← Chapters

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

အခန်း (၇၂၇-၇၂၉)

Vol. 49 Ch. 727-729

Chapter 727 ထားလိုက်ပါတော့

ဤသို့ ဖမ်းဆီးမှုသည် အစောပိုင်းကတည်းက ကြိုတင်ကြံစည်ထားခြင်း ဖြစ်လောက်သည်။ ကြွက်ဖြူလေး မည်သို့မျှ မရုန်းကန်နိုင်ဘဲ ထိုလက်တစ်ဖက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။

ကျွိ! ကျွိ! ကျွိ!

ကြွက်ဖြူလေး စိတ်ဆိုး၍ ဒေါသထွက်နေသည်။ သို့သော် ၎င်း မည်သို့ပင် ရုန်းကန်စေကာမူ ထိုလက်၏ ချုပ်နှောင်ထားခြင်းမှ မလွတ်ပေ။

သွေးအိုင်ထဲမှ သွေးစက်များနှင့် အသားစများက ချက်ချင်း ပြန်လည်ဖွဲ့စည်းလာပြီးနောက် ယဲ့ဖန်၏ ခန္ဓာကိုယ် ပြန်ဖွဲ့စည်း ဖြစ်ပေါ်လာသည်။

“ကြွက်ကလေး မင်း ဘယ်ပြေးမလဲ”

ယဲ့ဖန်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ ကြွက်ကလေး ဟူသော စကားလုံးက ကြွက်ဖြူလေးအား ဒေါသထွက် သွားစေသည်။ ထိုစကားလုံးကို သူ မကြားလိုသည့်ဟန်ဖြင့် တစ်ကိုယ်လုံး လူးလွန့်၍ ရုန်းကန်လေသည်။

သို့သော် ယဲ့ဖန်၏ လက်တစ်ဖက်သည် သံမဏိဖြင့် ပြုလုပ်ထားသကဲ့သို့ မာကျောကျစ်လျစ်လှသည်။ ကြွက်ဖြူလေး မည်မျှ ရုန်းကန်နေပါစေ မလွတ်မြောက်နိုင်ပေ။

ဤမြင်ကွင်းကြောင့် ထောင်ချီသော သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွေးပျက်ကာ မယုံနိုင်ဟန်ဖြင့် ပြောဆိုလာကြသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ၊ သူ … သူက ပေါက်ကွဲပြီးတော့ သွေးအိုင်ဖြစ်သွားတာလေ၊ ဘယ်လိုလုပ် ဘာဒဏ်ရာမှမရှိဘဲ ပြန်ရှင်လာတာလဲ”

“သေစမ်း၊ ကြည့် … ကြည့်ရတာ သူ့မှာ မသေမျိုး ခန္ဓာကိုယ် ရှိတယ်ထင်တယ်”

မသေမျိုး ခန္ဓာကိုယ်ဟူသော စကားကြောင့် အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ ထောင်ချီသော သိုင်းပညာရှင်များအားလုံး ထိတ်လန့်လာလေသည်။

ဝိညာဉ်စား ပုရွက်ဆိတ်နှင့် မသေမျိုး ခန္ဓာကိုယ်ပါ ရှိနေသော နတ်ဆိုးဧကရာဇ်သည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသလဲ ဆိုသည်ကို သူတို့ မတွေးဝံ့ကြတော့ပေ။

ယဲ့ဖန်၌ ထိပ်တန်း ခန္ဓာကိုယ် လေးမျိုး ရှိနေသည်ကိုသာ သူတို့ သိသွားပါက လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားလောက်သည်။

ကျွိ! ကျွိ! ကျွိ!

မသေမျိုး ခန္ဓာကိုယ်ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ကြွက်ဖြူလေး ထိတ်လန့်သွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လာသည်။

“မင်းအမွေးက ဘာလို့ ဒီလောက် မာကျောနေရတာလဲ၊ ဝိညာဉ်စား ပုရွက်ဆိတ်တောင် မကိုက်နိုင်ဘူးဆိုတော့ ဒါ နည်းနည်းတော့ သဘာဝ မကျဘူး”

ထိုစဉ် ယဲ့ဖန်က ရှားပါးရတနာတစ်ခုကို ကိုင်တွယ် စမ်းသပ် သကဲ့သို့ ကြွက်ဖြူလေးအား လက်တစ်ဖက်ဖြင့် ဖမ်းချုပ် ထားပြီး နောက်လက်တစ်ဖက်ဖြင့် အမွေးကို ဆွဲနုတ် လေသည်။

ကျွိ! ကျွိ! ကျွိ!

ကြွက်ဖြူလေး ဆက်တိုက် အော်ဟစ်လာသည်။ ယဲ့ဖန်က ကလေးတစ်ယောက်ကဲ့သို့ သူ့အမွေးကို ဆွဲနုတ်လာမည်ဟု ၎င်း ထင်မထားမိချေ။ အမွေးနုတ်ခံရသောကြောင့် နာကျင်လွန်း၍ မျက်ရည်ဝဲလာသည်။

“ဟမ် … မင်း တကယ် အမွေးမကျွတ်နိုင်ဘူးဆိုတာကို ငါ မယုံဘူးကွာ”

ယဲ့ဖန်သည် ကြွက်ဖြူလေးအား စပ်စုချင်ဟန်ဖြင့် ဝင်းလက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ သူ၏ အမူအရာကြောင့် ကြွက်ဖြူလေး အမွေးထောင်လာကာ မကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု ခံစားမိလာသည်။

ယဲ့ဖန်က ကြွက်ဖြူလေး၏ ခေါင်းကို လက်တစ်ဖက်ဖြင့်ကိုင်၍ နောက်လက်တစ်ဖက်ဖြင့် အမြီးကိုဆွဲကာ ဆွဲဖြုတ်လေသည်။

*ပြုတ်ထွက်မသွားပါလား*

ထို့နောက် ရှေ့လက်နှင့် နောက်လက်များကို ဆွဲကာ ထပ်ဆွဲဖြုတ်လေသည်။ မပြုတ်သွားပေ။ ထို့နောက် ခေါင်းကို ကိုင်၍ အားဖြင့် ဖိညှစ်ပြန်သည်။ ကြွက်ဖြူလေးကား မကျိုးကြေသွားချေ။

….

