← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 40 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 40 Ch. 429-430

အခန်း (၄၂၉)။

“ဟုန်ယွိ။” ချန်ယင်းရှာက အော်ခေါ်လိုက်သည်။ ထိုအခိုက်တွင် သူမ၏ မဟာလေဟာနယ် လက်ဝါးသည် အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ဦးခေါင်းနောက်ဘက် တွင် ပေါ်လာ၏။ ထိုအလင်းလုံးသည် ဟုန်ယွိ၏ လက်ဝါးမှ ထွက်ပေါ်နေသော ရောင်စုံ အလင်းတန်းများနှင့် အပြည့်အဝ တစ်သားတည်း ပေါင်းစပ်သွားချိန်တွင် ရောင်စုံအလင်း များမှာ ပိုမိုတောက်ပလာပြီး ချန်ယင်းရှာ၏ ခန္ဓာကိုယ်မှာလည်း ထိုအလင်းတန်းများ အတွင်း ပုန်းကွယ်သွားတော့သည်။

ထိုအခိုက်အတန့်မှာပင် ဟုန်ရွှန်ကျိ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားသော လက်သီးချက်က ပတ်ဝန်းကျင်ရှိ လေထုကို သုံးလေးလံခန့်အထိ ပြင်းထန်စွာ ပေါက်ကွဲသွားစေပြီး လျှပ်စီး အလား ဟုန်ယွိ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

ဟုန်ရွှန်ကျိ၏ ယခုလက်သီးချက်မှာ သူ ယခင်က ထိုးခဲ့သမျှ တိုက်ကွက်အားလုံးထက် ပို၍ စွမ်းအားကြီးလှသည်။ ထို့အပြင်, ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်၏ အားဖြည့် မှုကြောင့် ထွက်ပေါ်လာသော အရှိန်အဝါမှာ မိုင်ပေါင်းများစွာ အကွာတွင် ရှိနေသည့် ယုဝမ်မူ၊ ပိုင်ဖေးရှန်၊ အောင်းလွမ်နှင့် ဥဒေါင်းဘုရင် တို့ကိုပင် တုန်လှုပ်ခြောက်ခြား သွားစေ ၏။ အကယ်၍, သူတို့သာဆိုလျှင် ဤလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။

“အကန့်သတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်။”

ဤလက်သီးချက်ကို ရင်ဆိုင်ရင်း ဟုန်ယွိသည် သူ့လက်ထဲမှ သေမင်းအလင်း နတ်ဘုရား လှံကို တည့်တည့် ဆန့်ထုတ်ကာ ထိုးနှက်လိုက်၏။ သူ့လက်ကောက်ဝတ်ကို လှည့်၍ လှံတံ ကို ဝက်အူရစ်သဏ္ဌာန် လည်ပတ်စေပြီး ရုတ်တရက် ခါယမ်းလိုက်ရာ လှံ၏ အရှိန်အဟုန် မှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။

ရွှပ်….၊ ရွှပ်….၊ ရွှပ်….၊ ရွှပ်….၊ ရွှပ်…၊

လှံချက်ပေါင်း ဒါဇင်နှင့်ချီ၍ ဆက်တိုက် ထွက်ပေါ်လာပြီး လှံချက်တစ်ချက်ချင်းစီတွင် အထွတ်အထိပ် စွမ်းအားကို စုစည်းထားကာ ဟုန်ရွှန်ကျိ၏ လက်သီးပေါ်သို့ တိကျစွာ ကျရောက်သွားသည်။

လှံနှင့် လက်သီး ထိတွေ့မိချိန်တွင် သေမင်းအလင်း နတ်ဘုရားလှံ တစ်ခုလုံးမှာ ဟုန်ရွှန်ကျိ ၏ လက်သီးဖြင့် ပိတ်ဆို့ခံလိုက်ရပြီး၊ ပြင်းထန်လှသော ထိုးနှက်မှုအောက်တွင် လှံတံမှာ လေးတစ်စင်းအလား ကွေးညွှတ်သွားရ၏။

သို့သော်လည်း သေမင်းအလင်း နတ်ဘုရားလှံမှာ စစ်နတ်ဘုရားတစ်ပါး၏ တုနှိုင်းမရသော နတ်ဘုရားလက်နက် ဖြစ်သဖြင့် လေးတစ်စင်းလို ကွေးသွားပြီးနောက် ချက်ချင်းပင် နဂိုအတိုင်း ပြန်လည် ဆန့်ထွက်သွားသည်။

ဟုန်ယွိမှာမူ ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ စိတ်ဝိညာဉ် တစ်ခုလုံးမှာ ‘အတွေးမဲ့ တည်ငြိမ်ခြင်း’ အခြေအနေသို့ ရုတ်တရက် ရောက်ရှိသွားသည်။ သူ၏ စိတ်ဝိညာဉ်သည် စကြာဝဠာအိတ် အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ လုံးဝ ဝင်ရောက်သွားပြီး သူ၏ စိတ်ဝိညာဉ် အတွေးအားလုံးမှာ စကြာဝဠာ အိတ်အတွင်းရှိ ကြည်လင်သော အလင်းတန်းများနှင့် ရောယှက်ကာ တစ်သားတည်း ဖြစ်လာတော့သည်။

ထိုအခိုက်တန့်တွင် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးအားလုံးသည် ရူးသွပ်ဖွယ် အစီအစဉ် တစ်ခုကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ ၎င်းမှာ စကြာဝဠာအိတ် အတွင်းရှိ ဟင်းလင်းပြင် စွမ်းအားများနှင့် အပြည့်အဝ ပေါင်းစပ်ရန်ဖြစ်ပြီး နောက်ဆုံးတွင် သူ၏ အတွေးများသည် စိတ်ကူး၍ပင် မရနိုင်အောင် အစွမ်းထက်သည့် အဆင့်သို့ ရောက်ရှိသွား မည် ဖြစ်သည်။

ဟုန်ရွှန်ကျိသည်လည်း ဤအချက်ကို ရိပ်မိသွားသဖြင့် မနာမနား တိုက်ခိုက်ခြင်း ဖြစ်သည်။

...

လှံချက်ပေါင်းများစွာနှင့် လက်သီးချက်ပေါင်းများစွာ...

