အခန်း (၆၈၆-၆၈၇)
Vol. 62 Ch. 686-687
အခန်း ၆၈၆ လူတို့ကို ကောင်းမှုပြုရန် တိုက်တွန်းခြင်း
မြို့ငယ်လေးဆီ သွားရာ လမ်းတစ်လျှောက်တွင် ကျန်းပေရန် တွေ့ရှိလိုက်သည်မှာ သူ ထင်ထားသလိုမျိုး လယ်တော အလှအပများ မဟုတ်ဘဲ အိမ်တိုင်းလိုလိုတွင် အဖြူရောင် ပိတ်စများ ချိတ်ဆွဲထားပြီး ငိုယိုသံများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်နေခြင်း ဖြစ်လေသည်
ကျန်းပေရန် မူလက အနည်းငယ် ထူးဆန်းနေမိ၏။ ဂူအဆိပ်ကျင့်ကြံသူများနှင့် နောက်ဆုံး တိုက်ပွဲ ပြီးဆုံးသွားသည်မှာ တစ်လပင် ရှိနေပြီ ဖြစ်ရာ အဘယ်ကြောင့် အခုမှ နာရေးကိစ္စများ လုပ်ဆောင်နေကြသနည်းဟု သူ တွေးတောနေမိလေသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် နားလည်သွား၏။ အစပိုင်းတွင် ကျင့်ကြံသူများသည် ဂူအပေါက်များကို ရှာဖွေကာ လူကယ်ထုတ်နေကြဆဲ ဖြစ်သဖြင့် လူတိုင်းမှာ မိမိတို့ မိသားစုဝင်များ ဘေးကင်းမည်ဟု ဆုတောင်းနေကြပုံရလေသည်။
ယခုမူ တစ်လ ကုန်ဆုံးသွားပြီ ဖြစ်ရာ အသက်ရှင်သူများကို ကယ်ထုတ်နိုင်သည့် သတင်းများလည်း မရှိတော့ပေ။
နောက်ဆုံး မျှော်လင့်ချက်များ ပျက်စီးသွားချိန်တွင် ၎င်းတို့လည်း နောက်ဆုံးသော ကိစ္စများကို စတင် လုပ်ဆောင်ကြရခြင်း ဖြစ်လေသည်။ အနည်းဆုံးတော့ မိမိတို့ မိသားစုဝင်များ၏ ဝိညာဉ်များ ပြန်လာနားခိုရာ နေရာတစ်ခု ရှိစေရန် ဖြစ်လေသည်။
"ဟူး"
ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းပေရန် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ယွမ်မြို့တော်တွင် ရှိနေစဉ်အတွင်း သူသည် အနည်းငယ်မျှပင် ပေါ့ဆခြင်း မရှိဘဲ မိမိ၏ အစွမ်းရှိသမျှ ပြဿနာအားလုံးကို ဖြေရှင်းခဲ့လေသည်။
သို့သော် ရလဒ်မှာမူ ဤမျှလောက် ကြီးမားသော ပေးဆပ်မှုများ ရှိနေဆဲ ဖြစ်ရာ သူ၏ စိတ်ထဲတွင် လေးလံထိုင်းမှိုင်းနေသကဲ့သို့ ခံစားနေရလေသည်
ဒါကလည်း အဆိပ်ငွေ့ ကာကွယ်ရေး ကိစ္စကို ပိုပြီး သေချာအောင် လုပ်ဆောင်မည်ဟု သူ ပိုမို ဆုံးဖြတ်ချက် ခိုင်မာသွားစေခဲ့လေသည်။
"ဆရာကျန်းက လောကရှိ သတ္တဝါတွေ အတွက် စိတ်မကောင်း ဖြစ်နေတာလား"
ထိုစဉ် ကျန်းပေရန်၏ စိတ်ထဲတွင် မိန်းကလေး တစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်
ကျန်းပေရန်က ဘေးနားရှိ မိန်းကလေးကို တစ်ချက် ကြည့်လိုက်၏။ သူမ၏ စကားပြောပုံမှာ အတော်လေး ရင့်ကျက်ပြီး ပညာတတ် အငွေ့အသက်များ ပါဝင်နေသဖြင့် ပုံမှန်အားဖြင့် မိသားစု သွန်သင်မှု ကောင်းမွန်မည်ကို သူ ခန့်မှန်းနိုင်လေသည်။
"နောင်တစ်ချိန်မှာ ဒီလို ကိစ္စမျိုးတွေ ထပ်မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်"
"အင်း"
မိန်းကလေးက ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းပေရန် ကို ပြောလိုက်၏။
"စောစောက အားနာစရာ ကောင်းသွားပါတယ် အခုထိ ဆရာကျန်း ကို ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူး ကျွန်မမျိုးမ မျိုးရိုးက ရှု ပါ နာမည်က ရှုရှုရွှမ်းပါ ဆရာကျန်း သဘောကျရင်တော့ အဘွားလိုပဲ နီအာ လို့ ခေါ်လို့ ရပါတယ်"
"ငါ မင်းကို ရှုမိန်းကလေးလို့ပဲ ခေါ်ပါ့မယ်"
"ဟုတ်ကဲ့ ဆရာကျန်း အဆင်ပြေသလို ခေါ်ပါ"
စကားပြောရင်း ၎င်းတို့နှစ်ဦး မြို့ထဲသို့ ရောက်လာခဲ့ကြလေသည်။ ကျေးရွာများကဲ့သို့ပင် မြို့ထဲရှိ အငွေ့အသက်များမှာလည်း အတော်လေး လေးလံနေပြီး အဖြူရောင် ပိတ်စများ ချိတ်ဆွဲထားသော အိမ်များကို ခဏခဏ မြင်တွေ့နေရလေသည်။
ရံဖန်ရံခါ မြင်တွေ့ရသော လမ်းသွားလမ်းလာများမှာလည်း တူညီသော လမ်းကြောင်းသို့ သွားနေကြသည်ကို သူ သတိပြုမိလိုက်၏။
ဒါက ကျန်းပေရန် ကိုလည်း လူအုပ်နောက်သို့ လိုက်ပါသွားစေခဲ့ပြီး ၎င်းတို့နှင့်အတူ တူညီသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့လေသည်။
"အီးဟီးဟီး တာ့ပေါင်ရေ ငါတို့အိမ်က တာ့ပေါင်ကို မြင်တဲ့သူ ရှိလား"
"ဆရာကြီး ခင်ဗျား ဒီနေ့ ဘာလို့ လူအသစ်တွေ ထပ်မရောက်လာတာလဲ"
"အမေ အိမ်ပြန်ပြီး အရင် နားပါ ကျွန်တော် ဒီမှာ စောင့်နေပါ့မယ်"
လူအုပ်စုဝေးနေသော နေရာသို့ ရောက်သောအခါ ဤနေရာမှာ ကြေညာချက်များ ကပ်ထားသော နေရာဖြစ်ကြောင်း ကျန်းပေရန် သိရှိလိုက်ရလေသည်။ ကယ်တင်ခံရသော ပြည်သူများ အားလုံးကို ဤနေရာသို့ ပို့ဆောင်ပေးပုံရပြီး ကြေညာချက် သင်ပုန်းတွင်လည်း ၎င်းတို့၏ အမည်များကို ကပ်ထားလေသည်။
သို့သော် သိသာသည်မှာ လူအများစုမှာ ၎င်းတို့ စောင့်နေသော သူများကို ရှာမတွေ့ကြခြင်း ဖြစ်လေသည်။
ရှုရှုရွှမ်း သည် နှုတ်ဆိတ်နေသော ကျန်းပေရန် ကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင်လည်း အတွေးမျိုးစုံ ဖြစ်ပေါ်နေလေသည်
ယွမ်မြို့တော်တွင် ရှိနေစဉ်အတွင်း လူတိုင်းကို ကယ်တင်ခဲ့သူမှာ ဘယ်သူလဲဆိုတာကို သူမ သိချင်ခဲ့မိ၏။ လူတိုင်းကို မှောင်မိုက်ရာမှ အလင်းရောင်သို့ ခေါ်ဆောင်လာပေးခဲ့သူကို သူမ တွေ့ချင်ခဲ့မိလေသည်။
သို့သော် ဖခင်ဖြစ်သူက သူမကို အိမ်ထဲမှာပဲ နေခိုင်းသဖြင့် ယွမ်မြို့တော်မှ ထွက်ခွာလာချိန်အထိ သူမ တစ်ခါမှ အပြင်မထွက်ခဲ့ရပေ။
ယခု အဘွားဖြစ်သူက ဤသူရဲကောင်းကြီးကို အိမ်သို့ ခေါ်လာခြင်းမှာ သူမကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သလို ကျန်းပေရန်၏ ငယ်ရွယ်မှုကလည်း သူမကို ဒုတိယအကြိမ် ထိတ်လန့်သွားစေခဲ့လေသည်။
