← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 40 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 40 Ch. 423-424

အခန်း (၄၂၃)။

ဟုန်ယွိနှင့် ချန်ယင်းရှာတို့သည် မိုင်ပေါင်း ရာချီအကွာသို့ ဆုတ်ခွာလာခဲ့ကြရာ အသံလှိုင်း များ၏ သက်ရောက်မှုမှာလည်း များစွာ လျော့နည်းသွားပြီ ဖြစ်သည်။ ထိုခဏ၌ ဟုန်ယွိ သည် တစ်ခုခုကို သတိပြုမိလိုက်သဖြင့် ချန်ယင်းရှာနှင့်အတူ တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်ကာ ကျောက်ဆောင်များကြားတွင် ပုန်းကွယ်လိုက်ကြသည်။

အရှေ့ဘက် အရပ်မျက်နှာမှ အလင်းတန်းတစ်ခုသည် ရုတ်တရက် ပျံသန်းလာလေသည်။

"အဆင့်တစ် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်ကများ စားစရာ လာတောင်းနေတာ လား။" ချန်ယင်းရှာက သေချာကြည့်လိုက်ပြီးနောက် အလင်းတန်းမှာ ကြည်လင်သော် လည်း လျှပ်စီးအလင်းမထွက်သည်ကို မြင်ကာ နှာခေါင်းရှုံ့လိုက်သည်။ ချီလင်သားရဲကြီး ၏ မိုင် ၁၀၀ ပတ်လည်အတွင်း ရောက်လာသော မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးမှာ ၎င်း၏ ဟိန်းဟောက်သံ တစ်ချက်ကြောင့်ပင် စိတ်ဝိညာဉ်များ ပျက်စီးသွားနိုင်ပေသည်။

"ဒီပညာရှင်က သာမန် မဟုတ်ဘူး။"

ဟုန်ယွိသည် လှုပ်ရှားလိုက်သောအခါ ထိုအလင်းတန်းမှာ ပထမအဆင့် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော စိတ်ဝိညာဉ် အတွေးစများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း မြင်လိုက်ရသည်။ ၎င်းတို့အလယ်တွင် လူတစ်ဦး၏ စိတ်ဝိညာဉ်ကို မထင်မရှား မြင်နေရ၏။ သူသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာ ရှိသည့် လူငယ်တစ်ဦး ဖြစ်သော် လည်း အလွန်ပင် သတိကြီးကာ စဉ်းစားဉာဏ် ရှိပုံရသည်။

ထိုမိုးကြိုးကပ်ဘေး အတွေးစများသည် နတ်ဘုရား စိတ်ဝိညာဉ်၏ အထက်တွင် ကြယ်တာ ယာ တိမ်တိုက်သဖွယ် ဖြစ်ပေါ်နေပြီး ကောင်းကင်ယံမှ ခရမ်းရောင်ကြယ်စုနက္ခတ်နှင့် သိမ်မွေ့စွာ ချိတ်ဆက်ထားလေသည်။ ထို့ပြင် နတ်ဘုရား စိတ်ဝိညာဉ်၏ ညာဘက်တွင် "ထွန်တုံးနက္ခတ်" ကြယ်စုတန်းပုံစံ၊ ဘယ်ဘက်တွင် "တောင်ဘက်နက္ခတ်" ကြယ်စုတန်း ပုံစံနှင့် ထိုနတ်ဘုရား စိတ်ဝိညာဉ်၏ ခြေထောက်အောက်တွင် စိတ်ဝိညာဉ် အတွေးပေါင်း များစွာဖြင့် "မြေနတ်ဆိုးနက္ခတ်" ကြယ်စုတန်းပုံစံကို တည်ဆောက်ထားသည်။

ဤကြီးကျယ်ခမ်းနားသော ကြယ်တာရာအစီအရင် လေးခုအတွင်း၌ အဆင့်တစ် မိုးကြိုး ကပ်ဘေးပညာရှင်တစ်ဦး၏ စိတ်ဝိညာဉ် အတွေးပေါင်း တစ်သိန်းကျော် ပါဝင်နေသည်။

ထိုကြယ်စုတန်း အစီအရင်လေးခုစလုံးမှာ ကောင်းကင်မှ ကြယ်တာရာတို့၏ နက်နဲသော လျှို့ဝှက်ချက်များနှင့် ဟန်ချက်ညီနေပြီး ၎င်းတို့ ပေါင်းစပ်လိုက်သောအခါ ကြယ်တို့၏ လှည့်ပတ် သွားလာရာလမ်းကြောင်းအတိုင်း လည်ပတ်လျက် အဆုံးမဲ့သော စွမ်းအားများ ကို ထုတ်လွှတ်နေတော့သည်။

ထိုလူငယ်သည် ကြယ်စုတန်း လေးခုအစီအရင်ကို ဖွဲ့စည်းတည်ဆောက်ပြီးနောက် စိတ်ဝိညာဉ်က အလွန်ပင် ခိုင်မာသွားကာ ချီလင်သားရဲကြီး၏ ဟိန်းဟောက်သံရှိရာ မိုင် ၁၀၀ ပတ်လည်အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။ အသံလှိုင်းများကြောင့် ကြယ်စု တန်းများမှာ ပြင်းထန်စွာ တုန်ခါသွားသော်လည်း ပျက်စီးသွားခြင်းဘဲ လေပြင်းကြားမှ ပင့်ကူအိမ်ကဲ့သို့ပင် တည်ရှိနေ၏။ သူသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ဖန်းယွမ်ကို ကယ်တင်လိုက်လေသည်။

"အဆင့်တစ် မိုးကြိုးကပ်ဘေး အတွေးစပေါင်း တစ်သိန်းကျော်နဲ့ ဒီလောက် နက်နဲတဲ့ ကြယ်စုတန်းတွေကို ဖွဲ့စည်းထားတာလား။ သူက အဲဒီလောက်များတဲ့ အတွေးစတွေကို ဘယ်က ရတာလဲ။" ချန်ယင်းရှာမှာ ထိတ်လန့်သွားရသည်။

အဆင့်တစ် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးတွင် အများဆုံး စိတ်ဝိညာဉ် အတွေးစပေါင်း တစ်ထောင်ကျော်သာ ရှိတတ်ပြီး အဆင့်ခြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသူ ပင်လျှင် တစ်သိန်းအထိ ရှိရန် ခဲယဉ်းလှပေသည်။

"ဒီလောကကြီးက ကျယ်ပြောပြီး ထူးဆန်းတာတွေနဲ့ ပြည့်နှက်နေတယ်။ ကျင့်ကြံခြင်း တာအိုဂိုဏ်းပေါင်း ထောင်သောင်းချီ ရှိနေတာ။ ရှေးဟောင်းခေတ်ကနေ အလယ်ခေတ်၊ အလယ်ခေတ်ကနေ အခုခေတ်အထိ ပုန်းကွယ်နေတဲ့ ဂိုဏ်းတွေ ဘယ်လောက်ရှိနေမှန်း ငါတို့ မသိနိုင်ဘူး။ ဒါဟာ မုန့်ရှန်းကျီ ပြုစုပျိုးထောင်ထားတဲ့ ပါရမီရှင်လူငယ်တွေထဲက တစ်ယောက် ဖြစ်ရမယ်။ သူဟာ ပထမအဆင့် မိုးကြိုးကပ်ဘေးပဲ ရှိသေးပေမဲ့ ရှေးဟောင်း ကောင်းကင်လမ်းစဉ်ရဲ့ (တာအို) ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာကို တတ် မြောက်ထားတာပဲ။ ပြီးတော့ သူက အတွေးစပေါင်း တစ်သိန်းကျော်အထိ ကျင့်ကြံနိုင် အောင် ကံထူးခဲ့ပုံရတယ်။ တကယ့်ကို အံ့ဩစရာပဲ။"

