← Chapters

အခန်း (၃၉၂)

Vol. 40 Ch. 392

အခန်း (၃၉၂)

Vol. 40 Ch. 392

အခန်း။ ၃၉၂

သို့သော် ကျိရုရွှယ်မှာ ကျောက်လင်း မည်သည့်အကြောင်းကြောင့် ပြန်လည်ရောက်ရှိလာသည်ကို တွေးတောနေရန် အချိန်မရှိပေ။ ဖခင်ဖြစ်သူ၏ စကားများကို ထောက်ချင့်ရုံဖြင့် ဖခင်သည် ကျောက်လင်းအား အခက်တွေ့အောင် တမင်တကာ လုပ်ဆောင်နေသည်ကို သူမ အထင်အရှား ခံစားမိသည်။

စွမ်းရည်ကို စမ်းသပ်နေတာလား။

သူမ၏ဖခင်မှာ အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီဖြစ်သည့်အပြင် သူ၏ လက်အောက်တွင်လည်း အဆင့် ၅ ဆင့်ကဲဇွန်ဘီများ ရှိနေပြီဖြစ်ရာ ကျောက်လင်း၏ အစွမ်းကို စမ်းသပ်နေရန် အမှန်တကယ်ပင် မလိုအပ်တော့ချေ။

ကျိရုရွှယ်သည် စိုးရိမ်တကြီးဖြင့် ချက်ချင်းပင် ပြောလိုက်သည်။

"ဖေဖေ... အန်တီကျောက်လင်းနဲ့ ဘာလို့ တိုက်ခိုက်နေတာလဲ။

သူက အကူအညီတောင်းဖို့ ရောက်လာတာလည်း ဖြစ်နိုင်သလို အခြေအနေကလည်း အရေးကြီးနေနိုင်တယ်လေ။ သူ့ကို မြန်မြန်ပဲ အထဲပေးဝင်လိုက်ပါတော့"

ကျိရုရွှယ်သည် ကျောက်လင်းနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သူမကို အမှန်တကယ် သတိရနေမိခြင်းပင်။

ဘာပဲဖြစ်ဖြစ်... ဒီလီမြစ်အခြေစိုက်စခန်းမှာ ဇွန်ဘီတွေကလွဲရင် တခြားဘာရှိဦးမှာလဲ။ ရှိတာဆိုလို့ စကားလည်းမပြောနိုင်တဲ့ ဖေဖေပဲရှိတာ။

ယခင်ကမူ ကျောက်လင်းနှင့် စကားစမြည် ပြောဆိုနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ နေ့စဉ်ရက်ဆက် စကားပြောဖော်မဲ့နေခဲ့ရသည်။ ဖခင်ဖြစ်သူသည် ကျောက်လင်း၏ လက်ရှိအစွမ်းကို တိုင်းတာကြည့်ချင်နေခြင်း ဖြစ်နိုင်သော်လည်း တစ်နည်းအားဖြင့်မူ သူမကို ကျီစယ်ကစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူမ၏ဖခင်သည် ကျောက်လင်း၏ အစွမ်းကို အနည်းငယ် အထင်ကြီးလွန်းနေခြင်းပင်။

ကျိရုရွှယ်သည် ဖခင်၏ လက်အောက်ရှိ ဆင့်ကဲဇွန်ဘီများအကြောင်းကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ ၎င်းတို့သည် အင်အားတောင့်တင်းလှသလို အရေအတွက်မှာလည်း မနည်းလှပေ။

ကျောက်လင်းရဲ့ အစွမ်းက အရင်ကထက် အများကြီး တိုးတက်လာတာတော့ မှန်ပါတယ်။ ဒါပေမဲ့... စဉ်းစားကြည့်ဦးလေ တစ်ဖက်က လာနေတာက အဆုံးမရှိတဲ့ ဇွန်ဘီရုပ်သေးတွေ။ သူမ ဘယ်လောက်ပဲ တော်နေပါစေဦးတော့ ဒီလောက်များပြားတဲ့ အရေအတွက်ကို ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ။

"စိတ်မပူပါနဲ့ ချီချီလေး ဖေဖေ သူ့ကို မကြာခင် အထဲပေးဝင်မှာပါ"

