အခန်း (၇၁၈-၇၂၀)
Vol. 48 Ch. 718-720
Chapter 718 တဗူး အရှင်သခင်
မိသားစုခေါင်းဆောင် နှစ်ဆယ့်လေးယောက်လုံး ထွက်ခွာသွားကြသည်။ အဆုံးသတ်၌ သူတို့သည် ယဲ့ဖန်၏ ဖိအားပေး တောင်းဆိုခြင်းအား မတတ်သာပဲ ငှားခပေးရန် သဘောတူလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုလုံး ငရဲဘုံမှ ပုရွက်ဆိတ်များ၏ ဖိနှိပ်ခြင်း ခံလိုက်ရသည့် သတင်းက ယင်ယန်လောက တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထိုအခါ ယင်ယန်လောကတစ်ခုလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုသည် ယခုအခါ၌ အနိမ့်ပိုင်းသို့ ရောက်နေသော်လည်း သူတို့၏ လွှမ်းမိုးနိုင်စွမ်းက တစ်မူထူးခြားနေဆဲ ဖြစ်သည်။
ထိုသို့ကြောက်စရာကောင်းသော တည်ရှိမှုများက ငရဲဘုံမှ ပုရွက်ဆိတ်များ၏ ခြိမ်းခြောက်ခံရပြီး ငွေညှစ်ခံလိုက်ရသည့်သတင်းက အားလုံးအား စိတ်ဝင်စားသွားစေသည်။
တစ်ချိန်တည်းမှာပင် ယင်ယန်လောကတွင်းရှိ လက်ဘက်ရည်စံအိမ်တွင်း၌ မိန်းမပျိုလေးတစ်ဦးက ငြိမ်သက်စွာ ထိုင်နေပြီး လက်ဘက်ရည်သောက်ကာ ယင်ယန်လောကတွင်းရှိ သတင်းမျိုးစုံကို နားထောင်နေသည်။
ဘေးပတ်လည်မှ ပြောဆိုနေသံများက သူမ၏ အာရုံကို ဆွဲဆောင်သွားသည်။
“ဟေ့၊ ဒါ ငါ ကြားလာတဲ့ သတင်းထူးတစ်ခုပဲ၊ အဲ့ငရဲဘုံက ပုရွက်ဆိတ်ကောင်က ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုရဲ့ ဘဏ္ဍာတိုက်ကို ပြောင်သလင်းခါအောင် လုပ်လိုက်တယ်တဲ့ကွ။ အခု အဲ့အိမ်အားလုံး ခြောက်ကပ်ပြီး စိတ်ဓာတ်ကျနေကြတယ်”
“ဟုတ်လား၊ ငါ တစ်နေ့က ကျင်းမိသားစုအိမ်ကို သွားခဲ့သေးတယ်။ ဘာဖြစ်နေတယ်မှတ်လဲ၊ ကျင်းမိသားစု ခေါင်းဆောင်က အငှားခပေးဖို့အတွက် ပိုက်ဆံ လိုက်ချေးနေတယ်တဲ့။ ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်လဲကွာ”
“ငရဲဘုံကလူတွေက ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုကို ခြိမ်းခြောက်ပြီး ကျင်းဖန်းကိုတောင် မီးကင်စားလိုက် သေးတယ်တဲ့”
“…”
ဘေးပတ်လည်မှ စကားသံများကြောင့် ထိုမိန်းမပျိုလေး မျက်ခုံးပင့်သွားသည်။
*ငရဲဘုံတဲ့*
“သူများလား”
မိန်းမပျိုလေးသည် မသေချာမရေရာဖြစ်နေပြီး အိပ်မက်မက်နေသည်ဟု ထင်မိနေသည်။ သူမအမြင်တွင် ယဲ့ဖန်သည် ထူးခြား၍ ခန့်မှန်းမရနိုင်သောသူ ဖြစ်သည်။ သို့သော် ယင်ယန်လောကရှိ ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုအား ခြိမ်းခြောက်အကျပ်ကိုင်နိုင်သော အရည်အချင်း ရှိလိမ့်မည်ဟု သူမ မယုံနိုင်သေးပေ။
ထိုစဉ် သူမ စွပ်ထားသော လက်စွပ်ထဲမှ အဘွားအိုက သက်ပြင်းချ၍ ပြောလာသည်။
“ကောင်မလေး၊ စိတ်မပူနဲ့၊ အဲ့ဒါ မင်း ချစ်သူကောင်လေးပဲ”
*ဘယ်လို*
ပိုင်ယီ မှင်တက်သွားပြီး လန့်ဖြန့်သွားသည့် အမူအရာမျိုး ဖြစ်လာသည်။
*သူ ဖြစ်နိုင်ပါတယ်လေ*
“မင်းချစ်သူက တော်တော်ကို အံ့ဩစရာကောင်းတဲ့ ကောင်လေးပဲ”
“ဘုရင်မကျစ်ဝေ့တို့ကို အညံ့ခံခိုင်းနိုင်သလို ကျင်းဖန်းကိုလည်း စားလိုက်သေးတယ်။ လူသား အရှင်သခင် ပြီးရင် သူက ဒီလိုလုပ်နိုင်စွမ်းရှိတဲ့ ပထမဆုံးသောသူပဲ”
အဘွားအို၏ စကားကြောင့် ပိုင်ယီ မချိပြုံး ပြုံးလိုက်မိသည်။ သူမ ယဲ့ဖန်အကြောင်း အကုန်မသိသေးဟု ခံစားမိလာသည်။
သေဘေးနှင့် တွေ့ရပြီဟု ထင်လိုက်သည့်အချိန်တိုင်း သူက အခြေအနေအား အလွယ်တကူ ပြောင်းပြန်လှန်၍ ပြန်ဖိနှိပ်ပစ်သည်။ ထိုစဉ် အဘွားအိုက ရုတ်တရက် တိတ်သွားသည်။ အဘွားအိုက သူမ ပြောချင်သည့်စကားကို ပြောသင့်မပြောသင့် တွေးနေဟန်ဖြင့် တုံ့ဆိုင်းနေ၏။
“ကောင်မလေး၊ ဒီအမေ ပေးတဲ့အကြံကို တသွေမတိမ်း နားထောင်ပါ၊ နောင်ဆို အဲ့ကောင်လေးနဲ့ ဝေးဝေးနေ၊ ငါ သူ့ကို လန့်တယ်”
*ဟင်*
အဘွားအို၏စကားကြောင့် ပိုင်ယီ အံ့အားသင့်သွားသည်။ ယဲ့ဖန်ကို ချီးမွမ်းပြီးမှ သူနှင့် ဝေးဝေးနေရန် မှာနေသည်တဲ့လား။
“ဘာလို့လဲ အမေ”
ပိုင်ယီ မျက်မှောင်ကြုတ်လာသည်။ ထိုအခါမှ အဘွားအိုက သက်ပြင်းရှည်ချ၍ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူက သေမင်း နတ်ဆိုးဆုဒြာကို သိနေလို့၊ ဘာလို့လဲဆိုတော့ သူ့မှာ ကောင်းကင်ခွင်း ခေါင်းလောင်း ရှိနေလို့ပဲ”
ထိုအဘွားအိုသည် ရှေးခေတ်အခါတည်းက ရှိနေခဲ့သော ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ယီ၏ လက်စွပ်ထဲ၌ ဝင်နေသောကြောင့် ယဲ့ဖန်အကြောင်းကိုလည်း ရင်းနှီးလေသည်။