ဟုန်ယွိက ဆက်ပြောသည် "ငါက ချန်ပီယံမြို့စားနဲ့ ဖန်းယွမ်တို့ပဲ အစွမ်းထက်ဆုံး ပါရမီရှင် တွေလို့ ထင်ထားတာ၊ ဒါပေမယ့် ဒီလောကကြီးမှာ ဒီထက် ပိုအံ့ဩစရာကောင်းတဲ့ လူတွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းကင်နဲ့မြေကြီးက တကယ်ပဲ ပြောင်းလဲနေပြီ ထင်တယ်။ နောက်ထပ် ဘယ်လို ပညာရှင်တွေ ထပ်ပေါ်လာဦးမလဲ မသိဘူး။"

သူတို့ စကားပြောနေစဉ်မှာပင် အနောက်ဘက် ကောင်းကင်ယံမှ ကြည်လင်သော အလင်းတန်း နှစ်ခုသည် ရုတ်တရက် ပျံသန်းလာပြန်သည်။

ထိုအလင်းတန်း နှစ်ခုအတွင်း၌ လူနှစ်ဦး ပါရှိ၏။ တစ်ဦးမှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ကိုယ်နေဟန်မတ်မတ်ဖြင့် ဖြောင့်မတ်ခြင်း အရှိန်အဝါများကို ပိုင်ဆိုင်ထား သည်။ သူ၏ကိုယ်မှ ပြင်းထန်သော ကိုယ်ခံပညာ အရှိန်အဝါနှင့် နတ်ဘုရားကြီး တစ်ပါး ကဲ့သို့ ဖိအားများ ထွက်ပေါ်နေသသည်။ နောက်တစ်ဦးမှာမူ ဝတ်ရုံတဖျပ်ဖျပ်နှင့် လူငယ် တစ်ဦးဖြစ်ပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ခရီးသွားနိုင်သည့် အဆင့်ခြောက် မိုးကြိုး ကပ်ဘေး ပညာရှင်တစ်ဦး ဖြစ်သည်။

"ပိုင်ဖေးရှန်နဲ့ ယုဝမ်မု။"

ထိုသူနှစ်ဦး အတူတူ ပျံသန်းလာသည်ကို မြင်သောအခါ ဟုန်ယွိသည် ခေတ္တမျှ စဉ်းစား လိုက်ပြီး သူ သိထားသော တာအိုဂိုဏ်းများအကြောင်းကို ပြန်လည် ဆင်ခြင်ကြည့်ရာ ထိုမြင့်မြတ်သော ပုဂ္ဂိုလ်နှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိလိုက် သည်။

တစ်ဦးမှာ "အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း" ၏ ဂိုဏ်းချုပ် ပိုင်ဖေးရှန်ဖြစ်ပြီး မုန့်ရှန်းကျီ၏ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ပျက်ဆီးသွားကာ ပြန်လည်ဝင်စားသူဟု ကောလာဟလ ထွက်နေသူ ဖြစ်သည်။

နောက်တစ်ဦးမှာမူ လွန်ခဲ့သော အနှစ် ၂၀ က ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ကို သေလုနီးပါးအထိ တိုက်ခိုက်ခဲ့သော ယွန်မင်နိုင်ငံ၏ နာမည်ကျော် ဧကရာဇ်အကြံပေး ယုဝမ်မုပင် ဖြစ်သည်။ ဟုန်ယွိသည်လည်း ယုဝမ်မု ချန်ထားခဲ့သော ပဉ္စမအဆင့် မိုးကြိုး ကပ်ဘေး အတွေးစ ၉၉ ခုကို သိမ်းဆည်းခဲ့ဖူးသည်။

"ဒီယုဝမ်မုက တကယ်ပဲ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦး ဖြစ်သွားပြီပေါ့။ အနှစ် ၂၀ လောက် တိတ်ဆိတ်နေပြီးမှ ရွှန်ထျန်းတာအိုသခင်ရဲ့ ပြန်လည်ဝင်စားခြင်း ပညာရပ်ကို အသုံးပြုပြီး သူရဲ့ကျင့်ကြံမူကို အဆင့်မြှင့်တင်နိုင်ခဲ့တာပဲ။"

ရှူး... ရှူး... ရှူး...

ဟုန်ယွိက ယုဝမ်မုနှင့် ပိုင်ဖေးရှန်တို့ကို ကြည့်နေစဉ်မှာပင် အဝေးမှ တောက်ပသော လမ်းကြောင်းကြီးတစ်ခုသည် တံတားတစင်းကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းမှာ မိုင်ပေါင်း သောင်းချီ ရှည်လျားပြီး အလွန်ပင် ခန့်ညားထည်ဝါလှ၏။

ထိုလမ်းကြောင်း၏ အဆုံးတွင် မိန်းကလေးငယ်တစ်ဦးကို မထင်မရှား မြင်တွေ့ရသည်။ သူမ၏ ဦးခေါင်းပေါ်တွင် သွေးကဲ့သို့ နီရဲသော သန္တာဦးချို နှစ်ခု ပါရှိ၏။ သူမမှာ ယွန်မင် နိုင်ငံ၏ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သော "ကောင်းကင်နဂါးတာအိုဂိုဏ်း"၏ ဂိုဏ်းချုပ် အောင်းလွမ်ပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ နောက်တွင် ငါးရောင်ခြယ် ဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ရပ်နေသည်။ သူမှာ အခြားသူမဟုတ်ဘဲ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲတွင် နံပါတ်တစ်နေရာရှိ "ဉဒေါင်းဘုရင်”ပင် ဖြစ်ပေ သည်။

"ညီလေး ဖန်း... ငါ နောက်ကျသွားတယ်။"

ထိုခဏအတွင်းမှာပင် အရပ်မျက်နှာ အသီးသီးမှ ပညာရှင်များစွာ စုပြုံရောက်ရှိလာကြ သည်။ မိုးကြိုးကပ်ဘေး အတွေးစ တစ်သိန်းကျော်ဖြင့် ကြယ်စုတန်း လေးခုအစီအရင်ကို ဖွဲ့စည်းထားသော လူငယ်မှာ ဖန်းယွမ်ကို မြေပြင်ပေါ်မှ ကယ်တင်လိုက်ပြီးနောက် ဟုန်ရွှန်ကျိနှင့် ချီလင်သားရဲကြီးတို့ တိုက်ခိုက်နေသည့် နေရာမှ အမြန်ဆုံး ပျံသန်းထွက် ခွာသွားလေသည်။