လက်ရှိအချိန်တွင် အားလုံးက တအံ့တဩ ဝိုင်းကြည့်နေ ကြသလို ယဲ့ဖန်သည်လည်း ကစားစရာ အရုပ်တစ်ရုပ် ရထားသော ကလေးတစ်ယောက်ကဲ့သို့ ကြွက်ဖြူလေး၏ ခန္ဓာကိုယ်အား ဖမ်းချုပ်လိုက်၊ ဆွဲဆုတ်လိုက်၊ ညှစ်ကြည့်လိုက်နှင့် ဆောင့်ဆွဲလိုက် လုပ်နေလေသည်။

သူ အခါ တစ်ရာ့ရှစ်ကြိမ်မျှ စမ်းနေသော်လည်း ကြွက်ဖြူလေးက အမွေးတစ်မျှင်မျှ မကျွတ်သေးပေ။

“ယီးပဲ၊ မင်းအမွေးက ဘာလို့ ဒီလောက်မာနေတာလဲ၊ ဘာလို့ မကျွတ်တာလဲ”

ယဲ့ဖန် ပေါက်ကွဲလာသည်။ သူ ချွေးတလုံးလုံး ဖြစ်နေသော်လည်း ကြွက်ဖြူလေးက အမွေးတစ်မျှင်တောင် မကျွတ်ပေ။ သူ့စကားကြောင့် ကြွက်ဖြူလေး မျက်နှာ သုန်မှုန်နေသည်။

ချွင်!

ထို့နောက် ယဲ့ဖန်က ရွှေအိုရောင် ဓားကျိုးကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ဤသည်ကိုမြင်ပြီး ကြွက်ဖြူလေး ခြောက်ခြားသွားလေသည်။

ဤဓားဖြင့် သူ့ကိုခုတ်ပါက နုတ်နုတ်စင်းခံရမည်ကို လန့်နေသည်။ ကြွက်ဖြူလေးသည် ဤနတ်ဆိုးရန်မှ လွတ်ချင်သောကြောင့် အတင်း ရုန်းကန်လေသည်။

ဝှစ်!

ထိုစဉ် ရွှေရောင် အလင်းတန်း ဖြတ်ပြေးသွားပြီး ရွှေအိုရောင် ဓားကျိုးက ကြွက်ဖြူလေး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ဒေါင်!

အံ့အားသင့်စရာကောင်းသော မြင်ကွင်းတစ်ခုကို ယဲ့ဖန် တွေ့လိုက်ရသည်။ ဓားဖြင့်ခုတ်လိုက်သော်လည်း ကြွက်ဖြူလေး၏ ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာ မရှိပေ။

“ဒါက …”

ယဲ့ဖန် အံ့အားသင့်သွား၏။ သူ၏ ရွှေအိုရောင် ဓားကျိုးသည် နတ်ဘုရားများနှင့် အင်မော်တယ်များကို သတ်ဖြတ်ခဲ့သလို ယင်ယန်လောကမှ မိုးကြိုးနတ်ဘုရားကိုပါ အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

ဤကြွက်ဖြူလေးသည် ယဲ့ဖန် မြင်ဖူးသမျှထဲတွင် အမာကျောဆုံး သတ္တဝါပင်။ ၎င်းအား အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များသာ ယှဉ်နိုင်မည့်ပုံပင်။

ထိုစဉ် ယဲ့ဖန်က လက်ကိုလှည့်လိုက်သောကြောင့် ကြွက်ဖြူလေး၏ ဝမ်းဗိုက်သားက ထင်းခနဲ ပေါ်လာသည်။ ထို့နောက် ယဲ့ဖန်သည် အမွေးများကြားထဲမှ တစ်နေရာကို အမှတ်မထင် သတိထားမိသွားသည်။

“မင်းက ဒီလောက် အကြောမာမှတော့ မင်းရဲ့ ညီငယ်လေးက ဘယ်လိုပုံ ရှိလဲ ကြည့်ရသေးတာပေါ့”

သူ့စကားကြောင့် ကြွက်ဖြူလေး တောင့်ခနဲ ဖြစ်သွားသည်။ ထောင်ချီသော သိုင်းပညာရှင်များသည်လည်း အံ့ဩသွား ကြသည်။ နတ်ဆိုးဧကရာဇ်၏ သိချင်စိတ်က အလွန် ပြင်းပြ လှပြီး ကြွက်ဖြူလေး၏ လိင်အင်္ဂါရပ်ကိုပါ ကြည့်ချင် လိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။

ကျွိ! ကျွိ! ကျွိ!

ထိုအခါ ကြွက်ဖြူလေးက ရူးသွပ်သွားသကဲ့သို့ တစ်ကိုယ်လုံးကို လူးလွန့်တွန့်ခါနေသည်။ ၎င်းသည် ရှက်ရွံ၍ ဒေါသထွက်ကာ စိုးရိမ်နေ၏။

ထိုအချိန်မှာပင် ယဲ့ဖန်က အဖြူရောင် အမွေးများကို လက်ဖြင့် ဖယ်၍ ကြည့်လာသည်။ ထို့နောက် ယဲ့ဖန် မျက်မှောင်ကြုတ် လာပြီး ကြွက်ဖြူလေးအား နေရခက်ဟန်ဖြင့် ပြန်ကြည့် လာသည်။

“မင်း … မင်းမှာ ဘာလို့ အဲ့ဒါ မရှိတာလဲ”

ကြွက်ဖြူလေး မျက်လုံးပြူးကာ အံ့အားသင့်သွားလေသည်။

*သေနာကြီး ငါ ဘယ်တုန်းက ငါ့မှာ အဲ့ဒါ ရှိတယ် ပြောမိလို့လဲ*

ယခုအချိန်၌ ကြွက်ဖြူလေးသည် အလွန့်ကို ရှက်ရွံ့နေသည်။ ထိုနေရာသည် သူ၏ အရှက်အသည်းဆုံးနေရာ ဖြစ်သည်။ သူသည် တစ်ခါမှ ဤသို့ အနိုင်မကျင့်ခံရဖူးပေ။ သူသည် ယဲ့ဖန်၏ ဖမ်းချုပ်ခြင်း၊ ဆွဲဆိတ်ခြင်း၊ ဆောင့်ဆွဲခြင်းတို့ကို ခံရရုံသာမက သူ၏ လျှို့ဝှက်နေရာလေးကိုပါ အကြည့်ခံ လိုက်ရသည်။

ရှက်ဖွယ်ကောင်းလိုက်လေခြင်း။

ကြွက်ဖြူလေး၏ မျက်နှာသည် အနီရောင်ပင် သန်းလာလေသည်။ သူ၏မျက်လုံးများကလည်း မီးဝင်းဝင်း တောက်လာ၏။

“အဟမ်း အဟမ်း … ထားလိုက်ပါတော့၊ နားလည်မှုလွဲတာ၊ ဒါ နားလည်မှုလွဲတာပါ”

