အခန်း (၆၈၂-၆၈၃)
Vol. 61 Ch. 682-683
အခန်း ၆၈၂ ပိုမို အားကောင်းလာခြင်း
ဒုတိယထပ်သို့ ရောက်သောအခါ လက်ဖက်ရည် သောက်နေသော ယန်ရှောင်ဘို ကို ကျန်းပေရန် လျင်မြန်စွာ တွေ့လိုက်ရလေသည်။
ကျန်းပေရန် ရုတ်တရက် ရောက်လာသဖြင့် ယန်ရှောင်ဘို သည် အနည်းငယ် အံ့အားသင့်သွားပုံရသော်လည်း မကြာမီမှာပင် လက်ဖက်ရည်ခွက်ကို ချကာ ဖိတ်ခေါ်သည့် ဟန်ပန်ဖြင့် ပြောလိုက်၏
"လာ လာ မြန်မြန် ထိုင်ပါဦး"
စားပွဲပေါ်တွင် ပုံနေသော စာရွက်စာတမ်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းပေရန် က ထိုင်ရင်း ပြုံးကာ ပြောလိုက်လေသည်
"ယန်ဂိုဏ်းချုပ်က ကိုယ်တိုင်ကိုယ်ကျ ဒီလောက်အထိ အပင်ပန်းခံ လုပ်ဆောင်နေတာ တကယ်ကို လေးစားမိပါတယ်"
ယန်ရှောင်ဘိုက နားထောင်ပြီးနောက် မတတ်သာသလို ခေါင်းယမ်းလိုက်၏
"ငါလည်း ဒီလို လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး ကုလျန်ချန် ဆိုတဲ့ အဘိုးကြီးက ဒီကိစ္စတွေကို ငါ့ဆီ ပုံပေးခဲ့တာလေ ငါ့ဘက်ကလည်း သူ့ကို အဖြေတစ်ခု ပြန်ပေးရဦးမယ် မဟုတ်ရင် သူ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာရင် ငါ့ကို ဆူပူနေတော့မှာပေါ့"
အရင်ကတည်းက ထင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကျန်းပေရန်သည် ဤ အနက်ရောင် သူတော်စင် နှစ်ဦး၏ ပုဂ္ဂိုလ်ရေး ပတ်သက်မှုမှာ အလွန် ကောင်းမွန်ပြီး မိတ်ဆွေဟောင်းများ ဖြစ်ကြသည်မှာ သေချာသွားလေသည်။
လက်ဖက်ရည် အသုံးအဆောင်များကို ကျန်းပေရန်ဘက်သို့ တိုးပေးလိုက်ပြီးနောက် ယန်ရှောင်ဘို က မေးလိုက်၏။
"အဲ့ဒီဘက်က ကိစ္စတွေ ဘယ်လိုနေလဲ လမ်းစတွေ ဘာတွေ တွေ့ပြီလား"
ဒီတစ်လအတွင်း ယန်ရှောင်ဘိုသည် ကျန်းပေရန်ကို အကြိမ်အနည်းငယ် ရှာဖွေခဲ့သော်လည်း ကျန်းပေရန် ကတော့ တစ်သမတ်တည်းသော အဖြေကိုသာ ပေးခဲ့လေသည်။
၎င်းမှာ အဆိပ်ငွေ့များ ထပ်မံ ပေါ်မလာစေရန်အတွက် သူ ကြိုးစား အားထုတ်နေသည် ဆိုသည့် အချက်ပင် ဖြစ်၏။
ဒီကိစ္စနှင့် ယှဉ်လိုက်လျှင် ယန်ရှောင်ဘို ကူညီခိုင်းလိုသော ကိစ္စများမှာ အလွန် သေးငယ်သော ကိစ္စများကဲ့သို့ ဖြစ်နေသဖြင့် သူလည်း စောင့်ဆိုင်းနေရခြင်း ဖြစ်လေသည်။
"အင်း အခြေခံ စိတ်ကူးတော့ ရပါပြီ ဒီတစ်ခေါက် ပြန်လာတာက လူအင်အား ခေါ်ယူဖို့ပါ"
"အို"
ယန်ရှောင်ဘို က ကြားလိုက်ရသည်နှင့် ချက်ချင်း လက်အုပ်ချီကာ ပြောလိုက်လေသည်။
"ဆရာကျန်း နဲ့ တကယ်ကို ထိုက်တန်ပါတယ် ဘယ်လို ကိစ္စမျိုးပဲ ဖြစ်ဖြစ် ဆရာကျန်း ရဲ့ လက်ထဲ ရောက်သွားရင် ဘယ်လောက် ခက်ခဲပါစေ အောင်မြင်အောင် လုပ်နိုင်တာပဲ လေးစားပါတယ် လေးစားပါတယ်"
ပြန်လည် လက်အုပ်ချီ နှုတ်ဆက်လိုက်ရင်း ကျန်းပေရန် က ပြုံးလျက် ပြောလိုက်၏။
"အားလုံးရဲ့ ကူညီမှုတွေကြောင့်ပါ ဒါနဲ့ ယန်ဂိုဏ်းချုပ် အရင်က ကျွန်တော့်ကို ရှာတာ ဘာကိစ္စ ရှိလို့လဲ အရင်က အလုပ်တွေ အရမ်း များနေလို့ မအားလပ်တာနဲ့..."
"မပြောပါနဲ့တော့ အားလုံး နားလည်ပါတယ်"
ယန်ရှောင်ဘို က ကျန်းပေရန် ၏ စကားကို လက်ကာပြပြီး တားလိုက်လေသည်။
"တကယ်တော့ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး အဲ့ဒီ ဂူအဆိပ်ကျင့်ကြံသူ တွေအကြောင်း နည်းနည်း ဆွေးနွေးချင်လို့ပါ"
"သူတို့ ဘာဖြစ်လို့လဲ"
"ခင်ဗျားလည်း သိတဲ့အတိုင်း အဲ့ဒီ ဂူအဆိပ်ကျင့်ကြံသူ တွေက အရမ်း ခေါင်းမာကြတာ အရှင် ဖမ်းလို့ကို မရဘူး ဒါကြောင့် ကျွန်တော်တို့က ဆရာကျန်း ဖမ်းပေးခဲ့တဲ့ လူသစ္စာဖောက်တွေဆီကနေပဲ လမ်းစရှာရတယ် ဒါပေမဲ့ ဆရာကျန်း ကလွဲလို့ သူတို့ ပါးစပ်ကို ဟအောင် လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလေ ဒါကြောင့် အဲ့ဒီလူတွေကို ဘယ်လို စီစဉ်ချင်လဲ ဆိုတာ မေးချင်လို့ပါ"
"အင်း... ဒါက တကယ်ကို စဉ်းစားသင့်တဲ့ ကိစ္စပဲ"
မည်သို့ပင်ဆိုစေ ထို လူသစ္စာဖောက် များထဲတွင် အနက်ရောင် သူတော်စင် အဆင့် အားကြီးသူ အများအပြား ပါဝင်နေသဖြင့် တိုက်ရိုက် သတ်ပစ်ရန်မှာ နှမြောစရာ ကောင်းလှပေသည်။ သို့သော် ဆက်လက် ထားရှိရန်မှာလည်း ကျန်းပေရန် တစ်ယောက်တည်းသာ ၎င်းတို့ကို ထိန်းချုပ်နိုင်ပုံ ပေါ်နေသောကြောင့် ဖြစ်လေသည်။
"ယန်ဂိုဏ်းချုပ် ကကော သူတို့ကို ဘယ်လို စီစဉ်ချင်လဲ"
ယန်ရှောင်ဘို က နားထောင်ပြီးနောက် ရယ်မောလိုက်၏
"ဒါကြောင့်လည်း ကျွန်တော်က ဆရာကျန်း ကို အကြံတောင်းနေတာပေါ့ ဒီလူတွေကို ဒီအတိုင်း ပိတ်လှောင်ထားရတာကလည်း အဆင်မပြေဘူးလေ"
ကျန်းပေရန် ခဏတာ စဉ်းစားလိုက်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်လေသည်။
"အတိုချုပ် ပြောရရင် လောလောဆယ်တော့ ဒီအတိုင်းပဲ ပိတ်ထားလိုက်ပါဦး ကျွန်တော် နည်းလမ်း ရှာတွေ့တဲ့အခါမှ ပြန်လာရှာပါ့မယ်"
"ကောင်းပါပြီ ဆရာကျန်း ရဲ့ ဒီစကားကို ကြားရတော့မှပဲ စိတ်အေးရတော့တယ် ဒါနဲ့ ဂူအဆိပ်ကျင့်ကြံသူ တွေရဲ့ အလောင်းတွေကိုကော ကြည့်ချင်သေးလား အပိုင်းပိုင်း ပြတ်နေကြပေမဲ့ ပြန်ဆက်လိုက်ရင်တော့ အသုံးတည့်ဦးမှာပါ"
"ဒါကိုတော့ ကျွန်တော် နည်းနည်း စိတ်ဝင်စားသားပဲ ဒါပေမဲ့ အခုတော့ အဆိပ်ငွေ့ ကာကွယ်ရေး ဘက်ကိုပဲ အာရုံစိုက်ထားချင်သေးလို့ တခြား ကိစ္စတွေကို ခေတ္တ ဘေးဖယ်ထားပါရစေ"
"ရပါတယ် အဲ့ဒီ အလောင်းတွေက ပုပ်သိုးသွားမှာ မဟုတ်ဘူး ဆရာကျန်း အားတဲ့အချိန်မှ လာကြည့်လည်း ရပါတယ်"
ယန်ရှောင်ဘိုက ပြောပြီးနောက် လက်ဖက်ရည် တစ်ခွက် ငှဲ့ကာ ကျန်းပေရန် ထံ ပေးရင်း ဆက်ပြောလေသည်။
"နောက်ပြီးတော့ ဒီတစ်ခေါက် သေဆုံးဒဏ်ရာရတဲ့ စာရင်းက ကျွန်တော် ထင်ထားတာထက် အများကြီး ပိုများနေတယ် အဲ့ဒီ သေနာကောင် တိရစ္ဆာန်တွေ"
ယန်ရှောင်ဘို မကြာသေးခင်က ဒေါသများ ဤမျှလောက် ထွက်နေရခြင်းမှာ နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသော ထိတ်လန့်စဖွယ် သေဆုံးမှု စာရင်းများကြောင့် ဖြစ်လေသည်။
ကျင့်ကြံသူများ အနေဖြင့် ပုံမှန်အချိန်တွင် ပြည်သူများ မည်သို့ ရှင်သန်နေထိုင်သည်ကို သိပ်ပြီး ဂရုမစိုက်ကြသော်လည်း ပြည်သူသည်သာ တိုင်းပြည်၏ အခြေခံ အုတ်မြစ် ဖြစ်ကြောင်းကိုမူ ၎င်းတို့၏ စိတ်ထဲတွင် ကောင်းစွာ နားလည်ထားကြလေသည်။ ပြည်သူများ မရှိပါက မည်မျှပင် အစွမ်းထက်သော တိုင်းပြည် ဖြစ်စေကာမူ ရေရှည် တည်တံ့နိုင်မည် မဟုတ်ချေ။
