ဝမ်ကော၏ လျှို့ဝှက်ချက်
Vol. 112 Ch. 1557
"တောက်... ဒီကောင်စုတ်။ သူက တကယ်ပဲ အဲဒီလောက်အထိ အငြိုးအတေးကြီးတာလား"
ဝမ်ကောက ဟိန်းဟောက်လိုက်ပြီး ကျိန်ဆဲလိုက်ရာ သူ့အသံကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းများက မုတ်ဆိတ်မွေးများကိုပင် လွင့်စင်မတတ် လှုပ်ခါသွားစေသည်။ သူသည် ထုံးစံအတိုင်း သူ့သန်မာသော ကြွက်သားများကိုပင် မဖုံးကွယ်နိုင်သော အမည်းရောင် ဝတ်ရုံပွကြီးကို ဝတ်ဆင်ထားပြီး သူ့ ပတ်ဝန်းကျင်ရှိ ရှေးဟောင်းပြီး ကြမ်းတမ်းခက်ထန်သော အရှိန်အဝါများက ယခင်ကထက် ပိုမိုပြင်းထန်နေသည်။
သူ့ရဲ့ စရိုက်လက္ခဏာ သုံးသပ်ချက်တွေအရ သူက အရှုံးမခံတတ်ဘူး။ သူ့ကို စော်ကားတဲ့သူကို ဘယ်လိုနည်းနဲ့မဆို ပြန်လက်စားချေတတ်တယ်လို့ ဆိုထားတော့ သူက အညိုးအတေးကြီးတဲ့ ပုံစံမျိုးနဲ့ ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါက တကယ်ပဲ အဲဒီလောက် ရိုးရှင်းပါ့မလား
ဝမ်ကော အတွေးနက်နေစဉ် တစ်စုံတစ်ခုကို အာရုံခံမိပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
နောက်ဆုံးမှာတော့ အမှန်တရားက ဘာလဲဆိုတာထက် လူတွေက ဘာကို အမှန်တရားလို့ ယုံကြည်သွားလဲဆိုတာက ပိုအရေးကြီးတယ်
ပုံမှန်အခြေအနေတွင် ယဲ့မျိုးနွယ်နှင့် လူသားမျိုးနွယ်ကြီး နှစ်ခုထဲမှ တစ်ခုသည်သာ ဤကဲ့သို့ အစည်းအဝေးမျိုးကို တက်ရောက်လေ့ရှိသည်။ ၎င်းမှာ ယဲ့မျိုးနွယ်ကို အခြေစိုက်စခန်းများသို့ အကန့်အသတ်မဲ့ ဝင်ရောက်ခွင့်မပေးဘဲ ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော် ယခုအစည်းအဝေးသို့ ဝမ်မျိုးနွယ်နှင့် ရှောင်မျိုးနွယ်တို့ တက်ရောက်လာခဲ့ကြသည်။
မင်း ဘာပဲလုပ်လုပ် ငါကတော့ ဒီလျှို့ဝှက်ချက်ကို လွှဲပေးမှာမဟုတ်ဘူး
ဝမ်ကောက တွေးလိုက်သည်။ သူက မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ထိုအရာကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်မထည့်သွင်းလိုပေ။ ထိုသို့သာ လုပ်လိုပါက သူ့အစွမ်းဖြင့် ရှေးဦးမူလအဆင့်နှင့် တန်းတူသော မကောင်းဆိုးဝါးနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ကာ သွေးကို ရယူနိုင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။