“အစ်ကို ထန်... သတိထားဦး၊ ဟုန်ယွိ ဒီနားမှာ ပုန်းနေတယ်" ဖန်းယွမ်သည် ကယ်တင် ခံရသည်နှင့် လူငယ်ကို အလျင်အမြန် သတိပေးလိုက်သည်။ သူသည် အပြင်းအထန် ဒဏ်ရာရပုံမရပေ။ ဟုန်ရွှန်ကျိက သူ့ကို အသေသတ်ရန် ရည်ရွယ်ချက် မရှိခဲ့ခြင်း ဖြစ်ပေ လိမ့်မည်။ သို့မဟုတ်ပါက အနန္တနဂါးလက်စွပ် ရှိနေသော်လည်း သူသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

"ဟုန်ယွိလား။ သူက ဘာမှ မဟုတ်ပါဘူး။ သူ နန်းတွင်းစာမေးပွဲမှာ နာမည်ကြီးသွားတာက ငါ့ရဲ့ ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာကို အဆုံးမသတ်ရသေးလို့ပဲ။" အစ်ကိုထန် ဟု ခေါ်သော လူငယ်က မဲ့ပြုံးပြုံးရင်း ဆိုလိုက်သည်။ "ညီလေး ဖန်း... မင်းက အရမ်းကို ပေါ့ဆလွန်းတာပဲ။ မင်းက ပါရမီရှင်တစ်ယောက်အဖြစ် စောင့်ကြည့်ခံနေရတာ ကြာပြီလေ၊ အခုလိုမျိုး ချီလင်သားရဲကြီးကို လာရှာနေတာပဲ ကြည့်လေ။ ဒီပညာရှင်တွေအားလုံးဟာ သွေးနံ့ရတဲ့ ယင်ကောင်တွေလို စုပြုံရောက်လာကြပြီ။ ဟုန်ယွိမှာလည်း လျှို့ဝှက်ချက်တွေ ရှိပေမဲ့ သူက သူ့ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်။ ငါ့မှာလည်း လျှို့ဝှက်ချက်တွေ ရှိပေမဲ့ ငါကတော့ နာမည်မကြီးအောင် နေခဲ့တာ။ ဒါတောင် ငါ စောင့်ကြည့်ခံနေရတုန်းပဲ။"

"အစ်ကိုထန်... ငါ ချီလင်သားရဲကြီးကို လာရှာမယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ။" ဖန်းယွမ်၏ မျက်နှာမှာ ထိုစကားကြောင့် ပျက်သွားသော်လည်း ခဏအတွင်း ပုံမှန် ပြန်ဖြစ် သွားသည်။ သူသည် အတန်ငယ် ရင့်ကျက်လာပုံရ၏။

"မင်းဆီမှာ အနန္တနဂါးလက်စွပ် ရှိနေတာပဲ၊ အဲဒီလက်စွပ်နဲ့ဆိုရင် ချီလင်သားရဲကြီးကို ရှာလို့ရတယ်ဆိုတာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။" ထန်မျိုးရိုးနှင့် လူငယ်က တည်ငြိမ်စွာ ဆိုလိုက်သည်။ "မင်းက အသက် ရှစ်နှစ်နဲ့ တတိယရခဲ့တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်သလို၊ သူတော်စင် ဧကရာဇ်ရဲ့ ရတနာကိုလည်း လက်ဝယ် ထားထားတဲ့သူပဲ။ လူတွေ ဘယ်လောက်များများက မင်းရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမလဲဆိုတာ မင်း သိရဲ့ လား။ ဒါပေမဲ့ ဟုန်ယွိက မင်းထက် ပိုပြီး နာမည်ကြီးနေလို့ သူက မင်းအတွက် အာရုံလွှဲပေး ထားသလို ဖြစ်နေတာပေါ့။"

အခန်း (၄၂၄)။

"ငါ အခုတလော ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ထုတ်ဖော်ပြသမိနေသလိုပဲ။ နောင်ကျရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းမှ ဖြစ်တော့မယ်။ အိုး... ချီလင်..."

ထန်မျိုးရိုးနှင့် လူငယ်၏ စကားကို ကြားရသောအခါ ဖန်းယွမ်၏ စိတ်နှလုံးသည် မည်းမှောင်နေသော တိမ်တိုက်များကြားမှ လပြည့်ဝန်းကြီး ထွက်ပေါ်လာသကဲ့သို့ ကြည်လင်သွားတော့သည်။ "ငါ့ဘဝမှာ ဘယ်တုန်းကမှ အရှုံးနဲ့ မရင်ဆိုင်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကောက်ကျစ်စဉ်းလဲတဲ့သူတွေ ဒီလောက်အများကြီးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဟုန်ယွိကတော့ ငါ့ထက် ပိုပြီး ပါးနပ်သလို အတွေ့အကြုံလည်း ပိုရှိတာ အမှန်ပဲ။"

"အဲဒီလိုလည်း မဟုတ်ပါဘူး ညီလေး ဖန်းယွမ်ရာ။ မင်းက ငယ်သေးတာကိုး။ အသက် ရှစ်နှစ်နဲ့တင် ဒီလောက် အတွေ့အကြုံရှိနေပြီးပဲ။ သေးငယ်တဲ့ အခက်အခဲဆိုတာ ဘာမှ မဟုတ်ပါဘူး။ မင်း အသက်ရှင်နေသရွေ့ အရာအားလုံးကို အစကနေ ပြန်စလို့ ရတာပဲ။" ထန်မျိုးရိုး လူငယ်က ပြောလိုက်စဉ် သူ့မျက်ဝန်းများမှာ မကြုံစဖူး တည်ငြိမ်အေးဆေးမူ များဖြင့် လင်းလက်နေသည်။

"အခုလိုပဲပေါ့... ဒီတစ်ခါ ချီလင်သားရဲကြီး ပေါ်ထွက်လာတာက ငါ့ကြောင့်ပဲ။ ဒါပေမဲ့ ပညာရှင်တွေ အများကြီးက လုယူဖို့ ရောက်လာကြတယ်။ ငါ့အတွက်တော့ မျှော်လင့်ချက် မရှိတော့သလိုပဲ။ ဒါပေမဲ့ 'တွင်းထဲကျမှ အသိရ' ဆိုသလိုပါပဲ။ ဒီတစ်ကြိမ် ကံဆိုးမူက ငါ့အတွက် ကံကောင်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ငါ ချီလင်သားရဲကြီးကို မရနိုင်တော့ ပေမဲ့ လူအများရဲ့ စောင့်ကြည့်နေတဲ့ အကြည့်တွေအောက်ကနေ ငါ လွတ်မြောက်နိုင်ပြီ။ ဒါက မဆိုးတဲ့ အချက်ပဲ။"

ဖန်းယွမ်၏ စိတ်မှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ မျက်နှာတွင် ဉာဏ်ပညာယှဉ် သည့် အသွင်အပြင်တစ်ခု ပေါ်လာသည်။

