← Chapters

သိမ်းပိုက်ခံလိုက်ရတဲ့ဂိုဏ်းတစ်ဂိုဏ်း

Vol. 28 Ch. 289

သိမ်းပိုက်ခံလိုက်ရတဲ့ဂိုဏ်းတစ်ဂိုဏ်း

Vol. 28 Ch. 289

အဇူရာတိမ်ကုန်းမြေတိုက်ကြီး၏ မြောက်ဘက်ပိုင်းသည် ဂိုဏ်းပေါင်းများစွာရှိသော နေရာတစ်ခု ဖြစ်သည်။

ထိုနေရာသည် အရင်းအမြစ်အလွန်ကြွယ်၀သောနေရာလည်း ဖြစ်၏။ ထိုနေရာတွင် များစွာသော သတ္တုကြောများရှိရုံသာမက အန္တရာယ်များလှသောတောင်များနှင့်တောအုပ်ကြီးများလည်း ရှိနေသောကြောင့် သာမန်လူများ နေထိုင်ရန် မသင့်တော်ပေ။

သို့သော်ထိုကဲ့သို့သောနေရာမျိုးသည် ကျင့်ကြံသူများအတွက်တော့ အလွန်ကောင်းမွန်သော ပတ်၀န်းကျင်သာ ဖြစ်သည်။

အန္တရာယ်များသော တောင်များနှင့်တောအုပ်ကြီးများတွင် များစွာသော စိတ်ဝိညာဉ်အပင်များရှိပြီး သတ္တုကြောများမှလည်း လက်နက်သန့်စင်ရန် သတ္တုများကို တူးဖော်ရရှိနိုင်၏။

လွန်ခဲ့သောနှစ်တစ်ထောင်တုန်းက ထိုနေရာသည် အဇူရာတိမ်ဂိုဏ်း၏ အရင်းအမြစ်များ စုဝေးရာနေရာတစ်ခုလည်း ဖြစ်ခဲ့ဖူးသည်။

အဇူရာတိမ်ဂိုဏ်းကျဆင်းသွားပြီးနောက်တွင်တော့ ထိုအရင်းအမြစ်နယ်မြေကို အခြေပြုပြီး ဂိုဏ်းများပေါ်ထွက်လာခဲ့၏။

ထိုဒေသကဂိုဏ်းကြီးများသည် အရင်းအမြစ်များအတွက် အမြဲလိုလိုတိုက်ခိုက်နေတတ်ကြပြီး ငြိမ်းချမ်းသောကာလဆိုတာ ရှားသည်။

တယန်ဂိုဏ်းသည် ထိုဒေသရှိ အင်အားကြီးဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်၏။

ဂိုဏ်းချုပ်က ယုကျင်းကျုံးဖြစ်ကာ သူသည်နတ်ဝိညာဉ်အဆင့်တစ်ယောက်လည်း ဖြစ်သည်။ ဂိုဏ်းထဲတွင် ဝိညာဉ်အခြေတည်အဆင့် ၇ယောက် ၈ယောက်လည်း ရှိ၏။

ထိုကဲ့သို့သော အင်အားကြောင့် တယန်ဂိုဏ်းသည် မြောက်ပိုင်းရှိ ဂိုဏ်းကြီးများထဲတွင် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းဖြစ်နေခြင်း ဖြစ်သည်။

သို့သော် သူတို့ဂိုဏ်း၏ကံကြမ္မာက အဆုံးသတ်သို့ ရောက်ရှိလာပုံပင်။

တစ်ရက်တွင် အခြားကုန်းမြေတိုက်ကြီးတစ်ခုမှ ခြေသလုံးအိမ်တိုင်နတ်ဝိညာဉ်အဆင့်တစ်ယောက် ရောက်ရှိလာခဲ့ပြီး တယန်ဂိုဏ်း၏ ဂိုဏ်းချုပ်နေရာကို မျက်စိကျသွားခဲ့၏။

“ငါ့ကိုယ်ငါ မိတ်ဆက်ပါရစေ ငါ့နာမည်က အန်းဝူလျန့်ပါ အခြားကုန်းမြေတိုက်ကြီးက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပေါ့” နတ်ဝိညာဉ်အဆင့် မောက်မာစွာ ပြောလိုက်သည်။

“အခုကစပြီး ငါက တယန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ”

