အခန်း (၇၀၄-၄၀၅)
Vol. 63 Ch. 704-705
အခန်း ၇၀၄ ငါ ဖွင့်လိုက်တဲ့ ပုံစံ မှားသွားတာလား
"အဖေ အဖေ့ ဒဏ်ရာတွေ မသက်သာသေးဘူးလေ အခု သွားမယ်ဆိုရင်..."
"ဘာမှ ပြောမနေနဲ့တော့ သေးငယ်တဲ့ ဒဏ်ရာလေးတွေပါ ကိစ္စမရှိပါဘူး ချင်လုံ မင်းကော ဘယ်လိုနေလဲ"
"ကျွန်တော်က အစောကြီး ကတည်းက ကောင်းနေပါပြီ အစ်ကိုကြီးကို စောင့်နေတာပါ"
"ဟားဟားဟား ကောင်းပြီ ဒါဆို ငါတို့ သွားပြီး အဲ့ဒီ နှာခေါင်းကြီး တွေကို သွားတွေ့ကြတာပေါ့"
တဲကြီး တစ်ခု အတွင်းတွင် လင်ရှီယွင်သည် ဖခင်ဖြစ်သူ၏ ကျောပြင်ကို ကြည့်ကာ ဝမ်းနည်းစွာ ငိုကြွေးနေလေသည်။ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် မတော်တဆမှုများက သူမကို မျှော်လင့်ချက် ကင်းမဲ့သွားစေပြီး စက္ကန့်တိုင်းတွင် ဤအရာက အိပ်မက်တစ်ခုသာ ဖြစ်ပါစေဟု ဆုတောင်းနေမိသော်လည်း ဤအိပ်မက်ဆိုးကြီးက ဘယ်တော့မှ နိုးထလာမည် မဟုတ်ပေ။
"ယွီယန် နင် ပြန်လာခဲ့စမ်း နင့်အဖေက နင့်ကို အပြင်မထွက်ရဘူးလို့ ပြောထားတယ်လေ"
လင်ယွီယန် ၏ နာမည်ကို ကြားလိုက်ရသဖြင့် လင်ရှီယွင် လှည့်ကြည့်လိုက်ရာ တဲကြီး အပြင်ဘက်သို့ တည်ငြိမ်စွာ ထွက်သွားနေသော သူမကို တွေ့လိုက်ရလေသည်။ တဲကြီး အတွင်း ကြောက်ရွံ့တုန်လှုပ်နေကြသော လူတိုင်းနှင့် လုံးဝ ခြားနားနေလေသည်။
"အဒေါ် အောက်မှာ ထိုင်ပြီး ဘာလုပ်နေတာလဲ"
လင်ယွီယန်က လင်ရှီယွင် ကို ငုံ့ကြည့်ကာ မေးလိုက်လေသည်။
ထိုစဉ် လင်မိခင်လည်း အပြေးရောက်လာပြီး လင်ယွီယန်ကို ဖမ်းဆွဲထားလိုက်လေသည်။
အနည်းငယ်မျှ ကြောက်ရွံ့မှု မရှိသော လင်ယွီယန်ကို ကြည့်ရင်း လင်ရှီယွင် သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ မတ်တပ်ရပ်ပြီး ပြောလိုက်လေသည်။
"နင့်အမေ စကားကို နားထောင်လိုက်ပါ ဒီမှာပဲ အေးအေးဆေးဆေး နေပါ အပြင် မထွက်ပါနဲ့"
လင်ယွီယန်က ကြားပြီးနောက် ပခုံးတွန့်ကာ ပြန်ပြောလိုက်လေသည်။
"အကယ်၍ အဖေတို့ သာ တောင့်မခံနိုင်တော့ဘူး ဆိုရင် ကျွန်မတို့က တဲထဲမှာ နေနေတာနဲ့ အပြင်ထွက် ကြည့်တာနဲ့ ဘာများ ကွာခြားသွားမှာလဲ"
လင်ရှီယွင်က ကြားပြီးနောက် တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လင်ယွီယန်ထံမှ လျှို့ဝှက် အသံလွှင့် စကားကို ကြားလိုက်ရလေသည်။
"စိတ်ချပါ စီနီယာအစ်ကိုက သေချာပေါက် ကျွန်မတို့ကို လာကယ်မှာပါ ကျွန်မကို ယုံပါ"
'ထပ်လာပြန်ပြီ...'
လင်ရှီယွင် မနေနိုင်ဘဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိလေသည်။
အဆိပ်ငွေ့ များနှင့် ဂူမျိုးနွယ်စု များ ဝင်ရောက် တိုက်ခိုက်လာစဉ် ကတည်းက လင်ယွီယန် သည် အနည်းငယ်မျှ ကြောက်ရွံ့မှု မပြသခဲ့ဘဲ စီနီယာအစ်ကိုသည် ထိုသူများကို သေချာပေါက် ဖြေရှင်းပေးလိမ့်မည်ဟု သူမအား အခိုင်အမာ ပြောဆိုခဲ့လေသည်။
သို့သော် လင်ရှီယွင်ကမူ သူမ၏ စကားကို လုံးဝ အရေးမစိုက်ခဲ့ပေ။
ဟုတ်ပါတယ် ကျန်းပေရန်သည် သူ၏ အသက်အရွယ် ထက် များစွာ သာလွန်သော စွမ်းအားများ ရှိနေပြီး မဖြစ်နိုင်သည်များကို ဖြစ်လာအောင် အမြဲ လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း သူမ ဝန်ခံပါသည်။ သို့သော် မည်မျှပင် အစွမ်းထက်နေပါစေ သူက အရမ်းကို ထူးချွန်တဲ့ လူငယ် တပည့် တစ်ယောက် သာ ဖြစ်လေသည်။
သို့သော် ယခု ကြုံတွေ့နေရသော ပြဿနာမှာ ဂိုဏ်းချုပ်ကဲ့သို့သော အနက်ရောင်သူတော်စင် များပင် မဖြေရှင်းနိုင်သော ပြဿနာ ဖြစ်ရာ ကျန်းပေရန် က ဘယ်လို နည်းလမ်းတွေများ စဉ်းစားနိုင်မှာလဲ။
ထင်သည့်အတိုင်းပင် ၎င်းတို့ ချန်းခွန်းကျင့်စဉ်ကို အသုံးပြု၍ ထွက်ပြေးချိန်အထိ သူမ၏ ထို စီနီယာအစ်ကို ဆိုသူ ပေါ်မလာခဲ့ပေ။
သို့သော် ဒီ လုံးဝ အသစ်ဖြစ်နေသော ကမ္ဘာသစ် သို့ ရောက်ရှိလာချိန် အထိ လင်ယွီယန်သည် အနည်းငယ်မျှ သံသယ မဝင်ဘဲ ဆက်လက် ယုံကြည်နေဆဲ ဖြစ်လေသည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် လင်ရှီယွင်က လင်မိခင် ကို ကြည့်ကာ ပြောလိုက်လေသည်။
"မရီး ယွီယန် ပြောတာလည်း မှန်ပါတယ် ခုနကပဲ နတ်မင်း နှစ်ပါးလည်း အပြင်ထွက်သွားကြပြီ ဒီနေ့တော့..."
လင်မိခင် က ကြားပြီးနောက် မနေနိုင်ဘဲ မျက်နှာကို လက်ဖြင့် အုပ်လိုက်လေသည်။ လက်ရှိ အခြေအနေကို သူမ ကောင်းစွာ သိရှိထားပြီး ဖြစ်ရာ ဘာလုပ်ရမှန်း မသိဖြစ်နေချိန်တွင် သူမ လုပ်နိုင်သည်မှာ သမီးဖြစ်သူကို အပြင်ထွက်၍ ဒုက္ခမရောက်စေရန် ကာကွယ်ထားဖို့သာ ဖြစ်လေသည်။
ထိုစဉ် အဘွားအို တစ်ဦး ထွက်လာပြီး အားမာန် အပြည့်ဖြင့် အော်ပြောလိုက်လေသည်။
"သွားကြစို့ အားလုံး အတူတူ အပြင်ထွက် ကြည့်ကြမယ် အကယ်၍ ဒီနေ့က လင်မိသားစုရဲ့ နောက်ဆုံးနေ့ ဖြစ်နေမယ် ဆိုရင်တောင် ငါတို့ မျိုးနွယ်ဝင်တွေ အားလုံး အတူတူ ရင်ဆိုင်ကြရမယ်"
အဘွားကြီး၏ စကားကို ကြားသောအခါ တဲကြီး အတွင်းရှိ လူများ အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြပြီး လက်သီးကို တင်းတင်းဆုပ်ကာ ဤ တည်ငြိမ်ရင့်ကျက်သော အဘွားအို ၏ နောက်မှလိုက်၍ တဲကြီး အပြင်ဘက်သို့ ထွက်လာခဲ့ကြလေသည်။
"ဘုန်း" "ဘုန်း"
"ရွှမ်ယွင် ကောင်းကင် ကျင့်စဉ်"
"ဒီနေရာ ငါ့ကို ထားခဲ့လိုက် ဆုတ်တော့"
"…………."
