတော့သည်။

ယွီကျီနှင့် ယွီမော့တို့မှာ ပို၍ပင် အံ့အားသင့်သွားကြရသည်။

တစ်ခါမှ ခံစားချက်မပြတတ်တဲ့ ငါတို့ရဲ့ သခင် စီမင်ရော ဟုတ်ရဲ့လား။

နတ်သားတစ်ပါးကဲ့သို့ ချောမောလှပသော အမျိုးသားတစ်ဦး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို မြင်သောအခါ လင်းယောင်အာမှာ အလိုလို အပြစ်ရှိသလို ခံစားလိုက်ရပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

"မစ္စယောင်ယောင်... ကျွန်တော့်ကို သွေးတိတ်ဆေးအချို့ ပေးပါဦး"

ယီပိုင်မင်းသည် ဆေးခန်းတံခါးဝတွင် ရပ်နေရင်း ယွင်ရှန်းကို လာရှာခြင်း ဖြစ်သော်လည်း ရှာဝမ်ရွှီနှင့် မမျှော်လင့်ဘဲ တိုးမိသွားခြင်းပင်။

"မင်းသား... ဆေးလိုချင်ရင် နတ်ဆေးဆရာမ ယွင်ရှန်းဆီမှာ တိုက်ရိုက်ယူလို့ရတာကို ဘာလို့ ဒီကို လာရတာလဲ"

လင်းယောင်အာသည် ယီပိုင်မင်းနှင့် ရှာဝမ်ရွှီတို့ နှစ်ယောက်ကို ဟိုကြည့်ဒီကြည့်ဖြင့် မေးမြန်းလိုက်သည်။

လင်းယောင်အာခမျာမှာတော့ အခြေအနေကို မနည်းထိန်းချုပ်နေရရှာသည်။ တစ်နေ့တည်းမှာတင် ရုပ်ရည်အလွန်တရာချောမောပြီး ကိုယ်စီကိုယ်င အရှိန်အဝါကြီးမားကြသည့် အမျိုးသားနှစ်ဦးကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရသည်။ ထူးခြားသည်မှာ သူတို့နှစ်ဦးစလုံးသည် နတ်ဆေးဆရာမ ယွင်ရှန်းကိုသာ လာရှာနေကြခြင်းပင်။

"ဟဟ... မင်းလည်းသိတဲ့အတိုင်းပဲလေ ကြောင်ရိုင်းမလေးက ငါ့ဆီကနေ ဆေးဖိုးတောင်းရင် အမြဲတမ်း တရားမျှတ တတ်တယ်မဟုတ်လား"

ယီပိုင်မင်းက ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်သည်။ သူ၏ ဖီးနစ်မျက်ဝန်းများထဲတွင် စနောက်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။

သို့သော် သူ၏စိတ်ထဲတွင်မူ “ရှာဝမ်ရွှီက ဘာလို့ ဒီကိုရောက်နေတာလဲ သူလည်း ကြောင်ရိုင်းမလေးကို လာရှာတာလား” ဟူသော မေးခွန်းများ ရှိနေသည်။

တစ်ဖက်တွင်လည်း ရှာဝမ်ရွှီ၏ စိတ်ထဲ၌ သံသယများစွာ ရှိနေသည်။

ပိုင်မင်းမင်းသားက ဘာလို့ ဆေးဝယ်ဖို့ ကိုယ်တိုင်ကိုယ်ကျ လာနေရတာလဲ။

ရုပ်ရည်ရော အရည်အချင်းပါ ပြိုင်ဘက်ကင်းကြသည့် အမျိုးသားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြရာ သူတို့၏အကြည့်များမှာ ကျောက်မီးသွေးနှင့် သံမဏိ ထိတွေ့လိုက်သကဲ့သို့ မီးပွင့်မတတ် ပြင်းထန်လှသည်။ ရှာဝမ်ရွှီ၏ နောက်လိုက်များဖြစ်သော ယွီကျီနှင့် ယွီမော့ ညီအစ်ကိုနှစ်ဦးပင်လျှင် သူတို့သခင်ဆီမှ ထူးခြားသော ရန်လိုမှု အငွေ့အသက်ကို ခံစားလိုက်ရသည်။

ငါတို့ရဲ့ သခင်က လူတစ်ယောက်အပေါ် ရန်လိုတဲ့ ခံစားချက် ရှိတတ်လို့လား။

ပို၍တိတိကျကျ ဆိုရလျှင် သူတို့သိသော စီမင်သည် မည်သူ့အပေါ်တွင်မှ ထိုကဲ့သို့ ခံစားချက်

အစွန်းရောက်မှုများကို ပြသလေ့မရှိသောကြောင့်ပင်။

"မင်းသား... ဒါက မင်းသားအတွက် ဆေးပါ"