ယုကျင်းကျုံး စိတ်တိုသွားခဲ့၏။

သူအန်းဝူလျန့်ကို ဒေါသတကြီး ပြန်ပြောလိုက်သည်။

“တာအိုမိတ်ဆွေ ခင်ဗျားက ဒီကိုပြဿနာလာရှာတာလား”

“ငါပြောတာ ရှင်းရှင်းလေးပါ” အန်းဝူလျန့် လက်ကိုဖြန့်ကာ ပြန်ပြောလိုက်၏။

“မင်းအတွက် ဘာကကောင်းလဲဆိုတာသိရင် ငါမင်းကိုဒုဂိုဏ်းချုပ်ရာထူးပေးနိုင်တယ်

လူတိုင်းသာ ငါ့လက်အောက်မှာကောင်းကောင်းနေရင် တယန်ဂိုဏ်းက ပိုပြီးအင်အားကြီးမယ်ဆိုတာ ငါအာမခံရဲတယ်”

ယုကျင်းကျုံးမျက်နှာ မည်းမှောင်သွားခဲ့သည်။

ထိုလူသည် သူ့ကိုလုံး၀အလေးထားပုံမပေါ်ပေ။ အနိုင်ကျင့်နေတာ ထင်ရှားလှ၏။

“မင်းက ဒီလောက်ယုံကြည်မှုရှိနေမှတော့ ဘာလို့မင်းခွန်အားကို ထုတ်မပြတာလဲ” ယုကျင်းကျုံးအေးစက်စက်ပြောလိုက်ကာ သူ့ကိုယ်မှ သတ်ဖြတ်ခြင်းဆန္ဒများ ထွက်ပေါ်လာခဲ့သည်။

အန်းဝူလျန့် အထင်အမြင်သေးစွာ ပြုံးလိုက်၏။

“မင်းကအညံ့မခံချင်တာ ငါသိပါတယ် ကဲမင်းကိုတကယ့်စွမ်းအားက ဘာလဲဆိုတာာ ပြပေးလိုက်တာပေါ့”

ထို့နောက် သူ့လက်ကိုမြှောက်လိုက်ရာ သူ့လက်ထဲတွင် စိတ်ဝိညာဉ်လက်နက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုအရာက အဆင့်၉ထဲ ၀င်သည်ဆိုရုံမျှသာရှိသော အဆင့် ၉ စိတ်ဝိညာဉ်လက်နက်ဖြစ်ပါသော်လည်း စိတ်ဝိညာဉ်လက်နက်အစစ်တစ်ခု ဖြစ်နေဆဲပင်။

နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ စွမ်းအား‌ဖြင့်ထောက်ပံ့လိုက်သောအခါ စိတ်ဝိညာဉ်လက်နက်ထဲမှ ကြောက်မက်ဖွယ်တာအိုစွမ်းအားတစ်ခုထွက်ပေါ်လာပြီး ယုကျင်းကျုံးကို ဖိနှိပ်လိုက်၏။

“တာအိုမိတ်ဆွေ ဒီကိစ္စမှာ အထင်လွဲစရာတစ်ခုခုရှိနေတာ သေချာပါတယ်” ယုကျင်းကျုံး အလန့်တကြားအော်ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ရပ်လိုက်ပါ”

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်တွင် စိတ်ဝိညာဉ်လက်နက်တစ်ခုရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်က အဘယ်သို့ ထိုမျှချမ်းသာနိုင်ပါမည်နည်း။

သို့သော် အန်းဝူလျန့်ကတော့ သူ့ကိုလျစ်လျူရှုထားခဲ့သည်။

စိတ်ဝိညာဉ်လက်နက်မှ တာအိုစွမ်းအားက ယုကျင်းကျုံးကိုဆက်လက်ဖိနှိပ်နေဆဲပင်။

ယုကျင်းကျုံးအလျင်အမြန်ဂိုဏ်းထဲပြန်ဆုတ်သွားခဲ့ပြီး အကျယ်ကြီး အော်ပြောလိုက်၏။

“အမြန် ဂိုဏ်းကာ၀င်္ကပါကို အသက်သွင်းကြ”

ဝိညာဉ်အခြေတည်အဆင့် ၇ယောက် ၈ယောက် လျင်မြန်စွာပင် ဂိုဏ်းအကာအကွယ်၀င်္ကပါကို အသက်သွင်းလိုက်ကြသည်။

