← Chapters

ယွမ်ထီတို့၏ ကြမ္မာ

Vol. 112 Ch. 1567

ယွမ်ထီတို့၏ ကြမ္မာ

Vol. 112 Ch. 1567

ဤအဆိုပြုချက်ကို အင်အားစု သုံးခုက ထောက်ခံမဲပေးပြီးဖြစ်ရာ ခုံအနေဖြင့် အများမဲပေးမှုဖြင့် အနိုင်ရရှိရန် နောက်ထပ် လေးမဲသာ လိုတော့သည်။ ထို့ကြောင့် သူ့အနေနှင့် အခြားအင်အားစုများ၏ မဲကို ရရှိရန်အတွက် အံ့ဖွယ်အသိစိတ်ဖြင့် ဆက်သွယ်ကာ စတင်ညှိနှိုင်းတော့သည်။ မကြာမီမှာပင် တာအိုဘာသာကလည်း ထောက်ခံမဲ ပေးခဲ့သည်။

အန္တိမသဟဇာတက လူသားမျိုးနွယ်၏ လူဦးရေအပေါ် ပြုလုပ်ခဲ့သည့်အရာများကြောင့် တာအိုအစပြုနန်းဆောင်အနေဖြင့် လူသားထုကို ထိန်းသိမ်းစောင့်ရှောက်မည့် အစီအစဉ်ကို ကန့်ကွက်ရန် အခွင့်အရေး မရှိပေ။ သူတို့သည် ခုံထံမှ အကျိုးအမြတ်အချို့ ရယူလိုသော်လည်း သူတို့ဘာသာတရား၏ ဂုဏ်သိက္ခာအတွက် ထောက်ခံမဲ ပေးခဲ့ကြသည်။

"ဝမ်ဝေ့ ... ဒုတိယစစ်သေနာပတိတွေရဲ့ အောက်မှာ တခြားရာထူးတွေ ရှိသေးလား” မုန့်ခယ်က မေးလိုက်သည်။

"ရှိတာပေါ့... ဒုတိယစစ်သေနာပတိတွေရဲ့ အောက်မှာ စစ်သူကြီး ရာထူးတွေ အများကြီး ရှိလိမ့်မယ်" ဝမ်ဝေ့က ပြန်ဖြေသည်။

"အဲဒီရာထူးအတွက် သတ်မှတ်ချက်တွေ ရှိလား”

"တိုက်ပွဲဝိညာဉ်တွေကို ညွှန်ကြားနိုင်ဖို့ ဝိညာဉ်အကြောင်း နားလည်ရမယ်။ စစ်ရေးအတတ်ပညာမှာ ကျွမ်းကျင်ရင်တော့ ပိုကောင်းတာပေါ့"

"ငါတို့ကို ရာထူး ၂၀ ပေး။ မင်းဘက်ကနေ ငါတို့ မဲပေးမယ်" မုန့်ခယ်က ဆိုသည်။

"ဒါက ငါ့စီမံကိန်း မဟုတ်ဘူးလေကွာ။ ခုံနဲ့ပဲ စကားပြောလိုက်"ဝမ်ဝေ့က ပြောလိုက်သည်။

"ကောင်းပြီ"

မိနစ်အနည်းငယ်အကြာတွင် လူရိုင်းမျိုးနွယ်က ထောက်ခံမဲ ပေးခဲ့သည်။ အာဏာရှင်များ၏ မဲသာ အတည်ဖြစ်သောကြောင့် ဤမဲမှာ အရေအတွက်ထဲ မပါဝင်ပေ။ ညီလာခံစည်းကမ်းအရ ရှေးဦးမူလ မျိုးနွယ်စုများ၏ မဲသည် သူတို့ကို တိုက်ရိုက်ထိခိုက်စေမည့် ကိစ္စမျိုးတွင်သာ အကျုံးဝင်သည်။

ခုံ၏ လူသားဝိညာဉ်တပ်မဟာသည် အင်အားစုတစ်ခုချင်းစီ၏ အင်အားကို မြှင့်တင်ပေးမည့်အရာ ဖြစ်သောကြောင့် သူတို့၏ မဲမှာ အတည်မဖြစ်ပေ။ သို့သော် သူတို့၏ ထောက်ခံမှုက ခုံ၏ အဆိုပြုချက်ကို ပိုမိုအားကောင်းလာစေသည်။ လူရိုင်းမျိုးနွယ် မဲပေးပြီးနောက် ဆယ်မိနစ်ပင် မပြည့်မီ အခြား ရှေးဦးမူလ မျိုးနွယ်တစ်ခုဖြစ်သည့် အစစ်အမှန်အနှစ်သာရမျိုးနွယ် ကလည်း ထောက်ခံမဲ ပေးခဲ့ပြန်သည်။

