အခန်း (၆၉၈-၆၉၉)
Vol. 63 Ch. 698-699
အခန်း ၆၉၈ ငါ မလောဘူး
"..."
ကျန်းပေရန် ၏ အဖြေကို ကြားပြီးနောက် ပိုရီ မှာ ထပ်မံ တိတ်ဆိတ်သွားပြန်လေသည်။ ထိုအခြေအနေကို ကြည့်ရင်း ဘေးနားရှိ ထောင်ဝူမှာ မနေနိုင်တော့ဘဲ ခြေလှမ်း နှစ်လှမ်းခန့် လျှောက်ကာ ကျန်းပေရန် ကို မေးလိုက်၏။
"ခုနက မင်း ငါ့ကို ပြောတုန်းက ဒီလို မဟုတ်ဘူးထင်တယ်"
"အဓိပ္ပာယ်က အတူတူပါပဲ ငါက မင်းတို့ကို အခွင့်အရေး တစ်ခု ပေးတာ ဒါပေမဲ့ အဲ့ဒီ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မလား ဆိုတာကတော့ မင်းတို့ အပေါ်မှာပဲ မူတည်တယ်"
ထောင်ဝူက ကြားပြီးနောက် ထပ်မံ စဉ်းစားဟန် ပြုလုပ်လိုက်ပြီး ကျန်းပေရန် ၏ စကားကို သေချာ စဉ်းစားနေပုံ ရလေသည်။
သို့သော် ၎င်း၏ သစ်ကြားသီး အရွယ်အစားခန့်သာ ရှိသော ဦးနှောက်လေးဖြင့် အဖြေတစ်ခု စဉ်းစားထွက်လာရန် မဖြစ်နိုင်ကြောင်း ကျန်းပေရန် ကောင်းစွာ သိရှိထားသဖြင့် ဂရုဏာ သက်သော အကြည့် တစ်ချက်သာ ပေးလိုက်လေသည်။
ထိုစဉ် ပိုရီက စကားစလာလေသည်။
"ဒါက နားထောင်ရတာတော့ တကယ် ကောင်းပါတယ် ဒါပေမဲ့ အဲ့ဒီ ကျင့်ကြံသူ တွေက ငါတို့ မျိုးနွယ်စု တွေကို လာမတိုက်ခိုက်ဘူး ဆိုတာကို မင်းက ဘာနဲ့ အာမခံနိုင်မှာလဲ"
"ဒီကိစ္စကို ငါ ပါးစပ်ကနေ ပြောနေရုံနဲ့ မင်းတို့လည်း ယုံမှာ မဟုတ်ပါဘူး ဒီလို လုပ်ကြတာပေါ့ ငါ လူသား တွေထဲက အစွမ်းအထက်ဆုံး ကျင့်ကြံသူ အချို့ကို ခေါ်လာခဲ့မယ် အားလုံး မျက်နှာချင်းဆိုင် ဆွေးနွေးကြတာပေါ့ ဘယ်လိုလဲ"
ပိုရီက ကြားပြီးနောက် သိသိသာသာ ကြောင်အသွားပြီး နောက်ကျောရှိ မျက်လုံးကြီး များဖြင့် ကျန်းပေရန် ကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
"မင်း... တကယ်တော့ ဘယ်သူလဲ"
"နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ငြိမ်းချမ်းရေး ယူဆောင်လာပေးမယ့်သူ"
"ဟင် မင်းက လူသားတွေကို အနိုင်ယူဖို့ ငါတို့ သားရဲကြီး တွေကို ဦးဆောင်ပေးမယ့် တမန်တော်ကြီး မဟုတ်ဘူးလား"
ဘေးနားရှိ ထောင်ဝူက ချက်ချင်း ဝင်ပြောလိုက်လေသည်။
"ရာထူး အဆင့်အတန်း ဆိုတာက ဘယ်တော့မှ ပုံသေ မဟုတ်ဘူး ငါ ဘယ်လို ရာထူးပဲ ဖြစ်နေပါစေ ရည်ရွယ်ချက်ကတော့ မင်းတို့ကို ကူညီပေးချင်လို့ပါပဲ"
"ဘာဖြစ်လို့လဲ"
ပိုရီ က မေးလိုက်၏။
"ဘာလို့လဲဆိုတော့ မင်းတို့ကလည်း နဂါးနက် ကုန်းမြေတိုက်ကြီး ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ ပြီးတော့ ကျင့်ကြံသူ တွေနဲ့ ယှဉ်ရင် တကယ်တော့ ငါက မင်းတို့နဲ့ အတူတူ နေရတာကို ပိုသဘောကျတယ်"
ခဏတာ ထပ်မံ စဉ်းစားပြီးနောက် ပိုရီ က ခေါင်းမော့ကာ ပြောလိုက်လေသည်။
"ဒီကိစ္စက သက်ရောက်မှု အရမ်း ကြီးမားတယ် ငါလည်း ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ မရဘူး ဘာလို့လဲဆိုတော့ ငါတို့ မျိုးနွယ်စု တွေထဲမှာ ကျင့်ကြံသူ တွေကို မုန်းတီးတဲ့ သူတွေက အများစုပဲလေ အကယ်၍ မင်းက လူသား တွေဘက်က ငါတို့ကို လာမကျူးကျော်ဘူး လို့ တကယ် အာမခံနိုင်တယ် ဆိုရင်တောင် ငါတို့ဘက်က သားရဲတွေက မင်းတို့ကို ပြန်မတိုက်ဘူး ဆိုတာကို ငါလည်း အာမ မခံနိုင်ဘူး"
"အင်း ဒါကို ငါလည်း စဉ်းစားထားပြီးသားပါ ဒါကြောင့်လည်း နည်းလမ်းလေး ရမလား ဆိုပြီး မင်းဆီကို အရင် လာခဲ့တာလေ ကြည့်ရတာ မင်းက ဒီနေရာမှာ တော်တော်လေး ဩဇာတိက္ကမ ရှိပုံရတယ်"
"ငါ့ကို အချိန်နည်းနည်း ပေး ငါ တခြား မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးနဲ့ သွားပြီး ဆွေးနွေးကြည့်မယ်"
ပြောပြီးနောက် ပိုရီက ရုတ်တရက် ထောင်ဝူကို ကြည့်ကာ မေးလိုက်၏။
"ဟေ့ မင်းကို လူသား နိုင်ငံ တွေကို သွားခိုင်းရင် မင်း လက်အောက်က ကောင်တွေ လူသား တွေကို မတိုက်ခိုက်အောင် မင်း အာမခံနိုင်လား"
"အဲ့ဒီ လူသား တွေနဲ့ အတူတူ နေရမှာလား"
ထောင်ဝူ က ပြောပြီးသည်နှင့် အလွန် ရွံရှာသော အမူအရာ ပြုလုပ်လိုက်သည်။
"ငါ မနေချင်ဘူး"
ပိုရီက မြင်သောအခါ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး ကျန်းပေရန် ကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်းလည်း မြင်တဲ့ အတိုင်းပဲ မျိုးနွယ်ဝင် သားရဲ အများစုက ဒီစကားကို ကြားတာနဲ့ ဒီလို တုံ့ပြန်ကြလိမ့်မယ်လို့ ငါ ထင်တယ်"
"ဒါဆို ငါ ကူညီပေးနိုင်တာ တစ်ခုခုများ ရှိမလား"
ကျန်းပေရန် က မေးလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ အရင် သွားစမ်းကြည့်ပါ့မယ် ငါတို့က ကျင့်ကြံသူ တွေကို အရမ်း မုန်းတီးပေမယ့် မင်းရဲ့ အကြံပြုချက်က တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ် ငါတို့လည်း အခု နေထိုင်စရာ နေရာတွေ ပိုများများ လိုအပ်နေတာ သေချာပါတယ်"
"ကောင်းပြီ ဒါဆို ငါ ဒီမှာပဲ မင်းရဲ့ သတင်းကောင်းကို စောင့်နေပါ့မယ်"
ပိုရီက ခေါင်းညိတ်ပြလိုက်ပြီး ခန္ဓာကိုယ်မှာ မြေအောက်သို့ တဖြည်းဖြည်း နစ်ဝင်သွားလေတော့သည်။
ပိုရီ ထွက်သွားပြီးနောက် ကျန်းပေရန်က ထောင်ဝူကို ကြည့်ကာ မေးလိုက်၏။
"နေစရာ နေရာတွေ ပိုလိုချင်လား"
"သေချာပေါက် လိုချင်တာပေါ့"
ထောင်ဝူ က အလွန် ပြတ်သားစွာ ပြန်ဖြေလိုက်လေသည်။
"ဒါပေမဲ့ အဲ့ဒီ ကျင့်ကြံသူ တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရမယ် ဆိုရင်တော့ ငါ မလိုချင်တော့ဘူး"
"အကြောင်းရင်းကို ပြောပြလို့ ရမလား"
ထောင်ဝူက ကြားပြီးနောက် တစ်ကိုယ်လုံးမှ အလွန် ပြင်းထန်သော ရွှမ်စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်လေသည်။
"အဲ့ဒီ ကျင့်ကြံသူ တွေက ငါ့ဆီကနေ အရာရာ အများကြီးကို လုယူသွားခဲ့ကြတယ်"
"နားလည်ပါတယ်"
ကျန်းပေရန် က ပြောပြီးနောက် ဆက်မမေးတော့ပေ။
ခဏအကြာတွင် ရွှမ်စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ထောင်ဝူ က ခေါင်းကြီးကို ခါရမ်းလိုက်ပြီး လက်သည်းဖြင့် ကျန်းပေရန် ၏ ပခုံးကို ပုတ်ကာ မေးလိုက်လေသည်။
"တမန်တော်ကြီး ငါ ဘယ်လို ရွေးချယ်သင့်တယ်လို့ မင်း ထင်လဲ"
ထောင်ဝူ ၏ အမွေးပွ လက်သည်းကြီးကို ပြန်ပုတ်ပေးလိုက်ပြီး ကျန်းပေရန် က ပြန်ဖြေလေသည်။
"မင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ ငါ မသိဘူး ပြီးတော့ မင်းတို့ သားရဲတွေနဲ့ လူသား တွေ ကြားထဲမှာ ဘယ်လို ကိစ္စတွေ ဖြစ်ခဲ့လဲ ဆိုတာကိုလည်း ငါ မသိဘူး ဒါကြောင့် မင်း ဘယ်လို လုပ်သင့်တယ် ဆိုတာကို ပြောပြဖို့ ငါ့မှာ အခွင့်အရေး မရှိသလို ဘာကို ခွင့်လွှတ်ပေးလိုက်ပါ ဆိုပြီး ပြောဖို့လည်း အခွင့်အာဏာ မရှိဘူး ဒီဆုံးဖြတ်ချက် ကို မင်းကိုယ်တိုင်ပဲ ချရမှာ"
သို့သော် ကျန်းပေရန် ပြောပြီးသည်နှင့် ချက်ချင်း နောင်တရသွားလေသည်။ သူသည် ထောင်ဝူ ၏ ဉာဏ်ပညာ အပြည့် ရှိသော မျက်လုံးများထဲမှ ၎င်းက ဒီစကားများကို လုံးဝ နားမလည်ကြောင်း သိမြင်လိုက်ရသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူသည် စကားများကို အနည်းငယ် အတိုချုံးလိုက်ပြီး ထပ်မံ ဖြေကြားလိုက်လေသည်။
"မပြောနိုင်ဘူး ကိုယ့်ဘာသာ စဉ်းစား"
...
