← Chapters

အခန်း (၃၉၃)

Vol. 40 Ch. 393

အခန်း (၃၉၃)

Vol. 40 Ch. 393

အခန်း။ ၃၉၃

ကျောက်လင်းသည် ပခုံးပေါ်တွင် တိုက်ပွဲဝင်ဓားကို ထမ်းလျက် ဒေါသတကြီးဖြင့် မြို့ဂိတ်တံခါးအတွင်းသို့ လှမ်းဝင်ခဲ့သည်။

သို့ရာတွင် အခြေစိုက်စခန်းအတွင်းသို့ ရောက်ရှိသည်နှင့် မြင်တွေ့လိုက်ရသော မြင်ကွင်းများကြောင့် ကျောက်လင်းမှာ များစွာတုန်လှုပ်သွားရပြီး မျက်နှာရိပ်မျက်နှာကဲမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူမသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့မှောက်ရှိ အရာရာကို မှင်တက်စွာ စိုက်ကြည့်နေမိသည်။

"ဒါက..."

ကျယ်ပြန့်၍ သန့်ရှင်းသပ်ရပ်လှသော လမ်းမကြီးပေါ်တွင် ဇွန်ဘီကင်းစောင့်တပ်တန်းကြီးမှာ ဟိုဘက်သည်ဘက်သို့ ခေါက်တုံ့ခေါက်ပြန် ကင်းလှည့်နေကြသည်ကို သူမ မြင်တွေ့လိုက်ရ၏။ ထိုဇွန်ဘီများသည် အစီအစဉ်တကျ ရှိလှသည့်အပြင် ၎င်းတို့၏ လှုပ်ရှားမှုများမှာလည်း တစ်ညီတစ်ညွတ်တည်း ဖြစ်နေကြသည်။ သူတို့၏ လက်ထဲတွင်လည်း အေးစက်လှသော သေနတ်ရှည်များကို ကိုင်ဆောင်ထားကြသည်။

ဧည့်သည်တော် ရောက်ရှိလာခြင်းကို ကြိုဆိုသည့်အလား နောက်ထပ် ဇွန်ဘီကင်းစောင့်တပ်ဖွဲ့ နှစ်ဖွဲ့မှာ အဝေးမှ ပြေးဝင်လာကြပြီး လမ်းမကြီး၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် တန်းစီရပ်လိုက်ကြသည်။ ထို့နောက် ကျောက်လင်း ဖြတ်သန်းသွားနိုင်ရန် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြကုန်၏။

ကျောက်လင်းသည် ဤအခိုက်အတန့်တွင် အလွန်အမင်း အံ့အားသင့်သွားရပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဝိုင်းစက်စွာ ကြည့်နေမိသည်။ သူမ၏ အမြင်တွင်မူ ဤအရာများသည် အသိဉာဏ်ကင်းမဲ့သော ဇွန်ဘီများ မဟုတ်ဘဲ စည်းကမ်းစနစ်ကျနလှသော လူသားစစ်တပ်တစ်ခုကို မြင်တွေ့နေရသကဲ့သို့ ခံစားနေရသည်။

"လုချွမ်းက တကယ့်ကို ဇွန်ဘီဘုရင်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်။ ဒီလို စွမ်းဆောင်နိုင်စွမ်းမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ခေတ္တမျှ ကြာပြီးနောက် ထိုနေရာ၌ပင် ရပ်နေသော ကျောက်လင်းသည် သတိပြန်ဝင်လာပြီး ဝဲယာတစ်ဖက်တစ်ချက်တွင် တန်းစီနေသော ဇွန်ဘီစစ်တပ်ကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးမိသည်။

ဤအရာများသည် အသိဉာဏ်မဲ့သော ဇွန်ဘီများသာ ဖြစ်သော်လည်း လုချွမ်းအနေဖြင့် ၎င်းတို့ကို ဤမျှ စည်းကမ်းစနစ်ကျနစွာ ထိန်းချုပ်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်

စရာပင်။ ထို့အပြင် ခေတ်မီလက်နက်များ တပ်ဆင်ထားသော ဤဇွန်ဘီစစ်တပ်မှာ အင်အားတောင့်တင်းလှသော အင်အားစုတစ်ခု ဖြစ်သည်မှာ အသေအချာပင်။

