အခန်း (၇၄၈-၇၅၀)
Vol. 50 Ch. 748-750
Chapter 748 သတ်ပစ်လိုက်
*ဝယ်လိုက်တာလား*
လက်ရှိအချိန်၌ ဘေးပတ်လည်မှ သိုင်းပညာရှင် များသည် ဤမြင်ကွင်းကိုကြည့်ပြီး ပွက်လောရိုက် သွားလေသည်။ လူတိုင်းက ယဲ့ဖန်အား အရူးတစ် ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
*ကျောက်တုံးတစ်တုံးကို ဘယ်လိုလုပ် စကြဝဠာ သုံးဒင်္ဂါး ဆယ်သန်း ပေးဝယ်ရတာလဲ*
*ဆယ်သန်းကို ဘာများ မှတ်နေတာလဲ*
*ဒါက သာမန် နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်နဲ့ ညီမျှတာလေ*
*ဒီလောက်များတဲ့ ပမာဏကို*
*အခု အဲ့လောက်အများကြီးကို အနက်ရောင် ကျောက်တုံးလေးတစ်တုံးအတွက်နဲ့ လဲလှယ်လိုက် တယ်တဲ့လား*
*အဲ့ကျောက်တုံးက ဘယ်လောက်များ ထူးခြား နေလို့လဲ၊ ဟာသပဲ*
လူတိုင်းက အဘိုးအိုလက်ထဲမှ ဟင်းလင်ပြင်အိတ်ကို မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့် နေကြသည်။ ထိုစဉ် ယဲ့ဖန်က ဘာကိုမျှမကြည့်ဘဲ အနက်ရောင် ကျောက်တုံးကိုသာ ယူ၍ ပခုံးပေါ်မှ ကြွက်ဖြူလေးကို ပေးလိုက်သည်။
ကြွက်ဖြူလေးက ကျောက်တုံးကို လှမ်းယူ၍ ပါးစပ်ထဲထည့်ကာ ဖြည်းဖြည်းချင်း ဝါးစားလေသည်။ စားနေချိန်တွင် သူ၏မျက်နှာထားက အလွန် အရသာရှိသော ဟင်းလျာကို စားနေသကဲ့သို့ သဘော ခွေ့နေပုံ ပေါ်နေ၏။
ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ သိုင်းပညာ ရှင်များ အားလုံး မျက်နှာ ပြာနှမ်းသွားကြသည်။ သာမန် နတ်ဘုရားအဆင့် သိုင်းပညာရှင် တစ် ယောက်၏ မိသားစုပိုင်ဆိုင်မှု တစ်ဝက်မျှရှိသည့် ပမာဏဖြင့် ကျောက်တုံးလေး တစ်တုံးကို ဝယ်ယူ၍ မွေးထားသည့် ကြွက်ကို အဆာပြေအဖြစ် ကျွေးလို က်သည်တဲ့လား။
*ဒါက ဘယ်လောက် ထူးခြားနေလို့လဲ*
ဘေးပတ်လည်မှ သိုင်းပညာရှင်တိုင်း ယဲ့ဖန်၏ မာနကြောင့် ထိတ်လန့်သွားကြသည်။ အဘိုးအို တောင်မှ အနည်းငယ် မှင်တက် သွားပြီးနောက် အဓိပ္ပာယ်ရှိသော အပြုံးမျိုး ပြုံးလိုက်သည်။
“သွားတော့”
ယဲ့ဖန်က အသာပြုံး၍ အဘိုးအိုကို ခေါင်းညိတ်ပြကာ ထွက်သွားရန် ပြင်လိုက်သည်။ ထိုစဉ် မာကျောသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
“အရူးကောင်ပဲ၊ မင်းက ဘယ်ကိုသွားချင်နေတာလဲ”
ထိုစကားသံနှင့်အတူ သိုင်းပညာရှင် အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်က ကောင်းကင်ထက်မှ ဆင်းသက် လာကာ ယဲ့ဖန်နှင့် ကြွက်ဖြူလေးအား ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
ရှေ့မှ ဦးဆောင်လာသော လူငယ်လေးနှင့် ထမ်းစင်ပေါ်မှ မိန်းမပျိုလေးကိုမြင်ပြီး ဘေးပတ် လည်မှ သိုင်းပညာရှင်များအားလုံး အုတ်အော် သောင်းတင်း ဖြစ်သွားလေသည်။
“ဒါ ပန်းနတ်ဘုရားရဲ့ သား ကျွင်းပုကျွေး မဟုတ်လား၊ သူ ဘာလို့ ဒီကို ရောက်လာတာလဲ၊ သူ့ရဲ့ ပုံစံအရဆို ဒီကောင်လေးနဲ့ ရန်ကြွေးရှိတဲ့ပုံပဲ”
“ထမ်းစင်ပေါ်က မိန်းကလေးက ကျွင်းချင်အာ မဟုတ်လား၊ ဘယ်လိုလုပ် သူ့ခြေထောက်တွေ ပြတ်သွား တာလဲ”
“…”
လက်ရှိအချိန်၌ ထိုလူ အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်ကိုကြည့်ပြီး လူတိုင်း ဆူညံပွက်လော ရိုက်သွားသည်။
ပန်းခြွေနတ်ဘုရားသည် နတ်ဘုရားမျိုးနွယ်တွင် ဂုဏ်သတင်း အကြီးဆုံး အရှင်သခင်များထဲမှ တစ် ယောက် ဖြစ်သည်။ ခွန်အားကြီးမား၍ နတ်သခင် တစ်ပိုင်းအဆင့်များထဲတွင် ပထမအဆင့် ရှိသူ ဟုလည်း လူသိများသည်။ နတ်သခင် တစ်ပိုင်း အဆင့်များတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့သည် ပန်းခြွေ နတ်ဘုရား၏ ကလေးများ ဖြစ်ကြသည်။ ထို့ကြောင့် မောင်နှမနှစ်ယောက်သည် မောက်မာ၍ နိုင်လို မင်းထက် ပြုမူကြသည်။ မည်သူမှ သူတို့နှင့် ရန်မဖြစ်ရဲကြချေ။