ပိုရီ၏ အဖြေကို စောင့်ဆိုင်းရသော အချိန်မှာ မထင်မှတ်ဘဲ အတော်လေး ကြာမြင့်နေလေသည်။ ထိုအချိန်အတွင်း ကျန်းပေရန် သည် ဘာမှမလုပ်ဘဲ မြက်ခင်းပြင်ပေါ်တွင် လှဲလျောင်းကာ နှစ်ခြိုက်စွာ အိပ်စက်နေလိုက်လေသည်။
"တမန်တော်ကြီး တမန်တော်ကြီး ထတော့ ပိုရီ ပြန်ရောက်လာပြီ"
ထောင်ဝူ၏ အော်ခေါ်သံ ကြားတွင် ကျန်းပေရန် သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ မိမိထံသို့ တိုးကပ်လာသော ထောင်ဝူ ၏ မျက်နှာကြီး ကို တွေ့လိုက်ရလေသည်။
"အင်း"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် က သမ်းဝေကာ မတ်တပ်ရပ်လိုက်ပြီးနောက် ပိုရီ ကို ပြောလိုက်၏။
"မင်းရဲ့ ဒီ စပျစ်နွယ်ပင် တဲက အိပ်ပျော်စေတဲ့ အစွမ်း တစ်ခုခုများ ရှိနေလား မသိဘူး ငါ ဒီလောက် အေးအေးချမ်းချမ်း အိပ်မပျော်ရတာ တော်တော် ကြာနေပြီ"
မကြာသေးမီ အချိန်များ အတွင်း ကျန်းပေရန် သည် အလုပ်များကိုသာ ဆက်တိုက် လုပ်ဆောင်နေခဲ့ရပြီး အိပ်စက်ခြင်း ဆိုသည်မှာ ဓလေ့ထုံးစံ တစ်ခုကဲ့သို့ အိပ်ရုံလေး သက်သက်သာ အိပ်ခဲ့ရခြင်း ဖြစ်လေသည်။
သို့သော် ဒီတစ်ရေး အိပ်လိုက်ရခြင်းကတော့ အလွန် နှစ်ခြိုက်သွားပြီး နိုးလာသောအခါတွင်လည်း စိတ်ရောကိုယ်ပါ လန်းဆန်းသွားကာ စဉ်းစားတွေးခေါ်နိုင်စွမ်း များလည်း ပိုမို သွက်လက်လာသည်ကို ခံစားလိုက်ရလေသည်။
ပိုရီက နားထောင်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"အပင်တွေက သတ္တဝါတွေကို အမြဲတမ်း စိတ်ရွှင်လန်းစေတယ် တစ်ချိန်တည်းမှာပဲ မင်းကို ကောင်းမွန်တဲ့ အိပ်စက်ခြင်း တစ်ခုကိုလည်း ပေးစွမ်းနိုင်ပါတယ်"
ကျန်းပေရန် က နားထောင်ပြီးနောက် ဒီလောက် ရိုးရှင်းမည် မဟုတ်ဟု ထင်မိသော်လည်း ပိုရီ က ဒီလို ပြောလာမှတော့ သူလည်း ယုံလိုက်တော့လေသည်။
"ဒီတစ်ခေါက် ပင်ပန်းသွားပြီ မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးနဲ့ ဆွေးနွေးပြီးပြီလား"
ယဉ်ကျေးမှုများ ပြီးဆုံးသွားသောအခါ ကျန်းပေရန် က အဓိက ကိစ္စကို မေးလိုက်လေသည်။
"အင်း"
ပိုရီ က ခေါင်းညိတ်လိုက်လေသည်။
"ဒါပေမဲ့ မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုမယ် ဘာလို့လဲဆိုတော့ သတင်းဆိုး တွေက သတင်းကောင်း တွေထက် အများကြီး ပိုများနေလို့ပဲ"
"မျိုးနွယ်စု ခေါင်းဆောင် အများစုက သဘောမတူကြဘူးလား"
ကျန်းပေရန် က မေးလိုက်၏။
"ဟုတ်တယ် သူတို့က လူသား တွေနဲ့ မဟာမိတ် ဖွဲ့ရမယ် ဆိုတဲ့ ကိစ္စကို ကြားတာနဲ့တင် ဒေါသထွက်ပြီး ပေါက်ကွဲနေကြပြီ သေချာ ဆွေးနွေးဖို့တောင် စိတ်ကူး မရှိကြဘူး"
"အင်း"
ကျန်းပေရန် က ခေါင်းညိတ်လိုက်လေသည်။
"ငါ သိပါပြီ ဒီတစ်ခေါက် သွားပေးတဲ့ အတွက် ပိုရီ လူကြီးမင်းကို ကျေးဇူးတင်ပါတယ် ငါ့မှာ ဖြေရှင်းစရာ တခြား ကိစ္စတွေ ရှိသေးလို့ အရင် သွားနှင့်တော့မယ်"
ပိုရီက ကြားပြီးနောက် အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်လေသည်။
"မင်း... ဒီလိုပဲ ထွက်သွားတော့မလို့လား"
"ဒါဆို ဘာလုပ်ရဦးမှာလဲ"
"မင်း ကိုယ်တိုင် သူတို့ကို သွားပြီး ဖျောင်းဖျဖို့ မကြိုးစားကြည့်တော့ဘူးလား"
"မသွားတော့ပါဘူး"
ကျန်းပေရန် က အလွန် ပြတ်သားစွာ ခေါင်းယမ်းလိုက်လေသည်။
"သူတို့က မင်းအပေါ်ကိုတောင် ဒေါသထွက်နေကြတာ ငါ ကိုယ်တိုင် သွားပြောရင် သူတို့ ငါ့ကို စားပစ်လိုက်မှာပေါ့ သူတို့မှာ ပူးပေါင်းချင်တဲ့ ဆန္ဒ မရှိမှတော့ ငါလည်း အတင်း အကျပ် မလုပ်တော့ဘူး ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့ ငါ အရင် သွားတော့မယ်"
ပြောပြီးနောက် ကျန်းပေရန် သည် လက်ဝှေ့ယမ်းပြကာ စပျစ်နွယ်ပင် တဲကြီးထဲမှ တိုက်ရိုက် ထွက်ခွာသွားလေတော့သည်။
ကျန်းပေရန် ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ပိုရီ ၏ မျက်လုံးကြီး နှစ်လုံးထဲတွင် နားမလည်နိုင်မှုများ အပြည့် ရှိနေလေသည်။
၎င်း မူလက တွေးထားသည်မှာ ကျန်းပေရန် သည် ၎င်းအား အခြား မျိုးနွယ်စု ခေါင်းဆောင် များနှင့် နောက်တစ်ကြိမ် ထပ်မံ ဆွေးနွေးပေးရန် တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သောကြောင့် ဖြစ်၏။ မည်သို့ပင်ဆိုစေ ဒီ တမန်တော်ကြီး သည် လူသားနှင့် သားရဲမဟာမိတ်အဖွဲ့ကို ဖြစ်မြောက်စေချင်သည်မှာ သေချာပေါက် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက် တစ်ခုခု ရှိနေမည်ဟု ၎င်းက အခိုင်အမာ ယုံကြည်ထားခဲ့လေသည်။
သို့သော် သူက ဒီလောက် လွယ်လွယ်ကူကူ လက်လျှော့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒီလောက်အထိ လွယ်ကူလွန်းနေသဖြင့် သူက စိတ်ကူးပေါက်လို့ လာပြောခြင်းများ ဖြစ်နေမလားဟုပင် ပိုရီ သံသယ ဝင်မိလေသည်။
"ဒီ တမန်တော်ကြီး ရဲ့ လုပ်ရပ်တွေက... တကယ်ကို မှန်းဆရ ခက်တာပဲ"
ရေရွတ်လိုက်ပြီးနောက် ပိုရီက ထောင်ဝူ ကို ကြည့်ကာ မေးလိုက်လေသည်။
"ခုနက ငါ ထွက်သွားတုန်းက တမန်တော်ကြီးက မင်းနဲ့ ဘာတွေ ပြောသေးလဲ"
"ဘာမှ မပြောပါဘူး လူသား တွေနဲ့ မဟာမိတ် ဖွဲ့သင့် မဖွဲ့သင့် ဆိုတဲ့ ကိစ္စ အပေါ်မှာ အကြံဉာဏ်လေး တစ်ခု ပေးဖို့ တောင်းဆိုတာကို"
"သူက ဘယ်လို ပြောလဲ"
"သူ ဘာမှ မပေးဘူး ကိုယ့်ဘာသာ ကိုယ် စဉ်းစားတဲ့"
ပိုရီက ကြားပြီးနောက် ပို၍ပင် နားမလည်နိုင် ဖြစ်သွားလေသည်။ ဒီ တမန်တော်ကြီး ၏ တကယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာကို လုံးဝ စဉ်းစား၍ မရတော့ချေ။
'ဒါမှမဟုတ်... သူက တကယ်ပဲ ငါတို့ကို သန့်သန့်စင်စင် ကူညီပေးချင်ရုံ သက်သက်များလား...'
