← Chapters

အခန်း (၆၉၄-၆၉၅)

Vol. 62 Ch. 694-695

အခန်း (၆၉၄-၆၉၅)

Vol. 62 Ch. 694-695

အခန်း ၆၉၄ ဘယ်လိုဟာကို ဇာတ်လိုက် လို့ ခေါ်တာလဲ

တာ့ဟူ ခန္ဓာကိုယ် ထဲမှ ထွက်သွားပြီးနောက် ချူဟွမ်၏ အနီရောင် ဆံပင်များမှာ တဖြည်းဖြည်း အမည်းရောင်သို့ ပြန်ပြောင်းသွားပြီး ရွှေရောင်နှင့် ငွေရောင် မျက်လုံးများမှာလည်း မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေသည်။

'ကောင်လေး... မင်းရဲ့ ခန္ဓာကိုယ် အခြေအနေက တော်တော်လေး ရှုပ်ထွေးတာပဲ'

ဒီပြောင်းလဲမှုက ချူဟွမ်၏ ပါရမီသည် ထူးခြားသော ဝိညာဉ်စွမ်းအား တစ်ခုတည်း မဟုတ်ကြောင်း ကျန်းပေရန် ကို အတည်ပြုပေးလိုက်လေသည်။ စောစောက ထူးဆန်းသော ပြောင်းလဲမှုများမှာ သူ၏ ခန္ဓာကိုယ်က တာ့ဟူ၏ စွမ်းအားကို မခံနိုင်သောကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ၎င်းက သူ၏ ခန္ဓာကိုယ်တွင် အလွန် ပြင်းထန်သော အလိုက်သင့် ပြောင်းလဲနိုင်စွမ်း ရှိကြောင်း ဖော်ပြနေခြင်း ဖြစ်၏။

ဒီလိုမျိုး ပါရမီက အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် သေချာပေါက် တောက်ပလာမည် ဖြစ်လေသည်။

၎င်းက ချူဟွမ် သည် အခြေအနေ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားများကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်ကြောင်း ကိုယ်စားပြုနေပြီး တကယ့် ဇာတ်လိုက် ပုံစံခွက်ပင် ဖြစ်လေသည်။

ရွှေအပ်ကို အသုံးပြု၍ ချူဟွမ် ၏ အားနည်းနေသော ခန္ဓာကိုယ်ကို အနည်းငယ် ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးပြီးနောက် ကျန်းပေရန် က မေးလိုက်၏။

"ငါနဲ့ အတူတူ အပြင်က ကမ္ဘာကြီးကို သွားကြည့်ချင်လား"

ချူဟွမ် က ကြားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားကာ ခန္ဓာကိုယ် အားနည်းနေသေးသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဒူးထောက်ချလိုက်ပြီး ကျန်းပေရန် ကို အရိုအသေပြုကာ ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ ဆရာ"

"ကောင်းပြီ ငါ မင်းကို လက်ခံလိုက်ပြီ"

ကျန်းပေရန် က ခေါင်းညိတ်ပြလိုက်လေသည်။

"ဟင်"

ချူဟွမ် က အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ကျန်းပေရန် ကို မယုံနိုင်သကဲ့သို့ ကြည့်ရင်း မေးလိုက်၏။

"ဆရာ ကျွန်တော့်ကို တကယ် လက်ခံလိုက်ပြီလား"

"ဒါဆိုရင် ငါက မင်းကို နောက်နေတာလို့ ထင်နေတာလား"

"မဟုတ်ပါဘူး ကျွန်တော် ထင်ထားတာက ဆရာ့လို လူမျိုးဆီမှာ တပည့်ခံဖို့ ဆိုတာ အရမ်း ခက်ခဲလိမ့်မယ်လို့ ထင်ထားခဲ့တာ"

ကျန်းပေရန်က နားထောင်ပြီးနောက် အနည်းငယ် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ချူဟွမ်ကဲ့သို့သော မျိုးစေ့ကောင်းမျိုးကို မည်သည့် ဂိုဏ်းကမဆို သေချာပေါက် အလုအယက် လက်ခံကြမည် ဖြစ်သည်။ ထို့ပြင် သူ၏ စိတ်ထားမှာလည်း ဖြူစင်လှရာ တကယ့်ကို အလွန် ကောင်းမွန်သော မျိုးစေ့ကောင်း တစ်ခုပင် ဖြစ်လေသည်။

"ထတော့"

ကျန်းပေရန် က ချူဟွမ် ကို ဆွဲထူလိုက်ပြီး မေးလိုက်၏။

"မင်း အခု အလုပ်ချင်ဆုံး ကိစ္စက ဘာလဲ"

"ကျွန်တော် ကျွန်တော့် အမေ့ကို သွားရှာချင်တယ်"

"ကောင်းပြီ ဆရာ ကူရှာပေးမယ်"

"တကယ်လား"

ချူဟွမ် ၏ မျက်လုံးများ အရောင်တောက်သွားပြီး ထပ်မံ အရိုအသေပြုကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

ချူဟွမ်ထံမှ သူ၏ မိဘများ အမည်နှင့် အဆင့်အတန်းကို မေးမြန်း၍ မရခဲ့သော်လည်း သူ၏ အမေက သူ့ကို ချူ ဆိုသော မျိုးရိုးအမည် ပေးထားခြင်းမှာ သေချာပေါက် အဓိပ္ပာယ် တစ်ခုခု ရှိမည်ဟု ကျန်းပေရန် ယုံကြည်ထားလေသည်။ လော်ကျင့်ထျန်း ကို ကူညီ စုံစမ်းခိုင်းလိုက်ပါက သဲလွန်စများကို အလွယ်တကူ ရှာတွေ့နိုင်မည် ဖြစ်၏။

"အမေ့ကို ရှာဖို့ ဆရာ ကူညီပေးမယ် မင်းကလည်း ဆရာ့ကို တစ်ခု ကူညီပေးရမယ်"

"ဆရာသာ ခိုင်းလိုက်ပါ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး လုပ်ပေးပါ့မယ်"

"အခု နေရာအနှံ့မှာ လူအများကြီးက ကိုယ့်ရဲ့ ဆွေမျိုးတွေကို ရှာနေကြတယ် ဒါမှမဟုတ် ကိုယ့်ဆွေမျိုးတွေနဲ့ စကားနည်းနည်းလောက် ထပ်ပြောချင်နေကြတယ် မင်း သူတို့ကို ကူညီပေးချင်လား"

"ကူညီချင်ပါတယ် သေချာပေါက် ကူညီချင်တာပေါ့"

"ကောင်းပြီ ဒါဆို မင်း ဆရာနဲ့ အတူတူ လိုက်ခဲ့တော့"

"ဟုတ်ကဲ့"

သို့သော် ချက်ချင်း သဘောတူလိုက်ပြီးနောက် ချူဟွမ် ၏ မျက်နှာပေါ်တွင် တွန့်ဆုတ်နေသည့် အမူအရာတစ်ခု ပေါ်လာလေသည်။

"ဒါပေမဲ့ ကျွန်တော့် ညီမလေး..."

"ဒါကတော့ ငါ မေ့သွားတာ မင်း ညီမလေးက ဘယ်မှာလဲ"

"ဆေးကုပေးတဲ့ အဘိုးကြီးဆီမှာ နေနေတုန်းပဲ"

"နေမကောင်းသေးဘူးလား"

"နည်းနည်းတော့ သက်သာနေပါပြီ ဒါပေမဲ့ အဘိုးကြီးက ကျွန်တော့်ဆီမှာ ယင်ဓာတ်တွေ အရမ်း များနေတော့ ညီမလေး ပြန်လာဖို့ မသင့်တော်ဘူးလို့ ပြောတယ် ဒါကြောင့် သူ့အိမ်မှာပဲ ဆက်နေခိုင်းထားတာပါ"

'ဒီကိစ္စကတော့ တကယ်ပဲ ယင်ဓာတ် များလွန်းနေတာ'

စိတ်ထဲမှ ကျိတ်၍ မှတ်ချက်ချလိုက်ပြီးနောက် ကျန်းပေရန် က ထပ်မေးလိုက်၏။

"မင်း ညီမလေးက ဘာရောဂါ ဖြစ်နေတာလဲ"

"အဘိုးကြီးကတော့ ပန်းနာရင်ကြပ် လို့ ပြောတယ် အမြစ်ပြတ်ဖို့ အရမ်း ခက်ခဲတော့ နော်နော်က တစ်ခါတလေ အရမ်း နေရထိုင်ရ ခက်တတ်တယ်"

ပြောရင်းနှင့် ချူဟွမ် ၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာပြီး ကျန်းပေရန် ကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"ဆရာ ဆရာကော ဆေးပညာ တတ်လား"

"နည်းနည်းပါးပါးတော့ နားလည်ပါတယ် လမ်းပြ ငါ သွားကြည့်ပေးမယ်"

"တကယ် ကောင်းတာပဲ ကျေးဇူးတင်ပါတယ် ဆရာ"

ချူဟွမ်က ပြောပြီးနောက် ကျန်းပေရန် ကို ခေါ်ဆောင်ကာ တဲအိမ်လေး ထဲမှ ထွက်လာခဲ့လေသည်။

ခြေလှမ်း အနည်းငယ် လျှောက်ပြီးနောက် ချူဟွမ်သည် ဟောင်းနွမ်းနေသော အခြား တဲအိမ်လေး တစ်လုံးရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်၏။

"ဆရာ ဒီနေရာပဲ ကျွန်တော် သွားခေါက်လိုက်မယ်"

ရှေ့သို့ တိုးသွားကာ တံခါးကို နှစ်ချက် ခေါက်လိုက်သောအခါ "ကျွီ" ခနဲ အသံနှင့်အတူ အဘိုးအို တစ်ဦး ထွက်လာလေသည်။

"ဖျင်အန်း ပါလား မြန်မြန်..."

