ခေတ်ပြောင်းသွားပြီ
Vol. 28 Ch. 287
လူတိုင်း ကြောင်အသွားခဲ့ကြသည်။
ကျင့်ကြံခြင်းကမ္ဘာတွင် နတ်ဝိညာဉ်အဆင့်ကို ထိပ်တန်းကျင့်ကြံသူဟု သတ်မှတ်၍ ရနေပြီ ဖြစ်သည်။
ထိုပုဂ္ဂိုလ်များသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် ကိုယ်ပိုင်လမ်းစဉ်တစ်ခု ရှိပြီးသွားကြသူများ ဖြစ်ကြ၏။
သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ရွှေအမြုတေအဆင့်များဦးစီးသော အခြေခံတည်ဆောက်ခြင်းတစ်အုပ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
သူတို့ကြား အဆင့်ကွာဟချက်က အဆင့်ကြီး သုံးခု ဖြစ်၏။
ရွှေအမြုတေအဆင့်နှင့်ယှဉ်လျှင်ပင် အဆင့်ကွာဟချက်က နှစ်ဆင့်ဖြစ်နေသေးသည်။
နတ်ဝိညာဉ်အဆင့်တစ်ယောက်အတွက် ရွှေအမြုတေအဆင့်များဆိုသည်မှာ သာမန်လက်တစ်ချက်ဝေ့ယမ်းရုံဖြင့် သတ်ဖြတ်၍ရသည့် ပိုးမွှားများထက် ပိုမနေပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်များကတော့ သူတို့အတွက် ဖုန်မှုန့်များလိုဖြစ်ပြီး လေတစ်ချက်မှုတ်ရုံဖြင့်ပင် သတ်ပစ်နိုင်၏။
သီအိုရီအရတော့ အခြေခံတည်ဆောက်ခြင်းအဆင့်တစ်အုပ်က နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်စရာ အကြောင်းကို မရှိပေ။
သို့သော် ထိုသို့မဖြစ်နိုင်သောမြင်ကွင်းကြီးက လူတိုင်းရှေ့တွင် ပေါ်ပေါက်လာခဲ့ချေပြီ။
အဇူရာတိမ်မြို့ထဲရှိ လူတိုင်းတိတ်ဆိတ်နေကြပြီး ကျောပြင်တစ်လျှောက် အေးစိမ့်သွားခဲ့ကြသည်။
အဇူရာတိမ်မြို့ရဲ့ ကြေငြာချက်ကိုလိုက်နာပြီး မှတ်ပုံတင်လိုက်တာ ကံကောင်းသည်ဟု သူတို့ခံစားလိုက်ကြရ၏။
မဟုတ်လျှင် သူတို့ ကံကြမ္မာက အလွန်ဆိုးရွားသွားပေလိမ့်မည်။
အဇူရာတိမ်မြို့ထဲက ခုနကမှ ထွက်ခွာသွားခဲ့ရသော သူများကတော့ ချွေးအေးများ ထွက်နေခဲ့ကြချေပြီ။
အထူးသဖြင့် ရွှေအမြုတေအဆင့်များနှင့် ဝိညာဉ်အခြေတည်အဆင့်များ ဖြစ်သည်။ သူတို့လုံး၀ ကြောက်ရွံ့နေခဲ့ကြ၏။
သူတို့အားလုံး ကပ်ဘေးကြီးတစ်ခုက လွတ်မြောက်လာခဲ့သလို ခံစားနေခဲ့ကြရသည်။
သူတို့သာ ခုနတုန်းက နည်းနည်းလေးခေါင်းမာခဲ့မိလျှင် ထိုဝိညာဉ်အခြေတည်အဆင့်နှင့် ကျိုးဟုန်လို အဆုံးသတ်သွားခဲ့ရမည် မဟုတ်ပါလော။
နတ်ဝိညာဉ်အဆင့်များ၏ အမူအရာများပင် ဖြူဖျော့သွားခဲ့ကြဧ။။်
ထိုမီးပွားချောင်းများကို ကိုင်ဆောင်ထားသည့် အခြေခံတည်ဆောက်ခြင်းအဆင့်သံုးရာကို သူတို့အစကေတာ့လုံး၀ မကြောက်လန့်ခဲ့ကြပေ။
သို့သော်လည်း အဇူရာတိမ်ဂိုဏ်းမှာက ထောင်ချီသော မီးေချာင်းကိုင် ဂိုဏ်းသားများ ရှိနေခဲ့ခြင်း ဖြစ်သည်။
ထောင်ချီသော ကျည်ဆန်များ သူတို့ဆီပြေး၀င်လာသောမြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် သူတို့နှလုံးသားများ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ကြရသည်။
“အဇူရာတိမ်ဂိုဏ်း….”