အကြောက်တရားဆိုတာလည်း မရှိ၊ ပြင်ပက နှောင့်ယှက်တာတွေကိုလည်း ဂရုမစိုက်ဘဲ ရှေ့ကိုပဲ တိုးလာနေတဲ့ ဒီ ဇွန်ဘီစစ်တပ်ကို လူသားတွေက ဘယ်လိုနည်းနဲ့ ယှဉ်နိုင်မှာလဲ။

ရှပ်..ရှပ်…

ခြေသံအချို့မှာ အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။

ကျောက်လင်းသည် မော့ကြည့်လိုက်ရာ ဧရာမဇွန်ဘီ ၁ သည် သူမရှိရာသို့ ဦးတည်ကာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဧရာမဇွန်ဘီ ၁ သည် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ လက်ဖြင့် "ဖိတ်ခေါ်ပါသည်" ဟူသော အမူအရာကို ပြုလုပ်လိုက်သည်။

ကျောက်လင်းသည် စစ်တပ်အတွင်း၌ အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် ဧရာမဇွန်ဘီ ၁ ၏ ဤအမူအရာကို သဘာဝကျကျပင် နားလည်လိုက်၏။ သူမသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် လုချွမ်းနှင့် ကျိရုရွှယ်တို့ ရှိရာ ဗီလာနယ်မြေဆီသို့ ဧရာမဇွန်ဘီ ၁ ၏ နောက်မှ လိုက်ပါသွားတော့သည်။

ဗီလာအပြင်ဘက်တွင်မူ ကျိရုရွှယ်သည် လုချွမ်း၏လက်ကို ဆွဲထားရင်း ထိုနေရာ၌ပင် ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။

ခေတ္တမျှအကြာတွင် ဧရာမဇွန်ဘီ ၁ သည် ကျောက်လင်းကို ခေါ်ဆောင်လာခဲ့သည်။ လုချွမ်းကို မြင်သည်နှင့် ကျောက်လင်းသည် အစောပိုင်းက သူမအား ဆင့်ကဲဇွန်ဘီများလွှတ်၍ ကျီစယ်ခဲ့သည်ကို ပြန်လည်သတိရသွားပြီး ဒေါသများမှာ တစ်ကျော့ပြန် ဟုန်းဟုန်းတောက်လာပြန်သည်။

"တောက်... လုချွမ်း ဒါက ဘာသဘောလဲ။ ငါက အခက်အခဲတွေကြားကနေ မနည်းပြန်လာရတာကို နင်က ဒီလိုမျိုး ကြိုဆိုတာလား။ နင့်မှာ အသိစိတ်ရော ရှိရဲ့လား"

"စကားပြောဦးလေ တစ်ခုခု ပြောမှာလား မပြောဘူးလား"

"ဒါက တကယ့်ကို လွန်လွန်းတယ်။ ဒီနေ့တော့ နင့်ကို ငါ စိန်ခေါ်ရမယ်။ ငါ့ကို အနိုင်ကျင့်လို့ မရဘူးဆိုတာ နင် သိစေရမယ်"

ကျောက်လင်းသည် ဒေါသအလိပ်လိုက် ထွက်လျက် ရှေ့သို့ အတင်းတိုးဝင်ကာ လုချွမ်းကို ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်သည်။ သူမသည် လုချွမ်းနှင့် ချီချီလေးတို့၏ ဘေးကင်းရေးကို စိုးရိမ်သဖြင့် စေတနာရှေ့ထားကာ သတင်းလာပို့ခြင်း ဖြစ်သော်လည်း လုချွမ်းက သူမ၏ စေတနာကို နားမလည်ဘဲ ဆင့်ကဲဇွန်ဘီများကို အသုံးပြု၍ နောက်ပြောင်ခဲ့သည့်အတွက် အမှန်တကယ် သည်းမခံနိုင်စရာကိစ္စပင်။

