← Chapters

စီးပွားရေးသမား၏ ထိုးနှက်ချက်

Vol. 112 Ch. 1562

စီးပွားရေးသမား၏ ထိုးနှက်ချက်

Vol. 112 Ch. 1562

ဝမ်ဝေ့က ဖတ်ရှုခြင်းကို ရပ်လိုက်သည်။

"ဒါက အခြေအနေအားလုံးကို ပြောင်းလဲသွားစေတာပဲ"

"ဟုတ်တယ်။ ပြိုင်ပွဲက စတင်နေပြီ" ဝမ်ပေါ်က ခေါင်းညိတ်ထောက်ခံသည်။

"ငါတို့ရဲ့ ပထမဦးစားပေးက အဲဒီ ထူးကဲသာလွန်ကောင်းကင်အလိုဆန္ဒကို ရရှိဖို့ပဲ။ ဂိုဏ်းသားအားလုံး စစ်ပွဲအတွင်း ရရှိတဲ့ ကုသိုလ်ရဲ့ ၈၀ ရာခိုင်နှုန်းကို အပ်နှံဖို့ ငါ အကြံပြုချင်တယ်" ယန်းရှစ်ရုန်က ပြောလိုက်သည်။

"မင်းက လူတိုင်းကို သွေးစုပ်ဖို့ ကြံနေတာလား" ဝမ်ပေါ်က မှတ်ချက်ပေးသည်။

"မင်း သဘောမတူလို့လား"

"မဟုတ်ပါဘူး။ ရည်မှန်းချက် မအောင်မြင်ခင် အရာအားလုံးကို စတေးပြီး ဒါကိုပဲ အာရုံစိုက် ဝယ်ယူတာက နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်" ဝမ်ပေါ်က ပြန်ဖြေသည်။

"အရင်က ငါတို့မျိုးနွယ်အတွက် အကာအကွယ်ပေးမဲ့လူ တစ်ယောက် ဖန်တီးဖို့ ကျရှုံးခဲ့တယ်။ အခုကတော့ အဲဒီအမှားကို ပြန်ဖြည့်ဆည်းဖို့ အကောင်းဆုံးအချိန်ပဲ" ယန်းအိုက်က ယန်းရှစ်ရုန်၏ ပြင်းထန်သော နည်းလမ်းကို ထောက်ခံရင်း ဝင်ပြောလာသည်။

"ဝမ်ဝေ့ … မင်းရော ဘယ်လိုထင်လဲ" ချီယွမ်က မေးလိုက်ရာ လူတိုင်း၏ အကြည့်က ဝမ်ဝေ့ထံ ရောက်သွားသည်။ ဝမ်ဝေ့မှာမူ နှုတ်ခမ်းများ တွန့်နေ၏။

"ဒီလောဘကြီးတဲ့ ကောင်စုတ်လေးက သူ့အကျိုးအမြတ်တွေကို အကုန်မစွန့်လွှတ်ချင်တာ သိသာနေတာပဲ" ယန်းအိုက်က လှောင်ပြောင်လိုက်သည်။

"ဘိုးဘေးက ကျွန်တော့်ကို နည်းနည်း အထင်သေးလွန်းနေတာ မဟုတ်ဘူးလား။ နှမြောမိတာတော့ အမှန်ပဲ … ဒါပေမဲ့ ဒါက အကောင်းဆုံးနည်းလမ်းဆိုတာ ကျွန်တော် နားလည်ပါတယ်။ ပိုမိုကြီးမားတဲ့ အကျိုးစီးပွားအတွက် စတေးရမယ်ဆိုတာ ကျွန်တော် သိပါတယ်" ဝမ်ဝေ့က ပြန်ဖြေသည်။

