← Chapters

အခန်း (၆၉၀-၆၉၁)

Vol. 62 Ch. 690-691

အခန်း (၆၉၀-၆၉၁)

Vol. 62 Ch. 690-691

အခန်း ၆၉၀ ခင်ဗျားတို့က ဒီတစ်ကွက်တည်းပဲ တတ်တာလား

"ဂိုဏ်းချုပ်လော်... ဒီဂါရဝကတော့ အစီအစဉ် ကြီးလွန်းလို့ ကျုပ် အနေနဲ့ လက်ခံဖို့ အားနာမိပါတယ်"

ပြန်လည် ဂါရဝပြုပြီးနောက် ကျန်းပေရန်က လော်ကျင့်ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဟားဟားဟား ဒါက ငါ စီစဉ်တာ မဟုတ်ပါဘူး ဒီမှာ ရှိနေတဲ့သူတွေ အားလုံးက မင်းကို ကျေးဇူးတင်ချင်လို့ ကိုယ့်အလိုအလျောက် လာကြတာပါ သူတို့ထဲက အတော်များများက မင်း ကယ်တင်ပေးခဲ့တဲ့သူတွေလေ ကိုယ်တိုင် ကျေးဇူးလာတင်ချင်ကြတာကို ငါလည်း တားလို့ မရဘူး"

လော်ကျင့်ထျန်း စကားဆုံးသည်နှင့် လူအချို့ ရှေ့သို့ တိုးလာပြီး ကျန်းပေရန်ကို မိမိတို့ မည်သူမည်ဝါ ဖြစ်ကြောင်း မိတ်ဆက်ကြကာ မိမိတို့ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များမှာ ကျန်းပေရန်၏ ကျေးဇူးကြောင့်သာ အဆိပ်ငွေ့ဘေးမှ အသက်မသေခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုကြလေသည်။

ကျန်းပေရန်ကလည်း တစ်ယောက်ချင်းစီကို ပြန်လည် ဂါရဝပြုလိုက်၏။

လူအားလုံး ကျေးဇူးတင်စကား ပြောပြီးသောအခါမှ လော်ကျင့်ထျန်းက စားပွဲတော် စတင်ကြောင်း ကြေညာလိုက်ပြီး ကျန်းပေရန်ကို အဓိက စားပွဲ၏ အမြင့်ဆုံး နေရာတွင် ထိုင်စေခဲ့သည်။

စားပွဲတော်အတွင်း ကောင်းမွန်သော အရက်နှင့် အစားအစာများအပြင် စင်ပေါ်တွင်လည်း ဖျော်ဖြေရေး အစီအစဉ် အမျိုးမျိုး ရှိနေသဖြင့် အငွေ့အသက်မှာ အလွန်ပင် သိုက်သိုက်ဝန်းဝန်း ရှိလှပေသည်။

အငွေ့အသက်များ ပိုမို မြိုင်ဆိုင်လာချိန်တွင် ခန်းမအတွင်းရှိ ဖယောင်းတိုင် မီးများမှာ ရုတ်တရက် ငြိမ်းသွားပြီး တစ်ခန်းမလုံး မှောင်အတိ ကျသွားလေသည်။

"အီး..."

ကျန်းပေရန် ဘာဖြစ်သနည်းဟု မအံ့ဩရသေးမီမှာပင် စင်ပေါ်မှ ဇာတ်သံ တစ်ခု ထွက်ပေါ်လာလေသည်။

နောက်တစ်စက္ကန့်တွင် စင်ပေါ်၌ မီးများ ပြန်လည် လင်းထိန်လာပြီး ဝတ်စုံနီ ဝတ်ဆင်ထားသော ပျိုမြစ်လှပသည့် မိန်းကလေး တစ်ဦးမှာ ယဉ်ကျေးစွာ လှမ်းဝင်လာခဲ့သည်။ မျက်နှာတွင် ဇာတ်ကောင် ခြယ်သမှုများ ရှိနေသော်လည်း အလှနတ်ဘုရားမလေး တစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

ထိုမိန်းကလေးမှာ ရုပ်ရည် လှပရုံတင်မကဘဲ ဆိုဟန်မှာလည်း ထူးခြား ပြောင်မြောက်လှရာ ဝေဖန်ပိုင်းခြားမှု အလွန် မြင့်မားသော ကျန်းပေရန်ပင်လျှင် သူမကို စိတ်ထဲမှ အမှတ်ပြည့် ပေးလိုက်မိ၏။

စင်အောက်မှလည်း အားပေးသံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး လူအများအပြားမှာ ရူးသွပ်သော ပရိသတ်များကဲ့သို့ အော်ဟစ် အားပေးနေကြလေသည်။

"ဘယ်လိုလဲ ဆရာကျန်း ဒါက ငါတို့ ဂိုဏ်းရဲ့ အဖိုးတန် ရတနာလေးပဲ ဟားဟားဟား"

အဖိုးတန် ရတနာ ဆိုသော စကားလုံးကို ကြားလိုက်ရသဖြင့် ကျန်းပေရန်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသော်လည်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

"အင်း တကယ်ကို ဆိုနိုင်တာပဲ"

"ဆရာကျန်းကော ဒါကို ဝါသနာပါလို့လား"

"အားတဲ့ အချိန်မှာတော့ နားထောင်ဖြစ်ပါတယ်"

"ဟားဟားဟား ငါလည်း အတူတူပါပဲ တစ်နေ့ကုန် ကျင့်ကြံနေရတာက ပျင်းစရာ ကောင်းတယ်လေ စိတ်ပြေလက်ပျောက် တစ်ခုခုတော့ ရှိရမှာပေါ့"

စကားပြောနေစဉ်အတွင်း စင်ပေါ်မှ မိန်းကလေးမှာ တစ်ပုဒ် ဆိုပြီးသွားပြီ ဖြစ်ရာ ပရိသတ်များကို ဂါရဝပြုပြီးနောက် ထွက်ခွာသွားလေသည်။

ကျန်းပေရန်က လက်ခုပ် တီးပေးလိုက်ပြီးနောက် တူကို ပြန်ယူကာ ဟင်းများကို ဆက်လက် စားသုံးနေလေသည်။

"အဘိုး... ခုနက သမီး ဆိုတာ ကောင်းရဲ့လား"

စင်ပေါ်တွင် ဖျော်ဖြေရေး အသစ်တစ်ခု စတင်နေစဉ် ကျန်းပေရန်၏ ဘေးနားမှ သာယာသော အသံတစ်သံ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သောအခါ စောစောက စင်ပေါ်တွင် ကပြဖျော်ဖြေခဲ့သည့် ဇာတ်မင်းသမီးလေး ဖြစ်နေပြီး ဇာတ်အပြင်အဆင်များကိုပင် မဖျက်ရသေးချေ။

လော်ကျင့်ထျန်းက ကြားသည်နှင့် ချက်ချင်း လက်ခုပ်တီးကာ ရယ်မောလိုက်၏။

"ဟားဟားဟား ကောင်းတာပေါ့ ကောင်းတာပေါ့ ငါတို့ ဂိုဏ်းရဲ့ အဖိုးတန် ရတနာလေးနဲ့ တကယ် ထိုက်တန်ပါတယ်"

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုး"

မိန်းကလေးက ဝမ်းသာအားရ ဂါရဝပြုလိုက်လေသည်။

"လာ..."

ထိုစဉ် လော်ကျင့်ထျန်းက ထိုမိန်းကလေးကို ဆွဲခေါ်လိုက်ပြီး ကျန်းပေရန်နှင့် မိတ်ဆက်ပေးလိုက်၏။

"ဒါက မင်း အမြဲ တွေ့ချင်နေတဲ့ ဆရာကျန်း လေ မြန်မြန် ဂါရဝပြုလိုက်ဦး"

မိန်းကလေးမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ကျန်းပေရန်ဘက်သို့ လှည့်ကာ အရိုအသေပြုလိုက်လေသည်။

"ဆရာကျန်းကို ဂါရဝပြုပါတယ်"

"နေကောင်းလား"

ကျန်းပေရန်က ခေါင်းညိတ်ပြလိုက်သည်။

"ဟားဟားဟား"

လော်ကျင့်ထျန်းက ထပ်မံ ရယ်မောလိုက်ပြီး မိန်းကလေးကို ပြောလိုက်၏။

"ခုနက ဆရာကျန်းကလည်း မင်း ဆိုတာ ကောင်းတယ်လို့ ချီးကျူးနေတာနော်"

"တကယ်လား"

မိန်းကလေးမှာ ဝမ်းသာသွားသဖြင့် ပါးချိုင့်လေး နှစ်ဖက် ပေါ်လာသည်အထိ ပြုံးလိုက်ပြီး ကျန်းပေရန်ကို ထပ်မံ ဦးညွှတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဆရာကျန်း"

"မလိုပါဘူး ဆိုတာ တကယ်ပဲ ကောင်းပါတယ်"

ကျန်းပေရန်၏ ချီးကျူးသော အကြည့်နှင့် ဆုံလိုက်ရသောအခါ မိန်းကလေးမှာ တစ်ကိုယ်လုံး ဓာတ်လိုက်သွားသကဲ့သို့ တုန်လှုပ်သွားပြီး ခေါင်းကို အမြန် ပြန်ငုံ့လိုက်လေသည်။

"ဆရာကျန်းသာ သဘောကျမယ်ဆိုရင် နောက်တစ်ခါ သမီး ဇာတ်ခုံပေါ်မှာ ဖျော်ဖြေတဲ့အခါ လာရောက်... အာ... လာရောက် အားပေးပါဦး"

