အခန်း (၇၃၀-၇၃၂)
Vol. 49 Ch. 730-732
Chapter 730 မင်း အထင်လွဲနေပြီ
“ခရီနာ မတွေ့ရတာ ကြာပြီပဲ”
သူမ ရင်းနှီးနေကျအသံကို ကြားလိုက်ရချိန်တွင် ခရီနာတစ်ယောက် အလွန် မှင်တက် အံ့ဩသွားလေသည်။ မျက်စိရှေ့မှ ယဲ့ဖန်ကို ငေးကြည့်ရင်း သူမ အိပ်မက်မက်နေသကဲ့သို့ ခံစားမိနေသည်။
ဤပုဂ္ဂိုလ်သည် နတ်ဘုရားမမြို့တော်သို့ သူမ တစ်ကိုယ်တည်း ခရီးထွက်လာခဲ့စဉ်က တွေ့ခဲ့သောသူ ဖြစ်သည်။ သူ အမိန့်တစ်ချက်ပေးလိုက်သည်နှင့် နတ်ဆိုးများအားလုံး ရောက်ရှိလာပြီး နတ်ဘုရားမမြို့တော်ကို ဖျက်ဆီးခဲ့သည်။ ထိုသူက နတ်ဘုရားမအား သတ်ဖြတ်ပြီး ကောင်းကင် အလင်းသခင်အား အနိုင်ယူခဲ့သည်ကို သူမ မျက်စိနှင့် တပ်အပ် တွေ့ခဲ့ရသည်။ စကြဝဠာထဲမှ ရောက်ရှိလာသည့် အနောက်ဘက် ကောင်းကင်ဘုံ အရှင်သခင်တောင်မှ သူ့ကို ဦးညွှတ်ခဲ့ရသေးသည်။
အကြင်သူသည် နတ်ဘုရားကဲ့သို့သောသူ ဖြစ်သည်။ ထိုသူထံမှနေ၍ သိုင်းကျမ်းတစ်ခု ရရှိပြီးနောက် ခရီနာ၏ လောကတစ်ခုလုံး အပြီးတိုင် ပြောင်းလဲသွားခဲ့သည်။ သူမ အပြင်းအထန် ကျင့်ကြံခဲ့ပြီး ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် စကြဝဠာထဲသို့ ခြေချခဲ့သည်။ ရန်သူများကို ထပ်ခါထပ်ခါ သတ်ဖြတ်၍ အကြိမ်ကြိမ် သန်မာလာအောင် ကြိုးစားခဲ့သည်။
သူမ ဘယ်သောအခါမှ ငိုကြွေးခြင်းမပြုသလို ဘယ်သောအခါမှ နောက်ဆုတ်ခြင်း မပြုချေ။ သူမ သန်မာလာမှဖြစ်မည်။ သူမ ထိုသူနီးနီး သန်မာလာမှ ဖြစ်ပေမည်။ ဤနည်းတစ်ခုတည်းကသာ သူမ၏ နတ်ဘုရားဖြစ်သူ၊ သူမ၏ ယုံကြည်ရာဖြစ်သော သူ့အား ကာကွယ်နိုင်မည် ဖြစ်သည်။
ယခုအကြိမ်၌ ခရီနာသည် သူမ ထိုသူနောက်ကို လိုက်နိုင်စွမ်း မရှိတော့ဟု ထင်ခဲ့သော်လည်း အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော ထိုသူက သူမရှေ့ပေါ် ပေါ်လာခဲ့သည်။
“ယဲ့ … ယဲ့ဖန်၊ တကယ်ပဲ ရှင်လား”
ခရီနာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားရသည်။ ယခုလက်ရှိ ယဲ့ဖန်နှင့် သူမမှတ်ဉာဏ်ထဲမှ ယဲ့ဖန်သည် မတူညီသော လူနှစ်ယောက်သဖွယ် ဖြစ်နေသည်။ သူမ၏ အနက်ရောင် ဆံပင်များက အဖြူရောင်သို့ ပြောင်းနေသည်။ သူ့နဖူး၌ အက်ရာတစ်ခုလည်း ရှိနေသေးသည်။ ယခင်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ရက်စက်ပုံ ပေါက်နေသည်။
သူမ အမေးကြောင့် ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ငါ အစစ်ပါ”
ထိုအခါ ခရီနာက ကလေးတစ်ယောက်ကဲ့သို့ အော်ငိုလေတော့သည်။ သူမမျက်ဝန်းထဲမှ မျက်ရည်များ ဆက်တိုက် စီးကျလာသည်။ စိတ်ဓာတ်ကျနေချိန်၌ သူမ အမြင်ချင်ဆုံးသောသူကို မြင်လိုက်ရသဖြင့် ခရီနာတစ်ယောက် အိပ်မက်မက်နေသည်ဟု ထင်မှတ်နေမိသည်။
“ဟေ့ကောင် မင်းက ဘယ်သူလဲ”
ထိုစဉ် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများထဲမှ ဝံပုလွေသားရဲက လှမ်းမေးလာသည်။ သူသည် ယဲ့ဖန်ကို ကြည့်နေချိန်တွင် ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုကို ခံစားမိနေ၏။ ဤလူသားလေး၌ တိုင်းတာမရသော အရှိန်အဝါများ ရှိနေသလိုပင်။
“ငါ မင်းကို ဝင်မပါဖို့ အကြံပေးလိုက်မယ်၊ ဒီမိန်းကလေးက ငါတို့ မိကျောင်းသခင်ကြီးအတွက် သခင်မကြီး ရွေးချယ်ထားတဲ့သူပဲ၊ ဝင်တားရဲတဲ့ ဘယ်သူမဆို ငါတို့ နယ်မြေကို ကျူးကျော်တဲ့ ရန်သူပဲ”
ထိုဝံပုလွေသားရဲ၏ စကားအဆုံး၌ များစွာသော မကောင်းဆိုးဝါးမျိုးနွယ် သားရဲများက ရှေ့သို့တိုးလာပြီး ယဲ့ဖန်နှင့် အခြားသူများကို ဝိုင်းလာကြသည်။ သူတို့သည် ဤလူသားမျိုးနွယ် တစ်စုအား အချိန်မရွေး အရေခွံနွှာ ပစ်တော့မည့်ပုံ ပေါ်နေ၏။
ဤမြင်ကွင်းကြောင့် ခရီနာ သတိဝင်လာပြီး ချွေးပြန်လာသည်။
“ယဲ့ဖန် ရှင် ထွက်သွားပါတော့၊ ဒီကိစ္စက ရှင်နဲ့ ဘာမှမဆိုင်ပါဘူး”
ယဲ့ဖန်က နတ်ဧကရာဇ် အလယ်အလတ်အဆင့်သာ ရှိသေးသည်ကို ခရီနာ ခံစားမိသည်။ သူ၏အဆင့်သည် များစွာသော သားရဲဘုရင်အဆင့်များနှင့် သားရဲအကြီးအကဲများအတွက် အသာလေး အနိုင်ယူလိုက်နိုင်သည့် အဆင့်သာ ဖြစ်သည်။
