← Chapters

အခန်း (၆၈၈-၆၈၉)

Vol. 62 Ch. 688-689

အခန်း (၆၈၈-၆၈၉)

Vol. 62 Ch. 688-689

အခန်း ၆၈၈ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူး

ဆရာ၏ မေးခွန်းကို ကြားသောအခါ လော့ဝမ်ကျိုး၏ မျက်လုံးထဲတွင် ဝေခွဲမရမှုနှင့် အနည်းငယ် ရှက်ရွံ့မှုတို့ ဖြတ်ပြေးသွား၏။

တကယ်တော့ သူဟာ အကြိမ်ပေါင်းများစွာ စီနီယာ အစ်ကိုကြီး နှစ်ယောက်ကို အားကျမိခဲ့သည်။ သူတို့မှာ ရှင်းလင်းသော ရည်မှန်းချက်များ ရှိကြပြီး ထိုအရာအတွက် အစွမ်းကုန် ကြိုးစားကြသည်ကို အားကျမိခြင်း ဖြစ်လေသည်။

သို့သော် ဤအချက်ကပင် သူ့အား မိမိကိုယ်ကိုယ် နေရာတွင်ပင် လည်နေသကဲ့သို့ ခံစားရစေသည်။ တစ်ခုခု လုပ်နေသလိုလိုနှင့် ဘာမှ မလုပ်ဖြစ်သလိုမျိုး ခံစားချက်မျိုး ဖြစ်၏။

အစပိုင်းတွင် သူသည် ဒုက္ခရောက်နေသောသူများ အားလုံးကို ကူညီချင်ခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဘယ်လောက်ပင် အန္တရာယ် များပါစေ၊ အကူအညီ လိုအပ်သော နေရာရှိပါက သူသည် မိုင်ထောင်ချီ ဝေးသော နေရာသို့ပင် အပြေးအလွှား သွားခဲ့ခြင်း ဖြစ်၏။

သို့သော် ဆရာနှင့် တွေ့ပြီးနောက်တွင်မူ သူ၏ ဤကဲ့သို့ သေးငယ်သော ကြိုးစားမှုလေးက လောကကြီးကို ဘာမှ ပြောင်းလဲပေးနိုင်မည် မဟုတ်ကြောင်း သိရှိလိုက်ရလေသည်။

လူအများစုမှာ အဆုံးမရှိသော မှောင်မိုက်ခြင်းထဲ၌ ရှင်သန်နေကြရဆဲ ဖြစ်၏။

သူက သူတို့ကို တစ်ကြိမ် ဆွဲထုတ်ပေးလိုက်လျှင်ပင် သိပ်မကြာခင်၌ အမှောင်ထုက သူတို့ကို ပြန်လည် ဖုံးလွှမ်းသွားဦးမည် ဖြစ်လေသည်။

ဒါဟာ သူ့အား တဖြည်းဖြည်း လမ်းပျောက်စေခဲ့ပြီး သူ လုပ်သမျှ အရာအားလုံးက အလဟဿ ဖြစ်နေသကဲ့သို့ ခံစားရစေခဲ့ခြင်း ဖြစ်၏။

သေချာသည်မှာ သူသည် ထိုသို့သော အပြုအမူများကို ရပ်တန့်လိုက်ခြင်းမျိုး မဟုတ်ပေ၊ အန္တရာယ် ရှိသည့် နေရာကို ကြားလျှင် သူသည် ပထမဆုံး အပြေးသွားမြဲ ဖြစ်လေသည်။

သို့သော် အကြပ်အတည်းတစ်ခုကို ကယ်တင်ပြီးတိုင်း သူ၏ စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရတတ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အောင်ပွဲမှာ အလွန် သေးငယ်လှသဖြင့် သူ လုပ်သမျှမှာ အပေါ်ယံ ဖြေရှင်းခြင်းသာ ဖြစ်ကြောင်း သူ သိနေသောကြောင့် ဖြစ်၏။

နောက်ပိုင်းတွင် သူသည် မိမိကိုယ်ကိုယ် ပြောင်းလဲရန် ကြိုးစားခဲ့ပြီး မိမိ၏ လမ်းစဉ်ကို ရှာဖွေခဲ့လေသည်။

ဥပမာအားဖြင့် စီနီယာ အစ်ကိုကြီးက သူသည် ဆေးလုံးဖော်စပ်ခြင်း ပညာတွင် ပါရမီ အလွန် မြင့်မားကြောင်း ပြောသဖြင့် သူသည် ဆေးလုံးဖော်စပ်ခြင်းကို ကြိုးစား လေ့လာခဲ့ဖူး၏။

သို့သော် သူသည် စီနီယာ အစ်ကိုကြီး ဝူချင်းစစ်ကဲ့သို့ "ကြိုးစားမှု အားသန်သူ" မဟုတ်ပေ၊ ဆေးအိုးရှေ့တွင် တစ်နေ့ကုန် ထိုင်နေခြင်းမှာ သူ့အား ပျင်းရိ ငြီးငွေ့စေရုံသာ ရှိလေသည်။

သူသည် မိမိ၏ ဤကဲ့သို့သော စိတ်မတည်ငြိမ်မှုအတွက် အကြိမ်ပေါင်းများစွာ ရှက်ရွံ့မိသော်လည်း လူတစ်ယောက်နှင့် တစ်ယောက်မှာ မတူညီကြပေ၊ မိမိကိုယ်ကိုယ် အတင်းအကျပ် ဖိအားပေးခြင်းမှာ ရလဒ်ကောင်း ထွက်ပေါ်လာမည် မဟုတ်ချေ။

ထို့ကြောင့် လော့ဝမ်ကျိုးသည် ဆေးအိုးရှေ့တွင် ထိုင်နေသော ဘဝကို စွန့်လွှတ်လိုက်ပြီး မတူညီသော အရာများကို ရှာဖွေရန် စတင်ခဲ့လေသည်။

နောက်ပိုင်းတွင် သူသည် အပြင်သို့ စေလွှတ်ခြင်း ခံခဲ့ရ၏။

ဆရာက သူ့အား ဟိုဟိုဒီဒီ လျှောက်သွားကာ လေ့လာခိုင်းခြင်းမှာ အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း လော့ဝမ်ကျိုး သိရှိလေသည်။

ဤရှည်လျားလှသော ခရီးစဉ်အတွင်း သူသည် အမှန်တကယ်ပင် သိမြင်မှုများစွာ ရရှိခဲ့၏။

"လောကရှိ သတ္တဝါ အားလုံးမှာ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့နေရသည်" ဆိုသည့်အတိုင်း လူတိုင်းအား ဒုက္ခမှ ကယ်တင်ရန်မှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ခက်ခဲလှသော ကိစ္စဖြစ်သည်၊ အနည်းဆုံးတော့ သူသည် မည်သည့် နေရာမှ စတင်ရမည်ကိုပင် မသိရှိချေ။

သို့သော် သူ၏ ဆရာကတော့ သေချာပေါက် လုပ်နိုင်မည်ဟု သူ သိထားလေသည်။

ထို့ကြောင့် သူ့တွင် ရည်မှန်းချက် အသစ်တစ်ခု ရှိလာခဲ့သည်၊ ၎င်းမှာ ဆရာ၏ နောက်သို့ အမြဲလိုက်ပါကာ ဆရာ ပေးအပ်သော တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်ခြင်းဖြင့် သတ္တဝါ အားလုံးကို ဒုက္ခပင်လယ်မှ ကယ်တင်ရန် ဖြစ်လေသည်။

သို့သော် တာဝန် ထမ်းဆောင်ချိန်တွင်မူ သူသည် ထပ်မံ၍ ဝေခွဲမရ ဖြစ်လာပြန်သည်။ ဆရာနှင့် ပတ်သက်နေသော အင်အားစုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမို အားကောင်းလာသည်နှင့်အမျှ သူ၏ စွမ်းဆောင်ရည်မှာ မပြောပလောက်ကြောင်း သူ တွေ့ရှိလာရလေသည်။

ယခု ယွမ်မြို့တော်တွင် ထားလိုက်ပါဦး၊ အရင် တျန်းတိုင်းပြည်တွင် ရှိစဉ်ကတည်းက သူသည် စီနီယာ အစ်ကိုကြီး ကူချင်းဟွမ်း၏ လက်အောက်တွင် အကူအညီ ပေးရုံသာ တတ်နိုင်ခဲ့လေသည်။

ဒါဟာ လော့ဝမ်ကျိုးအား ဤအတိုင်း ဆက်သွား၍ မရတော့ကြောင်း ပြင်းထန်စွာ သတိပြုမိစေခဲ့သည်၊ သူသည် သေချာသော လမ်းကြောင်းတစ်ခုကို ရှာဖွေပြီး အစွမ်းကုန် ကြိုးစားရတော့မည် ဖြစ်၏။

"ကျွန်တော်..."

လော့ဝမ်ကျိုးသည် ဆရာ့အား မော့ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်၏။

"တောင်းပန်ပါတယ် ဆရာ... ကျွန်တော် တကယ် ဘာလုပ်ချင်လဲ ဆိုတာကို အခုထိ မသိသေးဘူး..."