နတ်ဝိညာဉ်အဆင့်များ ဂိုဏ်းနာမည်ကို တီးတိုးရေရွတ်လိုက်မိကြ၏။
အဇူရာတိမ်ဂိုဏ်းသည် သူတို့သိခဲ့သောအဇူရာတိမ်ဂိုဏ်း မဟုတ်တော့ပေ။
ဆန်းကျယ်သော မှော်လက်နက်များ၊ သူတို့စိတ်ကူးကိုကျော်လွန်နေသော ဂိုဏ်းသားအရေအတွက် နှင့် ထိုမျှများပြားလှသော လူများကြားက စည်းလုံးမှု…
ကြောက်စရာကောင်းလွန်းလှသည်။
“ဒီသတင်းကို ဂိုဏ်းကို ချက်ချင်းပြန်ပို့ရမယ် ဒီကိစ္စကို အထက်လူကြီးတွေက အလေးအနက်ထားမှာ သေချာတယ်”
နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး ပျံသန်းထွက်ခွာသွားခဲ့ကြ၏။
အပြင်မှကြည့်လျှင်တော့ သူတို့ပုံစံက ကြောက်လန့်တကြားထွက်ပြေးသွားသည့်ပုံ ဖြစ်နေခဲ့သည်။
တကယ်တော့ ထိုအခိုက်တွင် သူတို့တင်မဟုတ်ဘဲ အဇူရာတိမ်ဂိုဏ်းကလူများလည်း ကြောင်အနေခဲ့ကြခြင်း ဖြစ်၏။
ဆေးလုံးသန့်စင်နေသော တန်ချန်ကျိကလွဲပြီး လူတိုင်း၏နတ်အာရုံက အဇူရာတိမ်မြို့ဆီရောက်ရှိနေခြင်းဖြစ်ပြီး အကူအညီလိုအပ်ပါက ၀င်ရောက်ကူညီပေးရန် အသင့်စောင့်နေခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆုံးတော့ သူတို့တွင် ထောင်နှင့်ချီသောတပည့်များရှိနေပြီဖြစ်သောကြောင့် ထိုတပည့်များ၏ လုံခြုံရေးကို သူတို့ဂရုစိုက်ကြရပေမည်။
ထိုတပည့်များသည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူတို့ လုံး၀မယုံခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် နတ်ဝိညာဉ်အဆင့် ဝိညာဉ်အခြေတည်အဆင့် ရွှေအမြုတေအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်များကြားက ကွာဟချက်ကို သူတို့ကောင်းကောင်းကြီး နားလည်နေ၍ ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးရလဒ်က သူတို့မျှော်လင့်ထားသည်နှင့် လုံး၀ ကွဲလွဲနေခဲ့၏။
ဟော်လင်းကျိ အံ့ဩလွန်း၍ မျက်တောင်ခတ်လိုက်မိပြီး ပြောလိုက်၏။
“အဲ့ဒီအရာတွေမှာ ဒီလောက်များတဲ့သတ်ဖြတ်ခြင်းစွမ်းအားရှိတယ်လား ကြည့်ရတာ ငါအဲ့ဒီအကြောင်းပြန်တွေးရတော့မယ် ထင်တယ် နေပါဦး အဲ့ဒီကလေးတွေအတွက် သူတို့လက်နက်တွေကို ဘယ်လိုအဆင့်မြှင့်ပေးရင် ကောင်းမလဲ…”
အရင်ကတော့ သူထိုသေနတ်ဟုခေါ်သော လက်နက်များအပေါ် အထင်သေးခဲ့မိသည်။
သူ့လို နတ်ဝိညာဉ်အဆင့် လက်နက်သန့်စင်သူတစ်ယောက်အတွက် ထိုလက်နက်များက ရိုးရှင်းလွန်းလှ၏။
ထို့ကြောင့် ကျန်းယန် သူ့ကိုထိုလက်နက်များသန့်စင်ပေးဖို့ပြောခဲ့စဉ်က သူစိတ်မ၀င်စားဘဲ ထိုတာ၀န်ကို ချင်းရှုဆီသို့သာ လွှဲထားခဲ့ခြင်း ဖြစ်သည်။
လိုအပ်သောပမာဏကသာ အရမ်းများမနေလျှင် သူထိုကိစ္စထဲ လုံး၀ ပါ၀င်ခဲ့မိလိမ့်မည် မဟုတ်ပေ။