သူ့ရှေ့က ၀င်္ကပါကိုတစ်ချက်ကြည့်ကာ အန်းဝူလျန့် လှောင်ပြောင်လိုက်၏။

“ဒီအသေးအမွှား၀င်္ကပါလေးက ဦးလေး လီဖန်းကျိုးရဲ့၀င်္ကပါနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

သူစိတ်ဝိညာဉ်လက်နက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ပြီး ၀င်္ကပါ၏အပြစ်အနာရှိသောနေရာကို တိုက်ရိုက်တိုက်ခိုက်လိုက်လေသည်။

ထိုအခါ တယန်ဂိုဏ်း၏ဂိုဏ်းကာ၀င်္ကပါက ချက်ချင်းပြိုကွဲသွားပြီး အန်းဝူလျန့် ဂိုဏ်းထဲတိုး၀င်သွားခဲ့၏။

“ငါ့ကို အညံ့ခံချင်တဲ့သူက တယန်ဂိုဏ်းထဲမှာ ဆက်နေလို့ရပြီး ငါနဲ့အတူတယန်ဂိုဏ်းသစ်ကို တည်‌‌ေဆာက်ခွင့်ရမယ်” အန်းဝူလျန့် အေးအေးဆေးဆေးပြောလိုက်သည်။

“အညံ့မခံချင်တဲ့သူတွေကတော့ ငါ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့”

တယန်ဂိုဏ်းသားများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။

မကြာခင်တွင် များစွာသော ‌ရွှေအမြုတေအဆင့်များ အညံ့ခံလိုက်ကြသည်။

သူတို့နှင့်အတူ များစွာသော အခြေခံတည်ဆောက်ခြင်းအဆင့်များလည်း အညံ့ခံကုန်ကြ၏။

ထို့နောက်ဝိညာဉ်အခြေတည်အဆင့်များလည်း တောင့်မခံနိုင်တော့ဘဲ အညံ့ခံလိုက်ကြပြန်သည်။

နောက်ဆုံးတွင် ရွှေအမြုတေအဆင့်တစ်ယောက်နှင့်ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်သာ ယုကျင်းကျုံးဘေးတွင် ကျန်ရစ်တော့၏။

အခြေအနေက မျှော်လင့်ချက်မရှိတော့တာ မြင်သောအခါ ယုကျင်းကျုံး အညံ့ခံခဲ့သောတပည့်များကို မုန်းတီးစွာ တစ်ချက်ကြည့်လိုက်လေသည်။

ထို့နောက် သူသူ့ဘေးက ရွှေအမြုတေအဆင့်တစ်ယောက်နှင့် ဝိညာဉ်အခြေတည်အဆင့် ၂ယောက်ကို ပြောလိုက်၏။

“ငါနဲ့အတူဆုတ်ကြမယ်”

အန်းဝူလျန့်သည် စွမ်းအားကြီးလွန်းလှသည်။ သူထိုသူ့ကို အနိုင်မယူနိုင်ပေ။ ထို့ကြောင့် ထွက်ပြေးရုံသာတတ်နိုင်၏။

အန်းဝူလျန့် ထွက်ပြေးသွားသော ယုကျင်းကျုံးကို ကြည့်သာနေခဲ့ပြီး လိုက်မဖမ်းခဲ့ပေ။

သူသည် တယန်ဂိုဏ်းကိုတကယ်သိမ်းပိုက်လိုခြင်း မဟုတ်ပေ။ သူသည် ၀မ်လင်းဂိုဏ်းသားတစ်ယောက် မဟုတ်ပါလော။ သူ့အတွက် ဒီဂိုဏ်းလေးက ဘာမှအသုံး၀င်မနေပေ။

သူတယန်ဂိုဏ်းကို သိမ်းပိုက်ရသည့်ရည်ရွယ်ချက်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်တွင် မွှေရန်သာ ဖြစ်သည်။

မြောက်ပိုင်းဒေသတွင် ထိုကဲ့သို့သောအဖြစ်အပျက်များ နေရာအနှံ့တွင် ဖြစ်ပွားနေခဲ့၏။

တယန်ဂိုဏ်း ချင်းလင်ဂိုဏ်း ထျန်းလျူဂိုဏ်း ဖူမိုဂိုဏ်း….