ထို့နောက်တွင်တော့ အဘွား ပြောသမျှ စကားများကို သူမ နားလည်လိုက်လေသည်။ အဘွားသည် ဤသူရဲကောင်းကြီးကို အိမ်သို့ ခေါ်လာနိုင်ရန်အတွက် အတော်လေး အပင်ပန်းခံခဲ့ရမည်ကို သူမ သိသလို သူမတို့နှစ်ဦးကို စပ်ဟပ်ပေးချင်နေသည်ကိုလည်း သူမ သိရှိလိုက်လေသည်။
သို့သော် ဤအရာများ အားလုံးမှာ သူမအတွက် အရမ်း ရုတ်တရက် ဆန်လွန်းနေသဖြင့် မြို့ထဲသို့ လာရာ လမ်းတစ်လျှောက်တွင် ကျန်းပေရန် ကို သူမ တိတ်တဆိတ် အကဲခတ်နေခဲ့ခြင်း ဖြစ်၏။ သူ့အကြောင်းကို ပိုပြီး သိရှိလိုသောကြောင့် ဖြစ်လေသည်။
ယခု သူ၏ တည်ကြည်နေသော မျက်နှာနှင့် စောစောက သက်ပြင်းချသံကို ကြားလိုက်ရသောအခါ ရှုရှုရွှမ်းသည် သူသည် အခြားသော ကျင့်ကြံသူများနှင့် မတူကြောင်း ခံစားလိုက်ရလေသည်
သူမ သိထားသော ကျင့်ကြံသူများသည် အဆင့်အတန်း မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ အလွန် မောက်မာကြပြီး သာမန်လူများကို မျက်လုံးထဲ လုံးဝ မထည့်ကြချေ။ ကျင့်ကြံသူများသည်သာ လူသားများ ဖြစ်ကြပြီး သာမန်လူများမှာ ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်သည်ဟု ယူဆကြလေသည်။
သို့သော် ကျန်းပေရန် ၏ မျက်လုံးထဲတွင်မူ ဤသာမန်လူများ တကယ် ရှိနေပုံရလေသည်။ သူသည် ဤပြည်သူများ၏ ဝမ်းနည်းမှုအတွက် စိတ်မကောင်း ဖြစ်ပေးတတ်လေသည်။ ဒါဟာ ရှုရှုရွှမ်း တစ်ခါမှ မမြင်ဖူးသော အချက်ပင် ဖြစ်လေသည်။
"ဆရာကြီး ဆရာကြီး ကျေးဇူးပြုပြီး တစ်ချက်လောက် ထပ်ကြည့်ပေးပါဦး ကျွန်တော့်သားက အရပ်အရမ်း ရှည်တာပါ ဘယ်ဘက် ပါးပေါ်မှာ မှဲ့တစ်လုံး ပါတယ် မှတ်ရလွယ်ပါတယ် ကျေးဇူးပြုပြီး တစ်ချက်လောက် ထပ်စဉ်းစားပေးပါဦး"
"မမြင်ဖူးဘူးလို့ ပြောပြီးပြီလေ ခင်ဗျားက တစ်နေ့ကို ဘယ်နှစ်ခါ မေးနေမှာလဲ"
"ကျွန်တော်မျိုးက အရမ်း စိတ်အနှောင့်အယှက် ဖြစ်စေမှန်း သိပါတယ် ဒါပေမဲ့ ကျွန်တော့်သားက ကျွန်တော့်ရဲ့ အသက်ပါပဲ ဆရာကြီးရယ် တစ်ချက်လောက် ထပ်စဉ်းစားပေးပါဦး ကျွန်တော်မျိုး ဆရာကြီးကို ဦးချပါတယ်"
"ဖယ်စမ်း ဖယ်စမ်း ငါတို့မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတယ်"
"တစ်ချက်လောက် ထပ်စဉ်းစားပေးပါဦး ထပ်စဉ်းစားပေးပါဦး တောင်းပန်ပါတယ်"
ထိုအဘိုးအိုသည် ပြောရင်း ကျင့်ကြံသူ တစ်ဦး၏ ခြေထောက်ကို ဖက်တွယ်ကာ မျက်ရည်စက်လက်ဖြင့် အော်ဟစ် တောင်းပန်နေလေသည်။
"ဟေ့ ဒီအဘိုးကြီးကတော့ ကောင်းကောင်း ပြောတာ မရဘူးပဲ ငါ ခင်ဗျားကို သည်းခံနေတာ ကြာပြီနော်"
ပြောပြီးသည်နှင့် ခြေထောက်ကို မြှောက်ကာ အဘိုးအိုကို ကန်ထုတ်ရန် ပြင်လိုက်လေသည်။
တစ်ဖက်က ကျင့်ကြံသူ၊ တစ်ဖက်က အသက်ကြီးရင့်နေသော အဘိုးအို ဖြစ်ရာ အကယ်၍ တကယ်သာ ကန်ထုတ်လိုက်ပါက ရလဒ်မှာ မတွေးဝံ့စရာပင် ဖြစ်လေသည်။
"နေပါဦး နှစ်ယောက်လုံး အရင်ဆုံး စိတ်အေးအေး ထားကြပါ"
ထိုစဉ် ကျန်းပေရန် ထွက်လာပြီး ပြောလိုက်လေသည်။
အကယ်၍ အရင်ကဆိုလျှင် ကျန်းပေရန် ဤကဲ့သို့ တိုက်ရိုက် ထွက်လာမည် မဟုတ်ပေ။ မဟုတ်ရင် ရွေးချယ်စရာတွေက အကြိမ် ရှစ်ရာလောက် ပေါ်လာလောက်ပြီ ဖြစ်၏။ သို့သော် ယခုမူ ကောင်းကင်ဘုံက သူ့ကို တကယ်ပဲ ဘာမှ မတတ်နိုင်တော့ပုံ ရလေသည်။ ကျန်းပေရန် ဤမျှလောက် တိုက်ရိုက် ထွက်လာသော်လည်း မည်သည့် ရွေးချယ်စရာမှ ပေါ်မလာခဲ့ပေ။
ကျန်းပေရန် ၏ စကားကို ကြားသောအခါ ဒေါသထွက်နေသော ကျင့်ကြံသူက သူ့ကို မျက်စောင်းထိုး ကြည့်ကာ ပြောလိုက်၏။
"မင်းက ဘယ်က ကောင်လဲ အပိုတွေ လာမလုပ်နဲ့ အဘိုးကြီးနဲ့ အတူ အသတ်ခံရချင်လို့လား"
ကျန်းပေရန်လည်း မလောဘဲ ထိုကျင့်ကြံသူကို လက်ယှက် ဂါရဝပြုကာ ပြောလိုက်လေသည်။
"ခင်ဗျား ဒေါသ မထွက်ခင်မှာ ကျွန်တော့်ရဲ့ စကားကို အရင် နားထောင်ကြည့်ပါဦး ပထမဆုံး အချက်ကတော့ ခင်ဗျား ကျင့်ကြံသူ တစ်ယောက် ဖြစ်မှန်း ကျွန်တော် သိပါတယ် ကျွန်တော့်မှာ နောက်ခံ တစ်ခုခု မရှိရင် ခင်ဗျားကို ဒီလိုမျိုး တိုက်ရိုက် ထွက်ပြီး တားရဲပါ့မလား ခင်ဗျား စဉ်းစားကြည့်ပါဦး"
ထိုကျင့်ကြံသူမှာ ကြားလိုက်ရသည်နှင့် အနည်းငယ် ကြောင်သွားပြီး တစ်ခဏအတွင်း ဘယ်လို ပြန်ဖြေရမှန်း မသိ ဖြစ်သွားလေသည်။
သူ၏ ဘေးနားရှိ လူကတော့ ဝင်ပြောလိုက်၏။
"စီနီယာ အစ်ကိုကြီး သူပြောတာကလည်း အကျိုးအကြောင်း ရှိသားပဲ"
"ဘာအကျိုးအကြောင်းလဲ"
ထိုကျင့်ကြံသူက အော်ဟစ်လိုက်ပြီး ကျန်းပေရန် ကို ထပ်မံ ကြည့်ကာ ပြောလိုက်၏။
"မင်းမှာ နောက်ခံ ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး ငါ ဒီအဘိုးကြီးကို သူ့သားကို မမြင်ဖူးဘူးလို့ အကြိမ် ရှစ်ရာလောက် ပြောပြီးပြီ သူက ငါ့ကို ဒီလိုမျိုး လာပတ်သက်နေတာ ငါက ဘာလုပ်ရမှာလဲ"
ကျင့်ကြံသူ၏ လေသံမှာ အလျှော့မပေးသေးသော်လည်း တကယ်တော့ သူသည် အကြောင်းပြချက်များကို ရှင်းပြနေခြင်း ဖြစ်ရာ အနည်းငယ်တော့ မဝံ့မရဲ ဖြစ်နေပြီဟု ဆိုနိုင်လေသည်
သို့သော် ကျန်းပေရန်က ထိုသူသည် ပြည်သူများကို တမင် နှိပ်စက်လိုသည့် စိတ်ဆန္ဒ မရှိသည်ကို မြင်သောကြောင့်သာ သူ့ကို အကျိုးအကြောင်း ပြောပြလိုခြင်း ဖြစ်လေသည်။ မဟုတ်ရင်တော့ စကားလုံး ဝိညာဉ် ပညာရပ်ဖြင့် သူ့ကို အီး စားခိုင်းလိုက်သည်မှာ ကြာလှပြီ ဖြစ်၏။
"ဒါကြောင့် နှစ်ယောက်လုံးကို စိတ်အေးအေး ထားစေချင်တာပါ ဒီနေရာမှာ ရှိနေတဲ့ သူတွေ အားလုံးက မိမိတို့ရဲ့ အချစ်ရဆုံး သူတွေကို စောင့်နေကြတာလေ သူတို့ ဘယ်လောက် စိုးရိမ်နေမလဲဆိုတာ ခင်ဗျားလည်း နားလည်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျား အနေနဲ့ နည်းနည်းလောက် စိတ်ရှည်ပေးပြီး ပြီးစလွယ် ပြန်မဖြေဘဲ နေမယ်ဆိုရင် တစ်မျိုး ဖြစ်လာနိုင်မလား"