ပိုရီ၏ မျက်လုံးကြီး နှစ်လုံးထဲတွင် သံသယများ ပြည့်နှက်နေလေသည်။
ပိုရီ ၏ နေရာမှ ထွက်လာပြီးနောက် ကျန်းပေရန် သည် ပျံသန်းစံအိမ်ကို စီးကာ ချီတိုင်းပြည် သို့ တိုက်ရိုက် ထွက်ခွာသွားလေသည်။ ရှေးဟောင်း အပျက်အစီးမြေ နေရာကို သူ တကယ်ပဲ လက်လျှော့လိုက်ခြင်း မဟုတ်ပေ၊ သို့သော် သူ ပို၍ တက်ကြွလေလေ ဒီကိစ္စက ပို၍ ရှုပ်ထွေးသွားလေလေ ဖြစ်မည် ဆိုတာကို သူ နားလည်ထားသောကြောင့် ဖြစ်၏။
သားရဲကြီး များမှာ မူလကတည်းက လူသားများ အပေါ်တွင် သတိကြီးစွာ ထားတတ်ကြပြီး ကိစ္စရပ်တိုင်းကို အဆိုးဘက်သို့သာ တွေးတတ်ကြလေသည်။
သူ ဘယ်လိုပဲ ရှင်းပြ ရှင်းပြ ၎င်းတို့ နားဝင်မည် မဟုတ်ကြောင်း၊ သူက ၎င်းတို့ကို လှည့်စားနေသည်ဟုသာ ပို၍ ထင်မြင်သွားကြမည် ဖြစ်ကြောင်း ကျန်းပေရန် ယုံကြည်လေသည်။
အကူအညီ မရသည့်အပြင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ပင် ဖြစ်စေနိုင်သော ဒီလို ကိစ္စမျိုးကို ကျန်းပေရန် သေချာပေါက် လုပ်ဆောင်မည် မဟုတ်ပေ။
ယခု သူ လုပ်ဆောင်ရမည့် အရာမှာ သားရဲများ ကိုယ်တိုင် နားလည် သဘောပေါက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရန်သာ ဖြစ်လေသည်။
ယခုအခါတွင် ၎င်းတို့သည် ရှေးဟောင်း အပျက်အစီးမြေ တစ်ခုတည်းတွင်သာ နေထိုင်နေကြရပြီး မျိုးနွယ်စု ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အမင်း ကန့်သတ်ခံထားရလေသည်။ ဒါက သမိုင်းကြောင်း ရှိပြီး၊ ယုံကြည်ချက် ရှိကာ၊ ရည်မှန်းချက် ကြီးမားသော မျိုးနွယ်စု တစ်ခု အတွက်ဆိုလျှင် သေချာပေါက် ဖောက်ထွက်ချင်နေမည့် အရာပင် ဖြစ်လေသည်။
ထို့ကြောင့် သူ ပေးအပ်လိုက်သော ဒီအခွင့်အရေးက သားရဲကြီး များအတွက် မည်မျှ တန်ဖိုးရှိကြောင်း ကျန်းပေရန် ကောင်းစွာ သိရှိထားလေသည်။
ယခု သူတို့ ဒီလောက် ပြတ်ပြတ်သားသား ငြင်းပယ်ရခြင်းမှာ စိတ်လိုက်မာန်ပါ လုပ်ဆောင်မှု အနည်းနှင့် အများ ပါဝင်နေသောကြောင့်သာ ဖြစ်သည်။ သို့သော် ၎င်းတို့ အားလုံးက မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်၏ တာဝန်ကို ပြန်လည် သတိရလာသည့် အချိန်ကျလျှင် သေချာပေါက် စိတ်ပြောင်းသွားကြမည် ဖြစ်လေသည်။
သေချာသည်မှာ အကယ်၍ ၎င်းတို့ အားလုံးက တကယ်ကို ခေါင်းမာလွန်းနေမည် ဆိုပါကလည်း ကျန်းပေရန် တွင် ၎င်းတို့အတွက် ဒုတိယ အစီအစဉ်၊ တတိယ အစီအစဉ် များ ပြင်ဆင်ထားပြီးသား ဖြစ်လေသည်။
...
ငါးရက် ကုန်လွန်သွားပြီးနောက် အိမ်လေးထဲတွင် နောက်ထပ် ငါးရက် တိုင်တိုင် လေ့လာမှုများ ပြုလုပ်နေခဲ့သော ကျန်းပေရန် သည် တံခါးကို တွန်းဖွင့်ကာ လတ်ဆတ်သော လေကို တစ်ချက် ရှူသွင်းလိုက်လေသည်။
'အင်း... သူတို့ စဉ်းစားလို့ ပြီးလောက်ပြီ'
အကြောအခြင် များကို သက်တောင့်သက်သာ ဆန့်ထုတ်လိုက်ပြီးနောက် ကျန်းပေရန် သည် ပျံသန်းစံအိမ် ကို စီးကာ သို့ ပြန်လာခဲ့လေသည်။
ထောင်ဝူ ၏ နေရာသို့ တိုက်ရိုက် သွားလိုက်ပြီးနောက် ပျံသန်းစံအိမ် ထဲမှ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ သားရဲကြီး များ၏ အော်ခေါ်သံကို ကြားလိုက်ရလေသည်။
"တမန်တော်ကြီး"
"တမန်တော်ကြီး ရောက်လာပြီပဲ မျိုးနွယ်စု ခေါင်းဆောင်က ခင်ဗျားကို ရှာနေတာ ရက်အတော်ကြာပြီ"
"ဟုတ်တယ် သူက ခင်ဗျားကို မြင်တာနဲ့ သူ့ကို ချက်ချင်း လာပြောဖို့ ငါတို့ကို မှာထားတယ် ပြီးတော့..."
ထို သားရဲကြီး စကားမဆုံးမီမှာပင် ကြီးမားလှသော အရိပ်မည်းကြီး တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး ကျန်းပေရန် ၏ ရှေ့တွင် ကျရောက်လာလေသည်။
"တမန်တော်ကြီး မင်း ပြန်ရောက်လာပြီပဲ ငါ မင်းကို ရှာနေတာ ရက်အတော်ကြာပြီ"
တကယ်တော့ သင်ပေးမည် ဆိုပါက ကျန်းပေရန် အနေဖြင့် သားရဲများကို စွန်လွှတ်၍ စာပို့သည့် နည်းလမ်းကို သင်ပေးနိုင်လေသည်။ သို့သော် သူ၏ ရည်ရွယ်ချက်မှာ ဤ သားရဲများကို ကောင်းကောင်းလေး အလောတကြီး ဖြစ်စေချင်သောကြောင့် ဖြစ်ရာ ၎င်းတို့ကို ဆက်သွယ်ရမည့် နည်းလမ်းကို သေချာပေါက် ချန်ထားခဲ့မည် မဟုတ်ပေ။
"ဒီလောက် အလောတကြီး ရှာနေတာ ဘာကိစ္စ ရှိလို့လဲ"
ကျန်းပေရန်က ခေါင်းမော့ကာ ထောင်ဝူuို ကြည့်ရင်း မေးလိုက်လေသည်။
"မင်း..."
ထောင်ဝူ က ပါးစပ် တစ်ဝက် ဟပြီးမှ ပတ်ဝန်းကျင်တွင် မျိုးနွယ်ဝင် သားရဲများ များပြားလွန်းနေသည်ကို ရုတ်တရက် သတိထားမိသွားပြီး ကျန်းပေရန် ကို လက်ယပ်ခေါ်ကာ ပြောလိုက်လေသည်။
"လာ ငါ မင်းကို ပိုရီ ဆီ အရင် ခေါ်သွားမယ်"
"ကောင်းပြီလေ"
ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး ထောင်ဝူ ၏ နောက်သို့ လိုက်သွားလေသည်။
မျိုးနွယ်ဝင် သားရဲများကို နောက်မှ မလိုက်လာရန် အမိန့်ပေးပြီးနောက် ထောင်ဝူ သည် ကျန်းပေရန် ကို ခေါ်ဆောင်ကာ အတော်အလှမ်းဝေးသော နေရာသို့ ရောက်ရှိသွားသောအခါမှ နောက်ဆုံးတွင် မေးလိုက်လေသည်။
"အရင်တစ်ခေါက်က မင်း ပြောတဲ့ ငါတို့ရဲ့ နေရာတွေကို လူသား နိုင်ငံတွေအထိ ချဲ့ထွင်လို့ ရတယ် ဆိုတာ တကယ်လား"
"ဪ ဒီကိစ္စလား ငါ ပြောပြီးပြီလေ ငါက မင်းတို့ကို အခွင့်အရေး တစ်ခု ပေးတာပါ ဆုပ်ကိုင်နိုင်မလား ဆိုတာကတော့ မင်းတို့ အပေါ်မှာပဲ အပြည့်အဝ မူတည်တယ်လို့"
"ပိုပြီး တိတိကျကျလေး ပြောပြလို့ ရမလား"
"ရိုးရိုးရှင်းရှင်း ပြောရရင် လူသား တွေနဲ့ မဟာမိတ် ဖွဲ့တဲ့ လုပ်ငန်းစဉ် အတွင်းမှာ မင်းတို့ အနေနဲ့ ပြဿနာ မရှာဘဲ နေနိုင်မလား ပြီးတော့ ကိုယ့်ရဲ့ မျိုးနွယ်ဝင် သားရဲ တွေကို သေချာ ထိန်းချုပ်ပြီး အပြင်ထွက် ပြဿနာ မရှာအောင် လုပ်နိုင်မလား ဆိုတာပဲ"
"အကယ်၍ ဒီနှစ်ချက်ကို လုပ်နိုင်တယ် ဆိုရင်တော့ မင်းတို့ အနေနဲ့ အခုထက် ဘယ်လောက်တောင် ပိုကြီးမားမလဲ ဆိုတာ မသိနိုင်တဲ့ နေရာတွေကို ပိုင်ဆိုင်နိုင်မှာ"
"ဂလု..."
