အခန်း (၇၁၅-၇၁၇)
Vol. 48 Ch. 715-717
Chapter 715 နှင်းပွင့်ဝိုင်တစ်ခွက်နဲ့ မြည်းမယ်
လက်ရှိအချိန်၌ ကောင်းကင်ယံမှ စီးကျလာသည့် ရွှေရောင်သွေးစက်များက ကမ္ဘာမြေပေါ်သို့ ဖြန်းပက်လာသည်။ ခန္ဓာကိုယ် ကြီးမားသော ကျင်းဖန်းသည်လည်း ကိုယ်နှစ်ခြမ်းပြတ်၍ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
လေဟာနယ် အတားအဆီး၏ တစ်ဖက်ရှိ ရှေးဟောင်းမိသားစုမှ သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဓားချက်တစ်ချက်တည်းပါလား*
*ဓားချက်တစ်ချက်တည်းနဲ့ ငရဲဘုံက ပုရွက်ဆိတ်ကောင်က ယင်ယန်လောကက သိုင်းပညာရှင်ကို သတ်ဖြတ်လိုက်နိုင်တာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သတိပြန်ဝင်လာပြီးနောက် ယင်ယန်လောကမှ သိုင်းပညာရှင်များ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
“ခေါင်းလောင်းသံလား၊ ခုနတုန်းက ဘာခေါင်းလောင်းသံလဲ၊ ကြည့်ရတာ ကျင်းဖန်းက ရုတ်တရက်ကြီး လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးသွားတဲ့ပုံပဲ”
“အောက်က ဘိုးဘေးတွေက ကောင်းကင်လို့ အော်လိုက်တာကို ငါ ကြားလိုက်တယ်၊ … ဒါ ကောင်းကင်ခွင်း ခေါင်းလောင်းများလား”
“….”
ကောင်းကင်ခွင်းခေါင်းလောင်းဟူသော စကားကို ကြားလိုက်ရချိန်တွင် မိသားစုခေါင်းဆောင်များ၊ အကြီးအကဲများနှင့် မိသားစုဝင်များအားလုံး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။
“ကောင်းကင်ခွင်းခေါင်းလောင်း၊ မင်း … မင်းမှာ ဘာလို့ ကောင်းကင်ခွင်း ခေါင်းလောင်း ရှိနေရတာလဲ”
ကမ္ဘာမြေပေါ်ရှိ နှစ်ပိုင်းပြတ်သွားသော ကျင်းဖန်၏ ခန္ဓာကိုယ်အပိုင်းများသည် ပြန်စုစည်းရန် ပြင်နေပြီး အလန့်တကြား အော်ဟစ်သံ ထွက်လာသည်။ သို့သော် သူသည် အဖြေပြန်မရလိုက်ဘဲ မီးတောက်များသာ သူ့ထံ ကျရောက်လာ၏။
ကျင်းဖန်းသည် ခန္ဓာကိုယ် ပြန်မဆက်နိုင်ခင်မှာပင် မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရလေတော့သည်။ သံမဏိကဲ့သို့ မာကြောလှသည့် သူ၏တောက်ပံများသည် ပြင်းထန်စွာ လောင်ကျွမ်းလာလေသည်။ တခြစ်ခြစ်တောက် ပူလောင်လွန်းလှသည့် မီးတောက်က အသားထဲထိ တိုးဝင်လာ၏။
“အား…”
“မရဏမီးလျှံ၊ မင်း … မင်းမှာ မီးနတ်ဘုရားရဲ့ ထိပ်တန်းရတနာ မီးလျှံတောင် ရှိနေတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း … မင်းက ဘယ်သူလဲ”
အလန့်တကြား အော်ဟစ်သံက မီးတောက်များကြားထဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထို့အတူ ထိုစကားသံကို ကြားလိုက်ရသည့် ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ခေါင်းမွေးထောင်သွားကြသည်။
မရဏမီးလျှံ။ မရဏမီးလျှံသည် မီးနတ်ဘုရား၏ ထိပ်တန်း ရတနာတစ်ပါး ဖြစ်သည်။ ရှေးယခင်က ထိုထိပ်တန်းရတနာ ဖြစ်သော မီးလျှံအား နယ်မြေအားလုံးမှ စွမ်းအင်များကို စုပ်ယူပြီး နှစ်တစ်သောင်းကြာ သန့်စင်မွမ်းမံ၍ ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုမီးလျှံ ထွက်ပေါ်လာသည်နှင့် အရာအားလုံး လောင်ကျွမ်းသွားပေမည်။ ယဲ့ဖန်၏ မရဏမီးလျှံက မီးနတ်ဘုရား၏ မီးလျှံအဆင့်သို့ မရောက်သေးသော်လည်း လက်တစ်ချက် မြှောက်လိုက်ရုံနှင့်တင် စိတ်ဝိညာဉ်အား လောင်ကျွမ်းစေနိုင်ပေသည်။
“မလုပ်နဲ့”
ကျင်းဖန်း ငယ်သံပါအောင် အော်ဟစ်နေရသည်။ သူ၏ကိုယ်ထဲမှ စိတ်ဝိညာဉ်သည် အရည်ပျော်လာပုံရပြီး စိတ်ဝိညာဉ်ထံမှ ဖြစ်ပေါ်လာသည့် ဒဏ်ရာကြောင့် တစ်ကိုယ်လုံး နာကျင်ကာ စူးစူးဝါးဝါး အော်ဟစ်နေရသည်။
မကြာခင်မှာပင် အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး စိတ်ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်း၍ သေဆုံးသွား လေတော့သည်။ ထိုအခါ ကမ္ဘာမြေပေါ်သို့ ဧရာမ အလောင်းကြီးတစ်ခုက အရှိန်ဖြင့် ပြုတ်ကျလာသည်။
*သေသွားပြီ*
*စိတ်ဝိညာဉ်ပါ ပျက်စီးပြီး သေသွားတာပါလား*
ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ကြက်သီးမွေးညင်း ထလာကြသည်။ ထို့အတူ နဖူးမှ ချွေးတဒီးဒီး ကျလာလေသည်။