"ဒါပေမဲ့ အစ်ကို ထန်... ဟုန်ယွိကိုတော့ လျှော့မတွက်နဲ့ဦး။ သူက အဆင့်ငါး မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ပြီးပြီ၊ တကယ့်ကို ကြောက်စရာကောင်းတဲ့လူပဲ။ သူက သာမန် ပညာရှင်တစ်ယောက် မဟုတ်တော့ဘူး။ အခုဆိုရင် သူ့ရဲ့ ပညာတွေက မြင့်မြတ်နယ်မြေ တစ်ခုရဲ့ ဂိုဏ်းချုပ်တွေနဲ့တောင် ရင်ဘောင်တန်းနေပြီ။"

"အို... ဟုတ်လား။ ဒါက ငါ ထင်ထားတဲ့အတိုင်းပါပဲ။"

ထန်မျိုးရိုးလူငယ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "သူက ပညာရှင် သူတော်စင် တစ်ရာ ကောင်းချီပေးခံရတဲ့ ဆောင်းပါးကို ရေးသားခဲ့သူဆိုတော့ အလယ်ခေတ်က ပညာရှင်တွေရဲ့ နိယာမတွေကို နားလည်ထားတာပဲ။ ဒါပေမဲ့ သူ့မှာ အလယ်ခေတ်က ပညာရှင် သူတော်စင်တွေလို ကြီးမားတဲ့ နတ်ဘုရားတန်ခိုး စွမ်းအင်မျိုးတော့ မရှိသေးပါ ဘူး။ အလယ်ခေတ်က ပညာရှင်တွေဟာ တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြပေမဲ့ တစ်ချက်တည်းနဲ့တင် တစ်လောကလုံးကို တုန်လှုပ်စေနိုင်တဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထား ကြတယ်။ သူတို့ဟာ သူတို့ရဲ့စိတ်ဝိညာဉ် အတွေးတွေကို ခန္ဓာကိုယ်ထဲက ထုတ်လွှတ်ပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်လိုက်တာနဲ့ 'ဖန်ဆင်းရှင်'တွေ တန်းဖြစ်သွားကြတာ။ ဒီအချက်ကို ကြည့်ရင် ဟုန်ယွိဟာ အခုလောလောဆယ်မှာ အစွမ်းထက်တယ် ဆိုရုံပါပဲ။ သူ ဖန်ဆင်းရှင် ဖြစ်ဖို့ကတော့ တကယ့်ကို ခက်ခဲလိမ့်ဦးမယ်။ ဒါကြောင့် အခုလောလောဆယ် မှာ သူက ကြောက်စရာကောင်းနေပေမဲ့ သိပ်ပြီး စိုးရိမ်နေစရာတော့ မလိုသေးပါဘူး။"

ခေတ္တမျှ ရပ်နားပြီးနောက် လူငယ်က ဆက်ပြောသည် "ဒါ့အပြင် အဆင့်ငါး မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားရင်တောင် သူ့မှာ အတွေးစ လေးငါးသောင်းလောက်ပဲ ရှိမှာ ပါ။ ငါက 'ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာ' ကို ကျင့်ကြံထားသလို ဆန်းကြယ်တဲ့ ကံထူးမှုတွေလည်း ကြုံတွေ့ရခဲ့တယ်။ ငါဟာ ရှေးဦးခေတ်က အင်မော်တယ်ဂူ “နဝမ ချောက်နက်ဂူဗိမာန်”ကို ရှာတွေ့ခဲ့တယ်။ အဲဒီ စိတ်ဝိညာဉ် အတွေးထဲ ပေါင်းစပ်နိုင်တဲ့ 'ကောင်းကင်ပုံဆောင်ခဲ'တစ်သိန်းနှစ်သောင်းကို ရထားသေးခဲ့တယ်။ အဲဒါတွေကို ငါ့ရဲ့ စိတ်ဝိညာည် အတွေးတွေနဲ့ ပေါင်းစပ်ထားတာ။ ငါဟာ မိုးကြိုးကပ်ဘေး ပထမအဆင့်ကိုပဲ ဖြတ်ကျော်ရသေးပေမဲ့ ငါ့မှာ အတွေးစပေါင်း တစ်သိန်းသုံးသောင်း ရှိတယ်။ တကယ်လို့, ငါသာ ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာကို သုံးလိုက်ရင် သူ့ကို ယှဉ်ဖို့က မဖြစ်နိုင် တာ မဟုတ်ပါဘူး။ ဒါ့အပြင် ငါ့မှာ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ရတနာတွေလည်း အများကြီး ရှိသေးတယ်။ သူ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ငါလည်း သူ့ကို လျှော့တော့ မတွက်ထားဘူး။ အခု နန်းတွင်းက အရှိန်အဝါ အထွဋ်အအိပ် ရောက်နေပေမဲ့ လောကကြီးကို ထာဝရ ချုပ်ကိုင်ချင်တာက ကောင်းကင်တာအိုရဲ့ တားမြစ်ချက်ပဲ။ ဒါဟာ ကောင်းကင်ဘုံရဲ့ ငြူစူမှုကို ခံရမှာဖြစ်ပြီး ဘေးဒုက္ခတွေ ကျရောက်လာလိမ့်မယ်။ မကြာခင် မှာ လောကကြီးက ကမောက်ကမ ဖြစ်လာတော့မယ်။ အဲဒီအချိန်ကျရင် သူရဲကောင်းတွေ ပေါ်ထွက်လာပြီး နဂါးနဲ့မြွေတွေ ထီးနန်းအာဏာလုကြလိမ့်မယ်။ မင်းတို့ ဖန်းမျိုးနွယ်၊ ငါတို့ ထန်မျိုးနွယ်နဲ့ နှစ်ပေါင်း ထောင်ချီ အမြစ်တွယ်နေတဲ့ မျိုးနွယ်စုကြီးတွေအားလုံး အမှောင်ထဲမှာ ပုန်းအောင်းပြီး စောင့်ကြည့်နေကြတာ။ အဲဒီ မျိုးနွယ်စုတွေထဲမှာ ပုန်းကွယ် နေတဲ့ ပါရမီရှင်တွေ အများကြီး ရှိသေးတယ်။ ငါတို့တောင် သူတို့ကို နိုင်ချင်မှ နိုင်မှာ။ အခု ငါတို့ နှစ်ယောက် ပူးပေါင်းပြီး ရှေ့လျှောက် ဖြစ်လာမယ့် အပြောင်းအလဲကြီးတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်။"

“လောကကြီးရဲ့ အပြောင်းအလဲလား။ အဲဒါဟာ နန်းတွင်းရဲ့ အရှိန်အဝါ ကျဆင်းသွားတဲ့ အခါ၊ အနည်းဆုံးတော့ အခု ဧကရာဇ် နတ်ရွာစံပြီး ဟုန်ရွှန်ကျိ ကျဆုံးသွားတဲ့အချိန်ရောက် မှပဲ ဖြစ်လာမှာပါ။”