ခရီနာသာမက ဘေးနားမှ လူသားမျိုးနွယ် သိုင်းပညာရှင်များသည်လည်း ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိပြီး မချိပြုံး ပြုံးလိုက်မိကြသည်။
“လူငယ်လေး သွားပါတော့၊ မင်း ငါတို့ကို မကယ်နိုင်ပါဘူး၊ မင်း အသက်ပါ ပေးဆပ်လိုက်ရလိမ့်မယ်”
“ဟုတ်တယ်၊ ငါတို့က သေလူတွေပဲမို့ မင်း သွားပါတော့”
“…”
ထိုလူသားမျိုးနွယ် သိုင်းပညာရှင်များ အားလုံးသည် ခရီနာ၏ လူများဖြစ်ကြသည်။ ယဲ့ဖန်က သူတို့အတွက် ရပ်တည်ပေးသည်ကို ကျေးဇူးတင်သော်လည်း သူ့အား သူတို့အတွက်နှင့် အချည်းနှီး မသေစေလိုကြချေ။
ထိုစဉ် ယဲ့ဖန်က ရယ်မောလာလေ၏။ သူက ဝံပုလွေသားရဲနှင့် အခြားသော မကောင်းဆိုးဝါးသားရဲများကို တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။
“မင်းတို့ရဲ့ မိကျောင်းသခင်ကြီးဆိုတာက ဂြိုဟ်တစ်လုံးစာလောက် ရှိတဲ့ မိကျောင်းလား”
*ဟမ်*
သူ့စကားကြောင့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး အံ့အားသင့်သွားသည်။ ဝံပုလွေသားရဲက မသိမသာ မျက်မှောင်ကြုတ်လာသည်။
“ဘာလဲ၊ မင်းက ငါတို့မိကျောင်း သခင်ကြီးကို သိတာလား”
ဝံပုလွေသားရဲ မယုံသင်္ကာ ဖြစ်နေ၏။ ယဲ့ဖန်၏ခန္ဓာကိုယ်ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါကို သူ ခံစားမိသော်လည်း တစ်ဖက်လူသည် နတ်ဧကရာဇ် အလယ်အလတ် အဆင့်သာ ဖြစ်ပြီး မိကျောင်းသခင်ကြီးမှ အသာလေး အနိုင်ယူနိုင်သည့် အဆင့်ဖြစ်သည်။
*သူနဲ့ သခင်ကြီးက အချင်းချင်း ဘယ်လိုလုပ် သိနိုင်မှာလဲ*
“မဟုတ်ဘူး၊ အထင်မလွဲပါနဲ့၊ ငါ မင်းတို့ မိကျောင်းသခင်ကြီးကို မသိပါဘူး”
ယဲ့ဖန်က အသာပြုံး၍ လက်ကိုလှုပ်ကာ မီးကင်ထားသည့် မိကျောင်းခြေထောက်တစ်ဖက်ကို ထုတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ငါက မင်းတို့ မိကျောင်းသခင်ကြီးကို စားနေတာလေ”
*ဘာ*
ထိုစကားကြောင့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး မှင်တက်သွားကြပြီး ယဲ့ဖန်၏လက်ထဲမှ မိကျောင်းခြေထောက်ကို စိုက်ကြည့်လာသည်။
*ဒါက မိကျောင်းရဲ့ ခြေထောက်တော့ ဟုတ်တယ်၊ ဒါပေမဲ့ …*
“ဟားဟားဟား … မင်းတို့ ကြားလိုက်လား၊ ဒီကောင်က ရူးနေတာလား၊ သူက မိကျောင်းပေါက်စလေးရဲ့ ခြေထောက်ကို ယူပြီး ငါတို့သခင်ကြီးရဲ့ ခြေထောက်လို ဟန်လုပ်ပြောနေတယ်၊ တကယ်ကို အရူးပဲကွ”
“ဟုတ်တယ်၊ ငါတို့ မိကျောင်းသခင်ကြီးက မကောင်းဆိုးဝါး အရှင်သခင်ကွ၊ ခြေထောက်တစ်ဖက်ကတင် တောင်တန်းတစ်ခုစာထက် ပိုကြီးတယ်၊ ဒီကောင် အရူးပဲ”
“ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်ကွာ၊ နတ်ဧကရာဇ်အဆင့်လေးကများ ငါတို့သခင်ကြီးကို သတ်လိုက်တယ်လို့ ပြောရဲတာလား၊ ရူးပါ့ကွာ”
“…”
လက်ရှိအချိန်၌ ဘေးပတ်လည်မှ မကောင်းဆိုးဝါး သားရဲများက ဟားတိုက်ရယ်မောနေကြပြီး ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။ သူတို့သည်သာမက လူသားမျိုးနွယ် သိုင်းပညာရှင် တစ်ချို့သည်လည်း ခေါင်းတခါခါ ဖြစ်လာသည်။ သူတို့သည်လည်း မယုံကြည်ကြချေ။
ခရီနာတစ်ယောက်တည်းသာလျင် သူ၏လက်ထဲမှ မိကျောင်းခြေထောက်ကို ကြည့်ပြီး တုန်ယင်သွားလေသည်။ ထို့နောက် ယဲ့ဖန်အား ဝမ်းသာအားရ ကြည့်လိုက်မိသည်။
သူမ ယဲ့ဖန်အကြောင်း သိပါသည်။ ယဲ့ဖန်သည် စကားကြီးစကားကျယ် ပြောတတ်သူ မဟုတ်ပေ။
*ဒါဆို ဒီခြေထောက်က …*
ဤသည်ကိုတွေးမိပြီး ခရီနာသည် ပျော်ရွှင်မှုကို ဖုံးဖိမရတော့ချေ။
“မဟုတ်သေးဘူး၊ မင်းတို့ အထင်လွဲပြန်ပြီ”
“မင်းတို့ မိကျောင်းသခင်ကြီးကို သတ်လိုက်တာ ငါ မဟုတ်ဘူး၊ ကြွက်မွေးလေးတစ်ချောင်းက သတ်လိုက်တာ”
ယဲ့ဖန်က မိကျောင်းခြေထောက်ကို ကိုက်ဖဲ့စားရင်း ပြောလိုက်သည်။ ထို့နောက် ဆီဝေ့နေသော ပါးစပ်ဖြင့် သူ့နောက်မှ ပြန့်ကျဲနေသော မိကျောင်းသားရေနှင့် ကိုယ်တွင်းကလီစာများကို မေးဆတ်ပြလေသည်။
“ဟိုမှာလေ၊ သူ့သားရေကိုတောင် ခွာထားသေးတယ်”
*ဘာ*
*ကြွက်မွေးက ငါတို့ မိကျောင်းသခင်ကြီးကို သတ်လိုက်တာလား*
သူ့စကားကြောင့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများက ယဲ့ဖန်အား မကြည်ကြည့် ကြည့်လာကြသည်။ သူတို့ မယုံကြချေ။ သို့သော် ယဲ့ဖန် ညွှန်ပြသည့် နေရာသို့ သားရဲများအားလုံး လှမ်းကြည့်မိလိုက်ပြီးနောက် ငြိမ်ကျသွား လေသည်။
မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ လှောင်ပြုံးများလည်း ပျောက်ကွယ်သွားကာ ကြောက်လန့်ဟန်များ ထင်ဟပ်လာသည်။ သားရဲများအားလုံး သရဲသဘက်နှင့် ကြုံလိုက်ရသကဲ့သို့ ချွေးပြန်လာကြသည်။
ထိုနေရာ၌ ရဲရဲနီသော သွေးများ စီးဆင်းနေသည်ကို အားလုံး တွေ့လိုက်ရသည်။ ကြီးမားသော မိကျောင်းသားရေထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လျက် ရှိနေသေး၏။ ထိုသို့သော အရှိန်အဝါမျိုးအား သားရဲအရှင်သခင်များသာ ပိုင်ဆိုင်ကြသည်။
မကောင်းဆိုးဝါး သားရဲများအားလုံးသည် မိကျောင်းသားရေကို ကြည့်နေရာမှ ယဲ့ဖန်လက်ထဲရှိ မိကျောင်း ခြေထောက်ကို ပြန်ကြည့်လိုက်မိသည်။ ထို့နောက် အားလုံး မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် သူက ငါတို့ မိကျောင်းသခင်ကြီးကို သတ်နိုင်မှာလဲ”
“ဘာတွေဖြစ်နေတာလဲ၊ ဒီနယ်မြေက ငါတို့ မိကျောင်း သခင်ကြီးရဲ့ ပိုင်နက်နယ်မြေလေ၊ ဘယ်သူက မိကျောင်း သားရေ သံချပ်ကာကို လုပ်နိုင်မှာလဲ”
“ဒါက တကယ်ပဲ ငါတို့ မိကျောင်းသခင်ကြီးလား”
လက်ရှိအချိန်၌ မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး ခေါင်းမွေးထောင်ကာ ခြောက်ခြားလာ၏။ အထူးသဖြင့် ဝံပုလွေသားရဲပင်။ ယခုအခါတွင်မှ အဘယ်ကြောင့် ယဲ့ဖန်ထံမှ ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားမိနေရသလဲ ဆိုသည်ကို နားလည်သွားတော့သည်။
*လတ်စသက်တော့ ကျားက ဝက်ယောင်ဆောင်နေတာပဲ*
*ပြေးရမယ်*
ထိုဝံပုလွေသားရဲက လျင်မြန်စွာ လှုပ်ရှားလာသည်။ မကောင်းဆိုးဝါး သားရဲ တော်တော်များများသည် ယခုထိ ဇဝေဇဝါ ဖြစ်နေကြသေးသည်။ ထို့နောက် သူတို့ အသိဝင်လာပြီး နောက်လှည့်ကာ ထွက်ပြေးကြတော့သည်။ ထိုစဉ် အဖြူရောင် အမွေးတစ်ချောင်းက သူတို့၏ ခြေလှမ်းများကို တားဆီးလာ၏။
Chapter 731 သွေးမိကျောင်းဘိုးဘေး
ဆံပင်မွေးကဲ့သို့ ပါးလျ၍ အလွန်ဖြူဖွေးသော အမွေးတစ်ချောင်းက လေနှင့်အတူ မျောလွင့်လာသည်။ ထိုအမွေးအား သာမန်လူများ လုံးဝ သတိမမူမိလောက်ချေ။
သို့သော် ထိုအဖြူရောင် အမွေးကို မြင်လိုက်ရချိန်တွင် ဝံပုလွေသားရဲသည် ခေါင်းမွေးထောင်လာပြီး ကြက်သီးတဖြန်းဖြန်း ထလာသည်။
ထိုအဖြူရောင်အမွေးလေးသည် သာမန် အမွေးတစ်ချောင်း ဖြစ်ပုံမရဘဲ သေခြင်းတရားအား ကိုယ်စားပြု နေသည်ဟု ထင်မှတ်ရသည်။
*ဘာဖြစ်တာလဲ၊ ဒီအဖြူရောင် အမွေးလေးက ဘာလို့ ငါ့ကို ဒီလောက် ဖိအားတွေ ပေးနေရတာလဲ*
“အဲ့ကောင်ပြောသလိုပဲ မိကျောင်းသခင်ကြီးက ဒီအဖြူရောင်အမွေးနဲ့ သတ်တာကို ခံလိုက်ရတာများလား”
ဝံပုလွေသားရဲ ထိတ်လန့်၍ သံသယဝင်လာသည်။ ထိုသို့တွေးမိပြီးနောက် ဝံပုလွေသားရဲ ချွေးပြန်လာသည်။
“မင်းတို့ထဲက တစ်ချို့တွေ ရှေ့တက်ပြီး အဲ့အမွေးကို ရှင်းလိုက်ကြ”
ဝံပုလွေသားရဲက ဘေးပတ်လည်မှ မကောင်းဆိုးဝါး သားရဲများကို အချက်ပြ၍ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်ဝံပုလွေ”
များစွာသော မကောင်းဆိုးဝါး သားရဲများက အချင်းချင်း ကြည့်၍ ပြိုင်တူလှုပ်ရှားလာကြသည်။ သူတို့ထဲမှ မကောင်းဆိုးဝါးမျိုးနွယ် အချို့က ရှေ့သို့ လှစ်ခနဲ ပြေးတက်၍ အဖြူရောင် အမွေးရှိရာသို့ ချဉ်းကပ်သွားသည်။
ထို့နောက် သူတို့၏ ချွန်ထက်သော လက်သည်းများကိုဝင့်၍ အဖြူရောင် အမွေးအား ပုတ်ထုတ်လိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျင် ထိုမကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ လက်ချက်ကြောင့် အမွေးတစ်မျှင်မဆိုထားနှင့် နတ်ဘုရင်အဆင့် သိုင်းပညာရှင်များဖြင့် တစ်စစီ ဖြစ်သွားနိုင်သည်။