ယခုတစ်ကြိမ် ဂူမျိုးနွယ်စု ကျူးကျော်မှုတွင် ပြည်သူများသည် အဆိပ်ငွေ့ကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ ထို ဂူအဆိပ်ကျင့်ကြံသူ များ၏ ရက်စက်လှသော နှိပ်စက်မှုများကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်ပြီး ယဇ်ပူဇော်ရာတွင် အသုံးချခြင်း ခံခဲ့ကြရသည်။
ထို့အပြင် သေဆုံးသွားသူများထဲတွင် သာမန် ပြည်သူများသာမက များပြားလှသော ဂိုဏ်းဝင် တပည့်များနှင့် အထက်လူကြီးများလည်း ပါဝင်နေပြီး အဖမ်းခံရသူတိုင်းမှာ အသက်ရှင်ရန် အခွင့်အရေး လုံးဝ မရှိသလောက်ပင် ဖြစ်ခဲ့ရလေသည်။
ဆိုရလျှင် ဤတစ်ကြိမ် ကျူးကျော်မှုအတွင်း မျိုးဆက်သစ် ကျင့်ကြံသူများသည် အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရပြီး နောင်တစ်ချိန်တွင် လူသားအရင်းအမြစ် ပြတ်လပ်မှုများနှင့် သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။
မိမိဂိုဏ်းမှ တပည့်များစွာသည်လည်း ထို ဂူမျိုးနွယ်စု များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး လူမဆန်သော နှိပ်စက်မှုများ ခံခဲ့ရသည်ကို တွေးမိတိုင်း ယန်ရှောင်ဘို သည် ဒေါသထွက်လွန်း၍ စားပွဲများကို အကြိမ်မည်မျှ ရိုက်ခွဲမိမှန်းပင် မသိတော့ချေ။
ဒေါသထွက်နေသော ယန်ရှောင်ဘို ကို ကြည့်ရင်း ကျန်းပေရန် လည်း စိတ်မကောင်း ဖြစ်မိသလို သူ၏ ဦးနှောက်ထဲတွင်လည်း သိန်းနဲ့ချီသော မကျွတ်မလွတ် ဝိညာဉ်များ၏ ပုံရိပ်များ ဖြတ်ပြေးသွားလေသည်။
ဒါဟာ သူ ယခုအခါ အဆိပ်ငွေ့များ ထပ်မံ ပေါ်မလာစေရန် အသေအလဲ သုတေသနပြုနေရသည့် အကြောင်းရင်းလည်း ဖြစ်လေသည်။ ဤကဲ့သို့သော အခြေအနေမျိုး နောက်တစ်ကြိမ် လုံးဝ ထပ်မဖြစ်စေရတော့ပေ။
ထို့နောက် ယန်ရှောင်ဘိုသည် စစ်ပြီးကာလ ပြန်လည် ထူထောင်ရေး ကိစ္စများနှင့် ပတ်သက်၍ ကျန်းပေရန်ကို အကြံဉာဏ်များစွာ တောင်းခံလေသည်။
သို့သော် ကျန်းပေရန် ၏ အဖြေကတော့ အမြဲတမ်း တစ်ခုတည်းသာ ဖြစ်၏။
"ကျွမ်းကျင်တဲ့သူကိုပဲ လွှဲပေးလိုက်ပါ"
စကားပြောနေစဉ်အတွင်း ယန်ရှောင်ဘိုသည် ဤမျှလောက် ကြီးမားသော တိုင်းပြည်ကြီးကို ပထမဆုံးအကြိမ် စီမံအုပ်ချုပ်ရခြင်း ဖြစ်ကြောင်း ကျန်းပေရန် သိရှိလိုက်ရသည်။ ထို့အပြင် ကုလျန်ချန် ၏ မျှော်လင့်ချက်များကို အလဟဿ မဖြစ်စေရန်အတွက် သူသည် ကိစ္စတိုင်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချင်နေခြင်း ဖြစ်လေသည်။
သို့သော် လူတစ်ယောက်၏ အားအင်မှာ အကန့်အသတ် ရှိသလို စွမ်းဆောင်ရည်မှာလည်း အကန့်အသတ် ရှိနေသည် မဟုတ်ပါလား။
ကျင့်ကြံခြင်းတွင် ကျွမ်းကျင်သူသည် ဂမ္ဘီရ အတတ်ပညာတွင် ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မည် ဖြစ်သလို ဂမ္ဘီရ အတတ်ပညာတွင် ကျွမ်းကျင်သူသည်လည်း တိုင်းပြည် အုပ်ချုပ်ရေးတွင် ကျွမ်းကျင်ချင်မှ ကျွမ်းကျင်မည် ဖြစ်သည်။
ယန်ရှောင်ဘို ကဲ့သို့ ကိစ္စတိုင်းကို ဝင်ရောက် စွက်ဖက်ချင်နေပါက နောက်ဆုံးတွင် အရာအားလုံး ပိုမို ရှုပ်ထွေးသွားရုံသာ ရှိပေလိမ့်မည်။
"မင်း ပြောတာ နားထောင်ကြည့်တော့... ဘာမှ မလုပ်ဘဲ ထိုင်နေတဲ့ အရှင်သခင် လိုပဲ"
ကျန်းပေရန်က လက်အောက်ငယ်သားများကို မည်သို့ အသုံးချရမည် ဆိုသည်ကို ရှင်းပြပြီးနောက် ယန်ရှောင်ဘို က ရိုးသားစွာပင် မှတ်ချက်ပေးလိုက်လေသည်။
"လူကို မှန်မှန်ကန်ကန် အသုံးချတတ်ခြင်းကလည်း စွမ်းရည်တစ်ခုပါပဲ ပြီးတော့ အဲ့ဒါက တကယ်ကို အရေးကြီးတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်"
ယန်ရှောင်ဘို က နားထောင်ပြီးနောက် တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်၏။
"နားလည်ပါပြီ"
ထို့နောက် ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပသွားပြီး အသံကို နှိမ့်ကာ ကျန်းပေရန် ကို မေးလိုက်လေသည်။
"ဒါဆို ဆရာကျန်းကော ကျွမ်းကျင်တဲ့ လက်အောက်ငယ်သားတွေ အများကြီး အသုံးချနေတာလား"
ကျန်းပေရန် က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
"ငါက တစ်ယောက်တည်း နေရတာကို ပိုသဘောကျတယ် လက်အောက်ငယ်သားတွေ ထားဖို့ စိတ်မဝင်စားဘူး"
ယန်ရှောင်ဘိုက ထိုစကားကို ကြားသောအခါ အော် ဆိုသည့် အမူအရာ ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ဝေခွဲမရ ဖြစ်နေလေသည်။
ဝေခွဲမရ ဖြစ်နေသည့် အကြောင်းမှာ ကျန်းပေရန်တွင် ထူးခြားသော လက်အောက်ငယ်သားမျိုး သူ တစ်ခါမှ မမြင်ဖူးခြင်းကြောင့် ဖြစ်သလို တစ်ဖက်တွင်လည်း ဇန်တိုင်းပြည် ၏ နောက်ဆုံးသော မျှော်လင့်ချက်ကို တစ်ကိုယ်တည်း ကာကွယ်ပေးခဲ့သော ထိုလူငယ်လေးသည် ကျန်းပေရန် နှင့် အလွန် ရင်းနှီးသည်ကို သူ သိထားသောကြောင့် ဖြစ်၏။
မဟုတ်သေးပေ ရင်းနှီးရုံတင် မကဘဲ ထိုလူငယ်လေးသည် ကျန်းပေရန် အပေါ်တွင် အလွန်အမင်း အားကိုးနေခြင်း ဖြစ်သည်။
ဒီသတင်းအချက်အလက်ကို လက်ရှိတွင် ထုန်တိုင်းပြည် မှ အနက်ရောင် သူတော်စင် များသာ သိရှိထားကြခြင်း ဖြစ်လေသည်။
သို့သော် နောက်ပိုင်းတွင် ထိုလျှို့ဝှက်ဆန်းကြဲသော လူငယ်လေးသည် ကျန်းပေရန် နှင့် ထပ်မံ ထိတွေ့ခြင်း မရှိတော့သဖြင့် ၎င်းတို့နှစ်ဦးကြားတွင် မည်သို့သော ပတ်သက်မှုမျိုး ရှိသည်ကို သူလည်း ဇဝေဇဝါ ဖြစ်နေရခြင်း ဖြစ်၏။
'ထားလိုက်ပါတော့ ဆရာကျန်း ရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေက အများကြီးပဲ နောက်ထပ် အနည်းငယ်လောက် တိုးလာလည်း ဘာမှ မဖြစ်ပါဘူး'
စိတ်ထဲမှ အတွေးများကို ရှင်းလင်းလိုက်ပြီးနောက် ယန်ရှောင်ဘို က ကျန်းပေရန် ကို လက်ဖက်ရည် တစ်ခွက် ထပ်မံ ငှဲ့ပေးကာ မေးလိုက်၏။
"ဒါနဲ့ ဆရာကျန်း ခုနက ပြောတော့ ဒီတစ်ခေါက် လာတာ လူခေါ်ဖို့ဆို အဲ့ဒီ လူခေါ်တယ် ဆိုတာက အဆင့်ကိုး ဆရာကြီးတွေ ကို ပြောတာလား"
"မှန်ပါတယ်"
ယန်ရှောင်ဘို က ကြားလိုက်ရသည်နှင့် အားတက်သရော ဖြစ်သွားကာ ပြောလိုက်လေသည်
"ဒါဆို ဆရာကျန်း ကျွန်တော့်ကို ကူညီပေးနိုင်မလား"
"ဘာကူညီရမှာလဲ"
"အရင်တစ်ခေါက် ဂူမျိုးနွယ်စု ကျူးကျော်တုန်းက ကျွန်တော့်ရဲ့ နတ်ဘုရားအိပ်မက်ဂိုဏ်း က တောင်စောင့် အစီအရင် ဖျက်ဆီးခံလိုက်ရတယ် ဂိုဏ်းအတွင်းပိုင်းမှာလည်း အတော်လေး ရှုပ်ပွသွားခဲ့တာ လွန်ခဲ့တဲ့ ရက်ပိုင်းက ဂိုဏ်းထဲက လူတွေက ဘယ်လို ပြန်ပြင်ရမလဲ ဆိုတာ လာမေးကြတယ် ကျွန်တော်လည်း ခေါင်းခဲနေတာနဲ့ အခု ဆရာကျန်း နဲ့ တွေ့တုန်း..."