ထောင်ဝူက ကြားပြီးနောက် မနေနိုင်ဘဲ တံတွေး မြိုချလိုက်မိလေသည်။
မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် အနေဖြင့် မိမိ၏ မျိုးနွယ်စု အတွင်း အဖွဲ့ဝင် အရေအတွက် များပြားလေလေ ပိုကောင်းလေလေ ဖြစ်မည်ဟု သဘာဝကျကျပင် မျှော်လင့်ထားလေသည်။ ၎င်းမှာ ခေါင်းဆောင် တစ်ဦး၏ ပင်ကိုယ်ဗီဇပင် ဖြစ်၏။
သို့သော် သန့်စင်သော နေရာဟောင်း အတွင်းရှိ နေရာ ခွဲဝေမှုများမှာ လုံးဝ ပြောင်းလဲ၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ရာ မည်သူကမျှ နေရာ လုယူသည့် စစ်ပွဲကို အလွယ်တကူ စတင်မည် မဟုတ်ပေ။
ဒီလိုဆိုလျှင် ၎င်းတို့၏ နေရာမှာ သေးငယ်လွန်းလှသည်ဟု ဆိုနိုင်လေသည်။ လူသား နိုင်ငံ များ၏ စည်ကားမှုကို မြင်ဖူးသော သားရဲကြီး များ အတွက်မူ ဒီနေရာမှာ လှောင်ချိုင့် အသေးလေး တစ်ခုနှင့် လုံးဝ တူညီနေလေသည်။
သို့သော် ဒီ သားရဲများမှာလည်း မတတ်နိုင်ကြပေ။ ၎င်းတို့၏ အင်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် အနိုင်နိုင် ဖြစ်နေရာ အပြင်ထွက် တိုက်ခိုက်ရန် ဆိုသည်မှာ ပြဿနာ အရမ်း ကြီးမားလွန်းလှလေသည်။
တဖြည်းဖြည်းနှင့် သားရဲများသည်လည်း နေရာ ချဲ့ထွင်ရန် အတွေးများကို စွန့်လွှတ်လိုက်ကြပြီး ထောင့်တစ်နေရာတွင် အေးချမ်းစွာ နေထိုင်ရခြင်းကလည်း မဆိုးပါဘူးဟု တွေးလာကြလေသည်။
သို့သော် ကျန်းပေရန်၏ အကြံပြုချက် က ယခုမှ ငြိမ်းသွားသော ထင်းခြောက်များ ပေါ်သို့ မီးပွား တစ်ခု ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ၎င်းတို့၏ ကြီးမားလှသော ရည်မှန်းချက် များကို တစ်ခဏ အတွင်း ပြန်လည် တောက်လောင်လာစေခဲ့လေသည်။
စကားပြောနေစဉ် အတွင်း ကျန်းပေရန် သည် ထောင်ဝူနှင့် အတူ ပိုရီ နေထိုင်သော တောအုပ် ကို မြင်ရသည့် နေရာသို့ ရောက်ရှိလာခဲ့လေသည်။
"တမန်တော်ကြီးက ငါ့ကို လာရှာတာလား"
ထိုစဉ် သစ်ပင်ပေါ်ရှိ ပန်းသီး တစ်လုံးမှ ရုတ်တရက် အသံ ထွက်ပေါ်လာလေသည်။
ထို ပန်းသီး ကို လှမ်းကြည့်လိုက်ပြီး ကျန်းပေရန် က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ထောင်ဝူ ပြောတာတော့ မင်း ငါ့ကို ရှာစရာ ရှိတယ်ဆိုလို့"
"ဟုတ်တယ် အရေးတကြီးကိစ္စ ရှိလို့ပါ"
ပိုရီ စကားဆုံးသည်နှင့် မရေမတွက်နိုင်သော စပျစ်နွယ်ပင်များသည် အရင်တစ်ခေါက်ကကဲ့သို့ပင် တဲကြီး တစ်ခု အဖြစ် ပေါင်းစပ်သွားပြီးနောက် ပိုရီ၏ ခန္ဓာကိုယ် အစစ်အမှန်သည် ပန်းသီး ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။
'မင်း ကျင့်ထားတာ တကယ်တော့ ဘာကျင့်စဉ်လဲ... အရာအားလုံး အပေါ်မှာ ဝင်ပူးလို့ ရနေတာလား'
ကျန်းပေရန်က ပိုရီ၏ ထူးဆန်းမှုကို အံ့အားသင့်နေစဉ် ပိုရီ က စကားစလာလေသည်။
"တမန်တော်ကြီး အရင်တစ်ခေါက် ထွက်သွားပြီး ကတည်းက မျိုးနွယ်စု ခေါင်းဆောင် အတော်များများ ငါ့ဆီကို ပြေးလာပြီး မေးခွန်း တစ်ခုကို လာမေးကြတယ် အဲ့ဒါက မင်းရဲ့ စကားတွေက တကယ်ပဲ ယုံကြည်ရလား ဆိုတာပဲ"
"သေချာပေါက် ယုံကြည်ရတာပေါ့"
"ငါလည်း သူတို့ကို အဲ့ဒီလိုပဲ ပြန်ဖြေလိုက်တယ် သူတို့ ကြားပြီးနောက် ခဏလောက် တိတ်ဆိတ်သွားကြပြီး မင်းကို လာရှာမယ် ဆိုပြီး ဆူညံနေကြတယ်"
"ဒါဆို အခု အချိန်အထိ ငါ့ကို တွေ့ချင်နေတဲ့ မျိုးနွယ်စု ခေါင်းဆောင် ဘယ်နှစ်ယောက် ရှိပြီလဲ"
"စုစုပေါင်း ခုနစ်ယောက် ရှိပြီ"
"သဘောမတူတဲ့ သူတွေထက် များသွားပြီလား"
"ဟုတ်တယ်"
ပိုရီ က ပြန်ဖြေလိုက်ပြီးနောက် ဆက်ပြောလေသည်။
"မင်း သူတို့ကို အရင် သွားတွေ့ပြီး ဒီ မဟာမိတ် ဖွဲ့တဲ့ ကိစ္စကို ဘယ်လို အကောင်အထည် ဖော်ရမလဲ ဆိုတာ သေချာ ရှင်းပြလို့ ရမလား"
"ဟင့်အင်း ဟင့်အင်း"
ကျန်းပေရန် က ခေါင်းယမ်းလိုက်လေသည်။ "ဒီမှာ သားရဲတစ်ကောင်က ဒီ အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ သဘောမတူဘူး ဆိုရင် ဘယ်လောက် ပြောပြော အလကားပဲ မင်းတို့ အားလုံး အရင် သဘောတူညီမှု ရအောင် လုပ်လိုက်ပါ ပြီးမှ ဒီ အစီအစဉ် ရဲ့ အသေးစိတ် အချက်အလက်တွေကို ငါ လာပြောပြမယ်"
"ဒါက... ကျန်နေသေးတဲ့ မျိုးနွယ်စု ခေါင်းဆောင် တွေက အရမ်း ခေါင်းမာကြတယ် သူတို့ကို ဖျောင်းဖျဖို့ ဆိုတာ တကယ် မလွယ်ကူလှဘူး"
ကျန်းပေရန် က ကြားပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကာ ပြန်ဖြေလိုက်လေသည်။
"ငါ မလောပါဘူး စောင့်ဖို့ အချိန်တွေ အများကြီး ရှိပါတယ် မင်းတို့ဘက်က မျိုးနွယ်စု ခေါင်းဆောင် တွေ အားလုံး သဘောတူတဲ့ နေ့ကျမှ ငါတို့ ပြန်ဆွေးနွေးကြတာပေါ့"
ကျန်းပေရန် က ဒီကိစ္စကို လုံးဝ စိတ်မဝင်စားသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ပိုရီ လည်း မတတ်နိုင်တော့ဘဲ အမြီး ကိုးချောင်းကို ရမ်းခါကာ ပြောလိုက်လေသည်။
"ကောင်းပြီ ငါ သူတို့နဲ့ ထပ်သွားဆွေးနွေးကြည့်ပါ့မယ်"
"ပင်ပန်းသွားပြီ"
ကျန်းပေရန် က ပြုံးလျက် ပြောလိုက်လေသည်။
ပိုရီ က ကြားပြီးနောက် ပါးစပ်ကို ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် အားလုံးကို ပြန်မျိုချလိုက်ပြီးနောက် ထောင်ဝူကို ပြောလိုက်လေသည်။
"မင်း ငါနဲ့ အတူတူ လိုက်ခဲ့"
ထောင်ဝူက ကြားပြီးနောက် သိသိသာသာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် ပိုရီ၏ ဘေးသို့ သွားရပ်လိုက်လေသည်။
"ဒါဆိုရင် တမန်တော်ကြီး ဒီမှာပဲ ငါတို့ရဲ့ သတင်းကောင်း ကို စောင့်နေပေးပါ ငါတို့ မြန်မြန် ပြန်လာခဲ့ပါ့မယ်"
ပြောပြီးနောက် ပိုရီ သည် ထောင်ဝူ ကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေသည်။
ပိုရီ သည် မြန်မြန် ဆိုသော စကားလုံးကို တစ်ခုခု နားလည်မှု လွဲနေကြောင်း သိသာလှပေသည်၊ ယခုတစ်ကြိမ် ကျန်းပေရန် စောင့်ဆိုင်းရသော အချိန်မှာ အရင်တစ်ကြိမ်ကထက်ပင် ပိုမို ကြာမြင့်နေလေသည်။
သို့သော် ကျန်းပေရန်၏ မျက်နှာပေါ်တွင် မည်သည့် စိတ်မရှည်သည့် အရိပ်အယောင်မျှ မရှိပေ။ အကြောင်းမှာ သူသည် သူ၏ ရည်ရွယ်ချက် ဖြစ်သော ဤသားရဲများကို အတွင်းပိုင်းမှ အရင် ခွဲထုတ်ကာ ၎င်းတို့ ကိုယ်တိုင် အချင်းချင်း ပြန်လည် ဖျောင်းဖျစေရန် ဆိုသည့် ရည်ရွယ်ချက် ကို အောင်မြင်သွားပြီ ဖြစ်သောကြောင့်တည်း။ ထိုဖျောင်းဖျနိုင်စွမ်းမှာ သူ ကိုယ်တိုင် သွားပြောသည်ထက် အများကြီး ပိုမို ကြီးမားလှပေသည်။
အခန်း ၆၉၉ မဟာမိတ်
ကျန်းပေရန် နောက်ထပ် တစ်ရေး အိပ်ရာမှ နိုးလာပြီးနောက် ဒီနေရာတွင် အသားကင်စင် တစ်ခု လုပ်ကာ ပျော်ပွဲစား ထွက်ရမည်လားဟု စဉ်းစားနေစဉ် ပိုရီသည် စပျစ်နွယ်ပင် တဲကြီးထဲသို့ ရုတ်တရက် ပြန်ရောက်လာပြီး ကျန်းပေရန်ကို ပြောလိုက်လေသည်။
