← Chapters

အခန်း (၃၉၆)

Vol. 40 Ch. 396

အခန်း (၃၉၆)

Vol. 40 Ch. 396

အခန်း။ ၃၉၆

သားအဖနှစ်ဦးစလုံး စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ ကျောက်လင်းသည် သက်ပြင်းအရှည်ကြီးကိုသာ ချနိုင်တော့သည်။ သူမသည် ဘာမှမတတ်နိုင်တော့သည့်အဆုံး ခေါင်းကိုသာ ခါယမ်းရင်း "နင်တို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေကြမှတော့... ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့" ဟု ဖြည်းညှင်းစွာ ပြောလိုက်သည်။

စကားက ဤအဆင့်အထိ ရောက်လာပြီဖြစ်ရာ သူတို့ကို ဆက်လက်နားချရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

ကျောက်လင်းအနေဖြင့် သူတို့ကို သေတွင်းထဲသို့ သက်သက်မဲ့ လွှတ်ပေးလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လုချွမ်း၏ စရိုက်ကို အတော်အတန် နားလည်ထားသည်ဟု ခံစားမိသောကြောင့်ပင်။ လုချွမ်းသည် အကျပ်အတည်းနှင့် ရင်ဆိုင်ရပါက စိတ်လိုက်မာန်ပါ မလုပ်တတ်ဘဲ ခိုင်မာသော ယုံကြည်ချက်ရှိမှသာ လုပ်ဆောင်တတ်သူဖြစ်ကြောင်း သူမ သိထားသည်။

အထူးသဖြင့် ဤကိစ္စမှာ ချီချီလေး၏ ဘေးကင်းရေးနှင့်လည်း သက်ဆိုင်နေသည်။ လုချွမ်းက ချီချီလေးကို မည်မျှအထိ အစွန်းကုန်ချစ်သည်ကို ကြည့်ခြင်းအားဖြင့် သူမကို အန္တရာယ်ဖြစ်စေမည့် အခြေအနေမျိုးထဲသို့ မည်သို့မျှ တွန်းပို့လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူသာ တကယ် ယုံကြည်မှုမရှိပါက လီမြစ်အခြေစိုက်စခန်းတွင် အတင်းအဓမ္မ ကြံ့ကြံ့ခံနေရန် စွန့်စားလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လုချွမ်းအနေဖြင့် မိုးကြိုးဟိန်းသံကို ဘယ်လိုအနိုင်ယူမလဲဆိုသည်မှာ မရှင်းလင်းသေးပေ။ ထိုသားရဲကြီး၏ စွမ်းအားမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှပြီး ယခင်က ရှန်းချွမ်းအခြေစိုက်စခန်းတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ဖူးသည်။ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရှန်းချွမ်း အခြေစိုက်စခန်း ပျက်စီးသွားစဉ်က လူသားများစွာ အသက်ဆုံးရှုံးခဲ့ရခြင်းမှာ တကယ့်ကို ရင်နာစရာပင်။

ဤသည်ကို တွေးတောမိပြီးနောက် ကျောက်လင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း စိတ်ထဲတွင်မူ လုချွမ်းနှင့် ချီချီလေးတို့၏ ချဉ်းကပ်ပုံကို သဘောမတူနိုင်သေးပေ။

ပညာရှိသည် အန္တရာယ်ရှိသော တံတိုင်းအောက်တွင် မရပ်ဘူးဟူသော စကားအတိုင်း သူမ၏ အမြင်တွင်မူ အခြေစိုက်စခန်းကြီးများကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် သူတို့၏ အကွက်ချမှုများကို တိုက်ရိုက် ရင်ဆိုင်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု မဟုတ်သည်မှာ အသေအချာပင်။

ဘေးတွင် ရှိနေသော ကျိရုရွှယ်သည် ကျောက်လင်း အနည်းငယ် မကျေမနပ် ဖြစ်နေသည်ကို သတိထားမိသဖြင့် သူမကို နှစ်သိမ့်လိုက်သည်။