အရင်က နိုင်ငံခြောက်ခုမှ အနက်ရောင် သူတော်စင် များသည် အဆင့်ကိုး ဆရာကြီးများကို အလွန် အလေးထားခဲ့ကြသော်လည်း ယခုတစ်ကြိမ် စစ်ပွဲကြီး ပြီးနောက်တွင်မူ အဆင့်ကိုး ဆရာကြီးများ၏ တန်ဖိုးမှာ မည်မျှအထိ ကြီးမားကြောင်း ၎င်းတို့ ပိုမို နားလည်သွားခဲ့ကြလေသည်
ဆိုရလျှင် ယခုတစ်ကြိမ်၌ ကျန်းပေရန် နှင့် ဤ အဆင့်ကိုး ဆရာကြီးများသာ မရှိခဲ့ပါက ၎င်းတို့အနေဖြင့် ဤအခက်အခဲကို ကျော်ဖြတ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်၏
ထို့ကြောင့် သဘာဝကျကျပင် ၎င်းတို့၏ ဂိုဏ်းများအတွင်း၌ အဆင့်ကိုး ဆရာကြီး အချို့ကို အမြဲတမ်း ရှိနေစေရန် ပိုမို စည်းရုံးချင်လာကြခြင်း ဖြစ်လေသည်။
ယန်ရှောင်ဘို၏ စကားကို ကြားပြီးနောက် ကျန်းပေရန် လည်း သူ၏ စိတ်ကူးကို တစ်ချက်တည်းနှင့် သိမြင်လိုက်လေသည် တကယ်လို့ ဂိုဏ်းစောင့် အစီအရင်ကို ပြန်လည် တည်ဆောက်ချင်ရုံ သက်သက်ဆိုပါက ထုန်တိုင်းပြည် အတွင်း၌လည်း အဆင့်ကိုး အစီအရင် ပညာရှင်များ ရှိနေသည် မဟုတ်ပါလား သို့မဟုတ်ပါက ကျန်းပေရန် ကို တိုက်ရိုက် ကူညီခိုင်းလျှင်လည်း ရပါသည် ယခုကဲ့သို့ လှည့်ပတ် ပြောဆိုနေခြင်းမှာ...
သူ့အတွက် တကယ့်ကို အစွမ်းထက်သော အဆင့်ကိုး ဆရာကြီး အချို့ကို ထောက်ခံပေးစေချင်၍ ဖြစ်ပြီး ထိုသို့ ပြုပြင်နေစဉ်အတွင်း ၎င်းတို့နှင့် ရင်းနှီးမှု ရယူရန် ကြိုးစားချင်နေခြင်း ဖြစ်လေသည်
"ကျွန်တော် ယန်ဂိုဏ်းချုပ် အတွက် မေးပေးလို့တော့ ရပါတယ် ဒါပေမဲ့ အဲ့ဒီ ဆရာကြီးတွေ အားမလား မအားဘူးလား ဆိုတာကတော့ ကျွန်တော် မသိဘူးနော်"
ယန်ရှောင်ဘို က ကြားလိုက်ရသောအခါ "ကောင်းတယ်" ဆိုသည့် စကားကို သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်ပြီးနောက် ဆက်ပြောလေသည်
"ဆရာကျန်း ရဲ့ ဒီစကားကို ကြားရတာနဲ့တင် ငါ စိတ်အေးသွားပါပြီ ကိစ္စ အောင်မြင်သွားရင်တော့ သေချာပေါက် ကျေးဇူးအကြီးအကျယ် ပြန်ဆပ်ပါ့မယ်"
ထို့နောက် အခြားသော အကြောင်းအရာ အချို့ကို ထပ်မံ ပြောဆိုပြီးနောက် ယန်ရှောင်ဘို ထံတွင် အခြား အရေးကြီးကိစ္စ မရှိတော့သည်ကို မြင်သောအခါ ကျန်းပေရန် က မတ်တပ်ရပ်ကာ လက်အုပ်ချီ၍ နှုတ်ဆက်လိုက်လေသည်
"ဒါဆို ယန်ဂိုဏ်းချုပ် မှာ တခြား ကိစ္စ မရှိတော့ဘူး ဆိုရင် ကျွန်တော် အရင် သွားနှင့်ပါရစေ"
"အခုပဲ သွားတော့မလို့လား နန်းတော်ထဲမှာ ထမင်းအရင် စားပါဦး နန်းတော်စားဖိုမှူးတွေရဲ့ လက်ရာက တကယ် ကောင်းတာနော် ပြီးတော့ မင်းကို မျှော်နေတဲ့သူတွေလည်း အများကြီး ရှိသေးတယ်လေ"
"နောက်တစ်ခေါက်မှပေါ့ ကျွန်တော် တခြား ဆရာကြီးတွေ ဆီကိုလည်း သွားပြီး အဆိပ်ငွေ့ ကာကွယ်ရေး ကိစ္စတွေ ဆွေးနွေးရဦးမှာမို့လို့ပါ"
ယန်ရှောင်ဘို က နားထောင်ပြီးနောက် မတတ်သာဘဲ ပြောလိုက်ရလေသည်
"ဒီလိုဆိုရင်တော့ ငါလည်း အတင်း မတားတော့ပါဘူး ဒါဆို ကိစ္စတွေ အားလုံး ပြီးသွားမှပဲ ပြန်ဆုံကြတာပေါ့"
"ကောင်းပါပြီ ဒါဆို ကျွန်တော် ခွင့်ပြုပါဦး"
ကျန်းပေရန် က ပြောပြီးနောက် ယန်ရှောင်ဘို ကို လက်အုပ်ချီ နှုတ်ဆက်ကာ စံအိမ်တော်မှ ထွက်လာခဲ့လေသည်
ထုန်တိုင်းပြည်၏ ခေါင်းဆောင် ကို နှုတ်ဆက်ပြီးနောက် အဓိက ကိစ္စကို စတင် လုပ်ဆောင်ရတော့မည် ဖြစ်သည် လမ်းအချို့ကို ဖြတ်ကျော်ပြီးနောက် ကျန်းပေရန်သည် အရင်က တစ္ဆေ ကျင့်ကြံသူ များအတွက် သူ စီစဉ်ပေးထားသော နေအိမ်ဆီသို့ ရောက်ရှိလာခဲ့ရာ စောစောက လူစည်ကားနေသော လမ်းမကြီးများမှာ ရုတ်တရက် လူသူကင်းမဲ့သွားပြီး ပတ်ဝန်းကျင်မှာ နန်းတော်ထက်ပင် ပို၍ တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရလေသည်
'ကြည့်ရတာ သူတို့က ငါ မှာထားတဲ့ စကားတွေကို တကယ်ပဲ လေးလေးစားစား လိုက်နာကြတာပဲ'
ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီးနောက် အိမ်တော် တံခါးကြီးကို ခေါက်လိုက်လေသည်
တံခါးပွင့်လာသည်နှင့် ကျန်းပေရန် အထဲသို့ ဝင်သွားရာ ရင်းနှီးသော စီနီယာ အချို့ကို တွေ့လိုက်ရ၏
သို့သော် သူ့ကို အံ့အားသင့်သွားစေသည်မှာ ကုလျန်အန်းပါ ဤနေရာတွင် ရှိနေခြင်း ဖြစ်လေသည်
ကျန်းပေရန်က သူ့ကို တစိုက်မတ်မတ် ကြည့်နေသည်ကို မြင်သောအခါ ကုလျန်အန်း က မျက်လုံးကို ပင့်ကြည့်ကာ မေးလိုက်၏
"ဘာလဲ ငါ ဒီမှာ ရှိနေတာ အရမ်း ထူးဆန်းလို့လား"
"ထူးဆန်းတာပေါ့"
ကျန်းပေရန် က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေသည်
"အရမ်းကို ထူးဆန်းတယ် အဘိုးက ပုံမှန်အတိုင်း အပြင်မှာ လျှောက်သွားနေမယ်လို့ ထင်ထားတာ"
ကုလျန်အန်း က နားထောင်ပြီးနောက် အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်၏
"ငါ ပုံမှန်အချိန်တွေမှာ အပြင်ကို ခဏခဏ ထွက်သွားတယ်လို့ ဘယ်သူက ပြောလဲ"
"မဟုတ်ဘူးလား"
"ဟုတ်ပါတယ် ဒါပေမဲ့ မဟုတ်ဘူးလည်း ပြောလို့ရတယ်"
'လာပြန်ပြီ...'