ဝမ်ဝေ့က ဗုဒ္ဓဘာသာ၏ အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

ခင်ဗျား ဘာလို့ ဘာမှမပြောသေးတာလဲ…

မေတ္တယျသည် ကရုဏာကြီးမားသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူ သိထားသည်။ သူမက အင်အားသုံးရလျှင်ပင် လူသားများကို ကယ်တင်မည့်သူမျိုး ဖြစ်၏။

ခင်ဗျားက ခုံကို ယုံကြည်နေတာလား၊ ဒါမှမဟုတ် ငါတို့မသိတဲ့ တစ်ခုခုကို မင်း သိနေတာလား

ဝမ်ဝေ့အနေနှင့် သူမ၏ စိတ်ကူးကို သိရှိရန် အလေးအနက် တွေးတောနေမိသည်။ မေတ္တယျသည် အလွန်အစွမ်းထက်လာသောကြောင့် သူမ၏ အတွေး သို့မဟုတ် လုပ်ရပ်များကို ခန့်မှန်းရန် ခက်ခဲလှသည်။ ဝမ်ဝေ့က ကမ္ဘာဦးသူတော်စင် တစ်ပါး၏ အကန့်အသတ်ကို မသိရှိသလို ရှေးဦးမူလများ၏ အကန့်အသတ်ကိုပင် သေချာမသိသေးချေ။

ထားလိုက်ပါတော့... ငါ့ဘာသာပဲ လုပ်တော့မယ်

ဝမ်ဝေ့က တွေးလိုက်သည်။ အချိန်က အလွန်အရေးကြီးလှသဖြင့် ဤအဓိပ္ပာယ်မဲ့သော နိုင်ငံရေးကစားပွဲတွင် အချိန်မဖြုန်းလိုတော့ပေ။ သူသည် ရှေးဦးမူလတစ်ဦး ဖြစ်လာရန် ဆက်လက်လေ့ကျင့်နိုင်ဖို့ ဤညီလာခံကို အမြန်ဆုံး ပြီးဆုံးစေချင်သည်။

သူက စင်မြင့်ပေါ်ရှိ ခုံကို ကြည့်ကာ တွေးမိသွားသည်။

ခင်ဗျားမှာ အရှိန်အဟုန် ရနေပြီဆိုတော့ ကျုပ် နည်းနည်းလောက် ကူညီပေးလိုက်မယ် …

"ကျုပ်မှာ မေးခွန်းတစ်ခု ရှိပါတယ်” သူ့စကားကြောင့် လူတိုင်း၏ အာရုံက တာအိုအခွင့်အလမ်းဂိုဏ်းထံ ရောက်ရှိလာသည်။

"ပြောပါ... နားထောင်နေပါတယ်” ခုံက ခေါင်းညိတ်ပြသည်။

"တကယ်လို့ ဒီအစီအစဉ်က အတည်မဖြစ်ခဲ့ရင် ဘာဆက်ဖြစ်မှာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

ခုံ၏ မျက်လုံးထဲတွင် အလင်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။

"လူသားတွေကို နေရာရွှေ့ပြောင်းပေးတာကတော့ အတည်ဖြစ်မှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကုသိုလ်အနည်းငယ် ရယူဖို့ အကောင်းဆုံး အခွင့်အရေးမို့လို့ပါ"

သူ၏ စကားကြောင့် ခန်းမအတွင်းရှိ လူများ ခေတ္တ တိတ်ဆိတ်သွားကြသည်။ ဤအစီအစဉ်၏ ပထမအဆင့်ကို လက်မခံမည့်သူ မရှိပေ။ ကုသိုလ်၏ တန်ဖိုးကို လူတိုင်း သိရှိထားကြသဖြင့် မည်သူမျှ ငြင်းဆန်မည် မဟုတ်ပေ။

