← Chapters

အခန်း (၆၉၂-၆၉၃)

Vol. 62 Ch. 692-693

အခန်း (၆၉၂-၆၉၃)

Vol. 62 Ch. 692-693

အခန်း ၆၉၂ တကယ်ကို ကွက်တိပဲ

ကျေးဇူးအထပ်ထပ် တင်ပြီးနောက် လူငယ်သည် တဲအိမ်လေးထဲမှ ထွက်ခွာသွားလေသည်

စောစောကလိုပင် ကလေးငယ်သည် မည်သည့် ကျေးဇူးဆပ် လက်ဆောင်ကိုမျှ လက်မခံခဲ့ပေ

"ခင်ဗျားက ဘယ်သူလဲ"

လူငယ် အဝေးသို့ ရောက်သွားပြီးနောက် ကလေးငယ်က ကျန်းပေရန်ကို နားမလည်ဟန်ဖြင့် ကြည့်ကာ မေးလိုက်လေသည်

"မင်းကို လာကူညီပေးတယ့်သူပေါ့ လာ အရင် ထိုင်လိုက်ဦး"

"ဒါပေမဲ့ အပြင်မှာ စောင့်နေတဲ့သူတွေ အများကြီး ရှိသေးတယ်လေ"

"မင်းသာ ဆက်ပြီး ဒီအတိုင်း လုပ်နေမယ်ဆိုရင်တော့ တခြားသူတွေကို ကူညီဖို့ မစဉ်းစားနဲ့တော့ ခေါင်း အရမ်း ကိုက်နေတုန်းပဲ မဟုတ်လား"

ကလေးငယ်သည် ခဏတာ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏

"အင်း"

"ဒါဆို မင်း အရင် သေချာ ထိုင်နေလိုက် အပြင်က ကိစ္စတွေကို ငါ ဖြေရှင်းပေးပါ့မယ်"

"ကျေး ကျေးဇူးတင်ပါတယ်"

ကလေးငယ်သည် အနည်းငယ် ထိတ်လန့်နေဟန်ဖြင့် ကျန်းပေရန်ကို အရိုအသေပြုလိုက်ပြီးနောက် ဖျာပေါ်တွင် ထိုင်ချလိုက်လေသည်

လက်စွပ်ထဲမှ စိတ်ကြည်လင် အဆောင်လက်ဖွဲ့ တစ်ရွက်ကို ထုတ်ယူကာ ကလေးငယ်၏ နဖူးပေါ်သို့ ကပ်ပေးလိုက်ပြီး ကျန်းပေရန်က မေးလိုက်၏

"ဘယ်လိုလဲ နည်းနည်း သက်သာသွားပြီလား"

ဦးနှောက်ထဲသို့ အေးမြသော ခံစားချက်များ တိုးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် ကလေးငယ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်

"အင်း အများကြီး သက်သာသွားပါပြီ ကျေးဇူးတင်ပါတယ်"

ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းပေရန်သည် တံခါးအပြင်ဘက်သို့ လျှောက်သွားကာ စိုးရိမ်တကြီး ဖြစ်နေကြသော မျက်နှာများကို ကြည့်ရင်း စကားလုံး ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ပြောလိုက်လေသည်

"ဆရာလေး အနားယူဖို့ လိုနေတယ် အားလုံးက အရမ်း လောနေကြတယ် ဆိုတာ သိပေမဲ့ စိတ်ရှည်ရှည်နဲ့ ခဏလောက် ထပ်စောင့်ပေးကြပါဦး"

စကားလုံး ဝိညာဉ် စွမ်းအားကြောင့် လူအုပ်ကြီးသည် ကျန်းပေရန်၏ စကားအပေါ် မည်သည့် ကန့်ကွက်မှုမျှ မရှိတော့ဘဲ တညီတညွတ်တည်း ခေါင်းညိတ်ကာ ပြောလိုက်ကြ၏

"ဆရာလေးက တကယ်ကို ပင်ပန်းနေတာပါ"

"ကျုပ် ကြက်တစ်ကောင် ယူလာတယ် ဆရာလေးကို အားရှိအောင် ပေါင်းတိုက်လိုက်ကြရအောင်"

"ကျုပ်လည်း ငါး ယူလာတယ် ဆရာလေးအတွက် အတူတူ ချက်ပေးလိုက်မယ်လေ"

လူတိုင်း၏ တက်ကြွသော စကားသံများကို ကြားပြီးနောက် ကျန်းပေရန်က ခေါင်းယမ်းကာ ပြောလိုက်လေသည်

"ဆရာလေးကို အေးအေးဆေးဆေး အနားယူခွင့် ပေးလိုက်တာက အကောင်းဆုံးပါပဲ အားလုံးရဲ့ စေတနာတွေကို သူ့ကိုယ်စား ကျုပ်ကပဲ လက်ခံထားလိုက်ပါ့မယ်"

ပြောပြီးနောက် ကျန်းပေရန်သည် လူအုပ်ကြီးကို လက်ယှက် ဂါရဝပြုလိုက်ပြီး တဲအိမ်လေးထဲသို့ ပြန်ဝင်လာခဲ့လေသည်

ထိုအချိန်တွင် ကလေးငယ်၏ မျက်နှာအရောင်အသွေးမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်ရာ ကျန်းပေရန် ပြန်ဝင်လာသည်ကို မြင်သည်နှင့် အလျင်အမြန် မတ်တပ်ရပ်ကာ ခါးညွှတ်၍ အရိုအသေပြုရင်း ပြောလိုက်၏

"ကျေးဇူးတင်ပါတယ် ဆရာ"

"ထိုင်ပါ"

ကျန်းပေရန်က ပြောပြီးနောက် ဝင်ထိုင်လိုက်ကာ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ကလေးငယ်၏ အခြေအနေကို အကဲခတ်ကြည့်ပြီးနောက် မေးလိုက်လေသည်။

"မင်း နာမည်က ဘယ်လို ခေါ်လဲ"

"ချူဟွမ် လို့ ခေါ်ပါတယ် သိုလှောင်ခြင်း ဆိုတဲ့ ချူ နဲ့ သစ်သား ဆိုတဲ့ ဟွမ် ပါ"

အဖြေကို ကြားလိုက်ရသောအခါ ကျန်းပေရန် သိသိသာသာ ကြောင်အသွားရလေသည်၊ ကျေးရွာလေး တစ်ရွာမှ ကလေးငယ် တစ်ဦးတွင် ထိုမျှလောက် အဆင့်အတန်း မြင့်မားသော နာမည်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

'သံချောင်း ဒါမှမဟုတ် သာဂိ လို့ နာမည်ပေးထားရမှာ မဟုတ်ဘူးလား'

"မင်း အမေက ပေးထားတာလား"

ကလေးငယ်က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလေသည်

"အဖေ ပေးထားတာလို့ အမေက ပြောဖူးတယ်"

"မင်းရဲ့ အမေရော ဒီရွာမှာပဲ နေတာလား"

ကလေးငယ်က ကြားလိုက်ရသည်နှင့် မျက်နှာပေါ်တွင် ဝမ်းနည်းသွားသည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီး ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏။

"ကျွန်တော် ကျွန်တော် အမေ့ကို မတွေ့ရတာ အတော်ကြာပြီ"

ကလေးငယ်၏ ဆံပင်များကို လှမ်း၍ ပွတ်သပ်ပေးလိုက်ပြီးနောက် ကျန်းပေရန်သည် ထိုမေးခွန်းကို ကျော်ဖြတ်ကာ ဆက်မေးလိုက်လေသည်။

"မင်းဆီမှာ ဒီလို စွမ်းရည် ရှိနေတယ် ဆိုတာကို ဘယ်အချိန်တည်းက သိခဲ့တာလဲ"

ကျန်းပေရန်၏ မေးခွန်းကို ကြားသောအခါ ချူဟွမ် မှာ အကြောင်းပြချက် မရှိဘဲ စိုးရိမ်ထိတ်လန့်လာပြီး ထိုင်နေသည့် ပုံစံကိုပင် ပို၍ မတ်မတ် ထိုင်လိုက်မိလေသည်။ သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ အလွန် ရိုသေလေးစားရသော လူကြီးသူမ တစ်ဦးနှင့် တူနေသောကြောင့် ဖြစ်၏။

"အဲ့ဒီ ဘီလူးတွေ ဖမ်းသွားပြီး ဂူထဲကို ရောက်သွားတဲ့ အချိန်ကစတာပါ အဲ့ဒီတုန်းက နေ့တိုင်း လူတွေ အဖမ်းခံနေရတယ် ပြီးတော့ အဖမ်းခံရတဲ့ သူတွေကလည်း ဘယ်တော့မှ ပြန်မလာကြတော့ဘူး အားလုံးက အရမ်း ကြောက်နေကြတာ ကျွန်တော်လည်း အပါအဝင်ပေါ့"

"ဂူထဲကို ရောက်ပြီး ဘယ်နှစ်ရက်မြောက်နေ့လဲ ဆိုတာတော့ မမှတ်မိတော့ဘူး ကျွန်တော့် နားထဲမှာ ရင်းနှီးမှု မရှိတဲ့ အသံတစ်သံ ရုတ်တရက် ထွက်လာတယ် သူက ကျွန်တော့်ကို ခေါ်နေတာ ဒါပေမဲ့ ကျွန်တော် သူ့ကို မမြင်ရဘူး ဘေးနားက လူတွေကို မေးကြည့်တော့လည်း သူတို့က မကြားရဘူးလို့ပဲ ပြောကြတယ် ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေကလည်း သနားနေတဲ့ ပုံစံမျိုးတွေနဲ့လေ ကျွန်တော် ရူးသွားပြီလို့ ထင်နေကြတာ ဖြစ်မယ်"

ချူဟွမ် က ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး ဆက်ပြောလေသည်။

"အဲ့ဒီတုန်းက ကျွန်တော်ကိုယ်တိုင်လည်း ရူးသွားပြီလို့ ထင်ခဲ့တာ ဒါပေမဲ့ အဲ့ဒီ ထူးဆန်းတဲ့ အသံကို ကြားရတာကလွဲရင် ကျွန်တော့်ဆီမှာ တခြား ဘာမှ ပုံမှန် မဟုတ်တာ မရှိဘူးလို့ ခံစားရတယ် ဒါနဲ့ပဲ အဲ့ဒီ အသံနဲ့ စကားပြောကြည့်ဖို့ ကြိုးစားခဲ့တယ် သူ နာမည် ဘယ်လိုခေါ်လဲ ဘာလို့ ကျွန်တော့်ကို ရှာနေတာလဲ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ ဆိုပြီး မေးကြည့်ခဲ့တယ်"

