← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 40 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 40 Ch. 421-422

ယန်နတ်ဘုရား စာစဉ် (၄၀)။

ဘာသာပြန်သူ နေဇင်။

အခန်း (၄၂၁)။

"ဟုန်ယွိ... မင်း ငါ့နောက်ကို တစ်ဖဝါးမှ မခွာဘဲ လိုက်လာခဲ့တာပေါ့လေ။"

သူတော်စင် ချီလင်သားရဲ၏ ဟိန်းဟောက်သံမှာ လူသားအင်မော်တယ် အထွဋ်အထိပ် တစ်ဦး၏ ဟိန်းဟောက်သံကဲ့သို့ မိုင်ပေါင်းရာချီဝေးသော အရပ်ဒေသများအထိ ပဲ့တင်ထပ် သွားပြီး ၎င်း၏ နတ်ဘုရားတန်ခိုး အရှိန်အဝါမှာလည်း သမုဒ္ဒရာကြီးသဖွယ် ကျယ်ပြော နက်ရှိုင်းလှ၏။ ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော ချန်ယင်းရှာ ကဲ့သို့ သော တစ္ဆေအင်မော်တယ်တစ်ဦးပင်လျှင် ထိုအသံ၏ ဖိအားကို ခုခံနိုင်ရန် ခဲယဉ်းလှပေ သည်။

သို့သော်လည်း ချန်ယင်းရှာသည် "အတိတ်ကျမ်း" ကို ကျင့်ကြံထားသူဖြစ်သည့်အတွက် "ဘိုးဘေးဟုန်လင်" ကဲ့သို့ ကောင်းကင်ယံမှ လွင့်စဉ်ပြုတ်ကျ၍ အသက်ပျောက်ရခြင်းမျိုး မရှိခဲ့ချေ။ သူမသည် သူမခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ရင်း မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်နိုင်ခဲ့သည်။

ထိုသို့ ဆင်းသက်နေစဉ်အတွင်း သူမ၏ ခန္ဓာကိုယ်ကို ပိုမိုတည်ငြိမ်သွားစေသည့် ပြင်းထန် လှသော အတွေးစတစ်ခုကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ အသံကို ကြားလိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် ဖော်ပြနိုင်စွမ်းမရှိသော ဝမ်းသာပီတိများ လှိုက်တက် လာရတော့သည်။

"မင်းတစ်ယောက်တည်း ထွက်လာတာကို ငါ ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ။"

ရုတ်တရက်ဆိုသလို လူဦးခေါင်းခွံခန့် အရွယ်အစားရှိပြီး လျှပ်စီးများကဲ့သို့ ဝင်းလက်ကာ မိုးခြိမ်းသံများ တဂျိန်းဂျိန်း မြည်ဟည်းနေသည့် အတွေးစပေါင်း ၂,၀၀၀ ကျော်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားလေသည်။ ထိုသူမှာ ဟုန်ယွိမှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။

ဟုန်ယွိ၏ ထိုအတွေးစ ၂,၀၀၀ သည် သူ၏ အဓိက စိတ်ဝိညာဉ် အတွေးစများပင် ဖြစ်ကြ သည်။ အဆိုပါ အတွေးစများထဲမှ တစ်ခုမှာ အထူးသဖြင့် ကြီးမားထည်ဝါလှပြီး ချီလင် သားရဲ၏ ဟိန်းဟောက်သံအောက်မှာပင် မုန်တိုင်းထဲမှ ကျောက်ဆောင်ကြီးပမာ မလှုပ် မယှက် တည်ငြိမ်နေ၏။ ၎င်းအတွေးစမှာ သဘာအတိုင်း အဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသည့် "အမှောင်ဧကရာဇ် တာအိုသခင်"၏ နတ်ဘုရားအသိစိတ် ဖြစ်နေ သောကြောင့် ဖြစ်သည်။

ဟုန်ယွိ၏ ထိုအတွေးစ ၂,၀၀၀ သည် 'ကျီရှန်းထျန်း'၏ အလင်းနှင့်အမှောင်အစီအရင် ပေါက်ကွဲပြီးနောက် တစ်သားတည်း ပေါင်းစပ်သွားခဲ့သည်။ ၎င်းတို့သည် မိုးကြိုးကပ်ဘေး စတုတ္ထအဆင့်တွင်သာ ရှိနေသေးသော်လည်း အစစ်မှန် စွမ်းအားမှာမူ ပဉ္စမအဆင့် မိုးကြိုးကပ်ဘေး ကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့်သာ ချီလင်၏ ဟိန်းဟောက်သံမှာ သူ့အပေါ် သက်ရောက်မှု မရှိခြင်းပင် ဖြစ်သည်။

အကယ်၍ သာမန် မိုးကြိုးကပ်ဘေး ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါက ထိုဖိအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများမှာမူ "အတိတ်ကျမ်း" ကို ကျင့်ကြံထားသည့်အပြင် မကြာသေးမီကပင် "ပြောင်းလဲခြင်းကျမ်း" ကို ရေးသား၍ အမြင့်မြတ်ဆုံးသော နိယာမများကို နားလည်သဘောပေါက်ထားသဖြင့် သူ၏ အတွေးစတိုင်းတွင် ထူးကဲသော ခွန်အား၊ ဉာဏ်ပညာ၊ မှော်စွမ်းအားနှင့် ခိုင်မာသော စိတ်ဆန္ဒတို့ ကိန်းအောင်းနေလေပြီ။ ထိုအတွေးစများကို တုန်လှုပ်စေရန် အလွန်ပင် ခဲယဉ်းလှ၏။

အတွေးစ တစ်ခုချင်းစီတိုင်းတွင် သတ္တိ၊ ဝီရိယ၊ မေတ္တာနှင့် ဖြောင့်မတ်ခြင်းတို့ ပါဝင်နေ သဖြင့် စိန်ထက်ပင် ပိုမို မာကျောထက်မြက်နေပြီး အရာအားလုံးကို ဖောက်ထွင်းနိုင်သည့် စွမ်းပကား ရှိနေပေသည်။

"ဟုန်ယွိ..၊ မင်းရဲ့အတွေးစတွေက ဒီလောက်တောင် အားကောင်းနေတာလား။ မင်း ပဉ္စမအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပြီပေါ့။ ငါ့ရဲ့ ခန့်မှန်းချက်က မမှားခဲ့ဘူးပဲ။"

ချန်ယင်းရှာ၏ ဘေးတွင် ဟုန်ယွိ ပေါ်လာသည်ကို မြင်သောအခါ ဖန်းယွမ်သည် လန့်ဖျပ် သွားရသည်။ ဟုန်ယွိ၏ ပြင်းထန်လှသော စွမ်းအားများက ချန်ယင်းရှာကို ဝန်းရံ ကာကွယ်ထားပြီး ချီလင်၏ အသံလှိုင်းများကို ဟန့်တားပေးထား၏။ သို့သော်လည်း ဖန်းယွမ်သည် ခဏအတွင်းမှာပင် ပြန်လည် တည်ငြိမ်သွားသည်။

သူ၏လက်၌ရှိသော "အနန္တနဂါးလက်စွပ်" ၏ အကာအကွယ်ကြောင့် ဖန်းယွမ်သည် ချီလင် ၏ အရှိန်အဝါဒဏ်ကို မခံစားရသည့်အပြင် သူကိုယ်တိုင်မှာ ချီလင်သားရဲနှင့် တစ်သား တည်း ဖြစ်နေသကဲ့သို့ပင် ခံစားနေရသည်။

၎င်းမှာ ချီလင်သားရဲကြီးမှာ သူ၏ အိမ်မွေးတိရစ္ဆာန် ဖြစ်နေသယောင်ပင်။

"ဖန်းယွမ်... မင်းက တကယ့်ကို လှည့်ကွက်ပေါင်းစုံနဲ့ ရက်စက်တဲ့သူပဲ။ တခြားသူကို ဘေးဒုက္ခပေးဖို့ ချီလင်သားရဲရဲ့ စွမ်းအားကိုတောင် အသုံးချရဲတယ်ပေါ့။"