ကျန်းပေရန် က ပြောပြီးနောက် ပြုံးလျက် ကုလျန်အန်း ကို လက်ခလယ် တစ်ချောင်း ထောင်ပြလိုက်လေသည်
ကုလျန်အန်းက မြင်သောအခါ မျက်နှာပေါ်တွင် စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လာပြီး ဒီ လက်ခလယ်က ဘာအဓိပ္ပာယ်လဲ ဆိုတာကို တွေးတောနေပုံရလေသည်
သို့သော် ကျန်းပေရန်သည် ကုလျန်အန်း ကို စဉ်းစားရန် အချိန်မပေးဘဲ ကျန်းယီ ဘုန်းတော်ကြီး ဘက်သို့ လှည့်ကာ မေးလိုက်၏
"ဘုန်းတော်ကြီး ဒီမှာ နေရတာ သက်သောင့်သက်သာ ရှိရဲ့လား"
မူလက ကျန်းပေရန် သည် ၎င်းတို့အတွက် ယာယီ နေထိုင်စရာ နေရာတစ်ခု ရှာပေးခဲ့ခြင်းသာ ဖြစ်သော်လည်း ယခုအခါ ၎င်းတို့သည် ဤနေရာတွင် နေရသည်ကို သဘောကျနေပုံရသဖြင့် ပိုမို ကြီးမားသော အိမ်တော် တစ်ခုသို့ ပြောင်းပေးရမလားဟု သူ စဉ်းစားနေခြင်း ဖြစ်လေသည်
ငှက်ပျောသီး အခွံ နွှာနေသော ကျန်းယီ ဘုန်းတော်ကြီး သည် ကျန်းပေရန် သူ့ကို မေးသည်ကို ကြားသောအခါ ချက်ချင်း ပြန်ဖြေလိုက်၏
"သက်သောင့်သက်သာ ရှိတယ် အရမ်းကို သက်သောင့်သက်သာ ရှိတာ"
"လူကြီးမင်းတို့အတွက် ပိုပြီး ကြီးမားတဲ့ အိမ်တစ်လုံး ပြောင်းပေးဖို့ လိုမလား"
"မလိုပါဘူး မလိုပါဘူး ငါတို့လို အေးအေးဆေးဆေး ကျင့်ကြံနေတဲ့သူတွေက ဒီလို ပြင်ပပစ္စည်းတွေကို ဂရုမစိုက်ပါဘူး"
ကျန်းယီ ဘုန်းတော်ကြီးက ပြောရင်း ငှက်ပျောသီး တစ်ကိုက် ကိုက်လိုက်ပြီး ဆက်ပြောလေသည်
"ဒီမှာ နေရတာ သက်သောင့်သက်သာ ရှိတယ် ဆိုတာက ငါတို့ နောက်ဆုံးတော့ ဒီ နိုင်ငံခြောက်ခုရဲ့ ဗဟိုချက်မှာ နေရာလေး တစ်နေရာ ရသွားလို့"
ဒီစကားကို ကြားလိုက်ရသည်နှင့် ပုံမှန် ကျင့်ကြံသူများအပေါ်တွင် ထားရှိသော နက်ရှိုင်းလှသည့် မကျေနပ်ချက်များ ထပ်မံ ပေါ်ထွက်လာပြန်လေသည်။ အရင်က ဘေးကင်းရေးကို ရှေးရှု၍ တစ္ဆေ ကျင့်ကြံသူ များသည် အနက်ရောင် သူတော်စင် နှင့် အနက်ရောင် သခင်ကြီး များစွာ စုဝေးနေသော ဤကဲ့သို့သော နေရာမျိုးသို့ လုံးဝ လာရောက်မည် မဟုတ်ချေ
၎င်းတို့တွင် ကိုယ်ပိုင် ပုန်းကွယ်နိုင်သော နည်းလမ်းများ ရှိကြသော်လည်း ဤနေရာတွင် စိုးရိမ်ထိတ်လန့်စွာ နေထိုင်ရန်မှာ မလိုအပ်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။
သို့သော် ယခုမူ မတူတော့ပေ မိမိကိုယ်တိုင် ၎င်းတို့အတွက် နေရာ စီစဉ်ပေးခဲ့စဉ်က ဤနေရာသည် သူ၏ တံခါးပိတ် ကျင့်ကြံရာ နေရာဖြစ်ပြီး မိုးပြိုလျှင်တောင်မှ လာရောက် မနှောင့်ယှက်ရန် မှာကြားထားခဲ့ခြင်း ဖြစ်လေသည်။
သူ၏ စကားမှာ သေချာပေါက် ဩဇာရှိလေသည် သူ သေချာ မှာကြားမထားလျှင်တောင်မှ အိမ်တော် ရှေ့ရှိ လမ်းမ အချို့ကိုလည်း လူရှင်းထားပြီး ဖြစ်လေသည်။
မည်သည့် အနှောင့်အယှက်ပေးမည့်သူမှ မရှိသလို မဟုတ်သေးပေ မည်သူကမျှ ဤနေရာသို့ လာရောက် နှောင့်ယှက်ဝံ့မည် မဟုတ်ပါချေ
"လူကြီးမင်းတို့ စိတ်တိုင်းကျတယ်ဆိုရင်တော့ ရပါပြီ တခြား လိုအပ်တာ ရှိရင်လည်း ကျွန်တော့်ကို အားမနာတမ်း ပြောပါ"
ကျန်းယီ ဘုန်းတော်ကြီး က မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကာ ပြောလိုက်လေသည်
"ဆရာကျန်း က တကယ်ကို လောကမိုးမြေကို ထောက်မထားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပေမဲ့ မာန နည်းနည်းလေးမှ မရှိတာပဲ ဟားဟားဟား မလွယ်ဘူး မလွယ်ဘူး"
'လောကမိုးမြေကို ထောက်မထားသူ'
ရှီအိမ်တော်တွင် သူ ရရှိခဲ့သော ဤ ဘွဲ့ထူးကို ကျန်းယီ ဘုန်းတော်ကြီး ထံမှ ကြားလိုက်ရသောအခါ ပြည်သူများကြားတွင် သူနှင့် ပတ်သက်သည့် ကောလာဟလများ ပျံ့နှံ့နေပြီ ဖြစ်ကြောင်း ကျန်းပေရန် သိရှိလိုက်လေသည်။
"ကျေးဇူးရှင် ကျွန်တော် ရောက်လာတာကို သိနေတယ် မဟုတ်လား"
လူအနည်းငယ် စကားပြောနေစဉ် တာ့ဟူ ၏ ခန္ဓာကိုယ် တစ်ဝက်မှာ ဒုတိယထပ်မှ ထွက်ပေါ်လာပြီး ဝမ်းသာအားရ ပြောလိုက်လေသည်။
"တာ့... ဟူ"
ကိုယ်တွင်းမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည့် ထို အသူရာ ဝိညာဉ်ကြီးကို ကြည့်ရင်း ကျန်းပေရန် သည် တစ်ခဏအတွင်း မမှတ်မိနိုင်အောင် ဖြစ်သွားရလေသည်
အကယ်၍ အရင်က တာ့ဟူ ၏ ဝိညာဉ်ပုံရိပ်သည် ရိုးသားလှသော လယ်သမား တစ်ဦးနှင့် တူပါက ယခု တာ့ဟူ မှာမူ ငရဲပြည်မှ ပြန်လာသော အသူရာ တစ်ဦးနှင့် တူလှပေသည် ကလေးများကို ငိုအောင် လုပ်နိုင်ရုံတင် မကဘဲ လင်ကျန်းရင်း (တစ္ဆေကားမင်းသား) ကိုယ်တိုင် မြင်လျှင်တောင်မှ တုန်လှုပ်သွားပေလိမ့်မည်။
ကျန်းပေရန်၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ရင်း ကျန်းယီ ဘုန်းတော်ကြီး က ကျေနပ်စွာဖြင့် ပြောလိုက်၏
"ဟားဟားဟား ဘယ်လိုလဲ တာ့ဟူ ငါ ပြောသားပဲ မင်းရဲ့ ကျေးဇူးရှင် နဲ့ ပြန်ဆုံတဲ့အခါကျရင် မင်းရဲ့ တိုးတက်မှုတွေကြောင့် သူ သေချာပေါက် အံ့ဩသွားလိမ့်မယ် ဆိုတာ"
အရင်က ကျန်းပေရန် သည် တာ့ဟူ ကို ဇန်တိုင်းပြည် သို့ စေလွှတ်၍ ထိုနေရာရှိ ဝိညာဉ်များကို နှစ်သိမ့်ပေးရန် စေခိုင်းခဲ့ပြီး အခက်အခဲ ကြုံပါက ကျန်းယီ ဘုန်းတော်ကြီး ထံ ပြန်လာရန် ပြောထားခဲ့လေသည်။
ထို့နောက် ရက်အနည်းငယ် အကြာတွင် ကျန်းပေရန် သည် ကျန်းယီ ဘုန်းတော်ကြီး ထံမှ စာတစ်စောင် ရရှိခဲ့ပြီး ၎င်းစာထဲတွင် တာ့ဟူ သည် သူရှိရာသို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်းနှင့် အကြောင်းပြချက်ကိုလည်း ဖော်ပြထားလေသည်။
၎င်းမှာ တာ့ဟူ ၏ ကိုယ်ပေါ်ရှိ တစ္ဆေအငွေ့အသက်များမှာ အလွန် ပြင်းထန်လွန်းလှသဖြင့် သာမန် ဝိညာဉ်များသည် သူ့ကို မြင်သည်နှင့် ထိတ်လန့်တကြား ထွက်ပြေးကြသဖြင့် မည်သို့မျှ နှစ်သိမ့်ပေးရန် မဖြစ်နိုင်တော့သောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် မတတ်သာသည့်အဆုံး တာ့ဟူ သည် ကျန်းယီ ဘုန်းတော်ကြီး ထံသို့ ပြန်လာခဲ့ရခြင်း ဖြစ်၏။
"တာ့ဟူ က ဒီပြဿနာကို ဖြေရှင်းဖို့ ဘုန်းတော်ကြီး ဆီ ပြန်လာတာ မဟုတ်ဘူးလား ဘာလို့ ပိုပြီး ဆိုးသွားရတာလဲ"
တာ့ဟူ ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ခံစားရင်း ကျန်းပေရန် က မေးလိုက်လေသည်။
"တာ့ဟူ မြန်မြန် မင်းရဲ့ ကျေးဇူးရှင် ကို မင်းရဲ့ ကျင့်ကြံမှု ရလဒ်တွေကို ပြလိုက်စမ်း"
