← Chapters

နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်း

Vol. 112 Ch. 1568

နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်း

Vol. 112 Ch. 1568

"တချို့အရာတွေက တကယ်ပဲ ကံကြမ္မာအရ သတ်မှတ်ပြီးသားပါပဲ" အကြီးအကဲတုရှန်းက သက်ပြင်းချရင်း ဆိုသည်။

"မိုးမြေမှာ ရတနာသုံးမျိုး ရှိတယ်။ အဆီအနှစ်၊ ဝိညာဉ်နဲ့ ချီစွမ်းအားတို့ပဲ။ ပြီးတော့ တန်ခိုးစွမ်းအား သုံးရပ်လည်း ရှိတယ်။ ကောင်းကင်၊ မြေကြီးနဲ့ လူသားတို့ပဲ။"

"မကောင်းဆိုးဝါးနတ်ဘုရားတွေက ခန္ဓာကိုယ်ရဲ့ ပြယုဂ်အနေနဲ့ မွေးဖွားလာတာ။ သူတို့က အဆီအနှစ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ထင်ရှားမှုပဲ။ လူသားတွေ အပါအဝင် နောက်မှဖြစ်ပေါ်လာတဲ့ သက်ရှိတွေကတော့ ထူးကဲတဲ့ ဉာဏ်ပညာနဲ့ မွေးဖွားလာကြတယ်။ သူတို့က ချီ သို့မဟုတ် တာအိုကို ကိုယ်စားပြုတယ်။ ဒါဆို ဝိညာဉ်ကရော ဘယ်သူလဲ"

အကြီးအကဲတုရှန်းက စကားကို ခဏရပ်လိုက်ပြီး ပရိသတ်ကို စဉ်းစားချိန်ပေးလိုက်သည်။

"ယွမ်ထီတွေက သူတို့ရဲ့ ဝိညာဉ်တွေမှာ နိယာမစွမ်းအားတွေ ကိန်းဝပ်ပြီး မွေးဖွားလာကြတာ။ ငါတို့ရဲ့ ကံကြမ္မာက ဝိညာဉ်ရဲ့ သင်္ကေတ ဖြစ်လာဖို့ပဲ။ ဒါပေမဲ့ ငါတို့ လမ်းမှားခဲ့ကြတယ်။ ငါတို့က သွေးမျိုးဆက်အပေါ်မှာပဲ အာရုံစိုက်ပြီး ငါတို့ရဲ့ ကံကြမ္မာကို စွန့်လွှတ်ခဲ့ကြတယ်"

အကြီးအကဲတုရှန်းက စကားကို ထပ်မံရပ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ကြီးမားသော တစ်ခုခု ဖြစ်တော့မည်ကို လူတိုင်း ခံစားလိုက်ရသည်။

"အဖိုးကြီး ... ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ" တိုက်ပွဲဝင်သူတော်စင် မျောက်ဝံက လှောင်ပြောင်လိုက်သည်။ သူတို့သည် ဗိမာန်ကို အားနည်းသွားအောင် အချိန်အတော်ကြာ စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး အောင်မြင်ခါနီးအချိန်တွင် မမျှော်လင့်ထားသည့် အနှောင့်အယှက်မျိုး မဖြစ်စေချင်ပေ။

"သံသရာကို စောင့်ကြပ်သူ အရှင့်ကို ဖိတ်ခေါ်ပါတယ်" အကြီးအကဲတုရှန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ယွမ်ထီတွေက သံသရာရဲ့ လက်အောက်ခံသက်ရှိတွေအဖြစ် သူတို့ရဲ့ ကံကြမ္မာကို လက်ခံလိုက်ပါပြီ။ ကျုပ်တို့ရဲ့ ဝိညာဉ်တွေက ထာဝရကာလပတ်လုံး တမလွန်အတွက် အလုပ်အကျွေး ပြုပါတော့မယ်"

ထိုလူအိုကြီး ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။ မိုးမြေကြားတွင် အနက်ရောင် တံခါးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ သက်ရှိတိုင်းကို ထိတ်လန့်သွားစေသည်။