ဝမ်ကောက သူ့မျိုးနွယ်သွေးမျိုးဆက်ကို မကောင်းဆိုးဝါးနတ်ဘုရားများကဲ့သို့ အစွမ်းထက်ပြီး မြင့်မြတ်စေချင်ခဲ့ခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် သူကိုယ်တိုင် သတိမထားမိဘဲ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက် လမ်းစဉ်ကို လိုက်လျှောက်နေခဲ့ခြင်း ဖြစ်၏။ နှစ်ပေါင်းများစွာ သုတေသနပြုပြီးနောက် ဝမ်ကောက ချို့ယွင်းချက်ရှိသော သွေးမျိုးဆက်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
ထို့နောက်တွင် သူသည် ဝမ်ဝေ့နှင့် ဆုံတွေ့ခဲ့ပြီး အကြံဉာဏ်သစ်များ ရရှိခဲ့သည်။ ဝမ်ကောအနေနှင့် သူ့ချဉ်းကပ်ပုံမှာ မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့သည်။ သူသည် မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်များကိုသာ စုပ်ယူပြီး သူ့သွေးနှင့် ပေါင်းစပ်ရန် ကြိုးစားခဲ့မိသည်။ သို့သော် သူတို့သည် အခြေခံအားဖြင့် မတူညီသောအရာများဖြစ်ကြောင်း သူ မသိခဲ့ပေ။
ဝမ်ဝေ့နှင့် တွေ့ဆုံပြီးနောက် ဝမ်ကောက သူ့သွေးမျိုးဆက် ကန့်သတ်ချက်များကို ချိုးဖျက်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ရောက်ရန် အာရုံစိုက်သင့်ကြောင်း၊ ထိုမှသာ မကောင်းဆိုးဝါးနတ်ဘုရားများနှင့် ဆင်တူသော်လည်း ကွဲပြားသော သွေးမျိုးဆက်သစ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
သူ ပြန်ရောက်လာပြီးနောက် ဤအချက်ကို အာရုံစိုက်ခဲ့ရာ သူ့မျိုးနွယ်သွေးမျိုးဆက်ကို ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အထွတ်အထိပ်ဟု သတ်မှတ်ရမည့် သတ္တဝါများကဲ့သို့ မြင့်မြတ်လာစေရန် သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ သို့သော် အခြားပြဿနာတစ်ခု ပေါ်လာပြန်သည်။ ထိုအရာမှာ သွေးမျိုးဆက်ကို ပြန့်ပွားရန် မလွယ်ကူခြင်း ဖြစ်၏။
အမှန်တကယ်တွင် ဤပြဿနာမှာ ဝမ်ဝေ့၏ အကြံဉာဏ်ကို မယူမီကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ အဖွဲ့အစည်းရှိ ဝမ်မျိုးနွယ်ကို အုပ်စုနှစ်စု ခွဲထားသည်။ ဝမ်ကော၏ ချို့ယွင်းချက်ရှိ မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဆက်ခံထားသော ပင်မမျိုးနွယ်နှင့် သူ့ပင်ကိုနတ်ဘုရား သွေးမျိုးဆက် အကြွင်းအကျန်များ ရှိနေသေးသော မျိုးနွယ်ခွဲ တို့ပင် ဖြစ်၏။
သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ပြီးနောက် ဝမ်ကော၏ အဓိကစိုးရိမ်မှုမှာ သူ့သွေးမျိုးဆက်အစစ်ကို ဆက်ခံနိုင်သူ အလွန်နည်းပါးသွားခြင်း ဖြစ်လာသည်။ သွေးမျိုးဆက်အစစ်အတွက် အခြေအနေမှာ အဆပေါင်း ရာနှင့်ချီ၍ ခက်ခဲသွားခဲ့သည်။ ထို့အပြင် ကလေးများ ဝမ်းဗိုက်ထဲ၌ပင် သေဆုံးခြင်း သို့မဟုတ် မွေးရာပါ ချို့ယွင်းချက် ပါလာခြင်းများမှာ ပြောမဆုံးနိုင်အောင်ပင် ဖြစ်လာ၏။