"အံ့ဩစရာ ကောင်းတာက အဲ့ဒီ အသံက ကျွန်တော့်ကို တစ်ခုချင်းစီ ပြန်ဖြေခဲ့တယ် အဲ့ဒီတော့မှ ကျွန်တော်နဲ့ စကားပြောနေတာ သေချာပေါက် လူတစ်ယောက် ဖြစ်မယ် လူတိုင်း မမြင်ရတဲ့ လူတစ်ယောက် ဖြစ်မယ် ဆိုတာကို ကျွန်တော် သဘောပေါက်သွားခဲ့တာ"

ချူဟွမ် ၏ အဖြေကို ကြားပြီးနောက် ကျန်းပေရန်သည် ဖြစ်နိုင်ခြေ အမျိုးမျိုးကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ပထမဆုံး အနေဖြင့် ဒါက သန့်စင်သော စိတ်ဝိညာဉ် စွမ်းအား မဟုတ်သည်မှာ သေချာလှသည်။ အကြောင်းမှာ သူကိုယ်တိုင် စိတ်ဝိညာဉ် စွမ်းအားသာ ရှိစဉ်က မည်သည့် တစ္ဆေဝိညာဉ်ကိုမျှ အာရုံမခံနိုင်ခဲ့သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဒီမေးခွန်းကို အခြေခံပြီး ကျန်းပေရန်သည် ချူဟွမ် ကို မေးခွန်းများစွာ မေးမြန်းခဲ့လေသည်။

နောက်ဆုံးတွင်တော့ အဖြေတစ်ခုကို ကောက်ချက်ချနိုင်ခဲ့၏။

အဲ့ဒါက ချူဟွမ် ၏ ဒီစွမ်းရည်က နက္ခတ်ဗေဒ အာရုံခံစားမှု နှင့် ပိုမို နီးစပ်သင့်သော်လည်း သူက လုံးဝ မကျင့်ကြံဖူးသေးသဖြင့် တိတိကျကျ ပြောရလျှင် ဝိညာဉ် အာရုံခံစားမှု သာ ဖြစ်သင့်လေသည်။

အကြောင်းမှာ နက္ခတ်ဗေဒ စွမ်းအင် ကို ပိုင်နိုင်စွာ အသုံးပြုနိုင်မှသာ ဝိညာဉ် အာရုံခံစားမှု မှတစ်ဆင့် နက္ခတ်ဗေဒ အာရုံခံစားမှု သို့ ပြောင်းလဲနိုင်မည် ဖြစ်သောကြောင့်တည်း။

သူတို့ နှစ်ခု၏ ကွာခြားချက်မှာလည်း အလွန် ရိုးရှင်းလှသည်၊ ဝိညာဉ် အာရုံခံစားမှု မှာ ပျံ့နှံ့နေတတ်ပြီး ထိန်းချုပ်၍ မရနိုင်ပေ၊ သန့်စင်သော ပင်ကိုယ် အသိစိတ် သက်သက်သာ ဖြစ်သည်ဟု ဆိုနိုင်လေသည်။

နက္ခတ်ဗေဒ အာရုံခံစားမှု ဆိုသည်မှာ ဝိညာဉ် အာရုံခံစားမှု အားလုံးကို တစ်နေရာတည်းသို့ စုစည်းနိုင်အောင် ထိန်းချုပ်ကာ ပိုမို အားကောင်းသော အကျိုးသက်ရောက်မှုကို ဖော်ဆောင်နိုင်ခြင်း ဖြစ်၏။

ချူဟွမ် မှာမူ ကျင့်ကြံသူ တစ်ဦး မဖြစ်လာသေးခင်မှာပင် ဝိညာဉ် အာရုံခံစားမှု ကို ဒီအဆင့်အထိ အသုံးပြုနိုင်နေပြီ ဖြစ်ရာ သူသာ ကျင့်ကြံသူ တစ်ဦး ဖြစ်လာပါက နက္ခတ်ဗေဒ အာရုံခံစားမှု က မည်မျှအထိ အစွမ်းထက်လာမည် ဆိုသည်ကို ကျန်းပေရန် တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

ချူဟွမ် မှာ အလားအလာ ကောင်းသူ တစ်ဦး ဖြစ်ကြောင်း သေချာသွားပြီးနောက် ကျန်းပေရန်သည် သူ့အား မိမိ၏ လက်အောက်သို့ သိမ်းသွင်းရန် စိတ်ကူးပေါ်လာလေသည်။ ဒီလိုမျိုး အဆင့်အတန်းရှိသည့် ပါရမီရှင်မျိုးမှာ နှစ်အနည်းငယ် အတွင်းမှာပင် ထင်ရှားလာပြီး သူ၏ ကြီးမားသော အကူအညီ တစ်ခု ဖြစ်လာနိုင်မည်ဟု ခန့်မှန်းရလေသည်။

'ဒါပေမဲ့ ချူဟွမ် ဆိုတဲ့ နာမည်က တကယ်ကို ရိုးရှင်းမနေဘူးပဲ'

အကယ်၍ သူသည် ဒီနာမည်ကို ကြီးမားသော ဂိုဏ်းကြီးတစ်ခုခုတွင် ကြားခဲ့ရပါက သေချာပေါက် ထူးဆန်းမည် မဟုတ်သော်လည်း သံချောင်း၊ ဝတုတ်မ၊ ကျီးကန်း စသည့် နာမည်များသာ ပြည့်နှက်နေသော ဒီကျေးရွာလေးတွင် ဒီလိုမျိုး နာမည်မျိုး ရုတ်တရက် ထွက်ပေါ်လာခြင်းမှာ မည်သည့် ဝတ္ထုထဲတွင်မဆို သေချာပေါက် အဓိက ဇာတ်လိုက် ဖြစ်နေမည်မှာ အသေအချာပင် ဖြစ်လေသည်။

ခဏတာ စဉ်းစားပြီးနောက် ကျန်းပေရန်က ချူဟွမ် ကို ကြည့်ကာ ထပ်မေးလိုက်၏။

"မင်းရဲ့ အမေ ဘယ်သွားလဲ ဆိုတာ သိလား"

"မသိပါဘူး"

ချူဟွမ် က ခေါင်းယမ်းလိုက်ပြီး သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာလည်း စိုးရိမ်ထိတ်လန့်မှုမှ အထီးကျန် ဆန်မှုသို့ ပြောင်းလဲသွားလေသည်။

"အမေက ရုတ်တရက် ထွက်သွားတာ အဲ့ဒီနေ့က ကျွန်တော် အကြာကြီး လိုက်ရှာခဲ့ပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး"

"ဒါပေမဲ့ မထွက်သွားခင်မှာ အမေက အမြဲတမ်း ပြောလေ့ရှိတယ် အကယ်၍ အမေများ တစ်နေ့နေ့မှာ မရှိတော့ရင် သားက ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ရမယ် ပြီးတော့ ညီမလေးကိုလည်း သေချာ စောင့်ရှောက်ပေးရမယ်တဲ့"

ဒီအဖြေကို ကြားပြီးနောက် ကျန်းပေရန် သည် ချူဟွမ် ၏ အဓိက ဇာတ်လိုက် ကံကြမ္မာကို ပို၍ပင် သေချာသွားလေသည်။

မိဘများ သေဆုံးသွားကြောင်း အတည်မပြုနိုင်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခြင်းမျိုးမှာ ရာခိုင်နှုန်း ရှစ်ဆယ်လောက်က အဓိက လူကြမ်းကြီး တစ်ဦးဦးကို သွားရောက် တိုက်ခိုက်ခြင်း ဖြစ်ပြီး ဇနီးမောင်နှံ နှစ်ဦးစလုံး အရေးနိမ့်ကာ ကောင်းကင်ထောင်တော်ထဲတွင် အကျဉ်းချခံရခြင်း သို့မဟုတ် ရေခဲဂူ တစ်ခုခုတွင် ချိတ်ပိတ်ခံလိုက်ရခြင်း မျိုးသာ ဖြစ်လေ့ရှိ၏။

ထို့နောက်တွင်တော့ ဂန္ထဝင်မြောက် ချန်ရှန်း မိခင်ကို ကယ်တင်ခြင်း ဇာတ်ကွက်မျိုး လာတော့မည် ဖြစ်လေသည်။

"ဒါနဲ့ မင်း ခုနက ပြောတဲ့ ညီမလေးက ဘယ်မှာလဲ"

"သူ နေမကောင်းလို့ အခု ရွာထဲက သမားတော်ကြီး အိမ်မှာ နေနေတယ် သူ့ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ အဆင်ပြေအောင်လို့ပါ"

"မင်းရဲ့ ညီမလေးက အသက် ဘယ်လောက်လဲ"

"ကျွန်တော့်ထက် သုံးလ ငယ်ပါတယ်"

ဒီစကားကို ကြားသောအခါ ကျန်းပေရန် ၏ စိတ်ထဲရှိ နောက်ဆုံးသော အတည်ပြုချက်မှာလည်း သေချာသွားလေတော့သည်။

ညီမ ဆိုသည်မှာ ရွယ်တူ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် တစ်နှစ် ငယ်ရမည် ဖြစ်သော်လည်း သုံးလသာ ငယ်ရသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိနိုင်လေသည်။

ထင်သည့်အတိုင်းပင် ကျန်းပေရန် မေးရန် မလိုဘဲ ချူဟွမ် ကိုယ်တိုင်ကပင် ဦးဆောင်၍ ရှင်းပြလာလေသည်။

"သူက ကျွန်တော့်ထက် သုံးလပဲ ငယ်ရတာက အမေက တစ်နေ့မှာ ရုတ်တရက် သူ့ကို ပွေ့ချီလာပြီး နောက်ဆိုရင် သူက ကျွန်တော့်ရဲ့ ညီမလေးပဲလို့ ပြောခဲ့လို့ပါ"

ပြောပြီးနောက် ချူဟွမ် သည် ကျန်းပေရန်ကို တည်ကြည်စွာ တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောလေသည်။

"ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြရဘူးလို့ အမေက မှာထားဖူးတယ် ဒါပေမဲ့ ဘာကြောင့်မှန်း မသိဘူး ဆရာနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဆိုပေမဲ့ ဆရာက အရမ်း ယုံကြည်ရတဲ့သူလို့ ခံစားရလို့ ကျွန်တော် ဆရာ့ကို မလိမ်ချင်ဘူး"