ယဲ့ဖန်၏ မျက်နှာထားက ကသိကအောက် ဖြစ်ပုံပေါ်လာပြီး ကြွက်ကလေးဟု ခေါ်ရသည့် အကြောင်းရင်းကို ယခုမှ နားလည်သွားတော့သည်။

*တော်တော်ကြမ်းတဲ့ ကြွက်မလေးပါလား*

ယဲ့ဖန် ချွေးပြန်လာသည်။ ဤသို့ အထင်လွဲခြင်းအား သူ အပြစ်မဆိုသာပေ။ တကယ်တမ်းတွင် ကြွက်ဖြူလေးသည် စပေါ်လာစဉ်ကတည်းက ခန္ဓာကိုယ် ကြီးမား၍ ခက်ထန်လွန်းသည်။ ၎င်း၏ ရက်စက် ခက်ထန်သော အမူအရာကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သားရဲအထီး ဖြစ်လိမ့်မည်ဟု လူတိုင်း တွေးထင် သွားမိမှာပင်။ သို့သော် ၎င်းကြွက်ဖြူလေးက … အမတစ်ကောင် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိချေ။

“ရပြီ … မင်း သွားလို့ရပြီ”

ယဲ့ဖန်က လက်ကိုဖြေလျော့ပေးလိုက်ပြီးနောက် ကြွက်ဖြူလေးအား မြေကြီးပေါ် ပြန်ချပေးလိုက်သည်။ သူ မသတ်ချင်၍ လွှတ်ပေးလိုက်ခြင်း မဟုတ်ပေ။ သူ မသတ် နိုင်၍သာ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ငရဲမီး၊ ရွှေရောင်ဓားကျိုးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ စသည့် သူ့၌ရှိသော ဝှက်ဖဲများအားလုံးကို ထုတ်သုံး လျင်တောင်မှ ဤကြွက်ဖြူလေးကို သတ်နိုင်ရန် မသေချာ ကြောင်း ယဲ့ဖန် သိနေသည်။

ယဲ့ဖန်တောင်မှ ခေါင်းမွေးထောင်နေရသည်။ အစောပိုင်းက ကြွက်ဖြူလေး၏ ခန္ဓာကိုယ်ကို စမ်းသပ်နေချိန်တွင် ၎င်း၏ကိုယ်ထဲ၌ ထိတ်လန့်ဖွယ်ကောင်းသော လျှို့ဝှက် စည်းတံဆိပ်တစ်ခု၏ စွမ်းအင်ကို သူ အာရုံခံလိုက်မိသည်။

ထိုသို့သောစွမ်းအင်မျိုးကို ယဲ့ဖန် တစ်သက်တာ၌ ယခုမှသာ မြင်ဖူးခြင်း ဖြစ်သည်။ စည်းတံဆိပ်ထဲမှ စွမ်းအင်သာ ပေါက်ကွဲထွက်သွားပါက ဤစကြဝဠာကြီးတစ်ခုလုံးတောင်မှ အမှုန့်ဖြစ်သွားလောက်သည်။

ကြွက်ဖြူလေး အံ့ဩနေသည်။ ဤသို့ ရက်စက် ကြမ်းကြုတ်သော နတ်ဆိုးက သူ့ကို သွားခွင့်ပေးလိုက်မည်ဟု တစ်ခါမှ ထင်မထားမိပေ။

ထို့နောက် ၎င်းသည် ဆောင့်အောင်ထွက်သွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် သူက ယဲ့ဖန်ကို ပြန်လှည့်ကြည့်လေသည်။ တစ်ဖက်လူက ၎င်းကို လိုက်ဖမ်းချင်စိတ် မရှိသည်ကိုမြင်ပြီးမှ စိတ်အေးသွားသည်။

ကျွိ! ကျွိ! ကျွိ!

ကြွက်ဖြူလေးသည် ယဲ့ဖန်အား ဇဝေဇဝါဟန်ဖြင့် တစ်ခုခုကို ပြောလိုက်ပုံရသည်။ ထို့နောက်တွင်မူ အလင်းကဲ့သို့ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ထိုအခါတွင်မှ ယဲ့ဖန်က ထောင်ချီသော သိုင်းပညာရှင်များကို လှည့်ကြည့်၍ သွေးဆာသော အပြုံးမျိုး ပြုံးလာလေသည်။

Chapter 728 နှုတ်ဆက်ပါတယ် ကြွက်ဖြူလေး

ယဲ့ဖန်၏ အကြည့်များက သူတို့ပေါ် ကျရောက်လာချိန်တွင် ထောင်ချီသော သိုင်းပညာရှင်များသည် သူတို့၏ ခြေ‌ထောက်များ ပျော့ခွေလာပြီး မြေကြီးပေါ် ဒူးထောက်ကာ ဇောချွေးပြန်လာကြသည်။ လူတိုင်း၏ စိတ်ထဲ၌ ကြောက်စိတ်များသာ စိုးမိုးနေသည်။

သူတို့အသက်ရှင်ရန်အတွက် ယဲ့ဖန်၏အသက်ဖြင့် သွေးယဇ်ပူဇော်ရန် ပြိုင်တူအော်ခဲ့သည်ကို ပြန်တွေးမိပြီး အားလုံး ကျောချမ်းလာကြသည်။

“အရှင် … အရှင် နတ်ဆိုးဧကရာဇ်က အင်အားကြီးမားပါတယ်၊ အရှင် နတ်ဆိုးဧကရာဇ် ပြန်လည်ရှင်သန် လာတဲ့အတွက် ကျွန်‌တော် ဂုဏ်ပြုပါတယ်”

“အရှင် ပြန်လည်မွေးဖွားလာပြီဆိုတော့ အရာအားလုံး နေရာတကျ ပြန်ဖြစ်တော့မှာပါ၊ ကျွန်တော် သခင်ကြီးအတွက် အမှုထမ်းပြီး နတ်ဆိုးမျိုးနွယ်အဖြစ် တစ်သက်လုံး ခံယူပါ့မယ်”

“အရှင် နတ်ဆိုးဧကရာဇ်၊ ကျွန်တော့်ကို အခွင့်အရေး တစ်ခါလောက် ပေးပါ၊ ပြီးတော့ ကျွန်တော် နတ်ဆိုးမျိုးနွယ် အတွက် အမှုထမ်းပါ့မယ်”

“….”