"အခွင့်ကြုံရင် လာမှာပေါ့"

ကျန်းပေရန်၏ ပြီးစလွယ် ပြန်ဖြေလိုက်သော စကားကြောင့် မိန်းကလေးမှာ သိသိသာသာ စိတ်ပျက်သွားသော်လည်း ဘေးနားရှိ လော်ကျင့်ထျန်းက ချက်ချင်း ဝင်မေးလိုက်၏။

"အင်အာ... တစ်ခုခု စားပြီးပြီလား"

"အဘိုးကို ပြန်တင်ပြရရင် မနက်ကတည်းက ပြင်ဆင်နေရတာနဲ့ ဘာမှ မစားရသေးပါဘူး"

"ဒါဆိုရင်လည်း ထိုင်ပြီး အတူတူ စားကြတာပေါ့"

လော်ကျင့်ထျန်း စကားဆုံးသည်နှင့် ကျန်းပေရန်၏ ဘေးတွင် ထိုင်နေသော တျန်းယာဂိုဏ်း အထက်လူကြီးမှာ အလိုက်တသိဖြင့် ကိစ္စရှိသည်ဟု ဆိုကာ နေရာမှ ဖယ်ပေးလိုက်လေသည်။

မိန်းကလေး ထိုင်ပြီး မကြာမီမှာပင် နောက်ထပ် လူတစ်ဦး လော်ကျင့်ထျန်း၏ ဘေးသို့ ရောက်လာပြီး လက်ယှက်ကာ ပြောလိုက်၏။

"ဂိုဏ်းချုပ်... အသစ် ရထားတဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ရောက်လာပါပြီ ကိုယ်တိုင် ကြည့်ချင်ပါသလား"

လော်ကျင့်ထျန်းက ထိုသူကို မျက်စောင်းထိုး ကြည့်ကာ အော်လိုက်လေသည်။

"ငါ အခု ဧည့်သည်တော်ကို ဧည့်ခံနေတာ မမြင်ဘူးလား ဖယ်စမ်း"

"ဟုတ်ကဲ့"

ထိုသူမှာ အလျင်အမြန် နောက်သို့ ဆုတ်သွားလေသည်။

သို့သော် ထိုသူ အဝေးသို့ မရောက်မီမှာပင် လော်ကျင့်ထျန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"ဟူး... နေဦး ငါ မင်းနဲ့ အတူ လိုက်ခဲ့မယ်"

ပြောပြီးနောက် ကျန်းပေရန်ဘက်သို့ လှည့်ကာ အားနာဟန်ဖြင့် ပြောလိုက်လေသည်။

"အားနာပါတယ် ဆရာကျန်း ငါ့ဘက်က..."

"နားလည်ပါတယ်"

ကျန်းပေရန်က လော်ကျင့်ထျန်း စကားမဆုံးမီမှာပင် လက်ယှက် ဂါရဝပြုကာ ပြောလိုက်သည်။

"အလုပ်ရှိရင် သွားပါ"

"တကယ်ကို ဧည့်ဝတ်မကျေ ဖြစ်သွားရပါပြီ ပြန်လာရင်တော့ ငါ ကိုယ့်ကိုယ်ကိုယ် သုံးခွက် သောက်ပြီး အပြစ်ပေးပါ့မယ်"

လော်ကျင့်ထျန်းက ပြောပြီးနောက် မိန်းကလေးကို မှာကြားလိုက်၏။

"အင်အာ... ငါ့ကိုယ်စား ဆရာကျန်းကို သေချာ ဂရုစိုက်ပေးလိုက်ဦး ငါ ခဏသွားပြီး ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့ အဘိုး"

မိန်းကလေးက ချက်ချင်း ပြန်ထူးလိုက်သည်။

'ဟူး... ခင်ဗျားတို့ရဲ့ နည်းလမ်းတွေက ဒီလောက်အထိပဲ ရိုးအီနေတာလား'

တကယ်တော့ ဤမိန်းကလေး စင်ပေါ်မှ ဆင်းလာသည်နှင့် ဤစားပွဲသို့ တိုက်ရိုက် လာကတည်းက ကျန်းပေရန် တစ်ခုခု မှားနေသည်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ သို့သော် တျန်းတိုင်းပြည်၏ နံပါတ်တစ် ပုဂ္ဂိုလ် ဤနေရာတွင် ရှိနေသဖြင့် ဖျော်ဖြေပြီးနောက် လာရောက် ဂါရဝပြုခြင်းမှာလည်း ပုံမှန်ပင် ဖြစ်၏။

သို့သော် လော်ကျင့်ထျန်းက ဤမျှလောက် တိုက်ဆိုင်စွာ ထွက်ခွာသွားခြင်းမှာမူ တကယ်ကို အဓိပ္ပာယ် မရှိလှပေ။ ဒါဟာ တျန်းယာဂိုဏ်းက သုံးလိုက်သော "အလှပဂေး ကွက်" ဖြစ်ကြောင်း ကျန်းပေရန် လုံးဝ ယုံကြည်သွားလေတော့သည်။

လက်ကို ဘယ်နေရာ ထားရမှန်း မသိအောင် ဖြစ်နေသော မိန်းကလေးကို တစ်ချက် ကြည့်လိုက်ပြီး ကျန်းပေရန် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ အရင်က တခြား ဂိုဏ်းချုပ်များ သူ့ကို ရှာကြခြင်းမှာလည်း ဤကိစ္စကြောင့်ပင် ဖြစ်နိုင်သည်ဟု သူ တွေးနေမိလေသည်။

မည်သို့ပင်ဆိုစေ လက်ထပ် ထိန်းမြားခြင်းဖြင့် အကျိုးအမြတ်များကို ချည်နှောင်ခြင်းမှာ နှစ်ပေါင်း ထောင်ချီကြာအောင် အမြဲတမ်း အောင်မြင်ခဲ့သော နည်းလမ်း မဟုတ်ပါလား။

အရက်တစ်ငုံ သောက်ပြီး ကျန်းပေရန် ခွက်ကို ချလိုက်သောအခါ မိန်းကလေးက အရက်အိုးကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။

"ဆရာကျန်း... ကျွန်မ အရက် ငှဲ့ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ကျန်းပေရန်က ခေါင်းညိတ်ပြလိုက်ပြီး ခွက်ကို သူမဘက်သို့ အနည်းငယ် တိုးပေးလိုက်သည်။

ရင်ထဲမှ ရှက်ရွံ့မှုများကို အတင်း ထိန်းချုပ်ကာ မိန်းကလေးက ကျန်းပေရန်အတွက် တစ်ခွက် ငှဲ့ပေးပြီးနောက် မိမိအတွက်လည်း တစ်ခွက် ငှဲ့လိုက်လေသည်။

"ဆရာကျန်း... ကျွန်မ ဆရာ့ကို ဂါရဝပြုပါတယ် ဆရာသာ မရှိရင် ကျွန်မလည်း စင်ပေါ်မှာ ဖျော်ဖြေခွင့် နောက်ထပ် ရတော့မှာ မဟုတ်ပါဘူး"

မိန်းကလေးက ခွက်ကို မြှောက်ကာ ပြောလိုက်၏။

ခွက်ကို ယူကာ မိန်းကလေးနှင့် အသာအယာ တိုက်လိုက်ပြီး ကျန်းပေရန်က ပြုံးလျက် ပြောလိုက်သည်။

"ကြည့်ရတာ မင်းက သီချင်းဆိုရတာကို တကယ် သဘောကျပုံရတယ်"

"ဟုတ်တယ် အရမ်း သဘောကျတာ" မိန်းကလေးက ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီးနောက် ကျန်းပေရန်ကို အရက် ထပ်မံ ငှဲ့ပေးပြန်လေသည်။

"ဒါကြောင့်လည်း အဖေက ခဏခဏ ဆူတာပေါ့ ကံကောင်းတာက အဘိုးက သမီး သီချင်းဆိုတာကို ကြိုက်လို့သာ အဖေက လွှတ်ပေးထားတာ"

အရက်အိုးကို ပြန်ချလိုက်ပြီး မိန်းကလေးက မျှော်လင့်ချက် အပြည့်ရှိသော အကြည့်များဖြင့် ကျန်းပေရန်ကို ကြည့်ကာ မေးလိုက်၏။

"ဆရာကျန်းကော သီချင်းဆိုတဲ့ဘက်မှာ သုတေသန လုပ်ထားတာ ရှိလား"

ပြောပြီးသည်နှင့် သူမက မိမိ၏ ပါးစပ်ကို ပြန်ပုတ်ကာ ပြောလိုက်ပြန်သည်။

"သမီးကတော့ တကယ်ပဲ ပါးစပ်က ပါလာသလို ပြောမိပြန်ပြီ ဆရာကျန်းက ၁၆ ပါးလုံး ကျွမ်းကျင်တာပဲ လောကမှာ ဆရာ မတတ်တာ ဘာရှိဦးမှာလဲ"

"အဲ့ဒီလောက်တော့ မဟုတ်ပါဘူး သီချင်းဆိုတဲ့ဘက်မှာတော့ နည်းနည်းပါးပါးပဲ သိတာပါ"

မိန်းကလေးက ကြားလိုက်ရသဖြင့် ခေါင်းငုံ့ကာ တိုးတိုးလေး မေးလိုက်ပြန်၏။

"ဒါဆိုရင်... ကျွန်မမျိုးမ အနေနဲ့ ဆရာကျန်း သီချင်းဆိုတာကို နားထောင်ခွင့် ရနိုင်မလား"

"ရမှာ မဟုတ်ဘူး ထင်တယ်"

"..."