ဟုန်ယွိ၏ ‘အတွေးမဲ့ ငြိမ်သက်ခြင်း’ အခြေအနေအောက်တွင် ဟုန်ရွှန်ကျိက အသာစီးရနေ သော်လည်း ဟုန်ယွိ၏ ခုခံမှုကိုမူ အလွယ်တကူ မဖျက်ဆီးနိုင်သေးပေ။

ဟုန်ယွိ၏ မူလသိုင်းတာအိုအဆင့်မှာ သိုင်းသူတော်စင် ကနဦးအဆင့်သာ ဖြစ်သဖြင့် လူသားအင်မော်တယ်ကိုယ်ပွားကို ထိန်းချုပ်ရန် ခက်ခဲလှသည်။ သို့သော် မကြာသေးမီက သူ၏ လက်သီးဆန္ဒ အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ရာ ၎င်းမှာ “နည်းစနစ် ကို ရသော်လည်း နည်းစနစ်ကို မေ့လျော့ခြင်း”၊ “တောင်ကို မြင်သော်လည်း တောင်မဟုတ်၊ ရေကို မြင်သော်လည်း ရေမဟုတ်” ဆိုသည့် အဆင့်သို့ ရောက်ရှိကာ သိုင်းသူတော်စင် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သန့်စင်သော လက်သီးဆန္ဒဖြင့် လူသားအင်မော်တယ်ကိုယ်ပွားကို ထိန်းချုပ်ရခြင်းမှာ ပင်ပန်းနေဆဲ ဖြစ်သော်လည်း ယခင်ကထက်စာလျှင် အများကြီး ပိုမို လွယ်ကူသွားသည်။

ထို့ပြင် ဟုန်ယွိက ‘စစ်နတ်ဘုရားရှန့်’၏ လှံသိုင်း သတ်ဖြတ်ခြင်းဗျူဟာ ဗျူဟာခုနစ်သွယ် ကို ထုတ်ဖော်လိုက်ချိန်တွင် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ နိုးထလာသ ကဲ့သို့ ရှိနေသည်။ ဝတ်စုံပေါ်ရှိ အရိုးစူးများမှာ ရူးသွပ်စွာ ကြီးထွားလာပြီး တစ်ခုချင်းစီမှာ သုံးပေခန့်အထိ ရှည်ထွက်လာသည်။ အရိုးစူးများပေါ်ရှိ မျက်လုံးများမှာလည်း လက်ခနဲ ဖြစ်သွားကာ အလွန် ထူးဆန်းသော ငိုရှိုက်သံများကို ထုတ်လွှတ်နေသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်သည် သူ၏ အရေပြား နှင့် အပြည့်အဝ ပေါင်းစပ်သွားမည့် လက္ခဏာ ပေါ်ပေါက်လာသည်။

ထိုအတွေးမဲ့ ငြိမ်သက်ခြင်းနယ်ပယ်အတွင်း ဟုန်ယွိသည် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ သူ၏ အရေပြားအဖြစ်၊ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။

၎င်းမှာ ဟုန်ရွှန်ကျိ ပြောခဲ့သလို ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်နှင့် အပြည့်အဝ ပေါင်းစပ်သွားခြင်းပင် ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားချပ်ဝတ် သို့မဟုတ် နတ်ဘုရား လက်နက်များ၏ ထူးခြားသော စွမ်းရည်ဖြစ်ပြီး ၎င်းတို့တွင် အံ့သြဖွယ် စိတ်ဝိညာဉ် စွမ်းအားများ ရှိကြသည်။ အခြားသော ချပ်ဝတ်များဖြစ်သည့် ‘အဝါရောင်ကောင်းကင် ချပ်ဝတ်’ နှင့် ‘အရုဏ်ဦး အရိုးဖြူချပ်ဝတ်’ တို့တွင် ဤသို့ သွေးသားနှင့် ပေါင်းစပ်နိုင်စွမ်း မရှိကြပေ။

ဝှူး…။

ပုံရိပ်နှစ်ခုမှာ ထိပ်တိုက်တွေ့ပြီးနောက် ပြန်လည် ခွာထွက်သွားကြသည်။

ဟုန်ရွှန်ကျိ၏ တစ်ကိုယ်လုံးမှာ ရွှေရောင်များ တောက်ပနေပြီး အလွန် မြင့်မြတ်လှသည်။ သူ၏ နဂါးဦးခေါင်းမှာ အရှိန်အဝါ ကြီးမားလှ၏။ ဟုန်ယွိ၏ တစ်ကိုယ်လုံးမှာမူ အနက်ရောင် ဖြစ်နေပြီး အရိုးစူးများမှာ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်နေသည်။ သူသည် ရှေးဦးခေတ်က မိစ္ဆာဘုရင်တစ်ပါးနှင့် ဆင်တူနေသည်။

ခွာထွက်သွားပြီးနောက် ဟုန်ယွိက မသိစိတ်ဖြင့် ဟိန်းဟောက်လိုက်ရာ လှံရိပ်များမှာ ပေါက်ကွဲထွက်လာသည်။ ဟုန်ယွိသည် သူ့လက်ထဲရှိ သေမင်းအလင်း နတ်ဘုရားလှံနှင့် ပိုမို ကျွမ်းကျင်လာပြီး ပို၍သန်မာ၊ ပို၍ မြန်ဆန်လာသည်။ သူ၏ သိုင်းပညာမှာလည်း ချက်ချင်းပင် သိသိသာသာ တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။

မူလကပင် ဟုန်ယွိ၏ သိုင်းပညာမှာ တိုးတက်နေသည့် အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။ ယခုအခါ ဟုန်ရွှန်ကျိ၏ ပြင်းထန်သော ဖိအားအောက်တွင် ဟုန်ယွိ၏ သိုင်းပညာမှာ နောက်တစ်ဆင့်ကို ထပ်မံ ချိုးဖြတ်သွားပုံရသည်။