ဖန်းယွမ်သည် မိုင်ပေါင်းရာချီဝေးသော နေရာတွင် ချီလင်သားရဲကြီးနှင့် အပြင်းအထန် တိုက်ခိုက်နေသည့် ဟုန်ရွှမ်ကျိကို ကြည့်ကာ အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက် စွာ ရယ်မောလိုက်သည်။ "ချန်ပီယံမြို့စား ယန်အန်း ရှိနေသလို၊ ဟုန်ယွိလည်း ရှိနေသေး တယ်။ သူတို့ကလည်း နောင်တစ်ချိန် အပြောင်းလဲမှာ ပေါ်ထွက်လာမယ့် နဂါးတွေ မြွေတွေ ထဲက ထူးချွန်တဲ့သူတွေပဲ။ ဘယ်သူက နဂါးစစ်စစ် ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ပေါ့။ အချုပ်ပြောရရင် ငါတို့ တကွဲတပြား ဖြစ်နေရင် အင်အားနည်းပြီး ပူးပေါင်းရင်တော့ အင်အားတောင့်တင်းမှာပဲ။ ဒါပေမဲ့ ငါ့ဇာတိမြို့က ရှေးဟောင်းစာကြည့်တိုက်မှာ စာအုပ် တွေ ဖတ်တုန်းက 'ရှေးဦးခေတ်က ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာ' အကြောင်း ကြားဖူးတယ်။ အဲဒါက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ အစ်ကိုထန် ပြသပေးနိုင် မလား။"

"ညီလေးဖန်းက ငါ့ရဲ့ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာကို ကြည့်ချင်တာလား" ထန်မျိုးရိုးလူငယ်က ပြုံးလိုက်ရာ သူ၏ မျက်နှာတွင် နက်နဲသော အမူအရာတစ်ခု ပေါ်လာ သည်။ "ရတာပေါ့။ ညီလေးဖန်း... မင်းက ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် ထားပေမဲ့ ငါတို့ ရတနာတွေကို မသုံးဘဲ တာအိုပညာချင်းပဲ ယှဉ်ရင်တောင် မင်း ငါ့ကို နိုင်ချင်မှနိုင်မှာ။ ဒါပေမဲ့ မင်းရဲ့ အနန္တနဂါးလက်စွပ်က သူတော်စင်ဧကရာဇ်ရဲ့ ရတနာပဲ လေ။ ဒီရတနာက 'ဖန်ဟွမ်အသက်ဝိညာဉ်ဓား'၊ 'ဧကရာဇ်ကောင်းကင်တံဆိပ်တော်' နဲ့ 'ကောင်းကင်နဂါးဘုရင်ချပ်ဝတ်' တို့လောက် မကောင်းပေမဲ့ ပထမတန်းစား ရတနာပါပဲ။ သူ့ရဲ့ စွမ်းအားက အတိုင်အဆမရှိတော့ ငါလည်း မယှဉ်နိုင်ပါဘူး..."

ပြောပြောဆိုဆိုဖြင့် ထန်မျိုးရိုးပါရမီရှင် လူငယ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ချိ... ချိ...

ကြည်လင်ပြောင်လက်နေသော အတွေးစများစွာ ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် ကြယ်တာယာ တိမ်တိုက်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားသည်။ ထိုတိမ်တိုက်ထဲတွင် ဧရာမ ကင်းမြီးကောက်ကြီး တစ်ကောင် ပေါ်လာ၏။

ထိုကင်းမြီးကောက်ကြီးသည် စိတ်ဝိညာဉ် အတွေးစများဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး စကြဝဠာအတွင်းရှိ နက်နဲသော ကြယ်တာရာအစီအရင်တစ်ခုကဲ့သို့ ရှိနေသည်။

"ကင်းမြီးကောက် ကြယ်တာယာအစီအရင်... ရှေးဦးကောင်းကင်... စိတ်အာရုံစွမ်းအင်... ကောင်းကင်နှင့် လူသားတစ်သားတည်းဖြစ်ခြင်း၊ ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်း - ကောင်းကင်ဘုံ ကင်းမြီးကောက် အသွင်ပြောင်းခြင်း။"

စိတ်ဝိညာဉ် အတွေးစတစ်ခုချင်းစီမှာ တုန်ခါသွားပြီး ပြင်းထန်သော ဂါထာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ ထိုဂါထာရွတ်ဖတ်သံများကြားတွင် ဝေးကွာလှသော စကြဝဠာ နက်ရှိုင်းဆုံးပိုင်းရှိ ကြယ်ရောင်စုံ ကောင်းကင်ကြီး ပွင့်ဟလာသကဲ့သို့ ဖြစ်သွားပြီး ကြယ်များစွာက တောက်ပနေကာ ဧရာမကင်းမြီးကောက်ပုံစံ ကြယ်စုကြီးတစ်ခု ပေါ်ထွက် လာသည်။ ကောင်းကင်ယံရှိ ထိုကင်းမြီးကောက် နက္ခတ်ကြယ်စုတန်းမှ အလင်းတန်းများ ကို ဆွဲယူလိုက်ရာ ထိုအလင်းများသည် အောက်သို့ စီးဆင်းလာပြီး ထန်မျိုးရိုးလူငယ်၏ စိတ်ဝိညာဉ်အတွေး ကင်းမြီးကောက်ကြီးနှင့် တစ်သားတည်း ပေါင်းစပ်သွားတော့သည်။

ထိုကြယ်တာရာ အလင်းတန်းများ၏ ပံ့ပိုးမှုဖြင့် စိတ်ဝိညာဉ်အတွေး ကြယ်တာယာ အစီအရင်ထဲရှိ ကင်းမြီးကောက်ကြီးမှာ လည်သွားပြီး၊ စကြဝဠာအတွင်း ကုဋေကုဋာမက သော ကြယ်များကို စိုးမိုးထားသည့် ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာတော့ သည်။

ခွန်အားနှင့် ရက်စက်မှုကို ပေါင်းစပ်ထားသော ထို "ကောင်းကင်ဘုံ ကင်းမြီးကောက်" ကြီး သည် စူးရှသောအသံကို ပေးလျက် အဝေးရှိ တောင်တန်းတစ်ခုထံသို့ ပျံသန်းသွားလေ သည်။

၎င်း၏ ရှည်လျားသော အမြီးကြီးကို တစ်ချက် ဝှေ့ယမ်းလိုက်သည့်အခါ တောင်တန်း တစ်ခုလုံးကိုပင် ထိုးဖောက်သွားနိုင်မည့်ပုံ ရှိနေ၏။

ထိုကင်းမြီးကောက်ကြီး၏ အဆိပ်ဆူးဖြင့် ထိုးနှက်ရန် ရည်ရွယ်ထားသော တောင်မှာ အခြား မဟုတ်ဘဲ ဟုန်ယွိနှင့် ချန်ယင်းရှာတို့ ပုန်းကွယ်နေသည့် တောင်ပင် ဖြစ်သည်။

"ဒီထန်ဆိုတဲ့လူက ဘယ်သူလဲ။ 'ရှေးဦးဂူဗိမာန်'၊ မူလနဝမချောက်နက်ဂူဗိမာန်'နဲ့ ' ကောင်းကင်ပုံဆောင်ခဲ' ဆိုတာတွေက ဘာတွေလဲ။"

ထန်မျိုးရိုးလူငယ်က ဖန်းယွမ်ကို ကယ်တင်စဉ်က သူတို့၏ စကားဝိုင်းကို ဟုန်ယွိနှင့် ချန်ယင်းရှာတို့ ကြားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ သူတို့နှစ်ဦးစလုံးမှာ နက်နဲသော တာအို ပညာများကို တတ်မြောက်ထားသဖြင့် ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေ သည်။