"လူသားဝိညာဉ်တပ်မဟာနဲ့ ပတ်သက်ရင်တော့ … " ခုံက ဆက်ပြောသည်။

"တကယ်လို့ ဒီညီလာခံက အဆိုပြုချက်ကို လက်မခံခဲ့ရင် ကျုပ်တို့ ကျောင်းတော်၊ အသင်္ချေဗုဒ္ဓဘုံ၊ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ မူလစည်းတံဆိပ်ကုန်းမြေတို့ ပေါင်းပြီး ဒီအစီအစဉ်ကို ဆက်လုပ်သွားမှာပါ"

ခုံ၏ စကားကြောင့် လူများ ထပ်မံ၍ အချိန်အတော်ကြာ တိတ်ဆိတ်သွားကြပြန်သည်။ ဤလူများသည် ကာလရှည်ကြာစွာ ဟန်ချက်ညီအောင် ထိန်းညှိတိုက်ခိုက်လာကြသူများ ဖြစ်သဖြင့် သူတို့၏ ပြိုင်ဘက်က အသာစီးရသွားမည့်အရာမှန်သမျှကို တားဆီးရန်မှာ သူတို့၏ သဘာဝပင် ဖြစ်၏။ ခုံ၏ စကားက ထိုစိတ်ဓာတ်ကို အသုံးချလိုက်ခြင်း ဖြစ်သည်။

အခြားအင်အားစုများတွင် မရှိဘဲ ဤအင်အားစု လေးခုတည်းမှာသာ လူသားဝိညာဉ်တပ်မဟာ ရှိနေမည်ကို မည်သူမျှ အလိုမရှိကြပေ။ ဤအစီအစဉ်ကို လက်ခံခြင်းဖြင့် သူတို့လည်း တိုက်ပွဲဝိညာဉ်တပ်မဟာကို ရရှိမည်ဖြစ်ပြီး ထိုတပ်မဟာအပေါ် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ခွင့် ရရှိမည် ဖြစ်သည်။ ဒုတိယစစ်သေနာပတိအောက်ရှိ ရာထူးများအတွက်ပင် သူတို့ ယှဉ်ပြိုင်နိုင်ကြဦးမည်။

သို့သော် အဆိုပြုချက် အတည်မဖြစ်ပါက သူတို့ ဘာမှရလိမ့်မည် မဟုတ်ပေ။ ဤအချက်ကို နားလည်သွားပြီးနောက် အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမ၊ အရည်အချင်းလမ်းစဉ် အဖွဲ့အစည်းနှင့် အံ့ဖွယ်ယုံကြည်မှုဘုံတို့က ထောက်ခံမဲ ပေးခဲ့ကြသဖြင့် လိုအပ်သော ခုနစ်မဲ ပြည့်သွားခဲ့သည်။ အခြားအင်အားစုများကမူ ခုနစ်မဲ ပြည့်သွားပြီးနောက် ဆက်လက် မဲမပေးကြသော်လည်း ကန့်ကွက်မဲ မရှိခြင်းကပင် အဖြေကို ဖော်ပြနေသည်။

ခုံက ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အားလုံးရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ အစီအစဉ်က အသင့်ဖြစ်နေပါပြီ။ လူသားတွေကို နေရာရွှေ့ပြောင်းပေးပြီးတာနဲ့ သူတို့ကို လေဟာနယ်ပုံရိပ်ယောင်နယ်မြေထဲ ဝင်ခိုင်းလိုက်ရုံပါပဲ။ အဲဒီကနေတစ်ဆင့် သူတို့ကို လေ့ကျင့်ရေးနယ်မြေဆီ ပို့ဆောင်ပေးသွားမှာပါ"

ထို့နောက် သူက လူအုပ်ကို နှုတ်ဆက်ပြီး သူ၏ နေရာသို့ ပြန်လည် ပျံသန်းသွားသည်။

"နောက်ထပ် ဘယ်သူ ပြောစရာရှိသေးလဲ” ယင်ကျန်း၏ အသံသည် နန်းတော်အတွင်း ဟိန်းထွက်လာသည်။ ထိုအခါမှ လူတိုင်းသည် အဓိက အစီအစဉ်ဖြစ်သော နတ်ဆိုးမျိုးနွယ်နှင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများကြားက ထာဝရတိုက်ပွဲအကြောင်းကို သတိရသွားကြသည်။ မျှော်လင့်ထားသည့်အတိုင်း တိုက်ပွဲဝင်သူတော်စင် မျောက်ဝံခေါင်းဆောင်နှင့် အသင်္ချေကြယ်တာရာ ယုန်ခေါင်းဆောင် နှစ်ဦး စင်မြင့်ပေါ်သို့ ပျံတက်လာကြသည်။