“ကောင်းတယ်... ကောင်းတယ်... ဟုန်ယွိ၊ မင်းရဲ့ သိုင်းပညာဟာ တိုက်ခိုက်လေ, ပိုပြီး တိုးတက်ပြီး သန်မာလာလေပဲ။ မင်းက တကယ်ကို ခံနိုင်ရည် ရှိတာပဲ။ ကောင်းကင်အလင်း ဦးချို နတ်ဘုရားချပ်ဝတ်ကလည်း ထူးခြားတယ်။ မင်းက အဲဒါကို မင်းရဲ့ သွေးသားနဲ့ သန့်စင်ပြီး မင်းနဲ့ ပေါင်းစပ်အောင် လုပ်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ ကံမကောင်းတာက မင်းရဲ့ သိုင်းပညာဟာ သိုင်းသူတော်စင် အထွတ်အထိပ်ကို မရောက်နိုင်သလို လူသားအင်မော် တယ် အဆင့်ကိုလည်း ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။”

ဟုန်ယွိ၏ လှံရိပ်များ ပွင့်ထွက်လာချိန်တွင် ဟုန်ရွှန်ကျိက သူ၏ လက်မောင်းများကို လှည့်ပတ်ကာ လှံချက်ကို ပိတ်ဆို့ကာကွယ်လိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ၏ အေးစက်စက် အသံက လေထဲ၌ ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပေါ်ရှိ ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်မှာ ကြီးထွားလာပြီး နီရွှေရောင် အလင်းတန်းများ လင်းလက် တောက်ပလာသည်။

ချပ်ဝတ်ပေါ်ရှိ အကြေးခွံများမှာ ပြင်းထန်စွာ တုန်ခါလာပြီး ပုစဉ်းရင်ကွဲ တစ်ကောင် အတောင်ပံ ခတ်သကဲ့သို့ ‘ဝီ’ ဆိုသည့် အသံကို ထွက်ပေါ်နေသည်။

ဟုန်ရွှန်ကျိ၏ ပတ်ဝန်းကျင်ရှိ လေထုမှာ ထိုအကြေးခွံများ၏ တုန်ခါမှုကြောင့် ပြင်းထန်စွာ လှုပ်ခါနေပြီး အလင်းများ ပုံပျက်သွားရကာ၊ သူ့ခန္ဓာကိုယ်မှာ မှန်ဘီလူးထဲတွင် မြင်နေရ သကဲ့သို့ တကယ့်ပုံရိပ်နှင့် ပုံရိပ်ယောင်များကြားတွင် ဝေဝါးသွားစေသည်။

“ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်၊ ဘိုးဘေးနဂါး ချပ်ဝတ်လှုပ်ခါ၊ အကြေးခွံ သောင်းချီ ဟစ်ကြွေးသံ။”

ယုဝမ်မူသည် ဤမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားပြီး လေဟာနယ်ကို ဖြတ်ကျော် ကာ မိုင်တစ်ရာခန့် အကွာသို့ ချက်ချင်း ဆုတ်ခွာသွားသည်။

တချိန်တည်းဆိုသလို အောင်းလွမ်၊ ဥဒေါင်းဘုရင်နှင့် ပိုင်ဖေးရှန် တို့၏ မျက်နှာများမှာ လည်း အကြီးအကျယ် ပျက်သွားကြသည်။ သူတို့သည် ဟုန်ရွှန်ကျိ၏ စွမ်းအားက သူတို့ကိုပါ ထိခိုက်မည်ကို စိုးရိမ်သဖြင့် ယုဝမ်မူနောက်သို့ အမြန် လိုက်ပါသွားကြတော့ သည်။

ဟုန်ရွှန်ကျိသည် ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်၏ အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းကွက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။

ဘိုးဘေးနဂါးချပ်ဝတ်လှုပ်ခါသည် ဤချပ်ဝတ်၏ မွေးရာပါ နတ်ဘုရားစွမ်းအားဖြစ်ပြီး ‘နဂါးဧကရာဇ် နတ်ဘုရားစွမ်းအား’ ဟုလည်း ခေါ်ကြသည်။ ပညာရှင်တစ်ဦး၏ သွေးဖြင့် သက်သွင်း နှိုးဆော်လိုက်ပါက ၎င်း၏ စွမ်းအားမှာ အဆင့် ၆ သို့မဟုတ် အဆင့် ၇ မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ထားသည့် ‘ဖန်ဆင်းရှင်’ အဆင့်ရှိသူကိုပင် ဒဏ်ရာရစေနိုင်စွမ်း ရှိသည်။

ဤကဲ့သို့ စွမ်းအားမျိုး မရှိပါက ဤချပ်ဝတ်သည် ရှေးဦးခေတ်က ဖန်ဟွမ်အသက်ဝိညာဉ် ဓားနှင့် အဆင့်တူ ရတနာဟု အခေါ်ခံရမည် မဟုတ်ပေ။

ရှေးခေတ်က သူတော်စင် ဧကရာဇ်ဖန်သည် နတ်ဘုရားလောက၊ တစ္ဆေလောက၊ လူ့လောကနှင့် မိစ္ဆာလောကတို့ကို အောင်နိုင်ခဲ့ခြင်းမှာ ထိုဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ကိုင်ဆောင်ပြီး နဂါးဘိုးဘေး ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သောကြောင့် ဖြစ်သည်။ ဓားတစ်လက်၊ ချပ်ဝတ်တစ်ထည်နှင့် သူသည် လောကတွင် ပြိုင်ဘက်ကင်းခဲ့သည်။

...

“ဒဏ္ဍာရီတွေအရ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို အသုံးချဖို့ဆိုရင် တရားမျှတမှု၊ သတ္တိ၊ မေတ္တာနဲ့ ဉာဏ်ပညာဆိုတဲ့ အခြေခံတရား လေးပါးလုံးနဲ့ ပြည့်စုံတဲ့ သူတော်စင်တစ်ဦး ဖြစ်ဖို့ လိုအပ်တယ်။ အဲဒါမှ ဓားရဲ့ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်တာ။ ကောင်းကင်နဂါး ဘုရင် နတ်ဘုရားချပ်ဝတ်လည်း ဒီလိုပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဟုန်ရွှန်ကျိက ဘာလို့ ဒီဝတ်စုံရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်နေရတာလဲ။ အဲဒီချပ်ဝတ်မှာ အဲဒီလို အရည်အချင်းတွေ မလိုတာလား၊ ဒါမှမဟုတ် သူ့ရဲ့ အတောမသတ်တဲ့ လွှမ်းမိုးချုပ်ကိုင်လိုတဲ့ စိတ်ဆန္ဒက ချပ်ဝတ်ကို အညံ့ခံခိုင်းလိုက်တာလား။”