ကျောက်လင်းက စက်သေနတ်ပစ်သကဲ့သို့ သူမ၏ ဖခင်အား အဆက်မပြတ် ဆူပူကြိမ်းမောင်းနေသည်ကို မြင်သောအခါ ကျိရုရွှယ်မှာ ဘာမှမတတ်နိုင်ဘဲ ရယ်ရခက်၊ ငိုရခက် ဖြစ်နေရတော့သည်။ ဒီလိုတွေ ဖြစ်လာလိမ့်မည်ဟု သူမ ကြိုတင်တွေးဆထားပြီးသား ဖြစ်သော်လည်း သူမ၏ ဖခင်ကတော့ ကျောက်လင်းကို ကျီစယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။

သို့သော် ဖခင်ဖြစ်သူမှာ စကားမပြောနိုင်ရာ သူမ မည်မျှပင် အော်ဟစ်နေပါစေ ဖခင်၏ တုံ့ပြန်မှုမှာ တိတ်ဆိတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျောက်လင်း၏ မေးခွန်းထုတ်မှုများရှေ့တွင် လုချွမ်းသည် အသံမထွက်ဘဲ အသာအယာ ရယ်မောလိုက်သည်။

ငါကို စိန်ခေါ်မယ်တဲ့လား။

အစောပိုင်းက လုချွမ်းအနေဖြင့် အဆင့် ၅ ဇွန်ဘီရုပ်သေးများကိုပင် မထုတ်ရသေးချေ။ သို့မဟုတ်ပါက အဆင့် ၄ ဇွန်ဘီရုပ်သေး သုံးကောင်ရှေ့တွင်ပင် ရုန်းကန်နေရသော ကျောက်လင်းမှာ မျက်စိတစ်မှိတ်အတွင်း အရေးနိမ့်သွားမည်မှာ အသေအချာပင်။

သို့သော် ကျောက်လင်းက တိုက်ခိုက်ချင်နေသဖြင့် လုချွမ်းကလည်း ငြင်းပယ်ရန် အကြောင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် သူရှုံးနိမ့်မည် မဟုတ်သည့်အပြင် ဤတိုက်ပွဲမှာ ကျောက်လင်းအတွက် အစွမ်းထက်မြက်စေမည့် လေ့ကျင့်ခန်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ချက်ချင်းပင် လုချွမ်းက စာရွက်ပေါ်တွင် ရေးသားလိုက်သည်။

"ကောင်းပြီလေ ကျောက်လင်း... နင်က ငါ့ကို စိန်ခေါ်ချင်မှတော့ ငါလည်း မငြင်းပါဘူး။

ကဲ... ဘယ်လိုနည်းနဲ့ စိန်ခေါ်မလဲဆိုတာ နင်ပဲ ရွေးလိုက်တော့။ ငါ့ရဲ့ ဆင့်ကဲဇွန်ဘီတွေကို ခေါ်ပြီး နင်နဲ့ တိုက်ရမလား ဒါမှမဟုတ် ငါ့ဇွန်ဘီအားလုံးကို နင်တစ်ယောက်တည်းပဲ စိန်ခေါ်မလား"

"နင်... နင်ကတော့ တကယ့်ကို လူယုတ်မာပဲ"

စာရွက်ပေါ်က စာသားများကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာမှာ တင်းမာသွားပြီး ဒေါသများမှာလည်း ချက်ချင်းပင် ဟုန်းဟုန်းတောက်သွားတော့သည်။ သူမသည် စကားပင် မပြောနိုင်လောက်အောင် ဒေါသထွက်လျက် လုချွမ်းကို လက်ညှိုးငေါ့ငေါ့ထိုးနေမိသည်။

ဒီလူယုတ်မာ လုချွမ်းကတော့ ငါ့ကို ကျီစယ်နေပြန်ပြီ။ သူက ဇွန်ဘီတွေကိုခေါ်ပြီး ငါ့ကို တိုက်တာပဲဖြစ်ဖြစ် ငါက ဇွန်ဘီအားလုံးကို စိန်ခေါ်ရတာပဲဖြစ်ဖြစ် ဘာထူးမှာလဲ။

တကယ်တော့ သူမက လုချွမ်းကိုယ်တိုင်ကို တိုက်ရိုက် စိန်ခေါ်ချင်ခဲ့ခြင်း ဖြစ်သော်လည်း ဤအရှက်မရှိသော လူစားမျိုးက ဘယ်လိုမဌ သဘောတူလိမ့်မည် မဟုတ်ပေ။ သို့သော် လုချွမ်း၏ ဆင့်ကဲဇွန်ဘီများကိုသာ တကယ် စိန်ခေါ်လိုက်မည်ဆိုပါက ရလဒ်မှာမူ...

