ပေါင်းစည်းခြင်း၏ အရေးပါမှု
Vol. 112 Ch. 1555
ကံကြမ္မာဖျက်ဆီးခြင်းဧကရာဇ်၏ ခရီးလမ်း စာစဉ် (၁၁၂) (၁၅၅၅-၁၅၆၈)
ဝမ်ဝေ့က ပြုံးလိုက်မိသည်။ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းနှင့် နတ်ဘုရားယုံကြည်မှုကောင်းကင်ဘုံကြား မည်သည့်အဖွဲ့က အကန့်အသတ်မဲ့ လဲလှယ်ရေးခန်းမအတွက် ပိုကောင်းသော မဟာမိတ် ဖြစ်မည်နည်း။ အဖြေက သိသာလှပေသည်။
နတ်ဘုရားတွေက သူတို့ရဲ့ နောက်ဆုံးကံကြမ္မာကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေရင်တော့ အိပ်မက်ယောင်နေတာပဲ။
"ညီလာခံပြီးရင် အဖွဲ့အစည်းက အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမနဲ့ မဟာမိတ်ဖွဲ့ဖို့ စတင်ဆွေးနွေးလိမ့်မယ်။ နတ်ဘုရားယုံကြည်မှုကောင်းကင်ဘုံထဲမှာ ရှိနေတဲ့ မင်းရဲ့ လူတွေကို သုံးပြီး အဲဒီနှစ်ဖက်ကြားမှာ ရန်တိုက်ပေးလိုက်။ သူတို့က မဟာမိတ်ကို ဟန့်တားချင်နေသယောင် ဖန်တီးပြီးမှ နတ်ဘုရားယုံကြည်မှုကောင်းကင်ဘုံရဲ့ အစောကတည်းက စီမံကိန်းဟာ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကို ဝါးမြိုဖို့ပဲဆိုတာကို ဖွင့်ချလိုက်"
ဝမ်ဝေ့အနေနှင့် ဤအင်အားစုသုံးခု မဟာမိတ်ဖွဲ့သွားမည့် အခြေအနေကို မလိုလားသဖြင့် သူတို့ကြားတွင် အခြေအနေကို ရှုပ်ထွေးအောင် လုပ်ရန် လိုအပ်နေခြင်း ဖြစ်သည်။
"နားလည်ပါပြီ" အနီရောင်မျက်နှာဖုံးက ပြောသည်။
ဝမ်ဝေ့က သူ၏ စစ်တုရင်ခုံကို လေ့လာလိုက်၏။
အကြံဉာဏ်ကို တိုက်ရိုက်ထည့်ပေးတာက နည်းနည်း ရုတ်တရက်ဆန်လွန်းတော့ တချို့လူတွေ သံသယဝင်နိုင်တယ်။ သူတို့ရဲ့ မသိစိတ်ထဲကို ထည့်ပေးထားပြီး သင့်တော်တဲ့အချိန်ကျမှ ရုတ်တရက် အသိဉာဏ်ပွင့်သွားသလိုမျိုး ပေါ်လာအောင် လုပ်နိုင်ရင် ပိုကောင်းမယ်။
ဝမ်ဝေ့သည် လက်ကိုမြှောက်ကာ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ဤအသုံးအဆောင်ပစ္စည်းကို ဖြည်းဖြည်းချင်း အနုစိတ် ပြုပြင်လိုက်သည်။ ထိုလုပ်ငန်းစဉ်သည် နှစ်နာရီခန့်သာ ကြာသော်လည်း နောက်ဆုံးရလဒ်ကို သူ ကျေနပ်သွားသည်။
"မင်း ဆက်ပြောလို့ရပြီ "
ထိုစဉ် ဝမ်ဝေ့က စကြာဝဠာကြီး၏ ပြောင်းလဲမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ တစ်ယောက်တည်း မဟုတ်ဘဲ ရှေးဟောင်းနဂါးမြို့တော်ရှိ လူတိုင်း ခံစားလိုက်ရခြင်း ဖြစ်သည်။
"ဒီခံစားချက်က..."