"ဒါဆိုရင် မင်း အခု နေ့တိုင်း ဘာတွေ လုပ်နေလဲ ဆိုတာ ငါ့ကို ပြောပြဦး"

"ကျွန်တော် နေ့တိုင်း အိပ်ရာထရင် စီနီယာ အစ်ကိုကြီး ဝူနဲ့အတူ တစ်နာရီလောက် ကျင့်စဉ် လေ့ကျင့်ပါတယ် ပြီးတော့ ဆေးခန်းမှာ နှစ်နာရီလောက် ပညာသင်တယ် ညနေပိုင်း ရောက်ရင်တော့ တျန်းတိုင်းပြည်ရဲ့ ထိပ်တန်း အရာရှိတွေရဲ့ စားပွဲသောက်ပွဲတွေကို သွားပါတယ်"

"စားပွဲသောက်ပွဲ ဟုတ်လား"

ကျန်းပေရန်က ဖြတ်မေးလိုက်၏။

"ဟုတ်ကဲ့ စီနီယာ အစ်ကိုကြီးကူက သွားခိုင်းတာပါ အဲ့ဒီလို နေရာမျိုးမှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရဖို့ အလွယ်ဆုံးပဲလို့ သူက ပြောပါတယ် တစ်ချိန်တည်းမှာလည်း တျန်းတိုင်းပြည်က အရေးပါတဲ့ လူတွေနဲ့ ရင်းနှီးခွင့် ရတာပေါ့"

ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး ဆက်မေးလေသည်။

"ဒါဆိုရင် မင်းက အခု တျန်းတိုင်းပြည်ရဲ့ အထက်တန်း အသိုင်းအဝိုင်းမှာ မျက်နှာပန်း ပွင့်နေပြီပေါ့"

"အဲ့ဒီလောက်တော့ မဟုတ်ပါဘူး ဒါပေမဲ့ လူအတော်များများကိုတော့ သိကျွမ်းနေပြီ"

လော့ဝမ်ကျိုး စကားဆုံးသည်နှင့် ဘေးနားရှိ ကူချင်းဟွမ်းက လက်ယှက် ဂါရဝပြုကာ ပြောလိုက်၏။

"စီနီယာ အစ်ကိုကြီး... ဂျူနီယာညီလေး လော့က အရမ်း နှိမ့်ချလွန်းနေတာပါ လက်ရှိ အခြေအနေအရ တျန်းတိုင်းပြည်က ဂိုဏ်းကြီးတွေနဲ့ မိသားစုကြီး အတော်များများမှာ သူ့လူတွေ ရောက်နေပါပြီ"

"သူ့လူတွေ ဟုတ်လား"

"ဟုတ်ကဲ့"

ကူချင်းဟွမ်းက ခေါင်းညိတ်ပြပြီး လော့ဝမ်ကျိုးကို ကြည့်ကာ ပြောလိုက်၏။

"ဒီအကြောင်းကိုတော့ ဂျူနီယာညီလေး လော့ ကိုယ်တိုင်ပဲ ရှင်းပြခိုင်းလိုက်ပါ"

"စီနီယာ အစ်ကိုကြီးကူကလည်း မြှောက်ပင့်လွန်းနေပြီ"

လော့ဝမ်ကျိုးသည် ကူချင်းဟွမ်းကို အရင် လက်ယှက် ဂါရဝပြုလိုက်ပြီးနောက် ကျန်းပေရန် ဘက်သို့ လှည့်ကာ ပြန်ဖြေလိုက်လေသည်။

"တကယ်တော့ အဲ့ဒါတွေက ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေမလေးတွေပါ သူတို့က အရမ်း ကြင်နာတတ်ကြတယ်လေ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေဆိုရင် သူတို့က ကျွန်တော့်ကို ကူညီပေးချင်ကြတာ"

'အင်း...'

ဤအဖြေကို ကြားပြီးနောက် ကျန်းပေရန်သည် လော့ဝမ်ကျိုး၏ ပခုံးကို ပုတ်ကာ သူနှင့် အသင့်တော်ဆုံး လမ်းကြောင်းမှာ လူမှုဆက်ဆံရေး ပညာရှင် သို့မဟုတ် အမျိုးသမီးများကို ဆွဲဆောင်နိုင်သော နွားလားဥဿဖကြီး လမ်းစဉ် ဖြစ်ကြောင်း ပြောပြချင်စိတ် ပေါက်သွားလေသည်။

ကျန်းပေရန်က ထိုစိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် မေးလိုက်၏။

"ဒါဆိုရင် အဲ့ဒီ ကိစ္စတွေထဲက ဘယ်တစ်ခုကို လုပ်ရတာ မင်းအတွက် အပျော်ဆုံးလဲ"

"အားလုံးလည်း ပျော်စရာ ကောင်းပါတယ် ဒါပေမဲ့ ပျော်ရုံ သက်သက်ပဲ"

'ဟင်'

ဝူချင်းစစ်သည် ထိုစကားကို ကြားသောအခါ ကြောင်သွားရလေသည်။ သူသည် လော့ဝမ်ကျိုး နေ့တိုင်း မိမိနှင့်အတူ အချိန်မှန် ကျင့်စဉ် လေ့ကျင့်နေခြင်းမှာ ကျင့်ကြံခြင်းကို သဘောကျ၍ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်၊ ယခုမူ ထိုသို့ မဟုတ်ကြောင်း သိလိုက်ရ၏။

'ဒါကြောင့်လည်း ငါက သူ့ကို ခြေထောက် ကျင့်စဉ်တွေ ပိုလုပ်ခိုင်းရင် သူက မလုပ်ချင်တာကိုး...'

"ဒါဆိုရင် မင်း မစဉ်းစားဖူးဘူးလား... အဲ့ဒီလို အခြေအနေမျိုးက မင်းအတွက် အကောင်းဆုံး ဖြစ်နေနိုင်တယ် ဆိုတာကိုလေ"

လော့ဝမ်ကျိုးသည် ကြားလိုက်ရသဖြင့် ကြောင်သွားပြီး ဆရာ့အား နားမလည်နိုင်သကဲ့သို့ ကြည့်လိုက်မိလေသည်။

"ငါ အရင်က မင်းကို ပြောဖူးသလိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်က မတူကြဘူး မင်းက တခြားလူတွေရဲ့ အရိပ်အောက်မှာပဲ နေဖို့ ကြိုးစားနေမယ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို သူများရဲ့ အားသာချက်နဲ့ အမြဲ နှိုင်းယှဉ်နေမယ် ဆိုရင်တော့ မင်းရဲ့ စိတ်ထဲမှာ မတည်ငြိမ်မှုတွေက အမြဲ ရှိနေမှာပဲ"

လော့ဝမ်ကျိုးသည် စဉ်းစားခန်း ဝင်သွားလေသည်၊ ဆရာ ပြောသော စကားကို နားလည်သလိုလိုနှင့် လုံးဝ နားမလည်သေးသကဲ့သို့လည်း ဖြစ်နေ၏။

"စိတ်အလိုအတိုင်း လိုက်ပါ မင်းက ကိုယ့်ကိုယ်ကိုယ် အရင် ချစ်တတ်မှ သူများကို ချစ်နိုင်မှာ"

ကျန်းပေရန်က ပြောပြီးနောက် ဘေးနားရှိ ဝူချင်းစစ်ကို တစ်ချက် ကြည့်လိုက်၏။

"ဒီအချက်မှာ မင်းလည်း အတူတူပဲ"

ဘာမှ မလုပ်ဘဲ အပစ်ခံလိုက်ရသော ဝူချင်းစစ်မှာ ဤစကား၏ အဓိပ္ပာယ်ကို သေသေချာချာ နားမလည်သော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ကဲ့ စီနီယာ အစ်ကိုကြီး... ကျွန်တော် နားလည်ပါပြီ"

"ဗွမ်း"

ထိုစဉ် ကျန်းပေရန်က လော့ဝမ်ကျိုး၏ ကျောပြင်ကို လက်ဝါးဖြင့် တစ်ချက် ပုတ်လိုက်၏။

"မလောပါနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားပါ မင်း လိုချင်တဲ့ အဖြေက တစ်နေ့ကျရင် သူ့အလိုလို ပေါ်လာလိမ့်မယ်"

"ဆရာ့ရဲ့ ဆုံးမမှုကို ကျေးဇူးတင်ပါတယ် တပည့် သင်ခန်းစာ ရလိုက်ပါပြီ"

"အင်း"

လော့ဝမ်ကျိုးမှာ ထက်မြက်သူ ဖြစ်သဖြင့် ကျန်းပေရန် ပြောသမျှကို ယခုချက်ချင်း နားမလည်လျှင်ပင် ပြန်သွားပြီး အကြိမ်အနည်းငယ် စဉ်းစားကြည့်ပါက သေချာပေါက် နားလည်လာမည်ဟု ကျန်းပေရန် ယုံကြည်ထားလေသည်။

"ရပြီ... ချူယန်ဇယ်ဆီကို သွားလိုက်ကြဦး မင်းတို့ မတွေ့တာလည်း ကြာပြီ မဟုတ်လား"

"ဟုတ်ကဲ့"

သုံးဦးစလုံးက တညီတညွတ်တည်း လက်ယှက် ဂါရဝပြုကာ ခြံထဲမှ လှမ်းကြည့်နေသော ချူယန်ဇယ် ဆီသို့ လျှောက်သွားကြလေတော့သည်။

တပည့် လေးဦး စုဝေးကာ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို ကြည့်ရင်း ကျန်းပေရန်လည်း စိတ်ထဲမှ ပြုံးမိလေသည်၊ အရင်က အဆိပ်ငွေ့ ကျူးကျော်စဉ်က သူသည် ၎င်းတို့၏ ဘေးကင်းရေးကို အမြဲ စိုးရိမ်နေခဲ့ရခြင်း ဖြစ်၏။

ယခုမူ ၎င်းတို့ အားလုံးမှာ ဘေးဒုက္ခ မကြုံတွေ့ခဲ့ရကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရလေသည်။

"ဟေ့ မင်းတို့ တစ်သိုက်"

ဝူချင်းစစ်တို့ သုံးဦးက ချူယန်ဇယ်နှင့် စကားပြောနေစဉ် ရှီဖုန်းလန်က ရုတ်တရက် ပြေးလာပြီး အော်ခေါ်လိုက်လေသည်။

"အဆောင်သခင် ရှီ"

အားလုံးက ရှီဖုန်းလန်ကို အရိုအသေပြုလိုက်ကြ၏။

"မတွေ့တာ ကြာမှတော့ စကားပဲ ပြောနေရင် ဘာပျော်စရာ ရှိမှာလဲ"

ပြောပြီးသည်နှင့် သူမက လက်စွပ်ထဲမှ ဂိမ်းကို ထုတ်ယူလိုက်လေသည်။

"သံယောဇဉ် တိုးအောင် လုပ်ဖို့ဆိုရင် ဒါ မပါလို့ မဖြစ်ဘူးလေ ငါတို့ အတူတူ မကစားရတာ တကယ် ကြာပြီ"

"ကောင်းပါပြီ"

လေးဦးစလုံးက တစ်ခွန်းတည်း သဘောတူလိုက်ကြလေသည်။

ရှီဖုန်းလန်၏ တောင်းဆိုမှုကို ၎င်းတို့ လုံးဝ ငြင်းပယ်လေ့ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် စီနီယာ အစ်ကိုကြီး ကိုယ်တိုင်ပင်လျှင် သူမကို အမြဲ အလိုလိုက်ထားတတ်သောကြောင့် ဖြစ်၏။

"ပေရန်လေး..."