"ကိုကို"

အဘိုးအို စကားမဆုံးမီမှာပင် အထဲမှ အရိပ်တစ်ခု လျင်မြန်စွာ ပြေးထွက်လာလေသည်။

"ကိုကို ဘာလို့ အခုမှ လာတာလဲ"

ထို မိန်းကလေး ကို တစ်ချက် အကဲခတ်ကြည့်ပြီးနောက် ကျန်းပေရန် စိတ်ထဲမှ အကဲဖြတ်ချက် တစ်ခု ပေးလိုက်မိလေသည်။

"ဒီနှစ်ယောက်က တစ်ပုံစံတည်း တူတယ်လို့ မဆိုနိုင်ဘူး လုံးဝ မသက်ဆိုင်ဘူးလို့ပဲ ပြောရမယ်"

ဒီလိုဆိုလျှင် ဒီမိန်းကလေးက သူတို့ အမေ မွေးစားလာခဲ့ခြင်း ဖြစ်နိုင်ခြေက အလွန် မြင့်မားသွားလေပြီ။

နောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး ချူဟွမ်က မိန်းကလေး ကို ပြောလိုက်၏။

"အဘိုးကြီးက ကိုယ့်ကိုယ်ပေါ်မှာ ယင်ဓာတ်တွေ များနေတယ်လို့ ပြောတယ် ကိုကိုနဲ့ နည်းနည်း ဝေးဝေးနေ"

"မနေဘူး"

မိန်းကလေးက အော်ဟစ်လိုက်ပြီး ရှေ့သို့ တိုးသွားကာ ချူဟွမ် ၏ လက်ကို ဆွဲကိုင်လိုက်လေသည်။

ချူဟွမ် မြင်သောအခါ အလျင်အမြန် သူမ၏ လက်ကို ဖြုတ်ချလိုက်ပြီး ပြောလိုက်၏။

"ဆိုးမနေနဲ့ နောက်တစ်ခါ ဒီလို ဆက်လုပ်နေရင် ကိုကို လာမကြည့်တော့ဘူးနော်"

ကိုကို လာမကြည့်တော့ဘူး ဆိုသည်ကို ကြားသောအခါ မိန်းကလေး က မကျေမနပ်ဖြင့် "ဟွန့်" ခနဲ အသံပြုလိုက်ပြီးနောက် နောက်သို့ တစ်လှမ်း ဆုတ်သွားလေသည်။

ထိုအခါမှသာ သူမသည် အစ်ကို ဖြစ်သူ၏ အနောက်တွင် နောက်ထပ် လူတစ်ယောက် ရှိနေသည်ကို သတိထားမိသွားလေသည်။ ရုပ်ရည်ကို ကြည့်ရသည်မှာ စိမ်းသက်နေပြီး ရွာထဲက လူ မဟုတ်ကြောင်း သေချာလှပေသည်။

"ဒီလူက..."

မိန်းကလေး က ကျန်းပေရန် ကို အကဲခတ်ရင်း မေးလိုက်၏။

"ဪ ကြည့်စမ်း မိတ်ဆက်ပေးဖို့ မေ့နေတာပဲ"

ချူဟွမ် က ပြောပြီးနောက် ကျန်းပေရန် ကို အရင် လက်ယှက် ဂါရဝပြုလိုက်ပြီးမှ ပြန်ဖြေလေသည်။

"ဒါက ကိုကို အသစ် ရထားတဲ့ ဆရာလေ သူက ကတိပေးထားတယ်..."

"ဘာ"

မိန်းကလေး က အံ့ဩတကြီး အော်ဟစ်လိုက်လေသည်။

"ဆရာ ဒီလောက် ကြီးမားတဲ့ ကိစ္စကို ကိုကိုက ဘာလို့ ညီမလေးကို တစ်ခွန်းမှ မပြောရတာလဲ"

ပြောပြီးနောက် မိန်းကလေး သည် ကျန်းပေရန် ၏ ရှေ့သို့ သွားကာ ခါးညွှတ်၍ အရိုအသေပြုလိုက်ပြီး ပြောလိုက်၏။

"မင်္ဂလာပါ ကျွန်မက သူ့ရဲ့ ညီမလေးပါ ဆရာ ကျွန်မကို နော်မီ လို့ပဲ ခေါ်ပါ"

"မင်္ဂလာပါ"

ကျန်းပေရန် က မိန်းကလေး ကို ခေါင်းညိတ်ပြလိုက်လေသည်။

နော်မီက ရိုးအစွာ ပြုံးလိုက်ပြီး ထပ်မေးလိုက်၏။

"ဆရာ ကျွန်မ အစ်ကိုက ဒီလောက် တုံးတာကို ဆရာက သူ့ရဲ့ ဘာကို သဘောကျသွားတာလဲ"

'အို ငါ့ကိုတောင် လာပြီး စမ်းသပ်နေသေးတာလား'

ဒီမိန်းကလေးလေးက အနည်းငယ် စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးမိကာ ကျန်းပေရန် က ပြန်ဖြေလိုက်လေသည်။

"မင်း အစ်ကိုက တုံးတယ်လို့ မင်းက ထင်နေတာလား"

"ဒါပေါ့ သူက ထမင်းလည်း မချက်တတ်ဘူး အဝတ်လည်း မလျှော်တတ်ဘူး စာလည်း သိပ်မဖတ်တတ်ဘူး အရမ်း တုံးတာ"

ဘေးနားရှိ ချူဟွမ်မှာ ကြားပြီးနောက် မျက်နှာပျက်သွားပြီး နော်မီကို အလျင်အမြန် လှမ်းဆွဲကာ ဆက်မပြောရန် အချက်ပြလိုက်လေသည်။

သို့သော် နော်မီ က သူ၏ လက်ကို ပုတ်ချလိုက်ပြီး ကျန်းပေရန် ကိုသာ စိုက်ကြည့်နေကာ အဖြေကို စောင့်ဆိုင်းနေပုံ ရလေသည်။

"အင်း ကြားရတာ တကယ်ပဲ တုံးတဲ့ပုံ ပေါက်နေတယ် ဒါဆိုရင်..."

သို့သော် ကျန်းပေရန် စကားမဆုံးမီမှာပင် နော်မီက ရုတ်တရက် အလျင်စလို ဖြတ်ပြောလိုက်လေသည်။

"အာ တကယ်တော့ ကျွန်မ အစ်ကိုကလည်း အဲ့ဒီလောက်ကြီး မတုံးပါဘူး သူက ပိုက်ဆံမရှိလို့ ပုဂ္ဂလိက ကျောင်း မတက်ရလို့ပါ မဟုတ်ရင် သေချာပေါက် ပထမ အဆင့်နဲ့ အောင်မှာ"

ကျန်းပေရန်က နားထောင်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။

"ခုနက သူ တုံးတယ်လို့ မင်းပဲ ပြောတာ မဟုတ်ဘူးလား"

"ကျွန်မက သူ အလိမ်ခံရမှာ စိုးလို့ပါ ဒါပေမဲ့ အခု ကြည့်ရတာ ဆရာက လူလိမ်နဲ့ မတူဘူး ဒါကြောင့် ဆရာ့ အနေနဲ့ ကျွန်မ အစ်ကိုကို သေချာ သင်ကြားပေးဖို့ မျှော်လင့်ပါတယ်"

'ကြည့်ရတာ ဆွဲဆောင်မှု အမှတ်က ရုပ်ရည် ချောမောလာတာ တစ်ခုတည်း မဟုတ်ဘူးပဲ'

မကြာသေးမီက ကျန်းပေရန် သည် ဒီလို အခြေအနေမျိုးကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ လူတစ်ယောက်နှင့် တွေ့လိုက်သည်နှင့် တစ်ဖက်လူက သူ့ကို လူကောင်းဟု ချက်ချင်း သတ်မှတ်လိုက်ကြခြင်း ဖြစ်၏။ သူ ဘာမှ မလုပ်ရသေးဘဲနှင့်ပင် အမြင့်ဆုံးသော ယုံကြည်မှုကို ရရှိနေတတ်လေသည်။

ဥပမာအားဖြင့် ချူဟွမ် ဆိုလျှင် သူ့ကို အရင်က မသိခဲ့သော်လည်း အမေဖြစ်သူက ဘယ်သူ့ကိုမှ မပြောရန် အထပ်ထပ် မှာထားခဲ့သော ကိစ္စကိုပင် သူ့အား ပြောပြရန် ဆန္ဒရှိခဲ့သည် မဟုတ်ပါလား။

ဒါက ရောင်ဝါသက်ရောက်မှုနှင့် အတိအကျ တူညီနေလေသည်။

ချူဟွမ် လည်း မိမိ ညီမလေး၏ လုပ်ရပ်ကြောင့် ရယ်ရမလို၊ ငိုရမလို ဖြစ်နေပြီး နော်မီ ကို အတင်း ဆွဲယူကာ ပြောလိုက်လေသည်။

"စည်းကမ်း မရှိလိုက်တာ ဆရာက မင်းကို တကူးတက လာကြည့်တာကို ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းပျနေရတာလဲ"

"ကျွန်မ ဘယ်နေရာများ ရိုင်းပျနေလို့လဲ"

နော်မီ က နှုတ်ခမ်းဆူကာ ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆို ဆရာ့ကို ဒီလိုမျိုး စကားမပြောရဘူး"

ချူဟွမ် က ပြောပြီးနောက် ကျန်းပေရန် ကို ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်ကာ ပြောလိုက်လေသည်။

"ဆရာ ကျွန်တော်တို့ အထဲဝင်ပြီးမှ စကားပြောကြရအောင်"

ဘေးနားမှ ကြည့်နေသော အဘိုးအို ကလည်း ပြုံးလျက် ဝင်ပြောလိုက်၏။

"ဟုတ်တယ် အထဲကို အရင် ဝင်ကြပါဦး"

အဘိုးအို၏ နောက်မှလိုက်ကာ အိမ်လေးထဲသို့ ဝင်လာပြီးနောက် နော်မီက အဝတ်စ တစ်ခု ယူကာ ကုလားထိုင်ကို သုတ်ပေးပြီး ကျန်းပေရန် ကို ပြောလိုက်လေသည်။

"ဆရာ ထိုင်ပါ"

"ကျေးဇူးပဲ"

ကျန်းပေရန် က နော်မီ ကို ခေါင်းညိတ်ပြလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ကာ မေးလိုက်၏။

"မင်း အစ်ကို ပြောတာတော့ မင်း ခဏခဏ နေမကောင်း ဖြစ်တတ်တယ် ဆို"

"အင်း ဒါပေမဲ့ အသေးအမွှားလေးတွေပါပဲ အဘိုးက သုံးလေးကြိမ်လောက် ကုပေးလိုက်ရင် ပျောက်သွားတာပါပဲ"

နော်မီ ၏ ချီးကျူးစကားကို ကြားသောအခါ အဘိုးအို က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဟူး အဘိုးကသာ တကယ် ဒီလောက် တော်နေရင် မင်းကို ဒီလောက် ခဏခဏ လာကုခိုင်းနေစရာ မလိုဘူးပေါ့"