တံခါးပွင့်သွားသောအခါ သေခြင်းတရားကို စိုးမိုးထားသည့် စွမ်းအားများ ယိုစိမ့်နေသော အနက်ရောင် မျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာသည်။ ထိုအရာသည် အလွန်တန်ခိုးကြီးမားပြီး မြင့်မြတ်လှသဖြင့် ကြည့်မိသူတိုင်း မိမိတို့ဦးခေါင်းပေါ်တွင် သေခြင်းတရားက ဝဲပျံနေသကဲ့သို့ ခံစားကြရသည်။

"သံသရာမျက်လုံးလား။ အဲဒီလိုအရာမျိုး ရှိလို့လား" ဝမ်ဝေ့က မေးလိုက်သည်။

"သံသရာမျက်လုံး ရှိတဲ့ ကမ္ဘာအနည်းငယ်တော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့ တမလွန်ဘဝက ကောင်းကင်တာအိုကနေ လုံးဝ သီးခြားဖြစ်နေလို့ပဲ" ချီယွမ်က ရှင်းပြသည်။

"ဒါပေမဲ့ ငါတို့ကမ္ဘာမှာတော့ အဲဒီလိုမဟုတ်ဘူး။ ငါလည်း ဒါကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ"

"တစ်နည်းအားဖြင့် ပြောရရင် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားပြီ။ ဒါပေမဲ့ ဘယ်သူမှ မသိလိုက်ကြဘူးပေါ့" ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း ပြောသည်။

"ဒါက ငရဲပြည်ဧကရာဇ် ရာထူးကြောင့်လို့ ထင်လား"

"အဲဒါက အဖြစ်နိုင်ဆုံးပဲ" ချီယွမ်က ခေါင်းညိတ်သည်။

ထိုမျက်လုံးနက်ကြီးသည် ညီလာခံကို စက္ကန့်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် အနည်းငယ် တုန်ခါသွားသည်။ ထိုအခါ ကမ္ဘာပေါ်ရှိ ယွမ်ထီအားလုံးသည် အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကြတော့သည်။ ယခုမှစ၍ ကောင်းကင်လမ်းစဉ် ကျင့်ကြံသူများသည် ရယ်စရာကောင်းစွာပင် ငရဲပြည်၏ လက်အောက်ခံများ ဖြစ်သွားကြလေပြီ။ ကောင်းကင်နိယာမလမ်းစဉ်ကို လိုက်လျှောက်ပြီး ယွမ်ထီဖြစ်လာသူ မည်သူမဆို သံသရာထဲဝင်၍ အမှုထမ်းနိုင်ပြီ ဖြစ်သည်။

အရာအားလုံးက ကံကြမ္မာအရ သတ်မှတ်ပြီးသားလား

ဝမ်ဝေ့က အရာအားလုံးကို ကြည့်ရင်း မိမိကိုယ်ကို မေးခွန်းထုတ်နေမိသည်။

မကောင်းဆိုးဝါးနတ်ဘုရားတွေ၊ လူသားတွေနဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကြားက တိုက်ပွဲဟာ အချည်းနှီးပါပဲ။ သူတို့ စတင်ဖန်တီးကတည်းက မဟာတာအိုဟာ မကောင်းဆိုးဝါးနတ်ဘုရားတွေက ကမ္ဘာဦးဟွင်သွမ်းကို အုပ်စိုးဖို့၊ လူသားတွေနဲ့ နောက်မှဖြစ်ပေါ်လာတဲ့ သက်ရှိတွေက ဟွင်သွမ်းကမ္ဘာတွေကို အုပ်စိုးဖို့၊ ပြီးတော့ ပင်ကိုသက်ရှိတွေက နောက်ဆုံးမှာ ငရဲပြည်ကို ပြန်သွားဖို့ သတ်မှတ်ထားပြီးသားပဲ။