ရှီဖုန်းလန်က ကျန်းပေရန်ကို လက်ယှက်ခေါ်ရန် ပြင်သော်လည်း စကားတစ်ဝက်၌ ပြန်ရုပ်သိမ်းလိုက်လေသည်၊ အကြောင်းမှာ ပေရန်လေးတွင် လုပ်ဆောင်စရာ အရေးကြီးကိစ္စများစွာ ရှိနေမည်ကို သူမ သိထားသောကြောင့် ဖြစ်၏။

ရှီဖုန်းလန်က စကားကို အတင်း မျိုချလိုက်သည်ကို ကြည့်ပြီး ကျန်းပေရန်က ရှေ့သို့ လျှောက်သွားကာ လက်စွပ်ထဲမှ သေတ္တာတစ်လုံးကို ကမ်းပေးလိုက်လေသည်။

"ဒါက ငါ အသစ် လုပ်ထားတဲ့ ကတ်တွေ ယူသွားပြီး ကစားကြပေါ့"

ကျန်းပေရန် အတွက်မူ ဤကဲ့သို့သော အရာလေးများ ပြုလုပ်ခြင်းမှာ အလုပ်များကြားမှ အနားယူခြင်း တစ်မျိုး ဖြစ်လေသည်၊ တစ်ခါတရံ အရသာရှိသော အစားအသောက်များ ချက်ပြုတ်သကဲ့သို့ပင် ဖြစ်၏။

သူသည် တပည့်များကို ပြောဖူးသကဲ့သို့ပင် လူတစ်ယောက်သည် မိမိကိုယ်ကိုယ် အလွန်အမင်း ဖိအားပေး၍ မရပေ၊ မဟုတ်ပါက စပရင်ကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး ဖိအား များလေလေ ပြန်လည် ပေါက်ကွဲထွက်လာချိန်တွင် ပို၍ အရှိန်ပြင်းလေလေ ဖြစ်၏။

ဖိနှိပ်ထားသော စိတ်ခံစားချက် ဆိုးများသည် အလိုလို ပျောက်ကွယ်သွားမည် မဟုတ်ဘဲ စုပုံနေတတ်သဖြင့် အချိန်မီ ထုတ်လွှတ်ပေးခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်လေသည်။

"အို"

သေတ္တာကို ယူလိုက်သော ရှီဖုန်းလန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ငါ အခုပဲ ကစားလို့ ရပြီလား"

"သေချာတာပေါ့"

"ဝါး... ပျော်စရာကြီး"

ရှီဖုန်းလန်က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပန်းချီ လက်ရာ ကောင်းမွန်လှသော ကတ်ပြားများသာမက လက်ရာ ပြောင်မြောက်လှသော လက်နက် ကိရိယာလေးများလည်း ပါဝင်နေသဖြင့် သူမ သဘောကျလွန်း၍ မချနိုင်အောင် ဖြစ်နေလေတော့သည်။

"သွားကစားကြတော့"

"အင်း"

ရှီဖုန်းလန်က ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီး သေတ္တာကို ပိုက်ကာ စားပွဲရှည်ကြီးဆီသို့ ပြေးသွားတော့သည်။ လူတိုင်းကိုလည်း မြန်မြန် လာကစားရန် အော်ခေါ်နေလေ၏။

ကျန်းပေရန်ကတော့ ဝတ်စုံလဲလိုက်ပြီး လော်ကျင့်ထျန်းကို သွားရှာရန် ပြင်လိုက်လေသည်။

သူ့အနေဖြင့် လော်ကျင့်ထျန်းနှင့် ဆွေးနွေးစရာ အထူးတလည် မရှိသော်လည်း ရောက်လာမှတော့ နယ်မြေခံ ခေါင်းဆောင်ကို သွားရောက် တွေ့ဆုံခြင်းမှာ လူမှုရေးအရ လုပ်သင့်လုပ်ထိုက်သော ကိစ္စပင် ဖြစ်လေသည်။

"မင်းက လော်နားရွက်ကြီး ဆီ သွားမလို့လား"

ထိုစဉ် ဝူရှန် ဂိုဏ်းချုပ်က သူ၏ ဘေးသို့ ရောက်ရှိလာပြီး မေးလိုက်၏။

"လော်နားရွက်ကြီး" ဆိုသည့် အမည်ကို ကြားလိုက်သောအခါ ကျန်းပေရန်သည် လော်ကျင့်ထျန်း၏ ပုံစံကို မအောင့်နိုင်ဘဲ ပြန်လည် မြင်ယောင်မိသွားလေသည်၊ ထိုနားရွက် နှစ်ဖက်မှာ... တကယ်ကို မသေးလှပေ။

"အင်း"

ကျန်းပေရန်က ခေါင်းညိတ်ပြလိုက်ပြီး ရှီဖုန်းလန်တို့ဘက်သို့ တစ်ချက်ကြည့်ကာ မေးလိုက်၏။

"မင်းကော အတူတူ မကစားဘူးလား"

"မလောပါဘူး ငါ မင်းကို ပြောစရာ စကားလေးတွေ ရှိလို့"

"ဘာစကားလဲ"

ကျန်းပေရန်က ဝူရှန် ဂိုဏ်းချုပ်သည် မိမိအား တျန်းတိုင်းပြည် သို့မဟုတ် ဂျိနိုင်ငံ ကိစ္စများ ဆွေးနွေးလိမ့်မည်ဟု ထင်ထားသော်လည်း သူမက သူ၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ခုနက မင်း တပည့်တွေကို ဆုံးမနေတဲ့ ပုံစံက တကယ်ကို ခန့်ညားတာပဲ ငါ အရမ်း သဘောကျတယ်"

"မင်း ပြောချင်တာက ဒါပဲလား"

ကျန်းပေရန်၏ မျှော်လင့်ထားသည့်အတိုင်း မဟုတ်သော အဖြေကြောင့် ဝူရှန် ဂိုဏ်းချုပ် သက်ပြင်းချလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်လေသည်။

"ခုနက မင်း ပြောခဲ့တာလေ... တစ်နေ့နေ့မှာ မင်း တကယ်ပဲ လောကကြီးကို စိုးမိုးဖို့ စီစဉ်မယ် ဆိုတာ... အဲ့ဒီ စကားက တကယ်လား"

"အလိမ်အညာပါ"

'……'

ဝူရှန် ဂိုဏ်းချုပ်၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတတစ်ခု ပေါ်လာလေသည်၊ ကျန်းပေရန်၏ အဖြေအမျိုးမျိုးကို သူမ ခန့်မှန်းထားခဲ့သော်လည်း ဤကဲ့သို့သော အဖြေမျိုး ထွက်လာလိမ့်မည်ဟုတော့ သူမ လုံးဝ မထင်ထားခဲ့ပေ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝူရှန် ဂိုဏ်းချုပ်က ထပ်မံ ပြောလိုက်ပြန်၏။

"မင်း အရင်က ငါ့ကိုလည်း မင်းရဲ့ လက်အောက်က တစ်ယောက်အဖြစ် ထည့်တွက်ထားတယ်လို့ ပြောထားတယ် မဟုတ်လား ဒါဆို ငါ့ကို အမှန်အတိုင်းလေး နည်းနည်းလောက် ပြောပြလို့ မရဘူးလား"

"ငါ မင်းကို မလိမ်ပါဘူး"

"..."

"ဒါဆိုရင် မင်းက ကွယ်ရာကနေ တစ်တိုက်လုံးရဲ့ ချိန်ခွင်လျှာကို ထိန်းညှိပေးဖို့ပဲ စဉ်းစားထားတာလား"

"ဖြစ်နိုင်တာပေါ့ အနာဂတ် ကိစ္စဆိုတာ ဘယ်သူက တပ်အပ် ပြောနိုင်မှာလဲ"

ဝူရှန် ဂိုဏ်းချုပ်က မျက်တောင် နှစ်ချက် ခတ်လိုက်ပြီး ကျန်းပေရန်ကို စိုက်ကြည့်ကာ မေးလိုက်လေသည်။

"ဒါဆို... ငါတို့ နှစ်ယောက်ရဲ့ အနာဂတ်ကရော"

"ဒါလည်း သေချာပေါက် ပြောလို့ မရဘူးပေါ့"

ဤစကားမှာ အချစ်စကားဟု လုံးဝ ပြော၍ မရသော်လည်း ဝူရှန် ဂိုဏ်းချုပ်က ကြားလိုက်ရသောအခါ စိတ်ထဲတွင် ထူးဆန်းသော ချိုမြိန်မှုကို ခံစားလိုက်ရပြီး မျက်နှာလေးပင် ပူထူသွားလေသည်။

သူမက ဆက်ပြီး အတင်း မမေးတော့ဘဲ ကျန်းပေရန်ကို လက်ယှက်နှုတ်ဆက်ကာ ပြောလိုက်၏။

"ဒါဆိုလည်း မင်း သွားတော့လေ ငါ အိမ်မှာ စောင့်နေမယ်"