မိန်းကလေးသည် ဆရာကျန်းက မိမိကို ပြီးစလွယ် ပြန်ဖြေလိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှလောက် ပြတ်ပြတ်သားသား ငြင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်ခဏအတွင်း သူမ၏ ဦးနှောက်မှာ ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

'ဆရာကျန်းက... တကယ်ကို တခြားလူတွေနဲ့ မတူဘူးပဲ'

ရုပ်ရည် ချောမောလှပပြီး အဆို အက ကျွမ်းကျင်သော ဇာတ်မင်းသမီးလေး တစ်ဦး အနေဖြင့် လော်ဟွေအင်တွင် ကိုယ်ပိုင် အမာခံ ပရိသတ်များ ရှိလေသည်။ သူမ တစ်ခွန်း ပြောလိုက်ရုံဖြင့် အသက်ပင် ပေးဝံ့သူများ ရှိကြလေသည်။

ထို့ကြောင့် လော်ဟွေအင်သည် လူတိုင်း၏ အာရုံစိုက်မှုကို ခံရခြင်းမှာ အသားကျနေပြီ ဖြစ်သော်လည်း ယခု ဆရာကျန်း၏ ရှေ့တွင်မူ သူမသည် ကောင်းကင်ပေါ်မှ မြေပြင်သို့ ပြုတ်ကျသွားသကဲ့သို့ ခံစားရကာ နာကျင်လွန်းသဖြင့် ဘာပြောရမှန်းပင် မသိ ဖြစ်နေရလေသည်။

ထုံကျဉ်နေသော အခြေအနေတွင် လော်ဟွေအင်သည် စကားလုံးများကို မစီစဉ်နိုင်တော့ဘဲ ကျန်းပေရန်အတွက် အရက်ကိုသာ စက်ရုပ်တစ်ရုပ်ကဲ့သို့ အဆက်မပြတ် ငှဲ့ပေးနေလေသည်။

စားပွဲပေါ်ရှိ ဟင်းပွဲများ ကုန်လုနီးပါး အချိန်တွင် လော်ကျင့်ထျန်း ပြန်ရောက်လာလေသည်။

သူက ဘာမှ မပြောဘဲ အရက် သုံးခွက်ကို ဆက်တိုက် သောက်လိုက်၏။

"အားနာပါတယ် ဆရာကျန်း... စောင့်ခိုင်းမိပြီ"

"အလုပ်က ပိုအရေးကြီးပါတယ် ကျုပ်ကတော့ အားနာစရာ မလိုပါဘူး"

ကျန်းပေရန်က လက်ယှက် ဂါရဝပြုကာ ပြောလိုက်သည်။

လော်ကျင့်ထျန်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး လော်ဟွေအင်ကို ကြည့်ကာ မေးလိုက်၏။

"ဘယ်လိုလဲ အင်အာ... ဆရာကျန်းနဲ့ တွေ့ရတာ ဘယ်လို ခံစားရလဲ"

မိန်းကလေး ပြန်မဖြေမီမှာပင် သူက ကျန်းပေရန်၏ ပခုံးကို ဖက်ကာ ပြောလိုက်ပြန်လေသည်။

"ဒီကလေးမက လွန်ခဲ့တဲ့ ရက်ပိုင်းက နေ့တိုင်း မင်းအကြောင်းကိုပဲ ပြောနေတာ နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီးကို တွေ့ချင်တယ် ဆိုပြီးတော့လေ နောက်ပြီးတော့..."

"အဘိုး..."

ထိုစဉ် လော်ဟွေအင်က လော်ကျင့်ထျန်း၏ အဝတ်စကို ဆွဲကာ ရှက်ရွံ့စွာ အော်လိုက်လေသည်။

"ဟားဟားဟား ကောင်းပြီ ကောင်းပြီ ငါ မပြောတော့ဘူး နောက်မှ မင်းဘာသာမင်း ပြောပေါ့"

လော်ကျင့်ထျန်းက ထိုင်လိုက်ရင်း မေးလိုက်၏။

"ဘယ်လိုလဲ ပေရန်... ဟင်းတွေကော အဆင်ပြေရဲ့လား"

"အင်း အဆင်ပြေပါတယ်"

"ကောင်းပြီ ဒါဆိုရင် တခြား နေရာတွေကို သွားလည်ကြဦးမလား နောက်ထပ် လန်ဟွမ်းအိမ်တော် အချို့ကိုလည်း ပြချင်သေးတယ် ပြီးတော့..."

ကျန်းပေရန် မိမိကိုယ်တိုင် ခရီးသွား ဧည့်သည်တစ်ဦး ဖြစ်တော့မည့် အခြေအနေကို မြင်သောအခါ အရက်တစ်ခွက် ငှဲ့ကာ လော်ကျင့်ထျန်းကို ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဂိုဏ်းချုပ်လော်... ခင်ဗျားရဲ့ ဧည့်ခံမှုအတွက် တကယ်ကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် အနေနဲ့ တခြား ဆရာကြီးတွေကို သွားတွေ့ဖို့ ရှိသေးလို့ပါ အဆိပ်ငွေ့ ကာကွယ်ရေး ကိစ္စတွေ ဆွေးနွေးရဦးမှာမို့လို့... ဒါကြောင့်..."

ကျန်းပေရန် ထွက်ခွာတော့မည်ကို ကြားသောအခါ လော်ကျင့်ထျန်း ခေတ္တ ကြောင်သွား၏။ မိမိက ဤမျှလောက် နွေးထွေးစွာ ဧည့်ခံနေပါလျက် တစ်ဖက်လူက အလျင်အမြန် ထွက်ခွာချင်နေသည့် အဖြစ်မျိုးမှာ သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။

သို့သော် ကျန်းပေရန်တွင် တကယ့် အရေးကြီးကိစ္စ ရှိနေသည်ကို သတိရသဖြင့် သူလည်း အတင်း မတားတော့ပေ။

ဘေးနားရှိ လော်ဟွေအင်မှာမူ သူမ၏ အဘိုးဖြစ်သူ မျက်နှာပျက်သွားသည်ကို မြင်သောအခါ ရင်ထဲတွင် ထိတ်ခန့်သွားပြီး ဆရာကျန်းမှာ တကယ်ကို သတ္တိ ကောင်းလွန်းလှသည်ဟု တွေးမိလေသည်။ သူမ၏ အသိထဲတွင် အဘိုးဖြစ်သူနှင့် တွေ့လျှင် လူတိုင်းက ရိုသေကြရပြီး မိမိဘာသာ ထွက်ခွာမည်ဟု မည်သူမှ မပြောဝံ့ကြသောကြောင့် ဖြစ်၏။

သို့သော် လော်ကျင့်ထျန်းကမူ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။

"ဟားဟားဟား ဆရာကျန်းနဲ့ တကယ် ထိုက်တန်ပါတယ် ဘယ်အချိန်မဆို လောကရှိ ပြည်သူတွေကိုပဲ ပထမ ဦးစားပေးတာပဲ ကောင်းပြီ ဒါဆိုရင်လည်း ငါ အတင်း မတားတော့ပါဘူး ငါကိုယ်တိုင် တံခါးဝအထိ လိုက်ပို့ပေးမယ်"

"ဂိုဏ်းချုပ်လော်က ယဉ်ကျေးလွန်းနေပါပြီ ဒီမှာပဲ နေခဲ့ပါ ကျွန်တော် အနေနဲ့..."

"မရဘူး ငါ လိုက်ပို့မယ်လို့ ပြောပြီးပြီပဲ လာ သွားကြစို့"

လော်ကျင့်ထျန်းက ပြောပြီးနောက် ကျန်းပေရန်ကို ဖိတ်ခေါ်လိုက်လေသည်။

"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်လော်"

ကျန်းပေရန်က လက်ယှက် ဂါရဝပြုပြီးနောက် သူနှင့်အတူ အပြင်သို့ ထွက်လာခဲ့လေသည်။

ယခုတစ်ကြိမ်တွင်မူ တျန်းယာဂိုဏ်း၏ အထက်လူကြီးများမှာ လိုက်မလာကြဘဲ လမ်းပေါ်တွင် ကျန်းပေရန်နှင့် လော်ကျင့်ထျန်း နှစ်ဦးတည်းသာ ရှိနေတော့သည်။

"ဒါနဲ့... ချီတိုင်းပြည်ရဲ့ အခြေအနေကော ဘယ်လိုလဲ ဆရာကျန်း အလုပ်တွေ များနေလား"

လော်ကျင့်ထျန်း၏ ဤမေးခွန်းကို ကြားမှ ကျန်းပေရန် သဘောပေါက်လိုက်လေသည်။ လော်ကျင့်ထျန်း ယနေ့ သူ့ကို ရှာခြင်းမှာ လက်ထပ်ပေးရန် မဟုတ်ဘဲ ချီတိုင်းပြည်၏ အခြေအနေကို စုံစမ်းရန်သာ အဓိက ဖြစ်ကြောင်းပင်။

"လောလောဆယ်တော့ ပြဿနာ မရှိသေးပါဘူး ပြည်သူတွေကိုလည်း အခြေချပေးပြီးပါပြီ"

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

လော်ကျင့်ထျန်းက ဆက်ပြောလေသည်။

"အကယ်၍ ကူညီဖို့ လိုအပ်တာ ရှိရင်လည်း ကျုပ်ကို တစ်ခွန်းသာ ပြောလိုက်ပါ ငါ ချက်ချင်း ရောက်လာပါ့မယ်"

"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်လော်"