ဟုန်ယွိသည် အသက် ရှစ်နှစ်အရွယ် ပါရမီရှင်ကလေး ဖန်းယွမ်ကို အေးစက်သော အကြည့် ဖြင့် စိုက်ကြည့်ရင်း ဆိုလိုက်သည်။ ဖန်းယွမ်သည် နန်းတွင်းစာမေးပွဲတွင် ဟုန်ယွိနှင့်အတူ တတိယရခဲ့သူဖြစ်ပြီး တစ်နှစ်တည်းထွက် အရာရှိများဟု ဆိုနိုင်သည်။ ဖန်းယွမ်သည် ချန်ပီယံမြို့စားကဲ့သို့ ကံထူးသူမဟုတ်သော်လည်း အလွန်ပင် ကောက်ကျစ်စဉ်းလဲသူ ဖြစ်၏။

"မင်းလည်း အတူတူပါပဲ၊ ငါက မင်းလောက်တော့ မတော်သေးပါဘူး။ ဟုန်ယွိ ငါ ပိုပြီး ကြိုးစားရဦးမယ်။"

ဖန်းယွမ်သည် ဟုန်ယွိနှင့် ချန်ယင်းရှာတို့ ပူးပေါင်းတိုက်ခိုက်မည်ကို မကြောက်ရွံ့သည့် ဟန်ဖြင့် မဲ့ပြုံး ပြုံးလိုက်၏။ အခုရောက်နေသော ဟုန်ယွိ၏ အတွေးစ ၂,၀၀၀ မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းများသာ ဖြစ်ပြီး သူ၏ အစစ်အမှန် စွမ်းအားမဟုတ်ကြောင်းကို သူ ရိပ်မိနေသောကြောင့် ဖြစ်သည်။

"ဒါပေမဲ့ မင်း ဘယ်လောက်ပဲ တော်နေပါစေ၊ ဒီနေ့တော့ မင်း ဒီမှာပဲ အဆုံးသတ်ရတော့ မယ်။ ရှေးဟောင်း ချီလင်သားရဲရဲ့ စွမ်းအားဟာ အနှိုင်းမဲ့ပဲ။ ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး ကျင့်ကြံသူတွေတောင် သူ့ကို ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။ ဒီ ချီလင်သားရဲဟာ ရှေးခေတ် သူတော်စင် ဧကရာဇ်ကျိရဲ့ စီးတော်ယာဉ်အဖြစ် နှစ်ပေါင်း ထောင်ချီ အသုံးတော်ခံခဲ့တာ။ အခု ငါ့လက်ထဲမှာ အမှတ်အသားဖြစ်တဲ့ 'အနန္တနဂါး လက်စွပ်' ရှိနေတော့ မင်းတို့နှစ်ယောက် ပေါင်းရင်တောင် ချီလင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ "ငါ မင်းကို မသတ်နိုင်ရင်တောင် မင်းရဲ့ ဒီအတွေးစတွေကို ငါ့အတွက် အသုံးချလို့ရတယ်။ ပြီးတော့ မင်းရဲ့ တာအိုလက်တွဲအဖော်ကိုလည်း ဆေးလုံးအဖြစ် ကျိုချက်ပစ်မယ်... ရှေးခေတ်ကတည်းက နန်းတွင်း တိုက်ပွဲတွေတောင် သေကြေကြတာပဲ၊ ကျင့်ကြံခြင်း လမ်းစဉ်မှာဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး။ မင်းရဲ့ ကံကြမ္မာကိုပဲ အပြစ်တင် လိုက်ပါတော့..."

ဖန်းယွမ်သည် ပြောပြောဆိုဆိုနှင့် "အဆုံးမဲ့ကောင်းကင်သံစဉ်"ကို အသုံးပြု၍ ကြွေးကြော် လိုက်ပြန်ရာ တစ်ချိန်တည်းမှာပင် တောင်ထိပ်ပေါ်မှ ယခင်ကထက် ပိုမို အစွမ်းထက်သော တုံ့ပြန်သံကြီး ပေါ်ထွက်လာတော့သည်။

ဝုန်း...

ထိုအသံမှာ ယခင်ကထက် ပိုမို ကျယ်လောင်လှပေသည်။ အသံ၏ ရိုက်ခတ်မှုကြောင့် မြင့်မားသော တောင်ထိပ်မှ အသံလှိုင်းများ ဂယက်ထလျက် ထွက်ပေါ်လာသည်ကို သာမန် မျက်စိဖြင့်ပင် မြင်တွေ့နိုင်၏။

ဟုန်ယွိ၏ အမြင်၌မူ ထိုအသံလှိုင်းများသည် ဆင်အုပ်ကြီး တစ်အုပ်လုံး ပြေးဝင်လာသ ကဲ့သို့၊ တောင်ကြီးပြိုကျလာသကဲ့သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေလေသည်။

အို…၊

"မကောင်းတော့ဘူး။" ချန်ယင်းရှာ၏ မျက်နှာမှာ သွေးဆုတ်သွားရသည်။

ထိုအသံမှာ မည်မျှပြင်းထန်သနည်းဟူမူ အသံလှိုင်းများ ကျဆင်းလာသည်ကို သာမန် မျက်စိဖြင့်ပင် မြင်နိုင်၏။ ၎င်းမှာ လူသားတစ်ဦး ဖန်တီးနိုင်သည့်အရာ မဟုတ်ပေ။

ထိုအသံသည် စိတ်ဝိညာဉ်ကို မည်မျှထိခိုက်စေမည်ကို ခန့်မှန်းရန် မခဲယဉ်းချေ။ တတိယ အဆင့် မိုးကြိုးကပ်ဘေး ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုဒဏ်ကြောင့် အပြင်းအထန် ဒဏ်ရာ ရသွားနိုင်ပေသည်။

"ဘာမှမဖြစ်ဘူး။" ဟုန်ယွိက တည်ငြိမ်စွာ ဆိုလိုက်၏။ ထိုသို့ ဆိုလိုက်သည်နှင့် တစ်ပြိုင် နက် အဋ္ဌမအဆင့် မိုးကြိုးကပ်ဘေး နတ်ဘုရားအသိစိတ်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ် လာပြီး "ပစ္စုပ္ပန်ဗုဒ္ဓ" ရုပ်ပွားတော်အဖြစ် ပြောင်းလဲသွားလေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် "ဝရဇိန်မဟာပညာပါရမီ" ဂါထာကို ရွတ်ဆိုလိုက်တော့ သည်။

ဝူး... ဝူး...

ဟုန်ယွိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်သွားသော အသံလှိုင်းများသည် ကောင်းကင်ယံမှ ကျဆင်း လာသော ချီလင်၏ အသံလှိုင်းနှင့် သွားရောက် တိုက်မိလေသည်။ ထိုအခါတွင် ဟင်းလင်း ပြင်ကြီး တစ်ခုလုံး အက်ကွဲသွားသကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး အသံလှိုင်း နှစ်ခု တိုက်မိသည့်နေရာတွင် သံမဏိချင်း ပွတ်တိုက်မိသကဲ့သို့ မီးပွင့်များ ထွက်ပေါ်လာသည်ကို ချန်ယင်းရှာ မြင်တွေ့လိုက်ရ၏။

အသံနှစ်ခု တိုက်မိသည့်အခါ သံမဏိချင်း ပွတ်တိုက်မိသကဲ့သို့ မီးပွင့်များ ထွက်ပေါ်လာ သည်အထိ စွမ်းအားကြီးမားလှပေသည်။

ဟိန်းဟောက်သံကြီး ပြီးဆုံးသွားသည့်အခါ ကောင်းကင်ယံမှ ပြင်းထန်သော အသက်ရှု သွင်းသံကြီး ပေါ်ထွက်လာပြန်သည်။