"ရှေးဦးခေတ်တုန်းက တာအိုပညာတွေ ထွန်းကားခဲ့ပေမဲ့ 'ယန်စိတ်ဝိညာဉ်' အဆင့်အထိ ရောက်တဲ့သူကတော့ အရမ်းနည်းခဲ့တယ်။ တာအိုပညာတွေဟာ တဖြည်းဖြည်း တိုးတက် လာပြီး ရှေးဟောင်းကာလခေတ် ရောက်မှပဲ အထွဋ်အထိပ်ကို တကယ် ရောက်ခဲ့တာ။ 'ယန်စိတ်ဝိညာဉ်' သခင်တွေနဲ့ သူတော်စင် ဧကရာဇ်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာခဲ့ကြတယ်။ အလယ်ခေတ်မှာတော့ ပညာရှင် သူတော်စင်ကြီးတွေက နောက်ထပ် အထွဋ်အထိပ်ခေတ် တစ်ခုကို ဖန်တီးခဲ့ကြပြန်တယ်။ အခုတော့ နှစ်ပေါင်း ငါးထောင် ခြောက်ထောင်လောက် ကြာတဲ့အခါမှာတော့ ပြန်ပြီး အားနည်းလာပြီး 'ယန်စိတ်ဝိညာဉ်' သခင်တွေ ထွက်ပေါ်မလာတော့တာ ကြာပြီ။" ဟုန်ယွိက ဖြည်းညှင်းစွာ ပြောပြသည်။ "ငါ ဒိုင်ဇင်ဘုရားကျောင်းက ရှေးဟောင်းစာအုပ်တွေထဲမှာ ဖတ်ဖူးတာက တော့ ရှေးဦးခေတ်တုန်းက ကျင့်ကြံသူ အများအပြားဟာ သက်တမ်း တစ်သောင်းလောက် အထိ နေနိုင်ဖို့အတွက် ဟင်းလင်းပြင်မုန်တိုင်းတွေထဲမှာ 'နတ်ဘုံနတ်နန်း' တွေ ဖန်တီးခဲ့ ကြတယ်တဲ့။ အဲဒါတွေက 'ယန်စိတ်ဝိညာဉ်' ပိုင်ရှင်တွေ ဖန်တီးခဲ့တဲ့ 'အလယ်အလတ် ကမ္ဘာ'တွေနဲ့ တူတယ်။ ဒါပေမဲ့ အဲဒါက တကယ့် လွတ်မြောက်ခြင်းတော့ မဟုတ်သေးဘူး။ အဲဒီကမ္ဘာတွေထဲမှာ ပုန်းနေခြင်းက သက်တမ်းကို အနည်းငယ် ပိုရှည်စေရုံပဲ ရှိတာ။ ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်စာအုပ်တွေအရ ဒီ ‘မူလနဝမချောက်နက်ဂူဗိမာန်’ ဆိုတာ ကို 'အင်မော်တယ်တို့ရဲ့ ဂူသင်္ချိုင်း' လို့လည်း ခေါ်ကြတယ်။ အဲဒီ ရှေးဦးကျင့်ကြံသူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးသွားတဲ့အခါ အဲဒီထဲမှာ သွားပုန်းနေတတ်ကြတယ်။ နှစ်ပေါင်းထောင်ချီ ကြာသွားတဲ့အခါမှာတော့ သူတို့ရဲ့ စိတ်ဝိညာဉ် အတွေးစတွေဟာ မှတ်ဉာဏ်တွေ ပျက်စီးကုန်ပြီး ပျောက်ကွယ်သွားကြရတာပဲ။ အချိန်ကြာလာတဲ့အခါမှာ တော့ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားတဲ့ ပညာရှင်တွေရဲ့ စိတ်ဝိညာဉ် အတွေးစတွေဟာ ကျောက်သားတွေလို ဖြစ်သွားတတ်တယ်။ အဲဒါကိုပဲ 'ကောင်းကင်ပုံဆောင်ခဲ' ခေါ်တာ။ ရှေးဟောင်း သတ္တဝါကြီးတွေ သေဆုံးပြီး ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားသလိုမျိုးပေါ့။ တကယ်လို့ ကျင့်ကြံသူတစ်ယောက်က အဲဒီကျောက်သားကို ရရှိခဲ့ပြီး ကျင့်ကြံတဲ့အခါ သွေးတစ်စက် ချလိုက်ရင် အဲဒါက သူတို့ရဲ့ ကိုယ်ပိုင် အတွေးစတွေ ဖြစ်လာတော့တာပဲ။"

"ရုပ်ခန္ဓာကိုယ် သေဆုံးသွားရင် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ဖို့ အခွင့်အရေး ရှိသလို၊ မိုးကြိုး ကပ်ဘေး ပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ် သေဆုံးသွားရင်လည်း ကောင်းကင် ပုံဆောင်ခဲ ဖြစ်ဖို့ အခွင့်အရေး ရှိတယ်။ ဒါပေမဲ့ ဒါဟာ သာမန် ဒီကမ္ဘာကြီးထဲမှာတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျင့်ကြံသူတစ်ယောက် သေဆုံးသွားရင် သူတို့ရဲ့ စိတ်ဝိညာဉ် အတွေးစဟာ သန့်စင်တဲ့ 'မူလစွမ်းအင်'အဖြစ် ပြိုကွဲသွားပြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျံ့နှံ့သွားလို့ပဲ။ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းကြား ထဲက အလယ်အလတ် ကမ္ဘာငယ်လေးတွေမှာပဲ စွမ်းအင်တွေကို သန့်စင်တဲ့ မူလစွမ်းအင် အဖြစ် မပြိုကွဲစေဘဲ ကျောက်သားတွေအဖြစ် စုစည်းထားနိုင်တာ။"

"ဒီလူ့နာမည်က ထန်ဟိုင်လုံတဲ့၊ ထန်ပြည်နယ်က ထန်မျိုးနွယ်ရဲ့ တပည့်တစ်ယောက်ပဲ။ သူလည်း ဒီတစ်ခါ နန်းတွင်းစာမေးပွဲမှာ ပါခဲ့တာ။ သူက ဒုတိယအဆင့်မှာ အဆင့် (၇၃) နဲ့ 'ကျင်ရှီး'ဘွဲ့ ရခဲ့တာ။ သူက သူ့အစွမ်းကို ဖုံးကွယ်ထားတာပဲ၊ ဒီလောက်အထိ နက်နက် ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမဲ့ မဟာကျိုးမင်းဆက်ရဲ့ ဘိုးဘေးကြီးတောင် ဘွဲ့ရပညာရှင်တွေထဲမှာ ပုန်းနေသေးတာပဲ ဆိုတော့ ဒါက ဘာမှတော့ မဟုတ်ပါဘူး။"