သို့သော် အခုလို အခြေခံတည်ဆောက်ခြင်းအဆင့်တစ်အုပ်က နတ်ဝိညာဉ်အဆင့်ကို သတ်နိုင်ခဲ့သော အဖြစ်အပျက်ကို မြင်ပြီးနောက်တွင်တော့ ထိုလက်နက်အပေါ် သူစိတ်၀င်စားလာခဲ့မိသည်။
ယခုအခါ အဇူရာတိမ်ဂိုဏ်းတွင် မှော်လက်နက်များ ရှားပါးမနေတော့ပေ။
ဒီလိုဆိုမှတော့ သူအဘယ်ကြောင့် ထိုတပည့်များ၏ တိုက်ခိုက်ရေးစွမ်းအားကိုတိုးမြှင့်ပေးနိုင်မည့်လက်နက်များ သွန်းလုပ်ရာတွင် အချိန်နည်းနည်းလောက် မပေးနိုင်ရပါမည်နည်း။
သူအခုကစပြီး ဦးတည်းချက်ပြောင်းဖို့ ဆုံးဖြတ်လိုက်၏။
“ဆရာဦးလေး ဘာဖြစ်လို့လဲ” ချင်းရှု မေးလိုက်သည်။
သူသည် လက်ရှ်ိတွင် ဟော်လင်းကျိထံ၌ လက်နက်သန့်စင်ပညာ လေ့လာသင်ကြားနေသူ ဖြစ်၏။ ထို့ကြောင့် သူ့ဆရာ၏အမူအရာအပြောင်းအလဲကို ချက်ချင်းသတိထားမိခဲ့သည်။
ဟော်လင်းကျိ ချင်းရှု ကြည့်ရှုနိုင်ရန် ခုနကမြင်ကွင်းကို ထုတ်ပြလိုက်ပြီး ပြောလိုက်၏။
“အဲ့ဒီသေနတ်တွေရဲ့ စွမ်းအားကို ဘယ်လိုတိုးအောင်လုပ်လို့ရနိုင်မလဲ လေ့လာကြစို့”
ထိုကြောက်စရာမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်းရှုစိတ်နှလုံး တုန်လှုပ်သွားခဲ့ရသည်။
သူခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်မိပြီး ထိုကိစ္စအပေါ် အလွန်စိတ်၀င်စားသွားခဲ့၏။
“ကျန်းယန်ပြောတာတော့ သူ့မှာ တစ်ချက်တည်းနဲ့ နတ်ဝိညာဉ်အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်ပေးနိုင်တဲ့ လက်နက်တစ်မျိုးတည်ဆောက်မယ့် အကြံဉာဏ်ရှိတယ်တဲ့ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့အဲ့ဒီလက်နက်ကိုလည်း လေ့လာရမယ်” ချင်းရှု အမြန်ပြောလိုက်သည်။
ဟော်လင်းကျိ ခေါင်းငြိမ့်ပြလိုက်၏။
“ပြဿနာမရှိဘူး”
ထိုအခိုက်တွင် လက်နက်သန့်စင်သူနှစ်ယောက် အတွေးနွံနစ်သွားခဲ့ကြသည်။
ဟော်လင်းကျိက အဇူရာတိမ်မြို့ထဲကမြင်ကွင်းကိုပြန်စဉ်းစားကာ သူ့မေးစေ့ကို ပွတ်ရင်း တွေးတောနေခဲ့၏။
“အဲ့ဒီကလေးတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက လုံလောက်အောင် သန်မာနေပြီ” ဟော်လင်းကျိ တီးတိုးရေရွတ်လိုက်သည်။
“ဒါပေမယ့် သူတို့ခုခံရေးစွမ်းအားကတော့ အားနည်းလွန်းတယ် ငါစီနီယာအစ်မ ၄ ဆီကိုသွားပြီး ၀င်္ကပါနဲ့အဆောင်စွမ်းအားကိုပေါင်းစပ်ပြီး သူတို့ရဲ့ ခုခံရေးစွမ်းအားကို တိုးပေးနိုင်မလား သွားဆွေးနွေးသင့်တယ်”
ထိုအခိုက်တွင် လူပေါင်းများစွာ၏တွေးတောပုံများ ပြောင်းလဲသွားခဲ့ကြ၏။
နောက်ဆုံးတွင် လူတစ်ယောက်၏ကျင့်ကြံခြင်းကိုတစ်ညတည်းနှင့် တိုးမြှင့်ပေးနိုင်ဖို့က ဖြစ်နိုင်သောအရာ မဟုတ်ပေ။
