အခန်း (၇၂၁-၇၂၃)
Vol. 49 Ch. 721-723
Chapter 721 သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေ
ဖျောင်ကျိုးဝမ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက် သည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကမ္ဘာဂြိုဟ်ပေါ်မှ ယဲ့ဖန်တစ်ယောက် ပြင်းထန်စွာ တုန်လှုပ်သွားရသလို သူ့လက်ထဲမှ သွေးမျိုးစက် အပိုင်းအစသည်လည်း ချက်ချင်း အက်ကွဲ သွားလေသည်။
“ဝမ်အာ”
ယဲ့ဖန်၏မျက်လုံးမှနေ၍ သွေးမျက်ရည်များ စီးကျ လာကာ လူသတ်ချင်စိတ်များက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
ဂျွတ်!
ခြံဝန်းငယ်လေးထဲရှိ အိမ်ကြမ်းခင်းနှင့် ခြံဝန်း တစ်ခုလုံး၌ အက်ကွဲရာများ ထင်ဟပ်လာပြီး ဖျောင်ထိုက်ရှင်းတို့ သုံးယောက်လုံး လိပ်ပြာ လွင့်မတတ် ကြောက်ရွံ့လာကြသည်။
“အရှင် စစ်နတ်ဘုရား …”
ဖျောင်မိသားစု သုံးယောက်လုံး တုန်လှုပ် နေကြသည်။ ယဲ့ဖန်၏ အရှိန်အဝါအောက်၌ သူတို့နှင့် အခြားသူများသည် ပုရွက်ဆိတ်များကဲ့သို့ အားနည်း လှသည်ဟု ခံစားမိလာကြသည်။
“အရှင် စစ်နတ်ဘုရား သွေးမျိုးဆက် အပိုင်းအ စထဲမှာ ဘာများ ဖြစ်သွားလို့ပါလဲ”
ဤသည်က ဖျောင်ကျိုးဝမ်နှင့် ပတ်သက်နေသည် ဟုသာ ဖျောင်ထိုက်ရှင်း သိထားသည်။ သို့သော် သူ၏ခွန်အားကြောင့် အဖြစ်အပျက်အားလုံးကို သူ သေချာ ကြည့်၍မရပေ။
ယဲ့ဖန် ဘာမှပြန်မပြောချေ၊ သူ့မျက်လုံးထဲမှ လူသတ် လိုစိတ်များက ပို၍သာ တိုးပွားလာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူတောင်းစားအိုကြီး ခပ်သွက်သွက် ရောက်လာ သည်။ သူသည် မယုံနိုင်စရာ ကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသကဲ့သို့ အဆော တလျင် ဖြစ်နေ၏။
“ယဲ့ဖန် ဒါကို ကြည့်ပါဦး”
သူတောင်းစားအိုကြီးက ယဲ့ဖန်ကိုမြင်သည်နှင့် သူ့လက်ထဲမှ အရာတစ်ခုကို ဖြန့်ပြလေသည်။ ထိုအရာကား ဆေးပင်တစ်မျိုး ဖြစ်နေသည်။ ဆေးပင် တစ်ခုလုံးသည် အသက်ရှိနေသကဲ့သို့ ၎င်း၏ ဆူးချွန်များကို လှပ်ပြနေသည်။
၎င်း၏အမြစ်တစ်ခုချင်းစီက ကျောက်စိမ်းကဲ့သို့ ဖြူဝင်း၍ ချောမွတ်နေသည်။ ၎င်းထံမှ များပြားလှသည့် အသက်ဓာတ် စွမ်းအင်များ ပျံ့လွင့်နေသည်။ ကောင်းကင်ဘုံမှ နတ်ဆေးပင် တစ်ပင်ဟုပင် ထင်မှတ်ရပေသည်။ ထို့အပြင် ဆေးပင်ပေါ်၌ သွေးများ ပေကျံနေသည်။ ဤဆေးပင်အား သွေးချွေးတို့ဖြင့် ကယ်တင် ထားသည်ဟု ယူဆရသည်။
သူတောင်းစားအိုကြီးကလည်း ခပ်သွက်သွက် ပြောလာသည်။
“ဘယ်လိုဖြစ်တာလဲတော့ ငါ မသိဘူး။ အစောပိုင်းက ငါ ကျင့်ကြံနေတုန်း ငါ့အခန်းထဲမှ အနီရောင် အလင်းတွေ ဖြာထွက်လာပြီးတော့ ဒီဆေးပင် ထွက်လာတာပဲ”
“ဒီဆေးပင်ပေါ်က သွေးစက်တွေကနေ ငါ ရင်းနှီး နေတဲ့ အငွေ့အသက်မျိုး ရနေလို့ ငါ မင်းဆီ မြန်မြန်ပြေး လာရတာပဲ”
အဘိုးအို၏ အမူအရာက တည်ငြိမ်နေသည်။ သွေးပေ နေသောကြောင့် ဤဆေးပင်က အလွန် ထူးဆန်းနေသည်ဟု ခံစားမိသည်။ ထိုစဉ် ယဲ့ဖန် ပြန်ပြောလာသည့် စကားကြောင့် သူ ချက်ချင်း မျက်နှာပျက်သွားသည်။
“ဒီသွေးက ... ဝမ်အာရဲ့သွေးတွေ”
သူတောင်းစားအိုကြီး မှင်တက်သွားသလို ဖျောင်မိသားစုဝင် သုံးယောက်လုံးသည်လည်း ပို၍ အံ့အားသင့် သွားသည်။
ယဲ့ဖန်က ရှေ့သို့ တဖြည်းဖြည်း တိုးလာသည်။ သူက လက်ကိုဆန့်လာသည်၊ သူ၏လက်သည် တုန်ယင် နေပြီး သွေးစိတ်ဝိညာဉ်ပင်အား အလွန် အဖိုး တန်သော အရာတစ်ခုကို ကိုင်တွယ်သကဲ့သို့ တယု တယ လှမ်းယူလေသည်။
အပင်ပေါ်မှ သွေးစက်များကိုကြည့်ပြီး ထိုမိန်းမငယ် လေး၏ ရင်းနှီးနေသော ကိုယ့်ငွေ့ကို ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယဲ့ဖန်၏ နှလုံးသားထဲ သွက်သွက်ခါ လာလေသည်။
သူ့အတွက်သာ မဟုတ်ပါက သူမသည် စကြဝဠာ ထဲသို့ ခြေချမည် မဟုတ်ပါ။ သူ့အတွက် ကြောင့်သာ မဟုတ်ပါက သူမ သွေးအလိမ်းလိမ်း ဖြစ်မည် မဟုတ်ပေ။ ယဲ့ဖန်၏ စိတ်ထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။ ထိုလူများကို သူ အလွန် သတ်ပစ်ချင်နေ၏။
“သူက ငါ့အတွက် သေသွားရတာ၊ သူ့ဘဝက သိပ်သနားဖို့ကောင်းတယ်၊ ငါ သူ့ကို သေချာပေါက် ပြန်အသက်သွင်းမယ်”