ဝမ်ဝေ့ တိုးတိုးလေး ရေရွတ်ရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။
မိုးမြေကြားရှိ စည်းမျဉ်းသဘောတရားများအားလုံး ရုတ်တရက် လှုပ်ခတ်သွားပြီးနောက် သူတို့၏ တည်ရှိမှုကို နှိမ့်ချလိုက်ကြသည်။ ထိုအရာသည် သိုးအုပ်ရှေ့တွင် ခြင်္သေ့တစ်ကောင် ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်ပြီး ထိုအရာ၏ ကြီးမားသော တည်ရှိမှုကြောင့် လူတိုင်း ငြိမ်ကျသွားခြင်း ဖြစ်၏။
"မေတ္တယျ"
ဝမ်ဝေ့ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် လူလေးယောက် မြို့ထဲသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ မေတ္တယျသည် သူမ၏ တပည့်နှစ်ဦးဖြစ်သော ဘုန်းတော်ကြီး ဝူကျူးနှင့် ဖုန်းဟွမ်တို့နှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောရင်း လျှောက်လှမ်းလာနေသည်။ နောက်ထပ် ရှေးဦးမူလအဆင့် တစ်ဦးကမူ လေးစားစွာဖြင့် ခပ်လှမ်းလှမ်းမှ လိုက်ပါလာသည်။
နောက်ထပ် ရှေးဦးမူလအသစ်တစ်ယောက်ပဲ …
ဝမ်ဝေ့ တွေးလိုက်သည်။
ဗုဒ္ဓဘာသာနှင့် တာအိုဘာသာတို့တွင် ယခင်က ရှေးဦးမူလ သုံးဦးခွဲစီ ရှိခဲ့ဖူးသည်။ ထိုတစ်ဝက် ဆိုသည်မှာ ရှေးဟောင်းတာအိုဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ကံကောင်းမှုနှင့် ကံကြမ္မာများကို ရယူပြီး အစွမ်းထက်သော အကာအကွယ်ပစ္စည်းတစ်ခုအဖြစ် ပေါင်းစည်းထားခြင်းကြောင့် ဖြစ်သည်။ ထိုအရာကို ထိုဘာသာများ အန္တရာယ်ကြီးစွာ ကြုံရချိန်မှသာ သုံးနိုင်သော်လည်း ၎င်းသည် အားသာချက်တစ်ခု ဖြစ်နေဆဲပင် ဖြစ်၏။
သို့သော် ယခုအခါ သူတို့နှစ်ဦးလုံးတွင် ရှေးဦးမူလအသစ် တစ်ဦးစီ ရရှိထားကြလေပြီ။
"တခြား ဘယ်အင်အားစုတွေက ရှေးဦးမူလအသစ်တွေ မွေးထုတ်နိုင်သေးလဲ" ဝမ်ဝေ့က ရုတ်တရက် မေးလိုက်သည်။
"ကျွန်မတို့အပြင် မူလစည်းတံဆိပ်ကုန်းမြေ၊ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာပဲ ရှိပါသေးတယ်" အနီရောင်မျက်နှာဖုံးက ပြန်ဖြေသည်။
"နောက်ထပ် မရှိတော့ဘူးလား။ သူတို့ ဖုံးကွယ်ထားတာ မဟုတ်ဘူးလို့ သေချာလား"
"မဖြစ်နိုင်လောက်ပါဘူး။ ကပ်ဘေးက လာတော့မှာဆိုတော့ သူတို့ရဲ့ ကံကောင်းမှုနဲ့ ကံကြမ္မာကို မြှင့်တင်ထားတာက သူတို့အတွက် အကျိုးအရှိဆုံးပဲလေ" အနီရောင်မျက်နှာဖုံးက တုံ့ပြန်သည်။
"ကျွန်မတို့ရဲ့ သတင်းအချက်အလက်တွေအရ အဲဒီအဆင့်ကို ရောက်ဖို့ ကျင့်ကြံနေတဲ့သူတွေ အများကြီး ရှိပေမဲ့ အခုထိတော့ လေးယောက်ပဲ အောင်မြင်ပါသေးတယ်”
"ဒါဆိုရင်တော့..."