ကျန်းပေရန်က နားထောင်ပြီးနောက် အနည်းငယ် ပြုံးကာ သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

"စိတ်ချပါ ဒီကိစ္စကို ငါ ဘယ်သူ့ကိုမှ ဖွင့်မပြောပါဘူး"

"အင်း ကျွန်တော် ဆရာ့ကို ယုံတယ်"

ချူဟွမ် က အားရပါးရ ခေါင်းညိတ်လိုက်လေသည်။

'တကယ်ကို ကွက်တိပဲ ပါရမီက အရမ်း မြင့်မားတယ် မိဘနှစ်ပါးစလုံး ပျောက်ဆုံးနေတယ် အိမ်မှာ ညီမလေး ရှိတယ် အဲ့ဒီ ညီမလေးကလည်း သွေးသား မတော်စပ်ဘူး မောင်နှမ အချစ်ဇာတ်လမ်း... ကောင်းပြီလေ ဒါကတော့ သေချာပေါက်တော့ မဟုတ်လောက်ဘူး'

အတိုချုပ် ပြောရလျှင် ချူဟွမ်၏ အဓိက ဇာတ်လိုက် ဖြစ်နိုင်ခြေ မှာ အလွန်အမင်း ကျော်လွန်နေပြီ ဖြစ်ရာ ယေဘုယျအားဖြင့် အခွင့်အရေး တစ်ခု ရရှိရုံဖြင့် ကောင်းကင်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ပြီး စာလုံးရေ သန်းပေါင်းများစွာ ပါဝင်သော ဒဏ္ဍာရီ ဇာတ်လမ်း တစ်ပုဒ်ကို ရေးသားနိုင်မည် ဖြစ်လေသည်။

ချူဟွမ် ၏ အခြေခံ အခြေအနေများကို နားလည်ပြီးနောက် ကျန်းပေရန်သည် တံခါးအပြင်ဘက်ရှိ များပြားလှသော လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်၏။

"အဲ့ဒါက ဘယ်အချိန်တည်းက ဒီလိုမျိုး ဖြစ်လာတာလဲ"

"တကယ်တော့ အစပိုင်းက ကျွန်တော် ဒီကိစ္စကို တခြားသူတွေကို မပြောပြရဲခဲ့ဘူး အရမ်း ထူးဆန်းနေတော့ တခြားလူတွေက ကျွန်တော့်ကို လူထူးဆန်း တစ်ယောက်လို့ ထင်သွားမှာ ဆိုးလို့ပါ"

"ဒါပေမဲ့ ရွာကို ပြန်ရောက်လာတဲ့အခါ နေ့တိုင်း လူတွေက ငိုရင်းနဲ့ သတိလစ်သွားတတ်ကြတယ် အားလုံးက လူကောင်းတွေချည်းပါပဲ ပုံမှန်ဆိုရင် ကျွန်တော်နဲ့ ညီမလေး စားစရာ မရှိတဲ့ အခါတိုင်း သူတို့က ကျွန်တော်တို့ကို သူတို့အိမ် ခေါ်ပြီး ကျွေးတတ်ကြတယ် ဒါကြောင့် ကျွန်တော် သူတို့ကို တကယ်ပဲ ကူညီပေးချင်ခဲ့တာ"

"အဲ့ဒီနေ့က အဘွားမေဟွာက ထပ်ပြီး ငိုရင်း သတိလစ်သွားပြန်တယ် သမားတော် ရောက်လာတော့ သူ့ရဲ့ စိတ်ခံစားမှုကို သေချာ ထိန်းချုပ်ထားရမယ်လို့ ပြောတယ် မဟုတ်ရင် ဒီအတိုင်း ဆက်သွားနေရင် အရမ်း အန္တရာယ် များတယ်တဲ့ အကယ်၍ နောက်တစ်ခါ ထပ်ပြီး သတိလစ်သွားဦးမယ် ဆိုရင် ပြန်သတိရလာဖို့ မလွယ်တော့ဘူးတဲ့"

"အဘိုးကျောင်းက ကြားပြီးတဲ့နောက် နေ့တိုင်း အဘွားမေဟွာ ကို နှစ်သိမ့်ပေးခဲ့တယ် ဒါပေမဲ့ အလကားပါပဲ အဘွားမေဟွာ က သူ့သားရဲ့ ပစ္စည်းတွေကို မြင်တာနဲ့ မနေနိုင်ဘဲ ငိုတော့တာပဲ မတတ်သာတဲ့ အဆုံး အဘိုးကျောင်း က သူတို့ သားရဲ့ ပစ္စည်းတွေကို ကျွန်တော့်ဆီ အရင် လာထားထားရတယ်"

"ဒါပေမဲ့ ညရောက်တော့ အဘွားမေဟွာ က ဒီကိစ္စကြောင့် အဘိုးကျောင်း နဲ့ စကားတွေ အကြီးအကျယ် များကြတယ် ကျွန်တော်ကတော့ ဘာမှ ကူညီမပေးနိုင်ခဲ့ဘူး ဒါကြောင့် သူတို့ သားရဲ့ အဝတ်အစားတွေ ထည့်ထားတဲ့ သေတ္တာလေးကို ကိုင်ပြီး အဘွားမေဟွာ တစ်ယောက် သူ့သားကို မြန်မြန် ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးရုံပဲ တတ်နိုင်ခဲ့တယ်"

ဒီနေရာသို့ ရောက်သောအခါ ကျန်းပေရန်က မနေနိုင်ဘဲ ဖြတ်ပြောလိုက်လေသည်

"ပြီးတော့ သူ့သားရဲ့ ဝိညာဉ်က မင်းဆီ ရောက်လာတာပေါ့"

"အင်း"

ချူဟွမ် က ခေါင်းညိတ်လိုက်လေသည်

"ကျွန်တော် ဆုတောင်းပြီး သိပ်မကြာခင်မှာပဲ ဦးလေးမိုင်ဇီ ရဲ့ အသံက ကျွန်တော့် အနောက်ကနေ ထွက်လာတယ် သူက ကျွန်တော့် နာမည်ကို ခေါ်ပြီး သူ့ပစ္စည်းတွေက ဘာလို့ ကျွန်တော့်အိမ်ကို ရောက်နေတာလဲလို့ မေးတယ်"

"အဲ့ဒီနောက်တော့ ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင် အားလုံးကို သူ့ကို ပြောပြလိုက်တယ်"

ဆက်လက် ဖြစ်ပျက်ခဲ့သည်များမှာမူ သူ ခုနက လုပ်ဆောင်ခဲ့သည်များနှင့် အတူတူပင် ဖြစ်လေသည်။သူသည် ဦးလေးမိုင်ဇီ ပြောချင်သော စကားများကို အဘွားမေဟွာ ထံသို့ ပြန်လည် ပြောပြပေးခဲ့လေသည်။အဘွားမေဟွာ မှာ အလွန် ဝမ်းနည်းစွာ ငိုကြွေးနေဆဲ ဖြစ်သော်လည်း သားဖြစ်သူအတွက် သူမသည်လည်း ကြံ့ကြံ့ခံကာ ဆက်လက် ရှင်သန်ရတော့မည် ဖြစ်၏။

ဒီကိစ္စ ပြီးနောက်တွင် ချူဟွမ်သည် မိမိ၏ ဒီထူးခြားသော စွမ်းရည်က ရွာသူရွာသားများကို ကူညီပေးနိုင်ကြောင်း သိရှိသွားခဲ့လေသည်။ ထို့ကြောင့် သူသည် ဆက်လက် ဖုံးကွယ်မထားတော့ဘဲ ဒီကိစ္စကို လူတိုင်းအား ပြောပြလိုက်လေသည်။ ထို့ပြင် ရွာသူရွာသား များမှာလည်း သူမှတစ်ဆင့် မိမိတို့၏ ပြန်မရောက်လာသေးသော ဆွေမျိုးများနှင့် လျင်မြန်စွာ ဆက်သွယ်နိုင်ခဲ့ကြလေသည်။ဆက်သွယ်၍ မရသူများ အတွက်မူ ဝမ်းသာရမလို၊ စိတ်ညစ်ရမလို ဖြစ်နေကြလေသည်။

ဆက်သွယ်၍ မရခြင်းက ၎င်းတို့၏ ဆွေမျိုးများ သေချာပေါက် မသေသေးကြောင်းကို ကိုယ်စားပြုနေသောကြောင့် ဝမ်းသာရခြင်း ဖြစ်သော်လည်း၊ အကယ်၍ ဘာမှမဖြစ်ဘူး ဆိုပါက ဘာကြောင့် ယခုထက်တိုင် ပြန်မရောက်လာသေးသနည်း ဆိုသည်ကမူ စိတ်ညစ်စရာ ဖြစ်နေခြင်းတည်း။

ရွာတိုင်း၊ မြို့တိုင်းတွင် မိမိတို့၏ ဆွေမျိုးများကို ရှာဖွေနေကြသော ဒီအချိန်ကာလအတွင်း ချူဟွမ် ၏ နတ်ဝင်ကလေး ဟူသော နာမည်မှာ အလိုအလျောက် ပျံ့နှံ့သွားခဲ့ပြီး၊ မကြာမီမှာပင် တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ပြည်နယ်တစ်ခုလုံးရှိ လူများမှာ ဒီ သေးငယ်လှသော တုဟယ်ရွာ လေးဆီသို့ အုံနှင့်ကျင်းနှင့် ရောက်ရှိလာကြခြင်း ဖြစ်လေတော့သည်။

"အင်း မင်းက ကလေးအလိမ္မာလေး တစ်ယောက်ပဲ"

ကျန်းပေရန်က ချူဟွမ် ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။

"ဒါပေမဲ့ ကောင်းမှုကုသိုလ် လုပ်တယ် ဆိုတာလည်း အတိုင်းအတာ တစ်ခုတော့ ရှိရမယ် မင်း မကြာသေးခင်က ခေါင်းခဏခဏ ကိုက်တတ်တယ် မဟုတ်လား ပြီးတော့ တစ်ခါကိုက်တိုင်း အရင်တစ်ခေါက်ကထက် ပိုပြီး ဆိုးဆိုးလာတယ် မဟုတ်လား"

"ဟုတ်ကဲ့"

ချူဟွမ် က ချက်ချင်း ခေါင်းညိတ်လိုက်လေသည်။

"ဒါက ကျွန်တော် ဒီထူးခြားတဲ့ စွမ်းရည်ကို အမြဲတမ်း အသုံးပြုနေတာနဲ့ သက်ဆိုင်တယ် ဆိုတာကို ကျွန်တော်လည်း သိပါတယ် ဒါပေမဲ့ သူတို့ကို မြင်ရတဲ့ အခါတိုင်းမှာ"