"ကောင်းပြီ။ ဒီလို မဟာဗျူဟာမျိုးကို ကျင့်သုံးနိုင်တဲ့ စည်းလုံးမှုနဲ့ ဖွဲ့စည်းပုံရှိတာက ငါတို့၊ ဗုဒ္ဓဘာသာ၊ မူလစည်းတံဆိပ်ကုန်းမြေနဲ့ ချင်သူတော်စင်ခုံရုံး လေးခုပဲ ရှိတယ်။ ဗုဒ္ဓဘာသာကတော့ ကောင်းကင်အလိုဆန္ဒကို မလိုဘူး။ မူလစည်းတံဆိပ်ကုန်းမြေအနေနဲ့လည်း ဝူဟုန်ရဲ့ စွမ်းရည်တွေ အကုန်ပွင့်လန်းလာဖို့ပဲ အရင်းအမြစ်တွေ အကုန်ပုံအောမှာ သေချာတယ်" ချီယွမ်က ခေါင်းညိတ်ပြသည်။

"ဒါဆို ချင်သူတော်စင်ခုံရုံးပဲ ကျန်တော့တယ်။ အချက်အလက်တွေအရ လူသားဧကရာဇ်က ကမ္ဘာဦးသူတော်စင် ဖြစ်လာဖို့ ဒုတိယမြောက် အခွင့်အလမ်း အများဆုံးသူပဲ။ ဒါကြောင့် သူတို့ရဲ့ မဟာဗျူဟာက မူလစည်းတံဆိပ်ကုန်းမြေလို ဖြစ်နိုင်သလို ငါတို့လိုမျိုးလည်း လိုက်လုပ်နိုင်တယ်"

ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။ ချီယွမ်၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မှန်ကန်သည်။ အသင်္ချေဂိုဏ်းမဟာမိတ်သည် အလွန်အမင်း ကြီးထွားနေပြီး အဖွဲ့ဝင်အားလုံးထံ ကုသိုလ် ၈၀ ရာခိုင်နှုန်းအပ်ရန် ဖိအားပေးဖို့ မဖြစ်နိုင်ပေ။ ဝမ်ကော၏ လုပ်ရပ်များကြောင့် ထိုမဟာမိတ်အဖွဲ့မှာ ပြိုကွဲမည့် လက္ခဏာများ ပြနေပြီဖြစ်သည်။ မိစ္ဆာများနှင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများမှာလည်း သူတို့၏ တိုက်ပွဲတွင်သာ အာရုံရောက်နေကြသည်။ အကယ်၍ သူတို့ရပ်တန့်လိုက်ပါက အခွင့်အရေးရှိလာနိုင်သည်။

တာအိုဘာသာကမူ အပြင်ပန်း၌ အဆင်ပြေပုံရသော်လည်း အန္တိမသဟဇာတ၏ အုပ်ချုပ်မှုအောက်တွင် အခြေခံအားဖြင့် အက်ကြောင်းထင်နေပြီဖြစ်သည်။ ယခုအခါ လမင်းရှင်းထုတ်ရေးကာလအတွင်း မြင့်တက်လာသည့် ကျန်းပိယု ဦးဆောင်နေသည့် မျိုးဆက်သစ် ခေါင်းဆောင်များနှင့် အန္တိမသဟဇာတ၏ မြင့်တက်လာမှုကို ခွင့်ပြုခဲ့ကြသည့် သို့မဟုတ် အကြွင်းမဲ့တားမြစ်ချက်အတွင်း သေဆုံးခဲ့ကြသည့် အဖွဲ့ဝင်ဟောင်းများကြား သဘောထား ကွဲလွဲမှုများ ရှိနေသည်။

နတ်ဘုရားရှန်ထျန်းသည် အံ့ဖွယ်ယုံကြည်မှုဘုံတွင် ယင်ကျန်းကဲ့သို့ အကြွင်းမဲ့အာဏာ ရှိခဲ့သော်လည်း ရှေးဦးမူလ ၂ ယောက်ရှိရမည်ဟူသော အာဏာရှင်အဆင့်သတ်မှတ်ချက် ပြည့်မီရန် ရှေးဟောင်းနတ်ဘုရားအချို့နှင့် မဟာမိတ်ဖွဲ့ပြီးနောက်ပိုင်းတွင် သူ၏အာဏာမှာ မျှခြေ ဖြစ်သွားခဲ့သည်။