ယဲ့ဖန်က ထိုသို့ပြောပြီး ချက်ချင်း ပျောက်ကွယ် သွားသည်။ မကြာခင်မှာပင် ယဲ့ဖန်သည် ခေါင်းပြောင်ငှက် ရှိသောနေရာသို့ ရောက်လာ လေသည်။
ယဲ့ဖန်ရောက်လာသည်ကို မြင်သည်နှင့် ရှေးဟောင်း နတ်ဘုရားများက ကင်းမြီးကောက်ကို ရှောင်သကဲ့သို့ အသည်းအသန် ထွက်ပြေး တိမ်းရှောင်ကြသည်။
ယဲ့ဖန်၏ လူသတ်ချင်နေသော အငွေ့အသက်များကို ခံစားမိပြီး ရှေးဟောင်း နတ်ဘုရားများအားလုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
မည်သို့သော အမြင်မရှိသည့်လူမျိုးက ဤမိစ္ဆာ ကောင်ကို ဒေါသထွက်အောင် လုပ်လိုက်သလဲ ဆိုသည်ကို သူတို့ မတွေးတတ်ကြတော့ပေ။
“မင်း သွားတော့မှာလား”
ခေါင်းပြောင်ငှက်က ယဲ့ဖန်အား စိုးရိမ်သော အမူ အရာဖြင့် ကြည့်နေသည်။
“ငါ လိုက်လာဖို့ လိုလား”
ခေါင်းပြောင်ငှက်၏ ခွန်အားသည် အလွန် ကြောက်စရာကောင်းပြီး ယဲ့ဖန်ထက်ပင် ပို၍ သန်မာလေသည်။ သို့သော် သူ၏ နောက်ခံ ကလည်း သူ၏ခွန်အားနည်းတူ အထိမခံနိုင်ပေ။
အကယ်၍ ယင်ယန်လောကမှ မသေမျိုး မျိုးနွယ် များသာ သူ အသက်ရှင်နေသေးသည်ကို သိသွားပါက နောက်ထပ် မိုးသက်မုန်တိုင်း ကျရောက်၍ သွေးမိုး ရွာမည်မှာ အသေအချာပင်။
“မလိုဘူး၊ ကျုပ်အစား ကမ္ဘာမြေကိုသာ စောင့်ရှောက် ပေးပါ”
ယဲ့ဖန်က ပြောပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။
ဝီ! ဝီ! ဝီ!
ရုတ်တရက် ဝိညာဉ်စား ပုရွက်ဆိတ်များစွာတို့ ပျံသန်း ရောက်ရှိလာကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် မိုးကြိုးနတ်ဘုရားရဲ့ ပေါင်တစ်ဖက်ကို ဝါးမျိုပြီးနောက် သူတို့၏ ကျောခွံ၌ ရွှေအိုရောင် တောင်ပံများ ထွက်ပေါ်လာသည်။
သူတို့၏ အရှိန်အဝါအရဆိုလျင် မသေမျိုး ဟေးဒီးစ် တောင် ပြန်လည်မွေးဖွားလာပါက ချက်ချင်း ဝါးမျိုခံရ လောက်သည်။
ထွက်ပေါ်လာပြီးသည်နှင့် ဝိညာဉ်စား ပုရွက်ဆိတ် များက ယဲ့ဖန်၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖုံးအုပ်၍ နတ်ဆိုး ပုရွက်ဆိတ်သံချပ်ကာအဖြစ် အသွင် ပြောင်းလဲ လိုက်သည်။
ဂါး!
ထို့အပြင် ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုး နဂါး ထွက်ပေါ်လာသောကြောင့် သူ၏ ခန္ဓာကိုယ်က ကောင်းကင်တစ်ခုလုံးအား ဖုံးအုပ်သွားလေသည်။ သူသည်လည်း မိုးကြိုးနတ်ဘုရား၏ အသားနှင့် အရိုးတစ်ချို့တို့ကို သန့်စင်ခဲ့သည်။
ထို့ကြောင့် သူ၏ခွန်အားသည်လည်း ယခင်ထက် အဆပေါင်းများစွာ သန်မာလာလေသည်။ ထိုစဉ် ယဲ့ဖန်က နတ်ဆိုးနဂါး၏ ကိုယ်ပေါ်သို့ လှစ်ခနဲ ခုန်တက်လိုက်သည်။ ထို့နောက် နတ်ဆိုးနဂါးက ကိုယ်ကိုလူးလွန့်၍ အပေါ်သို့ ထိုးတက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် မိုးပေါ်သို့ ထိုးတက်၍ ပျောက်ကွယ်သွားလေသည်။ ယဲ့ဖန် ပျောက်ကွယ်သွားသည့် နေရာကို လှမ်းကြည့်ပြီး ခေါင်းပြောင်ငှက်၏ မျက်လုံးများက လေးနက်တည်ကြည် လာသည်။
“ဒီတစ်ခါတော့ စစ်ပွဲ တကယ် စတင်လာမှာကို ငါ စိုးရိမ်မိတယ်”
ထို့နောက် ခေါင်းပြောင်ငှက်က တစ်ဖက်လှည့်၍ ရှေးဟောင်းနတ်ဘုရား သုံးဆယ့်နှစ်ယောက်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
“အားလုံးပဲ၊ မင်းတို့တွေက ကမ္ဘာမြေမှာ နေဖို့ ဆုံးဖြတ်လိုက်ကတည်းက ဒီနေရာကို မင်းတို့အိ မ်အဖြစ် သတ်မှတ်မယ်လို့ ငါ မျှော်လင့်တယ်”
“ယဲ့ဖန်ရဲ့ ထွက်ခွာခြင်းက သုံးလောကဘုံရဲ့ လွှမ်းမိုးမှုကို ရန်စဖို့ ဖြစ်နိုင်ချေများတယ်၊ အဲ့အချိန်ကျရင် ကံဆိုးမိုးမှောင်ခြင်းတွေ ကျရောက် လာလိမ့်မယ်”
“အနာဂတ်မှာ ဘာဖြစ်မယ်မှန်း မသိလို့ ငါတို့ ခွန်အားကို တိုးတက်အောင် လုပ်မှရမယ်”
သူ့စကားအဆုံး၌ ရှေးဟောင်းနတ်ဘုရား သုံးဆယ့် နှစ်ယောက်လုံး အရိုအသေ ပေးလာကြသည်။
“စီနီယာရဲ့အမိန့်ကို နားထောင်ပါ့မယ်”
ဤသည်ကိုကြည့်ပြီး ခေါင်းပြောင်ငှက်က ခေါင်းသာ ညိတ်ပြလိုက်သည်။ သို့သော် သူ့စိတ် ထဲတွင် ထိတ်လန့်မှုများ ရှိနေသေးလေသည်။
မည်သို့သော ကပ်ဘေးမျိုး ရောက်လာနိုင်သနည်း။
“ကောင်လေးယဲ့၊ မင်း အသက်ရှင်လျက် ပြန်လာမှ ဖြစ်မယ်”
ခေါင်းပြောင်ငှက်သည် မိုးကောင်းကင်အား လေးနက် သော အကြည့်များဖြင့် ကြည့်နေသည်။
…..