"မင်းက ဘယ်မျက်လုံးနဲ့ မြင်လို့ ငါက ပြီးစလွယ် လုပ်တယ်လို့ ပြောတာလဲ ငါ သူ့ကို မမြင်ဖူးဘူးလို့ သေသေချာချာ ပြောပြီးပြီလေ"
"ဒီရက်ပိုင်းမှာ ခင်ဗျားတို့လည်း အတော်လေး ပင်ပန်းနေမယ်ဆိုတာ သိပါတယ် ဒီလောက်များပြားတဲ့ ပြည်သူတွေကို ဂရုစိုက်ရတာလေ ဒါပေမဲ့ ပင်ပန်းမှတော့ ဘာလို့ ပိုပြီး ကောင်းအောင် မလုပ်တာလဲ အကယ်၍ ခင်ဗျားက ဒီအဘိုးအို ပြောတဲ့ သတင်းအချက်အလက်တွေကို မှတ်သားထားပြီး ကူညီရှာဖွေပေးမယ်လို့ ပြောလိုက်မယ်ဆိုရင် ရလဒ်က ပိုမကောင်းသွားဘူးလား"
ကျန်းပေရန် ၏ စကားကို ကြားသောအခါ ထိုကျင့်ကြံသူ၏ ဂျူနီယာညီလေးက ခဏတာ စဉ်းစားပြီးနောက် ထပ်မံ ပြောလိုက်ပြန်လေသည်။
"စီနီယာ အစ်ကိုကြီး... သူပြောတာ တကယ်ပဲ အကျိုးအကြောင်း ရှိတယ်လို့ ထင်တယ်"
"ဘာအကျိုးအကြောင်းလဲ"
'ဒါကတော့ တကယ့်ကို ဝက်လို တပည့်ပဲ'
ကျန်းပေရန် တကယ်တော့ ပထမအကြိမ် ဖျောင်းဖျစဉ်ကပင် ဤကျင့်ကြံသူသည် စိတ်လှုပ်ရှားသွားသည်ကို သတိထားမိလိုက်လေသည်။ သို့သော် ဤ ဝက်လို တပည့်၏ စကားတစ်ခွန်းကြောင့် သူက ပြန်ပြီး မာန်တက်သွားရခြင်း ဖြစ်လေသည်
သူပြောတာ အကျိုးအကြောင်း ရှိတယ်ဆိုတော့ ငါပြောတာက အကျိုးအကြောင်း မရှိဘူးလို့ ဆိုလိုတာလား
ရလဒ်အနေဖြင့် ကျန်းပေရန် ဒုတိယအကြိမ် ထပ်မံ ဖျောင်းဖျသော်လည်း ဤ ဝက်လို တပည့် ကြောင့်ပင် အချည်းနှီး ဖြစ်သွားရပြန်ရာ ကျန်းပေရန်မှာ ထိုသူ၏ ပါးစပ်ကို ပိတ်ထားချင်စိတ်ပင် ပေါက်သွားရလေသည်။
"ဒါဆို မင်းက ဘယ်က ကောင်လဲ ငါ့ကို လာပြီး ဆရာလုပ်နေတာ လာ လာ မင်းမှာ နောက်ခံ ရှိတယ်ဆိုလည်း ပြောပြစမ်း ငါ နားထောင်ကြည့်မယ်"
'ဟူး...' စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်းပေရန် ပြောလိုက်၏။
"အဲ့ဒီလိုဆိုရင်လည်း ညီအစ်ကို အနေနဲ့ ဘယ်ဂိုဏ်းကလဲ ဆိုတာ အရင် ပြောပြပါလား ငါ ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မလား ကြည့်ရအောင်"
"ဟဲဟဲ ဒါဆိုရင်တော့ သေချာ နားထောင်ထားလိုက် ငါ့ရဲ့ ဂိုဏ်းနာမည် ကြားရင် မင်း ဘောင်းဘီထဲ သေးထွက်မသွားစေနဲ့ ငါက ရှန့်ထျန်းဂိုဏ်း ရဲ့ တပ်မှူး ချန်ကောက်ပဲ မင်းကကော"
"ရှန့်ထျန်းဂိုဏ်းလား"
ကျန်းပေရန် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်လေသည်။
"ခဏလောက် စောင့်ပါဦး"
ကျန်းပေရန် မသိနားမလည်သည့် ပုံစံကို ကြည့်ပြီး ချန်ကောက် က ဒေါသတကြီး ပြောလိုက်၏။
"ရှန့်ထျန်းဂိုဏ်းကိုတောင် မကြားဖူးဘူးလား မင်းက တျန်းတိုင်းပြည်က လူ ဟုတ်ရဲ့လား နေဦး... မင်းက တျန်းတိုင်းပြည်က လူ မဟုတ်ဘူး ထင်တယ်"
ထိုစဉ် ကျန်းပေရန် သည် ကောင်းကင်စကြာဝဠာ လက်စွပ်ထဲမှ အသံလွှင့် တိုကင်တစ်ခုကို ထုတ်ယူကာ လော်ကျင့်ထျန်း ကို ဆက်သွယ်လိုက်လေသည်။
"ဟုတ်ကဲ့ ကျွန်တော် ရောက်ပါပြီ"
"အာ မလောပါနဲ့ဦး ကျွန်တော် စုံစမ်းစရာ ကိစ္စလေးတွေ ရှိသေးလို့ပါ"
"အင်း ဟုတ်တယ် ဒီနေရာပဲ ဒါဆိုရင်တော့ ဂိုဏ်းချုပ်လော် ကို ဒုက္ခပေးရတော့မယ်"
...
ကျန်းပေရန် ၏ စကားများကို ကြားသောအခါ ချန်ကောက် သည် တစ်ခဏအတွင်း စိုးရိမ်သွားလေသည်။
'ဂိုဏ်းချုပ်လော်... ဘယ်ဂိုဏ်းချုပ်လော်လဲ မဟုတ်မှလွဲရော... မဖြစ်နိုင်တာ မဖြစ်နိုင်တာ'
တိုကင်ကို ပြန်သိမ်းလိုက်ပြီးနောက် ကျန်းပေရန် ရှေ့သို့ တိုးသွားကာ ချန်ကောက် ၏ ခြေထောက်ကို ဖက်ထားဆဲ ဖြစ်သော အဘိုးအိုကို ထူပေးလိုက်လေသည်။ သူ၏ ကိုယ်ပေါ်ရှိ ဖုန်များကို ခါပေးရင်း ပြောလိုက်၏။
"အဘိုး ကျွန်တော် သိပါတယ် အဘိုး သားကို အရမ်း တွေ့ချင်နေတယ်ဆိုတာ ဒါပေမဲ့ သူတို့မှာလည်း လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတာလေ အဘိုးက ဒီလိုမျိုး အတင်း တားထားရင် သူတို့လည်း အလုပ်လုပ်ရခက်ပါတယ်"
အဘိုးအိုက ကြားလိုက်ရသဖြင့် ထပ်မံ ငိုယိုကာ ပြောလိုက်၏။
"ကျွန်တော်မျိုးလည်း ဒီလို မလုပ်ချင်ပါဘူး ဒါပေမဲ့ ကျွန်တော့်မှာ တခြား နည်းလမ်း မရှိတော့လို့ပါ အိမ်က အဘွားကြီးကလည်း သားကို လွမ်းလို့ မျက်စိတွေတောင် ကွယ်တော့မယ် ဒီသားကိုသာ ထပ်ရှာမတွေ့ရင် ကျွန်တော်... ကျွန်တော်..."
အဘိုးအိုသည် ပြောရင်းနှင့် ထပ်မံ ငိုကြွေးပြန်ရာ ချန်ကောက် လည်း ကြည့်ရင်းနှင့် စိတ်မကောင်း ဖြစ်လာလေသည်
"ရပြီ ရပြီ ငါ သိပါပြီ အဘိုး... အဘိုး ဒီကို လာ သားရဲ့ ပုံစံကို ငါ့ကို တစ်ခေါက် ထပ်ပြောပြ ငါ အပြင်ထွက်တဲ့အခါ ကူညီ မေးမြန်းပေးမယ်"
အဘိုးအိုသည် ကြားလိုက်ရသည်နှင့် ဝမ်းသာအားရ ဖြစ်သွားလေသည်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး ကျေးဇူးတင်ပါတယ် ဆရာကြီး"
ထို့နောက် ကျန်းပေရန် ကိုလည်း အရိုအသေပြုကာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆရာကြီး ကျေးဇူးတင်ပါတယ် ဆရာကြီး"
ဆရာကြီးက တကယ် ကူညီမည်ကို မြင်သောအခါ ဘေးနားမှ အချိန်အတော်ကြာ ကြည့်နေသော ပြည်သူများသည်လည်း ဝေါခနဲ တိုးဝှေ့ ရောက်ရှိလာကြလေသည်။
"ဆရာကြီး ကျွန်တော့် အမေကိုလည်း ကူရှာပေးပါဦး ကျွန်တော့်မှာ သူ့ရဲ့ ပုံတူ ပန်းချီကား ပါပါတယ်"
"ဆရာကြီး ကျွန်မ သမီးလေးလည်း ရှာမတွေ့သေးဘူး သူက အခုမှ ခြောက်နှစ်ပဲ ရှိသေးတာ ထွက်သွားတုန်းက ပန်းပွင့်လေးတွေပါတဲ့ အင်္ကျီ ဝတ်သွားတာပါ ကျွန်မကို ကူညီ စောင့်ကြည့်ပေးပါဦး တောင်းပန်ပါတယ်"
"ဆရာကြီး ကျွန်တော့် ညီလေးလည်း အခုထိ ပြန်မလာသေးဘူး သူက မျက်စိ တစ်ဖက် ကွယ်နေတာပါ နောက်ပြီးတော့..."