"သခင် ... ဘာလို့ ရုတ်တရက် စိတ်ဝင်စားသွားတာလဲ”
"ရှေးဦးမူလတွေက ခွေးတွေလို ပေါများလာဖို့က အချိန်တစ်ခုပဲ လိုတော့တာ" ဝမ်ဝေ့က ရှင်းပြသည်။
"ဒါပေမဲ့ လောလောဆယ်မှာ အင်အားစုလေးခုပဲ အောင်မြင်သေးတယ်ဆိုတာ ကံကြမ္မာရဲ့ ဖော်ပြချက်ပဲ။ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာက မေတ္တယျနဲ့ အန္တိမသဟဇာတတို့ရဲ့ တည်ရှိမှုကြောင့် အကျိုးအမြတ် ရနေတာ။"
"ငါတို့ဂိုဏ်းကတော့ အကြွင်းမဲ့တားမြစ်ချက်ကို အောင်မြင်စွာ ဆင့်ခေါ်နိုင်ခဲ့လို့ အကျိုးကျေးဇူးတွေ ရတာ။ ပြီးတော့ မူလစည်းတံဆိပ်ကုန်းမြေက ဝူဟုန်ရဲ့ ပါရမီနဲ့ အလားအလာကို အသုံးချနေတာ။ ဒီလူတွေ ဒါကို သိသွားတာနဲ့ အားလုံးက အဲဒီကုန်းမြေကိုပဲ စောင့်ကြည့်ကြတော့မှာ”
"ကျွန်မ အာဏာရှင်အဖွဲ့အစည်းတစ်ခုက ထိပ်သီးစံပြ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး ရှေးဦးမူလအဆင့်ကို တက်လှမ်းသယောင် လုပ်လို့ရပါတယ်။ အဲဒါက သခင့်အတွက် အချိန်ဆွဲပေးနိုင်လိမ့်မယ်" အနီရောင်မျက်နှာဖုံးက အကြံပြုသည်။ သူမ၏ တာဝန်မှာ သခင်ကို ကူညီရန်နှင့် အဖြေရှာပေးရန် ဖြစ်သည်။
"မလိုဘူး" ဝမ်ဝေ့က ငြင်းပယ်လိုက်သည်။ သူ၏ ကံကြမ္မာတာအိုကျွမ်းကျင်မှုနှင့် လုံလောက်သော ပြင်ဆင်မှုများဖြင့် ရှေးဦးမူလအသစ်တစ်ဦး မွေးဖွားလာသယောင် သူ ဖန်တီးနိုင်သည်။ သို့သော် ထိုသို့သော အစီအစဉ်သည် ပြင်ဆင်မှုများစွာနှင့် အမှားအယွင်းမရှိရန် အလွန်သတိထားရသဖြင့် တစ်ခုခု လွဲချော်သွားရန် အလွန်လွယ်ကူသည်။
ပိုအရေးကြီးသည်မှာ ကပ်ဘေးသည် ယွမ်ခေတ်ကာလ ၃၀,၀၀၀ ထက်နည်းသော အချိန်အတွင်း စတင်တော့မည် ဖြစ်သဖြင့် ဤအင်အားစုများသည် မူလစည်းတံဆိပ်ကုန်းမြေကို ကြည့်နေရန် အချိန်ရတော့မည် မဟုတ်ပေ။ အကယ်၍ အခြေအနေ ဆိုးလာလျှင် သူတို့ အာရုံပြောင်းသွားအောင် သူ တစ်ခုခု လုပ်ရလိမ့်မည်။
ဝမ်ဝေ့က ဘုန်းတော်ကြီးဝူကျူးနှင့် ဖုန်းဟွမ်တို့ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် မနာလိုစိတ် အနည်းငယ် ဖြတ်ပြေးသွားသည်။ ဤလူများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး အချိန်အရှိန်မြှင့်တင်ရေး အစီအရင်ကို သုံးခွင့်ရခဲ့ကြပြီး ယခုအခါ သူတို့၏ ကျင့်ကြံရေးမှာ သူနှင့် တန်းတူ ဖြစ်နေလေပြီ။
"ကောင်းပြီ။ မင်း ဘာတွေ တင်ပြနေတာလဲ”
"အသင်္ချေဂိုဏ်းမဟာမိတ်က လှုပ်ရှားနေပါတယ်။ သူတို့က ဒီကို အစောဆုံး ရောက်လာတာဖြစ်ပြီး အင်အားစုတစ်ခု ရောက်လာတိုင်း သူတို့က ပွင့်ပွင့်လင်းလင်း သွားရောက်တွေ့ဆုံကြတယ်။ ကျွန်မတို့ကလွဲလို့ပေါ့”