လက်ရှိအချိန်၌ လူတိုင်း ရင်တဒိတ်ဒိတ် ခုန်နေကြသည်။ သူတို့သည် အသက်ချမ်းသာခွင့် ရရန်အတွက် နည်းလမ်းမျိုးစုံ အသုံးပြုနေကြလေသည်။ အထူးသဖြင့် ချန်ရှန့်ဟူသော လူငယ်လေးပင်။ သူသည် အလွန် ရှက်ရွံ့နေပြီး ယဲ့ဖန်ကို မော့ကြည့်ရဲသည့် သတ္တိမရှိသောကြောင့် ခေါင်းကိုသာ ငုံ့ထားသည်။ သူသည် ဇောချွေးပြန်နေပြီး ကျိတ်၍ နောင်တရနေသည်။

လန်ရှင်းသည်လည်း ယဲ့ဖန်ကို ဇဝေဇဝါဖြင့် ကြည့်နေသည်။ အဘယ်ကြောင့် ယဲ့ဖန်က သူမဘေးမှ လူများ၏ ရိုင်းစိုင်းမှု၊ ဒေါသစိတ်နှင့် ယုတ်မာမှုတို့ကို မမြင်ချင်ယောင်ဆောင်ထားသလဲ ဆိုသည်ကို သူမ ယခုမှ နားလည်သွားလေသည်။ သူ့အတွက် ထိုလူများက ဘာမဟုတ်သော ပမွှားလေးများသာ ဖြစ်သောကြောင့် သူတို့၏ အကြံအစည်ကို လုံးဝ စိတ်မဝင်စားခြင်းသာ ဖြစ်သည်။

“နတ်ဆိုးမျိုးနွယ်ထဲ ဝင်ချင်တယ်တဲ့လား”

ထိုစဉ် ယဲ့ဖန်၏ အေးတိအေးစက် အသံ ထွက်ပေါ်လာသည်။

“စိတ်မကောင်းပါဘူး၊ ငါ့နတ်ဆိုးမျိုးနွယ်မှာ လောဘကြီးပြီး ကိုယ့်အသက်ရှင်ဖို့ ဘာမဆို ချနင်းရဲတဲ့ လူတွေကို လက်မခံဘူး၊ ပြီးတော့ သူရဲဘောကြောင်တဲ့လူတွေကိုလည်း လက်မခံဘူး”

“အဲ့တော့ မင်းတို့ သေလိုက်တော့”

*ဘာ*

သေမိန့်ချလိုက်သကဲ့သို့သော ယဲ့ဖန်၏ စကားကြောင့် ထောင်ချီသော သိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ အားလုံး အော်ဟစ်ငိုယို၍ အသက်ချမ်းသာပေးရန် တောင်းပန်ကြ လေသည်။

အားလုံး၏ ကြောက်လန့်နေသော အကြည့်များအောက်မှာပင် ယဲ့ဖန်ထံမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာသည်။ နတ်ဆိုးချီမျှင်စုများသည် အသက်ရှိသကဲ့သို့ မြွေတစ်ကောင်သဖွယ် လှုပ်ရှားနေ၏။

“မလုပ်နဲ့”

စင်မြင့်နှင့် အနီးဆုံးဖြစ်နေသည့် သိုင်းပညာရှင်များကို နတ်ဆိုးချီမျှင်စုများက အရင် ရစ်ပတ်လာပြီး သူတို့၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုသူတို့၏ အော်သံများက ကြေးချွတ်သန့်စင်ဘုံသို့ ရောက်နေသည်ဟု ထင်မှတ်မှားရလေသည်။

နတ်ဆိုးချီမျှင်စုများက ထိုလူများ၏ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာချိန်တွင် သူတို့၏ အော်သံများ တိခနဲ ရပ်တန့်သွားသည်။ ထို့နောက် လူတိုင်း ရပ်မြဲတိုင်း ငြိမ်၍ရပ်နေကြကာ သူတို့၏ ကိုယ်ပေါ်၌ ပင့်ကူမျှင်ကဲ့သို့ အက်ရာများ ထင်ဟပ်လာ၏။ ထို့နောက် အားလုံး တစ်စစီ ဖြစ်သွားပြီး အမှုန့်ဖြစ်ကာ လေနှင့်အတူ ပျောက်ကွယ် သွားသည်။

ဤမြင်ကွင်းကြောင့် ကျန်သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ ရုန်းကန်၍ ထွက်ပြေးကြ သော်လည်း မရဏအငွေ့အသက်များက သူတို့ကို လွှမ်းခြုံလာသည်။

လန်ရှင်းသည် ပါးစပ်ကိုလက်ဖြင့်အုပ်၍ သူမရှေ့မှ ထိတ်လန့်ဖွယ်မြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေမိသည်။ သိုင်းပညာရှင်တိုင်း တဖြည်းဖြည်း အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားကြသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။ နောက်ဆုံးတွင် ချန်ရှန့်ဟူသော လူငယ်လေး၏ ကြောက်လန့်တကြား အော်သံပါ ပျောက်ကွယ်သွားပြီး အမှုန့်ဖြစ်သွားလေသည်။ စင်မြင့်အောက်၌ လန်ရှင်း တစ်ယောက်တည်းသာ ကျန်ရစ်လေတော့သည်။

“သေပြီ၊ အားလုံး သေကုန်ပြီ”

လန်ရှင်းသည် ယခုထိ အိပ်မက်မက်နေသည်ဟု ထင်မှတ်မိနေ၏။ ထောင်ချီသော သိုင်းပညာရှင်များ ရှိနေသော်လည်း ယဲ့ဖန်သည် လက်ပင် လှုပ်စရာမလိုဘဲ အားလုံး သေဆုံးသွားကြသည်။ သူ၏နည်းလမ်းကြောင့် လန်ရှင်း ကျောချမ်းသွား၏။

“ရှင် … ရှင် ဘာလို့ ကျွန်မကို မသတ်တာလဲ”

လန်ရှင်းက ယဲ့ဖန်ကို လှမ်းကြည့်၍ ဇဝေဇဝါ မေးလိုက်သည်။ သူမအမေးကြောင့် ယဲ့ဖန်က အသာပြုံးလိုက်သည်။

“မင်းက အသံဆက်သွယ်ရေး ကိရိယာကြောင့် အသက်ရှင် ခွင့်ရတာ၊ သူတို့က ချောက်ချလို့ သေရတာပဲ”

ထို့သို့ပြောပြီးနောက် ယဲ့ဖန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

ထိုစကားအဆုံး၌ ယဲ့ဖန်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ် သွားလေသည်။ ထို့အတူ လန်ရှင်း၏မျက်နှာကို လေညင်း တစ်ခုက ဖြတ်သန်း၍ တိုက်ခတ်သွားသည်။ သူမသည် ယခုထိ ဇဝေဇဝါဖြစ်ကာ စိတ်ရှုပ်ထွေးနေသည်။

“ဒါက နတ်ဆိုးတဲ့လား”

….