ပြည်သူများ အားလုံး မိမိထံသို့ တိုးဝှေ့လာသည်ကို မြင်သောအခါ ချန်ကောက် မျက်မှောင်ကြုတ်သွားပြီး အော်ဟစ်လိုက်လေသည်။
"ဘာလုပ်ကြတာလဲ ဘာလုပ်ကြတာလဲ ငါက ဒီလောက်အထိ အားနေတယ်လို့ ထင်နေကြတာလား"
ပြောပြီးနောက် သူက ကျန်းပေရန် ကို တစ်ချက် ကြည့်လိုက်ပြီး "မင်း လုပ်လိုက်တဲ့ ကိစ္စကို ကြည့်ဦး" ဟု ပြောချင်သော်လည်း စိတ်ထဲတွင်မူ မရဲတရဲ ဖြစ်နေပြန်လေသည်
"ကျွန်တော် ကူညီပြီး မှတ်ပေးပါ့မယ်"
ထိုစဉ် ကျန်းပေရန် က ပြုံးလျက် ကောင်းကင်စကြာဝဠာ လက်စွပ်ထဲမှ ကလောင်နှင့် စက္ကူကို ထုတ်ယူကာ ပြောလိုက်လေသည်။
ကျန်းပေရန် က ထိုသို့ ပြောလိုက်သဖြင့် ချန်ကောက် လည်း ဒေါသ မထွက်နိုင်တော့ဘဲ ပြောလိုက်၏။
"ကောင်းပြီ ကောင်းပြီ တကယ်ပဲ... မင်းလို လူမျိုးနဲ့မှ လာတိုးရတယ်လို့"
ချန်ကောက် က သဘောတူလိုက်သဖြင့် ကျန်းပေရန် က အော်ဟစ်သံကြောင့် ထိတ်လန့်နေသော ပြည်သူများကို ပြောလိုက်လေသည်။
"လာပါ အားလုံး အစီအစဉ်အတိုင်း တန်းစီကြပါ တစ်ယောက်ချင်းစီ လာကြပါ"
"တကယ် ကောင်းတာပဲ ကျေးဇူးတင်ပါတယ် ဆရာကြီး ကျေးဇူးတင်ပါတယ် ဆရာကြီး"
ဝမ်းသာအားရ အော်ဟစ်သံများကြားတွင် အားလုံးက အစီအစဉ်တကျ တန်းစီလိုက်ကြပြီး မိမိတို့ မိသားစုဝင်များ၏ ပုံစံများကို အသေးစိတ် ပြောပြကြလေသည်။
ခဏအကြာတွင် ချန်ကောက်သည် တစ်ယောက်ပြီး တစ်ယောက်၏ ရိုးသားလှသော ကျေးဇူးတင်စကားများကို ကြားရင်း အစပိုင်းက စိတ်တိုနေသည်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူတိုင်း ပြောပြသော အချက်အလက်များကို သေချာ မှတ်သားနေလေတော့သည်
"ဆရာကျန်း ခင်ဗျား ဒီမှာ ရှိနေတာကိုး ကျွန်တော့်မှာ အသေအလဲ ရှာလိုက်ရတယ်"
ထိုစဉ် ကျန်းပေရန်၏ ဘေးတွင် ဟိန်းထွက်နေသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ကျန်းပေရန် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော ဂိုဏ်းချုပ်ကို တွေ့လိုက်ရသဖြင့် ပြောလိုက်၏။
"ဂိုဏ်းချုပ် ကော်ရှင်းကို ဂါရဝပြုပါတယ်"
"ဂါရဝပြုစရာ မလိုပါဘူး ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ"
မိမိရှေ့ရှိ ကြင်နာတတ်သော အဘိုးအိုကို ကြည့်ရင်း ချန်ကောက်၏ မေးစေ့များပင် ပြုတ်ကျမတတ် အံ့အားသင့်သွားလေသည်
"ဂိုဏ်း... ဂိုဏ်း... ဂိုဏ်းချုပ်"
အော်ဟစ်ပြီးသည်နှင့် ချက်ချင်း အရိုအသေပြုလိုက်လေသည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
ချန်ကောက် မိမိကို ခေါ်သည်ကို ကြားသောအခါ ကော်ရှင်း ခဏတာ ကြောင်သွားသော်လည်း ထိုတပည့်လေးကို သူ တကယ် မမှတ်မိပေ။ သို့သော် တစ်ဖက်လူက မိမိကို ဂိုဏ်းချုပ်ဟု ခေါ်သဖြင့် မိမိဂိုဏ်းမှ လူဖြစ်မည်ဟု ယူဆလိုက်လေသည်။
"ရပြီ ရပြီ မင်းရဲ့ အလုပ်ကို ဆက်လုပ်ပါ"
ပြောပြီးနောက် ကျန်းပေရန်ဘက်သို့ လှည့်ကာ ဆက်ပြောလေသည်။
"လော်အဘိုးကြီးက ခင်ဗျား ကျွန်တော့်ကို ရှာနေတယ်လို့ ပြောတယ်"
"အင်း ခင်ဗျားရဲ့ နယ်မြေထဲမှာ လူအနည်းငယ်လောက် ရှာချင်လို့"
ပြောပြီးနောက် ကျန်းပေရန် က တုန်ယင်နေသော ချန်ကောက် ကို တစ်ချက် ကြည့်ကာ ဆက်ပြောလိုက်၏။
"နောက်ပြီးတော့ ခင်ဗျားက တကယ်ကို စီမံအုပ်ချုပ်တာ တော်တာပဲ ဂိုဏ်းထဲက တပည့်တွေက အလုပ်လုပ်တာ တကယ် စနစ်ကျတယ်"
ကော်ရှင်း က နားထောင်ပြီးနောက် မုတ်ဆိတ်ကို သပ်ကာ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
"ဟားဟားဟား ဆရာကျန်း က အထင်ကြီးလွန်းနေပါပြီ"
ပြောပြီးနောက် ချန်ကောက် ကို တစ်ချက် ကြည့်ကာ မေးလိုက်၏။
"မင်း နာမည်က ဘယ်လို ခေါ်လဲ"
"ဂိုဏ်းချုပ်ကို တင်ပြပါတယ် တပည့်ရဲ့ မျိုးရိုးက ချန် ပါ နာမည်က ကောက် ပါ လော့ယာအဆောင် က တပ်မှူး ဖြစ်ပါတယ်"
"ကောင်းပြီ ငါ မှတ်ထားလိုက်မယ်"
ပြောပြီးနောက် ကျန်းပေရန် ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဆရာကျန်း ကြွပါ ကျွန်တော်တို့ လူနည်းတဲ့ နေရာကို သွားပြီး ဆွေးနွေးကြရအောင်"
"ကောင်းပြီ"
ကျန်းပေရန် က ပြောပြီးနောက် ချန်ကောက် ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဒါဆို နောက်ထပ် ကိစ္စတွေကိုတော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
ချန်ကောက် သည် ယခုအချိန်တွင် ဦးနှောက်များ ထုံကျဉ်နေပြီး ဘာဖြစ်ပျက်သွားသည်ကို လုံးဝ မသိတော့ပေ
သို့သော် သူ အချက်တစ်ခုကိုတော့ ရှင်းလင်းစွာ သိရှိလိုက်လေသည်
၎င်းမှာ သူ့ရှေ့က ဤလူငယ်လေးသည် စောစောက တိုကင်ဖြင့် ဆက်သွယ်ခဲ့သူမှာ တကယ်ကို လော်ကျင့်ထျန်း ဖြစ်နေခြင်းပင် ဖြစ်၏။ တျန်းတိုင်းပြည်၏ နံပါတ်တစ် ဂိုဏ်းချုပ် လော်အရှင်သခင် ဖြစ်လေသည်။
မဟုတ်ရင် မိမိဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ဆန်ဆန် ကိုယ်တိုင် ရောက်လာမှာလဲ၊ ပြီးတော့ သူ့ဆီက ဂါရဝပြုတာကိုတောင် လက်မခံရဲဘဲ ရှိနေမှာလဲ။
ထိုအကြောင်းကို တွေးမိသောအခါ ချန်ကောက် သည် တံတွေးကို အားရပါးရ မျိုချလိုက်မိပြီး ကျောပြင်တွင်လည်း အေးစက်စက် ချွေးများ ထွက်လာလေသည်။
အကြောင်းမှာ ဤမျှလောက်သော ဩဇာအာဏာဖြင့် သူ့ကို သတ်ပစ်ရန်မှာ မဟုတ်သေးပေ... သူ့ကို သေရတာထက် ပိုဆိုးအောင် လုပ်ရန်မှာ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံသာ ရှိလေသည်။ သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ... တစ်လျှောက်လုံး သူ့ကို တစ်ခွန်းတည်းတောင် အော်ဟစ်ခြင်း မရှိခဲ့ပေ။
ယခုဆိုလျှင် ဂိုဏ်းချုပ်ရှေ့တွင်ပင် သူ့အတွက် စကားကောင်း ပြောပေးခဲ့သေးသည်။ သို့သော် သူသည် ဤချီးကျူးစကားနှင့် လုံးဝ မထိုက်တန်သည်ကို သူကိုယ်တိုင် သိနေလေသည်။
"ဆရာကျန်း ကျွန်တော်"
သို့သော် သူသည် မိမိ၏ အမှားကို ဝန်ခံရန် ပြင်လိုက်စဉ်မှာပင် ကျန်းပေရန် ၏ အသံကို ကြားလိုက်ရလေသည်။
"မှားမှန်းသိရင် ပြင်တာက အမြတ်ပဲ တကယ်လို့ ဒီချီးကျူးမှုကို ခံယူဖို့ မဝံ့မရဲ ဖြစ်နေတယ်ဆိုရင်တော့ နောက်ပိုင်းမှာ ပိုပြီး ကြိုးစားပြီး အလုပ်ကို ကောင်းကောင်း လုပ်လိုက်ပါ"
ချန်ကောက်သည် ကြားလိုက်ရသည်နှင့် မျက်ရည်များပင် ဝဲလာပြီး ကျန်းပေရန် ထွက်ခွာသွားသော ဘက်သို့ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်လေသည်။
"ဆရာကျန်း စိတ်ချပါ ဆရာကျန်း ရဲ့ ဆုံးမမှုကို ကျွန်တော်မျိုး စိတ်ထဲမှာ အမြဲ မှတ်ထားပါ့မယ်"
ကျန်းပေရန် က နားထောင်ပြီးနောက် သူ့ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ကော်ရှင်း နှင့်အတူ ထွက်ခွာသွားလေတော့သည်။
ကျန်းပေရန် ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ချန်ကောက် ၏ စိတ်ထဲတွင် အချိန်အတော်ကြာ တည်ငြိမ်၍ မရနိုင်တော့ပေ။ ဤလောကကြီးတွင် ဤမျှလောက် မြင့်မြတ်သော စရိုက်ရှိသူ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ...