တိုက်ပွဲဝင်သူတော်စင် မျောက်ဝံမှာ များစွာ ပြောင်းလဲခြင်း မရှိဘဲ ခြေဗလာဖြင့် ဘောင်းဘီတစ်ထည်နှင့် ရင်ဘတ်ဟောင်းလောင်း ဝတ်ရုံပွပွတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ တစ်ဖက်တွင်မူ အသင်္ချေကြယ်တာရာ ယုန်မလေးသည် သူမ၏ အဖြူရောင် ဟန်ဖူဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း သူမ၏ ပန်းရောင်ဆံနွယ်များကို ကျစ်ဆံမြီးရှည် ကျစ်ထားလေသည်။

"ဒီနေရာမှာရှိတဲ့ ကျုပ်တို့အားလုံးဟာ သက်တမ်းရှည်ကြာစွာ နေထိုင်ခဲ့ကြပြီး စစ်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးကြတယ်”

တိုက်ပွဲဝင်သူတော်စင် မျောက်ဝံခေါင်းဆောင်က စတင်ပြောကြားသည်။

"စစ်ပွဲရဲ့ အခြေခံအကျဆုံး အမှန်တရားတစ်ခုကို လူတိုင်း သိထားကြမှာပါ။ အဲဒါကတော့ နောက်တန်းမှာ မရှုပ်ထွေးနေဖို့ပါပဲ။ ကျုပ်တို့ရဲ့ အခြေစိုက်စခန်းမှာ မတည်ငြိမ်တဲ့ အပြောင်းအလဲတွေ မရှိသင့်ဘူး”

"ဒါပေမဲ့ မကြာခင်က ဖြစ်ရပ်တွေက ကျွန်မတို့ရဲ့ နောက်တန်းမှာ ကြီးမားတဲ့ အားနည်းချက် ရှိနေတယ်ဆိုတာကို ပြသခဲ့တယ်” အသင်္ချေကြယ်တာရာ ယုန်မလေးက ဆက်ပြောသည်။

"လက်ဖျောက်တစ်ချက် တီးရုံနဲ့ ကျွန်မတို့လူမျိုးတွေက ကျွန်မတို့အပေါ် ပြန်လှည့်တိုက်နိုင်နေရင် ဘယ်လိုလုပ်ပြီး ကပ်ဘေးကို အာရုံစိုက်နိုင်မှာလဲ။ ကျွန်မတို့ အသက်ရှင်ချင်တယ်ဆိုရင် ဘယ်လိုပဲ ပေးဆပ်ရပါစေ ဒီမတည်ငြိမ်တဲ့ အချက်ကို အမြစ်ပြတ် ချေမှုန်းပစ်ရမယ်"

ခေါင်းဆောင်နှစ်ဦးသည် စကားများများ မပြောသော်လည်း သူတို့၏ ဆိုလိုရင်းကို လူတိုင်း နားလည်သွားကြသည်။ သူတို့ စကားပြောပြီးသည်နှင့် အားလုံး၏ အကြည့်များသည် ယွမ်ထီမူလဗိမာန်ထံသို့ ရောက်သွားကြသည်။

"ငါတို့က ဘယ်သူဘယ်ဝါ ဖြစ်နေရုံနဲ့တင် ငါတို့ရဲ့ တည်ရှိမှုကို ဖျက်ဆီးပစ်တာက တရားမျှတတယ်လို့ မင်းတို့ ထင်နေတာလား” ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။ လူအများစုက ထိုအသံကို မသိကြသော်လည်း ရှေးဦးမူလများကမူ သိကြသည်။ သူကတော့ ကမ္ဘာပေါ်ရှိ လက်ချိုးရေတွက်နိုင်သော ဆန့်ကျင်ကောင်းကင်ယွမ်ထီများထဲမှ တစ်ဦးဖြစ်ပြီး အင်အားအကောင်းဆုံး ဆန့်ကျင့် ကျင့်ကြံသူ ဖြစ်နိုင်သည့် အကြီးအကဲ တုရှန်းပင် ဖြစ်သည်။