"သူတို့က လဲလှယ်ရေးစာရင်းနဲ့ ပတ်သက်ပြီး ငါတို့ကို ဖိအားပေးဖို့ ထောက်ခံမှုတွေ လိုက်စုနေတာလား။ အလကား အလုပ်တွေပါပဲ" ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ အသင်္ချေဂိုဏ်းမဟာမိတ်သည် တာအိုအခွင့်အလမ်းဂိုဏ်းကို သူတို့၏ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် အမြဲတမ်း သတ်မှတ်ထားသည်။
"လုံးဝတော့ အလကား မဟုတ်နိုင်ပါဘူး" အနီရောင်မျက်နှာဖုံးက ဖြည့်စွက်ပြောသည်။
"သူတို့ရဲ့ ကိုယ်စားလှယ်တစ်ယောက်က ယင်စန္ဒာနန်းတော်ကပါ”
"ဒါဆို သူတို့ရဲ့ ပစ်မှတ်က ခုံ လား။ မဟုတ်ဘူး ... ခုံ တင်မကဘူး။ မေတ္တယျပါ ပါလိမ့်မယ်။ သူတို့က မေတ္တယျက ခုံကို ဘယ်လောက်အထိ ကာကွယ်ပေးချင်လဲ။ ပြီးတော့ အစည်းအဝေးမှာ သူမက ဘယ်လောက်အထိ အာဏာသုံးမလဲဆိုတာကို သိချင်နေကြတာ”
မေတ္တယျက ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်နိုင်သော်လည်း သူမသည် ကရုဏာရှင်ဝိညာဉ်တစ်ခုလည်း ဖြစ်သည်။ လုံလောက်သော ထောက်ခံမှုမရှိလျှင် အသင်္ချေဂိုဏ်းမဟာမိတ်က သူမ၏ ကြင်နာမှုကို အသုံးချပြီး အချို့သောအကြောင်းအရာများတွင် သူမကို နောက်ဆုတ်သွားအောင် လုပ်ဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
"တုကုပိုင်ထျန်း ကိုယ်တိုင် ရောက်လာတာလား”
"သူကပဲ အစည်းအဝေးအားလုံးကို ဦးဆောင်နေတာပါ”
"အဲဒီကောင်က သူ့ကိုယ်သူ အာဏာရှိပြီး ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် အမြဲတမ်း မြင်နေတာ" ဝမ်ဝေ့က နှာခေါင်းရှုံ့လိုက်သည်။ နောက်ကြောင်းပြန်ကြည့်လျှင် တုကုပိုင်ထျန်း သူ့ကိုယ်သူ ရှုမြင်ပုံမှာ မှန်ကန်ပေသည်။ သူ၏ ခွန်အားနှင့် ဆွဲဆောင်မှုကြောင့်သာ ဤမျှများပြားသော အင်အားစုများကို ပူးပေါင်းစေပြီး သူ့ကို ခေါင်းဆောင်အဖြစ် လက်ခံလာအောင် ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တုကုပိုင်ထျန်းသည် မဟာမိတ်ဖွဲ့စည်းမှုအတွက် တာဝန်ရှိသကဲ့သို့ သူသည် ထိုမဟာမိတ်၏ အကြီးမားဆုံး အားနည်းချက်လည်း ဖြစ်သည်။
သူ့ကို တစ်ခုခု ဖြစ်သွားသည်နှင့် အသင်္ချေဂိုဏ်းမဟာမိတ်သည် အတွင်းပိုင်း ပဋိပက္ခများကြောင့် ပြိုကွဲသွားပေလိမ့်မည်။
လူတိုင်းက ဤအချက်ကို သိကြပြီး သူ့ကို ဖယ်ရှားရန် အခွင့်အရေးကို စောင့်နေကြသည်။ တကယ်တမ်းတွင်မူ သူ၏ မဟာမိတ်အတွင်း၌ပင် သူ ပျက်စီးသွားရန် ကြံစည်နေသူအချို့ ရှိနေနိုင်သည်။