'နေဦး ဆရာကျန်း... ဆရာကျန်း ဟုတ်လား'
ချန်ကောက် ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ ဆုံတွေ့ခဲ့သူမှာ တကယ်တော့ ဘယ်သူလဲဆိုတာကို သဘောပေါက်သွားလေတော့သည်
အခန်း ၆၈၇ ရန်သူတစ်ယောက် တိုးတာထက် မိတ်ဆွေတစ်ယောက် တိုးတာက ပိုကောင်းသည်
ဂိုဏ်းချုပ် ကော်ရှင်း နှင့် စကားစမြည်ပြောပြီး နောက်တစ်ကြိမ် ပြန်ဆုံရန် ကတိပေးကာ ကျန်းပေရန် သည် ဆရာမ ရွှီမေယင် ၏ လယ်တောအိမ်သို့ ပြန်လာခဲ့လေသည်။
တံခါးလာဖွင့်ပေးသူမှာ ရှုရှုရွှမ်း ဖြစ်ပြီး ကျန်းပေရန်သည် သူမကို မြင်သည်နှင့် လက်ယှက် ဂါရဝပြုကာ ပြောလိုက်၏။
"ခုနက ကိစ္စက ရုတ်တရက် ဖြစ်သွားလို့ မင်းကို တစ်ယောက်တည်း ထားခဲ့မိတာ အားနာပါတယ်"
ရှုရှုရွှမ်းက ကြားလိုက်ရသဖြင့် လက်ကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက် ကျန်းပေရန် ၏ စိတ်ထဲတွင် သူမ၏ အသံ ထွက်ပေါ်လာ၏။
"ကိစ္စမရှိပါဘူး ဆရာကျန်း လုံးဝ စိတ်ထဲမထားပါနဲ့"
ရှုရှုရွှမ်း နောက်မှလိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့ရာ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား တိတ်ဆိတ်နေသဖြင့် ကျန်းပေရန် က မေးလိုက်လေသည်။
"မင်းရဲ့ အဘွားတို့ရော"
"အဘွားမှာ ကိစ္စရှိလို့ အပြင်ထွက်သွားတယ် ရှင့်ကို ကောင်းကောင်း ဧည့်ခံဖို့ မှာသွားတယ်"
'တကယ်ပဲ ဒီဧည့်ခံမှုကတော့ နည်းနည်းတော့ လွန်နေပြီ'
ဆရာမ ရွှီမေယင်၏ စပ်ဟပ်ပေးလိုသော စိတ်အားထက်သန်မှုကို နောက်တစ်ကြိမ် ခံစားလိုက်ရသဖြင့် ကျန်းပေရန် ခေါင်းယမ်းလိုက်ပြီး ရှုရှုရွှမ်း နောက်မှလိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။
ထို့နောက် ရှုရှုရွှမ်း၏ အသံကို ကျန်းပေရန် ထပ်မံ ကြားလိုက်ရပြန်၏။
"ဆရာကျန်း ဘယ်အချိန် ပြန်လာမလဲဆိုတာ မသိလို့ ဟင်းတွေ မချက်ရသေးဘူး ခဏလောက် စောင့်ပေးပါ ကျွန်မ အခုပဲ သွားချက်လိုက်ပါ့မယ်"
ပြောပြီးသည်နှင့် ကျန်းပေရန် ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ မီးဖိုချောင်ထဲသို့ ဝင်သွားလေတော့သည်။
ခဏအကြာတွင် အငွေ့တထောင်းထောင်း ထွက်နေသော အရသာရှိလှသည့် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ထွက်ပေါ်လာလေသည်။
ဟင်းပွဲများ၏ ပုံစံကို ကြည့်ရုံဖြင့် ကျန်းပေရန် က သူမကို အမှတ်ပြည့် ပေးနိုင်လေသည်။
နောက်ဆုံးတွင် ဆားရည်စိမ်ဘဲသား တစ်ပွဲကို ချပေးပြီးနောက် ရှုရှုရွှမ်း က ခါးစည်းကို ချွတ်လိုက်ပြီး ကျန်းပေရန် ထံသို့ တူတစ်စုံ ကမ်းပေးကာ ပြောလိုက်၏။
"ဆရာကျန်း ဟင်းတွေ စုံပါပြီ ကျွန်မ တတ်သလောက် မှတ်သလောက်ပဲ ချက်ထားတာပါ အဆင်ပြေသလို သုံးဆောင်ပေးပါ"
ရှုရှုရွှမ်း ကမ်းပေးသော တူကို ယူလိုက်ရင်း ကျန်းပေရန် က ပြုံးလျက် ပြောလိုက်လေသည်။
"ဒီလောက်ဆိုရင်ပဲ အတော်လေး ကောင်းနေပါပြီ မင်းလည်း အပင်ပန်းမခံပါနဲ့တော့ ထိုင်ပြီး အတူတူ စားကြရအောင်"
"ဟုတ်ကဲ့"
ရှုရှုရွှမ်း က ပြန်ထူးပြီးနောက် ကျန်းပေရန် နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။
စားပွဲပေါ်တွင် ကျန်းပေရန် ၏ အာရုံကို အဆွဲဆောင်နိုင်ဆုံးမှာ လှပသပ်ရပ်လှသော ဟင်းပွဲလေးများ မဟုတ်ဘဲ ကင်ထားသော ကန်စွန်းဥနီ တစ်ပွဲပင် ဖြစ်လေသည်။
ယေဘုယျအားဖြင့် ဧည့်သည်ကို ထမင်းကျွေးရာတွင် ကန်စွန်းဥကို စားပွဲပေါ်သို့ တင်လေ့မရှိပေ။ အနည်းဆုံးတော့ ကျန်းပေရန် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ မိသားစု စားပွဲတော်များတွင်ပင် ကန်စွန်းဥ ဟူသော ဟင်းတစ်ပွဲ မပါဝင်ခဲ့ဖူးချေ။
ထိုစဉ် ကျန်းပေရန် ၏ စိတ်ထဲတွင် ရှုရှုရွှမ်း၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်၏။
"ဒီကန်စွန်းဥက ကျွန်မတို့ဆီက ထွက်တဲ့ အထူးပစ္စည်းပါ အရမ်းချိုတယ် ကျွန်မ ငယ်ငယ်တည်းက သဘောကျတာ ဒါကြောင့် ဆရာကျန်း ကို မြည်းစမ်းကြည့်စေချင်လို့ပါ တကယ်လို့ ဆရာကျန်း မကြိုက်ဘူးဆိုရင်တော့ မီးဖိုချောင်ထဲ ပြန်ယူသွားလိုက်ပါ့မယ်"
"မလိုပါဘူး"
ကျန်းပေရန် က ခေါင်းယမ်းလိုက်ပြီး ကန်စွန်းဥ တစ်လုံးကို ကောက်ကိုင်ကာ ပြောလိုက်၏။
"ငါလည်း ဒါကို အရမ်း သဘောကျတယ်"
လက်ထဲရှိ ပူနွေးနေသော ကန်စွန်းဥကို ကိုင်ထားရင်း ကျန်းပေရန် သည် ငယ်စဉ်က ကျောင်းဆင်းချိန်များတွင် ကန်စွန်းဥကင် တစ်လုံး ဝယ်စားရန် မျှော်လင့်နေခဲ့ရသော အချိန်များကို သတိရသွားမိလေသည်။
ဈေးလည်းသက်သာသလို ပမာဏလည်း များပြားလှသဖြင့် အခြားသော မုန့်များထက်ပင် ပို၍ မွှေးပျံ့လှပေသည်။
ရှုရှုရွှမ်း ကင်ထားသော ဤကန်စွန်းဥမှာ သစ်ရွက်များကြားတွင် မြှုပ်နှံ၍ ကင်ထားခြင်း ဖြစ်ပုံရပြီး အပေါ်တွင် ပြာများဖြင့် ပြည့်နှက်နေလေသည်။
ပြာများကို အသာအယာ ခါထုတ်လိုက်သောအခါ ကျန်းပေရန် သည် ကန်စွန်းဥ ၏ မျက်နှာပြင်မှာ အနည်းငယ် အက်ကွဲနေပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
အခွံကို အသာအယာ ခွာလိုက်သည်နှင့် ချိုမြိန်လှသော ရနံ့များက ကျန်းပေရန် ၏ နှာခေါင်းထဲသို့ တိုးဝင်လာလေတော့သည်။
ကန်စွန်းဥကို နှစ်ခြမ်း ခွဲလိုက်သောအခါ အတွင်းမှ ဆွဲဆောင်မှုရှိလှသော အရောင်အဆင်းနှင့် အရည်များ စိမ့်ထွက်နေသည်ကို တွေ့မြင်ရလေသည်။
"ကြည့်ရတာ အရမ်း စားချင်စရာ ကောင်းတာပဲ"
ချီးကျူးစကား တစ်ခွန်း ပြောပြီးနောက် ကျန်းပေရန် က တစ်ကိုက် ကိုက်လိုက်လေသည်။
'အို'
တစ်ကိုက်တည်းနှင့်ပင် ကျန်းပေရန် သည် ဤကန်စွန်းဥမှာ တကယ်ကို ထူးခြားကြောင်း သိရှိလိုက်ရ၏။ ပျားရည်ကဲ့သို့ ချိုမြိန်လှပြီး မက်မွန်သီးကဲ့သို့ နူးညံ့ကာ အလွန် အရသာ ရှိလှပေသည်။
အထူးသဖြင့် မျက်နှာပြင်ပေါ်ရှိ ဆီအလွှာလေးမှာ တကယ့်ကို ထူးထူးခြားခြား ချိုမြိန် မွှေးပျံ့နေခြင်း ဖြစ်၏။
"အထူးပစ္စည်း ဆိုတဲ့အတိုင်း တကယ်ပဲ စားလို့ကောင်းတယ်"
ကျန်းပေရန် က ခေါင်းကို တဆက်ဆက် ညိတ်ရင်း ပြောလိုက်လေသည်။
ကျန်းပေရန် သဘောကျသည်ကို မြင်သောအခါ ရှုရှုရွှမ်း က ပြုံးလျက် ပြောလိုက်၏။
"ဆရာကျန်း သဘောကျရင်ပဲ ကျေနပ်ပါပြီ"
ကျန်းပေရန် မျက်စိမှိတ်ကာ ကန်စွန်းဥ၏ ချိုမြိန်မှုကို ခံစားနေစဉ် သူ၏ စိတ်ထဲတွင် ရှုရှုရွှမ်း ၏ အသံ ရုတ်တရက် ထွက်ပေါ်လာပြန်လေသည်။
"ဆရာကျန်း ခုနက မြို့ထဲက ကိစ္စကို ကျွန်မ တစ်ခုလောက် မေးလို့ ရမလား"