ဒါပေမဲ့ အရာအားလုံးက သူ ခန့်မှန်းထားတဲ့အတိုင်း ဖြစ်၊ မဖြစ် သိချင်လို့ လူတိုင်းကို တိုက်ခိုက်ခွင့် ပေးခဲ့ပုံရတယ်။ နောက်ဆုံးမှာတော့ လူတိုင်းဟာ သူတို့အတွက် ရေးဆွဲထားတဲ့ လမ်းကြောင်းအတိုင်းပဲ လျှောက်လှမ်းသွားကြရတာပဲ။

ဝမ်ဝေ့သည် ဤအချက်ကို သိလိုက်ရသောအခါ အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။ ကံကြမ္မာ၏ စီမံမှုအောက်မှ လွတ်မြောက်ရန် မည်သည့်အခါမျှ မလွယ်ကူကြောင်း သူ သိထားပြီးသား ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံးက မဟာတာအို၏ တွက်ချက်မှုအောက်တွင် ရှိနေသည်တော့ မဟုတ်ပေ။

လူသားများသည် ယခုအခါ ဟော်သဲ့သက်ရှိများ၏ ပြယုဂ် ဖြစ်လာကြပြီဖြစ်သော်လည်း ဤဘွဲ့ထူးကို မဟာတာအို၏ အလိုဆန္ဒကြောင့် ရရှိခဲ့ခြင်း မဟုတ်ပေ။ သူတို့သည် ဤဟွင်သွမ်းစကြဝဠာ၏ ကံကြမ္မာဦးဆောင်မည့် မျိုးနွယ် ဖြစ်လာစေရန် သူတို့ဘာသာ ရုန်းကန်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအရာကပဲ အဓိပ္ပာယ်ရှိလှသည်။

အကယ်၍ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေသာ စစ်ပွဲမှာ နိုင်ခဲ့ရင် ဘာဖြစ်မလဲ … လူသားတွေ မျိုးတုံးသွားမှာလား ဒါမှမဟုတ် ငါတို့လည်း သံသရာသက်ရှိတွေ ဖြစ်သွားပြီး ရှင်သန်နိုင်မလား ငါတို့က အလိုက်သင့် ပြောင်းလဲနိုင်စွမ်း ရှိတာပဲလေ။ ပြဿနာက သံသရာက ငါတို့ကို အလိုရှိမလား ဆိုတာပဲ။

ဝုန်း

ဝမ်ဝေ့ တစ်ယောက် အတွေးနက်နေစဉ် မိုးမြေကြားတွင် ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာသည်။ ဝါဂွမ်းကဲ့သို့ ဖြူဖွေးသော နဂါးတစ်ကောင်သည် ယွမ်ထီမူလဗိမာန်အတွင်းမှ ပျံထွက်လာပြီး ကောင်းကင်ကို ကြည့်ကာ နာကျင်စွာ ဟိန်းဟောက်နေသည်။ နဂါး၏ လည်ပင်းအောက် ခုနစ်လက်မခန့်တွင် ရှိသော ရွှေရောင်လုံးလေးတစ်ခုသည် ချီကံကောင်းမှုနဂါးထံမှ ပျံထွက်သွားပြီး ပျောက်ကွယ်သွားသည်။ ထိုနဂါးကြီးသည် ချက်ချင်းပင် ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်သွားသည်။

"တံဆိပ်ခတ်နှိပ်စေ" တည်ငြိမ်ပြီး စွမ်းအားကြီးသော အသံတစ်ခု ထွက်ပေါ်လာကာ ချီကံကောင်းမှုနဂါး ပြိုကွဲမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

"ပေါင်းစည်းစေ"

နဂါး၏ အထက်တွင် [နတ်ဆိုး] နှင့် [နတ်ဘုရား] ဟု ရေးသားထားသော တံဆိပ်တစ်ခု ပေါ်လာပြီး ငြိမ်းချမ်းသော အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

ထိုအလင်းသည် နဂါး၏ ပျက်စီးမှုကို ရပ်တန့်စေရုံသာမက ယခင်ကထက် ပိုမိုအစွမ်းထက်လာအောင်လည်း အားဖြည့်ပေးလိုက်သည်။