ထိုသို့သောအချိန်၌ မထင်မှတ်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုပျော့ပျောင်းသော အဖြူရောင် အမွေးသည် မျက်တောင်တစ်ခတ်အတွင်း၌ ရှည်လျားသော အပ်တစ်ချောင်းအသွင်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ရှေ့ဆုံးမှ မကောင်းဆိုးဝါးသားရဲများထံသို့ ဖြတ်ခနဲ ဖြတ်သန်းသွားပြီး သွေးများ ပန်းထွက်လာကြသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ဝံပုလွေသားရဲပင် ကြက်သေ သေသွားရသည်။ ထို့နောက် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာရာမှနေ၍ သူတို့၏ ဦးခေါင်းများသည် လည်ပင်းမှ တိခနဲ ပြတ်ကျသွားသည်။ ထိုအခါ ရဲရဲနီသော သွေးစက်များက ခေါင်းပြတ်ခန္ဓာကိုယ်များမှ ဒလဟော ပန်းထွက်လာ လေ၏။
ဤအဖြစ်ကြောင့် ဝံပုလွေသားရဲ မှင်တက်သွားသည်။ ထို့အတူ ဘေးပတ်လည်မှ ကျန်မကောင်းဆိုးဝါးမျိုးနွယ် သားရဲများလည်း နားဝေတိမ်တောင်ဖြစ်ကာ အဖြူရောင်အမွေးမှ ပြောင်းလဲသွားသည့် အပ်ကိုသာ ငေးငိုင်ကြည့် နေကြသည်။
အဖြူရောင် အမွေးလေးတစ်ချောင်းက သန်မာသော မကောင်းဆိုးဝါးမျိုးနွယ် သားရဲအချို့ကို စက္ကန့်ပိုင်းအတွင်း သတ်လိုက်နိုင်လိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။
သေဆုံးသွားသော မကောင်းဆိုးဝါးမျိုးနွယ် သားရဲတို့၏ မျက်နှာတွင်လည်း မယုံသင်္ကာဟန်များဖြင့် ပြည့်နေသည်။ သူတို့သည် သေဆုံးချိန်သည် မည်သို့မျှ မခုခံလိုက်နိုင်ပေ။
မကောင်းဆိုးဝါးမျိုးနွယ် သားရဲများသာမက ခရီနာနှင့် လူသားမျိုးနွယ် သိုင်းပညာရှင်များပင် ထိတ်လန့်နေကြ၏။
“ဒီ … ဒီအမွေးက ဘာကြီးလဲ၊ ဘာလို့ ဒီလောက် အင်အားကြီးနေရတာလဲ”
များစွာသော လူသားမျိုးနွယ် သိုင်းပညာရှင်များ၏ မျက်နှာတွင် ထိတ်လန့်ခြောက်ခြားဟန်များ ထင်ဟပ်နေ၏။ သူတို့မျက်လုံးဖြင့်သာ တပ်အပ်မမြင်လိုက်ရပါက သူတို့ ယုံနိုင်မည် မဟုတ်ပါ။
“ဒါ ဟိုကောင့်လက်ချက်ပဲ”
ထိုစဉ် ဝံပုလွေသားရဲက တုန်တုန်ယင်ယင်နှင့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများကို အော်ဟစ်အမိန့်ပေး လိုက်သည်။
“ဟိုကောင်ကို သွားသတ်လိုက်၊ အခြားသူတွေက အဲ့အမွေးကို ရှင်းပစ်ဖို့ ကြိုးစား”
“မြန်မြန်”
ဝံပုလွေသားရဲ၏ စကားက မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ ရက်စက်ကြမ်းကြုတ်မှုကို မီးစာမြှင့်ပေး လိုက်သလိုပင်။
“သတ်ကြဟေ့”
မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံးနီးပါးက ယဲ့ဖန်ထံသို့ သည်းကြီးမည်းကြီး ပြေးဝင်လာကြသည်။ ကျန်သားရဲများက အဖြူရောင် အမွေးထံသို့ ဝိုင်းဖွဲ့၍ ချဉ်းကပ်သွားကြသည်။
ထိုစဉ် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး မှင်တက်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
“ဝိုင်းတိုက်မယ်ပေါ့လေ”
ယဲ့ဖန်က လှောင်ပြုံးပြုံး၍ မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအား သေလူများကို ကြည့်သကဲ့သို့ အေးအေးလူလူ ကြည့်နေသည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း ဝိုင်းတိုက်တာပေါ့”
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အားလုံး ကြည့်နေစဉ်မှာပင် အဖြူရောင် အမွေးများစွာ ထွက်ပေါ်လာ၏။
အမွေးဆယ်ချောင်း၊ အချောင်းတစ်ရာ၊ အချောင်းတစ်ထောင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများရှေ့၌ အဖြူရောင်အမွေးပေါင်း ထောင်ချီ၍ ပေါ်ထွက်လာလေသည်။
အဖြူရောင်အမွေးတိုင်းသည် နူးညံ့ချောမွေ့သော်လည်း လျပ်တစ်ပြတ်အတွင်းမှာပင် လူသတ်လက်နက်အဖြစ်သို့ ပြောင်းလဲနိုင်၏။
ထိုအဖြူရောင် အမွေးများသည် အစောပိုင်းက မကောင်းဆိုးဝါးမျိုးနွယ် သားရဲအချို့ကို သတ်လိုက်သည့် အမွေးနှင့် ပုံစံ အတူတူပင် ဖြစ်သည်။
“သေစမ်း၊ ဘာလို့ အဖြူရောင် အမွေးတွေက အဲ့လောက် အများကြီး ရှိနေတာလဲ”
“အဖြူရောင် အမွေးလား၊ ဒါ … ဒါ ဘာအမွေးကြီးတွေလဲကွာ”
“ပြေးကြ … ဝေးဝေးပြေးကြ”
“…”
မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး ခေါင်းမွေးထောင်သွားကြသည်။ ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများသည် ချက်ချင်း ကြောက်လန့်သွားကာ ရှေ့သို့ ခြေတစ်လှမ်းပင် တိုးရဲသည့် သတ္တိမရှိတော့ချေ။
*ထွက်ပြေးချင်တာလား*
*နောက်ကျသွားပြီ*