အကြီးအကဲတုရှန်းကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် သက်တမ်းအရှည်ဆုံး ကျင့်ကြံသူအဖြစ် သတ်မှတ်ထားကြပြီး သူ၏ တည်ရှိမှုမှာ စမ်းသပ်ချက်ခေတ်ကာလအထိ အမြစ်တွယ်နေသည်။

"ငါတို့က မိုးမြေကနေ မွေးဖွားလာတာ။ ငါတို့က သူ့ရဲ့ သားသမီးတွေပဲ။ ကံဆိုးတာက တစ်ခါတလေမှာ ငါတို့ရဲ့ မိခင်ခေါ်သံကို ငါတို့ မငြင်းဆန်နိုင်တာပဲ"

"ဒါက တရားမျှတမှုနဲ့ မဆိုင်ဘူး” တိုက်ပွဲဝင်သူတော်စင် မျောက်ဝံက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက မင်းတို့က အန္တရာယ်တစ်ခု ဖြစ်နေတာနဲ့ ဆိုင်တယ်။ တစ်ကြိမ် ထိန်းချုပ်ခံရဖူးရင် ဒုတိယအကြိမ်လည်း ဖြစ်နိုင်တာပဲ"

"မင်းတို့ စိုးရိမ်တာကို ငါ နားလည်ပါတယ်။ အဲဒါကြောင့် ငါတို့လူမျိုးတွေက ဒါမျိုး ထပ်မဖြစ်ရအောင် လေးစားအပ်တဲ့ အရှင်မေတ္တယျနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်။ လိုအပ်တာမှန်သမျှ လုပ်ဖို့ အသင့်ပါပဲ။ ငါတို့ရဲ့ ဝိညာဉ်အပေါ် ထိန်းချုပ်ခွင့်ကို ယာယီ လွှဲပြောင်းပေးရမယ်ဆိုရင်တောင်မှပေါ့"

"ဒါက ရှင် ထင်သလောက် အထောက်အကူ မဖြစ်ဘူး” အသင်္ချေကြယ်တာရာ ယုန်မလေးက ပြန်ချေပသည်။

"ရိုင်းတယ်လို့တော့ မထင်ပါနဲ့။ ဒါပေမဲ့ အရှင်မေတ္တယျရဲ့ စွမ်းအားနဲ့တောင် ရန်သူက မင်းတို့ကို ထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူးလို့ အာမခံလို့ မရဘူး”

"မင်းရဲ့ အယူအဆအတိုင်းဆိုရင် ဒီနေရာမှာ ရှိနေတဲ့သူတိုင်းက အန္တရာယ်ရှိနေတာ မဟုတ်ဘူးလား။ တကယ်လို့ ထူးကဲသာလွန်ဝိဇ္ဇာတစ်ပါးက ဒီခန်းမထဲမှာ ရှိနေတဲ့သူ ဘယ်သူ့ကိုမဆို ထိန်းချုပ်ချင်တယ်ဆိုရင် အရှင်မေတ္တယျကလွဲလို့ ဘယ်သူ လွတ်နိုင်မှာလဲ" အကြီးအကဲတုရှန်းက ငြင်းခုံလိုက်သည်။

"အဲဒါက မတူဘူး။ ရန်သူက ဒီကမ္ဘာကို ရောက်လာတာနဲ့ ငါတို့ရဲ့ သမိုင်းကြောင်းကို သိသွားမယ်။ မင်းတို့လူမျိုးကို အလွယ်တကူ ထိန်းချုပ်လို့ရမှန်း သူတို့ သိသွားလိမ့်မယ်"

"ပြီးတော့ မင်းတို့ကို ထိန်းချုပ်တာက တခြားအဓိပ္ပာယ်တွေ ရှိသေးတယ်”

တိုက်ပွဲဝင်သူတော်စင် မျောက်ဝံက ထပ်လောင်းပြောကြားသည်။

"မင်းကိုယ်တိုင် ပြောခဲ့သလိုပဲ။ မင်းတို့က မိုးမြေ သားသမီးတွေ။ မင်းတို့ကို ထိန်းချုပ်နိုင်သွားရင် ရန်သူက ကောင်းကင်တာအိုနဲ့ ဆက်သွယ်မှု ရသွားနိုင်ပြီး ငါတို့ကမ္ဘာရဲ့ အမာခံ အာဏာစက်ကိုပါ ရသွားနိုင်တယ်။ အဲဒါက ဘယ်လောက် ဘေးအန္တရာယ် ကြီးမားမလဲဆိုတာ ငါ ဘယ်သူ့ကိုမှ ရှင်းပြနေဖို့ မလိုဘူး ထင်တယ်”