ဝမ်ကောက သူ့အခန်း ပြတင်းပေါက်နားသို့ လျှောက်သွားကာ သူ့သန်မာသော လက်မောင်းများကို ပိုက်ရင်း နေမင်းကြီးကို ကြည့်လိုက်သည်။ လူအများက ချီယွမ်၏လမ်းစဉ်မှာ မှန်ကန်သည်ဟု ယုံကြည်နေကြသော်လည်း ဤအတွေးအခေါ်တိုက်ပွဲမှာ ပြီးဆုံးရန် ဝေးကွာနေသေးကြောင်း သူ သိသည်။ သူ့အနေနှင့် မကောင်းဆိုးဝါးနတ်ဘုရားများနှင့် ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားများအကြား ဆက်နွှယ်မှုနှင့် ပတ်သက်သော လျှို့ဝှက်ချက်တစ်ခုကို သိထားသည်။
ထိုလျှို့ဝှက်ချက်သည် သူ့ခန္ဓာကိုယ်နှင့် သွေးမျိုးဆက်ကို ထူးကဲသာလွန်အဆင့်သို့ ရောက်ရှိစေမည့် သော့ချက်ပင် ဖြစ်လိမ့်မည်။ ထို့ထက်မက ဝမ်မျိုးနွယ်ကို ထူးကဲသာလွန် သွေးမျိုးဆက်မျိုးနွယ် ဖြစ်လာစေမည့် သော့ချက်လည်း ဖြစ်နိုင်သည်။ ထိုလျှို့ဝှက်ချက်ကြောင့်ပင် သူသည် လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ယဲ့မျိုးနွယ် သို့မဟုတ် အခြားမျိုးနွယ်များနှင့် မျှဝေရန် ငြင်းဆန်နေခြင်း ဖြစ်၏။ ထို့ကြောင့်ပင် သူက ချီယွမ်၏ အုပ်စုနှင့် တာအိုအခွင့်အလမ်းဂိုဏ်းကို အလွန်အမင်း သတိထားနေခြင်းလည်း ဖြစ်ပေသည်။
ရှောင်ယင်ကျဲ... ငါတို့လို အနေအထားကို တက်လှမ်းနိုင်တဲ့သူက ရည်မှန်းချက်မရှိဘဲ နေမှာလား။ မင်းက အဖွဲ့အစည်းကို မင်းရဲ့ ရှောင်မျိုးနွယ်ရဲ့ လက်အောက်ခံဖြစ်အောင် လုပ်ချင်နေတာပဲ။ အဲဒီတော့ ငါကရော ဘာလို့ အဲဒီလိုမျိုး မလုပ်ချင်ရမှာလဲ …
ဝမ်ကော၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ သူက ပြုံးလိုက်သည်။
သူ့မျက်လုံးများသည် မုဆိုးတစ်ယောက်၏ မျက်လုံးများကဲ့သို့ပင် ဖြစ်နေသည်။ သို့သော် သူသည် တိရစ္ဆာန်ကဲ့သို့ သာမန်သားကောင်များကို လိုက်လံဖမ်းဆီးသည့် မုဆိုး မဟုတ်ပေ။ သူသည် သာမန်လူသားတို့ ကိုးကွယ်ကြောက်ရွံ့ရသော နတ်ဘုရားများ၊ နတ်ဆိုးများ၊ မိစ္ဆာများနှင့် တည်ရှိမှုများကို သတ်ဖြတ်သည့် မုဆိုး ဖြစ်သည်။ ဝမ်ကောက စီးပွားရေးဇုန်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကဲ... ချီယွမ်၊ ငါတို့ထဲက ဘယ်သူက အရင်ဆုံး သူတော်စင်အဆင့်ကို ရောက်မလဲဆိုတာ ကြည့်ကြသေးတာပေါ့…
……………………
