← Chapters

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

အခန်း (၇၃၃-၇၃၅)

Vol. 49 Ch. 733-735

Chapter 733 မင်းအကြွေးကို ဘယ်လိုတွက်ရမလဲ

*ကျေးဇူးပြန်ဆပ်နိုင်မယ့် အခွင့်အရေးလား*

ခရီနာ၏စကားကြောင့် အနောက်မှ လူသားမျိုးနွယ် သိုင်းပညာရှင်အချို့ အမူအရာပျက်ယွင်းပြီး မျက်နှာ ပြာနှမ်းလာသည်။

ထိုသူတို့သည် ဖျတ်ခနဲလှုပ်ရှား၍ ကူးရှန်းနှင့် အခြားသူများရှိရာသို့ ပြောင်းနေလိုက်သည်။

“မိန်းကလေး စိတ်မကောင်းပါဘူး၊ ကျုပ်တို့ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေထဲမှာ မသေချင်သေးဘူး”

“ဟုတ်တယ်၊ မိန်းကလေး၊ ဒီတစ်ခေါက် မင်း ရင်ဆိုင်ရမှာက သွေးမိကျောင်းဘိုးဘေး တင်မကဘဲ ကောင်းကင် သိမ်းငှက်သခင်ပါ ပါနေတယ်။ ကောင်းကင်သိမ်းငှက်သခင်က လောသခင်လေးရဲ့လူပဲ။ အဲ့ဒီတော့ မင်းက သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတစ်ခုလုံးနဲ့ ရင်ဆိုင်နေရတာနဲ့ အတူတူပဲလေ။ အရှင်သခင်နှစ်ယောက်နဲ့ ရင်ဆိုင်ရင် မင်း သေရမှာ ကျိန်းသေပဲ”

“မိန်းကလေး ဒီကောင်လေးက အရှင်သခင်နှစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား၊ မင်း တော်တော် နုံအတာပဲ”

“….”

လက်ရှိအချိန်၌ လူသားမျိုးနွယ် သိုင်းပညာရှင်များက ယဲ့ဖန်အား မကျေမနပ်ဖြင့် ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူတို့၏ မမလေးက သတ်ဖြတ်သူ ဂြိုဟ်နယ်မြေသို့ တစ်ဖန်ပြန်လာပြီး အရှင်သခင်နှစ်ယောက်နှင့် ရင်ဆိုင်ရန် မိုက်ရူးရဲဆန်စွာ ဆုံးဖြတ်လိမ့်မည်မဟုတ်ဟု ထင်နေကြသည်။

သို့သော် ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူတို့ သေသွားလောက်ပြီဟူသည့်အချက်ကို သူတို့ မေ့လျော့ နေကြသည်။ ထိုအခါ ခရီနာ၏ မျက်နှာလေးက ဒေါသစိတ်ကြောင့် နီရဲတက်လာပြီး မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။

“ယုတ်ညံ့တဲ့လူတွ၊ ယဲ့ဖန်သာမရှိရင် ငါတို့ သေသွားလောက်ပြီဆိုတာကို နင်တို့ မေ့နေတာလား”

သူမထံ၌ နှစ်များစွာ အမှုထမ်းခဲ့သော အစေခံများက ယခု သူမကို သစ္စာဖောက်လိမ့်မည်ဟု ဘယ်သောအခါမှ ထင်မထားမိချေ။

သူမစကားကြောင့် ထိုလူသားမျိုးနွယ် သိုင်းပညာရှင်များက လှောင်ရယ်လေသည်။

“မိန်းကလေး အဲ့လိုမပြောပါနဲ့၊ ကျုပ်တို့ ကောင်းကင် သိမ်းငှက်သခင်နဲ့ ဆွေးနွေးပြီးသားပါ၊ မင်း ကူးရှန်းအတူ ပြန်လိုက်လာပြီး ကောင်းကင်သိမ်းငှက်သခင်ရဲ့ ဇနီးသည် အဖြစ် နေမယ်ဆိုရင် မင်းလည်း အသက်ရှင်နိုင်သလို ကျုပ်တို့လည်း အသက်ရှင်နိုင်မယ်လေ”

*ဘာ*

ထိုစကားကြောင့် ခရီနာ ပို၍ ဒေါသထွက်သွားသည်။

“စိတ်ကူးယဉ်နေလိုက်”

သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ ယုတ်ညံ့သော စိတ်ထားများ ပေါ်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။ သူမစကားကြောင့် လူသားမျိုးနွယ် သိုင်းပညာရှင်များက အံ့ဩဟန် မပြချေ။

“မိန်းကလေး၊ ဒီလိုဖြစ်လာပြီဆိုမှတော့ မိန်းကလေးနဲ့ အဲ့ကောင်လေးကပဲ ကံတရားကို အတူတူ ရင်ဆိုင်ကြပေါ့”

ထိုသို့ပြောပြီး လူသားမျိုးနွယ်များက နောက်ဆုတ် သွားကြသည်။ ထိုအခါ ကူးရှန်းက ချက်ချင်း ရှေ့သို့ တက်လာသည်။

သူသည် အလွန် အရပ်ရှည်လျားပြီး လက်မောင်း ကြွက်သားများက အင်မတန် သန်မာကာ အင်အားကြီး၍ ခုခံနိုင်မည့်သူ မရှိပေ။ ထို့နောက် သူက ယဲ့ဖန်ကို ထီမထင်ဟန်ဖြင့် ကြည့်လေသည်။

“ကျစ်ကျစ် … လူစွမ်းကောင်းတွေက မိန်းမလှလေးတွေကို သနားတတ်တယ်လို့ ပြောကြတယ်၊ အခုကျတော့ မိန်းမလှလေးက လူစွမ်းကောင်းကို သနားနေတာပဲ”

“အရူးကောင်၊ ငါတို့ သခင်မကြီးကို ပြန်ခေါ်လာပေးတဲ့အတွက် မင်းကို ကျေးဇူးတင်တယ်”

“မင်းကို ကျေးဇူးတင်ကြောင်း ပြဖို့အတွက်ကတော့ မင်း … သေလိုက်တော့”

ထိုသို့ပြောပြီး ကူးရှန်းက သူ့လူများအား ယဲ့ဖန်ကို သတ်ရန် အချက်ပြလိုက်သည်။ ထိုစဉ် ယဲ့ဖန်က လက်ကာပြ၍ ပြောလာသည်။

“မေးစရာကျန်သေးတယ်”

အားလုံး အံ့အားသင့်သွားပြီး ယဲ့ဖန်ကို ဝိုင်းကြည့်လာကြသည်။ ယဲ့ဖန်က အသာပြုံး၍ ခရီနာကို လက်ညှိုးထိုးကာ မချိုမချဉ်ဖြင့် မေးလိုက်သည်။