"ဝေါင်း..."
...
အသံလုံ အစီအရင် ပြုလုပ်ထားသော တဲကြီး အတွင်းမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံသော အသံပေါင်းစုံ လင်ယွီယန် ၏ နားထဲသို့ ဝင်ရောက်လာလေသည်။ ထိုအသံများထဲတွင် သူမ နားမလည်သော ဘာသာစကား များစွာလည်း ပါဝင်နေလေသည်။
ကောင်းကင်ယံတွင် နဂါးကြီး များကို စီးနင်းထားသော လူသား အချို့သည် စစ်မြေပြင် တစ်ခွင် အဆက်မပြတ် ပျံသန်းနေကြပြီး ၎င်းတို့၏ လက်ထဲရှိ ပေတစ်ရာခန့် ရှည်လျားသော လှံတံကြီး များ၏ ဖျက်ဆီးနိုင်စွမ်းမှာ အလွန် ကြီးမားလှပေသည်။
မြေပြင်ပေါ်တွင်မူ အနက်ရောင် ဝတ်ရုံရှည်များ ဝတ်ဆင်ထားကာ ကျောက်မျက်ရတနာ စီခြယ်ထားသော မှော်တုတ်တံ များကို ကိုင်ဆောင်ထားသည့် အဘိုးအို အချို့သည် ဂါထာမန္တန် များကို အဆက်မပြတ် ရွတ်ဆိုနေကြပြီး မီးတောက် များနှင့် ရေစီးကြောင်း များကို လက်နက် အဖြစ် ပြောင်းလဲကာ ဒီဘက်သို့ အဆက်မပြတ် ပစ်လွှတ်နေကြလေသည်။
အဝေးတစ်နေရာတွင်လည်း အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော လှပသည့် မိန်းကလေး များစွာက ဆုတောင်းနေသည့် ပုံစံများ ပြုလုပ်နေကြပြီး ၎င်းတို့၏ လက်ကောက်ဝတ် ပေါ်ရှိ လက်ကောက် များမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာတိုင်း ကောင်းကင်ယံရှိ ဒဏ်ရာ ဗရပွ ရနေသော နဂါးကြီး များမှာ မူလ အခြေအနေ အတိုင်း ပြန်လည် ကောင်းမွန်သွားကြလေသည်။
...
ဒါက ဤကမ္ဘာ ၏ အားကြီးသူများ ဖြစ်လေသည်။ တိုက်ခိုက်ရေး ပုံစံမှာ အနည်းငယ် ကွာခြားနေသော်လည်း ချီတိုင်းပြည်၏ အထက်ပိုင်း ပုဂ္ဂိုလ်များ နားလည်နိုင်စွမ်း ကိုတော့ မကျော်လွန်သေးပေ။
၎င်းတို့လည်း စွမ်းအင် ကျင့်စဉ် များကို အသုံးပြု၍ ဒီလိုမျိုး လုပ်ဆောင်နိုင်လေသည်။
သို့သော် ပြဿနာမှာ ဒီကမ္ဘာက ၎င်းတို့၏ နယ်မြေ မဟုတ်ခြင်းပင် ဖြစ်သည်။ စွမ်းအင်ကို စုပ်ယူရန် အလွန် ခက်ခဲနေသည့် အပြင် ဒြပ်ငါးပါး ဝိညာဉ်စွမ်းအင် များမှာလည်း အသုံးပြုရန် အလွန် ခက်ခဲနေလေသည်။ မီးတောက် ဖြစ်စေ၊ မြေကြီး ဖြစ်စေ ၎င်းတို့၏ စကားကို သိပ်နားမထောင်ချင်သည့် ပုံစံ ဖြစ်နေလေသည်။
ထို့ကြောင့် တိုက်ခိုက်သည့် အခါတိုင်းတွင် အမြဲတမ်း အရေးနိမ့်နေခဲ့ရခြင်း ဖြစ်၏။
"ဘုန်း"
နောက်ထပ် ကြီးမားသော ပေါက်ကွဲသံ တစ်ခု အပြီးတွင် လင် မိသားစု၏ ခေါင်းဆောင် ဖြစ်သူ လင်ဟန်ပေ သည် ကောင်းကင်ပေါ်မှ မြေပြင်သို့ ရိုက်ချခံလိုက်ရလေသည်။ ရင်ဘတ်ပေါ်ရှိ သွေးများ စီးကျနေသော အပေါက်ကြီးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေလေသည်။
"အု..."
ဒဏ်ရာကို ဖိကိုင်ထားရင်း လင်ဟန်ပေ က နာကျင်စွာ အော်ဟစ်လိုက်လေသည်။ သူသည် ဒီဒဏ်ရာကို ကုသရန် မကြိုးစားခဲ့ဘူး မဟုတ်ပေ။ သို့သော် ထိုနှာခေါင်းကြီးများက ဘယ်လို ထူးဆန်းသော ကျင့်စဉ်ကို အသုံးပြုထားသနည်း မသိ၊ သူ ဆေးသောက်သည် ဖြစ်စေ၊ ရွှမ်စွမ်းအင် ကို လှုံ့ဆော်သည် ဖြစ်စေ ဒဏ်ရာမှာ လုံးဝ ပြန်မကောင်းလာဘဲ ဒဏ်ရာက သူ့ကို ပြန်လည် ခုခံနေသကဲ့သို့ ဖြစ်နေလေသည်။
"ခေါင်းဆောင်ကြီး"
လင်မိသားစု၏ အားကြီးသူ များက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သွားရောက် ကယ်တင်ရန် ကြိုးစားကြသော်လည်း ပြိုင်ဘက်များ၏ တိုက်ခိုက်မှု မျိုးစုံဖြင့် သေချာစွာ တားဆီးခံလိုက်ရသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားနိုင် ဖြစ်နေကြလေသည်။
တစ်ဖက်တွင်လည်း ချီတိုင်းပြည်၏ အခြား ကြီးမားသော မိသားစု တစ်ခု ဖြစ်သည့် ဝေ့ မိသားစု၏ ခေါင်းဆောင် ဝေ့ဟုန်ပိုင်သည်လည်း ရောင်စုံ နတ်သမင် တစ်ကောင်၏ ဦးချိုဖြင့် ထိုးဖောက်ခံလိုက်ရပြီး ပါးစပ်မှ သွေးများ အန်ကျလာလေသည်။
ချီတိုင်းပြည်၏ အားကြီးသူများ တစ်ယောက်ပြီး တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြသည်ကို မြင်သောအခါ ရွှေရောင် ဆံပင်နှင့် အမျိုးသား တစ်ဦးသည် စစ်မြေပြင်၏ ဗဟိုချက်သို့ လွင့်မျောလာပြီး တစ်ကွင်းလုံးကို ချက်ချင်း ဖိနှိပ်ထားနိုင်သော ထူးခြားသည့် အသံဖြင့် ပြောလိုက်လေသည်။
"ကိ ကွမ် လိ ဂို နိ စိ ကာ..."
လုံးဝ စိမ်းသက်နေသော စကား တစ်ခွန်းကို ကြားပြီးနောက် တစ်ဖက် ရန်သူ အားကြီးသူများ အားလုံး တိုက်ခိုက်မှု ရပ်တန့်သွားကြပြီး ထို အမျိုးသား၏ အနောက်သို့ သွားရောက် ရပ်တန့်လိုက်ကြလေသည်။
ထို့နောက် ထို အမျိုးသားက လေဟာပြင်ကို တစ်ချက် ဆွဲဆုပ်လိုက်ရာ လူ တစ်ဦးမှာ လေထဲသို့ မြောက်တက်လာပြီး သူ၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။
"အစ်ကိုကြီး"
"ကျုံးချန်"
"ဦးလေး"
လင် မိသားစုဝင် များ မြင်သောအခါ ချက်ချင်း ရှေ့သို့ ပြေးထွက်သွားရန် ပြင်လိုက်ကြသော်လည်း ဖောက်ထွင်း မြင်နေရသော နံရံတစ်ခုက ၎င်းတို့ကို အပြင်ဘက်တွင် တားဆီးထားလိုက်လေသည်။
"အားလုံးပဲ စိတ်မလှုပ်ရှားကြပါနဲ့ ငါက မင်းတို့နဲ့ စေ့စပ်ဆွေးနွေးဖို့ လာတာပါ"
လင် မိသားစုဝင်များ အသေခံ တိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် လူတိုင်းကို အံ့အားသင့်သွားစေမည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာလေသည်။
ထိုအမျိုးသား၏ လက်ထဲတွင် အဖမ်းခံထားရသော လင်ကျုံးချန် က ရုတ်တရက် စကားပြောလာလေသည်။ သို့သော် သိသာစွာပင် သူက ထို အမျိုးသား ကိုယ်စား စကားပြန် ပြောပေးနေခြင်းသာ ဖြစ်လေသည်။
"သူ့ကို လွှတ်ပေးလိုက် မဟုတ်ရင် ငါ..."