သူမက သေမင်းနတ်ဆိုး ဆုဒြာကိုလည်း သိနေသလို ကောင်းကင်ခွင်း ခေါင်းလောင်းကိုလည်း သိနေ၏။ ထို့အပြင် သူမ ပြောလိုက်သော စကားကြောင့် ပိုင်ယီ ပို၍ တွေဝေသွားရသည်။ ထိုစဉ် အဘွားအို ထပ်ပြောလိုက်သော စကားကြောင့် ပိုင်ယီ၏ မျက်နှာထားက ပျက်ယွင်းသွားသည်။
“ကောင်မလေး မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်တုန်းက အသန်မာဆုံးသူက မဟာနတ္ထိ ရှေးဧကရာဇ်လို့ မင်း တကယ် ထင်နေတာလား”
*ဘယ်လို*
သူမ ယင်ယန်လောက၌ သွားလာနေသည့် လမ်းတစ်လျှောက်လုံး မဟာနတ္ထိ ရှေးဧကရာဇ်၏ ဇာတ်လမ်းများစွာတို့ ကြားခဲ့ရသည်။ ထိုဧကရာဇ်သည် လောကအား ပြောင်းပြန်လှန်နိုင်သည်။ လောကသခင်များအား လက်နှစ်ဖက်တည်းဖြင့် ဖိနှိပ်နိုင်၏။ ပြောရမည်ဆိုလျင် သူတစ်ယောက်တည်း၏ ခွန်အားဖြင့် တစ်လောကလုံးရှိ မျိုးနွယ်အားလုံးကို အနိုင်ယူနိုင်ပေသည်။
“အမေ ဘာကိုပြောချင်တာလဲ၊ မဟာနတ္ထိ ရှေးဧကရာဇ်က ရှေးခေတ်တုန်းက အသန်မာဆုံးသူ မဟုတ်ဘူးလား”
ပိုင်ယီ မယုံနိုင်သေးပေ။
“ဟုတ်တယ်”
အဘွားအို၏ အသံက အနည်းငယ် တုန်ယင်နေပြီး အတိတ်မှ လျှို့ဝှက်ချက်များကို ပြန်အမှတ်ရလာပုံ ပေါ်သည်။
“တကယ်တော့ အဲ့ခေတ်အခါရဲ့ အသန်မာဆုံးသောသူကို တဗူး အရှင်သခင်ပဲ”
*တဗူး အရှင်သခင်တဲ့လား*
ထိုနာမည်ကို ယခုမှ ပထမဆုံး ကြားဖူးသောကြောင့် ပိုင်ယီ ချီတုံချတုံ ဖြစ်နေသည်။ သို့သော် အဘွားအို ဆက်ပြောလာသည့် စကားကြောင့် သူမ ပို၍အံ့အားသင့်သွားရသည်။
“သူက မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ ဆရာပဲ”
“သူ့မှာ သေမင်းနတ်ဆိုးဆုဒြာ ရှိသလို ကောင်းကင်ခွင်းခေါင်းလောင်းလည်း ရှိတယ်”
အဘွားအို၏ စကားကြောင့် ပိုင်ယီ ခေါင်းနပမ်း ကြီးသွားရသည်။
*သေမင်းနတ်ဆိုး ဆုဒြာနဲ့ ကောင်းကင်ခွင်း ခေါင်းလောင်းလည်း ရှိတယ်တဲ့လား*
*ပြီးတော့ သူက မဟာနတ္ထိ ရှေးဧကရာဇ်ရဲ့ ဆရာလား*
ပိုင်ယီ မှင်တက်နေသည်။ ထို့နောက် တဗူး အရှင်သခင်နဲ့ ယဲ့ဖန်ကြား၌ ထူးခြားသော ဆက်နွယ်မှု ရှိနေလိမ့်မည်ဟု သူမ မသိမသာ ခံစားမိလာသည်။
“မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်တုန်းက တဗူး အရှင်သခင် စုစုပေါင်းသုံးကြိမ် ပေါ်လာခဲ့ဖူးတယ်”
“ပထမတစ်ကြိမ်က ရှေးခေတ်အစတုန်းက ဖြစ်ပြီးတော့ အရာအားလုံး ကြီးထွားစပြုလာခဲ့တဲ့အချိန်ပေါ့၊ ယန်နယ်မြေက သိုင်းပညာရှင်တွေက ရှေးခေတ် သက်ရှိအရာအားလုံးကို ဖျက်ဆီးဖို့အတွက် ဆင်းလာခဲ့တယ်”
“အဲ့အချိန်တုန်းက သက်ရှိအားလုံး စိတ်ဓာတ်ကျပြီး အခုမှ ဖြစ်ပေါ်လာကာစ မဟာနတ္ထိ ရှေးဧကရာဖ် လောကကြီးကလည်း ပျက်သုန်းတော့မလို ဖြစ်ခဲ့တာပေါ့”
“အဲ့အချိန်မှာ တဗူး အရှင်သခင် ပေါ်လာခဲ့ပြီးတော့ တစ်မိနစ်အတွင်း အရာအားလုံးကို ဖျက်ဆီးဖို့ လာနေတဲ့ ယန်နယ်မြေက သိုင်းပညာရှင်တွေကို သိုင်းကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တယ်”
“အဲ့နောက်ပိုင်း တဗူး အရှင်သခင် ပျောက်ကွယ်သွားတယ်။ သူ ပျောက်သွားတာလည်း နှစ်ပေါင်း သန်းနဲ့ချီပြီး ပျောက်သွားခဲ့တာ”
ထိုသို့ပြောနေချိန်တွင် အဘွားအို၏အသံက တုန်ခါနေ၏။ မယုံနိုင်စရာကောင်းသော အကြောင်းအရာတစ်ခုကို ပြောပြနေသလိုပင်။
“တဗူး အရှင်သခင် ပြန်ပေါ်လာတဲ့အချိန်က မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်ရဲ့ အလယ်ခေတ်လောက်မှာပေါ့၊ အဲ့အချိန်တုန်းက မဟာနတ္ထိ ရှေးဧကရာဇ်က သူ့ရဲ့ မွေးရာပါ ပါရမီနဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့တယ်။ အဲ့ဒါကြောင့် ယန်နယ်မြေက သူ့ကို ကောင်းကင်ဘုံ ဖြိုခွင်းသူဆိုပြီး အပြစ်ပေးခဲ့လို့ အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာ”
“အဲ့အချိန်တုန်းက ရှေးခေတ် ဝိညာဉ်တွေက ကောင်းကင်ဘုံ အပြစ်ပေးခြင်းကြောင့် မဟာနတ္ထိ ရှေးဧကရာဇ် တစ်စစီ ဖြစ်တော့မှာကို ကြည့်နေခဲ့ကြတာပေါ့။ သူ့ရဲ့ စိတ်ဝိညာဉ် အသတ်ခံရတော့မယ့်အချိန်မှာ ကောင်းကင်ခွင်း ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးတော့ ယင်ယန်လောကကြီး တုန်လှုပ်သွားခဲ့တယ်”
“မဟာနတ္ထိ ရှေးဧကရာဇ်က တဗူးအရှင်သခင်ရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပြီးတာနဲ့ သူ့ကို ဆရာတင်ခဲ့တယ်”
ထိုသို့ပြောပြီးနောက် အဘွားအို၏အသံ၌ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောနေသကဲ့သို့ အလွန် လေးစားဟန်များ ပါဝင်လာသည်။
“တတိယတစ်ကြိမ်ကတော့ ကောင်းကင်ဘုံ တက်လှမ်းမယ့် တိုက်ပွဲအတွင်းတုန်းကပဲ”