“သူက မင်းတို့သခင်ကြီးကို အကြွေးတင်နေတာလား”

“ဟုတ်တယ်၊ ဘာလို့လဲ၊ မင်းက သူ့အစား ပြန်ဆပ်ပေးချင်လို့လား”

ကူးရှန်းက အထင်သေးသလို ပြုံးလိုက်သည်။ ယဲ့ဖန်ကို ခေါင်းစခြေဆုံး စူးစမ်းပြီးနောက် တစ်ဖက်လူက နတ်ဧကရာဇ်အဆင့်သာ ရှိသည်ကို သိသွားပြီး ပို၍အထင်သေးလာသည်။ သို့ရာတွင် ယဲ့ဖန်က တစ်ဖက်လူ၏ အထင်သေးခြင်းကို အရေးမစိုက်ပေ။ ယဲ့ဖန်က ပိုပို၍သာ ပြုံးလာလေသည်။

“အကြွေးရှိတဲ့သူက သူ့အကြွေးကို ပြန်ဆပ်မှဖြစ်မှာပေါ့၊ ငါ သူ့ကို အကြွေးကူဆပ်ပေးမလို့”

သူ့စကားကြောင့် ကူးရှန်း အံ့အားသင့်သွားသလို ဘေးနားမှ သိုင်းပညာရှင်များလည်း အံ့အားသင့်သွားကြသည်။ ထို့နောက် လူတိုင်းက အထင်သေးဟန် ပြုံးလာပြီး ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။

“ကောင်းပြီလေ၊ ဟဲဟဲ … မင်း အဲ့လောက် တတ်နိုင်ပါ့မလား”

ကူးရှန်က အတော်လေး အထင်သေးဟန်ဖြင့် ကြည့်နေသည်။

“ဒီမိန်းကလေးက ငါတို့သခင်ကြီးကို စကြဝဠာသုံးဒင်္ဂါး သန်းငါးရာ အကြွေးတင်နေတာ၊ အဲ့ဒါကို ပြန်ဆပ်နိုင်မယ့် နည်းက နှစ်ခုပဲ ရှိတယ်”

“တစ်ခုက အကြွေးကို ပိုက်ဆံနဲ့ ပြန်ဆပ်၊ နောက်တစ်ခုက ထိပ်တန်း ရတနာနဲ့ ပြန်ဆပ်”

သူ့စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

*ထိပ်တန်းရတနာလား*

*အဲ့ဒါက စကြဝဠာထဲမှာ အရှားပါးဆုံး ပစ္စည်းပဲလေ*

ကောင်းကင်သိမ်းငှက်သခင်၏ ထိပ်တန်းရတနာများဖြင့် အကြွေးဆပ်ခိုင်းခြင်းသည် သူ လိုချင်သော အရာမဟုတ်ဘဲ မိန်းမပျိုလေးကိုသာ အပိုင်သိမ်းလို၍ ဖြစ်ကြောင်း အားလုံး သိထားကြသည်။

ယဲ့ဖန်က လက်ဖျောက်တီး၍ အသာပြုံးလိုက်သည်။

“ဒါက ထိပ်တန်းရတနာ မဟုတ်လား၊ ရော့”

ထို့နောက် ယဲ့ဖန်က စည်းတံဆိပ်တစ်ခုကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။ ထိုစည်းတံဆိပ်သည် ရှေးဟောင်းပစ္စည်း တစ်ခုဖြစ်ပြီး အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုအရှိန်အဝါ ပျံ့လွင့်လာချိန်တွင် လူတိုင်း မျက်လုံးပြူးသွားကြသည်။

*ထိပ်တန်း ရတနာပါလား*

စည်းတံဆိပ်မှ လွင့်ပျံလာသော အရှိန်အဝါသည် ထိပ်တန်းရတနာမျိုး၌သာ ရှိသော အရှိန်အဝါဖြစ်ကြောင်း လူတိုင်း သေချာပေါက် ပြောနိုင်လေသည်။ ထိုစည်းတံဆိပ်၏ အရှိန်အဝါသည် အရာအားလုံးကို ဖျက်ဆီးနိုင်ပုံ ရသည်။

လက်ရှိအချိန်၌ စည်းတံဆိပ်ကိုကြည့်ပြီး လူတိုင်း အံ့အားသင့်နေကြသည်။ ဤကဲ့သို့သော ရတနာမျိုးကို ယဲ့ဖန် ထုတ်လိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။

*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုစဉ် ကူးရှန်း ရင်တဒိတ်ဒိတ် ခုန်လာသည်။ သူသည် စည်းတံဆိပ်အား သေချာကြည့်လိုက်မိပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာ၏။ ထိုစည်းတံဆိပ်အောက်၌ သူ့ကိုယ်သူ ဘာမှမဟုတ်သလို ခံစားမိသွားသည်။

“ထိပ်တန်း ရတနာပဲ၊ ဒါ … ဒါ တကယ့်ကို ထိပ်တန်းရတနာပဲ”

ကူးရှန်း ချက်ချင်း ဝမ်းသာလာသည်။ သူသည် စည်းတံဆိပ်ကို ပွတ်သပ်ကြည့်ရင်း မယုံသင်္ကာ ဖြစ်နေ၏။ သူ့တစ်သက်၌ ထိပ်တန်းရတနာတစ်ခုကို ကိုင်ခွင့်ရလိမ့်မည်ဟု ထင်မထားမိချေ။

“လုံလောက်ပြီလား”

ယဲ့ဖန် ပြုံး၍ မေးလိုက်သည်။

“လုံလောက်တယ်၊ လုံလောက်တယ်”

ကူးရှန်း သေချာမတွေးဘဲ ပြောလိုက်သည်။ ထို့နောက် သူ ချက်ချင်း သတိပြန်ဝင်လာသည်။ သူ့မျက်နှာပေါ်မှ ဝမ်းသာစိတ်က ချက်ချင်း ပျောက်ကွယ်သွားပြီး လောဘစိတ်များက နေရာယူလာလေသည်။

“မဟုတ်ဘူး၊ မလုံလောက်ဘူး၊ ဟေ့ကောင် မင်းက အကြွေးကို ထိပ်တန်းရတနာ တစ်ခုနဲ့ ဆပ်နိုင်ပြီလို့ ထင်နေတာလား”

“မင်း မှားတယ်၊ အနည်းဆုံး …”

ကူးရှန်းက ပြောရင်း လက်ကိုပွတ်နေသည်။

“အနည်းဆုံး ထိပ်တန်း ရတနာသုံးခုနဲ့မှ ရမယ်”