၎င်းကို ကြားသောအခါ လုချွမ်းသည် စာရွက်ပေါ်တွင် ဆက်လက်ရေးသားလိုက်ပြန်သည်။ သူသည် ပျော်၍မဝသေးရာ တစ်ဖက်လူကို ဤမျှလွယ်လွယ်ကူကူဖြင့် အလွတ်ပေးရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ကျိရုရွှယ်သည်လည်း ထိုစာကို မြင်သောအခါ မတတ်နိုင်သည့်အဆုံး သက်ပြင်းချမိလေတော့သည်။ သူမ၏ဖခင်မှာ အမှန်တကယ်ပင် တည်ငြိမ်မှုမရှိသူ ဖြစ်သည်။

မြို့ဂိတ်တံခါးအပြင်ဘက်တွင်မူ ပြင်းထန်သော တိုက်ပွဲမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွါးနေဆဲပင်။

ဘုန်း... ဘုန်း... ဘုန်း...

ကျောက်လင်းသည် ယခုအခါ သူမ၏ ပြိုင်ဘက်ကင်းလှသော စွမ်းအားကို ထုတ်ဖော်ပြသနေပြီ ဖြစ်သည်။ သူမ၏ ဓားအလင်းတန်းများ မိုးနှိမ့်သကဲ့သို့ ကျရောက်လာမှုအောက်တွင် ယခင်က အနိုင်မခံအရှုံးမပေးဘဲ ဝင့်ကြွားခဲ့သော ဧရာမဇွန်ဘီ ၁ မှာ ကျောက်လင်း၏ တိုက်စစ်ကို ခဲယဉ်းစွာ ခုခံနေရပြီး တုံ့ပြန်မှုတိုင်းမှာလည်း အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ဧရာမဇွန်ဘီ ၁ နှင့် ကျောက်လင်းတို့ ထိပ်တိုက်တွေ့တိုင်း ဧရာမဇွန်ဘီမှာ နောက်သို့ လွင့်ထွက်သွားရမြဲဖြစ်ပြီး ၎င်း၏ သန်မာလှသော လက်မောင်းနှစ်ဖက်မှာလည်း ယခုအခါ သွေးအလိမ်းလိမ်း ဖြစ်နေသည်။ နက်ရှိုင်းလှသော သွေးရောင်လွှမ်းသည့် ဓားရာများမှာ ဧရာမဇွန်ဘီ၏ လက်မောင်းများပေါ်တွင် သိပ်သည်းစွာ ထင်ကျန်နေပြီး စိမ်းဖျော့ဖျော့ အရည်များမှာ တံတောင်ဆစ်များမှတစ်ဆင့် မြေပြင်ပေါ်သို့ တစ်စက်စက် စီးကျနေသည်။

"ဟင်း လုချွမ်း... ငါက အရင်ကလို လူမျိုးမဟုတ်တော့ဘူး။ အဆင့် ၄ ဆင့်ကဲဇွန်ဘီ တစ်ကောင်တည်းနဲ့ ငါ့ကို အရှက်ခွဲနိုင်မယ်လို့ ထင်နေတာလား... အဝေးကြီးပဲ"

သူမ၏ ဖိအားပေးမှုအောက်တွင် ဆုတ်ခွာနေရသော ဧရာမဇွန်ဘီ ၁ ကို ကြည့်ရင်း ကျောက်လင်းသည် ပူပြင်းလှသော နွေရာသီတွင် ရေခဲဖရဲသီး စားလိုက်ရသကဲ့သို့ အလွန်ပင် စိတ်ကျေနပ်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။

ဘုန်း ဘုန်း…

ထိုအချိန်တွင် မလှမ်းမကမ်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီး နှစ်ချက် ထွက်ပေါ်လာသည်။ တာဖန်းနှင့် လျှပ်စီး ၁ တို့သည် မြင့်မားလှသော တံတိုင်းပေါ်မှ ခုန်ဆင်းလာကြပြီး ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာကာ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကျောက်လင်းကို စိုက်ကြည့်နေကြသည်။

"နောက်တစ်ခါလား... လုချွမ်း နင် တော်တော်လွန်လာပြီနော် တစ်ကောင်တည်းတင် ရင်ဆိုင်ရတာ တော်တော်အလုပ်ရှုပ်နေရတဲ့ကြားထဲ နောက်ထပ် နှစ်ကောင်တောင် ထပ်ပို့လိုက်သေးတယ်ပေါ့"

"ငါ အခုပြောထားမယ် ငါ့ကို အတင်းအကျပ် လာမလုပ်နဲ့။ ငါ တကယ်ဒေါသထွက်လာရင် နင် နောင်တရသွားလိမ့်မယ်"