"အန်တီကျောက်လင်း... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ဆီ သတင်းလာပို့ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်နော်။ မဟုတ်ရင် ဖေဖေနဲ့ ချီချီလည်း ဘာမှမသိဘဲ နေမိတော့မှာ"

ကျောက်လင်း၏ ပြုမူချက်အပေါ် ကျိရုရွှယ် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားမိသည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ကမ္ဘာပျက်ကပ်ကာလဖြစ်ရာ အပြင်ဘက်တွင် ကြီးမားသော အန္တရာယ်များ ရှိနေသော်လည်း ကျောက်လင်းသည် စွန့်စားကာ သတင်းလာပို့ခဲ့ခြင်းမှာ တကယ့်ကို ချီးကျူးထိုက်သော လုပ်ရပ်ပင်။

ထိုစကားကို ကြားသောအခါ ကျောက်လင်းသည် စိတ်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး ပြုံးပြလိုက်သည်။

"ချီချီလေးက အန်တီ့ရဲ့ အသည်းနှလုံးလေးပဲ ဒါကြောင့် အန်တီက ပိုပြီး ဂရုစိုက်ရတာပေါ့"

ပြောပြောဆိုဆိုနှင့်ပင် ကျောက်လင်းသည် လက်ကို ဆန့်ထုတ်ကာ ချီချီလေး၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးလိုက်သည်။

ဘေးနားတွင် ရပ်နေသော လုချွမ်းသည်လည်း ကျောက်လင်း၏ အပြုအမူကို ကြည့်ရှုရင်း အသိအမှတ်ပြုနေမိသည်။

ယခင်ရက်များစွာက ကျွေးမွေးခဲ့သော ထမင်းနပ်များမှာ အလဟဿ မဖြစ်ခဲ့ချေ။ သတင်းစကားပါးရန် တကူးတက အပြေးအလွှား ပြန်လာခြင်းက ကျောက်လင်း၏ စိတ်ရင်းမှာ သူတို့ဘက်တွင် ရှိနေသည်ကို ဖော်ပြနေသည်။

ဤသည်ကို တွေးမိသောအခါ လုချွမ်းသည် သူ၏ အစောပိုင်းက လုပ်ရပ်များမှာ အနည်းငယ် လွန်သွားခဲ့သည်ဟု ခံစားလိုက်ရသည်။ ကျောက်လင်းသည် သူနှင့် ချီချီလေး၏ ဘေးကင်းရေးကို အမှန်တကယ် စိုးရိမ်သဖြင့် ရောက်လာခြင်းဖြစ်ပါလျက် သူကမူ အဆင့် ၄ ဇွန်ဘီရုပ်သေးအချို့ကို လွှတ်၍ ကျီစယ်ခဲ့မိသည်မှာ အမှန်တကယ်ပင် မသင့်တော်လှပေ။

သို့သော်လည်း လုချွမ်းအနေဖြင့် ကျောက်လင်းကို တောင်းပန်စကားပြောရန်မှာမူ လုံးဝမဖြစ်

နိုင်သည့် ကိစ္စပင်။

"အန်တီကျောက်လင်း... ချီချီ့ကို အဖော်လုပ်ပေးဖို့ ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေပေးပါလားဟင်။ ပြီးတော့ အစောပိုင်းက ဖြစ်ခဲ့တာတွေအတွက် တောင်းပန်တဲ့အနေနဲ့ ဖေဖေချက်တဲ့ ဟင်းတွေကိုလည်း အဝစားသွားပါဦး"

ကျိရုရွှယ်သည် ထိုင်ခုံပေါ်မှ ခုန်ဆင်းလာပြီး ကျောက်လင်းအနားသို့ သွားကာ သူမ၏ လက်မောင်းကို ကိုင်လှုပ်လျက် အသနားခံသလို ပြောလိုက်သည်။