"ကျွတ် ကျွတ် ကျွတ်"
လင် မိသားစုဝင် များ၏ ခြိမ်းခြောက်သံကို ကြားသောအခါ ထို အမျိုးသားက လက်ညှိုးကို ရမ်းခါကာ ပါးစပ်မှ အသံပြုလိုက်ပြီးနောက် လင်ကျုံးချန် က ဆက်ပြောလေသည်။
"ပထမ အချက် အနေနဲ့ သူ့အသက်က ငါ့လက်ထဲမှာ ရှိတယ် ငါ လိုချင်တဲ့ အချိန် ဘယ်အချိန်မဆို ယူလိုက်လို့ ရတယ်"
ထို့နောက် အမျိုးသားက လက်နှစ်ချောင်း ထောင်ပြလိုက်ပြန်လေသည်။
"ဒုတိယ အချက် အနေနဲ့ တိုက်ပွဲက ပြီးဆုံးသွားပါပြီ မင်းတို့မှာ စွမ်းရည် နည်းနည်း ရှိပေမယ့် ရလဒ် ကတော့ ငါ ထပ်ပြောနေစရာ မလိုပါဘူး မင်းတို့ ရှုံးသွားပြီ"
"နောက်ဆုံး အနေနဲ့ ငါက ဒီနေရာမှာ မင်းတို့နဲ့ လာဆွေးနွေးနေမှတော့ မင်းတို့ကို အကုန် ရှင်းပစ်ဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုတာ သေချာတယ် သေချာတာပေါ့ မင်းတို့ဘက်က သေချာ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ အခြေအနေ အောက်မှာပေါ့"
ထို အမျိုးသားက လင်ကျုံးချန် ကို ထိန်းချုပ်ကာ ပြောဆိုလိုက်သော စကားများတွင် တစ်စုံတစ်ရာသော စွမ်းအားများ ပါဝင်နေသကဲ့သို့ ချီတိုင်းပြည် ၏ အထက်ပိုင်း ပုဂ္ဂိုလ်များ အားလုံးက ဝင်ရောက် နှောင့်ယှက်ခြင်း မပြုကြတော့ပေ။
သို့သော် စိတ်ထဲတွင်မူ အလွန် သတိထားနေကြလေသည်။ အကြောင်းမှာ ၎င်းတို့ အားလုံးသည် ဤကဲ့သို့ ပြုံး၍ စကားပြောတတ်သော သူများကို မနှစ်သက်ကြသောကြောင့် ဖြစ်၏။
အကယ်၍ ယခု အချိန်က နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်တွင်သာ ဆိုလျှင် ၎င်းတို့၏ သဲအိတ် အရွယ်အစားရှိ လက်သီးများမှာ လေထဲတွင် ပျံဝဲနေလောက်ပြီ ဖြစ်လေသည်။
သို့သော် ဒီ ရွှေရောင် ဆံပင်နှင့် အမျိုးသား ပြောသည်မှာ မမှားကြောင်းကိုလည်း ၎င်းတို့ ကောင်းစွာ နားလည်ထားကြလေသည်။ အကြောင်းပြချက် မျိုးစုံနှင့် အားနည်းချက် မျိုးစုံ ရှိနေသော်လည်း ဒီတိုက်ပွဲကို ၎င်းတို့ ဆက်လက်၍ မတိုက်ခိုက်နိုင်တော့သည်မှာ အမှန်ပင် ဖြစ်လေသည်။
'တကယ်ကို ဝံပုလွေ တွင်းက ထွက်ပြီး ကျားတွင်း ထဲကို ပြန်ရောက်လာတာပဲ...'
တစ်ဖက်မှ ဝင်ရောက် စောဒက တက်ခြင်း မရှိသည်ကို မြင်သောအခါ အမျိုးသားက လင်ကျုံးချန် ကို ထိန်းချုပ်ကာ ဆက်ပြောလေသည်။
"မင်းတို့က တခြား ကမ္ဘာ တစ်ခုကနေ လာတယ် ဆိုတာကို ငါ သိတယ် ပြီးတော့ မင်းတို့က ငါတို့ကို ပြဿနာ လာရှာတာ မဟုတ်ဘူး ဆိုတာကိုလည်း ငါ ခန့်မှန်းမိပါတယ် ဒါပေမဲ့ မင်းတို့ အားလုံးက အရမ်း အစွမ်းထက်တဲ့ သူတွေ ဆိုတော့ မင်းတို့ကို ဒီအတိုင်း လွှတ်ထားလိုက်ရင် အရမ်း အန္တရာယ် များလွန်းတယ်"
ပြောပြီးနောက် အမျိုးသား သည် သူတို့၏ အနောက်ဘက်ရှိ တဲကြီး ဆီသို့ အကြည့် ရောက်သွားလေသည်။
"မင်းတို့ရဲ့ မိသားစုဝင် တွေလည်း ဒီရက်ပိုင်း အတွင်းမှာ သေချာ အနားမယူရသေးဘူး ထင်တယ် သူတို့ကို ငါ့ရဲ့ ရဲတိုက် ထဲမှာ အရင် သွားပြီး ကောင်းကောင်း အနားယူခိုင်းလိုက်ရင်ရော ဘယ်လိုလဲ ပြီးမှ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ငါတို့ ဆက်ဆွေးနွေးကြတာပေါ့"
ဒီစကားကို ကြားပြီးနောက် ချီတိုင်းပြည် ၏ အထက်ပိုင်း ပုဂ္ဂိုလ်များမှာ ရင်ထဲရှိ ဒေါသများကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်ကြလေသည်။
"မင်း သူတို့ကို တစ်ချက်လေးတောင် ထိရဲ ထိကြည့်လိုက်စမ်း"
အနိုင်ကျင့်လွန်းတယ် အနိုင်ကျင့်လွန်းတယ်……
ဒါက ၎င်းတို့၏ မိသားစုဝင် များကို ဓားစာခံ အဖြစ် လုပ်ခိုင်းမည်မှာ ထင်ရှားနေလေသည်။ ဂုဏ်သိက္ခာရှိသော အနက်ရောင် သူတော်စင် များ အနေဖြင့် ဤကဲ့သို့သော စော်ကားမှုကို မည်သည့် အချိန်ကများ ခံခဲ့ရဖူးသနည်း။
ဒီနေ့ ၎င်းတို့ အားလုံး ဒီနေရာမှာ တိုက်ပွဲဝင်ရင်း သေဆုံးသွားရမည် ဆိုလျှင်တောင် ဒီလို ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းကို လုံးဝ ခွင့်မပြုနိုင်ပေ။
ချီတိုင်းပြည် အထက်ပိုင်း ပုဂ္ဂိုလ်များ ၏ ဒေါသတကြီး တုံ့ပြန်မှု အပေါ် အမျိုးသားက မည်သည့် အံ့အားသင့်မှုမျှ မဖြစ်ပေါ်ခဲ့ပေ။ အကယ်၍ တစ်ယောက်ယောက်က သူ့ကို ဒီလို စကားမျိုး ပြောရဲမည် ဆိုပါက သူလည်း ထိုသူ၏ ခေါင်းကို ဖြုတ်ပစ်ချင်မည်သာ ဖြစ်လေသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုသို့ လုပ်ဆောင်နိုင်ရန် စွမ်းရည် ရှိဖို့ လိုအပ်လေသည်။
ထို အမျိုးသားက ညာလက်ကို အောက်သို့ တစ်ချက် ဖိချလိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော ဆွဲငင်အား တစ်ခုက ချီတိုင်းပြည် ၏ အားကြီးသူ များကို ခေါင်းမော့၍ မရနိုင်အောင် ဖိနှိပ်ထားလိုက်ပြီး အနည်းငယ် အားနည်းသော သူများဆိုလျှင် တဖြည်းဖြည်း ဒူးထောက်ကျသွားကြလေပြီ။
"လက်ရှိ အခြေအနေကို မင်းတို့ ရှင်းရှင်းလင်းလင်း သိထားဖို့ မျှော်လင့်ပါတယ် အခု ငါက မင်းတို့နဲ့ ဆွေးနွေးနေတယ် ဆိုပေမယ့် မင်းတို့ရဲ့ အသက်က ငါ့လက်ထဲမှာပဲ ရှိနေတုန်းပဲ ဒါကြောင့် ခုနက ငါ ပြောလိုက်တာက တောင်းဆိုတာ မဟုတ်ဘူး... အသိပေးတာပဲ"