"တမန်တော်ကြီး အခု မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံးက လူသားတွေနဲ့ မဟာမိတ် ဖွဲ့ချင်တဲ့ အတွေး ရှိနေကြပြီ ဒါပေမဲ့ စိတ်ထဲမှာတော့ စိုးရိမ်ပူပန်မှုလေးတွေ နည်းနည်း ရှိနေတုန်းပဲ မင်း သွားပြီး သူတို့ကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား သူတို့ရဲ့ စိတ်ထဲက စိုးရိမ်မှုတွေကို ဖယ်ရှားပေးဖို့"
ကျန်းပေရန်က ကြားပြီးနောက် ပြုံးလျက် ခေါင်းယမ်းကာ ပြန်ပြောလိုက်လေသည်။
"မရဘူးလေ အစတည်းက ငါ ပြောခဲ့ပြီးသားပဲ ငါက မင်းတို့ကို အခွင့်အရေး တစ်ခု ပေးရုံသက်သက်ပဲ အဲ့ဒီ အခွင့်အရေးကို ဖမ်းဆုပ်မလား မဆုပ်ဘူးလား ဆိုတာ မင်းတို့ သဘောဆန္ဒ အပေါ်မှာပဲ လုံးဝ မူတည်တယ် ငါကသာ သွားပြီး ဖျောင်းဖျနေမယ်ဆိုရင် အဓိပ္ပာယ် လွဲသွားလိမ့်မယ်"
ကျန်းပေရန်က လုံးဝ ကူညီမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ ပိုရီ လည်း မတတ်နိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် ကျန်းပေရန် သည် ၎င်းတို့ကို အသုံးချရန် ရည်ရွယ်ချက် လုံးဝ မရှိကြောင်းကိုလည်း ယုံကြည်သွားလေသည်။
သို့မဟုတ်ပါက ကိစ္စရပ်များ ဒီအဆင့်အထိ ရောက်နေပြီ ဖြစ်သော်လည်း သူက ဤမျှလောက် တည်ငြိမ်နေမည် ဆိုသည်မှာ လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။
"ကောင်းပြီ ငါ နားလည်ပါပြီ ငါ ထပ်ပြီး သွားစမ်းကြည့်ပါ့မယ်"
ပိုရီ က ပြောပြီးနောက် အပြင်သို့ ထွက်ရန် ပြင်လိုက်သော်လည်း နောက်ကျောရှိ မျက်လုံးက ကျန်းပေရန်ကို လှည့်ကြည့်ကာ ထပ်မေးလိုက်လေသည်။
"ငါတို့က ဒီအခွင့်အရေးကို ဖမ်းဆုပ်ဖို့ ရွေးချယ်လိုက်ပြီ ဆိုတာ ဘယ်လို အခြေအနေမျိုးကို ခေါ်တာလဲ ဆိုတာ တိတိကျကျလေး မေးလို့ ရမလား"
"အနည်းဆုံးတော့... သူတို့ စိတ်ထဲက စိုးရိမ်မှုတွေကို ငါကနေတစ်ဆင့် သွားဖယ်ရှားပေးတာမျိုး မဖြစ်ရဘူးပေါ့"
ပိုရီက ကြားပြီးနောက် ခဏတာ စဉ်းစားခန်း ဝင်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ငါ နားလည်ပါပြီ ဒါပေမဲ့ အချိန်တော့ နည်းနည်း ပိုယူရလိမ့်မယ် တမန်တော်ကြီး ရက်အနည်းငယ်လောက် ထပ်စောင့်ပေးပါဦး"
"ကောင်းပြီ ဒါဆို ငါထောင်ဝူရဲ့ မျိုးနွယ်စု ထဲမှာပဲ မင်းရဲ့ သတင်းကို စောင့်နေမယ်"
"ဒါဆိုလည်း တမန်တော်ကြီးကို ကျေးဇူးတင်ပါတယ်"
ပိုရီက ပြောပြီးနောက် စပျစ်နွယ်ပင် တဲကြီးထဲမှ ထွက်ခွာသွားလေသည်။ တစ်ဆက်တည်းမှာပင် ထောင်ဝူ ကိုလည်း လှမ်းပြောလိုက်၏။
"ဒီတစ်ခေါက် ငါ့ဘာသာ ငါ သွားလိုက်မယ်"
ကျန်ရစ်ခဲ့သော ထောင်ဝူ ကို ကြည့်ရင်း ကျန်းပေရန် က ရှေ့သို့ တိုးသွားကာ ပြောလိုက်လေသည်။
"သွားကြစို့"
လမ်းတွင် ထောင်ဝူသည် ကျန်းပေရန်ကို တစ်ချက် တစ်ချက် လှည့်ကြည့်နေသော်လည်း ကျန်းပေရန် ဘက်မှ မေးမြန်းမည့် အရိပ်အယောင် လုံးဝ မရှိသည်ကို မြင်သောအခါ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"အဲ့ဒီ ခေါင်းဆောင် တွေရဲ့ တကယ့် သဘောထားက ဘယ်လို ရှိလဲ ဆိုတာ မင်း မသိချင်ဘူးလား"
"အရေးမကြီးပါဘူး မင်းတို့ ကိုယ်တိုင်တောင် ဒီအခွင့်အရေးကို ဆုပ်ကိုင်ချင်တဲ့ စိတ် အပြည့်အဝ မရှိဘူး ဆိုရင် မင်းတို့ကို ငါ ကူညီပေးနေဖို့ မလိုအပ်တော့ဘူး ဆိုတာပဲ ငါ သိတယ်"
"ဒါပေမဲ့... ဒါပေမဲ့..."
ထောင်ဝူက အချိန်အတော်ကြာ ဗလုံးဗထွေး ဖြစ်နေပြီးမှ ဆက်ပြောလေသည်။
"ငါတို့မှာလည်း အခက်အခဲတွေ ရှိတယ် ငါတို့က လူသားတွေနဲ့ မျိုးဆက်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့တာ အခုချိန်ထိ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဆိုတာ မသိတော့ဘူး ရုတ်တရက်ကြီး သူတို့နဲ့ မဟာမိတ် ဖွဲ့ရမယ် ဆိုတာက တကယ်ကို ခက်ခဲလွန်းတယ်"
"ဒါဆိုရင် မင်းတို့ရဲ့ မျိုးနွယ်စု ကို ပြန်လည် မြှင့်တင်ချင်တယ် မင်းတို့ရဲ့ မျိုးနွယ်စု ကို ပြန်လည် အားကောင်းလာစေချင်တယ် ဆိုရင် ဘယ်လိုလုပ် မခက်ခဲဘဲ နေမလဲ ဆိုတာကိုလည်း နားလည်ရမှာပေါ့ အကယ်၍ မခက်ခဲဘူး ဆိုရင် မင်းတို့ အစောကြီး ကတည်းက လုပ်ခဲ့ပြီးပြီ မဟုတ်လား"
ထောင်ဝူက ကြားပြီးနောက် ခဏတာ ကြောင်အသွားပြီး ပြောလိုက်လေသည်။
"မင်းရဲ့ ဒီစကားကို... မနေ့က မျက်လုံးကြီးလည်း ပြောခဲ့တယ်"
ကျန်းပေရန် က ကြားပြီးနောက် သိပ်ပြီး မအံ့ဩလှပေ။ အကယ်၍ ဒီလောက် အသိတရားလေးမျှပင် မရှိဘူး ဆိုပါက ပိုရီသည်လည်း ဒီကိစ္စတွင် ဤမျှလောက် တက်ကြွနေမည် မဟုတ်ပေ။
ဉာဏ်ကောင်းသော သားရဲ တစ်ကောင် အနေဖြင့် သားရဲကြီး မျိုးနွယ်စု အတွက် နှစ်ထောင်ပေါင်းများစွာ အတွင်း တစ်ကြိမ်သာ ကြုံတွေ့ရနိုင်သော အခွင့်အရေး ဖြစ်ကြောင်း ၎င်း ကောင်းစွာ သိရှိထားလောက်လေသည်။ အကယ်၍ လွတ်သွားခဲ့ပါက နောက်တစ်ကြိမ် ဘယ်တော့ ပြန်ကြုံရမည်ကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
"မင်းတို့ မျိုးနွယ်စုထဲမှာ ဒီလောက် ဉာဏ်ကောင်းတဲ့ ခေါင်းဆောင် တစ်ယောက် ရှိနေတာကို မင်းတို့ ကျေးဇူးတင်သင့်တယ် မဟုတ်ရင် အနာဂတ်မှာ ဒီနေ့ မင်းတို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အတွက် မင်းတို့ အလွန်အမင်း နောင်တရနေကြလိမ့်မယ်"
ထောင်ဝူ က ကြားပြီးနောက် အနာဂတ်ကို စဉ်းစားကြည့်လိုက်မိပြီး မျိုးနွယ်စု ကို ဖွံ့ဖြိုးတိုးတက်စေမည့် ဒီအခွင့်အရေးကိုသာ မဆုပ်ကိုင်နိုင်ခဲ့ပါက မိမိ နောင်တရမည်လား ဟု တွေးတောနေမိလေသည်။
အဖြေမှာ သေချာပေါက် အတည်ပြုပြီးသား ဖြစ်လေသည်။
ရလိမ့်မည်။
သေချာပေါက် နောင်တရလိမ့်မည်။
၎င်းတို့သည် ဒီနေရာတွင် အကျဉ်းချ ခံထားရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်ပြီး ဒီ လှောင်ချိုင့်ကြီး ကို ဖောက်ထွက်နိုင်မည် မဟုတ်ကြောင်းကိုလည်း စိတ်ထဲတွင် ကောင်းစွာ နားလည်ထားပြီး ဖြစ်လေသည်။
မျိုးနွယ်စုသည် အဆက်မပြတ် ဖိနှိပ်ခံနေရသည့် အခြေအနေ အောက်တွင် ၎င်းတို့၏ စွမ်းအားများမှာ တဖြည်းဖြည်း အားနည်းလာရုံသာ ရှိမည် ဖြစ်ပြီး လူသားများမှာမူ နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ အရင်းအမြစ် အများစုကို ပိုင်ဆိုင်ထားကြရာ သေချာပေါက် ပိုမို အားကောင်းလာကြမည် ဖြစ်၏။
တစ်ဖက်က အားနည်းလာပြီး တစ်ဖက်က အားကောင်းလာသည့် အခြေအနေတွင် ပြန်လည် တိုက်ခိုက်ရန် ဆိုသည်မှာ ထားလိုက်ပါတော့၊ မျိုးနွယ်စု တစ်ခုလုံး အပြတ်ရှင်း ခံရရန် ဆိုသည်မှာလည်း အချိန်ကာလ တစ်ခုသာ လိုအပ်တော့လေသည်။
နောက်တစ်ကြိမ် ထောင်ဝူ၏ မျက်နှာပေါ်တွင် စဉ်းစားခန်း ဝင်နေသည့် အမူအရာ ပေါ်လာပြန်လေသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းသည် အရင်လို ဇဝေဇဝါ ဖြစ်နေခြင်း သက်သက် မဟုတ်ဘဲ တကယ်ကို တစ်ခုခု စဉ်းစားနေကြောင်း ကျန်းပေရန် ခံစားသိရှိနိုင်လေသည်။
...