"ဘာလဲ... ကြောက်နေတာလား"

ကျောက်လင်း တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လုချွမ်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး စာရွက်ပေါ်တွင် ထပ်မံ၍ လှောင်ပြောင်လိုက်ပြန်သည်။

"နင်... နင်"

ကျောက်လင်းမှာ ဒေါသပုန်ထလျက် မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။ ဤလုချွမ်းမှာ လူသားတစ်ယောက်လို ပြုမူနေခြင်း မဟုတ်ဘဲ တကယ့်ကို ကောင်စုတ်လေး တစ်ယောက်သာ ဖြစ်သည်။

သူတို့နှစ်ဦးမှာ တကယ်ပင် ရန်ဖြစ်တော့မည့် အခြေအနေသို့ ရောက်ရှိနေစဉ် ကံကောင်းထောက်မစွာဖြင့် ကျိရုရွှယ်က ဆက်ကြည့်မနေနိုင်တော့ဘဲ ကြားဝင်စေ့စပ်ပေးလိုက်တော့သည်။

"တော်ပါတော့... တော်ပါတော့ ဖေဖေရယ် အန်တီကျောက်လင်းကို အဲဒီလောက်ကြီး မစပါနဲ့တော့။ သူက အခက်အခဲတွေကြားကနေ မနည်းပြန်လာရတာကို"

ကျိရုရွှယ်သည် ပထမဆုံး လုချွမ်း၏ အင်္ကျီစကို ဆွဲကာ မကျေနပ်ဟန်ဆောင်လျက် ဖျန်ဖြေလိုက်သည်။

ထို့နောက် သူမသည် ကျောက်လင်းရှိရာသို့ ခုန်ပေါက်သွားပြီး လက်မောင်းကို ချစ်ခင်စွာ ပွေ့ဖက်ရင်း "အန်တီကျောက်လင်း... မတွေ့ရတာ ကြာပြီနော်။ ချီချီ အန်တီ့ကို တကယ်လွမ်းနေတာ။ ဖေဖေနဲ့ စကားများမနေပါနဲ့တော့ လာ... အထဲဝင်ရအောင်" ဟု ပြောဆိုလိုက်၏။

ချီချီလေးက ကြားဝင်ပြောဆိုလိုက်သည်နှင့် သူတို့နှစ်ဦးကြားရှိ တင်းမာမှုများမှာ ချက်ချင်းပင် လျော့ပါးသွားတော့သည်။

လုချွမ်းသည်လည်း သဘောထားကြီးစွာဖြင့် ဤတုံးအလှသော အမျိုးသမီး ကျောက်လင်းနှင့် အဆင့်ချင်း တူမယှဉ်တော့ရန် ဆုံးဖြတ်လိုက်ပြီး နူးညံ့သောအပြုံးဖြင့် ချီချီလေးကို ခေါင်းညိတ်ပြလိုက်သည်။

ကျောက်လင်းသည်လည်း ဆက်လက်၍ ရန်ငြိုးဖွဲ့မနေတော့ပေ။ သူမ၏ အစွမ်းမှာ လုချွမ်းကို မယှဉ်နိုင်ကြောင်းနှင့် သူ့ကို အပြတ်အသတ် ရှင်းထုတ်ရန်မှာ အချိန်တိုအတွင်း မဖြစ်နိုင်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။ ယခုအခါ ချီချီလေးက လမ်းကြောင်းခင်းပေးလိုက်သဖြင့် ကျောက်လင်းသည်လည်း မငြင်းဆန်တော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ဟင်း... ဒီနေ့တော့ ချီချီလေး မျက်နှာနဲ့ပဲ ငါ လွှတ်ပေးလိုက်မယ်။ မဟုတ်ရင်တော့..."