"အထက်က မိုးမြေ သက်သေဖြစ်ပေးပါ။ အခုကစပြီး ယွမ်ထီမူလဗိမာန် ဆိုတာ မရှိတော့ပါဘူး" ဗိမာန်အရှင်ဟောင်း ရှေးဦးမူလ လျှို့ဝှက်ရေခဲ ဖြစ်နိုင်သည့် အသံပိုင်ရှင်က ပြောလိုက်သည်။

"ဒီနေ့ကစပြီး ငါတို့ကို နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်းလို့ သိစေရမယ်" လျှို့ဝှက်ရေခဲက ကြေညာလိုက်သည်။ ကောင်းကင်တွင် အမြင်ရုပ်လွှာတစ်ခု ပေါ်လာပြီး မိုးမြေက ပေးအပ်သည့် အမည်သစ် ရေးထိုးထားသော အလံတစ်ခု ထွက်ပေါ်လာသည်။

ငါ ထပ်ပြီး မှန်သွားပြန်ပြီ

ဝမ်ဝေ့က အဖြစ်အပျက်များကို ကြည့်ရင်း တွေးလိုက်သည်။ ယွမ်ထီများသည် မိမိတို့ကိုယ်ကို ဝိညာဉ်ကံကြမ္မာမျိုးနွယ်အဖြစ် လက်ခံခြင်းဖြင့် ကယ်တင်လိမ့်မည်ဟု သူ သံသယရှိခဲ့သော်လည်း ရလဒ်မှာ သံသရာသို့ ပြန်သွားရခြင်း ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဗိမာန်ရှိ ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ ဧကရာဇ်လမ်းစဉ်ကို လိုက်လျှောက်ကြသော်လည်း ယွမ်ထီများတွင် ဗိမာန်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းရှိမည်ဟုလည်း သူ ကြိုတင်ခန့်မှန်းခဲ့သည်။

ဝမ်ဝေ့က နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်များကို ကြည့်လိုက်သည်။

ယွမ်ထီတွေကို ဖယ်ရှားပစ်ဖို့ သူတို့ရဲ့ အစီအစဉ်က အောင်မြင်သွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒါက ယွမ်ထီတွေကို သူတို့ရဲ့ အကြီးမားဆုံး အားနည်းချက်ကို ဖယ်ရှားပစ်ဖို့ အခွင့်အရေး ပေးလိုက်သလိုလည်း ဖြစ်သွားတယ်၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးထားတဲ့ အရာကို ဖယ်ရှားလိုက်တာပဲ။

နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်းရဲ့ ကံကောင်းခြင်းက အခုလောလောဆယ် မတည်ငြိမ်သေးဘူး။ ဒါက သူတို့ကို အမြစ်ဖြတ်ဖို့ အကောင်းဆုံး အချိန်ပဲ။ ဒါပေမဲ့ ကပ်ဘေးက နီးကပ်နေချိန်မှာ အကြီးအကျယ် တိုက်ခိုက်ဖို့ကကော သင့်တော်ပါ့မလား ။ သူတို့ကတော့ ကပ်ဘေးရောက်လာဖို့ ယွမ်ခေတ်ကာလ သုံးသောင်းတောင် မပြည့်တော့ဘူးဆိုတာ သိချင်မှ သိလိမ့်မယ်။

ဝမ်ဝေ့က သူတို့၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုနှစ်ဦးမှာ အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်နေကြကြောင်း သိသာလှသည်။ သူတို့က ဖုံးကွယ်ဖို့ပင် မကြိုးစားကြချေ။

မဟုတ်ဘူး... ဒီမြေခွေးအိုကြီးတွေက မေတ္တယျရဲ့ တုံ့ပြန်မှုကို စမ်းသပ်နေတာ

ဝမ်ဝေ့က ဆန်းစစ်လိုက်သည်။ သူမကသာ သူတို့ကို တားနိုင်မည်ဖြစ်ပြီး သူမ ဘာတွေးနေသလဲ၊ ဘာစီစဉ်နေသလဲ ဆိုတာကို သူတို့ သိချင်နေကြခြင်း ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် သူတို့၏ သီးသန့်ခန်းထဲသို့ ဖြည်းညှင်းစွာ ပြန်ဝင်သွားကြပြီး ယင်ကျန်း၏ အသံက ဒုတိယအကြိမ် ထွက်ပေါ်လာသည်။