ငါးရက် ကုန်လွန်သွားပြီးနောက် သန့်စင်သော စမ်းရေတွင်း ဘေးတွင် မပြီးသေးသော အဆင့်မြင့် အိမ်ရာ ကို တည်ဆောက်နေစဉ် ကျန်းပေရန်သည် ထောင်ဝူ၏ အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
"တမန်တော်ကြီး တမန်တော်ကြီး ပိုရီ သူက..."
သို့သော် ကျန်းပေရန် လှည့်ကြည့်ကာ ဘာကိစ္စလဲဟု နားထောင်ရန် ပြင်လိုက်စဉ်မှာပင် ကြီးမားလှသော စပျစ်နွယ်ပင်ကြီး တစ်ပင် မြေကြီးထဲမှ ထွက်ပေါ်လာပြီး ထိပ်ဖျားတွင် ပိုရီ ၏ အမှတ်အသား ဖြစ်သော မျက်လုံးကြီး တစ်လုံး အဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။
"တမန်တော်ကြီး ရလဒ် ထွက်လာပြီ ငါ..."
သို့သော် ပိုရီ စကားမဆုံးမီမှာပင် ထောင်ဝူ၏ အသံကုန် အော်ဟစ်သံကို ကြားလိုက်ရလေသည်။
"ဟေ့ မျက်လုံးကြီး မင်း စည်းကမ်း ဖောက်နေပြီနော်"
ပိုရီက ကြားပြီးနောက် လှည့်ကာ ပြန်ပြောလိုက်လေသည်။
"ငါ့ရဲ့ ခန္ဓာကိုယ် အစစ်က မင်းရဲ့ မျိုးနွယ်စုထဲကို ဝင်လာတာမှ မဟုတ်တာ ဘာစည်းကမ်း ဖောက်တာလဲ"
ထောင်ဝူက ကြားပြီးနောက် ကြောင်အသွားပြီး မိမိရှေ့ရှိ စပျစ်နွယ်ပင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ထားပါတော့ ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်မယ်"
ထောင်ဝူကို ဖျောင်းဖျပြီးနောက် ပိုရီက ကျန်းပေရန်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်လေသည်။
"ငါတို့ လူသား တွေနဲ့ မဟာမိတ် ဖွဲ့ဖို့ သဘောတူတယ်"
ကျန်းပေရန်က နားထောင်ပြီးနောက် မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်ကာ ပိုရီ ကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်ပြီး မေးလိုက်၏။
"မျိုးနွယ်စု ခေါင်းဆောင်တွေ အားလုံး သဘောတူလိုက်ကြတာလား"
"ဟုတ်တယ်"
ပိုရီ က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
"အရမ်း တော်တာပဲ"
တကယ်တော့ လူသားနှင့် သားရဲကြီး မဟာမိတ် အဖွဲ့ကို ဖြစ်မြောက်စေရန် ဆိုသော ကိစ္စအပေါ် ကျန်းပေရန် ကိုယ်တိုင်လည်း သိပ်ပြီး ယုံကြည်ချက် မရှိလှပေ။ မည်သို့ပင်ဆိုစေ ထောင်ဝူ ပြသခဲ့သည့် အတိုင်းပင် သားရဲကြီး များနှင့် လူသားများ ကြားရှိ ရန်ငြိုးများမှာ အလွန် နက်ရှိုင်းလွန်းလှရာ တစ်ကြိမ်တည်းနှင့် ဖြေရှင်းနိုင်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်၏။
သို့သော် အခု ကြည့်ရတာတော့...
ဘယ်ကမ္ဘာ၊ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် ထာဝရ မိတ်ဆွေ ဆိုတာ မရှိဘူး၊ ထာဝရ ရန်သူ ဆိုတာလည်း မရှိဘူး၊ ထာဝရ အကျိုးစီးပွား သာ ရှိတယ် ဆိုသော စကားမှာ အမြဲတမ်း အသုံးဝင်နေဆဲပင် ဖြစ်လေသည်။
သန့်စင်သော နေရာဟောင်း တွင် အသေအချာ ပိတ်လှောင် ခံထားရသော ဒီ သားရဲကြီး များ အတွက်မူ နေရာသစ် ရရှိရန် အခွင့်အရေးမှာ အလွန် ရှားပါးလှပေသည်။ မည်မျှ ရှားပါးသနည်း ဆိုလျှင် ၎င်းတို့ တစ်ကိုယ်လုံး နေရထိုင်ရ ခက်နေလျှင်တောင်မှ ဒီဆုံးဖြတ်ချက်ကို အတူတူ ချမှတ်နိုင်ခဲ့ကြသည် အထိပင် ဖြစ်၏။
ပိုရီ က မျိုးနွယ်စု ခေါင်းဆောင် အားလုံး လူသားများနှင့် မဟာမိတ် ဖွဲ့ရန် သဘောတူညီကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ထောင်ဝူ ၏ မျက်နှာပေါ်တွင်လည်း အလွန် အံ့အားသင့်နေသည့် အမူအရာ ပေါ်လာလေသည်။
"အဲ့ဒီ သံမဏိ ခေါင်းမာတဲ့ ကောင်တွေက သဘောတူလိုက်ကြတယ် ဟုတ်လား မျက်လုံးကြီး မင်း သူတို့ကို ထူးဆန်းတဲ့ အရာ တစ်ခုခုများ ကျွေးလိုက်သေးလား"
ထောင်ဝူ ၏ စကားကို ဂရုမစိုက်ဘဲ ပိုရီ က ကျန်းပေရန် ကို ပြောလိုက်လေသည်။
"ဒါဆိုရင် ငါတို့ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ"
"မလောပါနဲ့"
ကျန်းပေရန်က လက်ကာပြလိုက်ပြီးနောက် သူ၏ အကြည့်များမှာ ရုတ်တရက် စူးရှလာလေသည်။
"အခု မင်းက မျိုးနွယ်စု ခေါင်းဆောင် အားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ငါ ယူဆလို့ ရမလား"
ပိုရီ ၏ မျက်လုံးကြီး တစ်ချက် လှုပ်ခတ်သွားပြီး တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
"ရပါတယ်"
"ကောင်းပြီ ဒါဆိုရင် မျိုးနွယ်စု ခေါင်းဆောင် အားလုံးက ကိုယ့်ရဲ့ မျိုးနွယ်ဝင် သားရဲ တွေကို သေချာ ထိန်းချုပ်ထားပေးပါ စည်းကျော်တဲ့ လုပ်ရပ်မျိုးတွေ မလုပ်မိစေနဲ့"
"သေချာပေါက်ပဲပေါ့"
ပိုရီ၏ အဖြေတွင် ယုံကြည်မှုများ အပြည့် ပါဝင်နေလေသည်။
"အရမ်း ကောင်းတယ် ဒါပေမဲ့ ဒါက အများကြီး ပတ်သက်နေတဲ့ ကိစ္စကြီး တစ်ခု ဖြစ်လို့ အရမ်းကြီး လောလို့ မရဘူး ဒီလို လုပ်ကြတာပေါ့ မျိုးနွယ်စု အသီးသီး ကနေ သားရဲတစ်စုကို ရွေးထုတ်ပြီး လူသား တွေဘက်ကို သွားပြီး အခြေအနေကို အရင် လေ့လာခိုင်းကြည့်ရအောင် ဘယ်လိုလဲ"
"ပြဿနာ မရှိဘူး တမန်တော်ကြီး ရဲ့ အကြံပြုချက်က အရမ်း ကောင်းတယ်"
"ဒါဆိုရင်လည်း ဒီအတိုင်း သဘောတူလိုက်ကြတာပေါ့ မင်းက အရင် သွားရမယ့် သားရဲတွေကို ရွေးချယ်ပေးဖို့ တာဝန်ယူလိုက်ပါ ရွေးပြီးသွားရင် နောက်တစ်ဆင့် ဘာလုပ်ရမလဲ ဆိုတာ ငါ ပြောပြမယ်"
"ကျေးဇူးတင်ပါတယ် တမန်တော်ကြီး ဒါဆို ငါ အရင် သွားတော့မယ်"
ပိုရီ က ပြောပြီးနောက် မြေအောက်သို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။
"တကယ်ကြီး အောင်မြင်သွားတာပဲ..."
မယုံနိုင်သေးသည့် မျက်နှာထားဖြင့် ရှိနေဆဲ ဖြစ်သော ထောင်ဝူ ကို ကြည့်ရင်း ကျန်းပေရန် က ပြုံးလျက် မေးလိုက်လေသည်။
"မင်းလည်း သဘောတူလိုက်တာပဲ မဟုတ်ဘူးလား"
"ဒါလည်း ဟုတ်တာပဲ ဟားဟားဟားဟား"
ထောင်ဝူက ပြောရင်း ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
မဟာမိတ် ဖွဲ့မည့် ပြဿနာကို ဖြေရှင်းပြီးနောက် ဂမ္ဘီရကြယ်စင်အဆောင် တည်ဆောက်မည့် နေရာ ရွေးချယ်မှု ပြဿနာမှာလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားလေသည်။ မူလက ကျန်းပေရန် သည် လူသား အများအပြား ၎င်းတို့၏ နေရာပေါ်သို့ လာရောက်ခြင်းကို သားရဲကြီး များက သဘောတူမည် မဟုတ်ဟု စိုးရိမ်နေခဲ့သော်လည်း ယခု မဟာမိတ် ဖွဲ့ပြီးသွားပြီ ဖြစ်ရာ ဒီကိစ္စမှာ သေးငယ်သော ကိစ္စလေး တစ်ခုသာ ဖြစ်သွားလေတော့သည်။
သို့သော် ကျန်းပေရန် သည် ဒီကိစ္စကို ထုတ်ပြောရန် မလောသေးပေ။ ဂျိနိုင်ငံ ဘက်နှင့် လုံးဝ ဆွေးနွေး ပြီးပြတ်သွားသည့် အချိန်ကျမှ ပြောလျှင်လည်း နောက်ကျမည် မဟုတ်ချေ။
...