ကျန်းပေရန် က မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်၏။
"သေချာတာပေါ့ ဘာမေးချင်လို့လဲ"
"အဲ့ဒီ ကျင့်ကြံသူက ဆရာကျန်း အပေါ်မှာ အဲ့ဒီလောက်အထိ ရိုင်းစိုင်းနေတာကို ဆရာကျန်း ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာလဲ"
ကန်စွန်းဥ တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်ရင်း ကျန်းပေရန် က ပြန်ဖြေလိုက်လေသည်။
"လောကမှာ ပြဿနာတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ် ခုနက ကိစ္စကိုပဲ ကြည့်ရအောင် ငါက သူ့ကို ကိုယ်တိုင် ဆုံးမလို့ ရသလို သူ့ထက် ပိုအစွမ်းထက်တဲ့သူကို ခေါ်ပြီး ဆုံးမခိုင်းလို့လည်း ရတယ် ဒါပေမဲ့ အဲ့ဒီလို ဆုံးမလိုက်တာက သူ့ရဲ့ စိတ်ထဲမှာ နာကျည်းမှုကိုပဲ ဖြစ်ပေါ်စေလိမ့်မယ် ဒါတွေ အားလုံးက ငါ့ကြောင့်လို့ သူက ယူဆသွားလိမ့်မယ်"
ရှုရှုရွှမ်း က ခဏတာ စဉ်းစားပြီးနောက် ထပ်မံ မေးလိုက်ပြန်၏။
"ဒါပေမဲ့ သူက တပည့်လေး တစ်ယောက်ပဲလေ ဆရာကျန်း ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး"
"ဒါကိုတော့ နှစ်ဖက် စဉ်းစားရမယ် ပထမကတော့ ဒါက ငါ့ရဲ့ ပုဂ္ဂိုလ်ရေး အပြုအမူ အကျင့်ပဲ မင်း စဉ်းစားကြည့်ပါ အကယ်၍ ငါက ပိုအစွမ်းထက်တဲ့သူကို ခေါ်ပြီး သူ့ကို နှိပ်ကွပ်လိုက်ရင် လောကမှာ ငါ့ကို မုန်းတီးတဲ့သူ တစ်ယောက် တိုးလာလိမ့်မယ် ဒါပေမဲ့ ငါ့ရဲ့ နည်းလမ်းအတိုင်းသာ ဖြေရှင်းမယ်ဆိုရင်တော့ ဒီကမ္ဘာပေါ်မှာ ငါ့ကို ကြောက်တဲ့သူ တစ်ယောက် ပေါ်လာနိုင်ခြေ အများကြီး ရှိတယ်"
"ဘယ်ဟာက ပိုကောင်းတယ်လို့ မင်း ထင်လဲ"
ကျန်းပေရန် က ပြောပြီးနောက် လက်ကို ခါထုတ်လိုက်ကာ ပန်းကန်ထဲမှ နောက်ထပ် ကန်စွန်းဥ တစ်လုံးကို ယူ၍ အခွံခွာလိုက်ပြန်လေသည်။
"ဒုတိယ အချက်ကတော့ ဘယ်သူ့ကိုမှ အထင်မသေးဖို့ပဲ မြစ်တစ်ဖက်မှာ အနှစ်သုံးဆယ် မြစ်နောက်တစ်ဖက်မှာ အနှစ်သုံးဆယ် ဆိုသလိုပဲ သူက ထာဝရ တပည့်လေးပဲ ဖြစ်နေမယ်လို့ မင်း အာမခံနိုင်လား"
စနစ် က ရွေးချယ်စရာများ ထုတ်မပေးတော့သော်လည်း ကျန်းပေရန် သည် မိမိကိုယ်တိုင် ပြိုင်ဘက်ကင်းသွားပြီဟု လုံးဝ မထင်မှတ်ပေ။ အကြောင်းမှာ နှစ်ပေါင်းများစွာအတွင်း သူသည် ဘေးအန္တရာယ် မျိုးစေ့များကို မိမိလက်ဖြင့် မည်သို့ မစိုက်ပျိုးမိစေရန် ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်၏။
ယခု သူ နားလည်ထားရမည့် အချက်မှာ သူသည် ဇာတ်ကောင် ပြောင်းလဲသွားပြီ ဖြစ်ခြင်းပင် ဖြစ်၏။
သူသည် ကောင်းကင်ဘုံက စေလွှတ်လိုက်သော အားကြီးသူများ၏ ဝိုင်းဝန်း သတ်ဖြတ်ခြင်းကို စိုးရိမ်နေရသည့် တပည့်လေး မဟုတ်တော့ဘဲ နဂါးသတ်သမားများ၏ မျက်လုံးထဲတွင် နဂါးကြီး တစ်ကောင် ဖြစ်လာခဲ့လေပြီ။
သူသည် နဂါးကောင်း ဖြစ်မလား၊ နဂါးဆိုး ဖြစ်မလား ဆိုသည်မှာ နဂါးသတ်သမား များ၏ အဆုံးအဖြတ်သာ ဖြစ်လေသည်။
ဒါကြောင့် သူ ယခု ကာကွယ်ရမည်မှာ ကောင်းကင်မှ ရန်သူများသာမက ခြေထောက်ဖြင့် နင်းခြေရုံနှင့် သေသွားနိုင်သည့် တပည့်လေးများကိုလည်း သတိထားရမည် ဖြစ်လေသည်။
မဟုတ်ရင်တော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကို သူ အရမ်း ရင်းနှီးနေမိသည် မဟုတ်ပါလား။
'ဟုတ်တယ် မဟုတ်လား ဝမ်လင်းတို့၊ ရှောင်ရန်တို့၊ လင်းဖန်တို့ရေ'
ရှုရှုရွှမ်းကို အဘယ်ကြောင့် ဤမျှလောက်အထိ ပြောပြနေရသနည်း ဆိုသည်မှာ သဘာဝကျကျပင် သူသည် ထိုပါရမီထူးခြားလှသော မိန်းကလေးကို မိမိ၏ လက်အောက်သို့ သိမ်းသွင်းရန် ဆုံးဖြတ်ထားသောကြောင့် ဖြစ်လေသည်။
ပါရမီရှင် လက်အောက်ငယ်သား ဆိုသည်မှာ များလေ ကောင်းလေ မဟုတ်ပါလား။
ကျန်းပေရန် ၏ အဖြေကို ကြားပြီးနောက် ရှုရှုရွှမ်းသည် ခဏတာ စဉ်းစားခန်း ဝင်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဆရာကျန်း ကျွန်မသင်ခန်းစာ ရလိုက်ပါပြီ"
စားပွဲပေါ်ရှိ ဟင်းပွဲများကို ကုန်အောင် စားပြီးနောက် ကျန်းပေရန် ခဏ စောင့်ကြည့်သော်လည်း ဆရာမ ရွှီမေယင်တို့ ပြန်မလာကြသေးသည်ကို တွေ့လိုက်ရ၏။
သို့သော် ကျန်းပေရန် တွင် လုပ်ဆောင်စရာ ကိစ္စများစွာ ရှိနေသဖြင့် ဤနေရာတွင် အချိန်ဖြုန်းနေရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့အပြင် သူ လာရောက်ခြင်းမှာလည်း ဆရာမ ရွှီမေယင် ကို ပေးထားသော ကတိကို တည်ရာ ရောက်သွားပြီ ဖြစ်လေသည်။ ၎င်းတို့က တမင် အိမ်မှာ မရှိဟန် ဆောင်နေကြသည် ဖြစ်ရာ သူလည်း အားနာနာနှင့်ပင် ထွက်ခွာရတော့မည် ဖြစ်၏။
"ဆရာကျန်း ညစာရော ဘာစားချင်လဲ"
ထိုစဉ် ကျန်းပေရန် ၏ စိတ်ထဲတွင် ရှုရှုရွှမ်း ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်လေသည်။
ရှုရှုရွှမ်း ကို လှည့်ကြည့်ကာ ကျန်းပေရန် က ပြန်ဖြေလိုက်၏။
"ညစာတော့ မလိုတော့ပါဘူး ငါ့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိလို့ပါ ဒီနေ့ ဧည့်ခံပေးတာ ကျေးဇူးတင်ပါတယ် ဟင်းတွေက အရမ်း အရသာ ရှိတယ်"
ကျန်းပေရန် ထွက်ခွာတော့မည်ကို ကြားသောအခါ ရှုရှုရွှမ်း သည် သိသိသာသာ ကြောင်သွားပြီးနောက် အလျင်အမြန် မတ်တပ်ရပ်ကာ လက်ယမ်း၍ တားလိုက်လေသည်။
"အခုမှ ရောက်တာကို ဘာလို့ ပြန်တော့မှာလဲ အဘွား သိသွားရင် ကျွန်မကို ဧည့်ဝတ်မကျေဘူးလို့ ဆူနေပါဦးမယ်"
"ကိစ္စမရှိပါဘူး မင်းရဲ့ အဘွားကို ငါပဲ ရှင်းပြလိုက်ပါ့မယ် ခွင့်ပြုပါဦး"
ကျန်းပေရန် က ပြောပြီးနောက် လယ်တောအိမ် အပြင်ဘက်သို့ လျှောက်လှမ်းသွားလေသည်။
"အာ ဆရာကျန်း ဘယ်သွားမလို့လဲ"
ကျန်းပေရန် တံခါးဝသို့ ရောက်သည့် အချိန်မှာပင် ဆရာမ ရွှီမေယင် က သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရပြီး သူမ၏ မျက်နှာတွင်လည်း အံ့အားသင့်နေသော အမူအရာများ ပြည့်နှက်နေလေသည်။
ကျန်းပေရန် သည် ဤ တိုက်ဆိုင်မှုကို ဖော်မထုတ်တော့ဘဲ ဆရာမ ရွှီမေယင် ကို လက်ယှက် ဂါရဝပြုကာ ပြောလိုက်၏။
"အဘွား ကျွန်တော့်မှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိနေသေးတာကို အဘွားလည်း နားလည်မှာပါ ဒါကြောင့် အားနာနာနဲ့ပဲ အရင် သွားနှင့်ပါရစေ နောက်ပြီးတော့ အဘွား ရဲ့ မြေးမလေးက တကယ်ကို ပါရမီ ထူးခြားပါတယ် အကယ်၍ အဘွား စိတ်ချတယ် ဆိုရင်တော့ သူ့ကို ကျွန်တော့် ဘေးမှာ ထားပြီး စောင့်ရှောက်ပေးဖို့က ပြဿနာ မရှိပါဘူး ဒါပေမဲ့ ခဏတော့ စောင့်ရဦးမယ်..."