"အင်မော်တယ်တို့ရဲ့ ဂူသင်္ချိုင်း၊ ‘မူလနဝမချောက်နက်ဂူဗိမာန်’... ဒီထန်ဟိုင်လုံမှာ ဒီလို လျှို့ဝှက်ချက်တွေ ရှိနေတာလား။ ငါလည်း အဲဒီလို ကောလာဟလမျိုးကို ခပ်ရေးရေးတော့ ကြားဖူးသလိုပဲ။" ချန်ယင်းရှာက အံ့ဩစွာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလူက အရမ်းပါးနပ်တာ။ သူ ပြောတဲ့စကားတွေက အမှန် မဟုတ်ဘဲ လူတွေကို လမ်းမှားသွားအောင် လုပ်နေတာလည်း ဖြစ်နိုင်တယ်။ မဟုတ်ရင် သူက ဘာလို့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို ဒီလောက် လွယ်လွယ်ကူကူ ပြောပြမှာလဲ။" ဟုန်ယွိက အေးစက်စွာ ပြုံးရင်း ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။ "သတိထား။"

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ကောင်းကင်ယံတွင် ဧရာမ ကြယ်စင်စုတန်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး ကြယ်တာရာတို့၏ အရှင်သခင်အလား ကင်းမြီးကောက်ကြီးတစ်ကောင်မှာ အဆွယ်နှင့် ခြေသည်းများဖြင့် ပေါ်ထွက်လာပြီး ထက်လှသော အဆိပ်ဆူးကြီးက လျှပ်စီးလက်သကဲ့သို့ ထိုးစိုက်လာတော့သည်။

ထိုကြယ်တာရာ ကင်းမြီးကောက်၏ အဆိပ်ဆူးမှာ အလွန်ပင် ကြီးမားလှပြီး သုံးလေးမိုင် ခန့် ရှည်လျားကာ ရေပုံးတစ်လုံးစာခန့် တုတ်ခိုင်သည်။ အဆိပ်ဆူးမှ ကြည်လင်သော အလင်းတန်းများ ထွက်ပေါ်နေပြီး အပြာရောင်အလင်းများ တဖျပ်ဖျပ် လက်လျက် တုန်ခါ နေကာ တဝီဝီမြည်သံများလည်း ထွက်ပေါ်နေ၏။

အဆိပ်ဆူး ပစ်မှတ်သို့ မရောက်သေးခင်မှာပင် ကြယ်တာရာ အလင်းတန်းများသည် ထက်လှသော ဓားပျံလေးများအလား အရပ်မျက်နှာ အသီးသီးသို့ ပေါက်ကွဲထွက်လာပြီး တောင်ထိပ်အားလုံးကို လွှမ်းခြုံသွားတော့သည်။

အဆိပ်ဆူးကြီး ပျံသန်းလာသည်နှင့် ချန်ယင်းရှာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိမ်းဖန့်ဖန့် အရောင်ရှိ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ၎င်းမှာ "ယင်ယန် မက်မွန် နတ်ဘုရားဓား" ပင် ဖြစ်၏။ ဓားရိပ်များမှာ လေထုအတွင်း ပျံ့နှံ့သွားပြီး ကင်းမြီးကောက်၏ အမြီးကို ခုတ်ပိုင်းလိုက်လေသည်။

စိတ်ဝိညာဉ် အတွေးစများဖြင့် ဖန်တီးထားသော ထိုကဲ့သို့ တာအိုပညာမျိုးမှာ ပျံသန်းနိုင် သော ဓားများကို အကြောက်ဆုံး ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်ရပါက ပျက်စီးသွားနိုင်ပေ သည်။

ချလွမ်...

ဧရာမ ဓားရိပ်ကြီးသည် ကင်းမြီးကောက်၏ အဆိပ်ဆူးကို ခုတ်ပိုင်းလိုက်၏။ သို့သော် ချန်ယင်းရှာ အံ့ဩသွားရသည်မှာ ကင်းမြီးကောက်၏ အမြီးသည် အသာအယာလေး ခါယမ်းလိုက်ရုံဖြင့် ဓားရိပ်များ လွင့်စင်သွားခြင်းပင်။ ပြင်းထန်သော စွမ်းအားဒဏ်ကြောင့် ပျံသန်းနိုင်သောဓားမှာ မိုင်ပေါင်းများစွာ အကွာအဝေးသို့ လွင့်စင်သွားတော့သည်။

ချန်ယင်းရှာ ထိတ်လန့်သွားပြီး ဟုန်ယွိကို ဆွဲကာ ကောင်းကင်ယံသို့ အမြန် ပျံတက်လိုက် သည်။

ဝုန်း...

ဧရာမ ကင်းမြီးကောက်၏ အမြီးကြီးမှာ ပြင်းထန်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ ကျရောက်သွားရာ မြင့်မားသော တောင်ကြီးမှာ ပြိုကျပျက်စီးသွားတော့သည်။ ကျောက်စိုင် ကျောက်သားများ လွင့်စင်ကာ မြေပြင်ကြီးလည်း အက်ကွဲသွားလေသည်။

...

"ဒါဟာ ရှေးဦးခေတ် ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်းပညာပဲ။ သူ့ရဲ့ စွမ်းအားက အကန့်အသတ် မရှိဘူး။ အတွေးစတွေကို နတ်ဘုရားတန်ခိုး စွမ်းအင်တွေနဲ့ ပံ့ပိုးထားပြီး၊ ကြယ်တာယာအစီအရင်နဲ့ ရှေးဦးခေတ် ကင်းမြီးကောက်နက္ခတ် ကြယ်စုတန်း ပေါင်းစပ် ထားတာပဲ။ သာမန် မှော်မန္တန်တွေကတော့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

ဟုန်ယွိ ပျံတက်သွားစဉ်မှာပင် သူ၏ လက်ထဲ၌ စိတ်ဝိညာဉ် အတွေးစ ၉၉၉ ခု ပေါ်လာ သည်။ သူသည် ထိုအရာများကို ကောင်းကင်သို့ ပစ်တင်လိုက်ရာ ၎င်းတို့မှာ လှည့်ပတ် သွားပြီး တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်သဖြင့် တစ်လောကလုံး လင်းထိန်သွားတော့သည်။

ဧရာမ ကင်းမြီးကောက်ကြီးသည် တောင်ကို ဖျက်ဆီးပြီးနောက် ၎င်း၏ အမြီးကို နောက်တ စ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။ သို့သော် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစ အလင်းတန်း များက ၎င်းကို ထိုးဖောက်လိုက်သဖြင့် ကင်းမြီးကောက်ကြီးမှာ စူးစူးရှရှ အော်ဟစ်လိုက် ရတော့သည်။

ရှပ်...