နော်မီ က ကြားလိုက်ရသည်နှင့် အလျင်အမြန် ပြေးသွားကာ အဘိုးအို ၏ လက်မောင်းကို ဖက်ထားပြီး ပြောလိုက်၏။

"အဘိုးကလည်း အဲ့ဒီလို မပြောပါနဲ့ သမီးရဲ့ ခန္ဓာကိုယ်က အားနည်းလွန်းနေလို့ပါ အဘိုးနဲ့ ဘာဆိုင်လို့လဲ"

နော်မီ စကားပြောနေစဉ်အတွင်း ကျန်းပေရန် သည် စိတ်ဝိညာဉ်စွမ်းအား ကို အသုံးပြု၍ သူမ၏ ခန္ဓာကိုယ်ကို တစ်ချက် အကဲခတ်ကြည့်လိုက်လေသည်။

'ဟင်'

တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိသော်လည်း ကျန်းပေရန် ၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာမှ မပေါ်လွင်စေခဲ့ပေ။ သူသည် သမားတော် တစ်ဦး အနေဖြင့် လာရောက်ခြင်း ဖြစ်ရာ သမားတော်၏ မျက်မှောင်ကြုတ်မှု တစ်ချက်က လူနာ၏ မျက်လုံးထဲတွင် အစစ်အမှန် ထိခိုက်မှု တစ်ခု ဖြစ်သွားနိုင်ပြီး သွေးစမ်းနေချိန်တွင် မျက်မှောင်ကြုတ်လိုက်ပါက ပို၍ပင် ဆိုးရွားသော အကျိုးသက်ရောက်မှု ဖြစ်သွားနိုင်ကြောင်းကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်၏။

ထိုစဉ် ချူဟွမ်က လက်ဖက်ရည် တစ်ခွက် ငှဲ့ကာ ကျန်းပေရန် ၏ ရှေ့သို့ ချပေးရင်း ပြောလိုက်လေသည်။

"ဆရာ လက်ဖက်ရည် သောက်ပါဦး"

"အင်း"

ကျန်းပေရန် က လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ချူဟွမ် ကို မေးလိုက်၏။

"နော်မီက ဘယ်အချိန်တည်းက ဒီလို ခဏခဏ နေမကောင်း ဖြစ်နေတာလဲ"

ချူဟွမ်က ကြားပြီးနောက် ခဏတာ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလေသည်။

"ငယ်ငယ်တည်းက ဒီလိုပါပဲ"

ခေါင်းညိတ်ပြလိုက်ပြီး ကျန်းပေရန် က နော်မီ ကို လက်ယပ်ခေါ်လိုက်၏။

"လာ ငါ သွေးစမ်းကြည့်ပေးမယ်"

"ဆရာက ဆေးပညာလည်း တတ်တာလား"

နော်မီ က အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်လေသည်။

"နည်းနည်းပါးပါးပါ"

"ဒါဆိုရင်လည်း ဆရာ့ကို ဒုက္ခပေးရတော့မယ်"

နော်မီက ပြောပြီးနောက် ကျန်းပေရန် ၏ ရှေ့သို့ လျှောက်သွားကာ လက်မောင်းကို ဆန့်ထုတ်ပေးလိုက်လေသည်။

နော်မီ၏ သွေးခုန်နှုန်း ပေါ်သို့ လက်ချောင်း တင်လိုက်သည်နှင့် မိမိ၏ အကဲခတ်မှု မှားယွင်းခြင်း မရှိကြောင်း ကျန်းပေရန် သိလိုက်လေသည်။ နော်မီ မှာ ခန္ဓာကိုယ် အားနည်းနေခြင်း မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ် အတွင်းတွင် ဒဏ်ရာ ရရှိထားခြင်း ဖြစ်ပြီး အလွန် ပြင်းထန်သော ဒဏ်ရာ ဖြစ်လေသည်။

သို့သော် ထိုဒဏ်ရာကို စွမ်းအား တစ်ခုခုက ဖိနှိပ်ထားခြင်းသာ ဖြစ်သည်။ မဟုတ်ပါက နော်မီ မှာ အစောကြီးကတည်းက သေဆုံးသွားလောက်ပြီ ဖြစ်၏။

'ငယ်ငယ်တည်းက ဒီလို ဖြစ်နေတာလား ဘယ်သူကများ ဒီလောက် ရက်စက်ပြီး ကလေးငယ်လေး တစ်ယောက်ကို အလွတ်မပေးရတာလဲ ဒီမိသားစု ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေက တော်တော်လေး များပုံရတယ်'

လက်ကို ဖယ်လိုက်ပြီး ကျန်းပေရန်က ပြုံးလျက် ပြောလိုက်လေသည်။

"နာတာရှည် ရောဂါ တစ်ချို့တော့ ရှိတယ် ဒါပေမဲ့ ကုရတာ မခက်ပါဘူး"

ဆရာ၏ စကားကို ကြားသောအခါ ချူဟွမ်၏ မျက်နှာပေါ်တွင် အလွန် ဝမ်းသာပျော်ရွှင်သော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။

"ဆရာ တကယ် ကုပေးနိုင်တာလား"

"အင်း"

ကျန်းပေရန် က ခေါင်းညိတ်လိုက်လေသည်။

"ဒါပေမဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိတယ် နော်မီ က အရင်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမှ ရမယ်"

ဒီဒဏ်ရာက နော်မီ၏ ခန္ဓာကိုယ် အတွင်းတွင် နှစ်ပေါင်းများစွာ ကိန်းအောင်းနေခဲ့ပြီး သူမ၏ သွေးကြောများနှင့် တစ်သားတည်း ဖြစ်နေပြီ ဖြစ်ရာ ကျန်းပေရန်၏ ဆေးပညာဖြင့် ဒီဒဏ်ရာကို ကုသရန် မခက်ခဲသော်လည်း နော်မီကို အလွန် ဆိုးရွားသော ထာဝရ ထိခိုက်မှု ဖြစ်စေနိုင်လေသည်။

အကယ်၍ သူမသာ သာမန်လူ တစ်ယောက် ဖြစ်နေမည် ဆိုပါက ဝိညာဉ်ဆေးလုံး များစွာနှင့် အပ်စိုက် ကုသမှု နည်းလမ်းများကို သူမ အပေါ်တွင် အသုံးပြု၍ မရနိုင်ပေ။ အရှိန်ပြင်းလွန်းသဖြင့် သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးက လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ သူမကို ကျင့်ကြံသူ တစ်ယောက် အရင် ဖြစ်လာစေမှသာ သူမကို ကောင်းမွန်စွာ ဆက်လက် အသက်ရှင်စေနိုင်မည် ဖြစ်၏။

"ဒါက..."

ချူဟွမ် ၏ မျက်နှာမှာ ချက်ချင်း ပြန်ကျသွားလေသည်။

"ဆရာ နော်နော် ဖြစ်နေတဲ့ ရောဂါက တကယ်တော့ ဘာရောဂါလဲ"

"တိတိကျကျ ပြောရရင် ရောဂါ မဟုတ်ဘူး အတွင်းဒဏ်ရာ ရထားတာ"

"ဘာ"

သုံးဦးစလုံး ကြားလိုက်ရသောအခါ တစ်ပြိုင်နက်တည်း အံ့ဩတကြီး ရေရွတ်လိုက်ကြပြီး သိသိသာသာ လန့်သွားကြလေသည်။

"ခင်ဗျားက ဘယ်သူလဲ..."

အဘိုးအို က ကျန်းပေရန် သည် ရိုးရှင်းသူ မဟုတ်ကြောင်း သိမြင်နိုင်သော်လည်း သမားတော် တစ်ဦး အနေဖြင့် အခြေအနေကို သေချာ သိရှိလိုသေးသည်။ သူသည် နော်မီ ကို အကြိမ်ပေါင်းများစွာ ကုသပေးခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ် အတွင်းတွင် ဒဏ်ရာ ရရှိထားကြောင်း တစ်ခါမှ မတွေ့ရှိခဲ့ဖူးသောကြောင့် ဖြစ်၏။

ကျန်းပေရန် က နားထောင်ပြီးနောက် ငွေအပ် တစ်ချောင်းကို အလွယ်တကူ ဆွဲထုတ်ကာ အဘိုးအို ၏ ရန်ယင်း သွေးကြော အမှတ်သို့ ပစ်လွှတ်လိုက်လေသည်။

"အဘိုးကြီးက တစ်သက်လုံး ပင်ပန်းရမယ့် ကံပါလာတာပဲ ခန္ဓာကိုယ် အနှံ့မှာ ရောဂါတွေ အများကြီး ကျန်ခဲ့ပြီ"

အဘိုးအို မှာ ကျန်းပေရန် ဘာလုပ်လိုက်မှန်း နားမလည်သေးခင်မှာပင် တစ်ကိုယ်လုံး အလွန် သက်တောင့်သက်သာ ဖြစ်သွားသည်ကို ခံစားလိုက်ရပြီး အသက်ရှူရတာပင် အတော်လေး ချောင်သွားလေသည်။

ဒီတော့မှ အဘိုးအို သည် ကျန်းပေရန် က ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဆိုတာကို သဘောပေါက်သွားပြီး ချက်ချင်း ဒူးထောက်ကာ အရိုအသေပြုလိုက်လေသည်။

"ဆရာကြီး ကျွန်တော်မျိုးကို ဂါရဝပြုခွင့် ပြုပါ"

ကျန်းပေရန် မြင်သောအခါ ချူဟွမ် ကို မျက်ရိပ်ပြလိုက်ရာ ချူဟွမ် လည်း အလျင်အမြန် ပြေးသွားပြီး အဘိုးအို ကို ဆွဲထူလိုက်လေသည်။

" အဘိုးကြီး မတ်တပ်ရပ်ပြီးပဲ ပြောပါ"

အဘိုးအို၏ မျက်နှာပေါ်တွင် ယခုအချိန်ထိ စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေဆဲ ဖြစ်ပြီး ချူဟွမ်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။

"တကယ် ကောင်းတာပဲ ဖျင်အန်းရေ မင်းတော့ ကြီးမားတဲ့ ပညာရပ်ကြီးတွေကို သင်ရတော့မယ် တကယ် ဝမ်းသာစရာပဲ အဘိုး မင်းအတွက် ဝမ်းသာပါတယ်ကွာ"