နီအာလေးကို စောင့်ရှောက်ပေးမည် ဟူသော ကတိကို ကြားလိုက်ရသဖြင့် ကျန်းပေရန် စကားမဆုံးမီမှာပင် ဆရာမ ရွှီမေယင် က ချက်ချင်း ပြောလိုက်လေသည်။
"ကောင်းပြီ ဒီအဘွားကြီးက ဆရာကျန်း ရဲ့ စကားကို ယုံကြည်ပါတယ် ဒါဆိုရင် နီအာ ကို အိမ်မှာပဲ စောင့်ခိုင်းထားလိုက်မယ် ဆရာကျန်း အလုပ်တွေ ပြီးတဲ့ အချိန်ကျမှ လာခေါ်လိုက်ပေါ့"
"ကောင်းပါပြီ ဒါဆို ကျွန်တော် ခွင့်ပြုပါဦး"
ဆရာမ ရွှီမေယင် ကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ဆရာမ ရှီဖုန်းလန် ကို ဆက်သွယ်ကာ ပျံသန်းစံအိမ်ကို မောင်းလာခိုင်းလိုက်လေသည်။
ဆရာမ ရွှီမေယင်က ကျန်းပေရန် ကို အလွန် ယုံကြည်သော်လည်း သူမက လူတိုင်းကို ယုံကြည်သည်ဟု မဆိုလိုပေ။ ထို့ကြောင့် ကျန်းပေရန်က လယ်တောအိမ်သို့ တစ်ယောက်တည်း သွားခဲ့ခြင်း ဖြစ်လေသည်။
ပျံသန်းစံအိမ် ပေါ်သို့ တက်လိုက်သည်နှင့် ကျန်းပေရန်က တာ့ဟူကို အရင်ဆုံး ရှာကာ မေးလိုက်၏။
"ပြင်ဆင်ပြီးပြီလား"
တရားထိုင်နေသော တာ့ဟူ က မျက်လုံးဖွင့်လိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိ တစ္ဆေအငွေ့အသက်များကို သိမ်းဆည်းလိုက်ကာ ပြန်ဖြေလိုက်လေသည်။
"ကျေးဇူးရှင် စိတ်ချပါ ဒီတစ်ခေါက်တော့ သေချာပေါက် အဆင်ပြေစေရမယ်"
"ကောင်းပြီ ဒါဆို ဒီတိုင်းပြည် ကနေပဲ စလိုက်ကြတာပေါ့"
"ဟုတ်ကဲ့"
တာ့ဟူ က ပြန်ထူးပြီးနောက် ပျံသန်းစံအိမ် ပေါ်မှ ဆင်းသွားလေသည်။
တာ့ဟူ ထွက်သွားပြီးနောက် ကျန်းပေရန် က စက္ကူနှင့် ကလောင်ကို ထုတ်ယူကာ စာတစ်စောင် ရေးသား၍ ပေးပို့လိုက်လေသည်။
မကြာမီမှာပင် ကျန်းပေရန် ၏ ပျံသန်းစံအိမ် အတွင်း၌ လူသုံးဦး ထပ်တိုးလာခဲ့လေသည်။
"စီနီယာ အစ်ကိုကြီး (ဆရာ) ကို ဂါရဝပြုပါတယ်"
ဝူချင်းစစ်၊ ကူချင်းဟွမ်း နှင့် လော့ဝမ်ကျိုး တို့ သုံးဦးသည် ကျန်းပေရန် ၏ ရှေ့တွင် ရိုသေစွာ ရပ်လျက် အရိုအသေပြုလိုက်ကြလေသည်။
"ဂါရဝပြုစရာ မလိုပါဘူး"
ကျန်းပေရန် က ပြောပြီးနောက် ဝူချင်းစစ် ကို ကြည့်ကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ ချင်းစစ် စိတ်ဓာတ်တွေ ကျနေသလိုပဲ"
"အာ..."
ဝူချင်းစစ် သိသိသာသာ ထိတ်လန့်သွားပြီး ခေါင်းကို တွင်တွင်ယမ်းရင်း ပြောလိုက်လေသည်။
"ကျွန်တော် မဖြစ်ပါဘူး ကျွန်တော်..."
စကားတစ်ဝက်အရောက်တွင် ဝူချင်းစစ်သည် စီနီယာ အစ်ကိုကြီး ၏ စူးစိုက်ကြည့်နေသော မျက်လုံးများကို မြင်သောအခါ မိမိ၏ သရုပ်ဆောင်မှုမှာ အလွန် ညံ့ဖျင်းလှကြောင်း သိရှိလိုက်လေသည်။
'ဟုတ်သားပဲ... စီနီယာ အစ်ကိုကြီး ရဲ့ မျက်စိကို ငါက လိမ်ဖို့ ကြိုးစားနေတာလား တကယ်ကို အိပ်မက် မက်နေတာပဲ'
"ဟူး..."
အဖော်ထုတ်ခံလိုက်ရသဖြင့် ဝူချင်းစစ်လည်း ဟန်မဆောင်တော့ဘဲ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ကာ ပြန်ဖြေလိုက်လေသည်။
"စီနီယာ အစ်ကိုကြီးကို မလိမ်တော့ပါဘူး... ကျွန်တော်... ဒီရက်ပိုင်းမှာ ကျွန်တော် အစွမ်းကုန် ကျင့်ကြံနေပေမဲ့ ကျင့်ကြံလေလေ... ကိုယ့်ကိုယ်ကိုယ် ဘာမှ မဟုတ်ဘူးလို့ ခံစားရလေလေပဲ"
"ဘာလို့လဲ"
"ကျွန်တော်... ကျွန်တော်..."
"မင်း ဘယ်အချိန်တည်းက ဒီလောက်အထိ လေးကန်သွားရတာလဲ"
ကျန်းပေရန်က မျက်ခုံးပင့်ကာ အနည်းငယ် မကျေမနပ် ဖြစ်ဟန်ဖြင့် ပြောလိုက်လေသည်။
စီနီယာ အစ်ကိုကြီး ကို ဒေါသထွက်အောင် လုပ်မိသည်ကို မြင်သောအခါ ဝူချင်းစစ်သည် ချက်ချင်းပင် မတ်မတ်ရပ်ကာ ပြန်ဖြေလိုက်၏။
"အခုဆိုရင် နိုင်ငံခြောက်ခုက အနက်ရောင် သူတော်စင် တွေတောင် စီနီယာ အစ်ကိုကြီးရဲ့ ခြေဖဝါးအောက်မှာ ဒူးထောက်နေကြပြီပဲ ဒါကြောင့် ကျွန်တော်... ကျွန်တော် ကျင့်ကြံနေတာကလည်း ဘာမှ အဓိပ္ပာယ် မရှိတော့ဘူးလို့ ထင်မိလို့ပါ"
ဝူချင်းစစ်သည် ဤကာလအတွင်း တကယ်ကို ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်၏။ လွန်ခဲ့သော အချိန်အနည်းငယ်ကပင် သူသည် မိမိကိုယ်ကိုယ် စီနီယာ အစ်ကိုကြီး၏ လက်အောက်ရှိ နံပါတ်တစ် တိုက်ခိုက်ရေးသမား ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့လေသည်။
ဒါကြောင့် သူဟာ စီနီယာ အစ်ကိုကြီး ရဲ့ လက်ရုံး ဖြစ်ဖို့အတွက် အသေအလဲ ကျင့်ကြံခဲ့တာပါ။
ဒါပေမဲ့ ဒီတစ်ခေါက် ယွမ်မြို့တော် တိုက်ပွဲမှာတော့ သူဟာ ဘယ်လောက်အထိ အသိဉာဏ် နည်းခဲ့လဲဆိုတာ သိလိုက်ရလေသည်။
လျှပ်စီးဝိညာဉ်စွမ်းအား ကို ရရှိပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဝါက တကယ်ကို တဟုန်ထိုး တိုးတက်လာခဲ့ပြီး အံ့ဩစရာ ကောင်းတဲ့ အရှိန်နဲ့ အနက်ရောင် ဘုရင်အဆင့်ကို ရောက်ရှိခဲ့လေသည်။
ဒါပေမဲ့ သူ့ရဲ့ ဒီလို အံ့ဩစရာ ကောင်းတဲ့ အရှိန်က ရှန့်တိုင်းပြည် ရဲ့ စံနှုန်းနဲ့ပဲ တိုင်းတာလို့ ရတာပါ။
နိုင်ငံခြောက်ခုမှာဆိုရင် အသက် ၂၀ မတိုင်ခင် ဒီအဆင့်ကို ရောက်တဲ့ ပါရမီရှင်တွေက ခြေသလုံးမွှေးလောက်တောင် များနေတာမို့လို့ ဒါက သူ့ရဲ့ ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့တာ ဖြစ်လေသည်။
ဒါပေမဲ့ အဲ့ဒီလို ဖြစ်နေရင်တောင်မှ ဝူချင်းစစ် က စိတ်ပျက်အားငယ်ဖို့ စိတ်ကူးမရှိပါဘူး။ သူက တခြား ပါရမီရှင်တွေထက် နောက်ကျပြီးမှ စတင်ခဲ့ရတာလို့ပဲ သူ တွေးထားခဲ့တာပါ။ စီနီယာ အစ်ကိုကြီး ရှိနေသရွေ့တော့ ဒီနိုင်ငံခြောက်ခုက ပါရမီရှင်တွေကို ကျော်တက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုအပ်မယ်လို့ သူ ယုံကြည်ထားခဲ့သည်။
ဒါပေမဲ့ သူ ယွမ်မြို့တော် ကို ရောက်သွားတဲ့ အခါမှာတော့ အနက်ရောင် သူတော်စင် တွေလို အစွမ်းထက်တဲ့ သူတွေတောင်မှ စီနီယာ အစ်ကိုကြီးရဲ့ အမိန့်ကို လိမ္မာပါးနပ်စွာ နာခံနေကြတာကို တွေ့လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ တွန်းအားတွေ အားလုံး ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
အဲ့ဒါက အနက်ရောင် သူတော်စင် တွေလေ...