အဖြူရောင် အမွေးများမှ ပုံစံပြောင်းလာသည့် အပ်များသည် သားရဲများထံသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။ ထို့နောက် အရေပြားထဲသို့ ထိုးဖောက်သွားသဖြင့် သွေးများ စိမ့်ထွက်လာသည်။
လက်ရှိအချိန်၌ သေမင်းနတ်ဘုရား ရောက်ရှိလာပြီး အရာအားလုံးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသည်ဟု ထင်မှတ်ရသည်။
ထိုအဖြူရောင် အမွေးများ ဖြတ်သွားသည့် နေရာတိုင်း၌ ရှိနေသည့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး တောင့်ခနဲ ဖြစ်သွားပြီး ဦးခေါင်းများ ပြတ်ထွက်သွားသည်။
ဦးခေါင်း ဆယ်လုံး၊ အလုံးတစ်ရာ၊ အလုံးငါးရာ။ မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး ဦးခေါင်းပြတ်ကာ သေဆုံးသွားကြပြီး ခေါင်းပြတ်များက တောင်လိုပုံလာလေသည်။ ထိုဦးခေါင်းပြတ်များ၏ မျက်လုံးထဲတွင် ကြောက်စိတ်များ စိုးမိုးနေဆဲ ဖြစ်သည်။
မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ ပိုပို၍ သေဆုံးသွားကြပြီး အခြားသူများ၏ ကြောက်စိတ်များ က ပို၍ကြီးထွားလာလေသည်။
ထိုသို့သောအချိန်၌ ဝံပုလွေသားရဲသည် အလွန်ကြောက်လန့်သွားပြီး မြေကြီးပေါ် လဲကျသွားသည်။ သူသည် သာမက အနီးအနားမှ ခရီနာနှင့် အခြားသူများပါ ထိတ်လန့်နေကြသည်။
မကြာခင်မှာပင် ထောင်ချီသော အဖြူရောင် အမွေးများက ချက်ချင်း ရပ်တန့်သွားကာ တစ်လောကလုံး တိတ်ဆိတ်သွား၏။ ဝံပုလွေသားရဲမှလွဲ၍ မည်သည့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ အသက်ရှင်ကျန်ခြင်း မရှိတော့ပေ။ သွေးစက်များက မြစ်သဖွယ် စီးဆင်းနေသေးသည်။ နှစ်ထောင်နီးပါးရှိသော မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအားလုံး သေဆုံးသွားလေပြီ။
တောင်လိုပုံနေသည့် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ အလောင်းများကိုကြည့်ပြီး လူသားမျိုးနွယ် သိုင်းပညာရှင်များအားလုံး မျက်လုံး ပြူးကျယ်နေကြသည်။ သူတို့သည် မျက်ခုံးတလှုပ်လှုပ်နှင့် ယဲ့ဖန်အား အလန့်တကြား ကြည့်နေမိသည်။
“မိန်း … မိန်းကလေး၊ ဒီလူက ဘယ်သူလဲ၊ ဘာလို့ ဒီလောက် ကြောက်ဖို့ကောင်းရတာလဲ”
လူသားမျိုးနွယ် သိုင်းပညာရှင်တစ်ယောက်က ခရီနာကို မေးလာသည်။ သူ၏အသံက တုန်ယင်နေ၏။ သူ၏အမေးကြောင့် ခရီနာသည် ထိတ်လန့်မှင်တက်နေရာမှ သတိဝင်လာပြီး မချိပြုံး ပြုံးလိုက်မိသည်။
“သူ ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲဆိုတာကို ကျွန်မလည်း မသိဘူး”
ခရီနာတစ်ယောက် နေရခက်နေသည်။ သူမသည် ယဲ့ဖန်နောက်သို့ လိုက်ပါနိုင်ရန်အတွက် သန်မာလာအောင် ကြိုးစားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမကိုယ်သူမ လုံလုံလောက်လောက် သန်မာလာပြီဟု ထင်မှတ်ခဲ့မိသည်။ သို့သော် တစ်ဖက်လူက သူမထက် အဆပေါင်းများစွာ သန်မာနေသည်ကို မြင်လိုက်ရသဖြင့် သူမ ထိတ်လန့်သွားရသည်။
တစ်ချိန်က သူမသည် သူ၏ရှေ့၌ ပုရွက်ဆိတ် တစ်ကောင်မျှသာ ရှိခဲ့သည်။ ယခုအချိန်ထိလည်း ထိုအတိုင်း ဖြစ်နေသေး၏။ သူမ နေရခက်နေသော်လည်း တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ ကြာမြင့်နေ သောကြောင့် ခရီနာ၏စိတ်ထဲ ရှုပ်ထွေးနေလေသည်။
ထိုစဉ် ယဲ့ဖန်က ရှေ့သို့ အသာတိုးလာသောကြောင့် ဝံပုလွေသားရဲ တုန်ယင်သွားသည်။
“မင်း … မင်း ဘယ်သူလဲ”
ယဲ့ဖန်က ထောင်ကျော်သော မကောင်းဆိုးဝါးမျိုးနွယ် သားရဲများကို သတ်ဖြတ်လိုက်သည်ကို ဝံပုလွေသားရဲ မယုံနိုင်သေးပေ။ ယခုအချိန်၌ ဝံပုလွေသားရဲသည် ဆန်ခါချသကဲ့သို့ တုန်ယင်နေ၏။
“ငါတို့ မိကျောင်းသခင်ကြီးနဲ့ ငါတို့ မကောင်းဆိုးဝါးမျိုးနွယ်ကို သတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်း သိလား”
“သတ်ဖြတ်သူဂြိုဟ်နယ်မြေရဲ့ သွေးမိကျောင်းဘိုးဘေးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
*သွေးမိကျောင်း ဘိုးဘေးတဲ့လား*
ထိုအမည်နာမကြောင့် ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ် သွားသည်။ သို့သော် ဖျောင်ကျိုးဝမ် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်အထိ ဖိအားပေးခံရချိန်တွင် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ မိကျောင်းသားရဲတစ်ကောင် ရှိနေသည်ကို သူ အမှတ်ရသွားသည်။