စကြဝဠာထဲ၌ ယဲ့ဖန်သည် နတ်ဆိုးနဂါးပေါ်ထိုင်၍ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေထံသို့ ဆက်လက်၍ ခရီးဆက်နေသည်။ သုံးရက်တိတိ ကြာပြီးနောက် သူ့စိတ်ထဲသို့ ထူးဆန်းသော ခံစားချက်တစ်မျိုး ဝင်ရောက် လာသည်။

“ငါ ဘာလို့ တစ်ယောက်ယောက်က ငါ့နောက်လိုက်နေသလို ခံစားမိနေတာလဲ’

ယဲ့ဖန်သည် ဆဋ္ဌမအာရုံရသကဲ့သို့ ခံစားမိနေသော်လည်း သူ နောက်လှည့်ကြည့်လိုက်တိုင်း ဘာဆိုဘာမျှ မတွေ့ချေ။ ဤသည်က သူ့ကို ပို၍ စိတ်ရှုပ်လာစေသည်။

“နတ်ဆိုးနဂါး အောက်ကဂြိုဟ်မှာ နားကြမယ်”

ယဲ့ဖန်၏စကားကြောင့် နတ်ဆိုးနဂါးက သူ၏ခန္ဓာကိုယ်ကြီးကို တွန့်လိမ်၍ ချက်ချင်း အောက်ကဂြိုဟ်သို့ ဆင်းလိုက်သည်။ ထိုဂြိုဟ်သည် ရှေးဟောင်း တောအုပ်များ ရှိနေသော ဂြိုဟ်တစ်လုံး ဖြစ်သည်။ ထိုဂြိုဟ်၌ ရှေးဟောင်း တောအုပ်များ၊ အမြဲမပြတ် စီးဆင်းနေသော ရေတံခွန်များနှင့် တောတောင်မြစ်ချောင်းများ ရှိနေပြီး လှပလှသည်။

ထိုတောအုပ်တွင်း၌ ထူးဆန်းသော သားရဲများစွာ ရှိနေသည်။ ထို့နောက် ယဲ့ဖန်က သမင်ပျံတစ်ကောင်ကို သတ်၍ အရေခွံနွှာကာ သန့်ရှင်းလိုက်ပြီးနောက် မီးကင်လိုက်သည်။

အချိန်တိုအတွင်းမှာပင် အလွန်မွှေးကြိုင်သော အသားကင် အနံ့က နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ အလွန် မွှေးကြိုင်သော အနံ့ကြောင့် တစ်ခါ ရှူမိသည်နှင့် သွားရည်ကျလောက်သည်။

မွှေးကြိုင်လှသည့် အသားကင်ရနံ့ကြောင့် သားရဲများစွာက စိတ်ဝင်စားလာကြသည်။ သို့သော် ယဲ့ဖန်၏ ကြောက်လန့်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိ သည်နှင့် မည်သည့်သားရဲမျှ ရှေ့သို့တိုးမလာကြချေ။ ဖြူလုံးလုံး သက်ရှိသတ္တဝါတစ်ကောင်သာ ရှေ့သို့ တိတ်တဆိတ် တိုးကပ်လာသည်။ ထိုသားရဲကိုမြင်လိုက်ချိန်တွင် ယဲ့ဖန် ရူးမတတ် ဖြစ်သွားရသည်။

“ကြွက်ဖြူလေး၊ ငါ မင်းအောက်ပိုင်းကို မတော်တဆ ကြည့်လိုက်မိတာနဲ့ မင်းက ငါ့နောက်ကို သုံးရက်လုံးလုံး လိုက်နေတာလား”

ထိုဖြူလုံးလုံး သတ္တဝါလေးသည် ကြွက်ဖြူလေးပင် ဖြစ်လေသည်။ ယခုအချိန်၌ ကြွက်ဖြူလေးသည် ယဲ့ဖန်အား မကျေမနပ် ဖြစ်ဟန်ဖြင့် ကြည့်နေသည်။ သို့သော် အသားကင်အနံ့ကို ရသည်နှင့် ချက်ချင်း တံတွေး မျိုချလာသည်။

“ဒါမှမဟုတ် …”

ယဲ့ဖန်က ကြွက်ဖြူလေးက ပြောင်စပ်စပ်ပြုံး၍ ကြည့်နေသည်။

“ငါ မင်းအောက်ပိုင်းကို ကြည့်ခဲ့လို့ မတရားထင်ရင် ငါ မင်းကို ငါ့အောက်ပိုင်း ပြန်ပြမယ်လေ”

“မြင်ကွင်းက မတူပါဘူးကွ”

ထိုသို့ပြောပြီး ယဲ့ဖန်က ကြွက်ဖြူလေးကို မျက်စိမှိတ် ပြလေသည်။ ဤအဖြစ်ကြောင့် ကြွက်ဖြူလေး သွေးအန်လုနီးပါး ဖြစ်သွားသည်။

*ငါ ဒီလိုမျိုးမစစ်ကောင်မျိုး တစ်ခါမှ မမြင်ဖူးပါဘူး*

*ဘာကို ထူးဆန်းတဲ့မြင်ကွင်းလဲ*

ကြွက်ဖြူလေးသည် စဉ်းစားရင်း ရှက်လာကာ ယဲ့ဖန်အား မီးဝင်းဝင်းတောက်နေသော အကြည့်များဖြင့် ကြည့်လာသည်။ သို့သော် အသားကင်အနံ့ကို ထပ်ရလာချိန်တွင် ကြွက်ဖြူလေး၏ မျက်လုံးတွင်းမှ ဒေါသရိပ်သည် လောဘအဖြစ်သို့ ပြောင်းလဲသွားသည်။

ဂွီ!