"ဒီမဟာမိတ်က လူတွေကို စောင့်ကြည့်ထားပြီး ထူးခြားတာ သိရရင် ပြန်တင်ပြပါ" ဝမ်ဝေ့က အမိန့်ပေးလိုက်သည်။
"ကျွန်မ ကိုယ်တိုင် သူတို့ရဲ့ တာဝန်ကို ကြီးကြပ်ပါ့မယ်”
"မဟုတ်ဘူး။ မင်းရဲ့ အလုပ်က ချင်တိုင်းပြည်ကို စောင့်ကြည့်ဖို့ပဲ။ လူသားဧကရာဇ်က တစ်ခုခု ကြံစည်နေတယ်။ ငါ့အနေနဲ့ သူ့ရဲ့ ခုံရုံးအကြောင်း အချက်အလက်တွေ တတ်နိုင်သမျှ များများ သိထားဖို့ လိုတယ်" ဝမ်ဝေ့က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"နားလည်ပါပြီ”
"တခြား ဘာရှိသေးလဲ”
"ဟုတ်ကဲ့ … မကြာသေးခင်က အဖွဲ့အစည်းထဲမှာ ပြဿနာတချို့ ရှိနေပါတယ်”
"အို"
"အဲဒါက လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်အကြောင်းပါ" အနီရောင်မျက်နှာဖုံးက ဖွင့်ဟလိုက်သည်။
"ကောင်းကင်ဖွင့်လှစ်ရေး စံပြက အဲဒီသွေးမျိုးဆက်ရဲ့ လျှို့ဝှက်ချက်တွေကို တခြား ရှေးဦးမူလအဆင့် နှစ်ယောက်ဆီ ဝေမျှဖို့ ငြင်းဆန်ထားပါတယ်။ အစကတော့ ဒါက ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ဝမ်မျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး သူတို့ စိတ်ကြိုက် လုပ်ပိုင်ခွင့် ရှိတာကိုး။"
"ဒါပေမဲ့ ကျွန်မတို့ မျိုးနွယ်စုက သွေးမျိုးဆက်အပေါ် အာရုံစိုက်လာပြီး အစပိုင်းမှာ အောင်မြင်မှုတွေ တွေ့လာရတော့ ဝမ်မျိုးနွယ်စုက လျှို့ဝှက် ပြန်လည်ပေါင်းစည်းသွားပြီလားလို့ တခြားသူတွေက သံသယဝင်လာကြတာပါ”
ဝမ်ဝေ့အနေနှင့် ထိုအရာကို ကြားပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။
"ဝမ်ကောက ငါ့ရဲ့ အကြံကို ခိုးယူရင်းနဲ့ သူ့ခြေထောက် သူ ပြန်ရိုက်မိလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ အဲဒါ ခင်ဗျား ရသင့်တဲ့ ရလဒ်ပဲ … ”
ဝမ်ဝေ့ သက်ပြင်းချလိုက်ပြီး ဝိုင်ခွက်ကို ဘေးသို့ ဖယ်ထားလိုက်သည်။
"သူက ဒါကို ငြင်းတယ်မလား”
"ငြင်းပါတယ်။ ဒါပေမဲ့ သူတို့က ဒီကိစ္စကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတုန်းပါပဲ”
"ဒီအင်အားစုတွေဟာ ဝမ်မျိုးနွယ်စု ပြန်လည်ပေါင်းစည်းမှာကို နှစ်ပေါင်းများစွာ တားဆီးလာခဲ့ကြတာ။ အဲဒါက ငါတို့မှာ ရှေးဦးမူလအဆင့်တွေ ပိုရှိလာမှာမို့လို့ မဟုတ်ဘဲ ပေါင်းစည်းခြင်းက ပြီးပြည့်စုံတဲ့ သွေးမျိုးဆက်နဲ့ ကံကြမ္မာကို ကိုယ်စားပြုလို့ပဲ။"
"ဒါပေမဲ့ တချို့အရာတွေက ရှောင်လွှဲလို့မရဘူး။ မျိုးနွယ်စုထဲက ဘယ်သူမဆို ထူးကဲသာလွန်ဝိဇ္ဇာအဆင့်ကို ကျင့်ကြံနိုင်ရင် ဒီပေါင်းစည်းမှုကို အောင်မြင်မှာပဲဆိုတာ လူတိုင်း သိကြတယ်။ မဟုတ်သေးဘူး ..."