"လိပ်ပြာမင်းသမီး ဟုတ်လား" ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူမသည် အကြောင်းပြချက် အမျိုးမျိုးကြောင့် စိတ်ဝင်စားစရာကောင်းသော ဇာတ်ကောင်တစ်ဦး ဖြစ်၏။ ပထမဦးစွာ သူမသည် ရှုကျင်းယောင် မပေါ်လာမီက အလှဆုံးအမျိုးသမီးဘွဲ့ကို ရရှိထားသူ ဖြစ်သည်။ သို့သော် သူမသည် အလှအပတစ်ခုတည်းကြောင့် ကျော်ကြားခြင်း မဟုတ်ပေ။ လိပ်ပြာမင်းသမီးသည် ဂီတ၊ လက်ရေးလှ၊ ပန်းချီနှင့် ကဗျာစသည့် နယ်ပယ်များစွာတွင် ထူးချွန်သူဖြစ်ပြီး အနုပညာမှတစ်ဆင့် တာအိုသို့ ဝင်ရောက်ခဲ့သူ ဖြစ်ပေသည်။ သူမ၏ လက်ရာများသည် လူအများ၏ ကျင့်ကြံရေး အဟန့်အတားများကို ကျော်လွှားနိုင်ရန် ကူညီပေးနိုင်သဖြင့် အလွန်ကျော်ကြားသည်။
သူမ၏ နောက်ဆုံးလက်ရာဖြစ်သော ပူဆွေးသောလမ်းစဉ်သည် ကမ္ဘာပျက်သုဉ်းမှုများ နောက်ကွယ်တွင် ချန်ရစ်ခဲ့ကာ ကမ္ဘာဦးဟွင်သွမ်းထဲ၌ လျှောက်လှမ်းနေသော အမျိုးသမီးတစ်ဦး၏ ပန်းချီကား ဖြစ်သည်။ ထိုလက်ရာမွန်ကို ဖန်တီးပြီးနောက် သူမသည် စစ်ပွဲအတွက် ပေးအပ်ခဲ့ရာ ထိပ်သီး စံပြအဆင့် ကျင့်ကြံသူသစ် အများအပြား ပေါ်ထွက်လာစေခဲ့သည်။ ထိုအရာသည် ချီယွမ်နှင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို စစ်ပွဲတွင် အနိုင်ရရန် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။
သူမ နောက်ထပ် လက်ရာမွန်တစ်ခု ဖန်တီးတော့မှာလား။ ဖြစ်နိုင်တယ်။ နောက်ထပ် ကပ်ဘေးက လာတော့မှာဆိုတော့ သူမက ဒုတိယမူလစစ်ပွဲတုန်းကလို အောင်မြင်မှုမျိုးကို ထပ်လုပ်ချင်နေတာ ဖြစ်မှာပေါ့
ဝမ်ဝေ့ တွေးနေစဉ် အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ဝင်လာသည်။ သူ့အနေနှင့်ါ လိပ်ပြာမင်းသမီးနှင့် ပတ်သက်၍ သူ သိသမျှကို ပြန်လည်သုံးသပ်လိုက်သည်။
မဟုတ်ဘူး၊ သူမက နှလုံးသားထဲက အနုပညာရှင်စစ်စစ်ပဲ။ ဆိုလိုတာက သူမက အရင်ကဖြစ်ရပ်တွေကို ထပ်တလဲလဲ မလုပ်ချင်လောက်ဘူး။ သူမက အရင်လက်ရာထက် ပိုကောင်းတာကိုပဲ ဖန်တီးချင်မှာ။ အရင်ကထက် ပိုကောင်းတဲ့ လက်ရာဆိုတာ ဘာဖြစ်မလဲ။ ရှေးဦးမူလတစ်ယောက်ကို ဖန်တီးပေးနိုင်တဲ့ လက်ရာမျိုး ဖြစ်မှာပေါ့
ဤအတွေးမှာ မိုက်မဲပုံရသော်လည်း ဝမ်ဝေ့က ထိုအထဲတွင် တစ်ခုခုရှိနေကြောင်း သိသည်။
ကံကြမ္မာအရဆိုရင် နောက်ထပ် ရှေးဦးမူလတစ်ယောက် ပေါ်ထွန်းလာဖို့ အခွင့်အလမ်းအရှိဆုံးက အသင်္ချေဂိုဏ်းမဟာမိတ်ပဲ။ သူတို့က အကြီးဆုံးဖြစ်သလို ကံကောင်းမှုလည်း အများဆုံးပဲ။
ဒါပေမဲ့ သူတို့ရဲ့ ကံကောင်းမှုက တုကုပိုင်ထျန်းက အကြွင်းမဲ့တားမြစ်ချက်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာအတွက် သုံးလိုက်ရပြီ။ အဲဒီအရာကပဲ ဟုန်အာရဲ့ မှတ်ဉာဏ်ဖျက်ဆီးမှုကို ဟန့်တားပေးနိုင်ခဲ့တာ
ဒါဆိုရင် အဖြေမှန်က ချင်တိုင်းပြည်ပဲ။ ကျောက်စိမ်းလိပ်ပြာရဲ့ ကံကြမ္မာက ပေါ်လွင်လာပြီ။ ပထမဆုံး အရိပ်အမြွက်က ချင်တိုင်းပြည်ကို ရှေးဦးမူလသစ် တစ်ယောက် ဖန်တီးပေးဖို့ပဲ …
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
လိပ်ပြာမင်းသမီးက ဘယ်အဆင့်လဲ
အခြားသူတစ်ယောက်ကို ရှေးဦးမူလဖြစ်အောင် ကူညီပေးနိုင်သည့် လက်ရာမျိုး ဖန်တီးနိုင်ရန် သူမသည် အနည်းဆုံး ထိပ်သီး စံပြအဆင့် ဖြစ်ရမည်။ ထို့အပြင် သူမအတွက် အကူအညီတစ်မျိုးမျိုးလည်း လိုအပ်လိမ့်မည်။
ဟမ် … သူမကို ငါ ဘာလို့ အာရုံမရတာလဲ။ မရောက်သေးလို့လား
ဝမ်ဝေ့က ဤအနုပညာစစ်စစ် အပြာရောင်စံအိမ်ထဲရှိ ကံကြမ္မာကြိုးမျှင်များကို ကြည့်ရှုလိုက်သော်လည်း သူမကို အာရုံခံ၍မရပေ။
အာဏာရှင်တွေအားလုံး ရောက်လာမှပဲ သူမက ဖျော်ဖြေမှုကို စတင်မှာ နေမယ် …
ဝမ်ဝေ့ ဆွံ့အမိသွားသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူ စောရောက်လွန်းနေပြီ ဖြစ်၏။
ဒီအခန်းကိုပဲ ကြိုတင်စာရင်းပေးထားပြီး ဖျော်ဖြေပွဲ စမှပဲ ပြန်လာတော့မယ်
ဝမ်ဝေ့သည် သူနှင့် မလှမ်းမကမ်းရှိ အခြားအထူးဧည့်သည်အခန်းတစ်ခုဆီသို့ အာရုံပြောင်းလိုက်သည်။ သူက ပြုံးလိုက်ပြီး သူ့အံ့ဖွယ်အသိစိတ်ကို လွှတ်လိုက်သည်။
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ။ မင်းက အိမ်ထောင်သည် မဟုတ်ဘူးလား"
လင်းဖန်က ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် လန့်သွားကာ လက်ထဲမှ သေရည်ခွက်ပင် ဖိတ်ကျမတတ် ဖြစ်သွားသည်။
"ဝမ်ဝေ့လား"
သူက ထိုအသံကို မှတ်မိသဖြင့် မေးလိုက်သည်။
"ငါပါပဲ... ငါ့မေးခွန်းကို အရင်ဖြေဦး"
"ငါက မင်းကို အဲဒီမေးခွန်း ပြန်မေးရမှာပါ" လင်းဖန်က လှောင်လိုက်သည်။
"မင်းက ငါ့ကို လာမေးနေတာလား။ ငါက ငါ လုပ်ချင်တာ လုပ်မှာပဲ။ ဘယ်သူကမှ ငါ့ကို တားလို့မရဘူး"
"မင်းရဲ့ အဲဒီစကားတွေက တခြားလူကိုတော့ လှည့်စားနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ ဇနီးက ဘယ်သူလဲဆိုတာ ငါ သိတယ်နော်"
"ဟုတ်ပါပြီ" ဝမ်ဝေ့ ခေါင်းငြိမ့်လိုက်သည်။ ၏"အဲဒါကြောင့်လည်း ငါက ခွင့်တောင်းပြီး ခွင့်ပြုချက်ရလို့ လာတာ။ ဒါပေမဲ့ မင်းကရော။ မင်းရဲ့ ဇနီးက မင်း ဒီကိုလာတာကို သိပြီး ခွင့်ပြုတယ်လို့ ငါ့ကို ယုံခိုင်းနေတာလား"
"ငါက သူမနဲ့အတူ လာတာပါ" လင်းဖန်က ပြောလိုက်သည်။
"တကယ်လား" ဝမ်ဝေ့က ဇဝေဇဝါ ဖြစ်သွားသည်။ ရှုရှစ်က သူမ၏ ခင်ပွန်းအပေါ် ယုံကြည်မှုရှိ၍ အပျော်မယ်အိမ်သို့ အတူလိုက်လာသည်ကို သူ နားမလည်ခြင်း မဟုတ်ပေ။ သူသည် ဤစံအိမ်ရှိ ကံကြမ္မာမျဉ်းများကို ကြည့်ရှုစဉ် သူမ၏ တည်ရှိမှုကို အာရုံမရခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒီကောင်ဆီမှာ သတင်းအချက်အလက်ကို ဖုံးကွယ်ထားနိုင်တဲ့ ဒီလောက်နက်ရှိုင်းတဲ့ နည်းလမ်းတွေ ရှိနေတာလား
ဝမ်ဝေ့ တွေးတောမိသွားသည်။
အခြေအနေများက ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေပြီ။
"ရှစ်အာက မကြာသေးခင်ကမှ ဂီတအပေါ် စိတ်ဝင်စားမှု ပြန်ရှိလာပြီး သင်ယူဖို့ နေရာရှာနေတာ။ ဒီကို ရောက်ရောက်ချင်းပဲ သူမက ဒီဘက်ကို ပြေးလာလို့ ငါလည်း အဆွဲခံရပြီး ပါလာတာ"
"သူမက လိပ်ပြာမင်းသမီးဆီက သင်ယူချင်တာလား"
"ဟုတ်မှာပေါ့ .. ဒါပေမဲ့ ဖြစ်လာမယ့်ပုံတော့ မပေါ်ပါဘူး" လင်းဖန်က သက်ပြင်းချလိုက်သည်။
"နေဦး... မင်းမှာ နည်းလမ်းရှိလို့လား"
"မိုးမြေကို တိုင်တည်ပြီး ပြောရရင် ငါက အဲဒီလိုကိစ္စမျိုးအတွက် ဘယ်လိုလုပ် နည်းလမ်းရှိမှာလဲ"
"ဘယ်သူသိမှာလဲ။ မင်းက ထူးဆန်းတဲ့ နေရာတွေမှာ အဆက်အသွယ် အမြဲရှိနေတတ်တာပဲကို" လင်းဖန်က ပုခုံးတွန့်ပြလာသည်။
"ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် သူမက ခေတ်ဟောင်းကလူဆိုတော့ မင်းနဲ့ ဆုံဖို့ ဒါမှမဟုတ် ပတ်သက်မှုရှိဖို့က ခဲယဉ်းပါတယ်"
"တစ်ခါတလေကျရင် မင်းက တကယ်ပဲ တော်တာလား၊ မတော်တာလားဆိုတာ ငါ ခွဲမရတော့ဘူး"
"ရိုင်းစိုင်းလိုက်တဲ့ ကောင်" လင်းဖန်က ဆဲလိုက်သည်။
"ငါက မင်းကို ပြဿနာမရှာနိုင်ပေမဲ့ တခြားလူကိုတော့ ရှာလို့ရတာပဲ။ ဒါနဲ့... အတူတူ သောက်မလား"
"အင်း... ကောင်းသားပဲ" လင်းဖန်က မတ်တတ်ရပ်ကာ ဝမ်ဝေ့ရှိရာ အခန်းသို့ ကူးသန်းပြောင်းရွှေ့ လိုက်သည်။
……………….
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
"ဟမ် … ဝမ်ဝေ့လား" ရှောင်ထျန်းတိက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့မေးခွန်းကို မဖြေရသေးဘူးနော်"
"ငါက ဘာလို့ မင်းကို ဖြေရမှာလဲ"
"ဒါမှ ငါက မင်းရဲ့ ယောင်အာကို မင်းက တခြားမိန်းမကို စိတ်ဝင်စားနေတယ်လို့ သွားမတိုင်မှာပေါ့"
"ငါ့ရဲ့ ယောင်အာက... ငါဆိုလိုတာက ဆရာက မင်းစကားကို ဘယ်တော့မှ ယုံမှာမဟုတ်ဘူး"
"မင်းက တကယ်ကို အကဲခတ်ရလွယ်တာပဲ" ဝမ်ဝေ့က စလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"