"ဆွေးနွေးချင်တဲ့သူတွေ စင်ပေါ် တက်နိုင်ပါပြီ။"

မင်း တကယ်ကို စိတ်စောနေတာပဲ

ဝမ်ဝေ့က လှောင်ပြုံး ပြုံးလိုက်သည်။ ယင်ကျန်းသည် သူ၏ အဆိုပြုချက်ကို နောက်ဆုံးမှ တင်ပြရန် စောင့်နေခြင်း ဖြစ်မည်မှာ သေချာသည်။ သို့သော် သူ အနည်းငယ် ထပ်စောင့်ရဦးမည် ဖြစ်သည်။ အကြောင်းမှာ ဘုန်းတော်ကြီးဝူကျစ်က စင်မြင့်ပေါ်သို့ တည်ငြိမ်စွာ ပျံတက်သွားသောကြောင့် ဖြစ်သည်။

"တက်ရောက်လာကြတဲ့ ဒကာ၊ ဒကာမ အပေါင်းတို့ကို နှုတ်ခွန်းဆက်သပါတယ်" ဘုန်းကြီးဝူကျစ်က ဦးညွှတ်နှုတ်ဆက်သည်။

"နှုတ်ခွန်းဆက်သပါတယ်... ကိုယ်တော် ဝူကျစ်" လူအုပ်ကြီးက တညီတညွတ်တည်း ပြန်လည် နှုတ်ဆက်ကြသည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်" ဝူကျစ်က ခေါင်းညိတ်ပြသည်။ သူသည် ကမ္ဘာပေါ်တွင် အင်အားအအကြီးဆုံး အဖွဲ့အစည်းကို ကိုယ်စားပြုသူ ဖြစ်သောကြောင့် လူတိုင်း၏ အကြည့်က သူ့အပေါ်တွင် ရှိနေသည်။ ဝူကျစ်မှာ တည်ငြိမ်အေးဆေးနေဆဲပင် ဖြစ်၏။ ယခင်ကဆိုလျှင် သူ့အနေနှင့် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် စိုးရိမ်စိတ် ရှိနိုင်သော်လည်း သူ၏ ကျင့်ကြံဆင့်မှာ ထိပ်သီးစံပြအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ပိုမိုယုံကြည်မှု ရှိလာခဲ့သည်။

"ပြီးခဲ့တဲ့ သေမျိုးဘဝ စမ်းသပ်ချက်တုန်းက တာအိုအခွင့်အလမ်းဂိုဏ်းက ဒကာဝမ်ဝေ့ဟာ သူရဲ့ ဉာဏ်ပညာကို အသုံးချပြီး ပါဝင်သူအားလုံးရဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ဖို့ သမိုင်းကြောင်းသော့ခလောက်ကို ကောင်းကင်တာအိုရဲ့ စွမ်းအားနဲ့ ဖန်တီးခဲ့ပါတယ်"

ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်သွားသည်။

ဒီကောင်က ဘာလို့ ဒီလိုအချိန်မျိုးမှာ ငါ့အကြောင်းကို ထည့်ပြောနေတာလဲ

"ကိုယ်တော်ရဲ့ ဆရာဟာ သူရဲ့ လုပ်ရပ်ကနေ စိတ်ကူးရရှိခဲ့ပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအတွက် ကောင်းကင်သမိုင်းသော့ခလောက်ကို ဖန်တီးဖို့ ကောင်းကင်တာအိုနဲ့ ပူးပေါင်းခဲ့ပါတယ်" ဝူကျစ်က ဆက်ပြောလာသည်။