"နောက်ပြီးတော့... ရွှမ်ကျီးကျွန်း ကိစ္စကိုရော ဆရာကျန်း ဘယ်လို စီစဉ်ထားလဲ"

ကျန်းပေရန်က ကြားလိုက်ရသဖြင့် စိတ်ထဲမှ ပြုံးလိုက်မိပြန်သည်။ ဒါက ရွှမ်ကျီးကျွန်း ကိစ္စကို မေးနေခြင်း မဟုတ်ကြောင်း သူ သိလေသည်။

"ရွှမ်ကျီးကျွန်း အပြင်ဘက်ကို သွားပြီး စုံစမ်းကြည့်ပြီးပါပြီ ဒါပေမဲ့ အထဲကို ဝင်ဖို့တော့ အာမမခံနိုင်သေးဘူး အမှန်အတိုင်း ပြောရရင် နက္ခတ်ဗေဒပညာက ကျွန်တော်ရဲ့ အားသာချက် မဟုတ်လို့ပါ"

'မင်း မတတ်တာရော ရှိသေးလို့လား'

လော်ကျင့်ထျန်းက ကျန်းပေရန်ကို တစ်ချက်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်နေလေသည်။

လော်ကျင့်ထျန်း၏ သံသယ အကြည့်များကို ခံစားရသဖြင့် ကျန်းပေရန်လည်း မတတ်သာပေ။ ဒီခေတ်တွင် အမှန်အတိုင်း ပြောလျှင် မည်သူမှ မယုံကြတော့သည် မဟုတ်ပါလား။

"အခု ကျွန်တော် အဆင့်ကိုး နက္ခတ်ဗေဒ ပညာရှင် အချို့ကို နေရာအနှံ့မှာ စုံစမ်းခိုင်းထားပါတယ် ချီတိုင်းပြည်က အနက်ရောင် သူတော်စင်တွေရဲ့ သဲလွန်စ ရတာနဲ့ ကျွန်တော်တို့ ချက်ချင်း သွားရှာမှာပါ"

"ဪ... ဒါကြောင့်ကိုး"

လော်ကျင့်ထျန်းက ခေါင်းညိတ်လိုက်လေသည်။

"ဒါဆို ရွှမ်ကျီးကျွန်းကို စောင့်ကြည့်ဖို့ ငါ လူအချို့ စေလွှတ်ပေးရမလား"

"မလိုပါဘူး ဒီတစ်ခေါက် တိုက်ပွဲပြီးရင် ဂူမျိုးနွယ်စုဘက်ကလည်း ပြင်ဆင်မှုတွေ ရှိလာမှာ သေချာတယ် ရွှမ်ကျီးကျွန်းနားကို ဇွတ်တိုးသွားတာက အန္တရာယ် အရမ်း များတယ် အရင်က ပြောသလိုပဲ ဒီကိစ္စက မလောသင့်ဘူး သေချာ စဉ်းစားရမယ်"

"ကောင်းပါပြီ ဆရာကျန်း စကားကို နားထောင်တာက အမြဲတမ်း အမှန်တရားပါပဲ ငါလည်း အရင်က ပြောသလိုပါပဲ အဲ့ဒီ ဂူမျိုးနွယ်စုတွေကို တိုက်မယ်ဆိုရင်တော့ အစွမ်းကုန် ကူညီမှာပါ"

"ကောင်းပါပြီ အားလုံးလည်း ဒီလိုပဲ တွေးကြမယ်လို့ ကျုပ် ယုံကြည်ပါတယ်"

စကားပြောနေရင်း ၎င်းတို့နှစ်ဦး တောင်အောက်သို့ ရောက်ရှိလာခဲ့ကြလေသည်။ ကျန်းပေရန်က လော်ကျင့်ထျန်းကို လက်ယှက် ဂါရဝပြုကာ ပြောလိုက်၏။

"မိုင်တစ်ထောင် လိုက်ပို့ရင်လည်း တစ်နေရာမှာတော့ ခွဲကြရမှာပဲ ဂိုဏ်းချုပ်လော် ပြန်ပါတော့"

"ဟားဟားဟား ဆရာကျန်းက တကယ်ကို ပညာတတ် ပီသပါပေတယ် မိုင်တစ်ထောင် လိုက်ပို့ရင်လည်း တစ်နေရာမှာတော့ ခွဲကြရမှာပဲ တဲ့လား... ကောင်းပြီ ဒါဆိုရင် ကျုပ် ဒီမှာပဲ ရပ်လိုက်ပါ့မယ် တျန်းတိုင်းပြည်ကို နောက်တစ်ခါ လာရင် ငါ့ဆီ လာခဲ့ဦးနော်"

"ကောင်းပါပြီ ကျုပ် ခွင့်ပြုပါဦး"

ကျန်းပေရန်က ပြောပြီးနောက် တံခါးဝတွင် စောင့်နေသော ပျံသန်းစံအိမ် ပေါ်သို့ တက်ကာ ထွက်ခွာသွားလေတော့သည်။

ကျန်းပေရန် ထွက်သွားသောဘက်သို့ ကြည့်ရင်း လော်ကျင့်ထျန်း ခဏတာ စဉ်းစားခန်း ဝင်သွားလေသည်။

'ဆရာကျန်းက ချီတိုင်းပြည်က လူတွေ အသက်ရှင်နေသေးတယ်လို့ ဘာလို့ ဒီလောက်အထိ အသေအချာ ပြောနိုင်နေတာလဲ... တစ်ခုခု ရှာတွေ့ထားလို့လား'

ထိုအကြောင်းကို တွေးမိသောအခါ လော်ကျင့်ထျန်း စိတ်ထဲမှ ခန့်မှန်းကြည့်လိုက်မိသည်။ ယခုအခါ ဂျိနိုင်ငံသည် ကျန်းပေရန်ဘက်သို့ အလုံးစုံ ပါဝင်သွားပြီ ဖြစ်ရာ အကယ်၍ သူသာ ချီတိုင်းပြည်မှ အနက်ရောင် သူတော်စင်များကို တကယ် ကယ်တင်နိုင်ခဲ့ပါက နိုင်ငံခြောက်ခုအနက် နှစ်နိုင်ငံမှာ ကျန်းမျိုးရိုး ဖြစ်သွားနိုင်လေသည်။

'အကယ်၍ အခြေအနေက တကယ်သာ အဲ့ဒီလို ဖြစ်လာရင်...'

လော်ကျင့်ထျန်း မေးစေ့ကို သပ်ကာ စဉ်းစားနေမိ၏။

"နေဦး... ဆရာကူ ပြန်လာမှပဲ ထပ်မေးကြည့်ရမယ်"

ပျံသန်းစံအိမ် ပေါ်သို့ ပြန်ရောက်သောအခါ ရှီဖုန်းလန်တို့ တစ်သိုက်မှာ အသစ် ရရှိထားသော 'တိုးချဲ့မှု အသစ်' ကြောင့် အလွန် ပျော်ရွှင်စွာ ကစားနေကြသည်ကို တွေ့လိုက်ရသည်။

သို့သော် သူမ၏ ဘေးတွင် ထိုင်နေသော မီဝမ်ဝေ၏ စိတ်မှာမူ ကစားပွဲပေါ်တွင် မရှိဘဲ လက်ထဲရှိ မှိန်ပျပျ အလင်းရောင် ထွက်ပေါ်နေသော သစ်သားပန်းပုလေးကိုသာ ငေးကြည့်နေလေသည်။

"ဖုန်းမြို့တော် ဆီ သွားမယ်"

ကျန်းပေရန်က လက်ဖက်ရည် စားပွဲတွင် ထိုင်လိုက်ရင်း ရှီဖုန်းလန်ကို ပြောလိုက်သည်။

"လက်ခံရရှိပါပြီ"

ရှီဖုန်းလန်က ပြန်ထူးလိုက်ပြီး ချက်ချင်းပင် ပျံသန်းစံအိမ်၏ ဦးတည်ရာကို ပြောင်းလဲလိုက်လေသည်။

"မင်း ဖုန်းမြို့တော်က ဘယ်မှာလဲ သိလို့လား"

ရှီဖုန်းလန်၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှသဖြင့် ကျန်းပေရန် အံ့ဩစွာ မေးလိုက်၏။

"သိတာပေါ့"

ရှီဖုန်းလန်က ပြောပြီးနောက် မြေပုံတစ်ခုကို ထုတ်ပြကာ ကျန်းပေရန်ကို ပြောလိုက်လေသည်။

"ငါ တျန်းတိုင်းပြည်ရဲ့ မြေပုံ တစ်ခုလုံးကို ဦးနှောက်ထဲမှာ မှတ်ထားပြီးပြီလေ"

"အို"

ကျန်းပေရန်မှာ ကြားလိုက်ရသဖြင့် အတော်လေး အံ့ဩသွားရသည်။ ရှီဖုန်းလန်သည် စားသောက် ပျော်ပါးနေရုံ သက်သက်ဟု ထင်ရသော်လည်း ကွယ်ရာတွင်မူ ဤမျှလောက်အထိ ကြိုးစားထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့မဟုတ်ပါက သူမသည် လမ်းပြခြင်းဘက်တွင် အလွန် ထူးခြားသော အာရုံခံစားမှု ရှိနေခြင်း ဖြစ်မည်လား။

'ဒါဆိုရင်တော့ တကယ်ပဲ ယာဉ်မောင်းကောင်း တစ်ယောက် ဖြစ်လာနိုင်ခြေ ရှိတာပဲ'