“မဟာနတ္ထိ ရှေးဧကရာဇ်က တစ်ဟုန်ထိုး တိုးတက်လာခဲ့တော့ ယန်နယ်မြေက မရေတွက်နိုင်တဲ့ သက်ရှိအားလုံးရဲ့ အာရုံကို ဆွဲဆောင်မိသွားသလို ဖြစ်သွားတယ်။ သူတို့တွေက ကြောက်စရာ ကောင်းလောက်အောင် ပြိုင်ဘက်ကင်းတဲ့ သူတွေပေါ့”
“မဟာနတ္ထိ ရှေးဧကရာဇ်တောင်မှ သေလုမျောပါး ဖြစ်ခဲ့တယ်၊ နောက်တော့ တဗူး အရှင်သခင် ထပ်ပေါ်လာပြီး ကောင်းကင်ခွင်းခေါင်းလောင်းနဲ့ သေမင်းနတ်ဆိုး ဆုဒြာကို သုံးပြီး ယန်နယ်မြေက သက်ရှိတွေကို သုတ်သင်ခဲ့တယ်။ ပြီးတော့ သူက မဟာနတ္ထိ ရှေးဧကရာဇ်ကို ကောင်းကင်ဘုံဆီ ခေါ်သွားခဲ့တယ်။ နောက်ဆုံးတော့ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်”
*အဲ့လူက သုံးကြိမ်ပဲ ပေါ်လာပြီးတော့ သုံးကြိမ်လုံး ထိတ်လန့်စရာတွေဖြစ်အောင် လုပ်ခဲ့တယ်*
ပိုင်ယီ စဉ်းစား၍ မရတော့ချေ။ ရှေးခေတ်အခါက မည်သို့သော ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်မျိုးက သုံးကြိမ်ပဲပေါ်လာပြီးတော့ လောကကို ထိတ်လန့်တုန်လှုပ်အောင် လုပ်ခဲ့သလဲဆိုသည်ကို သူမ မတွေးတတ်နိုင်တော့ပေ။
“အမေ ဘာလို့ လူတိုင်းက တဗူး အရှင်သခင်အကြောင်း မပြောကြတာလဲ”
ပိုင်ယီ၏စိတ်ထဲ၌ သံသယစိတ်များဖြင့် ပြည့်နှက်လာသည်။ သူမတို့ လာခဲ့သည့် ခရီးလမ်းတစ်လျှောက် အကြားရဆုံးက မဟာနတ္ထိ ရှေးဧကရာဇ်၏ ဒဏ္ဍာရီပင်။ ယင်ယန်လောကမှ လူများက တဗူး အရှင်သခင်အကြောင်း မသိပုံရသည်။
“မင်း အထင်မှားနေပြီ။ မပြောကြတာ မဟုတ်ဘူး၊ မပြောရဲကြတာ”
အဘွားအို၏အသံ၌ ကြောက်လန့်ဟန်များ စွန်းထင်းနေ၏။
“ငါတို့ သူ့ကို များသောအားဖြင့် အဲ့ဒီပုဂ္ဂိုလ်လို့ပဲ ခေါ်ကြတယ်”
*အဲ့ဒီပုဂ္ဂိုလ်*
ပိုင်ယီသည် ထိုစကားလုံးကို ကြားပြီးသည်နှင့် တုန်လှုပ်သွားလေသည်။ ယဲ့ဖန် ကောင်းကင်ခွင်းခေါင်းလောင်းကို အသုံးပြုခဲ့စဉ်က မသေမျိုး ဟေးဒီးစ်နှင့် ခေါင်းပြောင်ငှက်တို့ သေမတတ် မှင်တက်သွားသည်ကို သူမ မှတ်မိနေပါသေးသည်။ သူတို့က “ကောင်းကင်ခွင်းခေါင်းလောင်းက အဲ့ဒီလူနဲ့အတူ အထက်လောကကို ပါသွားပြီလေ” ဟု ဆက်တိုက် ပြောခဲ့ကြသည်။
အစပိုင်း၌ သူမသည် “အဲ့ဒီပုဂ္ဂိုလ်” ဆိုသောစကားက မဟာနတ္ထိ ရှေးဧကရာဇ်ကို ရည်ရွယ်ခြင်း ဖြစ်သည်ဟု ထင်ခဲ့မိသည်။ ထိုစကားလုံးက တဗူး အရှင်သခင်ကို ခေါ်ဝေါ်ခြင်း ဖြစ်လိမ့်မည်ဟု ထင်မထားမိပေ။
အဘွားအို၏ စကားက ပို၍ သတိထားလာသည်။
“ကောင်မလေး၊ ကောငး်ကင်ခွင်းခေါင်းလောင်းနဲ့ သေမင်းနတ်ဆိုး ဆုဒြာက ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ပဲ”
“တစ်ချိန် အဲ့လျှို့ဝှက်ချက်သာ ပေါ်လာရင် လူသားအရှင်သခင်က သူ့ကို သတ်ရုံတင်မကဘဲ ယန်နယ်မြေက သိုင်းပညာရှင်အားလုံးကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်”
“သူက သေမျိုးတစ်ယောက်ပဲ၊ မင်း သူနဲ့ ဝေးဝေးနေမှ ဖြစ်မယ်”
ထိုစကားကြောင့် ပိုင်ယီ၏ မျက်နှာက အလွန် သုန်မှုန်သွားသည်။
*ဝေးဝေးနေတဲ့လား*
သူမ ထိုသို့ တစ်ခါမှ မတွေးခဲ့ဖူးချေ။ ယခုအချိန်၌ သူမသည် ပို၍သန်မာချင်စိတ်သာ ရှိသည်။ သို့မှသာ မိုးသက်မုန်တိုင်း ထန်လာပါက သူမ သူ့ဘေး၌ ရပ်နေနိုင်မည် ဖြစ်သည်။
လက်ရှိတွင် သူမ ပို၍လျင်မြန်စွာ သန်မာလာနိုင်ရုံသာ ရှိသည်။ ထိုသို့တွေးမိပြီးနောက် ပိုင်ယီ၏ မျက်လုံးလေးများက ပြတ်သားစိတ်တို့ဖြင့် လင်းလက်လာသည်။
“အမေ၊ ကျွန်မ သူ့အတွက်သာဆို သေရဲတယ်”
Chapter 719 သွေးမျိုးစက် အပိုင်းအစ
ကမ္ဘာမြေပေါ်၌ နတ်ဆိုးများက နေရာအနှံ့ နေရာယူထားကြသည်။ ထိုနတ်ဆိုးများကြား၌ သင်ခန်းစာ ပို့ချနေသည့် ရှေးဟောင်း နတ်ဘုရားများ ရှိနေသည်။
ထိုသူများသည် ဘုရင်မကျစ်ဝေ့ အပါအဝင် ရှေးဟောင်းနတ်ဘုရား ရှစ်ယောက်တို့ ဖြစ်ကြလေသည်။ သူတို့၏ ရှေးဟောင်း မိသားစုဝင်များသည် ပျောက်ကွယ်သွားခဲ့သဖြင့် သူတို့ကို ပြန်ရွေးမည့်သူ မရှိသလို ကမ္ဘာမြေ၌ နေထိုင်ခအဖြစ် ပေးမည့်သူလည်း မရှိပေ။
ထို့ကြောင့် သူတို့သည် နတ်ဆိုးများကို သင်ကြားပြသခြင်းဖြင့် သူတို့အတွက် နေထိုင်စရိတ်ကို ပေးချေနေရသည်။ ယဲ့ဖန်က သူတို့အား ကမ္ဘာဂြိုဟ်က အသုံးမကျသောလူများကို လက်မခံသလို စိတ်ဝိညာဉ်များကိုလည်း အလကား နေခွင့်မပေးဟု ပြောထားလေသည်။
“အရှေ့ဘက်ကနေ မြင့်တက်လာတဲ့ ခရမ်းရောင်ချီဓာတ်က ခန္ဓာကိုယ်ကို အားဖြစ်စေပြီးတော့ ကိုယ်ခန္ဓာနဲ့ အတွေးကို တည်ဆောက်ပေးတယ်”
“ခရမ်းရောင်ချီ ဖြစ်ပေါ်လာတာနဲ့ နတ်ဘုရားစွမ်းအင်လည်း ဖြစ်ပေါ်လာလိမ့်မယ်”