သို့သော် တစ်စုံတစ်ယောက်က ကျွင်းချင်အာ၏ ခြေထောက်ကို ဖြတ်ရဲလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။
တစ်စုံတစ်ရာကို တွေးမိပြီးနောက် ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံးသည် ယဲ့ဖန်ကို လှည့် ကြည့်လိုက် မိကြသည်။
*ဒီကောင်လေး လုပ်လိုက်တာလား*
ဤသို့တွေးမိပြီးနောက် ဘေးပတ်လည်မှ သိုင်းပညာ ရှင်များအားလုံးသည် မျက်နှာများ ပျက်ယွင်း၍ ယဲ့ဖန်အား သနားသလို ကြည့် လာသည်။
*ဒီစုန်းမလို မိန်းကလေးကို ဒေါသထွက်အောင် လုပ်လိုက်ရုံ တင်မကသေးဘဲ ခြေထောက်တောင် ဖြတ်လိုက် သေးတာလား၊ ဒါက မသေမချင်း မကျေအေး နိုင်တဲ့ အမုန်းတရားမျိုး ဖြစ်လာမှာပဲ”
“ဟဲ့ကောင် နင် ငါ့ခြေထောက်ကို ဖြတ်မယ်ဆိုရင် နင် အသေဆိုးနဲ့ သေရမယ်လို့ ငါ ပြောခဲ့သားပဲ”
ထိုစဉ် ထမ်းစင်ပေါ်မှ ကျွင်းချင်အာက ယဲ့ဖန်ကို စူးစူးဝါးဝါး အော်ပြောလေသည်။ သူမ၏ မျက်နှာ ပေါ်၌ အာဃာတတရားများဖြင့် ပြည့်နှက်နေ၏။ သူမက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
“နင် ငါ့ကို မသတ်ခဲ့ဘူး၊ အဲ့ဒါကြောင့် နင် ဒီနေ့ သေရလိမ့်မယ်”
ကျွင်းချင်အာ၏ စကားကြောင့် ဘေးနားမှ သိုင်းပညာရှင် အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်က ဓားများဆွဲထုတ်၍ ယဲ့ဖန်အား သတ်ဖြတ်တော့ မည့်ဟန်ဖြင့် ကြည့်နေကြသည်။ ကျွင်းချင်အာ တစ်ခွန်း ပြောလိုက်သည်နှင့် သူတို့အားလုံးက ရှေ့တက်၍ ယဲ့ဖန်ကို နုတ်နုတ်စင်းတော့မည့်ပုံပင်။
ဤသည်ကိုကြည့်ပြီး ကျောက်စိမ်းဆိုင်မှ အဘိုးအိုပင် မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် ယဲ့ဖန်ကို သေချာကြည့်၍ ဘာမှမပြောသလို မည်သည့် လှုပ်ရှားမှုမှ မပြုဘဲ ကြည့်မြဲကြည့်နေ၏။
“မင်းတို့တွေက ငါ့ကို သတ်ချင်တာလား”
ယဲ့ဖန်က မချိုမချဉ်ပြုံး၍ ကျွင်းပုကျွေးကို စိုက်ကြည့် နေသည်။ ယဲ့ဖန်၏ ထီမထင်သော အမူအရာကို မြင်ပြီး ကျွင်းပုကျွေး ဒေါသထွက် သွားသည်။
“ဟေ့ကောင် ငါတို့က ဘယ်သူလဲ မင်း သိလား”
“မသိဘူးဆိုလည်း ပြောပြရတာပေါ့”
ထိုသို့ပြောပြီး ကျွင်းပုကျွေးက ဂုဏ်ယူ ဝင့်ကြွားဟန် ဖြင့် ပြောလေသည်။
“ငါက ပန်းခြွေနတ်ဘုရားရဲ့သား ကျွင်းပုကျွေးပဲ၊ သူက ငါ့ညီမ ကျွင်းချင်အာ”
“မင်း ငါ့ညီမရဲ့ ခြေထောက်ကို ဖြတ်ခဲ့တဲ့အတွက် ငါ မင်းကို သတ်ပစ်မယ်ကွ”
*သတ်မှာလား*
ယဲ့ဖန်က ခေါင်းအသာခါလေသည်။
“ငါ မင်းညီမကို မသတ်ပါဘူး၊ ငါက ဒီအတိုင်း သူ့ကို သေအောင် ထားခဲ့ရုံလေးပါ”
“ကြည့်ရတာ မင်းလည်း သေချင်နေတယ်ထင်တယ်*
*မောက်မာလိုက်တာ*
*အရူးကောင်*
ယဲ့ဖန်၏ စကားအဆုံး၌ ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။ ယဲ့ဖန်က သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်၏ ဝိုင်းထားခြင်း ခံရသော်လည်း မိုက်ရူးရဲဆန်စွာ ပြောရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
“ကောင်းပြီလေ၊ မင်းက သေချင်နေတာကိုး”
ကျွင်းပုကျွေးက ဒေါသူပုန်ထ၍ သတ်ချင်ဟန်ဖြင့် ယဲ့ဖန်အား စူးစိုက်ကြည့်နေ၏။ သူသည် လက်ကို မြှောက်၍ ယဲ့ဖန်အား သတ်ရန်အတွက် အမိန့်ပေးရန် ပြင်လိုက်သည်။
ထိုစဉ် မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ် လာသည်။
“ရပ်လိုက်စမ်း”
ဝှစ်! ဝှစ်! ဝှစ်!