တစ်လကြာပြီးနောက် စကြဝဠာ၏ တစ်နေရာ၌ ကြောက်မက်ဖွယ်ကောင်းသော နဂါးနက်တစ်ကောင် ရှိနေသည်။ ထိုနဂါးနက်သည် နတ်ဆိုးနဂါးပင် ဖြစ်လေသည်။
ယဲ့ဖန်သည် နတ်ဆိုးနဂါး၏ ကျောပေါ်၌ ထိုင်၍ မျက်စိရှေ့ရှိ စကြဝဠာ၏ ကိုဩဒိနိတ်ကို ကြည့်ကာ မျက်မှောင်ကြုတ် သွားသည်။
“သွေးမျိုးစက် အပိုင်းအစဲက ပုံရိပ်အရဆို မျိုးနွယ် သုံးခု ရှိခဲ့တဲ့ တောင်က ဒီနားမှာပဲ၊ ဒီနေရာကို သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေလို့ ခေါ်တာထင်တယ်”
သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေသည် နတ်ဘုရား မျိုးနွယ်၊ အင်မော်တယ်မျိုးနွယ်နှင့် မကောင်းဆိုးဝါး မျိုးနွယ်များ ဆုံတွေ့ရာ နေရာ ဖြစ်သည်။ ဤနေရာ အား မည်သည့်မျိုးနွယ်မှ မပိုင်ဆိုင်ပေ။ ဤနေရာ၌ အားနည်းသူက အားကြီးသူတို့၏ သားကောင် သာ ဖြစ်သည်ဟူသည့် စည်းမျဉ်းတစ်ခုတည်းသာ ရှိလေသည်။ အလွန် ရက်စက်သော တောတွင်း ဥပဒေသပင်။
“နဂါးလည်း တစ်လလုံး ပင်ပန်းနေပြီဆိုတော့ အနားယူချိန် ရောက်နေပြီပဲ”
ယဲ့ဖန်က ပင်ပန်းနေသော နတ်ဆိုးနဂါးကို ကြည့်၍ လက်ကိုလှုပ်ကာ နတ်ဆိုးနဂါးအား အင်္ကျီလက်ထဲသို့ ထည့်လိုက်သည်။
ခရီးအတော်ကြာအောင် ထွက်လာပြီးနောက် သူသည် မျက်စိရှေ့မှ ဂြိုဟ်ပေါ်သို့ ဆင်းရန် ပြင်လိုက် သည်။ ထိုစဉ် အရှေ့မှနေ၍ တုန်လှုပ်ချောက်ချားစွာ အော်လိုက်သည့်အသံ ထွက်ပေါ်လာသည်။
“ဝေးဝေးရှောင်စမ်း”
ထိုအသံအဆုံး၌ လေဟာနယ်ကိုထိုးခွင်း၍ ထွက်လာ သော စစ်သင်္ဘောတစ်စီးကို တွေ့လိုက်ရသည်။ ထိုစစ်သင်္ဘောသည် ကြောက်စရာ ကောင်းသော တစ်စုံတစ်ရာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရပုံ ပေါ်သည်။ လက်ရှိအချိန်၌ ထိုသင်္ဘောသည် ယဲ့ဖန် ရှိသည့် နေရာသို့ အရှိန်ဖြင့် မောင်းနှင်လာ၏။
*ဟမ်*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ထိုစစ်သင်္ဘော က လုံးဝ ရပ်တန့်မည်မဟုတ်ဟု သူ ခံစားမိနေသည်။ သူ့အား စစ်သင်္ဘောဖြင့် ဝင်တိုက်ချင်နေသည့်ပုံပင်။ ယဲ့ဖန်၏ မျက်နှာထားက သုန်မှုန်လာသည်။
“သေချင်နေတာပဲ”
သူသည် လက်သီးကိုဆုပ်၍ စစ်သင်္ဘောအား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ စစ်သင်္ဘော၏ ဦးခေါင်းပိုင်းက ချက်ချင်း ပေါက်ကွဲပျက်စီးသွားပြီး စစ်သင်္ဘော၏ အရှိန်သည်လည်း ချက်ချင်း ရပ်တန့်သွားလေသည်။
စစ်သင်္ဘောထဲမှ သတိလက်လွတ် ဖြစ်သွားသော လူများ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျ လာသည်။ ထို့နောက် စစ်သင်္ဘောတစ်ခုလုံး ပျက်စီး ၍ အောက်သို့ ပြုတ်ကျသွားသည်။
ဤသည်ကိုကြည့်ပြီး စစ်သင်္ဘောတွင်းမှ ပြုတ်ကျ လာသည့် လူများအားလုံး ချောက်ချား သွားကြသည်။ အားလုံးက အလွန် ကြောက်လန့်နေသော မျက်နှာထားဖြင့် စစ်သင်္ဘောအား လှမ်းကြည့် နေသည်။
သူတို့အား အလွန် ကြောက်စရာကောင်းသော အရာတစ်ခုက လိုက်လံဖမ်းဆီးနေပုံရသည်။ သူတို့ အားလုံး ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် နတ်ဆိုးချီမျှင်စုနှင့်တူသော အနက်ရောင်မြူခိုးများက လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းလာ၏။
Chapter 722 အမှန်တရားနှင့် အတုအယောင်နတ်ဆိုးများ
ဝှစ်! ဝှစ်! ဝှစ်!