ကောင်းကင်ယံရှိ အလင်းတန်းများမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး ကင်းမြီးကောက်ကြီးနှင့် ကြယ်စင်စုတန်း တစ်ခုလုံးကို အတွင်းထဲတွင် ပိတ်လှောင်လိုက်လေသည်။

ထို့နောက် လက်ဖဝါးအရွယ်အစားရှိသော ကြည်လင်သည့် အလင်းမန္တလာယဇ်ပလ္လင် တစ်ခုသည် ဟုန်ယွိ၏ လက်ဖဝါးပေါ်သို့ ဆင်းသက်လာသည်။ ထိုအလင်းမန္တလာ ယဇ်ပလ္လင် အတွင်းရှိ သေးငယ်သော ကြယ်စင်စုတန်း အလယ်တွင် ကင်းမြီးကောက်ငယ် လေး တစ်ကောင်မှာ လက်သည်းများဖြင့် အတင်းရုန်းကန်နေသော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။ ၎င်းမှာ အပြင်သို့ ထွက်မလာနိုင်တော့ချေ။

ဟုန်ယွိသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကင်းမြီးကောက်ကြီးကို ဖွဲ့စည်းရန် စိတ်ဝိညာဉ် အတွေးစပေါင်း ၇,၇၇၇ ခု အသုံးပြုထားကြောင်း သိရှိလိုက်သည်။ သို့သော် ဟုန်ယွိသည် စိတ်ဝိညာဉ် အတွေးစ ၉၉၉ ခုသာ အသုံးပြု၍ ‘အလင်းမန္တလာ အစီအရင်’ဖြင့် ချုပ်နှောင်လိုက်ခြင်း ဖြစ်ရာ တစ်ဖက်မှ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိတော့ ပေ။ အကြောင်းမှာ ပထမအချက်မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများသည် အဆင့်ငါး မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးကဲ့သို့ သန်မာလှခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ဒိုင်ဇင်ဘုရားကျောင်း၏ အမြင့်ဆုံး တာအိုပညာ ဖြစ်သည့် အလင်းမန္တလာအစီအရင်မှာ အလွန် အစွမ်းထက်သောကြောင့် ဖြစ်သည်။ (အလင်းမန္တလာအစီအရင်နှင့် အလင်းစက် ဝန်း ခန္ဓာဖုံးကွယ်ခြင်းအစီအရင်မှာ အတူတူပင် ဖြစ်သည်)။

"သာမန် ပထမအဆင့် မိုးကြိုးကပ်ဘေး ပညာရှင်တွေမှာ အတွေးစ နှစ်ထောင် သုံးထောင် လောက်ပဲ ရှိတာ။ ဒုတိယအဆင့် ကျော်ဖြတ်ထားတဲ့ ဘိုးဘေးဟုန်လင်းမှာတောင် အတွေးစ ခုနစ်ထောင်ထက် မပိုဘူး။ ဒီကင်းမြီးကောက်နက္ခတ် ကြယ်တာယာ ကိုးဆင့် ပြောင်းလဲခြင်းပညာကို ခုခံဖို့ဆိုရင် အနည်းဆုံး အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင် လေးယောက်လောက် ပူးပေါင်းတိုက်ခိုက်မှ ရလိမ့်မယ်။" ဟုန်ယွိက ဆိုလိုက်သည်။

ထန်ဟိုင်လုံသည် ပထမအဆင့် မိုးကြိုးကပ်ဘေးသာ ဖြစ်သော်လည်း အတွေးစပေါင်း တစ်သိန်းကျော် ရှိနေသဖြင့် ၎င်းမှာ ပထမအဆင့် မိုးကြိုးကပ်ဘေး ပညာရှင် ဒါဇင်နှင့်ချီ၍ ပူးပေါင်း တိုက်ခိုက်နေခြင်းနှင့် အလားသဏ္ဌာန် တူလှပေသည်။ ထို့ကြောင့် အဆင့်လေး သို့မဟုတ် ငါးဆင့် မိုးကြိုးကပ်ဘေး ပညာရှင်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

"ဟင်... အလင်းမန္တလာ အစီအရင်ပေါ့။ ကောင်းတယ်။"

သူ၏ အသွင်ပြောင်း ကင်းမြီးကောက်ကို ဟုန်ယွိက ချုပ်နှောင်လိုက်သည်ကို မြင်သော အခါ အဝေးတွင် ရှိနေသော ထန်ဟိုင်လုံမှာ ဒေါသထွက်မသွားဘဲ အော်ဟစ် ချီးကျူးလိုက် သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ် အတွေးစများ ထွက်ပေါ်လာပြန်ပြီး ထိုခဏမှာပင် နောက်ထပ် ကြယ်စင်စုတန်းတစ်ခု ဖြစ်ပေါ်လာပြန်သည်။ ထိုကြယ်စင်စုတန်းထဲတွင် ဟိန်းဟောက်နေသော ဧရာမ ဝက်ဝံကြီးတစ်ကောင် ပေါ်လာ၏။ ၎င်းသည် ရှေ့သို့ အရှိန် အဟုန်ဖြင့် ပြေးဝင်လာပြီး သူ၏ လက်သည်းကြီးဖြင့် ဟုန်ယွိကို ရိုက်ချလိုက်လေသည်။

"ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်း - ဧရာမဝက်ဝံအသွင် ပြောင်းခြင်း။"

ထိုဧရာမဝက်ဝံကြီးအသွင် ပြောင်းလဲပြီးနောက် ထန်ဟိုင်လုံမှာ ရပ်တန့်မသွားချေ။ သူက လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်ရာ အတွေးစပေါင်း သောင်းနှင့်ချီ၍ ထွက်ပေါ် လာပြီး ပိုမိုကြီးမားသော ကြယ်စင်စုတန်းကြီးအဖြစ် ပြောင်းလဲသွားပြန်သည်။ ထိုကြယ်စင် စုတန်းထဲတွင် ရှည်လျားသော လေးကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့် ကြွက်သား အဖုအထစ်များနှင့် ဧရာမ လူသန်ကြီးတစ်ဦး ပေါ်လာ၏။ ထိုလူသန်ကြီးမှာ လူ့ကိုယ် တစ်ပိုင်း၊ မြင်းကိုယ်တစ်ပိုင်းဖြစ်ပြီး အပေါ်ပိုင်းမှာ လူသားဖြစ်ကာ အောက်ပိုင်းမှာ မြင်းခန္ဓာကိုယ် ရှိပေသည်။ လူသန်ကြီးသည် ဧရာမ လေးကြီးကို ကိုင်ဆောင်ထားပြီး ကြယ်တာရာအလင်းများဖြင့် ဖွဲ့စည်းထားသော မြှားတစ်စင်းကို ပစ်လွှတ်လိုက်လေသည်။

ထိုမြှားမှာ စိတ်ဝိညာဉ် အတွေးစများဖြင့်သာ အပြည့်အဝ ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ကြယ်တာရာ အလင်းတန်းများ၏ ပံ့ပိုးမှုဖြင့် နတ်ဘုရားများကို သတ်ဖြတ်နိုင်ကာ ဗုဒ္ဓများ ကိုပင် ဖျက်ဆီးနိုင်မည့် စွမ်းအားများ ထွက်ပေါ်နေသည်။

ဗုန်း... ဗုန်း... ဗုန်း...

လေးညှို့သံ ပေါက်ကွဲသံနှင့်အတူ သစ်လုံးတစ်လုံးထက်ပင် ပိုမို တုတ်ခိုင်သည့် ကြယ်တာ ရာ မြှားကြီးမှာ ဟုန်ယွိနှင့် ချန်ယင်းရှာတို့ထံသို့ ပျံသန်းဝင်ရောက်လာတော့သည်။ ၎င်း၏ အရှိန်မှာ ချီလင်သာရဲကြီး အမြုတေကို မှုတ်ထုတ်လိုက်သည့် အရှိန်ထက်ပင် မနိမ့်လှချေ။

"ကြယ်တာရာ ကိုးဆင့်ပြောင်းလဲခြင်း - နတ်ဘုရားပစ်မြှားအသွင် ပြောင်းခြင်း။"

All Chapters