ဟုန်ယွိ၏ စိတ်ဝိညာဉ်မှာ စကြာဝဠာအိတ် အတွင်းရှိ အလင်းတန်းများနှင့် ပေါင်းစပ်နေစဉ် မှာပင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူသည် သူ၏ စိတ်ဝိညာဉ် အတွေးများကို ခွဲထုတ်ကာ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ဝင် လိုက်သည်။ သူ၏ရှေ့တွင် ရွှေရောင်အလင်းတန်းများနှင့်အတူ လေထဲ၌ ဝေဝေဝါးဝါး ရှိနေသော ဟုန်ရွှန်ကျိကို မြင်လိုက်ရသည်။

ဟုန်ရွှန်ကျိသည် သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်ရာ သေမင်းအလင်း နတ်ဘုရားလှံကို ဖမ်းမိသွားပြီး အပြင်သို့ လွှဲထုတ်ကာ ဟုန်ယွိ၏ အနီးသို့ တိုးဝင်လာသည်။

ယခုအခါ အနီးကပ်အကွာအဝေးသို့ ရောက်ရှိလာပြီးနောက် ဟုန်ရွှန်ကျိသည် သူ၏ လက်မောင်းကို မြှောက်ကာ “ဟွမ်း” ဟု ခပ်ပြင်းပြင်းမာန်သွင်းပြီး မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ ထိုအသံကြောင့် လေလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ဆူပွက်သွားပြီး ထိုအသံမှာ ဒြပ်ဝတ္ထုတစ်ခုအလား သိပ်သည်းသွားသည်။

တစ်ပြိုင်တည်းမှာပင် သူသည် လက်မောင်းကို မြှောက်ကာ တရားစက်ဝန်းတစ်ခုအလား ရိုက်ချလိုက်သည်။ သူသည် ဟုန်ယွိ၏ ကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ် အရိုးစူးများကို ဂရုမစိုက်ဘဲ အောက်ခြေအထိ ရိုက်ချလိုက်ခြင်း ဖြစ်သည်။

၎င်းမှာ ကောင်းကင်ဘုံသေမင်းဘီး သိုင်းကွက်များထဲမှ အစွမ်းထက်ဆုံး ဖြစ်သည့် “ကောင်းကင်ဘုံ ညီမျှခြင်းစက်ဝန်း” ပင် ဖြစ်သည်။

ဟုန်ယွိသည် သူ၏ စိတ်နှလုံးအတွင်းမှ အသက်ရှူရကျပ်သော ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဟုန်ရွှန်ကျိ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း သူက လှုပ်ရှားချင်သော် လည်း မည်သည့် ခွန်အားကိုမျှ မထုတ်ဖော်နိုင်တော့ပေ။

“မကောင်းတော့ဘူး။”

ဟုန်ရွှန်ကျိ၏ အရှိန်အဝါကြောင့် သူ၏ စိတ်ဝိညာဉ်မှာ ခြောက်ခြားသွားရပြီး ခန္ဓာကိုယ်ကို ယာယီ ထိန်းချုပ်၍ မရတော့ကြောင်း သူ သိလိုက်သည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ်အများစုမှာ စကြာဝဠာအိတ် အတွင်းသို့ ရောက်ရှိနေသဖြင့် သူ၏ ကျန်ရှိနေသော အတွေးစ အနည်းငယ်က ဟုန်ရွှန်ကျိကို မယှဉ်နိုင်ခြင်း ဖြစ်သည်။

ဘုန်း….။

ဟုန်ယွိ ကြောင်အနေစဉ်မှာပင် ဟုန်ရွှန်ကျိ၏ လက်မောင်းမှာ အရိုးစူးများကို တိုက်ရိုက် ရိုက်ချလိုက်သည်။ ထိုအရိုးစူးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး အမည်းရောင် အခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ ဟုန်ရွှန်ကျိကို မည်သို့မျှ မထိခိုက်နိုင်ပေ။

လက်သီးချက် ထိမှန်သွားပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုအလား လွင့်ထွက်သွားပြီး မိုင်ပေါင်းများစွာ အကွာသို့ ကျရောက်သွားတော့သည်။

အွတ်..။

ဟုန်ယွိသည် သူ၏ ရင်ဘတ်ကို ကြီးမားသော တူကြီးတစ်စင်းဖြင့် ထုလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ကလီစာများမှာ တုန်ခါနေပြီး သူ၏ လည်ချောင်းထဲတွင် ပျို့တက်လာသော သွေးနံ့ကို ခံစားလိုက်ရသည်။

သို့သော်လည်း ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ ပျက်စီးမသွားပေ။ ထိုပြင်းထန်လှသော ခွန်အားကြောင့် သူ ဒဏ်ရာ အနည်းငယ် ရရှိသွားခြင်းသာ ဖြစ်သည်။

ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ အလွန်စွမ်းအားကြီးသည်။ ၎င်းသည် နဂါးဘိုးဘေး ချပ်ဝတ်ကို မမီသော်လည်း အလွယ်တကူ ဖျက်ဆီးနိုင်သည့်အရာ မဟုတ်ပေ။

အခန်း (၄၃၀)။

“လခွမ်း..” ဟုန်ယွိသည် အသက်ပြင်းပြင်းရှူကာ သွေးနံ့များကို အစွမ်းကုန် ထွေးထုတ် ပစ်လိုက်သည်။ ချပ်ဝတ်မှ ထူထပ်သော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သွေးနံ့အားလုံးကို စုပ်ယူလိုက်သည်။ တစ်ပြိုင်တည်းမှာပင် ပြင်းထန်သော ဆေးရနံ့များမှာ သူ၏ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ တခဏအတွင်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ခွန်အားများ ပြန်လည် ပြည့်ဝလာတော့သည်။

လူသားအင်မော်တယ်ကိုယ်ပွား ဖြစ်သဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ အလွန်သန်မာပြီးသား ဖြစ်သည်။ ထို့ပြင် နတ်ဘုရားချပ်ဝတ်တွင်လည်း ဒဏ်ရာများကို ကုသပေးနိုင်သည့် ဆေးဖက်ဝင် အာနိသင်များ ရှိသည်။ အကယ်၍ မတတ်သာပါက ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ကို သွေးအဖြစ် ပြောင်းလဲပေးနိုင်သည့် ကုသခြင်းပညာကိုလည်း သုံးနိုင်ပါသေး သည်။