"အိမ်" ဆိုသော စကားလုံးကို ကြားလိုက်ရသဖြင့် ကျန်းပေရန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

'အိမ်တဲ့လား... တကယ်ကို ရင်းနှီးသလိုလိုနဲ့ စိမ်းသက်နေတဲ့ စကားလုံးပဲ'

ကျန်းပေရန်၏ အနည်းငယ် ဝမ်းနည်းရိပ်သန်းနေသော အပြုံးကို ကြည့်ပြီး ဝူရှန် ဂိုဏ်းချုပ်၏ မျက်နှာမှာ ပို၍ နီရဲသွားလေသည်။

အရင်ကမူ သူမသည် ရုပ်ရည်ကို ကြည့်ပြီး သဘောကျတတ်သော စိတ်ဓာတ်မျိုးမှ လွတ်မြောက်သွားပြီဟု ထင်ထားခဲ့ခြင်း ဖြစ်၏။

လူတစ်ယောက်၏ အတွင်းစိတ်ကသာ အဓိကဖြစ်ပြီး ရုပ်ရည်ဆိုသည်မှာ အပေါ်ယံ အခွံသက်သက်သာ ဖြစ်ကြောင်း၊ သူမ လိုချင်သည့် ရုပ်ရည်မျိုးကို အချိန်မရွေး ရနိုင်ကြောင်း သူမ အခိုင်အမာ ယုံကြည်ထားခဲ့လေသည်။

သို့သော် ကျန်းပေရန်ကမူ သူမ၏ ဆုံးဖြတ်ချက်မှာ စောလွန်းနေကြောင်း သိရှိစေခဲ့သည်၊ ရုပ်ရည်မှာ အပေါ်ယံ အခွံ ဖြစ်နိုင်သော်လည်း ကိုယ်ရည်ကိုယ်သွေးနှင့် ဆွဲဆောင်မှု ဆိုသော အရာများကိုမူ မည်သို့မျှ အတုယူ၍ မရနိုင်ကြောင်း သူမ သိလိုက်ရခြင်း ဖြစ်၏။

ဘာကြောင့်မှန်း မသိသော်လည်း ကျန်းပေရန်၏ လှုပ်ရှားမှုတိုင်းမှာ သူမ၏ မျက်လုံးထဲတွင် အရာရာ တိကျ နေလေသည်၊ သူ၏ လှုပ်ရှားမှုလေး တစ်ခုချင်းစီက သူမ၏ နှလုံးသားကို လှုပ်ခတ်စေလေသည်။

ယခုဆိုလျှင် သူမ တစ်ခါမှ မမြင်ဖူးခဲ့သော ဤအပြုံးမှာ သူမ၏ နှလုံးသားကို တူကြီးဖြင့် ထုနှက်လိုက်သကဲ့သို့ ခံစားရစေပြီး အသက်ရှူပင် မြန်လာရလေတော့သည်။

"ကောင်းပြီ ငါ ပြန်လာတဲ့အထိ စောင့်နေ"

ကျန်းပေရန်က ပြောပြီးနောက် ဝူရှန် ဂိုဏ်းချုပ်ကို ခေါင်းညိတ်ပြကာ ပျံသန်းစံအိမ် ပေါ်မှ ဆင်းသွားလေသည်။

"ဟူး..."

ကျန်းပေရန် ထွက်သွားပြီးနောက် ဝူရှန် ဂိုဏ်းချုပ်သည် ဘေးနားရှိ ကုလားထိုင်ပေါ်သို့ ပုံလျက် ထိုင်ချလိုက်လေသည်၊ သူမ၏ ဦးနှောက်ထဲတွင် ကျန်းပေရန်၏ "ဒါလည်း သေချာပေါက် ပြောလို့ မရဘူး" ဆိုသော စကားနှင့် "ငါ ပြန်လာတဲ့အထိ စောင့်နေ" ဆိုသော စကားများသာ ပြည့်နှက်နေလေတော့သည်။

"ဘာဖြစ်လို့လဲ"

ထိုစဉ် စက်မှုခန်းထဲမှ ထွက်လာသော မီဝမ်ဝေက ဝူရှန်ဂိုဏ်းချုပ်၏ ဘေးသို့ ရောက်လာပြီး မေးလိုက်၏။

"ဘာမှ မဖြစ်ပါဘူး ငါ့ကို တစ်ယောက်တည်း အေးအေးဆေးဆေး နေခွင့်ပေးပါဦး"

ဝူရှန် ဂိုဏ်းချုပ်၏ မျက်နှာပေါ်မှ ပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး မီဝမ်ဝေက ပခုံးတွန့်ကာ ရှီဖုန်းလန်တို့ဆီသို့ လျှောက်သွားလိုက်လေသည်။

၎င်းတို့ ကစားနေသည်ကို စိတ်ဝင်စား၍ မဟုတ်ဘဲ စားပွဲပေါ်ရှိ လက်ရာ ပြောင်မြောက်လှသော အရုပ်လေးများက သူမ၏ အာရုံကို ဆွဲဆောင်သွားခြင်း ဖြစ်လေသည်။

"ဝမ်ဝေ မင်းလည်း အတူတူ လာကစားမလား"

မီဝမ်ဝေ လာသည်ကို မြင်သောအခါ ရှီဖုန်းလန်က လှမ်းခေါ်လိုက်၏။

မီဝမ်ဝေက အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်လေသည်။

"ငါ အရင် ကြည့်ပါဦးမယ်"

"ကောင်းပါပြီ"

ရှီဖုန်းလန်က ပြန်ထူးလိုက်ပြီး စားပွဲပေါ်ရှိ အန်စာတုံးကို ယူကာ အော်လိုက်လေသည်။

"ငါ့အလှည့်ပဲ"

ပြောပြီးသည်နှင့် စားပွဲပေါ်သို့ ပစ်ချလိုက်ရာ အန်စာတုံးမှာ နံပါတ်ငါးတွင် ရပ်သွားလေသည်။

"တစ်... နှစ်... ငါး... ဖြစ်ရပ်ကတ်"

ရှီဖုန်းလန်က ပြောရင်း ဖြစ်ရပ်ကတ်ပုံထဲမှ ကတ်တစ်ချပ်ကို ဆွဲယူလိုက်ပြီး ဖတ်ပြလိုက်၏။

"ပတ်ဝန်းကျင်ကတ်... နတ်မိုးရွာသွန်းခြင်း... ငါးချီအတွင်း ရေဓာတ် ကျင့်စဉ်တွေရဲ့ တိုက်ခိုက်မှု စွမ်းအား တစ်မှတ် တိုးမယ်"

"ဝါး... ပျော်စရာကြီး"

ရှီဖုန်းလန်က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ထိုကတ်ကို ကစားကွင်းပေါ်ရှိ သတ်မှတ်ထားသော နေရာတွင် ထည့်လိုက်လေသည်။

ထိုအခါ စားပွဲရှည်ကြီး၏ အထက်တွင် မိုးတိမ်များ စုဝေးလာပြီး မီဝမ်ဝေ၏ အံ့အားသင့်နေသော မျက်လုံးများရှေ့မှာပင် မိုးများ စတင် ရွာသွန်းလာလေတော့သည်၊ အလယ်တွင် သက်တံတစ်ခုပင် ထွက်ပေါ်လာသေး၏။

မီဝမ်ဝေသည် အံ့အားသင့်စွာဖြင့် ထို "မိုးရေ" များကို လက်ဖြင့် စမ်းကြည့်လိုက်ရာ ၎င်းမှာ ပုံရိပ်ယောင် သက်သက်သာ ဖြစ်ကြောင်း သိလိုက်ရသည်၊ သို့သော် ထိုပုံရိပ်ယောင်မှာ တကယ်ကို အစစ်အမှန်နှင့် တူလှပေသည်။

မီဝမ်ဝေ အံ့အားသင့်နေသည်ကို မြင်သောအခါ ရှီဖုန်းလန်က ဂုဏ်ယူဝံ့ကြွစွာဖြင့် ပြောလိုက်၏။

"တော်တယ် မဟုတ်လား ဒါတွေ အားလုံးက ပေရန်လေး လုပ်ထားတာလေ လူတိုင်း ပထမဆုံး မြင်ဖူးတဲ့ အချိန်မှာ မင်းလိုပဲ အမူအရာ ဖြစ်ကြတာချည်းပဲ"

"တကယ်ကို တော်တာပဲ"

မီဝမ်ဝေက ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။

"မင်းတို့ ကစားပြီးရင် ဒီကစားကွင်းကို ငါ့ကို တစ်ချက်လောက် ပြပေးလို့ ရမလား"

"ဒါကတော့..."