လင်းယောင်အာသည် ဆေးခန်းတံခါးဝတွင် အရပ်ရှည်ရှည်နှင့် အမျိုးသားနှစ်ဦး စစ်ခင်းမတတ် ရပ်နေကြသည်ကို ကြည့်ပြီး စိုးရိမ်တကြီးဖြင့် ဆေးကို ကမ်းပေးလိုက်ရသည်။ ယီပိုင်မင်းကတော့ အေးအေးဆေးဆေးပင် ဆေးကို လှမ်းယူလိုက်ပြီး တည်ငြိမ်မြဲ တည်ငြိမ်နေဆဲပင်။

လင်းယောင်အာမှာ မတတ်သာတော့ဘဲ ရှာဝမ်ရွှီဘက်သို့ လှည့်ကာ "စီမင်... ရှင့်မှာ အရေးကြီးတဲ့ကိစ္စရှိရင် ကျွန်မဆီမှာ သတင်းစကား ပါးထားခဲ့လို့ရပါတယ်။ ကျွန်မ ပြန်ပြောပေးပါ့မယ်" ဟု အားနာတကြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး ကျွန်တော် သူမပြန်လာမယ့်အချိန်အထိ စောင့်ပါ့မယ်"

ရှာဝမ်ရွှီက ခပ်အေးအေးပင် ပြန်ဖြေသည်။

"နတ်ဆေးဆရာမ ယွင်ရှန်းက နောက်ရက်အနည်းငယ်အထိ ဆေးခန်းကို ပြန်လာမှာ မဟုတ်ဘူးထင်တယ်"

လင်းယောင်အာမှာ အမှန်အတိုင်း ပြောပြရန် ခက်ခဲနေသည်။ တကယ်တော့ ယွင်ရှန်းသည် ဦးလေးယန်နှင့် ထပ်မတွေ့ချင်တော့သည့်အတွက် ဝူရွှမ်းဝူကျိ နန်းတော်ထဲတွင်သာ ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်ခြင်းပင်။

"စီမင်... မင်းစိတ်မရှိဘူးဆိုရင် ကျွန်တော် သတင်းစကား ပါးပေးနိုင်ပါတယ်။ ကျွန်တော်က ကြောင်ရိုင်းမလေးနဲ့အတူ ဝူကျီခန်းမမှာ အတူတူ နေတာလေ။ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင်တော့ သိုင်းပညာနန်းတော်ထဲကို ဒီအတိုင်း ဝင်ထွက်သွားလာဖို့က သိပ်တော့ အဆင်မပြေဘူးမလား"

ယီပိုင်မင်းသည် အတူတူဟူသော စကားလုံးကို အထူးအလေးပေး၍ ပြောဆို လိုက်သည်။ ရှာဝမ်ရွှီ၏ မျက်တောင်များ အနည်းငယ် မြင့်တက်သွားပြီး သူ၏ ချောမောသော မျက်ဝန်းအစုံတွင် မကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူသည် မူလက ဝတ်ရုံစကို ခါယမ်းကာ ထွက်ခွာသွားရန် ကြံရွယ်သော်လည်း ယန်ပါးဟို၏ ကိစ္စကို ပြန်လည်စဉ်းစားမိသည့်အတွက် စိတ်ရှည်လက်ရှည်ဖြင့်သာ ထိန်းချုပ်လိုက်ရသည်။ အကယ်၍ ယွင်ရှန်းက နောက်ရက်များအထိ ဆေးခန်းသို့ ပြန်လာမည်မဟုတ်ပါက သူမနှင့် တွေ့ဆုံရန်မှာ ခက်ခဲပေလိမ့်မည်။

သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် နောက်ရက်အနည်းငယ်အတွင်း ကျင်းပမည့် ယန်ပါးဟို၏ မွေးနေ့ပွဲတွင် တစ်ခုခု ဖြစ်ပျက်ပေတော့မည်။

"သူမကို ပြောပေးပါ။ ဖြစ်နိုင်ရင် ဒီတစ်ကြိမ် စစ်သူကြီးယန်ရဲ့ မွေးနေ့ပွဲကို သူမ မဖြစ်မနေ တက်ရောက်သင့်တယ်လို့"

ယန်ပါးဟို ကြုံတွေ့ရမည့် သွေးစွန်းသော ဘေးအန္တရာယ်မှာ ယန်ချန်းရွှယ်နှင့် ဆက်စပ်နေနိုင်သည်ဟု ရှာဝမ်ရွှီက သံသယရှိနေသည်။ သို့သော် သူသည် ကောင်းကင်လျှို့ဝှက်ချက်ကို တိုက်ရိုက်ထုတ်ဖော်၍ မရပေ။ ထို့ကြောင့် ယွင်ရှန်းအား သဲလွန်စအချို့ပေးကာ သူမကို ယန်အိမ်တော်သို့ စောစောရောက်အောင် တိုက်တွန်းခြင်းဖြင့် သူမ၏ ဆေးပညာက တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု မျှော်လင့်နေခြင်းပင်။

ယီပိုင်မင်းသည်လည်း ယန်ပါးဟို၏ မွေးနေ့ပွဲအကြောင်းကို သိရှိထားသည်။ သို့သော် သူ၏ ကြောင်ရိုင်းမလေးအကြောင်းကို သူ သိထားသည်မှာ သူမသည် ယန်ပါးဟိုကဲ့သို့ပင် ခေါင်းမာသူဖြစ်သည့်အတွက် မွေးနေ့ဆုတောင်းရန် ကိုယ်တိုင်သွားလိမ့်မည်မဟုတ်ဟု ဖြစ်သည်။