အဘိုးအို၏ လည်ပင်းတွင် စိုက်နေသော ငွေအပ်ကို ကြည့်ရင်း နော်မီ လည်း မှင်သက်သွားလေသည်။ ဒီဆရာက တတ်ကျွမ်းမှု တစ်ခုခု ရှိမည်ဟု သူမ သိထားသော်လည်း ကျင့်ကြံသူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒီအချိန်တွင် သူမ ပို၍ပင် နားမလည်နိုင် ဖြစ်လာလေသည်။ အစ်ကို ဖြစ်သူက ဘာအရည်အချင်းတွေ ရှိနေလို့ ကျင့်ကြံသူတွေရဲ့ မျက်စိကျခြင်းကို ခံရတာလဲ။

သူတို့လို သာမန် ပြည်သူများ အတွက်မူ ကျင့်ကြံသူ များဆိုသည်မှာ အလွန် မြင့်မြတ်သော နေရာတွင် ရှိနေသူများ ဖြစ်ကြပြီး ၎င်းတို့ကို လှမ်းကြည့်ရန်ပင် မဖြစ်နိုင်ကြောင်း သူမ ကောင်းစွာ သိရှိထားလေသည်။ ဆရာ အဖြစ် လက်ခံရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလှပေသည်။

အဘိုးအို ၏ စိတ်လှုပ်ရှားနေမှုများကို ချော့မော့ပြီးနောက် ချူဟွမ် က လှည့်ကာ ဆရာ ကို မေးလိုက်၏။

"ဆရာ... ဒါဆို နော်နော် လည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာအောင် ကျွန်တော် ဘာလုပ်ရမလဲ"

ချူဟွမ် ၏ စိတ်ထဲတွင် အကောင်းဆုံး နည်းလမ်းမှာ ဆရာက ညီမလေးကိုပါ တပည့်အဖြစ် လက်ခံလိုက်ရန် ဖြစ်သော်လည်း တပည့် လက်ခံခြင်း ကိစ္စမှာ ဆရာ၏ ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည်ကြောင်း သူ သိရှိထားသဖြင့် ဆရာ ကိုယ်စား သူ ဆုံးဖြတ်ချက် မချဝံ့ပေ။

"ဒါက သူ့ဆီမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ပါရမီ ရှိမရှိ အရင် စမ်းသပ်ကြည့်ဖို့ လိုတယ် ပြီးမှ ဆုံးဖြတ်ရမယ်"

"ဒါဆို ဆရာ သူ့ကို စမ်းသပ်ပေးနိုင်မလား"

"သေချာပေါက် ရတာပေါ့"

ကလေး တစ်ယောက်တွင် ပါရမီ ရှိမရှိ စမ်းသပ်ရန်မှာ အလွန် ရိုးရှင်းလှသည်၊ သူမ၏ ဝိညာဉ်စွမ်းအင် လက်ခံနိုင်စွမ်း ကို စမ်းသပ်ကြည့်ရုံသာ ဖြစ်၏။

ဝိညာဉ်စွမ်းအင် လက်ခံနိုင်စွမ်း ကို စမ်းသပ်သည့် နည်းလမ်း များမှာလည်း ထောင်ပေါင်း သောင်းပေါင်းများစွာ ရှိလေသည်။

အတွေ့ရ အများဆုံး နည်းလမ်းမှာ အခြေခံ ကျင့်စဉ် တစ်ခုကို ကျင့်ကြံခိုင်းခြင်း ဖြစ်ပြီး မြန်မြန် တတ်မြောက်လေလေ ပါရမီ ပိုမြင့်လေလေ ဖြစ်ကြောင်း ပြသနိုင်ပြီး တစ်ချိန်တည်းမှာပင် တပည့်၏ ဉာဏ်ရည်ဉာဏ်သွေး ကိုပါ စမ်းသပ်နိုင်လေသည်။

သို့သော် ဒီနည်းလမ်းမှာ နှေးကွေးလွန်းလှသည်၊ အချို့သော ဝိညာဉ်စွမ်းအင် လက်ခံနိုင်စွမ်း နိမ့်ကျပြီး ဉာဏ်ရည်ဉာဏ်သွေး မကောင်းသော တပည့်များ ဆိုလျှင် အခြေခံ ကျင့်စဉ် တစ်ခုကို ခြောက်လလောက် အထိ မတတ်မြောက်နိုင်ကြပေ။

ယေဘုယျအားဖြင့် ထိုကဲ့သို့သော တပည့်များမှာ နောက်ဆုံးတွင် ဂိုဏ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လျှင်ပင် တစ်သက်လုံး အမည်ခံ တပည့် အဖြစ်သာ နေရလေ့ရှိပြီး ပုံမှန်အချိန်များတွင် တံခါးစောင့်ခြင်း၊ အပြေးအလွှား ခိုင်းစေခံရခြင်း စသည့် အလုပ်ကြမ်း များကိုသာ လုပ်ဆောင်ရလေ့ ရှိကြသည်။

အကယ်၍ နော်မီ တွင် ပါရမီ သိပ်မရှိဘူး ဆိုပါက ကျန်းပေရန် တွင် သူမကို စောင့်ဆိုင်းနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် အခြား နည်းလမ်း တစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။

ခါးကြားရှိ အိတ်ထဲမှ အပြာရောင် မျိုးစေ့ တစ်စေ့ကို ထုတ်ယူကာ ကျန်းပေရန် က နော်မီ ကို ကမ်းပေးရင်း ပြောလိုက်၏။

"ယူထားလိုက်"

နော်မီက ထို အပြာရောင် မျိုးစေ့ ကို ကြည့်ကာ မျက်တောင် နှစ်ချက် ခတ်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်လေသည်။

"စိတ်ကို စုစည်းပြီး ဒီမျိုးစေ့လေး အညှောက်ထွက်လာဖို့ စိတ်ကူးကြည့်"

"အာ"

နော်မီ က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"စမ်းကြည့်လိုက်ရင် သိလာမှာပေါ့"

နော်မီ အနေဖြင့် ဒါက လုံးဝ မဖြစ်နိုင်ဘူးဟု ထင်နေဆဲ ဖြစ်သော်လည်း တစ်ဖက်လူမှာ ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ကျင့်ကြံသူ များမှာ အရာရာကို လုပ်နိုင်စွမ်း ရှိကြသဖြင့် သူမလည်း ယုံကြည်ရုံသာ ရှိတော့သည်။

"တွေးနေရုံနဲ့တင် ရပြီလား"

"အင်း"

ကျန်းပေရန် က ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မ ကျွန်မ စမ်းကြည့်ပါ့မယ်"

နော်မီ က ပြောပြီးနောက် အစ်ကို ဖြစ်သူကို တစ်ချက် လှမ်းကြည့်လိုက်ရာ ချူဟွမ် ကလည်း သူမကို ယုံကြည်မှု အပြည့်ရှိသော အကြည့်ဖြင့် ပြန်ကြည့်လာလေသည်။

"ဟူး..."

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် နော်မီ သည် မျိုးစေ့လေး ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ တိုးတိုးလေး ရေရွတ်နေလေသည်။

"မြန်မြန် အညှောက်ထွက် မြန်မြန် အညှောက်ထွက် မြန်မြန် အညှောက်ထွက်"

'ဟင်'

ကျန်းပေရန် ၏ အံ့အားသင့်နေသော မျက်လုံးများ ရှေ့မှာပင် အပြာရောင် မျိုးစေ့လေး မှာ ချက်ချင်း ပွင့်ထွက်လာပြီး အလျင်အမြန် ကြီးထွားလာလေတော့သည်။

အခန်း ၆၉၅ လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ထားခြင်း

ထုံကျဉ်သွားလေသည်။

ဘယ်လိုဟာကို ဇာတ်လိုက် လို့ ခေါ်တာလဲ။ ဒါကမှ ဇာတ်လိုက် အစစ်ပဲ။

ကိုယ်တိုင်က ပါရမီ အရမ်း မြင့်မားနေတာက ထားပါတော့ ကောက်ရလာတဲ့ ညီမလေးကလည်း လူမဆန်လောက်အောင် ပါရမီရှင် အဆင့် ဖြစ်နေသေးသည်။

ကျန်းပေရန် က နော်မီ ကို ပေးလိုက်သော မျိုးစေ့လေး၏ နာမည်အပြည့်အစုံမှာ လင်ယာပန်း ဟု ခေါ်လေသည်။

၎င်း၏ ကြီးထွားမှုအတွက် မြေကြီး မလိုသလို ရေလည်း မလိုအပ်ပေ၊ ဝိညာဉ်စွမ်းအင် သာ လိုအပ်လေသည်။

သို့သော် ၎င်းကို လမ်းဘေးတွင် ဒီအတိုင်း ပစ်ထားလိုက်မည် ဆိုပါက ၎င်းသည် အလိုအလျောက် ဝိညာဉ်စွမ်းအင်များကို စုပ်ယူမည် မဟုတ်ပေ။ တစ်ယောက်ယောက်က ကူညီ၍ ၎င်း၏ အထဲသို့ ဝိညာဉ်စွမ်းအင်များကို သွင်းပေးမှသာ ရနိုင်မည် ဖြစ်ပြီး ပိုသွင်းပေးနိုင်လေလေ ပို၍ မြန်မြန် ကြီးထွားလာလေလေ ဖြစ်၏။

ပါရမီကို စမ်းသပ်ရန် အကောင်းဆုံးသော အရာဟု ဆိုနိုင်လေသည်။

ဝိညာဉ်စွမ်းအင် လက်ခံနိုင်စွမ်း မြင့်မားသူများသာလျှင် ဝိညာဉ်စွမ်းအင်ကို အလွယ်တကူ လှုံ့ဆော် အသုံးပြုနိုင်မည် ဖြစ်သောကြောင့်တည်း။ ဒါက ကျင့်ကြံသူ များ၏ မွေးရာပါ ပါရမီ ဖြစ်ပြီး သင်ပေးနေရန် မလိုအပ်ပေ။

မြန်ခြင်းနှင့် နှေးခြင်း ကွာခြားမှုသာ ရှိလေသည်။

သာမန် ပါရမီ မျိုး ဆိုလျှင် လင်ယာပန်းကို စိုက်ကြည့်ကာ နေ့ရက်ပေါင်းများစွာ တရားထိုင်နေမှသာ အခွံပေါက်နိုင်မည် ဖြစ်ပြီး ထို့ထက် ပိုများသော အချိန်များကို အသုံးပြု၍ ကြီးထွားအောင် လုပ်ဆောင်ကာ နောက်ဆုံးတွင် တောက်ပလှပသော ပန်းပွင့် တစ်ပွင့် ပွင့်လာစေနိုင်မည် ဖြစ်သည်။

