အခန်း (၇၃၆-၇၃၈)
Vol. 50 Ch. 736-738
Chapter 736 တစ်ယောက်ယောက်တော့ ရှင်းမှရမယ်
ဝှစ်! ဝှစ်! ဝှစ်!
အဖြူရောင် အမွေးများသည် ရုတ်တရက် လေထဲသို့ ထိုးတက်သွားပြီးနောက် ပါးလျသော ကြိုးရှည်များ အဖြစ် ချိတ်ဆက်သွားသည်။ ထို့နောက် ကြီးမား သော အဖြူရောင် ပိုက်ကွန်တစ်ခုအဖြစ် အသွင် ပြောင်းသွားကာ တောင်တစ်ခုလုံးအား လွှမ်းခြုံ သွားသည်။
ထိုပိုက်ကွန် ဖုံးအုပ်လာချိန်တွင် သိုင်းပညာရှင်များ၏ အသားများ ပေါက်ပြဲသွားသံနှင့် အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သိုင်းပညာ ရှင်တိုင်းသည် ပိုက်ကွန်ဖြင့် ဖြတ်တောက်ခံ ရသောကြောင့် အသားတုံးများ ဖြစ်ကာ အောက်သို့ တဘုတ်ဘုတ် ပြုတ်ကျလာသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့် သွားကြသည်။
“ဒါ … ဒါ ဘာကြီးလဲ”
“မြတ်စွာဘုရား၊ ဒီလူတွေက ပိုက်ကွန်ကြီး တစ်ခုကြောင့် တစ်စစီ ဖြစ်သွားတာတဲ့လား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ထိပ်တန်းရတနာ၊ ဒါ … ဒါက ထိပ်တန်း ရတနာပဲ”
“…”
သိုင်းပညာရှင်တိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ အားလုံး ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် လူတစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာကျော် စသည်ဖြင့် လူပေါင်းများစွာ တစ်စစီ ဖြစ်သွားပြီး ပိုက်ကွန်ဖြူက သိုင်းပညာရှင် များအား အသားကြိတ်စက်သဖွယ် သတ်ဖြတ် နေလေသည်။
“မလုပ်နဲ့”
အလန့်တကြား အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ သိုင်းပညာရှင်များသည် မသေဆုံး ခင်အထိ ပိုက်ကွန်ဖြူအား မိမိတို့၏ အပြင်းဆုံးတိုက်ကွက်များဖြင့် တိုက်ခိုက်ကြသည်။
သို့သော် ထိုပိုက်ကွန်ကြီးသည် အလွန်တရာ မာကျောလှသည်။ သိုင်းပညာရှင်များ မည်မျှ တိုက်ခိုက်ပါစေ ပိုက်ကွန်က တစ်စက်ကလေးမျှ ကျိုးပဲ့မသွားချေ။
နောက်ဆုံးသော သိုင်းပညာရှင်တစ်ယောက် အော်ဟစ်ရင်း သေဆုံးသွားပြီးနောက် ဥက္ကာ တောင်တန်း တစ်ခုလုံး ဗလာနတ္ထိ ဖြစ်သွား လေသည်။ တောင်တန်းတစ်ခုလုံး၌ အသားစများ ပြန့်ကျဲနေပြီး ရဲရဲနီသော သွေးစက်များက မြစ်သဖွယ် စီးဆင်းနေ၏။
ခရီနာသည် သွေးရောင်လွှမ်းနေသည့် တောင် တန်းနှင့် အလောင်း အစအနများကိုကြည့်ပြီး ရင်တုန် နေသည်။
မိစ္ဆာ။
သူမသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း ထိုစကားလုံး နှစ်လုံးကသာ သူနှင့် အလိုက်ဖက်ဆုံး ဖြစ်သည်ဟု ခံစားမိ လိုက်သည်။
ယဲ့ဖန်သည် ထိုအလောင်းများကို လျစ်လျူရှု ထားသည်။ ဤအလောင်းများက သူမအတွက် သူ ယဇ်ပူဇော်ထားသည့် အရာများဟုသာ မှတ်ယူ ထားလေသည်။
သူသည် တောင်ထိပ်ပေါ်သို့ တစ်လှမ်းချင်း တက် သွားပြီးနောက် တင်ပုလ္လင်ချိတ်၍ ထိုင်ချ လိုက်သည်။ ထို့နောက် သူ့အတွေးထဲသို့ သွေးမျိုးဆက် အပိုင်း အစထဲမှ မြင်ကွင်းများ ဝင်ရောက်လာသည်။
“ဝမ်အာ”
ယဲ့ဖန် အလွန် ရင်နာရသည်။ သူမ ရင်နာစွာ အော်ဟစ်နေရသည်ကို သူ မြင်ယောင်နေမိသည်။ သူမနှင့် သူ သည်းခြေပျက်မတတ် တွေ့ချင်မိသည်။
သုံးလ၊ ကလေးဘဝ၏ သုံးလတာမျှ အချိန်က တစ်ဘဝလုံးစာ စွဲလမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဂီတပွဲလေးကို ယဲ့ဖန် မှတ်မိနေပါသေးသည်။ “မောင်ငယ်လေး မင်း အစ်မကို တကယ် ထားသွားတော့မလိုလား” ဟူသည့် ရင်ကွဲမတတ် အော်သံလေးကို သူ မှတ်မိနေဆဲပင်။
သူမသည် ရိုးသားသည်၊ ကြင်နာတတ်သလို အစွဲ အလမ်းလည်း ရှိသည်။ ဖျောင်ကျိုးဝမ်ထံမှ မည်သည့် အားနည်းချက်ကိုမှ ယဲ့ဖန် ရှာမတွေ့ပေ။
ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ သူမ အလွန် အစွဲအလမ်းကြီးခဲ့သည်။ ကလေးဘဝမှ အချစ်တစ်ခု အတွက်နှင့် သူမသည် ကမ္ဘာကျော် အနုပညာရှင်ဖြစ်လာရန် အလုပ်ကြိုးစားခဲ့သလို ပညာလည်း ကြိုးစားခဲ့သည်။ ဤအခြင်းအရာများက သူ့ကို ရှာနိုင်ရန်အတွက်သာ ဖြစ်လေသည်။