လင်ကျုံးချန် ပါးစပ် ပိတ်သွားသည်နှင့် အမျိုးသားက အနောက်ရှိ လူများကို လက်ယပ်ခေါ်လိုက်ရာ လူတစ်စုမှာ ဘာအဓိပ္ပာယ်လဲ ဆိုတာကို ချက်ချင်း နားလည်သွားကြပြီး တဲကြီး ရှိရာသို့ အပြေးအလွှား သွားရောက်ကြလေတော့သည်။
"ငါ မင်းတို့ရဲ့ အသက်ကို ယူမယ်"
တစ်ဖက်လူက တကယ် အတင်း လုပ်ဆောင်လာသည်ကို မြင်သောအခါ ချီတိုင်းပြည် မှ အနက်ရောင် သူတော်စင် အချို့က အစွမ်းကုန် ပေါက်ကွဲလာကြလေသည်။ သို့သော် ရက်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရသဖြင့် ကိုယ်တွင်းရှိ ရွှမ်စွမ်းအင် များမှာ ခမ်းခြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည့်အပြင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာ အကြီးအသေး များကလည်း ၎င်းတို့ကို အင်အား မလုံမလောက် ဖြစ်နေစေလေသည်။
သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသား အချို့၏ တားဆီးမှု အောက်တွင် ၎င်းတို့သည် တဲကြီး အဖျက်ခံရပြီး ၎င်းတို့၏ မျိုးနွယ်ဝင် များ တစ်ယောက်ပြီး တစ်ယောက် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခံရသည်ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေနိုင်ကြတော့လေသည်။
"အား
ဒေါသထွက်လွန်းနေသော အနက်ရောင် သူတော်စင် အချို့မှာ အသံကုန် ဟိန်းဟောက်လိုက်ကြလေသည်။ မိမိ၏ အားနည်းမှု အတွက် နာကျင်ခံစားရသော ဤခံစားချက်မျိုးကို ၎င်းတို့ မခံစားရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်လေသည်။
ယခုအခါတွင်မူ အသည်းနှလုံးများ ကွဲအက်သွားသကဲ့သို့ ခံစားနေကြရလေပြီ။
"ငါ့ကို လွှတ် ငါ့ကို လွှတ်"
"မင်းတို့ တိရစ္ဆာန်တွေ ငါ့ကို မထိနဲ့"
"အဘိုး အဘိုး ကယ်ပါဦး"
...
အော်ဟစ်သံ များကို ကြားရင်း အမျိုးသား၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး လင်ကျုံးချန်ကို ဆက်လက် ထိန်းချုပ်ကာ စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ကြောင်အသွားလေသည်။
သူ၏ အရှေ့ မလှမ်းမကမ်းတွင် အနက်ရောင် တွင်းပေါက်ကြီး တစ်ခု ရုတ်တရက် ပွင့်လာပြီး လူရိပ် တစ်ခုက ထိုအထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
"ဟင်"
မိမိရှေ့ရှိ နဂါးစီး သူရဲကောင်း၊ မှော်ဆရာ နှင့် သဘာဝတရားကို ကိုးကွယ်သူများကို ကြည့်ရင်း ကျန်းပေရန် ကြောင်အသွားလေသည်။
"ငါ ဖွင့်လိုက်တဲ့ ပုံစံ မှားသွားတာလား"
အခန်း ၇၀၅ အစွမ်းပြရမယ့် အချိန် ရောက်ပြီ
ပန်းချီကားရဲ့ စတိုင်လ် ရုတ်တရက် ပြောင်းသွားတယ် ဆိုတာ ဒါကို ခေါ်တာပဲ။
ကျန်းပေရန် သည် သူ၏ ရှေ့ရှိ ညအိပ်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော အမျိုးသားနှင့် တူသည့် သူကို ကြည့်ကာ ကြောင်အသွားလေသည်။ ငါက အနောက်တိုင်း စိတ်ကူးယဉ် ကမ္ဘာ ကို ရောက်လာတာလား။
တခြား ကမ္ဘာ တစ်ခုကို ကူးပြောင်းသွားပါက ထူးဆန်းသော ကိစ္စရပ်များ သေချာပေါက် ဖြစ်လာနိုင်မည် ဆိုသည်ကို ကျန်းပေရန် တွေးတောခဲ့ဖူးသော်လည်း ဤမျှလောက် အံ့ဩစရာ ကောင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
စစ်မြေပြင်၏ အလယ်ဗဟိုတွင် ရုတ်တရက် ပေါ်လာသော ကျန်းပေရန် ကို မြင်သောအခါ ညအိပ် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားမှာ အရင်ဆုံး ကြောင်အသွားပြီးနောက် လင်ကျုံးချန် ကို ထိန်းချုပ်ကာ ပြောလိုက်လေသည်။
"ကြည့်ရတာ မင်း နောက်ကျသွားပြီ ထင်တယ်"
'နောက်ကျတာ'
သတိပြန်ဝင်လာသော ကျန်းပေရန် သည် နောက်သို့ လှည့်ကြည့်လိုက်ရာ သံချပ်ကာ ဝတ်ဆင်ထားသော သူရဲကောင်း တစ်စုသည် အမျိုးသမီး များကို ဖမ်းဆီးနေကြပြီး အော်ဟစ်သံ များနှင့် ဆဲဆိုသံ များက တစ်ခုပြီး တစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရလေသည်။
"စီနီယာအစ်ကို စီနီယာအစ်ကို က သေချာပေါက် အရောင်ခုနစ်မျိုး ရှိတဲ့ တိမ်တိုက်ကြီးကို စီးပြီး ကျွန်မကို လာခေါ်မယ် ဆိုတာ ကျွန်မ သိနေတယ်"
ထိုစဉ် အဒေါ် နှစ်ဦး၏ အနောက်တွင် ပုန်းနေသော လင်ယွီယန် က အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။ သူမ၏ မျက်လုံးများထဲရှိ ကြယ်ပွင့်လေး များမှာ အပြင်သို့ပင် လျှံထွက်လာတော့မည့် အတိုင်းပင် ဖြစ်လေသည်။
ဘေးနားရှိ လင်ရှီယွင် မှာလည်း ယခုအချိန်တွင် လုံးဝ ကြက်သေသေနေလေပြီ။
'သူ... သူက တကယ်ကြီး လိုက်ရှာတွေ့သွားတာလား'
သူမ၏ ချန်းခွန်း ကျင့်စဉ်မှာ သိပ်မကျွမ်းကျင်လှသော်လည်း လင် မိသားစု တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ ဝက်မမြင်ဖူးတာတောင် ဝက်သား စားဖူးခဲ့လေသည်။
ချန်းခွန်း ကျင့်စဉ်ဖြင့် ကူးပြောင်းသွားသော နေရာကို လိုက်လံ ရှာဖွေရန် မည်မျှ ခက်ခဲမည် ဆိုသည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ ချန်းခွန်း ကျင့်စဉ်တွင် ကျွမ်းကျင်သော ဦးလေး အတော်များများ ကပင် ဒါကို သတိထား ပြောရသော စကားဟု ဆိုကြလေသည်။
ရှာဖွေရန် လုံးဝ မဖြစ်နိုင်ဟု တိုက်ရိုက် ပြောလိုက်လျှင်လည်း မမှားပေ။