လေတိုးသံနှင့်အတူ လူရိပ်များ အပြေးရောက် လာသည်ကို အားလုံး တွေ့လိုက်ရသည်။ ဆယ် ယောက်၊ အယောက်တစ်ရာ၊ အယောက် တစ်ထောင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အနက်ရောင် ဝတ်စုံနှင့် လူအယောက်တစ်ထောင်ခန့် ရောက် လာသည်။ ဤလူများကို ကြည့်ပြီး ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး မျက်နှာ ဖြူရော်သွား ကြလေသည်။
*လင်းဝေ့*
*ဒါ ဝိညာဉ်မြို့တော်ရဲ့ အစောင့်အကြပ်တွေပဲ*
*နတ်ဆိုးဆန်တဲ့တပ်ဖွဲ့*
ဝိညာဉ် အစောင့်အကြပ်များ၏ တည်ရှိမှုကြောင့် ဝိညာဉ်မြို့တော်၌ နတ်သခင်တစ်ပိုင်းအဆင့်များပင် ပြဿနာ မရှာရဲကြချေ။ ဤတပ်ဖွဲ့အား သခင်လေး လေးယောက်က တိုက်ရိုက် အုပ်ချုပ်သည်။
ထိုလူအုပ်ကြားထဲမှ လူလေးယောက်က ဖြည်းဖြည်း ချင်း ထွက်လာသည်။ သူတို့သည် အလွန် ငယ်ရွယ် သေး သော်လည်း အရှိန်အဝါက လူတိုင်းကို ကြောက် လန့် စေသည်။ သားရဲရိုင်းလေးကောင် ထွက်လာ လေသလားဟု ထင်မှတ်မှားရ၏။
ထိုလူလေးယောက်ကို မြင်သည်နှင့် အားလုံး မျက်နှာအမူအရာ ပြောင်းသွားပြီး ပြိုင်တူ ဦးညွှတ် နှုတ်ဆက် ကြသည်။
“သခင်လေး လေးယောက်ကို အရိုအသေ ပေးပါတယ်”
သံပြိုင်နှုတ်ဆက်သံများက ကြောက်ခမန်းလိလိ ထွက်ပေါ် လာသည်။ ထိုလူလေးယောက်သည် ဝိညာဉ်မြို့တော်၏ အရှင်သခင်များဖြစ်သော သခင်လေး လေးယောက် ဖြစ်လေသည်။
သခင်လေး လေးယောက် ရောက်လာချိန်တွင် ကျွင်းပုကျွေးတို့ မောင်နှမနှစ်ယောက်တောင်မှ အနည်းငယ် အံ့ဩသွားကြသည်။ ထို့နောက် ဝမ်းသာအားရ ဖြစ်သွားသည်။
“ပထမ သခင်လေး ခင်ဗျား ရောက်လာပြီပဲ”
ကျွင်းပုကျွေးနှင့် သခင်လေး လေးယောက်လုံးသည် ခင်မင်ရင်းနှီးကြသော မိတ်ဆွေများ ဖြစ်သည်။ ထိုစဉ် ကျွင်းပုကျွေးက ယဲ့ဖန်ကို လက်ညှိုးထိုး၍ သုန်မှု န်နေသော မျက်နှာထားဖြင့် ပြောလာ၏။
“အဲ့ကောင်က ငါ့ညီမရဲ့ ခြေထောက်ကို ဖြတ်ရဲတဲ့အထိ တော်တော် ရဲတင်းနေတာ”
“မင်းရဲ့ ဝိညာဉ် အစောင့်အကြပ်တွေနဲ့ ဒီကောင့်ကို ဖမ်းခိုင်းလိုက်၊ ငါ သူ့ကို ရှစ်ပိုင်းပိုင်း ပစ်မယ်၊ သူ့ကို အသေဆိုးနဲ့ သေအောင် လုပ်ပစ်မယ်”
ကျွင်းပုကျွေးက ထီမထင်ဟန်ပြုံးနေ၏။ ကျွင်းချင် အာ သည်လည်း လှောင်ပြုံး ပြုံးနေသည်။ သူမ ခြေထောက် ပြတ်သွားရသော်လည်း လူသတ် သမား၏ အသက်လည်း နှုတ်ယူခံရ တော့မည် မဟုတ်ပါ တကား။
“လုပ်လိုက်စမ်းပါ၊ နတ်ဧကရာဇ်အဆင့်လေးကများ ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်၊ ငါ နင့်ကို အသေဆိုးနဲ့ သေအောင် လုပ်ပစ်မယ်”
ကျွင်းချင်အာက ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို မြင်ယောင်နေဟန်ဖြင့် ကျေနပ်သလို ပြုံးနေ၏။
“မင်းတို့က ဒီလူကို အသေဆိုးနဲ့ သေအောင် လုပ်ချင်တာလား”
ထိုစဉ် ပထမသခင်လေးက ယဲ့ဖန်ကို လှမ်းကြည့် လိုက် ပြီးနောက် ကျွင်းပုကျွေးနှင့် အခြားသူများကို ပြန်မေးလိုက်သည်။
“ဒါပေါ့”
ကျွင်းပုကျွေးက အပြုံးကြီးပြုံး၍ ခေါင်းညိတ်ပြသည်။
“သူ မသေရင် ငါ မကျေနပ်နိုင်ဘူး”
“ကောင်းတယ်”
ပထမသခင်လေးက ချက်ချင်း သဘောတူလာသည်။ ထို့နောက် အချက်ပြ၍ အမိန့်ပေးလိုက်သည်။
“သတ်ပစ်လိုက်”
Chapter 749 ဝိညာဉ်မြို့တော်၌ လေပြင်းထန်လေပြီ
“သတ်ပစ်လိုက်”
ဤစကားလေးတစ်ခွန်းက လူတစ်ယောက်၏ အသက်ကို ဆုံးဖြတ်နိုင်ပေသည်။ ဘေးပတ်လည်မှ ဖြတ်သွား ဖြတ်လာများသည် ထိုစကားကို ကြား သည်နှင့် ယဲ့ဖန်အား သနားသလို ကြည့်လာ ကြသည်။
သူတို့စိတ်ထဲတွင် ကျွင်းပုကျွေးကို မကြောက်ဘဲ ကျွင်းချင်အာ၏ ခြေထောက်ကို ဖြတ်ရဲသောကြောင့် ယဲ့ဖန်က အတော်အသင့် အင်အားကြီးလိမ့်မည်ဟု ထင်ခဲ့မိသည်။
လူအယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်နှင့် ရင်ဆိုင် ရလျင် တောင်မှ ယဲ့ဖန် လွတ်နိုင်ချေ ရှိသေးသည်။ သို့သော် ယခုအခါတွင် ပိုကြမ်းတမ်းသော ထောင်ချီ သည့် စိတ်ဝိညာဉ် အစောင့်အကြပ်အဖွဲ့နှင့် ရင်ဆိုင် နေ ရသဖြင့် ယဲ့ဖန်မဆိုထားနှင့် နတ်သခင် တစ်ပိုင်း အဆင့်တောင်မှ ထွက်ပြေးနိုင်ရန် ခက်ခဲလှ သည်။
*သူ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ*
*ပွဲသိမ်းပြီပဲ*
လူတိုင်း၏ စိတ်ထဲတွင် ယဲ့ဖန် နုတ်နုတ်စင်း ခံရတော့မည်ဟု ထင်သွားလေသည်။ ကျွင်းပု ကျွေးနှင့် ကျွင်းချင်အာတို့ မောင်နှမတို့ အပြုံးကြီး ပြုံးနေကြ၏။