အခန်း ၆၉၁ ထူးခြားသော ဝိညာဉ်စွမ်းအား

အရင်က ကျင်းကျယ်အဆောင် တွင် လမ်းခွဲခဲ့စဉ်က ကျန်းပေရန် သည် အဆင့်ကိုး ဆရာကြီး အားလုံး၏ ဆက်သွယ်ရန် လိပ်စာများကို ရယူခဲ့လေသည်။

တကယ်တော့ သူသည် ကြယ်စင်အဆောင် သို့ ဝင်ရောက်လိုသော အဆင့်ကိုး ဆရာကြီးများ၏ ဆက်သွယ်ရန် လိပ်စာများကိုသာ လိုချင်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် အဆင့်ကိုး ဆရာကြီး အားလုံးက ဝင်ရောက်လိုကြောင်း ပြောဆိုလာကြသဖြင့် အားလုံး၏ လိပ်စာများကို စုဆောင်းမိသွားခြင်း ဖြစ်လေသည်။

ကျန်းပေရန်၏ လက်ထဲရှိ ဤဆက်သွယ်ရန် စာရင်းမှာ နိုင်ငံခြောက်ခုမှ အရှင်သခင်များပင် အလွန် လိုချင်မက်မောနေရသော အရာ ဖြစ်သည်ဟု ဆိုနိုင်လေသည်။

ထိုအဆင့်ကိုး ဆရာကြီးများသည် အချိန်မရွေး ခရီးထွက်လေ့ ရှိခြင်း သို့မဟုတ် တံခါးပိတ် ကျင့်ကြံလေ့ ရှိကြသဖြင့် ၎င်းတို့ကို တစ်ကြိမ် ရှာတွေ့ရန်မှာ တကယ်ကို မလွယ်ကူလှသောကြောင့် ဖြစ်၏။

ထို့ပြင် ကျန်းပေရန် ရရှိထားသည်မှာ ၎င်းတို့၏ အဖွဲ့အစည်း ဆက်သွယ်ရန် လိပ်စာများ မဟုတ်ပေ၊ ရိုးရိုးရှင်းရှင်း ပြောရလျှင် နိုင်ငံခြောက်ခု၏ အရှင်သခင်များ ရရှိထားသည်မှာ ကုမ္ပဏီဖုန်းနံပါတ်များ ဖြစ်ပြီး ကျန်းပေရန် ရရှိထားသည်မှာ ၎င်းတို့၏ ကိုယ်ပိုင် ဖုန်းနံပါတ်များ ဖြစ်လေသည်။

ထို့ကြောင့် လူရှာဖွေရာတွင် အောင်မြင်မှုနှုန်းမှာ လုံးဝ မတူညီနိုင်တော့ပေ။

မူလက ကျန်းပေရန် သည် ၎င်းတို့ထံ စာရေး၍ အကြောင်းကြားရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်လူမှာ အဆင့်ကိုး ဆရာကြီးများ ဖြစ်နေခြင်းနှင့် သူကိုယ်တိုင် နိုင်ငံခြောက်ခုလုံးသို့ သွားရောက်ရန် အစီအစဉ် ရှိနေခြင်းတို့ကြောင့် တစ်ယောက်ချင်းစီထံ ကိုယ်တိုင် သွားရောက် လည်ပတ်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်မိလေသည်။

လည်ပတ်နေစဉ်အတွင်း ကျန်းပေရန် သည် ပြန်လည် ထူထောင်စပြုနေသော မြို့များစွာကို တွေ့မြင်ခဲ့ရလေသည်၊ ဂူအဆိပ်ကျင့်ကြံသူ များသည် မြို့များကို သိမ်းပိုက်ပြီးနောက် ကြီးကြီးမားမား ဖျက်ဆီးမှုများ မပြုလုပ်ခဲ့သော်လည်း နှစ်ဖက် ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံချိန်တွင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ဂယက်ရိုက်ခတ်မှုများက ဤမြို့များကို အကြီးအကျယ် ထိခိုက် ပျက်စီးစေခဲ့လေသည်။

ထို့ပြင် မြို့တိုင်းတွင် ဝမ်းနည်းပူဆွေးသော အငွေ့အသက်များ လွှမ်းခြုံနေလေသည်၊ မိမိတို့၏ အိမ်သို့ ပြန်ရောက်လာနိုင်ခြင်းမှာ ဝမ်းသာစရာ ဖြစ်သော်လည်း အိမ်တွင်းရှိ အရာအားလုံးမှာ ယခင်ကဲ့သို့ မဟုတ်တော့ပေ၊ ရှင်သန်ကျန်ရစ်သူ စာရင်းတွင် အမည်များ တစ်နေ့တခြား နည်းပါးလာသည်နှင့်အမျှ မျှော်လင့်ချက် ကင်းမဲ့သွားသော ပြည်သူများမှာ အသံထွက်၍ ငိုကြွေးခြင်း သို့မဟုတ် ရပ်တန့်ကာ သက်ပြင်းချခြင်းများကိုသာ ပြုလုပ်နေကြလေသည်။

မြင်ရသူအဖို့ အလွန် စိတ်မကောင်း ဖြစ်ရလေသည်။

ဒီနေ့တွင် ကျန်းပေရန် သည် အဆင့်ကိုး ဆေးပညာရှင် တစ်ဦး၏ အိမ်မှ ထွက်လာပြီးနောက် ဒေသခံ အစားအစာများ ရှိမရှိ လမ်းမပေါ်သို့ ထွက်၍ လည်ပတ်ရန် ပြင်လိုက်လေသည်။

အစားအစာများ၏ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ တစ်ခါတရံ သင့်ကို အံ့အားသင့်သွားစေခြင်းပင် ဖြစ်လေသည်။

လမ်းဘေး ဆိုင်ငယ်လေးများရှိ အစားအစာ အတော်များများမှာ ကျန်းပေရန် ကိုပင် အံ့အားသင့်သွားစေလောက်အောင် အရသာ ရှိလှပေသည်၊ ဤသည်မှာလည်း ကျန်းပေရန် သည် ထိုအရာကို စွဲလန်းနေရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။

"ဟေ့... မင်း ကြားပြီးပြီလား"

"ဘာကိုလဲ"

"ရွာထဲက လူအတော်များများ တုဟယ်ရွာ ကို ထပ်သွားကြပြန်ပြီ"

"သူတို့ကလည်း အဲ့ဒီ ဒဏ္ဍာရီကို ကြားပြီး သွားကြတာလား"

"ဒါပေါ့ ဒီလောက် ဝေးတဲ့ လမ်းကို ကိုယ့်မိသားစုဝင်တွေနဲ့ တစ်ခေါက်လောက် တွေ့ရဖို့ကလွဲရင် ဘယ်သူက အလကား ပြေးသွားမှာလဲ"

"အင်း ဟုတ်သားပဲ ဒါနဲ့ မင်း အဲ့ဒီ ကောလာဟလက တကယ်လို့ ထင်လား"

"ငါ ဘယ်လိုလုပ် သိမှာလဲ ဒါပေမဲ့ ရွာနီးချုပ်စပ် အားလုံးမှာတော့ ပြန့်နေတာပဲ"

ထိုအမျိုးသားက နားထောင်ပြီးနောက် ခဏတာ စဉ်းစားခန်း ဝင်သွားပြီး ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဒါက တစ်လတောင် ရှိနေပြီလေ ငါ့ယောက်ဖက အခုထိ ပြန်မရောက်လာသေးဘူး ငါ့မိန်းမက နေ့တိုင်း ငါ့အမေနဲ့ အတူတူ ငိုနေတာ မျက်လုံးတွေတောင် ယောင်နေပြီ ဆက်ငိုနေရင် မျက်စိကွယ်သွားလိမ့်မယ်... ဟေ့... မင်းတို့အိမ်မှာ နွားလှည်း နှစ်စီး ရှိတယ် မဟုတ်လား ငါ့ကို ရက်အနည်းငယ်လောက် ငှားလို့ ရမလား ငါ ဆားနဲ့ ပြန်လဲပေးပါ့မယ်"

"ဟေ့... ညီအစ်ကိုတွေပဲ ဒီလောက်အထိ အားနာနေစရာ လိုလို့လား အခုလောလောဆယ် ငါတို့အိမ်ကလည်း မသုံးသေးဘူး ယူသွားလိုက်လေ ဒါပေမဲ့ ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းတယ်နော် ဟိုရောက်ရင် သတိထားဦး လူလိမ်မခံရစေနဲ့"

"ဟားဟားဟား"

ထိုအမျိုးသားက နားထောင်ပြီးနောက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ကာ ဖာထေးထားသော သူ၏ အင်္ကျီကို ဆွဲပြရင်း ပြောလိုက်လေသည်။

"ငါ့ဆီကနေ လိမ်ယူချင်ရင်တောင် ငါ့မှာ တစ်ခုခု ရှိနေမှ ရမှာပေါ့"

"ဟားဟားဟား ဒါလည်း ဟုတ်တာပဲ"

...

ဘေးဝိုင်းမှ အမျိုးသား နှစ်ဦး၏ စကားပြောသံကို ကြားပြီးနောက် ချိုမြိန်သော ပဲနို့ခဲကို စားနေသည့် ကျန်းပေရန်လည်း အနည်းငယ် စိတ်ဝင်စားသွားလေသည်၊ ပြည်သူများ ဤ တုဟယ်ရွာ အကြောင်းကို ပြောနေကြသည်မှာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ကြည့်ရသည်မှာ အသက်ရှင်လျက် ပြန်မလာနိုင်တော့သူများနှင့် ပတ်သက်နေပုံရလေသည်။

'တာ့ဟူ များလား...'