သူက မေးစေ့ကို ပွတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ပေါင်းစည်းခြင်းက ကမ္ဘာဦးဟွင်သွမ်းသူတော်စင်ဖြစ်လာဖို့ အခွင့်အလမ်းကို တိုးစေမယ်လို့ သူတို့ ယုံကြည်နေကြတာ။ ပေါင်းစည်းခြင်းက သိပ်အရေးမကြီးဘူးလို့ ငါ တွက်ချက်ခဲ့တာ မှားသွားတယ်”
ဝမ်ဝေ့၏ နှုတ်ခမ်းထောင့်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒါက သတင်းကောင်းပဲ။ ဒါပေမဲ့ ငါ ဒါကို ဘယ်လို အပြည့်အဝ အသုံးချနိုင်မလဲ။ ဝမ်ကောပေါ်မှာ စစ်တုရင်ခုံကို သုံးရမလား။ မဟုတ်ဘူး … ဒီလို အခြေအနေမျိုးမှာ အကြံဉာဏ်တွေက အသုံးမဝင်ဘူး။"
"အဖွဲ့အစည်းရဲ့ ရှေးဦးမူလအဆင့် ကျင့်ကြံသူတွေက မိုက်မဲတဲ့သူတွေ မဟုတ်ဘူး။ ဝမ်မျိုးနွယ်အပေါ် သူတို့ ဘယ်လိုပဲ ခံစားရပါစေ။ ဝမ်မျိုးနွယ် သူတို့လက်ထဲက လွတ်သွားမှာကို ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမဲ့ ဝမ်မျိုးနွယ်မှာ နောက်ထပ် ရှေးဦးမူလတစ်ယောက် ရှိလာရင်ရော"
ထိုကဲ့သို့သော အကြံမျိုးမှာ အခြားသူများအတွက် ရယ်စရာ ဖြစ်နေနိုင်သော်လည်း ဝမ်ဝေ့တွင် ပြုစုပျိုးထောင်ရေးကတ် ဆိုသည့် ဝှက်ဖဲတစ်ခု ရှိနေသည်။ သူသာ မှန်ကန်သော ပါရမီရှင်ကို တွေ့လျှင် သူတို့ကို ရှေးဦးမူလ တစ်ဦးဖြစ်အောင် မွေးမြူပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။
မဟုတ်သေးဘူး … မှန်ကန်တဲ့ ပါရမီရှင်ကို တွေ့ရုံနဲ့တင် အောင်မြင်ဖို့ မသေချာဘူး။ အမွှာတွေရဲ့ အောင်မြင်မှုက သူတို့ရဲ့ ပါရမီနဲ့ ဝူဟုန်ရဲ့ ကံကောင်းမှုကြောင့် ဖြစ်တာ။ ဒါကြောင့် မဟာတာအိုက ကမ္ဘာကြီးရဲ့ ရှေးဦးမူလကံကြမ္မာကို တိုးမြှင့်ပေးပြီး လူတွေ ပိုပြီး အဲဒီနေရာကို ရနိုင်အောင် ခွင့်မပြုမချင်း ဒီစီမံကိန်းက လိုချင်သလောက် အောင်မြင်မှာမဟုတ်ဘူး။
ဒါဆို ချို့ယွင်းချက်ရှိတဲ့ ရှေးဦးမူလ ဆိုရင်ရော …
ဝမ်ဝေ့ တွေးလိုက်သည်။ ထိုလူတွင် ထိုအဆင့်ရှိသော ခွန်အားရှိနေသရွေ့ အခြားချို့ယွင်းချက် ရှိနေလည်း ကိစ္စမရှိပေ။