ဟုန်ယွိ လွင့်ထွက်သွားချိန်တွင် ဟုန်ရွှန်ကျိက အခွင့်အရေးကို အရယူကာ ဟုန်ယွိ၏ နောက်သို့ အရိပ်အလား ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဟုန်ယွိ၏ ဦးခေါင်းနောက်ဘက်သို့ နောက်ထပ် လက်သီးတစ်ချက် ထပ်မံ ထိုးနှက်လိုက်သည်။

ဟုန်ယွိက သူ၏ လှံကို နောက်ပြန်ဝှေ့ယမ်းကာ ဟုန်ရွှန်ကျိ၏ လည်ပင်းရှိ အကြေးခွံကို ထိုးလိုက်သည်။

ထိုအခိုက်အတန့်တွင် ကြည်လင်သော အလင်းတန်းကြီးတစ်ခု ရုတ်တရက် ပျံသန်းလာပြီး နောက် နှင်းဆီပန်းပုံစံ ပါရှိသော သွေးရောင်ဓားရှည်ကြီး တစ်စင်း ပေါ်လာသည်။ ဓားသိုင်း မှာ အလွန်ပင် ပြောင်မြောက်ပြီး စွမ်းအားကြီးလှသည်။ ပြင်းထန်လှသော ဓားအရှိန်အဝါ များမှာ ဟုန်ရွှန်ကျိ၏ မျက်လုံးများကို ပစ်မှတ်ထားကာ ထိုးစိုက်လိုက်သည်။

ထိုဓားမှာ အခြားမဟုတ်ဘဲ သွေးစုပ်နှင်းဆီဓားပင် ဖြစ်သည်။ အောင်းလွမ်သည် သန္တာ ကျောက်ကဲ့သို့ နီမြန်းသော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ၎င်းပေါ်တွင် လှပသော နှင်းဆီပွင့် ဖတ်များဖြင့် တန်ဆာဆင်ထားသည်။ သူမ၏ ကြားဝင်တိုက်ခိုက်မှုကြောင့် ဟုန်ယွိမှာ ဟုန်ရွှန်ကျိ၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားရသည်။

“နှင်းဆီ သွေးအကြေးခွံချပ်ဝတ်။ ကိုးပါးကြည်လင် နတ်ဘုရားအလင်း။”

ဟုန်ရွှန်ကျိသည် သူ၏လက်ကို လှုပ်ရှားလိုက်ပြီး အောင်းလွမ်၏ ဓားဦးကို ဖမ်းယူရန် ကြိုးစားလိုက်သည်။ အောင်းလွမ်၏ ဓားမှာ လက်ခနဲ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ ငါးတစ်ကောင်အလား လေထဲတွင် လူးလာတုံ့ပြန်သွားသည်။ သူမသည် ဟုန်ယွိထက်ပင် ပိုမို နက်နဲလှသော သိုင်းပညာများကို ထုတ်ဖော်ပြသနေသည်။

“အောင်းလွမ်က ငါ့ကို ကူညီနေတာလား။” ဟုန်ယွိသည် အခြေအနေကို မြင်သည်နှင့် သူ၏ လှံကို ပြန်လည် လှုပ်ရှားကာ ဟုန်ရွှန်ကျိထံသို့ ပြေးဝင်လိုက်သည်။

“သွားကြစို့။ ချီလင်နောက်ကို လိုက်ကြမယ်။”

ဤအခြေအနေကို မြင်သောအခါ ယုဝမ်မူသည် အဝေးသို့ ပျံသန်းသွားတော့သည်။

အောင်းလွမ်က ကူညီပေးသဖြင့် ဟုန်ယွိမှာ အတော်လေး သက်သာရာ ရသွားသည်။ သူသည် ‘အတွေးမဲ့ ငြိမ်သက်ခြင်း’ နယ်ပယ်သို့ ပြန်လည် ဝင်ရောက်လိုက်ပြီး သူ၏ စိတ်ဝိညာဉ် အတွေးစအားလုံးမှာ စကြာဝဠာအိတ် အတွင်းရှိ ဟင်းလင်းပြင်ထဲသို့ ပြန်လည် ရောက်ရှိသွားသည်။

အောင်းလွမ်၏ ကြားဝင်တိုက်ခိုက်မှု ရှိသော်လည်း ဟုန်ရွှန်ကျိမှာ လျှပ်စီးအလား မြန်ဆန် လှသဖြင့် သူတို့နှစ်ဦးစလုံးကို ဖိအားပေးနေဆဲ ဖြစ်သည်။ သို့သော် ဤခေတ္တအချိန်လေးက ဟုန်ယွိအတွက် အသက်ရှင်နိုင်မည့် အခွင့်အရေးကို ပေးလိုက်ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် စကြာဝဠာအိတ် အတွင်းရှိ ဟင်းလင်းပြင်မှာ ကမောက်ကမ ဖြစ်နေလေပြီ။

ကြည်လင်သော အလင်းတန်းများမှာ ပြင်းထန်စွာ လှည့်ပတ်နေကြပြီး နံရံလေးဖက်လုံးမှ ပဲ့တင်သံများ ထွက်ပေါ်နေ၏။ ဟင်းလင်းပြင်တစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါနေ၏။

၎င်းမှာ စကြာဝဠာအိတ်ကြီး တစ်ခုလုံး ပြိုလဲတော့မည့် လက္ခဏာပင် ဖြစ်သည်။

စကြာဝဠာအိတ်အတွင်းရှိ ဟင်းလင်းပြင်မှာ မူလက အလွန်ပင် တည်ငြိမ်ခိုင်ခံ့သော်လည်း ချန်ပီယံမြို့စားက ဖန်ဟွမ်အသက်ဝိညာဉ်ဓားဖြင့် အက်ကြောင်းထင်အောင် ပိုင်းဖြတ်ခဲ့က တည်းက ၎င်းမှာ ပြန်လည် ပြုပြင်၍မရသော ပျက်စီးမှုများကို ကြုံတွေ့ခဲ့ရပြီး၊ အတွင်းရှိ မူလစွမ်းအင်များမှာ အစဉ်သဖြင့် ယိုစိမ့်ပြီး ပျောက်ကွယ်နေခဲ့သည်။