*ဒါဆိုရင် …*
ဖြစ်နိုင်ချေကိုတွေးမိပြီးနောက် ယဲ့ဖန်၏အကြည့်များက ပိုပို၍ ခက်ထန်လာလေသည်။
Chapter 732 သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေ
*သွေးမိကျောင်း ဘိုးဘေးတဲ့လား*
ထိုနာမည်ကိုကြားလိုက်ရချိန်တွင် ခရီနာနှင့် အခြားသူများ အားလုံး မှင်တက်သွားကြသည်။ သွေးမိကျောင်း ဘိုးဘေးက သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေရှိ အရက်စက်ဆုံး အရှင်သခင်သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်ကို သူတို့ သိထားကြသည်။
သူသည် ရက်စက်၍ သွေးဆာတတ်သူ ဖြစ်လေသည်။ တစ်ချိန်က သူသည် မကောင်းဆိုးဝါးများ၊ နတ်ဘုရားများ၊ အင်မော်တယ်များ၊ နတ်ဆိုးများနှင့် တစ္ဆေမျိုးနွယ်များမှ အကျော်အမော်များကို ဖိနှိပ်နိုင်ခဲ့ပြီး သူ စားခဲ့သောသူ ဘယ်နှစ်ယောက် ရှိနေမှန်း မသိတော့ချေ။
မျိုးနွယ်အားလုံးကို ဒေါသူပုန်ထအောင် လုပ်ခဲ့မိသောကြောင့် သတ်ဖြတ်သူဂြိုဟ်နယ်မြေသို့ ရောက်လာခဲ့ပြီး ဘုရင်တစ်ပါးအဖြစ် အုပ်ချုပ်လေသည်။
သွေးမိကျောင်းဘိုးဘေးအား သတ်ဖြတ်သူဂြိုဟ်နယ်မြေ၏ အကျော်အမော်ဟု ဆိုရပေမည်။ သူ့အား မည်သူမျှ ရန်မစရဲချေ။
“မိကျောင်းသခင်ကြီးနဲ့ သွေးမိကျောင်းဘိုးဘေးတို့က ဘယ်လိုပတ်သက်လို့လဲ”
ခရီနာ ထိတ်လန့်ခြောက်ခြားလာသည်။ ခရီနာနှင့် အခြားသူများ ကြောက်လန့်နေသည်ကိုမြင်ပြီး ဝံပုလွေသားရဲက လှောင်ပြုံး ပြုံးလိုက်သည်။
“ဟားဟားဟား … မင်းတို့ အခုထိ မသိသေးဘူးလား”
“ငါတို့ မိကျောင်းသခင်ကြီးက သွေးမိကျောင်းဘိုးဘေးရဲ့ သားပဲ၊ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှာ ဘယ်သူက သူ့ကို ထိခိုက်အောင် လုပ်ရဲမှာလဲ၊ ဘယ်သူက သူ့ကို ရန်စရဲလို့လဲ၊ အခု မင်းတို့ သေပြီသာမှတ်”
ဝံပုလွေသားရဲ၏ စကားက ခရီနာနှင့် အခြားသူများ ကြက်သီးထသွားကြသည်။ ထိုအခါတွင်မှ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေထဲရှိ မည်သူမဆို မိကျောင်းသခင်ကြီးအား ရန်မစရဲကြသည့် အကြောင်းရင်းကို နားလည်သွား ကြသည်။
*လတ်စသက်တော့ သူက သွေးမိကျောင်း ဘိုးဘေးရဲ့ သားဖြစ်နေတာကိုး*
*ဒါဆို …*
ခရီနာနှင့် အခြားသူများအားလုံး မျက်နှာပြာနှမ်းလာသည်။ ထိုစဉ် ယဲ့ဖန်က လက်ကိုလှုပ်၍ လေဟာနယ်ထဲ၌ တစ်စုံတစ်ရာကို ရေးဆွဲလိုက်သည်။ ထိုအခါ ကြောက်စရာ ကောင်းသော ဧရာမမိကျောင်းပုံရိပ်တစ်ခု ပေါ်ထွက် လာလေသည်။
ထိုပုံရိပ်ကို လက်ညှိုးထိုး၍ ယဲ့ဖန်က ဝံပုလွေသားရဲကို ပြန်မေးလိုက်သည်။
“မင်း ပြောတဲ့ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေရဲ့ အရှင်သခင် သွေးမိကျောင်းဘိုးဘေးက ဒီပုံစံလား”
*ဟမ်*
ဝံပုလွေသားရဲ မှင်တက်သွားသည်။ ယဲ့ဖန်က သွေးမိကျောင်း ဘိုးဘေး၏ ပုံစံကို ဆွဲတတ်လိမ့်မည်ဟု သူ ထင်မထားမိချေ။ ထို့နောက် သူက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်သည်။
“ဘာလဲ၊ ကြောက်သွားပြီလား”
“မင်း ငါ့ကို သွားခွင့်ပေးမယ်ဆိုရင် ငါ မင်းကို သွေးမိကျောင်းဘိုးဘေးဆီ ခေါ်သွားပြီး မင်း ထွက်ပြေးနိုင်မယ့် အခွင့်အရေးပေးမယ်၊ မဟုတ်လို့ကတော့ မင်း သေလိုက်တော့”
ဝံပုလွေသားရဲသည် ယဲ့ဖန်နှင့် အခြားသူများကို ချုပ်ကိုင်လိုက်နိုင်ပြီဟု ထင်မှတ်သွားသည်။ တစ်ဖက်လူက သွေးမိကျောင်းဘိုးဘေးကို ကြောက်ရွံ့ပြီး ဘိုးဘေးအား အသက်ချမ်းသာခွင့်ပေးပါရန် တောင်းပန်လိမ့်မည်ဟု မှတ်ယူသွားလေသည်။
သို့သော် သူ့ထံမှ တိကျသေချာသော စကားကို ကြားရပြီးနောက် ယဲ့ဖန်၏မျက်လုံးများက ဝင်းလက်သွားသည်။
“ကောင်းတယ်၊ သိပ်တော်တဲ့ သွေးမိကျောင်းပဲ”
“ငါ ဒီကိုလာတာက … သူ့ကိုသတ်ဖို့ပဲ”
ဝံပုလွေသားရဲ အံ့အားသင့်သွားပြီးနောက် ချက်ချင်း သတိဝင်လာကာ မျက်စိပျက် မျက်နှာပျက်နှင့် ထွက်ပြေးရန် ပြင်လိုက်သည်။ ထို့နောက် အဖြူရောင် အမွေးများစွာက သူ့ကိုယ်ထဲသို့ ထိုးစိုက်လာသည်။
“အား….”