သို့သော် ပြန်စဉ်းစားကြည့်ရာ မဖြစ်နိုင်ဟု သူ ယူဆလိုက်လေသည်၊ သာမန် ပြည်သူများမှာ တာ့ဟူ၏ တည်ရှိမှုကို လုံးဝ ခံစားနိုင်မည် မဟုတ်သလို တာ့ဟူကိုလည်း မြင်တွေ့နိုင်မည် မဟုတ်ပေ။

ရှန့်တိုင်းပြည်တွင် အဆိပ်ငွေ့များ ဝင်ရောက်စဉ်က သေဆုံးသူများထံမှ အကျိုးအမြတ် ထုတ်ခဲ့ကြသော ဘုန်းကြီးများနှင့် တာအိုဘုန်းကြီး များကို ပြန်လည် သတိရမိသွားပြီး ကျန်းပေရန် သည် ကိုယ်တိုင် သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေသည်။ အကယ်၍ ထိုကဲ့သို့ လုပ်ဆောင်နေသူ တကယ် ရှိပါက ပြည်သူများအတွက် အန္တရာယ်တစ်ခုကို ဖယ်ရှားပေးလိုက်မည် ဖြစ်လေသည်။

လက်ကျန် ပဲနို့ခဲကို ကုန်အောင် စားပြီးနောက် ကျန်းပေရန် သည် ပျံသန်းစံအိမ်ကို စီးကာ ပြည်သူများ ပြောနေကြသော တုဟယ်ရွာ သို့ ရောက်ရှိလာခဲ့လေသည်၊ အောက်သို့ မဆင်းရသေးမီမှာပင် ရွာတစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်နေပြီး အပြင်ဘက်တွင်လည်း ပြည်သူများစွာ ထိုနေရာသို့ အဆက်မပြတ် လာရောက်နေကြသည်ကို တွေ့လိုက်ရလေသည်။

လေပေါ်မှ ရှာဖွေကြည့်ပြီးနောက် ကျန်းပေရန်သည် လူအုပ်ကြီး စုဝေးနေသော အလယ်ဗဟိုကို လျင်မြန်စွာ တွေ့ရှိလိုက်လေသည်။ ၎င်းမှာ အလွန် ဟောင်းနွမ်းနေပုံရသော သက်ကယ်မိုး တဲအိမ်လေး တစ်လုံး ဖြစ်လေသည်။ ယခုအချိန်တွင် လူများဖြင့် ပြည့်နှက်နေသော်လည်း အားလုံးမှာ စည်းကမ်းတကျ တန်းစီနေကြပြီး အိမ်ထဲသို့ ဝင်ရန် လုယက်ခြင်း မရှိကြပေ။ တစ်ချိန်တည်းမှာပင် အားလုံးမှာ ကိုယ်စီ နည်းလမ်းများဖြင့် ဆုတောင်းနေကြပြီး အလွန် ကြည်ညိုလေးစားသော ဘာသာဝင်များကဲ့သို့ ဖြစ်နေကြလေသည်။

မင်ရန်ကို ဝတ်ဆင်ပြီးနောက် ကျန်းပေရန် သည် ထိုသက်ကယ်မိုး တဲအိမ်လေး အတွင်းသို့ ရောက်ရှိလာခဲ့လေသည်။

"အဘွား... အရင် ထပါဦး ထပြီးမှ ပြောပါ..."

"ဟင့်အင်း... ကျွန်မမျိုးမ ဒူးထောက်နေပါရစေ ဆရာလေး ရယ်... ကျွန်မရဲ့ သနားစရာ ကောင်းတဲ့ ချိုက်ဝါလေး ကို ကူရှာပေးပါဦး တောင်းပန်ပါတယ်... ချိုက်ဝါလေးက ကလေးအလိမ္မာလေးပါ သူက ဒီအဘွားကြီးထက် အရင် မသေသင့်ဘူးလေ"

အိမ်လေးထဲတွင် အဘွားအို တစ်ဦးက ကလေးငယ် တစ်ဦး၏ ရှေ့တွင် ဒူးထောက်ကာ အသံကုန် အော်ဟစ် တောင်းပန်နေလေသည်။

ကလေးငယ်မှာ အသက် ၈ နှစ်၊ ၉ နှစ် အရွယ်ခန့်သာ ရှိသေးပြီး သွားပင် အစုံ မပေါက်သေးချေ၊ ယခုအချိန်တွင် အဘွားအိုကို ထူရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ခွန်အား မလုံလောက်ကြောင်း သိသာလှပေသည်။

ကလေးငယ်၏ အနောက်တွင်မူ ဝိညာဉ် ငါးခု ရပ်နေပြီး ၎င်းတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အလွန် ရှုပ်ထွေးနေလေသည်။

အချိန်အတော်ကြာ အတင်း ဆွဲထူသော်လည်း မရသဖြင့် ကလေးငယ်ကလည်း လက်လျှော့လိုက်ပြီး အဘွားအိုကို မျက်နှာချင်းဆိုင်၍ ဒူးထောက်လိုက်ကာ ပြောလိုက်လေသည်။

"အဘွား... အဘွား သားရဲ့ ဝိညာဉ်က ကျွန်တော့်ဆီ မရောက်လာဘူးဆိုတော့ သူ အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်တယ်လေ ဒါကြောင့် အဘွား..."

"တကယ်လား"

ကလေးငယ် စကားမဆုံးမီမှာပင် အဘွားအိုက သူ၏ ပခုံးကို အတင်း ဖမ်းဆုပ်လိုက်လေသည်။

"မင်း ပြောတာ... ငါ့ရဲ့ ချိုက်ဝါလေး မသေသေးဘူးလား"

"ကျွန်တော် ပြောတာက ဖြစ်နိုင်တယ်လို့... ဖြစ်နိုင်တယ်လို့ပါ..."

သို့သော် အဘွားအိုမှာ ဆက်၍ နားမထောင်နိုင်တော့ပေ သူမ ဝမ်းသာအားရဖြင့် ကလေးငယ်ကို ဖက်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ငါ့ရဲ့ ချိုက်ဝါလေး ပြန်ရောက်လာရင် ငါ သူ့ကို ခေါ်ပြီး မင်းကို သေချာ ကျေးဇူးလာတင်ပါ့မယ်"

ပြောပြီးသည်နှင့် အဘွားအိုက သူမ၏ လက်ကောက်ဝတ်ရှိ ငွေလက်ကောက်ကို ချွတ်ကာ ကလေးငယ်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ဆရာလေး... ဒါက ငါ့ဆီမှာ တန်ဖိုးအကြီးဆုံး ပစ္စည်းပဲ ငါ့ရဲ့ ချိုက်ဝါလေး ဘေးကင်းဖို့ သေချာပေါက် ကူညီပေးပါနော်"

"မဖြစ်ဘူး မဖြစ်ဘူး"

ငွေလက်ကောက်နှင့် ထိမိသွားသော ကလေးငယ်၏ လက်မှာ အပူလောင်သွားသကဲ့သို့ ဖြစ်သွားပြီး အလျင်အမြန် လက်ခါလိုက်လေသည်။

"ကျွန်တော်က အားလုံးကို ကူညီချင်ရုံ သက်သက်ပါ ဘာပစ္စည်းမှ လက်မခံပါဘူး"

သို့သော် အဘွားအိုက ငွေလက်ကောက်ကို ကလေးငယ်၏ လက်ထဲသို့ အတင်း ထည့်ပေးရန် ကြိုးစားနေပြီး မျက်ရည်စက်လက်ဖြင့် ပြောဆိုနေလေသည်။

"မင်း ယူထားလိုက်ပါ မင်း ယူထားမှ ငါလည်း စိတ်အေးရမှာပါ မင်း ယူထားလိုက်ပါနော်"

"အဘွား... ကျွန်တော် တကယ် ယူလို့ မရဘူး"

ကလေးငယ်က ပြောရင်း လက်ကို ဆန့်ထုတ်ကာ တည်ကြည်စွာ ပြောလိုက်လေသည်။

"အဘွား... ကျွန်တော့် လက်ပေါ်က ဒီအမည်းကွက်ကို ကြည့်ပါဦး အရင်က ကျွန်တော် နားမလည်ဘဲ တခြားသူတွေရဲ့ ပိုက်ဆံကို ယူမိလို့ ဒုတိယနေ့မှာ ဒီအမည်းကွက် ပေါ်လာတာပဲ ရက်အတော်ကြာ နာနေခဲ့တာ အကယ်၍ ကျွန်တော် ထပ်ယူမိရင်တော့ အိမ်မှာတင် နာကျင်ပြီး သေသွားလိမ့်မယ်"

"အာ"

အဘွားအိုက ထိုအမည်းကွက်ကို ကြည့်ပြီး အံ့ဩတကြီး အော်ဟစ်လိုက်ကာ ငွေလက်ကောက်ကို အလျင်အမြန် ပြန်ရုပ်သိမ်းလိုက်လေသည်။

"ဒါ... ဒါဆိုရင် ငါ မပေးတော့ဘူးနော် ဆရာလေး လည်း သတိထားဦးနော် နတ်မင်းကြီးတွေက မင်းကို စောင့်ကြည့်နေတာ သေချာတယ်"

"အင်း... ကျွန်တော် သိပါပြီ နောက်ဆို ကျွန်တော် ထပ်မယူရဲတော့ပါဘူး အဘွား အရင် ပြန်ပါတော့ အဘွား သားက အဘွားဆီ မကြာခင် ပြန်လာမှာပါ"

"အေး"

အဘွားအိုက နားထောင်ပြီးနောက် အားရပါးရ ခေါင်းညိတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဆရာလေး... ဒါဆို ငါ အရင် သွားတော့မယ်"

အဘွားအိုက ပြောပြီးနောက် ကလေးငယ်ကို အလွန် ကြည်ညိုလေးစားစွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီးမှ လှည့်ထွက်သွားလေသည်။

"ဟူး..."