လက်ရှိအချိန်၌ နတ်ဆိုးချီမျှင်စုများနှင့် တူသော အနက်ရောင် မြူခိုးများက လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အနက်ရောင် မြူခိုးများက ညအမှောင်ကဲ့သို့ တလိပ်လိပ် တက်လာသည်။
ထိုအနက်ရောင် အမှောင်ထုက လူတိုင်းအား ကြက်သီးထသွားစေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်တင် တုန်လှုပ်သွား စေနိုင်သည်။ ဤမြင်ကွင်းကြောင့် စစ်သင်္ဘောပေါ်မှ ပြုတ်ကျလာသည့် သိုင်းပညာရှင်များ အံ့ဩသွားကြသည်။
စစ်သင်္ဘော ပျက်စီးသွားသည့်အချိန်တွင် အားလုံးနီးပါး အပြင်းအထန် ဒဏ်ရာရခဲ့သည်။ ယခုအခါတွင်လည်း တလိပ်လိပ် တက်လာသော အနက်ရောင်မြူခိုးများနှင့် ရင်ဆိုင်နေရသဖြင့် သူတို့ ပြေးပေါက်မရှိလုနီးပါး ဖြစ်သွားပြီး သေရမည့်အချိန်ကိုသာ စောင့်နေရတော့မည်။
“ခွေးမသား၊ မင်း ငါတို့ စစ်သင်္ဘောကို တားလိုက် တော့ ဒီတစ်ခေါက် ငါတို့ သေတော့မှာပဲကွ”
တစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်နေသော တရုတ် ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က ယဲ့ဖန်အား မကျေမနပ် ဖြစ်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောလာသည်။
ထိုလူငယ်လေးသည် အလွန် အရေးပါသောသူ ဖြစ်ပုံရသည်။ သူ့ဘေးနား၌ သိုင်းပညာရှင်တစ်ယောက်က သူ့ကို စောင့်ကြပ်ပေးနေပြီး မျက်နှာပြာနှမ်းနေသော ကောင်မလေးတစ်ယောက် ရှိနေသည်။
သူ့ဘေးမှ ကောင်မလေးသည်လည်း သွေးအလိမ်းလိမ်း ဖြစ်နေ၏။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံကေသာက အပြာရောင် ဖြစ်သည်။ သူမ၏အလှကား အလွန် နှစ်သက်ကြည်နူးဖွယ် ကောင်းလှသည်။
လက်ရှိအချိန်၌ သူမ၏မျက်နှာလေး၌ ထိတ်လန့်သွေးပျက်ဟန်များ ပေါ်လွင်နေပြီး မျှော်လင့်ချက်မဲ့သကဲ့သို့ ပြောလာသည်။
“အစ်ကိုချန်ရှန့်၊ ထားလိုက်ပါတော့၊ ကျွန်မတို့က သူ့ကို အရင် ဝင်တိုက်တာလေ၊ သူက နောက်မှ စစ်သင်္ဘောကို ဖျက်ဆီးလိုက်တာ”
“ပြီးတော့ သူ စစ်သင်္ဘောကို မဖျက်ဆီးဘူးဆိုရင်တောင်မှ ကျွန်မတို့ နတ်ဆိုးမျိုးနွယ်ရဲ့ လက်ကနေ မလွတ်နိုင်ဘူး”
ထိုမိန်းကလေးက အရာအားလုံးကို ကောင်းမွန်စွာ နားလည်လေသည်။ သို့သော် သူမစကားက ချန်ရှန့်ဟူခေါ်သည့် ဘေးမှ လူငယ်လေးအား အလွန် ဒေါသထွက်သွားစေသဖြင့် ထိုလူငယ်လေးက ဒေါသတကြီး ပြန်အော်လေသည်။
“လန်ရှင်း မင်း ကြောက်နေတာလား”
“ငါတို့စစ်သင်္ဘောက Aအဆင့် စစ်သင်္ဘောက ဒီခွေးမသားကြောင့်သာ မဟုတ်ရင် ငါတို့ကို ဟိုနတ်ဆိုးမျိုးနွယ်တွေ ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ငါတို့ ထွက်ပြေးနိုင်တာ ကြာလှပြီ”
“နတ်ဆိုးမျိုးနွယ်က ငါတို့ကို ဖမ်းမိသွားရင် သူ့ကိုပဲ အပြစ်တင်လိုက်၊ အားလုံးက သူ့အပြစ်ကြောင့်ပဲ”
မလိုတမာ မုန်းတီးစိတ်များဖြင့် ပြောဆိုလာလေသည်။ ထိုလူငယ်လေးသည် ယဲ့ဖန်အပေါ် အလွန်အမင်း မုန်းတီးနေ၏။ သူသည်သာမက ဘေးပတ်လည်မှ သူတို့ကို စောင့်ကြပ်နေသည့် သိုင်းပညာရှင်များကလည်း ယဲ့ဖန်အား သတ်ချင်စိတ်များဖြင့် ကြည့်လာကြသည်။
သူတို့သာ အန္တရာယ်ထဲ ရောက်မနေပါက ယဲ့ဖန်အား သူတို့ နေရာမှာတင် သတ်ပစ်မိမည်မှာ အသေအချာပင်။ သို့သော် သူတို့စကားများကို ကြားပြီးနောက် ယဲ့ဖန်က တစ်ခဏမျှ တွေဝေသွားသည်။
*နတ်ဆိုးမျိုးနွယ်တဲ့လား*
“ဒီအနက်ရောင်မြူခွေးတွေက နတ်ဆိုးမျိုးနွယ်ကလို့ မင်း ပြောလိုက်တာလား”
ယဲ့ဖန်က အားလုံးကို ပြန်မေးလိုက်သည်။ သူ့စကားက လူငယ်လေးနှင့် ကျန်သိုင်းပညာရှင်များ၏ ဒေါသကို ပိုဆွပေးလိုက်သလို ဖြစ်သွားသည်။
“အရူး၊ အခုမှ ကြောက်ရကောင်းမှန်း သိပြီလား၊ ငါ မင်းကို ပြောပြလိုက်မယ်၊ အဲ့ဒါ ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ပဲကွ၊ သူက တစ်လောကလုံးကို သတ်ပစ်တော့မှာ”
“အဲ့နတ်ဆိုးချီမျှင်စုတွေက ငါတို့နောက်လိုက်နေတဲ့ နတ်ဆိုးဘုရင်တွေပဲ။ စစ်သင်္ဘော မရှိတော့ဘူးဆိုတော့ ငါတို့အားလုံး ပြေးမလွတ်နိုင်တော့ဘူး”
“အားလုံးက မင်းအပြစ်တွေကြောင့်ပဲ၊ မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့ စစ်သင်္ဘောကို သုံးပြီး ထွက်ပြေးနိုင်ပြီကွ”
“…”
အားလုံးက ယဲ့ဖန်ကို ဝိုင်းစွပ်စွဲ၍ အပြစ်တင်လာကြသည်။
*အခု ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်လို့ ပြောလိုက်တာလား*
ထိုလူများက သူတို့ ပြောနေသည့်လူများက ဘယ်သူတွေလဲဆိုသည်ကို မသိကြမှန်း ယဲ့ဖန် ရိပ်စားမိလိုက်သည်။
*ဒါဆို ဒီအဓိပ္ပာယ်က …*