ဤအသက်ရှုသွင်းသံမှာ ဆင်ပေါင်းတစ်သောင်း တစ်ပြိုင်နက် အသက်ရှု သွင်းလိုက်သကဲ့ သို့ပင်။ တောင်ပတ်ပတ်လည်ရှိ တိမ်တိုက်များသည် ပင်လယ်ထဲသို့ မြစ်များ စီးဝင်သကဲ့သို့ တောင်ထိပ်ဆီသို့ အဟုန်ဖြင့် တိုးဝင်သွားပြီး၊ ခိုင်မာသော အသွင်ပြင်အဖြစ် သိပ်သည်း သွားသည့်အလား ငါးကြေးခွံပုံစံ တိမ်တိုက်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ အသွင် ပြောင်းသွားသော ငါးကြေးခွံပုံစံ တိမ်တိုက်ကြီးက လေးဧကခန့် ဧရိယာတိုင်တိုင် ဖုံးလွှမ်း သွားခဲ့သည်။

အဆိုပါ ငါးကြေးခွံပုံစံ တိမ်တိုက်ကြီးပေါ်တွင် ဆင်သုံးလေးကောင်ခန့် ကြီးမားသော သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာ၏။ တစ်ကိုယ်လုံး၌ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းထားပြီး နဂါးဦးခေါင်း၊ သမင်ခန္ဓာကိုယ်၊ နွားအမြီးနှင့် မြင်းခွာများ ရှိလေသည်။

ဤဧရာမ သတ္တဝါကြီး ကောင်းကင်ယံတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူဦးခေါင်းခွံခန့် ကြီးမားသော သူ၏ မျက်လုံးကြီး နှစ်လုံးက အောက်သို့ ငုံ့ကြည့်လိုက်သည်။ ဟုန်ယွိသည် သူ၏ စိတ်ကူး စိတ်သန်းအတွေးအားလုံးကို အဆိုပါ သတ္တဝါကြီးက အကုန်မြင်နေရသကဲ့ သို့ ချမ်းစိမ့်စိမ့် ခံစားလိုက်ရ၏။

၎င်းမှာ ဒဏ္ဍာရီလာ သူတော်စင် သားရဲကြီး "ချီလင်"ပင် ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ထိုသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းရှိ အဆုံးမဲ့သော သွေးစွမ်းအင်၊ နတ်ဘုရားတန်ခိုး စွမ်းအားနှင့် ကျယ်ပြောလှသော စိတ်အာရုံ စွမ်းပကား များကို ခံစားမိလိုက်သည်။

၎င်း၏အရှိန်အဝါမှာ လူသားအင်မော်တယ် တစ်ယောက်ထက် ခုနစ်ဆ၊ ရှစ်ဆခန့် ပိုမို အားကောင်းနေလေသည်။

သို့သော်လည်း ဟုန်ယွိကမူ ၎င်းမှာ ချီလင်သားရဲကြီး၏ ခန္ဓာကိုယ်က အလွန်တရာ ကြီးမားလွန်းခြင်းကြောင့် သွေးစွမ်းအင်များ ဤမျှအထိ များပြားနေခြင်းဖြစ်ကြောင်း သိနားလည်ထားသည်။ အကယ်၍ အလယ်လတ် သို့မဟုတ် အထွဋ်အထိပ် လူသား အင်မော်တယ်တစ်ဦးသာ ဤကဲ့သို့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ပါက ချီလင်သားရဲကြီးထက် အားနည်းလိမ့်မည် မဟုတ်ပေ။

၎င်းမှာ လူသားများနှင့် ကျား၊ ဝက်ဝံတို့၏ သဘာဝ ကွာခြားချက်သာ ဖြစ်၏။ လူသားသည် ကျား၊ ဝက်ဝံများလောက် ခွန်အားမရှိသော်လည်း ၎င်းတို့ကို သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။ လူသားအင်မော်တယ် အထွဋ်အထိပ်တစ်ဦးမှာ ချီလင်သားရဲကြီးထက် အားနည်းခြင်း မဟုတ်ဘဲ သိုလှောင်နိုင်သည့် သွေးစွမ်းအင် ပမာဏသာ ကွာခြားခြင်း ဖြစ်သည်။

ချီလင်သည် အားကောင်းသည်ဟု ဆိုနိုင်သော်လည်း မယုံနိုင်လောက်အောင် အစွမ်းထက် နေခြင်းမျိုး မဟုတ်ချေ။ အများဆုံးရှိလျှင် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် မိုးကြိုးကပ် ဘေး ကျင့်ကြံသူ တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်သည်။ သို့သော်လည်း ၎င်းတွင် ကျင့်ကြံသူများ ကဲ့သို့ ဆန်းကြယ်သော နည်းစနစ်များ မရှိသလို၊ လူသားအင်မော်တယ် အထွက်အထိပ် ပညာရှင်များကဲ့သို့ တာအိုစွမ်းအားအမျိုးမျိုးနှင့် သတ်ဖြတ်ခြင်းကို နားလည်နိုင်သည့် နည်းဗျူဟာမျိုး မရှိပေ။

သို့သော်လည်း ချီလင်ကို စီးတော်ယာဉ်အဖြစ် ရရှိခြင်းမှာ ဟန်ရှောင်ဇီ သို့မဟုတ် ယုဝမ်မူ တို့ထက်ပင် အစွမ်းထက်သော လက်ရုံးတစ်ဦးကို ရရှိလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

"မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ ငါ့ရဲ့အိပ်စက်ခြင်းကို လာရောက် နှောက်ယှက်ရတာ လဲ။"

ကောင်းကင်ယံတွင် ပေါ်လာပြီးနောက် ချီလင်သားရဲကြီးသည် ဟုန်ယွိ၊ ချန်ယင်းရှာနှင့် ဖန်းယွမ်တို့ကို ကြည့်ကာ ခန့်ညားထည်ဝါ၍ နက်ရှိုင်းလှသော အသံကြီးဖြင့် မေးမြန်း လိုက်၏။ ထိုအသံမှာ တိရစ္ဆာန်စကား မဟုတ်ဘဲ လူသားဘာသာစကား ဖြစ်နေသဖြင့် ဤချီလင်မှာ အလွန် ဉာဏ်ပညာ ကြီးမားကြောင်း သိသာလှပေသည်။

"နောက်ဆုံးတော့ ငါ ချီလင်သားရဲကို မြင်လိုက်ရပြီပဲ။ ဒီလို ခန့်ညားတဲ့ ပုံစံမျိုးကို တာအို ကျင့်စဉ်အဖြစ်တောင် ကျင့်ကြံလို့ ရနိုင်တယ်။" ဟုန်ယွိသည် ကောင်းကင်မှ ချီလင် သားရဲ ကြီးကို ကြည့်ရင်း စိတ်ထဲမှ ချီးကျူးလိုက်မိ၏။

ဖန်းယွမ်သည် ချီလင်သားရဲကြီး၏ စကားကို ကြားသောအခါ သူ၏ လက်ရှိ "အနန္တ နဂါးလက်စွပ်"ကို လှည့်လိုက်ရာ လက်စွပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံ သို့ ထိုးတက်သွားပြီး ချီလင်သားရဲကြီး၏ နဖူးပေါ်တွင် ရွှေရောင် အမှတ်အသားတစ်ခု ပေါ်ပေါက်လာသည်။

"ဟင်…၊ အနန္တနဂါးလက်စွပ်လား။ မင်းက အရှင်သခင် သူတော်စင် ဧကရာဇ်ကျိရဲ့ ဆက်ခံသူလား။"

ချီလင်သားရဲကြီးသည် ဖန်းယွမ်နှင့် လက်စွပ်ကို စိုက်ကြည့်ကာ ခန့်ညားသော အသံနက် ကြီးဖြင့် မေးမြန်းလိုက်သည်။ တစ္ဆေအင်မော်တယ်များပင်လျှင် ထိုအသံလှိုင်းအတွင်း ကြာရှည်မခံနိုင်ပေ။ အကြောင်းမှာ ချီလင်သားရဲကြီး၏ ပြင်းထန်လှသော သွေးစွမ်းအင်နှင့် နတ်ဘုရားတန်ခိုး စွမ်းအားများကြောင့် မိုးကြိုးကပ်ဘေး မကျော်ဖြတ်ရသေးသည့် တစ္ဆေ အင်မော်တယ်များကို ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။