ထိုသို့သောအချိန်၌ ဘုရင်မကျစ်ဝေ့သည် နတ်ဆိုးများအားလုံးကို လက်တွေ့ပြသလာသည်။ သူမဘေးပတ်လည်၌ ခရမ်းရောင် အလင်းများ ဖြာထွက်လာပြီး ထိတ်လန့်ဖွယ် အငွေ့အသက်များ ပျံ့လွင့်လာလေသည်။
သူမသည်သာမက ဘေးနားမှ ရှေးဟောင်း နတ်ဘုရား တစ်ယောက်ပြီးတစ်ယောက်က သူတို့၏ စွမ်းရည်များကို ပြသ၍ သူတို့၏ ကျင့်ကြံခြင်းများကို သင်ကြားပြသနေသည်။ အောက်ရှိ နတ်ဆိုးများက ဂရုတစိုက် နားထောင်နေသည်။
ထိုရှေးဟောင်းနတ်ဘုရားများသည် မသေဆုံးခင်က ထူးချွန်သော သိုင်းပညာရှင်များ ဖြစ်ခဲ့ကြသည်။ သူတို့ နှစ်နှစ်သိန်းကြာ ချိပ်ပိတ်ခံထားရလျင်တောင်မှ သူတို့၏ စကားလုံးတိုင်းက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော နတ်ဆိုးကျင့်ကြံသူနှင့် ယှဉ်နိုင်ပေသည်။
တဖြည်းဖြည်းနှင့် နတ်ဆိုးများသည် စကားလုံးများကို နားလည်သဘောပေါက်လာပြီး အဆင့်စတက် လာကြသည်။ ကမ္ဘာအနှံ့၌ ကျင့်ကြံခြင်း အငွေ့အသက်များ ပျံ့နှံ့လာသည်။
သို့သော် ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ကမ္ဘာမြေပေါ်မှ ကမ္ဘာဦး ယန်ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး လင်းလက်လာသည်ကို အားလုံး တွေ့လိုက်ရသည်။
ထိုကျောက်တုံးများဖြင့် ထူးဆန်းသော ဝင်္ကပါ အစီအရင်တစ်ခုကို ခင်းကျင်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝင်္ကပါ အစီအရင်က တဖြည်းဖြည်း အသက်ဝင်လာသည်။
ရုတ်တရက် ကောင်းကင်ထက်မှ ကမ္ဘာဦး ယန်ကျောက်တုံးများမှနေ၍ ယန်စွမ်းအင်များစွာ ပျံ့လွင့်လာသည်။ ထိုယန်စွမ်းအင်အောက်၌ များစွာသော နတ်ဆိုးများသည် သူတို့၏ ကြွက်သားများ ကျစ်လစ်သန်မာလာပြီး နတ်ဘုရား စွမ်းအင်များက အရူးအမူး ကြီးထွားလာသည်။
ထိုစွမ်းအင်များကို တစ်ချက်ရှူသွင်းလိုက်သည်နှင့် အင်မော်တယ်ဟု ခေါ်ဝေါ်၍ ရပေသည်။ ထို့အတူ အဆင့်တက်သံများက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
အဆင့်တက်ခြင်း၊ အဆင့်တက်ခြင်း၊ အဆင့်တက်ခြင်း။ ကမ္ဘာမြေတစ်ခုလုံး အရူးအမူး အဆင့်တက်နေ ကြလေသည်။
နတ်ဆိုးများသာမက ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်များပါ သူတို့၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ ယန်စွမ်းအင်များ ဝင်ရောက်လာသည်ကို ခံစားမိသဖြင့် သက်တောင့်သက်သာ ရှိလာလေသည်။ သူတို့၏ ခွန်အားများသည်လည်း အသက်တစ်ခါ ရှူလိုက်သည်နှင့် ချက်ချင်း ထိုးတက်လာသည်။
“နှစ်နှစ်သိန်း ကြာပြီးမှ ဒီဘုရင်မ ဒီလိုခွန်အားမျိုးကို ခံစားမိတာပဲ”
ဘုရင်မကျစ်ဝေ့ ငိုကြွေးလုနီးပါး ဖြစ်နေသည်။ ကျန်ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ်များသည်လည်း ငိုကြွေးလုနီးပါး ဖြစ်နေကြသည်။
သူတို့အားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ရသည်။ ထိုအခါ ကမ္ဘာဂြိုဟ်အထက်၌ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်အဖြူနှင့် လူငယ်လေးတစ်ယောက် တစ်လှမ်းချင်းလှမ်း၍ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ခြေလမ်းတစ်လှမ်းလှမ်းလိုက်တိုင်း ကမ္ဘာဦး ယန်ကျောက်တုံး တစ်တုံးကို နေရာချလိုက်သည်။
ဝင်္ကပါ အစီအရင်၏ စွမ်းအင်များက ပိုပို၍ တိုးတက်လာသည်။ ထိတ်လန့်ဖွယ် ယန်စွမ်းအင်များက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားပြီး အရာအားလုံးက အရူးအမူး ကြီးရင့်လာသည်။
“ဒါ ကမ္ဘာဦး ယန်စွမ်းအင် ဝင်္ကပါ အစီအရင်လား”
လက်ရှိအချိန်၌ ဘုရင်မကျစ်ဝေ့တောင်မှ ထိတ်လန့်နေရသည်။ ကမ္ဘာဦး ယန်ကျောက်တုံး ၁.၂၄ သန်းဖြင့် တည်ဆောက်ထားသော ကမ္ဘာဦး ယန်စွမ်းအင် ဝင်္ကပါ အစီအရင်သည် ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်ဟုပင် ပြောနိုင်ပေသည်။
ဤဝင်္ကပါ အစီအရင်နှင့်ဆိုလျင် နောင်အနာဂတ်တွင် ကမ္ဘာမြေ၌ မျိုးဆက်များအားလုံး အလွန် သန်မာ၍ အရည်အချင်း ရှိလာပေတော့မည်။ ယင်ယန်လောကမှ ရှေးဟောင်းမိသားစုများတောင်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
“ဒီလူက ဘယ်လိုလူစားမျိုးပါလိမ့်”
ဘုရင်မကျစ်ဝေ့နှင့် အခြားသူများသည် ယဲ့ဖန်အား လှမ်းကြည့်ရင်း ပဟေဠိ ဖြစ်နေကြသည်။ သူတို့ မျက်လုံးထဲတွင် ယဲ့ဖန်သည် မိစ္ဆာဆန်သည်၊ လောဘကြီး၍ သွေးဆာတတ်ကာ စိတ္တဇကဲ့သို့ ရက်စက်လေသည်။
သို့သော် ကမ္ဘာမြေသားများ၏ အမြင်တွင်မူ သူသည် နတ်ဘုရားဖြစ်ပြီး စိတ်ဝိညာဉ်အားလုံး၏ အရှင်သခင် ဖြစ်သည်။ သူက လူ သို့မဟုတ် နတ်ဆိုး သို့မဟုတ် မိစ္ဆာဖြစ်နေပါစေ၊ ကမ္ဘာမြေသားများအတွက် ကိစ္စမရှိပေ။ အားလုံးက သူ့အား လေးစားကြည်ညိုစိတ်ဖြင့်သာ ကြည့်နေကြသည်။