ထိုဂိုဏ်းများအားလုံးသည် အခြားကုန်းမြေတိုက်ကြီးများမှ ရောက်လာသော နတ်ဝိညာဉ်အဆင့်များ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။

ထိုဂိုဏ်းများကို သိမ်းပိုက်ပြီးနောက် ချက်ချင်းဆိုသလို ထိုစွမ်းအားကြီးကျင့်ကြံသူများသည် အနီးအနားရှိ ဂိုဏ်းလေးများကို စတင်ကျူးကျော်ကြလေတော့၏။

ဤသို့ဖြင့် မြောက်ပိုင်းရှိအခြေအနေများက ရုတ်ချည်းဆိုသလို တင်းမာသွားခဲ့သည်။

ထိုအခိုက်တွင် ဂိုဏ်းမှထွက်ပြေးလာခဲ့ရသော ယုကျင်းကျုံးတစ်ယောက် အဝေးမှ သူ့ဂိုဏ်းကိုကြည့်ရှုနေခဲ့၏။

ကြည့်နေရင်း သူ့နှလုံးသားထဲမှ သွေးများယိုစီးကျနေသလိုခံစားနေခဲ့ရသည်။

လွန်ခဲ့သော နှစ် ၅၀၀တုန်းက သူသည် ဝိညာဉ်အခြေတည်အဆင့်ဖြင့် တယန်ဂိုဏ်းကို တည်ထောင်ခဲ့၏။

သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ သူသည် လက်ရှိတယန်ဂိုဏ်းကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခုတော့ သူနှစ်၅၀၀ကြာအောင်တည်ဆောက်ခဲ့ရသော ဂိုဏ်းကြီးက ရုတ်ချည်းပျက်ဆီးသွားခဲ့ရချေပြီ။

သူကြိုးစားခဲ့သမျှက အန်းဝူလျန့်လက်ထဲရောက်ရှိသွားခဲ့ရ၏။

ထိုအကြောင်းတွေးလေလေ သူ့နှလုံးသားပိုပြီးနာကျင်လာလေလေပင်။

“ဂိုဏ်းချုပ် အဲ့ဒီအန်းဝူလျန့်က သန်မာလွန်းတယ် သူ့မှာစိတ်ဝိညာဉ်လက်နက်တစ်ခုတောင်ရှိနေတယ် ကျွန်တော်တို့သူ့ကို ရင်မဆိုင်နိုင်ဘူး” သူ့ဘေးမှ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် သတိထားကာ ပြောလိုက်သည်။

“လက်ရှိအခြေအနေအရတော့ ကျွန်တော်တို့ တယန်ဂိုဏ်းကို လက်လွှတ်ထားရမယ်ထင်တယ်

ဂိုဏ်းချုပ်ရဲ့ ခွန်အားနဲ့‌ဆိုရင် ကျွန်တော်တို့ တစ်နေရာရာကိုသွားပြီး အသစ်ကပြန်စနိုင်လောက်မှာပါ”

“မှန်တယ် ဂိုဏ်းချုပ် တစ်နေရာရာကိုသွားပြီး ဂိုဏ်းကိုပြန်တည်ဆောက်ရအောင်”

ဘယ်အရာက အကောင်းဆုံး‌ရွေးချယ်မှုလည်းဆိုတာ ယုကျင်းကျုံးလည်း သိပေသည်။

သို့သော် သူထိုအနိုင်ကျင့်မှုကို ဘယ်လိုမှ ခေါင်းငုံ့ခံမနေနိုင်ပေ။

နှစ် ၅၀၀ ကြိုးစားအားထုတ်မှု!

“အဲ့ဒီလူတွေကို အပြစ်ပေးမယ့်သူမရှိဘူးဆိုတာ ငါမယုံဘူး” ယုကျင်းကျုံး ကြမ်းကြုတ်စွာ ပြောလိုက်၏။

“စီနီယာကောင်းကင်ဒဏ္ဍာရီရဲ့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို သွားရအောင်”

“ဂိုဏ်းချုပ် ဆိုလိုတာက…”

ယုကျင်းကျုံး ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

“သူတို့ငါ့ကိုဂိုဏ်းပြန်ရအောင် ကူညီပေးနိုင်သ၍ ငါကလည်း ဂိုဏ်းမဟာမိတ်အဖွဲ့မှာ ပါ၀င်ဖို့ သဘောတူပေးမယ်”

ထိုစကားကိုကြားသောအခါ သူ့ဘေးမှ ဝိညာဉ်အခြေတည်အဆင့် ၂ယောက် ဆွံ့အသွားခဲ့ကြ၏။

သူတို့သည် မကြာသေးခင်ကမှ ဂိုဏ်းမဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အခုပဲ အကူအညီသွားတောင်းပေဦးမည်။

