← Chapters

အခန်း (၃၉၁)

Vol. 39 Ch. 391

အခန်း (၃၉၁)

Vol. 39 Ch. 391

မူလက ယွင်ရှန်းသည် ဟွမ်ချွဲတီးခတ်သည့် ဧကရာဇ်၏ တေးသံကို နားထောင်ပြီး ထူးခြားမှုမရှိဘူးဟု ထင်မြင်ခဲ့ဖူးသည်။ သို့သော် နတ်သူငယ် ကံကြမ္မာမီးတောက်ကို ယဉ်ပါးအောင် ပြုလုပ်စဉ်တွင် ယွမ်ပုဖော့တီးခတ်လိုက်သည့် ဧကရာဇ်တေးသံ၏ နောက်ဆက်တွဲ အခန်းကဏ္ဍများက သူမ၏ အမြင်ကို လုံးဝ ပြောင်းလဲစေခဲ့သည်။

ထိုတေးသံကို တီးခတ်လိုက်သည့် ခဏ၌ ယွမ်ပုဖော့၏ ကျင့်စဉ်စွမ်းအားမှာ သိသိသာသာ မြင့်တက်လာပြီး မီးတောက်ကို ယဉ်ပါးအောင် ပြုလုပ်နိုင်ရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်ကို သူမ ခံစားလိုက်ရသည်။ အကယ်၍ သူမတွင် ရှင်နုန် ဆေးဘက်ဝင် လက်ပတ်နှင့် ဓာတ်ကြီးငါးပါး မှော်ဝိညာဉ်သာ မရှိခဲ့ပါက ယွမ်ပုဖော့ကို ယှဉ်နိုင်ရန် လွယ်ကူမည်မဟုတ်ပေ။

ယွင်ရှန်း၏ လက်ရှိစွမ်းအားမှာ မဆိုးဘူးဟု ဆိုနိုင်သော်လည်း ထိပ်တန်းအဆင့်သို့ ရောက်ရန်မှာမူ အလှမ်းဝေးနေပါသေးသည်။ သူမ၏ ဆင့်ခေါ်သူအဆင့်မှာပင် နတ်ဆိုးဆင့်ခေါ်လက်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ၎င်းသည် ရှစ်မျက်နှာ နတ်ဘုရားလက်နက်ထဲမှ တစ်ခုဖြစ်သည့်အတွက် သူမအနေဖြင့် အလွန်အကျွံ အားမကိုးလိုပေ။ အကယ်၍ မတော်တဆ တစ်စုံတစ်ယောက်က သတိပြုမိသွားပါက အပြစ်မဲ့သူမှာ အပြစ်မရှိသော်လည်း ရတနာပိုင်ဆိုင်ခြင်းက အပြစ်ဖြစ်စေသည်ဆိုသကဲ့သို့ သူမ၏ လက်ရှိစွမ်းအားဖြင့် ထိုနတ်ဘုရားလက်နက်ကို ကာကွယ်နိုင်ရန် မသေချာသေးပေ။

ထို့ကြောင့် ကာလတိုအတွင်း သူမ၏ ကျင့်စဉ်စွမ်းအားကို သိသိသာသာ တိုးတက်စေမည့် အန္တရာယ်ကင်းသော နည်းလမ်းမှာ ဧကရာဇ်၏ တေးသံပင်။

အရင်က ဟွမ်ချွဲမှာ ပီပါကို အသုံးပြုပြီး ယန်ချန်းလန်၏ ချစ်သူ ယွမ်ရှာဟူမှာ ရှေးဟောင်းစောင်းကို အသုံးပြုကာ ယွမ်ပုဖော့မှာမူ ပုလွေတိုကို အသုံးပြုသည်ကို ကြည့်ခြင်းအားဖြင့် မည်သည့်တူရိယာဖြင့်မဆို ဤတေးသံကို တီးခတ်နိုင်ကြောင်း သိသာလှသည်။