အစပိုင်း၌ ဘုရင်မကျစ်ဝေ့နှင့် အခြားသူများက ဝေခွဲမရ ဖြစ်ခဲ့သော်လည်း ယဲ့ဖန် ဖန်တီးနေသော ကမ္ဘာဦး ယန်စွမ်းအင် ဝင်္ကပါ အစီအရင်ကိုမြင်ပြီး အားလုံး နားလည်သွားကြသည်။
သာမန်သိုင်းပညာရှင်တစ်ယောက်သာ ကမ္ဘာဦး ယန်ကျောက်တုံးများစွာကို ရသွားပါက ထိုကျောက်တုံးများအား သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက်သာ အသုံးချပေမည်။ ယဲ့ဖန်ကမူ တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲအောင်သာ အသုံးချလေသည်။
“ရှေ့ဆက်ပြီး ကမ္ဘာဂြိုဟ်မှာ နေတာ ကောင်းမယ်ထင်တယ်”
ဘုရင်မကျစ်ဝေ့က အခြားသော ရှေးဟောင်းနတ်ဘုရားများကို လှမ်းကြည့်လိုက်သောအခါ အားလုံးက ပြုံးနေကြသည်။ သူတို့အားလုံး ကမ္ဘာမြေနှင့် တစ်သားထဲ ဖြစ်ချင်နေကြလေသည်။
…
ကမ္ဘာဦး ယန်စွမ်းအင် ဝင်္ကပါ အစီအရင်ကျောက်တုံးကို တည်ဆောက်ပြီးနောက် ယဲ့ဖန်သည် ကောင်းကင်ထက်မှ ပြန်ဆင်းလာပြီး စစ်နတ်ဘုရား အိမ်တော်၏ အနောက်ဘက် ခြံဝန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
စစ်နတ်ဘုရား အိမ်တော်သည် ကြီးမားလှပေသည်။ အနောက်ဘက်ခြံဝန်း၌ သီးသန့်ခြံဝန်းလေး တစ်ခုရှိသည်။ ထိုခြံဝန်းတွင်း၌ ကျန်းမာရေးအတွက် ကောင်းမွန်သော ပန်းဉယျာဉ်လေးတစ်ခု ရှိသည်။
ထိုခြံဝန်း၌ ကိုရီးယားလူမျိုး သုံးယောက်နေထိုင်သည်။ ထိုသူတို့ကား တစ်ချိန်က ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် ပါရမီရှင် ဖျောင်ကျိုးယျို၊ သူ၏ဖခင် ဖျောင်ကျင်းတောင်နှင့် သူ၏အဘိုးဖြစ်သူ ဖျောင်ထိုက်ရှင်းတို့ပင်။
ထိုသူသုံးယောက်တို့သည် ယဲ့ဖန်၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရသည့် ဖျောင်မိသားစု၏ မျိုးဆက်သုံးခုမှ လူများ ဖြစ်ကြပေသည်။
ယဲ့ဖန်သည် သူနှင့် ကလေးဘဝက သုံးလတာ အတူရှိနေခဲ့သည့် ကလေးမလေးက ဖျောင်ကျိုးဝမ် ဖြစ်နေသည်ကို သိခဲ့ပြီးနောက် သူမက သူ့အား ဆယ်နှစ်ကျော်သည်အထိ လိုက်ရှာခဲ့သည်ကိုပါ သိခဲ့ရသည်။
ယဲ့ဖန်သည် ရှန့်ကျန်းမြို့သို့ တစ်ခါသွားပြီးနောက် ဖျောင်သားအဖ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ထုတ်ယူခဲ့သည်။ ထို့နောက်တွင် ဟွာရှ ယန်ကျန်း သိုင်းပညာခန်းမ၌ ဖျောင်ထိုင်ရှင်းကို သတ်၍ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ထုတ်ယူခဲ့သည်။
သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များကို သိမ်းထားပြီးနောက် ယဲ့ဖန်သည် အချိန်တစ်ချို့ ကုန်ဆုံးသွားချိန်တွင် သူတို့အား ခန္ဓာကိုယ် ပြန်ဖွဲ့စည်းနိုင်အောင် ကူညီပေးခဲ့သည်။
လက်ရှိအချိန်၌ ယဲ့ဖန်သည် ခြံဝန်းလေးထဲသို့ ဝင်ရောက်လာသည်။ ဖျောင်မိသားစုမှ မိသားစုဝင်သုံးယောက်သည် သူ့ကို တွေ့သည်နှင့် အလျင်အမြန် ပြေးလာပြီး မြေကြီးပေါ် ဒူးထောက်၍ ပြိုင်တူ နှုတ်ဆက် ဂါဝရပြုလေသည်။
“အရှင် စစ်နတ်ဘုရားကို ကြိုဆိုပါတယ်”
ထိုသုံးယောက်တို့သည် စိတ်ဝိညာဉ်အဖြစ်နှင့် ရှိနေစဉ်အခါက ကမ္ဘာဂြိုဟ်ပေါ်၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ သူတို့ကို ပြန်၍ ခန္ဓာကိုယ်ဖွဲ့စည်းပေးခဲ့သည့် ယဲ့ဖန်အား အလွန် ကျေးဇူးတင်နေကြသည်။
ထိုသုံးယောက်ကို တွေ့သည်နှင့် ယဲ့ဖန်က ခပ်အေးအေး ပြောလိုက်သည်။
“ကျုပ်ကို အဲ့လိုပြောစရာ မလိုပါဘူး၊ အားလုံး အဆင်ပြေရဲ့လား”
သူတို့သုံးယောက်ကို သူ ပြန်ကယ်ခဲ့ရသည့် အကြောင်းရင်းမှာ ဖျောင်ကျိုးဝမ်၏ မျက်နှာကြောင့်သာ ဖြစ်လေသည်။
အိပ်မက်ဆိုးချောက်ကမ်းပါးထဲသို့ သူ ကျသွားခဲ့စဉ်က သူ သေသွားပြီဟု မှတ်ယူပြီး အားနည်းနေခဲ့သော ဖျောင်ကျိုးဝမ်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် စကြဝဠာထဲသို့ ဝင်ရောက်ကာ အသက်ပြန်သွင်းနိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့သည်။ ယခုထိ သူမ သေသလား၊ ရှင်သသလား မသိသေးပေ။
သူမ သူ့ကို အတော်လေး အကြွေးတင်နေခဲ့သည်။ ထိုစဉ် ဖျောင်ကျင်းတောင်က အလျင်အမြန် ပြောလာသည်။
“အရှင် စစ်နတ်ဘုရား၊ ကျွန်တော် ညက အိပ်ပျော်သွားတုန်းက သွေးမျိုးဆက် အစအနကို အမှတ်မထင် တွေ့လိုက်ရပါတယ်”
*သွေးမျိုးဆက် အစအနလား*
ဤသည်မှာ အချစ်ရဆုံးသူ အန္တရာယ်ကြီးနှင့် ကြုံတွေ့ရပါက တူညီသော မျိုးဆက်ကြား၌ ဖြစ်ပေါ်လာသော ဖြစ်ပေါ်လာသော အရာဖြစ်သည်။
အံ့ဩစရာကောင်းသော်လည်း အစစ်အမှန်ပင်။