ဖြစ်နိုင်ချေကိုတွေးမိပြီးနောက် ယဲ့ဖန်သည် တိုးပွားလာသည့် အနက်ရောင်မြူခိုးများကို မီးဝင်းဝင်း တောက်နေသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။
အားလုံး ခြောက်ခြားနေကြချိန်တွင် များပြားသော နတ်ဆိုးချီမျှင်စုများက ပျံ့နှံ့လာပြီး အားလုံးကို ရစ်ပတ်လာသည်။
ထိုချီမျှင်စုများထဲ၌ နတ်ဆိုးတစ်ကောင်နှင့်တူသော အနက်ရောင် သံချပ်ကာဝတ်စုံ ဝတ်ထားသည့် လူတစ်ယောက်ကို ယဲ့ဖန် ရှင်းလင်းစွာ တွေ့လိုက်ရသည်။ မောက်မာ၍ လွှမ်းမိုးနိုင်သော အရှိန်အဝါများဖြင့် ပြည့်နှက်လာသည်။
လူတိုင်းကို ရစ်ပတ်ချုပ်နှောင်လာပြီးနောက် ရုတ်တရက် ရယ်မောသံ ထွက်ပေါ်လာသည်။
“ဟားဟားဟား … ငါက ပြန်လည်မွေးဖွားလာတဲ့ အမှောင်သခင် နတ်ဆိုးဘုရင်ပဲကွ”
*ဘာ*
*ပြန်လည်မွေးဖွားလာတဲ့ အမှောင်သခင် နတ်ဆိုးဘုရင်တဲ့လား*
ထိုစကားလုံးများကြောင့် သိုင်းပညာရှင်များအားလုံး ကြောက်လန့်သွားကြသည်။ သိုင်းပညာရှင်တိုင်းသည် တုန်တုန်ယင်ယင်နှင့် မြေကြီးပေါ် ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်ကြလေသည်။
“အမှောင်သခင် အသက်ချမ်းသာပေးပါ၊ ဒီငယ်သားက နတ်ဆိုး မျိုးနွယ်ကို တစ်ခါမှ မလေးမစား မလုပ်ခဲ့ဖူးပါဘူး၊ အရှင်က ကျွန်တော်တို့ အပေါ် ခွင့်လွှတ်ပြီး ချမ်းသာပေးမယ်လို့ မျှော်လင့်ပါတယ်”
“အရှင် ကျွန်တော်တို့ တစ်ခါမှ နတ်ဆိုးတစ်ကောင်ကို မသတ်ခဲ့ဖူးပါဘူး။ အရှင် ကျွန်တော်တို့ကို သွားခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“…”
သိုင်းပညာရှင်များ၏ အသံက တုန်ခါနေသည်။ အနက်ရောင် သံချပ်ကာနှင့် လူကြီး၏ အရှိန်အဝါက အလွန် ကြောက်လန့်ဖွယ် ကောင်းလှသည်။ သူတို့၏ ပြောစကားများကြောင့် အနက်ရောင်သံချပ်ကာနှင့်လူက ပြုံးလာသည်။
“ဟဲဟဲ … သွားခွင့်ပေးရမယ်ဟုတ်လား၊ မင်းတို့ သေရမလား အသက်ရှင်ရမလားဆိုတာက ဒီဘုရင်ကြီးရဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူး။ ငါ့သခင်ကြီး အမိန့်ချမှာကို မင်းတို့ စောင့်ရမှာ”
“အားလုံးကို ခေါ်သွားမယ်၊ အားလုံးကို အိမ်ကိုခေါ်သွားပြီး သခင်ကြီးဆီ ပြရမယ်”
*သခင်ကြီးတဲ့လား*
*ဒါဆို ပြန်လည်မွေးဖွားလာတဲ့ နတ်ဆိုးဧကရာဇ်ပေါ့*
ဤသည်ကိုတွေးမိပြီး သိုင်းပညာရှင်များအားလုံး ကြောက်လန့်ကာ မြေကြီးပေါ် လဲကျမတတ် ဖြစ်သွားကြသည်။
သူတို့အားလုံးသည် တိုက်ပင်မတိုက်ရသေးဘဲ အားလျော့လာပြီး အနက်ရောင် သံချပ်ကာနှင့်လူ ဖမ်းဆီးသည်ကို အသာတကြည် လက်ခံလိုက်ကြသည်။ ဤမြင်ကွင်းကြောင့် ယဲ့ဖန် အံ့အားသင့်သွားသည်။ ထို့နောက် သူသည် မချိုမချဉ် ပြုံးလိုက်မိသည်။
*အယောင်ဆောင်တွေပါလား*
တစ်စုံတစ်ယောက်က သူ့ပုံစံနှင့် နတ်ဆိုးမျိုးနွယ်ပုံစံ ဟန်ဆောင်ရဲလိမ့်မည်ဟု သူ ထင်မထားမိချေ။ ထို့နောက် သူသည် မခုခံတော့ဘဲ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် သိုင်းပညာရှင်များ ဖမ်းချုပ်လာသည်ကို ကြည့်နေလိုက်သည်။
မည်သို့သောလူမျိုးက နတ်ဆိုးဧကရာဇ်ဖြစ်သော သူ့ပုံစံအတိုင်း အယောင်ဆောင်ရဲသလဲ ဆိုသည်ကို သူ ကြည့်ချင်နေ၏။
ယဲ့ဖန်နှင့် အခြားသော သိုင်းပညာရှင်များကို အနက်ရောင် ချီမျှင်စုများဖြင့် ဖမ်းချုပ်ပြီးသည်နှင့် ချက်ချင်း စကြဝဠာ၏ တစ်နေရာသို့ ထွက်ခွာလာကြသည်။
ထို့နောက်တွင်မူ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် သိုင်းပညာရှင်တစ်ဖွဲ့က သူနှင့် အမှောင်သခင်ပုံစံ ဟန်ဆောင်ရုံသာမက ကျန်ရှိနေသော နတ်ဆိုးဘုရင် ခုနစ်ယောက်၊ နတ်ဆိုးနတ်ဘုရားခြောက်ယောက်ပုံနှင့် နတ်ဆိုးမျိုးနွယ်များ ဟန်ဆောင်ထားကြသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
သိုင်းပညာရှင်များ သွေးပျက်လုနီးပါးဖြစ်ကာ မခုခံနိုင်တော့ပေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် အဖမ်းခံထားရသည့် သိုင်းပညာရှင်များက တစ်ထောင်နီးပါး ရှိလာလေသည်။ သူတို့အားလုံး တောင်ကြား တစ်နေရာ၌ ဒူးထောက်သက်ဆင်းနေရသည်။
ထိုတောင်ကြားသည် အလွန် ထူးဆန်းလှသည်။ ဂြိုဟ်ပေါ်၌ ဧရာမကြွက်ကြီးတစ်ကောင် လှဲနေသည်ဟု ထင်မှတ်မှားရသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုတောင်ကြားပေါ်မှနေ၍ ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်မျိုးကို သူ ခံစားလိုက်မိသည်။
ထိုစဉ် ယဲ့ဖန်နှင့် အခြားသူများအား ထိုကြွက်ဦးခေါင်းနှင့်တူသော တောင်ရှေ့သို့ ပစ်ချလိုက်သည်။ ထိုအခါ အံ့ဩတကြီး ပြောလာသည့်အသံ ထွက်ပေါ်လာသည်။