ရှေးဟောင်း နယ်မြေ ဘက်မှ ကိစ္စများ ပြီးစီးသွားသောအခါ ကျန်းပေရန် သည် ဂျိနိုင်ငံ ဘက်သို့ ချက်ချင်း ပျံသန်း ထွက်ခွာသွားလေသည်။ လမ်းခရီးတွင် ကျန်းပေရန် သည် ပန်းခြံထဲတွင် ထိုင်ကာ ယခု မဟာမိတ် ဖွဲ့ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက် များကို စဉ်းစားနေလေသည်။
ဒီမျှလောက် အချိန်ကြာမြင့်စွာ ရန်သူများ ဖြစ်ခဲ့ကြသော လူသားနှင့် သားရဲများ အနေဖြင့် တစ်ကြိမ်တည်းနှင့် အစွဲအလမ်းများကို စွန့်လွှတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို သားရဲကြီး များက မည်မျှပင် နားထောင်ကောင်းအောင် ကတိပေးထားပါစေ အစပိုင်းတွင် သေချာပေါက် ပဋိပက္ခ များစွာ ဖြစ်ပေါ်လာမည် ဖြစ်ရာ ၎င်းတို့ကို မည်သို့ ညှိနှိုင်း ဖြေရှင်းပေးရမည် ဆိုသည်မှာ အလွန် အရေးကြီးသော ပြဿနာ တစ်ခု ဖြစ်လာလေသည်။
တစ်ချိန်တည်းမှာပင် ပိုမို ရှုပ်ထွေးသော ပြဿနာ တစ်ခုကလည်း ကျန်းပေရန် ကို ခေါင်းကိုက်လာစေလေသည်။
၎င်းမှာ သူတို့ နှစ်ဖက် ကြားတွင် တကယ်ပဲ ပဋိပက္ခများ ဖြစ်ပေါ်လာပါက သူ ကိုယ်တိုင် သွားရောက် ဖြေရှင်းပေးမှသာ ရနိုင်မည် ဖြစ်ပြီး ဒီလိုသာဆိုလျှင် သူသည် ဂျိနိုင်ငံ သို့ နေ့စဉ် ရက်ဆက် ပြေးလွှားနေရတော့မည် ဖြစ်လေသည်။
"ပန်းပွင့်လေးတွေ ကောင်းကင်အနှံ့ လွင့်ဝဲနေချိန်မှာ စောင်းကြိုးလေးကို ဖွဖွလေး တီးခတ်လိုက်တယ် မျက်ခုံး နှစ်ဖက်ကြားက ဝေဝါးနေတဲ့ တွယ်တာမှုတွေက နောက်ဆုံးတော့ အတိတ် ဖြစ်သွားခဲ့ပြီ... လာလာလာ"
ထိုစဉ် ကျန်းပေရန် သည် ဘေးနားတွင် သီချင်းလေး ညည်းကာ ပန်းချီဆွဲနေသော ရှီဖုန်းလန် ဘက်သို့ ရုတ်တရက် အကြည့် ရောက်သွားလေသည်။
လူသားနှင့် သားရဲများ ကြား ညှိနှိုင်းရေးမှူး အကြောင်း ပြောရမည် ဆိုလျှင် သူမှလွဲ၍ ရှီဖုန်းလန်သည် သေချာပေါက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။ ရှေးဟောင်း နယ်မြေ တွင် ရှိနေစဉ်က သူမ၏ ခေါင်းပွတ်သပ်မှု တစ်ချက်နှင့် မဖြေရှင်းနိုင်သော ပြဿနာ ဆိုသည်မှာ မရှိခဲ့ပေ။ အကယ်၍ တစ်ချက်နှင့် မရလျှင် နှစ်ချက် ပွတ်သပ်လိုက်ရုံပင် ဖြစ်၏။
သူမ၏ လျှို့ဝှက်နှလုံးသား ထျိုလော် ခန္ဓာကိုယ် မှာ လုံးဝ သားရများ၏ အားနည်းချက်ပင် ဖြစ်လေသည်။ မဟုတ်သေးဘူး... သားရဲများ၏ အချစ်ဆုံး မိတ်ဆွေ စံပြ ခန္ဓာကိုယ်ဟု ပြောရမည် ဖြစ်၏။
ပေရန်လေး၏ အကဲခတ်နေသော အကြည့်ကို ခံစားလိုက်ရသဖြင့် ရှီဖုန်းလန်က လှည့်ကြည့်ကာ မေးလိုက်လေသည်။
"ပေရန်လေး နင် ငါ့ကို ဘာလုပ်ဖို့ ကြည့်နေတာလဲ"
"အဓိပ္ပာယ် ရှိတဲ့ ကိစ္စကြီး တစ်ခုလောက် မလုပ်ချင်ဘူးလား"
ကျန်းပေရန် က မေးလိုက်၏။
"လုပ်ချင်တာပေါ့"
"ကိစ္စကြီး" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ရှီဖုန်းလန် မှာ ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ကောင်းပြီ ဒါဆိုရင် ဒီနေ့က စပြီး မင်းက လူသား တွေနဲ့ သားရဲတွေ ကြားက သံတမန် ဖြစ်သွားပြီ မင်းကို တာဟုန်လု လို့ ခန့်အပ်လိုက်တယ်"
"ဟေး ကောင်းပြီ"
ရှီဖုန်းလန်က အရင်ဆုံး အားရပါးရ အော်ဟစ်လိုက်ပြီးနောက် မေးလိုက်လေသည်။
"တာဟုန်လုက ဘာကြီးလဲ"
"အဲ့ဒါက နာမည် ခေါ်ဝေါ်မှု တစ်ခုပါပဲ အရေးမကြီးပါဘူး မင်းရဲ့ တာဝန်က လူသား တွေနဲ့ သားရဲကြီး တွေ ကြားက ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ ဆိုတာကိုပဲ နားလည်ထားရင် ရပြီ"
"ဟုတ်"
သို့သော် ချက်ချင်း သဘောတူလိုက်ပြီးနောက် ရှီဖုန်းလန် က ထပ်မေးလိုက်လေသည်။
"ဘူးသီးကြီး ဖြစ်သွားရင် ငါ တခြား နေရာတွေကို သွားရမှာလား တခြား နေရာ သွားရမယ် ဆိုရင်တော့ ငါ မလုပ်တော့ဘူးနော်"
"မလိုပါဘူး"
ရှင်းရှင်း ပြောရလျှင် ကျန်းပေရန်သည် ရှီဖုန်းလန် ကို သူ၏ ကိုယ်စား အပြေးအလွှား သွားရောက် ဖြေရှင်းခိုင်းရန် သက်သက်သာ ဖြစ်ပြီး ပုံမှန် အချိန်များတွင်မူ အရင်ကအတိုင်းပင် နေထိုင်ရမည် ဖြစ်လေသည်။
"ဒါဆို ငါ ဘူးသီးကြီး ဖြစ်သွားရင် ပေရန်လေး အတွက် အကူအညီ ဖြစ်နိုင်လား"
"အင်း အများကြီး ကူညီပေးနိုင်တာပေါ့"
"ဟေး ဒါဆိုရင် ငါ ဘာလုပ်ပေးရမလဲ"
"မလောပါနဲ့ နောက်ပိုင်း မင်း ထွက်လာဖို့ လိုအပ်တဲ့ အချိန်ကျရင် ငါ မင်းကို ပြောပြပါ့မယ်"
"စိတ်ချလိုက် ငါ့တာဝန် ထားလိုက်ပါ"
ရှီဖုန်းလန် က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီ ဆက်ပြီး ပန်းချီ သွားဆွဲတော့"
"အိုကေ"
ပန်းချီကားချပ် ရှိရာသို့ ခုန်ပေါက်ကာ လျှောက်သွားသော ရှီဖုန်းလန် ၏ ကျောပြင်ကို ကြည့်ရင်း ကျန်းပေရန် သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် မလှမ်းမကမ်းတွင် အိပ်ချင်ယောင် ဆောင်နေသော ယန်ယန်ကို ခေါ်လိုက်လေသည်။
လူအသွင် ပြောင်းထားသော ယန်ယန်သည် ကျန်းပေရန်၏ ရှေ့သို့ ရောက်လာသည်နှင့် ချက်ချင်းပင် မေးလိုက်လေသည်။
"ငါ့ကို အဲ့ဒီ ကောင်မလေး နဲ့ အတူတူ လိုက်သွားခိုင်းမလို့လား"
"အင်း"
ရှီဖုန်းလန် ၏ ခေါင်းပွတ်သပ်မှုက သားရဲများ၏ စိတ်ခံစားချက် များကို ငြိမ်သက်သွားစေနိုင်သော်လည်း တကယ်တမ်း ပြဿနာကို ဖြေရှင်းရန်မှာ စကားပြော ဆက်သွယ်မှု အပေါ်တွင်သာ မှီခိုရမည် ဖြစ်သည်။ သားရဲကြီး များထဲတွင် တစ်ခုတည်းသော စကားပြောဆိုနိုင်သည့် အမြီးကိုးချောင်း မြေခွေး မျိုးနွယ်စုဝင် တစ်ဦး အနေဖြင့် ဒီ ကြီးမားသော တာဝန်ကြီးမှာ သဘာဝကျကျပင် ယန်ယန် ၏ ပခုံးပေါ်သို့ ကျရောက်လာခြင်း ဖြစ်လေသည်။
"အကျိုးအမြတ် ရမှာလား"
"မရဘူး"
ကျန်းပေရန် ၏ အေးစက်သော အဖြေကို ကြားသောအခါ ယန်ယန် မှာ မနေနိုင်ဘဲ ပါးစပ်ကို ဖောင်းလိုက်လေသည်။
"တစ်ခုခုလောက်တော့ ငါ့ကို ကျေနပ်အောင် ပေးလိုက်သင့်တာပေါ့"
ယန်ယန် စကားဆုံးသည်နှင့် သူမ၏ ရှေ့သို့ သကြားလုံးကင် တစ်ချောင်း ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
"ဒါကလည်း... အရမ်းကို ပြီးစလွယ် နိုင်လွန်းတယ်"
ပါးစပ်မှ ထိုသို့ ပြောနေသော်လည်း ယန်ယန် သည် သကြားလုံးကင်ကို ယူကာ တစ်ချက် လျက်လိုက်လေသည်။
"ကောင်းပြီလေ ဒီအကူအညီကို ငါ ပေးလိုက်ပါ့မယ်"
"ဒါဆိုရင်လည်း ပင်ပန်းသွားပြီ"
ကျန်းပေရန် က ပြောပြီးနောက် ထပ်မံ ခေါင်းငုံ့ကာ လူသားနှင့် သားရဲကြီး မဟာမိတ် ဖွဲ့ပြီးနောက် ဖြစ်ပေါ်လာနိုင်သော ပြဿနာ များကို ဆက်လက် စဉ်းစားနေလေတော့သည်။
...