ကျန်းယီ ဘုန်းတော်ကြီး က တာ့ဟူ ကို ကြည့်ကာ ပြောလိုက်၏။
"ဟုတ်ကဲ့"
တာ့ဟူ က ပြန်ထူးလိုက်ပြီး ဒုတိယထပ်မှ လွင့်ဆင်းလာကာ သူ၏ တစ်ကိုယ်လုံးကို တစ်ချက် တုန်ခါလိုက်လေသည် ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး သူသည်လည်း မူလက လယ်သမားပုံစံသို့ ပြန်လည် ပြောင်းလဲသွားလေသည်။
"ဖျတ် ဖျတ် ဖျတ်"
ကျန်းယီ ဘုန်းတော်ကြီး က မြင်သောအခါ လက်ခုပ်နှစ်ချက် တီးလိုက်ပြီး ချီးကျူးလိုက်၏။
"ကောင်းတယ် ထိန်းချုပ်တာ ပိုပြီး ကျွမ်းကျင်လာပြီပဲ"
ထို့နောက် ကျန်းပေရန် ဘက်သို့ လှည့်ကာ ဆက်ပြောလေသည်။
"ဒီ တစ္ဆေအငွေ့အသက်တွေကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အရင်ဆုံး အဲ့ဒါတွေကို အသားကျအောင် လုပ်ရမယ် အခု တာ့ဟူ က ယင်ဓာတ်၊ မိစ္ဆာဓာတ်၊ ရက်စက်မှု နဲ့ ရူးသွပ်မှု အားလုံးကို တစ်ကိုယ်တည်းမှာ စုစည်းထားတာဆိုတော့ ဒါတွေကို ထိန်းချုပ်နိုင်အောင် သင်ပေးရတာလည်း မလွယ်ဘူးလေ"
"ဒါပေမဲ့ သူက မင်းရဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေဖို့အတွက် တကယ်ကို အသေအလဲ ကြိုးစားခဲ့တာ မင်း သူ့ကို ချီးကျူးပေးသင့်တယ်နော်"
ကျန်းပေရန် က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်ပြီး တာ့ဟူ ကို ကြည့်ကာ ပြောလိုက်လေသည်။
"ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"
"ကျေးဇူးရှင် ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"
တာ့ဟူက ဝမ်းသာအားရ အော်ပြောလိုက်လေသည်။
(အခန်း ၆၈၂ ပြီး၏)
အခန်း ၆၈၃ တျန်းတိုင်းပြည်သို့ ထွက်ခွာခြင်း
တာ့ဟူ၏ ကြီးထွားမှုက သံသယဖြစ်ဖွယ်မရှိလောက်အောင် အံ့ဩစရာကောင်းလှပေသည်။
ဒါက ကျန်းပေရန်၏ စိတ်ထဲတွင် မကျွတ်မလွတ်ဝိညာဉ်စွမ်းအားများစွာကို တာ့ဟူ ခံနိုင်ရည်ရှိပါ့မလားဆိုသည့် စိုးရိမ်မှုကို အတော်လေး လျော့ပါးသွားစေခဲ့လေသည်။
"ဆရာဘုန်းကြီး အခုဆိုရင် အဲ့ဒီဝိညာဉ်တွေက ကျွန်တော့်ကို ကြောက်တော့မှာ မဟုတ်ဘူး မဟုတ်လား"
"အင်း မင်းသာ ဒီအတိုင်း ဆက်ထိန်းထားနိုင်ရင် ပြဿနာ မရှိပါဘူး"
"ကောင်းပါပြီ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တတ်နိုင်သမျှ ထိန်းချုပ်ပါ့မယ်"
တာ့ဟူ က ပြောပြီးနောက် ကျန်းပေရန် ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်လေသည်။
"ကျေးဇူးရှင် ကျွန်တော် အခု အမိန့်ပေးထားတဲ့ အလုပ်တွေကို ဆက်လုပ်လို့ ရပါပြီ"
"ကောင်းပြီ ဒါဆို ဒီတစ်ခေါက်တော့ ငါနဲ့အတူ လိုက်ခဲ့ပေါ့ ငါလည်း တခြားနိုင်ငံတွေကို တစ်ခေါက် သွားဖို့ ရှိနေတာနဲ့ အတော်ပဲ"
"ဟုတ်ကဲ့"
"အဟမ်း အဟမ်း"
၎င်းတို့နှစ်ဦး စကားပြောနေစဉ် မလှမ်းမကမ်းမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာလေသည်။ ကျန်းပေရန် လှည့်ကြည့်လိုက်သောအခါ စောစောကတင် ကုလားထိုင်ပေါ်တွင် မျက်စိမှိတ် အနားယူနေသော ရွှီမေယင်သည် ယခုအခါတွင်မူ မျက်နှာတွင် နာကျင်နေဟန်များ ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရ၏။
"အဘွား ဘာဖြစ်လို့လဲ"
ကျန်းပေရန် က အနားသို့ သွားကာ မေးလိုက်လေသည်။
"အဟမ်း အဟမ်း ဒီအဘွားကြီးရဲ့ ခန္ဓာကိုယ်ကတော့ မရတော့ဘူး ထင်တယ် ဒဏ်ရာရပြီးကတည်းက အခုထိ မသက်သာသေးဘူး တကယ်ကို ခံစားရခက်လိုက်တာ"
"ဒါဆို ကျွန်တော် တစ်ချက်လောက် ပြန်စစ်ပေးပါ့မယ်"
ကျန်းပေရန် က ပြောရင်း ရွှီမေယင်၏ လက်ကောက်ဝတ်ကို စမ်းသပ်ရန် ပြင်လိုက်လေသည်။
သို့သော် ရွှီမေယင်က ချက်ချင်း လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်၏။
"ဒီရောဂါက ဆေးသောက်ရုံနဲ့ မပျောက်ဘူး ဒါကြောင့်..."
"အို... မင်းရဲ့ ရောဂါက ဆေးသောက်လို့ မပျောက်တာ မဟုတ်ပါဘူး ဆရာကျန်း ကို အိမ်အထိ လိုက်ပို့ခိုင်းချင်တာ မဟုတ်လား"
ဘေးနားမှ ကြည့်နေသော ကျန်းယီ ဘုန်းတော်ကြီးက မနေနိုင်ဘဲ ဝင်ပြောလိုက်လေသည်။
ရွှီမေယင်သည် ကျန်းယီ ဘုန်းတော်ကြီး ၏ စကားကို စိတ်မဆိုးသည့်အပြင် ခေါင်းကိုသာ တွင်တွင်ညိတ်ရင်း ပြောလိုက်၏။
"ဟုတ်တယ် လူက အိုလာရင် အိမ်ကို လွမ်းတတ်တာ သဘာဝပဲ အိမ်ပြန်ရောက်သွားရင်တော့ ဘာရောဂါမဆို ပျောက်သွားမှာပဲ"
ကျန်းပေရန်သည်လည်း နားထောင်ပြီးနောက် ရယ်ချင်ပက်ကျိ ဖြစ်သွားရသဖြင့် လက်အုပ်ချီကာ ပြောလိုက်ရလေသည်။
"ကျွန်တော် ကတိပေးထားတာ နောက်ကျသွားတဲ့အတွက် အဘွားကို အားနာပါတယ်"
"ဒီအဘွားကြီးက ဆရာကျန်း ကို အပြစ်မတင်ပါဘူး ဆရာကျန်း မှာ အရေးကြီးကိစ္စတွေ ရှိနေမှန်း သိတာပေါ့ ဒါပေမဲ့ ဆရာကျန်း က တခြားနိုင်ငံတွေကို သွားမယ်ဆိုရင်တော့ ဒီအဘွားကြီးနဲ့အတူ တစ်ခါတည်း လိုက်ခဲ့ရင် ဘယ်လိုလဲ"
"သေချာပေါက် ရတာပေါ့ အဘွား လမ်းပြပေးပါ"
ရွှီမေယင် သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားပြီး ခါးနာနေသည်များလည်း ချက်ချင်း ပျောက်ကွယ်သွားဟန်ဖြင့် မတ်တပ်ရပ်လိုက်လေသည်။
"ကောင်းပြီ ဒါဆို ငါတို့ ဘယ်တော့ ထွက်ကြမလဲ"
"အခုပဲ ထွက်ကြမယ်"
ကျန်းပေရန် က ပြောပြီးနောက် ကျန်းယီ ဘုန်းတော်ကြီး ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ထန်ကျင်းရန် နဲ့ မော့ရှာရော"
၎င်းတို့ တစ္ဆေကျင့်ကြံသူ အားကြီးသူများနှင့် သိကျွမ်းပြီးနောက် မော့ရှာသည် မိမိ၏ အဖွဲ့အစည်းကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွားလေသည်။ ကျန်းပေရန်သည် မူလကပင် သူ့ကို တစ္ဆေကျင့်ကြံသူ လမ်းစဉ်ကို လျှောက်လှမ်းစေရန် ရည်ရွယ်ထားသဖြင့် ဤဆရာကြီးများထံတွင် ပညာသင်ကြားစေခဲ့ခြင်း ဖြစ်၏။
ကျန်းပေရန် ၏ ပတ်သက်မှုကြောင့် ကျန်းယီ ဘုန်းတော်ကြီးတို့သည် မော့ရှား၏ ဆရာအစစ်အမှန်များ မဟုတ်ကြသော်လည်း သူ၏ ဆရာသမားများအဖြစ် လမ်းညွှန်ပေးနေကြလေသည်။
"ကျင့်ကြံနေကြတာလေ သွားကြည့်ချင်လို့လား"
"မကြည့်တော့ပါဘူး မေးကြည့်ရုံတင်ပါ"
တစ္ဆေကျင့်ကြံသူများ၏ ကျင့်ကြံမှုမှာ အလွန် ပျင်းရိဖွယ်ကောင်းလှပြီး နေ့စဉ်နှင့်အမျှ တရားထိုင်နေရသည့်အပြင် ယင်ဓာတ်ပြည့်ဝသော နေရာများသို့သာ သွားရောက်ရလေသည်။