ဖျောင်ကျိုးဝမ်၏ မိသားစုများကြား၌ သူမ၏အဘိုး၊ ဖခင်နှင့် အစ်ကိုတို့ ဤနေရာ ရှိနေကြသည်။ ထို့ကြောင့် သွေးမျိုးဆက် အစအနက ဖျောင်ကျင်းတောင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“မြန်မြန်လုပ်၊ ဝမ်အာ အန္တရာယ်ကြီးနဲ့ ကြုံနေရလောက်ပြီ”
ယဲ့ဖန်၏မျက်နှာက ပျက်ယွင်းသွားပြီး အဆောတလျင် ပြောလိုက်သည်။ ဖျောင်ကျိုးဝမ်၏ အဘိုးသည် မနေသာတော့ဘဲ လက်ရာမြောက်သော ဘူးလေးတစ်ဘူးကို ထုတ်ယူ၍ ယဲ့ဖန်အား ပေးလိုက်သည်။
ထို့နောက် ယဲ့ဖန် ဖွင့်ကြည့်လိုက်သောအခါ ဘူးထဲ၌ သွေးစက်တစ်စက် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသွေးစက်ထဲ၌ သွေးမျိုးစက် ဝိညာဉ် ရှိနေသည်။ ထိုစဉ် စိတ်ဝိညာဉ် စွမ်းအင်အား ထိုသွေးစက်ထဲသို့ ပို့လွှတ်လိုက်သည်။
ထိုအခါ သွေးရောင်လွှမ်းနေသော မြင်ကွင်းတစ်ခုကို ယဲ့ဖန် တွေ့လိုက်ရသည်။ သွေးချောင်းစီးနေခြင်းပါတကား။
လေထဲ၌ များစွာသော နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများ၏ ခန္ဓာကိုယ်များ မျောလွင့်နေ၏။ ရဲရဲနီသော သွေးစက်များကြောင့် ကောင်းကင်ယံသည် သွေးရောင်လွှမ်းနေလေသည်။
ထို့အတူ အမျိုးသမီးတစ်ယောက်က နတ်ဆေးရည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အသည်းအသန် ထွက်ပြေးနေသည်။ သူမ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သေလုမျောပါး ဖြစ်နေသည်။ သူမသည် အကြိမ်ကြိမ် ရှောင်တိမ်းရင်း ဒဏ်ရာများ အပြင်းအထန် ရနေလေသည်။
သူမနောက်၌ မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များက ဒီရေကဲ့သို့ ဆက်တိုက်လိုက်ပါနေ၏။ ထိုအမျိုးသမီး၏ မျက်လုံးက မောပန်း၍ သေလုမျောပါးဟန်များ ပါဝင်နေသည်။ ထိုအမျိုးသမီးကား ဖျောင်ကျိုးဝမ်ပင်။
Chapter 720 သေအတူ ရှင်မကွဲ
သွေးမျိုးစက် အပိုင်းအစများကြား၌ နတ်ဘုရားမျိုးနွယ်များ၊ အင်မော်တယ်မျိုးနွယ်များနှင့် မကောင်းဆိုးဝါး မျိုးနွယ်တို့မှ များစွာသော သိုင်းပညာရှင်များက ဖျောင်ကျိုးဝမ်နောက်သို့ အသည်းအသန် လိုက်နေကြသည်။
“မြန်မြန်လုပ်ကြဟေ့”
လူရိပ်များက တိမ်တိုက်များကဲ့သို့ ပြည့်နှက်နေသည်။ အကွာအဝေးကလည်း တဖြည်းဖြည်း နီးသထက် နီးကပ် လာ၏။
နောက်ဆုံးတွင် မြင့်မားသော တောင်ထိပ်၌ သူမသည် လူအုပ်ကြီး ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။ ဖျောင်ကျိုးဝမ်သည် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး မျက်နှာလေးက စက္ကူစကဲ့သို့ ဖြူရော်နေ၏။
သူမသည် မျိုးနွယ်သုံးခုမှ များစွာသော သိုင်းပညာရှင်များကို စူးစိုက်ကြည့်နေသည်။
“ဟားဟားဟား … ပျက်သုဉ်းခြင်း ခန္ဓာကိုယ်လေး၊ ဒီတစ်ခါ မင်း ဘယ်ပြေးမလဲကွ”
မကောင်းဆိုးဝါးမျိုးနွယ်ထဲမှ သိုင်းပညာရှင်တစ်ယောက် ရှေ့ထွက်လာသည်။ ထိုသူသည် မိချောင်းမျိုးနွယ်စုထဲမှ သိုင်းပညာရှင်တစ်ယောက် ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်သည် ဂြိုဟ်တစ်လုံးစာမျှ ကြီးမားလေသည်။ သူ၏ ချွန်ထက်နေသော သွားများနှင့် မာကျောသော အရေပြားတို့က သန်မာသော မကောင်းဆိုးဝါး မျိုးနွယ် သိုင်းပညာရှင် ဖြစ်ကြောင်း ပြသနေ၏။
ထိုမိကျောင်းမျိုးနွယ်ဝင်သာမက နတ်ဘုရားမျိုးနွယ်မှ ခပ်ဖျော့ဖျော့ အလင်းဖြာထွက်နေသော လူငယ်လေး တစ်ယောက်ကလည်း ရှေ့သို့ထွက်လာသည်။
သူသည် ချောမောသော လူငယ်လေးတစ်ယောက် ဖြစ်ပြီး ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသဖြင့် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်မှားရသည်။ သို့သော် ယခုအချိန်၌ သူသည် ဖျောင်ကျိုးဝမ်အား အလွန် သဘောကျနှစ်သက်ဟန်ဖြင့် ကြည့်နေလေသည်။
“ဖျောင်မိန်းကလေး၊ မင်း ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ၊ မင်းသာ ငါ့ကို လက်ထပ်မယ်လို့ ကတိပေးလိုက်ရင် ဒီသွေးစိတ်ဝိညာဉ်ပင်ကို အေးအေးဆေးဆေး လက်ဆောင် အဖြစ် ပေးလိုက်မှာလေ၊ မင်း ဘာလို့ ဒီလို အဖမ်းခံရမယ့် နည်းလမ်းကို ရွေးရတာလဲ”
ထိုလူငယ်လေးက ဖျောင်ကျိုးဝမ်အား ဆာလောင်နေသော ဝံပုလွေတစ်ကောင်က ၎င်း၏သားကောင်ကို ကြည့်သကဲ့သို့ အလိုရမ္မက်ကြီးသော မျက်လုံးများဖြင့် စူးစိုက် ကြည့်နေသည်။
“ဟင်းဟင်း …”
ဆည်းလည်းသံကဲ့သို့သော လှောင်ရယ်သံ ထွက်ပေါ် လာသည်။ သူမသည် နတ်ဘုရားမျိုးနွယ်မှ လူငယ်လေးအား စူးစိုက်ကြည့်၍ သရော်ပြောဆိုလိုက်သည်။
“လူကြီးမင်းလော ရှင် စိတ်ကူးယဉ်မနေနဲ့၊ ကျွန်မမှာ ချစ်ရတဲ့သူ ရှိပြီးသား”