သို့သော် ကျန်းပေရန်ကတော့ တကယ်ပဲ လိုက်ရှာတွေ့ခဲ့လေသည်။ မည်သည့် နည်းလမ်းကို အသုံးပြုခဲ့သည် မသိသော်လည်း သူက သူမ၏ ရှေ့တွင် တကယ်ပဲ ပေါ်လာခဲ့လေပြီ။
'ဒါကလည်း ငါ့ရဲ့ အိပ်မက် တစ်စိတ်တစ်ပိုင်း များလား'
လင်ယွီယန်၏ အော်သံကို ကြားလိုက်ရသဖြင့် ကျန်းပေရန်သည် သူ နေရာမှား မလာခဲ့ကြောင်း သေချာသွားလေသည်။
'ပထမဆုံး အကြိမ် စမ်းသပ်တာနဲ့ ချက်ချင်း အောင်မြင်သွားတယ် ငါဆိုတဲ့ ကောင်က တကယ်ကို တော်တာပဲ'
ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုတာကို နားလည်အောင် လုပ်နေဖို့ အချိန်မရှိတော့သဖြင့် ကျန်းပေရန် သည် ထိုအမျိုးသားကို စိတ်ဝိညာဉ် စွမ်းအားဖြင့် တိုက်ရိုက် လွှမ်းခြုံလိုက်ပြီး ပြောလိုက်လေသည်။
"ငါ့ မျက်နှာကို ထောက်ပြီး မင်းရဲ့ လူတွေကို အရင် ရပ်ခိုင်းလိုက်ပါ"
စိတ်ဝိညာဉ် စွမ်းအားဖြင့် ဆက်သွယ်ခြင်းမှာ စကားပြောခြင်းနှင့် မတူဘဲ မိမိ ပြောလိုသော အဓိပ္ပာယ်ကို တစ်ဖက်လူ၏ ခေါင်းထဲသို့ တိုက်ရိုက် ပို့လွှတ်ခြင်း ဖြစ်ရာ ဘာသာပြန်ရန် မလိုပေ။
ကျန်းပေရန်၏ စိတ်ဝိညာဉ် စွမ်းအားကို လက်ခံရရှိသော အမျိုးသားသည် မျက်မှောင်ကြုတ်သွားပြီး ကျန်းပေရန်၏ စိတ်ဝိညာဉ် စွမ်းအား လမ်းကြောင်း အတိုင်း တိုက်ရိုက် ပြန်လည် ဖြေကြားလိုက်လေသည်။
"မင်းက သူတို့နဲ့ နည်းနည်း မတူဘူးလို့ ထင်ရပေမယ့် နည်းနည်းလောက်ပဲ မတူတာပါ မင်းရဲ့ မျက်နှာက ဘယ်လောက်တောင် တန်ဖိုးရှိလို့လဲ"
"ကျွတ်"
ပါးစပ်မှ အသံပြုလိုက်ပြီးနောက် ကျန်းပေရန် သည် ပါးစပ်ဖြင့် ပြောရုံ သက်သက်ဖြင့် တစ်ဖက်လူက လက်လျှော့မည် မဟုတ်ကြောင်း သိထားသော်လည်း အဆိုရှိသည် မဟုတ်ပါလား၊ လက်နက် မသုံးခင် ယဉ်ကျေးမှု အရ အရင် ဆက်ဆံရမည် ဖြစ်လေသည်။
မင်းက မျက်နှာ မပေးမှတော့ ခဏနေ မင်းရဲ့ တင်ပါးကို ရိုက်တဲ့ အချိန်ကျရင် နာတယ်လို့ မအော်နဲ့။
စကားပိုများ မပြောတော့ဘဲ ကျန်းပေရန် သည် ဆုတောင်းကျည်တောက် ကို တိုက်ရိုက် ထုတ်ယူကာ အော်ဟစ်လိုက်လေသည်။
"ပထမ သိုင်းကွက် ပန်းတစ်ရာ ဝေဆာခြင်း"
ကျန်းပေရန် ၏ စကားဆုံးသည်နှင့် ဆုတောင်းကျည်တောက် မှ အရောင်ခုနစ်မျိုး အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထောင်သောင်းချီသော မဲတံများ လွင့်စင်ထွက်လာကာ လေထဲတွင် ပုံစံအမျိုးမျိုး ရှိသော မှော်ပစ္စည်း များ အဖြစ် ပြောင်းလဲသွားလေသည်။
ကျန်းပေရန် သည် ပင်ကိုယ် သဘာဝ အရ သိုသိုသိပ်သိပ် နေလိုသူ ဖြစ်သော်လည်း ယခုအခါတွင် သူ၏ စွမ်းအားက ခွင့်မပြုတော့ပေ။ နဂါးနက် ကုန်းမြေတိုက်ကြီး တွင် သူ စနစ်၏ သတိပေးချက် ကို လက်မခံရသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ရာ တခြား ကမ္ဘာ တစ်ခုသို့ ရောက်လာလျှင် တစ်ခုခု ကွာခြားသွားမည်ဟု ထင်ထားခဲ့လေသည်။
သို့သော် လက်ရှိ အခြေအနေ အရ ကြည့်ရလျှင်...
ဒီနေရာမှာလည်း ထိမိခိုက်မိနိုင်မယ့် ကောင် တစ်ကောင်မှ မရှိဘူးပဲ။
ကောင်းကင် တစ်ခုလုံး ဖုံးလွှမ်းသွားသော မှော်ပစ္စည်း အုပ်စုကြီးကို ကြည့်ရင်း ရွှေရောင် ဆံပင်နှင့် လူများသာမက ချီတိုင်းပြည် မှ အထက်ပိုင်း ပုဂ္ဂိုလ်များ ပင် ပါးစပ် အဟောင်းသား ဖြစ်သွားကြလေသည်။
ထို ရွှေရောင် ဆံပင်နှင့် လူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က ဒီအကြောင်းကို ပိုသိကြလေသည်။ ကောင်းကင် တစ်ခုလုံး ပြည့်နှက်နေသော ဤ မှော်ပစ္စည်း များ အားလုံးက အလွန် ပြင်းထန်သော ဝိညာဉ်စွမ်းအင် များကို ထုတ်လွှတ်နေကြလေသည်။
အနည်းဆုံး မြေကမ္ဘာအဆင့် မှော်ပစ္စည်း များ ဖြစ်ပြီး ကောင်းကင်အဆင့် များပင် အများအပြား ပါဝင်နေလေသည်။
သောင်းဂဏန်းချီသော မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့် မှော်ပစ္စည်း များ...
ချီတိုင်းပြည် မှ အနက်ရောင် သူတော်စင် အချို့မှာ မိမိတို့ ဂိုဏ်း၏ ရတနာတိုက် ကို ပြန်လည် စဉ်းစားကြည့်မိပြီး အခြားသူများနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ကြောင်း ခံစားလိုက်ရလေသည်။
"ဒီလူငယ်လေးက ဘယ်သူလဲ"
အံ့အားသင့်မှုများ အနည်းငယ် ငြိမ်သက်သွားပြီးနောက် ဝေ့ဟုန်ပိုင်က ပထမဆုံး အနေဖြင့် မေးလိုက်လေသည်။
သို့သော် ပြန်လည် ရရှိလာသည်မှာ နားမလည်နိုင်သည့် မျက်နှာထား များသာ ဖြစ်လေသည်။ ချီတိုင်းပြည် ၏ အထက်ပိုင်း ပုဂ္ဂိုလ်များ အားလုံးက ဒီလို ပုဂ္ဂိုလ်မျိုးကို တစ်ခါမှ မကြားဖူးကြောင်း ဖော်ပြနေကြလေသည်။
ထိုစဉ် လင်ဟန်ပေသည် လင်ယွီယန် ၏ အနောက်သို့ တိတ်တဆိတ် ရောက်လာခဲ့လေသည်။ ခုနက သူမက စီနီယာအစ်ကိုဟု အော်လိုက်သည်ကို သူ သေချာ ကြားလိုက်ရပြီး ထို စီနီယာအစ်ကို ဆိုသည်မှာ ဒီလူငယ်လေး ဖြစ်မည်မှာ သေချာလေသည်။
"ကောင်မလေး မင်းက အဲ့ဒီ လူငယ်လေး ကို သိတာလား"
လင်ယွီယန် က ကြားပြီးနောက် ချက်ချင်းပင် အလွန် စွဲလမ်းနေသည့် မျက်နှာထား မျိုး ဖြစ်သွားပြီး ပြောလိုက်လေသည်။
"ဟဲဟဲဟဲ အားလုံးကို အံ့ဩသွားအောင် လုပ်မလို့ စဉ်းစားထားတာ ဒါပေမဲ့ အရင် မြင်သွားကြပြီ ဆိုတော့လည်း..."