နောက်ထပ် အဆင့် ၄ ဆင့်ကဲဇွန်ဘီ နှစ်ကောင်ကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ အပြုံးများမှာ ချက်ချင်းပင် ခဲသွားပြီး အခြေအနေ မကောင်းတော့သည်ကို သိလိုက်ရသည်။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ထဲရှိ တိုက်ပွဲဝင်ဓားကို ရှေ့မှောက်ရှိ အခြေစိုက်စခန်းဆီသို့ ချိန်ရွယ်ကာ မကျေမနပ် အော်ဟစ်လိုက်တော့သည်။

အဆင့် ၄ ဆင့်ကဲဇွန်ဘီ တစ်ကောင်တည်းကို ရင်ဆိုင်ရန်မှာ လွယ်ကူသော်လည်း သုံးကောင်ဆိုလျှင်မူ သူမအတွက် ခက်ခဲလှသည်။ သို့သော် လုချွမ်းအနေဖြင့်မူ ဤအမျိုးသမီး၏ စကားများကို အရေးစိုက်လိမ့်မည် မဟုတ်သည်မှာ ထင်ရှားလှသည်။

စကားကတော့ ဘယ်သူမဆို လွယ်လွယ်ပြောနိုင်ကာ သတ္တိရှိလျှင် လက်တွေ့ ပြသလိုက်ရုံသာ ရှိသည်။ သူမ အနိုင်ရရှိသွားခဲ့လျှင်ပင် အရေးမကြီးပေ။ လုချွမ်းထံတွင် အဆင့် ၄ ဇွန်ဘီရုပ်သေးများ အမြောက်အမြား ရှိနေသေးသည်။ သုံးကောင်နှင့် မလောက်လျှင် နောက်ထပ် အကောင်အနည်းငယ် ထပ်လွှတ်ရုံသာ...

ဘုန်း...

ထိုခဏ၌ပင် တာဖန်းနှင့် လျှပ်စီး ၁ တို့သည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။

တာဖန်းသည် သူ၏ သံမဏိသဖွယ် ထုထည်ကြီးမားသော လက်သီးများကို ဝှေ့ယမ်းလိုက်ရာ လက်သီးလေလှိုင်းသံမှာ သွားကျိန်းလောက်အောင် ပြင်းထန်ပြီး နှလုံးတုန်စရာပင် ကောင်းလှသည်။ တစ်ဖက်တွင်လည်း လျှပ်စီး ၁ သည် နာမည်နှင့်အညီ လျှပ်စီးပမာ မြန်ဆန်လှပြီး ရှည်လျားသော သံမဏိလက်သည်းများဖြင့် လေထုကို ဖြတ်သန်းကာ ကျောက်လင်းရှိရာသို့ လှပစွာ ပိုင်းဖြတ်၍ တိုက်ခိုက်လာသည်။

ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ကျောက်လင်းသည် ဧရာမဇွန်ဘီ ၁ အပေါ် ဖိနှိပ်ထားမှုကို ခေတ္တရပ်တန့်လိုက်ရ၏။ သူမသည် ဓားချက်တစ်ချက်ဖြင့် ဧရာမဇွန်ဘီ ၁ ကို ရိုက်ထုတ်လိုက်ပြီးနောက် တိုက်ပွဲဝင်ဓားကို ကျွမ်းကျင်စွာ ဝှေ့ယမ်းလျက် အသစ်ရောက်လာသော အဆင့် ၄ ဆင့်ကဲဇွန်ဘီ နှစ်ကောင်၏ တိုက်စစ်ကို ပြန်လည်ခုခံလိုက်ရတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံးက အနီးကပ် တိုက်ပွဲဖြစ်ပွားကြကုန်၏။

ဂျုန်း...

ပြင်းထန်လှသော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ခိုက်သံများမှာ မိုးခြိမ်းသံပမာ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ တာဖန်းနှင့် လျှပ်စီး ၁ တို့၏ တွဲဖက်မှုမှာ အလွန်ပင် ဟန်ချက်ညီလှသည်။ တစ်ကောင်က ပြင်းထန်သော အင်အားနှင့် မယိုင်လဲနိုင်သော ခုခံမှုစွမ်းအားရှိသဖြင့် တိုက်ခိုက်မှုအတော်များများကို ကြံ့ကြံ့ခံနိုင်ပြီး အခြားတစ်ကောင်မှာမူ အလွန်အမင်း မြန်ဆန်ကာ ထက်မြက်လှသော လက်သည်းများ ရှိနေသည်။ ကျောက်လင်းပင်လျှင် ထိုသံမဏိလက်သည်းများကို သူမ၏ ခန္ဓာကိုယ်ဖြင့် အလွယ်တကူ ခုခံရန် မဝံ့ရဲပေ။

ဝေါ့...

