← Chapters

အဇူရာတိမ်ဂိုဏ်း၏ ခေါင်းကိုင်ဖခင်

Vol. 28 Ch. 291

အဇူရာတိမ်ဂိုဏ်း၏ ခေါင်းကိုင်ဖခင်

Vol. 28 Ch. 291

မြူနှင်းဂိုဏ်းမှလူများကို လိုက်ပို့ပြီးနောက် ချက်ချင်းဆိုသလို ကျန်းယန်ဆီ ကောင်းကင်ဒဏ္ဍာရီတို့ရောက်လာသည့် သတင်းရောက်ရှိလာခဲ့သည်။

သူလူလွှတ်ကာ သွားကြိုခိုင်းခဲ့ပြီး အဇူရာတိမ်ခန်းမထဲတွင် တွေ့ဆုံခဲ့၏။

ကျန်းယန်ပြုံးကာ ပြောလိုက်သည်။

“စီနီယာကောင်းကင်ဒဏ္ဍာရီ စောင့်ခိုင်းခဲ့ရလို့ တောင်းပန်ပါတယ် အဇူရာတိမ်ဂိုဏ်းက လတ်တလော ပြုပြင်ပြောင်းလဲနေတာဆိုတော့ စီနီယာ့အပေါ် လိုအပ်တာတွေရှိသွားခဲ့ရင် ခွင့်လွှတ်ပေးပါ”

“အဇူရာတိမ်ဂိုဏ်းက တကယ်ပဲ နည်းနည်းတော့ ပြောင်းလဲသွားတယ်” ကောင်းကင်ဒဏ္ဍာရီ ခပ်ဟဟရယ်မောကာ လိုရင်းကို ပြောလိုက်၏။

“ကျန်းယန် မင်းငါ့ကို အရင်က ဂိုဏ်းမဟာမိတ်အဖွဲ့တည်ထောင်ခိုင်းခဲ့တယ် အခုအဲ့ဒီဂိုဏ်းမဟာမိတ်မှာ ပြဿနာတစ်ခုရှိနေတယ် ငါလာခဲ့တာက အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဘာဆက်လုပ်ရမလဲဆိုတာ မေးချင်လို့ပါ”

သူ့စကားလုံးများက ကျန်းယန်၏အမိန့်ကိုစောင့်ဆိုင်းနေဟန် ဖြစ်နေခဲ့သည်။

ကောင်းကင်ဒဏ္ဍာရီသည် ကျန်းယန်၏ လက်အောက်ငယ်သားတစ်ယောက်လိုပင် ပြုမူနေခဲ့၏။

ထိုအချက်က သူနှင့်ပါလာသောသူများကို တုန်လှုပ်သွားစေခဲ့သည်။

ဒီကလေးက တကယ်ကြီး အဲ့လောက်ရာထူးကြီးတာလား!

ကျန်းယန်ရယ်မောကာ ပြောလိုက်၏။

“ဂိုဏ်းမဟာမိတ်ကိစ္စဆိုမှတော့ သေချာပေါက် ကျွန်တော်ကူညီပေးရမှာပေါ့ စီနီယာကောင်းကင်ဒဏ္ဍာရီ ဘာတွေဖြစ်ခဲ့တာလဲ သိပါရစေ”

ဝိညာဉ်အခြေတည်အဆင့် နှစ်ယောက်အလျင်အမြန်ပင် သူတို့အဖြစ်အပျက်များကို ရှင်းပြလိုက်သည်။

ကျန်းယန် ချက်ချင်းရင်ဘတ်ကိုပုတ်ကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့ ခင်ဗျားတို့ကြိုးစား တည်ဆောက်ခဲ့ရတဲ့ အုတ်မြစ်ကို ကျိန်းသေပေါက် ကျွန်တော်ပြန်ယူပေးမယ် ခင်ဗျားတို့က ဂိုဏ်းမဟာမိတ်ရဲ့ အဖွဲ့ဝင်တွေဖြစ်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ကတာ၀န်ယူပေးမှာပါ ဂိုဏ်းမဟာမိတ်ကို ရန်ပြုရဲတဲ့ ဘယ်သူမဆို ကျွန်တော်တို့ ရန်သူပဲ”

“ကျေးဇူးတင်ပါတယ်” ဝိညာဉ်အခြေတည်အဆင့် ၂ယောက် ကျေးဇူးတင်စကား ပြောလိုက်ကြလေသည်။

အဇူရာတိမ်ဂိုဏ်းသာ ၀င်ပါလာလျှင် သူတို့ဘေးကင်းသွားမှာ သေချာ၏။

ကိစ္စက အခုလောက်လွယ်လွယ်ဖြေရှင်းပြီးသွားတာကို မြင်သောအခါ ယုကျင်းကျုံးတို့လည်း ရှေ့တက်လာခဲ့ကြလေသည်။

