အခန်း (၃၉၈)
Vol. 40 Ch. 398
အခန်း။ ၃၉၈
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ ကျောက်လင်းဦးဆောင်သော အဖွဲ့သည် ရှန်းချွမ်းမြို့သို့ နောက်ဆုံးတွင် ရောက်လာခဲ့ပြီး ထိုနေရာတွင် ကြိုတင်စုရုံးရောက်ရှိနေကြသော အခြားအခြေစိုက်စခန်းများမှ အဖွဲ့များနှင့် ပူးပေါင်းလိုက်ကြသည်။
ကျန်းဟိုင်အခြေစိုက်စခန်း၏ အသေခံတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပြီးနောက် ကျောက်လင်းသည် သူမ၏လက်အောက်ငယ်သားများကို ခေါ်ဆောင်ကာ ဂူတစ်ခု၏အဝင်ဝသို့ လျှောက်လှမ်းလာခဲ့သည်။
ကျန်းဟိုင်အသေခံတပ်ဖွဲ့၏ တပ်မှူးဖြစ်သူ ယွမ်ရိသည် ပြုံးရွှင်စွာဖြင့် လျှောက်လာပြီး ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။
"ကျွန်တော်က ကျန်းဟိုင်တပ်ဖွဲ့ရဲ့ တပ်မှူး ယွမ်ရိပါ။ မင်းက တပ်မှူးကျောက် ဖြစ်ရမယ် ကြွပါ... အထဲကို ဝင်ခဲ့ပါဦး"
"တပ်မှူးယွမ်... အခြားမြို့တွေက တပ်ဖွဲ့တွေအားလုံး ရောက်ကုန်ကြပြီလား"
ကျောက်လင်းသည် လမ်းလျှောက်ရင်း စူးစမ်းမေးမြန်းကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမသည် လုချွမ်းကို သတင်းပို့ရန်အတွက် တစ်ရက်နီးပါး အချိန်ကြန့်ကြာသွားခဲ့သဖြင့် လူအားလုံး ရောက်ရှိနေလောက်ပြီဟု ထင်မှတ်ထားခြင်းပင်။
"တပ်မှူးကျောက်... အဝေးဆုံးမှာရှိတဲ့ ချင်းဟယ်အခြေစိုက်စခန်းကလွဲရင် ကျန်တဲ့ အခြေစိုကစခန်းတွေအားလုံး ရောက်နေကြပါပြီ"
ယွမ်ရိက ပြန်လည်ဖြေကြားခဲ့သည်။ မကြာမီတွင် လူအားလုံး ဂူအတွင်းသို့ ဝင်ရောက်သွားကြပြီး အတွင်း၌ရှိနေသော အခြေစိုက်စခန်းအသီးသီးမှ တပ်ဖွဲ့ဝင်များသည် အသစ်ရောက်ရှိလာသူများကို နွေးထွေးစွာ လာရောက်နှုတ်ဆက်ကြသည်။
"ဟားဟား... မင်းက ယွီဟွာအခြေစိုက်စခန်းက တပ်မှူးကျောက် ဖြစ်ရမယ်။ ကျွန်တော်က ပိုင်ချန်းအခြေစိုက်စခန်း တပ်ဖွဲ့ရဲ့ တပ်မှူး ကျန်းဟုန်ကန်းပါ"
"တပ်မှူးကျောက် မင်္ဂလာပါ။ ရှေ့လာမယ့် တာဝန်မှာတော့ မင်းကို တော်တော်လေး အားကိုးရတော့မယ် ထင်တယ်..."
"အားနာစရာမလိုပါဘူးရှင် အားလုံးက တကယ်တော့..."
"..."