"မှန်ပါတယ်။ ကျွန်တော်က ရှေးခေတ် သူတော်စင် ဧကရာဇ်ကျိရဲ့ ဆက်ခံသူပါ။ လောကကြီးကို အုပ်စိုးဖို့ သူတော်စင် ဧကရာဇ်ကျိရဲ့ ဆန္ဒအတိုင်း အသင်နဲ့အတူ တိုက်ပွဲ ဝင်ဖို့ လာခဲ့တာပါ။ သူတော်စင် ဧကရာဇ်ကျိဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်တုန်းက 'အသင် ပြန်လည် မွေးဖွားလာတဲ့အခါ အသင့်ကို တိုက်ပွဲနဲ့အတူ ကျင့်ကြံခြင်းမှာ လမ်းပြ ပေးမယ့် လူတစ်ယောက် ပေါ်လာလိမ့်မယ်၊ အဲဒီအခါမှာ အသင့်ရဲ့သက်တမ်းကို တိုးနိုင်ပြီး ဒီလောကကြီးကို လွန်မြောက်သွားနိုင်လိမ့်မယ်' လို့ ဟောကိန်း ထုတ်ခဲ့ပါတယ်။ ကျွန်တော် က အဲဒီဟောကိန်းကို လာပြီး အကောင်အထည်ဖော်တာပါ။"

ဖန်းယွမ်၏ "အဆုံးမဲ့ကောင်းကင်သံစဉ်"သည် ကောင်းကင်ယံသို့ ပျံ့နှံ့သွားပြီး ချီလင် သားရဲကြီးထံသို့ ရောက်ရှိသွားသည်။

"သူတော်စင် ဧကရာဇ်ကျိက တကယ်ပဲ အဲဒီလို ပြောခဲ့ဖူးတယ်။ သူက ငါ့ကို ဒီတောရိုင်း ဒေသရဲ့ အနက်ရှိုင်းဆုံးမှာ အခြေချပြီး သက်တမ်းတိုးဖို့ ကျင့်ကြံခိုင်းခဲ့တာ။ ငါက အနန္တ တောင်ထိပ်မှာ ကမ္ဘာငယ်လေးတစ်ခုဖွင့်ပြီး ငါ့သက်တမ်းတိုးနိုင်ဖို့ ကျင့်ကြံနေတာ။ မင်းဆီမှာ အနန္တနဂါးလက်စွပ် ရှိနေပြီး သူ့ရဲ့ဆန္ဒကိုလည်း သိနေတယ်ဆိုတော့ မင်းဟာ မဆိုးလှပါဘူး။ ကဲ... တက်လာခဲ့လေ။"

ချီလင်သားရဲကြီးက ပြောဆိုရင်း လေတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

ဂျိန်း...

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

ဖန်းယွမ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး ကောင်းကင်ယံရှိ ချီလင်သားရဲကြီး ထံသို့ ပျံတက်သွားတော့သည်။

အဆိုပါအချိန်မှာပင် အခြေအနေက ရုတ်တရက် ပြောင်းလဲသွား၏။ ဝေးကွာသော အရပ်မှ ရွှေရောင်မျဉ်းကြောင်းတစ်ခုသည် ကြယ်တံခွန်ထက် မြန်သော အရှိန်အဟုန်ဖြင့် ဖန်းယွမ် ထံသို့ ပျံသန်းဝင်ရောက်လာလေသည်။ ၎င်းမှာ မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် မြန်လွန်းလှပေသည်။

"မြန်လိုက်တာ။"

ဟုန်ယွိ၏ စိတ်ထဲတွင် ရေရွတ်လိုက်ရုံသာ ရှိသေး၏၊ ထိုရွှေရောင်မျဉ်းကြောင်းသည် ဖန်းယွမ်၏ ဘေးသို့ ရောက်ရှိလာပြီး လူပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ ထိုသူမှာ နဂါးဦးခေါင်းနှင့် လူသားခန္ဓာကိုယ် ရှိပြီး တစ်ကိုယ်လုံး ရွှေရောင်ဝင်းလက်နေ၏။

ထိုသူက လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်သည့်အခါ ဖန်းယွမ်၏ အနန္တနဂါးလက်စွပ်မှ အကာအကွယ်များအားလုံး ပျက်စီးသွားပြီး ဖန်းယွမ်မှာ သွေးများအန်လျက် ကောင်းကင် ယံမှ ပြုတ်ကျသွားလေတော့သည်။

"ဒါ... ဒါဟာ 'ကောင်းကင်နဂါးဘုရင်ချပ်ဝတ်'ပဲ။"

ဤခဏ၌ ဟုန်ယွိ၏ အတွေးစများအားလုံး ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားသွားရတော့ ပေသည်။

အခန်း (၄၂၂)။

"ကောင်းကင်နဂါးဘုရင်ချပ်ဝတ်... ဒါဆိုရင် ဒီလူဟာ ဟုန်ရွှန်ကျိပဲ။ သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ သူက ဖန်းယွမ်နောက်ကို တစ်ချိန်လုံး လိုက်နေခဲ့တာလား။"

ဟုန်ယွိသည် ထိုသို့ တွေးတောရင်း အခြေအနေကို သုံးသပ်လိုက်မိသည်။ ဖန်းယွမ်တွင် အနန္တနဂါးလက်စွပ် ရှိနေပြီး ရှေးခေတ် သူတော်စင် ဧကရာဇ်တို့၏ လျှို့ဝှက်ချက်အားလုံး ကို သိရှိထားသူ ဖြစ်ရာ တောရိုင်းဒေသအတွင်းရှိ သူတော်စင်သားရဲ ချီလင်ကြီးကို ရှာဖွေ နိုင်စွမ်း ရှိပေသည်။ ဧကရာဇ် ရန်ဖန်အနေဖြင့်လည်း ထိုအချက်ကို သိရှိထားပြီးဖြစ်ရာ ချီလင်သားရဲကြီးနှင့် အခြားသော ရတနာများ၏ လျှို့ဝှက်ချက်ကို ရယူနိုင်ရန် ဖန်းယွမ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ဟုန်ရွှန်ကျိသည် ဖန်းယွမ်ကို စောင့်ကြည့်နေခဲ့ပြီး ဧကရာဇ်ကိုယ်တိုင်မှာမူ ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော်ရှိ ရုလိုင်သင်္ကန်းတော်၏ လျှို့ဝှက်ချက်ကို ရယူနိုင်ရန် ဟုန်ယွိကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာသော်လည်း ဟုန်ယွိသည် စိတ်အေး ချမ်းမှုကို မပျက်ပြားစေဘဲ တည်ငြိမ်စွာပင် ရှိနေ၏။

ကောင်းကင်ယံထက်တွင် မကြုံစဖူးသော အရှိန်အဟုန်ဖြင့် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ ဖန်းယွမ်ကို လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်လေ သည်။ ဟုန်ယွိသည် နဂါးဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ပုံသဏ္ဌာန် ရှိသော ထိုသူမှာ "ကောင်းကင်နဂါးဘုရင်ချပ်ဝတ်"ကို ဝတ်ဆင်ထားသည့် ဟုန်ရွှန်ကျိ ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်သည်။