စကြာဝဠာအိတ်အတွင်းရှိ ဟင်းလင်းပြင် စွမ်းအားများမှာ အလွန်တရာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ ဓားစွမ်းအားက စကြာဝဠာအိတ်၏ ဟန်ချက်ညီမှုကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း ဟုန်ယွိ ကောင်းစွာ သိရှိထားသည်။ အဆိုပါ ဖန်ဟွမ်းအသက်ဝိညာဉ်ဓားသည် အလယ်အလတ်အဆင့် ကမ္ဘာတစ်ခု၏ အတားအဆီးကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော လောကတွင် နံပါတ်တစ် နတ်ဘုရား လက်နက် ဖြစ်ပေသည်။

ထိုသို့ဖြစ်နေမည့်အတူတူ စကြာဝဠာအိတ်အတွင်းရှိ ဟင်းလင်းပြင် စွမ်းအားများကို သူ့ စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းရန် ဟုန်ယွိ ကြံစည်ထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူသည် ဒိုင်ဇင်ဘုရားကျောင်း၏ တာအိုမှော်စွမ်းအားများကို ကျင့်ကြံသူ ဖြစ်သ လို၊ ဤစကြာဝဠာအိတ်သည်လည်း ဒိုင်ဇင်ဘုရားကျောင်းမှ ပညာရှင်ကြီးတစ်ဦး ဖန်တီးခဲ့ သည့် ရတနာဖြစ်သည်။ သူတို့၏ တာအိုပညာရပ်များနှင့် အတွေးအခေါ်ချင်းမှာ တစ်သား တည်း ဖြစ်နေသဖြင့် ပေါင်းစပ်ရာတွင် တစ်စုံတစ်ရာ ဆန့်ကျင်ဘက် ရှိမည်မဟုတ်ပေ။

အိတ်အတွင်းရှိ ကြည်လင်သော အလင်းတန်းများ ကိန်းဝပ်ရာ ဟင်းလင်းပြင်၌ ရှိနေခဲ့သော ကျမ်းစာများ၊ ရွှေတုံးများ၊ ရိက္ခာများ၊ လက်နက်ဝတ်စုံများနှင့် ဆေးဝါးပစ္စည်းများ အားလုံး မှာ ယခုအခါ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဟုန်ယွိသည် ဤနေရာသို့ တိုက်ပွဲဝင်ရန် မလာခင်ကတည်းကပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စကြာဝဠာအိတ်အတွင်းရှိ ပစ္စည်းအားလုံးကို သဲကန္တာရပြည်နယ်ရှိ သူ၏ ခံတပ်အတွင်းသို့ ပြောင်းရွှေ့ထားခဲ့ပြီး ဖြစ်သည်။

ထိုသို့ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပါက ဟင်းလင်းပြင် ပြိုကျပျက်စီးသွားသည့်အခါ အဆိုပါ အဖိုးတန်ပစ္စည်းအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ပြန်ရောက် သည့်အခါ အားလုံးကို အသေးအဖွဲ စာရင်းဇယားများ ပြန်လည်ပြုလုပ်ရမည်မှာ သူ၏ ကိစ္စသာ ဖြစ်သည်။

...

“စကြာဝဠာရဲ့ ကြည်လင်သောအလင်း... မဟာဇင် မူလဝိညာဉ်... ငါ့ခန္ဓာကိုယ်ကို ကောင်းချီးပေးပါ၊ ချီဝိညာဉ်ဝဲဂယက်။”

ပြိုကျပျက်စီးနေသော ဟင်းလင်းပြင်အလယ်၌ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် တုံ့ဆိုင်းမနေခဲ့ ပေ။ သူသည် ချက်ချင်းပင် ‘ချီဝိညာဉ်ဝဲဂယက်’ ကို ထုတ်ဖော်လိုက်ရာ ပြင်းထန်လှသော ဝဲဂယက်ကြီးသည် စကြာဝဠာအိတ်အတွင်းရှိ ကြည်လင်သော အလင်းတန်းအားလုံးကို စုပ်ယူလိုက်တော့သည်။ ထို့နောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွေး ၂၃,၀၀၀ ကျော်သည် ထူထပ်လှသော အလင်းလွှာများဖြင့် လွှမ်းခြုံသွားပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်နတ်ဘုရားများအလား ခန့်ညားစွာ ပေါ်ထွက်လာသည်။

ကြည်လင်သော အလင်းများဖြင့် ဖုံးအုပ်ထားသော အဆိုပါ စိတ်ဝိညာဉ်အတွေးများသည် ရုတ်တရက်ဆိုသလို ‘အတိတ်ဗုဒ္ဓ’ရုပ်ပွားတော်များအဖြစ် အသွင်ပြောင်းသွားကြသည်။ ၎င်းတို့သည် မလှုပ်မယှက် တည်ငြိမ်စွာ ထိုင်နေကြပြီး နက်နဲသော ကျမ်းစာများကို အစဉ်တစိုက် ရွတ်ဆိုနေကြသည်။

ကျမ်းစာသံများ တုန်ခါလာသည်နှင့်အမျှ ဟင်းလင်းပြင်တစ်ခုလုံးရှိ အလင်းတန်းအားလုံး သည် မြစ်ရေများ ပင်လယ်ထဲ စီးဝင်သကဲ့သို့ ဟုန်ယွိထံသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

ထို့နောက်တွင် ဟင်းလင်းပြင်ကြီးသည် စတင် အက်ကွဲပြီး ပြိုကျလာတော့သည်။ အရာခပ်သိမ်းကို အမှုန့်ခြေပစ်နိုင်သော ဟင်းလင်းပြင် အက်ကြောင်းကြီးများသည် အရပ်မျက်နှာအနှံ့တွင် ပေါ်ထွက်လာသည်။

ချန်ပီယံမြို့စား၏ နတ်ဘုရားချပ်ဝတ်ကို ချွတ်ယူပြီးချိန်တွင် ဟုန်ယွိ၌ စိတ်ဝိညာဉ်အတွေး စ ၉,၉၉၉ ခုသာ ကျန်ရှိခဲ့သည်။ ထို့နောက် ချန်ယင်းရှာနှင့် တူနှစ်ဖော် ကျင့်ကြံမှုကြောင့် အတွေးစ ငါးထောင်၊ ခြောက်ထောင်ခန့် ထပ်တိုးလာခဲ့ပြီး၊ ထန်ဟိုင်လုံထံမှ စိတ်ဝိညာဉ် အတွေးစ တစ်သောင်း ထပ်မံရရှိခဲ့သည်။ ယခု ‘ငရဲနတ်ဘုရား လွတ်မြောက်ခြင်း’ နည်းလမ်းကို အသုံးပြုခဲ့ရသဖြင့် စိတ်ဝိညာဉ်အတွေးပေါင်း ၂၃,၁၈၄ ခုသာ ကျန်ရှိနေတော့ သည်။