ထိုရက်ပိုင်းအတွင်း ကျိရုရွှယ်မှာ တော်တော်လေး ပျင်းနေခဲ့သည်ဖြစ်ရာ ကျောက်လင်းသာ ရက်အနည်းငယ်ကြာ နေပေးမည်ဆိုပါက အလွန်ကောင်းမည်ဖြစ်သည်။ ဖခင်ဖြစ်သူမှာမူ သစ်တုံးကြီးတစ်တုံးကဲ့သို့ပင်။ ဖခင်ဖြစ်သူအား စကားပြောဖော်လုပ်ခိုင်းခြင်း၊ ဂိမ်းကစားခိုင်းခြင်း သို့မဟုတ် အဖော်လုပ်ခိုင်းခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲသေးသည်။ များသောအားဖြင့် မိနစ်အနည်းငယ်ကြာလျှင်ပင် သူက သည်းမခံနိုင်တော့ဘဲ ဇွန်ဘီများကို ထိန်းချုပ်ရန် ထွက်ပြေးသွားတတ်စမြဲပင်။

ကျောက်လင်းမှာမူ ချီချီလေးက သူမအပေါ် တွယ်တာနေသည်ကို ဝမ်းသာမိသလို အရေးကြီးသော တာဝန်များ ရှိနေသဖြင့် ကြာရှည်မနေနိုင်သည်ကိုလည်း စိတ်မကောင်းဖြစ်လျက် ရှုံ့မဲ့မဲ့ ပြုံးလိုက်မိသည်။

ဘာပဲဖြစ်ဖြစ် သူမသည် ယွီဟွာ အခြေစိုက်စခန်းရှိ အသေခံတပ်ဖွဲ့ဝင်များကို တစ်ရက်သာ ကြာမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမ ပြန်မရောက်ခဲ့ပါက ထိုတပ်ဖွဲ့မှာ ခေါင်းဆောင်မဲ့သွားပေလိမ့်မည်။ ယခုအချိန်တွင် ယွီဟွာ အခြေစိုက်စခန်းမှာ သူမအတွက် အလွန်

ကောင်းမွန်သော ခြေကုပ်စခန်းတစ်ခု ဖြစ်နေပြီး ၎င်းမှာ အဆင့်မြင့်စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် သူမ၏ ပထမဆုံးတာဝန်လည်း ဖြစ်ရာ အလွဲအချော် အဖြစ်မခံလိုပေ။

"စိတ်မကောင်းပါဘူး ချီချီလေးရယ် အန်တီ့မှာ အခုချက်ချင်း ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးကိစ္စတွေ ရှိနေလို့ပါ။ ဒီတစ်ခေါက် ပြန်လာနိုင်တာတောင် အန်တီ အတော်လေး ကြိုးစားခဲ့ရတာ... ဒီမှာ ဆက်နေဖို့ကတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်..."

ကျောက်လင်းက စိတ်မကောင်းစွာဖြင့် အနူးအညွတ် တောင်းပန်လိုက်သည်။

"ရပါတယ် အန်တီကျောက်လင်း အန်တီ့ကိစ္စတွေက ပိုအရေးကြီးတာပေါ့။ ချီချီ နားလည်ပါတယ်"

ကျိရုရွှယ်က လိမ္မာယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ငါ့တူမလေးက တကယ့်ကို အလိုက်သိတတ်တာပဲ"

ကျောက်လင်းသည် ချီချီလေးကို ကြည့်ရင်း စိတ်ထဲမှ ကြင်နာသနားမှုများ ဖြစ်ပေါ်လာကာ သူမ၏ ပါးပြင်လေးကို ပြုံးလျက် ဆွဲညှစ်လိုက်သည်။

"ဒါနဲ့ အန်တီကျောက်လင်း... ချီချီပေးလိုက်တဲ့ ရတနာတွေကရော အသုံးဝင်ရဲ့လားဟင်"