"မပြောနဲ့တော့ ငါ နားလည်ပါတယ် ဒါကြောင့်လည်း ငါက မင်းကို ကလေးအလိမ္မာလေး လို့ ပြောတာပေါ့"

သာမန် လူတစ်ယောက်သာ ဒီလောက်အထိ ခေါင်းကိုက်နေမည် ဆိုပါက သေချာပေါက် ဆင်ခြင်သွားမည် ဖြစ်ပြီး စွမ်းရည်ကို ဆက်လက် အလွဲသုံးစား ပြုဝံ့မည် မဟုတ်ပေ၊ သို့သော် သူကမူ မိမိ၏ ခွန်အားများ ကုန်ခမ်းသွားသည်အထိ နေ့စဉ် လူများကို ဆက်လက် ကူညီပေးနေဆဲ ဖြစ်ရာ ဒီလိုမျိုး ဖြူစင်သည့် စိတ်ထားမျိုးမှာ တကယ်ကို ရှားပါးလှပေသည်။

"ဒါပေမဲ့ ဒီအတိုင်း ဆက်သွားနေလို့တော့ မရဘူး တခြားသူတွေကို ကူညီတာက ကောင်းတဲ့ ကိစ္စ မှန်ပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုတော့ ပျက်စီးမခံနိုင်ဘူးလေ"

"ကျွန်တော် ကျွန်တော် နည်းနည်းလောက် ထပ်တောင့်ခံနိုင်ပါသေးတယ်"

ချူဟွမ် က လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်လေသည်။

"ဟင့်အင်း မင်း မရတော့ဘူး"

"ကျွန်တော်"

"စိတ်ချပါ ငါက မင်းကို တခြားသူတွေကို ကူညီပေးနေတာကနေ လက်လျှော့ခိုင်းတာ မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အခြေအနေမျိုး ရောက်မှ တခြားသူတွေကို ဆက်ကူညီဖို့ ပြောတာပါ ဒီကိစ္စမှာ ငါ မင်းကို ကူညီပေးမယ်"

ကျန်းပေရန် စကားဆုံးသည်နှင့် တာ့ဟူသည် အမိုးပေါ်မှ လွင့်မျောကာ ဝင်ရောက်လာလေသည်။

"ကျေးဇူးရှင် ကျွန်တော့်ကို ခေါ်လိုက်တာလား"

တာ့ဟူ၏ အသံကို ကြားလိုက်ရသောအခါ ချူဟွမ် သည် ရင်ထဲတွင် ဒိုင်းခနဲ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီးနောက် မူးဝေနောက်ကျိသည့် ခံစားချက်များက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။

ကျန်းပေရန်က အလျင်အမြန်ပင် သူ၏ ကျောပြင်ကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီးနောက် တာ့ဟူကို ပြောလိုက်၏။

"မင်းရဲ့ တစ္ဆေ အငွေ့အသက်တွေကို နည်းနည်း ပြန်သိမ်းထားလိုက် ဒီကလေး ခံနိုင်ရည် မရှိဘူး"

တာ့ဟူက ကြားလိုက်ရသည်နှင့် တစ္ဆေ အငွေ့အသက်များကို အလျင်အမြန် ပြန်သိမ်းလိုက်ကာ ပြောလိုက်လေသည်။

"တောင်းပန်ပါတယ် ကျေးဇူးရှင် ကျွန်တော်က အလောတကြီး လာရတာဆိုတော့ မသိလိုက်လို့"

"ရတယ်"

တာ့ဟူ ကို လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ကျန်းပေရန်က ပြောလိုက်၏။

"ဒါပေမဲ့ ကြည့်ရတာ မင်းက စွမ်းအားတွေကို လိုသလို ထုတ်လွှတ် သိမ်းဆည်းနိုင်တဲ့ အဆင့်အထိ လုံးဝ မရောက်သေးဘူး ထင်တယ် ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲ မင်း ကျင့်ကြံရတဲ့ အချိန်က သိပ်မှ မများသေးတာ ဒီတစ်ခေါက် မင်းကို ခေါ်လိုက်တာက ကူညီခိုင်းစရာလေး ရှိလို့ပါ အခုကြည့်ရတာ တစ္ဆေ အငွေ့အသက်တွေကို ထုတ်လွှတ် သိမ်းဆည်းတာကိုပါ တစ်ခါတည်း လေ့ကျင့်ပေးလို့ ရသွားတာပေါ့"

ကျန်းပေရန်က ပြောပြီးနောက် ချူဟွမ်ကို သေချာ ထိန်းကိုင်ပေးလိုက်ပြီး အဆောင်လက်ဖွဲ့များနှင့် မှော်ပစ္စည်းများကို ထုတ်ယူကာ သူ၏ ခြေအောက်တွင် အစီအရင် တစ်ခု ချထားလိုက်လေသည်

အစီအရင် ချထားပြီးနောက် ကျန်းပေရန်သည် ကန်လု အဆောင်လက်ဖွဲ့များကို ထပ်မံ ထုတ်ယူကာ ချူဟွမ်၏ ယွင်မင်၊ ချီဇယ်၊ ရှောင်ရှန်း၊ ရှာပိုင် သွေးကြော အမှတ်များပေါ်တွင် အသီးသီး ကပ်ပေးလိုက်လေသည်

ဒီအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ကျန်းပေရန်က တာ့ဟူ ကို ကြည့်ကာ မေးလိုက်၏

"ခန္ဓာကိုယ်ထဲ ဝင်ရောက် ပူးကပ်တာကို မင်း သင်ပြီးလောက်ပြီ မဟုတ်လား"

တစ္ဆေ ကျင့်ကြံသူ များ၏ အဓိက တိုက်ခိုက်ရေး နည်းလမ်း တစ်ခုမှာ ဝိညာဉ်များကို ခန္ဓာကိုယ်အတွင်း ပူးကပ်စေခြင်းဖြင့် တိုက်ခိုက်ရေး စွမ်းအားကို အဆမတန် တိုးမြှင့်ခြင်း ဖြစ်ရာ ကျန်းယီ ဘုန်းတော်ကြီး သည် ဒီနည်းလမ်းကို သူ့အား သေချာပေါက် သင်ပေးထားလိမ့်မည်ဟု ကျန်းပေရန် ယူဆထားလေသည်

"အင်း ဘုန်းတော်ကြီး က ကျွန်တော့်ကို သင်ပေးပြီးပါပြီ"

"ကောင်းပြီ ဒါဆို အခု မင်း သူ့ကိုယ်ထဲကို ဝင်ပူးကြည့်လိုက်"

အနည်းငယ် အားနည်းနေပုံရသော ချူဟွမ် ကို ကြည့်ရင်း တာ့ဟူ အနည်းငယ် စိုးရိမ်သွားလေသည်၊ ဘုန်းတော်ကြီးက သူ့အား သင်ပေးစဉ်က တခြားသူများ၏ ခန္ဓာကိုယ်ထဲသို့ မဆင်မခြင် မဝင်ရောက်ရန်၊ မဟုတ်ပါက အလွန် အန္တရာယ် များကြောင်း ပြောထားဖူးသောကြောင့် ဖြစ်၏၊ သို့သော် ကျေးဇူးရှင် ဒီနေရာတွင် ရှိနေသည်ကို တွေးမိသဖြင့် စိတ်ကို တင်းကာ ချူဟွမ်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်

တာ့ဟူသည် ချူဟွမ် ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့် တစ်ခဏမှာပင် ချူဟွမ် ၏ ခြေအောက်ရှိ ဟယ်ကူ အစီအရင် မှာ ချက်ချင်း လည်ပတ်သွားပြီး သူ၏ ကိုယ်ပေါ်ရှိ ကန်လု အဆောင်လက်ဖွဲ့ ငါးရွက်မှာလည်း မှိန်ပျပျ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာလေသည်

'တကယ်ပဲ နည်းနည်းတော့ အတင်းအကျပ် ဖြစ်နေသေးတာပဲ'

ကျန်းပေရန်သည် ထပ်ဆင့် ကာကွယ်မှုများ ပြုလုပ်ထားခြင်းမှာ ချူဟွမ် တောင့်မခံနိုင်တော့သည့် အချိန်ကျမှသာ အသက်သွင်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်၊ သို့သော် တာ့ဟူ ဝင်ရောက်သွားသည်နှင့် ဒီနောက်ဆုံးသော အာမခံချက်များ အားလုံးကို အသုံးပြုလိုက်ရသဖြင့် ချူဟွမ် သည် ဒီလိုမျိုး ဝင်ရောက် ပူးကပ်မှုကို အမှန်တကယ်ပင် ခံနိုင်ရည် မရှိကြောင်း ပြသနေလေသည်

သို့သော် ကျန်းပေရန်က တာ့ဟူကို ချူဟွမ် ၏ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာရန် ပြင်လိုက်စဉ်မှာပင် ချူဟွမ် ၏ မျက်လုံးအိမ် နှစ်ဖက်မှာ ရွှေရောင် တစ်ဖက်၊ ငွေရောင် တစ်ဖက်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်၊ တစ်ချိန်တည်းမှာပင် ဆံပင်များမှာလည်း အလွန် လျင်မြန်သော အရှိန်ဖြင့် ရှည်ထွက်လာပြီး အနီရောင်သို့ ပြောင်းလဲသွားလေသည်

'အိုဟို အဓိက ဇာတ်လိုက်နဲ့ တကယ်ကို ထိုက်တန်တာပဲ'

ချူဟွမ် ၏ ဒီလိုမျိုး အဆက်မပြတ် ပြောင်းလဲမှုများကို ကြည့်ရင်း ကျန်းပေရန်သည် မိမိ အမှတ်မထင် လုပ်လိုက်မိခြင်းက သူ၏ ရန်နှင့် တု သွေးကြောမကြီး နှစ်ခုကို ပွင့်သွားစေခဲ့ပြီး သူ၏ ပါရမီ နိုးထလာမှုကို နောက်တစ်ဆင့်သို့ ရောက်ရှိသွားစေခဲ့ခြင်း ဖြစ်မည်ဟု တွေးလိုက်မိလေသည်

"ကျွန်တော် ကျွန်တော် ဘာဖြစ်သွားတာလဲ"

ချူဟွမ်သည် သူ၏ ပိုမို ပူနွေးလာသော ခန္ဓာကိုယ်ကို ခံစားရင်း ဘာလုပ်ရမှန်း မသိ ဖြစ်နေလေသည်