“သခင်လေး၊ သခင်လေး ထွက်ပြေးသွားပြီ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အဖမ်းခံရတာလဲ”
“သခင်မလေး ဘာလို့ အဖမ်းခံရတာလဲ”
တောင်ကြားထဲ၌ အဖမ်းခံထားရသော လူများထဲ၌ ထိုလူငယ်လေးနှင့် မိန်းမပျိုလေးတို့၏ မျိုးနွယ်ဝင်များ ရှိနေသည်။ သူတို့၏ စကားကြောင့် ချန်ရှန့်ဟူသော လူငယ်လေးက ယဲ့ဖန်အား မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။
“အဲ့မျိုးမစစ်ကောင်ကြောင့်သာ မဟုတ်ရင် လွတ်ပြီ၊ အဲ့ကောင်က ကျွန်တော်တို့ စစ်သင်္ဘောကို ဖျက်ဆီးပြီး ကျွန်တော်နဲ့ လန်ရှင်းကို နတ်ဆိုးမျိုးနွယ်တွေ အဖမ်းခံရအောင် လုပ်တာ”
*ဘာ*
သူ့စကားကြောင့် ဘေးပတ်လည်မှ မျက်လုံးများစွာက ယဲ့ဖန်၏ ခန္ဓာကိုယ်အား ဖောက်ထွက်မတတ် စူးစိုက်ကြည့် လာသည်။ ထိုအကြည့်များ၌ ဒေါသထွက်၍ လူသတ်ချင်စိတ်များ ပါဝင်နေသည်။
လူငယ်လေး၏ မျိုးနွယ်ဝင်များသည် ယဲ့ဖန်ကို သမရန် မစောင့်နိုင်ကြတော့ချေ။ လန်ရှင်းဟူသော မိန်းကလေးက ဤမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူမမျိုးနွယ်က လူတိုင်းကလည်း ယဲ့ဖန်ကို မုန်းတီးနေမှန်း သူမ သိနေသည်။
ဤပဋိပက္ခက ဖြေရှင်းရန် ခက်လှသည်။ သို့သော် ယဲ့ဖန်က အားလုံးကို လှည့်ပင်မကြည့်ချေ။ သူသည် အရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေ၏။
ယဲ့ဖန်၏ အရေးမလုပ်ဟန်ကိုမြင်ပြီး လူငယ်လေး၏ အမုန်းတရားက ပို၍တိုးပွားလာသည်။
“ဟမ့် … ဟေ့ကောင် မင်း ဂုဏ်ယူနေစရာ မလိုဘူး၊ မင်း ငါတို့ကို ထိခိုက်အောင် လုပ်ခဲ့မှတော့ မင်း အရင်သေမှ ရမယ်ကွ”
ထိုသို့ပြောပြီးသည်နှင့် ထိုလူငယ်လေးက ဘေးနားမှ မျိုးနွယ်ဝင်များကို အသံ ဆက်သွယ်ရေး ကိရိယာဖြင့် တီးတိုးပြောလေသည်။
အချိန် ကြာလာသည်နှင့်အမျှ ယဲ့ဖန်ကို ကြည့်နေသည့် မျက်လုံးများ၌ လူသတ်ချင်ဟန်များ ပို၍ပြည့်နှက်လာ၏။ သူတို့ ဘာတွေကြံစည်နေသလဲ ဆိုသည်က သိသာလှသည်။ ဤသည်ကိုကြည့်ပြီး လန်ရှင်း မျက်မှောင်ကြုတ် သွားကာ နှုတ်ခမ်းကို လှုပ်၍ တစ်စုံတစ်ရာကို ပြောလာသည်။ ရုတ်တရက် ယဲ့ဖန်၏ နားစည်ထဲသို့ အသံဆက်သွယ်ရေး ကိရိယာဖြင့် ပြောလာသော အသံတစ်သံ တိုးဝင်လာ၏။
“သတိထား၊ အစ်ကို ချန်ရှန့်နဲ့ အခြားသူတွေက ရှင့်ကို သတ်လိမ့်မယ်”
ထိုအသံ ဆက်သွယ်ရေး ကိရိယာထဲမှ အသံသည် အလွန် သိမ်မွေ့လှသဖြင့် ယဲ့ဖန် အနည်းငယ် မှင်တက်သွား လေသည်။
သူသည် တစ်ဖက်လှည့်၍ လန်ရှင်းအား အသာပြုံးပြလိုက်ပြီးနောက် အရေးမလုပ်တော့ပေ။
*ဒါက …*
လန်ရှင်းသည် အလွန် စိုးရိမ်သွားပြီးနောက် စိတ်တိုသွားလေသည်။ နောက်ဆုံးတွင်မူ သူမ မတတ်သာဘဲ လျစ်လျူရှုထားလိုက်တော့သည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုအချိန်၌ တောင်တန်းများကို လှုပ်ခါသွားစေသည့် ငလျင်လှုပ်သကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ လေသည်။
Chapter 723 ငါ ဆန္ဒရှိတယ်
ဒုန်း! ဒုန်း! ဒုန်း!
ဂြိုဟ်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါလာကာ တောင်တန်းများသည်လည်း ဤနေရာသို့ တောကောင်များ ပြေးလာသကဲ့သို့ တုန်လှုပ်လာလေသည်။
ဤဖြစ်အင်ကြောင့် အားလုံး မှင်တက်သွားကြပြီး ရှေ့သို့ လှမ်းမော့ကြည့်လိုက်ကြသည်။ ထိုအခါ တောင်ကြားရှေ့၌ လူသုံးရပ်စာအမြင့်ရှိသော စင်မြင့်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုစင်မြင့်ပေါ့်၌ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်၊ နတ်ဆိုးဘုရင် ရှစ်ယောက်နှင့် နာမည်ကျော်ကြားသော နတ်ဆိုးများ အတူတကွ ရပ်နေကြသည်။
ပြင်းထန်လှသော အရှိန်အဝါနှင့်အတူ တုန်ခါသံ ထွက်ပေါ်လာချိန်တွင် နတ်ဆိုးများအားလုံးက ဘေးသို့ကပ်၍ လမ်းရှင်း ပေးလာသည်။ ထို့နောက် အနက်ရောင်ဝတ်စုံနှင့် ဆံပင်အနက်ရောင်ရှိသော လူငယ်လေးတစ်ယောက် လှမ်းလာလေ၏။
သူ၏မျက်လုံးများက သိမ်းငှက်တစ်ကောင်၏ မျက်လုံးသဖွယ် စူးရဲလှသည်။ သူ ခြေလှမ်းတစ်ခါ လှမ်းလိုက်တိုင်း တောင်ကြားထဲ၌ တုန်ခါသံ ထွက်လာသဖြင့် ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ကောင် ဆင်းသက်လာသည်ဟု ထင်မှတ်မှားရသည်။
ထိုလူငယ်လေးကို မြင်သည်နှင့် စင်မြင့်အောက်ရှိ အဖမ်းခံထားရသော ထောင်ချီသော သိုင်းပညာရှင်များ ကြက်သီးတဖြန်းဖြန်းထကာ ကြောက်လန့်လာသည်။
“နတ်ဆိုးဧကရာဇ်၊ မြတ်စွာဘုရား … သူက တကယ်ကြီးကို နတ်ဆိုးဧကရာဇ်ပဲ”
“နတ်ဆိုးဧကရာဇ် ပြန်မွေးဖွားလာပြီပဲ၊ သူက တစ်လောကလုံးကို တကယ် သတ်ဖြတ်တော့မှာလား”