ယခုမှ တစ်စုံတစ်ခုကို သတိရသွားသည့်အလား ကျိရုရွှယ်သည် မလှမ်းမကမ်းရှိ ဖခင်ဖြစ်သူကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီးနောက် ကျောက်လင်းအနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ ကျောက်လင်း နောက်ဆုံးတစ်ခေါက် ထွက်ခွာသွားစဉ်က သူမ ပေးလိုက်သော ကိုယ်ခံပညာကျမ်းစာအုပ်အချို့အကြောင်းကို ကျိရုရွှယ် ပြန်လည်သတိရသွားခြင်းပင်။

ကျောက်လင်း မည်မျှအထိ တိုးတက်နေပြီလဲဆိုသည်ကိုလည်း သူမ သိချင်နေမိသည်။

ထိုစကားကို ကြားသောအခါ ကျောက်လင်းသည် ချီချီလေး ဘာကို ဆိုလိုသည်ကို သဘာဝကျကျပင် နားလည်လိုက်၏။ ထိုကိုယ်ခံပညာကျမ်းများကို ပြန်လည်တွေးတောမိတိုင်း ကျောက်

လင်မှာ ကျိရုရွှယ်ကို ကျေးဇူးတင်၍မဆုံးပေ။ ထိုစာအုပ်များကြောင့်သာ သူမ၏ တိုက်ခိုက်

နိုင်စွမ်းမှာ သိသိသာသာ မြင့်မားလာခဲ့ခြင်းပင်။ အထူးသဖြင့် ဆင့်ကဲဇွန်ဘီများနှင့် တိုက်ခိုက်ရသည့်အခါ ကိုယ်ခံပညာ အခြေခံရှိနေခြင်းက ကျောက်လင်းအတွက် အလွန်ပင် သိသာထင်ရှားသော အားသာချက် ဖြစ်စေခဲ့သည်။

"ချီချီလေး အန်တီ့ကို ပေးခဲ့တဲ့ လက်ဆောင်တွေက တကယ့်ကို အသုံးဝင်ပါတယ်ကွယ်။ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ရသလိုမျိုး ရန်သူတွေကို အလွယ်တကူ တိုက်ခိုက်နိုင်လို့ အန်တီကပဲ ကျေးဇူးတင်ရမှာပါ"

ကျောက်လင်းသည် ဘာမှမသိသလို ဟန်ဆောင်နေသော လုချွမ်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် နွေးထွေးစွာ ပြုံးပြလိုက်သည်။

"အသုံးဝင်တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ အန်တီရယ်။ နောက်ထပ် လိုချင်တာရှိရင်လည်း ချီချီ့ဆီကို အလည်လာရင်း တောင်းလို့ရပါတယ်နော်"

ကျိရုရွှယ်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုကိုယ်ခံပညာကျမ်းများက ကျောက်လင်းအတွက် များစွာ အထောက်အကူဖြစ်စေခဲ့သည်မှာ ထင်ရှားလှသည်။

ကျိရုရွှယ်၏ အမြင်တွင်မူ ထိုကိုယ်ခံပညာကျမ်းများမှာ များစွာ အရေးမပါလှသော်လည်း အဆင့် ၄ ဆင့်ကဲပြောင်းလဲမှု အခြေအနေ၌သာ ရှိနေသေးသော ကျောက်လင်းအတွက်မူ အလွန်ပင် လုံလောက်သည်။

"ရတနာ ဘယ်လိုရတနာလဲ"

ဘေးနားတွင် ရှိနေသော လုချွမ်းမှာမူ လုံးဝပင် ဝေခွဲမရဖြစ်နေတော့သည်။

ချီချီလေးက ကျောက်လင်းကို ဘယ်အချိန်မှာ ရတနာတွေ ပေးလိုက်တာလဲ။ ငါ ဘာလို့ မသိရတာလဲ။

ထို့ပြင် ထိုအရာများက ကျောက်လင်းအတွက် အမှန်တကယ်ပင် အသုံးဝင်ပုံရပြီး သူမ၏ စွမ်းဆောင်ရည်ကိုလည်း သိသိသာသာ တိုးတက်စေခဲ့သည်မှာ အထင်အရှားပင်။ လုချွမ်းသည် အပြန်ပြန်အလှန်လှန် တွေးတောကြည့်သော်လည်း ချီချီလေးတွင် မည်သည့်ရတနာများ ရှိနေနိုင်သည်ကို စဉ်းစား၍ မရနိုင်သေးပေ။

ဘာပဲဖြစ်ဖြစ် ချီချီလေးသည် အချိန်အတော်များများကို သူနှင့်အတူသာ ကုန်လွန်စေခဲ့သညဖြစ်ရာ သူမတွင် ရတနာရှိနေပါက သူ ကြိုတင်သိရှိထားသင့်သည်။ သို့သော်လည်း သူတို့၏ စကားပြောဆိုပုံအရ ကျောက်လင်းနှင့် ချီချီလေးတို့သည် ထိုရတနာအကြောင်းကို သူ့အား မသိစေချင်ကြသည်မှာ ရှင်းလင်းလှသဖြင့် လုချွမ်းကလည်း ဇွတ်အတင်း မမေးတော့ပေ။

သူတို့သည် ခေတ္တမျှ ဆက်လက်စကားပြောဆိုဖြစ်ကြသည်။

"ကဲ... အန်တီ သွားရတော့မယ်။ လုပ်စရာလေးတွေ ရှိနေသေးလို့ ဒီမှာ အကြာကြီး မနေနိုင်တော့ဘူး။ ခွင့်ပြုပါဦးနော်"

ကျောက်လင်းသည် နာရီကို ကြည့်ကာ အမူအရာ တည်ကြည်သွားပြီး ထရပ်လိုက်သည်။ ၎င်းကို မြင်သောအခါ လုချွမ်းနှင့် ကျိရုရွှယ်တို့သည် သူမကို ဆက်၍ မတားတော့ဘဲ မြို့ဂိတ်တံခါးအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

"သွားတော့မယ်နော်"

ကျောက်လင်းသည် သူတို့သားအဖကို မခွဲချင်သလိုဖြင့် လက်ပြနှုတ်ဆက်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် နောက်တစ်ခဏတွင်မူ ကျောက်လင်းသည် ခြေလှမ်းများ ရပ်တန့်သွားကာ လုချွမ်းကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

"လုချွမ်း... ငါတို့ကြားက သဘောတူညီချက်ကို နင် မှတ်မိသေးတယ်မလား"

အမှန်စင်စစ် သူတို့ကြားတွင် သဘောတူညီချက် ရှိထားပြီးသားဖြစ်ရာ ကျောက်လင်းအနေဖြင့် ဤမေးခွန်းကို မေးရန်မလိုပေ။ သို့သော် မကြာသေးမီက လုချွမ်းနှင့် လူသားများကြား ပဋိပက္ခမှာ သိသိသာသာ မြင့်တက်လာခဲ့သဖြင့် သူ၏ စိတ်ကူးများ ပြောင်းလဲသွားမည်ကို သူမ စိုးရိမ်နေမိခြင်းပင်။

ထိုစကားကို ကြားသောအခါ လုချွမ်းသည် ခေတ္တမျှ ငြိမ်သက်သွားပြီး ကျောက်လင်း၏ စိုးရိမ်မှုကို နားလည်လိုက်သည်။ သူသည် ကျောက်လင်း၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်အောက်တွင် ခေါင်းညိတ်ပြလိုက်၏။

သူသည် လီမြစ်အခြေစိုက်စခန်းကို သိမ်းပိုက်ထားခဲ့သည်မှာ လူသားမျိုးနွယ်ကို ရန်လိုနေခြင်းဟု မဆိုလိုပေ။ လူသားအာဏာပိုင်များဘက်မှ သူ့အား လာရောက်မရန်စသရွေ့ သူသည်လည်း ပျင်းရိပျင်းတွဲဖြင့် အကြောင်းမဲ့ သွားရောက်တိုက်ခိုက်မှာ မဟုတ်ပေ။

All Chapters