"ကိစ္စမရှိပါဘူး မင်းက ပိုပြီး အားကောင်းလာနေတာပါ ဒီလိုဆိုရင် မင်းက လူတွေကို ပိုပြီး ကူညီပေးနိုင်တော့မှာပေါ့"

ကျန်းပေရန်၏ စကားကို ကြားသောအခါ ချူဟွမ်မှာ ချက်ချင်းပင် တည်ငြိမ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်

"ကျေးဇူးတင်ပါတယ်"

"အားနာစရာ မလိုပါဘူး"

ကျန်းပေရန်က ပြောပြီးနောက် ကိစ္စရပ်များ သူ ထိန်းချုပ်၍ မရသော လမ်းကြောင်းသို့ ရောက်ရှိမသွားစေရန် နောက်ဆုံး ကာကွယ်ရေး အနေဖြင့် ကောင်းကင်ရတနာ ကျောက်စိမ်း တစ်တုံးကို ထုတ်ယူကာ ချူဟွမ် ၏ နဖူးပေါ်တွင် ထပ်မံ ကပ်ပေးလိုက်လေသည်

အခန်း ၆၉၃ ပေးဆပ်ရမည့် တန်ဖိုး

နာရီဝက်ခန့် အကြာတွင် ချူဟွမ် ၏ ဆံပင်များ ရှည်ထွက်နေခြင်း ရပ်တန့်သွားပြီး ခန္ဓာကိုယ် အခြေအနေလည်း တဖြည်းဖြည်း တည်ငြိမ်လာလေသည်။

ချူဟွမ် ၏ အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို ခံစားမိပြီးနောက် ကျန်းပေရန် က မေးလိုက်၏။

"ဘယ်လို ခံစားရလဲ"

ချူဟွမ် က ကြားပြီးနောက် ခေတ္တမျှ အသက်ရှူမှန်အောင် လုပ်ပြီးမှ ပြန်ဖြေလိုက်လေသည်။

"ခံစားရတာ အရမ်းကောင်းတယ်"

"အင်း ဒါဆိုလည်း ဒီစွမ်းအားသစ်ကို ခဏလောက် အသားကျအောင် နေလိုက်ဦး လုံးဝ အသားကျသွားရင် နောက်ဆို ခေါင်းကိုက်တဲ့ ပြဿနာကို ပူပန်စရာ မလိုတော့ဘူး"

ချူဟွမ် ခေါင်းကိုက်ရခြင်းမှာ သဘာဝကျကျပင် စိတ်ဝိညာဉ်စွမ်းအား မလုံလောက်သောကြောင့် ဖြစ်ပြီး ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားမှာ အပြန်အလှန် အသုံးပြု၍ ရနိုင်လေသည်။ ထို့ကြောင့် တာ့ဟူ ကဲ့သို့သော အလွန်ကြီးမားသည့် စွမ်းအင်အရင်းအမြစ်ကြီး ရှိနေသရွေ့ ချူဟွမ် အနေဖြင့် စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားမည့် ပြဿနာကို လုံးဝ ပူပန်စရာ မလိုတော့ကြောင်း သိရ၏။

ချူဟွမ် အသားကျအောင် နေနေစဉ်အတွင်း ကျန်းပေရန် က စဉ်းစားပြီးနောက် မေးလိုက်၏။

"မင်း အဖေ နာမည် ဘယ်လိုခေါ်လဲ သိလား"

ချူဟွမ် က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလေသည်။

"မသိဘူး ကျွန်တော်လည်း သူ့ကို တစ်ခါမှ မမြင်ဖူးဘူး"

"ဒါဆို မင်း အမေရော"

"အမေ့ နာမည်က ချွန်းဟွာ လို့ ခေါ်တယ်"

"..."

"..."

ဒီလောက် ရိုးရှင်းလွန်းတဲ့ နာမည်ကို ကြားလိုက်ရသဖြင့် ကျန်းပေရန် ကြောင်အသွားလေသည်။ သားနာမည်က ချူဟွမ် အမေနာမည်က ချွန်းဟွာတဲ့လား ပုံစံက လုံးဝ တိုက်ဆိုင်မှု မရှိဘူးဟု သူ တွေးလိုက်မိ၏။

ချွန်းဟွာ ဆိုသည်မှာ နာမည်ဝှက် တစ်ခု ဖြစ်ကြောင်း ကျန်းပေရန် အခြေခံအားဖြင့် သေချာနေသော်လည်း ကိုယ့်ကိုယ်ကိုယ် နာမည်ဝှက် ပေးပြီးမှ သားဖြစ်သူကိုပါ တစ်ခုလောက် မပေးနိုင်ဘူးလား မဟုတ်ရင် ဘာအဓိပ္ပာယ် ရှိမှာလဲ တခြားသူတွေက သားဖြစ်သူရဲ့ နာမည်ကို ကြားလိုက်တာနဲ့ တစ်ခုခု မှားနေမှန်း သိသွားမှာပဲဟု တွေးမိလေသည်။

'အင်း'

ထိုအကြောင်းကို တွေးမိပြီးနောက် ကျန်းပေရန်က ချူဟွမ် ကို ကြည့်ကာ ထပ်မေးလိုက်၏။

"မင်း အမေက ပုံမှန်ဆို မင်းကို ဘယ်လို ခေါ်လဲ"

"ဖျင်အန်း လို့ ခေါ်တယ်"

'ဒါမှ မှန်သွားတာပေါ့'

ယေဘုယျအားဖြင့် မိဘအများစုမှာ သားသမီးများကို တိရစ္ဆာန် အမည်များ မှည့်ခေါ်လေ့ ရှိကြသည်။ တိရစ္ဆာန်များ၏ အသက်ရှင်သန်နိုင်စွမ်းမှာ သာမန်လူများထက် ပိုမို အားကောင်းသဖြင့် ကလေးငယ် ကျန်းမာစွာ ကြီးပြင်းလာစေရန် မျှော်လင့်ချက်ဖြင့် ထိုသို့ မှည့်ခေါ်ခြင်း ဖြစ်လေသည်။

သို့သော် မိဘတိုင်းက ထိုအယူအဆကို ယုံကြည်ကြသည် မဟုတ်ပေ၊ ဖျင်အန်း၊ ထိုက်ဖျင်၊ ရှီးလဲ့၊ ကျီရှန် စသည့် နာမည်မျိုးများမှာလည်း အလွန် အတွေ့ရများလေသည်။

ထိုအရာက မိဘများ၏ အကောင်းဆုံးသော မျှော်လင့်ချက်များ ပါဝင်နေခြင်းပင် ဖြစ်၏။

သို့သော် ဒီလိုဆိုလျှင် သူ၏ မိဘများနှင့် ပတ်သက်သော သဲလွန်စများ ပြတ်တောက်သွားပြီ ဖြစ်သည်၊ သူ၏ မိဘများ နာမည်ကို စုံစမ်းသိရှိနိုင်ပါက အလွယ်တကူ ကယ်တင်ပေးလိုက်ရန် ကျန်းပေရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် စာလုံးရေ သန်းချီသော စွန့်စားခန်းများကို တိုက်ရိုက် လျှော့ချပေးနိုင်မည် ဖြစ်လေသည်။

သို့သော် မဖြစ်နိုင်တော့မှတော့ သူ့ကို အဓိကဇာတ်လိုက် ၏ လမ်းစဉ်အတိုင်းသာ ဆက်လျှောက်ခိုင်းရတော့မည် ဖြစ်သည်။ မဟုတ်ပါက သူသည်လည်း ထိုက်တန်သော ကြီးထွားလာမှုများကို ရရှိနိုင်မည် မဟုတ်ကြောင်း သိရ၏။

ခန္ဓာကိုယ်ထဲရှိ စွမ်းအားသစ်ကို လုံးဝ အသားကျသွားသောအခါ ချူဟွမ် က သူ၏ ရှည်လျား နီရဲနေသော ဆံပင်များကို ကိုင်ကာ ကျန်းပေရန် ကို ပြောလိုက်၏။

"ဆရာ ဒီဆံပင်တွေကို ဘယ်လိုလုပ်ရမလဲ"

"မင်း သဘောမကျလို့လား"

"သဘောမကျတာတော့ မဟုတ်ပါဘူး ရွာသားတွေ မြင်ရင် လန့်သွားကြမှာ စိုးလို့ပါ"

"မင်းက အခု သူတို့ မျက်လုံးထဲမှာ နတ်တစ်ဝက် ဖြစ်နေပြီလေ အရမ်း ရိုးရှင်းလွန်းနေရင်တောင် သူတို့က ထူးဆန်းနေဦးမှာ မယုံရင် စမ်းကြည့်ပါလား"

"ဒါပေမဲ့ ကောင်းပါပြီလေ"

ချူဟွမ် မှာ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သော်လည်း ဆရာက ထိုသို့ ပြောလာမှတော့ သူလည်း စမ်းကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

"ဟူး"

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ချူဟွမ် က တံခါးဝသို့ လျှောက်သွားကာ အော်ပြောလိုက်၏။

"နောက်တစ်ယောက် ဝင်လာလို့ ရပါပြီ"

ယခုတစ်ကြိမ် ဝင်လာသူမှာ အသက် ဆယ့်ငါးနှစ်ခန့် အရွယ် မိန်းကလေး တစ်ဦး ဖြစ်သည်၊ ဖာထေးထားသော အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင်လည်း ဖုန်အလိမ်းလိမ်း ကပ်နေကာ ဒီနေရာသို့ ရောက်ရန် အခက်အခဲ များစွာကို ဖြတ်ကျော်လာရဟန် ရှိလေသည်။

ချူဟွမ်ကို မြင်လိုက်ရသည့် တစ်ခဏတွင် မိန်းကလေးမှာ သိသိသာသာ တုန်လှုပ်သွားပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှု အချို့ ပေါ်လွင်နေသည်၊ သို့သော် မကြာမီမှာပင် သူမက ထိုကြောက်ရွံ့မှုကို အတင်း ဖိနှိပ်လိုက်ပြီး ချူဟွမ် ၏ ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်၏။

"ကျေးဇူးပြုပြီး ကူညီပါဦး ဆရာ"

ချူဟွမ် မြင်သောအခါ အလျင်အမြန် သွားထူလိုက်သည်၊ သို့သော် သူ တွေးထားသလိုမျိုး မထူနိုင်ခြင်းမျိုး မဖြစ်ပေါ်လာဘဲ အသာအယာ မလိုက်ရုံဖြင့် မိန်းကလေးမှာ တိုက်ရိုက် မတ်တပ်ရပ်လျက်သား ဖြစ်သွားလေသည်။

မိန်းကလေး မှာလည်း ချူဟွမ် ၏ ခွန်အားကြောင့် သိသိသာသာ အံ့အားသင့်သွားပြီး မိမိရှေ့ရှိ ကလေးငယ်နှင့် တူသော သူမှာ ကောလာဟလများထဲမှ နတ်တစ်ဝက် ဖြစ်ကြောင်း ပိုမို သေချာသွားလေသည်။

ချူဟွမ်မှာလည်း ယခုအချိန်တွင် အလွန် အံ့အားသင့်နေ၏၊ သူ၏ ယခင် ခွန်အားဖြင့်ဆိုလျှင် အဘွားအို တစ်ဦးကိုပင် ထူနိုင်စွမ်း မရှိခဲ့ပေ၊ သို့သော် ယခုတစ်ကြိမ်တွင်မူ အစ်မကြီး အရွယ် မိန်းကလေး တစ်ဦးကို အလွန် လွယ်ကူစွာ ထူမနိုင်ခဲ့လေသည်။

ဒီလိုမျိုး အစ်မကြီး အရွယ်များ ရုန်းကန်လာပါက ခွန်အား မည်မျှ ကြီးမားကြောင်းကို သူ ကိုယ်တိုင် ကြုံတွေ့ဖူးသည် ဖြစ်ရာ ပို၍ပင် အံ့အားသင့်သွားရခြင်း ဖြစ်၏။

မိမိ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ပြန်လည် တွေးတောမိပြီးနောက် ချူဟွမ် မနေနိုင်ဘဲ စဉ်းစားလိုက်မိလေသည်။

'ငါလည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားပြီလား'

သာမန်လူများ အတွက်မူ ကျင့်ကြံသူ များမှာ အလွန် မြင့်မြတ်သော နေရာတွင် ရှိနေသူများ ဖြစ်ကြသည်၊ ၎င်းတို့မှာ ကမ္ဘာတစ်ခုတည်းတွင် နေထိုင်ကြသော်လည်း လုံးဝ ပြိုင်တူမျဉ်း ပေါ်တွင် မရှိကြဘဲ ဖြတ်သန်းရသော ဘဝများမှာလည်း လုံးဝ ကွာခြားလှလေသည်။

ချူဟွမ် လည်း တစ်ခါတရံ ကျင့်ကြံသူ များကို အားကျခဲ့ဖူးသည်။ထိုသို့ ဖြစ်လာပါက မိမိ၏ မိဘများကို သွားရောက် ရှာဖွေနိုင်မည် ဖြစ်ပြီး ညီမလေးကိုလည်း ပိုမို ကောင်းမွန်စွာ စောင့်ရှောက်နိုင်မည် ဖြစ်သောကြောင့် ဖြစ်လေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူကဲ့သို့ ဘာမှမရှိသော သာမန်လူ တစ်ယောက် အနေဖြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ပိုမို ခက်ခဲလှလေသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် မိမိ တွေးတောင် မတွေးရဲခဲ့သော ထိုကမ္ဘာထဲသို့ ခြေလှမ်း ဝင်ရောက်သွားပြီဟု ထင်ရလေသည်။

ချူဟွမ် က မိမိထံသို့ လှမ်းကြည့်လာသည်ကို မြင်သောအခါ ကျန်းပေရန် က တိတ်တိတ်နေရန် အမူအရာ ပြလိုက်ပြီး မိန်းကလေး ကို လက်ညှိုးထိုး ပြလိုက်၏။

အဓိပ္ပာယ်ကို နားလည်သွားသော ချူဟွမ် က ခေါင်းညိတ်လိုက်ပြီး မိန်းကလေး ကို ကြည့်ကာ မေးလိုက်လေသည်။

"ကျွန်တော့်ကို ဒူးထောက်စရာ မလိုပါဘူး ခင်ဗျား ရှာချင်တဲ့သူကိုသာ ပြောပြပါ"

ချူဟွမ်၏ ကလေးအသံလေးကို ကြားရသောအခါ မိန်းကလေး ၏ ရင်ထဲမှ စိုးရိမ်ထိတ်လန့်မှုများ အတော်လေး လျော့ကျသွားပြီး ခါးကြားမှ ဘီးလေး တစ်ချောင်းကို တုန်ယင်စွာ ထုတ်ယူကာ ပြောလိုက်၏။

"ကျွန်မ အမေ့ကို ရှာချင်လို့ပါ ဒါက သူ နေ့တိုင်း သုံးနေကျ ဘီးလေးပါ ရနိုင်မလား"

"ရပါတယ်"

မိန်းကလေး ကမ်းပေးသော ဘီးကို ယူလိုက်ပြီးနောက် ချူဟွမ် သည် မျက်စိမှိတ်ကာ ထိုထူးဆန်းသော စွမ်းအားကို စတင် အသုံးပြုလိုက်လေသည်။

"ဟူး"

နောက်တစ်စက္ကန့်တွင် ချူဟွမ် သည် ရုတ်တရက် လေအေးများ ရှူသွင်းလိုက်မိသည်၊ အခြား အကြောင်းပြချက် မရှိပေ ထိုထူးဆန်းသော စွမ်းအားမှာ ပိုမို အားကောင်းလာပြီး တစ်ခဏ အတွင်းမှာပင် သူသည် တျန်းတိုင်းပြည် တစ်ခုလုံးကို ပြေးလွှားသွားခဲ့သကဲ့သို့ ခံစားလိုက်ရကာ သူ ရှာဖွေနေသော ပစ်မှတ်ကို ရှာတွေ့သွားသောကြောင့် ဖြစ်၏။

'အရမ်း အရမ်းကို အစွမ်းထက်တာပဲ'

ဒီစွမ်းအားက ဘာလဲဆိုတာကို ချူဟွမ် ယခုထက်တိုင် မသိသေးသော်လည်း ပိုမို အားကောင်းလာကြောင်းကိုမူ ရှင်းလင်းစွာ သိရှိနေသည်၊ ပိုမို အားကောင်းလာရခြင်း၏ အကြောင်းရင်းမှာလည်း သဘာဝကျကျပင် ဆရာက သူ့အား လမ်းညွှန်ပေးခဲ့သောကြောင့် ဖြစ်၏။

ချူဟွမ်၏ စိတ်ဝိညာဉ်စွမ်းအား လမ်းညွှန်မှုနှင့်အတူ အသက်အရွယ် သိပ်မကြီးသေးပုံရသော အမျိုးသမီး တစ်ဦး၏ ဝိညာဉ် သည် တဲအိမ်လေး ထဲသို့ ရောက်ရှိလာလေသည်၊ မိန်းကလေး ကို မြင်လိုက်ရသည့် တစ်ခဏတွင် အမျိုးသမီး၏ မျက်လုံးများမှာ တုံးအ တွေဝေမှုများမှ တောက်ပ အသက်ဝင်လာလေသည်။

"ဖန်ယာ လား ဖန်ယာ သမီး ဘာဖြစ်လို့လဲ ဘာလို့ တစ်ကိုယ်လုံး ဒီလောက် ပေကျံနေရတာလဲ ဘယ်သူက သမီးကို အနိုင်ကျင့်လို့လဲ အမေ သွားပြီး ဆုံးမပေးမယ် ဖန်ယာ သမီး ဘာလို့ စကားမပြောတာလဲ အမေ ဒီမှာ ရှိတယ်လေ"

ထိုစဉ် ကျန်းပေရန် က ပြောလိုက်၏။

"တာ့ဟူ မင်း အလှည့် ရောက်ပြီ"

ချူဟွမ် ၏ ခန္ဓာကိုယ်ထဲတွင် ဝင်ရောက် ပူးကပ်နေသော တာ့ဟူ က ကြားလိုက်ရသည်နှင့် အလျင်အမြန် စိတ်ဝိညာဉ် အချို့ကို ခွဲထုတ်ကာ ဝိညာဉ် ပုံစံဖြင့် ထွက်ပေါ်လာပြီး ကျန်းပေရန် ကို လက်ယှက် ဂါရဝပြုလျက် ပြောလိုက်လေသည်။

"ကျေးဇူးရှင် ကျွန်တော့် အလှည့်ဆိုတာ ဘာကို ပြောတာလဲ"

ကျန်းပေရန် က အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်၏။

"မင်း မူလက လုပ်ရမယ့် ကိစ္စကို မေ့သွားပြီလား"

"သေချာပေါက် မမေ့ရဲပါဘူး ကျွန်တော် အရင်က အို"

စကားတစ်ဝက်၌ တာ့ဟူသည် နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

သူသည် မူလက စစ်ပွဲအတွင်း ကျဆုံးသွားသူများ၏ ဝိညာဉ် များကို နှစ်သိမ့်ပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်၊ သို့သော် တစ်ယောက်ချင်းစီ လိုက်ရှာကာ ဖြေရှင်း နှစ်သိမ့်ပေးရန်မှာ အချိန် အလွန် ယူရမည် ဖြစ်သည်၊ ယခု ဒီကလေးငယ် ရှိနေပြီ ဖြစ်ရာ အရာရာတိုင်းမှာ တစ်ခဏ အတွင်းမှာပင် အလွန် လွယ်ကူသွားလေတော့သည်။

အခြေအနေကို နားလည်သွားပြီးနောက် တာ့ဟူက ထိုအမျိုးသမီး ကို ချက်ချင်း ပြောလိုက်လေသည်။

"သူ ခင်ဗျား ပြောတာကို မကြားရဘူး"

"ရှင်က ဘယ်သူလဲ"

ရုတ်တရက် ထွက်ပေါ်လာသော တာ့ဟူ ကို မြင်သောအခါ အမျိုးသမီး မှာ သိသိသာသာ လန့်သွားလေသည်။

ဒီလိုမျိုး ကိုယ်သေသွားမှန်း ကိုယ်မသိသေးသော တစ္ဆေမျိုးကို တာ့ဟူ လည်း အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးသည် ဖြစ်ရာ နံရံနားသို့ လျှောက်သွားကာ လက်ကို ဆန့်ထုတ်လိုက်လေသည်။

တာ့ဟူ ၏ လက်မောင်း နံရံကို ဖောက်ထွက်သွားသည့် တစ်ခဏတွင် အမျိုးသမီး မှာ သိသိသာသာ အံ့အားသင့်သွားပြီး အော်ဟစ်လိုက်လေသည်။

"တစ္ဆေ ကြီး"

"ဟုတ်တယ် ခင်ဗျားလည်း အတူတူပဲ"

တာ့ဟူက အမျိုးသမီး ကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။

သို့သော် အမျိုးသမီး မှာ ယခုအချိန်တွင် ဘာကိုမျှ နားမဝင်တော့ဘဲ အဆက်မပြတ် အော်ဟစ်ကာ ဟိုဟိုဒီဒီ ပျံသန်းနေလေတော့သည်။

သူမ မျက်နှာကြက် ကို ဖောက်ထွက်သွားပြီး မျက်နှာကြက် မှတစ်ဆင့် အခန်းထဲသို့ ပြန်လည် ရောက်ရှိလာသည်ကို သတိထားမိသည့် အချိန်ကျမှသာ နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။

"ငါ သေသွားပြီလား"

"အင်း"

တာ့ဟူ က သူမကို ခေါင်းညိတ်ပြလိုက်လေသည်။

"အရမ်း စိတ်မကောင်း ဖြစ်ရပေမယ့် ခင်ဗျားက တကယ်ပဲ ကျုပ်လို ဖြစ်သွားပြီ"

အမျိုးသမီးမှာ ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မိမိ၏ ဖောက်ထွင်း မြင်နေရသော လက်နှစ်ဖက်ကို ကြည့်ကာ ငိုကြွေး အော်ဟစ်လေတော့သည်။

"မဖြစ်ဘူးလေ ငါ သေလို့ မရဘူး ငါ့သမီးက ငါ့ကို စောင့်နေတုန်းပဲ ကြည့် ကြည့် ဒါ ငါ့သမီးလေးလေ သူက အရမ်း ငယ်သေးတာ ငါ ဂရုစိုက်ပေးဖို့ လိုသေးတယ်"

တာ့ဟူ က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"အင်း ကျုပ် သိပါတယ် ခင်ဗျားရဲ့ သမီးကလည်း ခင်ဗျားကို အရမ်း လွမ်းနေတာ သူ့ပုံစံကို ကြည့်ရတာ ဒီနေရာကို ရောက်ဖို့ အဝေးကြီးကနေ လာခဲ့ရပုံပဲ အဲ့ဒါက ခင်ဗျားရဲ့ သတင်းကို စုံစမ်းဖို့ပဲလေ"

အမျိုးသမီးက ကြားလိုက်ရသောအခါ မနေနိုင်ဘဲ မျက်နှာကို လက်ဖြင့် အုပ်ကာ ငိုကြွေးလေတော့သည်။ ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေလေ၏။

"ငါ သေလို့ မရဘူး ငါ သေလို့ မဖြစ်သေးဘူး"

"ဆရာ ကျွန်မ အမေ့ကို ရှာတွေ့ပြီလား"

ထိုစဉ် မိန်းကလေး က ချူဟွမ် အချိန်အတော်ကြာအောင် စကားမပြောသည်ကို မြင်သောအခါ မနေနိုင်ဘဲ ခေါင်းမော့ကာ မေးလိုက်လေသည်။

ချူဟွမ် က ကြားပြီးနောက် ခဏတာ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်၏။

"အင်း သူ ရောက်လာပြီ"

မိန်းကလေး မှာ ကြားလိုက်ရသည်နှင့် ဒူးထောက်ကျသွားလေသည်၊ ဆရာ က တစ္ဆေ များကိုသာ မြင်နိုင်သည် ဆိုမှတော့ သူမ၏ အမေ ရောက်လာသည် ဆိုသည်မှာ အမေက သေဆုံးသွားပြီဟု ဆိုလိုခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

"သူ သူ ဘာတွေ ပြောသေးလဲ"

မိန်းကလေး သည် ချူဟွမ် မိမိကို လိမ်နေသည်ဟု သံသယ မဝင်ပေ၊ ရင်ထဲမှ ဝမ်းနည်းမှုကို အတင်း အောင့်အည်းကာ ဆက်မေးလိုက်လေသည်။

ချူဟွမ် ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် နားထဲတွင် ထိုအမျိုးသမီး ၏ စိုးရိမ်တကြီး အော်သံကို ကြားလိုက်ရလေသည်။

"နေဦး ခဏလောက် နေပါဦး ငါ ငိုနေတယ် ဆိုတာကို သူ့ကို မပြောပြပါနဲ့"

အမျိုးသမီး က ပြောပြီးနောက် မိမိ၏ ဆံပင်များကို အားရပါးရ ဆွဲဖွလိုက်ပြီး စိတ်ခံစားမှုများကို ဖောက်ခွဲလိုက်ကာ ဆက်ပြောလေသည်။

"သူ အသက်ရှင်နေသေးလို့ အမေ အရမ်း ဝမ်းသာတယ်လို့ ပြောပေးပါ နောက်ဆိုရင်တော့ မောင်လေး ညီမလေးတွေကို ဂရုစိုက်ဖို့ သူ ပင်ပန်းရတော့မယ်လို့ ပြောပေးပါ"

ချူဟွမ် က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်ကာ ထိုစကားများကို မိန်းကလေး ထံသို့ ပြန်လည် ပြောပြလိုက်လေသည်။

အမေ ဖြစ်သူ၏ မှာကြားစကားကို ကြားပြီးနောက် မိန်းကလေး မှာ ရင်ထဲမှ ဝမ်းနည်းမှုများကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာကို အုပ်ကာ အသံကုန် ငိုကြွေးလေတော့သည်။

သမီးဖြစ်သူ အကြီးအကျယ် ငိုကြွေးနေသည်ကို မြင်သောအခါ အမျိုးသမီး က အလျင်အမြန် ပြေးသွားကာ ဖက်ထားရန် ကြိုးစားလိုက်သည်။ သို့သော် လက်များမှာ သူမ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။

လုပ်လို့ မရနိုင်တော့ကြောင်း သိရ၏၊ သူမ မိမိ၏ ဖန်ယာ လေးကို ဘယ်တော့မှ ပြန်ဖက်လို့ မရနိုင်တော့ပေ။

ထိုအကြောင်းကို တွေးမိသောအခါ အမျိုးသမီး မှာလည်း ရင်ထဲမှ ဝမ်းနည်းမှုများကို ဆက်လက် ဖိနှိပ်မထားနိုင်တော့ဘဲ မိန်းကလေး ၏ ဘေးတွင် ဒူးထောက်ထိုင်ကာ ငိုကြွေးလေတော့သည်။

ဒီလို မြင်ကွင်းမျိုးကို တာ့ဟူ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သော်လည်း မြင်ရတိုင်း ရွာထဲက လူအားလုံးကို သတိရမိမြဲ ဖြစ်သည်၊ ရွာတစ်ရွာလုံးတွင် မိမိ တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်ကို တွေးမိတိုင်း သူလည်း အရမ်း ငိုချင်လာပြီး မိမိ၏ ဇနီးသည်ကိုလည်း အလွန် လွမ်းဆွတ်မိလေသည်။

ထိုစဉ် ကျန်းပေရန် က ရှေ့သို့ လျှောက်သွားကာ ချူဟွမ်ကို ပုတ်လိုက်ပြီး အမိန့်တံဆိပ်ပြား တစ်ခုကို ကမ်းပေးကာ ပြောလိုက်၏။

"အကယ်၍ ကျင့်ကြံသူ တွေ မင်းကို လာပြီး ဒုက္ခပေးရင် ဒီ အမိန့်တံဆိပ်ပြား ကို ပြလိုက် မင်းက တျန်းယာဂိုဏ်းက လူလို့ သူတို့ကို ပြောလိုက်"

ချူဟွမ် မှာ အနည်းငယ် နားမလည် ဖြစ်နေသော်လည်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။

"ဟုတ်ကဲ့ ကျွန်တော် သိပါပြီ"

ထို့နောက် ကျန်းပေရန် က တာ့ဟူ ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်၏။

"မင်း ဒီမှာပဲ သူ့ကို ကူညီပေးနေလိုက် ကိစ္စတွေ ပြီးသွားရင် မင်းတို့ကို လာရှာမယ်"

"ကောင်းပါပြီ ကျေးဇူးရှင်"

တာ့ဟူ က ကျန်းပေရန် ကို အရိုအသေပြုကာ ပြောလိုက်လေသည်။

တာ့ဟူ၏ အနည်းငယ် ဝမ်းနည်းနေသော မျက်နှာကို ကြည့်ရင်း ကျန်းပေရန် က ရှေ့သို့ လျှောက်သွားကာ သူ့ကို တစ်ချက် ဖက်လိုက်ပြီး ပြောလိုက်၏။

"ငါတို့ကို နာကျင်အောင် လုပ်တဲ့ ဘယ်သူ့ကိုမှ ငါ လွှတ်ပေးထားမှာ မဟုတ်ဘူး ဂူမျိုးနွယ်စု တွေက သူတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် အစောကြီး မဟုတ်ရင်တောင် တစ်နေ့နေ့မှာ သေချာပေါက် တန်ဖိုး ပေးဆပ်ရလိမ့်မယ်"

တာ့ဟူက ကြားလိုက်ရသည်နှင့် အားရပါးရ ခေါင်းညိတ်လိုက်လေသည်။

"အင်း ကျေးဇူးရှင် ကို ကျွန်တော် ယုံကြည်ပါတယ်"

တာ့ဟူ၏ ကျောပြင်ကို ပုတ်ပေးလိုက်ပြီးနောက် ကျန်းပေရန် သည် မင်ရန် ကို ဝတ်ဆင်ကာ တဲအိမ်လေး အပြင်ဘက်သို့ လှည့်ထွက်သွားလေသည်။

'ဆရာ ထွက်သွားပြီလား'

ချူဟွမ် ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု အချို့ ကျန်ရစ်နေဆဲ ဖြစ်ပြီး ဆရာ ပေါ်လာတာလည်း အရမ်း ရုတ်တရက် ဆန်သလို ထွက်သွားတာလည်း အရမ်း ရုတ်တရက် ဆန်လွန်းသည်ဟု သူ တွေးနေမိလေသည်။

သို့သော် ဆရာ သေချာပေါက် ပြန်လာလိမ့်မည် ဆိုတာကို သူ သိနေသည်။ ဆရာ က ဒီလိုမျိုး ကတိမပေးခဲ့သော်လည်း သူ သိနေခြင်း ဖြစ်လေသည်။