ယွင်ရှန်းမှာ ဂီတတူရိယာများနှင့် ပတ်သက်၍ လုံးဝဗဟုသုတမရှိသူ ဖြစ်သည့်အတွက် အကျပ်ရိုက်နေရသော်လည်း အသေအချာ စဉ်းစားပြီးနောက် တူရိယာတစ်ခုကို သင်ယူရန် ဆုံးဖြတ်လိုက်တော့သည်။ ဝူကျိတိုက်ကြီးပေါ်တွင် စောင်း၊ ဂူကျန်း၊ ပီပါ၊ အားဟူ၊ ခေါင်းလောင်း၊ ရှောင်၊ ရှန့်၊ ဖိုးနှင့် ပုလွေစသဖြင့် တီးခတ်ပုံအမျိုးမျိုးရှိသည့် တူရိယာများစွာ ရှိနေသည်။

ယွင်ရှန်းသည် ဂီတပညာရှင် အများအပြားကို ဖိတ်ခေါ်ပြီး သူမ၏ရှေ့တွင် တစ်ဦးချင်း တီးခတ်ပြစေကာ သူမနှင့် အသင့်တော်ဆုံး ဖြစ်မည့် တူရိယာကို ရွေးချယ်ရန် ပြင်ဆင်လိုက်သည်။

"အားလုံးပဲ တစ်ခေါက်စီ တီးပြကြပါ။ ကျွန်မ အတီးအခတ် နည်းစနစ်တွေကို မှတ်သားထားပါ့မယ်"

ဂီတသင်ယူခြင်းနှင့် ပတ်သက်၍ ယုံကြည်မှု အပြည့်ရှိနေသော ယွင်ရှန်းသည် ပညာရှင်တစ်ဦးချင်းစီ၏ လက်ချောင်းလှုပ်ရှားမှုနှင့် နည်းစနစ်များကို မှတ်မိရုံဖြင့် လုံလောက်သည်ဟု ထင်မြင်နေခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ယွင်ရှန်းလုံးဝ အကြီးအကျယ် မှားယွင်းသွားခဲ့သည်။

ယီပိုင်မင်းရောက်ရှိလာချိန်တွင် ယွင်ရှန်း၏ ဆေးဆောင်အတွင်း၌ ကမောက်ကမ ဖြစ်ရပ်များမှာ တစ်ဝက်ခန့်ပင် ရောက်ရှိနေပြီ ဖြစ်သည်။ နားမခံသာလောက်အောင် စူးရှလှသည့် အသံများမှာ နာရေးသီချင်းတစ်ပုဒ်ကဲ့သို့ ဆေးဆောင်အတွင်း အဆုံးမရှိ ပဲ့တင်ထပ်နေတော့သည်။

တကယ်တမ်းတွင် ယွင်ရှန်းသည် အားဟူလို့ခေါ်သည့် ကိရိယာကို တီးခတ်နေခြင်း ဖြစ်သည်။ လူမိုက် သီချင်းဆိုသည်ကို မကြောက်ရသော်လည်း ဂီတအာရုံမရှိသူ တူရိယာတီးသည်ကိုမူ ကြောက်ရစမြဲပင်။

ဂီတပညာရှင် အားလုံး၏ မျက်နှာတွင် ဆင်းရဲဒုက္ခရောက်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေပြီး ခါးသီးလှသော ယင်ကောင် ဆယ်ကောင်ခန့်ကို ဝါးမြိုထားရသည့်အလား ဖြစ်နေကြသည်။ သူတို့အားလုံးမှာ ယွီကျင်းမြို့၏ နာမည်ကျော် ဂီတပညာရှင်များ ဖြစ်ကြရာ သူတို့ မြတ်နိုးလှသော တူရိယာများမှာ ယွင်ရှန်း၏ လက်ထဲတွင် လူသတ်လက်နက်များအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း ဖော်ပြမတတ်အောင် စိတ်ဆင်းရဲနေကြရှာသည်။