ကူးရှန်းက ပြုံးဖြဲဖြဲနှင့် လက်သုံးချောင်းထောင်ကာ ပြောလိုက်သည်။ သူ့စကားကြောင့် လူတိုင်း ထိတ်လန့် သွားသည်။

*ထိပ်တန်းရတနာ သုံးခုတောင်လား*

ထိုသို့ဆိုလျင် အရှင်သခင်သုံးယောက်တောင်မှ ရူးမတတ် ဖြစ်သွားလောက်သည်။

*နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပါလား*

ကူးရှန်းက အလွန် လောဘကြီးလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။ သူ တစ်ယောက်တည်းဖြင့် ထိပ်တန်းရတနာ သုံးခုကို လိုချင်နေသည်။

လူတိုင်း၏စိတ်ထဲတွင် ယဲ့ဖန်က အရူးတစ်ယောက်ထက်ပင် ပိုရူးသည်ဟု ထင်မိသွားကြသည်။ ထိပ်တန်းရတနာ တစ်ခုကို အခြားလူအား အလွယ်တကူ ပေးလိုက်သည့်လုပ်ရပ်က ရူးနေမှသာလျင် ထိုသို့လုပ်နိုင်ပေသည်။

ခရီနာတောင်မှ ထိတ်လန့်သွားရသည်။ ယဲ့ဖန်၏ ထိပ်တန်းရတနာက ဘယ်နေရာမှ ရလာသလဲဆိုသည်ကို သူမ မသိသော်လည်း သူက သူမအတွက် အကြွေးဆပ်ရန် ပေးနေသည်။ ထို့ကြောင့် ခရီနာက ယဲ့ဖန်ကို နားချရန် ပြင်လိုက်သည်။

သို့သော် ယဲ့ဖန်က အသာလက်ကာပြ၍ ကူးရှန်းအား ပြုံးစိစိ အမူအရာဖြင့် ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ၊ သုံးခုဆိုတော့လည်း သုံးခုပေါ့”

ထို့နောက် သူက ထိပ်တန်း ရတနာတစ်ခုဖြစ်သော ရှေးဟောင်းဓားတစ်လက်နဲ့ သံခက်ရင်းတစ်ခုကို ထုတ်၍ ပေးလိုက်သည်။ ထိုရှေးဟောင်းဓားနှင် သံခက်ရင်းတို့၏ ဖိအားကို ခံစားမိပြီး အားလုံး ချွေးပြန်လာသည်။

နတ်ဧကရာဇ်အဆင့်လေး၌ ထိပ်တန်းရတနာ သုံးခု ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။ ဤမြင်ကွင်းကြောင့် လူသားမျိုးနွယ် သိုင်းပညာရှင်များ ထိတ်လန့်၍ ဝမ်းသာသွားကြသည်။

ယဲ့ဖန်က‌ ကောင်းကင်သိမ်းငှက်သခင်ကို မလွန်ဆန်ရဲ လောက်ဟု သူတို့ ခန့်မှန်းမိသော်လည်း ယခု သူတို့၏ မှန်းဆချက်က မှန်နေလေပြီ။ သူတို့ကြောင့် ကောင်းကင် သိမ်းငှက်သခင်က ထိပ်တန်းရတနာ သုံးခုကို ရလိုက်ခြင်း ဖြစ်သည်ဟု တွေးမိပြီး လူသားမျိုးနွယ် သိုင်းပညာရှင်များ အားလုံး ဝမ်းသာသွားကြသည်။ သူတို့ ပြန်သွားလျင် ဆုလာဘ်ချီးမြှင့်ခံရတော့မည်ကို သူတို့ သိနေ၏။

ဂလု!

ထိုစဉ် ကူးရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်မိသည်။ သူသည် တုန်တုန်ယင်ယင်ဖြင့် ရှေးဟောင်း ဓားနှင့် သံခက်ရင်းတို့ကို ယူလိုက်သည်။

သူ စိတ်ထဲတွင် ယဲ့ဖန်သည် အလွန်အမင်း ထူးခြားဆန်းကြယ် လာပြီး ထိပ်တန်းရတနာ သုံးခုကို ထုတ်ပေးနိုင်သဖြင့် ဘယ်သူလဲဟု မေးခွန်းထုတ်နေမိသည်။ ယဲ့ဖန်၏ နောက်ခံကို စဉ်းစားရင်း သူ ကြက်သီးထ လာသည်။

ထို့နောက် သူက ထိပ်တန်းရတာများကို ယူ၍ တစ်ဖက် လှည့်ကာ ထွက်သွားရန် ပြင်လေသည်။

“ကောင်းပြီလေ၊ သုံးခုဆို လုံလောက်ပြီ၊ ခရီနာ မင်းအကြွေးတွေ ကြေပြီ”

ထို့နောက် ကူးရှန်းက ခပ်သုတ်သုတ် ထွက်သွားရန် ပြင်လေသည်။ ထိုစဉ် အေးတိအေးစက်အသံကြောင့် သူ့တစ်ကိုယ်လုံး အေးခဲသွားပြီ”

“သူ့အကြွေးက ကြေပြီဆိုတော့ မင်းအကြွေးကို ဘယ်လိုတွက်ရမလဲ”

Chapter 734 ကြောက်စရာကောင်းသော မကောင်းဆိုးဝါး

“မင်းအကြွေးကို ဘယ်လိုတွက်ရမလဲ”

ထိုအေးတိအေးစက် စကားသံကြောင့် ကူးရှန်း တောင့်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူသည် နတ်မင်းတစ်ပါး၏ စိုက်ကြည့်ခြင်း ခံနေရသည်ဟု ခံစားမိပြီး ကြက်သီးထလာသည်။ သူ နောက်ပြန်လှည့်၍ ယဲ့ဖန်အား စူးစိုက်ကြည့်လိုက်သည်။

“ဟေ့ကောင် မင်း ဘာတွေပြောနေတာလဲ”

ကူးရှန်းသာမက လူသားမျိုးနွယ် သိုင်းပညာရှင်များနှင့် အခြားသော ဝိုင်းကြည့်နေကြသည့် သိုင်းပညာရှင် များကလည်း ယဲ့ဖန်ကို ဇဝေဇဝါဖြင့် ကြည့်လာကြသည်။

ကူးရှန်း၏အကြွေးဆိုသည်ကို သူတို့ နားမလည်ကြချေ။

“အကြွေးရှိတဲ့သူက အကြွေးဆပ်ရမယ်ဆိုတာ မှန်တယ်လေ”