နော်မီမှာမူ လင်ယာပန်း ကို အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် အခွံပေါက်စေခဲ့ပြီး မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပန်းပွင့်လာစေခဲ့လေသည်။

ဒီအရှိန်နှုန်းက မည်သည့် ဂိုဏ်းတွင်မဆို ထိပ်တန်း ပါရမီ မျိုး ဖြစ်လေသည်။

'ကြည့်ရတာ တျန်းတိုင်းပြည် ရဲ့ ရွေးချယ်မှု စနစ်ကလည်း သိပ်မကောင်းလှဘူးပဲ ဒီလောက် ကောင်းတဲ့ မျိုးစေ့လေးကိုတောင် မရှာတွေ့ကြဘူး'

"ဆရာ ဒီလိုဆိုရင် ရပြီလား"

နော်မီ က လင်ယာပန်း ကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ မေးလိုက်၏။

"အင်း"

ကျန်းပေရန် က ခေါင်းညိတ်လိုက်လေသည်။

"မင်းဆီမှာ အရမ်းကို ထူးချွန်တဲ့ ကျင့်ကြံခြင်း ပါရမီ ရှိနေတယ်"

နော်မီ က နားထောင်ပြီးနောက် မနေနိုင်ဘဲ ဂုဏ်ယူနေသည့် အပြုံးတစ်ခု ပေါ်လာကာ အစ်ကို ဖြစ်သူကို မျက်စိမှိတ်ပြလိုက်လေသည်။ သူမ၏ ပုံစံမှာ "ကြည့် ငါ အရမ်း တော်တယ်လို့ ပြောသားပဲ" ဟု ပြောနေသကဲ့သို့ ဖြစ်၏။

သို့သော် ဒီလိုဆိုလျှင် ကျန်းပေရန် အနေဖြင့် ဒီကလေး နှစ်ယောက်၏ နောက်ခံ အကြောင်းကို ပို၍ပင် သိချင်စိတ် ပြင်းပြလာလေသည်။

ဘယ်လို မိသားစု မျိုးလဲ။ တစ်မိသားစုတည်းမှာ ပါရမီရှင် နှစ်ယောက်တောင် ထွက်လာတာ။

ဒါက အနည်းဆုံးတော့ ကျဆင်းသွားတဲ့ ထိပ်တန်း မိသားစုကြီး တစ်ခုခုတော့ ဖြစ်ရမယ်။

နေဦး ဒီညီမလေးက မွေးစားလာတာ ဆိုတော့ ထိပ်တန်း မိသားစု နှစ်ခုလား။

'အင်း...'

ထိုအကြောင်းကို တွေးမိသောအခါ ကျန်းပေရန် ၏ ခေါင်းထဲတွင် ပြီးပြည့်စုံသော ဇာတ်လမ်း တစ်ပုဒ် ရုတ်တရက် ပေါ်လာလေသည်။

ချူဟွမ်က ခွန်အားတွေ အများကြီး စိုက်ထုတ်ပြီးမှ သူ့မိဘတွေကို ပြန်ကယ်တင်လာနိုင်ခဲ့တယ် မိသားစုလေး နွေးနွေးထွေးထွေး နေဖို့ အချိန်တောင် မရလိုက်ခင်မှာ လူတစ်ယောက် ထွက်လာပြီး သူ့ညီမလေးကို လုယူသွားတယ်

လိုက်မမီတော့တဲ့ အဆုံးမှာ မိဘတွေက နော်မီ ရဲ့ တကယ့် နောက်ခံ အကြောင်းကို သူ့ကို ပြောပြလိုက်တယ်

ဒီလိုနဲ့ သူ့ညီမလေးကို ကယ်တင်ဖို့ အတွက် ချူဟွမ် က ညီမလေးကို ကယ်တင်တဲ့ ခရီးစဉ်ကို ထပ်ပြီး စတင်ရပြန်တယ်

'ဒီဇာတ်ကွက်က တကယ်ကို ကွက်တိပဲ...'

စိတ်ထဲမှ မှတ်ချက်ချလိုက်ပြီးနောက် ကျန်းပေရန် လည်း ဆက်လက် တွန့်ဆုတ်မနေတော့ပေ။ ဒီလောက် ကောင်းတဲ့ မျိုးစေ့လေးကို တခြားသူများဆီ ပို့ပေးရမည့် အကြောင်းပြချက် လုံးဝ မရှိရာ ကိုယ်တိုင် လက်ခံလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။

"နော်မီ မင်း ငါ့ကို ဆရာ အဖြစ် လက်ခံချင်လား"

ချူဟွမ် က ကြားလိုက်သည်နှင့် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီးနောက် နော်မီ ကို မျက်ရိပ်ပြကာ တိုးတိုးလေး ပြောလိုက်၏။

"ကတ်တီးကတ်ဖဲ့ မလုပ်နဲ့တော့ မြန်မြန် သဘောတူလိုက်"

နော်မီ ကိုယ်တိုင်ကလည်း ကျန်းပေရန် သည် လူကောင်း တစ်ယောက် ဖြစ်ကြောင်း ခံစားမိပြီးသား ဖြစ်ရာ ယခု အစ်ကို ဖြစ်သူနှင့် အတူတူ ဆရာ တစ်ယောက်တည်း ထံတွင် တပည့်ခံခွင့် ရမည် ဆိုတော့ သဘာဝကျကျပင် ငြင်းပယ်စရာ အကြောင်း မရှိတော့ပေ။

"ဆရာကြီး ကျွန်မရဲ့ ဂါရဝပြုတာကို လက်ခံပေးပါ"

မြေပြင်ပေါ်တွင် ဒူးထောက်နေသော နော်မီ ကို ကြည့်ရင်း ကျန်းပေရန် က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ကောင်းပြီ မင်း ပညာစုံတဲ့ နေ့ကျရင် မင်း ကိုယ်တွင်းက ဒဏ်ရာကို ငါ ကိုယ်တိုင် ကုပေးမယ်"

"ကျေးဇူးတင်ပါတယ် ဆရာ"

ရုတ်တရက် ပါရမီရှင် တပည့် နှစ်ယောက်ကို လက်ခံလိုက်ရသဖြင့် ကျန်းပေရန် သည်လည်း အတွေးအချို့ ပေါ်လာလေသည်။

သူ တစ်ယောက်တည်း လောကမှာ ပြိုင်ဘက်ကင်း နေရုံဖြင့် မလုံလောက်ပေ။ အကယ်၍ သူသာ ပါရမီရှင် တပည့် အယောက် ခုနစ်ဆယ် ရှစ်ဆယ်လောက်ကို လက်ခံထားနိုင်မည် ဆိုပါက။

အဲ့ဒီ အချိန်ကျရင် ကောင်းကင်ပေါ်က ရန်သူပဲ လာလာ၊ ကမ္ဘာပြင်ပက ရန်သူပဲ လာလာ သူ့ကိုယ်စား ရှင်းပေးမယ့်သူတွေ ရှိနေမှာပဲ။

ထို့ကြောင့် ယခု သူ တကယ် လုပ်ဆောင်ရမည့် အရာမှာ ဤပါရမီရှင် များကို တစ်ယောက်ချင်းစီ ပြုစုပျိုးထောင်ပေးရန် ဖြစ်သည်။ ၎င်းတို့ အားလုံး မိုးခေါ်လေခေါ် လုပ်နိုင်လာသည့် တစ်နေ့တွင် သူလည်း တကယ် အနားယူနိုင်ပြီ ဖြစ်၏။

အဲ့ဒီ အချိန်ကျရင် တကယ်ပဲ ကောင်းကင်ကြီး ပြိုကျလာရင်တောင် တပည့်တွေက အရင် ခံပေးထားလိမ့်မယ် တပည့်တွေ မခံနိုင်တော့မှပဲ သူက နည်းလမ်း ရှာရုံပဲ။

အရမ်း ကောင်းတာပဲ အရမ်း ကောင်းတာပဲ။

နောက်ဆုံးတွင် အပ်စိုက် ကုသမှု နည်းလမ်းကို အသုံးပြု၍ အဘိုးအို ၏ ဆိုးရွားနေသော ကိုယ်တွင်း အခြေအနေကို ကုသပေးလိုက်ပြီးနောက် ကျန်းပေရန် သည် တပည့် အသစ် နှစ်ယောက်ကို ခေါ်ဆောင်ကာ ၎င်းတို့၏ အိမ်သို့ ပြန်လာခဲ့လေသည်။

"မင်းတို့ ဒီရွာမှာ သံယောဇဉ် တွယ်စရာ လူတွေ ရှိသေးလား"

တံခါးကို ပိတ်လိုက်ပြီးနောက် ကျန်းပေရန် က တပည့် အသစ် နှစ်ယောက်ကို ကြည့်ကာ မေးလိုက်၏။

ချူဟွမ် က ကြားပြီးနောက် ပြန်ဖြေလေသည်။

"ရွာက မိသားစုကြီး တစ်ခုလိုပါပဲ ရွာသားတွေ အားလုံးက ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေပဲ"

ဘေးနားရှိ နော်မီ ကလည်း နားထောင်ပြီးနောက် သဘောတူကြောင်း အားရပါးရ ခေါင်းညိတ်ပြလေသည်။

"ကောင်းပြီ ဒီရွာကို ကာကွယ်ဖို့ လူတစ်ယောက် ရှာပေးမယ် မင်းတို့ရဲ့ နောက်ဆံတင်းစရာ တွေကို ဖယ်ရှားပေးမယ် ကိစ္စတွေ ပြီးသွားရင် မင်းတို့ သွားချင်တဲ့ နေရာကို မင်းတို့ သဘောအတိုင်း သွားလို့ ရပြီ"

"ကျေးဇူးတင်ပါတယ် ဆရာ"

ချူဟွမ် က အလျင်အမြန် လက်ယှက် ဂါရဝပြုကာ ပြောလိုက်လေသည်။

ဘေးနားရှိ နော်မီ ကမူ မေးလိုက်၏။

"ဆရာ ကျွန်တော်တို့ ဘာကိစ္စ သွားလုပ်ကြမှာလဲ"

ထို့ကြောင့် ကျန်းပေရန် လည်း တစ္ဆေဝိညာဉ် များကို နှစ်သိမ့်ပေးရမည့် ကိစ္စကို နော်မီ အား အားလုံး ပြန်ပြောပြလိုက်လေသည်။

"ဪ ဒီလိုကိုး ကျွန်မ နားလည်ပါပြီ"

ကိစ္စရပ်၏ အစအဆုံးကို နားလည်သွားသော နော်မီ က ခေါင်းညိတ်လိုက်လေသည်။

"အားလုံး ရှင်းလင်းသွားပြီ ဆိုမှတော့ ကျွန်တော်တို့ ထွက်ခွာကြစို့"

ကျန်းပေရန် က ပြောပြီးနောက် လက်ယပ်ခေါ်လိုက်ကာ သူတို့ နှစ်ယောက်နှင့် အတူတူ ပျံသန်းစံအိမ် ထဲသို့ ဝင်ရောက်သွားလေတော့သည်။

...