တစ်ချိန်တည်းမှာပင် ဧရာမဇွန်ဘီ ၁ သည်လည်း အစောပိုင်း တိုက်ပွဲဒဏ်မှ ပြန်လည်နိုးထလာပြီး ဟိန်းဟောက်လျက် ရှေ့သို့ ပြေးဝင်လာပြန်သည်။

ဂျုန်း...

အဆင့် ၄ ဆင့်ကဲဇွန်ဘီ သုံးကောင်၏ ပူးပေါင်းစွမ်းအားအောက်တွင် ကျောက်လင်းသည် သူမ၏ အစွမ်းထက်လှသော တိုက်ပွဲဝင်နည်းဗျူဟာများ ရှိနေသော်လည်း တဖြည်းဖြည်းနှင့် အသာစီးရမှု လျော့နည်းလာကာ အခြေအနေ မဟန်တော့ချေ။

ဘုန်း…

ကျောက်လင်းသည် လျှပ်စီး ၁ နှင့် ဧရာမဇွန်ဘီ ၁ တို့ကို ခုခံနေရသည့် အခိုက်အတန့်တွင် တာဖန်း၏ အေးစက်လှသော သံမဏိလက်သီးကြီးမှာ ပြင်းထန်စွာ ရောက်ရှိလာတော့သည်။ လက်သီးမှ ထွက်ပေါ်လာသော လေပြင်းမှာ အရှိန်အဟုန်ဖြင့် ဟိန်းဟောက်နေပြီး ထိတ်လန့်ဖွယ်ရာ စွမ်းအင်များက လေပွေကြီးတစ်ခုပမာ ရှေ့သို့ တွန်းပို့နေသည်။

"မကောင်းတော့ဘူး"

ကျောက်လင်းသည် အခြေအနေကို ရုတ်တရက် သတိပြုမိလိုက်သဖြင့် မျက်နှာပျက်သွားကာ လျင်မြန်စွာ လှည့်၍ တိုက်ပွဲဝင်ဓားကို ရှေ့၌ အကာအကွယ်အဖြစ် အသင့်ပြင်လိုက်သည်။

ဘုန်း

ထိုခဏချင်းမှာပင် ကမ္ဘာမြေကြီး ပြိုကျပျက်စီးသွားသလား ထင်မှတ်ရလောက်အောင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ကျောက်လင်းသည် မထိန်းချုပ်နိုင်ဘဲ လွင့်ထွက်သွားကာ သူမ၏ နှုတ်ခမ်းဖျားမှ နာကျင်စွာ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာတော့သည်။

သူမသည် မီတာရာချီ၍ လွင့်စင်သွားပြီးနောက် မြေပြင်နှင့် ထိမှန်မှသာ အရှိန်သတ်နိုင်ခဲ့ကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသော ဧရာမဇွန်ဘီ ၁ ကို ခက်ထန်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။ ယခုလေးတင် ကြုံတွေ့ခဲ့ရသော ပြင်းထန်လှသော ထိပ်တိုက်တွေ့မှုကြောင့် ကျောက်လင်း၏ လက်အစုံမှာ ယခုတိုင် မရပ်မနား တုန်ရီနေဆဲပင်။

သူမ၏ ညာဘက်လက်တွင် ကိုင်ဆောင်ထားသော မူလက ဖြောင့်စင်းကာ ထက်မြက်လှသည့် သံမဏိဓားမှာလည်း အနည်းငယ် ကွေးညွတ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ လက်သီးချက်၏ ပြင်းအားကြောင့် တိုက်ရိုက် ကောက်သွားခဲ့ခြင်းပင်။

"တောက်... လုချွမ်း... ဒီလူကတော့ တကယ့်ကို လူယုတ်မာပဲ။ ငါက သတင်းလာပို့တာကို သူက ငါ့ကို ဒီလို ဆက်ဆံတယ်ပေါ့"

ရှေ့မှောက်တွင် တိုးဝင်လာသော အဆင့် ၄ ဆင့်ကဲဇွန်ဘီ သုံးကောင်ကို ကြည့်ရင်း ကျောက်လင်းသည် စိတ်ပျက်အားငယ်သွားမိပြီး ဤနေရာမှ ထွက်ခွာရန်ပင် စဉ်းစားမိသွားသည်။ သို့သော်လည်း အဆင့် ၄ ဇွန်ဘီသုံးကောင်မှာ သူမကို ဝိုင်းရံထားဆဲဖြစ်သဖြင့် ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။

ဘုန်း... ဘုန်း...