သို့သော် ယခုအခါ နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်တွင် ယင်ဓာတ်ပြည့်ဝသော နေရာများမှာ ရှားပါးခြင်း မရှိသဖြင့် ထိုဆရာတပည့် နှစ်ဦးမှာ နေ့စဉ်နှင့်အမျှ အကောင်းဆုံး ကျင့်ကြံရာနေရာများကို ရှာဖွေကာ ကျင့်ကြံနေကြခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေ ၎င်းတို့၏ လက်ရှိ စွမ်းရည်ဖြင့် အများစုသော ကိစ္စရပ်များတွင် ကူညီနိုင်စွမ်း မရှိသေးသဖြင့် အစွမ်းကုန် ကျင့်ကြံရန်သာ တတ်နိုင်ကြလေသည်။
"မင်းရဲ့ ဒီဂျူနီယာညီလေး ရဲ့ ပါရမီကတော့ တကယ်ကို ထူးခြားလွန်းတယ်"
ကျန်းယီ ဘုန်းတော်ကြီး က ကျန်းပေရန် ကို အကဲခတ်ရင်း ပြောလိုက်လေသည်။
"မင်းက တစ္ဆေကျင့်ကြံသူလည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက် ကောင်းတဲ့ ပျိုးပင်လေးကို ရှာတွေ့ခဲ့တာလဲ ဘာလျှို့ဝှက်ချက်ရှိလဲ ငါ့ကိုလည်း နည်းနည်းလောက် သင်ပေးပါဦး"
"တိုက်ဆိုင်မှုပါပဲ"
ကျန်းပေရန် က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီးနောက် မေးလိုက်၏။
"မော့ရှား ရဲ့ ပါရမီက ဘယ်နေရာမှာ အားသာနေတာလဲ လူကြီးမင်း အသေးစိတ် ရှင်းပြပေးလို့ ရမလား"
မော့ရှား ကို တစ္ဆေကျင့်ကြံသူ နယ်ပယ်ထဲသို့ စတင် ခေါ်ဆောင်လာစဉ်ကတည်းက ကျန်းပေရန် သည် သူ၏ ပါရမီမှာ အလွန် မြင့်မားမည်ကို သိရှိထားသော်လည်း မည်မျှအထိ မြင့်မားသနည်းနှင့် မည်သည့်နေရာတွင် အားသာသနည်း ဆိုသည်ကိုမူ သူ မသိရှိခဲ့ချေ။
"ဝိညာဉ်အာရုံခံစားမှု အားကောင်းတာလေ ငါ မြင်ဖူးသမျှ တစ္ဆေကျင့်ကြံသူတွေထဲမှာ အသက်ကြီးတဲ့သူဖြစ်ဖြစ် ငယ်တဲ့သူဖြစ်ဖြစ် ဒီကိစ္စမှာတော့ ဒီကောင်လေးကို ဘယ်သူမှ မယှဉ်နိုင်ဘူး"
"ဝိညာဉ်အာရုံခံစားမှု ဆိုတာ ဘာလဲ"
ကျန်းပေရန်က စကားလုံးအသစ်ကို ထပ်မံ ကြားလိုက်ရသဖြင့် မေးမြန်းလိုက်လေသည်။
"ဝိညာဉ်အာရုံခံစားမှု ဆိုတာက... အရာများစွာကို ကိုယ်စားပြုတယ်လေ ဒါက တစ္ဆေကျင့်ကြံသူ တစ်ဦးရဲ့ စွမ်းအား အမြင့်ဆုံး အခြေအနေကို ဆုံးဖြတ်ပေးတာပဲ ဝိညာဉ်အာရုံခံစားမှု မြင့်မားတဲ့သူက အစွမ်းထက်တဲ့ ဝိညာဉ်တွေကို ဆွဲဆောင်နိုင်တယ် ဥပမာအားဖြင့် မင်းရဲ့ မော့ရှား နောက်မှာ အမြဲလိုက်နေတဲ့ ဟိုဝိညာဉ်လိုမျိုးပေါ့ အမှန်အတိုင်း ပြောရရင် ငါ တစ္ဆေကျင့်ကြံသူ လုပ်လာတဲ့ နှစ်တွေမှာတောင် အဲ့ဒီလို အဆင့်အတန်းရှိတဲ့ ဝိညာဉ်မျိုးကို အကြိမ်အနည်းငယ်ပဲ မြင်ဖူးတယ်"
ကျန်းယီ ဘုန်းတော်ကြီး ကိုယ်တိုင်ကပင် ဤမျှအထိ ပြောဆိုလာသဖြင့် ကျန်းပေရန်သည် ထို ကြိုးကြာဖြူ ဝတ်ရုံနဲ့ သရဲ အပေါ် ထားရှိသော အဆင့်အတန်းကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်လိုက်လေသည်။ ထိုဝိညာဉ်မှာ တစ်ချိန်က အနက်ရောင် ဧကရာဇ် တစ်ဦးဦး၏ ဝိညာဉ် ဖြစ်နေမလားဟုပင် သူ သံသယ ဝင်လာမိ၏။
မည်သို့ပင်ဆိုစေ သူသည် ခုနစ်လေး ထံမှ အနက်ရောင် ဧကရာဇ်များ အမှန်တကယ် တည်ရှိကြောင်း သိရှိထားပြီး ဖြစ်ရာ ဤဖြစ်နိုင်ခြေမှာလည်း ရှိနေသည် မဟုတ်ပါလား။
ခုနစ်လေး အကြောင်းကို တွေးမိသောအခါ ကျန်းပေရန်သည် ချီတိုင်းပြည် ၏ လက်ရှိ အခြေအနေကိုလည်း စဉ်းစားမိသွားလေသည်။
ချီတိုင်းပြည် ရှိ အနက်ရောင် သူတော်စင် များမှာ အသတ်ခံလိုက်ရခြင်း မဟုတ်ဘဲ နေရာတစ်ခုသို့ ရွှေ့ပြောင်းသွားခြင်းသာ ဖြစ်မည်ဟု ကျန်းပေရန် ယူဆရသည့် အဓိက အကြောင်းရင်းမှာ ခုနစ်လေး ကြောင့်ပင် ဖြစ်၏။
အနက်ရောင် ဧကရာဇ် ဝင်စားသူ အနေဖြင့် ခုနစ်လေး သည် ဇာတ်လိုက် အရှိန်အဝါကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ဂူမျိုးနွယ်စု ကျူးကျော်မှုလေးလောက်ဖြင့် ဇာတ်လိုက် ပျက်စီးသွားစရာ အကြောင်း မရှိချေ။ ထို့ကြောင့် ကျန်းပေရန်သည် ခုနစ်လေး ဘေးကင်းမည်ကို အခိုင်အမာ ယုံကြည်ထားသလို ခုနစ်လေး ဘေးကင်းနေပါက ချီတိုင်းပြည် မှ အနက်ရောင် သူတော်စင် များလည်း ဘေးကင်းမည်ဟု မျှော်လင့်နိုင်လေသည်။
မည်သို့ပင်ဆိုစေ ဇာတ်လိုက် အရှိန်အဝါ ဆိုသည်မှာ ရန်သူကို ကံဆိုးစေသည့် တစ်ချိန်တည်းမှာပင် မိမိလူများကိုလည်း ကံကောင်းခြင်းများ ဆောင်ကြဉ်းပေးတတ်သည် မဟုတ်ပါလား။
ကျန်းပေရန် စဉ်းစားခန်း ဝင်နေစဉ် ကျန်းယီ ဘုန်းတော်ကြီး က ဝိညာဉ်အာရုံခံစားမှု အကြောင်းကို ဆက်လက် ရှင်းပြနေလေသည်။
"အစွမ်းထက်တဲ့ ဝိညာဉ်တွေကို ဆွဲဆောင်နိုင်ရုံတင် မကဘူး ဝိညာဉ်အာရုံခံစားမှု မြင့်မားတဲ့သူရဲ့ တစ္ဆေအငွေ့အသက်တွေက ပိုပြီး သန့်စင်တယ် အဲ့ဒီ သန့်စင်မှုက ဝိညာဉ်တွေရဲ့ မကျေနပ်ချက်တွေကို ဆေးကြောပေးနိုင်ပြီး သူတို့ကို ရူးသွပ်နေတဲ့ အခြေအနေကနေ လွတ်မြောက်စေနိုင်တယ်"
ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းပေရန်သည် ထိုစဉ်က တောအုပ်လေးအတွင်း၌ မော့ရှား ကြောင့် အဘယ်ကြောင့် ဝိညာဉ်များစွာ စုဝေးရောက်ရှိနေသနည်း ဆိုသည်နှင့် ထိုဝိညာဉ်များမှာ အဘယ်ကြောင့် တစ်ခုထက်တစ်ခု ပို၍ လိမ္မာနေကြသနည်း ဆိုသည်ကို ချက်ချင်း နားလည်သွားလေသည်။
ကျန်းယီ ဘုန်းတော်ကြီး က ပြောပြီးနောက် သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလေသည်။
"အခု မော့ရှားက ကျင့်စဉ်စွမ်းအား မပြည့်စုံသေးလို့ဟ သူ တကယ် ကြီးထွားလာတဲ့ နေ့ကျရင်တော့ မင်းရဲ့ ဒီဂျူနီယာညီလေး က ဘယ်လောက်အထိ ကြောက်စရာကောင်းမလဲဆိုတာ မင်း သိလာပါလိမ့်မယ်"
"ဒါဆိုလည်း ဘုန်းတော်ကြီး အနေနဲ့ သူ့ကို သေချာ လမ်းညွှန်ပေးပါဦး"
"ရပါတယ် ရပါတယ် ဒီလောက်ကောင်းတဲ့ ပျိုးပင်လေးကို ဘယ်သူက မနှစ်သက်ဘဲ နေမှာလဲ မင်း မပြောရင်တောင် ငါက သူ့ကို သေချာ ဂရုစိုက်ပေးမှာပါ"
"ကျေးဇူးတင်ပါတယ် ဘုန်းတော်ကြီး"
မော့ရှား ၏ အခြေအနေကို နားလည်ပြီးနောက် ကျန်းပေရန် သည် ဤနေရာတွင် အခြား ကိစ္စ မရှိတော့သဖြင့် ရွှီမေယင် ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အဘွား တခြား ကိစ္စ မရှိတော့ဘူး ဆိုရင် ကျွန်တော်တို့ ထွက်ကြစို့"
"ငါက မင်းရဲ့ ဒီစကားကို စောင့်နေတာ ကြာလှပြီ"
ရွှီမေယင်၏ ဝမ်းသာအားရ ဖြစ်နေသော အမူအရာကို ကြည့်ပြီး ကျန်းယီ ဘုန်းတော်ကြီး က ခေါင်းယမ်းကာ ပြောလိုက်၏။
"ဟူး... မင်းတို့ မိသားစုကြီးတွေရဲ့ အတွေးအခေါ်ကို ငါ တကယ် နားမလည်နိုင်တော့ဘူး တော်တဲ့သူ တစ်ယောက်လောက် တွေ့တာနဲ့ အိမ်ကို အတင်း ဆွဲခေါ်ချင်နေကြတာပဲ မင်းရဲ့ ဟို ဘုရားကျောင်းလေးက ဆရာကျန်း ကို လက်ခံနိုင်လောက်တဲ့ အရည်အချင်း ရှိမယ်လို့ ထင်နေတာလား"