“ဒီသွေးစိတ်ဝိညာဉ်ပင်ကို လုယူရတဲ့အကြောင်းရင်းက ကျွန်မ ချစ်သူကို ပြန်အသက်သွင်းချင်လို့ပဲ”
ထိုစကားအဆုံး၌ မျိုးနွယ်သုံးခုမှ လူများက ရှေ့သို့ တက်လာသဖြင့် ဖျောင်ကျိုးဝမ် နောက်သို့ ဆုတ်လိုက် ရသည်။ ထို့နောက် ဆက်လက်၍ နောက်ဆုတ်ရန် လမ်းမရှိ တော့သည်ကို သတိထားမိသွားသည်။
ဖျောင်ကျိုးဝမ်က မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမ၏ မျက်နှာ ထားက ပြတ်သားနေ၏။
“ထောင်ချောက်ပဲ”
“လက်စသက်တော့ ရှင်တို့က ကျွန်မကို ထောင်ချောက် ဆင်ထားတာပဲ”
ထိုသို့ပြောပြီး ဖျောင်ကျိုးဝမ်က မိကျောင်းမျိုးနွယ် သိုင်း ပညာရှင်ကို စိုက်ကြည့်လိုက်သည်။
“ရှင်က ကျွန်မအသားကို စားချင်တယ်”
ထို့နောက် သူမက နတ်ဘုရားမျိုးနွယ်မှ လူငယ်လေးကို ကြည့် လေသည်။
“ရှင်က ကျွန်မ ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်တယ်”
ထို့နောက် အင်မော်တယ်မျိုးနွယ်မှ သိုင်းပညာရှင်များကို လှည့်ကြည့်သည်။
“ရှင်တို့က ကျွန်မရဲ့ ပျက်သုဉ်းခြင်း ခန္ဓာကိုယ်က မူလ စွမ်းအင်ကို လိုချင်ကြတယ်”
သူတို့၏ ရည်ရွယ်ချက်များ ဗူးပေါ်သကဲ့သို့ ပေါ်လာ သော်လည်း မိကျောင်းမျိုးနွယ် သိုင်းပညာရှင်၊ နတ်ဘုရား မျိုးနွယ်မှ လူငယ်လေးနှင့် အခြားသူများသည် ရှက်ရွံ့သွား ခြင်းမရှိဘဲ လှောင်ပြုံးပြုံးလာကြသည်။
“ဟဲဟဲ … ဖျောင်မိန်းကလေး၊ မင်း ဘာသိလို့လဲ၊ မင်းမှာ ထွက်ပြေးနိုင်မယ့် နည်းလမ်း ရှိသေးလို့လဲ”
ဖျောင်ကျိုးဝမ်က ပြုံးနေသော်လည်း မျက်လုံးများက အေးစက်နေသည်။
“ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ရဲ့ မူလစွမ်းအင်ကို ထုတ်ပြီး ငါ့ကိုပေး၊ ပြီးရင် လက်မောင်းတစ်ဖက်ကို ဖြတ်ပြီး မိကျောင်း အရှင်သခင်ကို ပေးလိုက်၊ ပြီးသွားရင်တော့ နတ်ဘုရား မျိုးနွယ်က လောသခင်လေးနောက်လိုက်ပြီး ဘဝကို ပျော်ပျော် ရွှင်ရွှင် နေသွားလိုက်ပေါ့”
“ပြီးတော့ မင်းရဲ့ သေသွားတဲ့ချစ်သူအတွက်ကတော့ သူ့ကို မေ့လိုက်တော့ပေါ့၊ သေသွားတဲ့သူလည်း သေသွားပြီပဲ၊ မင်းက ဘာလို့ သူ့အတွက် အသက်ပေးနေရတာလဲ”
“ရှင်က ဘာမို့လဲ”
ဖျောင်ကျိုးဝမ်က ပြုံးနေသော်လည်း သူမ အော်ဟစ်လိုက် သည့်အသံကြောင့် လူတိုင်း တုန်ယင်သွားကြသည်။ သူတို့၏ စကားကြောင့် ဖျောင်ကျိုးဝမ်က ကျောချမ်းဖွယ် ကောင်းသည့် အပြုံးမျိုး ပြုံးလာသည်။
“ရှင်တို့ လိုချင်တာကို ရအောင်လို့ ကျွန်မ ခွင့်ပြုမယ် ထင်နေလား”
ဖျောင်ကျိုးဝမ်က သူမပါးစပ်ထောင့်မှ သွေးများကိုသုတ်၍ ရူးသွပ်သော အကြည့်များဖြင့် ကြည့်လာသည်။
“အစကတည်းက သူ့အတွက်နဲ့ ဒီစကြဝဠာထဲကို ကျွန်မ ခြေချခဲ့တယ်။ ကျွန်မ အသက်ရှင်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး”
“အခု သွေးစိတ်ဝိညာဉ်ပင်ကို ရလာပြီဆိုတော့ သူ့ကို ကယ်လို့ရပြီ၊ အဲ့တော့ ဘာလို့ ကျွန်မက သေရမှာလ”
*ဘာ*
ထိုစကားကြောင့် မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး မသိမသာ မျက်နှာပျက်သွားကြသည်။
“ဖျောင်မိန်းကလေး၊ အခု မင်းက သေမလို ဖြစ်နေတာနော်၊ ဒီနတ်ဆေးပင်ကို ပြန်ပို့ဖို့က မဖြစ်နိုင်ဘူး”
နတ်ဘုရားမျိုးနွယ်များက မျက်မှောင်ကြုတ်နေပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက်မျိုး ရနေသည်။ သူသည်သာမက ဘေးနားမှ အင်မော်တယ်မျိုးနွယ်များနှင့် မကောင်းဆိုးဝါး မျိုးနွယ်များ မျက်မှောင်ကြုတ် နေသည်။
“မဖြစ်နိုင်ဘူး ဟုတ်လား၊ ဘယ်သူက မဖြစ်နိုင်ဘူးလို့ ပြောလဲ”
ဖျောင်ကျိုးဝမ်က ရူးသွပ်သောမျက်လုံးများဖြင့် ကြုံးဝါး လေသည်။
“ကျွန်မကိုကျွန်မ စတေးပြီး ဒီစကြဝဠာကို သွေးနဲ့ ဆေးပစ်မယ်၊ ဒီစကြဝဠာရဲ့ ဂိတ်တံခါးကို ကျွန်မအသက်နဲ့ လဲပြီးဖွင့်မယ်”
“ပျက်သုဉ်းခြင်း တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင်”
“သူ အသက်ရှင်ရင် ကျွန်မလည်း အတူတူ အသက်ရှင် နေမယ်”
ဖျောင်ကျိုးဝမ်၏ စကားအဆုံး၌ သူမကိုယ်မှ ကိုယ့်ကိုယ် ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်လှိုင်းများ ပျံ့နှံ့လာသည်။ မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး မျက်နှာပျက် သွားကြသည်။
“သေစမ်း၊ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတော့မှာပဲ၊ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖွင့်ဖို့အတွက် ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကိုသုံးပြီး ကိုယ့်ကိုယ် ကိုယ် ဖောက်ခွဲမလို့ လုပ်နေတာ”