“ကောင်မလေး ငါ တောင်းပန်ပါတယ်”
ယဲ့ဖန် ခါးသက်စွာ ပြုံးလိုက်မိသည်။ သူမအပေါ် သူ ဘဝတစ်သက်စာ အကြွေးတင်နေလေပြီ။ ယဲ့ဖန် အတိတ်ကို ပြန်အမှတ်ရနေချိန်တွင် ရုတ်တရက် ဥက္ကာတောင်တန်းတစ်ခုလုံး ဆင့်ကဲ ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။
တောင်တန်းမှနေ၍ သွေးအလင်းတန်းများ ထွက်ပေါ်လာပြီး သွေးစက်များနှင့် ရိုးတွင်း ခြင်ဆီများက လေထဲသို့ ဖြည်းဖြည်းချင်း မြောက်တက်လာ၏။
ထိုသွေးစက်များနှင့် ရိုးတွင်းခြင်ဆီများက သူ့အား နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေသကဲ့သို့ စိတ်လှုပ်ရှား နေဟန်ဖြင့် တုန်ယင်နေသည်။
“ဝမ်အာ …”
ယဲ့ဖန် ထိတ်လန့်သွားသည်။ သူသည် မျောလွင့် နေသော သွေးစက်များနှင့် ရိုးတွင်းခြင်ဆီများကို ကြည့်ပြီး တုန်လှုပ်လာသည်။ ဤသည်က မိုက်ရူးရဲ ဆန်လှသည့် မိန်းကလေး၏ အစွဲအလမ်း ကြီးသော စိတ်ဝိညာဉ်မှန်း သူ သိနေသည်။ လတ်စသက်တော့ သူမက သေသွားသည့်တိုင်အောင် သူ့ကို စောင့်မျှော် နေရှာတာပါတကား။
ယဲ့ဖန်သာမက တောင်ခြေ၌ ရှိနေသည့် ခရီနာပါ ထိတ်လန့်သွားရသည်။ သူမ ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် သွေးစက်များနှင့် ရိုးတွင်း ခြင်ဆီများက တဖြည်းဖြည်း ပေါင်းစပ်လာပြီး ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ပုံရိပ်ယောင်ထဲမှ မိန်းမပျိုလေးကိုကြည့်ပြီး ခရီနာပင် အိပ်မက်မက်နေသည်ဟု ခံစားမိသွားလေသည်။ ထိုမိန်းကလေးသည် တစ်လောကလုံး၌ အလှဆုံး မိန်းမပျိုလေး ဖြစ်သလို အရူးမိုက်ဆုံး မိန်းကလေး လည်း ဖြစ်ပေသည်။
“မောင်ငယ်လေး …”
ထိုစဉ် ဝမ်အာ၏ ရုပ်သွင်လေး ထွက်ပေါ်လာပြီး ယဲ့ဖန်ကို ငေးကြည့်ကာ ပြုံးနေလေသည်။ သူမသည် ယဲ့ဖန်အား တစ်ဘဝလုံး ချစ်ရသူကို ကြည့်သကဲ့သို့ ကြည့်ကာ မျက်ရည်များ စီးကျလာသည်။
“မောင်ငယ်လေး၊ ဝမ်အာ မင်းကို နောက်ဆုံးအထိ စောင့်နေတာ”
“ဝမ်အာက မောင်ငယ်လေးကို စောင့်နေတုန်းပဲ၊ ဝမ်အာ မင်းအတွက် နောက်ဆုံးအကြိမ် သီချင်းဆိုပြီး ကပြချင်တယ်၊ မင်းအတွက်၊ မင်းတစ်ယောက် တည်းအတွက်ပဲနော်”
ထိုသို့ပြောပြီးနောက် ဝမ်အာ၏ပုံရိပ်လေးက ငိုကြွေး ရယ်မောရင်း သီဆိုကခုန်လေသည်။ သူမသည် စကြဝဠာတစ်ခုလုံး၏ နတ်သမီးကဲ့သို့ လှပ စွဲမက်ဖွယ် ကောင်းနေဆဲပင်။
“သုံးလတာ”
“သူ”
ထိုသီချင်းများသည် ယဲ့ဖန်အတွက် ရေးထား ခြင်းဖြစ်ပြီး ယဲ့ဖန်အတွက် ကခုန်ခြင်း ဖြစ်သည်။ လှပသော မိန်းမချောလေးက ဝမ်းနည်းစွာ ငိုကြွေး နေသည်။ ထိုအချိန်မှာပင် တောင်ခြေ၌ ရှိနေသည့် ခရီနာသည်လည်း လိုက်ပါ ငိုကြွေးမိနေ၏။
ဤလောက၌ ထိုသို့ စွဲလမ်းလွန်းသော မိန်းကလေး တစ်ယောက် ရှိနေလိမ့်မည်ဟု သူမ မယုံနိုင်ခဲ့ပေ။ သူမက သေသွားခဲ့တာတောင်မှ သူမ၏ စိတ်ဝိညာဉ် အကြွင်းအကျန်လေး ကျန်ရစ်ခဲ့ပြီး သူ့အတွက် သီဆို ကခုန် နေရှာသည်။
“မောင်ငယ်လေး …”
ထိုစဉ် ဝမ်အာ၏ ပုံရိပ်လေးက ယဲ့ဖန်ကို ငေး ကြည့်ကာ မျက်ရည်များက မိုးစက်သဖွယ် စီးကျ လာပြီး ဝမ်းနည်းစွာ စကားဆိုလာသည်။
“ဝမ်အာ တကယ်ပဲ ပြန်သွားချင်တယ်၊ အဲ့ဒီ သုံးလတာ အချိန်ကာလကို ဝမ်အာ တကယ် ပြန်သွားချင်မိတယ်”
“မင်းနဲ့ သေအတူ ရှင်မကွဲ ထာဝရ နေချင်တယ်”
“မင်းနဲ့အတူ ပူလောင်မှုတွေကို မျှဝေခံစားချင်တယ်၊ မင်းနဲ့အတူ ထမင်းလက်ဆုံစားချင်တယ်၊ မင်းနဲ့အတူ ဆင်းရဲလည်း အတူနေချင်ပြီးတော့ မင်းနဲ့အတူ ငိုကြွေးချင်တယ်၊ မင်းနဲ့ … မင်းနဲ့ … ငါ အမြဲ မင်းနဲ့အတူ ရှိနေချင်တယ်”
“စိတ်မကောင်းဘူး မောင်ငယ်လေး၊ ဝမ်အာ တကယ် တောင်းပန်ပါတယ်၊ ဝမ်အာ မောင်ငယ်လေး မရှိတဲ့ နေရာတစ်ခုကို တစ်ယောက်တည်း ခရီးရှည် ထွက်ရတော့မယ်”