ယဲ့ဖန်က အသာပြုံးနေသည်။ ထိုအပြုံးက အေးစက်၍ခြောက်ခြားဖွယ် ကောင်းလှ၏။

“ခရီနာရဲ့ အကြွေးက ရှင်းသွားပြီ”

“အခု ငါတို့ကြားက အကြွေးကို တွက်ရအောင်”

“ငါ မှတ်မိတာ မှန်မယ်ဆိုရင် မင်း ခုနက ငါ့ကို အရူးလို့ ခေါ်လိုက်တယ် မဟုတ်လား”

သူ့စကားကြောင့် ဘေးပတ်လည်မှ လူတိုင်း အံ့အားသင့်သွားကြသည်။

*အရူးလို့ ခေါ်လို့တဲ့လား*

ကူးရှန့်က ရုတ်တရက် လှောင်ပြုံးပြုံးလိုက်ပြီး ထိပ်တန်းရတနာသုံးခုကို လက်နှစ်ဖက်ဖြင့် တင်းနေအောင်ကိုင်၍ ယဲ့ဖန်က စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါ မင်းကို အရူးလို့ခေါ်လိုက်တယ်၊ အဲ့တော့ ဘာဖြစ်လဲ”

လက်ရှိချိန်တွင် ကူးရှန်းသာမက လူသားမျိုးနွယ် သိုင်းပညာရှင်အချို့ကပါ ယဲ့ဖန်ကို အထင်သေးသလို ကြည့်နေကြသည်။ ယဲ့ဖန်က ကူးရှန်းအား ထိုသို့သော ကိစ္စရပ်နှင့် ရန်စရဲလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ကူးရှန်းကို ရန်စလိုက်ခြင်းက ကောင်းကင်သိမ်းငှက်သခင်၏ ဒေါသကို ဆွလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သလို နတ်ဘုရားမျိုးနွယ် လောသခင်လေးကို ရန်စလိုက်ခြင်းလည်း ဖြစ်ပေသည်။

နှစ်ယောက်စလုံးသည် သတ်ဖြတ်ခြင်း ဂြိုဟ်နယ်မြေ၏ ကြောက်စရာကောင်းသော အရှင်သခင်များ ဖြစ်ကြသည်။

ယဲ့ဖန်က လောသခင်လေးနှင့် သွေးမိကျောင်းဘိုးဘေးတို့ကိုပါ ထပ်လောင်း ရန်စမိပါက မည်သူမှ ဆင်းမကယ်နိုင်တော့ပေ။ ဤသို့တွေးမိပြီးနောက် လူသားမျိုးနွယ် သိုင်းပညာရှင်များက ယဲ့ဖန်ကို လှောင်ပြောင်သရော်ဟန် ကြည့်လာကြသည်။

“ဟေ့ကောင်၊ ငါတို့ အချင်းချင်း သိခဲ့တာကို ထောက်ထားပြီး ငါ အကြံပေးလိုက်မယ်၊ ကူးရှန်းနောက်မှ နတ်ဘုရားမျိုးနွယ်က သခင်လေးလောပါ ရှိနေတာ။ မင်း တကယ်ပဲ အရှင်သခင် နှစ်ယောက်နဲ့ ရန်သူ ဖြစ်ချင်တာလား”

“ဟုတ်တယ်၊ ဟေ့ကောင်လေး မင်း အရှင်သခင် နှစ်ယောက်ကို ရန်စရင် ဖြစ်လာမယ့်ဘေးကို မသိဘူးလား၊ မင်း ဘာကမ္ဗည်းတိုင်မှ မရှိဘဲ သေသွားရလိမ့်မယ်”

“…”

အထင်သေးဟန်များက ဆက်တိုက် ထွက်ပေါ်နေသည်။ လူသားမျိုးနွယ် သိုင်းပညာရှင်များသည် ယဲ့ဖန်ကို စိုက်သာ ကြည့်နေပြီး ဘာမှမပြောရဲချေ။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ပိုပို၍ပြုံးလာသည်။

“နှစ်ပေါင်းများစွာအတွင်း ငါ့ကို ပြောဆိုရဲတဲ့သူတွေက နည်းလမ်းနှစ်မျိုးနဲ့ပဲ အဆုံးသတ်သွားရတယ်”

“ပထမနည်းလမ်းက သေသွားတာ၊ နောက်တစ်ခုကတော့ အသက်ရှင်နေတာထက် သေသွားတာက ပိုကောင်းမယ်လို့ တွေးမိတဲ့အထိ အသက်ရှင်နေရတာပဲ”

*မောက်မာလိုက်တာ*

*သွေးနားထင်ရောက်လွန်းတယ်*

နတ်ဧကရာဇ်အဆင့်သာရှိသော သိုင်းပညာရှင်ထံမှ ဤသို့မောက်မာသော စကားများ ထွက်လာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ အထူးသဖြင့် ကူးရှန်းကို ရန်စလိုက်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပင်။

ကူးရှန်း၊ လူသားမျိုးနွယ် သိုင်းပညာရှင်များနှင့် ကောင်းကင် သိမ်းငှက်သခင်၏ အကြီးအကဲများအားလုံး အရှိန်အဝါများ ထုတ်ဖော်၍ ယဲ့ဖန်အား လူသတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေကြသည်။

ကူးရှန်းသာ စကားတစ်ခွန်း ဟလိုက်သည်နှင့် သူတို့က ယဲ့ဖန်ကို အရေခွံနွှာတော့မည့်ပုံပင်။ ထိုစဉ် ယဲ့ဖန်က လူသားမျိုးနွယ် သိုင်းပညာရှင်များကို စိုက်ကြည့်၍ ရယ်လိုက်သည်။

“ပြီးတော့ မင်းကို ထပ်ပြောရဦးမယ်၊ ငါက သတ်ဖြတ်သူ ဂြိုဟ်နယ်မြေက အရှင်သခင်နှစ်ယောက်ကို ရန်စဖို့ လာတာ မဟုတ်ဘူး”

“ငါ အရှင်သခင် သုံးယောက်လုံးကို သတ်ဖို့လာတာ”

ထိုစကားအဆုံး၌ ဘေးပတ်ဝန်းကျင်မှ လူများအားလုံး ပွက်လောရိုက်သွားကြသည်။

*အရှင်သခင်သုံးယောက်ကိုလား*

*ဒီကောင် ရူးသွားပြီလား*

လူတိုင်းသည် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ကြည့်၍ သူတို့ ကြားလိုက်ရသည့်စကားကို မယုံနိုင်ကြသေးပေ။