“ရူးနေပြီ၊ သူ အသက်ရှင်နိုင်တဲ့ နည်းလမ်းရှိရဲ့သားနဲ့ ဘာလို့ သေလမ်းကို ရွေးရတာလဲ”
“ထွက်ပြေးကြ၊ ဒါက ပျက်သုဉ်းခြင်း ခန္ဓာကိုယ်စွမ်းအင်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းပဲ”
“…”
လက်ရှိအချိန်၌ မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး သရဲသဘက်နှင့် ကြုံတွေ့လိုက်ရသကဲ့သို့ အသည်းအသန် အဝေးသို့ ထွက်ပြေးကြလေသည်။
မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံး ကြက်သီး တဖြန်းဖြန်း ထကာ မိဘများက သူတို့ကို ခြေထောက် နှစ်ဖက်သာ ပေးထားခဲ့သည်ကို မုန်းတီးမိနေ၏။
ထိုစဉ် နတ်ဆေးပင်ထံမှ အလင်းတန်းများ ဖြာထွက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့အတူ ဖျောင်ကျိုးဝမ်၏ ခန္ဓာကိုယ်သည်လည်း လုံးဝ ပေါက်ကွဲသွားလေသည်။
မိုးကောင်းကင်နှင့် မြေကြီးတို့ကို ပျက်စီးစေနိုင်ပြီး မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များအားလုံးကို ပေါက်ကွဲ၍ အမှုန့် ဖြစ်စေနိုင်သော ကိုယ်ကိုယ့်ကိုယ် ဖောက်ခွဲခြင်းစွမ်းအင် ပျံ့နှံ့လာသည်။
များစွာသော သိုင်းပညာရှင်များအားလုံး သေဆုံး သွား လေသည်။ ကောင်းကင်တစ်ခွင်လုံး၌ မရဏ အငွေ့ အသက်များ ပျံ့လွင့်နေ၏။ မျက်တောင်တစ်ခတ် အတွင်း မှာပင် မျိုးနွယ်သုံးခုမှ များစွာသော သိုင်းပညာရှင်များ အားလုံးနီးပါး အမှုန့်ဖြစ်သွားကြသည်။
မျိုးနွယ်သုံးခုကို ဦးဆောင်လာသည့် ခေါင်းဆောင် သုံးယောက်သာ လွတ်မြောက်လာပြီး သွေးအန်လာသည်။ ထို့နောက် သူတို့က ထိတ်လန့်နေသော မျက်နှာများဖြင့် လှည့်ကြည့် လာကြသည်။
“ဒါ … ဒါ ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ရဲ့ ကိုယ်ကိုယ့်ကိုယ် ဖောက်ခွဲခြင်းစွမ်းအင်လား”
သုံးယောက်လုံး၏ ကျော၌ ချွေးများဖြင့် ရွှဲနစ်နေသည်။ သူတို့သာ ခြေတစ်လှမ်း နောက်ကျသွားပါက အပြင်းအထန် ဒဏ်ရာရရုံတင်မဟုတ်ဘဲ သေဆုံးသွားလောက်သည်။
“အရူးမ၊ ငါတို့က သူ့ကို မသတ်ချင်တာကို၊ သူက ဘာလို့ သေလမ်းရှာရတာလဲ”
သူတို့သည် သူတို့၏ လိုအင်များအတွက် ပူးပေါင်း၍ သူမအား ဝိုင်းဝန်းဖိနှိပ်ခြင်း ဖြစ်သည်။ ယခုအခါတွင် ဖျောင်ကျိုးဝမ်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သဖြင့် သူတို့ ကြိုးစား ထားသမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားလေပြီ။
ထိုစဉ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း စွမ်းအင်ကြောင့် ပေါက်ကွဲ သွားသည့် သွေးမြူခိုးများကြားမှ ဝမ်းနည်း ကြေကွဲဖွယ် ကောင်းသော သီချင်းသံ ထွက်ပေါ်လာသည်။
“သူ”
“သုံးလတာ”
“ဆယ့်နှစ်နှစ်”
“ကောင်လေးနှင့် ကောင်မလေး”
ထိုသီချင်းများသည် ဖျောင်ကျိုးဝမ် လူတိုင်း၏ ရင်ထဲမှ နတ်သမီးလေး ဖြစ်ခဲ့စဉ်က ယဲ့ဖန်ကို ရည်ညွှန်း၍ ရေးသား ထားခဲ့သော သီချင်းများ ဖြစ်လေသည်။ ထိုသီချင်းများက သွေးမြူခိုးတွင်းမှ ထွက်ပေါ်နေသည်။
ထိုသီချင်းလေးများသည် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့ သုံးလတာ အတူရှိခဲ့သည့် ဇာတ်လမ်းလေး ဖြစ်ပေသည်။
တွေ့ဆုံချိန်မှစ၍ တစ်ဦးနှင့်တစ်ဦး မှီခို၍နေထိုင်ခဲ့ရသည်။ ဝေးကွာသွားခဲ့ချိန်တွင်လည်း မတွေ့မချင်း ဆက်လက် ရှာဖွေခဲ့သည်။
ထိုကောင်မလေးသည် ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရပြီး ကောင်လေးအား နှစ်ပေါင်းများစွာ ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ကောင်လေး သေဆုံးသွားပြီဟူသော သတင်းဆိုးကို ကြားလိုက်ရပြီး ထိုကောင်မလေး ပြိုလဲသွား ခဲ့ရသည်။
ထို့ကြောင့် သူမသည် စကြဝဠာထဲသို့ ခြေဆန့်၍ အသက်ပြန် သွင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့သည်။ သူ့အတွက် သေရေးရှင်ရေး အခြေအနေများကိုလည်း သူမ ဖြတ်ကျော် ခဲ့သည်။
“မောင်ငယ်လေး၊ မင်း အသက်ရှင်နိုင်မယ်ဆိုရင် ဝမ်အာအတွက် အသက်ဆက်ရှင်နေပေးဖို့ သတိရပါ”
“မောင်ငယ်လေး တကယ်လို့ မင်း အသက်မရှင်နိုင်ရင်တော့ ဝမ်အာလည်း နင့်နောက် လိုက်ခဲ့ပါ့မယ်”
သွေးမြူခိုးထဲမှ ဝမ်းနည်းကြေခွဲသော စကားသံများ ထွက်ပေါ်လာပြီးနောက် ဖျောင်ကျိုးဝမ် ပျောက်ကွယ် သွားလေသည်။
တောင်ထိပ်တစ်ခုတည်းသာ ဘာမှမဖြစ်သကဲ့သို့ တည်ရှိ နေပြီး ပျက်သုဉ်းခြင်းစွမ်းအင် ပါဝင်သော သွေးစက် များ ကြောင့် တောင်ထိပ်တစ်ခုလုံး ရဲရဲနီနေသည်။
စာစဉ် ၄၈ ဤတွင် ပြီးပါပြီ။