အကြီးအကဲတုရှန်းက တိတ်ဆိတ်သွားသည်။ ဤစကားများသည် အခြားဟွင်သွမ်းကမ္ဘာတစ်ခုသို့ ပြောင်းရွှေ့ခြင်း အပါအဝင် သူ၏ လမ်းစအားလုံးကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ သူတို့မျိုးနွယ်စုနှင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအကြားက ဆက်သွယ်မှုကို ဖြတ်တောက်ပေးရန် သူ တောင်းဆိုနိုင်သော်လည်း မေတ္တယျကိုယ်တိုင် ပြုလုပ်ပေးလျှင်ပင် ထိုဒဏ်ပြန်ကန်မှုက ကျန်ရှိနေသော ယွမ်ထီအနည်းငယ်ကိုပါ အမြစ်ပြတ်သွားစေရန် လုံလောက်လှသည်။

"မဲခွဲကြရအောင်" ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယင်ကျန်း၏ အသံ ထွက်ပေါ်လာသည်။ ရလဒ်ကတော့ တခဲနက်ပင် ဖြစ်၏။ မဲမပေးဘဲ နေခဲ့သည့် ဗိမာန်မှလွဲ၍ ကျန်သူအားလုံးက ယွမ်ထီများကို အမြစ်ပြတ်ချေမှုန်းရန် ထောက်ခံမဲ ပေးခဲ့ကြသည်။ ဤဆုံးဖြတ်ချက်သည် သူတို့ကိုပါ ထိခိုက်နိုင်သဖြင့် ရှေးဦးမူလ မျိုးနွယ်များကပင် မဲပေးခဲ့ကြသည်။

အကြီးအကဲတုရှန်း၏ လေးလံသော သက်ပြင်းချသံသည် ခန်းမအတွင်း ဟိန်းထွက်သွားသည်။

"အရှင်မေတ္တယျ... ယွမ်ထီတွေအပေါ် ကရုဏာ အနည်းငယ်လောက် ပြပေးပါ။ ကျုပ်တို့ အများကြီး မတောင်းဆိုပါဘူး။ တည်ရှိနေထိုင်ခွင့်လေးပဲ တောင်းဆိုတာပါ"

ဤစကားများသည် ညီလာခံ၏ အခြေအနေကို ချက်ချင်း တင်းမာသွားစေသည်။ မေတ္တယျ၏ နောက်ထပ်ထွက်ပေါ်လာမည့် စကားလုံးများသည် ဤညီလာခံတင်မကဘဲ အရာအားလုံး၏ အနာဂတ်ကို ဆုံးဖြတ်ပေးတော့မည်ဖြစ်ကြောင်း သိရှိကြသဖြင့် လူတိုင်း အသက်ရှူပင် မဝဘဲ စောင့်ဆိုင်းနေကြသည်။ ကျန်ရှိနေသော အာဏာရှင်များတွင် အာဏာ ကျန်ရှိသေးလား သို့မဟုတ် ဤကမ္ဘာကြီးသည် ဗုဒ္ဓဘာသာ၏ လက်အောက်သို့ ရောက်ရှိတော့မည်လား စဉ်းစားနေကြသည်။

မေတ္တယျက အသာအယာ သက်ပြင်းချလိုက်သည်။

"မင်း ဘယ်လမ်းကို ရွေးရမလဲဆိုတာ မင်းကိုယ်တိုင် သိပြီးသား မဟုတ်ဘူးလား။ မင်းရဲ့ ကံကြမ္မာက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဆုံးဖြတ်ပြီးသားပါ။ မင်းကသာ အဲဒါကို လက်မခံဘဲ ငြင်းဆန်နေခဲ့တာ။ အခုတော့ တခြား ရွေးချယ်စရာ မရှိတော့ဘူး”

လူအများအပြားမှာ သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း ဝမ်ဝေ့ အပါအဝင် လူအနည်းငယ်မှာမူ နားလည်သွားသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။

"ဝိညာဉ်မျိုးနွယ်" ချီယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

All Chapters