ထိုအခါ ပထမသခင်လေး၏ စကားသံအဆုံး၌ ထောင်ချီသော ဝိညာဉ် အစောင့်အကြပ်များက လျင်မြန်စွာ လှုပ်ရှားလာသည်။ ဓားရောင်များ လက်ခနဲ ဖြစ်လာပြီး လူသတ်လိုသော အငွေ့ အသက်များ ဖုံးလွှမ်းလာသည်။
လမ်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သို့သော် ပြတ်ထွက်သွားသည့် ဦးခေါင်းတစ်လုံးကို မြင်ပြီး လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွား လေသည်။
အဘယ်ကြောင့်ဆိုသော် အသတ်ခံလိုက်ရသည့်သူက ယဲ့ဖန် မဟုတ်ဘဲ ကျွင်းမောင်နှမ ခေါ်လာသည့် လူအယောက် နှစ်ဆယ်၊ သုံးဆယ်ခန့်ထဲမှ လူဖြစ်နေ သောကြောင့်ပင်။
*ဘယ်လိုဖြစ် …*
လူတိုင်း မှင်တက် အံ့အားသင့်သွားကြသည်။ ဦးခေါင်း ပြတ်များကို ကြည့်ပြီး ဘာဖြစ်နေသလဲ ဆိုသည်ကို အားလုံး မခန့်မှန်းတတ်ကြတော့ချေ။
ထိုစဉ် ဦးခေါင်းပြတ် အလောင်းတစ်ခုက မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားပြီးနောက် လူတိုင်း ရင်တုန် ကာ မျက်ခုံးလှုပ်လာကြသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူညံပွက်လော ရိုက်လာသည်။
“သေပြီလား၊ ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ၊ ဝိညာဉ် အစောင့်အကြပ်တွေက ကျွင်းမောင်နှမရဲ့ လူတွေကို သတ်ပစ်လိုက်တာပါလား”
“မှားနေတာ၊ ဒါ အထင်မှားတာပဲ ဖြစ်မယ်၊ မဟုတ်ရင် ဒီကောင်လေး သေသွားလောက်ပြီ”
“…”
လူတိုင်း ခေါင်းနပမ်း ကြီးသွားကြသည်။ အထူးသဖြင့် ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့ မောင်နှမပင်။ နှစ်ယောက်လုံး၏ အမူအရာက သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ဖြူရော်နေ၏။ ထို့နောက် နှစ်ယောက်လုံးက ထိတ်လန့်ဒေါသထွက်ဟန်ဖြင့် သခင်လေး လေးယောက်ကို အော်ဟစ်လေ တော့သည်။
“ပထမသခင်လေး၊ မင်း … မင်း ဘာတွေ လုပ်လိုက်တာလဲ”
“နတ်ဧကရာဇ်အဆင့် ပုရွက်ဆိတ်ကောင်ကို သတ် လိုက်ဖို့ မင်းကို ငါ ပြောတာလေ၊ မင်းလူတွေက ငါ့လူတွေကို သတ်ပစ်လိုက်တယ်”
ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့သည် ထူပူသွားပြီး ဘာတွေဖြစ်သွားသလဲ ဆိုသည်ကို မယုံကြည် နိုင်ကြပေ။ သခင်လေး လေးယောက်နှင့် ထောင်ချီ သော စိတ်ဝိညာဉ် အစောင့်အကြပ်များက ကျွင်းမောင်နှမအား အရူးတစ်ယောက်ကို ကြည့်သ ကဲ့သို့ ကြည့်လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထောင်ချီသော လူများက ယဲ့ဖန်ထံသို့ လျှောက်သွား ကြသည်။ ထိုလူများ၏ ညီညာသော ခြေသံများကပင် ကြက်သီးထစေသည်။
ထိုလူများသည် ယဲ့ဖန်ရှေ့ရောက်သည်နှင့် ဒူးတစ် ဖက် ထောက်ကာ ရင်ဘတ်ပေါ်လက်တင်၍ ဝမ်းသာ အားရ နှုတ်ဆက် ဂါဝရပြုလာကြသည်။
“ထို့ပါ့ယွင်က သခင်ကြီးကို ဂါဝရပြုပါတယ်”
ထို့နောက် ပထမသခင်လေးက ယဲ့ဖန်ရှေ့၌ ခေါင်းငုံ့၍ အရိုအသေပေးလာသည်။ သူ့နောက်မှ သခင်လေး သုံးယောက်နှင့် ထောင်ချီသော ဝိညာဉ် အစောင့် အကြပ် များကလည်း သံပြိုင် ဂါဝရပြု လာကြသည်။
“ဝိညာဉ် အစောင့်အကြပ်များက သခင်ကြီးကို ဂါဝရပြု ပါတယ်”
ထိုစကားသံအဆုံး၌ တစ်လမ်းလုံး တိတ်ဆိတ် သွားသည်။ လူတိုင်း မိုးကြိုးပစ်ခံရသကဲ့သို့ ငိုင်တွေ နေကြသည်။
*သ…သခင်ကြီးတဲ့လား*
ဝိညာဉ်မြို့တော်၏ သခင်လေး၌ သခင်ကြီး တစ်ယောက် ရှိလိမ့်မည်ဟု အားလုံး ထင်မထားမိပေ။
*သခင်လေး လေးယောက်မှာ ဘယ်လိုလုပ် သခင်ကြီး ရှိလာတာလဲ*
*မယုံနိုင်စရာပဲ*
ကျွင်းပုကျွေးနှင့် ကျွင်းချင်အာတို့ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေ၏။
“ပ…ပထမသခင်လေး၊ မင်း ဘာလုပ်လိုက်တာလဲ မင်းသိရဲ့လား”
“သူက ငါ့ညီမ ခြေထောက်ကို ဖြတ်လိုက်တဲ့ လူသတ်သမားပဲ၊ မင်းက သူ့ကို သခင်အဖြစ်နဲ့တောင် အသိအမှတ် ပြုလိုက်သေးတယ်၊ မင်းက ငါ့အဖေ ပန်းခြွေနတ်ဘုရားရဲ့ ရန်သူ ဖြစ်သွားပြီ၊ စိတ်ဝိညာဉ်သခင်နဲ့ စိတ်ဝိညာဉ် တောင် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားပြီကွ”
“မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
ကျွင်းပုကျွေး၏ ဒေါသထွက်သံ ထွက်ပေါ်လာသလို သူ၏မျက်နှာထားကလည်း တင်းမာခက်ထန်နေ၏။ သူ၏အကြည့်က သခင်လေး လေးယောက်ကို ဝါးစားရန် မစောင့်နိုင်တော့သည့်ပုံပင်။
ထိုစဉ် ယဲ့ဖန်က ရယ်မောလာသည်။ ကျွင်းပုကျွေး၏ ရန်စကားကို သူ ဂရုမစိုက်သည့်ပုံပင်။ သူက ထို့ပါ့ယွင်ကို ဆွဲထူလိုက်ပြီးနောက် ပခုံးပုတ်၍ ပြုံးကာ ပြောလိုက်သည်။