အပြန်အလှန် နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် တပ်မှူးများသည် လူစုခွဲသွားကြပြီး ကျောက်လင်းနှင့် သူမ၏ လက်အောက်ငယ်သားများသည် ဂူအတွင်းရှိ မြေကွက်လပ်တစ်ခုတွင် စခန်းချကာ နားနေလိုက်ကြသည်။
နောက်တစ်ရက်၏ နေ့ဝက်ခန့်အကြာတွင် ခရီးအကွာအဝေး အဝေးဆုံးဖြစ်သော ချင်းဟယ်
အခြေစိုက်စခန်းမှ တပ်ဖွဲ့က နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့သည်။
ထို့နောက်တွင်မူ ယွမ်ရိ၏ ဦးဆောင်မှုဖြင့် တပ်မှူးအားလုံးသည် ဂူ၏အလယ်ရှိ ရိုးရှင်းသော စားပွဲရှည်ကြီးတစ်ခုတွင် စုရုံးကာ တာဝန်အကြောင်းကို စတင်ဆွေးနွေးကြလေတော့သည်။
"ဒီတစ်ခေါက် ငါတို့ရဲ့ အရေးကြီးဆုံး တာဝန်က မိုးကြိုးဟိန်းသံကို လီမြစ် အခြေစိုက်စခန်းဆီရောက်အောင် လမ်းပြခေါ်သွားဖို့ပဲဆိုတာ အားလုံးသိကြမှာပါ။ အဲဒီ သားရဲကြီးနဲ့ ဇွန်ဘီဘုရင်တို့ အချင်းချင်း တိုက်ခိုက်ပြီး နှစ်ဖက်လုံး ပျက်စီးသွားအောင် ငါတို့ လုပ်ရမယ်"
ယွမ်ရိသည် လူအားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း အေးအေးဆေးဆေးပင် ပြောဆိုလိုက်သည်။ ထို့နောက် သူသည် စားပွဲအောက်မှ သတ္တုသေတ္တာတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ထိုသတ္တုသေတ္တာသည် လူတိုင်း၏အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့ပြီး အားလုံး၏ အကြည့်များမှာ ထိုနေရာသို့သာ ရောက်ရှိသွားကြသည်။ ယွမ်ရိက လျှို့ဝှက်နံပါတ်ကို ရိုက်နှိပ်ကာ သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ လက်ကောက်နှင့်တူသော ခရမ်းရောင်လက်ပတ် ရှစ်ခုကို တွေ့လိုက်ရသည်။
ထိုလက်ပတ်များ၏ မျက်နှာပြင်တွင် ခရမ်းရောင် ကျောက်သလင်းတစ်မျိုးကို မြှုပ်နှံထားပုံရပြီး မှိန်ဖျော့ဖျော့ လျှပ်စီးရောင်များ ထွက်ပေါ်နေကာ ရံဖန်ရံခါတွင် ကျောက်သလင်းများမှ လျှပ်စစ်စွမ်းအင်များ ထွက်လာပြီး လက်ပတ်မျက်နှာပြင်တစ်လျှောက် စီးဆင်းနေသည်။
"ဒါက ဘာလဲ"
ကျောက်လင်းသည် သေတ္တာထဲရှိ ပစ္စည်းများကို စူးစမ်းစွာ ကြည့်လိုက်သည်။ ဤပစ္စည်းများကို ထုတ်ပြသည်ဆိုကတည်းက ၎င်းတို့သည် တာဝန်အတွက် မရှိမဖြစ် လိုအပ်မည်ဖြစ်ကြောင်း သူမ သိလိုက်သည်။ ထိုအချိန်တွင် အခြားသော အခြေစိုက်စခန်းမှ တပ်မှူးများသည်လည်း ယွမ်ရိ၏ ရှင်းပြချက်ကို သိချင်စိတ်ပြင်းပြစွာ စောင့်ဆိုင်းနေကြသည်။
"ဒါတွေကတော့ ဒီတာဝန်အတွက် ကျန်းဟိုင် အခြေစိုက်စခန်းက အထူးထုတ်လုပ်ထားတဲ့ မိုးကြိုးစုစည်း လက်ပတ်တွေပါ။ သူတို့ရဲ့ အရွယ်အစားကို ကြည့်ပြီး အထင်မသေးပါနဲ့။ ခဏအတွင်းမှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးကြိုးစွမ်းအင်တွေကို စုစည်းပေးနိုင်ပါတယ်။
မိုးကြိုးဟိန်းသံ သားရဲကြီးက မိုးကြိုးစွမ်းအင်တွေကို စုပ်ယူရတာ အရူးအမူး ကြိုက်တတ်တာကြောင့် ငါတို့သာ ဒီလက်ပတ်တွေကို အသက်သွင်းလိုက်မယ်ဆိုရင် သူက သေချာပေါက် အသည်းအသန် ပြေးလာမှာပဲ"
ယွမ်ရိက တည်ကြည်သော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။ ဤလက်ပတ်များကို မိုးကြိုးဟိန်းသံ၏ မိုးကြိုးစွမ်းအင် ခိုမင်တတ်သော သဘာဝကို ပစ်မှတ်ထား၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ရာ ၎င်းကို ဆွဲဆောင်နိုင်မည်မှာ အသေအချာပင်။
"တပ်မှူးယွမ်... ဆိုလိုတာက ဒီမိုးကြိုးစုစည်းလက်ပတ်တွေကို သုံးပြီး မိုးကြိုးဟိန်းသံကို လီမြစ် အခြေစိုက်စခန်းဆီ ငါတို့က လမ်းပြခေါ်သွားရမယ်ပေါ့ ဟုတ်လား"
ဤသည်ကို ကြားလိုက်ရသောအခါ ပိုင်ချန်းအခြေစိုက်စခန်း တပ်ဖွဲ့၏ တပ်မှူး ကျန်းဟုန်ကန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
မိုးကြိုးဟိန်းသံသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့် ၅ သားရဲကြီးဖြစ်ရာ ၎င်း၏ ဖမ်းဆီးခြင်းကို မခံရဘဲ လမ်းပြခေါ်ဆောင်သွားရန်မှာ တကယ့်ကို ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သလို အသက်အန္တရာယ်နှင့်လည်း တိုက်ရိုက် ရင်ဆိုင်ရမည် ဖြစ်သည်။
"မှန်ပါတယ်... တစ်ယောက်ယောက်က ဒီမိုးကြိုးစုစည်းလက်ပတ်ကို ဝတ်ဆင်ပြီး သားရဲကြီးကို လမ်းပြရပါမယ်။ ဒါမှသာ မိုးကြိုးဟိန်းသံကို လီမြစ်အခြေစိုက်စခန်းဆီ အောင်အောင်မြင်မြင် ခေါ်သွားနိုင်မှာပါ"
ယွမ်ရိက ခေါင်းညိတ်ပြလိုက်သည်။
တက်ရောက်လာသော တပ်မှူးအားလုံးမှာ ထိုလုပ်ရပ်၏ အန္တရာယ်ကို ကောင်းစွာသိရှိထားကြသဖြင့် မျက်မှောင်ကြုတ်သွားကြသည်။ အဆင့် ၅ သားရဲကြီးတစ်ကောင်နှင့် အရှိန်အဟုန်၊ ခံနိုင်ရည် ယှဉ်ပြိုင်ရမည်မှာ ရိုးရှင်းသော ကိစ္စမဟုတ်ပေ။
"အားလုံးပဲ... ဒီတာဝန်က အစကတည်းက သေတွင်းကို သက်သက်မဲ့ ဆင်းရမယ့် တာဝန်မျိုးဆိုတာ သိထားပြီးသားပါ။ အခုချိန်မှာ ငါတို့အားလုံးက သေအတူရှင်မတူ ရဲဘော်ရဲဘက်တွေပဲ။
မိုးကြိုးစုစည်းလက်ပတ်ကို သုံးပြီး မိုးကြိုးဟိန်းသံကို မျှားခေါ်မယ်ဆိုတဲ့ အစီအစဉ်အပေါ် ငါ့ဘက်က ဘာကန့်ကွက်ချက်မှ မရှိပါဘူး"
ကျောက်လင်းက တည်ငြိမ်လေးနက်သော လေသံဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။
သူတို့သည် အသေခံတပ်ဖွဲ့ဝင်များ ဖြစ်ကြရာ အသေအပျောက်ရှိလာမည်မှာ ရှောင်လွှဲ၍မရနိုင်ပေ။ ထို့ကြောင့် ဝေဝေဝါးဝါး စဉ်းစားနေမည့်အစား လုပ်သင့်သည်ကို ချက်ချင်းလုပ်ဆောင်ရန်သာ လိုအပ်သည်။
ကျောက်လင်း၏ သတိပေးချက်ကြောင့် ဤသည်မှာ သာမန်တာဝန်တစ်ခု မဟုတ်ကြောင်း အားလုံးက နားလည်သွားကြသည်။ မည်မျှပင် အန္တရာယ်ကြီးမားစေကာမူ တာဝန်ပြီးမြောက်ရန်အတွက် မဖြစ်မနေ အကောင်အထည်ဖော်ရပေလိမ့်မည်။
"ငါလည်း မကန့်ကွက်ပါဘူး။ ဒီလက်ပတ်တွေကိုပဲ သုံးကြတာပေါ့။ ဒါကလွဲရင် မိုးကြိုးဟိန်းသံ ကို လီမြစ်အခြေစိုက်စခန်းဆီ အောင်အောင်မြင်မြင် ရောက်သွားအောင် လုပ်နိုင်မယ့် တခြားနည်းလမ်းကောင်းကို ငါ စဉ်းစားလို့ မရတော့ဘူး"
ပိုင်ချန်းတပ်ဖွဲ့တပ်မှူး ကျန်းဟုန်ကန်းက ခေါင်းခါရင်း ပြောလိုက်သည်။
ထို့နောက် အခြားသော တပ်မှူးများကလည်း ယွမ်ရိ၏ အစီအစဉ်ကို သဘောတူကြောင်း အသီးသီး ခေါင်းညိတ်ပြလိုက်ကြသည်။
ဆက်လက်၍ တပ်မှူးများ ဆွေးနွေးပြီးနောက် လုပ်ငန်းစဉ်တစ်ခုကို ချမှတ်ခဲ့ကြသည်။ တပ်ဖွဲ့တစ်ခုစီမှ လူတစ်ဦးစီ အလှည့်ကျ စေလွှတ်ကာ မိုးကြိုးစုစည်းလက်ပတ်ကို ကိုင်ဆောင်လျက် မိုးကြိုးဟိန်းသံကို ဆွဲဆောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်တစ်နေ့ နံနက်ခင်းတွင်မူ ဂူ၏အပြင်ဘက်၌ ကျောက်လင်းနှင့် အခြားတပ်မှူးများသည် သူတို့ရှေ့တွင် တန်းစီရပ်နေသော ရွေးချယ်ခံထားရသူများကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကြည့်ရှုနေကြသည်။
ထိုသူများအားလုံးသည် သူတို့၏လက်မောင်းတွင် မိုးကြိုးစုစည်းလက်ပတ်ကိုယ်စီ ဝတ်ဆင်ထားကြပြီး အချို့မှာ သိသိသာသာပင် တုန်လှုပ်ချောက်ချားနေကြသည်။
“မိုးကြိုးဟိန်းသံက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြမ်းတမ်းလာပြီ အားလုံး သတိထားကြပါ”
ယွမ်ရိက အဖွဲ့ကို သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဆယ်မိနစ်ခန့်အကြာတွင် မိုးကြိုးဟိန်းသံကို မျှားခေါ်မည့် စီမံချက်ကို လျင်မြန်စွာ စတင်လိုက်ကြသည်။ ပထမဆုံး စတင်လုပ်ဆောင်သူမှာ ကျန်းဟိုင်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဆံပင်ကျစ်ဆံမြီးကျစ်ထားကာ အနုပညာဆန်သော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။
သူသည် သူ၏လက်မောင်းမှ မိုးကြိုးစုစည်းလက်ပတ်ကို အသက်သွင်းလိုက်ရာ တစ်ခဏအတွင်းမှာပင် ခရမ်းရောင်လျှပ်စီးကြောင်းများ တဖျတ်ဖျတ်တောက်ပလျက် ပွင့်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိုးကြိုးပစ်သံကဲ့သို့ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
ထိုလူငယ်သည် မိုးကြိုးရောင်ဝါများ ဝန်းရံလျက် မိုးကြိုးဟိန်းသံ အခြေချနေထိုင်ရာ ချောက်ကမ်းပါးဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
ဝေါ့…
သူ အနားသို့ပင် မရောက်သေးမီ ထင်းရှူးတောတစ်ခုလုံး တုန်ဟည်းသွားစေသည့် ကျယ်လောင်လှသော မိုးကြိုးဟိန်းသံကြီး ထွက်ပေါ်လာပြီး ဧရာမ သတ္တဝါကြီးတစ်ကောင်သည် သူရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
"ပြေးတော့"
ယွမ်ရိ၏ ကျယ်လောင်သော သတိပေးသံသည် ထိုဆင့်ကဲပြောင်းလဲသူ လူငယ်၏ နားကြပ်ထဲမှ ထွက်ပေါ်လာသည်။
ချက်ချင်းပင် ထိုလူငယ်သည် ကြောင်အမ်းအမ်းဖြစ်နေရာမှ သတိဝင်လာကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။ သူသည် နောက်သို့ အမြန်လှည့်ကာ လီမြစ်အခြေစိုက်စခန်းရှိရာ အရပ်မျက်နှာသို့ အစွမ်းကုန် အရှိန်ဖြင့် ထွက်ပြေးလေတော့သည်။
သို့သော် ကံဆိုးသည်မှာ မိုးကြိုးဟိန်းသံ၏ အရှိန်မှာ အံ့မခန်းလှပေ။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ခရမ်းရောင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ပင် ဖြစ်နေပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ထိုလူငယ်၏နောက်သို့ ထပ်ကြပ်မကွာ လိုက်မီသွားသည်။
ဝုန်း…
"အားးးးး"
မိုးကြိုးလျှပ်စီးများ ပစ်လွှတ်လိုက်ရာ ရှေ့မှပြေးနေသော လူငယ်သည် အော်ဟစ်သံနှင့်အတူ မီးကျွမ်းနေသော ကျောက်မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"တောက်... အားလုံး သွားပြီ"
အဝေးမှ စောင့်ကြည့်နေသော ယွမ်ရိနှင့် အခြားသူများ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားကြသည်။
ထို့နောက်တွင်လည်း အခြားသော ဆင့်ကဲပြောင်းလဲသူများကို တစ်ဦးပြီးတစ်ဦး ထပ်မံစေလွှတ်ခဲ့သော်လည်း ရလဒ်မှာ ပထမလူကဲ့သို့ပင် ဆိုးရွားလှသည်။ သားရဲကြီးကို မျှားခေါ်
သူများက သေဆုံးသူသေ၊ ဒဏ်ရာအပြင်းအထန်ရသူရနှင့် အထိနာလှသဖြင့် ကျန်ရှိသော အဖွဲ့ဝင်များမှာလည်း ကြောက်ရွံ့ထိတ်လန့်ကုန်ကြတော့သည်။
ဂူအတွင်း၌...
"အခုအထိဆိုရင် ငါတို့ အဖွဲ့ဝင်နှစ်ယောက် ဆုံးရှုံးသွားပြီ။ လေးယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရထားတယ်။ ဒါပေမဲ့ မိုးကြိုးဟိန်းသံကို မျှားခေါ်လာတဲ့ ခရီးက တစ်ဝက်ပဲ ရှိသေးတယ်။ အဖွဲ့ဝင်တော်တော်များများကလည်း ထပ်ပြီး မသွားချင်ကြတော့ဘူး..."
ယွမ်ရိက ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါ သွားမယ်"
ရုတ်တရက် ကျောက်လင်းက မမျှော်လင့်ဘဲ ကြားဖြတ်ပြောဆို လိုက်သည်။