အဆိုပါ စိတ်ဝိညာဉ် အတွေးစ ၂၃,၁၈၄ ခုလုံးသည် ကြည်လင်သောအလင်းလွှာများဖြင့် ထူထပ်စွာ ပတ်ရစ်ခြင်း ခံထားရသည်။ ထိုအလင်းလွှာများသည် လိမ့်ဆင်းလာသော နှင်းလုံးကြီးများကဲ့သို့ တစ်စထက်တစ်စ ပို၍ ထူထပ်လာကာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးများကို အလွန်တင်းကျပ်စွာ ပတ်ရစ်ထားသဖြင့် အသက်ရှူရန်ပင် ခက်ခဲသော အခြေအနေသို့ ရောက်ရှိလာစေသည်။

ဟင်းလင်းပြင်၏ ထူထပ်လှသော စွမ်းအားများသည် ထိုအတွေး ၂၃,၁၈၄ ခုကို လုံးဝ လွှမ်းခြုံသွားသည့်အခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်အတွေးစ တစ်ခုချင်းစီမှာ နွားသိုးတစ်ကောင် ၏ ဦးခေါင်းအရွယ်ခန့်အထိ ကြီးမားသွားတော့သည်။ ဟင်းလင်းပြင် လှိုင်းတံပိုးများသည် စိတ်ဝိညာဉ် အတွေးစများပေါ်၌ လက်ခနဲ၊ လက်ခနဲ တောက်ပနေပြီး အလွန်ပင် လျှို့ဝှက် ဆန်းကြယ်သော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

ဘုန်း….။

နောက်ဆုံးတွင် အလင်းတန်းအားလုံးကို စိတ်ဝိညာဉ် အတွေးစ နှစ်သောင်းကျော်က စုပ်ယူပြီးသွားသည့်အခါ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများသည် ဝန်ထုပ်ဝန်ပိုးကို မခံနိုင် တော့ပေ။ သူသည် ချပ်ဝတ်တန်ဆာ အလွှာပေါင်း ရာနှင့်ချီ၍ ဝတ်ဆင်ထားသော လူပိန်လေးတစ်ဦးနှင့် တူနေသည်။

အလင်းတန်းအားလုံး စုပ်ယူပြီးသွားသည့် အခိုက်အတန့်မှာပင် စကြာဝဠာအိတ်အတွင်းရှိ ဟင်းလင်းပြင်ကြီးသည် ရုတ်တရက် ပြိုကျသွားတော့သည်။ ဟင်းလင်းပြင် အက်ကြောင်း များနှင့် လေဟာနယ် တွင်းနက်ကြီးများသည် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစအားလုံးကို ချက်ချင်းပင် ဝါးမြိုခြေဖျက်ရန် ကြိုးစားလိုက်သည်။

စကြာဝဠာအိတ် ပြိုကျပျက်စီးချိန်တွင် အဆင့် ၆ မိုးကြိုးကပ်ဘေး အဆင့်ရှိသူပင်လျှင် သေဘေးမှ လွတ်မြောက်ရန် မလွယ်ကူပေ။

သို့သော် ဤကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ် အတွေးစွမ်းအား အားလုံးကို အသုံးပြု၍ ‘အလင်းအမှောင် မန္တလာ မဟာအစီ အရင်’ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ပြိုကျနေသော ဟင်းလင်းပြင်အတွင်း၌ ‘အလင်းအမှောင် မန္တလာ မဟာအစီအရင်’ ကို ထုတ်ဖော်လိုက်သည့်အခါ ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများအားလုံးသည် တည်ရှိခြင်း နှင့် မတည်ရှိခြင်းကြားရှိ အလွန်သေးငယ်သော အစက်အပြောက်လေး တစ်ခုအဖြစ် စုစည်းသွားပြီးမှ အပြင်သို့ ဟိန်းခနဲ ပေါက်ကွဲထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲထွက်လာသော စိတ်ဝိညာဉ် အတွေးစများနှင့် ပြိုကျနေသော ဟင်းလင်းပြင် စွမ်းအားများသည် ပြင်းထန်စွာ ထိပ်တိုက် တိုးမိကြတော့သည်။

ဘန်း…။

ဤသို့ ထိပ်တိုက် တွေ့ဆုံမှုကြောင့် မယုံနိုင်စရာ အပြောင်းအလဲတစ်ခု ချက်ချင်း ဖြစ်ပေါ် လာသည်။ ပြိုကျနေသော ဟင်းလင်းပြင်၏ စွမ်းအားနှင့် ‘အလင်း-အမှောင် မန္တလာ မဟာ အစီအရင်’၏ ပေါက်ကွဲအားတို့ ထိပ်တိုက်တွေ့ခြင်းမှာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရ ခြင်းထက်ပင် ပို၍ ပြင်းထန်လှသည်။ ၎င်းသည် ဤလောက၏ အင်အားအကြီးဆုံး စွမ်းအား နှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုပင် ဖြစ်နိုင်ပေသည်။

စိတ်ဝိညာဉ်အတွေးများ၌ ကပ်ငြိနေသော ကြည်လင်သော အလင်းတန်းများသည် စိတ်ဝိညာဉ် အတွေးများအတွင်းသို့ အတင်းအကျပ် ဖိသွင်းခြင်း ခံလိုက်ရပြီး ၎င်းတို့နှင့် လုံးဝ တစ်သားတည်း ဖြစ်သွားသည်။ ဤသည်မှာ ထိုကြည်လင်သော အလင်းတန်းများ သည် စိတ်ဝိညာဉ် အတွေးစများ၏ ကိုယ်ပိုင် စွမ်းအား ဖြစ်သွားခြင်းပင်။ ရုတ်တရက် ဆိုသလို ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်နှင့် ဟင်းလင်းပြင် အကြား၌ ထူးခြားသော ပဲ့တင်ထပ် ဆက်နွယ်မူ ရှိနေသည်ကို ခံစားလိုက်ရသည်။ ဟင်းလင်းပြင် အတားအဆီးကြီး သည် အချိန်မရွေး ဆွဲဖြဲပစ်နိုင်သော ကုလားကာတစ်ခုအလား သူ ခံစားလိုက်ရသည်။