ရွှီမေယင်ကတော့ ထိုစကားကို ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်လေသည်။
"ငါက ငါ့အတွက် အကောင်းဆုံး မြေးမလေးရဲ့ ခင်ပွန်းလောင်း ကို ရှာနေတာလေ ဘာပြဿနာရှိလို့လဲ"
"ဘာမှ မရှိပါဘူး ဘာမှ မရှိပါဘူး အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်"
"အဲ့ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး"
ကျန်းယီ ဘုန်းတော်ကြီး ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ရွှီမေယင်သည် ကျန်းပေရန် ၏ ဘေးသို့ လျှောက်လာကာ ပြုံးလျက် ပြောလိုက်၏။
"ဒီအဘွားကြီး အာမခံပါတယ် ဆရာကျန်း မင်း ငါတို့ဆီ ရောက်သွားရင် သေချာပေါက် သဘောကျသွားမှာပါ"
ကျန်းပေရန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီးနောက် အခြား တစ္ဆေကျင့်ကြံသူများကို လက်အုပ်ချီ နှုတ်ဆက်ကာ တာ့ဟူ နှင့် ရွှီမေယင် တို့ကို ခေါ်ဆောင်၍ ပျံသန်း စံအိမ် ပေါ်သို့ တက်လိုက်လေသည်။
ပျံသန်းသော စံအိမ် ပျောက်ကွယ်သွားပြီးနောက် ကုလျန်အန်း၏ ရင်ခွင်ထဲမှ ကြောင်ဝါလေး က အော်လိုက်လေသည်။
ကုလျန်အန်း သည် နားထောင်ပြီးနောက် ခဏတာ ကြောင်သွားပြီးနောက် ကျန်းပေရန် ထွက်ခွာသွားသော ဘက်သို့ လှည့်ကြည့်ကာ ကြေးဖားရုပ်လေး တစ်ခုကို ထုတ်ယူ၍ နှစ်ချက်ခန့် လှုပ်ခါလိုက်လေသည်။
မြေပြင်ပေါ်တွင် စီတန်းသွားသော ကြေးပြား ငါးပြားကို ကြည့်ရင်း ကုလျန်အန်း ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာလေသည်။
"ဝတ်စုံလဲတဲ့ ပုံရိပ်တွေ ပါလား တကယ်ကို ထူးဆန်းလှချေရဲ့"
ဘေးနားရှိ ကျန်းယီ ဘုန်းတော်ကြီးက ကြားလိုက်ရသဖြင့် မျက်လုံးများ ပြူးသွားကာ မေးလိုက်၏။
"အဘိုးကြီး ဒီဗေဒင်က ဘာအဓိပ္ပာယ်လဲ အဲ့ဒီ အဘွားကြီး တကယ်ပဲ အောင်မြင်သွားတာလား"
"ဗေဒင်ဆိုတာ အမျိုးမျိုး ပြောင်းလဲတတ်တာပဲ ဒါပေမဲ့ ဒီဆရာကျန်း ရဲ့ ကံကြမ္မာက အရမ်းကို ထူးခြားလွန်းနေတော့ သာမန် နည်းလမ်းတွေနဲ့ တွက်ချက်လို့ မရဘူး ဒီဗေဒင်က အိမ်ထောင်ရေး ကံလား ဒါမှမဟုတ် ကံကောင်း ကံဆိုးလား ဆိုတာကိုတော့ ငါလည်း မပြောတတ်တော့ဘူး"
"အဘိုးကြီးတောင် မတွက်ချက်နိုင်ဘူးလား"
ကျန်းယီ ဘုန်းတော်ကြီး က အံ့အားသင့်စွာ ပြောလိုက်လေသည်။
သို့သော် ပြန်စဉ်းစားကြည့်တော့လည်း ကုလျန်အန်းသည် ထူးခြားသော ပုဂ္ဂိုလ်ကြီး ဖြစ်သော်လည်း ကျန်းပေရန် မှာမူ ထူးခြားသူများထဲမှ ပို၍ ထူးခြားသူ ဖြစ်ရာ တွက်ချက်၍ မရသည်မှာလည်း သဘာဝကျလှပေသည်။
ပျံသန်း စံအိမ် အတွင်း၌ လက်ဖက်ရည် သောက်နေသော ရွှီမေယင်၏ မျက်နှာမှာ တည်ကြည်နေပြီး မျက်ခုံးများလည်း အနည်းငယ် တွန့်ချိုးနေလေသည်။
အကြောင်းမှာ ပျံသန်းသော စံအိမ် ထဲတွင် နတ်သမီးလေးများကဲ့သို့ လှပသော မိန်းကလေးများ များပြားလွန်းနေသောကြောင့် ဖြစ်၏။
အစေခံမလေး ဝတ်စုံနဲ့ မိန်းကလေးကလွဲရင် ကျန်တဲ့သူတွေ အားလုံးက အလှနတ်ဘုရားမတွေလို့ တင်စားရလောက်အောင် ချောမောလှပကြလေသည်။
ထို ဝူရှန် ဂိုဏ်းချုပ် ဆိုလျှင်လည်း ဂျိနိုင်ငံ၏ နံပါတ်တစ် အလှပဂေးအဖြစ် အားလုံးက အသိအမှတ်ပြုထားသူ ဖြစ်ရာ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ဆွဲဆောင်မှု အပြည့် ရှိနေလေသည်။
ဒီအဘွားကြီး ကြည့်ရတာတောင်မှ မျက်စိပသာဒ ဖြစ်ရပြီး စိတ်ထဲမှာ သဘောကျမိသည်အထိပင် ဖြစ်၏။
'ဒါကတော့ မလွယ်ကူတော့ဘူးပဲ'
ကျန်းပေရန်ကဲ့သို့ ထူးချွန်ထက်မြက်သော လူငယ်တစ်ဦး၏ ဘေးတွင် အလှပဂေးများ ဝန်းရံနေမည်ကို ရွှီမေယင် ကြိုတင် တွေးဆထားခဲ့သော်လည်း ရှေးယခင်ကတည်းက မပြောင်းလဲသော အမှန်တရားပင် ဖြစ်လေသည်။
အဆင့်မြင့် မိသားစုကြီးများကြားတွင်လည်း "အလှပဂေးသည် အားကြီးသူနှင့်သာ ထိုက်တန်သည်" ဆိုသည့် စကားမှာ ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလား။
သို့သော် ရွှီမေယင် ထင်ထားသည်မှာ ကျန်းပေရန် သည် ထိုကဲ့သို့သော ပွေရှုပ်တတ်သည့် လူငယ်မျိုး မဟုတ်ဘဲ အေးအေးဆေးဆေး နေတတ်သူ ဖြစ်သဖြင့် မိန်းကလေး အများအပြား ဤမျှလောက် မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည် မဟုတ်ဟု ယူဆခဲ့ခြင်း ဖြစ်လေသည်။
သို့သော် လက်တွေ့တွင်မူ သူမ ထင်ထားသည်ထက် ပိုနေခဲ့လေပြီ။
ကျန်းပေရန်ကဲ့သို့သော ယောက်ျားတစ်ဦးသည် မှောင်မိုက်သော ညတွင် လင်းထိန်နေသော ပိုးစုန်းကြူး တစ်ကောင်ကဲ့သို့ ထင်ရှားလှပေရာ သူသာ အပြင်သို့ မထွက်ဘဲ နေမည်ဆိုလျှင်တောင်မှ သူ့ကို မြင်ဖူးသူတိုင်း သူ၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားရန်မှာ မခဲယဉ်းလှချေ။
"ဟူး..."
ကျန်းပေရန် နှင့်အတူ ပန်းပင်များကို ရေလောင်းပေးနေသော ဝူရှန် ဂိုဏ်းချုပ် ၏ ပုံစံကို ကြည့်ရင်း ရွှီမေယင်သည် မအောင့်နိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
သူမ၏ မြေးမလေး ၏ ရုပ်ရည်အပေါ်တွင် ယုံကြည်မှု ရှိသော်လည်း ဂျိနိုင်ငံ၏ နံပါတ်တစ် အလှပဂေးနှင့် ယှဉ်လိုက်လျှင်မူ အနည်းငယ်တော့ ကွာခြားနေဆဲပင် ဖြစ်၏။
"အဘွား ဘာလို့ သက်ပြင်းချနေတာလဲ"
ထိုစဉ် ရှီဖုန်းလန် က ရွှီမေယင် အနားသို့ တိုးကပ်ကာ မေးလိုက်လေသည်။
ရှီဖုန်းလန်၏ ချောမောလှပသော မျက်နှာလေးကို ကြည့်ရင်း ရွှီမေယင် က ပြုံးလျက် ပြောလိုက်၏။
"လူက အိုလာရင် အတိတ်ကို လွမ်းဆွတ်တတ်တာ သဘာဝပဲ တစ်ခါတလေ သက်ပြင်းချမိတာက ပုံမှန်ပါပဲ"
"အော်... အဲ့ဒီလိုလား"
ရှီဖုန်းလန် က ပြောပြီးနောက် သစ်သီးပန်းကန်နှင့် မုန့်ပန်းကန်များကို ထုတ်ပေးကာ ပြောလိုက်လေသည်။
"အဘွား ဒါတွေ စားပါဦး မလောက်ရင် ကျွန်မကို ထပ်ပြောနော်"
"ဟားဟားဟား တကယ်ကို လိမ္မာတဲ့ ကလေးမလေးပဲ မင်း နာမည်က ဘယ်လို ခေါ်လဲ"
"ကျွန်မ နာမည်က ရှီဖုန်းလန်ပါ လန်အာ လို့ပဲ ခေါ်ပါ အိမ်က လူကြီးတွေကလည်း အဲ့ဒီလိုပဲ ခေါ်ကြတာ"
ရွှီမေယင် က နားထောင်ပြီးနောက် ပြုံးလျက် ပြောလိုက်၏။
"လန်အာ ဆိုတဲ့ နာမည်က ရိုးလွန်းပါတယ် ငါ မင်းကို... ဖုန်းလန်လေး လို့ ခေါ်ရင် ဘယ်လိုလဲ"
"ဖုန်းလန်လေး..."