"ဒါဆို ခေါင်းဆောင်ကြီး ကို ကျွန်မ မိတ်ဆက်ပေးပါ့မယ် ဒီလူက ကျွန်မ အစောကြီး ကတည်းက ရွေးချယ်ထားတဲ့ အနာဂတ် ခင်ပွန်းလောင်း ကျန်းပေရန် လို့ ခေါ်ပါတယ်"
'အနာဂတ်... ခင်ပွန်းလောင်း'
ကျန်းပေရန် ကို ပထမဆုံး စမြင်လိုက်ချိန်က လင်ဟန်ပေသည် သူက နဂါးနက် ကုန်းမြေတိုက်ကြီး ပေါ်မှ လူ ဟုတ်မဟုတ် ကိုပင် သံသယ ဝင်မိခဲ့လေသည်။ သို့မဟုတ်ပါက ဒီလောက် အားကြီးသူ တစ်ဦးကို သူ ဘယ်လိုလုပ် တစ်ခါမှ မကြားဖူးဘဲ နေမည်နည်း။
သို့သော် ယခု လင်ယွီယန် ပြောသည်ကို ကြားလိုက်ရချိန်တွင် သူက မိမိတို့ မိသားစုနှင့်ပင် ပတ်သက်မှု အနည်းငယ် ရှိနေပုံ ရလေသည်။
"ရှန့်တိုင်းပြည်မှာ မင်း သိခဲ့တာလား"
ခေါင်းဆောင်ကြီး ဖြစ်သော လင်ဟန်ပေသည် အချိန်အများစုကို ကျင့်ကြံခြင်း တွင်သာ အသုံးပြုလေ့ ရှိသော်လည်း မိသားစု အတွင်းရှိ အရေးကြီး ကိစ္စများကိုမူ ဝင်ရောက် စွက်ဖက်လေ့ ရှိလေသည်။
လင်ယွီယန်ကို ရှန့်တိုင်းပြည် သို့ ပို့လွှတ်လိုက်ခြင်းမှာလည်း ဒီ အရေးကြီး ကိစ္စများထဲမှ တစ်ခု ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက လင်ယွီယန်၏ ခန္ဓာကိုယ် အတွင်းသို့ အခြား ကမ္ဘာမှ သတ္တဝါ တစ်ကောင် ဝင်ရောက်လာခဲ့ပြီး ထို သတ္တဝါကြီးကို သူမ၏ ခန္ဓာကိုယ် ထဲတွင် ယာယီ ချိတ်ပိတ်ထားခြင်းဖြင့်သာ သူမကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့လေသည်။
သို့သော် ခန္ဓာကိုယ် ထဲတွင် ဒီလို မလုံခြုံသော အရာ တစ်ခု ရှိနေခြင်းက ရေရှည် အတွက် မကောင်းနိုင်ပေ။ ထို့ကြောင့် လင်ယွီယန်၏ ဖခင် ဖြစ်သူက ခေါင်းဆောင်ကြီး ထံသို့ သွားရောက် အကူအညီ တောင်းခံခဲ့ရာမှ လင်ဟန်ပေလည်း ဒီကိစ္စကို သိရှိသွားခဲ့ခြင်း ဖြစ်လေသည်။
ထိုအချိန်က လင်ယွီယန်အတွက် ဗေဒင်ဆရာ တစ်ဦးကို ခေါ်ယူ တွက်ချက်စေခဲ့ပြီး နောက်ဆုံး ရရှိလာသော ဟောကိန်း အရ သူမကို ရှန့်တိုင်းပြည် ရှိ ဂိုဏ်းငယ်လေး တစ်ခုသို့ ပို့လွှတ်လိုက်မှသာ ဘေးအန္တရာယ် မှ လွတ်ကင်းမည်ဟု ဆိုသောကြောင့် ပို့လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း လင်ဟန်ပေ ကောင်းစွာ မှတ်မိလေသည်။
ခေါင်းဆောင်ကြီး က ဒီကိစ္စကို မှတ်မိနေသေးကြောင်း ကြားသောအခါ လင်ယွီယန် က ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဟုတ်တယ် ရှန့်တိုင်းပြည်က ကွေ့ရှင်းဂိုဏ်း လေ ကျွန်မ ဂိုဏ်းကို စရောက်တုန်းက စီနီယာအစ်ကို က အကုန်လုံး ကာကွယ်ပေးထားလို့သာပေါ့ မဟုတ်ရင် အသက်ရှင်လျက် ပြန်လာနိုင်ဖို့တောင် မသေချာဘူး"
ကျန်းပေရန် ၏ ဇာစ်မြစ်ကို သိလိုက်ရသော်လည်း လင်ဟန်ပေ မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားရလေသည်။ ရှန့်တိုင်းပြည် ဆိုသည်မှာ အလွန် ဝေးလံခေါင်ဖျားသော နေရာငယ်လေး တစ်ခုသာ ဖြစ်ပြီး ထို ကွေ့ရှင်းဂိုဏ်း ဆိုသည်မှာလည်း ထိုအထဲမှ ဂိုဏ်းငယ်လေး တစ်ခုသာ ဖြစ်ကြောင်း သူ မှတ်မိနေလေသည်။
ဘယ်လိုလုပ်ပြီး ဒီလို အားကြီးသူ တစ်ယောက် ရုတ်တရက် ပေါ်လာရတာလဲ။
'ဗေဒင် ဟောတဲ့ ပညာရပ်က... တကယ်ကို ခန့်မှန်းရ ခက်တာပဲ'
လင်ဟန်ပေ လုံးဝ လက်ခံသွားလေပြီ။ အရင်တုန်းက လင်ယွီယန်ကို ထိုဝေးလံခေါင်ဖျားသော နေရာသို့ ဘာကြောင့် ပို့လွှတ်ရသနည်း ဆိုသည်ကို သူ နားမလည်ခဲ့သော်လည်း ယခုတော့ နားလည်သွားပြီ ဖြစ်သည်။ လင်ယွီယန်ကို ထိုနေရာသို့ ပို့လွှတ်လိုက်ခြင်းက သူမ၏ ဘေးအန္တရာယ် ကို ဖြေရှင်းပေးလိုက်ရုံသာမက ၎င်းတို့ မိသားစု တစ်ခုလုံး၏ ဘေးအန္တရာယ်ကိုပါ တစ်ပါတည်း ဖြေရှင်းပေးလိုက်ခြင်းပင် ဖြစ်လေသည်။
လင်ဟန်ပေ က လင်ယွီယန် ထံမှ ကျန်းပေရန် ၏ အကြောင်းကို မေးမြန်းနေချိန်တွင် ကျန်းပေရန် ဘက်၌မူ တိုက်ပွဲ စတင်နေပြီ ဖြစ်လေသည်။
လေထဲတွင် ပျံဝဲနေသော သောင်းဂဏန်းချီသည့် မြေကမ္ဘာအဆင့် မှော်ပစ္စည်း များမှာ အလှပြရန် သက်သက် မဟုတ်ပေ။ အားလုံးက ဆုတောင်းကျည်တောက် မှ ပြောင်းလဲလာခြင်း ဖြစ်ပြီး အားလုံးမှာ တကယ့်ကို အစွမ်းထက်သော မှော်ပစ္စည်း များ ဖြစ်ကြလေသည်။
"သွားစမ်း"
ကျန်းပေရန်၏ ပါးစပ်မှ စကားတစ်ခွန်း ထွက်ကျလာသည်နှင့် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသော မှော်ပစ္စည်း သောင်းဂဏန်းခန့်သည် ထိုရွှေရောင် ဆံပင်နှင့် လူစိမ်းများဆီသို့ တိုက်ခိုက် သွားကြလေသည်။
"တန်းစီထား ထားလိုက်တော့ အချိန်မမီတော့ဘူး ကိုယ့်ဘာသာ ကိုယ်ရင်ဆိုင်ကြ"
အနောက်တိုင်း ပွဲတက်ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသားသည် ချီစွမ်းအင်ကို မခံစားနိုင်သော်လည်း ပတ်ဝန်းကျင်ရှိ ဒြပ်စင် နတ်သမီးလေးများ၏ မငြိမ်မသက်ဖြစ်မှုများကိုမူ သူ၏ ခေါင်းထဲတွင် အသေအချာ ခံစားနေရလေသည်။ ထိုအစွမ်းထက်သော ဒြပ်စင် နတ်သမီးလေး များကို ဤမျှလောက် မငြိမ်မသက် ဖြစ်သွားစေနိုင်စွမ်း ရှိသော ထိုလေထဲတွင် ပျံဝဲနေသည့် ရတနာများမှာ သေချာပေါက် အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်များ ရှိနေမည်မှာ သေချာလေသည်။
"ဟုတ်ကဲ့"
သန့်ရှင်းသော သူရဲကောင်း တစ်ဦးက ပြန်လည် ဖြေကြားလိုက်သည်နှင့် သူ၏ ရှေ့သို့ ခရမ်းရောင် မီးတောက်များ တောက်လောင်နေသော လှံရှည် တစ်ချောင်းက ထိုးစိုက်လာသည်ကို တွေ့လိုက်ရလေသည်။ သို့သော် များပြားလှသော တိုက်ပွဲ အတွေ့အကြုံ များကြောင့် သူသည် မကြောက်မရွံ့ဘဲ သူ၏ လက်ထဲရှိ ဓားကြီးကို ဝှေ့ယမ်းကာ ခရမ်းရောင် မီးတောက် လှံရှည် ကို ဝင်တိုက်လိုက်လေသည်။