ကြွက်ဖြူလေး၏ ဗိုက်ထဲမှ တဂွီဂွီသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

“စားချင်လား”

ယဲ့ဖန်က စနောက်တတ်သော ဦးလေးတစ်ယောက်ကဲ့သို့ ပြုံး၍ကြည့်နေသည်။ ကြွက်ဖြူလေးသည် ယဲ့ဖန်ကို သတိထားနေသော်လည်း အစာကိုလည်း မမက်ဘဲ မနေနိုင်ချေ။ ထို့ကြောင့် ခေါင်းကိုသာ တွင်တွင်ညိတ် ပြလေသည်။

“စားချင်တယ်ဆိုရင် အစာတစ်လုပ်အတွက် အမွေးတစ်ချောင်း ပေးရမယ်”

ယဲ့ဖန်က ကြွက်ဖြူလေး၏ အမွေးကို ကြည့်၍ ညစ်ကျယ်ကျယ် ရယ်လိုက်သည်။ ကြွက်ဖြူလေး၏ အမွေးက ရွှေအိုရောင် ဓားကျိုးနှင့် ခုတ်သော်လည်း မပြတ်သလို ဝိညာဉ်စား ပုရွက်ဆိတ်များ ကိုက်ဖြတ်သော်လည်း မပြတ်သောကြောင့် အလွန် ထူးခြားမှန်း သူ သတိထားမိသည်။

အကယ်၍ ၎င်း၏အမွေးကိုသာ နုတ်ယူ၍ အပ်ပျံအဖြစ် သန့်စင်လိုက်ပါက ပြိုင်ဘက်ကင်း နတ်ဘုရား လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် ကြွက်ဖြူလေးသည် ယဲ့ဖန်၏ အကြံကို ရိပ်မိနေဟန်ဖြင့် တုံ့ဆိုင်းနေ၏။

ထို့နောက် ကြွက်ဖြူလေးသည် ၎င်း၏အမွေးကိုကြည့်လိုက် သမင်ကင်ကို ကြည့်လိုက်နှင့် ဖြစ်နေ၏။ နောက်ဆုံးတွင်မူ အံကိုကြိတ်ကာ ခေါင်းညိတ်၍ ကတိပေးလိုက်သည်။

သူ့ပုံစံကြောင့် ယဲ့ဖန်က ရယ်လိုက်ပြီး သမင်ကင်ကို တက်တက်ကြွကြွဖြင့် ဖြတ်တောက်ပေးလိုက်သည်။ သမင်ကင် အသားကို ရပြီးသည်နှင့် ကြွက်ဖြူလေး တစ်ကိုယ်လုံး တွန့်သွားသည်။ ထို့နောက် ၎င်း၏ အမွေးတစ်ချောင်းကို ဆွဲနုတ်လိုက်ပြီး ယဲ့ဖန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ”

ထိုအဖြူရောင်အမွေး၏ မာကျောမှုကို ခံစားမိပြီး ယဲ့ဖန် တောက်ပစွာ ပြုံးလိုက်သည်။

ဂျွတ်! ဂျွတ်!

လက်ရှိအချိန်၌ ကြွက်ဖြူလေးသည် အစာပေါ်သာ စိတ်ရောက်နေသည်။ ခဏလေးအတွင်းမှာပင် သူ့ကို ပေးလိုက်သည့် သမင်သား ကုန်သွားပြီး ပါးစပ်၌ ဆီများဝေ့နေ၏။ ထိုအခါ သူသည် တွေဝေမနေဘဲ နောက်အမွေးတစ်ချောင်းကို နုတ်လိုက်သည်။

မကြာခင်မှာပင် တောအုပ်ထဲမှ သားရဲများသည် အပ်များဖြင့် ပစ်ခတ်ခြင်း ခံလိုက်ရလေသည်။ ထို့နောက် တစ်ကောင်ပြီး တစ်ကောင် ယဲ့ဖန်၏ မီးကင်ခြင်း ခံလိုက်ရသည်။ သူ့လက်ထဲတွင်လည်း အဖြူရောင် အမွေးများဖြင့် ပြည့်နေ၏။

Chapter 729 မတွေ့ရတာ ကြာပြီ

ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ မျိုးနွယ်စုများအားလုံး အတူတကွ ရှင်သန်နေထိုင်ကြသည်။ ထိုအထဲတွင် များစွာသော အင်အားကြီးသည့် ပုဂ္ဂိုလ်များ ရှိကြလေသည်။ ယခုအချိန်၌ ဂြိုဟ်တစ်လုံးစာမျှ အရွယ်အစားရှိသော မိကျောင်းသားရဲတစ်ကောင်က ကောင်းကင်ယံကို မော့ကြည့်၍ ဟစ်ကြွေးလေသည်။

၎င်း၏ အော်သံနှင့်အတူ ပါးစပ်တွင်းမှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်သံကြောင့် ဥက္ကာခဲများ၊ ဂြိုဟ်များနှင့် လေဟာနယ်များ ပျက်စီးကာ ပြာအဖြစ် ပြောင်းလဲသွားပြီး ထိုမိကျောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။ ထိုမိကျောင်းသားရဲသည် မကောင်းဆိုးဝါး အရှင်သခင်တစ်ယောက် ဖြစ်သည်။

“ဟားဟားဟား … ဒီဘုရင်ကြီးရဲ့ လေဟာနယ် ဝါးမျိုခြင်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားပြီပဲ”

“ဒီစကြဝဠာထဲမှာ ဘယ်သူ ငါနဲ့ ပြိုင်ရဲသလဲ”

မောက်မာလွန်းလှသည်။ ထိုမိကျောင်းသားရဲသည် ဤစကြဝဠာ၏ အရှင်သခင်ကဲ့သို့ အရာအားလုံးကို အထင်သေး ရှုမြင်နေ၏။ ထိုစဉ် လေတိုးသံနှင့်အတူ အဖြူရောင် အမွေးတစ်ချောင် မျောလွင့်လာသည်။

“အမ်”

ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုအမွေးကို မြင်လိုက်ရချိန်တွင် မိကျောင်းသားရဲ ခေါင်းမွေးထောင် သွားမိသည်။ ထိုအမွေးသည် သာမန်အမွေးတစ်ချောင်းနှင့် မတူဘဲ သေမင်းနတ်ဘုရား ဖြစ်သည်ဟု ခံစားမိ နေသည်။

“ငါ စိတ်ထင်တာပဲနေမှာ၊ ဒီအဖြူရောင် အမွေးလေးတစ်ချောင်းက ဘာလုပ်နိုင်မှာလဲ”

မိကျောင်းသားရဲက အထင်သေးသလို ပြုံးလိုက်သည်။ ထို့နောက် သူ၏ ချွန်ထက်နေသော လက်သည်းဖြင့် ထိုအဖြူရောင်အမွေးကို ပုတ်ထုတ်လိုက်သည်။ ထိုလက်သည်းသည် သေးသွယ်သော အဖြူရောင်အမွေးထံသို့ အရှိန်ဖြင့် ကျရောက်လာသည်။

ချွင်!