ထို့နောက် လေထုထဲမှ ဝမ်အာ၏ နောက်ဆုံးသော စိတ်ဝိညာဉ် အပိုင်းအစလေးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမက ယဲ့ဖန်အား တစ်ဘဝလုံးစာ ချစ်ရသူကို ကြည့်သကဲ့သို့ ကြည့်ကာ ဝမ်းနည်းစွာ ငိုကြွေး၍ ရေရွတ်လေသည်။
“တကယ်လို့ နောက်ဘဝဆိုတာ ရှိခဲ့ရင် မင်းနဲ့အတူ ရှိနေချင်တယ်”
ထိုစကားအဆုံး၌ သူမက ယဲ့ဖန်အား မခွဲချင်ဟန်ဖြင့် လွမ်းဆွတ်တသစွာ ကြည့်နေပြီးနောက် ဝမ်အာ၏ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားလေတော့သည်။
“ဝမ်အာ …”
ထိုအခိုက်တွင် ယဲ့ဖန် ရူးမတတ် အော်ဟစ် လိုက်မိသည်။ သူ၏မျက်လုံးထဲမှ သွေးမျက်ရည်များ စီးကျလာသည်။ ရူးသွပ်မှုကြောင့် လူတစ်ကိုယ်လုံး ဆောက်တည်ရာမရ ဖြစ်နေ၏။
“မင်း ငါ့အတွက် သေခဲ့ရသလို ငါကလည်း မင်းကို ငါ့အတွက် အသက်ရှင်စေချင်တယ်”
“ငါ မင်းကို ဒီနေ့ အသက်ပြန်မသွင်းနိုင်ပင်မယ့်၊ ငါ မင်းကို သွားခွင့်မပေးနိုင်ဘူး”
“ငါ မင်းကို အသက်ရှင်စေချင်တယ်ဆိုရင် ဘယ်သူက မင်းကို သေခိုင်းရဲသလဲ”
ယဲ့ဖန်၏ ရင်ကွဲမတတ် အော်ဟစ်သံအဆုံး၌ ဥက္ကာ တောင်တန်းတစ်ခုလုံး တုန်ယင်လာကာ အက်ကွဲ ရာများ ပေါ်ထွက်လာသည်။ တောင်တစ်ခုလုံး ပြိုကျ၍ မြေကြီးများ အက်ကွဲလာမည်ဟု ထင်မှတ် မှားရသည်။
ယဲ့ဖန်ထံမှ ထိတ်လန့်ဖွယ် စွမ်းအင်များ ပျံ့လွင့်လာသည်။ ထို့နောက် သူသည် လက်တစ်ဖက် ကိုမြှောက်၍ ဝမ်အာ၏ နောက်ဆုံးသော စိတ်ဝိညာဉ် အကြွင်းအကျန်ကို တင်းနေအောင် ဖမ်းဆုပ် ထားလိုက်သည်။
ဤသည်မှာ မြေကိုအစိုးရသော နတ်မင်းကို ဆန့်ကျင်၍ ဘဝသံသရာစက်ဝန်းကို ဖျက်ဆီးလို က်သလိုပင်။ ဝမ်အာ၏ စိတ်ဝိညာဉ်ကို ဖမ်းဆုပ် ပြီးနောက် ရုတ်တရက် အဖြူရောင် အလင်းတန်း အသွင် ပြောင်းသွားပြီး ယဲ့ဖန်၏ ရင်ဘတ်ထဲသို့ ဦးတည်လာသည်။
“ကောင်မလေး၊ ကောင်းကောင်းအိပ်နေပါ၊ ငါ အသက်ရှင်နေသေးသရွေ့ မင်း မသေစေရဘူး”
ယဲ့ဖန်၏စကားသံအဆုံး၌ အဖြူရောင် အလင်း တန်းသည် ယဲ့ဖန်၏ ရင်ဘတ်ထဲသို့ ရုတ်တရက် ဝင်ရောက် ပျော်ဝင်သွားကာ တဖြည်းဖြည်း ပျောက် ကွယ်သွားသည်။
ထိုအခါတွင်မှ ယဲ့ဖန်သည် ခပ်လှမ်းလှမ်းမှ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေကို စူးစိုက်ကြည့်၍ သွေးဆာနေဟန်ဖြင့် ပြုံးလိုက်သည်။
“ဒီမြေမှာ လူတွေ များနေတယ်၊ တစ်ယောက် ယောက်တော့ ရှင်းပစ်မှ ရမယ်”
Chapter 737 ဒီလာပြီး အသေခံစမ်း
သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၌ အရှင်သခင် သုံးယောက် ရှိသည်။ ပထမတစ်ယောက်မှာ နတ်ဘုရား မျိုုးနွယ်မှ လောသခင်လေး ဖြစ်သည်။
ယခုခေတ်အခါ၌ လောဝူကျိအား နတ်ဘုရား မျိုးနွယ်မှ နတ်ဘုရားသားတော်အဖြစ် သတ်မှတ် ထားလျင် ယခင်မျိုးဆက်၏ နတ်ဘုရားသားတော်မှာ လောလောင်ရှင်းပင် ဖြစ်လေသည်။
ယခင်မျိုးဆက်မှ နတ်ဘုရားသားတော်ဖြစ်သော လောလောင်ရှင်းသည် အလွန် အင်အား ကြီးမား သည်။ ယခင်ခေတ်အခါက သူသည် မျိုးနွယ်သုံးခု၏ လူငယ်မျိုးဆက်မှ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။
သူသည် အနိုင်မခံ အရှံးမပေးတတ်သော စိတ်ရှိပြီး အဆင့်တူသူများကို ဖိနှိပ်နိုင်သည်။ သူ့လက်ထဲ၌ သေဆုံးခဲ့ရသော လူငယ်ပါရမီရှင်များ မရေတွက် နိုင်ပေ။
ထို့ကြောင့် နှစ်အတော်ကြာပြီးနောက် သူ၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ ဒေါသထွက်လာသည်နှင့် မည်သည့်အရာမျှ အသက်မရှင်နိုင်ပေ။ လောလောင်ရှင်းနှင့် အဆင့်တူ ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက် အနည်းငယ်မျှသာ ရှိလောက်သည်။ ထိုသူများကိုလည်း လောလောင် ရှင်းက အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။