ရှီဖုန်းလန် ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းယမ်းလိုက်လေသည်။

"ဒါကိုတော့ ပေရန်လေးကိုပဲ မေးရမယ် ငါလည်း ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ မရဘူး"

"ကောင်းပါပြီ ဒါဆိုရင်တော့ ငါ ဘေးကနေပဲ ကြည့်နေပါ့မယ်"

"အတူတူ ကစားကြရအောင်လေ တခြား ပျော်စရာကောင်းတဲ့ အရာတွေလည်း အများကြီး ရှိသေးတယ်"

"ဒါပေမဲ့ ငါ မကစားတတ်ဘူး"

"ကိစ္စမရှိပါဘူး ငါ သင်ပေးမယ်"

ရှီဖုန်းလန်က ပြောပြီးနောက် ကျန်လူများကို ကြည့်ကာ ပြောလိုက်၏။

"ဒီတစ်ပွဲကို ဖျက်လိုက်ကြရအောင် ဝမ်ဝေကိုလည်း အတူတူ ထည့်ပေးကြစို့ ရတယ် မဟုတ်လား"

ထိုစဉ် လက်ထဲတွင် မှော်ကိရိယာ နှစ်ခု ရရှိထားသော ကူချင်းဟွမ်းက ပြုံးလျက် ကတ်များကို ချလိုက်ပြီး ပြောလိုက်လေသည်။

"သေချာပေါက် ရတာပေါ့"

အခန်း ၆၈၉ တကယ်ပဲ ငါ့ဆီကနေ မျက်နှာသာ လာတောင်းနေတာလား

တျန်းယာဂိုဏ်းသို့ ရောက်ရှိလာသော ကျန်းပေရန်သည် လော်ကျင့်ထျန်း၏ ခမ်းနားထည်ဝါလှသော ကြိုဆိုမှုကို ရရှိလေသည်၊ ဂိုဏ်းတစ်ခုလုံးရှိ အထက်လူကြီး အားလုံးနီးပါးမှာ ကျန်းပေရန်ကို ကြိုဆိုရန် ထွက်လာကြခြင်း ဖြစ်၏။

မကြုံစဖူး ထူးကဲသော ကြိုဆိုမှု စစ်တမ်းကြီးပင် ဖြစ်လေသည်။

ကူချင်းဟွမ်း အနေဖြင့်မူ လော်ကျင့်ထျန်းသည် ယနေ့ ကိစ္စများတွင် မိမိအား ပါဝင်စေလိုခြင်း မရှိသည်ကို သိရှိထားသဖြင့် ကြိုတင်၍ အကြောင်းပြချက်တစ်ခု ပေးကာ အပြင်သို့ ထွက်သွားခဲ့သည် ဖြစ်ရာ သူ ဤနေရာတွင် မရှိခြင်းမှာလည်း ပုံမှန်ပင် ဖြစ်၏။

"ဂိုဏ်းချုပ်လော်က တကယ်ကို ယဉ်ကျေးလွန်းနေပါပြီ ဒီလိုမျိုး ကြိုဆိုတာကိုတော့ ကျုပ် အနေနဲ့ တကယ်ကို အားနာမိပါတယ်"

လော်ကျင့်ထျန်းက နားထောင်ပြီးနောက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။

"ဟားဟားဟား မင်းက ဒါနဲ့ ထိုက်တန်ပါတယ် သေချာပေါက် ထိုက်တန်တာပေါ့ မင်းသာ မရှိရင် ငါတို့တွေ အားလုံးက ဒီမှာ စုံစုံလင်လင်နဲ့ ကြိုဆိုနိုင်ပါ့မလား လာ လာ အထဲကို ကြွပါ အထဲကို ကြွပါ"

ဂိုဏ်းအတွင်းသို့ ဝင်လှမ်းလာသော ကျန်းပေရန်ကို ကြည့်ပြီး အဝေးမှ တိတ်တဆိတ် ချောင်းကြည့်နေကြသော တပည့်များစွာမှာ မျက်လုံးများ ပြူးကျယ်ကုန်ကြလေသည်။

ယနေ့ နံနက်ခင်း သင်ခန်းစာများ ပြီးဆုံးချိန်တွင် ၎င်းတို့သည် ပုံမှန်အတိုင်း စားသောက်ရန် ပြင်ဆင်နေကြစဉ် ဂိုဏ်းအတွင်း၌ ပုံမှန်အချိန်တွင် မြင်တွေ့ရန် ခဲယဉ်းလှသော အားကြီးသူများမှာ ဂိုဏ်းတံခါးဝသို့ တစ်စုတစ်ဝေးတည်း ရောက်ရှိလာကြသည်ကို တွေ့လိုက်ရသဖြင့် အားလုံး ကြောင်အသွားကြခြင်း ဖြစ်၏၊ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌လည်း ထိတ်လန့်နေကြလေသည်။

၎င်းတို့မှာ နောက်ထပ် "မိစ္ဆာသတ္တဝါ" များ ထပ်မံ ရောက်ရှိလာသဖြင့် ဤထိပ်တန်း အားကြီးသူများ စုဝေးကာ ခုခံရန် ပြင်ဆင်နေကြခြင်း ဖြစ်မည်လားဟု တွေးတောနေမိကြခြင်း ဖြစ်၏။

သို့သော် ထိုသူများ၏ ပျော်ရွှင်စွာ စကားပြောဆိုနေသော ပုံစံကို ကြည့်ရသည်မှာ အန္တရာယ် ရှိသည့်ပုံနှင့် မတူပေ။

ထို့ကြောင့် သိချင်စိတ်ဖြင့် အဆောင်မှူးများက မကြည့်ရန် တားမြစ်ထားသော်လည်း ၎င်းတို့မှာ ထောင့်ပေါင်းစုံမှ ပုန်းလျှိုးကာ တံခါးမကြီးဘက်သို့ လှမ်းကြည့်နေကြခြင်း ဖြစ်လေသည်။

ယခုမူ အဖြေမှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏၊ ထိုအားကြီးသူများ စုဝေးနေခြင်းမှာ ကြီးမားသော အန္တရာယ်ကြောင့် မဟုတ်ဘဲ ဧည့်သည်တော်ကို ကြိုဆိုရန် ဖြစ်လေသည်!

ဒါက ထိုတပည့်များကို တကယ်ပင် ထုံကျဉ်သွားစေခဲ့၏။

'ဘယ်သူမို့လို့လဲ ဒီလောက်အထိ အစီအစဉ်ကြီးရတာလဲ'

တျန်းတိုင်းပြည်၏ နံပါတ်တစ် ဂိုဏ်းသားများ ဖြစ်သည့်အားလျော်စွာ ၎င်းတို့သည် ခမ်းနားသော မြင်ကွင်းများစွာကို မြင်ဖူးခဲ့ကြသော်လည်း ယနေ့ မြင်ကွင်းမျိုးမှာမူ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

နတ်ဘုရားတစ်ပါး ဆင်းသက်လာလျှင်ပင် ဤမျှလောက် အစီအစဉ် ရှိမည် မဟုတ်ဟု ၎င်းတို့ ယူဆနေကြ၏။

"အဲ့ဒီလူက ဘယ်သူလဲ"

တပည့်များစွာ၏ ခေါင်းထဲတွင် ပေါ်ပေါက်နေသော မေးခွန်း ဖြစ်လေသည်။

၎င်းတို့ထဲမှ အများစုမှာ ယွမ်မြို့တော်သို့ သွားခဲ့ကြသော်လည်း မည်သည့် လှုပ်ရှားမှုတွင်မှ မပါဝင်ခဲ့ရသဖြင့် ဆရာကျန်း၏ ရုပ်ရည်အစစ်အမှန်ကို အားလုံး မမြင်ဖူးကြဘဲ သူနှင့် ပတ်သက်သည့် ဒဏ္ဍာရီများကိုသာ ကြားဖူးကြသောကြောင့် ဖြစ်၏။

"ဘယ်သူ ရှိဦးမှာလဲ ဟို ဆရာကျန်းကလွဲလို့ ဘယ်သူက ဒီလို ဆက်ဆံမှုကို ရမှာလဲ"

"ဆရာကျန်း ဟုတ်လား တစ်ကိုယ်တည်းနဲ့ ဂူအဆိပ်ကျင့်ကြံသူ တစ်သိန်းကို မောင်းထုတ်ခဲ့တဲ့ အားကြီးသူလား"

"ဟင် အဲ့ဒီလို ကိစ္စလည်း ရှိသေးတာလား မင်းက ဘယ်က ကြားတာလဲ"

"လူတိုင်း ပြောနေတာပဲလေ ထုန်တိုင်းပြည် ပျက်စီးတော့မယ့် အချိန်မှာ ဆရာကျန်းက ရှေ့က ထွက်လာပြီး လက်သီး တစ်ချက်တည်းနဲ့ အဆိပ်ငွေ့တွေကို ဖယ်ရှားလိုက်တာတဲ့ တစ်ခါတည်းနဲ့ ဂူအဆိပ်ကျင့်ကြံသူ ထောင်ပေါင်းများစွာကိုပါ သတ်ပစ်လိုက်တာလေ"

"တကယ်လား"

"အစကတော့ ငါလည်း ဝေခွဲမရ ဖြစ်နေတာ ဒါပေမဲ့ အခု ဒီမြင်ကွင်းကို ကြည့်ဦး မယုံလို့ မရတော့ဘူး ထိပ်တန်း အားကြီးသူ တစ်ယောက် မဟုတ်ရင် ငါတို့ ဂိုဏ်းချုပ်က အထက်လူကြီး အားလုံးကို ခေါ်ပြီး တံခါးဝမှာ တန်းစီ ကြိုဆိုပါ့မလား"

"အဲ့ဒီလိုဆိုရင်တော့ ဟုတ်နိုင်သားပဲ ဒါပေမဲ့ ဆရာကျန်းက ကြည့်ရတာ အရမ်း ငယ်သေးတယ်လေ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစွမ်းထက်ရတာလဲ"

"ကြည့်ရတာ ငယ်တာလို့ပဲ ပြောတာပေါ့ ငါ ကြားတာတော့... ဒီဆရာကျန်းက ရှေးဟောင်းခေတ်ကတည်းက အသက်ရှင်လာတဲ့ ကျင့်ကြံသူ တစ်ယောက်တဲ့ သူ ကျင့်ထားတာက အင်မော်တယ် ကျင့်စဉ်တစ်ခုလေ"

"အင်မော်တယ် ဟုတ်လား ဒါဆိုရင်... သူက ဒဏ္ဍာရီထဲက... အနက်ရောင် ဧကရာဇ် အဆင့်ကို ရောက်နေပြီလား"

"ဖြစ်နိုင်တာပေါ့ မဟုတ်ရင် တျန်းတိုင်းပြည်ရဲ့ အရှင်သခင်က ဘာလို့ ဒီလောက်အထိ ကြိုဆိုမှာလဲ ဒီလို အဆင့်အတန်းမျိုးကတော့ ငါ တစ်ခါမှ မကြားဖူးဘူး"

"အနက်ရောင် ဧကရာဇ် တဲ့လား... အကယ်၍ ဆရာကျန်းက တကယ်ပဲ အဲ့ဒီ အဆင့်ကို ရောက်နေတယ်ဆိုရင်တော့ ဂူအဆိပ်ကျင့်ကြံသူ သိန်းနဲ့ချီကို လက်သီး တစ်ချက်တည်းနဲ့ သတ်တာကလည်း..."