လူတိုင်းသာမက ခရီနာပင် နောက်ဆုတ်မိသွားပြီး ယဲ့ဖန်အား ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်လိုက် မိသည်။ ထိုအခါ ယဲ့ဖန်က နောက်ပြောင်နေခြင်း မဟုတ်ဘဲ တကယ်ပင် အရှင်သခင်သုံးယောက်အား သတ်ရန် လာခြင်းဖြစ်သည်ကို သတိထားမိသွားသည်။ ခရီနာ အလွန် အံ့ဩနေလေ၏။

“ဟားဟားဟား …”

ထိုစဉ် ကူးရှန်းက ဟားတိုက်ရယ်မောရလွန်းသဖြင့် မျက်ရည်ပင် ကျလုနီးပါး ဖြစ်လာသည်။ ထို့နောက် ယဲ့ဖန်အား လူပျက်တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

“ဟားဟား … ဟေ့ကောင် မင်းက အရူးပဲ၊ မင်းက တကယ့်ကို အရူးပဲ၊ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှာ အရှင်သခင်သုံးယောက် တည်ရှိနေတာ နှစ်ဘယ်လောက် ကြာနေပြီလဲ မင်း သိလား။ သူတို့လက်ထဲမှာ လူဘယ်နှစ်ယောက် သေပြီးပြီလဲ မင်း သိလား”

“မင်းလို နတ်ဧကရာဇ်အဆင့်လေးကတော့ ငါ့လက်နဲ့တင် …”

“သတ်လိုက်”

ကူးရှန်း စကားမဆုံးသေးခင်မှာပင် ယဲ့ဖန်က “သတ်လိုက်” ဟု အမိန့်ပေးလာသည်။ ထိုစကားအဆုံး၌ ကူးရှန်း လက်ထဲမှ ထိပ်တန်းရတနာသုံးခုက လှုပ်ခါလာသည်။ ထို့နောက် ၎င်းတို့၏ ဖိအားများက တစ်လောကလုံးသို့ ပျံ့လွင့်လာ၏။

ထိုဖိအားကြောင့် ကူးရှန်း၏လက်ဝါး ပေါက်ကွဲသွားသည်။ သို့သော် အိပ်မက်ဆိုးကား ယခုမှ စတင်မည်ဖြစ်သည်။ သူ အော်ချိန်ပင် မရလိုက်ဘဲ ရှေးဟောင်း စည်းတံဆိပ်က ရုတ်တရက် ကြီးမားလာပြီး ကောင်းကင်ယံအား ဖုံးလွှမ်းသွားသည်။ ထို့နောက် တောင်တစ်လုံးသဖွယ် အောက်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။

ဂျွတ်! ဂျွတ်!

ကူးရှန်း၊ လူသားမျိုးနွယ် သိုင်းပညာရှင်များနှင့် ကောင်းကင် သိမ်းငှက် အရှင်သခင်၏ အကြီးအကဲများအားလုံး ပိပြားသွားကာ အသားများ ပဲ့ထွက်သံနှင့် အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ထို့အတူ သွေးများလည်း စိမ့်ထွက်လာလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဘေးနားမှ လှောင်ပြောင်ဟန်ဖြင့် ကြည့်နေသည့် သိုင်းပညာရှင် များသည်လည်း တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးပြူးသွားကြသည်။

ဂလု!

အားလုံး သတိဝင်လာပြီးနောက် တံတွေးမျိုချမိကာ သူတို့ မြင်နေရသည့်အရာကို လက်ခံရ ခက်နေကြသည်။

*သေသွားတာလား၊ အားလုံး သေသွားပြီလား*

ကူးရှန်း၊ လူသားမျိုးနွယ် သိုင်းပညာရှင်များနှင့် ကောင်းကင်သိမ်းငှက် အရှင်သခင်၏ အကြီးအကဲများ၏ အင်အားသည် ဂြိုဟ်နယ်မြေတစ်ခုကိုပင် ချေမှုန်းနိုင်ပြီး တော်ရုံလူ ရန်မစနိုင်သည့် အင်အားစု ဖြစ်သည်။ သို့သော် ယခုအခါ၌ ထိုသူများက မည်သို့မျှ မတုံ့ပြန်လိုက်ရဘဲ ပုရွက်ဆိတ်များကဲ့သို့ ရှေးဟောင်း စည်းတံဆိပ်၏ ဖိသတ်ခြင်း ခံလိုက်ရသည်။

ယဲ့ဖန်ဘေး၌ ရပ်နေသည့် ခရီနာတောင်မှ အလွန်အမင်း မှင်တက်အံ့ဩနေသည်။ ပြီးခဲ့သည့် စက္ကန့်ပိုင်းကပင် ယဲ့ဖန်က ပြုံးနေသေးသော်လည်း သူ စကားတစ်ခွန်း ဟလိုက်သည်နှင့် သိုင်းပညာရှင်များကို သတ်ပစ်လိုက်သည်။

*ဒီလူက တကယ့်ကို မိစ္ဆာတစ်ကောင်ပါလား*

လူတိုင်း ရင်တဒိတ်ဒိတ်ခုန်လာပြီး လည်ချောင်းထဲမှနေ၍ နှလုံးသား ခုန်ပေါက်ထွက်လာလေတော့မလားဟု ထင်မှတ်နေကြသည်။ စည်းတံဆိပ်အောက်မှ စီးကျနေသည့် သွေးစီးကြောင်းကို ကြည့်ပြီး သူတို့နဖူးမှနေ၍ ချွေးတဒီးဒီး စီးကျလာလေသည်။

ဘေးပတ်လည်၌ ရှိနေသော သိုင်းပညာရှင်များသည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတွင်းရှိ ကြမ်းကြုတ်သော လူများဖြစ်သော်လည်း ဤသို့ ရက်စက်သော လူသတ်သမားမျိုးကို သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ထိုအချိန်တွင် ယဲ့ဖန်က ဘေးနားမှ လူများ၏အကြည့်များကို အရေးမစိုက်ဘဲ ပုရွက်ဆိတ်အုံကို နင်းချေလိုက်ဟန်ဖြင့် အေးအေးလူလူ လမ်းလျှောက်ကာ ရှေးဟောင်း စည်းတံဆိပ်၊ ရှေးဟောင်း ဓားနှင့် သံခက်ရင်းတို့ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် ခရီနာဘက် လှည့်၍ ပြုံးကာ ပြောလိုက်သည်။

“ပိုက်ဆံလည်း ပြန်ဆပ်ပြီးပြီ၊ အကြွေးကိစ္စလည်း ရှင်းပြီးပြီ”

“သွားကြစို့”

ထို့နောက် အရှေ့သို့ ပြန်လှည့်၍ ထွက်သွားလေသည်။ ထိုအခါမှ ခရီနာတစ်ယောက် တုန်တုန်ယင်ယင်နှင့် သူ့နောက် အမီလိုက်ရလေတော့သည်။