တစ်တိုက်လုံးမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးတွေပါ။
'စီနီယာ အစ်ကိုကြီး ရဲ့ လက်အောက်က နံပါတ်တစ် တိုက်ခိုက်ရေးသမားတဲ့လား... ရယ်စရာကြီး'
အဲ့ဒီအချိန်မှာ ဝူချင်းစစ်သဘောပေါက်သွားတာက စီနီယာ အစ်ကိုကြီးသာ ဆန္ဒရှိမယ်ဆိုရင် နဂါးနက် ကုန်းမြေတိုက်ကြီး ရဲ့ အားကြီးသူတွေ အားလုံးကို သူ့ရဲ့ ခြေဖဝါးအောက်မှာ အလွယ်တကူ ဝပ်တွားခိုင်းလို့ ရတယ်ဆိုတာပါပဲ။
ဒီလို ထိခိုက်မှုက သူ့အတွက် ဘာလို့ ဒီလောက်အထိ ကြီးမားနေရတာလဲ ဆိုရင်တော့ သူဟာ အစောကြီးကတည်းက သူ့ရဲ့ ဉာဏ်ပညာက ကူချင်းဟွမ်း ကို မမီဘူး၊ စုံစမ်းထောက်လှမ်းတဲ့ နေရာမှာလည်း လော့ဝမ်ကျိုးကို မယှဉ်နိုင်ဘူးဆိုတာကို သူ သိထားလို့ပါပဲ။
သူ ထုတ်ပြနိုင်တဲ့ တစ်ခုတည်းသော အချက်က သူတို့နှစ်ယောက်ထက် ကျင့်စဉ်စွမ်းအား အနည်းငယ် ပိုမြင့်နေတာပဲ ရှိတာပါ။
စီနီယာ အစ်ကိုကြီး တိုက်ခိုက်ရေး အင်အား လိုအပ်တဲ့ အချိန်မှာ သူက နေရာတစ်နေရာ ရနေခဲ့တာပါ။
ဒါပေမဲ့ အခုတော့ အနက်ရောင် သူတော်စင် တွေတောင်မှ စီနီယာ အစ်ကိုကြီး ရဲ့ လက်အောက်က အင်အားစုတွေ ဖြစ်နေပြီဆိုတော့ သူ့ရဲ့ တည်ရှိမှု အဓိပ္ပာယ်က ဘယ်မှာလဲ။
ယွမ်မြို့တော် ကို ရောက်ကတည်းက ဒီပြဿနာက သူ့ကို အမြဲတမ်း နှောက်ယှက်နေခဲ့ပြီး စိတ်စွဲလန်းမှု တစ်ခုတောင် ဖြစ်လုနီးပါး ဖြစ်နေတာပါ။ ဒါကြောင့် သူ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ စီနီယာ အစ်ကိုကြီး ရဲ့ တစ်ချက်ကြည့်ရုံနဲ့ အဖော်ထုတ်ခြင်းကို ခံလိုက်ရတာ ဖြစ်လေသည်။
"ဟူး..."
ကျန်းပေရန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝူချင်းစစ်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"အရင်တစ်ခေါက် မင်းရဲ့ ခန္ဓာကိုယ်ကို ပြုပြင်ပေးတုန်းက ငါ မင်းကို ဘာပြောခဲ့လဲ မှတ်မိသေးလား"
ဝူချင်းစစ် ခေတ္တမျှ နှုတ်ဆိတ်နေပြီးနောက် လက်သီးကို တင်းတင်းဆုပ်ကာ ပြန်ဖြေလိုက်၏။
"ကိုယ့်အတွက်ကိုယ် အားကောင်းလာအောင် လုပ်ပါ လို့ ပြောခဲ့တာပါ"
"သိနေတာပဲကို ဘာလို့ ဝေခွဲမရ ဖြစ်နေရတာလဲ"
ဝူချင်းစစ်၏ လက်သီးမှာ ပို၍ တင်းကျပ်သွားလေသည်။
"ဒါပေမဲ့ ကျွန်တော် အားကောင်းလာချင်တာက စီနီယာ အစ်ကိုကြီး ကို ကူညီပေးချင်လို့ပါ!"
"ဒါဆိုရင်လည်း ပိုပြီး ကြိုးစားပေါ့ မင်းရဲ့ ကြီးထွားမှုကို ငါ အရမ်း မျှော်လင့်နေတာနော်"
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ လုပ်မနေနဲ့ ယွမ်မြို့တော်မှာတုန်းက အဲ့ဒီ အနက်ရောင် သူတော်စင် တွေက ငါ့စကားကို နားထောင်ကြတာ မှန်တယ် ဒါပေမဲ့ ဒါက အဲ့ဒီအချိန်လေး တစ်ခုတည်းမှာပဲ ဖြစ်ခဲ့တာပါ အခု ဘေးအန္တရာယ်တွေ ကင်းသွားပြီဆိုတော့ သူတို့တွေက သူတို့ရဲ့ ရာဇပလ္လင်ပေါ်မှာ ပြန်ထိုင်နေကြပြီလေ အခု သူတို့ရဲ့ မျက်လုံးထဲမှာ ငါက သူတို့နဲ့ နယ်မြေလုမယ့် ပြိုင်ဘက် တစ်ယောက်ပဲ ရှိသေးတာ တစ်နေ့နေ့မှာ ငါ တကယ်ပဲ လောကကြီးကို စိုးမိုးဖို့ စီစဉ်တဲ့ အခါကျရင် ငါ အားကိုးရမှာက မင်းတို့ပဲ ရှိတာ"
ဝူချင်းစစ်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် စိတ်ထဲတွင် ဒိုင်းခနဲ တုန်လှုပ်သွားလေသည်!
သူ၏ မျက်လုံးများထဲတွင် ထပ်မံ၍ အလင်းရောင်များ ပြန်လည် တောက်ပလာခဲ့၏။
"နားလည်ပါပြီ စီနီယာ အစ်ကိုကြီး ကျွန်တော် စီနီယာ အစ်ကိုကြီး ရဲ့ မျှော်လင့်ချက်ကို လုံးဝ အပျက်ခံမှာ မဟုတ်ပါဘူး"
ဝူချင်းစစ်က ခေါင်းမော့ကာ ကျန်းပေရန် ကို စိုက်ကြည့်ပြီး အော်ပြောလိုက်လေသည်။
"ဟူး... ဒါပေမဲ့ ငါကတော့ မင်းကို ကိုယ့်အတွက်ကိုယ် အားကောင်းလာအောင် လုပ်ပါ ဆိုတဲ့ အဓိပ္ပာယ်ကို မြန်မြန် သဘောပေါက်စေချင်တာပဲ"
"ဒါက... အရမ်း အရေးကြီးလို့လား"
ဝူချင်းစစ် က နားမလည်စွာ မေးလိုက်လေသည်။
"အဲ့ဒါကတော့ မင်း ကိုယ်တိုင် သဘောပေါက်မှပဲ ရလိမ့်မယ်"
"ခုနက မင်းတို့ ပြောတဲ့အထဲမှာ ငါ့ကိုရော ထည့်ထားလား"
ထိုစဉ် မလှမ်းမကမ်းမှ ဝူရှန် ဂိုဏ်းချုပ်က ရုတ်တရက် ဝင်မေးလိုက်လေသည်။
ကျန်းပေရန်က ခေါင်းညိတ်ပြလိုက်၏။
"ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင်တော့ ထည့်ထားတယ်"
ဝူရှန် ဂိုဏ်းချုပ် က ကြားလိုက်ရသဖြင့် ချိုသာစွာ ပြုံးလိုက်လေသည်။
"ဒါဆိုရင်တော့ ငါက သေချာပေါက် ဆန္ဒရှိတာပေါ့"
ဝူချင်းစစ်၏ စိတ်စွဲလန်းမှုကို ဖြေရှင်းပေးပြီးနောက် ကျန်းပေရန်က ကူချင်းဟွမ်း ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
"တျန်းတိုင်းပြည် ရဲ့ အထက်လူကြီးတွေ အခု ဘယ်လို အခြေအနေ ရှိလဲ"
"ကျွန်တော်နဲ့ စီနီယာ အစ်ကိုကြီးက စိတ်နှလုံးပြန်ဂိုဏ်းက ဆိုတာကို သူတို့ သိသွားကြပြီ အခုတော့ ကျွန်တော့်ကို သူတို့ရဲ့ အဓိက အသိုင်းအဝိုင်းထဲကို ထည့်မလား မထည့်ဘူးလား ဆိုတာကို ဆွေးနွေးနေကြတုန်းပဲ ဖြစ်ပါလိမ့်မယ်"
ကျန်းပေရန် က နားထောင်ပြီး ခေါင်းညိတ်လိုက်ကာ မေးလိုက်လေသည်။
"ဒါဆို သူတို့ နောက်ဆုံးမှာ သဘောတူလိမ့်မယ်လို့ မင်း ထင်လား"
"တူပါလိမ့်မယ်"
ကူချင်းဟွမ်းက အလွန် ယုံကြည်မှုရှိစွာ ပြောလိုက်၏။
"ဒါဆိုရင်တော့ ရပြီ"
ကူချင်းဟွမ်း နှင့် ပတ်သက်၍ ကျန်းပေရန် သည် ရာနှုန်းပြည့် ယုံကြည်မှု ရှိလေသည်၊ သူက ရသည်ဟု ပြောလျှင် ကျန်းပေရန် လုပ်ရမည့် အချက်မှာ သူ့ကို လွှတ်ပေးထားရန်သာ ဖြစ်ပြီး အကြောင်းပြချက်များစွာ မေးနေရန် မလိုပေ။
နောက်ဆုံးတွင် ကျန်းပေရန် က လော့ဝမ်ကျိုး ကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်းရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို ရှာတွေ့ပြီလား"
ကူချင်းဟွမ်း နှင့် ဝူချင်းစစ်တို့နှင့် ယှဉ်လျှင် လော့ဝမ်ကျိုးမှာ ထင်ရှားသော ရည်မှန်းချက် မရှိပေ၊ သူသည် ကျန်းပေရန် ပေးအပ်သော တာဝန်တိုင်းကို ပြောင်မြောက်စွာ ထမ်းဆောင်နိုင်သော်လည်း တာဝန် ပြီးဆုံးသွားချိန်တွင် ရှေ့ဆက်ရမည့် လမ်းကြောင်းကို ပျောက်ဆုံးသွားတတ်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင်... သူနှင့် တကယ်တမ်း ထိုက်တန်သော လမ်းကြောင်းကို ရှာမတွေ့သေးခြင်းပင် ဖြစ်လေသည်။