ထိုအခါတွင်မှ အဖြူရောင်အမွေးသည် သံဖြင့် ပြုလုပ်ထားသော အပ်တစ်ချောင်း ဖြစ်နေသည်ကို တွေ့လိုက် ရသည်။ ထို့နောက် ထိုအပ်က မိကျောင်းသားရဲ၏ လက်သည်းထဲသို့ စိုက်ဝင်သွားသည်။

မိကျောင်းသားရဲ ထိတ်လန့်သွားသည်။ သူ၏ လက်သည်းသည် အလွန်မာကျောလှပြီး နတ်ဘုရားလက်နက် တောင်မှ အလွယ်တကူ မဖောက်နိုင်ပေ။ သို့သော် ဤအဖြူရောင်အမွေးအောက်၌ သူ၏လက်သည်းသည် စက္ကူစကဲ့သို့ ဖြစ်နေသည်။

“မဖြစ်နိုင်ဘူး၊ အမွေးလေးတစ်ချောင်းက ဒီလို မလုပ်နိုင်ပါဘူး”

မိကျောင်းသားရဲ ဒေါသူပုန်ထနေလေသည်။ ထို့နောက် သူသည် လက်သည်းနှစ်ဖက်လုံးကို ဝှေ့ယမ်း၍ အဖြူရောင်အမွေးအား ဆက်တိုက် ပုတ်ထုတ်လေသည်။

စကြဝဠာထဲ၌ လေဟာနယ်များ ပျက်စီး၍ ဂြိုဟ်များ အက်ကွဲပျက်စီးသွားသည်။ သို့သော် ထိုအချိန်မှာပင် အံ့အားသင့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဖြူရောင်အမွေးဖြင့် ပြုလုပ်ထားသော အပ်သည် လျှပ်စီးကဲ့သို့ ပျောက်ကွယ်သွား၏။ ၎င်းပြန်ပေါ်လာချိန်တွင် မိကျောင်းသားရဲ၏ ကိုယ်ထဲသို့ စိုက်ဝင်သွားသည်။ ထိုအပ်သည် မိကျောင်းသားရဲ၏ ကြေးခွံ၊ အရိုးများနှင့် သွေးကြောများကို ထိုးဖောက်စိုက်ဝင် သွားလေသည်။ တစ်ကြိမ် စိုက်ဝင်သွားတိုင်း သွေးများ ပန်းထွက်လာသည်။

ဤအဖြစ်ကြောင့် မိကျောင်းသားရဲ ထိတ်လန့်ကြောက်ရွံ့ သွားသည်။ ထိုအပ်လေးက အလွန် ကြောက်စရာ ကောင်းလိမ့်မည်ဟု သူ ထင်မထားမိချေ။ သူ ထွက်ပြေးရန် ကြိုးစားသော်လည်း အပ်၏အရှိန်က ပို၍မြန်ဆန် နေသည်။

ထိုအပ်သည် လှစ်ခနဲ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတိုင်း မိကျောင်းသားရဲ၏ အသားကို ထိုးစိုက်လာ သောကြောင့် သွေးများ ပန်းထွက်လာသည်။

“မလုပ်နဲ့”

အလန့်တကြား အော်သံနှင့်အတူ ၎င်း၏ကိုယ်ပေါ်၌ အပ်ပေါက်ရာများနှင့် ပြည့်နှက်လာ၏။ နောက်ဆုံးတွင် အဖြူရောင်အပ်သည် မိကျောင်းသားရဲ၏ ဦးခေါင်းသို့ ထိုးစိုက်သွားပြီး ဦးခေါင်းထဲမှ မကောင်းဆိုးဝါး အမြုတေကို ထုတ်ယူလိုက်သည်။

ဂြိုဟ်တစ်လုံးစာ အရွယ်အစားရှိသော မိကျောင်းသားရဲသည် ချက်ချင်း တောင့်ခနဲ ဖြစ်သွားကာ ၎င်း၏ ဦးခေါင်းရှိ အပေါက်ရာထဲမှ သွေးများ ဒလဟော စီးကျလာပြီး သေဆုံးသွားလေသည်။

ထိုမိကျောင်းသားရဲ မသေခင် မြင်လိုက်ရသည်မှာ သူ၏ မကောင်းဆိုးဝါး အမြုတေကို ထိုးစိုက်ထားသည့် အဖြူရောင်အပ်သည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဖြူရောင်ဆံပင်များရှိသော လူငယ်လေး တစ်ယောက်ထံသို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ထိုလူငယ်လေး၏ ခန္ဓာကိုယ်ပတ်လည်၌ အဖြူရောင်အမွေးများစွာ ရှိနေသည်။ မိကျောင်းသားရဲသည် သေသွားသည့်အချိန်ထိတောင်မှ တစ်စုံတစ်ယောက်က ဤသို့ကြောက်စရာကောင်းသော လက်နက်မျိုးကို သန့်စင်မွမ်းမံနိုင်လိမ့်မည်ဟု မယုံနိုင်သေးပေ။

မိကျောင်းသားရဲ၏ အလောင်းကို တစ်ချက်ကြည့်၍ ယဲ့ဖန် ပြုံးလိုက်သည်။ ထို့နောက် လက်ထဲမှ မကောင်းဆိုးဝါး အမြုတေအား ပန်းသီးတစ်လုံးကို စားသကဲ့သို့ ကိုက်စားနေလေသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကြွက်ဖြူလေး မင်းကို ကျေးဇူးတင်တယ်”

ယဲ့ဖန်က မကောင်းဆိုးဝါး အမြုတေကို ကိုင်၍ ကြွက်ဖြူလေးအား ပြုံးကာ ပြောလိုက်သည်။ သို့သော် ကြွက်ဖြူလေး၏ အမြင်တွင် သူ့အပြုံးက မိစ္ဆာတစ်ကောင်၏ အပြုံးနှင့် တူသည်ဟု ထင်မှတ်နေ၏။

ကြွက်ဖြူလေးသည် မျက်မှောင်ကြုတ်၍ ယဲ့ဖန်၏ လက်ထဲမှ ကိုက်လက်စ မကောင်းဆိုးဝါး အမြုတေကို ကြည့်ပြီး ကြက်သီးထနေသည်။

သူ၏အမွေးအား ဤသို့ ထိတ်လန့်ဖွယ်ကောင်းသော လက်နက်တစ်ခုအဖြစ် မွမ်းမံသန့်စင်လိမ့်မည်ဟု သူ ထင်မထားမိချေ။ ထို့အပြင် ယဲ့ဖန်က မကောင်းဆိုးဝါး အမြုတေကိုပင် စားနေလိုက်သေးသည်။

*တကယ်လို့ ငါ့ခန္ဓာကိုယ်ကသာ မာကျောမနေရင် ဒီမျိုးမစစ်ကောင်က ငါ့အမြုတေကိုပါ စားဦးမှာလား”

“စိတ်ချလက်ချ နေစမ်းပါ”

ယဲ့ဖန်က ကြွက်ဖြူလေး၏အတွေးကို သိနေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“တကယ်လို့ မင်းအမြုတေကိုသာ စားရမယ်ဆိုရင် ပန်းသီး စားသလိုမစားဘဲ စွန်ပလွံသီးကို စားသလို စားရမယ် ထင်တယ်”

ကြွက်ဖြူလေး : “….”