စကားအဆုံးတွင် ကျောက်လင်းသည် ကျိရုရွှယ်၏ ခေါ်ဆောင်မှုနောက်သို့ လိုက်ပါကာ လုချွမ်းကို ကျော်ဖြတ်၍ ဗီလာအိမ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ဗီလာအိမ်အတွင်း၌မူ ထိုအချိန်မှာ ထမင်းစားချိန်နှင့် ကွက်တိပင် ဖြစ်နေသဖြင့် လုချွမ်းသည် အိုးထဲရှိ ဟင်းလျာများကို ပန်းကန်များထဲသို့ ပြောင်းထည့်ကာ ထမင်းစားပွဲပေါ်သို့ တင်လိုက်သည်။

"ဝါး... ဒီနေ့ ဟင်းတွေက တကယ့်ကို စုံလင်လှချည်လား။ ငရုတ်သီးနဲ့ ဝက်သားကြော်ရယ်၊ ဒါက... မုန်လာဥဖြူနဲ့ ဝက်နံရိုးစွပ်ပြုတ်၊ ပြီးတော့ ခရမ်းသီးနှပ်"

စားပွဲပေါ်ရှိ ဟင်းလျာများကို မြင်သောအခါ ကျောက်လင်း၏ မျက်ဝန်းများမှာ အရောင်

တောက်ပသွားပြီး ဝမ်းသာအားရ ပြောလိုက်၏။ သူမ၏ ပုံစံမှာ နောက်တစ်စက္ကန့်တွင် သွားရည်ပင် ကျလာတော့မည့်အလားပင်။

"အန်တီကျောက်လင်း... ချီချီတို့နဲ့အတူ ထမင်းစားရအောင်"

ကျိရုရွှယ်က ရွှင်လန်းစွာ ဖိတ်ခေါ်လိုက်သည်။

"ဟားဟား... ချီချီလေးကတော့ အန်တီ့အပေါ်မှာ အကောင်းဆုံးပဲ"

ကျောက်လင်းသည် အားနာမနေတော့ဘဲ မီးဖိုချောင်အတွင်းသို့ ဝင်ကာ ပန်းကန်နှင့် တူများကို ကျွမ်းကျင်စွာ ယူဆောင်ခဲ့သည်။ ထို့နောက် ထမင်းတစ်ပန်းကန် အပြည့်ထည့်ကာ ချီချီလေး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ဘေးတွင် ရှိနေသော လုချွမ်းကလည်း သူမကို တားဆီးခြင်း မပြုပေ။

နောက်တစ်ခဏတွင်မူ ကျောက်လင်းသည် လူနှစ်ဦး၏ အကြည့်အောက်၌ပင် ထမင်းကို ငမ်းငမ်းတက် စတင်စားသောက်တော့သည်။ သူမသည် အသံဗလံများ ထွက်ပေါ်အောင် အားပါးတရ စားနေသကဲ့သို့ သူမ၏ တူများမှာလည်း ဟင်းသုံးမျိုးကြားတွင် လျင်မြန်စွာ ကူးလူးလျက် ဟင်းများကို သိမ်းကျုံးကာ ယူငင်နေတော့သည်။

ခေတ္တခဏအတွင်းမှာပင် ကျောက်လင်း၏ ပန်းကန်ထဲရှိ ထမင်းများမှာ တစ်ဝက်ခန့် ကုန်သွားသော်လည်း ကျိရုရွှယ်၏ ပန်းကန်မှာမူ အပြည့်ရှိနေဆဲဖြစ်ပြီး သူမမှာ အနည်းငယ်မျှသာ မြည်းစမ်းရသေးသည်။

"အန်တီကျောက်လင်း... ကြည့်ရတာ ဒီရက်ပိုင်းအတွင်း အန်တီ တော်တော်လေး ဒုက္ခရောက်ခဲ့ပုံရတယ်နော်"

ကျိရုရွှယ်သည် သူမ၏ တူကို ခဏချလိုက်ပြီး ငတ်မွတ်နေသော တစ္ဆေတစ်ကောင်အလား အားပါးတရ စားနေသည့် ကျောက်လင်းကို ကြည့်ကာ ရယ်မောလျက် ပြောလိုက်သည်။

All Chapters