"အာ... ထူးဆန်းလိုက်တာ အသံက လုံးဝ မမှန်ဘူးပဲ"

ယွင်ရှန်းသည် သူတို့၏ နည်းစနစ်များကို အသေအချာ မှတ်သားထားသည်မှာ သေချာသည်။ သို့သော် သူမ စတင်တီးခတ်လိုက်သည်နှင့် အရာအားလုံးမှာ ပြောင်းလဲသွားတော့သည်။ သူမ လေ့ကျင့်နေသည့် တေးသီချင်းများမှာ ဧကရာဇ်၏ တေးသံ မဟုတ်သေးဘဲ ကျိုးပြည်ထောင်စု၏ နာမည်ကြီး တေးသွားများသာ ဖြစ်သည်။

"သခင်မလေး... ကျွန်မ ထင်တာတော့ သခင်မလေးက ဂီတနဲ့ မကိုက်ညီဘူး ထင်တယ်။ ဒါကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်"

ဟွမ်ချွဲက လက်တွေ့ကျကျ အကြံပေးလိုက်သည်။ သူမ နားထောင်ရင်းနှင့် ငိုချင်စိတ် ပေါက်လာသောကြောင့်ပင်။

"တကယ်ပါပဲ... နားထောင်ရတာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာပဲ"

ယီပိုင်မင်းသည်လည်း သူ၏နားထဲတွင် အသံများ စူနေသကဲ့သို့ ခံစားလိုက်ရပြီး "တူရိယာကို ဒီလိုတီးတာ မဟုတ်ဘူးလေ" ဟု ပြောလိုက်သည်။

ယီပိုင်မင်းသည် မိုးမခသားဖြင့် ပြုလုပ်ထားသော ယောင်စောင်းလို့ခေါ်သည့် ရှေးဟောင်းစောင်းတစ်လက်ကို အမှတ်မထင် ကောက်ယူလိုက်သည်။ သူသည် စောင်းကြိုးများကို ညှိလိုက်ပြီး တစ်ချက် ခတ်လိုက်သည့်အခါ

မျက်မှောင်ကို အသာကြုတ်လျက် လိပ်ပြာတောင်ပံပမာ တုန်ခါနေသော မျက်တောင်ရှည်များအောက်တွင် သူ၏သွယ်လျထင်ရှားသော လက်ချောင်းရှည်များသည် စောင်းကြိုးများထက်၌ ကျွမ်းကျင်စွာ လှုပ်ရှားနေတော့သည်။

ရှေးဟောင်းဟန်ရနံ့ ပြင်းရှလှသော ဖီးနစ်က အဖော်ရှာတေးသည် ဆေးဆောင်အတွင်း အဆုံးမရှိ ပဲ့တင်ထပ်သွားသည်။ နက်ရှိုင်းသော အမျိုးသားအသံနှင့် သာယာလှသော စောင်းသံတို့သည် စည်းချက်ဝါးချက်ညီစွာ ပေါင်းစပ်သွားရာ တေးသွားတစ်ပုဒ်ချင်းစီတိုင်းမှာ ပြည့်စုံလွန်းလှသည်။

ဂီတပညာရှင်များမှာပင် မနေနိုင်တော့ဘဲ လက်ခုပ်တီး၍ စည်းချက်လိုက်မိကြပြီး ဟွမ်ချွဲမှာလည်း မျက်လုံးကိုမှိတ်ကာ အာရုံစိုက် နားထောင်နေမိတော့သည်။ တေးသီချင်း ပြီးဆုံးသွားသောအခါ ယွင်ရှန်းသည် ဝမ်းသာအားရ ခုန်ထလိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ

"ငါ ဆုံးဖြတ်လိုက်ပြီ ငါ ဒီရှေးဟောင်းစောင်းကိုပဲ သင်တော့မယ်"

တကယ်တော့ ယွင်ရှန်းတွင် ဂီတပါရမီ လုံးဝမရှိပေ။ သူမ စောင်းသင်ယူလိုရသည့် အကြောင်းရင်းမှာလည်း အခြားကြောင့်မဟုတ်ဘဲ အစောပိုင်းက ချောမောလှပသော အမျိုးသားတစ်ဦး စောင်းတီးခတ်နေသည့် မြင်ကွင်းကြောင့်ပင်။ ဘေးနားရှိ အမွှေးနံ့သာတိုင်မှ အခိုးအငွေ့များ တသီတတန်း ထွက်ပေါ်နေသည့် ထိုအနေအထားမှာ ဂုဏ်ပကာသန ပြသရန် အကောင်းဆုံး ပုံရိပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။ တစ်နေ့သောအခါတွင် သူမကိုယ်တိုင်လည်း ထိုကဲ့သို့ စောင်းတီးခတ်နိုင်မည်ဟု တွေးတောမိရုံမျှဖြင့် သူမ၏ သွေးသားများက စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာရသည်။

သို့သော် ယွင်ရှန်းအတွက် ထူးဆန်းနေသည်မှာ ယီပိုင်မင်းက စောင်းပညာကို ဘာလို့ဒီလောက်အထိ ကျွမ်းကျွမ်းကျင်ကျင်နဲ့ တီးခတ်နိုင်နေရတာလဲဆိုသည့် အချက်ပင်။ ငှက်ပျောရွက် ကျေးရွာတွင် နေထိုင်စဉ်က သူ စောင်းတီးခတ်သည်ကို တစ်ကြိမ်မျှပင် မမြင်တွေ့ခဲ့ဖူးသလို သူသည် ငယ်စဉ်က မျက်စိမမြင်ရသူတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် ထိုစောင်းပညာကို ဘယ်လို သင်ယူခဲ့တာလဲဟူသည်မှာ သူမအတွက် သိချင်စဖွယ် ပဟေဠိတစ်ခု ဖြစ်နေတော့သည်။

ဘေးနားရှိ ဟွမ်ချွဲက သူမ၏ သံသယကို ဖြေဖျောက်ပေးလိုက်သည်။

"ပိုင်မင်းမင်းသားရဲ့ စောင်းပညာက တကယ့်ကို ထူးခြားပြောင်မြောက်လှပါတယ်။ မင်းသားဟာ အသက်သုံးနှစ်ကတည်းက မျက်မမြင်စောင်းပညာကို စတင်သင်ယူခဲ့ပြီး ခြောက်နှစ်သားအရွယ်မှာတော့ နန်းတွင်းတစ်ခုလုံးမှာ သူနဲ့ယှဉ်နိုင်သူမရှိအောင် တော်ခဲ့တာပါ။ ဒီနေ့ တွေ့လိုက်ရတာကတော့ နာမည်နဲ့လိုက်အောင် တကယ်ကို တော်တာပဲ"

ယီပိုင်မင်းသည် စောင်းကြိုးများကို ပွတ်သပ်ရင်း အတိတ်ဟောင်းအချို့ကို သတိရကာ လွမ်းဆွတ်နေပုံပင်။

မျက်မမြင်စောင်း ပညာကို သူ အသက်သုံးနှစ်မှာ စတင်သင်ယူခဲ့ရတဲ့ အကြောင်းရင်းမှာ သူ၏ မယ်တော်ဖြစ်သူ ဧကရီလီက စောင်းပညာရှင်ကြီး တစ်ဦး ဖြစ်ခဲ့လို့ပင်။

မယ်တော်ကြီးသည် ညဥ့်အခါတိုင်း အမွှေးနံ့သာများထွန်းညှိကာ ရေမိုးချိုးသန့်စင်ပြီးနောက် ကျိုး ဧကရာဇ်မင်းမြတ် ကြွမြန်းလာမည်ကို စောင့်မျှော်ရင်း စောင်းကို တီးခတ်နေလေ့ရှိသည်။ သို့သော် တစ်လလျှင် ရက်ပေါင်းနှစ်ဆယ်ခန့်မှာ ဧကရာဇ်မင်းမြတ် ရောက်ရှိမလာခဲ့ပေ။

ယီပိုင်မင်းသည် ထိုစဉ်က ငယ်ရွယ်သေးသော်လည်း ခမည်းတော်အား အချည်းနှီးစောင့်မျှော်နေရသည့် မိခင်ဖြစ်သူ၏ မပျော်ရွှင်မှုကို အမြဲခံစားမိခဲ့သည်။ မယ်တော်ကို ပိုမိုပျော်ရွှင်စေရန်အတွက် သူသည် မယ်တော်၏အနားတွင် ကပ်ချွဲကာ စောင်းပညာကို သင်ယူလိုကြောင်း ပူဆာခဲ့သည်။

ဧကရီလီသည် အလွန်ဉာဏ်ပညာကြီးမားသော အမျိုးသမီးတစ်ဦးဖြစ်ရာ ယီပိုင်မင်း လေ့ကျင့်ရာတွင် လွယ်ကူစေရန်အတွက် အမြင်အာရုံမလိုဘဲ လက်ချောင်းများ၏ အထိအတွေ့ဖြင့်သာ သာယာသောတေးသံကို ဖော်ဆောင်နိုင်သည့် အထူးပြုလုပ်ထားသော မျက်မမြင်စောင်း တစ်လက်ကို ဖန်တီးပေးခဲ့သည်။ တစ်နှစ်မျှ သင်ယူပြီးနောက် ယီပိုင်မင်းသည် နန်းတွင်းတည်ခင်းပွဲများ၌ပင် ချောမောစွာ တီးခတ်နိုင်ခဲ့ပြီး ကျိုးနန်းတွင်း၏ အကောင်းဆုံး စောင်းသမားဟူသော ဘွဲ့ကို ရရှိခဲ့သည်။

သို့သော် မယ်တော်ကွယ်လွန်ပြီးနောက် ယီပိုင်မင်းသည် ရှေးဟောင်းစောင်းကို တစ်ခါမျှ ထပ်မံမထိတွေ့တော့ပေ။ ယနေ့တွင်မူ ယွင်ရှန်း၏ ရုတ်တရက် အလိုဆန္ဒကြောင့်သာ တေးသွားတစ်

ပုဒ်ကို ပြန်လည်တီးခတ်ဖြစ်ခဲ့ခြင်းပင်။

"ဟွမ်ချွဲ... ဂီတဆရာတွေကို ဆုလာဘ်ပေးပြီး ပြန်လွှတ်လိုက်ပါ"

ယီပိုင်မင်းတစ်ယောက် စောင်းဘေးတွင်ထိုင်ကာ အတိတ်တစ်ခုခုကို သတိရကာ ငေးမောနေသည်ကို မြင်သောအခါ ယွင်ရှန်းက ခိုင်းစေလိုက်ခြင်းပင်။

"မင်း စောင်းသင်ချင်ရင် ငါ့ဆီကိုပဲ လာခဲ့ပါ။ ပြင်ပလူတွေနဲ့ ဘာလို့ အလုပ်ရှုပ်နေမှာလဲ"

ယီပိုင်မင်းသည် ငေးမောနေခြင်းကို ရပ်တန့်ကာ လက်ချောင်းလေးဖြင့် ယွင်ရှန်းကို လှမ်းခေါ်လိုက်သည်။ သူ၏မျက်ဝန်းများတွင် ဆွဲဆောင်မှုရှိသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ ယွင်ရှန်းသည်လည်း အကူအညီတောင်းစရာရှိနေသည်ဖြစ်ရာ ပြင်ပလူ ဆိုသည်ကို ဂရုမစိုက်တော့ဘဲ အရှက်မဲ့စွာပင် ယီပိုင်မင်းအနားသို့ ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ တိုးကပ်သွားတော့သည်။