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီး ကြားထဲတွင် ဖြတ်သန်းသွားစဉ် ကျန်းပေရန် သည် ၎င်းတို့ တစ်ယောက်ချင်းစီ၏ ကိုယ်ပေါ်မှ စိုးရိမ်ထိတ်လန့်မှုများကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်၊ ၎င်းမှာ သူတို့ သိချင်သော်လည်း မသိချင်သော အဖြေတစ်ခု အတွက်ပင် ဖြစ်၏။

အသေအပျောက် များကို အကြိမ်ကြိမ် မြင်ဖူးနေပြီ ဖြစ်သော်လည်း ၎င်းမှာ ကျန်းပေရန် ယဉ်ပါးသွားပြီဟု မဆိုလိုပေ၊ သူသည် ဒီလူများ၏ ဝမ်းနည်းမှုကြောင့် ဝမ်းနည်းတတ်သလို ဒီလူများ၏ အကူအညီမဲ့မှု ကြောင့်လည်း ဒေါသထွက်တတ်လေသည်။

ထို ဂူမျိုးနွယ်စုများတွင် အကြောင်းပြချက် ပေါင်း သောင်းသန်းချီ ရှိနေပါစေ ဒီလောက်အထိ လူမဆန်သော ကိစ္စရပ်များကို လုပ်ဆောင်ခဲ့သည် ဖြစ်ရာ သေချာပေါက် တန်ဖိုး ပေးဆပ်ရမည် ဖြစ်လေသည်။

အလွန် နာကျင်ဖွယ် ကောင်းသောတန်ဖိုးမျိုးကို ပေးဆပ်ရမည် ဖြစ်၏။

ပျံသန်းစံအိမ် ပေါ်သို့ တက်ပြီးနောက် ကျန်းပေရန်သည် အဆင့်ကိုး ဆရာကြီး များကို တစ်ယောက်ပြီး တစ်ယောက် ဆက်လက် သွားရောက် လည်ပတ်ခဲ့ပြီး ဖိတ်စာများကို တစ်စောင်ချင်းစီ ပေးပို့ခဲ့လေသည်။

ဒီလို လုပ်ဆောင်နေစဉ် အတွင်းမှာပင် ကျန်းပေရန် သည် ဒီဆရာကြီး များ အိမ်ပြန်ရောက်ပြီးနောက် အားမနေကြကြောင်းကိုလည်း သိရှိခဲ့ရလေသည်၊ ကျန်းပေရန် ကဲ့သို့သော သက်ရှိထင်ရှား ဥပမာ တစ်ခု ရှိနေပြီ ဖြစ်ရာ ၎င်းတို့သည် ယခင်က မထီမဲ့မြင် ပြုမှုများကို ပြောင်းလဲပစ်လိုက်ကြပြီး အခြားသော အတတ်ပညာများအပေါ်တွင် ကြီးမားသော စိတ်ဝင်စားမှုများ စတင် ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။

ထိုကာလ အတွင်း ၎င်းတို့သည် ကျင်းကျယ်အဆောင် တွင် အားလုံး အပြန်အလှန် လှောင်ပြောင်ခဲ့ကြသော်လည်း အပြန်အလှန် ကူညီခဲ့ကြသော နေ့ရက်များကိုလည်း လွမ်းဆွတ်မိကြလေသည်။ ထို့ကြောင့် ကျန်းပေရန် လာရောက် အကြောင်းကြားသောအခါ ၎င်းတို့ အားလုံးမှာ အလွန် မျှော်လင့်နေဟန် ရှိကြပြီး ယခု ချက်ချင်းပင် ကျန်းပေရန် နောက်သို့ လိုက်သွားနိုင်ကြောင်း အသီးသီး ပြောဆိုကြလေသည်။

သို့သော် ကျန်းပေရန် က ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့လေသည်။ သူသည် နေ့ရက် တစ်ခုကို သတ်မှတ်ထားပြီး ဖြစ်ရာ အချိန်ကျရောက်၍ အဆင့်ကိုး ဆရာကြီး အားလုံး စုံလင်မှသာ အတူတူ စီစဉ်ပေးခြင်းက ပိုကောင်းမည် ဖြစ်သောကြောင့် ဖြစ်လေသည်။မဟုတ်ပါက ဒီနေ့ တစ်သုတ် လာလိုက် မနက်ဖြန် တစ်သုတ် လာလိုက်နှင့် တကယ်ကို အနည်းငယ် ရှုပ်ထွေးသွားနိုင်လေသည်။

ဒီလိုနှင့် တစ်ပတ်ခန့် ကုန်လွန်သွားပြီးနောက် ကျန်းပေရန် သည် တာ့ဟူ ပေးပို့သော အထူး အချက်ပြမှုကို လက်ခံရရှိလိုက်ပြီးနောက် ပျံသန်းစံအိမ် ကို စီးကာ တုဟယ်ရွာ သို့ ပြန်လာခဲ့လေသည်။

အရင်တစ်ခေါက် လာစဉ်ကနှင့် နှိုင်းယှဉ်ပါက တုဟယ်ရွာ တွင် လူအများအပြား နေထိုင်နေဆဲ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ၎င်းတို့သည် ချူဟွမ်၏ တဲအိမ်လေး အနီးတွင် ဝိုင်းအုံနေခြင်း မဟုတ်တော့ဘဲ အိမ်ဆောက်မည့်သူက ဆောက်၊ ရေမြောင်း တူးမည့်သူက တူး၊ မြေရိုင်း ရှင်းမည့်သူက ရှင်းနှင့် အသီးသီး အလုပ်ရှုပ်နေကြလေသည်။

တကယ့်ကို အေးချမ်းသာယာသော မြင်ကွင်း တစ်ခုပင် ဖြစ်၏။

ချူဟွမ်၏ တဲအိမ်လေး ရှေ့သို့ ဆင်းသက်ပြီးနောက် ကျန်းပေရန် သည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလေသည်။

"ဆရာ"

အိမ်ထဲတွင် သန့်ရှင်းရေး လုပ်နေသော ချူဟွမ်သည် ကျန်းပေရန် ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ဝမ်းသာအားရ အော်ခေါ်လိုက်လေသည်။

ချူဟွမ်၏ ဖရိုဖရဲ ဖြစ်နေဆဲ ဖြစ်သော ဆံပင်နီ များကို ကြည့်ရင်း ကျန်းပေရန် က ရှေ့သို့ လျှောက်သွားကာ ဆံထုံးကြိုး တစ်ချောင်းကို ထုတ်ယူပြီး သူ့အား ကမ်းပေးရင်း ပြောလိုက်၏။

"မင်းကို လက်ဆောင်ပေးတာ"

"ကျေးဇူးတင်ပါတယ် ဆရာ"

ချူဟွမ်က ဆံထုံးကြိုးကို ယူလိုက်ပြီး အရိုအသေပြုကာ ပြောလိုက်လေသည်။

"သုံးတတ်လား"

"ကျွန်တော် စမ်းကြည့်ပါ့မယ်"

ချူဟွမ် က ပြောရင်း ကြေးမုံမှန် ရှေ့သို့ ပြေးသွားကာ အလုပ်ရှုပ်နေလေသည်၊ သို့သော် ဘယ်လို လုပ်လုပ် အဆင်မပြေ ဖြစ်နေ၏။

ကျန်းပေရန် မြင်သောအခါ ရယ်မောလိုက်ပြီး သွားကာ သူ၏ ဆံပင်များကို သေချာ စည်းနှောင်ပေးလိုက်လေသည်။

ဒီ ဆံပင်နီ များကို စည်းနှောင်လိုက်သောအခါ ကြည့်ရတာ အနည်းငယ် ထူးဆန်းနေသော်လည်း ဖရိုဖရဲ ဖြစ်နေသည်ထက်စာလျှင် အများကြီး ပိုကောင်းနေလေသည်။

"ဒီနှစ်ရက်အတွင်း ဆွေမျိုး လာရှာတဲ့သူ မရှိတော့ဘူးလား"

ချူဟွမ် က ကြားပြီးနောက် ပြန်ဖြေလေသည်။

"တစ်ခါတလေတော့ လာတတ်ပါတယ် ဒါပေမဲ့ အရင်ကလောက် မများတော့ဘူး"

ဒီကိစ္စမှာ ဆွေမျိုး ရှာချင်သူ မရှိတော့ခြင်းကြောင့် မဟုတ်ဘဲ လူတိုင်းက တုဟယ်ရွာ၏ ဒဏ္ဍာရီကို ကြားဖူးကြခြင်း မဟုတ်သောကြောင့်သာ ဖြစ်ကြောင်း ကျန်းပေရန် ယုံကြည်လေသည်၊ လာရောက်သူ များမှာလည်း အနီးအနား မြို့ရွာများမှ လူများသာ ဖြစ်လောက်လေသည်။

ထို့ပြင် ယခုအချိန်တွင် ကာလအတော်ကြာ ကုန်လွန်သွားပြီ ဖြစ်ရာ လူအများစုမှာ ဆွေမျိုးများကို စောင့်ဆိုင်းရင်း ပြန်လည် တွေ့ဆုံသွားကြပြီ ဖြစ်သလို အချို့မှာလည်း စိတ်လျှော့လိုက်ကြပြီ ဖြစ်လေသည်။

"ပင်ပန်းသွားပြီ"

ချူဟွမ် ၏ ပခုံးကို ပုတ်ပေးလိုက်ပြီးနောက် ကျန်းပေရန် က တာ့ဟူ ကို ထပ်ပြောလိုက်၏။

"တာ့ဟူ မင်း ခန္ဓာကိုယ်ထဲကနေ ထွက်လို့ ရပြီ"

"ကောင်းပါပြီ ကျေးဇူးရှင်"

ပြန်ထူးလိုက်ပြီးနောက် တာ့ဟူသည် ချူဟွမ်၏ ခန္ဓာကိုယ်ထဲမှ လွင့်မျော ထွက်ပေါ်လာလေသည်။

နောက်တစ်စက္ကန့်တွင် ခန္ဓာကိုယ်ထဲရှိ ခွန်အားများ အားလုံး စုပ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရသော ချူဟွမ် သည် ခြေထောက်များ ခွေယိုင်သွားပြီး လဲကျလုမတတ် ဖြစ်သွားလေသည်၊ ကံကောင်းစွာဖြင့် ကျန်းပေရန် က အချိန်မီ ထိန်းကိုင်ပေးလိုက်နိုင်၏။

"ကျေး ကျေးဇူးတင်ပါတယ် ဆရာ"

ချူဟွမ်က အားအင်ကုန်ခမ်းနေသော အသံဖြင့် ပြောလိုက်လေသည်။

All Chapters