"တော်ကြစမ်း တော်ကြစမ်း မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ ဆရာကျန်းကို ဘာလို့ ဆရာကျန်း လို့ ခေါ်လဲဆိုတာ မင်းတို့ သိကြလား"

"ဘာလို့လဲ"

"အဲ့ဒါက ဆရာကျန်းက ၁၆ ပါး အတတ်ပညာ အားလုံးကို ကျွမ်းကျင်လို့ပဲ ပြီးတော့ တစ်ဘာသာချင်းစီက အဆင့်ကိုး... ဒါမှမဟုတ် အဲ့ဒီထက်တောင် မြင့်ဦးမယ်"

"..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြားမှ ကန့်ကွက်သံများစွာ ထွက်ပေါ်လာလေတော့သည်။

"ဘယ်က အရူးလဲ အတတ်ပညာတွေကို မလေ့လာဖူးတာ သေချာတယ် ၁၆ ဘာသာလုံး အဆင့်ကိုး ဟုတ်လား နွားကြားရင်တောင် ရယ်လွန်းလို့ သေသွားဦးမယ်"

"မင်း အဆင့်ကိုး ဆိုတာ ဘာကို ပြောတာလဲ သိရဲ့လား ပါးစပ်ထဲ ရှိရာ လျှောက်မပြောနဲ့ မင်းက ဂိုဏ်းထဲကို အခုမှ ဝင်တဲ့ တပည့်သစ်လား" စသည်ဖြင့် ဖြစ်လေသည်။

ကန့်ကွက်မှုများ၏ ပြင်းထန်ပုံကို ကြည့်ရသည်မှာ ဆရာကျန်းက အတတ်ပညာ ၁၆ ပါးလုံး ကျွမ်းကျင်သည် ဆိုသည်ထက် သူသည် အနက်ရောင် ဧကရာဇ် ဖြစ်သည် ဆိုသည်ကို ၎င်းတို့က ပို၍ ယုံကြည်ချင်ပုံရလေသည်။

အကြောင်းမှာ နောက်ဆုံးအချက်မှာ အနည်းဆုံးတော့ တည်ရှိခဲ့ဖူးသည့် ဒဏ္ဍာရီများ ရှိသော်လည်း ပထမအချက်မှာမူ မည်သည့် ကျမ်းစာတွင်မှ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရှိခဲ့ဖူးကြောင်း မှတ်တမ်း မရှိသောကြောင့် ဖြစ်၏။

တံတွေးများဖြင့် ဝိုင်းပတ်ခံထားရသော တပည့်လေးမှာ ပြန်လည် ချေပရန် ပြင်ဆင်နေစဉ် နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ရပြီ မဆူကြနဲ့တော့ ရန်ဟွမ်း ပြောတာ မှန်တယ် ဆရာကျန်းက တကယ်ပဲ ၁၆ ပါးလုံးကို ကျွမ်းကျင်တယ် ပြီးတော့ ဘာသာတိုင်းကလည်း အဆင့်ကိုး အရည်အချင်း ရှိတယ်"

ဤမျှလောက် အဓိပ္ပာယ် မရှိသော စကားကို ထပ်မံ ပြောဆိုသူ ရှိနေသေးသဖြင့် အားလုံးက လှည့်၍ ဆူပူရန် ပြင်လိုက်သော်လည်း ထိုသူကို မြင်လိုက်ရသည်နှင့် အားလုံး၏ ပါးစပ်များမှာ ဟလျက်သားဖြင့် စကားလုံးများကို ပြန်မျိုချလိုက်ကြရလေသည်။

"ခန်းမသခင် နင် ကိုဂါရဝပြုပါတယ်"

အားလုံးက တညီတညွတ်တည်း လက်ယှက် ဂါရဝပြုလိုက်ကြ၏။

နင်ရုံက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

"ရပြီ မင်းတို့ကို ဒီမှာ မစုဝေးဖို့ ပြောထားတယ် မဟုတ်လား ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြတော့"

ထိုစဉ် ဝတ်စုံခရမ်းနှင့် တပည့်တစ်ဦးက ပြောလိုက်၏။

"ကျွန်တော်တို့ တကယ်ကို သိချင်လွန်းလို့ပါ ခန်းမသခင်နင်ရယ် တစ်ချက်လောက် ကြည့်ခွင့်ပေးပါ ဒဏ္ဍာရီထဲက ဆရာကျန်းကို မြင်တွေ့ရဖို့ဆိုတာ တစ်သက်မှာ တစ်ခါ ကြုံရခဲတဲ့ ကိစ္စပါ"

နင်ရုံက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"မင်းတို့ကတော့ကွာ စည်းကမ်းထိန်းသိမ်းရေး အဆောင်က ဝမ်အဘိုးကြီး လာရင်တော့ တွေ့ကြဦးမှာပဲ"

"ဒဏ္ဍာရီထဲက ဆရာကျန်းကို မြင်ရမယ်ဆိုရင်တော့ အပြစ်ပေးခံရတာလည်း တန်ပါတယ် ဒါနဲ့ ခန်းမသခင် ကိုယ်တိုင်တောင်မှ ဒီလို ပြောတယ်ဆိုတော့... ဒါပေမဲ့ လောကမှာ အတတ်ပညာ ၁၆ မျိုးလုံး ကျွမ်းကျင်တဲ့သူက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ ဒါက ကျွန်တော်တို့ သင်ထားရတာနဲ့ လုံးဝ မတူဘူးလေ"

"ဟုတ်တယ်"

"ဟုတ်ပါ့"

"ကျွန်တော့် ဆရာက ပထမဆုံး သင်ခန်းစာမှာတင် အတတ်ပညာ သင်ရင် စိတ်မများဖို့ အမြဲ မှာတာလေ မဟုတ်ရင် ဘာတစ်ခုမှ ဖြစ်မြောက်မှာ မဟုတ်ဘူးတဲ့"

...

လူတိုင်း၏ မေးခွန်းများကို ကြားပြီးနောက် နင်ရုံက ပြန်ဖြေလိုက်လေသည်။

"တကယ်ကို မယုံနိုင်စရာ ကောင်းတာပါပဲ ဒါပေမဲ့ သူက တခြားလူတွေ မလုပ်နိုင်တာကို လုပ်နိုင်လို့လည်း ဂိုဏ်းချုပ်က လူအများကြီး ခေါ်ပြီး ကြိုဆိုနေတာ မဟုတ်လား"

"ဒါဆိုရင်... သူက တကယ်ပဲ တံခါး ၁၆ ပါးလုံးကို အဆင့်ကိုးအထိ ကျင့်ထားတာပေါ့"

"ဟုတ်တယ်"

"ဟူး"

နင်ရုံသည် တပည့်များကြားတွင် ဂုဏ်သတင်း အလွန် ကောင်းမွန်သူ ဖြစ်သဖြင့် သူမ ပြောသည်ကို ကြားလိုက်ရသည်နှင့် ဆရာကျန်းက တကယ်ပဲ အတတ်ပညာ အားလုံး ကျွမ်းကျင်ကြောင်း အားလုံးက ချက်ချင်း ယုံကြည်သွားကြပြီး တစ်ပြိုင်နက်တည်း လေအေးများ ရှူသွင်းလိုက်ကြလေတော့သည်။

"ဒါကြောင့်လည်း ဂိုဏ်းချုပ်က ဒီလောက်အထိ ကြိုဆိုနေတာကိုး တကယ်ကို ထူးခြားတဲ့သူပဲ"

"လူတိုင်းက ဆရာကျန်း ဆရာကျန်း လို့ ခေါ်နေကြတာကို ငါက ဘယ်ဘက်မှာ ဆရာကျတာလဲလို့ တွေးနေတာ အခုတော့... တကယ်ပဲ အစုံရ ဆရာကြီး ဖြစ်နေတာကိုး"

စောစောက တံတွေးများဖြင့် ပက်ခံထားရသော တပည့်လေးမှာလည်း ချက်ချင်းပင် မာန်တက်သွားပြီး ပြောလိုက်၏။

"စောစောက ငါ ပြောတာကို မယုံကြဘူး မဟုတ်လား နောက်ထပ် သတင်းတစ်ခု ထပ်ပေးဦးမယ် အဲ့ဒီ ဆရာကျန်းရဲ့ ဘွဲ့ထူးက လောကမိုးမြေကို ထောက်မ ထားသူတဲ့ ပညာရှင်တွေကြားမှာတော့ တစ်ဦးတည်းသော တည်ရှိမှုပဲ"

"ဆရာကျန်းက မင်လင်အိမ်တော် ဆီ သွားတော့မယ်"

"မြန်မြန် သွားကြမယ် မြန်မြန်"

"စောင့်ဦး ငါ့ကို စောင့်ဦး ငါ တိမ်ပေါ် မတက်ရသေးဘူး!"