နာရီဝက်ခန့် အကြာတွင် ပျံသန်းစံအိမ် သည် ဂျိနိုင်ငံ၏ အဓိက မြို့တော် ဖြစ်သော အန်းလင် မြို့သို့ တည်ငြိမ်စွာ ဆင်းသက်သွားလေသည်။ ဒီနေရာမှာ ကျန်းပေရန်က စာထဲတွင် မုရှန်းရုံ နှင့် တွေ့ဆုံရန် ချိန်းဆိုထားသော နေရာ ဖြစ်လေသည်။
"ဆရာကျန်း မတွေ့ရတာ ရက်အတော် ကြာပြီ အရမ်းကို လွမ်းနေတာ"
အိမ်တော် တစ်ခု အတွင်း ကျန်းပေရန် ပျံသန်းစံအိမ် ပေါ်မှ ဆင်းလာသည်နှင့် မုရှန်းရုံ မှာ ကြိုဆိုရန် အသင့် ရောက်ရှိနေပြီ ဖြစ်ပြီး ကြည့်ရသည်မှာ သူ စောင့်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပုံရလေသည်။
"ဂိုဏ်းချုပ်မု နေကောင်းရဲ့လား"
ကျန်းပေရန် က မုရှန်းရုံ ကို လက်ယှက် ဂါရဝပြုကာ နှုတ်ဆက်လိုက်လေသည်။
"နေကောင်းပါတယ် နေကောင်းပါတယ် လာ အထဲကို အရင် ဝင်ကြရအောင် ကျုပ် အရက်နဲ့ ဟင်းလျာတွေ ပြင်ဆင်ထားပြီးပါပြီ ဆရာကျန်းက အရမ်း အလောတကြီး ရောက်လာတော့ အရမ်း ကောင်းတာတွေတော့ မပြင်ဆင်လိုက်နိုင်ဘူး"
ကျန်းပေရန်က ကြားပြီးနောက် အနည်းငယ် ပြုံးလိုက်ကာ ထပ်မံ လက်ယှက် ဂါရဝပြုပြီး ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်မု ရဲ့ ဒီဖြစ်သလို ပြင်ဆင်မှုကတင် ကျုပ်ကို မျက်စိပွင့် သွားစေလောက်ပါတယ်"
"ဆရာကျန်းကလည်း နောက်နေပြန်ပြီ လာ ဒီဘက်ကို ကြွပါ"
မုရှန်းရုံက ပြောပြီးနောက် ကျန်းပေရန် ကို ခန်းမကြီး ထဲသို့ ခေါ်ဆောင်သွားလေသည်။
"ဆရာကျန်းကို ဂါရဝပြုပါတယ်"
ကျန်းပေရန် ခန်းမကြီး ထဲသို့ ဝင်ရောက်သွားသည့် တစ်ခဏမှာပင် တညီတညွတ်တည်း ဖြစ်နေသော နှုတ်ဆက်သံများ ထွက်ပေါ်လာလေသည်။ ခမ်းနား ထည်ဝါသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ် တစ်စုမှာ နှစ်တန်း တန်းကာ ကျန်းပေရန် ကို အလွန် ရိုသေစွာဖြင့် အရိုအသေ ပြုနေကြသည်ကို တွေ့လိုက်ရလေသည်။
"ဒါက..."
ကျန်းပေရန် က လှည့်ကာ မုရှန်းရုံ ကို ကြည့်လိုက်လေသည်။
မုရှန်းရုံက ကြားပြီးနောက် ရယ်မောကာ ပြန်ဖြေလေသည်။
"သူတို့ အားလုံးက ကျုပ်တို့ ဂိုဏ်းထဲက အတတ်ပညာဘက်မှာ ထူးချွန်တဲ့ လူငယ်လေးတွေပါ ဆရာကျန်း လာမယ် ဆိုတာကို ကြားတော့ ခင်ဗျားကို တွေ့ရဖို့ ကျုပ်ကို အတင်း ပူဆာနေကြလို့ပါ ကျုပ်လည်း မငြင်းနိုင်တော့လို့ သူတို့ကို ဧည့်ခံဖို့ ခေါ်လာလိုက်တာပါ ဆရာကျန်း အနေနဲ့ စိတ်မရှိပါနဲ့"
"ဂိုဏ်းချုပ်မုကလည်း အရမ်း ပြောနေပြန်ပါပြီ ဒါက ဘာများ အပြစ်တင်စရာ ရှိလို့လဲ"
ပြောပြီးနောက် ကျန်းပေရန် က ထို လူငယ်များကို ကြည့်ကာ ပြောလိုက်လေသည်။
"ရောက်လာမှတော့ အားလုံး အတူတူ ထိုင်ကြတာပေါ့ အရမ်းကြီး အားနာ မနေကြပါနဲ့"
"ဟုတ်ကဲ့ပါ"
ထူးချွန်သော လူငယ် တစ်စုက ထပ်မံ၍ တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြလေသည်။
သို့သော် ကျန်းပေရန်က မုရှန်းရုံ ဘက်သို့ ပြန်လှည့်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုပ်ရည် ချောမောသော လူငယ် တစ်ဦးက ရှေ့သို့ တစ်လှမ်း တက်လာပြီး ကျန်းပေရန် ကို လက်ယှက် ဂါရဝပြုကာ ပြောလိုက်လေသည်။
"ဆရာကျန်း မျိုးဆက်သစ် ရှီချင်းမြောင်ပါ သမားတော် လမ်းစဉ်ကို ဝင်ရောက်လာတာ ငါးနှစ်ကျော် ရှိပါပြီ အရင်က ယွမ်ချန် မြို့မှာ ဆရာကျန်း ရဲ့ အပ်စိုက် ကုသမှုကို ကံကောင်းထောက်မစွာ မြင်တွေ့ခဲ့ရပြီး တကယ်ကို မျက်စိပွင့် သွားခဲ့ရပါတယ် အလွန်ကို လေးစား အားကျမိပါတယ်"
ကျန်းပေရန်က ကြားပြီးနောက် ပြုံးလျက် ပြောလိုက်လေသည်။
"လက်ကို ဆန့်ထုတ်လိုက်"
ရှီချင်းမြောင် က ကြားပြီးနောက် အရင်ဆုံး ကြောင်အသွားသော်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်လုံးကို ကျန်းပေရန် ၏ ရှေ့သို့ ဆန့်ထုတ်ပေးလိုက်လေသည်။
ကျန်းပေရန်သည် ရှီချင်းမြောင် ၏ လက်နှစ်ဖက်ကို ခဏတာ အကဲခတ်ကြည့်လိုက်ပြီးနောက် လက်ကို လှမ်းကာ သူ၏ လက်ကောက်ဝတ်ကို ဆုပ်နယ်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"အင်း မဆိုးဘူး တည်ငြိမ်ပြီး အားပါတယ် ဆေးပညာ သင်ဖို့ သင့်တော်တဲ့ လက် တစ်စုံပဲ"
"ဆရာကျန်း ရဲ့ ချီးကျူးမှု အတွက် ကျေးဇူးတင်ပါတယ်"
ရှီချင်းမြောင် က ပြောပြီးသည်နှင့် မြေပြင်ပေါ်သို့ ဒူးထောက်ချရန် ပြင်လိုက်သော်လည်း ကျန်းပေရန် က အလျင်အမြန် ဆွဲထူထားလိုက်လေသည်။
"ငါက အမှန်တရားကို ပြောပြရုံ သက်သက်ပါ ဒီလောက် ကြီးမားတဲ့ ဂါရဝပြုမှု မျိုး လုပ်စရာ မလိုဘူး"
"ဟုတ်ကဲ့"
ရှီချင်းမြောင်သည် ဆရာကျန်း ၏ ချီးကျူးမှုကို ရရှိသွားသည်ကို မြင်သောအခါ သူ၏ အနောက်တွင် တက်ကြွနေကြသော လူငယ်များလည်း ချက်ချင်း အုံရုံး တက်လာကြပြီး မိမိတို့၏ အမည်များကို အလုအယက် စတင် မိတ်ဆက်ကြလေတော့သည်။
မုရှန်းရုံ မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်လေသည်။
"စည်းကမ်း မရှိလိုက်ကြတာ ဆူညံပွက်လောရိုက်နေတာပဲ ဘယ်လို ပုံစံတွေ ပေါက်နေတာလဲ"
ဂိုဏ်းချုပ်၏ ဆူပူသံကို ကြားလိုက်ရသောအခါ လူငယ် တစ်စုမှာ ချက်ချင်းပင် ကြက်ပေါက်စလေးများ ကဲ့သို့ လည်ပင်း ပုဝင်သွားကြပြီး ခေါင်းငုံ့ကာ ပြောလိုက်ကြလေသည်။
"တပည့်တို့ မှားသွားပါတယ် ဂိုဏ်းချုပ် ဒေါသထွက်တာကို လျှော့ပါဦး"
"တော်ပြီ ငါ ဆရာကျန်း နဲ့ အရေးကြီး ကိစ္စ ဆွေးနွေးစရာ ရှိသေးတယ် မင်းတို့ တခြား စားပွဲ နှစ်ခုမှာ သွားထိုင်ကြ"
"ဟုတ်ကဲ့"
လူငယ် တစ်စုမှာ အလျင်အမြန် ခေါင်းညိတ်ကြပြီး ချက်ချင်း ထွက်ပြေးသွားကြလေတော့သည်။