လက်ရှိအချိန်၌ လောလောင်ရှင်း နတ်ဘုရားစံအိမ်၌ လောလောင်ရှင်းသည် ပန်းချီကားချပ်ရှေ့ ငြိမ်သက် စွာ မတ်တပ်ရပ်ကာ သက်ပြင်းချနေသည်။
ထိုပန်းချီကားချပ်သည် ပြိုင်ဘက်ကင်း လောက် အောင် လှပသည့် မိန်းကလေး တစ်ယောက်၏ ပုံပင် ဖြစ်သည်။ သူမသည် ကောင်းကင်ဘုံမှ ဆင်းသက် လာသည်ဟု ထင်မှတ်မှား ရလောက်အောင် လှပ၍ သေမျိုးများအား မစားနိုင် မသောက်နိုင်သည်အထိ ဆွဲဆောင်နိုင်သည်။
“ဝမ်အာ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ”
လောလောင်ရှင်းသည် ပန်းချီကားချပ်အား အရူးအမူး တပ်မက်စိတ်များဖြင့် ကြည့်နေသည်။
“မင်း သိလား၊ ငါ မင်းကို စတွေ့ကတည်းက သဘောကျ မိသွားတာ”
“မင်းက ငါ့ကို အထင်ကြီးအောင်လုပ်နိုင်တဲ့ ပထမဆုံး မိန်းကလေးပဲ၊ ပြီးတော့ ငါ ဘယ်တော့မှ အပိုင်မ သိမ်းနိုင်တဲ့ ပထမဆုံး မိန်းကလေးပဲ”
ထိုသို့ပြောပြီးနောက် လောလောင်ရှင်း၏ မျက်လုံး များက အေးစက်လာသည်။
“အဲ့ဒီကောင်က မင်းအတွက် အဲ့လောက်တောင် အရေးပါလား”
“မင်း သူ့အတွက်နဲ့ သတ်ဖြတ်သူဂြိုဟ်နယ်မြေကို ခြေချခဲ့တယ်”
“မင်း သူ့အတွက်နဲ့ အဆင့်တက်အောင် အသည်း အသန် ကြိုးစားခဲ့တယ်”
“မင်းက သူ့အတွက်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေခဲ့တယ်”
ထိုသို့ပြောနေချိန်တွင် လောလောင်ရှင်း၏ မျက်နှာ၌ မနာလိုဝန်တိုစိတ်များ ထင်ဟပ်လာ၏။ သူ ထိုလူကို မုန်းတီးသည်။ ထိုလူအဖြစ် သူသာ ဖြစ်လိုက် ချင်နေသည်။ ဖျောင်ကျိုးဝမ်နှင့် မိတ်ဆွေဖြစ်ခွင့်သာ ရမည်ဆိုပါက သူ ထိုသို့လုပ်ချင်စိတ် ရှိပါသည်။
“ကောင်းပြီလေ၊ ဝမ်အာ မင်း သူ့ကို ဒီလောက် ချစ်နေမှတော့ သူ အသက်ပြန်ရှင်လာရင်တောင်မှ ငါ သူ့ကို မင်းနဲ့ အဖော်လုပ်ပေးဖို့ လွှတ်လိုက်မယ်”
လောလောင်ရှင်းသည် တစ်ခါမှ လူတစ်ယောက်ကို သတ်ချင်စိတ် မပြင်းပြဖူးချေ။ ယခုအချိန်၌ ထိုသူ အသက်ရှင်နေတာက ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။ သို့မှသာ ထိုလူကို သူ အနိုင်ပိုင်း၍ သတ်ဖြတ်နိုင်မည် ဖြစ်ပေသည်။
ဖျောင်ကျိုးဝမ်၏ ဝိညာဉ်ရှေ့၌ ထိုသူအား အကြိမ်ပေါင်းများစွာ သတ်ဖြတ်ပြချင်သည်။ သို့မှသာ သူသာလျင် သူမအချစ်နှင့် ထိုက်တန်သောသူ ဖြစ်သည်ဟု သတ်သေပြနိုင်ပေမည်။
“နတ်ဘုရားမျိုးနွယ်က လောလောရှင်း၊ ထွက်လာပြီး အသေခံစမ်း”
ထိုမိုးခြိမ်းသံကဲ့သို့သော အော်သံက လောင်ရှင်းဂြိုဟ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ဂျွတ်! ဂျွတ်!
ထိုအော်သံအဆုံး၌ လောင်ရှင်းဂြိုဟ်တစ်ခုလုံး၏ မြေဆီလွှာများ ပက်ကြားအက်လာသည်။ ထို့အတူ ဂြိုဟ်ပေါ်ရှိ သက်ရှိများအားလုံး ထိုအော်သံကြောင့် ထိတ်လန့်သွားကြသည်။
ထို့နောက်တွင်မူ လောလောင်ရှင်း ဦးဆောင်သော နတ်ဘုရား အရှင်သခင်အဆင့်များ၊ နတ်ဘုရင် အဆင့်များက သုန်မှုန်နေသော မျက်နှာထားများဖြင့် လေထဲသို့ တက်လာသည်။
လောလောင်ရှင်းက လူသတ်ချင်နေဟန်ဖြင့် ကြုံးဝါး လိုက်သည်။
“ဘယ်ကောင် သေချင်နေတာလဲကွ”
လောလောင်ရှင်း၏ မျက်နှာက အလွန် သုန်မှုန်နေသည်။ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၌ သူ့ကို ရန်လာစရဲသည့် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။
လောလောင်ရှင်း၏ စကားကြောင့် နတ်ဘုရား မျိုးနွယ် သိုင်းပညာရှင်တစ်ယောက်က ရုတ်တရက် လူသတ်လိုသော အမူအရာဖြင့် ပြန်ဖြေလာသည်။
“အရှင် အသံက ဥက္ကာတောင်တန်းဘက်ကနေ လာတာပါ”
*ဥက္ကာတောင်တန်းလား*
*ဒါ ဝမ်အာ သေသွားတဲ့မြေပဲ*
ဤသို့တွေးမိပြီးနောက် လောလောင်ရှင်း၏ မျက်လုံးများက အေးစက်လာပြီး ချက်ချင်း အမိန့်ပေး လိုက်သည်။
“သွားကြမယ်”
ထိုစကားအဆုံး၌ တစ်ထောင်နီးပါးရှိသော သိုင်းပညာရှင် များသည် ဥက္ကာတောင်တန်း ရှိရာ ဘက်သို့ တစ်ယောက်ပြီး တစ်ယောက် ဦးတည် ထွက်ခွာလာကြသည်။
….