လက်ဖျစ်တစ်တွက် အချိန်အတွင်း နှစ်လတာ ကာလ ကုန်လွန်သွားခဲ့လေသည်။

ဒီကာလအတွင်း ကျန်းပေရန် သည် ဝေ့၊ စန်း၊ ဂျိ၊ တျန်း၊ ထုန် နိုင်ငံ ငါးခုလုံးသို့ အနှံ့အပြား သွားရောက်ခဲ့ပြီး စာရင်းထဲရှိ အဆင့်ကိုး ဆရာကြီး အားလုံးထံသို့ သွားရောက် လည်ပတ်ခဲ့လေသည်။

ထို့ပြင် တာ့ဟူ နှင့် ချူဟွမ် တို့၏ ပူးပေါင်း ဆောင်ရွက်မှုမှာလည်း ပိုမို အဆင်ပြေ ချောမွေ့လာခဲ့သည်။ ယခုအခါ တာ့ဟူသည် အချိန်မရွေး ဝင်ရောက် ပူးကပ်နိုင်သလို အချိန်မရွေး ပြန်လည် ထွက်ခွာနိုင်ပြီး ချူဟွမ်၏ ခန္ဓာကိုယ် အပေါ်တွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမှ မဖြစ်စေတော့ပေ။

ကျန်းပေရန် သည် နိုင်ငံ အရှင်သခင် များကိုလည်း တစ်ယောက်ပြီး တစ်ယောက် သွားရောက် တွေ့ဆုံခဲ့သည်။ သူ တွေးထားသလိုပင် ဒီလူများက သူ့ကို အရင်က လာရှာခဲ့သည့် အကြောင်းရင်းများမှာ အခြေခံအားဖြင့် အတူတူပင် ဖြစ်လေသည်။

ချီတိုင်းပြည် ၏ အခြေအနေကို မေးမြန်းခြင်းနှင့် လက်ထပ် ထိန်းမြားရန် ဖြစ်နိုင် မဖြစ်နိုင် ကြည့်ရှုခြင်းသာ ဖြစ်၏။

ဒီအတွက်ကြောင့် နိုင်ငံ အရှင်သခင် များမှာလည်း အလွန် အပင်ပန်းခံကာ နည်းလမ်း မျိုးစုံကို အသုံးပြုခဲ့ကြလေသည်။

ငယ်ရွယ် နုနယ်သော မိန်းကလေးများမှစ၍ ရင့်ကျက် တည်ငြိမ်သော အမျိုးသမီးများ အထိ ကျန်းပေရန် အတွက် အကုန်လုံး စီစဉ်ပေးခဲ့ကြရာ ကျန်းပေရန် တစ်ယောက် တိုက်ကြီး တစ်ခုလုံး အနှံ့ လိုက်လံ သွားရောက်၍ မျက်နှာပြ နေရသကဲ့သို့ ဖြစ်နေလေသည်။

သို့သော် ကျန်းပေရန် မှာ ဤကဲ့သို့သော အာဏာအတွက် လက်ထပ် ထိန်းမြားခြင်းမျိုးကို လုံးဝ စိတ်မဝင်စားသဖြင့် အားလုံးကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့လေသည်။

"ပေရန်လေး ဟင်းတွေ ချက်ပြီးပြီနော်"

လက်ဖက်ရည် စားပွဲရှေ့တွင် အစီအစဉ်များကို စဉ်းစားနေသော ကျန်းပေရန်သည် ရှီဖုန်းလန်၏ အော်သံကို ကြားသောအခါ ပြန်ထူးလိုက်လေသည်။

"မင်းတို့ အရင် စားနှင့်ကြပါ"

"ကောင်းပြီ" ရှီဖုန်းလန် က ပြောပြီးနောက် ထွက်သွားရန် ပြင်လိုက်သော်လည်း ခြေလှမ်း နှစ်လှမ်း မလျှောက်ရသေးမီ ပြန်လှည့်လာကာ တိုးတိုးလေး ပြောလိုက်၏။

"ဒီနေ့ ငါ လုပ်ထားတဲ့ ဝက်သားလုံး ဟင်းပါတယ်နော်"

"အင်း သိပြီ"

ပေရန်လေး မှာ လာစားမည့် အရိပ်အယောင် မပြသေးသည်ကို မြင်သောအခါ ရှီဖုန်းလန် လည်း ဆက်မပြောတော့ဘဲ စားသောက်ခန်း ဘက်သို့ ပြေးသွားလေတော့သည်။

လက်ဖက်ရည်ပူပူ တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန်သည် သူ၏ ရှေ့ရှိ စန်းတိုင်းပြည် မြေပုံပေါ်တွင် အမှတ်အသား တစ်ခု ပြုလုပ်လိုက်လေသည်။

'ဒီဘက်က ပြဿနာတွေကိုတော့ ဟော့ဟုန်ဖေး ကိုပဲ တာဝန်ယူ ဖြေရှင်းခိုင်းလိုက်တော့မယ် ယဲ့ဖန် က အကူအညီ ပေးဖို့ ရှိနေတော့ မြန်မြန် ဖြေရှင်းနိုင်မှာပါ'

နိုင်ငံ ငါးခုလုံးကို အနှံ့အပြား သွားရောက်ခဲ့စဉ် အတွင်း ကျန်းပေရန် သည် သူ၏ အစီအစဉ်များကိုလည်း တစ်ခါတည်း အကောင်အထည် ဖော်နိုင်ခဲ့လေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ လက်အောက်ရှိ တပည့်များကို နိုင်ငံ အသီးသီးတွင် နေရာချထားပေးခဲ့ခြင်း ဖြစ်၏။

ယခုအခါ သူသည် စနစ်က အိပ်ပျော်သွားသကဲ့သို့ ပြိုင်ဘက်ကင်း အခြေအနေသို့ ရောက်ရှိနေသည်မှာ မှန်သော်လည်း ယခု အချိန်လေး အတွက်သာ ဖြစ်လေသည်။

နှစ်လ ကုန်လွန်သွားပြီးနောက် နိုင်ငံ ငါးခုလုံးမှာ စစ်ပွဲ၏ အရိပ်အမည်း များကို အခြေခံအားဖြင့် ဖယ်ရှားနိုင်ခဲ့ပြီး ပုံမှန် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။

လူသားများ ဆိုသည်မှာ ဒဏ်ရာ ပျောက်လျှင် နာကျင်ခဲ့သည်ကို မေ့တတ်သော အကျင့် ရှိသူများ ဖြစ်ကြသည် မဟုတ်ပါလား။

လက်ရှိ အခြေအနေ အရ သူတို့သည် တကယ်ကို အလွန် ငြိမ်သက်နေကြပြီး သူ့ကို လာရောက် ရန်စမည့် အရိပ်အယောင် မရှိကြသော်လည်း အနာဂတ်တွင် ဘာဖြစ်လာမည် ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

ဒီနိုင်ငံ အရှင်သခင် များထဲတွင် ဘယ်သူကများ လွယ်လွယ်နဲ့ အရှုံးပေးမည့်သူ ဖြစ်နေလို့လဲ။

ထို့ကြောင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းက အမြဲတမ်း မှားယွင်းမည် မဟုတ်ပေ။

တျန်းတိုင်းပြည်ဘက်တွင်မူ ကူချင်းဟွမ်း ကိုသာ အဓိက ထားရှိလေသည်။ သူ၏ အစီရင်ခံစာ အရ တျန်းတိုင်းပြည်သည် သူ့အား အဓိက အသိုင်းအဝိုင်း ထဲမှ ဖယ်ထုတ်ပစ်မည့် အရိပ်အယောင် မရှိသည့်အပြင် အရေးကြီးသော ကိစ္စရပ် များစွာတွင် သူ့အား တက်ကြွစွာ တိုင်ပင် ဆွေးနွေးလေ့ ရှိပြီး သူ့ကို မိမိတို့၏ အစိတ်အပိုင်း တစ်ခု အဖြစ် သတ်မှတ်ထားပုံ ရလေသည်။

ဒီလို အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းကိုလည်း ကူချင်းဟွမ်း က သုံးသပ်ပြခဲ့လေသည်။

ပထမ အချက်မှာ တျန်းတိုင်းပြည် အထက်ပိုင်းက သူနှင့် စီနီယာ အစ်ကိုကြီး ကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိဟု ရွေးချယ် ယုံကြည်လိုက်ခြင်း ဖြစ်သည်။ သို့သော် ဒီဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလှသည်၊ အကြောင်းမှာ သူတို့ နှစ်ဦး ဂိုဏ်းတစ်ခုတည်းမှ ဆင်းသက်လာခြင်းကို ဖုံးကွယ်ထား၍ မရနိုင်သလို တျန်းတိုင်းပြည်ကလည်း ဒီလောက် သေးငယ်သော ဖြစ်နိုင်ခြေကို လောင်းကြေးထပ်မည် မဟုတ်သောကြောင့် ဖြစ်၏။

ဒုတိယ အချက်မှာ တျန်းတိုင်းပြည် အထက်ပိုင်းက အပြင်ပန်းတွင် သူ့ကို ရွေးချယ်လိုက်သော်လည်း တကယ်တမ်းတွင်မူ စီနီယာ အစ်ကိုကြီး နှင့် ပူးပေါင်း ဆောင်ရွက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပြီး မည်သည့် ဖုံးကွယ်မှုမှ မရှိဘဲ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်လေသည်။

ထို့ပြင် ဤနည်းလမ်းမှာ ရှေ့တိုး နောက်ဆုတ် ပြုလုပ်၍ ရနိုင်လေသည်၊ သူနှင့် စီနီယာ အစ်ကိုကြီး သည် စိတ်သဘောထား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူတို့ အနေဖြင့် အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်၏။