သူတို့နှစ်ယောက် ထွက်သွားသည်နှင့် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး လဲကျသွားပြီး အသက်ကို မနည်းရှူနေရသည်။ ထို့အပြင် သွေးအိုင်နှင့် ပြန့်ကျဲနေသည့် အရိုးအသားများကို ကြည့်ပြီး ကြက်သီးထ လာပြန်သည်။

“အရူးပဲ၊ မြတ်စွာဘုရား၊ ဒီအရူးက ဘယ်က လာတာလဲ”

“ဒါ တော်တော် အရေးကြီးတဲ့ ကိစ္စပဲ၊ သူ တကယ်ပဲ အရှင်သခင်သုံးယောက်ကို သတ်ချင်နေတာလား”

“…”

ထိတ်လန့်တကြား ပြောလိုက်သံ ထွက်ပေါ်လာပြီးနောက် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတစ်ခုလုံး ပြောင်းလဲမှုကြီး တစ်ခုနှင့် ကြုံရတော့မည်ကို ထိုနေရာမှ သိုင်းပညာရှင်များအားလုံး သိလိုက်ကြသည်။

Chapter 735 မင်းတို့အားလုံး သေစေရမယ်

ကောင်းကင်သိမ်းငှက်ဂြိုဟ်၊ အဆိုပါဂြိုဟ်သည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတွင်း၌ အလွန် နာမည် ကျော်ကြားသော ဂြိုဟ်တစ်လုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဂြိုဟ်ပေါ်၌ ကောင်းကင် သိမ်းငှက်သခင် နေထိုင်သောကြောင့်ပင်။

ကောင်းကင်သိမ်းငှက်သခင်သည် နတ်ဘုရားမျိုးနွယ် လောသခင်လေး၏ အင်အားအကြီးဆုံးသော စစ်သူ ကြီးများထဲမှ တစ်ယောက်ဖြစ်ပြီး ရက်စက်၍ ကောက်ကျစ် စဉ်းလဲသူ ဖြစ်၏။ ထို့အပြင် သူသည် အလွတ် တဏှာရာဂစိတ် ပြင်းပြသူ ဖြစ်သည်။

သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတွင်းရှိ သူ မြင်သမျှ မိန်းမလှ လေးများ အားလုံး သူ၏ ညစ်ညမ်းသော လက်တွင်းသို့ ကျရောက်ခဲ့ကြသည်။ ယခုအခါတွင်လည်း သူ နေ့နေ့ ညည တွေးတော နေသည့် မိန်းမချောလေးကား ခရီနာပင်။

ကြီးမားသော စံအိမ်တော်တွင်း၌ ကောင်းကင် သိမ်းငှက် သခင်သည် လက်ဘက်ရည်ကို ဇိမ်ပြေ နပြေ သောက်၍ သတင်းကို ငြိမ်သက်စွာ စောင့်ဆိုင်း နေသည်။

“ကူးရှန်း ထွက်သွားတာ တော်တော်ကြာနေပြီ၊ သိပ်မကြာခင် သူ သူ့ဆရာကတော်ကို ပြန်ခေါ်လာ တော့မယ် ထင်တယ်”

ခရီနာ၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံး ကိုယ်ပေါက်နှင့် ချစ်စဖွယ်ကောင်းသော မျက်နှာ လေးကို တွေးမိပြီး ကောင်းကင် သိမ်းငှက် သခင်၏ မျက်လုံးများက ရာဂမီးကြောင့် တောက်လောင် လာကာ အောက်ပိုင်း ကလည်း သွေးဆူ၍ ယားယံ လာသလို ခံစားလာရသည်။

ဒေါက်! ဒေါက်! ဒေါက်!

ထိုစဉ် အပြင်ဘက်မှ ခြေသံထွက်ပေါ်လာသဖြင့် ကောင်းကင်သိမ်းငှက်သခင် အပြုံးကြီး ပြုံးလိုက် မိသည်။ သို့သော် အထဲဝင်လာသည့် လူကို မြင်ပြီးနောက် သူ့အပြုံးများ အေးခဲသွားသည်။

“ဟမ်”

“ဖူရူကာဝါ ဘယ်လိုလုပ် မင်း ဖြစ်နေတာလဲ၊ မင်းအစ်ကို ကူးရှန်းရော၊ ဘာလို့ ပြန်မလာ သေးတာလဲ”

ကောင်းကင်သိမ်းငှက်သခင် သံသယစိတ်များ ဖြစ်ပေါ် လာသည်။ ကူးရှန်းသည် သိုင်းပညာရှင် တစ်ဖွဲ့ နှင့်အတူ ထွက်ခွာသွားခြင်း ဖြစ်သောကြောင့် တစ်ဖက်က ပြန်ခုခံလျင် တောင်မှ ခရီနာကို ဖမ်းဆီးမိ လောက်သည်မှာ ကြာမြင့် လောက်ပြီ ဖြစ်သည်။

ဖူရူကာဝါက အခန်းထဲ ဝင်လာပြီးသည်နှင့် ချက်ချင်း ဒူးထောက်၍ အော်ငို၍ တိုင်တန်းလေတော့သည်။

“ဆရာ၊ ကျွန်တော့်အစ်ကို သေသွားပါပြီ”

*ဘာ*

ထိုစကားကြောင့် ကောင်းကင်သိမ်းငှက်သခင် အံ့ဩ သွားကာ လက်ထဲမှ လက်ဘက်ရည် ခွက်သည်လည်း အောက်သို့လွတ်ကျ၍ ကွဲကြေသွား လေသည်။ ထို့နောက် သူက ဖူရူကာဝါ၏ အင်္ကျီစကိုလှမ်းဆွဲ၍ အပေါ်သို့ ဆွဲမြှောက်ကာ ဒေါသတကြီး မေး လိုက်သည်။

“ပြောစမ်း၊ ဘာတွေဖြစ်သွားတာလဲ၊ ကူးရှန်းကို ဘယ်သူ သတ်သွားတာလဲ၊ ခရီနာကရော ဘယ် ရောက် သွားတာလဲ”

ကူးရှန်းသည် ကောင်းကင်သိမ်းငှက်သခင်၏ အကြီးဆုံး တပည့် ဖြစ်သလို အတော်ဆုံးသူလည်း ဖြစ်သည်။ သူ၏ သေဆုံးမှုက ကောင်းကင်သိမ်းငှက် သခင်၏ လူသတ်ချင်စိတ်ကို ဆွပေးလိုက်သလိုပင်။ ပို၍ဆိုးသည်မှာ ခရီနာပါ ပြန်မပါလာသဖြင့် တစ်ခုခု ဖြစ်ခဲ့သည်မှာ သေချာနေလေပြီ။