“တာအိုမိတ်ဆွေကျန်း ငါတို့ဂိုဏ်းတွေလည်း အခုလိုပြဿနာမျိုးနဲ့ ကြုံတွေ့နေရပါတယ် ငါတို့ဂိုဏ်းတွေကိုလည်း မိတ်ဆွေကူညီပေးဖို့ မျှော်လင့်ပါတယ်

တကယ်လို့ ကူညီပေးခဲ့ရင် အချိန်ကျလာတဲ့အခါ ငါတို့လည်း ဂိုဏ်းမဟာမိတ်အဖွဲ့ထဲ ၀င်မှာပါ

အဲ့တာက ငါတို့နှစ်၅၀၀ကြာအောင် တည်ဆောက်ခဲ့ရတဲ့ အုတ်မြစ်တစ်ခုမလို့ပါ” ယုကျင်းကျုံး ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

ကျိချူလည်း ထိုအတိုင်းသာ ၀င်ပြောလိုက်သည်

။

“အို့” ကျန်းယန် ယုကျင်းကျုံးတို့ကို အံ့အားသင့်သွားဟန်ဖြင့် ကြည့်ရှုလိုက်၏။

“ခင်ဗျားတို့က ဂိုဏ်းမဟာမိတ်အဖွဲ့ကလား”

ယုကျင်းကျုံးအမူအရာအနည်းငယ်ပြောင်းလဲသွားကာ ဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။

ကောင်းကင်ဒဏ္ဍာရီ အေးအေးဆေးဆေးပြောလိုက်သည်။

“သူတို့က အစကတော့ ဂိုဏ်းမဟာမိတ်အဖွဲ့၀င်တွေပါ နောက်တော့ ထွက်သွားကြတယ်လေ”

ကျန်းယန် မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး ဘာမှမပြောခဲ့ပေ။

ယုကျင်းကျုံးသတိထား၍ မေးလိုက်၏။

“တာအိုမိတ်ဆွေကျန်း ပြဿနာတစ်ခုခုရှိလို့လား”

ကျန်းယန် ခပ်အေးအေးပြန်ပြောလိုက်သည်။

“ဂိုဏ်းမဟာမိတ်အဖွဲ့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ဂိုဏ်းကြီးတွေကဂိုဏ်းငယ်လေးတွေကို အနိုင်ကျင့်မယ့်ဘေးကနေ ကာကွယ်ပေးဖို့ပါ

ဒီကိစ္စကို ကျွန်တော် စီနီယာကောင်းကင်ဒဏ္ဍာရီနဲ့တောင် ဆွေး‌ေနွးခဲ့သေးတယ်

ဒါပေမယ့် ခင်ဗျားတို့က ကိုယ့်ကိုကိုယ်လုံလောက်အောင်သန်မာတယ်လို့ထင်ပြီး ထွက်သွားကြတယ်လေ

အခုအနိုင်ကျင့်ခံရတော့မှ အကူအညီလာတောင်းနေတာလား”

ယုကျင်းကျုံးတို့အမူအရာများ မည်းမှောင်သွားခဲ့ကြ၏။

ကျန်းယန်လေသံအရ သူတို့ကို ကူညီချင်ပုံမပေါ်ပေ။

ကျန်းယန်နတ်ဝိညာဉ်အဆင့်မ‌ျားကိုတစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်လေသည်။

“အစကတော့ ကျွန်တော်တို့အားလုံးက ကုန်းမြေတိုက်တစ်ခုတည်းသားတွေပဲဆိုတော့ ကူညီပေးမလို့ပါပဲ ဒါပေမယ့် ခင်ဗျားတို့က အကူအညီတောင်းရမယ့်အစား ကျုပ်တို့ကပဲ ခင်ဗျားတို့‌အပေါ် တစ်ခုခုအကြွေးတင်နေသလို လေသံနဲ့ပြောနေတယ်…

ခင်ဗျားတို့ကအခုထိတောင် ကျုပ်ကို မဟာမိတ်ခေါင်းဆောင်လို့ မခေါ်သေးဘူး…”

နတ်ဝိညာဉ်အဆင့်များ စိတ်ရှုပ်ထွေးသွားခဲ့ကြ၏။

ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်က အဘယ်ကြောင့် ကိစ္စများကို အခုလိုဖြစ်သွားအောင် ပြောနေရပါသနည်း။

ယုကျင်းကျုံးနှလုံးသားထဲ ဒေါသများဆူဝေလာပြီး အေးစက်စက်ပြောလိုက်သည်။

“ဆိုတော့ မင်းကငါတို့ကိုမကူညီချင်ဘူးလား”