တျန်းတိုင်းပြည်၏ နံပါတ်တစ် ဂိုဏ်း ဖြစ်သည့်အားလျော်စွာ တျန်းယာဂိုဏ်း၏ ဝိညာဉ်စွမ်းအား ပြည့်ဝမှုမှာ ကျန်းပေရန်ကိုပင် အနည်းငယ် အံ့အားသင့်သွားစေလေသည်။

ထို့ပြင် လမ်းတစ်လျှောက်တွင် လော်ကျင့်ထျန်းက ကျန်းပေရန်အား အမျိုးမျိုးသော ဂမ္ဘီရ အဆောက်အအုံများကို မိတ်ဆက်ပေးခဲ့ပြီး အားလုံးမှာ အခြေခံ ငါးပါး ဝိညာဉ်စွမ်းအားများဖြင့် တည်ဆောက်ထားကာ ပါရမီ အမျိုးမျိုးရှိသော တပည့်များ ကျင့်ကြံရန် သီးသန့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။

"အမှန်အတိုင်း ပြောရရင် ဂိုဏ်းထဲက အရာတွေ ဒီလောက်အထိ မပျက်စီးဘဲ ကျန်နေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး ဒါတွေ အားလုံးက ဆရာကျန်းရဲ့ တော်မှန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါပဲ"

ချင်းယွမ်မြို့တွင် စုစည်း ခုခံရန် ဆုံးဖြတ်စဉ်က လော်ကျင့်ထျန်းသည် ဂိုဏ်းအတွင်းရှိ အရာအားလုံး ဂူအဆိပ်ကျင့်ကြံသူများ၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဟု စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ အလွန် နှမြောသော်လည်း လက်ခံရုံသာ ရှိလေသည်။

သို့သော် နောက်ပိုင်း ဖြစ်ရပ်များအရ ဂူအဆိပ်ကျင့်ကြံသူများသည် ဖျက်ဆီးရန် လာခြင်း မဟုတ်ဘဲ သိမ်းပိုက်ရန် လာခြင်းဖြစ်ကြောင်း သူ သိရှိလိုက်ရသဖြင့် ဂိုဏ်းကို ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ချက် ပြန်လည် ရရှိခဲ့လေသည်။

သို့သော် ထုန်တိုင်းပြည်မှ အဆိပ်ငွေ့များကို ဖယ်ရှားပြီး ဂူအဆိပ်ကျင့်ကြံသူများကို အထိနာအောင် လုပ်လိုက်ချိန်တွင် လော်ကျင့်ထျန်း၏ စိတ်မှာ ပြန်လည် စိုးရိမ်လာပြန်၏။

တန်ပြန် တိုက်စစ် ဆင်နွှဲလာချိန်တွင် ထို ဂူအဆိပ်ကျင့်ကြံသူများသည် မိမိတို့ မနိုင်တော့သည်ကို သိရှိပါက အားလုံးကို ဖျက်ဆီးပစ်ကာ အတူတူ သေရန် ကြိုးစားကြလိမ့်မည်ကို သူ သိနေသောကြောင့် ဖြစ်လေသည်။

သို့သော် ကျန်းပေရန်၏ ရန်သူကို အိမ်ထဲသို့ ဖိတ်ခေါ်ခြင်း နည်းဗျူဟာကြောင့် ထို ဂူအဆိပ်ကျင့်ကြံသူများ အားလုံးမှာ ထုန်တိုင်းပြည်သို့ စုစည်းသွားကြပြီး တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ခြင်း ခံလိုက်ရသဖြင့် ဖျက်ဆီးရန် အခွင့်အရေး မရရှိခဲ့ကြခြင်း ဖြစ်၏။

ကျန်းပေရန်က ထို ဂူအဆိပ်ကျင့်ကြံသူများ အားလုံးကို မည်သို့ ဆွဲဆောင်ခဲ့သနည်း ဆိုသည်ကို လော်ကျင့်ထျန်း ယခုထက်တိုင် စဉ်းစား၍ မရသေးပေ၊ ဤသည်မှာလည်း သူ ကျန်းပေရန်ကို ကြောက်ရွံ့နေရသည့် အကြောင်းရင်း တစ်ခုပင် ဖြစ်လေသည်။

ဤစစ်ပွဲမှာ အပြင်ပန်းတွင် နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံး ပူးပေါင်း ဆောင်ရွက်မှုကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုသို့ မဟုတ်ပေ။

၎င်းတို့ကဲ့သို့ အနက်ရောင် သူတော်စင် အဆင့် အားကြီးသူများမှာ တိုက်ခိုက်ရေးသမား သက်သက်သာ ဖြစ်ပြီး အဆင့်ကိုး ဆရာကြီးများမှာ ကျန်းပေရန်၏ အစီအစဉ်ကို အရှိန်မြှင့်ပေးသူများသာ ဖြစ်လေသည်။

၎င်းတို့ အမှန်တကယ် ကူညီပေးခဲ့ကြသော်လည်း တကယ်တမ်းတွင်မူ တန်ပြန် တိုက်စစ် တစ်ခုလုံးကို ကျန်းပေရန် တစ်ယောက်တည်းက စီစဉ်ခဲ့ခြင်း ဖြစ်ပြီး မယုံနိုင်စဖွယ် အောင်ပွဲကို ရယူပေးခဲ့ခြင်း ဖြစ်၏။

နဂါးနက် ကုန်းမြေတိုက်ကြီး၏ လက်ရှိ အဖိုးတန် အရင်းအမြစ်များကို ကာကွယ်ပေးနိုင်ခဲ့ရုံတင် မကဘဲ အရေးကြီးဆုံး အချက်မှာ ကျင့်ကြံသူများဘက်မှ မည်သည့် ထိခိုက် သေဆုံးမှုမှ မရှိခဲ့ခြင်းပင် ဖြစ်လေသည်။

၎င်းတို့ကိုပင် အသက်ရှူရ ခက်ခဲစေသော အင်အားကြီး ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ဤကဲ့သို့သော ရလဒ်ကို ရရှိအောင် လုပ်ဆောင်နိုင်ခြင်း...

လော်ကျင့်ထျန်း အနေဖြင့် ကျန်းပေရန်ကို "ကြောက်စရာကောင်းသူ" ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်လေသည်။

အခြေအနေ အများစုတွင် လူသားများ အကြောက်ဆုံး အရာမှာ တစ်ခုတည်းသာ ရှိပြီး ၎င်းမှာ မသိနားမလည်မှု ဖြစ်လေသည်။

ကျန်းပေရန်မှာ ယခုအခါ နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးအတွက် အကြီးမားဆုံးသော လျှို့ဝှက်ချက် ဖြစ်နေလေပြီ။

သူ ဘယ်က လာသလဲ ဆိုသည်ကို မည်သူမှ မသိသလို သူ ဘာလုပ်ချင်နေသလဲ ဆိုသည်ကိုလည်း မည်သူမှ မသိရှိကြပေ၊ ဤအရာများကို အပြည့်အဝ မသိရှိမီတွင် ၎င်းတို့ အနေဖြင့် သတိကြီးစွာဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းကာ ကျန်းပေရန်နှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် ထိန်းသိမ်းရုံသာ တတ်နိုင်ကြလေသည်။

မဟုတ်ပါက ၎င်းတို့သည်လည်း နောက်ထပ် ဂူမျိုးနွယ်စုများ ဖြစ်သွားနိုင်လေသည်။

"ဆရာကျန်း ဒီမှာ ခဏလောက် အနားယူကြရအောင် ကျုပ် လူတွေကို မုန့်တွေနဲ့ ဝိညာဉ်သီးတွေ ပြင်ခိုင်းထားပါတယ် ဒါလေး မြည်းကြည့်ပါဦး ဒီ လင်းရှောင်အသီး က ကျုပ် တျန်းယာဂိုဏ်းမှာပဲ ရှိတာ"

ရှုခင်းလှပသော ခြံဝင်းတစ်ခုသို့ ရောက်သောအခါ လော်ကျင့်ထျန်းက ကျန်းပေရန်အား ဇရပ်တစ်ခုတွင် အနားယူရန် ဖိတ်ခေါ်လိုက်လေသည်၊ ထို့နောက် မုန့်များနှင့် သစ်သီးများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

"ဂိုဏ်းချုပ်လော်က တကယ်ကို ယဉ်ကျေးလွန်းနေပါပြီ"

"အာ ဒါက ဘာမှ မဟုတ်ပါဘူး ပုံမှန် ဧည့်ဝတ်ပြုတာပါ"

လော်ကျင့်ထျန်းက ရယ်မောရင်း ပြောလိုက်၏။

သို့သော် သူ၏ နောက်ကွယ်မှ တျန်းယာဂိုဏ်း အထက်လူကြီးများကမူ စိတ်ထဲမှ ရေရွတ်နေကြလေသည်။

'ဒါက ပုံမှန် ဟုတ်လား...'

၎င်းတို့ ဂိုဏ်းချုပ် ကိုယ်တိုင် ထွက်၍ ဧည့်သည် ကြိုဆိုသည်ကို မမြင်ဖူးသည်မှာ မည်မျှ ကြာပြီနည်း၊ ပုံမှန်အချိန်တွင် အခြား နိုင်ငံငါးခုမှ တမန်တော်များ လာလျှင်ပင် တပည့်တစ်ဦးကိုသာ စေလွှတ်၍ ဧည့်ခံခိုင်းလေ့ ရှိရာ ယခုကဲ့သို့သော အစီအစဉ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

လင်းရှောင်အသီး တစ်လုံးကို ယူ၍ ကျန်းပေရန်အား ကမ်းပေးရင်း လော်ကျင့်ထျန်းက စကားစလိုက်လေသည်။

"ဆရာကျန်း ဒီရက်ပိုင်းမှာ အဆိပ်ငွေ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှု တစ်ခုခု ရှိပြီလား"

အခြားသူများကဲ့သို့ပင် လော်ကျင့်ထျန်းသည်လည်း ကျန်းပေရန်ကို အကြိမ်ပေါင်းများစွာ ရှာဖွေသော်လည်း ကျန်းပေရန်က အကြောင်းပြချက် တစ်ခုတည်းဖြင့်သာ ငြင်းပယ်ထားခဲ့ခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဆုံတွေ့သည်နှင့် ထိုကိစ္စကို အရင်ဆုံး မေးမြန်းခြင်း ဖြစ်၏။