"ဒီနေရာမှာရှိတဲ့ လူတိုင်းဟာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ တစ်ခုလုံးကို ကိုယ်စားပြုနိုင်ပါတယ်။ ဒကာတို့ရဲ့ ခွင့်ပြုချက်နဲ့ ဒီသော့ခလောက်ကို ဒီနေ့ပဲ စတင်နိုင်မှာ ဖြစ်ပြီး အနာဂတ်ဟောကိန်းထုတ်တာ၊ တွက်ချက်တာ၊ ဝိညာဉ်ရှာဖွေတာ၊ ကံကြမ္မာကို စုံစမ်းတာ စတဲ့ ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ပေးသွားမှာပါ"

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

ဒါကို ထုတ်ဖို့ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ

သတင်းအချက်အလက် သော့ခတ်ခြင်းဆိုသည်မှာ ရှေးဦးမူလများ ပြန်ရောက်လာပြီးကတည်းက မေတ္တယျ သို့မဟုတ် ကောင်းကင်တာအိုက ပထမဆုံး လုပ်ရမည့် အလုပ် ဖြစ်ပေသည်။

တကယ်လို့ ရန်သူက ဒီကမ္ဘာထဲကို သူလျှိုတွေ လျှို့ဝှက်စေလွှတ်ထားပြီးသားဆိုရင် ကမ္ဘာတစ်ဝှမ်းက အင်အားစုတွေရဲ့ အခြေခံ သတင်းအချက်အလက်တွေကို သူတို့ ရရှိထားပြီးလောက်ပြီ။ အတိတ်က လျှို့ဝှက်ချက်တွေဆိုရင်လည်း အချိန်စားသူက အဲဒီအရာတွေကို ရောင်းစားပြီးလောက်ပြီ။

အော်... ဟုတ်သားပဲ၊ ကောင်းကင်တာအိုက အခုထိ မရိုးမသား လုပ်နေတုန်းပဲကိုး

ဝမ်ဝေ့က တွေးမိသည်။ ကောင်းကင်တာအိုသည် အာဏာရှင်အချို့ကို ဖယ်ရှားပစ်ချင်သလို တစ်ဖက်မှာလည်း အင်အားစု ခုနစ်ခုကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးပြီး ဤကပ်ဘေးမှ ကမ္ဘာကြီး လွတ်မြောက်အောင် လုပ်ချင်နေသေးသည်။

ကောင်းကင်တာအိုသည် မီးနှင့် ကစားနေခြင်း ဖြစ်ပြီး ဝမ်ဝေ့ကမူ အရာအားလုံးသည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာမည်ဟု မယုံကြည်ပေ။ မမျှော်လင့်ထားသော အပြောင်းအလဲများနှင့် ကိန်းသေ မဟုတ်သော အရာများစွာ ရှိလာဦးမည်မှာ သေချာပေသည်။

"အခုလောလောဆယ်မှာတော့ ကိုယ်တော်တို့ ဘယ်လောက် အင်အားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရမလဲ။ သူတို့ ဘာတွေ လုပ်နိုင်မလဲဆိုတာ မသိသေးတဲ့အတွက် သတင်းအချက်အလက်တွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ်လို့တော့ အာမမခံနိုင်ပါဘူး" ဝူကျစ်က ထပ်လောင်းပြောကြားသည်။

"ဒါပေမဲ့ ယုံကြည်စိတ်ချရတဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်နှစ်ဦးက ဒီသော့ခလောက်ကို ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် ဒကာတို့ ယုံကြည်စိတ်ချလို့ ရပါတယ်"

သူ စကားပြောပြီးသည်နှင့် အန္တိမသဟဇာတ၏ ကောင်းကင်သော့ခလောက်နှင့် ဆင်တူသော သော့ခလောက်တစ်ခု ကောင်းကင်တွင် ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ ကွာခြားချက်မှာ ဤသော့ခလောက်မှာ လူများကို ကြောက်ရွံ့တုန်လှုပ်မှု မပေးခြင်း ဖြစ်၏။ ထိုအရာသည် ပုံရိပ်ယောင်အဖြစ် ရှိနေဆဲဖြစ်ပြီး နောက်ဆုံး မဲခွဲဆုံးဖြတ်မှုကိုသာ စောင့်ဆိုင်းနေသည်။

All Chapters