ဤအခြေအနေတွင် စီနီယာကောင်းကင်ဒဏ္ဍာရီက ကူညီပေးခဲ့လျှင် အတော်လေးအံ့ဩစရာကောင်းနေပေလိမ့်မည်။

မကြာခင်တွင် ယုကျင်းကျုံး လူသံုး‌ေယာက််ကို ဦးဆောင်ပြီး ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ထိုအခိုက်တွင် ကောင်းကင်ဒဏ္ဍာရီက သူ့တပည့်များကို သင်ကြားနေခဲ့ခြင်း ဖြစ်၏။

ယုကျင်းကျုံးတို့ရောက်လာမှန်း အာရုံခံမိသောအခါ သူမျက်ခုံးများကို တွန့်ကွေးလိုက်မိသည်။

ထိုသူများသည် ဂိုဏ်းမဟာမိတ်ထဲမှ ထွက်ခွာသွားပြီး မဟုတ်ပါလော။

အဘယ်ကြောင့် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို လာနေရပါသနည်း။

သူပဟေဠိဖြစ်နေပါသော်လည်း သင်ကြားနေသည်ကိုရပ်တန့်ကာ ယုကျင်းကျုံးတို့ကို သွားကြိုဖို့ တပည့်တစ်ယောက်လွှတ်လိုက်၏။

“မင်းဘာလို့ရောက်လာတာလဲ” ကောင်းကင်ဒဏ္ဍာရီ မေးလိုက်သည်။

ယုကျင်းကျုံး ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

“စီနီယာ ကျွန်တော်ဒီတစ်ခေါက် အကူအညီတောင်းချင်လို့ ရောက်လာတာပါ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် တရားမျှတမှု ရှာပေးပါ”

ကောင်းကင်ဒဏ္ဍာရီရှုပ်ထွေးသွားကာ အံ့အားတကြီး ပြန်ပြောလိုက်သည်။

“ငါကမင်းတို့အတွက် ဘာတရားမျှတမှု ရှာပေးရမှာလဲ”

ယုကျင်းကျုံး သနားစရာကောင်းစွာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ရှင်းပြပေးလိုက်၏။

အဖြစ်အပျက်များကိုပြောပြီးနောက် သူဆက်ပြောလိုက်သည်။

“အရင်ကကျွန်တော်တို့ ဂိုဏ်းမဟာမိတ်ထဲက အလောတကြီးထွက်ခွာခဲ့မိပေမယ့် နောက်တော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရခဲ့မိပါတယ်

ကျွန်တော်တို့ စီနီယာ့ဆီလာဖို့ စိတ်ကူးထားခဲ့ပေမယ့် ဒီအချိန်တိုလေးအတွင်းမှာ ဒါမျိုးဖြစ်သွားခဲ့လိမ့်မယ်လို့ ထင်မထားခဲ့မိဘူးလေ

မဟာမိတ်အဖွဲ့သားတွေ ဖြစ်ခဲ့ဖူးတဲ့ မျက်နှာကိုထောက်ထားပြီး စီနီယာကျွန်တော်တို့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်

အဲ့ဒီအခြားကုန်းမြေတိုက်ကြီးတွေက နတ်ဝိညာဉ်အဆင့်တွေက အရမ်းလွန်တယ်”

ကောင်းကင်ဒဏ္ဍာရီတိတ်‌ဆိတ်နေခဲ့သည်။

ထိုလူများသည် ဂိုဏ်းမဟာမိတ်အဖွဲ့ကို ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက်လို့ရသော နေရာဟု ထင်နေခဲ့ခြင်းပေလော။

ထို့အပြင် ထိုသူများသည် အကူအညီလာတောင်းနေတာ ထင်ရှားနေပါသော်လည်း သူတို့ကိုကူညီလျှင် မျက်နှာသာပြန်ပေးကာ ဂိုဏ်းမဟာမိတ်ထဲ ပြန်၀င်‌ေပးမလိုပင် ပြောနေသေး၏။

ထိုသူများသည် အရင်ကတော့ သူ့ကိုမျက်နှာသာလုံး၀မပေးဘဲ ဂိုဏ်းမဟာမိတ်ထဲက ထွက်သွားခဲ့ကြပြီး အခုလိုဒုက္ခနှင့်တွေ့မှ သူ့ဆီလာပြီး အကူအညီတောင်းနေခဲ့လေသည်။

All Chapters