“ကောင်လေး၊ မတွေ့ရတာ တော်တော်ကြာပြီပဲ၊ မင်း ဒီရောက်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”
*ကောင်လေးတဲ့လား*
လူတိုင်းသည် ယဲ့ဖန်အား ခေါင်းစခြေဆုံး ကြည့်လိုက် ပြီးနောက် ယဲ့ဖန်နှင့် ထို့ပါ့ယွင်က သက်တူရွ ယ်တူနီးပါး ဖြစ်သည်ဟု တွေးမိသွားသည်။ ကောင်လေး ဟူသောစကားက အတော်လေး ထူးဆန်း နေသလိုပင်။
ယဲ့ဖန်က ရှိရင်းစွဲအသက်ထက် ပို၍အသက် ကြီးသောသူ ဖြစ်ကြောင်း ထို့ပါ့ယွင်တစ်ဦးတည်းသာ သိလေသည်။ ယဲ့ဖန်ကိုကြည့်ပြီး ထို့ပါ့ယွင် တစ်ယောက် စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။
ယခင်က ဖေးချမ်၊ ရွှင်းအာ၊ မိစ္ဆာဝိညာဉ်ရိုင်းနှင့် ထို့ပါ့ယွင်တို့သည် တည်နေရာ ရွေ့ပြောင်း အစီအရင်ကြောင့် ကမ္ဘာမြေပေါ်မှ ထွက်သွားသလို ဖြစ်ပြီး စကြဝဠာထဲ၌ သန်မာလာမည့် အခွင့်အရေး များကို ရှာဖွေခဲ့ရသည်။
ထို့ပါ့ယွင်သည် ဤသို့ ရောက်လာပြီး တစ်နှစ်ကျော် သည်အထိ မည်သည့်သတင်းမှ မရခဲ့ပေ။ ထို့ပါ့ယွင် ဤနေရာ၌ ရှိနေလိမ့်မည်ဟုလည်း ယဲ့ဖန် ထင်မထား မိပေ။ ထို့အပြင် သူက ဝိညာဉ်မြို့တော်၏ သခင်လေး ဖြစ်နေပေသေးသည်။
ထိုစဉ် ထို့ပါ့ယွင်က အသာပြုံးလာသည်။
“သခင်ကြီး ကျွန်တော် ကမ္ဘာမြေပေါ်က ထွက်လာ ပြီးတော့ လျှို့ဝှက်နေရာတစ်ခုကို ရောက်သွား ပါတယ်”
“အဲ့နေရာက တော်တော်လေး ထူးဆန်းပါတယ်၊ ကိုးခါတိတိ သေဘေးနဲ့ တွေ့ခဲ့ပင်မယ့် အသက်ရှင် ခဲ့ပြီးတော့ ညီသုံးယောက်ကို အသက်ကယ် နိုင်ခဲ့ပါတယ်။ အဲ့အခါကျမှ အဲ့နေရာက စိတ်ဝိညာဉ် တောင်ရဲ့ သခင်လေး လျှို့ဝှက်နယ်မြေ ဖြစ်တာကို သိလိုက်ရတာပါ”
“ကျွန်တော်တို့ လေးယောက် အသက်ရှင်လျက် ထွက်လာတော့ ကျွန်တော်တို့က ဝိညာဉ်မြို့တော်ရဲ့ သခင်လေးတွေ ဖြစ်လာတာပါပဲ”
ထို့ပါ့ယွင်က ယဲ့ဖန်ကို ဖြစ်ကြောင်းစုံလင် ရှင်းပြ သည်။ သူတို့က ကျွင်းမောင်နှမကို မရှိသကဲ့သို့ သဘောထား နေသည်။ ဤအဖြစ်ကြောင့် ကျွင်း မောင်နှမ ဒေါသူပုန်ထသွားသည်။
“ထို့ပါ့ယွင်”
ကျွင်းပုကျွေးက ထို့ပါ့ယွင်ကို စူးစိုက်ကြည့်၍ အော်ဟစ် လေသည်။
“ဒီကိစ္စကို မင်း ငါ့ကို ရှင်းပြမှ ဖြစ်မယ်၊ မဟုတ်လို့ ကတော့ ငါ့အဖေနဲ့ စိတ်ဝိညာဉ်သခင်ကို ငါ ပြောပြလိုက်မယ်၊ အဲ့အချိန်ကျရင် မင်းသခင်ကြီး တင်မကဘူး၊ မင်းပါ အသက်ရှင်မယ် မထင်နဲ့”
ကျွင်းပုကျွေး၏ စကား၌ ရက်စက်လိုသော အငွေ့အသက်များ ပါနေသည်ကို လူတိုင်း ကြားသိ လိုက်သည်။ သူသည် အလွန် စိတ်ဓာတ် ခိုင်မာလှပြီး ယဲ့ဖန်ကို သတ်ကိုသတ်မှ ဖြစ်မည်ဟု ဆုံးဖြတ် ထားသည်။ ယဲ့ဖန်ကို သတ်မရပါက သူ ထို့ပါ့ယွင် ကိုပါ သတ်မည့်ပုံပင်။
သူ့စကားကြောင့် ထို့ပါ့ယွင်က ပျက်ရယ်ပြု လေသည်။ သူသည် ယဲ့ဖန်ကိုသာ လှည့်ကြည့်နေပြီး ယဲ့ဖန်၏ အမိန့်ပေးခြင်းကို စောင့်နေပုံရသည်။ ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
“သူက မင်းကို သေစေချင်နေမှတော့ သူ့ကို သေခိုင်းလိုက်တာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဖက်ကို လှုပ်လိုက်သည်။
ဝှစ်!
ရွှေရောင် အလင်းတန်းတစ်ခုက လျှပ်စီးကဲ့သို့ ဖြတ်သန်း သွားသည်။ ထို့အတူ သွေးများ ပန်းထွက် လာလေသည်။ အားလုံး၏ မှင်တက်နေသော အကြည့်အောက်၌ ကျွင်းပုကျွေးနှင့် ကျွင်းချင်အာ တို့၏ ခန္ဓာကိုယ်များ ဓားခုတ်ခံလိုက်ရပြီး ခါးမှနေ၍ သွေးများ ပန်းထွက်လာ၏။
“အား…”
ပြင်းထန်သော နာကျင်မှုကြောင့် နှစ်ယောက်လုံး ရူးမတတ် ဖြစ်နေသည်။ ထို့အပြင် အဆိပ်ငွေ့များက မောင်နှမနှစ်ယောက်၏ ကိုယ်ကို ရစ်ပတ်လွှမ်း ခြုံလာသောကြောင့် အသားများ ပုပ်သိုးဆွေး မြည့်လာ၏။
နာကျင်မှုက ငရဲကျခံရနေရသည့်အလား ခံရခက်ကာ ဆိုးဝါးလှသည်။
“ထို့ပါ့ယွင် မင်းက လူသတ်သမား ငါ့ကို ဒဏ်ရာရ အောင် လုပ်တာကိုတောင်မှ လျစ်လျူရှုထားတယ်၊ မင်းတော့ သေပြီသာမှတ်၊ အဲ့ကောင်လည်း သေပြီ သာမှတ်”
“အား … ငါ့အဖေနဲ့ စိတ်ဝိညာဉ်သခင်ကို ငါ ပြောပြ မယ်ကွ၊ မင်းတို့အားလုံးကို ငါ သတ်မယ်”
မောင်နှမနှစ်ယောက်၏ မကျေမနပ်နှင့် မုန်းတီးစွာ ပြောဆိုနေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူတို့သည် နာကျင်မှုကို တောင့်ခံရင်း သေသွား တာကမှ ပိုကောင်းသေးသည်ဟု တွေးနေမိသည်။