ထပ်မံစဉ်းစားနေရန် မလိုတော့ပေ။

ရှေးခေတ်ကာလကတည်းက အမြင့်မြတ်ဆုံး နံပါတ်တစ် နတ်ဘုရားချပ်ဝတ်တန်ဆာဟု ကျော်ကြားသည့် "ကောင်းကင်နဂါးဘုရင်ချပ်ဝတ်" သည် တော်ဝင်ချန် နန်းတွင်းမိသားစု ၏ လက်ဝယ်တွင် ရှိနေကြောင်း ဟုန်ယွိ သိရှိထားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုချပ်ဝတ် ကို ကိုယ်ခံပညာ ကျွမ်းကျင်သူများသာလျှင် အပြည့်အဝ အသုံးချနိုင်စွမ်း ရှိ၏။ ဟုန်ရွှန်ကျိ သည် ယခင်က ထိုချပ်ဝတ်ကို ဝတ်ဆင်ခဲ့ဖူးကြောင်း ယွန်ရှန့်ရှန့်ထံမှလည်း သူ ကြားဖူးခဲ့ သည်။ ထို့အပြင် ဟုန်ယွိသည် မကြာသေးခင်ကမှ သူ၏ သိုင်းပညာရပ်များ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသူ ဖြစ်ရာ ထိုနဂါးဦးခေါင်းနှင့် လူသားပုံသဏ္ဌာန်ပုဂ္ဂိုလ် ၏ ထိုးချက်အတွင်း၌ သက်ရှိအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် "ကောင်းကင်ဘုံ သေမင်းဘီး" ၏ အရှိန်အဝါကို ခံစားမိလိုက်သည်။

ဤသူသည် ဟုန်ရွှန်ကျိမှလွဲ၍ အခြားသူ မဖြစ်နိုင်တော့ချေ။

ဟုန်ရွှန်ကျိသည် အစကတည်းက ဖန်းယွမ်ကို အစွမ်းကုန် တိုက်ခိုက်ရင်း ချီလင်သားရဲကြီး နှင့် ရှေးဟောင်းဧကရာဇ်တို့၏ လျှို့ဝှက်ချက်အားလုံးကို သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

တစ်ဖက်တွင်လည်း ဧကရာဇ် ယန်ဖန်သည် ဟုန်ယွိထံမှ ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော် လျှို့ဝှက်ချက်များကို ရယူရန် ချောင်းမြောင်းနေပေသည်။

ထိုခဏ၌ပင် ဟုန်ယွိသည် တော်ဝင်ချန် နန်းတွင်းမိသားစု၏ အစီအစဉ်များအားလုံးကို ဖောက်ထွင်းမြင်လိုက်ရသည်။ ချီလင်သားရဲကြီးသည် စွမ်းအားကြီးမားရုံသာမက ကျက်သရေ မင်္ဂလာရှိခြင်းကိုပါ ကိုယ်စားပြုကာ သူတော်စင် ဧကရာဇ်တို့၏ သင်္ကေတ လည်း ဖြစ်ပေသည်။

အကယ်၍ ဧကရာဇ် ယန်ဖန်သာ ချီလင်သားရဲကြီးကို ရရှိသွားခဲ့ပြီး တစ်လောကလုံးကို ကြေညာလိုက်ပါက သူ၏ ဂုဏ်သိက္ခာမှာ ချက်ချင်းပင် မြင့်တက်သွားမည် ဖြစ်သည်။ ထိုအခါ သူဌေးသူကြွယ်ကြီးများနှင့် အင်အားကြီး မိသားစုများအားလုံးမှာလည်း မငြိမ်မသက် ဖြစ်နေသော သူတို့၏ စိတ်ကူးများကို စွန့်လွှတ်ရတော့မည် ဖြစ်၏။ တော်ဝင် ချန် နန်းတွင်းမိသားစုသည် နန်းတွင်းမှ အရာရှိများနှင့် ပညာရှင်များကို စနစ်တစ်ခုတည်း အောက်သို့ သွတ်သွင်းမည့် မူဝါဒအသစ်ကို ကျင့်သုံးလျှင်ပင် မည်သူမျှ ဟန့်တားရဲတော့ မည် မဟုတ်ပေ။

ချီလင်သားရဲတစ်ကောင်၏ အရေးပါမှုမှာ သာမန်မျှ မဟုတ်ချေ။ ၎င်းသည် ဧကရာဇ် ကျောက်စိမ်းတံဆိပ်တော်နှင့် အလားသဏ္ဌာန် တူလှ၏။ ကျောက်စိမ်းတံဆိပ်တော်ရှိခြင်း မှာ အစိုးရတစ်ခု၏ တရားဝင်မှုကို ပြသသကဲ့သို့ ချီလင်သားရဲကြီးက အညံ့ခံ အသုံးတော်ခံ ခြင်းမှာမူ ဧကရာဇ်သည် ကောင်းကင်ဘုံမှ ရွေးချယ်ခံရသည့် သူတော်စင် ဧကရာဇ် ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

တော်ဝင်ချန်၏ အင်အားကြီး မိသားစုကြီးများသည် သူတို့၏ အစွမ်းအစများကို အနက်ရှိုင်း ဆုံးတွင် ဖုံးကွယ်ထားကြ၏။ သူတို့ကြားတွင် ပုန်းအောင်းနေသော ပညာရှင်များနှင့် လျှို့ဝှက်တာအိုဂိုဏ်းပေါင်းများစွာ ရှိနေသည်။ တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ အစွမ်းဖြင့်ပင် ကမ္ဘာကြီးကို အလွယ်တကူ ကမောက်ကမဖြစ်အောင် မလုပ်ရဲသေးပေ။

ဤကမ္ဘာလောကထဲတွင် "လုပ်ကြံသတ်ဖြတ်ခြင်းတာအို မဟာမိတ်"အဖွဲ့များကဲ့သို့သော အဖွဲ့အစည်းပေါင်းများစွာလည်း ရှိနေသေးသည်။

ယခုအခါတွင် တော်ဝင်ချန်နန်းတော်သည် သူ၏ ဂုဏ်သိက္ခာကို အဆင့်ဆင့် မြှင့်တင်ရန် တစ်လှမ်းပြီးတစ်လှမ်း လမ်းကြောင်းအသွယ်သွယ်ကို အသုံးပြုနေသည်။ ဧကရာဇ် ယန်ဖန် ၏ အတွေးအခေါ်များမှာ အလွန်ပင် ရှင်းလင်းလှပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။

ပထမခြေလှမ်းမှာ ပြင်ပခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် "အနှစ်သာရ နတ်ဘုရား ကျောင်း"နှင့် "ဆန်းကြယ်ကောင်းကင်ဘုံခန်းမ” ကဲ့သို့သော မြင့်မြတ်နယ်မြေများကို နှိမ်နင်းခြင်း ဖြစ်သည်။

ဒုတိယခြေလှမ်းမှာ "ဖန်းဆင်းခြင်းသင်္ဘော" ကို တည်ဆောက်ပြီး အလယ်အလတ်အဆင့် ကမ္ဘာသစ်များကို ရှာဖွေကာ မိမိကိုယ်ကိုယ် အစွမ်းကုန် အစွမ်းထက်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ "ယန်စိတ်ဝိညာဉ်"အဆင့်အထိ ကျင့်ကြံနိုင်ပါက အကြွင်းမဲ့စွမ်းအားဖြင့် မုန့်ရှန်းကျီအပါဝင် အလိုမကျသူအားလုံးကို အမြစ်ပြတ် ချေမှုန်းနိုင် မည် ဖြစ်သည်။

တတိယခြေလှမ်းမှာ ဟုန်ယွိ၊ ဖန်းယွမ်နှင့် ချန်ပီယံမြို့စားတို့ကဲ့သို့သော ပုဂ္ဂိုလ်များကို စောင့်ကြည့်ပြီး သူတို့ထံမှ လျှို့ဝှက်ချက်များကို ရယူရန် ဖြစ်သည်။ နန်းတွင်းအတွက်မူ ထိုကဲ့သို့သော ပါရမီရှင်များသည် အမြဲတမ်း မတည်မငြိမ် ဖြစ်စေသည့် အချက်ချာများ ဖြစ်နေသဖြင့် သူတို့၏ စွမ်းအားကို အသုံးချ၍ တစ်ဖက်မှလည်း သူပါရမီရှင်များကို ထိန်းချုပ်ထားရန် ကြိုးစားနေခြင်း ဖြစ်သည်။