အော်ဟစ်သံများ ပဲ့တင်ထပ်လာပြီးနောက် ခရီနာနှင့် အခြားသူများ အလန့်တကြား ကြည့်နေစဉ်မှာပင် ဝံပုလွေသားရဲသည် အဖြူရောင်အမွေးများကြောင့် တစ်စစီ ဖြစ်သွားလေသည်။
လေနှင့်အတူ သွေးညှီနံ့များ လွင့်ပါလာသောကြောင့် လူတိုင်း နှာခေါင်းရှုံ့သွားပြီး အော့အန်လုနီးပါး ဖြစ်သွားရသည်။ ထောင်ချီသော မကောင်းဆိုးဝါးမျိုးနွယ် သားရဲများ၏ အလောင်းများကလည်း ပြန့်ကျဲနေသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် လူတိုင်း ကြက်သီးထသွားလောက်သည်။
*သေသွားပြီ၊ အားလုံး သေသွားပြီ*
ခရီနာတစ်ယောက် ယဲ့ဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
ဤနှစ်အတောအတွင်း ယဲ့ဖန် ဘာတွေကို ဘယ်လို ဖြတ်သန်းခဲ့သလဲ သူမ မသိပေ။ သို့သော် သူမအမြင်အရ သူသည် အလွန်တရာ ကြောက်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ပြီးနေသည်မှာ အသေအချာပင်။
“ယဲ့ဖန် သွားရအောင်၊ ရှင်က မိကျောင်းသခင်ကြီးနဲ့ မကောင်းဆိုးဝါးမျိုးနွယ် သားရဲအများကြီးကို သတ်ပစ်လိုက်တာ ဆိုတော့ သွေးမိကျောင်းဘိုးဘေးက ရှင့်ကို အလွတ်မပေးမှာ သေချာနေပြီ”
ခရီနာ ထိတ်လန့်သွေးပျက်နေသည်။ ဤနှစ်အတောအတွင်း သူမက သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတွင်း သွားလာခဲ့သောကြောင့် သွေးမိကျောင်းဘိုးဘေး၏ ကြောက်စရာကောင်းပုံကို သိထားလေသည်။
ထိုမိကျောင်းအိုကြီးသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည်ဟု ထင်မှတ်ရပြီး ကြောက်စရာကောင်းလှသည်။ နတ်ဘုရားအဆင့်များသာ သူ့ကို ဖိနှိပ်နိုင်လောက်သည်။
ယဲ့ဖန်က ထူးခြား၍ အင်အားကြီးမားပြီး ချွန်ထက်သော ပြိုင်ဘက်ကင်း အဖြူရောင်အမွေးများ ရှိသော်လည်း သွေးမိကျောင်းဘိုးဘေး၏ ခွန်အားက အဆမတန် သာလွန်နေ၏။
သူမစကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်သည်။
“မသွားဘူး၊ သူက ငါ့ကို အလွတ်မပေးလို့ မဟုတ်ဘူး၊ ငါက သူ့ကို ဒီအတိုင်း မထားနိုင်လို့ပဲ”
“သွေးကြွေးကို သွေးကြွေးနဲ့ပဲ ပြန်ဆပ်ရမယ်”
ထိုသွေးမိကျောင်း ဘိုးဘေးက ဖျောင်ကျိုးဝမ်ကို သတ်ခဲ့သည့် လူသတ်သမား သုံးယောက်ထဲက တစ်ယောက်ဖြစ်မှန်း ယဲ့ဖန် သိနေသည်။ ယဲ့ဖန်၏ အမူအရာကို ကြည့်ပြီး ဖျောင်းဖျခြင်းက အသုံးမဝင်ကြောင်း ခရီနာ သိလိုက်သည်။ ထို့ကြောင့် သူမ ဤသို့သာ ပြောလိုက်တော့သည်။
“ယဲ့ဖန် ရှင် ဒီလောက် ခေါင်းမာပြီး သတ်ဖြတသ်ူ ဂြိုဟ်နယ်မြေကို သွားမယ်ဆိုရင် ကျွန်မ ရှင့်ကို ခေါ်သွားမယ်”
ခရီနာ၏စကားကြောင့် ဘေးနားမှ လူသားမျိုးနွယ် သိုင်းပညာရှင်များအားလုံး အကြီးအကျယ် မျက်နှာပျက် သွားကြသည်။
“မိန်းကလေး မင်း သွားလို့မဖြစ်ဘူး၊ သွေးမိကျောင်း ဘိုးဘေးက ရက်စက်လွန်းတာ၊ မင်း သေသွားလိမ့်မယ်”
“ဟုတ်တယ်၊ မိန်းကလေး၊ သခင်မကြီး အပြင်းအထန် နေမကောင်းဖြစ်တုန်းက သူက ကောင်းကင်သိမ်းငှက် သခင်ဆီကနေ စကြဝဠာသုံးဒင်္ဂါး သန်းငါးရာ ချေးခဲ့တယ်။ တစ်ဖက်က ပိုက်ဆံမလိုချင်ဘဲ မိန်းကလေးကို တောင်းခဲ့တာလေ။ ကောင်းကင်သိမ်းငှက်သခင်လက်ကနေ လွတ်အောင် မိန်းကလေး မရရတဲ့နည်းနဲ့ ထွက်ပြေးမှ ဖြစ်မှာ”
“ကောင်းကင်သိမ်းငှက်သခင်တင်မကဘဲ နတ်ဘုရား မျိုးနွယ်က လောသခင်လေးပါ ပါပါတယ်။ ကျွန်တော်တို့ သွေးမိကျောင်း ဘိုးဘေးနဲ့ လောသခင်လေးကိုပါ ရန်စထားမိပြီမို့ ကျွန်တော်တို့ လွတ်အောင် ပြေးမှဖြစ်မှာပါ”
“…”
လက်ရှိအချိန်၌ ဘေးနားမှ လူသားမျိုးနွယ် သိုင်းပညာရှင်များ အားလုံး မျက်နှာပြာနှမ်း၍ ကြောက်လန့် နေကြသည်။ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတွင်းရှိ သူတို့၏ အခြေအနေ များက အလွန်ဆိုးရွားလှသည်။