ယဲ့ဖန်၊ ထို့ပါ့ယွင်နှင့် အခြားသူများက သူတို့၏ ကြွေးကြော်သံများကို မကြားသယောင် ပြုနေ၏။ သူတို့ကို တစ်ချက်လေးပင် မကြည့်ဘဲ သခင်လေး စံအိမ်ထံသို့သာ လျှောက်လှမ်းသွားကြသည်။
ဘေးပတ်လည်မှ လူများက သူတို့အတွက် လမ်းဖယ်ပေးကြလေသည်။ လူတိုင်းက ယဲ့ဖန်ကို ထိတ်လန့်အံ့ဩဟန်ဖြင့် ကြည့်နေကြသည်။
ထို့အပြင် ဝိညာဉ်မြို့တော်သည် တည်ငြိမ် အေးချမ်း ခြင်း မရှိတော့ဘဲ လေပြင်းတိုက်၍ သွေးမိုးရွာ တော့မည်ကို အားလုံး သိနေကြလေသည်။
Chapter 750 ထူးဆန်းသော ဘိုးဘေး
ယဲ့ဖန်နှင့် အခြားသူများ ထွက်သွားသည်နှင့် ဈေးဆိုင်မှ အဘိုးအိုသည် ကျွင်းမောင်နှမကိုပင် ကြည့်မနေတော့ချေ။ သူသည် ဆိုင်ကိုရှင်းလင်း၍ လမ်းကြားတစ်ခုထဲသို့ တန်းဝင်သွားသည်။
တစ်ချိန်တည်းမှာပင် အဘိုးအိုကို မြင်သည်နှင့် ဖြတ်သွားဖြတ်လာများ၏ မျက်လုံးတွင် ရုတ်တရက် လောဘရိပ်များ ထင်ဟပ်လာသည်။
ယဲ့ဖန်က အဘိုးအိုကို စကြဝဠာသုံးဒင်္ဂါး ဆယ်သန်း ပေး၍ အရောင်းအဝယ် လုပ်ခဲ့သည်ကို သူတို့ သတိရသွားသည်။
*ပွတာပဲ*
လက်ရှိအချိန်၌ များစွာသော သိုင်းပညာရှင်များသည် အချင်းချင်း လှမ်းကြည့်လိုက်ကြပြီးနောက် လောဘ ရိပ် တောက်ပနေသော မျက်လုံးများဖြင့် အဘိုးအို နောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။
ထိုလူများသည် လမ်းကြားလေးထဲ လိုက်သွားပြီး မကြာခင်မှာပင် ပြေးလိုက်ရာမှ ရပ်သွားကြသည်။ လမ်းကြားလေးထဲတွင် ဗလာနတ္ထိ ဖြစ်နေ၏။
ရုတ်တရက် အဘိုးအို၏ တုန်ချိချိပုံရိပ်က လမ်းကြား တစ်နေရာ၌ ငြိမ်သက်စွာ ရပ်နေသည်ကို သိုင်းပညာ ရှင် တစ်ချို့ မြင်လိုက်ရသည်။ အဘိုးအိုက ပြုံး၍ သူတို့ကို အချိန်အတော်ကြာ စောင့်နေပုံ ပေါ်သည်။
“မင်းတို့နှုန်းက တော်တော်နှေးတာပဲ”
အဘိုးအိုက ပြုံး၍ ပြောလေသည်။ ထိုစကားကြောင့် သိုင်းပညာရှင်များ မှင်တက် သွားကြသည်။ သိုင်းပညာရှင်ထဲက တစ်ယောက်က မေးလိုက်သည်။
“အဘိုးကြီး၊ ကျုပ်တို့ ခင်ဗျားနောက် လိုက်နေမှန်း သိနေမှတော့ ကျုပ်တို့ကို အဲ့ဒါ ပေးလိုက်တော့၊ ဟုတ်ပြီလား”
“ဘာကိုပေးရမှာလဲ”
အဘိုးအိုက သိချင်သည့် မျက်နှာထားဖြင့် မေးလိုက် သည်။ အဘိုးအို၏ စကားကြောင့် သိုင်းပညာရှင် များ၏ မျက်နှာများ မည်းမှောင်လာပြီး စူးစူးရဲရဲ စိုက်ကြည့်လာ၏။
“စကြဝဠာသုံးဒင်္ဂါးလေ”
“စောနတုန်းက ဟိုကောင်လေး ခင်ဗျားကို ပေးလိုက်တဲ့ စကြဝဠာသုံးဒင်္ဂါး ဆယ်သန်းကို မြန်မြန်ပေး၊ မဟုတ်လို့ကတော့ ကျုပ်တို့ ခင်ဗျားကို သေမင်းဆီ ပို့ပေးလိုက်မယ်”
သိုင်းပညာရှင်များက ထိုသို့ပြောပြီး ခါးကြားမှ ဓားများကို ဆွဲထုတ်လိုက်ကြသည်။ ဓားရောင်များ လက်ခနဲ ဖြစ်လာပြီး အဘိုးအိုအား ခက်ထန်စွာ စိုက်ကြည့်လာ၏။
ဤမြင်ကွင်းကြောင့် အဘိုးအိုက ရယ်လိုက်သည်။ ထို့နောက် ခေါင်းအသာခါ၍ ပြောလိုက်သည်။
“မင်းတို့ မှားနေပြီ၊ ပေးဆပ်ရမှာ ငါ မဟုတ်ဘူး၊ မင်းတို့ပဲ”
*ဘာ*
ထိုစကားကြောင့် သိုင်းပညာရှင်များ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ အဘယ်ကြောင့် အဘိုးအိုက ဤသို့ ပြောရဲသလဲ ဆိုသည်ကို သူတို့ နားမလည်ကြချေ။
“ငါတို့က ဘာကို ပေးဆပ်ရမှာလဲ”
လူတစ်ချို့က အတော်လေး မျက်နှာထား တင်းမာ နေပြီ ဖြစ်သည်။ ထိုစဉ် အဘိုးအို ဆက်ပြော လိုက်သည့် စကားကြောင့် သူတို့ မျက်နှာပျက် သွားကြ၏။
“ငါ မင်းတို့အသက်ကို လွှဲယူမလို့လေ”
အဘိုးအို၏စကားကြောင့် သိုင်းပညာရှင်အချို့ ဒေါသူပုန် ထသွားကြသည်။ အားလုံး ရပ်ကြည့် နေချိန်တွင် ထိုသူများက ဓားကိုမြှောက်ကာ အဘိုးအိုထံ ပြေးဝင်၍ အပြင်းအထန် ခုတ်ပိုင်း လေတော့သည်။
ရုတ်တရက် လမ်းကြားတစ်ခုလုံး၌ လေပြင်းတိုက် လာသည်။ သူတို့ပုံစံက သိုးတစ်ကောင်ကို သတ်ဖြတ် တော့မည့် ဆာလောင်နေသော ဝံပုလွေတစ်ချို့နှင့် တူလေသည်။
ထိုစဉ် အမှောင်ရိပ်ထဲမှနေ၍ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် ထွက်လာသည်။ သူသည် တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံကို ဝတ်ထားပြီး မျက်နှာကိုပါ အနက်ရောင်ပုဝါ ပတ်ထား သောကြောင့် သူ့မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။ သို့သော် ထိုလူ၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှ၏။
ဓားဖြင့်ခုတ်ပိုင်းလာသည့် သိုင်းပညာရှင်များကို ထိုအနက်ရောင်ဝတ်စုံနှင့်လူက ဧရာမ လက်တ စ်ဖက်ဖြင့် လှမ်းဖမ်းလိုက်သည်။
ဂျွတ်!