တစ်ချိန်တည်းမှာပင် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၏ နေရာတစ်ခု၌ အလောင်းတောင်တစ်ခု ရှိလေသည်။ ထိုတောင်သည် လူသေအလောင်းများကြောင့် တောင်တစ်ခုကဲ့သို့ ဖြစ်လာခြင်းဖြစ်ပြီး မိုးထိမတတ် မြင့်မားသည်။
အလောင်းများမှာ နတ်ဘုရား မျိုးနွယ်များ၏ အလောင်းများ၊ အင်မော်တယ်မျိုးနွယ်များ၏ အလောင်းများနှင့် နတ်ဆိုးများ၏ အလောင်းများဖြင့် ပြည့်နှက်နေသည်။ ထိုအလောင်းများသည် မသေခင် အချိန်က ကြောက်စရာ ကောင်းသော တစ်စုံ တစ်ရာနှင့် ကြုံတွေ့ခဲ့ရပုံပေါ်ပြီး ယခုအခါတွင် အားလုံး သေဆုံးကာ အလောင်းများက ပုံနေ လေသည်။
ထိုစဉ် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတစ်ခုစာနီးပါး ရှိသည် မိကျောင်းအိုကြီးတစ်ကောင်က အလောင်း တောင်ရှေ့၌ လဲလျောင်း၍ အရူးအမူး စားသောက် နေသည်။ သူ၏ သွေးများပေကျံနေသော ပါးစပ်ကြီးကို တစ်ခါဟလိုက်တိုင်း အလောင်း တစ်ရာကျော်မျှကို တစ်ခါတည်း ဝါးမျိုလိုက် နိုင်သည်။
၎င်း၏ချွန်ထက်သော အစွယ်များက အလောင်း များကို တဂျွတ်ဂျွတ် ဝါးစားနေ၏။ ၎င်း၏ပါးစပ်မှ စီးကျလာသော သွေးများသည် မြစ်သဖွယ် စီးဆင်းလျက် ရှိသည်။
ဤမြင်ကွင်းအား သာမန်လူများ မြင်သွားပါက အသက်ထွက်မတတ် ကြောက်လန့် သွားလောက် သည်။ ထိုမိကျောင်းကြီးသည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှ သွေးမိကျောင်းဘိုးဘေး ဖြစ်သည်။
သွေးမိကျောင်း ဘိုးဘေး စားသောက်နေစဉ်တွင် နတ်ဘုရား အရှင်သခင်အဆင့် သိုင်းပညာရှင် တစ်ယောက်က အလျင်အမြန် ပြေးလာသည်။
ထိုလူသည် သိုင်းပညာရှင်ပင် ဖြစ်သော်လည်း အလောင်းတောင်ကို မြင်တိုင်း အမြဲ ကြက်သီးထ မိသည်။ ထို့အပြင် မိကျောင်းသခင်ကြီး သေသွား သည့် သတင်းဆိုးအား ပြောရမည်ကို တွေးမိပြီး မျက်နှာ ဖြူရော်လာသည်။ ထို့နောက် သူသည် သွေးမိကျောင်း ဘိုးဘေးရှေ့၌ ဒူးထောက် လိုက်သည်။
“ဘိုးဘေးကြီး၊ မိကျောင်းသခင်ကြီး … သေသွားပါပြီ”
ထိုစကားကြောင့် သွေးမိကျောင်း ဘိုးဘေး စားသောက်နေရာမှ တစ်ခါမျှ ရပ်သွားသည်။ ထို့နောက် ချက်ချင်း ပါးစပ်ပြန်ဟ၍ အလောင်း တောင်မှ အလောင်းများကို ဆွဲယူ စားသောက် ပြန်သည်။
ဝါးစားသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုအသံ ထွက်ပေါ်လာတိုင်း ထိုသိုင်းပညာရှင် ချွေးပြန် လာလေသည်။
ထိုသိုင်းပညာရှင်သည် နှလုံးပေါက်ထွက်မတတ် စိုးရိမ်နေ၏။ တစ်နာရီကြာပြီးနောက် အလောင်း တောင်မှ အလောင်းတစ်ဝက်မျှ ကုန်သွားပြီး သွေးမိကျောင်း ဘိုးဘေးသည် ဗိုက်ပြည့်သွား ပုံရလေသည်။ ထို့နောက် မီးဝင်းဝင်း တောက် နေသော မျက်လုံးများဖြင့် ထိုသိုင်းပညာ ရှင်ကို ပြန်လှည့်ကြည့်လာသည်။
“ဘယ်သူ သတ်လိုက်တာလဲ”
သူ၏အသံက အရေးမကြီးဟန်ဖြင့် ခပ်ပေါ့ပေါ့လေသံ ပေါက်နေ၏။ သေသွားသည့်သူက သူ၏ သားမဟုတ်ဘဲ သူစိမ်းတစ်ယောက်ဟုပင် ထင်မှတ် ရသည်။ သို့သော် သွေးမိကျောင်း ဘိုးဘေးက ပိုသွေးအေးလေ ထိုသိုင်းပညာရှင် ပိုကြောက်လေ ဖြစ်သည်။ သို့သော်ငြားလည်း သူသည် အားတင်း၍ ပြန်ပြောလိုက်သည်။
“ဘိုးဘေး၊ မိကျောင်းသခင်ကြီးကို သတ်လိုက် တဲ့လူက လူငယ်တစ်ယောက်ပါပဲ၊ သူက အနက် ရောင် ဝတ်စုံကို ဝတ်ထားပြီးတော့ ဆံပင် အဖြူရောင် ရှိပါတယ်၊ အခု ကျွန်တော် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေထဲ ရောက်လာတော့ သူ့ကို ဥက္ကာ တောင်တန်းဘက်မှာ တွေ့လိုက်ရပါတယ်”
သူ့သားကို သတ်လိုက်သည့်လူက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမည်ဟု ထင်မထား သဖြင့် သွေးမိကျောင်းဘိုးဘေး တစ်ခဏမျှ မှင်တက် သွားသည်။ ထို့နောက် သူက ပါးစပ်ဟ၍ တစ်ခုခုပြောရန် ပြင်လိုက်သည်။ ထိုစဉ် မိုးခြိမ်းသံ ကဲ့သို့ သောအသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။
“သွေးမိကျောင်းဘိုးဘေး ဒီလာပြီး အသေခံစမ်း”
ထိုအသံသည် ဂြိုဟ်နယ်မြေအနှံ့သို့ ထိုးဖောက်၍ ဤသို့ ပျံ့လွင့်လာပုံရသည်။ ထိုအသံကြောင့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် တုန်လှုပ်ကာ နောက်ဆုတ်သွားရသည်။ ထိုအသံလှိုင်းကြောင့် တစ်ဝက်မျှ ကျန်နေသည့် အလောင်းတောင် ကြီးသည်လည်း ပေါက်ကွဲသွားလေ၏။ အလောင်း တောင်ကြီး ပေါက်ကွဲသွားပြီးနောက် ထိုနေရာ၌ သွေးအိုင်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
“သူပါပဲ ဘိုးဘေး၊ မိကျောင်းသခင်ကြီးကို သတ်လို က်တာ သူပဲ”
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အံ့ဩနေသည်။ လူသတ်သမားက ဤမျှ အရူးထလိမ့်မည်ဟု သူ ထင်မထားမိချေ။
ထိုလူသည် မိကျောင်းသခင်ကြီးကို သတ်ရုံသာမက သွေးမိကျောင်းဘိုးဘေးကိုပါ ရန်စရဲနေ၏။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ပေသည်။
“စိတ်ဝင်စားစရာပဲ၊ တကယ် စိတ်ဝင်စားစရာပဲ”
သွေးမိကျောင်းဘိုးဘေးသည် နှစ်ပေါင်းများစွာ လူသတ်ခဲ့ဖူးသည်။ သို့သော် ဤမျှရဲတင်းသော လူမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ထို့နောက် သူက ကျောချမ်းဖွယ်ကောင်းလောက်အောင် ပြုံးလာသည်။
“သွားမယ်၊ အဲ့အကောင်ရဲ့ အသားကို မြည်းစမ်း ကြည့်ရမယ်”
သွေးအိုင်ကြီးမှ သွေးများ စီးဆင်းနေသလို သွေးမိကျောင်း ဘိုးဘေး၏ ခန္ဓာကိုယ်ကြီး သည်လည်း ဖျတ်ခနဲ ပျောက်ကွယ် သွားလေ တော့သည်။
Chapter 738 သေလမ်းသွားဖို့ အသင့်ပြင်ထားကြ
အကေရှား နတ်သမီး၊ သူမသည် အလွန် မှင်တက် စွဲမက်ဖွယ်ကောင်းသော အမျိုးသမီး ဖြစ်သည်။ သူမသည် အလွန် ကာမဂုဏ်လိုက်စား၍ သူမ၏ ညှို့ဓာတ်ကြောင့် နာမည်ကြီးသူ ဖြစ်ပေသည်။
လောက၌ သူမ မသိမ်းပိုက်နိုင်သည့် အမျိုးသားဟူ၍ မရှိသလို သူမ နှစ်သက်သဘောကျသူတိုင်း သူမ ခြေဖဝါးအောက် ကျရောက်စမြဲဖြစ်သည်ဟု ဆိုကြ သည်။
သို့သော် ဤလှပချောမော၍ ရမ္မက်ကြီးသော နတ် သမီးသည် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၏ သုံး ယောက်မြောက် အရှင်သခင် ဖြစ်သည်။
လက်ရှိအချိန်တွင် အကေးရှားဂြိုဟ်ပေါ်ရှိ စံအိမ် တစ်ခုအတွင်း၌ ညည်းညူသံများက အပြင်သို့ ဆက်တိုက် ပျံ့လွင့်လာသည်။ ထိုအသံများသည် အကေးရှား နတ်သမီးက များစွာသော အမျိုးသား အချစ်တော်များနှင့် ရူးမတတ် ပျော်ပါးနေသည့် အသံများ ဖြစ်လေသည်။ ထိုအမျိုးသားထဲမှ အချို့သည် ပြိုင်ဘက်ကင်း လောက်အောက် ချောမောသော အမျိုးသားများ ဖြစ်ကြသည်။ ထိုသူထဲမှ မည်သူမဆို၏ ခွန်အားသည် နတ်ဘုရား အဆင့်သို့ ရောက်ရှိနေ၏။ သို့သော် ယခုအချိန်၌ ထိုသူများအားလုံးသည် ပိန်လှီနေပြီး တစ်ကိုယ်လုံးမှ စွမ်းအင်များအားလုံး စုပ်ယူခံထားရလုနီးပါး ဖြစ်နေ၏။
“မြန်မြန်၊ မြန်မြန်လေး၊ ဒီနတ်သမီး မကြာခင် အထွတ်အထိပ် ရောက်တော့မယ်”
သူမ၏ ညည်းညူသံကြောင့် အမျိုးသား အချစ်တော် လေးများက တောရိုင်းတိရစ္ဆာန်များကဲ့သို့ ညည်း တွားကာ အရှိန်တင်လေတော့သည်။ ထိုစဉ် မိုးခြိမ်းသံကဲ့သို့သော အော်သံတစ်သံ ထွက်ပေါ် လာ၏။
“အကေးရှား နတ်သမီး ဒီလာပြီး အသေခံစမ်း”
ထိုအော်သံအောက်၌ အမျိုးသား အချစ်တော်များ၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး သွေးအိုင်များသာ ကျန်ရစ်ခဲ့သည်။ အိမ်များ တုန်ခါအက်ကွဲလာပြီး အကေးရှားဂြိုဟ်တစ်ခုလုံး ကမ္ဘာပျက်ကိန်း ဆိုက် သကဲ့သို့ တောင်များ ပြိုကျ၍ မြေဆီလွှာများ အက်ကွဲလာသည်။
အနီရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသားများနှင့် အမျိုးသမီးများက ထိတ်လန့်ဒေါသထွက်နေဟန်ဖြင့် လေထဲသို့ ပျံတက်လာကြသည်။ သူတို့အားလုံးသည် အကေးရှား နတ်သမီး၏ မျိုးဆက်များ ဖြစ်ကြသည်။
သို့သော် သတ်ဖြတ်သူ ဂြိုဟ်နယ်မြေ၌ တစ်စုံ တစ်ယောက်က နတ်သမီးကို စိန်ခေါ်ရဲလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြချေ။
“ခွေးကောင်၊ မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီအမယ် အိုကြီးက မင်းကို အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်”
“ငါတို့ အကေးရှားဂြိုဟ်ကို ရန်စရဲတယ်ဆိုတော့ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေထဲမှာ အရူးတစ်ကောင် ရောက်နေပြီ ထင်တယ်”
“လာကြ၊ သူ့ကို သွားသတ်ကြမယ်၊ သူ့ကို ခံရခက်လောက်အောင် အော်ညည်းပြီး နောင်တ ရစိတ်နဲ့ သေသွားအောင် လုပ်ပစ်ကြမယ်”
“…”
ထိုသို့သောအချိန်၌ အနီရောင်ဝတ်စုံနှင့် အမျိုးသား၊ အမျိုးသမီးများက လူသတ်ချင်စိတ်များ ပြင်းပြနေ ကြသည်။ ထိုစဉ် အကေးရှား နတ်သမီးက ဇာပုဝါကို လွှမ်းခြုံ၍ ဖြည်းညင်းစွာ ရောက်ရှိလာသည်။
သူမ၏ အမူအရာက အလွန် တည်ငြိမ်နေပြီး မျက်လုံးများက ထူးဆန်းသော အရိပ်အယောင်များ ထင်ဟပ်နေ၏။
“အင်း … အသံက ကျယ်လောင်ပြီး မာန်ပါတယ်၊ ထည်ဝါတဲ့ မာန်မာနတွေလည်း ရှိတယ်၊ ငါ ဒီလူကို သဘောကျတယ်”
ထိုသို့ပြောပြီးနောက် အကေးရှား နတ်သမီးက ရယ်မောကာ လက်ဝှေ့ယမ်းလိုက်သည်။
“လာကြ၊ ဒီခက်ထန်တဲ့ အမျိုးသားကို ငါနဲ့အတူ သိမ်းပိုက်ကြမယ်”
…
လက်ရှိအချိန်၌ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေတစ်ခုလုံး ပွက်လောရိုက်နေသည်။ များစွာသော သိုင်းပညာ ရှင်များက ဥက္ကာတောင်တန်းထံသို့ ဦးတည် ထွက်ခွာနေကြ၏။
ရန်စသော ကြွေးကြော်သံအား လူတိုင်းနီးပါး ကြားလိုက်ကြသည်။ လူတိုင်း ထိတ်လန့် ခြောက်ခြား၍ မည်သို့သော ရဲတင်းသည့်လူမျိုးက အရှင်သခင် သုံးယောက်ကို စိန်ခေါ်ရဲသလဲ မတွေးတတ်တော့ချေ။ ဤသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးသော အဖြစ်ပင်။
ဥက္ကာတောင်တန်းထံသို့ ဦးတည်ထွက်ခွာနေကြသော သိုင်းပညာရှင်များထဲတွင် ကောင်းကင်သိမ်းငှက် သခင်လည်း ရှိနေသည်။ သူသည်လည်း ထိတ်လန့်၍ မယုံသင်္ကာ ဖြစ်နေ၏။ သူက တစ်ဖက်လှည့်၍ ဖူရူကာဝါအား မေးလိုက်သည်။
“ဘယ်လိုအရူးမျိုးက အရှင်သခင်သုံးယောက်ကို ရန်စရဲတယ်လို့ မင်း ထင်လဲ”
သူ့စကားကြောင့် ဖူရူကာဝါက မျက်နှာ ဖြူရော်၍ မယုံနိုင်ဟန်ဖြင့် ပြန်ဖြေလေသည်။
“အရှင် ကြည့်ရတာ တစ်ယောက်ယောက်ကတော့ သတ်ဖြတ်သူ ဂြိုဟ်နယ်မြေမှာ သေချင်နေပြီနဲ့ တူပါတယ်”
“သူ့ကို စိုးရိမ်မနေပါနဲ့၊ ကျွန်တော့်အစ်ကို ကူးရှန်းကိုသတ်ပြီး ခရီနာကို လုသွားတဲ့ကောင်ကို အရင်သတ်ရအောင်”
ကောင်းကင်သိမ်းငှက်သခင်က ခေါင်းညိတ်၍ ဥက္ကာ တောင်တန်းထံ သွားနေသော သိုင်းပညာ ရှင်များကို လှမ်းကြည့်၍ အချက်ပြ လိုက်သည်။
“မြန်မြန်လုပ်၊ အားလုံးထက် အရင် လူသတ်သမားကို ဦးအောင်သတ်ကြ”
“နတ်ဘုရားသားတော် ရောက်လာရင် နတ်ဘုရား သားတော်ကို ကူပြီးတော့ ဟိုအရူးကောင်ကို သတ်ကြမယ်”
ထိုသို့ပြောပြီး ကောင်းကင်သိမ်းငှက်သခင်နှင့် အခြားသူများသည် အရှိန်မြှင့်၍ ဥက္ကာ တောင်တန်း ထံသို့ ဆက်သွားလေသည်။ ဥက္ကာတောင်တန်းသို့ ရောက်သောအခါ တောင်ထိပ်၌ တင်ပုလ္လင်ချိတ်၍ ထိုင်နေသော အနက်ရောင်ဝတ်စုံနှင့် ဆံပင် အဖြူရောင် ရှိသော လူငယ်တစ်ယောက်ကို သူတို့ တွေ့လိုက်ရသည်။ ထိုသူဘေး၌ ခရီနာက ငြိမ်၍ရပ်နေသည်။
ခရီနာကို မြင်သည်နှင့် ကောင်းကင်သိမ်းငှက် သခင်၏ ဒေါသများ တိုးပွားလာသည်။ သူမသည် သူ အပိုင်သိမ်းလိုသော အမျိုးသမီး ဖြစ်သည်။ သို့သော် ခရီနာက အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင် ရှိသော လူငယ်အား ချစ်ခင်မြတ်နိုးသော အကြည့် များဖြင့် ကြည့်နေ၏။ ဤသည်က ကောင်းကင် သိမ်းငှက်သခင်ကို ပို၍ ဒေါပွသွားစေသည်။
“ဆရာ၊ အဲ့လူပါပဲ၊ ကျွန်တော့်အစ်ကိုကို သတ်လိုက် တာ သူပါ၊ ခရီနာနဲ့ ထွက်သွားတာ သူပါပဲ”
“သူ့ကိုသတ်လိုက်ပါ၊ သူ့ကို အသေဆိုးနဲ့ သေအောင် သတ်ပြီး သေသွားတဲ့ ကျွန်တော့်အစ်ကိုနဲ့ ဂိုဏ်းသား တွေ အတွက် လက်စားချေပေးပါ”
ဖူရူကာဝါသည် တောင်ထိပ်ပေါ်မှ ယဲ့ဖန်အား သတ်ချင်စိတ်ဖြင့် ကြည့်နေသည်။ ကောင်းကင် သိမ်းငှက် သခင်သည်လည်း ကောက်ကျစ်စွာပြုံး၍ တောင်ထိပ်ပေါ် ခုန်တက်ရန် ပြင်လိုက်သည်။
ထိုစဉ် ကောင်းကင်ထက်မှ ပြင်းထန်သော ဖိအားများ သက်ရောက်လာသည်။ ထို့နောက် ထိတ်လန့်ဖွယ် ကောင်းသော လူသုံးယောက်က မရေတွက်နိုင်သော သိုင်းပညာရှင်များကို ဦးဆောင်၍ ရောက်ရှိလာ၏။
ထိုလူသုံးယောက်ကို မြင်သည်နှင့် ကောင်းကင် သိမ်းငှက်သခင်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး အံ့ဩလာလေသည်။
“နတ်ဘုရားသားတော် လောလောင်ရှင်း၊ သွေး မိကျောင်း ဘိုးဘေးနဲ့ အကေးရှား နတ်သမီး”
“သူတို့က ဘာလို့ ဒီရောက်လာတာလဲ၊ ဖြစ်နိုင်တာက ဒီကောင်က …”
ထိုအခါတွင်မှ ကောင်းကင်သိမ်းငှက်သခင်၊ ဖူရူ ကာဝါနှင့် အခြားသူများအားလုံး နားလည် သွားကြသည်။ သူတို့ သတ်ချင်နေကြသည့်လူက အရှင်သခင်သုံးယောက်ကို ရန်သွားစသည့် အရူးကောင် ဖြစ်နေလေ၏။
ကောင်းကင်သိမ်းငှက်သခင်နှင့် အခြားသူများ ထိတ် လန့်သွားကြသည်။ လောလောင်ရှင်းက ယဲ့ဖန်အား မျက်လုံးကျွတ်ထွတ်မတတ် စိုက်ကြည့် လာသည်။
“ဟေ့ကောင်၊ မင်း … မင်းက ဝမ်အာ အသက်ပြန် သွင်းချင်တဲ့ တစ်ယောက်လား”
ယခင်အချိန်က ဖျောင်ကျိုးဝမ် သူ့ထံ ရောက်လာပြီး ယဲ့ဖန်ကို အသက်သွင်းရန်အတွက် သွေးစိတ်ဝိညာဉ် ပင်ကိုတောင်းခဲ့သည်။ သူ၏ပုံတူကို လောလောင်ရှင်း မြင်ခဲ့ဖူးသည်။ ယဲ့ဖန်၏ ပုံကို သူ့တစ်သက်လုံး မမေ့နိုင်ပါ။
ယခု ယဲ့ဖန်က ဆံပင်အဖြူရောင် ရှိနေပြီး နဖူး၌ အက်ရာ ရှိနေသော်လည်း တစ်ချက်ကြည့်ရုံနှင့် လောလောင်ရှင်း မှတ်မိပါသည်။
သူသည်သာမက သွေးမိကျောင်းဘိုးဘေးကလည်း ယဲ့ဖန်အား ခက်ထန်စွာ စိုက်ကြည့်နေသည်။
“ဟေ့ကောင် ငါ့သားကို သတ်လိုက်တဲ့ကောင်က မင်းလား”
“မင်းက သိပ်တော်နေတယ်ပေါ့လေ”
အရှင်သခင်သုံးယောက်ကို ရန်စလိုက်သည့် လူက နတ်ဧကရာဇ်အဆင့်လေးသာ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိချေ။ ထို့အပြင် ထိုသူက လောလောင်ရှင်းနှင့် သွေးမိကျောင်းဘိုးဘေးတို့၏ ရန်သူ ဖြစ်နေလေသည်။
အရှင်သခင်သုံးယောက်ကို ရန်စလိုက်သောကြောင့် လူတိုင်းက ယဲ့ဖန်အား သွပ်သွပ်ခါအောင် ရူးနေပြီဟု ထင်နေကြသည်။
“ကောင်းတယ်”
ကောင်းကင်သိမ်းငှက်သခင်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ အလျင်စလို မတိုးတော့ဘဲ နောက်ဆုတ်၍ ဖြစ်လာမည့် မြင်ကွင်းကိုသာ စောင့်မျှော် နေ လေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်အား သေလူဟု သတ်မှတ် ထားသည်။
“အဲ့အရူးကို သတ်လိုက်”
ကောင်းကင်သိမ်းငှက်သခင်၏ အပြုံးက ပို၍ ပီပြင် လာသည်။
“မင်းကို နတ်ဘုရားသားတော်က ခုတ်ပိုင်းပြီး နတ်သမီးက မင်းစိတ်ဝိညာဉ်ကို သုတ်သင်ပြီးတော့ သွေးမိကျောင်း ဘိုးဘေးက မင်းအသားကို စားလိုက်မယ်ဆိုရင် အဲ့ဒါက ငါ့အတွက် လက်စား ချေရာ ရောက်သလို ခရီနာအတွက် လက်စား ချေနိုင်တာနဲ့ အတူတူပဲ”
ကောင်းကင်သိမ်းငှက်သခင်၏ စိတ်ထဲတွင် သူ သတ်စရာမလိုပဲ ယဲ့ဖန် သေရလိမ့်မည်ဟု တွေးထင်နေ၏။ ထိုသို့ဖြစ်လာလျင် သူသည် ခရီနာကိုသာ သိမ်းပိုက်လိုက်ရုံဖြစ်ပြီး ထိုမျှနှင့်တင် လုံလောက်ပြီ ဖြစ်သည်။
ထိုစဉ် တောင်ထိပ်ပေါ်မှ ယဲ့ဖန်က မျက်လုံးမှိတ် ထားရာမှ ဖွင့်ကြည့်လာသည်။ ထို့နောက် သူ့အနားမှ အရှင်သခင် သုံးယောက်ကို ကြည့်ပြီး ပြုံးလိုက်သည်။
“ခွေးကောင်တွေ ရောက်လာပြီပဲ”
“ငရဲတံခါးဝက ဖွင့်ထားပြီးသား ဖြစ်နေပြီ”
“မင်းတို့ သေလမ်းသွားဖို့ အသင့်ပြင်ထားကြ”