အဘွားအို ထွက်သွားပြီးနောက် ကလေးငယ်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် လက်အုပ်ချီကာ ကောင်းကင်သို့ ဦးညွှတ်လိုက်လေသည်။

"နတ်မင်းကြီး... ကျွန်တော် တမင် လိမ်ပြောတာ မဟုတ်ပါဘူး ကျေးဇူးပြုပြီး အပြစ်မပေးပါနဲ့ အကယ်၍ အပြစ်ပေးမယ် ဆိုရင်တောင် ကျွန်တော့်ကိုပဲ အပြစ်ပေးပါ ညီမလေးကို အပြစ်မပေးပါနဲ့ သူ မြန်မြန် နေကောင်းလာအောင် စောင့်ရှောက်ပေးပါ"

ကလေးငယ်၏ ရိုးသားလှသော ဆုတောင်းသံကို ကြားပြီးနောက် ကျန်းပေရန် စိတ်ထဲမှ ပြုံးလိုက်မိလေသည်။

ကလေးငယ် ပြောသော အမည်းကွက်မှာ နာကျင်သည် ဆိုသည်မှာ အဘွားအိုကို လိမ်ညာပြောဆိုခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်လေသည်။ ထို့ပြင် ထိုအကြောင်းပြချက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း မဟုတ်ကြောင်း သိသာလှသည်။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန် ကျွမ်းကျင်နေပြီ ဖြစ်၏။

ဆုတောင်းပြီးနောက် ကလေးငယ်က တံခါးဝသို့ သွားကာ ကလေးအသံလေးဖြင့် အော်လိုက်လေသည်။

"နောက်တစ်ယောက် ဝင်လာလို့ ရပါပြီ"

ယခုတစ်ကြိမ် ဝင်လာသူမှာ လူငယ်တစ်ဦး ဖြစ်သည်။ ဝင်လာပြီးနောက် သူက ကလေးငယ်ကို မယုံကြည်နိုင်သကဲ့သို့ အကဲခတ်ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။

"မင်း... မင်းက ဆွေမျိုးတွေကို ရှာပေးနိုင်တဲ့ ဆရာလေး ဆိုတာလား"

"တစ်ခါတလေတော့ ရပါတယ်"

"ဒါက..."

လူငယ်၏ မျက်နှာပေါ်တွင် မယုံကြည်မှုများ အပြည့် ရှိနေဆဲ ဖြစ်သော်လည်း သူ မလာမီကတည်းက သေနေသော မြင်းကို အရှင်ကဲ့သို့ ကုသရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် လည်ဆွဲလေး တစ်ခုကို ထုတ်ယူကာ ပြောလိုက်လေသည်။

"ဒါက ငါ့သမီးလေး အမြဲ ဝတ်ထားတဲ့ဟာပဲ မင်း ဒီကနေတစ်ဆင့် ငါ့သမီးကို ရှာပေးနိုင်မလား"

"ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"

ကလေးငယ်က ပြောရင်း လူငယ်၏ လက်ထဲမှ လည်ဆွဲလေးကို ယူလိုက်ပြီးနောက် မျက်စိမှိတ်လိုက်လေသည်။

'အို'

ဘေးနားတွင် ရပ်နေသော ကျန်းပေရန်၏ ဝိညာဉ်စွမ်းအား တစ်ချက် လှုပ်ရှားသွားပြီး ထိုကလေးငယ်ကို အံ့အားသင့်စွာ ကြည့်လိုက်မိလေသည်။

'တော်လိုက်တာ'

ကလေးငယ် မျက်စိမှိတ်လိုက်သည့် တစ်ခဏမှာပင် ကျန်းပေရန် သည် သူ၏ထံမှ အလွန် ပြင်းထန်သော ဝိညာဉ်လှိုင်း တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။

ထို့ပြင် ထို ဝိညာဉ်လှိုင်း မှာ တစ္ဆေ ကျင့်ကြံသူ များ၏ ဝိညာဉ်စွမ်းအားနှင့် မတူညီပေ၊ အတိအကျ ပြောရလျှင် ၎င်းကို နက္ခတ်ဗေဒ အာရုံခံစားမှူဟု သတ်မှတ်သင့်သော်လည်း နက္ခတ်ဗေဒ အာရုံခံစားမှု နှင့် လုံးဝ မတူညီပြန်ပေ၊ သူ၏ ဝိညာဉ်စွမ်းအားနှင့် အနည်းငယ် ဆင်တူနေလေသည်။

အတိုချုပ် ပြောရလျှင် ကျန်းပေရန် သည် ဤကဲ့သို့သော ဝိညာဉ်လှိုင်း မျိုးကို ပထမဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။ အလွန် ထူးခြားသည်ဟု ဆိုနိုင်လေသည်။

လက်ဖက်ရည် တစ်ခွက်စာ အချိန်ခန့် ကြာပြီးနောက် ကျန်းပေရန် သည် အံ့ဩဖွယ်ကောင်းစွာပင် မိန်းကလေးငယ် တစ်ဦး၏ ဝိညာဉ် လွင့်မျောလာသည်ကို တွေ့လိုက်ရလေသည်၊ ထိုလူငယ်ကို မြင်လိုက်ရသည့် တစ်ခဏတွင် မိန်းကလေးငယ်မှာ သိသိသာသာ စိတ်လှုပ်ရှားသွားပြီး အဆက်မပြတ် အော်ခေါ်နေလေသည်။

"အဖေ အဖေ အဖေ ဘာလို့ ချွေ့အာ ကို စကားမပြောတာလဲ အဖေ ချွေ့အာ ဒီမှာ ရှိတယ်လေ"

'ဒါ... ဒီလောက်အထိ အစွမ်းထက်တာလား'

ထိုမြင်ကွင်းက ကျန်းပေရန်ကိုပင် အံ့အားသင့်သွားစေခဲ့သည်၊ သူသည် ထိပ်တန်း တစ္ဆေ ကျင့်ကြံသူ များနှင့် အချိန်အတော်ကြာ အတူတူ နေခဲ့ဖူးသော်လည်း ဤမျှလောက် တိကျသော ဝိညာဉ်ခေါ်ယူမှုကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်လေသည်။

'သေဆုံးသူ အမြဲ ဝတ်ဆင်လေ့ရှိတဲ့ ပစ္စည်းလေး ရှိရုံနဲ့ ဒီလောက် တိကျအောင် ခေါ်ယူလို့ ရတာလား'

ထိုနည်းလမ်းကို ကျန်းပေရန် လည်း တတ်ကျွမ်းသော်လည်း သူသည် အသုံးအဆောင် ပစ္စည်းများကို အသုံးပြု၍ အသက်ရှင်နေသူများကိုသာ ရှာဖွေနိုင်သည်။ ထိုကလေးငယ်ကမူ သေဆုံးသူများကိုပါ ရှာဖွေနိုင်လေသည်။

ထို့ပြင် သူသည် မည်သည့် လေ့ကျင့်မှုမှ ပြုလုပ်ထားခြင်း မရှိကြောင်း သိသာလှသည်၊ သန့်စင်သော ပါရမီ သက်သက်သာ ဖြစ်၏။

မိန်းကလေးငယ်က "အဖေ" ဟု ခေါ်လိုက်သည်ကို ကြားသောအခါ ကလေးငယ်က မျက်လုံးဖွင့်လိုက်လေသည်၊ သို့သော် သူက မိန်းကလေးငယ်၏ ဝိညာဉ်ကို မကြည့်ဘဲ စိုးရိမ်တကြီး ဖြစ်နေသော လူငယ်ကိုသာ ကြည့်လိုက်လေသည်။

"ဘယ်လိုလဲ ရှာတွေ့ပြီလား"

ကလေးငယ်က မိမိကို ကြည့်လာသည်ကို မြင်သောအခါ လူငယ်က အလျင်အမြန် မေးလိုက်လေသည်။

"ဦးလေး... ကျွန်တော် ဆက်ပြောမယ့် စကားတွေကို ကြားရင် စိတ်မလှုပ်ရှားပါနဲ့ ဦးလေးရဲ့ သမီးက... သေဆုံးသွား..."

"မဖြစ်နိုင်ဘူး"

ကလေးငယ် စကားမဆုံးမီမှာပင် လူငယ်က အော်ဟစ်လိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်လေသည်၊ ထို့နောက် ရှေ့သို့ တိုးသွားကာ ကလေးငယ်၏ အင်္ကျီကို ဆွဲ၍ ပြောလိုက်၏။

"မင်း ငါ့ကို လာပြီး အရူးမလုပ်နဲ့ ငါ့သမီး သေဖို့ဆိုတာ မဖြစ်နိုင်ဘူး သူက အရမ်း ငယ်သေးတာကို"

ဤကဲ့သို့သော ဆက်ဆံမှုကို အသားကျနေပြီ ဖြစ်ပုံရသော ကလေးငယ်မှာ ထိတ်လန့်ခြင်း မရှိဘဲ အလွန် တည်ကြည်စွာဖြင့် မေးလိုက်လေသည်။

"ဦးလေးရဲ့ သမီးက ဦးလေးကို ခေါ်နေတယ် ဒါပေမဲ့ ဦးလေး မကြားရဘူး..."