ဓားလမ်းစဉ်အဖွဲ့အစည်းမှာမူ တစ်သီးပုဂ္ဂလဆန်လွန်းသည်။ ထိုဓားသမားများသည် ပိုမိုမြင့်မားသော ဓားနယ်ပယ်ကိုသာ ဂရုစိုက်ကြလေသည်။ ဤလဲလှယ်ရေးစာရင်းက သူတို့၏ စွမ်းအားကို တိုးပွားလာစေမည်ဖြစ်၍ အဖွဲ့အစည်း ကောင်းစားရေးအတွက် သူတို့၏ ခွန်အားတိုးစေမည့် အခွင့်အရေးကို စွန့်လွှတ်ကြမည် မဟုတ်ပေ။

အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းမှာမူ ဤဗျူဟာကို ကျင့်သုံးရန် အခွင့်အလမ်း အနည်းဆုံး ဖြစ်သည်။ အကျိုးစီးပွားတစ်ခုတည်းဖြင့်သာ စုစည်းထားကြခြင်းဖြစ်ရာ အဖွဲ့အစည်းအတွက် ၈၀ ရာခိုင်နှုန်း စတေးခိုင်းခြင်းမှာ အများစုအတွက် လက်ခံနိုင်စရာ မရှိပေ။

အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားနိုင်သည်။ သူတို့တွင် အဖွဲ့ဝင်အများဆုံး ရှိနိုင်သော်လည်း အများစုမှာ အပြင်ပန်းအဖွဲ့ဝင်များ သို့မဟုတ် အရင်းအမြစ်များ ရယူရန်အတွက်သာ သူတို့၏ ဝန်ဆောင်မှုကို အသုံးပြုကြသည့် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုကျင့်ကြံသူများသည် ဓားသမားများထက်ပင် ပို၍ တစ်သီးပုဂ္ဂလဆန်ကြရာ သူတို့၏ ကြိုးစားအားထုတ်မှု ၈၀ ရာခိုင်နှုန်းကို အပ်ခိုင်းခြင်းမှာ လက်နှစ်ဖက်လုံးကို ဖြတ်ခိုင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။ မည်သူမျှ လက်ခံမည်မဟုတ်သည့်အပြင် ပုန်ကန်မှုပင် ဖြစ်ပွားနိုင်သည်။

"ချင်သူတော်စင်ခုံရုံးက ဘာပဲလုပ်လုပ် အရေးမကြီးဘူး။ ငါတို့ တစ်ခု ရဖို့ကပဲ အဓိကပဲ" ယန်းရှစ်ရုန်က ဆိုသည်။ ကောင်းကင်အလိုဆန္ဒ နှစ်ခုလုံးကို ဂိုဏ်းက ရရှိဖို့ရာ လက်တွေ့မကျပေ။

"ငါတို့ ပြန်ရောက်ရင် ကုသိုလ်စနစ်ကို အချောသတ်ကြတာပေါ့။ အခု မေးစရာရှိတာက ဘယ်သူက အဲဒါကို သုံးမလဲဆိုတာပဲ။ ငါတို့ ကြိုတင်ပြင်ဆင်ထားရမယ်လေ" ချီယွမ်က ဆက်ပြောလာသည်။ လဲလှယ်ရေးစာရင်းတွင် ကျရှုံးနိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြထားရာ ကြိုတင်ရွေးချယ်ထားပြီး အောင်မြင်မှုအခွင့်အလမ်း ပိုများအောင် လေ့ကျင့်ပေးထားခြင်းက အကောင်းဆုံး ဖြစ်၏။

"ဘယ်သူပဲဖြစ်ဖြစ် အစီအရင်ဆရာ ဒါမှမဟုတ် အလားတူပညာရပ် ကျွမ်းကျင်သူ ဖြစ်ရမယ်" ယန်းရှစ်ရုန်က အကြံပြုသည်။ သူ၏ ဆိုလိုရင်းကို လူတိုင်း နားလည်ကြသည်။ အကယ်၍ သူတို့၏ ကမ္ဘာဦးသူတော်စင်မှာ ထိုအဆင့်တွင် အားအနည်းဆုံး ဖြစ်နေမည်ဆိုလျှင် ပြင်ပအကူအညီများဖြင့် အားဖြည့်ရန် လိုအပ်ပြီး ထူးကဲသာလွန်အစီအရင်တစ်ခုက အကောင်းဆုံး အကူအညီ ဖြစ်လိမ့်မည်။

ချီယွမ်က ခေတ္တတွေဝေသွားပြီးမှ ဝမ်ပေါ်ကို ကြည့်ကာ မေးလိုက်သည်။

"ဆရာ … ဆရာ့ရဲ့ ထူးကဲသာလွန်လမ်းစဉ်အပေါ် ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ"

သူ့စိတ်ထဲတွင် ဝမ်ပေါ်မှာ အသင့်တော်ဆုံးသူ ဖြစ်နေ၏။ သူ၏ သင်္ကေတတာအိုမှာ အစီအရင်အခြေခံသည့် တာအိုဖြစ်သလို သူ၏ သစ္စာရှိမှုကြောင့်လည်း အကောင်းဆုံး အကာအကွယ်ပေးသူ ဖြစ်လာနိုင်သည်။

သို့သော် ချီယွမ်က ဝမ်ပေါ်ကို ပိုမိုတောက်ပသည့် အနာဂတ်မျိုး ရှိစေချင်သေးသည်။ ဝမ်ပေါ်သည် ထိုစကားကို ကြားသောအခါ အလေးအနက် စဉ်းစားမိသည်။ သူ၏ ပါရမီကန့်သတ်ချက်ကို သူ ကောင်းကောင်းသိသည်။ မတော်တဆမှု မဖြစ်ခင်ကပင် သူ၏ ကျင့်ကြံရေးပါရမီမှာ ပျမ်းမျှအထက်တွင်သာ ရှိခဲ့သည်။ ယခု ဝမ်မျိုးနွယ်၏ သွေးမျိုးဆက်ကြောင့် အလားအလာ မြင့်တက်လာသော်လည်း ထူးကဲသာလွန်လမ်းစဉ်ကို လျှောက်လှမ်းရန် ယုံကြည်မှုရှိသည့် အဆင့်အထိ ဖြစ်မည်လား။

"ငါ့ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါဦး" ဝမ်ပေါ်က ပြန်ဖြေသည်။

"ကောင်းပါပြီ။ ဒါပေမဲ့ သိပ်တော့ အချိန်မဆွဲပါနဲ့" ချီယွမ်က ဆိုသည်။ ရွေးချယ်ခံရသူကို လေ့ကျင့်ရေးအစီအစဉ်များ စတင်နိုင်ရန် အခုကတည်းက ဆုံးဖြတ်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ ထို့နောက် သူက အထွေထွေသောင်းပြောင်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။ ဝမ်ပေါ်ပြီးလျှင် ဒုတိယအသင့်တော်ဆုံးမှာ သူ ဖြစ်သော်လည်း ဝမ်ပေါ်ကို ရွေးချယ်လိုက်ပါက သူ့အား အလကား မျှော်လင့်ချက်ပေးခဲ့သလို ဖြစ်မည်စိုး၍ ဖြစ်သည်။ ထို့အပြင် အထွေထွေသောင်းပြောင်းတွင် အသုံးမချရသေးသည့် အလားအလာများ ရှိနေသေးသည်ဟု ချီယွမ်က ယုံကြည်နေသည်။

"အခြား အကြံပြုချင်တာ ရှိသေးလား"

"ကျွန်တော့်မှာ တစ်ခုရှိတယ်" ဝမ်ဝေ့က ပြောလိုက်သည်။

"ပြောပါဦး"

"ကျွန်တော့်ရဲ့ ဆောင်ပုဒ်က အပင်ပန်းခံ အလုပ်လုပ်တာထက် ဉာဏ်သုံးပြီး အလုပ်လုပ်တာပဲ"

"ဒီဆုံးဖြတ်ချက်ကနေ သူ လွတ်အောင်ရုန်းဖို့ ကြိုးစားတော့မယ်ဆိုတာ ငါ သိသားပဲ" ယန်းအိုက်က လှောင်လိုက်သည်။

"ဘိုးဘေးက ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရားကို ဘာလို့ ဒီလောက်တောင် သံသယဖြစ်နေရတာလဲ" ဝမ်ဝေ့မှာ ငိုချင်ရက် လက်တို့ ဖြစ်နေရသည်။

"မင်းရဲ့ စိတ်ကူးကို ငါ သိနေလို့ပေါ့" ယန်းအိုက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"သူ့ကို ပြောပါစေဦး" ချီယွမ်က ဝင်ပြောသည်။

ဝမ်ဝေ့က တစ်ခုခု ပြန်ပြောချင်သော်လည်း စိတ်ကို ပြန်ထိန်းလိုက်သည်။

"ကျွန်တော် ငွေရောင်တိုင်လုံးတွေကို လေ့လာကြည့်ပြီး စိတ်ကူးတစ်ခု ရလာတယ်။ အဲဒီတိုင်လုံးတွေထဲက အရာအများစုက ပထမအဆင့် ထူးကဲသာလွန်သူ အဆင့်အထိပဲ အတူတူပဲ။ သူတို့ရဲ့ တိုင်လုံးတွေမှာ အဆင့်မြင့်ပစ္စည်းတွေ မပါသလို သူတို့ရဲ့ ဈေးနှုန်းကလည်း ၁၀ ရာခိုင်နှုန်း ပိုမြင့်နေတယ်"

ဝမ်ဝေ့က ခေါင်းခါလိုက်သည်။ ဤလုပ်ရပ်ဖြင့် ကောင်းကင်တာအိုသည် လေလွင့်ကျင့်ကြံသူများကို တင်းကျပ်စွာ ထိန်းချုပ်သည့် မူဝါဒကို ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်၏။

"ကောင်လေး မင်း ဘာကို ပြောချင်တာလဲ" ဝမ်ပေါ်က မေးလိုက်သည်။

"အခုလို အရင်းအမြစ်တွေ ရှားပါးပြီး အရေးကြီးနေတဲ့အချိန်မှာ စီးပွားရေးသမားတစ်ယောက်လို စဉ်းစားဖို့ လိုတယ်။ ဒါက မှောင်ခိုဈေးကွက်တစ်ခု စတင်ဖို့ အကောင်းဆုံးအချိန်ပဲ။ ကျုပ်တို့ရဲ့ လဲလှယ်ရေးစာရင်းထဲက ပစ္စည်းတွေကို ဝယ်ပြီးတော့ လေလွင့်ကျင့်ကြံသူတွေကို ၅ ရာခိုင်နှုန်း အမြတ်တင်ပြီး ပြန်ရောင်းမယ်" ဝမ်ဝေ့က ဆိုသည်။

"အင်း... ဒါ မဆိုးတဲ့ စိတ်ကူးပဲ" ချီယွမ်က ရေရွတ်လိုက်သည်။ ငွေရောင်တိုင်လုံးတွေမှာ ၁၀ ရာခိုင်နှုန်း ပိုပေးနေရမဲ့အစား သူတို့ဆီမှာ ၅ ရာခိုင်နှုန်းပဲ ပိုပေးရမယ်ဆိုရင် ထိုကျင့်ကြံသူတွေက သူတို့ဆီကိုပဲ လာကြမှာ သေချာသည်။

"ဒီစီမံကိန်းက ဖြစ်နိုင်ခြေရှိပေမဲ့ တခြားဂိုဏ်းတွေလည်း ဒီလိုမလုပ်အောင် ဘယ်လိုတားမလဲ" အထွေထွေသောင်းပြောင်းက မေးလာသည်။

"အခြားဂိုဏ်းတွေအနေနဲ့ ဒီလဲလှယ်ရေးစာရင်းကို စီးပွားရေးအတွက် သုံးဖို့ ချက်ချင်း စဉ်းစားမိမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအခွင့်အရေးကို သုံးပြီး ကျုပ်တို့နေရာကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်။ ပိုအရေးကြီးတာက ဈေးနှုန်းတိုက်ပွဲ ဆင်နွှဲလို့ရတယ်။ တခြားသူတွေ ဈေးကွက်ထဲက ထွက်သွားတဲ့အထိ ဈေးကို ၁ ရာခိုင်နှုန်းစီ လျှော့ချမယ်။ ပြီးမှ ဈေးပြန်တင်မယ်" ဝမ်ဝေ့က ပြန်ဖြေသည်။

"ငါတို့ဂိုဏ်းသားတွေက ၈၀ ရာခိုင်နှုန်း အပ်မှာဆိုတော့ ငါတို့မှာ ကုသိုလ်လက်ကျန် အများကြီး ရှိနေလိမ့်မယ်။ ဒါက အလုပ်ဖြစ်နိုင်တယ်" ချီယွမ်က ဆိုသည်။ ကောင်းကင်အလိုဆန္ဒအတွက် ရည်ရွယ်ထားသည့် ကုသိုလ်များကို ရင်းနှီးမြှုပ်နှံရမည် ဖြစ်သော်လည်း ဤရင်းနှီးမြှုပ်နှံမှုကနေ ကုသိုလ်များ ပိုတိုးလာမည် ဖြစ်သည့်အတွက် လိုအပ်သည့် ရန်ပုံငွေကို ပိုမြန်မြန် စုမိစေလိမ့်မည်။

"ဒါပေမဲ့ ပြဿနာတစ်ခုရှိနေတယ်။ ငါတို့မှာ စတင်ရင်းနှီးမြှုပ်နှံဖို့ ကုသိုလ် မရှိဘူး။ ထိပ်သီး စံပြအဆင့်သစ်တွေ လေ့ကျင့်ပေးဖို့ အကုန်သုံးလိုက်ပြီ" ယန်းအိုက်က ဝင်ပြောသည်။

"တကယ်တော့ အစောပိုင်းရင်းနှီးမြှပ်နှံမှုမျိုး မလိုပါဘူး။ လေလွင့်ကျင့်ကြံသူတွေကို ကျုပ်တို့ဆီမှာ ဈေးသက်သက်သာသာနဲ့ ရနိုင်တယ်ဆိုတာ ယုံကြည်အောင် လုပ်နိုင်ရင် ရပြီ။ ဝယ်သူဆီကနေ ငွေကြိုယူပြီး လဲလှယ်ရေးစာရင်းထဲက ပစ္စည်းကို ဝယ်ပေးပြီးတော့ ၅ ရာခိုင်နှုန်း အမြတ်ရနိုင်တယ်။ ပြီးတော့ လက်ရှိမှာ သူတို့အများစုဆီမှာ ထူးကဲသာလွန်မှူအဆင့် ပစ္စည်းတွေ ဝယ်ဖို့ ငွေ မရှိသေးဘူး။ ကပ်ဘေးစတင်မှ ငွေရှိလာကြမှာဆိုတော့ အဲဒီအချိန်အထိက ရန်ပုံငွေ စုဆောင်းဖို့ အချိန်အများကြီး ရပါသေးတယ်" ဝမ်ဝေ့က ပြောလိုက်သည်။

All Chapters