ရှီဖုန်းလန် က ထိုအမည်ကို တစ်ခေါက် ရွတ်ဆိုလိုက်သောအခါ ပေရန်လေး ဆိုသည့် အမည်နှင့် ဆင်တူနေသဖြင့် လက်ခုပ်တီးကာ ပြောလိုက်လေသည်။
"ကောင်းတယ် ဖုန်းလန်လေး ဆိုတာ ကောင်းတယ် အဘွား ကျွန်မကို ဖုန်းလန်လေး လို့ပဲ ခေါ်ပါ"
ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသော ရှီဖုန်းလန် ကို ကြည့်ရင်း ရွှီမေယင် ၏ စိတ်ထဲတွင် ဤမိန်းကလေးငယ်ကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဆန္ဒများ ပေါ်ပေါက်လာသော်လည်း သူမသည်လည်း မိမိမြေးမလေး ၏ ပြိုင်ဘက် ဖြစ်နေနိုင်သည်ကို သတိရသွားသဖြင့် ထိုစိတ်ကူးကို လက်လျှော့လိုက်လေသည်။
"မမလန်လန် ဒါတွေကို ကျွန်မပဲ လုပ်လိုက်ပါ့မယ်လို့ ပြောထားတယ်လေ"
ထိုစဉ် ရှောင်လေး ပြေးလာပြီး ရှီဖုန်းလန် ကို ပြောလိုက်၏။
"ရပါတယ် လက်စသတ်ရုံလေးပါပဲ"
ရှီဖုန်းလန်က ပြောပြီးနောက် ရွှီမေယင် ကို ထပ်မံ မေးလိုက်လေသည်။
"အဘွားရဲ့ အိမ်က တျန်းတိုင်းပြည် မှာလား"
"ဟုတ်တယ်"
ရွှီမေယင် က ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်မေးလိုက်၏။
"မင်း တျန်းတိုင်းပြည် ကို ရောက်ဖူးလား"
"ရောက်ဖူးပါတယ် ဒါပေမဲ့ ကောင်းကောင်း မလည်ပတ်ခဲ့ရဘူး"
"ဟားဟားဟား ဖုန်းလန်လေး သဘောကျတယ်ဆိုရင်တော့ ဟိုရောက်ရင် အဘွားက မင်းကို နေရာကောင်းလေးတွေဆီ ခေါ်သွားပေးမယ် မင်း သေချာပေါက် သဘောကျစေရမယ်"
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် အဘွား"
ရှီဖုန်းလန် နှင့် ရွှီမေယင် တို့ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို ကြည့်ရင်း ဝူရှန် ဂိုဏ်းချုပ် က ကျန်းပေရန် ဆီသို့ အသံလွှင့်ကာ မေးလိုက်လေသည်။
"အဲ့ဒီ အဘွားကြီးက ဘယ်သူလဲ ကြည့်ရတာ မျက်နှာစိမ်းပဲ ဘယ်ဂိုဏ်းက အားကြီးသူလဲ"
ပန်းပင်များကို ပြုပြင်ပေးနေသော ကျန်းပေရန် က ပြန်ဖြေလိုက်၏။
"သာမန် အဘွားကြီး တစ်ယောက်ပါပဲ"
'ငါက အဲ့ဒါကို ယုံမယ်လို့ ထင်နေလား'
ဝူရှန် ဂိုဏ်းချုပ်သည် စိတ်ထဲမှ အော်ဟစ်လိုက်မိပြီး အနည်းငယ် စိတ်ပျက်သွားလေသည်။ သူမသည် ကျန်းပေရန်၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခု ကြည့်ရသည်မှာ အဝေးကြီး လိုနေသေးပုံရလေသည်။
...
ဤအချိန်တွင် တျန်းတိုင်းပြည် ရှိ တျန်းယာဂိုဏ်း အတွင်း၌ လော်ကျင့်ထျန်းသည် ဂိုဏ်း၏ အထက်လူကြီးများနှင့်အတူ ဆွေးနွေးမှုများ ပြုလုပ်နေလေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကူချင်းဟွမ်း၏ ပုံရိပ်ကို မတွေ့ရပေ။
အဆိပ်ငွေ့ ကျူးကျော်မှု စတင်ကတည်းက ဤကဲ့သို့သော အခြေအနေမျိုးမှာ အလွန် ရှားပါးလှပေသည်။
အကြောင်းမှာ ယခုအခါ လော်ကျင့်ထျန်း သာမက တျန်းယာဂိုဏ်း တစ်ခုလုံးရှိ လူအများအပြားမှာ ကူချင်းဟွမ်း ၏ အကြံဉာဏ်များကို အလွန်အမင်း အားကိုးနေကြရသောကြောင့် ဖြစ်၏။
"ဘယ်လိုလဲ တစ်ညလုံး ကုန်ဆုံးသွားပြီ အားလုံး တစ်ခုခု စဉ်းစားလို့ ရကြပြီလား"
မနေ့ညက လော်ကျင့်ထျန်း သည် ကျန်းပေရန်ထံမှ စာတစ်စောင် လက်ခံရရှိခဲ့ပြီး ယနေ့တွင် လာရောက်လည်ပတ်မည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်လေသည်။
ကျန်းပေရန်ကို ကြိုဆိုကြောင်း ပြန်စာ ပေးပို့ပြီးနောက် လော်ကျင့်ထျန်း သည် ဂိုဏ်းရှိ အထက်လူကြီး အားလုံးကို အရေးပေါ် ခေါ်ယူကာ အစည်းအဝေး ပြုလုပ်နေခြင်း ဖြစ်၏။
ဤအစည်းအဝေး၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ ကျန်းပေရန် နှင့် ကူချင်းဟွမ်း တို့ကြားရှိ ပတ်သက်မှုကို ဖော်ထုတ်ရန်ပင် ဖြစ်လေသည်။
အဆိပ်ငွေ့ ကျူးကျော်မှု စတင်ချိန်မှသာ ကူချင်းဟွမ်း ဆိုသော လူတစ်ယောက် ရှိကြောင်း လော်ကျင့်ထျန်း သိရှိခဲ့ရသဖြင့် ထိုစဉ်က အသေးစိတ် စုံစမ်းရန် အချိန်မရှိခဲ့ဘဲ ဝမ်မိသားစု ထံမှသာ သူသည် ရှန့်တိုင်းပြည် ရှိ ဂိုဏ်းငယ်လေးတစ်ခုမှ တပည့်ဖြစ်ကြောင်း အနည်းငယ် ကြားသိခဲ့ရခြင်း ဖြစ်၏။
ယခု အဆိပ်ငွေ့များ လွင့်စင်သွားပြီ ဖြစ်ရာ လော်ကျင့်ထျန်း သည် ချက်ချင်းပင် လူအင်အား အားလုံးကို အသုံးပြု၍ ကူချင်းဟွမ်း ၏ နောက်ခံကို စတင် စုံစမ်းခိုင်းလိုက်လေသည်။
မည်သို့ပင်ဆိုစေ သူသည် ကူချင်းဟွမ်း ကို မိမိ၏ ယုံကြည်ရသော လက်ရုံးအဖြစ် မွေးမြူလိုသဖြင့် သူ၏ နောက်ခံကို သေချာ သိရှိထားရမည် မဟုတ်ပါလား။
သို့သော် ကူချင်းဟွမ်းကို စတင် စုံစမ်းစဉ်က အားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်ခဲ့ပြီး ထူးခြားသော အချက်များ မတွေ့ရှိခဲ့ရချေ။ သူသည် စိတ်နှလုံးပြန်ဂိုဏ်း ၏ တပည့်တစ်ဦး ဖြစ်ပြီး လူမှုဆက်ဆံရေး အလွန် ကောင်းမွန်ကာ ဂိုဏ်းအတွင်းရှိ လူတိုင်းနီးပါး သူ၏ အကူအညီကို ရရှိဖူးကြသဖြင့် သူ့အပေါ်တွင် အလွန် မြင့်မားသော မှတ်ချက်များ ရှိကြလေသည်။
ဤအချက်များကို ကြားသိရသောအခါ လော်ကျင့်ထျန်း အနေဖြင့် ပုံမှန်ဟုသာ ထင်မြင်ခဲ့မိသည်။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်ပင်လျှင် ကူချင်းဟွမ်းကို အလွန် သဘောကျနေသည် မဟုတ်ပါလား၊ ထို့ကြောင့် ထိုအမည်မသိ ဂိုဏ်းငယ်လေးမှ တပည့်များ သူ့ကို ချီးကျူးကြသည်မှာလည်း ထူးဆန်းသည့် ကိစ္စ မဟုတ်ချေ။
သို့သော် နောက်ပိုင်းတွင်မူ အလွန် ပြင်းထန်သော သတင်းတစ်ခုကို ၎င်းတို့ သိရှိလိုက်ရလေသည်။ ကျန်းပေရန် ကို စုံစမ်းသည့်အခါတွင် သူသည်လည်း...
ဤ ရှန့်တိုင်းပြည် ရှိ ဂိုဏ်းငယ်လေး မှပင် ထွက်ပေါ်လာသူ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရခြင်းပင် ဖြစ်လေသည်။
တစ်ခဏအတွင်း စိတ်နှလုံးပြန်ဂိုဏ်း ဆိုသည့် စကားလုံး သုံးလုံးမှာ အလွန် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသဖြင့် လော်ကျင့်ထျန်း ပင်လျှင် တိုက်ရိုက် ကြည့်ရန် မဝံ့မရဲ ဖြစ်သွားရလေတော့သည်။
(အခန်း ၆၈၃ ပြီး၏)