"ငါ မင်းကို ပါးစပ်ပိတ်ထားလို့ ပြောနေတယ် ကြားလား ချွေ့အာ က..."

"သူက ပြောတယ် အဖေက လူတွေကို ရိုက်တာ မကောင်းဘူးလို့ သူ သင်ပေးထားတာတဲ့... ပြီးတော့ အဖေက သူ့ကို စွန်လွှတ်ဖို့ ခေါ်သွားမယ်လို့ ကတိပေးထားပေမဲ့ သူက အဖေ့ကို အမြဲ စောင့်နေခဲ့တာတဲ့... ပြီးတော့..."

"ဆက်မပြောပါနဲ့တော့... ဆက်မပြောပါနဲ့တော့..."

စွန် ဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ လူငယ်၏ တစ်ကိုယ်လုံးရှိ ခွန်အားများ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကလေးငယ်ကို ဖမ်းဆုပ်ထားသော လက်များ လွတ်ကျသွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။

"ချွေ့အာ သေမှာ မဟုတ်ဘူး... သူက အရမ်း ငယ်သေးတာကို... အာ"

စိတ်ခံစားမှုများ ပေါက်ကွဲသွားသော လူငယ်မှာ ရူးသွပ်စွာ အော်ဟစ် ငိုကြွေးနေလေသည်ဒ ဤအမှန်တရားကို သူ လုံးဝ လက်မခံနိုင်ပေ။

"သူ... သူ အခု ဘယ်မှာလဲ..."

အချိန်အတော်ကြာပြီးနောက် လူငယ်၏ စိတ်ခံစားမှုများ ပြန်လည် တည်ငြိမ်သွားသောအခါ သူက ရုန်းကန်၍ ခေါင်းမော့ကာ ကလေးငယ်ကို မေးလိုက်လေသည်။

"ကျွန်တော်... ကျွန်တော်လည်း သူ့ကို မမြင်ရဘူး ဒါပေမဲ့ သူ ဒီမှာ ရှိနေတယ်ဆိုတာကိုတော့ ကျွန်တော် သိတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ဘေးနားရှိ ကျန်းပေရန် အနည်းငယ် ကြောင်သွားလေသည်။

'ဒီလောက် တိကျအောင် ဝိညာဉ်ကို ခေါ်နိုင်ပေမဲ့ ဝိညာဉ်ကို မမြင်ရဘူးလား... တကယ်ကို ထူးဆန်းတဲ့ စွမ်းရည်ပဲ'

"သူ... သူ ဘာတွေ ပြောသေးလဲ"

"သူ ငိုနေတယ်... အဖေ ဒီလောက် ဝမ်းနည်းနေတာကို သူ မမြင်ချင်ဘူးတဲ့"

လူငယ်က ကြားလိုက်ရသည်နှင့် အလျင်အမြန် မျက်ရည်များကို သုတ်လိုက်ပြီး အစွမ်းကုန် ပြုံးပြကာ ပြောလိုက်လေသည်။

"ချွေ့အာ... အဖေ ဝမ်းမနည်းပါဘူး... အဖေက သမီးကို လွမ်းလို့ပါ"

ပြောပြီးနောက် လူငယ်၏ စိတ်ခံစားမှုများမှာ ထပ်မံ၍ ထိန်းချုပ်မရ ဖြစ်လာသော်လည်း မျက်ရည်များကို အတင်း ပြန်မျိုချလိုက်လေသည်။

ကလေးငယ်က နားထောင်ပြီးနောက် မိန်းကလေးငယ်၏ စကားများကို ဆက်လက် ပြောပြရန် ပြင်လိုက်စဉ်မှာပင် ပြင်းထန်သော ခေါင်းကိုက်မှုကြီးတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရလေသည်။

နာကျင်စွာ အော်ဟစ်လိုက်ပြီး ကလေးငယ်သည် ခေါင်းကို ကိုင်ကာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။ မျက်နှာပေါ်တွင်လည်း အလွန် နာကျင်နေဟန်များ ပေါ်လွင်နေ၏။

လူငယ်က မြင်သောအခါ အလျင်အမြန် ရှေ့သို့ တိုးသွားကာ စိုးရိမ်တကြီး မေးလိုက်လေသည်။

"ကလေး... မင်း ဘာဖြစ်လို့လဲ ဘယ်နားက မသက်မသာ ဖြစ်နေလို့လဲ"

"ကိစ္စ... ကိစ္စမရှိပါဘူး... ခေါင်းနည်းနည်း ကိုက်တာပါ တစ်ခါတလေ အဲ့ဒီလို ဖြစ်တတ်တယ်... ဦးလေးရဲ့ သမီးက ပြောတယ် သူက အဖေနဲ့ အမေကို အရမ်း ချစ်တယ်တဲ့... သူက ကောင်းကင်ပေါ်ကနေ အမြဲတမ်း စောင့်ကြည့်နေမှာပါတဲ့... အာ"

ကလေးငယ်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသောအခါ လူငယ်မှာ အလွန် ငိုချင်နေသော်လည်း ကလေးငယ်၏ ခေါင်းပေါ်သို့ လက်တင်ကာ မေးလိုက်လေသည်။

"မင်းကို ဆရာဝန်ဆီ ခေါ်သွားပေးရမလား"

"ရပါတယ်... ကျွန်တော် ခဏလောက် နားလိုက်ရင် ကောင်းသွားမှာပါ"

ကလေးငယ်၏ မျက်နှာသွင်ပြင်များ တွန့်လိမ်နေသည်ကို မြင်သောအခါ ကျန်းပေရန် သည် သူ၏ ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပြီ ဖြစ်ကြောင်း သိလိုက်လေသည်၊ အကယ်၍ ဤသို့ စွမ်းရည်များကို ဆက်လက် အလွဲသုံးစား ပြုနေပါက ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် သူသည် မင်ရန် ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး ရှေ့သို့ တိုးသွားကာ ထိုလူငယ်ကို ပြောလိုက်လေသည်။

"ခင်ဗျားရဲ့ သမီးက ခင်ဗျားရဲ့ လည်ပင်းကို ဖက်ထားတယ် ကြည့်ရတာ သူက ခင်ဗျားကို တကယ် ချစ်ပုံရတယ်"

လူငယ်နှင့် ကလေးငယ်တို့သည် ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက်တည်း တစ်ကိုယ်လုံး တုန်လှုပ်သွားကြပြီး အလွန် အံ့အားသင့်သော မျက်လုံးများဖြင့် ကျန်းပေရန်ကို ကြည့်လိုက်ကြလေသည်။

"ခင်ဗျားက..." လူငယ်က မေးလိုက်လေသည်။

"ကျုပ်က သူ့ရဲ့ ဆရာပါ"

"ဪ... ဒီလိုကိုး ဆရာကြီးကို ဂါရဝပြုပါတယ်"

လူငယ်က အလျင်အမြန် အရိုအသေပြုလိုက်လေသည်။

ထိုစဉ် လူငယ်ကို ဖက်ထားသော မိန်းကလေးငယ်၏ ဝိညာဉ်က ခေါင်းမော့ကာ ကျန်းပေရန်ကို မေးလိုက်လေသည်။

"အစ်ကိုကြီးကလည်း သမီးကို မြင်ရတာလား"

"အင်း"

ကျန်းပေရန်က သူမကို ခေါင်းညိတ်ပြလိုက်လေသည်။

"ဒါဆိုရင် အစ်ကိုကြီးက သမီးကိုယ်စား အဖေ့ကို တစ်ခုလောက် ပြောပေးလို့ ရမလား... အရင်က အဲ့ဒီ ဖိနပ်ကို သမီး ယူခဲ့တာ မှန်ပါတယ်... အဲ့ဒါက အပြင်မှာ အဘိုးကြီး တစ်ယောက်က ခြေဗလာနဲ့ လမ်းလျှောက်နေလို့ပါ... သူ့ခြေထောက်မှာလည်း ဒဏ်ရာတွေ အပြည့်နဲ့ အရမ်း သနားစရာ ကောင်းလို့ပါ"

"သေချာတာပေါ့"

ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး မိန်းကလေးငယ်၏ စကားများကို လူငယ်အား ပြန်လည် ပြောပြလိုက်လေသည်။

လူငယ်က ကြားလိုက်ရသောအခါ ခေတ္တ ကြောင်သွားပြီးနောက် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အသံကုန် ငိုကြွေးလေတော့သည်၊ သို့သော် ငိုရင်းနှင့် ပြန်ရယ်လာလေသည်။

"အဖေ သမီးကို အပြစ်မတင်ပါဘူး... ချွေ့အာက ကလေးအလိမ္မာလေးပါ... အဖေ သမီးကို အပြစ်မတင်ပါဘူး..."

ပြောပြီးနောက် လူငယ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ကျန်းပေရန်ကို ကြည့်ကာ မေးလိုက်လေသည်။

"သူ... သူ..."

သူ ဘာမေးချင်သည်ကို သိသော ကျန်းပေရန်က ခေါင်းညိတ်လိုက်လေသည်။

"အင်း... သူက ခင်ဗျားရဲ့ ရင်ခွင်ထဲကို ဝင်လာပြီ"

လူငယ်က ကြားလိုက်ရသည်နှင့် လက်နှစ်ဖက်ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေလေသည်။

"တောင်းပန်ပါတယ်... အဖေက သမီးကို သေချာ မကာကွယ်နိုင်ခဲ့လို့ပါ... တောင်းပန်ပါတယ်... တကယ်ကို တောင်းပန်ပါတယ်..."

All Chapters