ချို့ယွင်းချက်ရှိနေတဲ့ ရှေးဦးမူလက ရှေ့ဆက်ရမဲ့ လမ်းပဲ …
ဝမ်ဝေ့ တွေးလိုက်သည်။ သူသည် ဤအကြံကို အလုံးစုံပကတိသိမြင်ဘုံကျောင်းနှင့် အဖွားကျူတို့အတွက် သူ၏ စီမံကိန်းတွင် အသုံးပြုနိုင်သည်။
"အဖွဲ့အစည်းက ဒီကို ရောက်နေပြီ မဟုတ်လား”
"သူတို့ ကျွန်မတို့ထက် အရင်ရောက်ပြီး မှူးမတ်ဇုန်မှာ နေနေကြပါတယ်" အနီရောင်မျက်နှာဖုံးက ဖွင့်ဟသည်။
"သူတို့က အရင်အတိုင်း ဘဝင်မြင့်နေတုန်းပဲ" ဝမ်ဝေ့ နှာခေါင်းရှုံ့လိုက်သည်။
"အစီအစဉ်က ဒီလိုပဲ။ ငါ ဝမ်ကောဆီ သွားတွေ့မယ်။ သူက ငါ့ကို တွေ့ဖို့ ငြင်းလိမ့်မယ်။ ဒါပေမဲ့ ငါ သူတို့ဝန်းထဲက ထွက်လာတာနဲ့ မင်းက ဝမ်မျိုးနွယ် ပေါင်းစည်းခြင်းအကြောင်း ကောလာဟလတွေကို ဖြည်းဖြည်းချင်း ဖြန့်လိုက်။ သိပ်ပြီး သိသာအောင် မလုပ်နဲ့”
အနီရောင်မျက်နှာဖုံးက မျက်မှောင်ကြုတ်လိုက်ပြီး "သခင်... သခင့်ကို မေးခွန်းထုတ်တာ မဟုတ်ပေမဲ့ ဒါက သိပ်ပြီး သိသာလွန်းမနေဘူးလား။ သခင်က မီးလောင်ရာ လေပင့်နေတာလို့ လူတိုင်းက ထင်ကြမှာပေါ့”
"ဉာဏ်ကောင်းတဲ့သူတွေရဲ့ အားနည်းချက်တစ်ခုက သူတို့ဟာ အရာရာကို အလွန်အကျွံ တွေးတောတတ်ကြတာပဲ"
ဝမ်ဝေ့က ပြုံးလိုက်သည်။
"ဒီလူတွေက ငါက ဉာဏ်ကောင်းပြီး ဒီလောက် သိသာတဲ့ လှည့်ကွက်မျိုးကို မသုံးဘူးဆိုတာ သိကြတယ်။ အဲဒီအခါ သူတို့က အလွန်အကျွံ စဉ်းစားပြီး သံသယဝင်လာကြပြီးတော့ တခြား ကောက်ချက်ချမှုတစ်ခုဆီ ရောက်သွားလိမ့်မယ်။ ငါတို့ရဲ့ ပန်းတိုင်က ဝမ်ကောအတွက် အရာရာကို ပိုခက်ခဲသွားအောင် လုပ်ဖို့နဲ့ သူ့ကို ဖြည်းဖြည်းချင်း အထီးကျန်သွားအောင် လုပ်ဖို့ပဲ။ ဒါက ပထမအဆင့်ပဲ ရှိသေးတယ်”
"နားလည်ပါပြီ။ ကျွန်မ ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်" အနီရောင်မျက်နှာဖုံးက ခေါင်းညိတ်ပြပြီး ဝမ်ဝေ့၏ အရိပ်ထဲ ပျောက်ကွယ်သွားသည်။
"ကောင်းပြီလေ … ငါတို့ ဘိုးဘေးဆီ သွားတွေ့လိုက်ရအောင်" ဝမ်ဝေ့က ပြုံးရင်း ပြောလိုက်သည်။