ထိုအခါတွင်မှ ရှေးဟောင်း နတ်ဘုရား သုံးဆယ့်နှစ်ပါးလုံးနှင့် ပါရမီရှင်များ အဘယ်ကြောင့် အဖမ်းခံထားရသလဲ ဆိုသည်ကို နားလည်သွားကြသည်။
*လက်စသက်တော့ ဒီပုရွက်ဆိတ်ကောင်က မိစ္ဆာကောင် ဖြစ်နေတာပါလား*
*သူ့မှာ ကောင်းကင်ခွင်း ခေါင်းလောင်းအပြင် မရဏမီးလျှံပါ ရှိနေတယ်*
*မယုံနိုင်စရာပဲ*
ဤသို့တွေးမိပြီးနောက် ရှေးဟောင်းမိသားစုမှ သိုင်းပညာရှင်များအားလုံး မျက်နှာဖြူရော်၍ ထိတ်လန့် နေကြသည်။
ထိုစဉ် ကျင်းဖန်း၏ မီးသင့်နေသော ခန္ဓာကိုယ် နှစ်ပိုင်းသည် ကျန်းရှီမြို့တွင်းသို့ အရှိန်ဖြင့် ပြုတ်ကျလာသည်။ သူ၏ ခန္ဓာကိုယ် အပြည့်အစုံသည် အလွန် ကြီးမားပြီး ကမ္ဘာဂြိုဟ်တစ်ခုစာမျှ ရှိလေသည်။ သို့သော် မရဏမီးလျှံကြောင့် မီးလောင်ထားသဖြင့် သူ၏ခန္ဓာကိုယ်သည် အဆတစ်ရာမက ကျုံ့သွားလေသည်။
ထိုသို့ကျုံ့သွားတာတောင်မှ သူ၏ခန္ဓာကိုယ်က သာမန်အိမ်နှစ်လုံးစာမျှ ရှိနေသေးသည်။ သူ၏ခန္ဓာကိုယ် နှစ်ပိုင်းသည် စစ်နတ်ဘုရား အိမ်တော်တွင်းသို့ အရှိန်ဖြင့် ကျလာသောကြောင့် ချိုင့်ရာနှစ်ခု ဖြစ်ပေါ်လာသည်။
ကျင်းဖန်၏ အလောင်းကိုကြည့်ပြီး ရှေးဟောင်းမိသားစုမှ ပါရမီရှင်များအားလုံး ခြောက်ခြားသွားကြသည်။ ထိုသူသည် ယင်ယန်လောကမှ သူတို့ လေးစားရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ယခုအခါတွင် ထိုသူက တစ်ချက်တည်းဖြင့် အသတ်ခံရလိုက်ရသောကြောင့် သူတို့ ယုံရခက်နေ၏။
ယဲ့ဖန်သည်လည်း အိမ်တော်တွင်းသို့ ချက်ချင်း ပြန်ဆင်းလာသည်။ သူသည် ကျင်းဖန်၏ အလောင်းကိုကြည့်ပြီး သွားရေတမြားမြားဖြင့် ပြောလေသည်။
“လာကြ၊ မင်းတို့ အဆင့်တွေ တိုးတက်လာဖို့အတွက် ဒီနေ့ ထပ်တိုးလာတဲ့ ဟင်းလျာကို စားကြည့်ကြ”
ယဲ့ဖန်၏စကားကြောင့် ဘေးပတ်လည်မှ နတ်ဆိုးများအားလုံး ချက်ချင်း လှုပ်ရှားလာကြသည်။ သူတို့သည် ကျင်းဖန်၏ တောင်ပံများကို ဖြတ်တောက်ကာ အတွင်းအင်္ဂါများကို ထုတ်၍ ဆေးကြောလိုက်သည်။
ထို့နောက် ယင်ယန်ရတနာနှစ်ခုကို အသုံးပြု၍ ဓားရှည်တစ်ခုအဖြစ် ဖန်တီးကာ ကျင်းဖန်၏ ဧရာမ ခန္ဓာကိုယ်ကို ဖြတ်တောက်၍ အသားကင်အဖြစ် ပြုလုပ်လေတော့သည်။
ရာသီပေါ် ဝိုင်အရက်များ တစ်ပုလင်းပြီးတစ်ပုလင်း ထုတ်လာကြသည်။ အသားကင်အား ငရုတ်ကောင်းမှုန့် ဖြူးလိုက်ပြီး အချဉ်ရည်ဖျော်ကာ ဝိုင်များကိုပါ အဆင့်သင် ပြင်နေကြသည်။ အားလုး အဆင့်သင့် ဖြစ်သွားပြီးနောက် ကျင်းဖန်၏ ခန္ဓာကိုယ်အား ဆီလူးလေတော့သည်။
ထို့နောက် ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်ပြီး ငရဲမီးနှင့် မီးကင်လိုက်သည်။ မီးတောက်များအတွင်းမှ ရွှေရောင် အလင်းများက တောက်ပစွာ ဖြာထွက်နေသည်။ မွေးပျံ့သည့် အသားကင်အနံ့ကလည်း ဘေးဘီသို့ ပျံ့လွင့် သွားသည်။
“ပိုင်မင်ထဲမှာ ငါးတစ်ကောင် ရှိခဲ့ဖူးတယ်၊ အဲ့ငါးကို ခွန်းလို့ခေါ်တယ်။ အဲ့ငါးက ကြီးလွန်းတော့ အိုးထဲ ထည့်ချက်လို့လည်း မရဘူးလေ။ နောက်တော့ ငှက်တစ်ကောင်အဖြစ် ပြောင်းသွားရော၊ အဲ့အခါကျတော့ နာမည်က ဖန်းတဲ့။ အဲ့ငှက်ကို ကင်ဖို့ဆို နှစ်ပိုင်းပိုင်းပြီး တစ်ပိုင်းကို အချိုလုပ်ပြီး ကျန်တစ်ပိုင်းကို အစပ်လေး ထည့်ပြီး မီးကင်ရတယ်တဲ့ ။ ပြီးတော့ နှင်းပွ့င်ဝိုင်တစ်ပုလင်းနဲ့သာ မြည်းလိုက်ရရင် လောက စည်းစိမ်ပဲကွ”
ယဲ့ဖန်က ပြုံးလျက်ပြောနေရင်းနှင့် သက်ပြင်းချလိုက်သည်။
“ကမ္ဘာမြေက တော်တော်လေး အရည်အချင်းရှိတယ်ဆိုတာတော့ ငါ ဝန်ခံရမယ်၊ ငါတို့ ငှက်ကင်စားရမယ်လို့ ခန့်မှန်းထားတာ ကြာနေပြီ၊ အဲ့တော့ သူတို့က ငါတို့အတွက် ကြိုပြင်ထားပေးတယ်လေ”
ထိုစကားကြောင့် ရှေးဟောင်း နတ်ဘုရားများ သတိလစ်လုနီးပါး ဖြစ်သွားကြသည်။ ရှေးဟောင်းမိသားစုမှ ပါရမီရှင်များအားလုံး ငိုချင်လာကြလေသည်။
လေဟာနယ် အတားအဆီး အပြင်ဘက်မှ ယင်ယန်လောကမှ သိုင်းပညာရှင်များသည်လည်း သွေးအန်နေ ကြသည်။ ထိုစဉ် နတ်ဆိုးများက တစ်ယောက်ပြီးတစ်ယောက် ဘူးများကိုင်၍ စိတ်အားထက်သန်စွာ ပြေးလာကြသည်။
“သခင်ကြီး ဒီမှာ ဘီယာတွေ ရောက်လာပါပြီ၊ တန်ဖိုးကြီး နှင်းပွင့်ဝိုင်လည်း ပါပါတယ်”
“သက်တမ်းကုန်သွားပင်မယ့် ကျွန်တော်တို့ ပြန်သန့်စင်ထားပါတယ်”
ယင်ယန်လောကမှ ပါရမီရှင်များအားလုံး ပစ်လဲကျလုနီးပါး ဖြစ်သွားလေသည်။
*ချီးပဲ၊ ဒီနတ်ဆိုးတစ်သိုက်က တကယ်ကို ကျင်းဖန်းကို မီးကင်ပြီး ဘီယာလေးနဲ့ မြည်းလိုက်၊ နှင်းပွင့်ဝိုင်နဲ့ မြည်းလိုက် လုပ်ချင်နေတာပဲ*
ထိုအခါ ယင်ယန်လောကမှ ပါရမီရှင်များအားလုံး ကြက်သီးထလာကြပြီး ယဲ့ဖန်နှင့် အခြားသူများအား အရူးတစ်သိုက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်မိကြသည်။
သို့သော် အားလုံး၏ အကြောက်တရားကို ယဲ့ဖန်က မသိကျိုးကျွန် ပြုထားလေသည်။ မွှေးပျံ့သော အသားကင်အနံ့က တစ်လောကလုံးသို့ ပျံ့နှံ့သွားသည်။ ထိုအနံ့ကို ရလိုက်သည့်လူတိုင်း စားချင်စိတ် တဖွားဖွာ ဖြစ်ပေါ်လာကြသည်။
ထို့နောက် ယင်ယန်လောကမှ လူများအားလုံး ကြည့်နေစဉ်မှာပင် ကျင်းဖန်၏ အသားကို လှီးဖြတ်လာသည်။ နတ်ဆိုးတိုင်းက ပန်းကန်ကိုင်၍ အသားကင်ကို လှီးဖြတ်ကာ ဘီယာနှင့် မြည်းနေကြသည်။
အသားကို အားပါးတရကိုက်၍ ဘီယာကို အားပါးတရ သောက်နေကြသောကြောင့် ပါးစပ်၌ အဆီတဝင်းဝင်း ဖြစ်နေသည်။
မျက်စိရှေ့မှ မြင်ကွင်းကြောင့် ယင်ယန်လောကရှိ ကျင်းမိသားစုမှ သိုင်းပညာရှင်များအားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။
“မိစ္ဆာတွေ၊ မင်းတို့က ကျင်းဖန်းရဲ့ အသားကိုတောင် စားရဲတဲ့ မိစ္ဆာတွေပဲ”
“မြတ်စွာဘုရား၊ ငရဲဘုံမှာ ဘယ်လိုလုပ် ဒီလောက်ရက်စက်တဲ့လူ ရှိနေတာလဲ”
“…”
ကြောက်လန့်ဝမ်းနည်းနေသော အသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ကျင်းမိသားစု၏ အမြင်တွင် ကျင်းဖန်း၏ အသားကို စားနေသော ယဲ့ဖန်နှင့် အခြားသူများသည် မိမိတို့၏ အသားများကိုပါ စားနေသည်ဟု ခံစားမိနေကြသည်။
ကျင်းမိသားစုဝင်တိုင်း ကြက်သီးထ၍ ခိုက်ခိုက်တုန်လာသည်။ တစ်ပိုင်းပြီးတစ်ပိုင်း လှီးဖြတ်၍ စားသောက် နေကြသည်။ ကျင်းဖန်း၏ ဧရာမကိုယ်ကြီးက အားလုံးအတွက် လောက်ငပုံပင် မပေါ်ချေ။
တစ်ခဏအတွင်းမှာပင် အကုန် ပြောင်သလင်းခါ၍ အရိုးစုသာ ကျန်ရစ်ခဲ့တော့သည်။ ယဲ့ဖန်သာမက နတ်ဆိုးများအားလုံး လောဘစိတ်များဖြင့် ပြည့်နှက်နေသည်။ သူတို့ ဗိုက်ပင်မဝကြချေ။
ထို့နောက် နတ်ဆိုးများအားလုံးက နောက်လှည့်၍ ကျင်းမိသားစုမှ ပါရမီရှင်များကို လှည့်ကြည့်လာကြလေသည်။ ထိုအကြည့်ကြောင့် ကျင်းမိသားစုမှ ပါရမီရှင်များ ကြောက်လန့်လာသည်။
*ဒီနတ်ဆိုးတစ်အုပ်က ကျင်းဖန်ကို စားပြီးတာတောင် မကျေနပ်သေးဘဲ ငါတို့ကိုပါ စားချင်နေတာပါလား*
လက်ရှိအချိန်၌ ပါရမီရှင်များအားလုံး ကြောက်လန့်ကာ အတုံးအရုံး လဲကျသွားသည်။ ယင်ယန်လောကမှ ကျင်းမိသားစုဝင်များ ပို၍ကြောက်လန့်နေကြသည်။
“ရပ်လိုက်”
Chapter 716 ခင်ဗျားအလှည့်ပဲ
“ရပ်လိုက်”
ယဲ့ဖန်က ကျင်းမိသားစုမှ လူငယ်များကို ဆက်၍သွားရည်ကျနေသည်ကိုမြင်ပြီး ယင်ယန်လောကမှ ကျင်းမိသားစုများ ဆက်၍ငြိမ်မနေနိုင်တော့ချေ။
သူတို့သည် ယင်ယန်လောကမှ ရှေးဟောင်းမိသားစုများ ဖြစ်ကြသည်။ အကယ်၍ သူတို့မိသားစုမှ အတော်ဆုံး လူငယ်များက ငရဲဘုံမှလူများ၏ စားသောက်ခြင်း ခံလိုက်ရသည်ကို အခြားသူများ သိသွားပါက သူတို့ တစ်သက်လုံး ဦးမော့နိုင်မည် မဟုတ်ပေ။
ထို့အပြင် ထိုလူငယ်လေးများသည် ကျင်းမိသားစု၏ အတော်ဆုံး လူငယ်ပါရမီရှင်များ ဖြစ်သည်။ သူတို့ အသတ်ခံလိုက်ရသည်နှင့် ကျင်းမိသားစု ဖွက်ဖွက်ညက်ညက် ကြေသွားပေလိမ့်မည်။
ကြောက်လန့်တကြား တားမြစ်လိုက်သံနှင့်အတူ သိမ်းငှက်မျက်နှာနှင့်အတူသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လေဟာနယ် အတားအဆီးကို ကျော်ဖြတ်၍ ဝင်ရောက်လာသည်။ သူသည် တစ်ကိုယ်လုံး ဇောချွေးပြန်နေ၏။ ထို့နောက် သူသည် ပင့်သက်ရှိုက်၍ စကားစလေသည်။
“ကောင်လေး၊ ငါက ကျင်းမိသားစုရဲ့ မိသားစုခေါင်းဆောင်း ကျင်းထျန်းဖန်းပဲ”
“ငါ့မျိုးနွယ်က လူငယ်လေးတွေကို မစားပါနဲ့၊ မင်း တောင်းဆိုတာတွေကို ငါ ပေးမယ်လို့ ကတိပေးတယ်”
*ဘာ*
ကျင်းထျန်းဖန်း၏စကားကြောင့် ကျန်မိသားစုခေါင်းဆောင် နှစ်ဆယ့်သုံးယောက်လုံး မျက်နှာပျက်သွားကြသည်။ ကျင်းမိသားစုခေါင်းဆောင် ကတိပေးလိုက်သည်နှင့် သူတို့၏ ပူးပေါင်းမှုသည်လည်း ချက်ချင်း ပျက်စီးသွား ပေလိမ့်မည်။
ထို့နောက် ငရဲဘုံမှ ပုရွက်ဆိတ်လိုကောင်များက ရတနာများကို အချောင်ရသွားပေမည်။ ပေးဆပ်ရမည့် ပမာဏကို တွေးမိပြီး မိသားစုခေါင်းဆောင်များအားလုံး နှလုံးသွေးယိုစီးလေတော့သည်။
ကျင်းထျန်းဖန်းမှာမူ အခြားသူများ၏ အတွေးကို ထည့်စဉ်းစားချိန်မရပေ။ သူ လက်တစ်ဖက် လှုပ်လိုက်သည်နှင့် ကောင်းကင်ထက်မျ ဟင်းလင်းပြင် အိတ်တစ်လုံး ကျလာသည်။
“ဒီဟင်းလင်းပြင် အိတ်ထဲမှာ ယင်ယန်လောကက ရတနာဖြစ်တဲ့ ဘိုးဘေးဖန်းရဲ့ တောင်ပံရှိတယ်၊ ဒါကို တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ မင်း လူပေါင်း ဆယ်သန်းကို အသာလေး ရှင်းပစ်နိုင်တယ်”
“ပြီးတော့ ယန်ရွှေ အစက်ခြောက်ဆယ်ရယ်၊ ကမ္ဘာဦး ယန်ကျောက်ဆုံး ခြောက်ဆယ့်သုံးတုံးရယ်ပါတယ်။ ငါ့ဘိုးဘေးနဲ့ ငါတို့လူငယ် ငါးဆယ့်သုံးယောက်ကို လွှတ်ပေးပါ”
ထိုစကားအဆုံး၌ ကျင်းထျန်းဖန်း၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး အလွန် စိတ်သောကရောက်နေသည်ကို ကျန်မိသားစုခေါင်းဆောင်များ တွေ့လိုက်ရသည်။
ထိုပမာဏက များစွာသော မျိုးဆက်များအတွက် လုံလောက်သော အရင်းအမြစ်များ ဖြစ်သည်။
ဒုန်း!
ထို့နောက် ဟင်းလင်ပြင်အိတ်က ကမ္ဘာမြေပေါ်သို့ ပြုတ်ကျလာသည်။ ယဲ့ဖန်က ရှေ့သို့လှမ်းကာ ထိုအိတ်ကို ကောက်ယူ၍ အသာဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ကျေနပ်သလို ပြုံးလိုက်သည်။
“သိပ်ကောင်းတယ်၊ ကျင်းမိသားစုခေါင်းဆောင်က တကယ် တိကျတာပဲ”
“ကျုပ်က ဒီလိုတိကျတဲ့ လူတွေနဲ့ အလုပ်လုပ်ရတာကို သဘောကျတယ်။ စိတ်ချပါ၊ ကျုပ်တို့ နောက်ပိုင်း ပိုပြီး ပူးတွဲပြီးတော့ အလုပ်လုပ်နိုင်မှာပါ”
ထိုသို့ပြောပြီး ယဲ့ဖန်သည် ရှေ့ဆုံးရှိ ကျင်းမျိုးနွယ် လူငယ်နှစ်ယောက်ကို ဝမ်းသာအားရ ထူမ၍ သူတို့၏ ပခုံးမှ ဖုန်မှုန့်များကို ခါထုတ်ပေးလိုက်သည်။
“ညီအစ်ကိုတို့၊ မင်းတို့ လွတ်လပ်သွားပြီ”
“ငါတို့ဆောင်ပုဒ်ကို မှတ်ထားနော်၊ အတုရောင်းမိတာနဲ့ ဆယ်ခု ပြန်လျော်ပေးမှာ။ ငါတို့ ကြေးစား ပြန်ပေးဆွဲအဖွဲ့ကို မျက်နှာပျက်အောင် မလုပ်နဲ့”
ဝေါ့!
ထိုစကားကြောင့် ကျင်းမျိုးနွယ် လူငယ်လေးနှစ်ယောက် ချက်ချင်း သွေးအန်မိသွားသည်။
“အရူးကောင်၊ မင်းလိုကောင်က …”
ကျင်းမျိုးနွယ် လူငယ်လေးတစ်ယောက်က ဆဲရေးတိုင်းထွာရန် ပြင်လိုက်သည်။ ထိုစဉ် သူ့ပခုံးတစ်ဖက် ပေါ့သွားသည်ဟု ခံစားလိုက်မိပြီးနောက် တောင်ပံတစ်ဖက်က မြေကြီးပေါ် ပြတ်ကျသွားသည်။
ထိုကျင်းမျိုးနွယ် လူငယ်လေးသည် ပြတ်သွားသော တောင်ပံတစ်ဖက်ကို ကိုင်ပြီး အော်ဟစ်လာသည်။ ယဲ့ဖန်က တောင်းပန်စကား ပြောလိုက်သည်။
“ညီလေး ငါ စိတ်မကောင်းပါဘူး၊ ငါက မင်းအတွက် ဖုန်ပဲခါပေးလိုက်တာပါ၊ မင်းအတွက် အဲ့လောက်တောင် အားပြင်းသွားတာလား”
မျက်နှာပြောင်တိုင်၍ ရှင်းပြလိုက်သော စကားကို အားလုံး ကြားလိုက်ရသောကြောင့် မှင်တက်သွားလေသည်။ ယဲ့ဖန်က ထိုလူငယ်လေး၏ တောင်ပံကို ကိုင်ကြည့်၍ ကောင်းကင်ထက်မှ ကျင်းထျန်းဖန်းကို အော်ပြောလိုက်သည်။
“ကျင်းမိသားစုခေါင်းဆောင် ကျုပ် စိတ်မကောင်းပါဘူး၊ ကျုပ် ခင်ဗျားကို ငွေနည်းနည်းလောက် ပြန်အလျော် ပေးရမလား”
ကျင်းထျန်းဖန်း သွေးအန်လုနီးပါး ဖြစ်သွားရသည်။
*ဒီခွေးမသားက ဖုန်ခါပေးဖို့အတွက်ဆိုပြီး အားအများကြီး သုံးလိုက်တာကို ငါ မမြင်ဖူးများ မှတ်နေလား။ မင်း ငါ့ကျင်းမိသားစုက လူငယ်တွေကို အသားကင်လုပ်စားချင်နေတာကို ငါ သိသားပဲ*
ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျင်းမိသားစုခေါင်းဆောင်က လှေတစ်စီးလုံး ပြည့်လျှံသွားအောင် လုပ်နိုင်တဲ့ ဘဏ္ဍာမျိုး ရှိတာကို ကျုပ် သိပါတယ်။ ဒီလောက် အကျိုးအမြတ်ကို ခင်ဗျား ဂရုမစိုက်ဘူးမလား”
“ဒီလိုဆိုတော့လည်း ကျုပ်က ငရဲဘုံက လူတွေကိုယ်စား ကျင်းမိသားစုခေါင်းဆောင်ရဲ့ ရက်ရောမှုကို ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က ကျင်းမိသားစုမှ လူငယ်လေး၏ ပြတ်သွားသောတောင်ပံကို နတ်ဆိုးဘက်သို့ လှမ်းပစ်ပေး၍ ပြောလိုက်သည်။
“မြန်မြန်လုပ်၊ အဲ့ဒါကို ကင်လိုက်၊ မင်းတို့ မဝသေးဘူးမလား”
နတ်ဆိုးများ : “….”
ကျင်းထျန်းဖန်း : “….”
ယင်ယန်လောကမှ အခြားသူများလည်း မှင်တက်သွားကြသည်။
အခြားသူ၏ တောင်ပံကို ဖြတ်၍ မီးကာ အခြားသူများရှေ့၌ စားပြနေသည့် ဤသို့သော အရှက်မဲ့သည့် လူမျိုးအား သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ဤအရူးသာ ထိုသို့လုပ်ပြနိုင်သည်။
ထို့နောက် နတ်ဆိုးများက လျင်မြန်စွာ လှုပ်ရှားကာ ဧရာမ တောင်ပံပြတ်အား ဆီသုတ်ကာ မီးကင်လိုက် သောကြောင့် မွေးပျံ့သည့် ရနံ့တစ်မျိုး ပျံ့လွင့်လာသည်။
ယဲ့ဖန်က တောင်ပံကို ဖဲ့စား၍ အဆီဝင်းနေသော နှုတ်ခမ်းဖြင့် လေဟာနယ် အတားအဆီး နောက်မှ ရှေးဟောင်း မိသားစုများကို လှမ်းကြည့်၍ ပြောလိုက်သည်။
“ကျင်းမိသားစုခေါင်းဆောင်ကတော့ ပေးပြီးပြီ၊ ခင်ဗျားတို့ကရော ဘယ်လိုလဲ”
“မပေးရင် ခင်ဗျားတို့မျိုးဆက်တွေကို တစ်ယောက်ချင်း ခုတ်ထစ်ပြီး မီးကင်စားလိုက်မှာ”
ထိုစကားကြောင့် ရှေးဟောင်း မိသားစုမှ သိုင်းပညာရှင်များအားလုံး ချွေးပြန်သွားကြသည်။ သူတို့အားလုံး ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
နောက်ဆုံးတွင် မတတ်သာဘဲ အားလုံးက ဟင်းလင်းပြင်အိတ်တစ်အိတ်စီ ပစ်ချပေးလိုက်ကြသည်။
“ဟွမ်မိသားစု ခေါင်းဆောင်က ဘိုးဘေးနဲ့ လူငယ် ဆယ့်တစ်ယောက်ကို ပြန်ရွေးတယ်”
“ငါလည်း ဘိုးဘေးနဲ့ လူငယ် လေးဆယ့်တစ်ယောက်ကို ပြန်ရွေးတယ်”
“…”
လက်ရှိအချိန်၌ ကောင်းကင်မှနေ၍ ဟင်းလင်းပြင်အိတ်များ တစ်အိတ်ပြီး တစ်အိတ် ပြုတ်ကျလာသည်။ တစ်အိတ်ချင်းစီ၌ ယင်းယန်လောကမှ ရှေးဟောင်းမိသားစုများ၏ စုဆောင်းထားသမျှ အရာများ ပါဝင်လေသည်။
လက်ရှိအချိန်၌ ယဲ့ဖန်က အိတ်တစ်အိတ်ချင်းစီကို လိုက်ကောက်၍ စစ်ကြည့်နေသည်။ ထို့နောက် အိတ်အားလုံး ပေါင်းလိုက်လျင် ယင်ယန် ထိပ်တန်းရတနာ နှစ်ဆယ့်လေးခု၊ ယန်ရွှေ အစက်တစ်ထောင်ကျော်နှင့် ကမ္ဘာဦး ယန်ကျောက်တုံး ၁.၂၄ သန်း ရှိနေသည်ကို တွေ့လိုက်ရသည်။
*ချမ်းသာကြတာပဲ*
*ဒီယင်ယန်လောကက လူတွေက တော်တော် ကံကောင်းတာပဲ*
*ဒီလောက်နဲ့ဆို ဒီစကြဝဠာမှာ အချမ်းသာဆုံးလူ ဖြစ်ပြီ*
ထို့နောက် ယဲ့ဖန်က ဝမ်းသာအားရဝင်၍ စိတ်ကောင်းဝင်နေဟန်ဖြင့် လက်ပြ၍ ပြောလိုက်သည်။
“မိသားစု နှစ်ဆယ့်လေးခုက ဘိုးဘေးတွေနဲ့ လူငယ်အားလုံး လွတ်လပ်ပြီ”
ထိုစကားကြောင့် ရှေးဟောင်း နတ်ဘုရား နှစ်ဆယ့်လေးယောက်နှင့် ထောင်ချီသော ပါရမီရှင်များ စိတ်သက်သာရာ ရသွားကြလေသည်။ ကျန်နေခဲ့သော ရှေးဟောင်း နတ်ဘုရား ရှစ်ယောက်တို့သည် သူတို့အား အလွန် မနာလိုကာ အားကျသွားကြသည်။
လက်ရှိအချိန်၌ လူရိပ်များစွာတို့က ကောင်းကင်ထက်သို့ ထိုးတက်သွားနေကြပြီး ယင်ယန်လောကသို့ ပြန်နေကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရှေးဟောင်း နတ်ဘုရား နှစ်ဆယ့်လေးယောက်နှင့် ထောင်ချီသော ပါရမီရှင်များ အားလုံး ကမ္ဘာမြေမှ ထွက်ခွာသွားကြလေသည်။ သို့သော် လေထုက ရုတ်တရက် ထူးဆန်းလာသည်။
ကောင်းကင်၏ အပြင်ဘက်၌ ရှေးဟောင်း မိသားစုများသည် ဘယ်သောအခါကမှ ထွက်ခွာမသွားကြချေ။ ထိုအစား ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုမှ မိသားစု ခေါင်းဆောင်များက ရှေ့ဆုံးမှဦးဆောင်၍ ကမ္ဘာမြေပေါ်သို့ လူသတ်လိုသော အငွေ့အသက်များဖြင့် ဆင်းလာကြသည်။
“ဟဲဟဲ … ကောင်လေး၊ ငါတို့ ရှေးဟောင်းမိသားစုရဲ့ ဘဏ္ဍာတွေကို မင်း လွယ်လွယ်လေးနဲ့ ရလိုက်မယ်လို့ ထင်နေတာလား”
ထိုအသံနှင့်အတူ ပြင်းထန်လှသည့် အရှိန်အဝါများ ပျံ့နှံ့လာသည်။ ကမ္ဘာမြေတစ်ခုလုံး တုန်ခါ၍ ကောင်းကင်သည်လည်း မြည်ဟီးလာသည်။
ယခု ဝင်ရောက်လာသည့် သိုင်းပညာရှင်များသည် ယခင်လူများနှင့် လုံးဝမတူပေ။ သူတို့သည် ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုလုံးမှ အသန်မာဆုံးသော လူများ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီက ငရဲဘုံ၏ ကောင်းကင်နှင့် မြေကမ္ဘာအား ဖျက်ဆီးပစ်နိုင်၏။
ထိုသူများ အတူတကွ ရောက်လာသောကြောင့် ကောင်းကင်ခွင်း ခေါင်းလောင်းကို အသုံးပြုလျင်တောင်မှ ယဲ့ဖန် ထွက်မပြေးနိုင်ပေ။
ထိုစဉ် ယဲ့ဖန်က ဤသို့ ဖြစ်လာမည်ကို ခန့်မှန်းမိထားဟန်ဖြင့် ရယ်မောလေသည်။
“အိုး … အစကတော့ လူတွေရဲ့ အကျင့်အတိုင်း ကောင်းပြနေလိုက်တာ၊ အခုတော့ ဇာတိပြလာပြီပေါ့”
“ဒီလိုဆိုမှတော့လည်း ရှိပါစေတော့”
ယဲ့ဖန်၏စကားကြောင့် အားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ ထို့နောက် ယဲ့ဖန်က အော်ပြောလာသည်။
“အဘိုးကြီး၊ ခင်ဗျား အလှည့်ပဲ”
ယဲ့ဖန်၏ စကားသံအဆုံး၌ ကျန်းရှီမြို့၏ မြို့စွန်မှနေ၍ အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထိုအလင်းတန်းသည် ဘေးသို့ ဖြာထွက်လာပြီးနောက် ကောင်းကင်ယံသို့ ထိတ်လန့်ဖွယ် ဖီးနစ်သင်္ကေတတစ်ခု ရောင်ပြန်ဟပ်၍ ထွက်ပေါ်လာ၏။
Chapter 717 မသေမျိုး ဖီးနစ်ဘုရင်
ကမ္ဘာမြေပေါ်မှနေ၍ သွေးကဲ့သို့ ရဲရဲနီနေသော အလင်းတန်း ဖြာထွက်လာသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် လူတိုင်း ခေါင်းမွေးထောင်သလို ခံစားမိလာရသည်။
ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုမှ မိသားစုခေါင်းဆောင်များ ကြောက်လန့်တကြား ကြည့်နေစဉ်မှာပင် ကမ္ဘာမြေပေါ်မှနေ၍ ကြောက်စရာကောင်းသော ပုံရိပ်တစ်ခု ထွက်လာလေသည်။
ထိုသူသည် ခေါင်းမော့လိုက်ရုံနှင့်တင် ကောင်းကင်ထက်ရှိ လေဟာနယ် အတားအဆီးထိပင် ရောက်လာ လေသည်။ ဤသည်မှာ ငှက်အမောက်ပင် ရှိသေးသည်။
၎င်း၏ ခန္ဓာကိုယ်က အလွန် ကြီးမားလှသောကြောင့် တောင်ပံတစ်ချက် ဖြန့်လိုက်သည်နှင့် နေအဖွဲ့အစည်း၏ တစ်ဝက်မျှကိုပင် ဖုံးအုပ်သွားနိုင်သည်။ ၎င်း၏ ဦးခေါင်းထက်၌ အနီရောင် သရဖူတစ်ခု ရှိနေသည်။ ၎င်းအား မထီမဲ့မြင် မပြုရဲကြချေ။ အလွန် အေးစက်၍ ရက်စက်ပုံပေါ်သည်။
“ဒါ … ဒါ မသေမျိုး မျိုးနွယ်ပဲ”
၎င်း၏ ကြီးမားသော ဦးခေါင်းကို မြင်လိုက်သည်နှင့် ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုလုံး၏ ခေါင်းဆောင်များ အားလုံး ခေါင်းမွေးထောင် သွားကြလေသည်။
မသေမျိုး မျိုးနွယ်။ ထိုမျိုးနွယ်သည် ယင်ယန်လောကရှိ ကြောက်စရာ အကောင်းဆုံးသော မျိုးနွယ်များထဲမှ တစ်ခု ဖြစ်သည်။
ရှေးယခင်က မသေမျိုးမျိုးနွယ်၏ ဘိုးဘေးသည် မဟာနတ္ထိ ရှေးဧကရာဇ်နောက် လိုက်ပါခဲ့ပြီး ထိုခေတ်အခါကို လွှမ်းမိုးခဲ့သည်။
ထိုဘိုးဘေးသည် မသေမျိုးမျိုးနွယ်၏ ပထမဆုံးသော ဘိုးဘေး ဖြစ်သည်။ သူ့အား မသေမျိုး ဖီးနစ်ဘုရင်အဖြစ် လက်ရှိမျိုးဆက်များက ခေါ်ဝေါ်ကြလေသည်။
သူသည် ရှေးယခင်ခေတ်များက ကြောက်စရာအကောင်းဆုံးသော ဧရာမသတ္တဝါကြီးထဲမှ တစ်ကောင် ဖြစ်သည်။ သို့သော် ထိုသို့သော မသေမျိုးမျိုးနွယ်အား ငရဲဘုံ၏ ဂြိုဟ်တစ်ခု၌ တွေ့ရလိမ့်မည်ဟု မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး ထင်မထားမိကြချေ။
မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး ဇောချွေးပြန်နေကြသည်။ သူတို့သည် ရှေးဟောင်း မိသားစုများမှ ဆင်းသက်လာကြသော်လည်း နှစ်နှစ်သိန်းမျှသာ တည်ရှိထားကြသူများ ဖြစ်သည်။ ယင်ယန်လောကမှ မသေမျိုး မျိုးနွယ်နှင့် ယှဉ်လျင် သူတို့သည် မိုးနှင့်မြေကဲ့သို့ ကွာခြားလွန်းလှသည်။
သာမန် မသေမျိုး မျိုးနွယ်ဝင်တစ်ယောက်ကိုတောင်မှ မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး ရန်မစရဲပေ။
“ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုလုပ် ဒီလိုဂြိုဟ်လေးမှာ မသေမျိုး မျိုးနွယ်ဝင်တစ်ယောက် ပေါ်လာရတာလဲ”
ချက်ချင်းဆိုသလိုပင် မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး သွေးပျက်လာကြသည်။ ထိုသို့သောအချိန်၌ အလန့်တကြား ပြောလိုက်သံ ထွက်ပေါ်လာ၏။
“မဟုတ်ဘူး … မသေမျိုး ဖီးနစ်ဘုရင်၊ သူ … သူက မသေမျိုး ဖီးနစ်ဘုရင်ပဲ”
အလန့်တကြား ပြောလိုက်သံကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ထို့နောက် အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ထိုသူက ဘုရင်မ ကျစ်ဝေ့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဘုရင်မကျစ်ဝေ့သည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်အခါက လူသား အရှင်သခင်မှလွဲ၍ အခြားသူများနှင့် ယှဉ်လျင် ဒုတိယ အသန်မာဆုံးသောသူ ဖြစ်လေသည်။
သို့သော် လက်ရှိအချိန်၌ သူမသည် ကြောက်စရာကောင်းသော ငှက်ဦးခေါင်းအား သရဲတစ္ဆေကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေသည်။ ထို့နောက် ထိုဧရာမ ဖီးနစ်ရှေ့၌ အလျင်အမြန် ဒူးထောက်လာသည်။
“အရှင်ဖီးနစ်ဘုရင်၊ ဒီဂျူနီယာက ကျစ်ဝေ့ပါ၊ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်တုန်းက အရှင့်ရဲ့ အကူအညီကို ကျွန်မ ရခဲ့ဖူးပါတယ်”
“အဲ့ကျေးဇူးကို ဒီဂျူနီယာ လုံးဝ မမေ့ပါဘူး”
ထိုသို့ပြောပြီး ဘုရင်မကျစ်ဝေ့ မသေမျိုး ဖီးနစ်အား မော့ကြည့်လိုက်သည်။ ဤမြင်ကွင်းကိုကြည့်ပြီး မိသားစုခေါင်းဆောင် နှစ်ဆယ့လေးယောက်လုံး ထိုဖီးနစ်ငှက်၏ ဇာစ်မြစ်ကို သံသယမဝင်ကြတော့ပေ။ ဤမြင်ကွင်းက သူတို့အား တစ်ခဏမျှ ကြက်သီးထသွားစေသည်။
“မြတ်စွာဘုရား၊ မသေမျိုး ဖီးနစ်ဘုရင်က မဟာနတ္ထိ ရှေးဧကရာဇ် အမြင့်ကို တက်လှမ်းသွားနိုင်ပြီးနောက်ပိုင်း သေသွားတာ မဟုတ်ဘူးလား၊ သူ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ”
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ မသေမျိုး ဖီးနစ်ဘုရင်က မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ မိဘမဲ့ကလေးဖို့ ကာကွယ်ဖို့အတွက်နဲ့ သူ့မျိုးနွယ်ဝင်တွေရဲ့ ချောင်းမြောင်းတိုက်ခိုက်တာကို ခံရပြီး အသတ်ခံလိုက်ရတာ မဟုတ်ဘူးလား၊ သူ …”
“ဖီးနစ်ဘုရင် မွေးဖွားလာရင် ယင်ယန်လောကကြီး ပြောင်းလဲတတ်တယ်။ ငါတို့ ယင်ယန်လောကကြီး ပြောင်းလဲလာတော့မှာလား”
“…”
ချက်ချင်းဆိုသလိုပင် မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး အံ့အားသင့်လာကြလေသည်။ ထိုစဉ် ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ်များက လျှပ်စီးကဲ့သို့ လှစ်ခနဲပြေး၍ ကမ္ဘာမြေပေါ်သို့ အပြေးဆင်း
သွားကြသည်။ ထို့နောက် ဘုရင်မကျစ်ဝေ့ဘေး၌ ရပ်၍ ဒူးထောက်ကြလေသည်။
“ဂျူနီယာ ကျင်းဖန်းက စီနီယာ မသေမျိုး ဖီးနစ်ဘုရင်ကို အရိုအသေ ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်ခြောက်သိန်းလောက်တုန်းက စီနီယာရဲ့ ပေါင်ပေါ်ထိုင်ပြီး သင်ခန်းစာတွေကို နားထောင်ခဲ့ဖူးပါတယ်၊ ဒါကို စီနီယာ မှတ်မိသေးပါရဲ့လား”
“ဂျူနီယာ ဟွမ်ထျန်းပါ့က စီနီယာကို အရိုအသေ ပေးပါတယ်၊ စီနီယာရဲ့ တံခါးရှေ့မှာ နှစ်သုံးဆယ်လုံး လာဒူးထောက်ခဲ့တဲ့ ကောင်လေး ဟွမ်မြောင်ကို စီနီယာ မှတ်မိသေးရဲ့လား မသိဘူး။ ထျန်းပါ့ ဥပဒေသကို တီထွင်နိုင်ခဲ့တာ စီနီယာ့ကျေးဇူးတွေ အများကြီး ပါပါတယ်။ အခုတော့ ဒီဂျူနီယာက ဟွမ်ထျန်းပါ့လို့ နာမည်ပြောင်းလိုက်ပါပြီ”
“ဂျူနီယာ …”
လက်ရှိအချိန်၌ ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ယောက်လုံးသည် မသေမျိုး ဖီးနစ်ဘုရင်အား အရိုအသေ ပေးနေကြသည်။ သူတို့အများစုသည် မသေမျိုး ဖီးနစ်ဘုရင်၏ ကျေးဇူးတရားများကို ရရှိခဲ့ဖူးသည်။ ဘုရင်မကျစ်ဝေ့၊ ကျင်းဖန်း၊ ဟွမ်ထျန်းပါ့ စသည့်လူများလည်း ပါဝင်ပေသည်။
ထိုစဉ်အခါက မသေမျိုး ဖီးနစ်ဘုရင် သေဆုံးသွားပြီဟူသည့် သတင်းကို ကြားရပြီးနောက် သူတို့အားလုံးသည် သူတို့၏ ကျေးဇူးရှင်အတွက် လက်စားချေရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့သည် အကူအညီမဲ့၍ အလွန် အားနည်းခဲ့ကြသည်။
ထို့နောက် နတ်ဘုရားများ သန်မာလာကြသည်။ သို့သော် မသေမျိုး မျိုးနွယ်များက လူသားအရှင်သခင် လက်အောက်သို့ ခိုလှုံသွားသည်။ နတ်ဘုရားများက လူသားအရှင်သခင်၏ ပြိုင်ဘက်များ မဟုတ်သောကြောင့် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထို့ကြောင့် သူတို့သည် နှစ်နှစ်သိန်းတိတိ မုန်းတီးခဲ့ကြလေသည်။
သို့သော် ထိတ်လန့်စရာကောင်းသော ဤဒဏ္ဍာရီလာ သက်ရှိအား ဤနေရာ၌ ပြန်တွေ့ရလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
လက်ရှိအချိန်၌ ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ်များသည် မသေမျိုး ဖီးနစ်ဘုရင်အား အလွန် ရိုသေစွာ အရိုအသေ ပေးနေကြသည်။
ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံးသည် သူတို့၏ ဘိုးဘေးများ ဒူးထောက်နေသည်ကိုမြင်ပြီး သူတို့သည်လည်း မသေမျိုး ဖီးနစ်ဘုရင်အား ဦးညွှတ်၍ အရိုအသေ ပေးလိုက်ရသည်။
“ဂျူနီယာများက အရှင် မသေမျိုးဖီးနစ်ဘုရင်ကို အရိုအသေ ပေးပါတယ်”
ဖီးနစ်ဘုရင်သည် နတ်ဘုရားအားလုံး၏ အရိုအသေ ပေးခြင်းကို ခံနေရလေသည်။ ခေါင်းပြောင်ငှက်က ဤမျှ မြင့်မားသော အဆင့်အတန်း ရှိလိမ့်မည်ဟု ယဲ့ဖန်တောင်မှ ထင်မထားမိချေ။ ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။
“အားလုံးပဲ၊ ကြွကြပါ၊ ကြိုဆိုပါတယ်”
“အဟမ်း ခင်ဗျားတို့က ထပ်ပြီးတော့ ရတနာတွေ လက်ဆောင်ထပ်ပေးချင်တာလား၊ ခင်ဗျားတို့က သိပ်ကြင်နာ တတ်တာပဲ”
ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်များနှင့် မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး ပြောစကား မရှိလောက်အောင် ဆွံ့အသွားကြသည်။
*ဒီခွေးမသားက ငါတို့ကို ထပ်ပြီး အသားယူနေပြန်ပြီ၊ သူ့ကို နုတ်နုတ်စင်းပစ်ချင်လိုက်တာ*
ထိုစဉ် ခေါင်းပြောင်ငှက်က လှည့်ကြည့်၍ ပြောလိုက်သည်။
“ယဲ့ဖန်က ဒီဘုရင်ကြီးကိုယ်စား ပြောခွင့်ရှိတယ်၊ သူ့စကားက ငါ့စကားပဲ”
*ဘာ*
မသေမျိုး ဖီးနစ်ဘုရင်၏ စကားကြောင့် ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်များနှင့် မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး မျက်နှာပျက်သွားကြသည်။ ထို့နောက် သူတို့အားလုံး ယဲ့ဖန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။
မသေမျိုး ဖီးနစ်ဘုရင်က ဤကမ္ဘာမြေသားကို အလွန် တန်ဖိုးထားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်များနှင့် မိသားစုခေါင်းဆောင် နှစ်ဆယ့် လေးယောက်လုံးတို့သည် မတတ်သာဘဲ ပြန်ပြောလိုက်ရသည်။
“စီနီယာ မသေမျိုး ဖီးနစ်ဘုရင်ရဲ့ စကားကို လိုက်နာပါ့မယ်၊ ကျွန်တော်တို့ မစ္စတာယဲ့ရဲ့ အမိန့်မှန်သမျှကို နာခံပါ့မယ်”
“မလေးမစား မလုပ်ရဲပါဘူး”
ရိုးရှင်းသော စကားလေးတစ်ခွန်းက ယဲ့ဖန်၏အဆင့်အတန်းကို တစ်ဟုန်ထိုး မြင့်တက်သွားစေသည်။ ဤနေရာ၌ မသေမျိုး ဖီးနစ်ဘုရင် ရှိနေသရွေ့ သူတို့ ယဲ့ဖန်ကို ရန်မစနိုင်ကြောင်း မိသားစုခေါင်းဆောင် နှစ်ဆယ့် လေးယောက်လုံး ရိပ်စားမိသွားသည်။ ထို့နောက် အားလုံးက သူတို့၏ ဘိုးဘေးများကို လှမ်းကြည့်၍ ပြောလိုက်သည်။
“ဘိုးဘေး ကျွန်တော်တို့ ပြန်လို့ရပြီလား၊ မသေမျိုး ဖီးနစ်ဘုရင်ရဲ့ အမိန့်ကို နာခံဖို့အတွက် ကျွန်တော်တို့ နောက်မှ ထပ်လာမယ်လေ”
“ဘိုးဘေး၊ ပြန်ကြရအောင်၊ မိသားစုဝင်တွေက ဘိုးဘေးကို နှစ်နှစ်သိန်းတောင် စောင့်နေခဲ့ကြတာ”
“…”
သူတို့စကားအဆုံး၌ သူတို့၏ ဘိုးဘေးများက ဤသို့ ပြန်ပြောလာလေသည်။
“ပြန်မယ် ဟုတ်လား၊ ဘာကို ပြန်မှာလဲ၊ ကမ္ဘာဂြိုဟ်က ဒီလောက် လှပပြီးတော့ လူတွေကလည်း သိပ်ကြင်နာတာကို၊ အခု ငါတို့ ပြန်သွားလိုက်ရင် ကျေးဇူးကန်းရာ မကြဘူးလား”
“ဟုတ်တယ်၊ ဒီဘိုးဘေးက ကမ္ဘာဂြိုဟ်ပေါ်မှာ နှစ်နှစ်သိန်းတောင် နေခဲ့တာ၊ ငါ ဒီဂြိုဟ်ကို သံယောဇဉ် တွယ်နေပြီ၊ ငါ မသေမချင်း ဒီက မခွာဘူး”
“ဒီလောက် လှပတဲ့ ရေမြေတောတောင်ကို ကြည့်စမ်းပါဦး၊ ပြီးတော့ ဒီလို ရိုးစင်းတဲ့ ဘဝလေး၊ ငါ ဘယ်လိုလုပ် ထွက်သွားရက်မှာလဲ”
“…”
မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။
*ဘာပြောလိုက်တာလဲ*
*လှပတဲ့ ရေမြေတောတောင် သဘာဝ ဟုတ်လား*
*ရိုးစင်းတဲ့ ဘဝလေး*
မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး မျက်နှာ မဲ့ရွဲ့သွားသည်။ ဤနတ်ဆိုးများက ဘိုးဘေးများကို ဒူးထောက်၍ သီချင်းဆိုခိုင်းပြီး ကျင်းဖန်းအား မီးကင်စားလိုက်သည့် အဖြစ်ကို သူတို့ မှတ်မိနေပါသေးသည်။
ဘိုးဘေးများက မသေမျိုး ဖီးနစ်ဘုရင်ကြောင့် မထွက်သွားချင်နေကြမှန်း မိသားစုခေါင်းဆောင်များ သတိထားမိပါသည်။ ဘိုးဘေးများအားလုံးက မသေမျိုး ဖီးနစ်ဘုရင်၏ အကြံပေးစကားကြောင့် တစ်ဘဝလုံး အကျိုးအမြတ် ရရှိခဲ့သောကြောင့် ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ထိုစဉ် ယဲ့ဖန်က ချောင်းဟမ့်၍ စကားစလာသည်။
“အဟမ်း အဟမ်း … ခင်ဗျားတို့ ထွက်မသွားချင်လဲ ရပါတယ်၊ အားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ပေးမှာပါ”
“ခင်ဗျားတို့ကို ဒီမှာ နေမယ်ဆိုရင် တစ်လကို ကမ္ဘာဦး ယန်ကျောက်တုံး အတုံးငါးဆယ် ပေးရမယ်၊ အကြွေးတော့ မရဘူးနော်”
ထိုစကားကြောင့် မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး ပို၍မျက်နှာပျက်သွားကြသည်။
*ငါတို့ ဘိုးဘေးတွေကို ပြန်ရွေးအတွက်လည်း ပေးရသေးတယ်*
*အခု ဘိုးဘေးတွေက မပြန်ချင်ကြတော့ဘူး*
*ဒါကို ဒီခွေးမသားက ဒီမှာနေဖို့အတွက် အိမ်ငှားသလို ငှားခတောင်းနေသေးတယ်*
*ဒီကောင် တော်တော် မျက်နှာပြောင်တိုက်တာပဲ*