ထိုသိုင်းပညာရှင်များသည် ကြက်ပေါက်များကဲ့သို့ ထိုလက်ထဲတွင် အဖမ်းခံထားရပြီး မလှုပ်နိုင် တော့ပေ။ လူများစွာကို လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်ခြင်းက ထိတ်လန့်ဖွယ် ကောင်းလှသည်။ အဖမ်းခံထားရသည့် သိုင်းပညာရှင်များ လိပ်ပြာ လွင့်မတတ် ကြောက်လန့်နေကြသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဒါ နတ်သခင်အဆင့် သိုင်းပညာရှင်ပဲ”
ထိုလူများ အလွန် သွေးပျက်သွားကြသည်။ နတ်သခင်အဆင့် အနက်ရောင်ဝတ်စုံနှင့်လူက အဘိုးအိုအား အရိပ်လို စောင့်ရှောက်နေသည်ကို တွေ့လိုက် ရသဖြင့် သူတို့ကိုယ်သူတို့ မိုက်မဲလှ သည်ဟု တွေးမိသွားသည်။
ဤအဘိုး၌ မည်သို့သော ကြောက်စရာကောင်းသည့် နောက်ခံ ရှိနေပါလိမ့်။
ရုတ်တရက် ထိူလူများ ချေးထွက်ကျမတတ် ကြောက်လန့် လာ၏။
“မလုပ်နဲ့”
ကြောက်လန့်တကြား အော်ပြောသံ ထွက်လာ ပြီးနောက် နတ်သခင်အဆင့် အနက်ရောင် ဝတ်စုံနှင့်လူက သူ့လက်ကို အားဖြင့် ဖျစ်ညှစ် လိုက်သည်။
ဂျွတ်! ဂျွတ်!
လက်တွင်းမှ အရိုးကျိုးသံများ ထွက်ပေါ် လာပြီး နောက် အော်သံများ တိခနဲ ရပ်တန့် သွားသည်။ နတ်သခင်အဆင့် အနက်ရောင် ဝတ်စုံနှင့်လူက သူ့လက်ကို ဖြေလျှော့လိုက်ချိန်တွင် သွေးစက်များနှင့် အရိုးများ ပြုတ်ကျလာသည်။
အရိုးပင် အကောင်းလိုက် မကျန်ရစ်ပေ။ ဤမြင်ကွင်း ကိုသာ သာမန်သိုင်းပညာရှင်များ မြင်သွားပါက ချောက်ချားသွားလောက်သည်။
သိုင်းပညာရှင်များစွာအား ကြက်ကလေးများကို ဖျစ်ညှစ်သကဲ့သို့ သတ်ပစ်လိုက်ခြင်းက မိစ္ဆာ ဆန်သော နည်းလမ်း တစ်ခုပင်။
ထို့အပြင် ခြေသံများ ထွက်ပေါ်လာပြီး ထိုနတ်သခင် အဆင့် အနက်ရောင်ဝတ်စုံနှင့်လူ၏ နောက်မှနေ၍ အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ကျော် ထွက်လာ၏။ တစ်ယောက်ချင်းစီက အရှိန်အဝါ ကြီးလှသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လူပေါင်းဒါဇင်ချီ၍ ထွက်လာပြီး အဘိုးအိုရှေ့၌ ဒူးထောက်လာသည်။
“ဘိုးဘေးကို ဂါဝရပြုပါတယ်”
တစ်ယောက်ချင်းစီက နတ်သခင်အဆင့် သိုင်းပညာ ရှင်များ ဖြစ်ကြပြီး အားလုံးက အလွန် လေးစား ကြည်ညိုသည့် အကြည့်များဖြင့် မြေကြီးပေါ် ဦးညွှတ်၍ အရိုအသေ ပေးနေကြသည်။
သူတို့အတွက် ထိုအဘိုးအိုက နတ်မင်းတစ်ပါး ဖြစ်ပုံရသည်။ အဘိုးအို စကားတစ်ခွန်း ဟလိုက် သည်နှင့် သူတို့ ဓားတောင်ကိုဖြတ်၍ မီးပင်လယ်ကို ဖြတ်ကူးကာ အသေခံမည့်ပုံပင်။
အဘိုးအို၏ အရှိန်အဝါသည်လည်း ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ သူ၏ အင်အားမရှိ သကဲ့သို့သော အရှိန်အဝါက ချက်ချင်း ပျောက်ကွယ် သွားကာ နတ်မင်းတစ်ပါးကဲ့သို့သော ဖိအား အရှိန်အဝါများ ထွက်ပေါ်လာ၏။
“အဲ့လူကို ဘယ်လိုသဘောရလဲ၊ မင်းတို့အားလုံး တွေ့ပြီးပြီလား”
အဘိုးအိုက သူ့ရှေ့မှာ ဒါဇင်ကျော်သော လူများအား ဖြည်းဖြည်းချင်း မေးလိုက်သည်။ သူ၏စကားကြောင့် ရှေ့ဆုံးမှ နတ်သခင်အဆင့် အနက်ရောင် ဝတ်စုံနှင့်လူက ခေါင်းညိတ်လေသည်။
“ဘိုးဘေး၊ အဲ့ကောင်လေးမှာ ရည်ရွယ်ချက်တစ်ချို့ ရှိနေပါတယ်၊ ဘယ်လိုလုပ် သူက မမလေးအတွက် အဆာပြေ စားစရာကို စကြဝဠာသုံးဒင်္ဂါး ဆယ်သန်း အကုန်ခံတာလဲ မသိပါဘူး”
ထိုသိုင်းပညာရှင်များ၏ စကားအဆုံး၌ အခြားသူများ ကလည်း ပြန်ပြောလေသည်။
“ဟုတ်ပါတယ်၊ ဘိုးဘေးက အရင်တုန်းကလည်း ကျွန်တော့်ကို တမင် ငွေညှစ်ဖူးပါသေးတယ်၊ ကျွန်တော်က သူ ဒေါသထွက်ပြီး ထွက်သွားမယ်လို့ ထင်နေခဲ့တာ၊ မထင်မှတ်ဘဲ သူက တကယ် သဘောတူ လိုက်တာပဲ”
“စိတ်ဝင်စားစရာကောင်းတယ်၊ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ကောင်လေးပဲ”