ယီပိုင်မင်းသည် သူမ၏ ရှားရှားပါးပါး ယဉ်ကျေးသိမ်မွေ့မှုကို အလွန်ချစ်မြတ်နိုးမိသဖြင့် ရယ်မောမိသည်။ တစ်နာရီကျော်မျှ အချိန်ကုန်လွန်သွားသော်လည်း ယွင်ရှန်းမှာ စောင်းပညာ၏ အခြေခံဗဟုသုတကိုပင် မနည်းနားလည်အောင် ကြိုးစားနေရဆဲပင်။

"မင်းရဲ့ ဂီတအာရုံက ဆေးပညာပါရမီရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိရင်တောင် ကောင်းမှာပဲ"

ယီပိုင်မင်းက သင်ခန်းစာအဆုံးတွင် နားထင်ကို ပွတ်ရင်း ပြောလိုက်သည်။

သူသည် ကြောင်ရိုင်းမလေးကို ဘာမဆို တတ်မြောက်နိုင်သူဟု ထင်ခဲ့သော်လည်း သူမ၌လည်း အားနည်းချက် ရှိနေသည်ကို တွေ့လိုက်ရပြီဖြစ်သည်။ သူမ စောင်းတီးနေပုံမှာ စောင်းတီးနေခြင်းထက် ထင်းခုတ်တော့မည့် ပုံစံနှင့် ပိုတူနေသဖြင့် သူ အားရပါးရ ရယ်မောချင်စိတ်ကို မနည်းထိန်းထားရသည်။

"လူတိုင်းက ရှင်လိုပဲ သင်သမျှအကုန် တတ်နေမယ် ထင်လို့လား"

ယွင်ရှန်းက စိတ်တိုတိုနှင့် ပြန်ပက်လိုက်သည်။ ဧကရာဇ်၏ တေးသံ အတွက်သာ မဟုတ်လျှင် သူမ စောင်းသင်နေမည် မဟုတ်ပေ။

"ဒါနဲ့... ဒီစောင်းက မှော်ပညာ ဒါမှမဟုတ် တိုက်ခိုက်ရေးစွမ်းရည်တွေကို ခံနိုင်ရည်ရှိပါ့မလား"

ယွင်ရှန်းသည် ဧကရာဇ်တေးသံကို တီးခတ်ချင်နေခြင်းဖြစ်ပြီး ယွမ်ပုဖော့နှင့် ရွှမ်မေမေတို့၏ တူရိယာများမှာ သာမန်ပစ္စည်းများ မဟုတ်ကြောင်းကိုလည်း မှတ်မိနေသည်။

ထင်သည့်အတိုင်းပင် ယီပိုင်မင်းက သူမ၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။

"မဖြစ်နိုင်ဘူး မင်းက ဒီရှေးဟောင်းစောင်းကို လက်နက်တစ်ခုအဖြစ် သုံးဖို့ ရည်ရွယ်ထားရင်တော့ အခုကတည်းက အဲဒီစိတ်ကူးကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်။ စောင်းတွေက အလွန်ကျိုးပဲ့လွယ်တယ်။ တိုက်ခိုက်ရေးစွမ်းရည် ဒါမှမဟုတ် မှော်ပညာနဲ့ တွဲသုံးနိုင်ဖို့ဆိုရင် အနည်းဆုံး မြင့်မြတ်သောအဆင့်ရှိတဲ့ စောင်းမျိုး လိုအပ်တယ်။ အဲဒါတွေက ရှာဖွေရခဲတဲ့ ရတနာတွေပဲ"

ယွင်ရှန်းသည် သူမ၏ စောင်းပညာ တိုးတက်လာလျှင် ကျိုးချင်းချွမ်းအား ဝူကျိကုန်သွယ်ရေးအဖွဲ့၏ အင်အားကိုသုံး၍ စောင်းကောင်းတစ်လက် ရှာဖွေပေးရန် အကူအညီတောင်းရမည်ဟု တွေးတောလိုက်မိတော့သည်။

All Chapters