ကျန်းယန် လက်များကိုဖြန့်ကားပြလိုက်ကာ အမူအရာဖြင့် အဖြေပေးလိုက်၏။

“ကောင်းပြီ ကြည့်ရတာ ဒီနေ့ငါတို့က ကိုယ့်အရှက်ကိုယ်ခွဲဖို့ ရောက်လာမိကြပုံပဲ ငါတို့ဒီနေရာမှာ ရှိမနေခဲ့ဖူးဘူးလို့ မှတ်ထားပေးပါ” ယုကျင်းကျုံး ဝုန်းကနဲထရပ်လိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။

ကျိချူကတော့ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ခေါင်းကိုငုံ့လိုက်၏။

“မဟာမိတ်ခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော်တို့ ဖူမိုဂိုဏ်းကို ကူညီပေးပါ”

သူအခုအချိန်တွင် ခေါင်းငုံ့လိုက်ပါက သူသည် မဟာမိတ်အဖွဲ့၏ အစိတ်အပိုင်းဖြစ်လာမည်ဖြစ်ပြီး အနာဂတ်တွင် ကျန်းယန်အမိန့်များကို နာခံရတော့မည်ဖြစ်မှန်း သူကောင်းကောင်းကြီး နားလည်နေခဲ့သည်။

သို့‌သော် သူ့တွင် ရွေးချယ်စရာမရှ်ိခဲ့ပေ။

“ဖူမိုဂိုဏ်းက ဘေးကင်းသွားပါပြီ”

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်ပြီး မတ်တပ်ရပ်နေသော ယုကျင်းကျုံးနှင့်အခြားသူများကို ပြုံး၍ ‌ကြည့်လိုက်၏။

ယုကျင်းကျုံး ခြေကိုဒေါသတကြီးတစ်ချက်ဆောင့်လိုက်ကာ ပြောလိုက်သည်။

“ကမ္ဘာပေါ်မှာ အန်းဝူလျန့်ကို ရင်ဆိုင်နိုင်တာ အဇူရာတိမ်ဂိုဏ်းပဲ ရှိတာလို့ ငါမယုံဘူး

အဖိုးကြီးမာ သွားကြစို့”

သူသူ့လူများနှင့်အတူ ထွက်သွားဖို့သာ ရွေးချယ်ခဲ့၏။

ချင်းလင်ဂိုဏ်းက မာချိုးရှီကတော့ သူ့စကားကိုလုံး၀လျစ်လျူရှုထားခဲ့သည်။ သူထရပ်လိုက်ကာ ကျန်းယန်ကိုဦးညွတ်လိုက်၏။

“မဟာမိတ်ခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော်တို့ ချင်းလင်ဂိုဏ်းကို ကယ်တင်ပေးပါ”

“ချင်းလင်ဂိုဏ်းလည်း ဘေးကင်းသွားပြီ” ကျန်းယန် ပြန်ပြောပြီးနောက် ယုကျင်းကျုံးကို ကြည့်လိုက်ပြန်သည်။

ယုကျင်းကျုံးရှက်ရွံ့သွားပြီးနောက် ဒေါသတကြီး ရယ်မောလိုက်၏။

“ငကြောက်တစ်အုပ် တကယ်အရှက်မရှိကြတာပဲ မင်းတို့လို ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို ဦးညွတ်တဲ့သူတွေနဲ့ ပေါင်းရမှာ ငါရှက်တယ်ကွ”

ပြောပြီးသည်နှင့် သူသူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။

“မဟာမိတ်ခေါင်းဆောင်” ကျိချူ မာချိုးရှီနှင့်အခြားသူများကတော့ ကျန်းယန်ကို ကြည့်လိုက်ကြ၏။

ကျန်းယန် အသာအယာပြုံးလိုက်သည်။

“ဂျူနီယာညီမလေး လျန့်ယိ မင်းကမြောက်ပိုင်းနဲ့ရင်းနှီးတယ်ဆိုတော့ ဂိုဏ်းချုပ်မာ ဂိုဏ်းချုပ်ကျိ နဲ့အခြားသူတွေကို ဂိုဏ်းတွေပြန်ရအောင် ကူညီပေးလိုက်”

လျန့်ယိ ခေါင်းငြိမ့်ကာ မေးလိုက်သည်။

“တယန်ဂိုဏ်းကိုရော”

“သူတို့ဂိုဏ်းက ရှိသေးလို့လား”