“…”
သိုင်းပညာရှင် တော်တော်များများက ထုတ်ပြော လာကြသည်။ သူတို့၏ စကားတိုင်းက ယဲ့ဖန်ကို အံ့ဩ၍ ချီးကျူးသော စကားများသာ ဖြစ်သည်။ ထိုစကားများကို နားထောင်ပြီးနောက် အဘိုးအိုက ပြုံးလေသည်။
“အဲ့အရူးမလေးက ငါက ဘိုးဘေးမှန်း မသိသေးဘူး”
“အဲ့အစား ဟိုကောင်လေးက … သူ ငါ့ကို သတိထား မိသွားတယ်”
*ဘယ်လို*
ထိုစကားကြောင့် လူတိုင်း မျက်နှာပျက်သွားသည်။ အဘိုးအို၏ နောက်ခံ အစစ်အမှန်ကို သူတို့ သိထား ကြ ပါသည်။ နတ်သခင်အဆင့် ဖြစ်နေလျင်တောင်မှ သူတို့သည် အဘိုးအိုရှေ့၌ ပုရွက်ဆိတ်ကဲ့သို့ အားနည်း လှပေသည်။
ထို့အပြင် ဤလောက၌ အဘိုးအိုနှင့် တန်းတူ ပြောနိုင် သည့်သူ မရှိပေ။ ဤအဘိုးအိုအား မည်သူမျှ မျက်လုံးပင် လှန်မကြည့်ရဲကြချေ။
“အံ့ဩစရာ မကောင်းဘူးလား”
အဘိုးအိုသည် ငိုရမလား ရယ်မလား မသိတော့ဘဲ ခေါင်းခါ၍ သက်ပြင်းချလေသည်။
“ငါတောင်မှ အံ့ဩသွားရတာပဲ”
“ဒါပေမဲ့ ငါ ထိုးထွင်းသိမြင်လိုက်ရတဲ့ အချက်တစ် ချက်တစ်ချက်ရှိတယ်၊ အဲ့အချက်ကြောင့် ငါ အတော်လေး အံ့ဩသွားရတယ်၊ အဲ့ကောင်လေးက ကောင်းကင်မျက်လုံးကို ဖွင့်လိုက်နိုင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
*ကောင်းကင်မျက်လုံးတဲ့လား*
ထိုစကားလုံးကိုကြားပြီး နတ်သခင် အဆင့်များ အားလုံး မျက်နှာ ပျက်ယွင်းသွားသည်။
“အဲ့ကောင်လေးရဲ့ နဖူးက အက်ရာက ကောင်းကင် မျက်လုံးလို့ ဘိုးဘေး ပြောချင်တာလား”
“မြတ်စွာဘုရား၊ ကောင်းကင်မျက်လုံးက ရှေးခေတ် အချိန်ကတည်းက ဒဏ္ဍာရီတစ်ခုပဲလေ၊ အဲ့အချိန်က မဟာနတ္ထိ ရှေးဧကရာဇ်တောင်မှ မဖွင့်နိုင်ခဲ့တာ၊ ဒီကောင်လေးက …”
“…”
လူတိုင်းထံမှ ထိတ်လန့်တကြား ပြောဆိုသံများ ထွက်ပေါ်လာသည်။
“ဘိုးဘေး အဲ့ကောင်လေးက အတော်လေး ဉာဏ် ထက်တယ်ဆိုရင်တောင်မှ ကျွန်တော်တို့ မမလေးကို သူ့နောက်လိုက်ခွင့် ပေးထား သင့်ရဲ့လား”
*မမလေးလား*
ထိုစကားကြောင့် အဘိုးအိုက ကြည်နူးစွာ ပြုံးလာ သည်။
“ဒီကောင်မလေး တစ်ယောက်ယောက်နဲ့ ဒီလောက် ရင်းနှီးတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး”
“ဒါက အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်”
“အဲ့အတွက် စိတ်မပူနဲ့၊ ငါ ပြီးပြည့်စုံတဲ့ နတ်ဘုရား သိုင်းကျမ်း ဖော်ထုတ်ပြီးတာနဲ့ သူ့ကို သွားခေါ် ကြမယ်”
ထိုသို့ပြောပြီး အဘိုးအိုက လက်ဝှေ့ယမ်း လိုက်သော အခါ အငွေ့များ ထွက်ပေါ်လာပြီး သူ၏ပုံရိပ် ကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
ဤမြင်ကွင်းကို ကြည့်ပြီး နတ်သခင်အဆင့် သိုင်းပညာရှင် များက ပြိုင်တူနှုတ်ဆက်ကြသည်။
“ဘိုးဘေးကို နှုတ်ဆက်ပါတယ်”
အဘိုးအိုထွက်သွားသည်နှင့် ထိုသိုင်းပညာရှင်များ စိတ်အေးသွားကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြပြီး အားလုံး၏ မျက်နှာထက်တွင် အံ့ဩဟန်များက မပျောက်ကွယ် သေးပေ။
“ဘိုးဘေးက အဲ့ကောင်လေးကို တော်တော်လေး သဘောကျတဲ့ပုံပဲ၊ ငါတို့ ဘာလုပ်သင့်လဲ”
“ငါတို့က ဘာလုပ်နိုင်မှာလဲ၊ ဘိုးဘေးကလည်း သဘောကျသလို မမလေးကလည်း သူနဲ့ နီးနီး ကပ်ကပ်နေတယ်၊ ဒီကောင်လေးက တစ်နေ့နေ့ အထက်လောကရဲ့ အုပ်ချုပ်သူ ဖြစ်လာနိုင်တယ်၊ ငါတို့ သူ့ကို ကာကွယ်မှ ဖြစ်မယ်”
“ဟုတ်တယ်၊ ငါတို့ အခွင့်အရေး ရလာရင် ချက်ချင်း လှုပ်ရှားပြီး သူ့ရှေ့မှာ ကောင်းကောင်း ဆောင်ရွက် ပြရမယ်၊ အနာဂတ်ကျရင် ငါတို့ ကောင်းကင်ဘုံ နယ်မြေအထိ မြင့်တက်လာနိုင်တယ်”
အတော်ကြာ ဆွေးနွေးပြီးနောက် အားလုံးက ယဲ့ဖန် ထွက်သွားသည့်အရပ်သို့ ကြည့်ကာ ပျောက်ကွယ် သွားကြသည်။
စာစဉ် ၅၀ ဤတွင် ပြီးပါပြီ။