တျန်းတိုင်းပြည် ၏ ဒီလို လုပ်ရပ် အပေါ် ကျန်းပေရန် က သဘောကျ နှစ်သက်လေသည်။ စေတနာကိုလည်း ပြသသလို မိမိကိုယ်တိုင် အတွက်လည်း ဆုတ်လမ်း ချန်ထားခဲ့ခြင်း ဖြစ်ရာ ဤကဲ့သို့သော ပူးပေါင်း ဆောင်ရွက်မှုမျိုးမှာ အဆင်ပြေ ချောမွေ့ပါက နှစ်ဖက်စလုံး၏ အကျိုးအမြတ်များကို သေချာပေါက် အာမခံနိုင်မည် ဖြစ်လေသည်။

တစ်ဖက်လူက ကျောကို ဓားနဲ့ ထိုးမည်ကို အရမ်းကြီး ပူပန်နေစရာ မလိုပေ။

စန်းတိုင်းပြည်ကိုမူ ဟော့ဟုန်ဖေး ထံ ဆက်လက် တာဝန်ပေးထားလေသည်။ လျန်တိုင်းပြည် တွင် ဆယ်စုနှစ်များစွာ ကြိတ်မှိတ် သည်းခံနိုင်ခဲ့ပြီး လျန်တိုင်းပြည် ကို ဖျက်ဆီးမည့် အစီအစဉ်ကို တစ်ကိုယ်တော် စီစဉ်နိုင်ခဲ့သော အိမ်ပါ သမက် အဆင့်၏ ကိုယ်စားလှယ် တစ်ဦး အနေဖြင့် သူ့အား အချိန် လုံလုံလောက်လောက် ပေးထားပါက စန်းတိုင်းပြည် အတွင်းတွင်လည်း သူ့အတွက် သီးသန့် ကွန်ရက် တစ်ခုကို ယက်လုပ်နိုင်မည်ဟု ကျန်းပေရန် ယုံကြည်လေသည်။

အမှန်တကယ်ပင် သူသည် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သော်လည်း ဂူမျိုးနွယ်စု၏ ကျူးကျော်မှုကြောင့် စန်းတိုင်းပြည် အတွင်းရှိ အင်အားစုများ ပြန်လည် အစီအစဉ် ကျသွားခဲ့သဖြင့် သူ အရင်က တည်ဆောက်ထားခဲ့သော ဆက်ဆံရေး ကွန်ရက် အချို့ ပျက်စီးသွားခဲ့ရလေသည်။

သို့သော် ဒီကိစ္စက သူ့အတွက် အကျပ်အတည်း တစ်ခု ဖြစ်သလို အခွင့်အရေး တစ်ခုလည်း ဖြစ်လေသည်။ စန်းတိုင်းပြည် အတွင်း ပိုမို ရှုပ်ထွေးလေလေ သူ၏ အခွင့်အရေးများ ပိုမို များပြားလေလေ ဖြစ်၏။ ယခု ယဲ့ဖန် ကဲ့သို့သော ထိပ်တန်း လောင်းကြေးတစ်ခု ထပ်မံ ရရှိထားပြီ ဖြစ်ရာ သူသည် "လောင်းကစား ဝိုင်း" ပေါ်တွင် ထိုင်ကာ စန်းတိုင်းပြည် ၏ ထိပ်တန်း အားကြီးသူ များနှင့် တန်းတူ ဆွေးနွေးနိုင်သည့် အခွင့်အရေးပင် ရရှိလာနိုင်လေသည်။

ဝေ့တိုင်းပြည်ဘက်တွင်မူ ကျန်းပေရန် က မီဝမ်ဝေ ကို ချန်းကျီးအိမ်တော် သို့ ပြန်လည် ဦးဆောင်စေခဲ့လေသည်။ ဝေ့တိုင်းပြည်သာမက နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ ထိပ်တန်း အဖွဲ့အစည်း တစ်ခု အနေဖြင့် ချန်းကျီးအိမ်တော် ၏ လွှမ်းမိုးမှုမှာ အလွန် ကြီးမားလှပေသည်။

သို့သော် မီဝမ်ဝေ ကဲ့သို့သော အိမ်တွင်းအောင်း သဘာဝ ရှိသူ တစ်ဦး အနေဖြင့် အစီအစဉ်များ ချမှတ်ရာတွင် ကူညီပေးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ကျန်းပေရန် က သူမကို နေရာ အခိုင်အမာ ရစေရန်သာ ရည်ရွယ်ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အရည်အချင်းရှိသော သူများကို ထပ်မံ ရှာဖွေကာ ပို့ပေးသွားမည် ဖြစ်၏။

လောလောဆယ် သူ၏ စိတ်ထဲတွင် အကောင်းဆုံး ရွေးချယ်မှုမှာ လီဖူချန် နှင့် ဟော့ဝမ်ခန်း တို့ပင် ဖြစ်လေသည်။

လီဖူချန် မှာ ရုပ်လေးပါး ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသော အစီအရင် ပါရမီရှင် တစ်ဦး ဖြစ်ပြီး ဟော့ဝမ်ခန်း မှာမူ ဘက်စုံ ပါရမီရှင် တစ်ဦး ဖြစ်ကာ မည်သည့် ဂမ္ဘီရ အတတ်ပညာ ကိုမဆို အလွန် လျင်မြန်စွာ တတ်မြောက်နိုင်သူ ဖြစ်လေသည်။

သူတို့ နှစ်ဦး ချန်းကျီးအိမ်တော် သို့ ဝင်ရောက်ခြင်းမှာ အလွန် သဘာဝကျသော ကိစ္စများ ဖြစ်ပြီး နောက်ပေါက်မှ ဝင်ရန်ပင် မလိုအပ်ပေ။

အဖွဲ့အစည်း အင်အားစုများ တည်ဆောက်ရာတွင်မူ လီဖူချန် သည် သူ၏ စွမ်းရည်များကို ပြသခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ရှန့်တိုင်းပြည် ၏ ဧကရာဇ်မှာ မိမိသာ မဟုတ်ခဲ့လျှင် လီဖူချန် ဖွဲ့စည်းထားသော ထျန်းရှား (ကမ္ဘာ့အသင်း) သည် အချိန်သိပ်မကြာမီမှာပင် ရှန့်တိုင်းပြည် ၏ အင်အားစုဟောင်း များကို ဖြုတ်ချနိုင်လောက်မည် ဖြစ်၏။

ဟော့ဝမ်ခန်း နှင့် ပတ်သက်၍မူ ကျန်းပေရန် သည် သူနှင့် သိပ်မရင်းနှီးလှသော်လည်း ပထမအဆင့် ဟင်းဆိုသော ခေါင်းစဉ်ကို အသုံးပြု၍ ဂေါ်ဖီထုပ်များကို ဘိန်းဖြူဈေးဖြင့် ရောင်းချနိုင်ခဲ့ချိန်ကတည်းက သူသည် မျိုးစေ့ကောင်း တစ်ခု ဖြစ်ကြောင်း ကျန်းပေရန် သိရှိထားခဲ့လေသည်။

အကယ်၍ သူသည် ဖခင်ဖြစ်သူ၏ ကြံ့ခိုင်သော သည်းခံနိုင်စွမ်း နှင့် လျှို့ဝှက်စွာ အစီအစဉ် ချမှတ်နိုင်စွမ်း များကိုပါ အမွေဆက်ခံနိုင်မည် ဆိုပါက ဝေ့တိုင်းပြည် ဘက်ခြမ်းမှာ လုံးဝ တည်ငြိမ်သွားပြီ ဖြစ်လေသည်။

နောက်ထပ် ဂျိနိုင်ငံကို ကြည့်မည် ဆိုပါက ကျန်းပေရန် ၏ မူလ အစီအစဉ်မှာ သားရဲကြီး များကို ဆွဲဆောင်ကာ သူတို့ အချင်းချင်း အပြန်အလှန် ထိန်းချုပ်စေရန် ဖြစ်လေသည်။

ဒီတစ်ကြိမ်တွင် ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားများ အလွန်အမင်း ဆုံးရှုံးသွားခဲ့ရသဖြင့် သူတို့ အနေဖြင့် ရွေးချယ်စရာ လုံးဝ မရှိသလောက် ဖြစ်သွားသောကြောင့် ဖြစ်၏။

သို့သော် နောက်ပိုင်းတွင် အခြား နိုင်ငံများကလိမ္မာစွာ စကားနားထောင်ရန် ရွေးချယ်ခဲ့ကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒီအချက်က ကျန်းပေရန် အား ဝေ့တိုင်းပြည် ကို ကာကွယ်ရန် ဟူသော အကြောင်းပြချက်ဖြင့် ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားများကို ခေါ်ယူရန် အခွင့်အရေး မရစေတော့ပေ။ ထို့ပြင် ဒါက မူလကတည်းက မရင့်ကျက်သေးသော အစီအစဉ် တစ်ခုသာ ဖြစ်ပြီး သားရဲကြီးများက သူ၏ စကားကို နားထောင်မည်၊ မထောင်မည် ဆိုသည်မှာလည်း မသေချာသေးပေ။

ဒီလို အခြေအနေမျိုးတွင် ဝူရှန် ဂိုဏ်းချုပ် သည် သဘာဝကျကျပင် အဓိက "သူလျှို" ဖြစ်လာခဲ့လေတော့သည်။

ထိုစကားကို ထပ်ပြောရလျှင် ယခုလို ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားများ လိုအပ်နေသော ဂျိနိုင်ငံ အတွက် ၎င်းတို့တွင် ရွေးချယ်စရာ အခွင့်အရေး သိပ်မရှိလှပေ။

ဝူရှန်ဂိုဏ်းချုပ် နှင့် မိမိ ကြားတွင် ရှင်းပြ၍ မရသော ပတ်သက်မှုများ ရှိနေသည်ကို ၎င်းတို့ သိရှိထားသော်လည်း လက်ခံရုံသာ ရှိလေသည်။

၎င်းတို့၏ လက်ရှိ အကာအကွယ်မှာ ကျန်းပေရန် ပင် ဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်၏။ အကယ်၍ ကျန်းပေရန်၏ လက်ကြီးက နဂါးနက် ကုန်းမြေတိုက်ကြီး ၏ အခြေအနေ တစ်ခုလုံးကို မထိန်းချုပ်ထားပါက အခြား နိုင်ငံများက ချီတိုင်းပြည် ကို ခွဲဝေ စားသောက်ပြီးနောက် နောက်ထပ် ပစ်မှတ်မှာ ၎င်းတို့ပင် ဖြစ်လာမည် ဖြစ်လေသည်။

ထို့ကြောင့် ဂျိနိုင်ငံသည် ကျန်ရစ်သော နိုင်ငံ ငါးခုထဲတွင် အလိမ္မာဆုံး ဖြစ်သည်ဟု ဆိုနိုင်လေသည်။ ၎င်းတို့ ယခု လိုအပ်နေသည်မှာ သည်းခံခြင်း ဖြစ်ပြီး ဂျိနိုင်ငံ ပြန်လည် နာလန်ထူလာမည့် အချိန်အထိ သည်းခံနိုင်မှသာ စကားပြောဆိုခွင့်ကို ပြန်လည် ရရှိနိုင်မည် ဖြစ်၏။

ဒီလို သည်းခံရမည့် အချိန် ဘယ်လောက် ကြာမည်လဲ ဆိုတာကိုတော့...