ပြင်းထန်သော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေပြီး ကျောက်လင်းသည် ကွေးကောက်သွားသော သံမဏိဓားကိုသာ ကိုင်စွဲလျက် အဆင့် ၄ ဆင့်ကဲဇွန်ဘီ သုံးကောင်နှင့် အသည်းအသန် တိုက်ခိုက်နေရရှာသည်။

ဘုန်း…

နောက်တစ်ကြိမ် လွင့်ထွက်သွားပြန်သောအခါ ကျောက်လင်းသည် နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ နောက်ကွယ်ရှိ အခြေစိုက်စခန်းဆီသို့ ဦးတည်ကာ အော်ပြောလိုက်တော့သည်။

"လုချွမ်း ငါ ဒီကိုလာတာ နင်နဲ့ ချီချီလေးရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောဖို့ လာတာ။ အခုချက်ချင်း ရပ်တန့်မပေးရင် ငါ ပြန်တော့မယ်"

၎င်းကို ကြားလိုက်ရသောအခါ လုချွမ်းက မျက်မှောင်ကြုတ်လိုက်မိ၏။

ငါနဲ့ ချီချီလေးရဲ့ ဘေးကင်းမှုကို ခြိမ်းခြောက်နိုင်တဲ့ ဘယ်လိုကိစ္စမျိုး ဖြစ်မလဲ။

သူ တွေးတောမိသည်။ သူ စဉ်းစားလေလေ သူ၏ မျက်နှာထားမှာ ပို၍ ဆိုးရွားလာလေဖြစ်ပြီး စိတ်နှလုံးမှာလည်း အလွန်အမင်း လေးလံလာတော့သည်။

နောက်တစ်ခဏတွင်မူ လုချွမ်း၏ ထိန်းချုပ်မှုအောက်၌ အဆင့် ၄ ဇွန်ဘီရုပ်သေး သုံးကောင်

စလုံးက ချက်ချင်းပင် ရပ်တန့်သွားကြကုန်၏။ ရုတ်တရက် ငြိမ်သက်သွားသော အဆင့် ၄ ဆင့်ကဲဇွန်ဘီ သုံးကောင်ကို မြင်တွေ့လိုက်ရသောအခါမှ ကျောက်လင်းသည် သက်ပြင်းချကာ စိတ်အေးသွားရတော့သည်။

လုချွမ်းသည် အခြေအနေအရ မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိနားလည်သေးသဖြင့် အကန့်အသတ်ကို ကျော်လွန်သွားခြင်း မရှိပေ။

ဂျုန်း...

ထိုအချိန်တွင်ပင် ရှေ့သို့ တိုးဝင်နေကြသော သာမန်ဇွန်ဘီအုပ်ကြီးမှာလည်း ရပ်တန့်သွားကြသည်။ ရှေ့မှောက်ရှိ အခြေစိုက်စခန်း၏ ဂိတ်တံခါးကြီးမှာ အဆင့် ၄ တင့်ကားအမျိုးအစားဆင့်ကဲဇွန်ဘီ နှစ်ကောင်၏ တွန်းပို့မှုအောက်တွင် လေးလံလှသော အသံကြီးနှင့်အတူ ဖြည်းညှင်းစွာ ပွင့်ဟလာသည်။

ဂိတ်တံခါး ပွင့်လာသည်ကို မြင်သောအခါ ကျောက်လင်းသည် မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး "လုချွမ်း... အထဲရောက်မှ တွေ့ကြသေးတာပေါ့။ နင်နဲ့ အပြတ်အသတ် ရှင်းရမယ်" ဟု ကြိတ်၍ ပြောလိုက်သည်။

ထို့နောက် ကျောက်လင်းသည် ရဲရင့်ပြတ်သားသော ခြေလှမ်းများဖြင့် အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

All Chapters