"အင်း တိုးတက်မှု အချို့ ရှိလာလို့လည်း ကျုပ် အပြင်ကို ထွက်လာတာပေါ့"

"အို ဒါဆိုရင် တကယ်ပဲ ဖြစ်နိုင်တာပေါ့"

"ရလဒ် မထွက်မချင်းတော့ ကျုပ်လည်း တပ်အပ် မပြောရဲသေးပါဘူး"

ကျန်းပေရန်က ပြောပြီးနောက် လင်းရှောင်အသီးကို တစ်ကိုက် ကိုက်လိုက်လေသည်။

"တကယ်ကို ချိုမြိန်ပြီး စားလို့ကောင်းသားပဲ"

"ဟားဟားဟား"

လော်ကျင့်ထျန်းက နားထောင်ပြီးနောက် ဝမ်းသာအားရ ရယ်မောလိုက်ပြီး လက်အောက်ငယ်သားများကို မှာကြားလိုက်၏။

"သွား... ထပ်ပြီး ယူလာခဲ့ဦး နောက်မှ ဆရာကျန်းကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်မယ်"

"ဟုတ်ကဲ့"

ယဉ်ကျေးမှုများ ပြီးဆုံးသွားသောအခါ လော်ကျင့်ထျန်းသည်လည်း လင်းရှောင်အသီး တစ်လုံးကို ယူ၍ တစ်ကိုက် ကိုက်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလိုက်လေသည်။

"ဆရာကျန်း... ကာကွယ်ရေး ကိစ္စက အရေးကြီးတာ မှန်ပေမယ့် အရေးကြီးဆုံးကတော့ ပြဿနာရဲ့ အရင်းအမြစ်ကို ရှင်းပစ်ဖို့ပဲ အရင်တစ်ခေါက် မင်း ပြောခဲ့တာလေ... ဂူအဆိပ်ကျင့်ကြံသူတွေ ရှိတဲ့ တိုက်ကြီးဆီကို တန်ပြန် တိုက်စစ် ဆင်မယ်ဆိုတာ အဲ့ဒါကော သေချာတဲ့ အစီအစဉ် ရှိပြီလား"

"ဒီကိစ္စကတော့ အချိန်ယူပြီး စဉ်းစားရဦးမှာပဲ အခု ရန်သူက အမှောင်ထဲမှာ ကျွန်တော်တို့က အလင်းထဲမှာ ဆိုတော့ စဉ်းစားရမယ့် ပြဿနာတွေ အများကြီး ရှိသေးတယ် သေချာတဲ့ အစီအစဉ် ရှိလာရင်တော့ ဂိုဏ်းချုပ်လော်ကို ပထမဆုံး အကြောင်းကြားမှာပါ အဲ့ဒီအချိန်ကျရင်တော့ ဂိုဏ်းချုပ်လော် အနေနဲ့ မနှမြောဘဲ ကူညီပေးပါဦး"

"အဲ့ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး အဲ့ဒီ ဂူမျိုးနွယ်စုတွေကို တိုက်မယ်ဆိုရင်တော့ ငါ လော်ကျင့်ထျန်းက အစွမ်းကုန် ကူညီမှာပေါ့"

"ကောင်းပါပြီ ဂိုဏ်းချုပ်လော်ဆီက ဒီစကားကို ကြားရတော့မှပဲ စိတ်အေးရတော့တယ် ဪ... ဒါနဲ့ အရင်တစ်ခေါက် ဂိုဏ်းချုပ်လော် ကျွန်တော့်ဆီ စာရေးပြီး ရှာတာ ဘာကိစ္စ ရှိလို့လဲ"

ကျန်းပေရန် အနေဖြင့် အကြောင်းပြချက်များဖြင့် ငြင်းပယ်နေရခြင်းမှာ အဆိပ်ငွေ့ ကာကွယ်ရေး ကိစ္စကို အာရုံစိုက်နေရခြင်းကြောင့်သာမက အခြားသော အကြောင်းရင်း တစ်ခုလည်း ရှိလေသည်၊ ၎င်းမှာ ဤ အနက်ရောင် သူတော်စင်များသည် စာထဲတွင် ကိစ္စကို ရှင်းလင်းစွာ မဖော်ပြဘဲ ရောက်မှ ပြောမည်ဟုသာ အမြဲ လုပ်တတ်ကြသောကြောင့် ဖြစ်၏။

အဲ့ဒါက တကယ်ကို အချိန်ဖြုန်းတာပဲ

အကယ်၍ ကျန်းပေရန် အားနေလျှင် သွားကြည့်ကောင်း ကြည့်မည် ဖြစ်သော်လည်း ယခုအခါ သူသည် အလွန် အလုပ်များနေသူ ဖြစ်ရာ ထိုကဲ့သို့သော ကိစ္စများကို ဂရုစိုက်ရန် အချိန်မရှိချေ။

ကျန်းပေရန်က တိုက်ရိုက် မေးမြန်းလာသည်ကို ကြားသောအခါ လော်ကျင့်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"တကယ်တော့ ဆရာကျန်းကို ကျေးဇူးတင်စကား ပြောချင်လို့ပါ ဒါကြောင့်လည်း ဧည့်ခံဖို့ ဖိတ်ခေါ်ခဲ့တာပေါ့"

ပြောရင်းနှင့် လော်ကျင့်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ဂိုဏ်းကို ပြန်ရောက်ပြီးနောက် ပြန်စဉ်းစားကြည့်လေ ပိုပြီး ကြောက်စရာကောင်းလေပဲ ဒီတစ်ခေါက် ဆရာကျန်းသာ ဝင်မပါခဲ့ရင် ငါတို့တွေ အားလုံး ဘေးဒုက္ခနဲ့ ကြုံရမှာ သေချာတယ် အခု တျန်းတိုင်းပြည်ကို ပြန်ရောက်ပြီး ပျက်စီးနေတာတွေကို မြင်တိုင်း စိတ်လည်း မကောင်းဖြစ်ရသလို ကျေးဇူးလည်း တကယ် တင်မိတာပါ"

"နဂါးနက် ကုန်းမြေတိုက်ကြီးရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ ဂိုဏ်းချုပ်လော် အနေနဲ့ ဒီလောက်အထိ ကြီးကြီးကျယ်ကျယ် ကျေးဇူးတင်နေဖို့ မလိုပါဘူး"

"လိုတာပေါ့ သေချာပေါက် လိုတာပေါ့ ဒီနေ့ ညစာ စားပွဲ ပြင်ထားပါတယ် ဆရာကျန်း အနေနဲ့ ငါ့ရဲ့ မျက်နှာကို ထောက်ပြီး နေပြီးတော့ စားသွားပေးပါဦး"

"ဂိုဏ်းချုပ်လော်က ဒီလောက်အထိ ပြောနေမှတော့ ကျွန်တော် အနေနဲ့လည်း ငြင်းဖို့ မကောင်းတော့ပါဘူး"

"ဟားဟား ကောင်းပြီ လာ ငါတို့ တခြား နေရာတွေကိုလည်း လည်ပတ်ကြည့်ရအောင်"

ထို့နောက် ကျန်းပေရန်သည် လော်ကျင့်ထျန်းနှင့်အတူ တျန်းယာဂိုဏ်းရှိ နေရာအတော်များများသို့ သွားရောက်ခဲ့လေသည်၊ အချို့မှာ တင်းကျပ်စွာ စောင့်ကြပ်ထားသော တားမြစ်နယ်မြေများ ဖြစ်ပြီး ဂိုဏ်းသားများပင် ဝင်ခွင့်မရှိသော်လည်း ကျန်းပေရန်ကိုမူ အားလုံး လိုက်လံ ပြသခဲ့လေသည်။

သို့သော် ကျန်းပေရန် လည်ပတ်လေလေ တစ်ခုခု မှားနေသကဲ့သို့ ခံစားလာရလေလေ ဖြစ်၏။

'ငါ့ကို ခေါ်လာတာက တကယ်ပဲ ငါ့ဆီကနေ မျက်နှာသာ လာတောင်းနေတာလား'

ဟိုဟိုဒီဒီ သွားလာရင်း အကြိမ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သော်လည်း လော်ကျင့်ထျန်းမှာ ယခုထက်တိုင် အဓိက ကိစ္စကို မပြောသေးဘဲ ယဉ်ကျေးသော စကားများကိုသာ အဆက်မပြတ် ပြောနေသဖြင့် ကျန်းပေရန် အနည်းငယ် ဇဝေဇဝါ ဖြစ်လာရခြင်း ဖြစ်၏။

'ညစာ စားပွဲမှာ ဝအောင် စားပြီးမှ ပြောဖို့ စဉ်းစားထားတာလား ဖြစ်နိုင်တာပဲ'

ဤသို့ဖြင့် အားလုံးမှာ ကိုယ်စီ အတွေးများဖြင့် ရှိနေကြစဉ် ညမှောင်လာခဲ့လေသည်၊ ကျန်းပေရန်သည် လော်ကျင့်ထျန်း၏ နောက်မှလိုက်ကာ အလွန် ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ရာ အထဲတွင်လည်း လူများဖြင့် ပြည့်နှက်နေလေပြီ။

"ဆရာကျန်းကို ဂါရဝပြုပါတယ်!"

ကျန်းပေရန် ခြေလှမ်း ဝင်လိုက်သည်နှင့် ခန်းမအတွင်းရှိ လူအားလုံးမှာ တစ်ပြိုင်နက်တည်း မတ်တပ်ရပ်ကာ အရိုအသေပြုလိုက်ကြလေတော့သည်။

ဤကဲ့သို့သော ရုတ်တရက် မြင်ကွင်းကြောင့် ကျန်းပေရန်သည်လည်း ချက်ချင်းပင် လက်ယှက် ဂါရဝပြုကာ ပြန်လည် နှုတ်ဆက်လိုက်လေသည်။

"အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က ကျန်းပေရန် ပါ"

All Chapters