ဘယ်သူမှ မသိနိုင်ပေ။

နောက်ဆုံး ထုန်တိုင်းပြည်ကိုမူ ကျန်းပေရန် ကိုယ်တိုင် ကြီးကြပ်ရန် ရည်ရွယ်ထားလေသည်။

မည်သို့ပင်ဆိုစေ ဒီတစ်ကြိမ် ဂူမျိုးနွယ်စုများ၏ ကျူးကျော်မှုတွင် သူနှင့် ထုန်တိုင်းပြည် မှ အနက်ရောင် သူတော်စင် များ၏ ပူးပေါင်း ဆောင်ရွက်မှုမှာ အလွန် အဆင်ပြေခဲ့လေသည်။ အသက်နှင့် ရင်း၍ ရလာသော ခင်မင်မှု ရှိသည်ဟု ဆိုနိုင်ပြီး နောက်ပိုင်းတွင် အသက်ကယ် ကျေးဇူး များပါ ထပ်မံ ပေါင်းထည့်လိုက်ရလေသည်။

ထို့ကြောင့် သူက ထုန်တိုင်းပြည် ကို ထိန်းချုပ်ခြင်းမှာ အသင့်တော်ဆုံး ဖြစ်သည်ဟု ဆိုနိုင်လေသည်။

အစီအစဉ်များ ချမှတ်ပြီးနောက် ကျန်းပေရန်သည် နဂါးနက် ကုန်းမြေတိုက်ကြီးကို သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ပြီဟု ဆိုနိုင်လေသည်။

သို့သော် မူလက သူ ဒီအရာများကို လုပ်ဆောင်ခဲ့ခြင်းမှာ လောကတွင် ပြိုင်ဘက်ကင်း ဖြစ်စေရန်နှင့် နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်တွင် မည်သူမှ စနစ် ၏ ရွေးချယ်စရာ များကို ထပ်မံ မဖြစ်ပေါ်စေနိုင်တော့ရန် အတွက် ဖြစ်လေသည်။

သို့သော် အစီအစဉ်များက အပြောင်းအလဲများကို မမီနိုင်ခဲ့ပေ။ ယခု ကျန်းပေရန် ဒီအရာများကို လုပ်ဆောင်ရသည့် ရည်ရွယ်ချက်မှာ အပြင်ရန်ကို နှိမ်နင်းလိုလျှင် အတွင်းရေးကို အရင် ဖြေရှင်းရမည် ဆိုသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ထို ကောင်းကင်ပေါ်မှ ရန်သူ များကို ရင်ဆိုင်ရန် အတွက် သူသည် နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ကြိုးတစ်ချောင်းတည်း အဖြစ် အရင်ဆုံး စည်းလုံးစေရမည် ဖြစ်သည်။ ထိုသို့မှသာ မသိနိုင်သော အန္တရာယ် များကို ခုခံရာတွင် သူတို့က ကူညီပေးနိုင်မည် ဖြစ်လေသည်။

"ဆရာ ကျွန်တော်တို့ ဝေ့တိုင်းပြည် ကို ရောက်ပါပြီ"

နာရီဝက်ခန့် အကြာတွင် ချူဟွမ် က ပြေးလာပြီး ကျန်းပေရန် ကို လက်ယှက် ဂါရဝပြုကာ ပြောလိုက်လေသည်။

"အင်း"

ကျန်းပေရန် က ခေါင်းညိတ်ပြလိုက်ပြီး မတ်တပ်ရပ်ကာ ပြောလိုက်၏။

"သွားကြစို့"

နှစ်လတာ ကာလ အတွင်း တာ့ဟူသည် မရေမတွက်နိုင်သော ဝိညာဉ် များကို နှစ်သိမ့်ပေးခဲ့ပြီး ဖြစ်ရာ ယခုအချိန်တွင် ထို အလွန် ကြီးမားသော အစီအရင် များကို အားလုံး ဖျက်ဆီးပစ်ရန် အချိန်ကျရောက်ပြီ ဖြစ်လေသည်။

ပျံသန်းစံအိမ် မှာ ယခုအချိန်တွင် တောင်ကုန်း တစ်ခုပေါ်၌ ရပ်နားထားပြီး ကျန်းပေရန် ဆင်းသွားသောအခါ ဒီနေရာတွင် စောင့်ဆိုင်းနေသော အဆင့်ကိုး အစီအရင် ဆရာကြီး အချို့ကို တွေ့လိုက်ရလေသည်။

လူတွေကတော့ မပြောင်းလဲသေးပေ။ အရင်တစ်ခေါက်က ထုန်တိုင်းပြည် တွင် အစီအရင် ဖျက်ဆီးရာ၌ ကူညီပေးခဲ့သော ထိုလူများပင် ဖြစ်လေသည်။

"ခင်ဗျားတို့ကို ထပ်ပြီး ဒုက္ခပေးရပြန်ပြီ ပင်ပန်းသွားပြီ"

ကျန်းပေရန် က ထိုလူများကို လက်ယှက် ဂါရဝပြုကာ ပြောလိုက်လေသည်။

ဝမ်ကျန်ဟုန် က ကြားပြီးနောက် လက်ယှက်ကာ ပြန်ပြောလိုက်၏။

"ဆရာကျန်း က ဒီလို ပြောတာတော့ သူစိမ်း ဆန်လွန်းနေပြီ ဒါက နဂါးနက် ကုန်းမြေတိုက်ကြီး က လူတိုင်း လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ပါပဲ ခင်ဗျားသာ ကျုပ်တို့ကို မခေါ်ဘူး ဆိုရင် ကျုပ်တို့ကတောင် မပျော်မရွှင် ဖြစ်မိဦးမယ်"

"ဟား ဟား ဟား"

အခြားသော အဆင့်ကိုး အစီအရင် ဆရာကြီး များကလည်း နားထောင်ပြီးနောက် ရယ်မောလိုက်ကြကာ သဘောတူကြောင်း ပြသလိုက်ကြလေသည်။

"ဒါဆိုရင် ကျုပ်တို့ မြန်မြန် တိုက်ပြီး မြန်မြန် အဆုံးသတ်လိုက်ကြရအောင် တစ်ခါတည်းနဲ့ ဖျက်ဆီးပစ်လိုက်မယ်"

"ကောင်းပါပြီ"

အဆင့်ကိုး အစီအရင် ဆရာကြီး လေးဦးစလုံး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး မူလက စီစဉ်ထားသော နေရာများသို့ အသီးသီး ပျံသန်းသွားကြလေသည်။

ဒီနှစ်လတာ ကာလအတွင်း ကျန်းပေရန်သည် တာ့ဟူက ဝိညာဉ် များကို နှစ်သိမ့်ပေးနေသည်ကို ဒီအတိုင်း ထိုင်စောင့်နေခဲ့ခြင်း မဟုတ်ပေ။ ဒီ အစီအရင် ဆရာကြီး လေးဦးကိုလည်း အခြား နိုင်ငံ ငါးခုရှိ အလွန် ကြီးမားသော အစီအရင် များကို အရင် လေ့လာထားရန် စီစဉ်ပေးခဲ့လေသည်။ တာ့ဟူ က ဝိညာဉ် အားလုံးကို နှစ်သိမ့်ပေးပြီးသည့် အချိန်တွင် အစီအရင် ကို တိုက်ရိုက် ဖျက်ဆီးနိုင်ရန် အတွက် ဖြစ်၏။

အဆင့်ကိုး အစီအရင် ဆရာကြီး လေးဦး ထွက်သွားပြီးနောက် ရင်းနှီးသော အသံတစ်သံ ကျန်းပေရန် ၏ အနောက်မှ ထွက်ပေါ်လာလေသည်။

"ကြည့်ရတာ ဒီနှစ်လ အတွင်းမှာ တာ့ဟူ ရထားတဲ့ အတွေ့အကြုံ တွေက တော်တော် အသုံးဝင်ပုံရတယ် သူ့ရဲ့ အငွေ့အသက်တွေက အရမ်း တည်ငြိမ်နေပြီ"

ကျန်းပေရန် လှည့်ကြည့်လိုက်ပြီး လက်ယှက် ဂါရဝပြုကာ ပြောလိုက်၏။

"လူကြီးမင်းတို့ကို ဂါရဝပြုပါတယ်"

ရောက်လာသူများမှာ အခြားသူများ မဟုတ်ဘဲ ထိပ်တန်း တစ္ဆေ ကျင့်ကြံသူ လေးဦးပင် ဖြစ်လေသည်။

အရင်တစ်ခေါက် ထုန်တိုင်းပြည် တွင် အစီအရင် ဖျက်ဆီးခဲ့စဉ်က အတွေ့အကြုံများ အရ အစီအရင် ဆရာကြီး လေးဦးကို မည်သို့ ဆုတ်ခွာစေရမည်ကို ကျန်းပေရန် သိရှိထားသော်လည်း အမှားဆိုသည်မှာ မထင်မှတ်ဘဲ ဖြစ်ပေါ်လာတတ်သည် မဟုတ်ပါလား။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက ဒီနေရာတွင် ရှိနေသူ အားလုံးမှာ အဖိုးတန် ရတနာများ ဖြစ်ကြရာ မည်သူ ထိခိုက်သွားသည် ဖြစ်စေ မကောင်းနိုင်ပေ။

ထို့ကြောင့် ကျန်းပေရန် သည် ၎င်းတို့ကို ကာကွယ်ပေးရန် တစ္ဆေ ကျင့်ကြံသူ အချို့ကို စီစဉ်ပေးထားခဲ့ခြင်း ဖြစ်လေသည်။

All Chapters