ထိုအခါ ဖူရူကာဝါက အလျင်အမြန် ပြန်ဖြေ လိုက်သည်။

“ဆရာ၊ ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို ခရီနာကို ဖမ်းဖို့ လိုက်လာဖို့ လှမ်းခေါ်ပါတယ်၊ ကျွန်တော် နည်းနည်းလောက် နောက်ကျသွားခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော် ရောက်သွားတော့ ပြားချပ်နေတဲ့ လူ့အသားတွေနဲ့ အရိုးတွေပဲ တွေ့ပါတော့တယ်”

“အဲ့ဒါကြောင့် ကျွန်တော် လမ်းပေါ်က သိုင်းပညာရှင် တွေကို လိုက်မေးကြည့်လိုက်တော့မှ ကျွန်တော့် အစ်ကိုနဲ့ သူ ခေါ်သွားတဲ့ ကောင်းကင် သိမ်းငှက်ဂိုဏ်းရဲ့ တပည့်အားလုံးကို လူငယ်လေး တစ်ယောက်က သတ်လိုက်တယ်လို့ သိလိုက် ရပါတယ်၊ အရိုးတောင် မကျန်ခဲ့ပါဘူး”

*လူငယ်တစ်ယောက်*

ထိုစကားကြောင့် ကောင်းကင်သိမ်းငှက်သခင် ပို၍ ဒေါသထွက်သွားလေသည်။ သတ်ဖြတ်သူ ဂြိုဟ် နယ်မြေ၌ သူ၏ တပည့်များကို သတ်ရဲသည့် လူရှိနေလိမ့်မည်ဟု ထင်မထားမိချေ။

“အဲ့ကောင်က ဘယ်သူလဲ၊ ဘာလို့ ကူးရှန်းကို သတ်တာလဲ”

ကောင်းကင်သိမ်းငှက်သခင်၏ မျက်နှာက မည်းမှောင် နေ၏။ ဖူရူကာဝါက ဆက်ပြော လေသည်။

“မျက်မြင်သက်သေတွေရဲ့ စကားအရ အဲ့ကောင်နဲ့ ခရီနာက တော်တော်လေးကို ထူးခြားတဲ့ ဆက်ဆံရေး ရှိတယ်လို့ သိရပါတယ်၊ ကျွန်တော့်အစ်ကိုက သူ့ကို အရူးလို့ ပြောလိုက်မိလို့ အသတ်ခံလိုက်ရတာပါတဲ့”

“အခု သူတို့က ဥက္ကာတောင်တန်းကို သွားနေ ပါတယ်”

ထိုစကားက ကောင်းကင်သိမ်းငှက်သခင်၏ ဒေါသကို အဆုံးစွန်ထိ ဆွမိသွားလေသည်။ ခရီနာအား သူ့အပိုင်ဟု သူ အမြဲ မှတ်ယူထားခဲ့သည်။ သို့သော် ယခု ထိုလူငယ်က ခရီနာနှင့် ထူးခြားသော ဆက်ဆံရေးမျိုး ရှိနေသဖြင့် သူ အလွန် ဒေါသူပုန် ထမိသည်။

ထို့နောက် ကောင်းကင်သိမ်းငှက်သခင်က လက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

“လူသတ်သမားကို ဖျက်ဆီးပစ်ဖို့အတွက် ဒီသခင်ကြီးနဲ့ အတူ ဥက္ကာ တောင်တန်းဆီ လိုက်ခဲ့ဖို့ ကောင်းကင် သိမ်းငှက် ဂိုဏ်းရဲ့ တပည့်အားလုံးကို မြန်မြန် အမိန့်ပေးလိုက်”

“ဟုတ်ကဲ့ပါ ဆရာ”

ထို့နောက် ဖူရူကာဝါသည် အခန်းပြင် ပြန်ထွက်၍ တိုက်ပွဲ အတွက် ပြောဆိုလေတော့သည်။ ထွက်သွား သော ဖူရူ ကာဝါကို လှမ်းကြည့်ရင်း ကောင်းကင် သိမ်းငှက်သခင်၏ မျက်လုံးများက ခက်ထန် မာကြောလာသည်။

“ဟိုကောင်၊ မင်း ဘယ်သူပဲ ဖြစ်နေပါစေ၊ မင်းဘာသာမင်း ဘယ်ကနေ လာတာပဲ ဖြစ်နေပါစေ၊ ငါ့တပည့်ကို သတ်လိုက်မှတော့ မင်း သေရမယ်၊ ငါ့အမျိုးသမီးနား ကပ်တဲ့အတွက် မင်း သေကို သေရမယ်”

“မင်းက ယမမင်း ဖြစ်နေရင်တောင်မှ ငါ မင်းကို အလွတ်မပေးဘူး”

….

ထိုအကြောင်းအရာကို ယဲ့ဖန် ရေးရေးမျှ မသိပေ။ သူနှင့် ခရီနာသည် ဥက္ကာတောင်တန်းဆီသို့ ရောက်ရှိနေ ကြသည်။ ဥက္ကာတောင်တန်းသည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၏ ထူးဆန်းထွေလာ နေရာတစ်ခု ဖြစ်သည်။ ကြီးမားသော ဥက္ကာခဲများက တောင်တန်းအဖြစ် တည်ရှိနေသော နေရာ ဖြစ်သောကြောင့် နဂါးတစ်ကောင် လဲလျောင်း နေသည်ဟု ထင်မှတ်မှားရသည်။

လက်ရှိအချိန်၌ ဥက္ကာတောင်တန်းတွင် လူရိပ်များဖြင့် ပြည့်နှက်နေသည်။ ထိုသူများအားလုံးသည် သတ် ဖြတ်သူ ဂြိုဟ်နယ်မြေတွင်းရှိ သိုင်းပညာရှင်များ ဖြစ်ကြလေသည်။

မကြာသေးခင်အချိန်ကပင် ဤတောင်တန်း၌ စကြဝဠာထဲမှ ထိပ်တန်းခန္ဓာကိုယ် ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ပိုင်ရှင်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။

ပျက်သုဉ်းခြင်းစွမ်းအင်များနှင့် ပျက်သုဉ်းခြင်း ခန္ဓာကိုယ်၏ သွေးစက်များက တောင်တန်းအနှံ့သို့ ပျံ့နှံ့သွား ခဲ့လေသည်။

လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအင်အရင်းအမြစ်များကို ခံစားမိသဖြင့် သိုင်းပညာရှင်များသည် ပျက်သုဉ်းခြင်း ခန္ဓာကိုယ်မှ စွမ်းအင်ကို အသုံးချ၍ အဆင့်တက်ချင် နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာ၌ သိုင်းပညာရှင်များနှင့် ပြည့်နှက်နေခြင်း ဖြစ် လေသည်။

ဤနေရာသို့ ရောက်လာသည်နှင့် ယဲ့ဖန်သည် သိုင်းပညာရှင်များကို လိုက်ကြည့်ပြီး မျက်မှောင် ကြုတ် လာသည်။ အထူးသဖြင့် ထိုသိုင်း ပညာရှင်များ ပြောနေသော စကားကိုကြားပြီး သူ၏ မျက်နှာထားက ပို၍ အေးစက်လာ၏။

“ဟဲဟဲ ... ငါ အခု ဒီတောင်ပေါ် ထိုင်နေတုန်း ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ကိုယ်လေးက ဘယ်လောက် စွဲမက်စရာကောင်းလဲ တွေးမိ တယ်ကွ”

“သူက မချောဘူးလို့ ဘယ်သူ ပြောလဲကွ၊ လောသခင်လေး ကတောင် ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ပိုင်ရှင်ကို စွဲလမ်းနေ တာလို့ ကောလာ ဟလ ထွက်နေတာကို၊ သူက အဲ့ကောင်မလေးကို လက်ထပ်ဖို့အထိ စိတ်ကူးယဉ် တာတဲ့လေ”

“ကျစ်ကျစ် ... အဲ့မိန်းမနဲ့သာ ငါ တစ်ခါလောက် ပျော်ပါး လိုက်ရရင် သေပျော်တယ်ကွာ”

“...”

ထိုသိုင်းပညာရှင်များအားလုံး ကောက်ကျစ် စဉ်းလဲကြသည်။ သူတို့၏ လက်တိုင်း၌ သွေးများပင် ပေကျံနေသည်။ သူတို့၌ မည်သည့် သိက္ခာ စောင့်ထိန်းမှုမှ မရှိပင်။

အခြားသော သိုင်းပညာရှင်များကလည်း တောင် တန်း တစ်လျှောက် ဆက်လက် ရှာဖွေနေ ကြသည်။ သူတို့သည် မိမိကိုယ်ကို ဖောက်ခွဲလိုက်သည့် ဖျောင်ကျိုးဝမ်၏ အသွေးအသားနှင့် အရိုးများကို ရှာဖွေနေခြင်း ဖြစ်သည်။ သူမ၏ အသွေးအသား တစ်ခုလောက် ရလိုက်သည်နှင့် မိမိသိုင်းအဆင့်က တစ်ဟုန်ထိုး မြင့်တက်သွားမည် ဖြစ်သည်။

“ဟားဟားဟား … ရိုးတွင်းခြင်ဆီတစ်ခု တွေ့ပြီကွ၊ ငါ အဆင့်တက်နိုင်တော့မယ် ထင်တယ်ဟေ့”

“ငါ သွေးတစ်စက် တွေ့တယ်၊ အားပါးပါး … ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ရဲ့ သွေးက တကယ် ကြောက်စရာ ကောင်းတာပဲ”

“…”

လက်ရှိအချိန်၌ အသွေးအသားနှင့် အရိုးများကို ရှာတွေ့သည့် သိုင်းပညာရှင်တိုင်း ရတနာတစ်ပါး တွေ့လိုက်ရသကဲ့သို့ ပျော်ရွှင်နေကြသည်။

ထိုစဉ် မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ် လာသဖြင့် ဥက္ကာတောင်တန်းတစ်ခုလုံး တုန်ခါ သွားသည်။

“ထွက်သွားမလား အသေခံမလား”

တောင်တန်းပေါ်ရှိ သိုင်းပညာရှင်များအားလုံး အံ့ဩ သွားကြသည်။ သူတို့ လှည့်ကြည့်လိုက် သောအခါ အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင် ရှိသော နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင်ကိုတွေ့ပြီး အားလုံး သရော်ပြုံး ပြုံးလိုက်ကြသည်။

“ခွေးကောင်လေး၊ မင်း ဘာပြောလိုက်တာလဲ၊ ဒီဘိုးဘိုးကြီးကို ထပ်ပြောပြစမ်း”

“နိမ့်ကျတဲ့ ပုရွက်ဆိတ်လိုကောင်ကများ ဘယ်ကို လာဒေါပွ နေတာလဲ၊ မင်း ထပ်ပြောရဲ ပြောကြည့်လိုက် မင်းကို ပျက်သုဉ်းခြင်း ခန္ဓာကိုယ်လို ပေါက်ကွဲပြီး သေအောင် လုပ်လိုက်မယ်”

“…”

သိုင်းပညာရှင်တိုင်းက ယဲ့ဖန်ကို မကြည်ကြည့် ကြည့်နေကြသည်။ သူတို့စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ပြုံးလိုက်သည်။

“ငါ မင်းတို့ကို သေစေချင်တယ်”

“မင်းတို့က ဉာဏ်ပညာ ပွင့်လင်းအောင် သူ့ရဲ့ အသွေးအသားကို အသုံးချချင်မှတော့ ငါကလည်း မင်းတို့ အသွေးအသားကို သုံးပြီး အထိမ်းအမှတ် ကျောက်တိုင်အဖြစ် လုပ်ပေးမယ်”

*ဘာ*

ယဲ့ဖန်၏စကားကြောင့် အားလုံး အံ့အားသင့် သွားပြီးနောက် ဟားတိုက်ရယ်မောကြလေသည်။ လူတိုင်းက အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ လှောင်ပြောင်ကြသည်။

ထိုစဉ် ယဲ့ဖန်က အင်္ကျီလက်ကိုလှုပ်၍ အဖြူရောင် အမွေးများကို ထုတ်ဖောက်လိုက်သောကြောင့် မည်သူမျှ မရယ်နိုင်တော့ပေ။

ထိုအမွေးသည် သာမန် အဖြူရောင်အမွေး မဟုတ်ဘဲ သေမင်းနတ်ဘုရား၏ တံစဉ်များဖြစ်သည်ဟု ထင်မှတ်မိကာ အားလုံး အရိုးထဲအထိ ချမ်းစိမ့်လာပြီး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။ တောင်ပေါ်ရှိ သိုင်းပညာရှင်များထံသို့ အဖြူရောင်အမွေးများ ကျလာသောအခါ လူတိုင်း လိပ်ပြာလွင့်မတတ် ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ လေတော့သည်။

စာစဉ် ၄၉ ဤတွင် ပြီးပါပြီ။

All Chapters