သို့သော် အခုလိုနည်းလမ်းမျိုးကတော့ လူတစ်ယောက်၏စွမ်းအားကို အချိန်တိုအတွင်း အကြီးအကျယ် တိုးမြှင့်ပေးနိုင်ပေသည်။
အဇူရာတိမ်မြို့ထဲက မြင်ကွင်းကို မြင်ခဲ့ရသော စန်းစုန့်လည်း တိတ်ဆိတ်သွားခဲ့၏။
သူလည်းစိတ်ထဲမသက်မသာခံစားနေခဲ့ရသည်။
အစကတော့ သူ့တာအိုပေါင်းစည်းခြင်းအဆင့်စွမ်းအားသည် ဤဂိုဏ်းတွင် အလွန်အသုံး၀င်မည့်အရာဟု သူထင်ခဲ့မိ၏။ သို့သော် အခုလိုသာဆက်တိုးတက်နေမည်ဆိုလျှင် မကြာခင်တွင် ထိုကလေးများ၏ တိုက်ခိုက်ရေးစွမ်းအားက သူ့ကိုပင် ကျော်တက်သွားနိုင်ပေသည်။
ထိုသို့သာ ဖြစ်သွားလျှင် သူ့နှစ်ပေါင်း ၁၅၀၀ ကြာအောင် တည်ဆောက်လာခဲ့ရသော မာနကိုဘယ်သွားထည့်ထားရပါတော့မည်နည်း။
ဒါပေါ့ အတုန်လှုပ်သွားဆုံးသူကတော့ ကျန်းကျစ်ချိုးသာ ဖြစ်၏။
အစကတော့ သူထိုအခြေခံတည်ဆောက်ခြင်းအဖွဲ့အပေါ် အများကြီးမျှော်လင့်မထားခဲ့မိပေ။ အဇူရာတိမ်မြို့က ပြဿနာသည် အခြေခံတည်ဆောက်ခြင်းတစ်အုပ်ဖြေရှင်းနိုင်သော ပြဿနာဟု သူမယုံပေ။
သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်များဆီက အခုလို စွမ်းအားမျိုးပေါ်ထွက်လာသောအခါတွင်တော့ သူကြက်သေသေသွားခဲ့မိသည်။
သူခြေသလုံအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့စဉ်က သူ့စီနီယာအစ်ကိုကြီးနဲ့တွေ့ခဲ့ရတာ အလွန်ကံကောင်းသည်ဟု သူခံစားလိုက်ရ၏။
မဟုတ်လျှင် သူ့ဘ၀က အတော်လေးခက်ခဲနေမှာသေချာပေသည်။
“စီနီယာအစ်ကိုကြီး” ကျန်းကျစ်ချိုး ကျန်းယန်ကို အလွန်ရိုသေလေးစားနေဟန်ဖြင့် ပြောလိုက်၏။
“သူတို့က အနာဂတ်မှာရော အဇူရာတိမ်မြို့မှာ အမြဲနေသွားကြမှာလား”
ကျန်းယန် ခေါင်းခါပြလိုက်သည်။
“သူတို့မှာလည်း ကိုင်တွယ်စရာကိစ္စတွေရှိသေးတယ် အမြဲနေနိုင်မှာမဟုတ်ဘူး
ဒါပေမယ့် မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးနဲ့ကြုံရရင် သူတို့ကို အကူအညီလှမ်းတောင်းလို့ရတယ်
ဒါပေမယ့် မင်းမှာသူတို့ကိုအမိန့်ပေးနိုင်တဲ့ အာဏာမရှိဘူး ပူးပေါင်းပေးဖို့ပဲ တောင်းဆိုနိုင်မှာ
အဇူရာတိမ်မြို့ရဲ့ ကိစ္စတွေက မင်းအပေါ်မှာပဲမူတည်နေတယ်”
ထိုလူများသည် သူကမ္ဘာကြီးကိုအုပ်စိုးရာတွင် အသုံးပြုဖို့ ကြံရွယ်ထားသော သူများဖြစ်ကြ၏။ အဇူရာတိမ်မြို့က ကိစ္စလေးများကိုဖြေရှင်းဖို့ လေ့ကျင့်ပေးထားခြင်း မဟုတ်ပေ။
ဒီနေ့ ထိုတပ်ဖွဲ့ကိုထုတ်သုံးလိုက်ရသည့် ရည်ရွယ်ချက်က လူတိုင်းကိုသတိပေးရန်သာ ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိနှင့်ကြောက်စရာမိစ္ဆာများရှိနေသလို အငယ်မျိုးဆက်ကလည်း ကျင့်ကြံခြင်းနိမ့်သော်လည်း တိုက်ခိုက်နိုင်စွမ်းမြင့်မားသည်ဟု လူတိုင်းကို သူသတိပေးချင်၍ ဖြစ်သည်။