“မဟုတ်ဘူး၊ ငါ မသေချင်သေးဘူး၊ ဒီခွေးမသားကြောင့် ငါတို့အားလုံး အသတ်ခံရတော့မှာ၊ ငါ မကျေနပ်ဘူးကွာ”
လက်ရှိအချိန်၌ စင်ပေါ်မှ လူငယ်လေးကို မြင်ပြီး လူတိုင်း သွေးပျက်နေကြသည်။ ယဲ့ဖန်ဘေးနားမှ ချန်ရှန့်ဟု အမည်ရသော လူငယ်လေးက ယဲ့ဖန်အား အလွန်အမင်း မုန်းတီးစက်ဆုပ်နေ၏။
သူ့စိတ်ထဲတွင် စစ်သင်္ဘောကိုသာ ယဲ့ဖန် မဖျက်ဆီးလိုက်ပါ သူနှင့် အခြားသူများ အဖမ်းမခံရနိုင်သလို ဤသို့ ကြောက်စရာကောင်းသည့် လူနှင့်လည်း တွေ့ရမည်မဟုတ်ဟု တွေးနေလေသည်။
ယခုအချိန်တွင် ချန်ရှန့်သည် အလွန် ကြောက်လန့်နေသောကြောင့် မျက်နှာက ဖြူရော်နေကာ ပေါင်ခြံမှ ကျင်ငယ်ရည်များ စီးကျလာသည်။ သူ၏ဘေးပတ်လည်မှ မျိုးနွယ်ဝင်များသည် ဘဝအဆုံးသတ်ကို တွေ့လိုက်ရသကဲ့သို့ အလွန် စိတ်ဓာတ်ကျနေကြသည်။
“စိတ်ဝင်စားစရာပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်”
သို့သော် ယဲ့ဖန်သည် စင်ပေါ်မှ နတ်ဆိုးဧကရာဇ်ကို စူးစိုက်ကြည့်၍ ခြောက်ခြားဖွယ်ကောင်းလောက်အောင် ပြုံးလိုက်သည်။
ဤအယောင်ဆောင်သူများက အလွန် သဘာဝကျလွန်းလှသည်။ အထူးသဖြင့် အယောင်ဆောင် နတ်ဆိုးဧကရာဇ်က သူ၏ ယခင်မျက်နှာပုံစံနှင့် ပင်ကိုစရိုက်ကို တိတိကျကျ တုပထားလေသည်။
လက်ရှိ ယဲ့ဖန်တောင်မှ ဆံပင်အဖြူရောင် မပြောင်းသလို ကောင်းကင်မျက်လုံးသာ မဖွင့်နိုင်ပါက သူနှင့် ထိုအယောင်ဆောင်သူ၏ မတူညီမှုကို ပြောရန် အခက်တွေ့နိုင်လောက်သည်။
“ဒီလူတွေမှာ အခြားအကြံတွေ ရှိတဲ့ပုံပဲ”
ယဲ့ဖန်၏မျက်လုံးက တစ်ချက်မျှ လက်ခနဲ ဖြစ်သွားပြီး နှုတ်ခမ်းကိုတွန့်ကွေး၍ ပြုံးလိုက်သည်။
“အားလုံးပဲ”
ထိုစဉ် စင်ပေါ်မှ နတ်ဆိုးဧကရာဇ်က စကားစလာသည်။ သူသည် စင်အောက်မှ လူများကို စူးစိုက်ကြည့်နေပြီး နတ်ဆိုးချီမျှင်စုများကို ဆက်တိုက် ထုတ်ဖော်နေသည်။
“နတ်ဘုရားနဲ့ ငါတို့တွေက အချင်းချင်း မသိကြတဲ့သူတွေ မဟုတ်ဘူးမလား၊ မင်းတို့ ဒီဧကရာဇ်လက်ထဲ ရောက်လာတာကို ကံမကောင်းဘူးလို့ပဲ တွေးလိုက်ပေါ့”
“ဒါပေမဲ့ ဒီဧကရာဇ်က ကြင်နာတတ်မှာပဲ၊ အခု သွေးယဇ်ပူဇော်ပွဲလုပ်ဖို့ လူတစ်ယောက်ပဲ လိုတာ၊ ကျန်တဲ့လူအားလုံးက ကျေးကျွန်အဖြစ် နေနိုင်တယ်၊ ငါတို့ နတ်ဆိုးမျိုးနွယ်ထဲ ဝင်ရောက်ရမယ်”
*ဘာ*
နတ်ဆိုးဧကရာဇ်၏ စကားကြောင့် အားလုံး အံ့ဩသွားကြသည်။
*သွေးယဇ်ပူဇော်ပွဲအတွက် လူတစ်ယောက်ပဲ လိုတာတဲ့လား*
*ကျန်တဲ့လူအားလုံးကို ကျွန်ပြုမယ်တဲ့လား*
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထောင်ချီသော သိုင်းပညာရှင်များ ဝမ်းသာသွားကြသည်။ သူတို့အားလုံး နတ်ဆိုးမျိုးနွယ် လက်ထဲကျရောက်လျင် သေရလိမ့်မည်ဟု တွေးထားခဲ့မိကြသည်။ သို့သော် သေရမည့်အစား နတ်ဆိုးမျိုးနွယ်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိကြချေ။
လက်ရှိအချိန်၌ လူတိုင်းသည် သွေးယဇ်ပူဇော်ပွဲအတွက် အရွေးခံရမည်ကို ကြောက်သောကြောင့် ခေါင်းကို ငုံ့ထားမိကြသည်။
“ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ခွန်အားကို တိုးချဲ့လာနိုင်ဖို့အတွက် ဘယ်သူက ယဇ်ပူဇော်ခံပေးမလဲ”
နတ်ဆိုးဧကရာဇ်၏ အသံ ပဲ့တင်ထပ်လာချိန်တွင် ထောင်ချီသော အကျဉ်းသားများအားလုံး ပို၍တိတ်ဆိတ် သွားကြသည်။ လူတိုင်းသည် ဇတ်ကိုပုထားသောကြောင့် ငှက်ကုလားအုတ်သဖွယ် ဖြစ်လာသည်။ အားလုံးက ကိုယ် ကံဆိုး၍ အရွေးခံရမည်ကို ကြောက်နေကြလေသည်။
တစ်စက္ကန့်၊ ငါးစက္ကန့်၊ ဆယ်စက္ကန့်။
အချိန်တဖြည်းဖြည်း ကုန်သွားသော်လည်း မည်သူမျှ သွေးယဇ်ပူဇော်ပွဲအတွက် ထမရပ်ရဲကြချေ။ ဤမြင်ကွင်းကိုကြည့်ပြီး စင်ပေါ်ရှိ နတ်ဆိုးဧကရာဇ်သည် မျက်နှာ မည်းမှောင်လာသည်။
“အာ … သေမှာကြောက်တဲ့ လောဘသမား တစ်သိုက်ပါလား၊ မင်းတို့က သွေးယဇ်ပူဇော်ပွဲအတွက် စတေးချင်စိတ်မရှိသလို ငါ့ခွန်အား တိုးလာအောင် မလုပ်ပေးချင်ကြဘူးပဲ”
သူ၏စကားသံကြောင့် စင်မြင့်အောက်ရှိ အဖမ်းထားရသည့် ထောင်ချီသော အကျဉ်းသားများ တုန်လှုပ်သွားကြကာ ဇောချွေးပြန်လာသည်။
နတ်ဆိုးဧကရာဇ် ဒေါသထွက်နေမှန်း လူတိုင်း ရိပ်စားမိကြသည်။ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တွေးမိပြီး အားလုံး ချွေးဒီးဒီးကျကာ တုန်ယင်လာပြန်သည်။ အားလုံး ခေါင်းနပမ်း ကြီးနေချိန်တွင် အော်ပြောသံတစ်သံ ထွက်ပေါ်လာသည်။
“အရှင် နတ်ဆိုးဧကရာဇ်၊ သူ စတေးချင်စိတ် ရှိပါတယ်တဲ့”
အားလုံး လှည့်ကြည့်လိုက်သောအခါ ချန်ရှန့်ဟူသည့် လူငယ်လေးက ယဲ့ဖန်ကို လက်ညှိုးထိုး၍ စင်မြင့်ပေါ်ရှိ နတ်ဆိုးဧကရာဇ်အား စိတ်လှုပ်ရှားဟန်ဖြင့် လှမ်းအော်ပြောနေသည်ကို တွေ့လိုက်ရသည်။ ဤအဖြစ်ကြောင့် ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြပြီးနောက် ဝမ်းသာအားရ ဖြစ်လာကြသည်။
ချန်ရှန့်၏မျိုးနွယ်မှ လူများကလည်း ယဲ့ဖန်ကို လက်ညှိုးထိုး၍ ပြောလာလေသည်။
“ဟုတ်ပါတယ်၊ သွေးယဇ်ပူဇော်ပွဲအတွက် သူ စတေးချင်စိတ် ရှိတယ်လို့ ပြောလိုက်တာကို ကျွန်တော်လည်း ကြားပါတယ်”
“ဟားဟားဟား … အရှင် နတ်ဆိုးဧကရာဇ် သူ့ကို စတေးလိုက်ပါ၊ သွေးယဇ်ပူဇော်ပွဲကို သူနဲ့ လုပ်ဆောင်လိုက်ပါ”
“…”
လက်ရှိအချိန်တွင် အဖမ်းခံထားရသော သိုင်းပညာရှင်များသည် အစားထိုးခံလူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်ကာ ယဲ့ဖန်အား လက်ညှိုးဝိုင်းထိုးလာကြသည်။
“ဒီလူကို သွေးယဇ်ပူဇော်ပြီး အရှင့်ခွန်အားကို တိုးမြှင့်လိုက်ပါ”
“ဒီလူကို သွေးယဇ်ပူဇော်ပြီး အရှင့်ခွန်အားကို တိုးမြှင့်လိုက်ပါ”
“…”
အော်ပြောသံများက ဆူညံစွာ ထွက်ပေါ်လာပြီး လန်ရှင်းဟူသည့် မိန်းကလေး မျက်နှာ ဖြူရော်သွားသည်။ အစောပိုင်းက သူမ ယဲ့ဖန်ကို သတိပေးခဲ့သော်လည်း ယဲ့ဖန်က လျစ်လျူရှုခဲ့သည်။ ယခု သူ ကျိန်းသေပေါက် အသတ်ခံရပေတော့မည်။
ဤသည်ကိုတွေးမိပြီး လန်ရှင်းဟူသည့် မိန်းကလေးက ယဲ့ဖန်အား သနားသောအကြည့်များဖြင့် ကြည့်လာသည်။ ထိုအခါ စင်မြင့်ပေါ်ရှိ နတ်ဆိုးဧကရာဇ်က သူတို့၏အော်သံကြောင့် လက်တစ်ဖက် မြှောက်လိုက်သည်။ အော်သံများ အားလုံး တိခနဲ ရပ်သွားလေသည်။ ထို့နောက် သူက ယဲ့ဖန်ကို စိုက်ကြည့်လေသည်။
“ဟေ့ကောင်လေး၊ မင်းက သွေးယဇ်ပူဇော်ခံပြီးတော့ ငါ့ခွန်အားကို တိုးမြှင့်စေချင်တာလား”
လူတိုင်း ယဲ့ဖန်ကို စိုက်ကြည့်လာကြသည်။ ယဲ့ဖန်ရှေ့က လန်ရှင်းတောင်မှ ခေါင်းခါပြ၍ သူ့အား ငြင်းဆန်ရန် မျက်ရိပ်ပြလေသည်။
“ငါ ဆန္ဒရှိတယ်”
ယဲ့ဖန်စကားကြောင့် အားလုံး မှင်တက်သွားသည်။
*သဘောတူလိုက်တာလား*
ချန်ရှန့်နှင့် အခြားသူများသည် စိုးရိမ်နေဆဲ ဖြစ်သော်လည်း ယဲ့ဖန် သဘောတူလိုက်လိမ့်မည်ဟု ထင်မထားမိချေ။
ချန်ရှန်နှင့် အခြားသူများအားလုံး ဝမ်းသာသွားကြပြီး ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ လှောင်ပြောင်သရော်နေကြသည်။ သူတို့အားလုံးက ယဲ့ဖန် အသတ်ခံရပြီး အသေဆိုးမည့် သေရမည့်ပုံကို မြင်ယောင်နေကြလေသည်။
“သေမှာပဲ၊ အဲ့ကောင်က ငါ အဖမ်းခံရအောင် လုပ်တဲ့ကောင်၊ သူ သေသင့်တယ်”
ချန်ရှန့်ဟူသော လူငယ်လေးက လှောင်ရယ်၍ ပြောလေသည်။ လန်ရှင်းဟူသော မိန်းမပျိုလေးကမူ ခေါင်းလေးခါ၍ ယဲ့ဖန်အား တိတ်ဆိတ်စွာ ကြည့်နေသည်။
သူမသည် ယဲ့ဖန်အား သိချင်စိတ်ဖြင့် ငြိမ်၍ကြည့်နေမိသည်။ အဘယ်ကြောင့် သူက အလွန် ထူးဆန်းစွာ ပြုမူနေသလဲ ဆိုသည်ကို သူမ မတွေးတတ်ပေ။
*ထောင်ချောက်အဆင်ခံရတာကို သိနေတာတောင် ထောင်ချောက်ထဲ တိုးဝင်နေသေးတယ်၊ ဒီလူ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား*
ထိုစဉ် ယဲ့ဖန်က ဖြည်းဖြည်းချင်း ထရပ်၍ စင်မြင့်ပေါ်သို့ တက်သွားလေသည်။ လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၌ ကောင်းကင်တာအို သဘောတရားများ ပါဝင်နေပုံရပြီး ပြင်းထန်သော ဖိအားတစ်မျိုးက လူတိုင်းပေါ် ကျရောက်လာပြီး အားလုံးကို ရင်တုန်လာစေသည်။
စင်ပေါ်ရှိ နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်နှင့် နတ်ဆိုးဘုရင် ရှစ်ယောက်တို့တောင်မှ မျက်နှာပျက်လာ၏။ လူတိုင်း ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေရပြီး အပြင်သို့ ခုန်ထွက်လာတော့မည်ဟု ခံစားမိနေကြလေသည်။
ဤအဖြစ်ကြောင့် စင်ပေါ်ရှိ နတ်ဆိုးဧကရာဇ် တောင့်ခနဲ ဖြစ်သွားပြီး ယဲ့ဖန်ကို စူးစိုက်၍သာ ကြည့်နေမိသည်။ ထိုသို့ကြည့်နေစဉ်မှာပင် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး အံ့အားသင့်သွားသည်။
ယဲ့ဖန်က ဆံပင်ဖြူနေပြီး နဖူး၌ အက်ရာရှိနေသော်လည်း သူ၏ မျက်နှာပုံစံနှင့် အေးစက်ခက်ထန်သော ပင်ကိုစရိုက်တို့က သူ့တစ်သက်တာတွင် မမေ့နိုင်သော ပုံရိပ်နှင့် ထပ်တူကျနေ၏။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလောက်ထိ တိုက်ဆိုင်နေရမှာလဲ”
စင်မြင့်ပေါ်ရှိ နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်လာသည်။ ထို့အပြင် ကျော၌ ချွေးများဖြင့် ရွှဲနစ်လာသည်။ နောက်ဆုံးတွင် ယဲ့ဖန်တစ်ယောက် စင်မြင့်ပေါ် ရောက်လာပြီး ပြောလိုက်သည့်စကားကြောင့် သူ ကြက်သေသေသွားသည်။
“မင်း သရုပ်ဆောင်ကောင်းသားပဲ”