ယခုအခါ သူ၏ ဝိညာဉ်အတွေး ၂၃,၁၈၄ ခုသည် လေဟာနယ်ကို ဆွဲဖြဲနိုင်သော အဆင့် ၆ မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူများ၏ စွမ်းအားကို အမှန်တကယ်ပင် ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်အတွေးစ တစ်ခုချင်းစီသည် အလွန်ပင် အစွမ်းထက်နေသည်။ ၎င်းတို့တွင် အဆင့် ၅ ကြိမ် မိုးကြိုးကပ်ဘေးပညာရှင်များ၏ ‘အလိုလိုအာရုံခံစားမူ’ စွမ်းရည်မျိုး မရှိသေးသော်လည်း စွမ်းအားပိုင်း၌မူ အားမလျော့ပေ။

ယခုအခါ ဟုန်ယွိသည် အဆင့် ၅ မိုးကြိုးကပ်ဘေးနှင့် အဆင့် ၆ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရခြင်း မရှိသေးသော်လည်း စကြာဝဠာအိတ်၏ အလင်းတန်းအားလုံးကို ပေါင်းစပ်လိုက်ပြီးနောက်တွင် သူ၏ စိတ်ဝိညာဉ် အတွေးစ တစ်ခုချင်းစီမှာ အဆင့် ၆ မိုးကြိုးကပ်ဘေး အဆင့်ရှိသူတို့၏ စွမ်းအားကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။

နောင်တစ်ချိန်တွင် သူသည် အဆင့် ၅ မိုးကြိုးကပ်ဘေးနှင့် အဆင့် ၆ မိုးကြိုး ကပ်ဘေး များကို ကျော်ဖြတ်၍ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ပြုလုပ်နိုင်ခဲ့လျှင်မူ သူသည် တစ်ဟုန်ထိုး ထိပ်တန်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူသည် အဆင့် ၆ မိုးကြိုးကပ် ဘေး ပညာရှင်များတွင် အစွမ်းထက်ဆုံး စိတ်ဝိညာဉ် အတွေးစများကို ပိုင်ဆိုင်သူ ဖြစ်လာ ပေလိမ့်မည်။ သူသည် ကျိုးထိုက်ကျု၊ ယွိဝမ်မူနှင့် ကန်ဧကရာဇ် ဖန်ဖန်းတို့ကိုပင် လုံးဝ ကျော်ဖြတ်သွားနိုင်တော့မည် ဖြစ်သည်။

ဂျိမ်း….။

ဟင်းလင်းပြင်ကြီး အတွင်းဘက်မှနေ၍ ပေါက်ကွဲပျက်စီးသွားသည့် အခိုက်အတန့်မှာပင် စကြာဝဠာအိတ်၏ ‘လူသားအင်မော်တယ် အရေပြား’သည်လည်း မြေမှုန့်အဖြစ် လွင့်စင်သွားတော့သည်။

ထိုအချိန်မှာပင် ထိုအရေပြားများကြားမှနေ၍ နက်ရွှေရောင် အလင်းတန်းများ တောက်ပ နေသည့် ထန်းရွက်ပေါ် ရေးထားသည့် ကျမ်းစာနှင့်တူသည့် စာမျက်နှာတစ်ခုသည် လူသား အရေပြားအိတ်၏ အတွင်းလွှာမှ လွင့်ထွက်လာသည်။ အဆိုပါ စာမျက်နှာသည် ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစများအတွင်းသို့ အလိုလို ကျရောက်လာသည်။

ဝိုးတဝါး မြင်တွေ့ရသည်မှာ ထိုကျမ်းစာမျက်နှာပေါ်တွင် ဦးခေါင်းကို မော့၊ ရင်ကို အုပ်ပြီး ခန့်ညားစွာ မတ်မတ်ရပ်နေသော ဗုဒ္ဓရုပ်ပွားတော်ပုံ ပါရှိသည်။ ဗုဒ္ဓ၏ ခြေလှမ်းတိုင်းတွင် ကြာပန်းများ ပွင့်လန်းနေသကဲ့သို့ ရှိပြီး လက်တစ်ဖက်က ကောင်းကင်ကို ညွှန်ကာ အခြား လက်တစ်ဖက်ကမူ မြေကြီးကို ညွှန်ပြနေသည်။ ဤဗုဒ္ဓ၏ အရှိန်အဝါသည် ပစ္စုပ္ပန်ကာလ ကို စိုးမိုးထားပြီး စကြဝဠာအတွင်း၌ မည်သူမျှ မယှဉ်နိုင်သော စွမ်းအားမျိုး ပေါလွင်နေပေ သည်။

“ဒါ... ပစ္စုပ္ပန်ဗုဒ္ဓကျမ်းစားရဲ့ အနှစ်ချုပ်စာမျက်နှာပဲ။”

မမျှော်လင့်ဘဲ ဤမြင်ကွင်းကို တွေ့လိုက်ရသော ဟုန်ရွှန်ကျိသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။

စကြာဝဠာအိတ် ပျက်စီးသွားပြီးနောက် ပစ္စုပ္ပန်ဗုဒ္ဓ ပေါ်ထွန်းလာခြင်း ဖြစ်ပေသည်။ စကြာဝဠာအိတ် ပေါက်ကွဲပြီး ဟင်းလင်းပြင် ပြိုကျသွားသည့်နောက်တွင် ‘ပစ္စုပ္ပန်ဗုဒ္ဓ ကျမ်းစာ’၏ အနှစ်ချုပ်စာမျက်နှာ ပေါ်လာလိမ့်မည်ကို ဟုန်ယွိကိုယ်တိုင်ပင် ကြိုတင် မသိရှိခဲ့ပေ။

၎င်းသည် လောက၌ အစွမ်းထက်ဆုံးသော စွမ်းအားကို ကိုယ်စားပြုနေခြင်းပင် ဖြစ်သည်။

စာစဉ် (၄၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters