← Chapters

ညီလာခံစတင်ခြင်း

Vol. 112 Ch. 1565

ညီလာခံစတင်ခြင်း

Vol. 112 Ch. 1565

"တစ်ဦးကိုတစ်ဦး ကူညီမယ်ဟုတ်လား ... စိတ်ဝင်စားစရာပဲ။ မင်းက ငါ့ကို ဘယ်လိုများ ကူညီနိုင်မှာလဲ"

ယင်ကျန်းက သူ၏ မောက်မာသောလေသံကို လျစ်လျူရှုလိုက်ပြီး ပြောလိုက်သည်။

"ဝူဟုန်ကို သတ်ဖို့ မင်းရဲ့အကူအညီ လိုအပ်တယ်"

"ဒါကတော့ တကယ့်ကို မမျှော်လင့်ထားစရာပဲ"

"အဲဒီအမျိုးသမီးက ပါရမီရဲ့ ပြယုဂ်ပဲ။ အပြောင်းအလဲတစ်ခုခုသာ မရှိရင် သူမဟာ ဒီကမ္ဘာရဲ့ ပထမဆုံး တရားဝင် ကမ္ဘာဦးဟွင်သွမ်း သူတော်စင် ဖြစ်လာလိမ့်မယ်" ယင်ကျန်းက ပြောလိုက်သည်။

"နောက်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းက ဟိုကောင်စုတ်လေးနဲ့ သူမနဲ့က ဘယ်လိုပတ်သက်မှုရှိမှန်း မသိရတာကလည်း ပိုဆိုးစေတယ်။ အဲဒီကောင်ကလည်း သူ့ထက် ပါရမီသာတယ်လို့ အငြင်းပွားနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ သူတို့နှစ်ယောက် ပေါင်းစည်းသွားတာက လူတိုင်းအတွက် ဘေးအန္တရာယ်ပဲ"

"ဒါဆို အဲဒါက တကယ်ပေါ့လေ" တုကုပိုင်ထျန်းက မေးလိုက်သည်။

"ဟုတ်တယ်။ သူမရဲ့ ကံကြမ္မာ အချစ်မျဉ်းက အဲဒီကောင်လေးနဲ့ ဆုံနေတာ" ယင်ကျန်းက တုကုပိုင်ထျန်း၏ တုံ့ပြန်မှုကို လျှို့ဝှက်အကဲခတ်ရင်း ဖွင့်ဟလိုက်သည်။ ဤလူသည် အလွန် အတ္တကြီးသူဖြစ်ကြောင်း သူ သိထားသည်။ ဝူဟုန်ကဲ့သို့ အမျိုးသမီးမျိုးသာ သူနှင့် ထိုက်တန်သည် သို့မဟုတ် သူ၏ မျိုးဆက်ကို မွေးဖွားပေးနိုင်သည်ဟု ထိုလူက ယုံကြည်နေခြင်း ဖြစ်၏။

" မင်းက သူမကို အပြတ်ရှင်းနေတုန်း ငါတို့ကို တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ရှေးဦးမူလတွေအားလုံးကို တားဆီးပေးစေချင်တာလား"

"မှန်တယ်" ယင်ကျန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆို..." တုကုပိုင်ထျန်းက သူ၏နောက်ကျောတွင် နေမင်းအသေးစားတစ်ခုကို ဖန်တီးလိုက်ရင်း စကားကို ရပ်လိုက်သည်။

"သူမနာမည်ကို ထုတ်ပြောလို့ရပါတယ်။ ဒါက မဟာချင်တိုင်းပြည်ပဲ။ ကမ္ဘာဦးသူတော်စင် တစ်ပါးတောင်မှ ငါ့ရဲ့ နယ်မြေထဲမှာဆိုရင် မြွေလိုပဲ ခွေနေရမယ်"

"မင်းရဲ့ ယုံကြည်မှုကို ငါသဘောကျပေမဲ့ ငါ့မေးခွန်းကို မင်းမဖြေရသေးဘူး"

"မေတ္တယျက ကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သတိမထားမိနိုင်လောက်အောင် အလုပ်ရှုပ်နေလိမ့်မယ်ဆိုတာကိုပဲ မှတ်ထားလိုက်ပါ"

"ဒါပဲလား … ဒီလောက်အရေးကြီးတဲ့ ကိစ္စကို မင်းစကားတစ်ခွန်းတည်းနဲ့ ငါက ယုံရမှာလား"

"တကယ်လို့ မင်းက ငါ့ရဲ့ အဆိုပြုချက်ကို သဘောတူပြီး သဘောတူညီချက်မှာ လက်မှတ်ထိုးမယ်ဆိုရင် ငါ့ရဲ့ အစီအစဉ်တွေကို မင်းကို အသေးစိတ် ထပ်ဝေမျှမှာပေါ့" ယင်ကျန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။

"နေဦး။ မင်း ပြင်ပအင်အားစုတွေနဲ့ ဆက်သွယ်ထားတာတော့ မဟုတ်ဘူးမလား" တုကုပိုင်ထျန်းသည် ယင်ကျန်းက သစ္စာဖောက် ဟုတ်၊ မဟုတ်ကို ဂရုမစိုက်သော်လည်း အသင်္ချေဂိုဏ်းမဟာမိတ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သဖြင့် ထိုသို့သောသူမျိုးနှင့် မပတ်သက်လိုပေ။

"ငါက အဲဒီလို မိုက်မဲတဲ့အလုပ်မျိုး လုပ်မယ်လို့ မင်း ထင်နေတာလား"

"လုပ်ခဲ့ရင်လည်း အံ့ဩစရာတော့ မဟုတ်ပါဘူး"

"ဒါဆိုရင် မင်း ငါ့အကြောင်းကို ထင်သလောက် မသိသေးလို့ပဲ" ယင်ကျန်းက တုံ့ပြန်လိုက်သည်။

"မင်းရဲ့ စရိုက်အကြောင်း ပြောနေတာ အပိုပဲ။ ကဲ ... ဒီအပေးအယူကနေ ငါ ဘာရမှာလဲ"

"ခုံနဲ့ သူ့ရဲ့ တပည့်လေးကို အပြတ်ရှင်းဖို့ အခွင့်အရေးပေါ့"

"မင်း တကယ်ပြောနေတာလား အဲဒီလို အညှောက်ပေါက်ခါစ ကောင်လေးကို ငါက မနှိပ်စက်နိုင်ဘူးလို့ မင်းထင်နေတာလား"

"အဲဒီကောင်လေးကို ကံကြမ္မာကတင် မဟုတ်ဘဲ မေတ္တယျကပါ ကာကွယ်ပေးထားတာ" ယင်ကျန်းက လှောင်ပြုံးပြုံးလိုက်သည်။

"တကယ်လို့ သူ့ကို ခြိမ်းခြောက်မှုတစ်ခုလို့ မင်းမမြင်နိုင်သေးဘူးဆိုရင်တော့ မင်းက ငတုံးပဲ"

"မင်းက မေတ္တယျကိုပဲ ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ သုံးနေတာပဲ။ သူမကို ရင်ဆိုင်ဖို့ မင်းမှာပဲ နည်းလမ်းရှိတယ်လို့ ထင်နေတာလား" တုကုပိုင်ထျန်းက ပြန်ချေပလိုက်သည်။

"တားမြစ်ချက်ကာလတုန်းက မင်း တစ်ခုခုနဲ့ ဆုံတွေ့ခဲ့တာကို ငါသိတယ်။ ဒါပေမဲ့ မင်း ရှာဖွေတွေ့ရှိခဲ့တာက အလားအလာ ရှိကောင်းရှိနိုင်ပေမဲ့ အဲဒါကို ဘယ်လိုအသုံးချရမလဲဆိုတာ မင်း လုံးဝမသိသေးဘူးဆိုတာကိုလည်း ငါသိတယ်"

"ဒါကို မင်းဘယ်လိုသိတာလဲ" တုကုပိုင်ထျန်းက ယခင်ကထက် ပိုမိုစူးရှသော မျက်လုံးများဖြင့် မေးလိုက်သည်။

"ဒါကို မင်း သိဖို့ မလိုဘူး" ယင်ကျန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။ ယခုအခါ သူသည် ဆွဲသီးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ရာ ကြမ္မာစွမ်းအားကို စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။

"သဘောပေါက်ပြီ။ မင်းလည်း မတော်တဆ ကံကောင်းမှုတစ်ခုခု ရထားပုံပဲ" တုကုပိုင်ထျန်းက ဆိုသည်။

"ဝူဟုန်ကို သတ်ဖို့ မင်းဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေတာလဲဆိုတာ မဆန်းတော့ပါဘူး။"

ယန်းအိုက်က တိုက်စစ်အကောင်းဆုံး ဖြစ်သော်လည်း ဝူဟုန်က ကိုင်တွယ်ရအခက်ဆုံးဖြစ်သည်မှာ ရှေးဦးမူလများကြားတွင် အများသိကိစ္စ ဖြစ်သည်။

သူမ၏ တိုက်စစ်က ပြင်းထန်ပြီး ခန္ဓာကိုယ်လေ့ကျင့်ထားမှုကြောင့် ခံစစ်မှာလည်း အနှိုင်းမဲ့ပေသည်။ ဗဟုသုတနှင့် ပါရမီကြောင့် သူမ၏ အတတ်ပညာများက ထူးကဲပြီး တာအိုကြောင့် နည်းလမ်းများကလည်း စုံလင်လှသည်။ သူမနှင့် တိုက်ခိုက်ရာတွင် အမှားတစ်ခုလုပ်မိရုံနှင့် ထာဝရ ချိတ်ပိတ်ခံရနိုင်သည်။

"ဟုတ်တယ်။ ငါ ယုံကြည်တယ်"

"စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ" တုကုပိုင်ထျန်းက ပိုက်ထားသော လက်များကို ဖြုတ်ကာ နောက်ပစ်လိုက်ရင်း ပြောလိုက်သည်။

"မင်းရဲ့ အစီအစဉ်က ငါ့ကို ဘယ်လို ကူညီမှာလဲ"

"ငါ ဖန်တီးမဲ့ အာရုံလွှဲမှုက မေတ္တယျကိုတင် မဟုတ်ဘဲ ဗုဒ္ဓဘာသာ တစ်ခုလုံးကိုပါ အားနည်းသွားစေလိမ့်မယ်။ အဲဒီနောက် မင်းက ငါ့အတွက် တာအိုအခွင့်အလမ်းဂိုဏ်းကို တားဆီးပေးထားတဲ့နောက်မှာ ခုံနဲ့ သူ့ရဲ့ ကျောင်းတော်ကို အမြစ်ပြတ်ချေမှုန်းဖို့ မင်းမှာ အချိန်အများကြီး ရလိမ့်မယ်"

"တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ကို ကာကွယ်ပေးမယ်လို့ ဇွတ်အတင်း လုပ်လာရင်ရော … အခု ငါတို့မှာလည်း ရှေးဦးမူလ အရေအတွက် အတူတူပဲဆိုတော့ သူတို့ ငါတို့ကို အလွယ်တကူ တားထားနိုင်တယ်လေ"

"ငါကပဲ အကုန်လုပ်ပေးရမှာလား။ ကျန်တာကိုတော့ မင်းဘာသာမင်း စဉ်းစားနိုင်မယ်လို့ ငါ ယုံကြည်ပါတယ်" ယင်ကျန်းက ပြောလိုက်သည်။

"အို... ဟုတ်လား။ မင်းရဲ့ အစီအစဉ်က အပြစ်ပြောစရာ မရှိပေမဲ့ ငါ့ကိုကျတော့ ရှုပ်ထွေးတဲ့ အခြေအနေကြီး ချန်ထားခဲ့မယ်ပေါ့လေ" တုကုပိုင်ထျန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်း ငါ့ကို ငတုံးမှတ်နေတာလား"

"မေတ္တယျကို ဖယ်ရှားပေးရုံနဲ့တင် ငါက အန္တရာယ်အရှိဆုံး အပိုင်းကို လုပ်နေတာလေ။ မင်း ငါ့ဆီက ဘာထပ်လိုချင်သေးတာလဲ"

"မင်းက ဒီလောက် စွမ်းဆောင်နိုင်မှတော့ တာအိုအခွင့်အလမ်းဂိုဏ်း ဒါမှမဟုတ် တခြားဘယ်သူမဆို ခုံကို လာမကူနိုင်အောင် တားဆီးထားဖို့က မင်းအတွက် ကိစ္စမရှိလောက်ပါဘူး"

"တခြားဘယ်သူမဆို ဟုတ်လား။ မင်းက အသုံးမကျဘူးလို့ပဲ ဝန်ခံလိုက်ပါတော့" ယင်ကျန်းက လှောင်ပြောင်လိုက်သည်။

"ကောင်းပြီလေ။ မင်း တာအိုအခွင့်အလမ်းဂိုဏ်းကို တားထားနိုင်သရွေ့ ကျန်တဲ့ ဝင်ပါမဲ့သူမှန်သမျှကို ငါကိုင်တွယ်မယ်"

ယင်ကျန်းက သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးမှ

"ကောင်းပြီ။ ငါတို့ အပေးအယူ ဖြစ်ပြီလား"

"အပေးအယူ ဖြစ်ပြီ။"

ယင်ကျန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ လဲလှယ်ရေးစာရင်းမှ ဝယ်ယူထားသော တည်ရှိမှုကတိစာချုပ် တစ်ခု ထွက်ပေါ်လာသည်။

"စည်းကမ်းချက်တွေကို ဖတ်ပြီး လက်မှတ်ထိုးလိုက်။"

…………….

နောက်တစ်နေ့ နံနက်စောစောသို့ ရောက်ရှိလာသောအခါ ချင်ပြည်သူအားလုံးသည် သူတို့၏ မြို့တော်အထက်တွင် လွင့်မျောနေသော သက်တံလမ်းကြောင်း (၁၃) ခုနှင့် အဖြူရောင် နန်းဆောင်ကြီးကို တွေ့မြင်လိုက်ရသည်။ အာဏာရှင်အားလုံး စောစီးစွာ ရောက်ရှိလာကြပြီး မိမိတို့နှင့် သက်ဆိုင်ရာ သက်တံလမ်းကြောင်း ရှေ့တွင် ရပ်နေကြသည်။ ဝမ်ဝေ့က ဤအခွင့်အရေးကို အသုံးချကာ အခြားအင်အားစုများကို အကဲခတ်လိုက်သည်။

သူ ပထမဆုံး သတိပြုမိသည်မှာ နတ်ဆိုးခေါင်းဆောင် နှစ်ဦးစလုံး ရောက်ရှိနေသော်လည်း ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ဗိမာန်အရှင်များထဲမှ တစ်ဦးသာ ရောက်လာခြင်း ဖြစ်သည်။ သို့သော် ထိုဗိမာန်သည် ကောင်းကင်ယွမ်ထီ ငါးပါးထက်မက ခေါ်ဆောင်လာခဲ့ပြီး ယွမ်ထီများနှင့် စံပြအဆင့်များမှာ တစ်ဦးနှင့်တစ်ဦး ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည်မှာ သိသာလှသည်။

ဝမ်ဝေ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ချင်ပြည်သူများအပေါ် အာရုံစိုက်လိုက်သည်။ ယင်ကျန်းက သက်တံလမ်းကြောင်းရှေ့တွင် စောင့်မနေသော်လည်း အခြား ရှေးဦးမူလများ ဖြစ်သည့် ပိုင်ချီနှင့် နိုင်ငံတော်အကြံပေးကြီးတို့မှာ ဤနေရာတွင် ရှိနေသည်။ ဝမ်ဝေ့၏ အကြည့်မှာ "နှလုံးသားမဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား" ဟု လူသိများသည့် ပိုင်ချီအပေါ်တွင် အဓိက ကျရောက်နေသည်။

ပိုင်ချီသည် တရုတ်သမိုင်းတွင် ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကျော်သော ချင်စစ်သူကြီးတစ်ဦး ဖြစ်ပြီး သူ၏ စစ်ဆင်ရေးများအတွင်း မြို့များကို မကြာခဏ အစုလိုက်အပြုံလိုက် သတ်ဖြတ်လေ့ရှိသည်။ ပိုင်ချီသည် ချင်၏ ရှေးဦးမူလများထဲမှ တစ်ဦးဖြစ်ကြောင်း သိကတည်းက မူလပိုင်ချီသည် ယင်ကျန်းနှင့်အတူ ပြန်လည်ဝင်စားလာခြင်းလား သို့မဟုတ် ပိုင်ချီ၏ ဝိညာဉ်ကို ဆက်ခံထားခြင်းလား ဝမ်ဝေ့ သိချင်နေခဲ့သည်။

အဖြစ်နိုင်ဆုံးကတော့ ယင်ကျန်းက သူ့ရဲ့ ပထမဘဝမှာ ပိုင်ချီကို ဖန်တီးခဲ့ပြီး အတူတူ ပြန်လည်ဝင်စားခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယဲ့တာဖူက ဝူခုန်းရဲ့ ဝိညာဉ်ကို ဆက်ခံထားသလိုမျိုး ပိုင်ချီရဲ့ ဝိညာဉ်ကို ဆက်ခံထားတာမျိုး မဟုတ်ဘူးလို့လည်း ပြောလို့မရဘူး

ဝမ်ဝေ့က တွေးနေမိသည်။

ပိုင်ချီက အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူ့နားထင်တွင် ဆံပင်ဖြူအစင်းကြောင်းများ ရှိသော်လည်း အသိသာဆုံး အင်္ဂါရပ်မှာ သွေးရောင်လွှမ်းသော မျက်လုံးများနှင့် ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါ ဖြစ်သည်။ သူကိုယ်တိုင် ထိန်းချုပ်ထားလျှင်ပင် သဘာဝအတိုင်း ထိတ်လန့်ဖွယ် ကောင်းနေဆဲ ဖြစ်၏။

ပိုင်ချီက တစ်စုံတစ်ဦး သူ့ကို စိုက်ကြည့်နေသည်ကို သတိပြုမိပုံရသဖြင့် လှည့်ကြည့်လိုက်သည်။

သူ့ရဲ့ လမ်းစဉ်က သတ်ဖြတ်ခြင်းရဲ့ အစင်ကြယ်ဆုံးနဲ့ အဆိုးဝါးဆုံး ပုံစံပဲ။ လီကျွင်းကတော့ သူ့ကို တိုက်ရတာ သဘောကျလိမ့်မယ်လို့ ထင်တယ် …

ဝမ်ဝေ့က တွေးရင်း အကြည့်လွှဲလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ဝူဟုန်၏ နယ်မြေအတွင်းရှိ သာမန်မဟုတ်သော အခြေအနေမှလွဲ၍ ကျန်သည်များမှာ စိတ်ဝင်စားစရာ မရှိပေ။

"စုန့်ကျန်း ဘာဖြစ်နေတာလဲ ဘာလို့ အသည်းကွဲနေတဲ့ ခွေးပေါက်လေးလို ဖြစ်နေရတာလဲ"

"သူက ကျွန်မကိုရော၊ သူ့အစ်မကိုရော ပြောမပြဘူးလေ။ ဒါပေမဲ့ ကျွန်မတို့ သိသလောက်ကတော့ သူ အချစ်မှာ ကျရှုံးသွားတာ ဖြစ်နိုင်တယ်" ဝူဟုန်က ပြန်ဖြေသည်။

"တကယ်လား ဒီလိုအချိန်မျိုးမှာလား"

"ဘာပြောလို့ရမလဲ... အချစ်ဆိုတာ မမျှော်လင့်ထားတဲ့ အချိန်မှာ ရောက်လာတတ်တာပဲလေ"

"ဟုတ်ပါရဲ့"

"ရှင် သူ့ကို စကားပြောပေးနိုင်မလား" ဝူဟုန်က မေးသည်။

"ကိုယ်ကလား"

"သူက ကျွန်မကို အာဏာရှိတဲ့သူတစ်ယောက်လို မြင်နေတော့ ဒီလိုကိစ္စမျိုးကို ပြောဖို့ ရှက်နေတာ"

"သူ့ရဲ့ အမြွှာအစ်မက ပြောဖို့ အကောင်းဆုံးလူ မဟုတ်ဘူးလား"

"လုလီက ကြိုးစားကြည့်ပေမဲ့ စုန့်ကျန်းက ရှက်နေပြီး ဘာမှမပြောဘူးလေ။ အတွေ့အကြုံရှိတဲ့ တစ်ယောက်ယောက်နဲ့ဆိုရင်တော့ သူ ပြောချင်ပြောမှာပါ" ဝူဟုန်က ရှင်းပြသည်။

"ကောင်းပြီလေ... ကိုယ် သူ့ကို စကားပြောကြည့်ပါ့မယ်။ ဒါပေမဲ့ သူ ကိုယ့်ကို ပြောပြမယ်လို့တော့ အာမမခံဘူးနော်"

ချစ်သူနှစ်ဦး စကားပြောပြီး မကြာမီမှာပင် အဖြူရောင် နန်းဆောင်ကြီးသည် ရုတ်တရက် တုန်ခါသွားကာ တံခါး (၁၃) ပေါက် ပေါ်လာသည်။ လူတိုင်းသည် မိမိတို့၏ သက်တံလမ်းကြောင်းအတိုင်း တံခါးများဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကြသည်။ ထိုသို့ သွားနေစဉ် ဝမ်ဝေ့သည် မေတ္တယျကို လှမ်းမြင်လိုက်ရပြီး ယခုအချိန်အထိ သူမ ရှိနေသည်ကိုပင် သတိမထားမိခဲ့ခြင်းကြောင့် ထူးကဲသာလွန်ဝိဇ္ဇာများ၏ အံ့ဖွယ်စွမ်းရည်ကို ခေါင်းခါရင်း အံ့သြနေမိသည်။

အာဏာရှင်များ ဝင်ရောက်သွားပြီးနောက် ရွှေရောင်လမ်း (၄) သွယ် ပေါ်လာကာ ရှေးဦးမူလ မျိုးနွယ်များအတွက် လမ်းခင်းပေးလိုက်သည်။ ထိုသူများ ဝင်ရောက်သွားပြီးနောက် အခြား စံပြအဆင့်များ ဝင်ရောက်ရန် နန်းဆောင်ပတ်လည်တွင် ဂိတ်တံခါး ရာပေါင်းများစွာ ပေါ်လာသည်။ သို့သော် ထိုသူများအတွက်မူ လမ်းကြောင်းများ မပါရှိသဖြင့် ကျင့်ကြံသူ အများအပြားက မကျေမနပ် ညည်းညူကြသည်။

သို့သော်လည်း ရုန်းရင်းဆန်ခတ်မှုလေး တစ်ခု ဖြစ်လုနီးပါးအချိန်တွင် ကြောက်မက်ဖွယ် ဖိအားတစ်ခုက စံပြအဆင့် အုပ်စုများအပေါ် ကျရောက်လာသည်။ ဤသည်မှာ ချင်၏ သတိပေးချက်ဖြစ်ကြောင်း ထိုသူများ နားလည်သွားကြပြီး နန်းဆောင်အတွင်း ဝင်ရောက်ရန် ငြိမ်သက်စွာ တန်းစီစောင့်ဆိုင်းနေကြတော့သည်။

All Chapters