"ဒီလောက်ပါပဲ"
ခရမ်းရောင် မီးတောက် လှံရှည် ၏ အစွမ်းကို ခံစားလိုက်ရပြီးနောက် သန့်ရှင်းသော သူရဲကောင်း သည် စိတ်အေးသွားကာ နောက်ထပ် ဓားတစ်ချက် ခုတ်ရန် ပြင်လိုက်စဉ် ထို ခရမ်းရောင် မီးတောက် လှံရှည် မှာ သူ တစ်ခါမှ မမြင်ဖူးသော နဂါးမျိုးနွယ်ဝင် တစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး သူ့ကို မျိုချကာ လေထဲသို့ လိပ်တက်သွားသည်ကို တွေ့လိုက်ရလေသည်။
"ပူလိုက်တာ"
ဝိညာဉ် အထိ နာကျင်စေသော လောင်ကျွမ်းမှု ခံစားချက် ကြောင့် သန့်ရှင်းသော သူရဲကောင်း သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သန့်ရှင်းသော အလင်းတန်း စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။
"သန့်ရှင်းသော ဒိုင်းလွှား ကျင့်စဉ်"
ရွှေရောင် အလင်းတန်း များသည် သန့်ရှင်းသော သူရဲကောင်း ၏ ခန္ဓာကိုယ် ထဲမှ ထွက်ပေါ်လာပြီး ခရမ်းရောင် မီးတောက်များကို တစ်ခဏ အတွင်း ဖယ်ရှားလိုက်လေသည်။ သို့သော် သူ သက်ပြင်း မချနိုင်မီမှာပင် ကြီးမားသော စေတီကြီး တစ်ဆူက သူ့အပေါ်သို့ ဖိကျလာလေသည်။
သန့်ရှင်းသော သူရဲကောင်း သည် အလင်းတောင်ပံ များကို ဖွင့်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထို စေတီကြီး မှာ တစ်စုံတစ်ရာသော ဆွဲငင်အား ရှိနေသကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသဖြင့် စေတီကြီးက သူ့အပေါ် ဖိကျလာသည်ကို မျက်စိသူငယ်ဖြင့်သာ ကြည့်နေနိုင်တော့လေသည်။
"အပြစ်ပေး တိုက်ခိုက်ခြင်း"
ထွက်ပြေး၍ မရနိုင်တော့မှတော့ သန့်ရှင်းသော သူရဲကောင်း သည် လက်ထဲရှိ ဓားကြီးကို ဝှေ့ယမ်းကာ စေတီကြီး ဆီသို့ ခုတ်ချလိုက်ရတော့လေသည်။ သို့သော် မီတာ ရာနှင့်ချီ မြင့်မားသော စေတီကြီး ၏ ရှေ့တွင် သူ၏ ဤတိုက်ခိုက်မှု မှာ ပင်လယ် ထဲသို့ ကျောက်ခဲ တစ်လုံး ပစ်ချလိုက်သကဲ့သို့ မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။
သန့်ရှင်းသော သူရဲကောင်း ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် စေတီကြီးသည် သူ့ကို ပြင်းထန်စွာ ဝင်တိုက်လိုက်ပြီး မြေကြီးပေါ်သို့ ဖိချလိုက်လေသည်။
"အဟွတ်"
ကြီးမားသော တိုက်ခိုက်မှု အရှိန် ကြောင့် သန့်ရှင်းသော သူရဲကောင်း သည် သွေးတစ်လုတ် အန်ကျသွားလေသည်။ သို့သော် စေတီကြီး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သူ့ကို အနားယူရန် အချိန် လုံးဝ မပေးဘဲ သန့်ရှင်းသော အလင်းတန်း စွမ်းအားကို အသုံးပြု၍ အသေအလဲ ခုခံနေရလေသည်။ မဟုတ်ပါက အသားပြား အဖြစ် ဖိကြိတ်ခံရတော့မည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် စစ်မြေပြင်ရှိ အခြားသော အားကြီးသူ များလည်း မှော်ပစ္စည်း မျိုးစုံ၏ လိုက်လံ တိုက်ခိုက်မှု ကြောင့် ဟိုပြေးဒီပြေး ဖြစ်နေကြရလေသည်။ ၎င်းတို့ဘက်တွင် စုစုပေါင်း လူ နှစ်ရာခန့်သာ ရှိသော်လည်း မှော်ပစ္စည်း သောင်းဂဏန်းခန့်ကို မျှဝေလိုက်မည် ဆိုပါက တစ်ယောက်လျှင် "ဆော့ကစား ဖော်" အခု ငါးဆယ်ခန့် ရရှိမည် ဖြစ်ကြောင်း သိထားရမည် ဖြစ်၏။
သို့သော် ဒီလူများ ထဲတွင်လည်း တိုက်ခိုက်ရေး စွမ်းရည် အလွန် ပြင်းထန်သော ခေါင်းမာသူ အချို့ ပါဝင်နေလေသည်။ မိမိ၏ ဘေးတွင် ဝိုင်းရံနေသော မှော်ပစ္စည်း များကို ဖယ်ရှားနိုင်ရုံသာမက အခြားသူများကိုပါ ကူညီပေးနိုင်စွမ်း ရှိကြလေသည်။
'ဒီ မှော်ဆရာမက တော်တော်လေး ကြမ်းတာပဲ ကောင်းပြီ မင်းပဲ ဖြစ်ရမယ်'
...
"နေဝင်ချိန်ထက် ပိုမှောင်မိုက်တဲ့ အရာ သွေးထက် ပိုနီရဲတဲ့ အရာ..."
စစ်မြေပြင်၏ အလယ်ဗဟိုတွင် အနီရောင် ဆံပင်နှင့် မှော်ဆရာမ တစ်ဦးက ဂါထာ ရွတ်ဆိုနေလေသည်။ လေထဲရှိ မှော်ပစ္စည်း များက သူမကို တားဆီးရန် မကြိုးစားဘူး မဟုတ်သော်လည်း သူမ၏ ကိုယ်ပတ်လည်တွင် လောင်ကျွမ်းနေသော မှော်ဒိုင်းလွှား ၏ ခံနိုင်ရည်မှာ အလွန် မြင့်မားလွန်းသဖြင့် လုံးဝ ဖောက်ထွင်း၍ မရနိုင်ခြင်း ဖြစ်လေသည်။
"မိုက်မဲတဲ့ အရာ အားလုံး ငါတို့ရဲ့ စွမ်းအားတွေကို စုစည်းပြီး သူတို့ကို တန်းတူညီမျှ ပျက်စီးခြင်းတွေ ပေးသနားလိုက်ပါ"
"နဂါးခုတ် ပိုင်းဖြတ်ခြင်း"
အနီရောင် ဆံပင်နှင့် မှော်ဆရာမ ၏ အော်ဟစ်သံ နှင့်အတူ အနီရောင် အလင်းတန်း တစ်ခုက စစ်မြေပြင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပြီး မှော်ပစ္စည်း ဆယ်ဂဏန်းခန့်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ကာ အရောင်မျိုးစုံ ရှိသော မဲတံများ အဖြစ် ပြောင်းလဲသွားစေပြီး ဆုတောင်းကျည်တောက် ထဲသို့ ပြန်လည် ရောက်ရှိသွားစေလေသည်။
သို့သော် သူမ ဆက်လက်၍ ဂါထာ ရွတ်ဆိုရန် ပြင်လိုက်ချိန်တွင် ပြင်းထန်သော အန္တရာယ် အငွေ့အသက် တစ်ခုက ရုတ်တရက် ဝင်ရောက်လာလေသည်။
ဂါထာ ဆက်ရွတ်ရန် အချိန်မမီတော့သဖြင့် သူမ ချက်ချင်းပင် မှော်အင်းစာရွက် တစ်ရွက်ကို ဆွဲဖြဲလိုက်လေသည်။ နောက်တစ်စက္ကန့် အကြာတွင် ထူထဲသော ရေခဲဒိုင်းလွှား သုံးလွှာက သူမကို အတွင်းတွင် ကာကွယ်ပေးထားလိုက်လေသည်။
"ဘုန်း"
ကျယ်လောင်သော အသံကြီး တစ်သံ ထွက်ပေါ်လာပြီး ရေခဲဒိုင်းလွှား သုံးလွှာမှာ တစ်ခဏ အတွင်း ဖောက်ထွင်းခံလိုက်ရပြီး တစ်ချိန်တည်းမှာပင် အနီရောင် ဆံပင်နှင့် မှော်ဆရာမ၏ ကိုယ်ပတ်လည်ရှိ မှော်ဒိုင်းလွှားမှာလည်း ပြင်းထန်စွာ တုန်ခါသွားသော်လည်း နောက်ဆုံးတွင်တော့ ကွဲအက်သွားခြင်း မရှိခဲ့ပေ။
"ဒီနေရာမှာ အတော်ဆုံး လူအချို့ထဲမှာပါတယ် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ ဒီ မှော်ဒိုင်းလွှား ရဲ့ ကာကွယ်နိုင်စွမ်း က တကယ်ကို မဆိုးဘူးပဲ ငါ့ရဲ့ အင်အား ၅၀ ရာခိုင်နှုန်းကိုတောင် တားဆီးနိုင်တယ်"
ခေါင်းထဲတွင် ထွက်ပေါ်လာသော အသံကို ကြားပြီးနောက် အနီရောင် ဆံပင်နှင့် မှော်ဆရာမ သည် ခေါင်းမော့ကာ ရှေ့ရှိ အမျိုးသားကို ကြည့်လိုက်လေသည်။
စကားပိုများ မပြောတော့ဘဲ မှော်ဆရာမသည် ကျောက်မျက်ရတနာ တစ်လုံးကို ထုတ်ယူကာ ခွဲလိုက်ပြီးနောက် နောက်ထပ် ဂါထာ တစ်ပုဒ်ကို စတင် ရွတ်ဆိုလေတော့သည်။
'လက်တွေ့ သမားပဲ ငါ သဘောကျတယ်'
မှော်ဆရာမ ဘက်မှ စကားပြောရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ကျန်းပေရန်သည် ချက်ချင်းပင် မှော်ပစ္စည်း ရာပေါင်းများစွာကို ခေါ်ယူကာ သူမထံသို့ တိုက်ခိုက်စေလိုက်လေသည်။
"လေကျည်ဆန်"
ဂါထာ ရွတ်ဆိုမှု ပြီးဆုံးသွားသည်နှင့် ပြင်းထန်သော လေဆင်နှာမောင်း တစ်ခုက မှော်ဆရာမ ကို ဗဟိုပြု၍ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားလေသည်။ သို့သော် ကျန်းပေရန် ကိုယ်တိုင် ထိန်းချုပ်ထားသော မှော်ပစ္စည်းများမှာ ထိုမျှလောက် ရင်ဆိုင်ရန် မလွယ်ကူပေ။
အချို့မှာ လွင့်စင်သွားသော်လည်း အများစုမှာ မှော်ဆရာမ ၏ အနီးသို့ ချဉ်းကပ်လာပြီး တိုက်ခိုက်မှုများ စတင်ကြလေသည်။
တစ်ခဏ အတွင်းမှာပင် ပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ၊ ခုတ်ထစ်မှုများ အားလုံးက မှော်ဆရာမ ၏ ဒိုင်းလွှားပေါ်သို့ စုပြုံ ကျရောက်လာလေသည်။
ဤသည်မှာ မြေကမ္ဘာအဆင့် မှော်ပစ္စည်း ဆယ်ဂဏန်းခန့်၏ စုပေါင်း တိုက်ခိုက်မှု ဖြစ်ရာ ဒိုင်းလွှားက မည်မျှပင် မာကျောနေပါစေ အနည်းငယ်တော့ မခံနိုင်တော့ဘဲ ဒိုင်းလွှားပေါ်တွင် အက်ကွဲကြောင်း များစွာ ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။
"ဒီနေရာ ပေါက်ကွဲခြင်းကို တားမြစ်တယ်"
မှော်ဆရာမ က နောက်ထပ် မှော်အင်းစာရွက် နှစ်ရွက်ကို ဆွဲဖြဲရန် ပြင်လိုက်ချိန်တွင် အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ဘုန်းတော်ကြီး တစ်ပါးက သူမ၏ အနောက်သို့ ရောက်လာပြီး ပေါ့ပေါ့ပါးပါး စကားတစ်ခွန်း ပြောလိုက်သည်နှင့် မှော်ပစ္စည်း ဆယ်ဂဏန်းခန့်မှာ ရုတ်တရက် အသံတိတ်သွားကြလေသည်။
'အို... စကားလုံး အစွမ်းလား'
ချက်ချင်း စိတ်ဝင်စားသွားသော ကျန်းပေရန် ကလည်း ချက်ချင်းပင် ပြောလိုက်လေသည်။
"ပါးစပ်ပိတ်ထား"
သို့သော် ဘုန်းတော်ကြီး၏ နှုတ်ခမ်းထောင့်များက တစ်ချက် တွန့်ကွေးသွားပြီးနောက် ဆက်ပြောလေသည်။
"ဒီနေရာ အသက်ရှူခြင်းကို တားမြစ်တယ်"
'ဟင် တိုင်းတပါးသားတွေရဲ့ စကားက အသုံးမဝင်ဘူးလား'
ဘုန်းတော်ကြီးမှာ သက်ရောက်မှု မရှိသည်ကို မြင်သောအခါ ကျန်းပေရန် သည် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိလေသည်။
သူ၏ [စကားလုံး အစွမ်း] အမှတ်များမှာ သိပ်မမြင့်မားသော်လည်း ဤသည်မှာ အထူး စွမ်းရည် အမှတ်များ ဖြစ်ပြီး တစ်မှတ်က တစ်ရာနှင့် ညီမျှသော အရာမျိုး ဖြစ်လေသည်။
ထို့ကြောင့် ဒီတစ်ကြိမ်တွင် သူသည် အရင်ဆုံး စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ပြင်ပ ကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ထားသော နယ်မြေ တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ထပ်မံ၍ ပြောလိုက်လေသည်။
"ဒူးထောက်လိုက်စမ်း"
ဒီတစ်ကြိမ်တွင်မူ ဘုန်းတော်ကြီး ၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်မှာ လုံးဝ ထိန်းချုပ်၍ မရတော့ဘဲ မြေကြီးပေါ်သို့ ပြင်းထန်စွာ ဒူးထောက်ကျသွားလေတော့သည်။
မှော်ဆရာမသည် ဘုန်းတော်ကြီး က စကားလုံး အစွမ်းတွင် ရှုံးနိမ့်သွားခြင်း အပေါ် အံ့အားသင့်သွားသော်လည်း လက်ထဲရှိ လှုပ်ရှားမှု များကိုမူ အနည်းငယ်မျှ ရပ်တန့်ခြင်း မရှိဘဲ မကြာမီမှာပင် ရေခဲရောင် မှော်စွမ်းအင် ဘောလုံး တစ်လုံး သူမ၏ လက်ဖဝါး ထဲတွင် ပေါ်လာလေသည်။
သို့သော် သူမ မှော်စွမ်းအင် ဘောလုံးကို မပစ်လွှတ်နိုင်မီမှာပင် ထိုအမျိုးသားက သူမ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
လက်သီး တစ်ချက်၊ လက်သီး တစ်ချက်တည်းသာ ဖြစ်လေသည်။
မှော်ဆရာမ သည် အရင်က တစ်ခါမှ မခံစားဖူးသော ဖိအားကို ခံစားလိုက်ရပြီး ခန္ဓာကိုယ် ကလည်း ထိန်းချုပ်၍ မရအောင် တုန်ယင်လာလေသည်။
'ငါ... သူ့ကို ကြောက်နေမိတာလား'
ဒီတစ်ကြိမ်တွင်မူ ပြိုကျလုနီးပါး ဖြစ်နေပြီ ဖြစ်သော မှော်ဒိုင်းလွှားမှာ မည်သည့် တားဆီးနိုင်စွမ်းမျှ မရှိတော့ဘဲ ကျန်းပေရန် ၏ ဤတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော လက်သီးလေလှိုင်းကပင် ၎င်းကို လုံးဝ ကြေမွသွားစေလေသည်။
"ခဏလောက် စောင့်ပါဦး ကျွန်တော်တို့ ဆွေးနွေးဖို့ သဘောတူပါတယ်"
"အစောကြီး ကတည်းက ဒီလို ပြောလိုက်ရင် ပြီးနေပြီ မဟုတ်လား"
ဒီစကားကို အမြဲတမ်း စောင့်နေခဲ့သော ကျန်းပေရန် သည် လက်သီးကို ပြန်ရုပ်လိုက်ပြီး မှော်ဆရာမ ကို လက်မထောင်ပြလိုက်ကာ အနောက်တိုင်းပွဲတက်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား၏ ရှေ့သို့ ရောက်ရှိသွားလေသည်။
"အခု ငါ့မျက်နှာကို ထောက်ဖို့ သဘောတူပြီလား"
"သေချာတာပေါ့ လေးစားရတဲ့ အားကြီးသူ လူကြီးမင်း"
အမြီးခွ ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားသည် လူကြီးလူကောင်း အမူအရာဖြင့် အရိုအသေ ပေးကာ ပြန်လည် ဖြေကြားလိုက်လေသည်။