သူတို့၏စကားကြောင့် ခရီနာက မချိပြုံး ပြုံးလိုက်သည်။ သူမ အန္တရာယ်ကို သိသလို သူမ သေသွားနိုင်သည် ကိုလည်း သူမ သိပါသည်။ သို့သော် ယဲ့ဖန် သွားလျင် သူမ လိုက်ကိုလိုက်သွားမည်။
ခရီနာက လက်ကာပြလိုက်ပြီး ပြတ်သားတည်ကြည်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ဘာမှပြောနေစရာ မလိုဘူး၊ ငါ သူ့အပေါ် အကြွေးတင်နေခဲ့တာ”
ထိုသို့ပြောပြီးနောက် ခရီနာက ယဲ့ဖန်ကို တောက်ပစွာ ပြုံးပြလိုက်လေသည်။
“ယဲ့ဖန် သွားကြစို့”
ထိုသို့သောအချိန်၌ ယဲ့ဖန်က ဘာမှမပြောဘဲ ငြိမ်၍ နားထောင်နေသည်။ ထို့နောက် ခရီနာ၏ ပြတ်သားသော အကြည့်များကြောင့် သူ့စိတ်ထဲ ကြည်နူးသွားရသည်။
ကမ္ဘာဂြိုဟ်ပေါ်၌ သူတို့သည် တစ်ဖက်တည်းသားချင်း ဖြစ်ခဲ့သည်။ သို့သော် ယခုအချိန်၌ သေရမည်ကို သိတာတောင်မှ တစ်ဖက်လူက လိုက်ခဲ့ရန် ဆုံးဖြတ်ထား လေသည်။ ဤခံစားချက်အား ယဲ့ဖန် သေချာ မှတ်ထား လိုက်သည်။
“သွားကြမယ်”
ထိုသို့ပြောပြီး ယဲ့ဖန်နှင့် ခရီနာတို့သည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေဘက်သို့ ဦးတည်၍ ထွက်ခွာသွားကြသည်။ ဤသည်ကိုကြည့်ပြီး လူသားမျိုးနွယ် သိုင်းပညာရှင်များ မျက်နှာပျက်၍ အံကိုသာ ကြိတ်၍ နောက်က အမီလိုက် သွားလိုက်သည်။
…
သတ်ဖြတ်သူ ဂြိုဟ်နယ်မြေသည် စကြဝဠာထဲရှိ အရက်စက်ဆုံးနှင့် မကောင်းမှုအများဆုံး ဂြိုဟ်နယ်မြေများထဲမှ တစ်ခု ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော ဤနေရာ၌ မျိုးနွယ်သုံးခုလုံး၏ အဆင့်အတန်းက အသုံးမဝင်သောကြောင့်ပင်။ ဤနေရာ၌ စည်းကမ်းများ မရှိဘဲ အင်အားကြီးသူသာ သာလွန်သည်ဟူသည့် စည်းမျဉ်းသာ ရှိသည်။
ဤနေရာ၌ ညှာတာမှုမရှိဘဲ ကြီးနိုင်ငယ်ညှင်းသာ ရှိလေသည်။ ဤနေရာသည် နှစ်ပေါင်းများစွာ သွေးစွန်းခဲ့သည့် နေရာဖြစ်သည်။
ယနေ့တွင် လူပေါင်းများစွာ ရုတ်တရက် ရောက်ရှိလာသည်။ ထိုသူများကား ယဲ့ဖန်၊ ခရီနာနှင့် လူသားမျိုးနွယ် သိုင်းပညာရှင်များပင်။ ကြွက်ဖြူလေးမှာမူ မိကျောင်း သခင်ကြီးကို စားသောက်ပြီးနောက် အိပ်မောကျနေ၏။
ယဲ့ဖန်နှင့် အခြားသူများ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေသို့ ခြေချလိုက်သည်နှင့် ရုတ်တရက် သူတို့အား အခြားသူများက လှည့်ကြည့်၍ ခရီနာကို လက်ညှိုးထိုး၍ စကားပြောဆိုလာကြသည်ကို တွေ့လိုက်ရသည်။
“ဟမ်၊ အဲ့ဒါ ချွေးမလောင်း မဟုတ်လား၊ သူ ပြန်လာရဲတယ်လား”
“ဟုတ်တယ်၊ သူက ကောင်းကင်သိမ်းငှက်သခင်ဆီကနေ စကြဝဠာသုံး ဒင်္ဂါး သန်းငါးရာ ချေးထားတာမလား၊ အကြွေးကို သူနဲ့ ပြန်ဆပ်ခိုင်းတာလေ၊ အဲ့ဒါကြောင့် သူ ထွက်ပြေးသွား တာမလား၊ သူ ပြန်လာရဲလိမ့်မယ်လို့ ငါ ထင်မထားဘူး”
“ကြည့်စမ်း ကောင်းကင်သိမ်းငှက်သခင်ရဲ့ အကြီးဆုံးတပည့် ကူးရှန်း ထွက်လာပြီကွ၊ သူတော့ သွားပြီပဲ”
ဘေးပတ်လည်မှ လူများအားလုံးသည် မျိုးဆက်တိုင်း၏ ရက်စက်ကောက်ကျစ်သော သူများ ဖြစ်သည်။ ခရီနာထံ လှမ်းလာနေသည့် သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို မြင်ပြီး အားလုံး တီးတိုးပြောဆိုလာကြသည်။
အားလုံး ပြောဆိုနေစဉ်မှာပင် ကြောက်စရာကောင်းသော လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်။ ရှေ့ဆုံးမှလူကို မြင်ပြီး ခရီနာ ချက်ချင်း မျက်နှာပျက်သွားသည်။
“ကူးရှန်း”
သတ်ဖြတ်သူ ဂြိုဟ်နယ်မြေသို့ ခြေချလိုက်သည်နှင့် ကူးရှန်းနှင့် လာဆုံရလိမ့်မည်ဟု ခရီနာ ထင်မထားမိပေ။ ထို့နောက် သူမက သူမအနောက်ရှိ လူသားမျိုးနွယ် သိုင်းပညာရှင်များကို လှည့်ကြည့်လိုက်သည်။
“ဒါ နင်တို့ ကျေးဇူးပြန်ဆပ်နိုင်မယ့် အခွင့်အရေးပဲ”