လက်ရှိအချိန်၌ ကြွက်ဖြူလေး၏နှလုံးသားထဲတွင် အရိပ်မည်းတစ်ခု စွန်းထင်သွားလေသည်။ သူ အသတ်ခံရမည် ဆိုလျင်တောင်မှ ဤအရူးကောင်အား မဆန့်ကျင်ဘူးဟုပင် ကျိန်ဆိုလိုက်မိသည်။

ကြွက်ဖြူလေးက တစ်ဖက်လှည့်၍ မိကျောင်းသားရဲ၏ ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်လိုက်သည်။ ဤအဖြစ်ကြောင့် ယဲ့ဖန် ပြောစရာစကား မရှိတော့လောက်အောင် ဖြစ်သွားသည်။

ဤကြွက်ဖြူလေးသည် အလွန် အစားကြူးသည်ကိုတော့ သူ ဝန်ခံရပေမည်။ ဘာကိုမဆို စားချင်စိတ်ရှိပုံ ရသည်။ လဝက်အတွင်း ကြွက်ဖြူလေးက လုံးဝန်းဝကစ်လာပြီး အလွန် ချစ်စရာကောင်းလာသည်။

ယဲ့ဖန်သည် မတတ်သာဘဲ ရှေ့တိုး၍ ဧရာမ မိကျောင်း သားရဲအား အရေခွံနွှာ၍ ဆေးကြောလိုက်ရသည်။ ထို့နောက် ငရဲမီးဖြင့် မီးကင်လိုက်သည်။ အရှိန်ပြင်းပြင်းဖြင့် တောက်လောင်နေသည့် ငရဲမီးကြောင့် မိကျောင်းသားရဲ၏ ခန္ဓာကိုယ်က သေးသထက် သေးငယ်လာသည်။ နောက်ဆုံးတွင် ၎င်း၏ခန္ဓာကိုယ်က နွားတစ်ကောင် အရွယ်အစားသို့ ရောက်လာလေသည်။

မီးအရှိန်ကြောင့် အဆီဝင်း၍ မွှေးကြိုင်နေသည်။ အနံ့ရ လိုက်သည့်သူတိုင်း သွားရည်တများများ ဖြစ်လာမည်မှာ အမှန်ပင်။ ထိုစဉ် ယဲ့ဖန်က မိကျောင်း၏ ခြေထောက် နှစ်ဖက်ကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက်တွင်မူ စကြဝဠာထဲတွင် လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့ အတူထိုင်၍ အသားကင် စားနေကြလေ၏။

ထိုသို့သောအချိန်၌ အရှေ့ဘက်မှနေ၍ အော်ဟစ်သံနှင့် သတ်ဖြတ်သံများ ထွက်ပေါ်လာသည်။ ယဲ့ဖန် လှမ်းကြည့်လိုက်သောအခါ များစွာသော မကောင်းဆိုးဝါး သားရဲများက မိန်းမပျိုလေးတစ်ယောက်နှင့် ဒါဇင်ကျော်သော လူသားမျိုးနွယ် သိုင်းပညာရှင်များအား လိုက်လံ ဖမ်းဆီးနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်မှာပင် လူသားမျိုးနွယ် သိုင်းပညာရှင်များသည် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ အရူးအမူး သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် မကောင်းဆိုးဝါး သားရဲတစ်ကောင်များက မိန်းမပျိုလေးနှင့် ကျန်လူများထံသို့ လှမ်းလာသည်။

“ဟားဟားဟား … မိန်းကလေး၊ မင်းက ငါတို့ မိကျောင်းသခင်ကြီးရဲ့ ပိုင်နက်ထဲ ကျူးကျော်လာပြီးမှ ထွက်ပြေးချင်တာလား၊ ဟာသပဲကွာ”

“ငါတို့နဲ့ ပြန်လိုက်ခဲ့။ ငါတို့ မိကျောင်းသခင်ကြီးက လူသားမျိုးနွယ် မိန်းမလှလေးကို တောင့်တနေတာ”

ဝံပုလွေသားရဲက ညစ်ကျယ်ကျယ် ပြောလာသည်။ ထို့အတူ ၎င်း၏ အစွယ်များကို ဖြဲပြ၍ ခြိမ်းခြောက်ကာ ကိုက်ဖြတ်ရန် ပြင်လေသည်။

ထိုအစွယ်များကို မိန်းမပျိုလေး ရှောင်တိမ်းရ ခက်နေသည်။ ထိုမိန်းမပျိုလေးသည် စိတ်ဓာတ်ကျစွာဖြင့် မျက်လုံးမှိတ်လိုက်မိသည်။ လက်ရှိအချိန်၌ သူမစိတ်ထဲ၌ လူတစ်ယောက်တည်းကိုသာ တွေးမိနေသည်။

ထိုသူသည် နတ်ဘုရားမြို့တော်၌ သူမ၏ ဘဝကို ပြောင်းလဲပေးခဲ့သည်။ ထိုသူက သူမအား နတ်ဘုရားကျင့်စဉ် တစ်ခု လက်ဆောင်ပေးခဲ့လေသည်။

“တောင်းပန်ပါတယ်၊ ကျွန်မ ရှင့်နောက်ကို အမီမလိုက်နိုင်တော့ဘူး”

ထိုမိန်းမပျိုလေး၏ မျက်နှာလေးက သေလုမျောပါးဟန်ဖြင့် ဖြူရော်နေသည်။ လက်ရှိအချိန်၌ သူမက သေမင်းကိုသာ စောင့်ကြိုနေလိုက်တော့သည်။ ထိုစည် အနက်ရောင်ဝတ်စုံနှင့် အဖြူရောင်ဆံပင်ရှိသော လူတစ်ယောက်က သူမရှေ့သို့ ရောက်လာလေ၏။

“ခရီနာ မတွေ့ရတာ ကြာပြီပဲ”

All Chapters