ဤအဖြစ်အပျက်ကို မြင်ပြီးနောက် အဇူရာတိမ်ဂိုဏ်းကို အကောက်ကြံချင်သောသူတိုင်းက နှစ်ခါပြန်စဉ်းစားသွားရပေလိမ့်မည်။
လက်ရှိ အဇူရာတိမ်ဂိုဏ်းသည် အပြင်ပန်းတွင် သန်မာပုံပေါ်သော်လည်း အတွင်းပိုင်းတွင်တော့ အားနည်းနေခဲ့၏။ ထို့ကြောင့်လည်း သူကိစ္စများကို ခပ်ကြမ်းကြမ်းကိုင်တွယ်ပြနေခြင်း ဖြစ်သည်။
အဇူရာတိမ်ဂိုဏ်းတွင်လုံလောက်သောအင်အားရှိလာပြီဆိုမှသာ သူတို့အရင်ကလို သိုသိုသိပ်သိပ်ပြန်နေနိုင်ပေလိမ့်မည်။
“အဇူရာတိမ်မြို့က ကိစ္စတွေကို မင်းပဲကိုင်တွယ်ထားလိုက် ငါသူတို့အတွက်စီစဉ်ပေးစရာတွေရှိသေးလို့ ပြန်ရဦးမယ်” ကျန်းယန်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ” ကျန်းကျစ်ချိုး ကျန်းယန်ထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့သည်။
ကျန်းယန်တို့ လေ့ကျင့်ရေးကွင်းပြင်သို့ ပြန်ရောက်လာသောအခါလူတိုင်းကတိုက်ပွဲအကြောင်း ပြန်ပြောနေကြပြီး အတော်ကြီးပျော်ရွှင်နေခဲ့ကြ၏။
သူတို့သည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအောင်မြင်မှုက မသေးငယ်ပေ။
“ရယ်နေကြတာလား” ကျန်းယန် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။
“မင်းတို့က ရယ်နေနိုင်ကြသေးတယ်လား ငါမင်းတို့ကို နတ်ဝိညာဉ်အဆင့်တွေနဲ့ ရင်ဆိုင်တဲ့နေရာမှာ သေချာနည်းလမ်းရှာပြီးမှ ရင်ဆိုင်ဖို့ ပြောခဲ့တယ် ဒါက မင်းတို့ရှာခဲ့တဲ့နည်းလမ်းလား
ငါသာ ၀င်မပါခဲ့ရင် မင်းတို့လူသုံးရာထဲက ဘယ်နှစ်ယောက်အသက်ရှင်ကျန်မယ်လို့ မင်းတို့ထင်လဲ
အဲ့ဒီနေရာမှာ သေနတ်ကြီးတွေကိုင်ပြီး ကျောက်ရုပ်ကြီးတွေလိုပဲ ရပ်နေကြတော့မှာလား မင်းတို့ဦးနှောက်ကိုနည်းနည်းလောက် ပိုမသုံးကြတော့ဘူးလား
မင်းတို့အတွက်အရေးအကြီးဆုံးအရာက မင်းတို့ရဲ့ အသက်တွေပဲ
အဲ့ဒီအသက်တွေအတွက် အာမခံချက်ရှိနေမှသာ ဒုတိယအဆင့်အနေနဲ့ ရန်သူကိုတိုက်ခိုက်ဖို့ စဉ်းစားကြရမယ်”
ကျန်းယန် ဆက်ပြောလိုက်သည်။
“ဒီတိုက်ပွဲမှာ မင်းတို့တစ်ယောက်ချင်းစီတိုင်း ရှုံးနိမ့်ခဲ့တယ် ဒီအစည်းအဝေးပြီးရင် လူတိုင်း ဒီအဖြစ်အပျက်ကို အမြဲမှတ်မ်ိေနေအာင် သုံးသပ်ချက်အစီအရင်ခံစာ တစ်စောင်ရေးပြီး တင်ရမယ်
ကျန်းချန်းရှန် ၀မ်ပေ့လဲ့ လျန့်ယိ မင်းတို့နေခဲ့ ကျန်တဲ့သူတွေ တန်းဖြုတ်”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး”
လူတိုင်းစိတ်မကြည်မသာဖြစ်နေကြသည်။
သူတို့သည် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို သတ်နိုင်ခဲ့ကြသော်လည်း ဆုမရသည့်အပြင် အဆူပင် ခံခဲ့ကြရ၏။
သို့သော် သူတို့ပြန်လည်းမပြောရဲခဲ့ကြပေ။