ဤခြေလှမ်း သုံးခုစလုံး၏ အဆုံးစွန်သော ရည်မှန်းချက်မှာ လောကကြီးကို ပြုပြင်ပြောင်း လဲပြီး ထာဝရ ချုပ်ကိုင်ထားရန်ပင် ဖြစ်သည်။ အကြွင်းမဲ့ စွမ်းအားဖြင့် အရာအားလုံးကို စီမံခန့်ခွဲပြီး သမိုင်းစာမျက်နှာများတွင် ထာဝရ အုပ်စိုးရှင်အဖြစ် တည်ရှိနေရန် ရည်ရွယ် ထား၏။ အရာအားလုံးမှာ သူတို့၏ လက်ခုပ်ထဲ၌သာ ရှိနေရမည်။

၎င်းမှာ ဧကရာဇ်တိုင်း၏ ကြီးမားသော ရည်မှန်းချက်နှင့် အလိုဆန္ဒပင် ဖြစ်သည်။ ဧကရာဇ် တိုင်းမှာ ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက် ရှိကြသည်။ အကယ်၍, နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ တစ္ဆေသရဲများဖြစ်နေလျှင်ပင် သူတို့၏ ထိန်းချုပ်မူ အောက်မှာ ရှိနေရမည်။

ဤကဲ့သို့သော ကြီးမားလှသည့် ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် ရရှိလာသော အတွေ့အကြုံနှင့် ကံတရားများက ဧကရာဇ်တစ်ပါးအား ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ပို့ဆောင်ပေးနိုင်ပြီး "နိဗ္ဗာနနယ်ပယ်"သို့ပင် ရောက်ရှိစေနိုင်ပေသည်။

သမိုင်းတွင် မည်သည့် သူတော်စင် ဧကရာဇ်ကမျှ လောကကြီးနှင့် လူတို့၏ စိတ်နှလုံးကို ထာဝရ မချုပ်ကိုင် နိုင်ခဲ့ကြချေ။ ကောင်းကင်ဘုံ၏ တာအိုကို နားလည်ရန် လွယ်ကူသော် လည်း လူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ရန်မှာမူ ခဲယဉ်းလှ၏။ အကယ်၍ ဧကရာဇ် ယန်ဖန်သာ ဤလောကကြီးကို ထာဝရ ချုပ်ကိုင်နိုင်ခဲ့ပါက သူ၏အတွေးများသည် မည်မျှ ချောမွေ့သွားမည်နည်း။ မည်မျှ ကျေနပ်ပီတိ ဖြစ်နေမည်နည်း။ သူ၏ကံတရားမှာ မည်မျှ ကြီးမားလာမည်နည်း။

၎င်းမှာ ဟုန်ယွိ၏ "လောကလူသားအားလုံး နဂါးဖြစ်စေရမည်" ဟူသော ကြီးမားသော ရည်မှန်းချက်နှင့် ဆင်တူလှ၏။

ရည်မှန်းချက် ကြီးမားလေ၊ အောင်မြင်သောအခါ ရရှိမည့် ကံတရားမှာလည်း ကြီးမားလေ ဖြစ်သည်။ ထိုကြီးမားသော ကမ္မကုသိုလ်စွမ်းအားမှာ စိတ်ဝိညာဉ်ကို အနှိုင်းမဲ့ လွတ်မြောက် ခြင်း အဆင့်သို့ ပို့ဆောင်ပေးနိုင်ပေသည်။

ဟုန်ရွှန်ကျိက ဖန်းယွမ်ကို ထိုးနှက်လိုက်သည့် ခဏ၌ပင် ဟုန်ယွိ၏ စိတ်နှလုံးထဲတွင် ရှင်းလင်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူနှင့် ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိတို့ အကြား မည်သို့မျှ စေ့စပ်၍မရနိုင်သော ပဋိပက္ခကြီး ရှိနေကြောင်းကိုလည်း နားလည်သွား ၏။

ဟုန်ယွိသည် "ကောင်းကင်ဘုံတာအိုလမ်းစဉ်" အကြောင်းကို ဖွဲ့နွဲ့ထားသည့် "ပြောင်းလဲ ခြင်းကျမ်း"ကို ကိုယ်တိုင် ရေးသားနေသူ ဖြစ်သည်။ ထိုကျမ်း၏ နောက်ဆုံး "ဟက်ဆာဂရမ်" (Hexagram) နိမိတ်သင်္ကေတတွင် "ကိုးဂဏန်းကို အသုံးပြု၍၊ ခေါင်းဆောင်မဲ့နေသော နဂါးအုပ်စုကြီးကို မြင်တွေ့ရခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်သည်" ဟု ဖော်ပြထား၏။ ၎င်းမှာ လောကရှိ လူသားအားလုံးသည် နဂါးများကဲ့သို့ စွမ်းအားရှိကာ အသိဉာဏ် မြင့်မားကြသဖြင့် အထက်စီးမှ အုပ်ချုပ်မည့်သူ မလိုဘဲ မိမိကိုယ်ကိုယ် တာဝန်ယူနိုင်သည့် အခြေအနေမျိုး ရောက်ရှိရန် ဆန္ဒပြုထားခြင်း ဖြစ်သည်။ သို့သော်လည်း တော်ဝင်ချန် ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့မှာမူ ထိုသို့ မဟုတ်ချေ။ သူတို့သည် အင်မော်တယ်များ၊ တစ္ဆေသရဲများ၊ လူသားများနှင့် နတ်ဘုရားများ အားလုံးကို ထာဝရ ချုပ်ကိုင်အုပ်စိုးကာ၊ မိမိတို့ကိုယ်တိုင်မှာလည်း အမြင့်မြတ်ဆုံးသော ထာဝရ ဖြစ်တည်မှုများအဖြစ် တည်ရှိနေရန် ရည်ရွယ်ထားကြသည်။ (Hexagram - တစ်ခု ဟာ မျဉ်းတို (ယင် ---) နဲ့ မျဉ်းရှည် (ယန်— ၃) စုစုပေါင်း မျဉ်း ၆ ကြောင်းကို တစ်ဆင့်ချင်း ထပ်ထားတာ ဖြစ်ပါတယ်။ (ဂရိစကားလုံး Hexa က "ခြောက်" လို့ အဓိပ္ပာယ်ရပြီး Gram က "ရေးဆွဲခြင်း" လို့ အဓိပ္ပာယ်ရပါတယ်)။ ("နဂါးအုပ်စုကြီးကို မြင်တွေ့ရခြင်း" ဆိုသည် မှာ ပထမဆုံး Hexagram (Qian - ကောင်းကင်)ရဲ့ နောက်ဆုံးအဆင့် နိမိတ်စကား ဖြစ်ပါသည်)။ Hexagram (ခြောက်တန်းပုံရိပ်): အဲဒီ အခြေခံအင်အားစု ၂ ခုကို တစ်ခုပေါ်တစ်ခု ထပ်လိုက်တဲ့အခါ (ဥပမာ - ကောင်းကင်နဲ့ မြေကြီး ပေါင်းစပ်ခြင်း) Hexagram တစ်ခု ဖြစ်လာပါတယ်။ စုစုပေါင်း ပေါင်းစပ်မှု ၆၄ မျိုး ရှိပါတယ်။

ထိုနှစ်ဖက်စလုံး၏ တာအိုလမ်းစဉ်များမှာ လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြရာ နောင်တစ်ချိန်တွင် မည်သို့မျှ စေ့စပ်ညှိနှိုင်း၍ ရနိုင်တော့မည် မဟုတ်ပေ။

၎င်းတို့၏ တာအိုလမ်းစဉ်များ အသီးသီး အောင်မြင်မှု ရရှိသွားခဲ့ပါက တစ်ဖက်စီတွင် အတိုင်းအဆမရှိသော ကမ္မကုသိုလ်အကျိုးများကို ရရှိခံစားကြရမည် ဖြစ်သည်။

ထိုသိမြင်နားလည်မှုများ အားလုံးမှာ ဟုန်ယွိ၏ စိတ်ထဲတွင် တစ်ခဏအတွင်း လက်ခနဲ ပေါ်လာခြင်း ဖြစ်သည်။

ဖန်းယွမ်သည် ဉာဏ်ပညာရှိပြီး ကောက်ကျစ်သူ ဖြစ်သော်လည်း ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့ကဲ့သို့ ဝါရင့် မြေခွေးအိုကြီးများကို မမီသေးချေ။ သူသည် ချီလင်သားရဲကြီးကို ရှာဖွေရန် အလျင်စလို ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် အခြားသူအတွက်သာ ဖြစ်သွားရရှာသည်။ ဟုန်ယွိမူကား ဒိုင်ဇင်ဘုရားကျောင်း၏ မြေအောက်နန်းတော်ထဲတွင် "ရုလိုင်အထွက်အထိပ် သင်္ကန်းတော်" ရှိနေမှန်း သိသော်လည်း သွားရောက်မယူသေးဘဲ ဖန်းယွမ်ထက် ပိုမို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

"အခွင့်အရေးဆိုတာ ဖြည်းဖြည်းချင်း ရှာရတာမျိုးပဲ၊ ဖန်းယွမ်ကတော့ အတွေ့အကြုံ လိုသေးတယ်။ မုန့်ရှန်းကျီ ရွေးချယ်ခဲ့တဲ့ ပါရမီရှင် ငါးယောက်ထဲမှာ ဖန်းယွမ် တစ်ယောက် တည်းကတောင် ဒီလောက် လျှို့ဝှက်ချက်တွေ ရှိနေရင် ကျန်တဲ့ လေးယောက်ကကော ဘယ်လိုရှိမလဲ။ ငါ တောရိုင်းဒေသထဲ ယင်းရှာနောက်ကို လိုက်ရင်း ဖန်းယွမ်နဲ့ တွေ့တာက လည်း တိုက်ဆိုင်မှု သက်သက်ပဲလား။ ဒါဟာ မုန့်ရှန်းကျီရဲ့ အစီအစဉ်တွေများလား... အဲဒီလိုဆိုရင်တော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်..."

တစ်ယောက်က တောရိုင်းဒေသတွင်၊ နောက်တစ်ယောက်က အနောက်ဘက်ဒေသတွင် ရှိနေကြခြင်း ဖြစ်ရာ သူတို့နှစ်ဦးမှာ အလွန်ပင် ဝေးကွာလှ၏။ မူလက ဟုန်ယွိသည် ဖန်းယွမ်က ချီလင် သူတော်စင် သားရဲကို ရှာနေမှန်း မသိနိုင်ပေ။ သို့သော် ဟန်ရှောက်ဇီ ကြောင့် ချန်ယင်းရှာ၏ စိတ်နှလုံး လှုပ်ရှားသွားခဲ့ရပြီး သူမ တောရိုင်းဒေသသို့ လာရာမှ ဖန်းယွမ်နှင့် ဆုံခဲ့ခြင်း ဖြစ်သည်။ အရာအားလုံးမှာ တိုက်ဆိုင်လွန်းလှသဖြင့် ဟုန်ယွိသည် သူ့ကိုယ်သူပင် မုန့်ရှန်းကျီ၏ အသုံးချခံ ဖြစ်နေရသလားဟုပင် ခံစားလိုက်ရသည်။

ဖန်းယွမ် ကောင်းကင်မှ ပြုတ်ကျသွားသည်ကို ကြည့်ရင်း ထိုအတွေးများမှာ ဟုန်ယွိ၏ စိတ်ထဲတွင် လျှပ်တပြက် ဖြတ်သန်းသွားသည်။ ဟုန်ယွိသည် ချန်ယင်းရှာကို ဆွဲကာ အမြန် ပင် နောက်ဆုတ်လိုက်၏။ သူသည် ကောင်းကင်မှ ဧရာမ ချီလင်သားရဲကြီးထံသို့ဖြစ်စေ၊ ဟုန်ရွှန်ကျိထံသို့ဖြစ်စေ အနားမကပ်သေးပေ။

သူသည် အခြေအနေအားလုံးကို နားလည်သွားသည့်အတွက် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေတော့သည်။

ကောင်းကင်ယံတွင်မူ ဖန်းယွမ်ကို ထိုးနှက်လိုက်သော ဟုန်ရွှန်ကျိကို ချီလင် သူတော်စင် သားရဲကြီးက ဒေါသတကြီး တိုက်ခိုက်လေတော့သည်။

အနန္တနဂါးလက်စွပ်ရှိသော ဖန်းယွမ်ကို ချီလင်သားရဲကြီးက အသိအမှတ်ပြုထားပြီး ဖြစ်ရာ ယခုကဲ့သို့ ဖန်းယွမ် အတိုက်ခံရခြင်းမှာ ချီလင်သားရဲကြီးကို သဘာဝအတိုင်း ဒေါသထွက် စေသည်။

ရူး…...

ဆင်ပေါင်း ထောင်ချီ တစ်ပြိုင်နက် လေမှုတ်ထုတ်လိုက်သကဲ့သို့ နှာမှုတ်အသံကြီး ထွက်ပေါ်လာပြီး ဖရဲသီးအရွယ်အစားရှိသော မီးလုံးနီကြီး တစ်လုံးသည် ချီလင်သားရဲကြီး ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ ၎င်းမှာ ကြွေကျလာသော ဥက္ကာခဲတစ်ခုကဲ့သို့ စူးရှသော အသံကို ပေးလျက် မီးတောက်အမြီးတန်းကြီးနှင့်အတူ ဟုန်ရွှန်ကျိထံသို့ တိုးဝင်သွားလေ သည်။

၎င်းမှာ ချီလင်သားရဲကြီး နှစ်ပေါင်း ထောင်ချီ ကျင့်ကြံထားသော အတွင်းအမြုတေပင် ဖြစ်သည်။ အမြုတေအတွင်း၌ ကြယ်တာရာတို့၏ အနှစ်သာရ၊ သဘာဝ ရတနာတို့၏ စွမ်းအင်များနှင့် ၎င်း၏ ကိုယ်ပိုင် သွေးစွမ်းအင်များ ပါဝင်နေသဖြင့် သာမန် "မီးအမြုတေ" ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လှပေသည်။

ဗုန်း...

ဖရဲသီးအရွယ် အမြုတေကြီးသည် အသံထက် မြန်သော အရှိန်ဖြင့် မြေပြင်သို့ ကျရောက် သွားသည်။ ဟုန်ရွှန်ကျိက ဖန်းယွမ်ကို ထိုးနှက်လိုက်သည့် တစ်ချိန်တည်းမှာပင် ထိုအမြုတေကြီးမှာ ဟုန်ရွှန်ကျိ၏ နောက်သုံးပေအကွာသို့ ကျရောက်သွားခြင်း ဖြစ်၏။ ထွက်ပေါ်လာသော အသံလှိုင်းများမှာ ဟင်းလင်းပြင်ကြီးကိုပင် တုန်ခါသွားစေပြီး ရှောင်တိမ်းရန် အချိန်ပင် မရနိုင်တော့ပေ။

"ဟွန်း..."

ဟုန်ရွှန်ကျိက ရုတ်တရက် လှည့်ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူသည် လက်သီးတစ်ချက်ကို ထိုးနှက်လျက် သူ၏ လက်မောင်းကို လိမ်ကာ "ကောင်းကင်ဘုံ သေမင်းဘီး"၏ အစွမ်းထက်သော သိုင်းကွက်တစ်ခု ဖြစ်သည့် "ကောင်းကင်စက်ဝန်းဘီး တံဆိပ်"ကို အသုံးချ၍ ထိုအမြုတေကြီးကို ခုခံလိုက်သည်။ လက်သီးနှင့် အမြုတေကြီးတို့ အပြင်းအထန် တိုက်မိသံမှာ ဒီရေလှိုင်းကြီး ကျောက်ဆောင်ကို ရိုက်ခတ်သကဲ့သို့ပင်။ ပြင်းထန်လှသော ထိတွေ့မှုကြောင့် အမြုတေကြီးထံမှ မီးပွင့်ပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာပြီး မိုင်ပေါင်းများစွာ အကွာအဝေးအထိ ဥက္ကာခဲမိုးများ ရွာသွန်းသကဲ့သို့ ကျဆင်းလာတော့သည်။

ထိုမီးတောက်များ မြေပြင်သို့ ကျရောက်သောအခါ သစ်ပင်များကို လောင်ကျွမ်းသွားပြီး တောမီးများ ချက်ချင်းပင် လောင်ကျွမ်းကာ မီးခိုးလုံးကြီးများ လှိမ့်တက်လာလေသည်။

ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ထိုအမြုတေကြီးကို ထိုးနှက်လိုက်သော်လည်း အနည်းငယ် မျှပင် မလှုပ်ခါချေ။ သူသည် မြေပြင်ကို တစ်ချက်ဆောင့်နင်းလိုက်ရာ ရွှေရောင် မျဉ်းကြောင်းသဖွယ် ချီလင်သားရဲကြီး၏ အထက်သို့ ရောက်ရှိသွားသည်။ သူ၏ လက်နှစ်ဖက်မှာ နဂါးလက်သည်းများသဖွယ် ချီလင်သားရဲကြီး၏ ဦးချိုများကို လှမ်းဆွဲ လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ ကျောပေါ်သို့ ခွစီးလိုက်လေသည်။

သူသည် သူ၏ အဆုံးမဲ့ ခွန်အား၊ အကန့်သတ်မဲ့ အရှိန်အဝါ၊ နတ်ဘုရား အစွမ်းတို့ဖြင့် ချီလင် သူတော်စင် သားရဲကြီးကို မြင်းရိုင်းတစ်ကောင်လို ယဉ်ပါးအောင် ပြုလုပ်ပြီး၊ ဖမ်းယူရန် ကြိုးစားနေခြင်းပင်။

ချီလင်သားရဲကြီးမှာ ဦးချိုများကို ဟုန်ရွှန်ကျိက ဆွဲထားပြီး ကျောပေါ်တွင်လည်း ခွစီးခြင်း ခံထားရသဖြင့် ရုတ်တရက်ဆိုသလို ကောင်းကင်တုန်ခါအောင် ဟစ်အော်လိုက်တော့ သည်။ တစ်ခဏအတွင်းမှာပင် ကမ္ဘာမြေကြီး တုန်ခါသွားပြီး တိမ်တိုက်များမှာလည်း အရောင်ပြောင်းသွားကာ ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာတော့သည်။

လူသားနှင့် သားရဲကြီးတို့မှာ ကောင်းကင်ယံထက်တွင် အပြင်းအထန် လုံးထွေး တိုက်ခိုက် နေကြလေပြီ။

"သူက တကယ့်ကို ရဲတင်းလွန်းတာပဲ။"

ထိုမြင်ကွင်းကို ကြည့်ရင်း တိုက်ပွဲနယ်မြေမှ ဟုန်ယွိ ဆွဲထုတ်လာခဲ့သော ချန်ယင်းရှာမှာ မျက်နှာ ဖျော့တော့သွားသည်။

"ဟုန်ရွှန်ကျိက တကယ့်ကို ကြောက်စရာကောင်းတယ်၊ ဟုန်ယွိ... မင်းက 'ကောင်းကင် အလင်းဦးချို' နတ်ဘုရားချပ်ဝတ်ကို ဝတ်ပြီး မင်းရဲ့စွမ်းအား အကုန်အသုံးပြုရင်တောင် သူ့ကို 'အလင်းနှင့်အမှောင် မန္တလာ မဟာအစီအရင်' နဲ့ ပိတ်ဆို့ဖို့ ခက်လိမ့်မယ်။ သူ ငါတို့ကို တွေ့သွားပြီလား။ တကယ်လို့ သူ တွေ့သွားရင် ငါတို့ သူ့ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်မှာ မဟုတ်ဘူး။"

"သူ ငါတို့ကို တွေ့နေတာ ကြာပါပြီ။ ဒါပေမဲ့ အခု သူ့ရဲ့ ပန်းတိုင်က ချီလင် သားရဲကြီးပဲ။ ဒီချီလင်သားရဲကြီးက အရမ်း ဉာဏ်ကောင်းတယ်။ တကယ်လို့ သူသာ ဘေးအန္တရာယ်နဲ့ ကြုံလာရင် ကမ္ဘာငယ်တစ်ခုထဲမှာ ပုန်းသွားလိမ့်မယ်။ သူ့ရဲ့ အမြုတေကို သုံးပြီး လေဟာနယ် မုန်တိုင်းကြားထဲကိုတောင် ဝင်သွားနိုင်တယ်။ အဲဒီလိုဆိုရင် သူ့ကို ဖမ်းဖို့ အရမ်းခက်သွားလိမ့်မယ်။ ဒါကြောင့် ဟုန်ရွှန်ကျိက ငါတို့ကို အခုလောလောဆယ် ဂရုမစိုက်နိုင်သေးတာ။" ဟုန်ယွိက အလျင်အမြန်ပင် ပြောလိုက်သည်။ "နောက်ပြီး ငါ့မှာ က အတွေးစ ၂,၀၀၀ နဲ့ အဋ္ဌမအဆင့် နတ်ဘုရားအသိစိတ် တစ်ခုပဲ ရှိတာ၊ ဟုန်ရွှန်ကျိကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အခု ဟုန်ရွှန်ကျိက အရမ်း အစွမ်းထက်နေပြီ၊ ကျိုးထိုက်ကျူတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဆင့်ခုနစ် မိုးကြိုးကပ်ဘေး ပညာရှင် 'ဖန်ဆင်းရှင်'အဆင့် လောက်မှပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်။"

အဆင့်ခုနစ် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသူကိုသာ "ဖန်ဆင်းရှင်" ဟု ခေါ်ဆိုနိုင်ပေ သည်။

ယခုအခါတွင် ဟုန်ရွှန်ကျိသည် "ကောင်းကင်နဂါးဘုရင်ချပ်ဝတ်" ကို ဝတ်ဆင်ထားသဖြင့် အနှိုင်းမဲ့ အစွမ်းထက်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေသည်။

"တကယ်လို့, သူသာ ချီလင်သားရဲကြီးကို ယဉ်ပါးအောင် လုပ်နိုင်သွားရင် သူဟာ ပိုပြီး အစွမ်းထက်သွားတော့မယ်။ သူကျင့်ကြံတဲ့ 'ကောင်းကင်ဘုံသေမင်းဘီး' ကလည်း လွှမ်းမိုး မှု အရမ်းပြင်းထန်သလို၊ အဲဒီချပ်ဝတ်ကလည်း ရှေးခေတ် သူတော်စင် ဧကရာဇ်ရဲ့ ချပ်ဝတ် ဆိုတော့ သူ တကယ်ပဲ ချီလင်သားရဲကြီးကို ဖမ်းနိုင်လိမ့်မယ် ထင်တယ်။" ချန်ယင်းရှာက ဆိုသည်။

"ငါတို့ ပုန်းနေကြရအောင်။ မုန့်ရှန်းကျီက ငါတို့ကို အသုံးချနေတာ။ သူက အရမ်းကို အကြံများတဲ့သူပဲ။ ငါ့အထင်တော့ သူဟာ အခု 'အနှစ်သာရ နတ်ဘုရားကျောင်း'ရဲ့ မူလဝိညာဉ် နတ်ဘုရား၊ ဧကရာဇ် ယန်ဖန်တို့နဲ့ ရင်ဆိုင်နေရလို့ သူကိုယ်တိုင် မလာနိုင်ပေ မဲ့ ချီလင်သားရဲကြီး ပေါ်လာပြီဆိုရင်တော့ သူက တခြားသူတွေကို အသုံးချလိမ့်မယ်။ ဟုန်ရွှန်ကျိကို အလွယ်တကူ ချီလင်သားရဲကြီး ရသွားအောင် သူ ခွင့်ပြုမှာ မဟုတ်ဘူး။ အို... အဝေးကနေ တစ်ယောက်ယောက် လာနေပြီ။"

All Chapters