"ကျွန်တော် သတင်းစကား ပါးပေးလိုက်ပါ့မယ်။ ဒါပေမဲ့ သူမ သွားမသွားဆိုတာကတော့ သူမရဲ့ ကိုယ်ပိုင်ကိစ္စပဲ"

အမှန်စင်စစ် ယီပိုင်မင်း ပြောလိုသည်မှာ အကယ်၍ ရှာဝမ်ရွှီသာ သွားမည်ဆိုလျှင် သူသည် ကြောင်ရိုင်းမလေးကို လုံးဝ လွှတ်လိမ့်မည်မဟုတ်ဘူး ဟူ၍ပင်။

"ကျေးဇူးတင်ပါတယ် ပိုင်မင်းမင်းသား"

ရှာဝမ်ရွှီက ခေါင်းငြိမ့်ပြပြီးနောက် လှည့်ထွက်သွားသည်။

"ခဏနေပါဦး စီမင်... ကျွန်တော် ကြားဖူးတာကတော့ မှော်နန်းတော်က မှော်ဆရာတွေက ရှေးယခင်ကတည်းက စိတ်ခံစားချက်နဲ့ အလိုဆန္ဒ ကင်းမဲ့သူတွေလို့ သိထားတယ်။ အဲဒါဆိုရင် ရှင်က ဘာလို့ ယန်အိမ်တော်ရဲ့ ကိစ္စတွေကို ဒီလောက်အထိ စိတ်ဝင်စားနေရတာလဲ"

ယီပိုင်မင်းက နောက်မှ လှမ်းမေးလိုက်သည်။

ရှာဝမ်ရွှီသည် တစ်ခွန်းမှ ပြန်မပြောဘဲ ထွက်ခွာသွားတော့သည်။ ယီပိုင်မင်းသည် ဆေးခန်းတွင် ခဏမျှနေပြီးနောက် ဝူရွှမ်းဝူကျိ နန်းတော်သို့ ပြန်လာခဲ့သည်။

နန်းတော်ရှိ ဆေးဆောင်အတွင်း၌ ယွင်ရှန်းသည် ဟွမ်ချွဲနှင့်အတူ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ သူတို့ရှေ့တွင် တူရိယာ ခုနစ်မျိုး ရှစ်မျိုးခန့်ကို ချထားပြီး ဂီတပညာရှင် ခုနစ်ဦး ရှစ်ဦးခန့်ကလည်း ဝန်းရံနေကြသည်။

"သခင်မလေး... သခင်မလေးက တကယ်ပဲ ဒီတူရိယာတွေကို သင်ချင်တာ သေချာလို့လား"

ဟွမ်ချွဲသည် ယနေ့နံနက်ကမှ အပြင်ဆောင်ရှိ စမ်းသပ်မှုကို အောင်မြင်ထားခြင်းဖြစ်ပြီး ယွင်ရှန်းက သူမကို ဤနေရာသို့ အတင်းအကျပ် ဆွဲခေါ်လာခဲ့ခြင်းပင်။ ယွင်ရှန်းသည် ဂီတတူရိယာများကို သင်ယူရန် ဆုံးဖြတ်ထားပြီး အထူးသဖြင့် ဧကရာဇ်၏ တေးသံမှ ပထမဆုံး အခန်းသုံးခန်းကို လေ့လာရန်အတွက် ဤတူရိယာများကို တတ်မြောက်ထားရန် လိုအပ်နေခြင်းပင်။

"ငါ သင်ဖို့ လိုအပ်တယ်။ ငါတို့က အတတ်ပညာ လေးပါးလုံးမှာ မထူးချွန်ရင်တောင် အနည်းဆုံးတော့ တူရိယာတစ်ခုကိုတော့ ကျွမ်းကျင်ထားသင့်တာပေါ့။ ဒါမှ နင့်ရဲ့သခင်မလေးက ပညာတတ်ပြီး ဗဟုသုတ ကြွယ်ဝတယ်ဆိုတာကို ပြနိုင်မှာလေ"

ယွင်ရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ဟွမ်ချွဲမှာ စကားပင် မပြောနိုင်တော့ပေ။ သူမ၏ သခင်မလေးကဲ့သို့ ပညာတတ်ပြီး ဗဟုသုတ ကြွယ်ဝသည့် အမျိုးသမီးမျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမ တူရိယာ သင်ယူရခြင်း၏ အဓိက အကြောင်းရင်းမှာ ယွမ်ပုဖော့၏ ဧကရာဇ်၏ တေးသံ စွမ်းပကားကို ကိုယ်တိုင် ခံစားခဲ့ရဖူးခြင်းကြောင့်သာ ဖြစ်ကြောင်း ဟွမ်ချွဲကို သူမ လုံးဝ ပြောပြလိမ့်မည်မဟုတ်ပေ။

All Chapters