ကျန်းယန် အေးအေးဆေးဆေးပြောလိုက်၏။

“ဒီလိုဆိုမှတော့ တယန်ဂိုဏ်းက ဘယ်ဆက်ရှိနိုင်တော့မှာလဲ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက အဲ့ဒီမြေတွေအားလုံးက အဇူရာတိမ်ဂိုဏ်းအပိုင်တွေချည်းပဲ အခုက ပြန်သိမ်းရမယ့်အချိန်ပဲ မင်းအဲ့ဒီကိုရောက်ရင် အဲ့ဒီကိစ္စကိုလည်း သေချာကိုင်တွယ်လိုက်”

“ဟုတ်ကဲ့ပါ” လျန့်ယိ ပြန်ပြောလိုက်သည်။

“၀မ်ပေ့လဲ့နဲ့ ကျန်းချန်းရှန် မင်းတို့မှာလည်း လတ်တလောလုပ်စရာမရှိဘူးဆိုတော့ သေနတ်တပ်ဆင်ပြီးသားအဖွဲ့သားတွေကို ခေါ်ပြီး လိုက်သွားကြ” ကျန်းယန် အမိန့်ပေးလိုက်၏။

“ဒီတစ်ခေါက်က ငါသင်ကြားပေးပြီးတဲ့နောက် မင်းတို့ရဲ့ ပထမဆုံးတိုက်ပွဲပဲ ဘာပြဿနာမှမရှိဖို့ မျှော်လင့်ပါတယ်”

“စိတ်မပူပါနဲ့ စီနီယာအစ်ကိုကြီး ဘာပြဿနာမှမရှိစေရပါဘူး” သူတို့သုံးယောက် ကတိပေးလိုက်ကြသည်။

ထို့နောက် လျန့်ယိ မာချိုးရှီတို့ဘက်လှည့်ကာ ပြောလိုက်၏။

“အားလုံးပဲ ကျွန်မနဲ့လိုက်ခဲ့ကြပါ”

ကျိချူ မာချိုးရှီနှင့်အခြားသူများကတော့ ငေးကြောင်ကုန်ကြသည်။

သူတို့မာနများ သိက္ခာများကိုရင်းပြီး အကူအညီတောင်းခဲ့ပြီးနောက် ရခဲ့သည်က ရွှေအမြုတေအဆင့်တစ်ယောက် တဲ့လား။

သူတို့အကြည့်များက အလိုလို ကောင်းကင်ဒဏ္ဍာရီဆီ ရောက်ရှိသွားခဲ့၏။

ကောင်းကင်ဒဏ္ဍာရီပင် ပဟေဠိဖြစ်နေပုံပင်။

ထိုလူငယ်များက ပို့လိုက်ခြင်းက သင့်တော်ပါမည်လော။

ကျန်းယန်လူတိုင်း၏ အမူအရာများကို မြင်ပြီးနောက် မရယ်ဘဲမနေနိုင်ခဲ့ပေ။

“ကြည့်ရတာ အားလုံးက ယုံကြည်မှုကင်းမဲ့နေကြပုံပဲ

ဒီလိုဆိုရင်ရော ‌စီနီယာကောင်းကင်ဒဏ္ဍာရီလည်း လိုက်သွားလိုက်ပါ

ဒါပေမယ့် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကိုမတွေ့ရမခြင်း စီနီယာမလှုပ်ရှားဖို့ တောင်းဆိုပါရစေ

ကျွန်တော်အဲ့ဒီနတ်ဝိညာဉ်အဆင့်တွေကို သုံးပြီး တပည့်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ချင်လို့ပါ

သူတို့တိုက်ခိုက်တာကို မြင်ပြီးရင်တော့ စီနီယာတို့ ပိုပြီးယုံကြည်မှုရှိလာကြမှာပါ”

ထိုစကားကြောင့် ကောင်းကင်ဒဏ္ဍာရီပဟေဠိဖြစ်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်၏။

“ကောင်းပြီလေ ဒါဆိုတစ်ချက်လောက် လိုက်ကြည့်တာပေါ့”

ထိုတပည့်များတွင် ဘယ်လိုတိုက်ခိုက်ရေးစွမ်းအားမျိုး ပိုင်ဆိုင်ထားသလဲဆိုတာ သူတကယ်စိတ်၀င်စားနေခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဒဏ္ဍာရီလိုက်မည်ဆိုမှသာ အခြားသူများလည်း စိတ်အေးသွားခဲ့ကြ၏။

မကြာခင်တွင် သေနတ်တပ်ဆင်ထားသော တပည့်တစ်သောင်းက ‌သင်္ဘောပျံများကို စီးကာ အဇူရာတိမ်ကုန်းမြေတိုက်ကြီး မြောက်ပိုင်းဆီ ထွက်ခွာသွားခဲ့ကြလေသည်။

All Chapters