အခန်း (၇၂၄-၇၂၆)
Vol. 49 Ch. 724-726
Chapter 724 အင်မော်တယ် ကြွက်လေး
“မင်းက သရုပ်ဆောင် ကောင်းသားပဲ”
ယဲ့ဖန်က စင်မြင့်ပေါ်ရှိ နတ်ဆိုးဧကရာဇ်နှင့် မျက်နှာချင်းဆိုင်မိသည်နှင့် ထိုစကား ပြောလိုက်သောကြောင့် အခြားသူများအားလုံး မှင်တက်သွားကြသည်။
*ဒီကောင်ကများ နတ်ဆိုးဧကရာဇ်ကို ပြန်ခံပြောရဲတယ်လား*
လူတိုင်း နားကြားမှားသွားသည်ဟု ထင်မိသွားကြလေသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် အားလုံး ပွက်လောရိုက်သွားကြသည်။
“ဟေ့ကောင် မင်း ငါ့သခင်ကြီးကို ဒီလိုစကားမျိုးပြောရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”
ဘေးနားမှ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်နှင့် နတ်ဆိုးဘုရင် ရှစ်ယောက်တို့က ရှေ့သို့ တိုးလာပြီး ယဲ့ဖန်အား သတ်ဖြတ်လိုသော အမူအရာများဖြင့် ကြည့်လာကြသည်။ သူတို့ထံမှ နတ်ဆိုးချီမျှင်စုများလည်း ဘေးသို့ ပျံ့နှံ့လာသည်။
နတ်ဆိုးဧကရာဇ်က စကားတစ်ခွန်း ပြောလိုက်သည်နှင့် ဘေးပတ်လည်မှ နတ်ဆိုးများအားလုံးက နတ်ဆိုးဧကရာဇ်အား မလေးမစားပြောသည့် ယဲ့ဖန်ကို တစ်စစီ လုပ်ပစ်တော့မည့်ပုံပင်။ စင်မြင့်အောက်ရှိ လူများအားလုံးမှာမူ မျက်နှာများ ဖြူရော်၍ ကြောက်လန့်နေကြသည်။
ယခင်က နတ်ဆိုးဧကရာဇ်သည် စကြဝဠာ၏ လောကသခင်သုံးပါးလုံး ထိတ်လန့်ကြောက်ရွံ့ခဲ့သည့် ပုဂ္ဂိုလ် ဖြစ်လေသည်။ ထိုသို့သော နတ်ဆိုးဧကရာဇ်အား နတ်ဧကရာဇ် အလယ်အလတ်အဆင့်သာ ရှိသော ဤလူငယ်လေးက မထီမဲ့မြင် ပြောနေသည်။ ဤသည်က ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်လေသည်။
“စောက်ရူး၊ ခဏနေ မင်း ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့ကွာ”
ချန်ရှန့်ဟူသော လူငယ်လေးက ပျက်ရယ်ပြု၍ ပြောလေသည်။ ယဲ့ဖန်တစ်ယောက် နတ်ဆိုးဧကရာဇ်၏ နုပ်နုပ်စင်းခြင်း ခံလိုက်ရပြီး သွေးယဇ်ပူဇော်ခံရတော့မည်ဟု မြင်ယောင်နေသည်။ သူသည်သာမက သူ့ဘေးနားမှ လူများအားလုံးကလည်း ယဲ့ဖန်အား သွပ်သွပ်ခါအောင် ရူးနေသော အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
*ဒီကောင်တော့ ပွဲသိမ်းပြီပဲ*
အားလုံး၏ အတွေးက တစ်ထပ်တည်းပင်။ လန်ရှင်းဟူသော မိန်းမပျိုလေးတောင်မှ ခေါင်းခါ၍ သက်ပြင်းချ နေသည်။ ယဲ့ဖန်က ထူးဆန်းနေသလား သို့မဟုတ် ဦးနှောက်နှင့်ပတ်သက်သော ရောဂါတစ်ခုခု ရနေသလား သူမ မတွေးတတ်တော့ပေ။
ယခင်က ထိုသူသည် လက်တစ်ဖက်တည်းဖြင့် စစ်သင်္ဘော၏ ဦးခေါင်းပိုင်းကို ဖျက်ဆီးပစ်လိုက်သဖြင့် သူက ထူးချွန်သော သိုင်းပညာရှင် ဖြစ်လိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယခုအချိန်၌ တစ်ဖက်လူက ရူးမိုက်သော အပြုအမူကို ပြုလုပ်လာသောကြောင့် သူမ ပြောစရာစကား ရှာမတွေ့တော့ချေ။
“ကြည့်ရတာ ဒီလောက်နဲ့ပဲ ဇာတ်သိမ်းတော့မယ် ထင်တယ်”
လန်ရှင်းသည် မချိပြုံးပြုံးလိုက်ပြီး မကြည့်ရက်သောကြောင့် မျက်လုံးမှိတ်ထားလိုက်သည်။ ထိုစဉ် ချန်ရှန့်ဟူသော လူငယ်လေးသည် စင်မြင့်ပေါ်ရှိ နတ်ဆိုးဧကရာဇ်က ဘာမှမပြောသေးသည်ကို မြင်ပြီး သူ အရင် စအော်လိုက်သည်။
“အရှင် နတ်ဆိုးဧကရာဇ်ကို လှောင်ပြောင်ရဲတယ်ပေါ့လေ”
“သူ့ကို သွေးယဇ်ပူဇော်ပွဲအတွက် အသုံးပြုလိုက်ပါ”
သူ့စကားကြောင့် ဘေးနားမှ ထောင်ချီသော သိုင်းပညာရှင်များသည် နောက်ကောက်ကျမကျန်ခဲ့ရင်သဖြင့် ဝိုင်းအော်ပြောကြလေသည်။
“သူ့ကို သွေးယဇ်ပူဇော်ပွဲအတွက် အသုံးပြုလိုက်ပါ”
“သူ့ကို သွေးယဇ်ပူဇော်ပွဲအတွက် အသုံးပြုလိုက်ပါ”
“…”
ထိုသိုင်းပညာရှင်များ၏ မျက်လုံးများက ရက်စက်ခက်ထန်နေသည်။ သူတို့သည် ယဲ့ဖန်၏ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ယဲ့ဖန်၏ အသက်ဖြင့် နတ်ဆိုးဧကရာဇ်အား မျက်နှာလုပ်ချင်နေကြသည်။
ထိုလူများအားလုံးက အရူးအမူး အော်ဟစ်နေသည်ကိုမြင်ပြီး လန်ရှင်း တစ်ဒင်္ဂမျှ ကြက်သီးထသွားရသည်။
“ဒီလူတွေ ဒီလောက် လူမဆန်ရလား။ သူတို့အသက်ကိုပဲ သူတို့ ဂရုစိုက်တယ်၊ တစ်ခြားသူတွေရဲ့ အသက်ကို ထည့်မစဉ်းစားပေးဘူး”
ထိုသို့သောအချိန်၌ စင်ပေါ်မှ နတ်ဆိုးဧကရာဇ်သည် အောက်ကလူများ၏ အော်သံများကို ကြားပြီး ငိုချင်လုနီးပါး ဖြစ်နေသည်။
“သူပဲ၊ သူပဲ ဖြစ်မယ်”
ထိုသူက သူ၏ဧကရာဇ်အား မည်သို့မည်ပုံ သတ်ခဲ့သလဲဆိုသည်ကို စင်ပေါ်ရှိ နတ်ဆိုးဧကရာဇ် မမေ့နိုင်သေးပါ။ သူသည် ရက်စက်သည်။ သူ၏ ဒေါသက သူတို့၏ မိသားစုအား ထိပ်ဆုံးနေရာမှနေ၍ မျိုးသုဉ်းလုနီးပါး အခြေအနေသို့ ရောက်ခဲ့ရသည်။
*သူပဲ*
“မင်း ကြားလား၊ သူတို့က ငါ့ကို သွေးယဇ်ပူဇော်ပွဲအတွက် သုံးလိုက်တဲ့”
ယဲ့ဖန်က စင်ပေါ်ရှိ နတ်ဆိုးဧကရာဇ်ကို ပြုံး၍ ပြောလေသည်။ သူ၏စကားများက ရှင်းလင်း ပြတ်သားလွန်းသဖြင့် နတ်ဆိုးဧကရာဇ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။
သို့သော် ယဲ့ဖန်က သူ့ကို မကြည့်တော့ဘဲ တစ်ဖက်လှည့်၍ စင်အောက်ရှိ အဖမ်းခံထားရသည့် ထောင်ချီသော နတ်ဆိုးဧကရာဇ်များကို အေးစက်စွာ လှမ်းကြည့်လေသည်။
“မင်းတို့က သွေးယဇ်ပူဇော်ပွဲ လိုချင်တာလား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်”
သိုင်းပညာရှင်တိုင်းက အသည်းအသန် ပြန်အော်လေသည်။ ယဲ့ဖန် သေမှာသာ သူတို့ အသက်ရှင်နိုင်မည် ဖြစ်သဖြင့် သူတို့ ရတက်မအေး ဖြစ်နေကြသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့ဖန်၏အပြုံးက ပို၍ပီပြင်လာသည်။
“ဒီလိုဆိုမှတော့ မင်းတို့ဆန္ဒအတိုင်း သွေးယဇ်ပူဇော်ပွဲ လုပ်ကြတာပေါ့”
*ဘာ*
စင်အောက်ရှိ ထောင်ချီသော သိုင်းပညာရှင်များအားလုံး အံ့အားသင့်သွားကြသည်။ ထိုသို့သောအချိန်၌ ယဲ့ဖန်ထံမှ အနက်ရောင် နတ်ဆိုး ချီမျှင်စုများ ထွက်ပေါ်လာသည်။
ထွက်ပေါ်လာသော နတ်ဆိုးချီမျှင်စုများသည် ငရဲမှ ထွက်ပေါ်လာသည်ဟု ထင်မှတ်မှားရပြီး လူတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။
“အား….”
ထိုနတ်ဆိုးချီမျှင်စုများသည် မြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်နှင့် နတ်ဆိုးဘုရင် ရှစ်ယောက်တို့ကို ရစ်ပတ်သွားပြီး လေထဲသို့ ဆွဲမြှောက်လေသည်။
ဤမြင်ကွင်းကြောင့် စင်မြင့်အောက်ရှိ လူများအားလုံး ငြိမ်ကျသွားပြီး အလွန် မှင်တက် အံ့အားသင့် လာကြသည်။ အားလုံးသည် ယဲ့ဖန်အား အလွန် ရက်စက်သော မိစ္ဆာတစ်ကောင်အဖြစ် မြင်လာမိသည်။
သူ့နောက်ကျောမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး ထိုချီမျှင်စုများက မြွေအဖြစ် ပြောင်းလဲသွားပြီး စင်ပေါ်ရှိ နတ်ဆိုးမျိုးနွယ်များကို ရစ်ပတ်လာသည်ကိုမြင်ပြီး အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း မျက်ခုံး တဆတ်ဆတ်လှုပ်ကာ ယုံရခက်နေ၏။ မြွေအသွင် ဖြစ်နေသည့် နတ်ဆိုးချီမျှင်စုများက အားဖြင့် ဖျစ်ညှစ်လိုက်သောအခါ နတ်ဆိုးဧကရာဇ်နှင့် ကျန်နတ်ဆိုးများထံမှနေ၍ အော်သံများ ထွက်ပေါ်လာသည်။
“အား….”
သူတို့၏ခန္ဓာကိုယ်များ ဖျစ်ညှစ်ခံထားရပြီးနောက် အားလုံး၏ မျက်နှာသွင်ပြင်များက ချက်ချင်း ပြောင်းလဲလာပြီး ကြောက်စရာကောင်းသော တစ္ဆေအသွင်သို့ ပြောင်းလာသည်။
*နတ်ဆိုးတွေ ဘယ်ရောက်သွားတာလဲ*
“တစ္ဆေတွေ၊ မြတ်စွာဘုရား … နတ်ဆိုးဧကရာဇ်နဲ့ အခြားသူတွေက လတ်စသက်တော့ တစ္ဆေမျိုးနွယ်က လူတွေ ဖြစ်နေပါလား”
ထောင်ချီသော သိုင်းပညာရှင်များအားလုံး စင်မြင့်ပေါ်သို့ မမှိတ်မသုန် ကြည့်နေမိသည်။ သူတို့အားလုံး လှည့်စားခံလိုက်လေပြီ။ သူတို့ကို ဖမ်းထားသည့်သူများက နတ်ဆိုးမျိုးနွယ်များ မဟုတ်ဘဲ တစ္ဆေမျိုးနွယ်များ ဖြစ်နေသည်ကို အားလုံး ရိပ်မိသွားကြသည်။
ဤစဉ်းလဲသော တစ္ဆေမျိုးနွယ်များက နတ်ဆိုးဧကရာဇ် အယောင်ဆောင်၍ သွေးယဇ်ပူဇော်ကာ သူတို့အား ကျွန်ပြုချင်နေခြင်းပင်။ မိမိနှင့် အခြားသူများ ယုံကြည်ခဲ့ကြသည်ကို တွေးမိပြီး အားလုံး မျက်နှာပျက်ယွင်း လာသည်။
“မဟုတ်ဘူး၊ ဒါ … ဒါ အမှန်မဟုတ်ဘူး။ ဒီကောင်က ဘာလို့ ဒီလို လုပ်နိုင်တာလဲ”
ချန်ရှန့်ဟူသော လူငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် လဲကျသွားသည်။ လန်ရှင်းဟူသည့် မိန်းမပျိုလေး သည်လည်း သူမပါးစပ်အား လက်ဖြင့်အုပ်ထားမိသည်။
“အရှင် နတ်ဆိုးဧကရာဇ် အသက်ချမ်းသာပေးပါ၊ ဒီငယ်သား အတင့်ရဲခဲ့မိပါတယ်၊ ဒီငယ်သားက အရှင် နတ်ဆိုးဧကရာဇ်အဖြစ် ဟန်ဆောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
အစောပိုင်းက နတ်ဆိုးဧကရာဇ်အဖြစ် ဟန်ဆောင်ခဲ့သော တစ္ဆေမျိုးနွယ်ဝင်က အလန့်တကြား အော်ဟစ် လာသည်။ စင်မြင့်အောက်ရှိ သိုင်းပညာရှင်များ၏ နားထဲတွင်မူ သူ၏စကားများက ချိန်ကိုက်ဗုံးတစ်လုံးလိုပင်။
စင်မြင့်အောက်ရှိ ထောင်ချီသော သိုင်းပညာရှင်များအားလုံး ခေါင်းထဲ ဝီခေါ်နေကာ ခေါင်းပေါက်လုနီးပါး ဖြစ်လာသည်ဟု ခံစားမိနေသည်။
*နတ်ဆိုးဧကရာဇ်လား*
အားလုံး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။ သူ့မျက်နှာကို သေချာကြည့်မိချိန်တွင် သူ၏ဆံပင် အဖြူရောင်နှင့် နဖူးမှ အက်ရာကလွဲ၍ ယဲ့ဖန်က နတ်ဆိုးဧကရာဇ်နှင့် တစ်ထေရာတည်း ဖြစ်နေသည်ကို သတိထား လိုက်မိကြသည်။
လူတိုင်း ထိတ်လန့်ကာ ကြက်သေသေသွားပြီး မျက်နှာများ ဖြူရော်လာသည်။ သူတို့ သွေးယဇ်ပူဇော်စေချင်သည့် လူက နတ်ဆိုးဧကရာဇ် ဖြစ်နေသည်ကို တွေးမိပြီး အားလုံး ကြက်သီးထလာသည်။
လက်ရှိအချိန်၌ စင်မြင့်ပေါ်ရှိ နတ်ဆိုးများအဖြစ် အယောင်ဆောင်ထားကြသည့် တစ္ဆေမျိုးနွယ်များအားလုံး အော်ဟစ်နေရာမှ တိခနဲ ငြိမ်ကျသွားသည်။ ထို့နောက် အားလုံး ပြာဖြစ်ကာ လေနှင့်အတူ မျောလွင့် ပျောက်ကွယ် သွားတော့သည်။
ဤမြင်ကွင်းကြောင့် နတ်ဆိုးဧကရာဇ်အဖြစ် ဟန်ဆောင်ထားသော တစ္ဆေမျိုးနွယ်ဝင်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
“ငါ ထင်တာ မမှားဘူးဆိုရင် မင်းက တစ္ဆေဧကရာဇ်ရဲ့ မျိုးဆက်ဖြစ်လိမ့်မယ်”
ယဲ့ဖန်က ထိုတစ္ဆေမျိုးနွယ်အား ပြုံး၍ကြည့်နေသည်။
“ဒီအတိုင်း အသက်ရှင်နေရတာ မကောင်းဘူးလား၊ ဘာလို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာလဲ”
ထိုစကားကြောင့် တစ္ဆေမျိုးနွယ်ဝင် တုန်လှုပ်သွားသည်။
“အရှင်နတ်ဆိုးဧကရာဇ် ဒီငယ်သားက အမိန့်အတိုင်း လုပ်ရတဲ့လူပါ၊ အမိန့်ပေးတဲ့လူက ကြွက်ကလေးပါ”
*ကြွက်ကလေးတဲ့လား*
ထိုစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
“ဘာကို ကြွက်ကလေးလဲ၊ သူက ဘယ်မှာလဲ”
“အဲ့ ... အဲ့ဒါက ...”
တစ္ဆေမျိုးနွယ်ဝင်က ထိုသို့ပြောပြီးသည်နှင့် ကြောက်လန့်ဟန်ဖြင့် သူ့နောက်မှ ကြီးမားသော တောင်တန်းကြီးကို လက်ညှိုးထိုးပြလေသည်။ ထိုစဉ် ကြွက်တစ်ကောင်၏ ဦးခေါင်းနှင့်တူသော တောင်တန်းကြီးမှနေ၍ ရုတ်တရက် မျက်လုံး ပွင့်လာလေ၏။
Chapter 725 ကြောက်စရာကောင်းသော ဧရာမကြွက်ကြီး
“နတ်ဆိုးဧကရာဇ်တဲ့လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ် နတ်ဆိုးဧကရာဇ် ဖြစ်နေတာလဲ”
လက်ရှိအချိန်တွင် ချန်ရှန့်ဟူသော လူငယ်လေးသည် အလွန်မင်း ကြောက်လန့်သွေးပျက်လျက် ရှိသည်။ သူ၏ ပေါင်ခြံမှ ကျင်ငယ်ရည်များ စီးကျလာသလို စင်မြင့်ပေါ်ရှိ ယဲ့ဖန်ကို ကြည့်ပြီး ကြက်သေ သေနေ၏။
အစောပိုင်း၌ သူသည် အယောင်ဆောင် နတ်ဆိုးဧကရာဇ်ကို မျက်နှာလုပ်၍ နတ်ဆိုးဧကရာဇ်အစစ်အား ချောက်ချ၍ စွပ်စွဲခဲ့သည်။ ဤသို့ ကိုယ့်သေတွင်း ကိုယ်တူးခဲ့သည့် အပြုအမူကြောင့် သူ မျက်နှာပြာနှမ်းလာပြီး သတိလစ်မတတ် ဖြစ်လာလေသည်။
သူသည်သာမက သူ့ဘေးနားမှ မျိုးနွယ်ဝင်များသည်လည်း မျက်နှာပြာနှမ်း၍ မျက်ခုံးလှုပ်နေကြသည်။ လန်ရှင်းဟူသော မိန်းကလေးသည်လည်း ပို၍ထိတ်လန့် အံ့အားသင့်နေပြီး ပြောစရာစကား မရှိတော့ လောက်အောင် ဖြစ်နေလေသည်။
“ချန်ရှန့် စွပ်စွဲတာကို သူ မသိချင်ယောင်ဆောင်ထားတာက အံ့ဩစရာ မရှိတော့ဘူး၊ သူ သွေးယဇ်ပူဇော်ပွဲအတွက် စတေးခံရဲတာကိုလည်း ငါ မအံ့ဩတော့ပါဘူး”
“လတ်စသက်တော့ ငါတို့ လုပ်သမျှအရာအားလုံးက သူ့စိတ်ထဲမှ ကလေး ကစားကွက်လောက်ပဲ ရှိနေတာကိုး”
“သူ့အတွက် မှားနေတာကိုတောင် ပြောဖို့ ပျင်းစရာကောင်းလွန်းနေတာပဲ”
လန်ရှင်း မချိပြုံး ပြုံးလိုက်မိသည်။ သူမအပေါ် သက်ရောက်လာသည့် ယဲ့ဖန်၏ အရှိန်အဝါက ကြီးမား လွန်းသည်ကို သူမ ဝန်ခံရပေမည်။ ထိုစဉ် သူမတို့ အော်သံ တစ်သံကို ကြားလိုက်ရသည်။
“ကြည့်ဦး၊ ဟိုတောင်ကြီးက ဘာလို့ မျက်လုံးကြီး ပွင့်လာတာလဲ”
*ဘာ*
ထိုအော်သံကြောင့် အားလုံး လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ တောင်ကြားရှေ့၌ ရှိနေသော ကြွက်ဦးခေါင်းနှင့် တူသည့် တောင်တန်းတစ်နေရာမှနေ၍ မျက်လုံး ပွင့်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
*နီလိုက်တဲ့မျက်လုံးတွေ*
ထိုမျက်လုံးတစ်စုံ ပွင့်လာသည်နှင့် တောင်တန်းတစ်ခုလုံး ပေါက်ကွဲလာသည်။ ကျောက်ဆုံးများ ကွဲကြေ၍ တောင်ထိပ်သည်လည်း ပြိုလဲပျက်စီးလာလေသည်။ တောင်တန်းတစ်ခုလုံး၌ အက်ရာများ ထင်လာပြီး အားလုံး ယိုယွင်းပျက်စီးလာပုံက ကမ္ဘာပျက်တော့လေမလားဟု ထင်မှတ်ရသည်။
တောင်တန်းတစ်ခုလုံးပေါ်မှ ကျောက်ဆောင်နှင့် အပင်များ ပျက်စီးသွားသည်နှင့် အတွင်းဘက်မှနေ၍ တစ်ကိုယ်လုံး ဖြူဖွေးနေသည့် ဧရာမကြွက်ကြီးတစ်ကောင် ထွက်ပေါ်လာ၏။
ထိုဧရာမ ကြွက်ဖြူကြီးသည် တောင်တန်းတစ်ခုစာမျှ ကြီးမားပြီး မြေကြီးပေါ်၌ နှစ်ပေါင်းများစွာ လဲလျောင်းနေခဲ့သည်။ ၎င်း၏ အဖြူရောင်အမွေးများကလည်း ဆီးနှင်းကဲ့သို့ ဖြူစွတ်နေသည်။ ၎င်း၏မျက်လုံး များကလည်း ခက်ထန်၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျွိ! ကျွိ! ကျွိ!
တကျွိကျွိအော်သံနှင့်အတူ စူးရှလှသည့် အသံလှိုင်းများလည်း ပျံ့လွင့်လှသည်။ ထိုအသံလှိုင်းသည် သိုင်းပညာရှင်များ၏ နားစည်ထဲသို့ ချွန်ထက်လှသည့် အပ်တစ်ချောင်းကဲ့သို့ ဝင်ရောက်သွားသဖြင့် ထိုသူတို့၏ နားထဲမှ သွေးများ စီးကျလာသည်။
“မြတ်စွာဘုရား … ဒီ … ဒီကြွက်က ဘာကြီးလဲ၊ ဘာလို့ ဒီလောက် ကြီးနေရတာလဲ”
“မယုံနိုင်စရာပဲ၊ မကောင်းဆိုးဝါးမျိုးနွယ်မှာ ဒီလိုကြွက်မျိုး ရှိနေလိမ့်မယ်လို့ ငါ မကြားဖူးပါဘူး”
“….”
လူတိုင်း အလွန်အမင်း ထိတ်လန့်သွားပြီး ဧရာမကြွက်ဖြူကြီးအား ကြောက်စရာကောင်းသော မကောင်းဆိုးဝါး တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေမိကြသည်။
ယဲ့ဖန်တောင်မှ ထိတ်လန့်သွားရသည်။ ဤသို့ ကြီးမားသော ကြွက်တစ်ကောင်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးသလို ထိုဧရာမ ကြွက်ဖြူကြီးထံမှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်တစ်မျိုးကို သူ ခံစားမိနေသည်။
၎င်းသည် ကြွက်တစ်ကောင် မဟုတ်ဘဲ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်စရာကောင်းသော လူတစ်ယောက်ဟု ထင်မှတ်မှားရသည်။
“မင်း … ဒါက နတ်သမီးလေးလား”
ယဲ့ဖန် မျက်နှာမဲ့သွားသည်။ ဤအကောင်ကြီးအား ကြွက်ကလေးဟု သူ မည်သို့ ခေါ်နိုင်မည်နည်း။
ကျွိ!
ဧရာမကြွက်ဖြူကြီးသည် စကားပြောနိုင်ပုံ မရဘဲ သူ့ဒေါသအား တကျွိကျွိ အသံဖြင့်သာ ဖော်ပြနိုင်သည်။ ဤအဖြစ်ကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ မကောင်းဆိုးဝါးမျိုးနွယ်များထဲတွင် သာမန် သားရဲများသည် စကားပြောနိုင်ကြသည်။ သို့သော် စကားမပြောနိုင်သည့် သားရဲများသည် ကြောက်စရာ အကောင်းဆုံးနှင့် အသန်မာဆုံး ဖြစ်ကြသည်။
ဥပမာ ပြောရမည်ဆိုလျင် ဝိညာဉ်စား ပုရွက်ဆိတ်များကို လက်ညှိုးထိုးပြရပေမည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် တစ်မူထူးခြားသော ပင်ကိုစရိုက်ဖြင့် မွေးဖွားလာသည့် မွေးရာပါ ထူးချွန်သည့် မကောင်းဆိုးဝါးမျိုးနွယ်များ ဖြစ်ကြသည်။ မွေးရာပါ ပါရမီက ပို၍သန်မာလာမှ သူတို့ စကားပြောနိုင်ကြမည် ဖြစ်သည်။
ဤဧရာမကြွက်ဖြူကြီးသည်လည်း စကားမပြောနိုင်သေးစေကာမူ အလွန် ကြောက်စရာကောင်းသော မကောင်းဆိုးဝါး မျိုးနွယ် ဖြစ်ကြောင်း ပြောနိုင်ပေသည်။
ထို့အပြင် ဤဧရာမကြွက်ဖြူကြီးထံမှ ယင်ယန်ချီဓာတ်များကို သူ ခံစားမိနေသည်။
“ဟမ် … ဒီကြွက်ကြီးက ငရဲဘုံက မဟုတ်ဘူးထင်တယ်”
ဤသည်ကိုတွေးမိပြီးနောက် ယဲ့ဖန်သည် ဧရာမကြွက်ဖြူကြီးကို ပို၍ထိတ်လန့်လာသည်။
“ကြွက်ကလေး၊ ဒီငယ်သားက နတ်ဆိုးဧကရာဇ်ရှေ့ကို ရောက်နေလို့ပါ၊ ကျွန်တော် အမှန်အတိုင်း မပြောရဲပါဘူး၊ ကြွက်ကလေး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”
တစ္ဆေမျိုးနွယ်ဝင်သည် ခြောက်ခြား၍ အသည်းအသန် အော်ပြောလေသည်။ ထိုအခါ ဧရာမကြွက်ဖြူကြီး၏ မျက်လုံးက ပို၍အေးစက်လာသည်။
ကျွိ!
ထိုအော်သံအောက်၌ တစ္ဆေမျိုးနွယ်ဝင်၏ အော်ပြောသံက တိခနဲ ရပ်တန့်သွားသည်။ ထို့နောက် လူတိုင်း ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် သူ့ကိုယ်ပေါ်၌ အက်ရာများ ထင်ဟပ်လာသည်။
ထို့နောက် ဂျွတ်ဟူသော အသံနှင့်အတူ တစ္ဆေမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်က တစ်စစီဖြစ်ကာ အသားတုံးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။ အော်သံလေးတစ်ခုက တစ္ဆေမျိုးနွယ်ဝင်တစ်ယောက်အား အသားတုံး ဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု ထင်မထားမိကြချေ။
ဧရာမကြွက်ဖြူကြီးသည် ထိုမျှနှင့် မကျေနပ်သေးဘဲ ယဲ့ဖန်ကို အလွန် ဒေါသူပုန်ထနေပုံရသည်။ ၎င်းသည် ချွန်ထက်နေသော လက်သည်းများဖြင့် ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။ ထိုဧရာမ လက်သည်းများသည် ကောင်းကင်ယံအား ဆွဲဖြဲနိုင်သည်ဟု ထင်မှတ်ရသည်။
အလွန် ပြင်းထန်သော အဖျက်စွမ်းအင်က ယဲ့ဖန်ကို လွှမ်းခြုံလာလေသည်။ ထိုပြင်းထန်လှသည့် စွမ်းအင်အောက်၌ စင်မြင့်အောက်ရှိ သိုင်းပညာရှင်များအားလုံး ထိတ်လန့်ခြောက်ခြားလာကြသည်။
“တကယ်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုပဲ”
ယဲ့ဖန်သည် ဂရုမစိုက်ဟန်ဖြင့် မျက်လုံးကို မှေးစင်းလာသည်။ ထို့နောက် သူ၏အင်္ကျီလက်ကို အသာလှုပ် လိုက်သည်။ ထိုအခါ သူ၏အင်္ကျီစထဲမှနေ၍ ဝိညာဉ်စား ပုရွက်ဆိတ်များ ထွက်ပေါ်လာသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ထပ်မံ၍ ဆင့်ကဲပြောင်းလဲသွားသဖြင့် ပို၍ကြောက်စရာ ကောင်းလာလေသည်။
၎င်းတို့ ထွက်ပေါ်လာသည်နှင့် လူတိုင်း သွေးပျက်ကာ တုန်ယင်လာကြသည်။
“ဒါ … ဒါ ဝိညာဉ်စား ပုရွက်ဆိတ်ပဲ”
ဝိညာဉ်စား ပုရွက်ဆိတ်များကို သေချာ သတိထားမိပြီးနောက် ထောင်ချီသော သိုင်းပညာရှင်များအားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ကြောက်လန့်လာကြသည်။
ဝိညာဉ်စား ပုရွက်ဆိတ်သည် သက်ရှိအားလုံး၏ အိပ်မက်ဆိုးဖြစ်ပြီး ဤနေရာ၌ ၎င်းတို့ကို ထောင်သောင်းချီ၍ တွေ့ရလိမ့်မည်ဟု ထင်မထားမိကြချေ။
လူတိုင်း ယဲ့ဖန်ကို ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်နေမိကြသည်။ ဧရာမကြွက်ဖြူကြီးတောင်မှ မသိမသာ အံ့ဩသွားသည်။ ၎င်း၏ အော်သံသည်လည်း တိခနဲ ရပ်တန့်သွား၏။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် ထွက်ပေါ်လာသည်နှင့် ဧရာမကြွက်ဖြူကြီးသည် ရန်သူကို မြင်လိုက်ရသကဲ့သို့ အမွေးများ ထောင်လာသည်။
ကျွိ! ကျွိ! ကျွိ!
ဧရာမကြွက်ဖြူကြီးက ဝိညာဉ်စား ပုရွက်ဆိတ်များကို ဆက်တိုက် အော်နေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ၎င်း၏အော်သံကို မသိချင်ယောင်ဆောင်၍ ဧရာမကြွက်ဖြူကြီးထံသို့ ပြေးဝင်လာသည်။
ထိုအခါ ကြွက်တစ်ကောင်နှင့် ပုရွက်ဆိတ်များ၏ တိုက်ပွဲ စတင်လာလေသည်။ ထို့နောက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက ယဲ့ဖန်ကို အံ့အားသင့်သွားစေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ဧရာမကြွက်ဖြူကြီး၏ အမွေးတစ်ပင်ကို ခဲရာခဲဆစ် ကိုက်ဖြတ်နေရလေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များအားလုံးက ဧရာမကြွက်ဖြူကြီးကို ဝိုင်းအုံ၍ အသည်းအသန် ကိုက်ဖြတ်နေ သော်လည်း ၎င်း၏အမွေးများက အလွန် မာကျောနေ၏။ ဘယ်လိုကိုက်ကိုက် ပြတ်ထွက်မလာပေ။
“ဒါက …”
ယဲ့ဖန် ထိတ်လန့်သွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ မဝါးမျိုနိုင်သည့်အရာကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုစဉ် ဧရာမကြွက်ဖြူကြီး၏ အမွေးများက ဖြူကောင်၏ ဆူးချွန်များကဲ့သို့ ချွန်ထက်၍ ထောင်မတ်လာပြီး ဝိညာဉ်စား ပုရွက်ဆိတ်များကို ပြန်ထိုးနှက်လာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ ထိခိုက်၍ လဲကျသွားသည်။
“သေစမ်း၊ ဒီကြွက်ကြီးက တကယ်ကို အထက်ဘုံက လာတာဖြစ်မယ်၊ ယင်ယန်လောကကလား ဒါမှမဟုတ် ယန်နယ်မြေကလား”
ယဲ့ဖန် ထိတ်လန့်လာသည်။ ယဲ့ဖန် ထိတ်လန့်နေစဉ်မှာပင် ဧရာမကြွက်ဖြူကြီးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုက်ပွဲက ပို၍ပြင်းထန်လာ၏။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် ကိုက်ဖဲ့ခြင်း မပြုတော့ဘဲ ဝိုင်းဖွဲ့၍ ဧရာမ ကြွက်ဖြူကြီးအား တန်ပြန် တိုက်ခိုက်လာသည်။
ထို့အတူ ဧရာမကြွက်ဖြူကြီးက အမွေးများကို ဖြူကောင်၏ ဆူးချွန်များကဲ့သို့ ထုတ်လွှတ်လိုက်တိုင်း ဝိညာဉ်စား ပုရွက်ဆိတ်များ အထိနာလာကြသည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ပုရွက်ဆိတ်လေး တူပုံပြောင်း”
သူ့စကားကြောင့် ဝိညာဉ်စား ပုရွက်ဆိတ်များက ချက်ချင်း နောက်သို့ပြန်ဆုတ်လာသည်။ ထို့နောက် ပုရွက်ဆိတ်များအားလုံး စုစည်း၍ ဧရာမ တူတစ်လက်အသွင် ပြောင်းလဲလိုက်လေသည်။
Chapter 726 ပေါက်ကွဲပျက်စီးသွားခြင်း
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များဖြင့် ဖွဲ့စည်းထားသည့် တူကြီးသည် မှင်ကဲ့သို့ မည်းနက်လှသည်။ ထိုတူ၏ အသွားသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ လက်သည်းများကြောင့် ချွန်ထက် နေသည်။
ကြောက်စရာကောင်းသော ဧရာမတူကြီးကိုမြင်ပြီး လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များဖြင့် ဖွဲ့စည်းထားသော ဧရာမတူကြီး ထွက်ပေါ်လာချိန်တွင် လေဟာနယ်သည် ၎င်းတူကြီး၏ ဖိအားကို တောင့်မခံနိုင်ဟန်ဖြင့် ချက်ချင်း အက်ကွဲလာသည်။
ထိုတူကြီးသည် ကောင်းကင်ယံကိုပင် ဖြိုခွင်းနိုင်သည်ဟု ခံစားမိကာ ထောင်ချီသော သိုင်းပညာရှင်များအားလုံး တုန်လှုပ်လာကြသည်။ ထိုတူအောက်၌ သူတို့ကိုသူတို့ အလွန် အားနည်းလှသည်ဟု ခံစားမိနေသည်။
ထိုတူဖြင့်သာ သူတို့ကို ရိုက်ချလိုက်ပါက သူတို့အားလုံး အသက်မရှင်နိုင်လောက်ပေ။
ကျွိ! ကျွိ!
ထိုသို့သောအချိန်၌ ဧရာမ ကြွက်ဖြူကြီးတောင်မှ အန္တရာယ်ကို ခံစားမိလာသည်။ ၎င်းသည် လက်သည်းများကို ပြန်ရုတ်၍ နောက်သို့ မသိမသာ ပြန်ဆုတ်သွားကာ ခုခံရန် ဟန်ပြင်လာလေသည်။
ထိုစဉ် ဝိညာဉ်စား ပုရွက််ဆိတ်များဖြင့် ဖွဲ့စည်းထားသော တူတစ်လက်က ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ထိုတူအား ယဲ့ဖန်က လှမ်းဖမ်း၍ ဧရာမ ကြွက်ဖြူကြီးအား အားဖြင့် ထုချလိုက်သည်။
ထိုအခါ လေထုသည် ဆွေးမြည့်နေသော သစ်သားခြောက်ကဲ့သို့ ဆက်တိုက် အက်ကွဲလာသည်။ ယဲ့ဖန်သည် ပြင်းထန်လှသည့် ဖိအားနှင့်အတူ ဧရာမကြွက်ဖြူကြီးအား အားဖြင့် ထုချလိုက်သည်။
ကျွိ!
ဧရာမကြွက်ဖြူကြီးသည် ခေါင်းမွေးထောင်သွားပြီး တကျွိကျွိအော်ကာ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စူးစိုက်နေသည်။ ထို့နောက် ၎င်း၏ ကြီးမားချွန်ထက်သော လက်သည်းများဖြင့် ပုရွက်ဆိတ် တူကြီးအား ပြန်ခုခံလိုက်သည်။
တူနှင့် လက်သည်းချွန်တို့ ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် ပြင်းထန်သည့် ဖိအားလှိုင်းများ ဘေးသို့ ပျံ့နှံ့လာသည်။ ထိုလှိုင်းလုံးအောက်၌ ထောင်ချီသော သိုင်းပညာရှင်များသည် လေနှင့်အတူ မျောလွင့်သွားသည့် သစ်ရွက်ခြောက် များသဖွယ် လွင့်ထွက်သွားပြီးနောက် ပြန်ပြုတ်ကျလာသည်။
မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာပြီးသည်နှင့် အားလုံး မျက်နှာပြာနှမ်း၍ သွေးအန်လာသည်။ တိုက်ခိုက်မှုက ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြချေ။
ကျွိ! ကျွိ!
တူအောက်၌ ဧရာမကြွက်ဖြူကြီး အော်ဟစ်နေရသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ် တစ်ခုလုံး ထုနှက်ခံလိုက်ရပြီးနောက် လွင့်ထွက်သွားလေသည်။
၎င်းသည် ပြန်ပြုတ်ကျလာသည်နှင့် အဖြူရောင် အလင်းတန်းတစ်ချို့ ထွက်ပေါ်လာပြီး အတိုင်းအတာ တစ်ခုမျှ ခန္ဓာကိုယ် သေးသွားသည်။
*ဟမ်*
ဤမြင်ကွင်းကြောင့် ယဲ့ဖန် ပျော်သွားသည်။
“လတ်စသက်တော့ ဒီလိုကိုး”
“မင်းက သံလို မာကျောနေမှတော့ ငါက မင်းကို သံလို ထုပေးရတာပေါ့”
ယဲ့ဖန်က နှုတ်ခမ်းတွန့်၍ သရော်ပြုံး ပြုံးလိုက်သည်။ ထို့နောက် သူသည် ခါးကိုမတ်၍ ပုရွက်ဆိတ်တူကို ပြန်မြှောက်၍ ဧရာမ ကြွက်ဖြူကြီးကို ထုနှက်လိုက်ပြန်သည်။
ကျွိ! ကျွိ!
ဧရာမကြွက်ဖြူကြီးသည် ထိတ်လန့်ဒေါသထွက်၍ နေသည်။ ယဲ့ဖန်၏ တူက ဤမျှ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည်ဟု ၎င်း ထင်မှတ်ထားပုံ မပေါ်ပေ။ သို့သော် ၎င်း၏ခန္ဓာကိုယ်က အလွန် ကြီးမားလွန်းသဖြင့် မပုန်းနိုင်သောကြောင့် ခုခံရန်သာ တတ်နိုင်ပေသည်။
ထို့နောက်တွင်မူ လူတိုင်း ထိတ်လန့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ယဲ့ဖန်သည် ပန်းပဲသမား တစ်ယောက်ကဲ့သို့ တူကိုမ၍ ဧရာမကြွက်ဖြူကြီးအား ဆက်တိုက် ထုနှက်လေတော့သည်။
တစ်ကြိမ်ထုနှက်လိုက်တိုင်း ဧရာမကြွက်ဖြူကြီးသည် နောက်ပြန်ဆုတ်သွားရပြီး အရွယ်အစားကလည်း သေးငယ်လာသည်။
ငါးချက်၊ ဆယ်ချက်၊ အချက်နှစ်ဆယ်။ ဧရာမတူကြီး၏ ထုနှက်ချက်အောက်၌ ဧရာမကြွက်ဖြူကြီးသည် အရွယ်အစား သေးသထက် သေးလာ၏။
တောင်တန်းတစ်ခု အရွယ်အစားမှနေ၍ ဥက္ကာခဲ အရွယ်အစားသို့ သေးသွားသည်။ ထို့နောက် ဥက္ကာခဲ အရွယ်အစားမှနေ၍ လူတစ်ရပ်စာ အရွယ်အစားသို့ ရောက်သွားသည်။
ယဲ့ဖန်၏ နောက်ဆုံး ထုနှက်ချက်အောက်၌ ကြွက်ဖြူကြီးသည် မီတာတစ်ထောင်မျှ လွင့်ထွက်သွားပြီးနောက် ပါးစပ်မှ သွေးများ စီးကျလာသည်။ ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားသည်လည်း ပုံမှန် ကြွက်တစ်ကောင် အရွယ်အစားသို့ ပြောင်းလဲသွားသည်။
လက်ရှိ တွေ့နေရသည့် ကြွက်ဖြူသည် အလွန် မှင်တက်စရာ ချစ်စရာ ကောင်းလှသည်။ ၎င်း၏အမွေးသည် ဖြူစွတ်၍ သပ်ရပ်သန့်ရှင်းကာ ကြည်လင်တောက်ပနေသည်။ ၎င်း၏ လှပသိမ်မွေ့သော မျက်နှာပေါက်က သဘာဝတရားက ထွင်းထုထားသလိုပင်။
၎င်းကို အခြားသူများ မြင်သွားပါက ချစ်စရာကောင်းသည်ဟု ထင်မှတ်သွားလောက်သည်။ ၎င်း၏ ဖြူဖွေးနေသော ခန္ဓာကိုယ်ကလည်း အလွန် ချစ်စရာကောင်းလှသည်။
ယဲ့ဖန် ကြက်သေ သေသွားလေသည်။ ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များလည်း အံ့ဩနေသည်။ အလွန် ကြောက်စရာကောင်းသော သားရဲက အလွန် သေးငယ်၍ ချစ်စဖွယ်ကောင်းသော အကောင်လေးအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။
“ကြွက်ကလေးလား”
ယဲ့ဖန် ပြုံးစစ ဖြစ်သွားပြီး ယခုမှ ကြွက်ကလေးဟု ခေါ်ရသည့် အကြောင်းရင်းကို နားလည်သွားလေသည်။
ကျွိ! ကျွိ! ကျွိ!
မူလခန္ဓာကိုယ်သို့ ပြန်ရောက်သည်အထိ ထုနှက်ခံလိုက်ရသောကြောင့် ကြွက်ဖြူလေးသည် အလွန် ဒေါသူပုန် ထသွားတော့သည်။ ၎င်း၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ အရှိန်အဝါကလည်း ပြင်းထန်လာ သောကြောင့် လေထုအပူချိန်သည် ရုတ်တရက် သုညမှတ်သို့ ရောက်ကာ အေးခဲသွားလေသည်။ ကြွက်ဖြူလေးထံမှ အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာပြီးနောက် ၎င်းသည် ဖျတ်ခနဲ လှုပ်ရှားလာသည်။
“မကောင်းတော့ဘူး”
ဆိုးရွားသော ကပ်ဘေးတစ်ခု လွှမ်းခြုံလာသည်ဟု ခံစားမိလာသောကြောင့် ယဲ့ဖန် မျက်နှာပျက်သွားသည်။ သူ ရှောင်တိမ်းချင်သော်လည်း အချိန်နှောင်းသွားလေပြီ။
ဖောက်!
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးစက်များ ပန်းထွက်လာသည်။ ထို့နောက် သူ့ရင်ဘတ်၌ ကြွက်ဖြူလေးကြောင့် အပေါက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည်လည်း ထိတ်လန့်သွားကြသည်။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ ကြွက်ဖြူလေးသည် ကျောချမ်းဖွယ်ကောင်းလောက်သည့် အမူအရာမျိုး ပြသလာသည်။ ထို့နောက် ကြွက်ဖြူလေးသည် လှစ်ခနဲ လှုပ်ရှားလိုက်သောအခါ သွေးအရိပ်အသွင် ပြောင်းသွားပြီး ယဲ့ဖန်အား ထပ်မံ တိုက်ခိုက်လေသည်။
သွေးစက်များ ပန်းထွက်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်သည်လည်း ထပ်ခါထပ်ခါ စုတ်ပြတ်သပ်လာသည်။ ကြွက်ဖြူလေး၏ အရှိန်သည် မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ လေနိယာမကို သုံးသော်လည်း ယဲ့ဖန် မရှောင်နိုင်ပေ။ ဝိညာဉ်စား ပုရွက်ဆိတ်များ ဝင်ခုခံပေးချင်သော်လည်း မရပေ။
ယဲ့ဖန်၏ ခန္ဓာကိုယ်က ဆန်ခါဖြင့် စစ်ချသကဲ့သို့ ပဲ့ကျလာသည်ကို လူတိုင်း တွေ့နေရသည်။ သူ့တစ်ကိုယ်လုံး အပေါက်ရာများဖြင့် ပြည့်နှက်လာသည်။ သွေးစက်များကလည်း ဆက်တိုက် ပန်းထွက်နေ၏။
နောက်ဆုံးတွင် ယဲ့ဖန်၏ ခန္ဓာကိုယ်က ပေါက်ကွဲ၍ တစ်စစီ ဖြစ်သွားလေသည်။ ပြန့်ကျဲနေသော အသားစနှင့်အတူ သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
တစ်လောကလုံး တိတ်ဆိတ်သွားသည်။ ထောင်ချီသော သိုင်းပညာရှင်များသည်လည်း သွေးအိုင်ကိုကြည့်ပြီး ရင်တဒိတ်ဒိတ် ခုန်နေကြသည်။
“သူ သေသွားပြီလား”
ချန်ရှန့်ဟူသော လူငယ်လေးသည် အလွန် စိုးရိမ်နေပြီး ချွေးစေးများ စီးကျနေ၏။ ယဲ့ဖန် သေမှသာ သူ အသက်ရှင်နိုင်မည် ဖြစ်သည်။ တစ်ဖက်လူအား သူ အမြဲသေစေချင်ခဲ့သည်။ ကြွက်ဖြူလေးက သူ့ကို အနိုင်ယူနိုင်မှသာ သူ အသက်ရှင်နိုင်ပေမည်။ တစ်ဖက်ရှိ လန်ရှင်းမှာမူ စိုးရိမ်စွာဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။
တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်။ ဆယ်မိနစ်တိတ် ကြာသွားသော်လည်း သွေးအိုင်သည် ယခင်အတိုင်း ရှိနေဆဲပင်။ ဤသည်ကိုမြင်မှ ချန်ရှန့် အလွန် ဝမ်းသာသွားသည်။
“သေပြီ၊ ဟားဟားဟား … နတ်ဆိုးဧကရာဇ် သေသွားပြီကွ၊ ပြီးတော့ သူ သေတာကလည်း ကြွက်ဖြူတစ်ကောင်ရဲ့ လက်ထဲမှာ”
လက်ရှိအချိန်၌ ချန်ရှန့်သာမက ဘေးပတ်လည်မှ သိုင်းပညာရှင်များသည်လည်း စိတ်အေးသွားလေသည်။
“သေပြီ၊ သူ သေပြီဆိုတော့ ငါတို့ အသက်ရှင်ပြီ”
ထောင်ချီသော သိုင်းပညာရှင်များက ရက်စက်ကြမ်းကြုတ်စွာ ပြုံးနေကြသည်။ လန်ရှင်းတစ်ယောက်သာ ငြိမ်ကျနေ၏။
“ရှင် သေသွားပြီလား၊ ရှင်က နတ်ဆိုးဧကရာဇ်လေ၊ ဘယ်လိုလုပ် ဒီလို လွယ်လွယ်သေနိုင်မှာလဲ”
လန်ရှင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပေ။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် ထူးခြားဆန်းကြယ်၍ အင်အားကြီးကာ အံ့အားသင့်စရာ ကောင်းသောလူဖြစ်သည်။ ထိုသို့သောပုဂ္ဂိုလ်မျိုးက သူမမျက်စိရှေ့၌ ဖျက်ဆီးခံလိုက် ရသဖြင့် သူမ အိပ်မက်မက်နေသည်ဟု ခံစားမိနေသည်။
ကျွိ! ကျွိ!
ထိုသို့သောအချိန်၌ ကြွက်ဖြူလေးသည် ကျေနပ်ဟန်ဖြင့် ပြုံးလာသည်။ ၎င်းသည် အောင်နိုင်သူတစ်ယောက်ကဲ့သို့ မတ်တပ်ရပ်ကာ လူတစ်ယောက်ကဲ့သို့ လမ်းလျှောက်လာပြီး သွေးအိုင်နှင့် အသားစများရှိရာသို့ ဦးတည်သွား လေသည်။ ၎င်း၏ပုံစံက အလွန် ဂုဏ်ယူဝင့်ကြွားနေသည့်ပုံပင်။
ရွှစ်!
သွေးအိုင်အနားသို့ ၎င်း နီးကပ်လာသည်နှင့် သွေးအိုင်နှင့် ပြန့်ကျဲနေသော အသားစများက ချက်ချင်း လူအဖြစ် ပြန်ဖွဲ့စည်းလာသည်။ ထို့နောက် လက်တစ်ဖက်က ကြွက်ဖြူလေး၏ ခန္ဓာကိုယ်ကို ဖမ်းချုပ်လာ၏။